မာန်အမှတ်အသား...
Vol. 15 Ch. 201
“ငါ့ရဲ့ မာန်အမှတ်အသား”
လိုဏ်ဂူထဲတွင်တော့ စုမင်တစ်ယောက် မျက်လုံးတို့ကို မှိတ်လျက် တီးတိုးရေရွတ်လျက် ရှိသည်။ သူ့ချီတို့က ဖြည်းညင်းစွာ လှည့်ပတ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ပြည့်နေခဲ့စေသည်။
သူ့ဝတ်ရုံများအောက်မှ အရေပြားပေါ်တွင်တော့ အနီရောင် အလင်းလွှာတစ်ခု ဖြစ်ပေါ်နေခဲ့သည်။ ၎င်းသည် စူးရဲရဲအနီရောင် မဟုတ်ပဲ အတန်ငယ် နက်မှောင်နေသည့် အနီရောင်ဖြစ်သည်။
သူ့ခန္ဓာကိုယ်အပေါ်တွင် ပျံ့နှံ့နေသည့် အနီရောင်သည် တည်ငြိမ်မှုမရှိပေ။ တစ်ခါတစ်ရံတွင် အလင်းရောင်စူးစူး တောက်ပသွားတတ်ပြီး အခြားအချိန် များတွင်တော့ ချက်ချင်းပင် နက်မှောင်သွားတတ် ပြန်၏။ ၎င်းတို့သည် စုမင်၏ ဖြစ်ပျက်နေသည့် စိတ်အခြေအနေကို ရောင်ပြန်ဟပ်နေ သကဲ့သို့ပင် ဖြစ်သည်။ စုမင်၏ တည်ငြိမ်မှုများထဲတွင် စိုးရိမ်ကြောင့်ကြ မှုများလည်း ရှိနေခဲ့သည်။
သူလုံးဝတည်ငြိမ်သွားပြီ ဆိုလျှင်တော့ သူ၏ မာန်အမှတ်အသား သည်လည်း ပြီးဆုံးသွားလိမ့်မည်ပင် ဖြစ်သည်။
သူကြုံတွေ့နေရသည့် အပြောင်းအလဲများကို စုမင်မသိခဲ့ပေ။ ဤကြားခံ အခြေအနေတွင် သူ၏မျက်စိရှေ့၌ မပီဝိုးတဝါး ပုံရိပ်ယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုပုံရိပ်ယောင်က ကိုးရိုးကားရား နိုင်လှ၏။ ၎င်းသည် လှိုင်းဂယက်တို့ ရှိမနေသည့် ရေကန်တစ်ခုပင် ဖြစ်သည်။ ၎င်းကို မြူတို့ဖြင့် ပိတ်ဖုံး ကာဆီးထားခဲ့ပြီး အခြားသူများအနေဖြင့် ရှင်းရှင်းလင်းလင်း မမြင်နိုင် ဖြစ်နေစေသည်။
သူတို့သည် ကန်မျက်နှာပြင်ပေါ်တွင် ရောင်ပြန်ဟပ်နေသည့် လပြည့်ဝန်းကြီး၏ အရိပ်ကိုသာ တွေ့မြင်ရပေလိမ့်မည်။ ၎င်း၏အလင်းသည် သဟဇာတဖြစ်စွာ ထွန်းလင်းနေပြီး မြင်ရသူများကို သူတို့သည် လအား ကြည့်နေခြင်းလား၊ ရေမျက်နှာပြင်ပေါ်မှ လ၏အရိပ်ကို ကြည့်နေခြင်းလား ဆိုသည်ကို ဝေခွဲမရ ဖြစ်စေနိုင်လေသည်။
ကန်ပေါ်မှ လအားကြည့်နေစဉ်တွင် သူ့အား တီးတိုးခေါ်နေသည့် အသံတစ်သံကို စုမင်ကြားလိုက်ရသည်။
သူ့အား ခေါ်ဆောင်နေသည့် အသံသည် တိုးညင်းနေခဲ့ပြီး ရှင်းရှင်းလင်းလင်း မကြားနိုင်သော်လည်း ထိုအသံက ပြောဆိုနေသည့်အရာကို စုမင် ကြားချင်စိတ် ဖြစ်လာရန် လုပ်ဆောင်နေခဲ့သည်။ သို့သော် သေချာမကြားရခြင်းက စုမင်ကို စိတ်ပျက်စေခဲ့သည်။
“ဒါက ... ဘယ်နေရာလဲ”
စုမင် ကန်ပေါ်မှလကို ကြည့်လိုက်သည်။ သူ့စိတ်သည် ယခုအချိန်အထိ ကြည်လင်နေဆဲဟုပင် သူခံစားနေရလေသည်။ သူ၏ မာန်အမှတ်အသားသည် မီးတောက် မာန်စွမ်းအားရှင်များ၏ လနှင့် ဆက်စပ်မှု ရှိလိမ့်မည်ဟု သူတစ်ချိန်က ယူဆခဲ့ဖူး၏။
“ဒါက မင်းရဲ့နှလုံးသားပဲ...”
