← Chapters

မပြီးဆုံးနိုင်သောတိုက်ပွဲ

Vol. 44 Ch. 609

မပြီးဆုံးနိုင်သောတိုက်ပွဲ

Vol. 44 Ch. 609

"မင်းက အစစ်အမှန် စစ်နတ်ဘုရားတဲ့လား။"

အန်လင်း၏ စကားကို ပြန်လည်ရေရွတ်ရင်း ရှင်းထျန်း ဒယိမ်းဒယိုင် ဖြစ်သွားသည်။

"ဟုတ်တယ်။"

အန်လင်း လေးလေးနက်နက် တုံ့ပြန်ကာ စိတ်ထဲတွင် စကားလုံးအချို့ ထပ်ဖြည့်လိုက်သည်။

ကျွန်တော်က စစ်နတ်ဘုရားစနစ်နဲ့လူလေ......

"ဟားဟားဟား....."

ရှင်းထျန်း ရုတ်ချည်းဆိုသလို အော်ဟစ်ရယ်မောကာ ၎င်းထံမှ အကန့်အသတ်မဲ့သော တိုက်ပွဲစိတ်ဆန္ဒများ ဖြာထွက်လာသည်။

"ပြိုင်ဘက်ကင်း အရှုံးမရှိတဲ့ သူမျိုးကိုမှ စစ်နတ်ဘုရားလို့ ခေါ်တာကွ။ ဒါပေမယ့် မင်းကတော့ ငါ့လက်ထဲမှာ ရှုံးမယ့်ကောင်ပဲ။"

သူသည် လက်သင်္ကေတများ ပြောင်းလဲလိုက်သည်နှင့် ခြေဖဝါးအောက်ခြေမှ တွင်းနက်ကြီးမှာ ထကြွလာပြန်သည်။

"တွင်းနက်ဆွဲငင်အား...."

ဝုန်း.....

အမှောင်ထုထဲမှ အားကောင်းလှသော ဆွဲငင်အားများ ထွက်ပေါ်လာသည်။

ထိုအချိန်တွင် အန်လင်းမှာ အမှောင်ထု၏ စုပ်ယူမှုအား ခံစားမိလိုက်ပြီး သူ၏အရိုးနှင့်ကြွက်သားတို့သည်ပင် ပြင်းထန်လှသော ဆွဲငင်အားအောက်တွင် ပျက်စီးသွားတော့မည်ဟု ထင်မှတ်မိသွားသည်။

သို့သော် အန်လင်းမှာ တည်တည်ငြိမ်ငြိမ် မတ်တပ်ရပ်နေဆဲပင်။

ရှင်းထျန်း လေထဲသို့ ထိုးတက်သွားပြီး ကွပ်မျက်ခြင်းစွမ်းအင်များ ပါဝင်နေသော သွေးနီရောင် ပုဆိန်တစ်ခုကို ရုပ်လုံးပေါ်စေလိုက်ပြီးနောက် အန်လင်းအား ခုတ်ချလိုက်သည်။

အန်လင်းသည် အဖျက်စွမ်းအင် ကြမ်းတမ်းလွန်းလှသော ရွှေရောင်ဟာလာပြင်လျှပ်စီးအား ရှင်းထျန်း၏ ဦးခေါင်းထံ ချိန်ရွယ်ပစ်လွှတ်လိုက်သည်။

ရှင်းထျန်း၏ သွေးနီရောင် ပုဆိန်သည် ရွှေရောင်ဟာလာပြင်လျှပ်စီးအား မျက်စိတမှိတ်အတွင်း ဖျက်စီးပစ်လိုက်ပြီးနောက် အန်လင်းထံ ဆက်လက်ပျံဝဲလာသည်။

အန်လင်းသည် အနည်းငယ်မျှ ရှောင်ရှားခြင်း မရှိပေ။ ထို့အပြင် အားကောင်းလှသော ဆွဲငင်အားများကြောင့် ရှောင်ရှားချင်လျှင်ပင် ရှောင်ရန်မဖြစ်နိုင်ပေ။

သွေးနီရောင် ပုဆိန်ကြီး ကျဆင်းလာပြီး အန်လင်းမှာ သူ၏အရေထူထူအား မှီခိုလိုက်ရပြီးနောက် ရွှေရောင်ကြာပန်း အမှတ်အသားတစ်ခု နဖူးထက်တွင် ဖြစ်ပေါ်လာကာ ရှင်းထျန်းအား လက်သီးတစ်လုံး ကျွေးလိုက်သည်။

ဝုန်း.....

