← Chapters

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း ၁၇၅ - သိတတ်လွန်းလို့ ရင်နာရတယ်။

လုပေါင် တစ်ယောက် ပျော်မြူးနေစဉ်မှာပင် သူ့နောက်ကျောဘက်မှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ပေါ်ထွက်လာသည်။ လှည့်ကြည့်လိုက်သောအခါ ခုနက အိပ်ပျော်နေသော ချီလင်လေးမှာ မျက်လုံးလေးမှေးပြီး အလွန်အမင်း ဒေါသထွက်နေသည့် မျက်နှာပေးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ချီလင်လေးမှာ အိပ်ရေးပျက်လျှင် ဒေါသထွက်တတ်သည့် အကျင့်ရှိရာ လုပေါင်၏ ဆူညံသံကြောင့် နိုးသွားခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။ ဒါကို မြင်သည်နှင့် လုပေါင်သည် သူ့လက်ထဲက လျှပ်စစ်ငါးရှဉ့်ကို ချက်ချင်း လွှဲရိုက်တော့သည်။

“မင်းက လျှပ်စစ်အမြောက် ပစ်နိုင်တယ်ဆိုပြီး သိပ်ဟုတ်နေတာလား။ကြည့်စမ်း... မင်း ဆူညံလို့ ငါ့အသည်းကျော်လေး နိုးသွားပြီ။ မင်းကို ရိုက်သတ်ပစ်မယ်။”

လျှပ်စစ်ငါးရှဉ့်မှာ ခုနကပဲ အဆင့်တက်သွားလို့ ပျော်နေသော်လည်း ယခုတော့ ရေခဲတိုက်ထဲ ရောက်သွားသလို ခံစားလိုက်ရသည်။ချီလင်လေးကဲ့သို့သော နတ်ဘုရားသားရဲ၏ ဖိအားကို သူ မခံနိုင်ပေ။ ထို့ကြောင့် သူသည် အလွန်သိတတ်စွာဖြင့် လုပေါင်၏ လက်မောင်းပေါ်သို့ လျှောတက်သွားပြီး ခါးတွင် ပတ်ကာ အကျိတ်အခဲဖြစ်အောင် ကိုယ့်ဘာသာ ချည်နှောင်လိုက်တော့သည်။

Live ထဲက ပရိတ်သက် များမှာတော့ ဒါကိုကြည့်ပြီး ရယ်မောနေကြသည်။

“လျှပ်စစ်လေးက သိတတ်လွန်းလို့ ရင်နာရတယ်။”

“ရတနာနတ်ဘုရား... မင်းကတော့ အပြစ်ပုံချတဲ့နေရာမှာ နံပါတ်တစ်ပဲ။”

“ချီလင်လေးရဲ့ ဒေါသက နောက်ပြောင်လို့ရတာမျိုး မဟုတ်ဘူးလေ။”

နောက်တစ်နေ့ မနက်တွင် လုပေါင်သည် ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့၏ နှိုးမှုကြောင့် နိုးလာခဲ့သည်။ သူတို့သည် မနက်စာအတွက် ကန်စွန်းဥမီးဖုတ်ရုံတင်မကဘဲ အုတ်ဂျုံဆန်ပြုတ်နှင့်တူသော အရာတစ်ခုကိုပါ ပြင်ဆင်ထားကြသည်။ ထိုပါဝင်ပစ္စည်းများကို ဒါပေါင် နှင့် ဟေးမီ တို့က ရှာဖွေပေးထားခြင်း ဖြစ်သည်။

လုပေါင်သည် ဆန်ပြုတ်ကို အားပါးတရ သောက်ပြီးနောက် ဒါပေါင်နှင့် ဟေးမီတို့မှာ ချီလင်လေးကို ဝိုင်းဝန်းဖားနေကြသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ထိုသုံးကောင်သား တောအုပ်ထဲသို့ ဦးတည်သွားကြရာ လုပေါင်လည်း သူတို့ ဘာလုပ်ကြမည်ကို သိလိုသဖြင့် ခိုးကြောင်ခိုးဝှက် နောက်ကလိုက်သွားပြီး Live လွှင့်လိုက်တော့သည်။

