ငါ့ မာန်အမှတ်အသား၊ ငါ့ စိတ်ဝိညာဉ်
Vol. 15 Ch. 204
အချိန်မည်မျှ ကုန်ဆုံးသွားခဲ့ကြောင်း စုမင်မသိခဲ့ပေ။ သူသည် လိုဏ်ဂူအတွင်း၌ ထိုင်လျက် အရာအားလုံးကို မေ့လျော့နေခဲ့မိ၏။ အေးခဲကောင်းကင် ကလန်သို့ ဝင်ရောက်မည့် သူ၏ရည်မှန်းချက်ကိုပင် မေ့လျော့နေခဲ့သည်။ သူ့စိတ်ထဲတွင် ရှိနေသည့် တစ်ခုတည်းသော အရာသည် ဗလာစိတ်အခြေအနေ တစ်ခုနှင့် သူ၏မှတ်ဉာဏ်များကို လိုက်လံဖမ်းဆုပ် နေခြင်းသာ ဖြစ်သည်။
သူ၏လွမ်းဆွတ်မှုများသည် သူ့မျက်လုံးများမှ တစ်ဆင့် ပျံ့နှံ့သွားခဲ့ပြီး နှုတ်ခမ်းများပေါ်မှ အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူ့၌ ဝမ်းနည်းမှုများလည်း ရှိနေခဲ့ပြန်သည်။
ထိုအချိန်တွင် သူ့ထံ၌ မည်သည့်ခံစားချက်များ ရှိနေမှန်းကိုပင် သူမခွဲခြားနိုင်တော့ပေ။ စုမင်၏ ညာလက်သည် သူ့ခန္ဓာကိုယ်ပေါ်တွင် ဆွဲသားနေခဲ့ပြီး သူ့မှတ်ဉာဏ်များ အတွင်းမှ အပင်များ၊ ရင်းနှီးနေသော အိမ်များနှင့် ခြံစည်းရိုးများ စသည့် နက်မှောင်တောင်မှ အရာအားလုံး၏ ပုံစံများ ပေါ်လာလျက်ရှိသည်။
“ငါ့ မာန်အမှတ်အသား၊ ငါ့ စိတ်ဝိညာဉ်...”
စုမင် တီးတိုးရေရွတ် လိုက်သည်။
ထိုသို့ဆွဲသားနေချိန်တွင် သူ့ညာလက်ညှိုးမှ စေးကပ်သည့်သွေးတို့ ကျဆင်းနေခဲ့၏။
နက်မှောင်တောင်၊ မျိုးနွယ်စု၊ သစ်တော၊ အိမ်များနှင့် ... လောင်ကျွမ်းနေဟန် ရသည့် မီးပုံများ...။ ဤအရာများအားလုံးသည် လှပသော အချိန်အခိုက်အတန့်များပင် ဖြစ်သည်။ သို့သော် မျိုးနွယ်စုသည်တော့ လူသူကင်းမဲ့နေခဲ့ပြီး ထိုအတွင်း၌ ပျက်စီး ယိုယွင်းမှုများသာ ရှိနေခဲ့သည်။
နေ့ရက်ပေါင်းများစွာ ကုန်လွန်လာခဲ့ပြီး နက်မှောင်တောင်နှင့် မျိုးနွယ်စုတို့၏ သွေးရုပ်ပုံကြီးသည်လည်း တဖြည်းဖြည်း ပြည့်စုံလာခဲ့ပြီ ဖြစ်သည်။ ပြင်ပရှိ အနီရောင်မြူများနှင့် တိမ်တိုက်များသည် စုမင်ခန္ဓာကိုယ် ပေါ်မှ ရုပ်ပုံထံသို့ တိုးဝင်နေခဲ့ကြသည်။
နောက်ဆုံးတွင်တော့ သူ့ခန္ဓာကိုယ်အတွင်းမှ ရုပ်နယ်လွန်အဆင့် စွမ်းအားများ အားလုံးသည် အနီရောင်မြူများအဖြစ် လုံးဝ ပြောင်းလဲသွားခဲ့ကြပြီ ဖြစ်၏။ ၎င်းတို့က သူ့မာန်အမှတ်အသားဖြင့် ပေါင်းစပ်သွားခဲ့ ကြသည်နှင့် စုမင်၏ ခန္ဓာကိုယ်တစ်ဝက်ခန့်ကို ဖုံးလွှမ်းထားခဲ့သည့် မာန်အမှတ်အသားသည် ဝိညာဉ်တစ်ခု ရရှိလာဟန်ပေါ်ပြီး အသက်ဝင်လာခဲ့သည်။
ကျောက်တောင်၊ အပင်များ၊ အိမ်များနှင့် အရာအားလုံးသည် စုမင် ခန္ဓာကိုယ်ပေါ်တွင် ရှင်းလင်းကြည်လင်စွာ ဖြစ်ပေါ်လာခဲ့ပြီး ဧရာမရုပ်ပုံကြီး တစ်ခုအဖြစ်မှ မာန်အမှတ်အသားအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူ့အိမ်၏ အမှတ်အသား ...
