အခန်း (၂၁၁-၂၁၂)
Vol. 22 Ch. 211-212
အပိုင်း ၂၁၁
နံနက် ၉ နာရီသို့ ရောက်ရှိလာသောအခါ လုံထန်အုပ်စုထံသို့ ပထမဆုံး ဧည့်သည်တော်ဖြစ်သည့် Warwick ကုမ္ပဏီ၏ CEO ယွီချန်ရှီး ရောက်ရှိလာခဲ့သည်။
"ဟားဟား..မစ္စတာယွီ၊ မတွေ့ရတာ ကြာပြီနော်"
လင်းဖန်သည် တွေ့တွေ့ချင်းမှာပင် ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။ လုံထန်အုပ်စု၏ ဥက္ကဋ္ဌ၊ CEO နှင့် COO တို့ကိုယ်တိုင် ထွက်ကြိုသည်ကို မြင်သောအခါ ယွီချန်ရှီး၏ မျက်နှာတွင် ကျေနပ်ပီတိဖြစ်မှုများ ယှက်သန်းသွားသည်။ သူသည် အမြန်ပင် ရှေ့သို့တိုးကာ လက်ဆွဲနှုတ်ဆက်ရင်း..
"ဥက္ကဋ္ဌလင်း၊ မစ္စတာကျန်းနဲ့ မစ္စတာယွီ... အားလုံးနဲ့ တွေ့ရတာ ဝမ်းသာပါတယ်ဗျာ"
"ကဲ... အတွင်းထဲဝင်ပြီး စကားပြောကြရအောင်"
လင်းဖန်သည် ယွီချန်ရှီးနှင့်အဖွဲ့ကို အစည်းအဝေးခန်းမသို့ တိုက်ရိုက်ခေါ်ဆောင်သွားလေသည်။
ခဏအကြာတွင်...
"ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် ဒီနေ့လာတာက Warwick ကုမ္ပဏီကိုယ်စား 'စမတ်ဖုန်းမန်နေဂျာ' ရဲ့ လုပ်ပိုင်ခွင့်တွေ ဖွင့်ပေးဖို့ တောင်းဆိုချင်လို့ပါ။ ပြီးတော့ ကျွန်တော်တို့က ခင်ဗျားတို့ရဲ့ 'စီလီကွန်ပုံဆောင်ခဲ ဘက်ထရီ' ကိစ္စမှာလည်း ပူးပေါင်းဆောင်ရွက်ချင်ပါတယ်"
ယွီချန်ရှီးက ထိုင်ထိုင်ချင်း အားမနာတမ်း ပြောဆိုလာသည်။
"အော်... ဟုတ်လား"
လင်းဖန်က တစ်ချက်စဉ်းစားဟန်ဖြင့် "Pangu-Smartphone Butler က ခင်ဗျားတို့ ဖုန်းတွေမှာ အသင့်ပါပြီးသားပဲလေ၊ ဘာလို့ လုပ်ပိုင်ခွင့်တွေ ထပ်တောင်းနေရတာလဲ"
"ဥက္ကဋ္ဌလင်းကလည်း ကျွန်တော့်ကို နောက်မနေပါနဲ့ဗျာ။ ကျွန်တော်တို့ဆီမှာ အဲ့ဒီစနစ်ကို သုံးလို့ရပေမဲ့ တရုတ်နဲ့ အင်္ဂလိပ် နှစ်ဘာသာပဲ ရတာလေ။ ဒီနှစ်မျိုးတည်းနဲ့တော့ ကျွန်တော်တို့ရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ဘူး။ ဒါကြောင့် ဘာသာစကားစုံသုံးနိုင်တဲ့လုပ်ပိုင်ခွင့်ကို ဖွင့်ပေးဖို့ တောင်းဆိုတာပါ"
ယွီချန်ရှီးက ခါးခါးသီးသီးပြုံးရင်း ရှင်းပြသည်။
Warwick သည် ဖုန်းထုတ်လုပ်ရုံသာမက ကမ္ဘာတစ်ဝန်းရှိ ဆက်သွယ်ရေးကွန်ရက် ယန္တရားများကိုပါ တာဝန်ယူထားသည့် ကုမ္ပဏီကြီးဖြစ်သည်။ အထူးသဖြင့် 4G နှင့် 5G နည်းပညာတွင် ကမ္ဘာ့ထိပ်တန်းဖြစ်သည့်အတွက် ဘာသာစကားနှစ်မျိုးတည်းဖြင့် သူတို့၏ ကမ္ဘာ့စျေးကွက်ကို မလွှမ်းမိုးနိုင်မှန်း လူတိုင်းသိကြသည်။
"ဘာသာစကားစုံဗားရှင်းကို ခွင့်ပြုပေးဖို့ဆိုတာကတော့ နည်းနည်း..."