အန်လင်းသည် သွေးနီရောင် ပုဆိန်ကြောင့် လွင့်ထွက်သွားကာ ရှင်းထျန်းမှာလည်း နှုတ်ခမ်းထောင့်စွန်းမှ သွေးစများ ယိုစီးကျလာကာ နောက်သို့ဆုတ်လိုက်ရသည်။

အန်လင်းမှာ အသက်ပြင်းပြင်း ရှူနေရပါသော်လည်း မျက်ဝန်းများမှာ တိုက်ပွဲစိတ်ဆန္ဒများဖြင့် တောက်ပနေသည်။

ရှင်းထျန်းမှာ မျက်နှာတစ်ချက် မဲ့သွားပြီး အန်လင်းထံ ပြေးဝင်လာပြန်သည်။

အန်လင်းသည်လည်း မည်သည့်စကားမှ မဆိုပဲ ရှင်းထျန်း၏ မျက်နှာအား ရွှေရောင်လက်သီးတစ်ချက် ထပ်မံပစ်သွင်းလိုက်သည်။

ဝုန်း.....

အန်လင်းမှာ နောက်တစ်ကြိမ် လေဟုန်စီးလိုက်ရပြီး အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်နံရံနှင့် ရိုက်မိသွားသည်။ အကာအကွယ် ဝင်္ကပါများ ပြင်းပြင်းထန်ထန် တုန်ခါသွားကာ ရှင်းထျန်းသည်လည်း အန်လင်း၏ လက်သီးချက်ကြောင့် မြေကြီးနှင့် ပြေးမိတ်ဆက်လိုက်ရသည်။

"မင်းဘာလို့ ငါ့မျက်နှာကိုပဲ ဆော်နေရတာလဲ။"

ရှင်းထျန်းမှာ ဖူးရောင်နေသော မျက်နှာအားကိုင်ရင်း ဒေါသထွက်လာသည်။

အန်လင်းသည် ရှင်းထျန်းအားကြည့်ရင်း ပြောစရာ စကားများ ပျောက်ရှသွားရသည်။

"ဘယ်နေရာထိုးထိုးပေါ့။"

"ယီးပဲ...."

ရှင်းထျန်း ပထမဆုံးအကြိမ်အဖြစ် ဆဲဆိုကာ အန်လင်းထံ ပုဆိန်ကြီးနှင့် ပြေးဝင်လာပြန်သည်။

ကြမ်းတမ်းလှသော တိုက်ခိုက်မှုများကို အကြိမ်ကြိမ်အခါခါ ကျော်ဖြတ်ခဲ့ကြရသောကြောင့် ၎င်းတို့နှစ်ဦးလုံးတွင် စွမ်းအင်များများစားစား မကျန်ရစ်တော့ပေ။

ရှင်းထျန်းမှာ အန်လင်းထက် အနည်းငယ် သက်လုံကောင်းပါသော်လည်း အန်လင်းထံတွင် အံ့အားသင့်စရာ အရေထူများ ရှိနေသည်။

ထို့ကြောင့် ၎င်းတို့နှစ်ဦး၏ သွေးချောင်းစီးသော တိုက်ပွဲမှာ မပြီးဆုံးနိုင်ပေ။

အန်လင်းသည် မည်မျှပင် တိုက်ခိုက်ခံရပါစေ မသေနိုင်သော ပိုးဟပ်တစ်ကောင်အလား ထင်မှတ်ရသည်။

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်တွင် ရှိနေသော ကျောင်းသားများမှာ သလင်းကျောက် မျက်နှာပြင်ကိုကြည့်ရင်း သွေးများဆူပွက်နေသည်။ အချို့ဆိုလျှင် အရှုံးပေးရန် အကြိမ်ကြိမ်အခါခါ ငြင်းဆန်နေသော ပုံရိပ်အားကြည့်ကာ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားမိကြသည်။

