ရှင်းထျန်း၏ရှုံးနိမ့်မှု
Vol. 44 Ch. 610
စောင့်ကြည့်နေသော ကျောင်းသားများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
၎င်းတို့သည် အသက်ရှူသံပြင်းပြင်းနှင့် သလင်းကျောက် မျက်နှာပြင်အား ကြည့်ရှုနေကြပြီး အချို့သော ကျောင်းသားများဆိုလျှင် ချွေးများပင် ပျံနေသည်။
ပိုင်ကျုံးသည်လည်း ထိုတိုက်ပွဲထံမှ အကြည့်မခွာနိုင်ပေ။
အားလုံး၏ အကြည့်များအောက်တွင်ပင် ပုံရိပ်တစ်ခု စတင်လှုပ်ရှားလာသည်။
မတ်တပ်ထရပ်လိုက်သူမှာ ရှင်းထျန်း ဖြစ်နေသောကြောင့် ကျောင်းသားများအားလုံး စိတ်ပျက်သွားရသည်။
သို့သော် မကြာမီမှာပင် နောက်ထပ်ပုံရိပ်တစ်ခုလည်း လှုပ်ရှားလာသည်။
ကျောင်းသားများမှာ မအောင့်ထားနိုင်ပဲ 'ဟေးခနဲ'နေအောင် အော်ဟစ်လိုက်မိကြသည်။
အန်လင်းသည်လည်း မတ်တပ်ရပ်ခဲ့လေပြီ။
ရှင်းထျန်း နှုတ်ခမ်းထောင့်စွန်းမှ သွေးစများကိုသုတ်ကာ အန်လင်းအား လှမ်းကြည့်လိုက်သည်။ ရင်ဘတ်နေရာတွင် အဝတ်အစားများ ပေါက်ပြဲနေပါသော်လည်း ခန္ဓာကိုယ်တွင် ခြစ်ရာမျှပင် မရှိပေ။
သူဘာဆက်လုပ်ရမည်ကို မသိတော့ပေ။
"ဘာလို့မပေါက်သွားရတာလဲ။"
"ဟမ့်.....စစ်နတ်ဘုရား ခန္ဓာက လွယ်လွယ်နဲ့ ထိခိုက်မှာတဲ့လား။"
အန်လင်း မထီမဲ့မြင် ပြုံးလိုက်သည်။
"အခု ကျွန်တော့်အလှည့်ပဲ။"
သူ၏နဖူးထက်တွင် ရွှေရောင်ကြာပန်း အမှတ်အသား ပေါ်ထွက်လာပြီးနောက် ရှင်းထျန်းထံ ပြေးဝင်ကာ လက်သီးတစ်လုံး ပစ်ကြွေးလိုက်သည်။
ယီးထဲမှ....မြန်လိုက်တာ.....
ရှင်းထျန်းသည် ဆုတ်ခွာရန်ရော၊ ခုခံရန်ပါ အချိန်မရလိုက်ပဲ လက်သီးစာမိကာ မြေပြင်အား အနမ်းပေးလိုက်ရပြန်သည်။
အန်လင်းသည် လျင်မြန်နေရုံသာမက ရှင်းထျန်းသည်လည်း စွမ်းအင်များအားလုံး ကုန်ခမ်းနေပြီ ဖြစ်သောကြောင့် တန်ပြန်တိုက်ခိုက်မှု မလုပ်နိုင်တော့ပေ။
ရှင်းထျန်း မြေပြင်ပေါ် လဲကျသွားရပြီးနောက် အန်လင်းသည် ထိုအခွင့်အရေးအား အရယူကာ လက်သီးမိုးများ ရွာချပေးလိုက်သည်။
ဝုန်း....ဝုန်း....ဝုန်း.....