လင်းဖန်သည် ခက်ခဲနေသည့်ပုံစံဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ၎င်းကို မြင်သည်နှင့် ယွီချန်ရှီးက အလိုက်တသိဖြင့်
"စိတ်မပူပါနဲ့ ဥက္ကဋ္ဌလင်း၊ ကျွန်တော်တို့ ကုမ္ပဏီဘက်က ပေးနိုင်တာမှန်သမျှ အကုန်ပေးဖို့ အသင့်ပါပဲ"
စတင် ကမ်းလှမ်းလာသည်။
ထိုအခါမှ လင်းဖန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး—
"ဗျူဟာမြောက် မိတ်ဖက်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ဆိုတာ ကျွန်တော်တို့လည်း မျှော်လင့်နေတာပါ။ ဘာသာစကားစုံ ဗားရှင်းကို ဖွင့်ပေးဖို့ ပြဿနာမရှိပေမဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုတာ အပေးအယူ ရှိရတယ်လေ။ ကျွန်တော်တို့အုပ်စုက ခင်ဗျားတို့ရဲ့ 'စမတ်ချစ်ပ်' နည်းပညာကို ရချင်ပါတယ်"
လက်ရှိတွင် Warwick သည် 10nm အဆင့်မြင့်နည်းပညာသုံး AI ချစ်ပ်ပြားများကို ထုတ်လုပ်နိုင်သော်လည်း လုံထန်အုပ်စုမှာမူ ချစ်ပ်ပြားပိုင်းတွင် သိသိသာသာ တိုးတက်မှု မရှိသေးပေ။
အကယ်၍ တန်ရွမ်2.0 စနစ်နှင့် စမတ်ဖုန်းမန်နေဂျာကိုသာ အဆိုပါ စမတ်ချစ်ပ်များပေါ်တွင် တင်နိုင်ပါက အရည်အသွေးပိုင်းတွင် ကမ္ဘာ့အဆင့်သို့ ခုန်ပျံသွားမည်ဖြစ်သည်။
"ဘာ! စမတ်ချစ်ပ် ဟုတ်လား"
ယွီချန်ရှီး၏ မျက်နှာ ချက်ချင်းပျက်သွားကာ အလေးအနက် စဉ်းစားခန်း ဝင်သွားသည်။ Warwick အတွက် စမတ်ချစ်ပ်သည် အသက်သွေးကြောကဲ့သို့ အရေးပါသော နည်းပညာဖြစ်ရာ ၎င်းကိုသာ လုံထန်သို့ ပေးလိုက်ပါက မိမိတို့၏ အားသာချက် ဆုံးရှုံးသွားမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
"ဥက္ကဋ္ဌလင်း၊ ဒီကိစ္စက ကျွန်တော့်ရဲ့ ဆုံးဖြတ်ပိုင်ခွင့်ထက် ကျော်လွန်နေလို့ ဒါရိုက်တာဘုတ်အဖွဲ့နဲ့ အရင်တိုင်ပင်ပြီးမှပဲ အကြောင်းပြန်ပါရစေ"
"ရပါတယ်"
လင်းဖန်က နားလည်မှုရှိရှိ ခေါင်းညိတ်ပြလိုက်သည်။
