← Chapters

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

အပိုင်း ၂၁၃

"ဘာဖြစ်တာလဲ..ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် မြန်နေရတာလဲ"

ကျင်းလင်မြို့ရှိ Jumeirah ဟိုတယ်အတွင်းတွင် APPLE ၏ CEO ကွတ်ခ်တစ်ယောက် ဒေါသကို မထိန်းနိုင်ဘဲ သူ၏လက်ထောက်ကို အော်ဟစ်မေးမြန်းနေသည်။ ဤခရီးစဉ်ကို အလွန်လျှို့ဝှက်ထားခဲ့သော်လည်း ဟိုတယ်သို့ ရောက်သည်နှင့် သတင်းထောက်အုပ်စုကြီးက ကင်မရာမျိုးစုံဖြင့် ဝိုင်းရံထားပြီးဖြစ်ရာ ကွတ်ခ်တစ်ယောက် စိတ်ကြည်ရန်မှာ မဖြစ်နိုင်တော့ပေ။

"ဘော့စ်... တရုတ်သတင်းထောက်တွေက တော်တော်လက်မြန်ကြတယ်။ ကျွန်တော်တို့ လေယာဉ်ပေါ်က ဆင်းကတည်းက သူတို့ ခြေရာခံမိသွားတာ ထင်ပါတယ်"

လက်ထောက်ဖြစ်သူက မျက်နှာငယ်လေးဖြင့် ရှင်းပြသည်။

"ရှီး... ဒီကောင်တွေကတော့ကွာ!"

အမြဲတမ်း လူကြီးလူကောင်းဆန်လှသည့် ကွတ်ခ်တစ်ယောက် ရက်ပိုင်းအတွင်းမှာပင် စိတ်တိုဒေါသထွက်မှုများ ဆက်တိုက်ကြုံနေရသည်။

သူ ကျင်းလင်မြို့သို့ ရောက်လာခြင်းက လူအများကြားတွင် မေးခွန်းထုတ်စရာ ဖြစ်နေသည်။ 'APPLE တောင် မခံနိုင်တော့လို့ လုံထိန်ဆီမှာ အရှုံးပေးဖို့ လာတာလား' ဆိုသည့် ထင်မြင်ချက်များက ဟိုးဟိုးကျော်နေပြီ ဖြစ်သည်။

နောက်တစ်နေ့ နံနက်အစောပိုင်းတွင် လုံထန်အုပ်စု ရုံးချုပ်အဆောက်အအုံရှေ့၌ သတင်းထောက်များ ပြည့်နှက်နေသည်။ ကွတ်ခ် တည်းခိုသည့် ဟိုတယ်ထဲသို့ ဝင်မရသော်လည်း သူ လာမည့်နေရာကိုတော့ သူတို့ ကြိုစောင့်နေကြခြင်း ဖြစ်သည်။

"ဒီမှာ ဘာတွေဖြစ်နေတာလဲ"

ရုံးချုပ်သို့ ရောက်ရှိလာသော လင်းဖန်သည် အပြင်ဘက်ရှိ သတင်းထောက်အုပ်စုနှင့် ကင်မရာများကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"သူဌေး... Apple CEO ကွတ်ခ် ကျင်းလင်ကို ရောက်နေတယ်ဆိုတဲ့ သတင်းကြောင့် သူတို့ ဒီမှာ လာစောင့်နေကြတာပါ"

လင်းဖန်၏ လက်ထောက် မိုရှင်းယာက အစီရင်ခံသည်။

"အော်... ဟုတ်လား စိတ်ဝင်စားဖို့ ကောင်းသားပဲ"

လင်းဖန်၏ မျက်လုံးများ တောက်ပသွားပြီး မေးစေ့ကို ပွတ်ကာ ပြုံးလိုက်သည်။ ကွတ်ခ်သည် နည်းပညာလောက၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်သဖြင့် သူနှင့်လုံထန်အုပ်စု တွေ့ဆုံမည့်ကိစ္စက ယခုကဲ့သို့ လူစိတ်ဝင်စားမှု များနေခြင်းမှာ မဆန်းပေ။