ခေါ်သံတစ်ခုလို တီးတိုးသံက သူ၏မေးခွန်းကို ပြန်လည်ဖြေကြား လိုက်ဟန်တူသည်။ ထိုအသံသည် ခွဲခြားသိနိုင်ရန် ခက်ခဲပြီး ကြားလိုက်ရသူများကို သူတို့၏နား အနားသို့ ကပ်ပြောလိုက်သလိုလို၊ အဝေးမှ ပဲ့တင်ထပ် ပျံ့လွင့်လာသံလိုလို ခံစားလိုက်ရစေမည် ဖြစ်သည်။
“မင်းက ဘယ်သူလဲ။ မင်းက ငါ့ကို ဒီနေရာ ခေါ်လာခဲ့တာလား”
စုမင် တည်ငြိမ်သွားခဲ့ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှု လိုက်သည်။
“ဒါက မင်းရဲ့နှလုံးသားပဲ။ မင်းကိုယ်မင်း ဒီနေရာကို ခေါ်လာခဲ့တဲ့ တစ်ယောက်တည်းသော သူကလည်း မင်းပဲ ... မင်းရဲ့ မာန်အမှတ်အသားကို လက်ခံပြီးတော့ လကိုယူသွားလိုက်။ အဲဒါပြီးသွားရင်တော့ ... မင်းက ကုန်းမြေတစ်ခုလုံးမှာ အသန်မာဆုံး မီးတောက် မာန်စွမ်းအားရှင် ဖြစ်လာလိမ့်မယ်”
“မီးတောက် မာန်စွမ်းအားရှင်တွေရဲ့ သင်္ကေတက ‘လ’ လား”
စုမင် တီးတိုးရေရွတ် လိုက်မိသည်။
သူငယ်ရွယ်စဉ် တည်းကပင် သူ့ကို အကြီးအကဲ ပြောပြခဲ့ဖူးသည့် ရုပ်နယ်လွန်အဆင့် တက်ခြင်းများကို သူကြားဖူးခဲ့သည်။ အစွမ်းထက်သည့် ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင် အနည်းငယ်ကိုလည်း သူမြင်ခဲ့ဖူးသည်။ သို့သော် သူရုပ်နယ်လွန် အဆင့်သို့ ရောက်ရှိခဲ့ပြီးနောက် ကြားခံအခြေအနေ တစ်ခုတွင် သူ့ကိုယ်ပိုင် တည်မြဲသည့် မာန်အမှတ်အသား တစ်ခုကို သူဆွဲသားရ လိမ့်မည်ဟုသာ သူသိထားခဲ့၏။
မာန်အမှတ်အသားသည် မာန်စွမ်းအားရှင်များ အားလုံးအတွက် အရေးကြီးသည့် အဓိပ္ပာယ်ရှိ၏။ အမှတ်အသားသည် သူတို့ဘဝတစ်ခုလုံးနှင့် ဆက်နွှယ်နေခြင်းပင် ဖြစ်သည်။
အမှတ်အသားသည် သူတို့ဘဝကို ဖော်ညွှန်းသည့် အရာတစ်ခုအဖြစ် ရည်ရွယ်၍ သူတို့ခန္ဓာကိုယ်ပေါ်တွင် ရေးထိုးထားခြင်း ဖြစ်သည်။
မာန်အမှတ်အသားကို အခြားသူများ မြင်တွေ့နိုင်ကြ၏။ များသောအားဖြင့်တော့ သူတို့၏ ဘဝသက်တမ်း တစ်လျှောက်တွင် လူတစ်ဦးသည် မာန်အမှတ်အသားကို တစ်ကြိမ်သာ ဆွဲသားခွင့်ရှိပြီး သူတို့တွင် အမှတ်အသား တစ်ခုတည်းသာ ရှိရလိမ့်မည်ဖြစ်သည်။