မကြာမီမှာပင် ဒါပေါင်နှင့် ဟေးမီတို့သည် ရုတ်တရက် ရပ်လိုက်ပြီး ရူးသွပ်နေသကဲ့သို့ ကျယ်လောင်စွာ ဟောင်ကြတော့သည်။ ထိုအခါ တောအုပ်အတွင်းရှိ ရှဉ့်ကလေးများမှာ ဆင်းလာကြပြီး သူတို့ရှာဖွေထားသော အစေ့အဆန်များကို ထိုခွေးနှစ်ကောင်ရှေ့တွင် လာချပေးကြသည်။ မြေအောက်ထဲက ကြွက်များပင်လျှင် သူတို့ဝှက်ထားသော စားစရာများကို တူးထုတ်ပေးကြရသည်။

ဒါပေါင်နှင့် ဟေးမီတို့၏ မျက်နှာပေးမှာ အလွန်ဂုဏ်ယူဝင့်ကြွားနေပြီး ‘မြန်မြန် သိတတ်ကြစမ်း မင်းတို့ အသိုက်တွေကို ငါတို့ ကိုယ်တိုင် မတူးခိုင်းနဲ့’ဟု ပြောနေသည့်ပုံပင်။

Live ထဲက ပရိတ်သက် များမှာတော့

“ဆရာ့ထက်တပည့်လက်‌စောင်းထက်တဲ့။ ဒါက လမ်းပေါ်မှာ ဓားပြတိုက်နေတာ မဟုတ်လား။”

“ရှဉ့်ကလေးတွေမှာတော့ ရင်နာစရာပဲ။ ပင်ပင်ပန်းပန်း စုထားသမျှ အကုန်ပါသွားပြီ။”

“ကိုယ့်ဆရာ ဘယ်သူလဲဆိုတာ ကြည့်ဦးလေ။ကိုယ်ကျင့်တရားဆိုတာ ရှိတာမှမဟုတ်တာ။”

ထိုစဉ် တောအုပ်ထဲမှ ဝုန်းခနဲ အသံနှင့်အတူ အရပ် နှစ်မီတာခန့်ရှိသော ဝက်ဝံနက်ကြီး တစ်ကောင် ထွက်လာပြီး ထိုခွေးနှစ်ကောင်ကို ရန်မူရန် ပြင်တော့သည်။ လုပေါင်ကတော့ ဓားပြတိုက်လို့ ခံရတာပဲ ဟု ဆိုကာ ဘေးကနေ ကြည့်နေလိုက်သည်။

သို့သော် ဒါပေါင်နှင့် ဟေးမီတို့က မကြောက်ပေ။ သူတို့သည် ချက်ချင်း နောက်ဆုတ်လိုက်ပြီး သူတို့နောက်က ချီလင်လေးကို လမ်းဖွင့်ပေးလိုက်သည်။

(အစ်ကိုကြီး... တစ်ယောက်ယောက်က လာရှုပ်နေတယ်။)

ချီလင်လေးကတော့ ခေါင်းတောင်မဖော်ဘဲ နောက်ကနေ ဘူခနဲ အီး တစ်ချက် ပေါက်လိုက်သည်။ ထိုအခါ ရန်မူတော့မည့် ဝက်ဝံနက်ကြီးမှာ ချက်ချင်းပင် လှည့်ပြေးသွားတော့သည်။

လုပေါင်မှာတော့ ကြည့်ရင်း နဖူးတွင် အမည်းစက်များ ထင်ကျန်ရစ်သည်။ ဒီခွေးနှစ်ကောင်က ဘယ်အချိန်ကတည်းက ခြင်္သေ့အနားကပ်ပြီး ကြွားလုံးထုတ်တဲ့ မြေခွေး အကွက်ကို တတ်နေတာလဲ။

“ဟားဟား... ချီလင်လေးကို သက်တော်စောင့်အဖြစ် သုံးနေတာပဲ။”

“ဝက်ဝံကြီးကို အီးတစ်ချက်နဲ့တင် လန့်ပြေးအောင် လုပ်နိုင်တာ ချီလင်လေးပဲ ရှိမယ်။”

မကြာမီမှာပင် ထိုဝက်ဝံနက်ကြီးသည် ပျားရည်များ ရွှမ်းနေသော ပျားအုံကြီးတစ်ခုကို ပိုက်၍ ပြန်လာပြီး ချီလင်လေးရှေ့တွင် လာချပေးကာ ဦးညွှတ်ခစားနေတော့သည်။

အခန်း ၁၇၆ -ဘီလူးကြီးများ တည်ရှိခဲ့ကြောင်း ခိုင်လုံသည့် သက်သေအထောက်အထား။

ဝက်ဝံနက်ကြီးမှာ အခြေအနေကို ကောင်းကောင်းနားလည်ပါသည်။ ဒါပေါင် နှင့် ဟေးမီ တို့မှာလည်း လက်ပါးစေလုပ်ရသည်ကို အလွန်ကျွမ်းကျင်လှသည်။ သူတို့သည် ပျားအုံကို ယူပြီးနောက် ဝက်ဝံကြီးကို သူတို့၏ခြေထောက်များဖြင့် ဝိုင်းကန်ကြတော့သည်။

