အခန်း (၂၁၉-၂၂၀)
Vol. 22 Ch. 219-220
အပိုင်း ၂၁၉
၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၅ ရက် နံနက် ၉ နာရီ၊ လုံထန်အုပ်စု ရုံးချုပ်၏ ပထမထပ်တွင်...
ဝဘ်ဆိုဒ်ကို ၁၀ မိနစ်အတွင်း ဟာသပုံများဖြင့် ပြောင်းလဲလိုက်သည့်ကိစ္စနှင့် ပတ်သက်၍ CEO ကျန်းဖန်သည် ဥက္ကဋ္ဌ လင်းဖန်၏ သဘောထားကို ရယူပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။
"မစ္စတာကျန်း... ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အုပ်စုဘက်က ဘာရှင်းပြချင်လဲဗျ ဒါက ဟက်ကာဝင်တိုက်တာလား ခင်ဗျားတို့ အမြဲကြွားဝါနေတဲ့ ကမ္ဘာ့အဆင့်မီ လုံခြုံရေးစနစ်က တကယ်ပဲ စိတ်ချရသေးရဲ့လား"
သတင်းထောက်တစ်ဦးက မေးမြန်းလိုက်သည်။
ကျန်းဖန်က လှောင်ပြုံးပြုံးရင်း—
"ခင်ဗျားတို့က ဗဟုသုတပဲ နည်းတာလား၊ ဒါမှမဟုတ် တမင်တကာ လူထုကို ရှုပ်ထွေးအောင် လုပ်နေတာလား ငါတို့အုပ်စုက ဘယ်တုန်းက ဟက်ကာအဟက်ခံရတယ်လို့ ပြောလို့လဲ"
ပြန်လည်မေးခွန်းထုတ်လိုက်သည်။
"ဝဘ်ဆိုဒ်ပေါ်က အသုံးအနှုန်းတွေက ဘာကိုဆိုလိုလဲဆိုတာ ရှင်းနေတာပဲ မဟုတ်လား မလုပ်သင့်တာတွေ လျှောက်လုပ်ရင်တော့ ဒုက္ခရောက်မှာပဲလေ"
သတင်းထောက်များအားလုံး ဆွံ့အသွားကြသည်။ လွန်ခဲ့သောရက်ပိုင်းက ဝဘ်ဆိုဒ်တွင် ပေါ်ခဲ့သည့် ဟာသပုံများ၊ အင်္ဂလိပ်စာသားများနှင့် ယခု ကျန်းဖန်၏ စတိုင်မှာ ထပ်တူကျနေသည်။ လုံထန်အုပ်စုကဲ့သို့ ကုမ္ပဏီကြီးတစ်ခုသည် ဆာဗာအားလုံးကို တစ်နေရာတည်းတွင် စုမထားသဖြင့် ဟက်ကာဝင်ပါကလည်း စာမျက်နှာအားလုံး ဤကဲ့သို့ တပြိုင်နက် ပြောင်းလဲသွားရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ၎င်းမှာ လုံထန်ကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသွားသည်။
အထူးသဖြင့် "You can't do it" (ခင်ဗျားတို့ မလုပ်နိုင်ပါဘူး) ဆိုသည့် စာသားမှာ လူအများ၏ အာရုံကို ဖမ်းစားထားသည်။
"မစ္စတာကျန်း... အင်တာနက်မှာ ပျံ့နေတဲ့ အသံဖိုင်တွေက ခင်ဗျားတို့နဲ့ APPLE တို့ကြားက အစည်းအဝေး အသံဖိုင်တွေဆိုတာ တကယ်ပဲလား?"