အသုံးမကျသော ထန်းရှီမန်သည်ပင် တိုက်ပွဲကိုကြည့်ရင်း စိတ်အားတက်ကြွနေသည်။

အန်လင်း၏ ထိလောက်စရာ အရည်အချင်းများကြောင့် ပိုင်ကျုံးသည်လည်း တိုက်ပွဲအား အကြည့်မခွာနိုင်ပေ။

အန်လင်းထံတွင် ပြိုင်ဘက်ကင်း တိုက်ပွဲစိတ်ဆန္ဒများ ရှိသည်။ သူသည် အန်လင်းအား ဘဝင်မြင့်နေသော လူငယ်တစ်ဦးအဖြစ် ဆူပူခဲ့ပါသော်လည်း ထိုစကားများမှာ ရှက်ရွံ့ဖွယ်ကောင်းကြောင်း နားလည်သွားမိသည်။

စစ်နတ်ဘုရား နှစ်ပါး၏ တိုက်ပွဲအား အားလုံးမှ စိတ်ဝင်တစား အားပေးနေကြပါသော်လည်း အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ရှစ်ဆယ့်လေးထပ်မြောက်အား အောင်မြင်ခဲ့သော စုချန်းရန်မှာ အူကြောင်ကြောင်လေး ဖြစ်နေသည်။

သူမ နှုတ်ခမ်းလေးတစူစူနှင့် ရေရွတ်မိသည်။

"ဒီကနေ ဘယ်လိုထွက်သွားရမှာလဲ။ ဟိုအဖိုးကြီးကရော ဘယ်မှာလဲ။ အခုငါ ဘာလုပ်ရမှာလဲ။"

သူမ ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုကာ ကြောင်တိကြောင်တောင် ဖြစ်နေရသည်။

စွမ်းအင်မှာ တစ်ရာခိုင်နှုန်းထိ လျှော့ချခံထားရသောကြောင့် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ပြတင်းပေါက်မှ ဖောက်ထွက်သွားရန်လည်း မဖြစ်နိုင်ပေ။

စုချန်းရန် အဝေးကိုကြည့်ကာ သက်ပြင်းချလိုက်သည်။

"ဟပ်ချိုး...."

ပိုင်ကျုံး ရုတ်တရက် နှာချေလာသည်။

ဘာလဲဟ.....တစ်ယောက်ယောက်က ငါ့ကိုတွေးနေတာလား.....

(ဒီမှာ လျှာကိုက်မိရင် တစ်ယောက်ယောက်က ကိုယ့်အကြောင်းပြောနေတယ်လို့ အယူရှိသလိုမျိုး တရုတ်တို့၊ ကိုရီးယားတို့မှာလည်း နှာချေရင် တစ်ယောက်ယောက်က ကိုယ့်ကိုတွေးနေတယ်လို့ ယူဆကြပါတယ်။)

သူခေတ္တမျှ တွေးတောလိုက်ပါသော်လည်း စိတ်ရှုပ်လာသောကြောင့် လျစ်လျူရှုကာ ကိုးဆယ့်ရှစ်ထပ်မြောက်ကိုသာ အာရုံစိုက်ထားတော့သည်။

အန်လင်းနှင့် ရှင်းထျန်းတို့၏ တိုက်ပွဲမှာ ရိုးရှင်းလှပါသော်လည်း စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းသည်။

စွမ်းအက်ချွေတာရန်အတွက် ရှင်းထျန်းမှာ အသူရာတွင်းနက်နယ်ပယ်နှင့် သွေးနီရောင် ပုဆိန်အား ရုတ်သိမ်းထားရပြီး လက်သီးများသာ ပစ်ကြွေးနေရသည်။

အန်လင်းအပေါ် ဘာတွေများ ရန်ငြှိုးရှိနေတာလဲ....

ရှင်းထျန်း၏ လေပူပေါင်းသဖွယ် ဖူးရောင်နေသော မျက်နှာက ထိုမေးခွန်း၏ အဖြေဖြစ်ပေလိမ့်မည်။

ဒုန်း....ဒုန်း....ဒုန်း....ဘန်း....ဘန်း....ဘန်း.....ဖောင်း.....ဖောင်း....ဖောင်း.....ဝုန်း....ဝုန်း.....ဝုန်း.....