"ကဲ... အတွင်းထဲ ဝင်ကြရအောင်"

လင်းဖန်၏ အမိန့်ပေးမှုနှင့်အတူ ရှေ့နောက် ခြံရံထားသော Mercedes-Benz G ကားကြီး (၃) စီးနှင့် အလယ်မှ Rolls-Royce Silver Phantom ကားကြီးသည် ရုံးချုပ်ဝင်းအတွင်းသို့ တန်းစီဝင်ရောက်သွားသည်။ သတင်းထောက်များမှာလည်း ထိုသို့သော အရှိန်အဝါမျိုးကို မနှောင့်ယှက်ရဲသဖြင့် ကွတ်ခ်ကိုသာ ဆက်လက်စောင့်ဆိုင်းနေကြသည်။

ထိုစဉ် မလှမ်းမကမ်းရှိ Volkswagen Phaeton ကားတစ်စီးထဲတွင် ကွတ်ခ်နှင့် သူ၏လက်ထောက်တို့ ထိုင်နေကြသည်။ ကမ္ဘာ့အကြီးဆုံး ဖုန်းကုမ္ပဏီ၏ CEO တစ်ဦး ဖြစ်ပါလျက်နှင့် လုံထန်ရုံးချုပ်ထဲသို့ သတင်းထောက်များကြောင့် ဝင်မရဖြစ်နေရသည့် အခြေအနေမှာ ကွတ်ခ်အတွက် အလွန်ပင် ရုပ်ပျက်ဆင်းပျက် နိုင်လှသည်။

"ဘော့စ်... ကျွန်တော်တို့ အခုဝင်မလား"

"မဝင်နဲ့ဦး... ဟိုတယ်ကိုပဲ အရင်ပြန်ရအောင်"

ကွတ်ခ်က တိုးညှင်းသောအသံဖြင့် အမိန့်ပေးလိုက်သည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် သတင်းထောက်များကြားထဲသို့ တိုးဝင်သွားခြင်းက မိမိကိုယ်ကိုယ် ပစ်မှတ်အဖြစ် အပ်လိုက်သလို ဖြစ်မည်ကို သူ သိနေသည်။

ဟိုတယ်သို့ ရောက်သည်နှင့် ကွတ်ခ်က အမိန့်ပေးလိုက်သည်။

"လုံထန်အုပ်စု ဥက္ကဋ္ဌလင်းဖန်နဲ့ တွေ့ဖို့ ချိန်းလိုက်ပါ။ နေရာကိုတော့ ဒီဟိုတယ်မှာပဲ လို့ ပြောလိုက်"

ခဏအကြာတွင် လုံထန်၏ CEO ကျန်းဖန်သည် လင်းဖန်၏ ရုံးခန်းသို့ ရောက်လာသည်။

"ဥက္ကဋ္ဌ... APPLE ဘက်က ဖုန်းဆက်လာပါတယ်။ သူတို့ CEO ကွတ်ခ်က ဥက္ကဋ္ဌကို Jumeirah ဟိုတယ်မှာ တွေ့ဖို့ ဖိတ်ကြားထားပါတယ်"

"ဟမ်"

လင်းဖန်က မျက်မှောင်ကြုတ်ကာ တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။

"စကားပြောချင်ရင် ရုံးချုပ်ကိုပဲ လာခဲ့ခိုင်းလိုက်။ ငါတို့က သူတို့ဆီ အတင်းသွားတိုးနေရတာမှ မဟုတ်တာ၊ ဟိုတယ်အထိ သွားတွေ့ရမယ်ဆိုတာကတော့ ရယ်စရာကြီးပဲ"

တရုတ်နိုင်ငံ၏ ရှေးရိုးထုံးတမ်းစဉ်လာအရ ဧည့်သည်ကသာ အိမ်ရှင်ထံ လာရောက်ရမြဲဖြစ်သည်။ အိမ်ရှင်က ဧည့်သည်ထံ အရောက်သွားတွေ့စရာ အကြောင်းမရှိပေ။

"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌ"