ထိုအခိုက်အတန့်တွင် ယခုကဲ့သို့ ရှုပ်ထွေးသည့် မာန်အမှတ်အသားမျိုးသည် မာန်စွမ်းအားရှင် မျိုးနွယ်စု တစ်ခုလုံးတွင်ပင် မယုံနိုင်လောက်အောင် ရှားပါးကြောင်း စုမင်မသိခဲ့ပေ။ ၎င်းသည် ကောင်းကင်၊ မြေပြင်နှင့် ကမ္ဘာလောက အမှတ်အသား အမျိုးအစားသုံးမျိုး၏ အဆင့်သတ်မှတ်ချက် ၉ခု မည်သည့်အထဲတွင်မှ မပါဝင်နေခဲ့ပေ။ ထျန်းရှဲ့ကျီသည်သာ ထွက်ခွာမသွားခဲ့လျှင် ဤအရာကို သူမြင်ရလိမ့်မည်ဖြစ်ပြီး ထိတ်လန့် တုန်လှုပ်သွားမည်မှာ အသေအချာပင် ဖြစ်သည်။
စုမင်အမှတ်အသား၏ ရှုပ်ထွေးမှုကြောင့် ၎င်းကို ရောစပ်မာန် အမှတ်အသား တစ်ခုအဖြစ် သတ်မှတ်နိုင်လေသည်။
ရက်အနည်းငယ် ကြာပြီးနောက်တွင် စုမင်၏ညာလက်ညှိုးသည် ရပ်တန့်သွားခဲ့ပြီး သူ့မျက်လုံးတို့ ပွင့်လာခဲ့သည်။ သူ၏ညာလက်ကို ဖြည်းညင်းစွာ မလိုက်သည်နှင့် သူ့အတွင်းမှ ရုပ်နယ်လွန်အဆင့် စွမ်းအားတို့သည် ပြင်းထန်သည့်အား တစ်ခုနှင့် ထွက်ပေါ်လာခဲ့ကြ၏။ ထိုအရာသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသောအခါ ရုပ်နယ်လွန်အဆင့်၏ အစစ်အမှန် အရှိန်အဝါသည် စုမင်ထံမှ ထွက်ပေါ်လာခဲ့တော့သည်။
ထိုအရှိန်အဝါသည် သွေးကြောကျောက်သား နယ်ပယ်မှ လူများအားလုံးထက် များစွာ သာလွန်နေခဲ့သည်။ ၎င်းသည် သွေးကြောကျောက်သား နယ်ပယ်မှ လူများအားလုံးကို လွှမ်းမိုးနိုင်သည့် ထိတ်လန့်ဖွယ် အရှိန်အဝါကိုပင် ထုတ်လွှတ်နေသေး၏။ စုမင်၏ဆံပင်တို့သည် လေမတိုက်ပဲ လွင့်မျောသွားခဲ့ကြသည်။ ထိုင်နေရင်းမှပင် သူ့ကိုယ်ပေါ်မှ အနီရောင်မြူတို့သည် တဖြည်းဖြည်း ပျောက်ကွယ်သွား ခဲ့ကြသည်။ ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသော အရာသည် သူ့ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံး၌ ပြည့်နေခဲ့သည့် အိမ်အမှတ်အသားပင် ဖြစ်သည်။
သူ့မျက်နှာပေါ်တွင်တော့ အမှတ်အသားသည် နက်မှောင်တောင်ကို ဖော်ပြလျက်ရှိပြီး ရင်ဘတ်မှာတော့ သူ၏မျိုးနွယ်စု ဖြစ်သည်။ မျိုးနွယ်စုသည် သူ့ရင်ဘတ်ပေါ်တွင် ပျံ့နှံ့နေခဲ့ပြီး ပတ်ပတ်လည်တွင်တော့ အပင်များရှိနေခဲ့သည်။ ထိုအမှတ်အသားသည် မယုံနိုင်ဖွယ်ကောင်းစွာ ရှင်းလင်းပြတ်သား နေခဲ့သည်။
“ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင်တွေက သွေးကြောတွေကို မကျင့်ကြံကြတော့ဘူး။ သူတို့ရဲ့ မာန်အမှတ်အသားတွေကိုပဲ ကျင့်ကြံကြတော့တာ ... မာန်အမှတ်အသားက သူတို့ရဲ့ခွန်အားပဲ ပြီးတော့ သူတို့သွေးကြောတွေထဲက မာန်သွေးတွေကိုသုံးပြီး ထူးခြားပြောင်မြောက်တဲ့ စွမ်းရည်တွေကို ပြသနိုင်ကြတယ်...”