တစ်နာရီအကြာတွင် Rice (Dami) ကုမ္ပဏီ၏ ဥက္ကဋ္ဌ လဲ့ကျွင်းရောက်ရှိလာသည်။ သူသည်လည်း Warwick ကဲ့သို့ပင် စီလီကွန်ဘက်ထရီနှင့် ဘာသာစကားစုံသုံး စမတ်ဖုန်းမန်နေဂျာကို လိုချင်နေခြင်းဖြစ်သည်။ သို့သော် လင်းဖန်သည် လဲ့ကျွင်းကို ကိုယ်တိုင်မတွေ့တော့ဘဲ CEO ကျန်းဖန်နှင့် COO ယွီလေတို့ကိုသာ လွှတ်လိုက်သည်။
ထိုနေ့ မွန်းတည့် ၁၂ နာရီတွင် လုံထန်အုပ်စုသည် ပြည်တွင်းရှိ ထိပ်တန်းဖုန်းကုမ္ပဏီကြီး ၄ ခုနှင့် ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နိုင်ခဲ့ကြောင်း ကြေညာလိုက်သည်။ ဤသတင်းသည် တရုတ်နိုင်ငံသားများကိုသာမက ကမ္ဘာတစ်ဝန်းကိုပါ တုန်လှုပ်သွားစေခဲ့သည်။
နည်းပညာကျွမ်းကျင်သူများက "နည်းပညာစစ်ပွဲ၏ အလှည့်အပြောင်းသစ် စတင်ပြီ" ဟုပင် အော်ဟစ်ခဲ့ကြသည်။
အခြားတစ်ဖက်တွင်မူ... သမုဒ္ဒရာတစ်ဖက်ကမ်းရှိ APPLE ရုံးချုပ်တွင် CEO ကွတ်ခ်သည် ရောင်းအားအစီရင်ခံစာများကို ကြည့်ကာ မျက်နှာမသာမယာ ဖြစ်နေသည်။ တရုတ်စျေးကွက်တွင် APPLE ဖုန်းရောင်းအားမှာ ၅၀ ရာခိုင်နှုန်းခန့် ထိုးကျသွားပြီး တက်ဘလက်ရောင်းအားမှာလည်း ကပ်ဆိုးဆိုက်နေသည်။
လုံထန်အုပ်စု၏ Nirvana S ဖုန်းသည် စျေးကွက်ထဲ မရောက်သေးဘဲ ကြိုတင်မှာယူမှုအဆင့်မှာတင် ဤမျှရိုက်ခတ်မှု ရှိနေခြင်းဖြစ်သည်။ အကယ်၍ ထိုဖုန်းသာ တကယ်ထွက်လာပါက APPLE သည် လုံးဝပြိုလဲသွားနိုင်သည်။
APPLE သည် Nirvana S ၏ အားနည်းချက်ကို ရှာဖွေခဲ့သော်လည်း ရုပ်ထွက်၊ စွမ်းဆောင်ရည်မှသည် စျေးနှုန်းအထိ မည်သည့်အားနည်းချက်မျှ ရှာမတွေ့ခဲ့ပေ။ အဆင့်မြင့်တင်ထားသည့် တန်ရွမ် 2.0 စနစ်၊ ဘာသာစကားစုံသုံး စမတ်ဖုန်းမန်နေဂျာနှင့် ကြာရှည်ခံသော စီလီကွန်ဘက်ထရီတို့ ပေါင်းစပ်လိုက်သောအခါ ၎င်းသည် သမိုင်းတစ်လျှောက် အင်အားအကောင်းဆုံးဖုန်း ဖြစ်လာခဲ့သည်။
လုံထန်အုပ်စု၏ ရည်မှန်းချက်မှာ တရုတ်နိုင်ငံတွင် နံပါတ်တစ်ဖြစ်ရန် မဟုတ်ဘဲ၊ ကမ္ဘာ့နံပါတ်တစ် ဖြစ်ရန်သာဖြစ်သည်။
..............................................................