ကျန်းဖန်ကလည်း သဘောတူစွာ ခေါင်းညိတ်သည်။ ယနေ့အချိန်တွင် လုံထန်၏ ဂုဏ်သိက္ခာမှာ APPLE ထက် နိမ့်ကျနေခြင်း မရှိသဖြင့် ကွတ်ခ်ကို အောက်ကျို့ဆက်ဆံရန် မလိုအပ်ပေ။

"ဒါနဲ့ ဥက္ကဋ္ဌ... ကွတ်ခ် ဒီကိုလာတာ တကယ်ပဲ ပူးပေါင်းဖို့လား"

"သူတို့ဘက်က ပူးပေါင်းဖို့လာတာလို့ တရားဝင် ကြေညာထားလို့လား"

လင်းဖန်က အဓိပ္ပာယ်ပါပါ ပြန်မေးလိုက်သည်။

အမှန်စင်စစ် ကွတ်ခ်ရောက်လာသည့် သတင်းကို မီဒီယာများကသာ အမျိုးမျိုး ထင်ကြေးပေးနေခြင်းဖြစ်ပြီး APPLE ဘက်က တရားဝင် အတည်ပြုထားခြင်း မရှိသေးပေ။ အကယ်၍ လင်းဖန်ကသာ အရင်သွားတွေ့လိုက်ပါက မီဒီယာများက "လုံထန်က APPLE ရှေ့မှာ ဒူးထောက်သွားပြီ"

ဟုရေးသားကြမည်ကို လင်းဖန် သိနေသည်။

အင်တာနက် ကောလာဟလများသည် ကြောက်စရာကောင်းလှသည်။ အမှားအယွင်း အနည်းငယ်ကပင် ကုမ္ပဏီတစ်ခုလုံးကို ချောက်ထဲသို့ တွန်းပို့နိုင်သည်။ ကွတ်ခ်ကဲ့သို့ ပါးနပ်သော လူတစ်ယောက်သည် ဘာကြောင့် ရုတ်တရက် ကျင်းလင်သို့ ရောက်လာပြီး လင်းဖန်နှင့် တွေ့ချင်ရသနည်း။

ထိုနောက်ကွယ်တွင် မည်မျှ နက်ရှိုင်းသော အစီအစဉ်များ ရှိနေသလဲဆိုသည်မှာ စဉ်းစားစရာပင် ဖြစ်တော့သည်။

....................................................

အပိုင်း ၂၁၄

"ဥက္ကဋ္ဌ... ကျွန်တော်ထင်တာကတော့ ကွတ်ခ်က ကျွန်တော်တို့ဆီကို တိတ်တဆိတ် လာလည်ချင်ပုံရပါတယ်။ ဒါပေမဲ့ နေရာအနှံ့မှာ ရှိနေတဲ့ သတင်းထောက်တွေကြောင့် သူ့အစီအစဉ် ပျက်သွားတာပဲ"

လုံထန်အုပ်စု၏ CEO ကျန်းဖန်က ရယ်မောရင်း ပြောလိုက်သည်။ ကမ္ဘာ့စျေးကွက်တန်ဖိုး အမြင့်ဆုံး ကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌက သတင်းထောက်တွေကြောင့် အပြင်မထွက်ရဲဘဲ ပိတ်မိနေသည်ဆိုသည်မှာ တကယ်ကို ရယ်စရာကောင်းလှသည်။ ဤသတင်းသာ ပြန့်သွားပါက ကွတ်ခ်တစ်ယောက် တရုတ်နိုင်ငံတွင် နာမည်ပျက်တော့မည်ဖြစ်သည်။

"ငါတို့အားလုံးက လူလည်တွေပဲလေ။ Nirvana S သာ တကယ်ရောင်းပြီဆိုရင် APPLE ဘက်က ထိခိုက်ရုံတင် မဟုတ်ဘူးဆိုတာ လူတိုင်းသိတယ်။ ဒါကြောင့် ဒီမြေခွေးအိုကြီးက အစကတည်းက အသာစီးရအောင် ကြိုးစားနေတာ"