တီးတိုးပြောဆိုသံတို့ကို စုမင် သေချာနားထောင်လိုက်ပြီး မြူတို့ဖြင့် ပိတ်ဖုံးနေသည့် ကန်ကို ပြန်ကြည့်လိုက်သည်။ မြူတို့သည် ပိုမိုပါးလွှာသွားဟန် ပေါ်ပြီး သူ့အကြည့်ကို ကန်ရေ မျက်နှာပြင်ပေါ်မှ လပြည့်ဝန်းအပေါ်သို့ ကျရောက်သွားစေသည်။
ထိုလကို မြင်လိုက်ချိန်တွင် သူ့ကိုခေါ်နေသည့် အသံက ပိုမိုပြင်းထန် သန်မာလာခဲ့သည်။ ထိုအသံသည် ရေပြင်ပေါ်ရှိလထံမှ ထွက်ပေါ်လာနေ သကဲ့သို့ပင် ဖြစ်သည်။ ၎င်းသည် စုမင် ရောက်ရှိလာမည်ကို နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့သည့် ပုံစံမျိုးဖြစ်နေ၏။ ထိုလသည် စုမင်ဤနေရာသို့ ရောက်ရှိလာပြီး သူ့ကို ခေါ်ဆောင်သွားမည်ကို စောင့်မျှော်နေခဲ့ခြင်း ဖြစ်ဟန်တူသည်။
“လကို ယူသွားပါ ... မီးတောက်ရဲ့ ဆန္ဒနဲ့ မာန်ရဲ့ စွမ်းအားတွေကို မင်းနဲ့အတူ ယူဆောင်သွားပါ။ ကောင်းကင်ဘုံကို မီးရှို့လို့ ကမ္ဘာကြီးကို သုတ်သင်ရှင်းလင်း လိုက်ပါ။ မီးတောက် မာန်စွမ်းအားရှင် တစ်ဦးရဲ့ ခန္ဓာကိုယ်အဖြစ် မင်းကိုယ်မင်း ပုံသွင်းလိုက်ပါ”
အဆိုပါ တီးတိုးပြောဆိုသံတွင် အရေးတစ်ကြီး ဖြစ်ဟန် အရိပ်အယောင်တို့ ပါလာခဲ့သည်။ တီးတိုးပြောဆိုသံများ ပတ်ဝန်းကျင်သို့ ပဲ့တင်ထပ်သွားသည့် ခဏမှာပင် တိတ်ဆိတ် ငြိမ်သက်နေသော ရေကန်သည် မီးတို့ဖြင့် ဟုန်းဟုန်းတောက်လောင် လာခဲ့ပြီး ရေကန်အား ချက်ချင်းဆိုသလို မီးကန်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
မီးကန်၏ မျက်နှာပြင်မှ မြူများအားလုံး ပျောက်ကွယ်သွားခဲ့သည်။ ဧရိယာတစ်ခုလုံး ပုံပျက်သွားခဲ့ပြီး မီးကန်ထဲမှ လသည်သာ ခပ်ဖျော့ဖျော့ အလင်းတစ်ခုကို ထုတ်လွှတ်နေခဲ့၏။ သို့သော် စုမင် မျက်လုံးထဲတွင်တော့ ထိုလနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထူးဆန်းနေမိချေသည်။
လသည် ဖြည်းညင်းစွာဖြင့် အနီရောင် ပြောင်းသွားခဲ့သည်။
“ငါ့ရဲ့ မာန်အမှတ်အသားက ‘လ’ လား...”