ကြမ်းတမ်းခက်ထန်သော တိုက်ခိုက်မှု အနည်းငယ် ကျော်လွန်လာပြီးနောက် အန်လင်းမှာ ရှင်းထျန်း၏ မျက်လုံးအား ကျွေးထည့်လိုက်ပြီး ရှင်းထျန်းမှာလည်း အန်လင်း၏ မျက်နှာအား ကန်ထည့်လိုက်သည်။

နှစ်ဦးလုံး မူးနောက်နောက်ဖြစ်ကာ နောက်သို့ဆုတ်သွားရပြန်သည်။

ရှင်းထျန်း မျက်လုံးအား လက်ဖြင့်အုပ်ကာ ကျန်လက်တစ်ဖက်ဖြင့် အန်လင်းအား လက်ညှိုးငေါက်ငေါက် ထိုးနေသည်။

"ငါတို့ တစ်ယောက်မျက်ခွက် တစ်ယောက်ဆော်နေတာ မဟုတ်ဘူးလား။ ဘာလို့ငါ့မျက်လုံးကို လာထိုးရတာလဲ။"

အန်လင်း မူးခါနေသောခေါင်းအား ခါထုတ်ကာ တောင်းပန်လိုက်သည်။

"အာ....မျက်လုံးကို ထိုးမိသွားတာလား။ ဆောရီးနော်....သတိမထားမိလိုက်ဘူး။"

သူလက်သီးဆုပ်ကာ အသင့်ပြင်လိုက်သည်။

"လာလေ....ထပ်ချရအောင်။"

ထပ်ပြီးတော့လား....

ရှင်းထျန်းမှာ အကြောင်းအရင်း အချို့ကြောင့် ထိတ်လန့်နေမိသည်။

အန်လင်းထံမှ အားကောင်းလှသော တိုက်ပွဲစိတ်ဆန္ဒများ ဖြာထွက်နေသည်ကို သူသတိပြုမိသည်။ အန်လင်းသည် ထိုက်တန်သော ပြိုင်ဘက်တစ်ဦး ဖြစ်သည့်အပြင် စစ်နတ်ဘုရား ဖြစ်လာရန် အလားအလာရှိကြောင်း ဝန်ခံရပေလိမ့်မည်။

ထို့နောက် အန်လင်း၏ ပြစ်မျိုးမှဲ့မထင် ချောမောခန့်ညားသော မျက်နှာအား ကြည့်လိုက်မိသည်။ အချက်ပေါင်းများစွာ ထိုးနှက်ခဲ့ပါသော်လည်း အန်လင်း၏ မျက်နှာမှာ အနည်းငယ်မျှပင် ယောင်ကိုင်းမနေပေ။

မတရားလိုက်တာ.....ငါကျတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီး အန်လင်းကတော့ အကောင်းအတိုင်း ရှိနေသေးတာလား......

ရှင်းထျန်း အန်လင်းအား လက်ညှိုးထိုးကာ အေးစက်စွာ ပြောလိုက်သည်။

"မင်းမှာ ဘယ်လိုခန္ဓာကိုယ် တည်ဆောက်ပုံမျိုး ရှိနေတာလဲ။ ရွှမ်းဝူအမွေအနှစ် တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားတာလား။ လိပ်နဲ့ဆိုင်တဲ့ သွေးမျိုးဆက် ရှိနေတာလား။"

(ရွှမ်းဝူဆိုတာ တရုတ်က ဒဏ္ဍာရီလာ လိပ်နက်ကြီးပါ။)

ထိုမေးခွန်းမှာ အားလုံးသိချင်နေကြသော အရာလည်း ဖြစ်သည်။

အန်လင်း ခေါင်းမော့ကာ လေးလေးနက်နက် တုံ့ပြန်လိုက်သည်။

"ကျွန်တော်က စစ်နတ်ဘုရား ခန္ဓာကို ပိုင်ဆိုင်ထားတာပဲ။"

ရှင်းထျန်း ရှုံ့မဲ့သွားရသည်။

"ငါ့ကိုလာလိမ်မနေနဲ့။ မင်းက စစ်နတ်ဘုရားဘွဲ့ကို စွဲလန်းနေတာလား။"

အန်လင်း အေးအေးဆေးဆေး ပြန်ပြောသည်။

"ကျွန်တော့်စကားထဲမှာ လိမ်တာမပါဘူး။"

ငါကအမှန်ကို ပြောနေတာပဲလေ....ယုံတာမယုံတာ သူတို့အပိုင်း.....