(ခုနကတော့ မင်းက မိုက်လှချည်လား ဝက်ဝံရဲ့ ငါတို့မှာ အစ်ကိုကြီးရှိတယ် မင်း အရှုံးပေးပြီလား။)

ချီလင်လေး၏ အရှိန်အဝါကြောင့် ဝက်ဝံကြီးမှာ မလှုပ်ရဲရှာဘဲ ထိုခွေးနှစ်ကောင်၏ အနိုင်ကျင့်မှုကို အောင့်အည်းသည်းခံနေရသည်။ နောက်ဆုံးတွင် ဝက်ဝံကြီးမှာ ခွေးနှစ်ကောင်၏ အနိုင်ကျင့်မှုကို မခံမရပ်နိုင်ဖြစ်ပြီး ဝမ်းနည်းပက်လက် ငိုကြွေးပါလေတော့သည်။

လုပေါင်မှာ ဆက်ကြည့်မနေနိုင်တော့ဘဲ ထွက်လာကာ ချီလင်လေးကို ပွေ့ချီလိုက်ပြီး ခွေးနှစ်ကောင်ကို တစ်ချက်စီ ကန်လိုက်သည်။

“ဒီခွေးတွေ... ငါ မင်းတို့ကို ဒီလိုသင်ပေးထားလို့လား။ခုချက်ချင်း ပြန်ကြစမ်း။”

ခုနက ကြွားလုံးထုတ်နေသော ကောင်နှစ်ကောင်မှာ လုပေါင်ကို မြင်သည်နှင့် အမြီးကုပ်ကာ ခေါင်းငိုက်စိုက်ကျသွားကြသည်။

“ဒီညတော့ ငါ ပျားရည်ဆမ်း အုတ်ဂျုံဆန်ပြုတ် စားချင်တယ်။”

လုပေါင်ကခပ်တည်တည်ဖြင့် ပြောလိုက်ရာ ခွေးနှစ်ကောင်မှာ ချက်ချင်းပင် နားစွင့်သွားကြပြီး တောကောင်လေးများကို နောက်တစ်ကြိမ် ခြိမ်းခြောက်သည့် မျက်နှာပေးဖြင့် ကြည့်လိုက်ကြပြန်သည်။

လုပေါင်သည် ထိုခွေးနှစ်ကောင် ဓားပြတိုက်လို့ ရလာသော စားစရာများကို သယ်ပြီး ဗီလာသို့ ပြန်လာခဲ့သည်။ ချီလင်လေးကို အမျိုးသမီးနှစ်ဦးအား စောင့်ရှောက်ရန် ထားခဲ့ပြီး သူကတော့ ဆေးဖက်ဝင်အပင်များ ရှာဖွေရန် နဂါးကြီးကို စီး၍ ထွက်ခွာခဲ့သည်။

ကျန်းရွှယ်ချီ၏ ဦးနှောက်အကျိတ်မှာ သာမန်ရောဂါမဟုတ်သဖြင့် မျိုးရိုးဗီဇမြှင့်တင်ဆေး ဖော်စပ်ရန်အတွက် လိုအပ်သော ဆေးပင်များကို သူ အမြန်ရှာဖွေရမည်ဖြစ်သည်။

“တို့ပြည်သူတွေ... ဒီနေ့တော့ ပျော်စရာနေ့လေးပဲ”

လုပေါင်သီချင်းညည်းနေစဉ်မှာပင် ပုရွက်ဆိတ်နီတပ်ဖွဲ့ဆီမှ သတင်းထူး ရလာသည်။ သူသည် နဂါးကြီးကို ထူးခြားသောနေရာရှိရာသို့ အမြန်မောင်းနှင်လိုက်သည်။ နဂါးကြီး၏ အရှိန်မှာ အလွန်မြန်လှသဖြင့် ကျွန်းပေါ်ရှိ သတ္တဝါများစွာမှာ လန့်ဖျန့်ကုန်ကြသည်။