ရှင်းထျန်း၏ အော်ဟစ်သံများနှင့်အတူ ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များလည်း ဖြစ်ပေါ်နေသည်။
ယခုအခါ တိုက်ပွဲသည် တဖတ်သတ်ဆန်သော အခြေအနေအဖြစ် ပြောင်းလဲသွားပြီပင်။
အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်ရှိ ကျောင်းသားများမှာ မြင်နေရသော မြင်ကွင်းအား မယုံကြည်နိုင် ဖြစ်နေမိကြသည်။
"ရှင်းထျန်းက အရင်ဆုံး မတ်တပ်ရပ်တာ မဟုတ်ဘူးလား။ အခုဘာလို့ သူကချည်း အဆော်ခံနေရတာလဲ။"
"နတ်ဘုရားအန်ရဲ့ ခုခံကာကွယ်ရေးက ကြောက်စရာပဲ။ သူ့ခန္ဓာကိုယ်ကို ကြည့်ပါဦး။ ခြစ်ရာလေး တစ်ခုတောင် မရှိဘူး။"
"အဲ့ဒါတင်မကဘူး....သူ့ရဲ့သက်လုံကလည်း အံ့သြစရာပဲ။ တိုက်ပွဲက ဒီအခြေအနေထိ ရောက်နေတာတောင် အားနဲ့မာန်နဲ့ တိုက်ခိုက်နိုင်သေးတယ်။ တကယ်အထင်ကြီးစရာပဲ။"
"အန်လင်းကို ဘွဲ့တစ်ခု ထပ်ပေးသင့်ပြီထင်တယ်။ 'ရွှမ်းဝူဉာဏ်အလင်းရသူ'ဆိုရင် ဘယ်လိုလဲ။"
"ရွှေဉာဏ်တော်စူးရောက်လိပ်က ပိုကောင်းတယ်။ ခေါ်ရတာလည်း ပိုအဆင်ပြေတယ်။"
"ရှင်းထျန်းအတွက် ရင်နာနေတာ ငါတစ်ယောက်တည်းလား။ အစတုန်းက သေအောင်ချောတဲ့ဟာ။ အခုတော့ ဝက်ခေါင်းကြီးလိုပဲ။"
"ဟူး.....စစ်နတ်ဘုရားရှင်းထျန်းက တကယ်အစွမ်းထက်ပါတယ်။ ဒါပေမယ့် အာဂလူသားနဲ့မှ သွားတွေ့တာကိုး....."
.......
ကောင်းကင်အရှင်သခင်မှာ အဝေးမှ တိုက်ပွဲကိုကြည့်ရင်း မျက်ခုံးနှိပ်နေရသည်။ ကြမ်းတမ်းခက်ထန်လှသော မြင်ကွင်းများကြောင့် ကူကယ်ရာမဲ့စွာ အကြည့်လွှဲလိုက်မိသည်။
တစ်ချိန်က သြဇာအာဏာ ကြီးမားခဲ့သော စစ်နတ်ဘုရား ရှင်းထျန်းသည် အန်လင်း၏ လက်ထဲတွင် စိစိညက်ညက် ကြေတော့မည်ပင်။
ရှင်းထျန်း၏ခေါင်းပေါ် လက်သီးပဒေသာမိုးများ တရဆက် ကျရောက်နေပြီး ၎င်းမှာရှုံးနိမ့်တော့မည်ဖြစ်ကြောင်း ကောင်းကင်အရှင်သခင် ကောင်းစွာသိရှိနေသည်။
တိုက်ခိုက်ရန် မဆိုထားနှင့် ရှင်းထျန်းထံတွင် မတ်တပ်ရပ်ရန်ပင် အားမရှိတော့ပေ။ ၎င်းမှာ ပင်ပန်းနွမ်းနယ်သည်ထက်ပင် ပိုနေလေပြီ။
ရှင်းထျန်းမှာ ပင်ပန်းရင်း အသက်ထွက်ခဲ့ရသော ပုရွက်ဆိတ် မျိုးနွယ်စုနှင့် တိုက်ပွဲကို ပြန်လည်အမှတ်ရလာမိသည်။
ဒီလိုပဲ ထပ်ဖြစ်လာတော့မှာလား.....