အပိုင်း ၂၁၂
၂၀၁၈ ခုနှစ် ဇူလိုင်လတွင် တရုတ်နိုင်ငံ၏ သက်တမ်းရင့် မိုဘိုင်းဖုန်းကုမ္ပဏီကြီးဖြစ်သော ကျင်းလီကို Fengteng Investment မှ အလုံးစုံဝယ်ယူခဲ့ပြီး လုံထန်အုပ်စုအဖြစ် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။
ထိုနှစ် ဒီဇင်ဘာလမှာပင် လုံထန်သည် Nirvana အမည်ရှိ ဖုန်းအသစ်ကို မိတ်ဆက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
တွက်ချက်ကြည့်မည်ဆိုပါက လုံထန်အုပ်စုသည် သတင်းစာရှင်းလင်းပွဲ စုစုပေါင်း (၄) ကြိမ်သာ ပြုလုပ်ခဲ့ရသေးသည်။ သို့သော် ထို (၄) ကြိမ်သော လှုပ်ရှားမှုသည် APPLE အပါအဝင် ကမ္ဘာတစ်ဝန်းရှိ မိုဘိုင်းဖုန်းထုတ်လုပ်သူများ ဆယ်စုနှစ်များစွာ တည်ဆောက်ခဲ့သည့် အုတ်မြစ်ကို အမြစ်မှ လှန်ပစ်လိုက်သလို ဖြစ်ခဲ့သည်။
APPLE သည် ဖုန်း၊ ကွန်ပျူတာ၊ တက်ဘလက်နှင့် တေးဂီတဖွင့်စက်များအထိ နည်းပညာလောကတွင် နာမည်အကြီးဆုံး ဖြစ်သော်လည်း ၎င်းတို့၏ အဓိကဝင်ငွေမှာ မိုဘိုင်းဖုန်းလုပ်ငန်းမှ ရရှိခြင်းဖြစ်သည်။ ထိုလုပ်ငန်း၏ ဗဟိုချက်မှာ တရုတ်စျေးကွက်ဖြစ်သော်လည်း တစ်နှစ်မပြည့်မီသော အချိန်အတွင်းမှာပင် APPLE သည် စျေးကွက်ဝေစု ၅၀ ရာခိုင်နှုန်း ဆုံးရှုံးသွားခဲ့သည်။
လုံထန်အုပ်စုက Pangu-Smartphone Manager ကို မိတ်ဆက်သည့်နေ့မှစ၍ APPLE ၏ ရှယ်ယာစျေးနှုန်းများ ဆက်တိုက်ထိုးကျခဲ့ပြီး စျေးကွက်တန်ဖိုး ဒေါ်လာဘီလီယံ ရာနှင့်ချီ ဆုံးရှုံးခဲ့ရသည်။ ယခု Nirvana S ကို ကြိုတင်မှာယူမှု စတင်ပြီး နှစ်ရက်ပင်မပြည့်သေးမီမှာပင် APPLE ၏ စျေးကွက်တန်ဖိုးသည် ဒေါ်လာ ၁၀ ဘီလီယံကျော် ထပ်မံအငွေ့ပျံသွားပြန်သည်။ ဤအတိုင်းသာ ဆက်သွားပါက APPLE တစ်နေ့ ဒေဝါလီခံရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
"တောက်... အမင်္ဂလာပဲကွာ"
လက်ထဲက အစီရင်ခံစာတွေကို ကြည့်ရင်း APPLE ၏ CEO ဖြစ်သူ ကွတ်ခ်တစ်ယောက် စိတ်မရှည်စွာ ဆဲရေးမိသည်။
လုံထန်အုပ်စု၏ လွှမ်းမိုးမှုကို မဖြေရှင်းနိုင်ပါက သူသည် APPLE သမိုင်းတွင် အရည်အချင်းမရှိဆုံး အမှုဆောင်အရာရှိအဖြစ် မှတ်တမ်းတင်ခံရတော့မည်ဖြစ်သည်။ သူသည် ခဏမျှ စဉ်းစားပြီးနောက် ဖုန်းကိုထုတ်ကာ Four Star (Samsung) ဥက္ကဋ္ဌ လီကျန့်ရှီးထံ ဖုန်းခေါ်လိုက်သည်။
"ဟေး..ကွတ်ခ်... ဒီနေ့မှ ဘယ်လိုဖြစ်ပြီး ကိုယ့်ဆီ ဖုန်းခေါ်တာလဲ"