ရှေ့သို့တိုးလျက် မီးကန်အတွင်းမှ သူ့ကိုခေါ်နေသည့် လကို ထိကြည့်ရန် သူ၏ဆန္ဒက တိုက်တွန်းနေသည်ဟု စုမင် ခံစားလိုက်ရသည်။
သူ့အရှေ့ရှိ မီးကန်ကြီးထံမှ သူ့အား ကိုးကွယ်ဝတ်ပြုနေဟန် အသံမျိုး ထွက်ပေါ်လာခဲ့ပြီး မီးများ ပြန့်ကျဲသွားလျက် သူ့အတွက် လမ်းကြောင်းတစ်ခုကို ဖွင့်ပေးခဲ့သည်။
လသည် တောက်ပသည့် အနီရောင်စူးစူး အရိပ်ပုံစံအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူလကို ထိတော့မည့် အချိန်မှာပင် သူ့အရှေ့မှ မြင်ကွင်းများသည် ရုတ်တရက် ဖုံးကွယ် ခံလိုက်ရသည်ဟု စုမင် ခံစားလိုက်ရသည်။ ထို့နောက် ခဏအတွင်းမှာပင် သူ့နှလုံးသားအတွင်းမှ ကမ္ဘာသည်လည်း ပြောင်းလဲသွား ခဲ့ချေသည်။
စုမင်မျက်စိရှေ့၌ ပေါ်ထွက်လာခဲ့သည့် အရာသည်တော့ မီးတောက်များဖြင့် အနီရောင် ကောင်းကင်ကြီးပင် ဖြစ်သည်။ ကောင်းကင်တစ်ခုလုံးသာ အဆုံးမဲ့ မီးပင်လယ်ကြီးအဖြစ် လောင်ကျွမ်းနေခဲ့သည်။ မီးတို့လောင်ကျွမ်း ခဲ့သည်နှင့်အမျှ မြေပြင်သည်လည်း ခြောက်သွေ့လာခဲ့ရသည်။ မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော မီးလောင်ခံထားရသည့် အရိုးစုများရှိနေခဲ့ပြီး ၎င်းတို့သည် လေထဲသို့ စူးရှစွာ ထိုးဖောက်နေသည့် အော်ဟစ် ငိုယိုသံများအကြား ပြာအဖြစ်သို့ ပြောင်းလဲသွား ခဲ့ကြသည်။
အနီရောင် ကောင်းကင်တွင် လူတစ်ဦးက လွင့်မျောရပ်တည် နေခဲ့သည်။ ထိုလူသည် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့၏။ သူ၏ဆံပင်များသည်ပင် အနီရောင် ဖြစ်နေခဲ့ပြီး ခါးအထိ ကျဆင်းနေခဲ့သည်။ သူ့လက်များကို နောက်ဘက်သို့ပစ်လျက် ကောင်းကင်ကို ကြည့်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည်တော့ သူ့ပတ်ဝန်းကျင်မှ မီးပင်လယ်နှင့် ပေါင်းစပ်နေဟန်ရပြီး သူ့အကြည့်၏ ဦးတည်ရာသို့ ကြည့်လိုက်မိချိန်တွင်တော့ စုမင် တွေ့လိုက်ရသည်မှာ ... ကမ္ဘာကြီး၏ အဆုံးသတ်ကို သူတွေ့လိုက်ရ၏။ ထိုနေရာတွင် မပီမသတွန့်လိမ် ပုံပျက်မှုတို့ ရှိနေခဲ့ပြီး ၎င်းတို့ထဲတွင် ဧရာမ အိုးကြီးတစ်လုံး ရှိနေခဲ့သည်။ ၎င်းသည်အချိန်ကို ဖြတ်သန်းလျက် အခြားအချိန်နေရာ တစ်ခုသို့ ကူးပြောင်းနေဟန်ဖြင့် ထိုအိုးကြီးမှ ရွှေရောင်အလင်းတို့ ဖြန့်ကြက် ထွက်ပေါ်လျက် ရှိသည်။
“ခုထွက်သွား”