ဝုန်း....
ရွှေရောင်အလင်းတန်း ပေါက်ကွဲမှုများကြားတွင် ရှင်းထျန်း၏ အံ့ဖွယ်စိတ်ဆန္ဒမှာ စတင်ပျောက်ကွယ်လာသည်။
အန်လင်း တိုက်ခိုက်မှုအား ရပ်တန့်ကာ တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ် စီနီယာ ရှင်းထျန်း..."
ရှင်းထျန်း တုံ့ပြန်တော့မည့် အချိန်မှာပင် အန်လင်း ဝံ့ကြွားစွာပြုံးသည်။
"ဒါပေမယ့် နောက်ဆုံးတော့လည်း ကျွန်တော် နိုင်သွားတာပဲမလား။ ခင်ဗျား ဘယ်လိုကြွားဦးမလဲ ကြည့်ရသေးတာပေါ့။"
ရှင်းထျန်း: "......"
ရှင်းထျန်း ပြောမည့်စကားများကို မြိုချလိုက်ရသည်။
အန်လင်းသည် သူ၏စိတ်ဝိဉာဉ် အပိုင်းအစ တစ်ခုကိုသာ အနိုင်ရသွားခြင်း ဖြစ်သောကြောင့် ပျော်နေစရာ မရှိကြောင်းပြောရန် တွေးထားခဲ့သည်။
သို့သော် ပြောဖြစ်တော့မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ အရှုံးမှာ အရှုံးသာဖြစ်သည်။ စစ်နတ်ဘုရား ရှင်းထျန်းသည် တစ်ကြိမ်တစ်ခါမှ မရှုံးနိမ့်ဖူးပါသော်လည်း အရှုံးကို လက်မခံနိုင်သည့် သဘောမျိုး မဟုတ်ပေ။
"မင်းတကယ် နိုင်ပါတယ်။ ငါတွေ့ဖူးသမျှထဲ မင်းကအကောင်းဆုံးပဲ။"
ရှင်းထျန်း ပြုံးကာဝန်ခံလိုက်သည်။
အန်လင်းမှာ ပြန်လည်ချီးကျူးပေးရန် လိုအပ်သလို ခံစားလိုက်ရသည်။
"ခင်ဗျားလည်း မဆိုးပါဘူး။ ကျွန်တော့်ကို ဒီလောက်ထိတောင် ဖိအားပေးနိုင်တာပဲ။ ခင်ဗျား ဂုဏ်ယူသင့်တယ်။"
ရှင်းထျန်း : "......"
ငါဒီကောင့်ကို အမှုန့်ကြိတ်ပစ်ချင်လိုက်တာ.....
ငါ့မှာဘာအားမှ မကျန်တော့တာ နှမြောစရာပဲ.....