"ကောင်းပြီလေ။ တိုက်ပွဲကို ဒီမှာပဲ ဆုံးဖြတ်လိုက်ကြတာပေါ့။"

ရှင်းထျန်း စကားပြောမနေတော့ပဲ ခန္ဓာကိုယ်ထဲမှ စွမ်းအင်အကုန်အစင် ထုတ်ဖော်လိုက်သည်။

တိုက်ပွဲအား ယခုထက်ပို၍ အချိန်ဆွဲနေရန် မဖြစ်တော့ပေ။ အန်လင်း၏ ခန္ဓာကိုယ် တည်ဆောက်ပုံသည် ထင်မှတ်ထားသည်ထက်ပင် ပိုမိုအားကောင်းနေသောကြောင့် သက်လုံကောင်းနေရုံမျှဖြင့် တိုက်ပွဲအား အနိုင်ရနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အပြင်းထန်ဆုံးသော တိုက်ကွက်အားထုတ်ကာ အဆုံးသတ်ပေးရတော့မည်ပင်။

ရှင်းထျန်းထံမှ အနီရောင် အရှိန်အဝါများ ဖြာထွက်လာပြီး မဟူရာလှံတစ်ချောင်း ဖြစ်ပေါ်လာသည်။

ထိုသည်မှာ ရှင်းထျန်း၏ ကျန်ရှိနေသော စွမ်းအင်အကုန်အား ပေါင်းထည့်ထားခြင်းဖြစ်ပြီး အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကိုးဆယ့်ရှစ်ထပ် တစ်ခုလုံးမှာလည်း အသူရာတွင်းနက်၏ ဝါးမြိုခြင်းကို ခံလိုက်ရပြန်သည်။

အန်လင်းမှာ ပြင်းထန်လွန်းသော အဖျက်စွမ်းအင်အား ခံစားမိသောကြောင့် နှလုံးသားများ တုန်လှုပ်သွားရသည်။

"အသူရာလှံ...."

ရှင်းထျန်းသည် အသူရာလှံအား ကိုင်ဆွဲလျက် လျှပ်စီးအလား လျင်မြန်လှသော အရှိန်ဖြင့် အန်လင်း၏ ရင်ဘတ်အား ထိုးချလိုက်သည်။

အန်လင်း၏ ရွှေရောင်လက်သီးမှာလည်း ရှင်းထျန်း၏ မျက်နှာပေါ် ကျဆင်းလာသည်။

ရှီး.....

ထက်ရှကာ နားမခံသာသော စူးရှရှ အသံတစ်ခုနှင့်အတူ အသူရာလှံမှာ အန်လင်း၏ ရင်ဝထံ ရောက်ရှိလာသည်။ တစ်ချိန်တည်းမှာပင် အန်လင်း၏ လက်သီးနှင့် ရှင်းထျန်း၏ ယောင်ကိုင်းနေသော မျက်နှာမှာလည်း တွေ့ဆုံသွားလေပြီ။

ဝုန်း.....

အကန့်အသတ်မဲ့သော အသူရာတွင်းနက် စွမ်းအင်များ ပေါက်ကွဲသွားသည်။

သလင်းကျောက် မျက်နှာပြင်မှာ မည်းမှောင်သွားရပြန်သည်။

အမှောင်ထုများ ပျောက်ကွယ်သွားသောအခါ မြေပြင်ပေါ်တွင် လဲကျနေသော အန်လင်းနှင့် ရှင်းထျန်း နှစ်ဦးလုံးကို တွေ့လိုက်ရသည်။

ဘယ်သူနိုင်သွားတာလဲ....

ကျောင်းသားများအားလုံးမှာ မျက်လုံးအပြူးသားဖြင့် တိုက်ပွဲရလဒ်အား စောင့်မျှော်နေကြတော့သည်။

All Chapters