အေးစက်စက် အော်ငေါက်သံတစ်ခုက မီးပင်လယ်အတွင်းရှိ ဝတ်ရုံအနီနှင့် လူ၏ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။ သူသည် ညာလက်ကိုမြှောက်လျက် ကောင်းကင်သို့ ဝှေ့ယမ်းလိုက်၏။ ကောင်းကင်တစ်ခွင် ဆူညံသံများ မြည်ဟည်းသွားပြီး မပီမသတွန့်လိမ် ပုံပျက်နေသည့် နေရာသည် ချက်ချင်း အက်ကွဲသွားပြီး မှန်တစ်ချပ်သဖွယ် ကွဲကြေပျက်စီး သွားခဲ့သည်။ အက်ကွဲသံများ အတွင်းမှ ထွက်ပေါ်လာပြီး ဧရာမအိုးကြီးသည်လည်း ကြီးမားစွာ ထိခိုက်ခံလိုက်ရဟန်ဖြင့် ကြေမွပျက်စီးသွား ခဲ့ချေသည်။
ဝတ်ရုံအနီနှင့် ယောက်ျားသည် စုမင်ကို ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ပြီး အသံခပ်အက်အက်ဖြင့် ပြောဆိုလာ၏။
“လာပါ မီးတောက်လကို လက်ခံလိုက်ပါ။ မီးတောက် မာန်စွမ်းအားရှင် တွေထဲက တစ်ယောက် ဖြစ်လာပြီးတော့ လရဲ့အမှတ်အသားကို လက်ခံရယူလိုက်ပါ”
ထိုလူ၏မျက်နှာကို မြင်လိုက်မိချိန်တွင် စုမင် တုန်ယင်သွားမိသည်။ ဤလူ၏ရုပ်သွင်သည် သူနှင့် လုံးဝအတိအကျနီးပါးပင် ဖြစ်သည်။ သူ့မျက်နှာပေါ်မှ အမာရွတ်သည်ပင် ထိုအခြားလူ၏ မျက်နှာပေါ်မှာ ရှိနေခဲ့လေသည်။
သူ့အကြည့်က လေးနက်နေခဲ့သည်။ ထိုအမျိုးသားသည် စုမင်ကို သူ့ဘေးသို့ ခေါ်နေဟန်ဖြင့် စကားပြောနေရင်းမှ လက်ကို ဆန့်တန်းလိုက်၏။
စုမင် အသက်ပြင်းပြင်း ရှူလိုက်ရင်း သူ့ရှေ့မှ သူ၏ကိုယ်ပွား တစ်ခုသဖွယ် လူကို အံ့အားသင့်စွာ ငေးကြည့်လိုက်မိသည်။ ဤအရာသည် သူ၏ပုံတူကိုယ်ပွား တစ်ခုမဟုတ်သလို ပုံရိပ်ယောင်တစ်ခုလည်း မဟုတ်ပဲ မာန်အမှတ်အသား၏ သင်္ကေတစ်ခု ဖြစ်သည်ဟု စုမင်အနည်းငယ် သိနေခဲ့သည်။ အကယ်၍ သူသာ လအမှတ်အသားကို လက်ခံလိုက်မည်ဆိုလျှင် သူသည် အနာဂတ်တွင် ယခုလိုမျိုးတူညီစွာ ပြောင်းလဲသွားလိမ့်မည်ဟု ဆိုလိုနေပေသည်။
ခေတ္တမျှ တိတ်ဆိတ်နေခဲ့ပြီး နောက်တွင်တော့ စုမင် မျက်လုံးများအတွင်း စိတ်ပိုင်းဖြတ် လိုက်ဟန်များ ဖြစ်ပေါ်လာခဲ့သည်။
“လဆိုတာက မီးတောက် မာန်စွမ်းအားရှင်တွေရဲ့ အမှတ်အသားပဲ ... ဒါပေမဲ့ ငါကတော့ မီးတောက် မာန်စွမ်းအားရှင်တွေထဲက တစ်ယောက်မဟုတ်ဘူး။ အကယ်၍ ငါက လအမှတ်အသားကို လက်ခံခဲ့မယ် ဆိုရင်တောင်မှ အဲဒါက လျှပ်စီးအဖြစ်ပဲ ပြောင်းလဲသွား လိမ့်မယ် ... ငါ့ရဲ့ မာန်အမှတ်အသားက အခုထိ မသတ်မှတ်ရသေးဘူး။ ငါဒီအမှတ်အသားကို ယူမှမဟုတ်ဘူး”
စုမင် ထိုစကားတို့ကို ပြောလိုက်သည်နှင့် သူ့အရှေ့မှ အနီရောင်မီးတောက် ကမ္ဘာကြီးက ချက်ချင်း ပြိုကွဲသွားသလို ဝတ်ရုံအနီနှင့် လူလည်း ပျောက်ကွယ်သွား ခဲ့တော့သည်။ ၎င်းတို့ ပျောက်ကွယ်သွား ခဲ့သည်နှင့် စုမင်မျက်စိရှေ့မှ ရေကန်ကြီးသည် နောက်တစ်ကြိမ် ပြန်ပေါ်လာပြီး ၎င်းထံမှ ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ ခဏအကြာတွင်တော့ သူ့အရှေ့မှ ရေကန်ကြီးသည်လည်း ပျက်စီးသွားပြီး လဝန်းကြီးသည်ပင် မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွား ခဲ့တော့သည်။