"မင်းငါ့ကို နိုင်သွားပေမယ့် စစ်နတ်ဘုရား မဖြစ်သေးပါဘူး။ အဲ့ဒါကြောင့် ဘဝင်မြင့်မနေနဲ့။ ကောင်းကင်ဘုံခုံရုံးရဲ့ စစ်နတ်ဘုရား ဖြစ်ချင်ရင် လက်ရှိစစ်နတ်ဘုရား အစစ်အမှန် သခင်အားလန်ကို အနိုင်တိုက်ရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မင်းအတွက်တော့ အဝေးကြီး လိုနေပါသေးတယ်။"
ရှင်းထျန်းသည် အန်လင်း ဘဝင်မြင့်မသွားရန် ဆုံးမပေးသင့်သည်ဟု ခံစားရသည်။
သို့သော် အံ့အားသင့်စရာ ကောင်းလောက်အောင် အန်လင်းမှာ ဂရုမစိုက်စွာ ပြုံးပြလာသည်။
"စစ်နတ်ဘုရား ဘွဲ့လေးလောက်အတွက် အစစ်အမှန် သခင်အားလန်ကို ဘာလို့သွားတိုက်နေရမှာလဲ။ ကျွန်တော်က စစ်နတ်ဘုရား ဖြစ်နေပြီးသားပဲလေ။"
ရှင်းထျန်း: "ငါမင်းလောက် အရှက်မရှိတဲ့သူကို မမြင်ဖူးဘူး။"
အန်လင်း သက်ပြင်းချလိုက်သည်။
"ခင်ဗျားကဘာလို့ ကျွန်တော့်ကို မယုံရတာလဲ။ တွေးကြည့်ရင်လည်း ခင်ဗျားမယုံတာ တရားမျှတပါတယ်။ စစ်နတ်ဘုရား ခန္ဓာဆိုတဲ့ နာမည်ကြီးက အရမ်းတဲ့တိုးဆန်လွန်းတယ်။ နောက်မှ နာမည်ပြောင်းဖို့ စဉ်းစားရမယ်။"
ရှင်းထျန်းမှာ အန်လင်း၏ တီတိုးရေရွတ်သံများကို မကြားရပေ။
"ဟုတ်သားပဲ....စီနီယာ ရှင်းထျန်း ကျွန်တော့်ကို ဘာအမွေအနှစ်ပေးမှာလဲ။"
အန်လင်း မျှော်လင့်တကြီး မေးမြန်းလိုက်သည်။
ရှင်းထျန်း မူးနောက်နောက် ဖြစ်သွားရသည်။
အမွေအနှစ်.....
သူသည် မည်သည့်စမ်းသပ်ခံကိုမှ မရှုံးနိမ့်ဖူးသောကြောင့် ထိုအကြောင်းကိုလည်း မတွေးခဲ့ဖူးပေ။
ရှင်းထျန်း၏ အမူအရာကြောင့် အန်လင်း မျက်နှာပျက်သွားသည်။
"ကျွန်တော့်ကို အမွေမပေးဖို့ စဉ်းစားနေတာလား။ ဘာလဲ....တိုက်ပွဲကို စိတ်တိုင်းမကျလို့လား။"
"တိုက်ပွဲက အရမ်းကြမ်းတယ်လေဗျာ။ ခင်ဗျား စိတ်တိုင်းမကျစရာ ဘာရှိလို့လဲ။ ကျွန်တော် အခုထက်ပိုပြီး ဘာလုပ်ပေးရဦးမှာလဲ။"
အန်လင်း၏လေသံမှာ ပိုပိုကျယ်လောင်လာသည်။
အံ့ဖွယ်စိတ်ဆန္ဒ တစ်ခု၏ အဓိပ္ပါယ် မရှိသော အကြောင်းပြချက်အား ပြန်လည်တွေးတောနေမိသည်။
စိတ်တိုင်းမကျဘူး......
ရှင်းထျန်း ရှုံ့မဲ့သွားရသည်။
အဲ့ကောင်စုတ်လေး ခေါင်းထဲမှာ ဘာတွေရှိနေတာလဲ.....
စိတ်မကျေနပ်စရာလား.....ငါ့ခန္ဓာကိုယ်မှာလည်း ဘာအားမှကို မကျန်တော့ဘူး.....မကျေနပ်ရင်လည်း ဘယ်လိုလုပ်မလဲ....
ရှင်းထျန်း လည်ချောင်းရှင်းကာ ပြောလိုက်သည်။
"ကောင်းပြီလေ။ ဒီလိုဆိုရင်ရော ဘယ်လိုသဘောရလဲ။ အခု ငါ့ရဲ့အံ့ဖွယ်စိတ်ဆန္ဒမှာ အစွမ်းနည်းနည်းပဲ ကျန်တော့တယ်။ အဲ့ဒါကြောင့် ငါ့ရဲ့ ကွပ်မျက်ခြင်းတာအိုနဲ့ အသူရာတွင်းနက်တာအို နှစ်ခုထဲက တစ်ခုကိုပဲ ပေးလို့ရလိမ့်မယ်။ မင်းဘာကိုလိုချင်လဲ။"
အန်လင်း အနည်းငယ် တွေးတောလိုက်သည်။
ငါက အရမ်းကို ကြင်နာသဘောကောင်းတဲ့ လူယဉ်ကျေးဆိုတော့ ကွပ်မျက်ခြင်းတာအိုနဲ့ အဆင်မပြေဘူး....