ဖုန်းတစ်ဖက်မှ အားနည်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ အသက် ၅၀ ကျော်ပြီဖြစ်သည့် လီကျန့်ရှီးသည် Four Star ကို အာရှတွင် တန်ဖိုးအရှိဆုံး နည်းပညာကုမ္ပဏီဖြစ်အောင် ကြိုးပမ်းခဲ့ရသူဖြစ်သဖြင့် ယခုအခါတွင် ရုပ်ပိုင်းဆိုင်ရာအရ အနည်းငယ် ယိုယွင်းနေပြီဖြစ်သည်။
"ဥက္ကဋ္ဌလီ၊ ကျွန်တော် ဖုန်းခေါ်ရတဲ့ အကြောင်းရင်းက ခင်ဗျားတို့ လုံထန်နဲ့ ပူးပေါင်းထားတာတွေကို ရပ်ဆိုင်းဖို့ ပြောချင်လို့ပါ။ သူတို့ဆီက အော်ဒါတွေကို ကျွန်တော်တို့ APPLE ဘက်က အစားထိုး ယူပေးပါ့မယ်"
ကွတ်ခ်က မျက်နှာပျက်ပျက်ဖြင့် ဆိုသည်။
မိုဘိုင်းဖုန်းတစ်လုံး၏ အဓိကအသက်သွေးကြောမှာ ချစ်ပ်ပြား (Chip) ဖြစ်သည်။ လုံထန်အုပ်စုသည် ချစ်ပ်ပြားကို ကိုယ်တိုင်ဒီဇိုင်းထုတ်နိုင်သော်လည်း ယင်းအတွက် လိုအပ်သော ကုန်ကြမ်းများကိုမူ ပြင်ပမှ ဝယ်ယူရသည်။ လက်ရှိ ကမ္ဘာ့စျေးကွက်၏ ၂၂ ရာခိုင်နှုန်းကို Four Star က ပိုင်ဆိုင်ထားသဖြင့် လုံထန်သည်လည်း ၎င်းတို့ထံမှ ကုန်ကြမ်းဝယ်ယူနေရခြင်းဖြစ်သည်။
အကယ်၍ ထိုကုန်ကြမ်းများကို ဖြတ်တောက်နိုင်ပါက Nirvana S ၏ ပျံ့နှံ့မှုကို နှောင့်နှေးစေမည်ဖြစ်ပြီး APPLE ၏ ဖုန်းအသစ် ထွက်လာချိန်တွင် အခြေအနေ ပြန်ကောင်းလာနိုင်မည်ဟု ကွတ်ခ်က တွက်ချက်ထားသည်။
"မစ္စတာကွတ်ခ်က ကိုယ့်ကိုယ်ကိုယ် လူအများကြီးထက် ပိုတော်တယ်လို့ ထင်နေတာလား"
မည်သည့်အပို စကားတစ်လုံးမျှမပြောဘဲ လီကျန့်ရှီးသည် ဖုန်းကို ချက်ချင်းချလိုက်သည်။
လုံထန်နှင့် လက်တွဲဖြုတ်ရန်မှာ မိမိကိုယ်ကိုယ် ဒုက္ခရှာခြင်းပင် ဖြစ်သည်။ Four Star ကိုယ်တိုင်က လုံထန်၏ နည်းပညာအကူအညီကို လိုအပ်နေချိန်တွင် ထိုကဲ့သို့သော တောင်းဆိုမှုကို လက်ခံစရာ အကြောင်းမရှိပေ။
"တူ... တူ... တူ..."
ဖုန်းကျသွားသည့် အသံနှင့်အတူ ကွတ်ခ်၏ မျက်နှာမှာ ဒေါသကြောင့် တစ်လှည့်၊ အရှက်ရမှုကြောင့် တစ်လှည့် အရောင်မျိုးစုံ ပြောင်းသွားတော့သည်။
"မြန်မြန်လုပ်..တရုတ်နိုင်ငံ ကျင်းလင်မြို့ကိုသွားမယ့် လေယာဉ်လက်မှတ် အခုချက်ချင်းဖြတ်"
ကွတ်ခ်က သူ၏ အတွင်းရေးမှူးကို အမိန့်ပေးလိုက်သည်။
လုံထန်ကို ဟန့်တားမည့် အစီအစဉ် ပျက်ပြားသွားသည့်အတွက် ယခု တစ်ခုတည်းသော နည်းလမ်းမှာ လုံထန်နှင့် ပူးပေါင်းပြီး 'စမတ်ဖုန်းမန်နေဂျာ' နှင့် 'စီလီကွန်ဘက်ထရီ' နည်းပညာများကို မိမိတို့ဖုန်းတွင် ထည့်သွင်းနိုင်ရန် ညှိနှိုင်းဖို့သာ ရှိတော့သည်။
နောက်တစ်နေ့ နံနက် ၉ နာရီ၊ ကျင်းလင် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်...