ထိုအခိုက်အတန့်၌ ကောင်းကင်တွင် ထိုင်နေသည့် အဘိုးအိုသည်လည်း အံ့အားတကြီး ရေရွတ်လိုက် မိချေသည်။
“သူက အဲဒါကို စွန့်လွှတ်လိုက်တာလား”
မြေပြင်ကို ကြည့်နေသည့် အဘိုးအို၏ အမူအရာက လေးနက်သွားခဲ့သည်။ စုမင်၏ မာန်အမှတ်အသားသည် ဘယ်လိုပုံမျိုး ဖြစ်ပေါ်လာလိမ့်မည်ကို ကြည့်ရှုရန် ထူးခြားသော ထာဝရ မာန်ပညာရပ်ကို သူအသုံးပြုခဲ့ပြီး စုမင်၏ မာန်အမှတ်အသားသည် လတစ်ခုဖြစ်သည်ကို သူအာရုံရခဲ့၏။
‘အမှတ်အသားတွေကို အမျိုးအစားသုံးမျိုး ခွဲခြားထားပြီး တစ်မျိုးချင်းစီမှာ အဆင့်၉ဆင့် ထပ်ခွဲထားတယ်။ ကောင်းကင်၊ မြေပြင်နဲ့ ကမ္ဘာလောကဆိုတဲ့ အမျိုးအစားသုံးခုပဲ။ သူတို့ တစ်ခုချင်းစီမှာ အဆင့်၉ဆင့် ရှိလိမ့်မယ်။ ဘယ်လို မာန်အမှတ်အသားမျိုး မဆို နဝမမြောက်အဆင့်ကို ရောက်သွားတဲ့ အချိန်ကျရင် ရုပ်နယ်လွန်အဆင့်က မာန်စွမ်းအားရှင် တစ်ယောက်ကို ရိုးရေစတေးအဆင့်ကို ချိုးဖျက်နိုင်ဖို့ လုံလောက်တဲ့ စွမ်းအားကို ထောက်ပံ့ပေးလိမ့်မယ်’
‘နေ၊ လနဲ့ ကြယ်တာရာတွေကို ကောင်းကင် အမှတ်အသားလို့ သိကြတယ် ... သူက ကောင်းကင် အမှတ်အသားရဲ့ အရှိန်အဝါကို ခံစားမိခဲ့တယ်။ အဲဒါကပဲ သူက သာမန်လူတစ်ယောက် မဟုတ်ဘူးဆိုတာကို ပြဖို့လုံလောက်နေပြီကို ... ဒါပေမဲ့ သူက အဲဒါကို စွန့်လွှတ်ဖို့ ရွေးချယ်ခဲ့တယ်တဲ့လား’
အဘိုးအိုသည် မြေပြင်ကို ငုံ့ကြည့်လျက် ညာလက်ကို သူ့ရှေ့တွင် ဝှေ့ယမ်းလိုက်၏။ သူ့နောက်မှ သွေးပင်လယ်ကြီးသည် လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာဟန်ဖြင့် ချက်ချင်း ဆူပွက်သွားပြီး ဝုန်းဒိုင်းကြဲ သွားခဲ့သည်။
“ရုပ်နယ်လွန် အဆင့်မှာရှိတဲ့ လူတိုင်းရဲ့ မာန်အမှတ်အသားတွေက မတူကွဲပြားကြပေမဲ့ သူတို့ထဲက အများစုမှာ ရွေးချယ်စရာတစ်ခုစီပဲ ရှိတတ်ကြတာ။ အဲဒါက သူတို့ဆန္ဒရှိသလို စွန့်လွှတ်လို့ရနိုင်တဲ့ အရာမျိုးမဟုတ်ဘူး။ မာန်အမှတ်အသားရဲ့ အလိုဆန္ဒ ထွက်ပေါ်လာတာနဲ့ အဲဒါက ခန္ဓာကိုယ်အပေါ်မှာ သဘာဝအလျောက် စုဝေးသွား ... ဟမ်”
အဘိုးအို၏ စကားလုံးများ ရုတ်တရက် ရပ်တန့်သွားခဲ့ရသည်။
သူစကားပြောနေရာမှ ရပ်တန့်လိုက်သည့် အချိန်မှာပင် လိုဏ်ဂူအတွင်းမှ စုမင်အရပြားပေါ်တွင် အနက်ရောင် မှုန်မှိုင်းမှိုင်း သွေးမှုန်တို့ စုဝေးသွားခဲ့ပြီး သူ့ရင်ဘတ်ပေါ်တွင် လပြည့်ဝန်းပုံစံတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုအမှတ်အသားသည် မထင်ရှားသော်လည်း ၎င်း၏ပုံစံကိုတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်ချေသည်။