လင်းဖန်က တည်ငြိမ်စွာ ဆိုသည်။

ပုံမှန်လုပ်ထုံးလုပ်နည်းအရ ကွတ်ခ်ကသာ ရုံးချုပ်ထဲသို့ ခန့်ခန့်ညားညား ဝင်လာပါက ဂုဏ်သိက္ခာပိုင်းတွင် လုံထန်ထက် နိမ့်ကျသွားမည်ကို စိုးရိမ်သဖြင့် လင်းဖန်ကို အပြင်သို့ ခေါ်ယူရန် ကြိုးစားခြင်းဖြစ်သည်။

"စိတ်ဝင်စားဖို့ ကောင်းလိုက်တာ"

ကျန်းဖန်က ဆိုသည်။

"ကဲ... ဒါကိုပဲ အာရုံမရနေနဲ့ဦး။ APPLE ရဲ့ လတ်တလော လှုပ်ရှားမှုတွေကို သေချာလေ့လာထား။ ခွေးကတော့ အကူအညီမဲ့လာရင် တံတိုင်းကိုတောင် ကျော်တက်တတ်တယ် (လူကတော့ အကျပ်အတည်းဖြစ်လာရင် ဘာမဆိုလုပ်နိုင်တယ်)"

အမှန်စင်စစ် လင်းဖန်သည် APPLE ကို ကြိုက်သည် မကြိုက်သည်ထက် ထိုကုမ္ပဏီ၏ တည်ထောင်သူ 'ကျောင်းပန်းကျူး' (Steve Jobs) ကတည်းက တရုတ်နိုင်ငံအပေါ် ထားရှိသည့် အစွဲအလမ်းကြီးသော ပုံစံကို မနှစ်မြို့ခြင်းဖြစ်သည်။

APPLE သည် တရုတ်စျေးကွက်ကို အမြဲတမ်း စျေးနှုန်းပိုကြီးစွာ ရောင်းချလေ့ရှိပြီး ဝန်ဆောင်ခ ၃၀ ရာခိုင်နှုန်းအထိ ကောက်ခံကာ စားသုံးသူများကို ခေါင်းပုံဖြတ်လေ့ရှိသည်။

ထို့ကြောင့်လည်း လင်းဖန်က သူ၏ Nirvana ဖုန်းများကို ပြည်တွင်း၌ စျေးသက်သာစေပြီး ပြည်ပစျေးကွက်တွင် စျေးပိုတင်ကာ လက်စားချေနေခြင်း ဖြစ်သည်။

တစ်ဖက်တွင်လည်း ကွတ်ခ်သည် Jumeirah ဟိုတယ်၏ ဇိမ်ခံခန်းမထဲတွင် ထိုင်ရင်း နောက်ထပ်အစီအစဉ်ကို စဉ်းစားနေသည်။ မနေ့က အမေရိကန် ရှယ်ယာစျေးကွက် ပိတ်ချိန်တွင် APPLE ၏ ရှယ်ယာ ၁.၅ ရာခိုင်နှုန်း ထပ်မံကျဆင်းခဲ့သည်။

လုံထန်အုပ်စုကလည်း သူတို့၏ ဖိတ်ကြားချက်ကို ထပ်မံငြင်းဆိုထားရာ ကွတ်ခ်တို့အဖွဲ့ ပို၍ အကျပ်ရိုက်သွားသည်။

လုံထန်၏ အဖြေက ရှင်းပါသည်။ "စကားပြောချင်ရင် လူကိုယ်တိုင် လာခဲ့ပါ" ဆိုသည့် အချက်ပင်။

APPLE ၏ ဖုန်းအသစ် ထွက်လာတော့မည်ဖြစ်သော်လည်း 'စမတ်ဖုန်းမန်နေဂျာ'နည်းပညာ မပါဝင်ခြင်းက သူတို့အတွက် အကြီးမားဆုံး အားနည်းချက် ဖြစ်နေသည်။ သူတို့၏ Siri သည် လုံထန်၏ Pangu နှင့် ယှဉ်ပါက ကလေးကစားစရာကဲ့သို့ ဖြစ်နေသည်။ ထို့ပြင် ဘက်ထရီပိုင်းတွင်လည်း APPLE က အားနည်းချက်ရှိနေပြန်သည်။