Penguin သတင်းဌာနမှ သတင်းထောက် ကျန်းကျဲသည် သူ၏ ရည်းစားကို စောင့်ရင်း ပတ်ဝန်းကျင်ကို သတင်းထောက်မျက်စိဖြင့် ဝေ့ဝဲကြည့်နေသည်။ ထိုစဉ် နိုင်ငံခြားသားတစ်ဦးကို မြင်လိုက်ရသဖြင့် သူ မှင်တက်သွားသည်။
'ဒါ... ကွတ်ခ် မဟုတ်လား'
APPLE ကုမ္ပဏီရဲ့ CEO ဒီကို ဘာလာလုပ်တာလဲ။
ကျန်းကျဲသည် ချက်ချင်းပင် ဖုန်းကိုထုတ်ကာ ဓာတ်ပုံများ ဆက်တိုက်ရိုက်လိုက်သည်။
လောလောဆယ်တွင် ကျင်းလင်မြို့၌ မည်သည့် နည်းပညာဆွေးနွေးပွဲမျှ မရှိချေ။ လွန်ခဲ့သော ရက်ပိုင်းကမှ လုံထန်အုပ်စု၏ ပွဲပြီးထားခြင်းကြောင့် ကွတ်ခ်၏ ရောက်ရှိလာမှုသည် လုံထန်နှင့် ပတ်သက်နေမည်မှာ သေချာသလောက်ရှိသည်။
ထိုနေ့ နံနက် ၁၀ နာရီတွင် "APPLE ဥက္ကဋ္ဌ ကျင်းလင်သို့ ရောက်ရှိလာခြင်း" ဆိုသည့် သတင်းသည် Penguin News ၏ ခေါင်းကြီးပိုင်းတွင် ပါလာပြီး မီဒီယာလောကတစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။
လုံထန်၏ အင်အားရှေ့တွင် APPLE အရှုံးပေးပြီလား..
— One Day Headlines
"ကမ္ဘာ့ဖုန်းဘုရင်ကြီး နိဂုံးချုပ်တော့မည့် အချက်ပေးသံလား"
"APPLE ဥက္ကဋ္ဌ ကျင်းလင်သို့ ဘာကြောင့်လာသနည်း? ပူးပေါင်းရန်လား၊ ရန်စရန်လား"
Global Weekly
အင်တာနက် စာမျက်နှာများပေါ်တွင်လည်း လူအများက ဝိုင်းဝန်းဆွေးနွေးနေကြသည်။
"APPLE ရှယ်ယာတွေ ထိုးကျနေတာလေ၊ ကွတ်ခ်သာမလာရင် APPLE တစ်ကမ္ဘာလုံးမှာ ဒေဝါလီခံရတော့မှာ"
"အရင်ကတော့ ငါတို့နိုင်ငံကို တစ်မျိုး၊ တခြားနိုင်ငံကို တစ်မျိုး ခွဲခြားဆက်ဆံခဲ့တာ... အခုတော့ သူတို့ အလှည့်ရောက်ပြီ"
"Nirvana S ထွက်လာရင်တော့ APPLE ရေ... နောင်တရချိန်တောင် ရမှာမဟုတ်ဘူး"
ထိုနေ့ Baidu ၏ ရှာဖွေမှုအများဆုံး (Hot Search) ၁၀ ခုအနက် ၈ ခုမှာ ကွတ်ခ်နှင့် ပတ်သက်သည့် သတင်းများ ဖြစ်နေသည်။ သတင်းမီဒီယာပေါင်းစုံသည်လည်း ဦးဦးဖျားဖျား သတင်းရရန် ကျင်းလင်မြို့သို့ စုပြုံရောက်ရှိလာကြရာ ကျင်းလင်သည် တစ်ခဏအတွင်းမှာပင် ကမ္ဘာ့အာရုံစိုက်ရာ ဗဟိုချက်မ ဖြစ်သွားတော့သည်။
........................................................