တစ်ချိန်တည်းမှာပင် လိုဏ်ဂူတစ်ခုလုံးအား ပူနွေးသည့်အပူလှိုင်း တစ်ခုဖြင့် ပြည့်နှက်သွားခဲ့သည်။ ၎င်းတို့ထဲမှ အချို့ဆိုလျှင် လိုဏ်ဂူအပြင်သို့ပင် စိမ့်ထွက်လာခဲ့ပြီး တောင်ကို လွှမ်းခြုံသွားခဲ့ချေ၏။
သို့သော် ထိုလပြည့်ဝန်း ဖြစ်ပေါ်လာသည့် အခိုက်အတန့်မှာပင် စုမင်ခန္ဓာကိုယ်က တုန်ယင်သွားခဲ့သည်။ သူထိုသို့ လုပ်လိုက်သည်နှင့် သူ၏ရင်ဘတ်ပေါ်မှ လပြည့်ဝန်း၏ပုံစံ ဖြစ်ပေါ်လာနေသည့် မြူတို့သည် လှိုင်းလုံးသဖွယ် ပြန့်ကျဲသွားခဲ့ကြသည်။ ခဏအကြာတွင်တော့ စုမင်ရင်ဘတ်မှ မြူတို့သည် ပြန်လည်ပြိုကွဲသွားပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးအပေါ်သို့ ဖုံးအုပ်ထားသည့် မတည်ငြိမ် မြူများအဖြစ် ပြန်လည်ပြောင်းလဲ သွားခဲ့တော့သည်။
သိပ်မကြာခင်မှာပင် လိုဏ်ဂူအတွင်းမှ အပူတို့သည်လည်း တစ်စုံတစ်ဦးမှ ယပ်တောင်ဖြင့် အားပြင်းပြင်း ခပ်ထုတ်လိုက်သကဲ့သို့ လွင့်ပါးသွားကြသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် တောင်အပြင်သို့ ပျံ့လွင့်လာခဲ့သည့် အပူများသည်လည်း ပျောက်ကွယ်သွား ခဲ့ချေသည်။ ၎င်းသည် မီးပုံတစ်ခု သေသွားသကဲ့သို့ပင် ပျောက်ကွယ်သွားခဲ့ပြီး နောက်တစ်ကြိမ် ပြန်လည် ဖြစ်ပေါ်မလာ ခဲ့ပါတော့ချေ။
“သူက အဲဒါကို တကယ် ဖယ်ရှားလိုက် နိုင်တာလား။ သူ အဲဒါကို ဘယ်လိုများ လုပ်လိုက်တာလဲ။ ဒါက တကယ့်ကို အဓိပ္ပာယ် မရှိလိုက်တာ”
အဘိုးအို၏မျက်နှာတွင် ထိတ်လန့် တုန်လှုပ်မှုများ အံ့အားသင့်မှုများ ဖြစ်ပေါ်လာ ခဲ့သော်လည်း လျင်မြန်စွာ မျက်မှောင်ကြုတ် လိုက်မိပြီး သူ့ကိုယ်သူဖော်ပြရန် ပြုလုပ်မိသည့် မာန်ပညာရပ်ကို တားဆီးလိုက်မိသဖြင့် သူ့အပြုအမူများက ရုတ်တရက်ဆိုသလို ယိမ်းယိုင်တုံ့ဆိုင်း သွားခဲ့ရချေသည်။
အဖြူရောက် ဆီးနှင်းပွင့်တစ်ခုက သူ့ရှေ့သို့ ကျဆင်းလာခဲ့သည်။ ထိုဆီးနှင်းပွင့်သည် အဘိုးအို၏ မျက်နှာအမူအရာကို ပြောင်းလဲသွားစေခဲ့ပြီး သူ့အသက် ရှူသံသည်ပင် လျင်မြန်လာခဲ့ရ၏။
“ဆီးနှင်း ... ဆီးနှင်းဆိုတာ တောင်ပိုင်းအရုဏ်ဦး နယ်မြေမှာ ဘယ်တုန်းကမှ ပေါ်မလာခဲ့ဖူးဘူး။ အထူးသဖြင့်တော့ ဟန်တောင်တန်းမြို့တော် တည်ရှိတဲ့ ဒီနေရာမှာပဲ”
အဘိုးအိုသည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်မိရင်း ခေါင်းကိုအလျင်အမြန် မော့ကြည့်လိုက်မိသည်။ ကောင်းကင်၌ နှင်းများ ဖြစ်ပေါ်လာနေသည်ကို သူတွေ့လိုက်ရပြီး လေထုအပူချိန်သည်လည်း ရုတ်ခြည်းဆိုသလို အေးစိမ့်သွား ခဲ့လေသည်။
“အဲဒါများ ဖြစ်နေမလား...”