"အသူရာတွင်းနက်တာအိုကို ရွေးမယ်။"
ရှင်းထျန်း ခေါင်းညိတ်ပြသည်။
"ကောင်းပြီလေ။ မင်းကိုဘာမှ ဖုံးကွယ်မနေတော့ဘူး။ အသူရာတွင်းနက်တာအိုရဲ့ အကောင်းဆုံး ကျင့်စဉ်သုံးခုထဲကနေ တစ်ခုရွေးလို့ရတယ်။ အသူရာအဓမ္မနယ်ပယ်က သက်ရှိသတ္တဝါတွေရဲ့ ခံစားချက်ကို လွှမ်းမိုးပြီး ကြောက်ရွံ့ခြင်းချောက်နက်ထဲ ဆွဲချနိုင်တယ်။ အဲ့တော့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုလို့ သတ်မှတ်လို့ရတယ်။ အသူရာတွင်းနက် ဆွဲငင်အားက ဧရိယာ တစ်ခုအတွင်း အားကောင်းလွန်းတဲ့ ဆွဲငင်အားကို ထုတ်ပေးနိုင်တယ်။ အဲ့ဒါကြောင့် အဲ့အတိုင်းအတာထဲက သက်ရှိသတ္တဝါတွေကို ကန့်သတ်ထားနိုင်တယ်။ အသူရာလှံက အရမ်းအားကောင်းတဲ့ တိုက်ခိုက်မှုပဲ။ ဒီသုံးခုလုံးကို မင်းကြုံခဲ့ရပြီးပြီဆိုတော့ သေချာဆုံးဖြတ်နိုင်မယ်ထင်တယ်။"
အန်လင်းအနေဖြင့် ဂုန်းဆင်းမှန်သမျှ လိုချင်သည်။
ဖုံးကွယ်မထားဘူးဆိုမှတော့ အားလုံးပေးလိုက်ပါတော့လား......
သူအနည်းငယ် မကျေမနပ် ဖြစ်နေပါသော်လည်း ဂရုတစိုက် စဉ်းစားနေသည်။
အသူရာအဓမ္မနယ်ပယ်က အားနည်းတဲ့ ရန်သူတွေကို ကြောက်စိတ်ဖြစ်စေတယ်ဆိုတော့ အံဖွယ်ခွန်အားနည်းစနစ်လိုပဲ ကြွားလုံးထုတ်တဲ့ဟာပေါ့.....
အသူရာတွင်းနက် ဆွဲငင်အားကတော့ ရန်သူတွေရဲ့ အရှိန်ကို ကန့်သတ်တဲ့နေရာမှာ တော်တော်အသုံးဝင်လောက်တယ်....
အသူရာလှံ.....အင်း....ငါမှအဲ့ဒါကို မလိုတာ.....