Ifeng.com မှ သတင်းထောက်က အကျယ်ကြီး မေးလိုက်သည်။
"APPLE က ကျွန်တော်တို့ အုပ်စုကို ဝယ်ယူဖို့ ကြိုးစားခဲ့တာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ဥက္ကဋ္ဌကတော့ သူတို့ကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။ လုံထန်ဟာ တရုတ်လုပ်ငန်းစစ်စစ် ဖြစ်ခဲ့သလို နောင်မှာလည်း ဘယ်တော့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရဲ့ ဝါးမျိုမှုကို ခံမှာမဟုတ်ပါဘူး"
ကျန်းဖန်က ပြတ်သားစွာ ကြေညာလိုက်သည်။
ထိုစကားကြောင့် သတင်းစာရှင်းလင်းပွဲအတွင်း ရယ်မောသံများနှင့် လက်ခုပ်သံများ ဟိန်းထွက်သွားသည်။ APPLE က လုံထန်ကို ဒေါ်လာ ၅၀ ဘီလီယံနှင့် ဝယ်ရန် ကြိုးစားခဲ့ခြင်းမှာ တရုတ်လူမျိုးများအတွက် အမျိုးသားဂုဏ်သိက္ခာကို စော်ကားခြင်းဟု ခံစားရစေသည်။
ထိုနေ့မှာပင် APPLE ထုတ်ကုန်များကို သပိတ်မှောက်ပြီး လုံထန်ကို အားပေးရန် လှုံ့ဆော်မှုများ အရှိန်အဟုန် မြင့်တက်လာခဲ့သည်။
သတင်းစာရှင်းလင်းပွဲအပြီးတွင် ကျန်းဖန်သည် လင်းဖန်ထံမှ ဖုန်းလက်ခံရရှိသည်။
"သူဌေး... ဘာထူးလို့လဲ"
" 'ရန်သူက အားနည်းနေချိန်မှာ အမြစ်ပြတ်အောင် ချေမှုန်းရမယ်' ဆိုတဲ့ ဆိုရိုးရှိတယ်လေ။ ကွတ်ခ်က အရမ်းတက်ကြွနေမှတော့ ကျုပ်တို့ကလည်း သူ့ကို မျက်နှာသာပေးရမှာပေါ့"
လင်းဖန်က ဆိုသည်။
ကျန်းဖန်က သဘောပေါက်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင်တော့ လုံထန်အုပ်စု၏ လမ်းညွှန်မှုဖြင့် အင်တာနက် စာမျက်နှာများပေါ်၌ APPLE အပေါ် တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခဲ့သည်။
《ဒါက မထေမဲ့မြင်ပြုတာလား၊ ဒါမှမဟုတ် စော်ကားတာလား》
《ကမ္ဘာ့ဖုန်းဘုရင်ကြီး APPLE ရဲ့ မာန်မာန နိဂုံးချုပ်တော့မလား》
《ကွတ်ခ်၏ ယုတ်မာသော အကွက်များ》
ယခုအခါ ဟက်ကာကိစ္စကို ဘယ်သူမှ စိတ်မဝင်စားတော့ဘဲ ကွတ်ခ်၏ အပြောအဆိုနှင့် လုပ်ရပ်များကိုသာ အာရုံစိုက်နေကြသည်။
ယန်ကျင်းရှိ APPLE သုတေသနစင်တာတွင်...
ကွတ်ခ်၏ မျက်နှာမှာ မည်းမှောင်နေသည်။ သူသည် ပရိယာယ်သုံးပြီး လုံထန်အပေါ် တရုတ်လူမျိုးများ အထင်အမြင်လွဲအောင် လုပ်ရန် ကြိုးစားခဲ့သော်လည်း ယခုတော့ သူ့ဘက်ကိုသာ ပြန်လည်လှည့်ပတ် တိုက်ခိုက်ခံနေရသည်။
"ဘော့စ်... ကုမ္ပဏီဘုတ်အဖွဲ့က ဘော့စ်ကို အမေရိကကို အမြန်ဆုံး ပြန်လာဖို့ အမိန့်ပေးလိုက်ပါတယ်"
လက်ထောက်က အကြောင်းကြားသည်။
"ဘာလို့လဲ"
"ဒီနေ့ APPLE ရဲ့ ရှယ်ယာတန်ဖိုး ဒေါ်လာ ၁၅ ဘီလီယံလောက် ထပ်ပြီး အငွေ့ပျံသွားလို့ပါ ဘော့စ်။ ရှယ်ယာရှင်တွေက ဒီအတွက် ဘော့စ်မှာ တာဝန်ရှိတယ်လို့ ယူဆနေကြတယ်"
ကွတ်ခ်သည် သက်ပြင်းချကာ
"ကောင်းပြီ... အခုချက်ချင်း ပြန်ဖို့ ပြင်လိုက်"
အမိန့်ပေးလိုက်သည်။
သူသည် နိုကီယာကဲ့သို့ ဇာတ်သိမ်းမလှဖြစ်မည်ကို စိုးရိမ်သဖြင့် လုံထန်နှင့် ပူးပေါင်းရန် ကြိုးစားခဲ့သော်လည်း အခြေအနေမှာ ပိုဆိုးသွားခဲ့သည်။ ယခု သူလုပ်ရမည့်အလုပ်မှာ Siri ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန်နှင့် IOS စနစ်၏ Source Code ကို လုံထန်ထံ ပေးအပ်ရန် ဘုတ်အဖွဲ့ကို နားချဖို့သာ ရှိတော့သည်။
ထိုည ၈ နာရီခွဲတွင် ကွတ်ခ်သည် တရုတ်နိုင်ငံမှ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။ သို့သော် အင်တာနက်ပေါ်တွင်တော့ APPLE ကို သပိတ်မှောက်သည့် လှုပ်ရှားမှုများမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ၎င်းသည် လုံထန်ဂရုအတွက်တော့ ဖုန်းရောင်းအား အကောင်းဆုံး အချိန်အခါတစ်ခု ဖြစ်လာခဲ့ပါတော့သည်။
..........................................................