အဘိုးအိုသည် ရေရွတ်လိုက်ရင်း မြေပြင်မှ တောက်များဆီသို့ ဖြည်းညင်းစွာ ငုံ့ကြည့်လိုက်မိသည်။ စူးရှသည့် ကြည့်တစ်ခုသည် သူ၏မျက်လုံးများအတွင်း ဖြစ်ပေါ်လာခဲ့ရသည်။
“သူက တကယ့်ကို ... ဒုတိယမြောက် မာန်အမှတ်အသားကို ခံစားသိရှိ နိုင်ခဲ့တာလား”
ကျောက်တောင် အနက်ပိုင်းရှိ စုမင်ရှိနေရာ လိုဏ်ဂူထဲတွင်တော့ ထိုအခိုက်အတန့်တွင် ယခင်က ဖြစ်ပေါ်ခဲ့ဖူးသည့် အပူတို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး စုမင် ခန္ဓာကိုယ်ပေါ်တွင် များစွာသောဆီးနှင်းတို့ ဖြစ်ပေါ်လာခဲ့ချေသည်။ အချိန်ခဏအတွင်းမှာပင် ၎င်းတို့သည် စုမင်၏ခန္ဓာကိုယ် တစ်ခုလုံးကို ပျံ့နှံ့သွားပြီး သူ့အား ဆီးနှင်းတို့ဖြင့် ဖုံးအုပ်ခံလိုက်ရ လေသည်။ သူ၏မျက်ခုံးမွေးများ၊ ဆံပင်များကိုပင် အဖြူရောင်များ ဖုံးအုပ်ခံထားရချေ၏။
သူ့မျက်နှာပေါ်မှ ဆီးနှင်းတို့သည် အေးစိမ့်မှုတို့ကို ထုတ်လွှတ်နေပြီး ယခင်ကအပူနှင့် လုံးဝပင်ကွဲပြားခြားနား နေခဲ့၏။ ထိုအေးစိမ့်မှုများ ပျံ့နှံ့သွားသည်နှင့် လိုဏ်ဂူတစ်ခုလုံး အေးစက်လာခဲ့ပြီး မကြာခင်မှာပင် လိုဏ်ဂူနံရံပေါ်၌ ဆီးနျင်းအလွှာတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ရေခဲအဖြစ် ပြောင်းလဲသွားခဲ့ချေသည်။
တောက်တစ်ခုလုံး ရေခဲများ ဖုံးအုပ်သွားခဲ့ပြီး တောင်ပေါ်မှ အပင်များသည်လည်း ချက်ချင်းပင် အေးခဲလျက် ရေခဲရုပ်တုများအဖြစ် ပြောင်းလဲသွားကြသည်။ တောင်တစ်ခုလုံးပင် ပန်းပုရုပ်ကြီးသဖွယ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်၏။
အေးစိမ့်မှုသည် မြေပြင်တစ်လျှောက် ပျံ့နှံ့သွားခဲ့သလို ကောင်းကင်တွင်လည်း နှင်းများ ဖြစ်ပေါ်လာခဲ့ကြသည်။ ဆီးနှင်းပွင့်တို့သည် ဖြည်းညင်းစွာ လွင့်မျောကျဆင်း လာခဲ့ကြပြီး နှင်းကျခဲသည့် တောင်ပိုင်းအရုဏ်ဦး နယ်မြေအတွက် ထူးဆန်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့စေသည်။
ဆီးနှင်းတို့ ကျဆင်းလာခဲ့သော်လည်း မြေပြင်ပေါ်တွင် ဖုံးအုပ်မသွားခဲ့ပေ။ ထိုအစား စုမင်၏လိုဏ်ဂူရှိရာ ကျောက်တောင်ပေါ်တွင်သာ တဖြည်းဖြည်း စုဝေးသွားခဲ့ပြီး ထူထဲသည့် ဆီးနှင်းအလွှာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
နှင်းမုန်တိုင်းထဲတွင် ကောင်လေးနှင့် ကောင်မလေးနှစ်ဦး၏ ဝေဝေဝါးဝါးပုံရိပ်ကို တွေ့မြင်နိုင်၏။ သူတို့သည် လက်ချင်းတွဲလျက် နှင်းတို့ကို ကျော်ဖြတ်ရင်း ရှေ့သို့ဆက်လျှောက်နေ ခဲ့သည်မှာ ... အိုမင်းသွားပြီး သူတို့၏ဆံပင်များ ဖြူဖွေးသွားမည့် အချိန်အထိ အတူတကွ ဆက်လက်လျှောက်လှမ်း သွားချင်ကြသလိုပင် ဖြစ်သည်။
***