"အသူရာတွင်းနက် ဆွဲငင်အားကိုယူမယ်။"
အန်လင်း ဆုံးဖြတ်လိုက်သည်။
"ကောင်းပြီ။"
ရှင်းထျန်း အန်လင်း၏ မျက်ခုံးနှစ်ခုကြားအား လက်ညှိုးဖြင့်ထောက်ကာ အသူရာတွင်းနက် ဆွဲငင်အားကျင့်စဉ်အား ထည့်သွင်းပေးသည်။
အမွေအနှစ်အား ရရှိလိုက်သောကြောင့် အန်လင်း တပြုံးပြုံး ဖြစ်နေသည်။
ရှင်းထျန်းသည်လည်း စိတ်ဝိဉာဉ် အပိုင်းအစ တစ်ခုသာ ကျန်နေသောကြောင့် ကျင့်စဉ်များအား အဆုံးစွန်ထိ မထုတ်ဖော်နိုင်ပေ။ အသူရာတွင်းနက် ဆွဲငင်အားသည် အမှန်တကယ်တွင် ဝါးမြိုခြင်းတွင်းနက်အဖြစ်ပင် ပြောင်းလဲသွားနိုင်သည်။
အတော်လေး အသုံးဝင်သော ကျင့်စဉ်တစ်ခုဟု ဆိုနိုင်သည်။
အန်လင်း ကျေနပ်စွာ ပြုံးမိသည်။
ထိုအမူအရာကြောင့် ရှင်းထျန်းလည်း သဘောကျသွားရသည်။
"ငါ့ရဲ့ အသူရာတွင်းနက်တာအိုက ဘယ်လောက်ကြောက်စရာကောင်းလဲ သိပြီလား။"
အန်လင်း ခေါင်းညိတ်ကာ အရိုအသေ ပေးလိုက်သည်။
"အမွေအနှစ်အတွက် ကျေးဇူးတင်ပါတယ် စီနီယာ....ဒီကြင်နာမှုကို တသက်လုံး အမှတ်ရနေမှာပါ။"
"ကောင်းပြီ....အရမ်းကြီး ယဉ်ကျေးနေစရာ မလိုပါဘူး။ မြန်မြန်ကြိုးစားပြီးသာ ရန်ကျန့်ကို ကောင်းကင်ဘုံခုံရုံးရဲ့ စစ်နတ်ဘုရားနေရာက ဆွဲချခဲ့။"
ရှင်းထျန်း လက်ခါပြကာ ပြောလိုက်သည်။
(ရန်ကျန့်က အားလန်ရဲ့ နာမည်နောက်တစ်ခုပါ။ အားလန်ဆိုတာ မျက်လုံးသုံးလုံးပါတဲ့ နေနတ်သားပါ။ သူက ကျောက်စိမ်းဘုရင်ရဲ့ ညီမတော် မင်းသမီး ယောင်လီနဲ့ လူသားဖခင်ကနေ မွေးလာတဲ့ ဒုတိယမြောက် သားတော်ပါ။ သူ့ဆီမှာ မွေးစားထားတဲ့ ခွေးတစ်ကောင် ရှိပါတယ်။ ဝူခုန်းကားထဲမှာလည်း ဝူခုံးနဲ့ချဖူးပါတယ်။)
အန်လင်း အူကြောင်ကြောင် ဖြစ်သွားရသည်။
"အမ်.....ဘာလို့လဲ။"
"အဲ့ဒါမှ ငါ့အတွက် ခံသာမှာပေါ့။ မဟုတ်ရင် စစ်နတ်ဘုရား မဟုတ်တဲ့ လူငယ်လေးတစ်ယောက်ကို ရှုံးသွားရတယ်ဆိုပြီး ပြောစမှတ် တွင်နေမယ်။"
ရှင်းထျန်း အမှန်အတိုင်း ပြောလိုက်သည်။
အန်လင်း လေးလေးနက်နက် တုံ့ပြန်လာသည်။
"စီနီယာ....ကျွန်တော်က တကယ်စစ်နတ်ဘုရားပါ။"
"......."
မင်းဘာလို့ အခုချိန်ထိ ကြွားနေရတာလဲကွာ.....
သူ၏ခန္ဓာကိုယ်မှာ အလုံးစုံ ပျောက်ကွယ်ကာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်နှင့် ပေါင်းစည်းသွားတော့သည်။
ရှင်းထျန်း၏ ရှုံးနိမ့်မှုနှင့်အတူ ၎င်းတို့၏ တိုက်ပွဲမှာလည်း ဆုံးခန်းတိုင်သွားလေပြီ။