အပိုင်း ၂၂၀
နောက်တစ်နေ့ နံနက်အစောပိုင်း၊ အမေရိကန်နိုင်ငံရှိ APPLE ကုမ္ပဏီရုံးချုပ်၏ အစည်းအဝေးခန်းမအတွင်း...
အခန်းတွင်းလေထုမှာ ထူးဆန်းစွာ တင်းမာနေသည်။ ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် ဒါရိုက်တာအဖွဲ့ဝင် တစ်ဒါဇင်ကျော်၏ အကြည့်များက CEO ကွတ်ခ်ထံတွင် စုပြုံနေကြသည်။
အရင်းရှင်များပီပီ သူတို့ အလေးထားသည်မှာ ရှယ်ယာစျေးကွက်နှင့် သူတို့၏ ပိုင်ဆိုင်မှုများသာ ဖြစ်သည်။ သို့သော် မနေ့က APPLE ၏ ရှယ်ယာတန်ဖိုးများ ဆက်တိုက်ကျဆင်းခဲ့ရာ တစ်ရက်တည်းမှာပင် ဒေါ်လာ ၁၅ ဘီလီယံ ခန့် အငွေ့ပျံသွားခဲ့သည်။
"ဟေး... ကွတ်ခ်! ခင်ဗျား ဘာမှပြောစရာ မရှိတော့ဘူးလား"
APPLE ဘုတ်အဖွဲ့၏ အချိန်အကြာဆုံး အမှုဆောင်တစ်ဦးဖြစ်သူ လီဗင်ဆန်က ကွတ်ခ်ကို စိုက်ကြည့်ကာ မေးလိုက်သည်။ ပရင်စတန်တက္ကသိုလ်မှ ဓာတုဗေဒပါရဂူဘွဲ့ရရှိထားပြီး Gene Technology ကုမ္ပဏီကို ဒေဝါလီခံလုနီးပါးအခြေအနေမှ ဒေါ်လာဘီလီယံချီ အမြတ်ရအောင် လုပ်ဆောင်ပေးခဲ့သည့် လီဗင်ဆန်ကို ကွတ်ခ်ပင်လျှင် မလေးစားဘဲ မနေရဲပေ။
သူသည် စတိဗ်ဂျော့ဘ်လက်ထက်ကတည်းက ဂျော့ဘ်၏ ဆရာတစ်ဦးကဲ့သို့ လေးစားခြင်းခံရသူလည်း ဖြစ်သည်။
"လီဗင်ဆန်... ခင်ဗျားလည်း သိတဲ့အတိုင်း တရုတ်ပြည်ခရီးစဉ်က သိပ်မသာယာခဲ့ဘူးလေ..."
ကွတ်ခ်က မျက်နှာပျက်ပျက်ဖြင့် ပြန်ဖြေသည်။
"အိုး... ရှီးပဲ ကွတ်ခ် ခင်ဗျား ဒီလောက်တုံးတဲ့အလုပ်ကို ဘယ်လိုလုပ်လိုက်တာလဲဆိုတာ ငါတို့ မသိချင်ဘူး။ ဒါပေမဲ့ ဘာကြောင့်လဲဆိုတာကိုတော့ ရှင်းပြဖို့ လိုလိမ့်မယ်"
ခန်းမအတွင်းရှိ အဖိုးအိုတစ်ဦးက အော်ဟစ်ပြောဆိုလိုက်သည်။
သူကတော့ ကမ္ဘာ့တတိယအကြီးဆုံး လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ Grumman ၏ CEO ဟောင်း ရှူးဂဲပင် ဖြစ်သည်။ B2 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်မှသည် Nimitz လေယာဉ်တင်သင်္ဘောအထိ ထုတ်လုပ်သည့် ကုမ္ပဏီကြီးကို ဦးဆောင်ခဲ့သူဖြစ်ရာ သူ့တွင် ငွေမည်မျှရှိသည်၊ APPLE ရှယ်ယာ မည်မျှပိုင်ဆိုင်သည်ကို မည်သူမျှ အတိအကျမသိသော်လည်း လူတိုင်းက သူ့ကို ကြောက်ရွံ့ကြသည်။
ကွတ်ခ်၏ မျက်နှာမှာ ပို၍ပင် ရုပ်ဆိုးသွားသည်။ အပြင်ပန်းတွင် သူက CEO ဖြစ်သော်လည်း ကုမ္ပဏီကို တကယ်ထိန်းချုပ်ထားသူများမှာ ဤဘုတ်အဖွဲ့ဝင်များသာ ဖြစ်သည်။
"လူကြီးမင်းတို့... ကျွန်တော် လုံထန်ဂရုဥက္ကဋ္ဌ လင်းဖန်နဲ့ တွေ့တုန်းက ကုမ္ပဏီကို ဝယ်ယူဖို့ အဆိုပြုခဲ့ပါတယ်"
ထိုစကားကြောင့် လူတိုင်း စိတ်ဝင်စားသွားကြသည်။ လုံထန်အုပ်စု၏ ကမ္ဘာကျော်နည်းပညာများကိုသာ ပိုင်ဆိုင်ခွင့်ရပါက APPLE အတွက် ကြီးမားသော အမြတ်အစွန်း ဖြစ်လာမည်မှာ သေချာသည်။
"ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး"
ကွတ်ခ်က လက်ယမ်းပြရင်း စိတ်ပျက်လက်ပျက် ဆိုသည်။
"အဲ့ဒီနောက်မှာတော့ ကျွန်တော်တို့ရဲ့ APPLE ဖုန်းတွေမှာ သူတို့ရဲ့ Pangu (စမတ်ဖုန်းမန်နေဂျာ) ကို ထည့်သွင်းဖို့ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ပါတယ်"
အမေရိကန် ဒု-သမ္မတဟောင်း အယ်လ်ဂေါ (Al Gore)၊ Disney ဥက္ကဋ္ဌ ရောဘတ် (Robert) အစရှိသည့် ထိပ်တန်းဘုတ်အဖွဲ့ဝင်များက ကွတ်ခ်၏ စကားကို သေချာနားထောင်နေကြသည်။
"လုံထန်ဘက်က Pangu ကို ကျွန်တော်တို့ဆီမှာ ထည့်ပေးဖို့ မငြင်းပါဘူး။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ရဲ့ IOS Source Code ကို လိုချင်နေကြတယ်။ ဒါမှသာ Pangu ကို အပြည့်အဝ တပ်ဆင်လို့ ရမှာမို့လို့ပါ"
ကွတ်ခ်က အစီရင်ခံလိုက်သည်။
"လက်ရှိမှာ တရုတ်ပြည်တွင်း စျေးကွက်ဝေစုက ၅၀ ရာခိုင်နှုန်းလောက် ကျသွားပြီ။ အကယ်၍ ကျွန်တော်တို့ Siri ကို အဆင့်မမြှင့်နိုင်ဘူး၊ Pangu နဲ့လည်း မပူးပေါင်းနိုင်ဘူးဆိုရင် APPLE ဟာ အနာဂတ်မှာ ပျောက်ကွယ်သွားနိုင်ပါတယ်"
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လုံထိန်အုပ်စု၏ နည်းပညာက ရှေ့ရာစုနှစ်အထိ ကျော်လွန်နေသည်ကို သူတို့ သိနေကြသည်။
သို့သော်လည်း APPLE ၏ အသက်သွေးကြောဖြစ်သော Source Code ကိုတော့ မည်သူမျှ မပေးချင်ကြပေ။
"Source Code ကိုတော့ ဘယ်လိုနည်းနဲ့မှ ဖွင့်ပေးလို့ မရဘူး။ ဒါက ကိုယ့်လည်ပင်းကို သူများလက်ထဲ အပ်လိုက်သလိုပဲ"
ရှူးဂဲက မိနစ်အနည်းငယ်အကြာတွင် ပြတ်သားစွာ ပြောလိုက်သည်။
အခြားသူများကလည်း တစ်ဦးကိုတစ်ဦး ကြည့်နေကြသော်လည်း မည်သူမျှ စကားမဆိုကြပေ။ APPLE ၏ နောက်ထပ်ထုတ်ကုန်အသစ်သည် Nirvana S ကို ယှဉ်နိုင်ရန် Pangu မပါဘဲ မဖြစ်နိုင်သည်ကိုလည်း သူတို့ သိသည်။
သို့သော် မည်သူကမှ ပထမဆုံးခြေလှမ်းကို မလှမ်းချင်ကြဘဲ အစည်းအဝေးမှာ ဘာရလဒ်မှ မထွက်ဘဲ ပြီးဆုံးသွားခဲ့သည်။
သို့သော်... အစည်းအဝေးခန်းမထဲမှ ထွက်လာပြီးနောက် ရှူးဂဲသည် ကွတ်ခ်ပင် မသိနိုင်သည့် ရိုးရှင်းပြီး ရက်စက်သော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည်။
"ဟဲလို..ဒေါ်လာ သန်း ၅၀ ပေးမယ်။ လုံထန်အုပ်စုဥက္ကဋ္ဌကို အစအနဖျောက်ဖို့ လူအချို့ကို ချက်ချင်း စီစဉ်လိုက်စမ်း"
"ဟုတ်ကဲ့ပါ ဆရာ... အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်"
..........................................................