ပြီးခဲ့သည့်လက APPLE သည် ဒေါ်လာသန်းနှင့်ချီ အကုန်အကျခံကာ ကမ္ဘာကျော် ဟက်ကာများကို ငှားရမ်းပြီး Pangu ၏ Source Code ကို ခိုးယူရန် ကြိုးစားခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ပေ။ ယခုအချိန်တွင် ၎င်းတို့အတွက် တစ်ခုတည်းသော လမ်းစမှာ လုံထန်နှင့် ပူးပေါင်းပြီး နည်းပညာခွင့်ပြုချက် ရယူရန်သာ ရှိတော့သည်။

"လုံထန်အုပ်စုကို ဆက်သွယ်လိုက်။ အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဖို့ ထပ်ပြောကြည့်ဦး"

ကွတ်ခ်က အမိန့်ပေးလိုက်သည်။

"သူဌေး... ကျန်းဖန်ဆီက ဖုန်းလာနေတယ်"

လင်းဖန်သည် ရုံးချုပ်၏ ထမင်းစားဆောင်တွင် ထမင်းစားနေစဉ် ဖုန်းသံမြည်လာသည်။

"ဘာထူးလဲ"

"သူတို့ကို ပြောလိုက်... ပူးပေါင်းချင်ရင် ငါ့ဆီကို လူကိုယ်တိုင် လာခဲ့ဖို့။ မဟုတ်ရင်တော့ ဘယ်သူနဲ့ စကားပြောပြော အပိုပဲလို့"

လင်းဖန်သည် APPLE ကို အစကတည်းက အမြင်မကြည်ပေ။ စမတ်ဖုန်းမန်နေဂျာ စထွက်ကာစက လုံထန်၏ ဆာဗာကို တိုက်ခိုက်ခဲ့သည့် ဟက်ကာများထဲတွင် APPLE ဝန်ထမ်းအချို့ ပါဝင်နေခဲ့ခြင်းကြောင့် ဖြစ်သည်။ ယခုအခါ ကွတ်ခ်က အရေးနိမ့်နေပါလျက်နှင့် အကွက်တွေ အများကြီး ရွှေ့နေသည်မှာ လင်းဖန်အတွက် အမြင်ကပ်စရာပင် ဖြစ်နေသည်။

Jumeirah ဟိုတယ်တွင် ကွတ်ခ်၏ မျက်နှာမှာ ပို၍ပင် ရုပ်ဆိုးသွားသည်။ နှစ်ကြိမ်တိုင်တိုင် ဖိတ်ကြားသော်လည်း လုံထန်အုပ်စုက မျက်နှာသာ မပေးဘဲ ငြင်းဆိုခဲ့သည်။

"ကောင်းပြီလေ"

ကွတ်ခ်သည် ဆိုဖာပေါ်မှ ထရပ်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။

တရုတ်စကားပုံတစ်ခု ရှိသည်။ "ရန်သူက မလှုပ်မချင်း ငါမလှုပ်ဘူး" ဆိုသော်လည်း ယခုအချိန်တွင် လုံထန်အုပ်စုက အေးဆေးဖြစ်နေသော်လည်း ကွတ်ခ်ကမူ မစောင့်နိုင်တော့ပေ။

သူသည် ဤထိပ်တိုက်ပိတ်ဆို့မှုကို ကိုယ်တိုင် ချိုးဖျက်ရန် ဆုံးဖြတ်လိုက်သည်။

"သူတစ်ပါးအိမ်အောက် ရောက်နေမှတော့ ခေါင်းငုံ့ရမှာပဲ" ဆိုသည့်အတိုင်း APPLE ၏ CEO ဖြစ်သော်ငြားလည်း ကွတ်ခ်တစ်ယောက် ယခုတော့ လုံထန်ထံသို့ လူကိုယ်တိုင် သွားရောက်တွေ့ဆုံရန် ပြင်ဆင်ရတော့သည်။

......................................................

All Chapters