ထိုနေရာသို့ ရောက်ရန် နဂါးကြီး၏ အရှိန်ဖြင့်ပင် နာရီဝက်ခန့် ကြာမြင့်ခဲ့သည်။ ၎င်းမှာ အပင်တစ်ပင်မှ မပေါက်သော သဲကန္တာရ ချိုင့်ဝှမ်းတစ်ခု ဖြစ်သည်။ ထိုနေရာသို့ ရောက်သည်နှင့် လုပေါင်သည် နှစ်ပေါင်း သိန်းချီကတည်းက ကွဲကွာနေခဲ့သော ဟောင်းနွမ်းဆွေးမြည့်သည့် အငွေ့အသက်များကို ခံစားလိုက်ရသည်။

လုပေါင်သည် ကြွက်တပ်ဖွဲ့ကြီးကို အမိန့်ပေးလိုက်သည်။

“တူးကြစမ်း။”

ကြွက်ပေါင်း သိန်းချီ၍ ဝိုင်းဝန်းတူးကြသည့် မြင်ကွင်းမှာ Live ထဲမှ ပရိတ်သက် များကိုပင် မှင်တက်သွားစေသည်။မကြာမီမှာပင် ကြွက်ဘုရင်က လုပေါင်ကို သတိပေးသည့်အနေဖြင့် အော်လိုက်သည်။

လုပေါင် ချိုင့်ဝှမ်းထဲကို ကြည့်လိုက်သောအခါ အလွန်အံ့ဩသွားရသည်။ မြေကြီးများအောက်တွင် ဧရာမ အရိုးဖြူကြီးများကို တွေ့လိုက်ရခြင်းပင်ဖြစ်၏။ထိုအရိုးများမှာ ကြည့်ရသည်မှာ လူ့အရိုးစုနှင့် လုံးဝတူနေသည်။ လက်နှစ်ဖက် ခြေနှစ်ဖက်နှင့် ဦးခေါင်းခွံ... သို့သော် အရွယ်အစားမှာ အဆမတန် ကြီးမားလှသည်။

လုပေါင်၏ ခန့်မှန်းချက်အရ ဤလူ့အရိုးစုမှာ အမြင့် ၁၀ မီတာခန့် ရှိပေမည်။

“ဒါက... တကယ့် ဘီလူးကြီးပဲ မဟုတ်လား။”

လုပေါင်ရေရွတ်လိုက်သည်။

Live ထဲမှ ပရိတ်သက် များလည်း တုန်လှုပ်ကုန်ကြသည်။

“ဘုရားရေ... ဘီလူးတွေ တကယ်ရှိခဲ့တာပဲ။”

“ဒီကျွန်းအကြောင်းကို Approaching Science အစီအစဉ်က လာရိုက်ရင် အပိုင်းပေါင်း တစ်ရာလောက် ထွက်မှာပဲ။”

“ဒါက ဘီလူးတွေ တည်ရှိခဲ့ကြောင်း ခိုင်လုံတဲ့ သက်သေပဲ။”

လုပေါင်ကတော့ တစ်မျိုးတွေးနေသည်။

“ဒါကို ငါ့အပန်းဖြေစခန်းမှာ ပြခန်းဖွင့်ပြီး လက်မှတ်ရောင်းရင် အများကြီး မြတ်မှာပဲ။”

ပရိတ်သက် များကတော့ ဆွံ့အသွားကြသည်။

“မင်းကတော့ တကယ်ပဲ ရတနာနတ်ဘုရားရာ ဒီလို ရှားပါးတဲ့ ဘီလူးအရိုးစုကို တွေ့တာတောင် လက်မှတ်ရောင်းဖို့ပဲ တွေးနေတယ်။”

“ဘီလူးကြီးကတော့ တွေးနေမှာပဲ ‘ငါ့ကို သိပ္ပံတို့ ပြတိုက်တို့ ပို့ပေးပါလား၊ လက်မှတ်ရောင်းစားတာကတော့ တကယ်ကို အရှက်ရဖို့ကောင်းတယ်’ တဲ့။”

လုပေါင် စိတ်ကူးယဉ်နေစဉ်မှာပင် ဘေးနားရှိ နဂါးကြီးက ချိုင့်ဝှမ်းထဲရှိ အရိုးစုကို ကြည့်ကာ ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော အသံဖြင့် ဟိန်းဟောက်လိုက်သည်။ထိုအသံထဲတွင် ဖော်ပြ၍မရသော ဝမ်းနည်းမှုများ ပါဝင်နေသဖြင့် လုပေါင်ပင် စိတ်မကောင်း ဖြစ်သွားရသည်။

မကြာမီမှာပင် နဂါးကြီး ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုသည့် အကြောင်းရင်းကို လုပေါင် သိလိုက်ရပါတော့သည်။

All Chapters