စုမင် တီးတိုးရေရွတ် လိုက်သည်။
ရုပ်နယ်လွန်အဆင့်နှင့် ပတ်သက်၍ သူသိထားသမျှ အရာအားလုံးသည် သူငယ်ရွယ်ခဲ့စဉ် လွန်ခဲ့သည့် ဆယ်နှစ်လောက်က အကြီးအကဲ သူ့ကို ပြောပြထားခဲ့ခြင်းပင် ဖြစ်သည်။
“ရုပ်နယ်လွန်နယ်ပယ်မှာ အဆင့်လေးခုရှိတယ် ... ကနဦးအဆင့်၊ အလယ်အဆင့်၊ နှောင်းပိုင်းအဆင့်နဲ့ ရုပ်နယ်လွန်နယ်ပယ် ကြီးမြတ်သော ပြည့်စုံဆင့်ဆိုပြီး ပိုင်းခြားထားတာပဲ။ ရုပ်နယ်လွန် ကြီးမြတ်သော ပြည့်စုံဆင့်ကနေ ရိုးရေစတေးနယ်ပယ်ကို တက်ရောက်တာက သွေးကြောကျောက်သား နယ်ပယ်ကနေ ရုပ်နယ်လွန်နယ်ပယ်ကို တက်ရောက်တာထက် ပိုခက်ခဲတယ်”
(Note- အခုကစပြီး အဆင့်ဆိုတာတွေကို နယ်ပယ်လို့ ပြောင်းရေးပါ့မယ်။ နယ်ပယ်တစ်ခု အတွင်းမှာမှ အဆင့်တွေ ပြန်ခွဲမှာပါ)
စုမင် ညာလက်ကိုမြှောက်လျက် သူ့မျက်နှာပေါ်မှ အမှတ်အသားကို ထိကြည့်လိုက်မိသည်။
“သူတို့ရဲ့ဘဝမှာ ရိုးရေစတေး နယ်ပယ်ကို မဝင်ရောက်နိုင်ခဲ့တဲ့ ရုပ်နယ်လွန် မာန်စွမ်းအားရှင်တွေ အများကြီးရှိတယ်။ သူတို့ရဲ့ မာန်အရိုးကို မသန့်စင်နိုင်ခဲ့ကြပဲ အချိန်တွေ ကုန်ဆုံးသွားခဲ့ကြပြီး နောင်တတွေနဲ့ လောကကြီးထဲက ထွက်သွားခဲ့ရတယ်”
စုမင် ခေါင်းမော့လိုက်ချိန်တွင် သူ့မျက်လုံးတို့က စူးရှတောက်ပ နေခဲ့သည်။ သူ၏ မာန်အမှတ်အသား သည်လည်း သူ့ကိုယ်ပေါ်တွင် ရွေ့လျားနေဟန်ဖြင့် အနီရောင်အလင်းတို့ တောက်ပနေခဲ့သည်။ စွမ်းအားသည် ရုပ်နယ်လွန် ကနဦးဆင့်တွင် ရှိနေသည်မှာ အရှင်းအလင်းပင် ဖြစ်သော်ငြား စုမင်ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် ရုပ်နယ်လွန် အလယ်ဆင့်နှင့် ရုပ်နယ်လွန် နှောင်းပိုင်းအဆင့်များကိုပင် အံ့အားသင့်ထိတ်လန့် သွားစေနိုင်ချေသည်။
လိုဏ်ဂူသည် တုန်ခါသွားပြီး လိုဏ်ဂူပတ်လည်မှ တောင်များသည်ပင် တုန်ခါလှုပ်ရှား သွားခဲ့ကြသည်။ ၎င်းတို့ထံမှ မပီဝိုးတဝါး မြည်ဟည်းသံများ ထွက်ပေါ်လာပြီး ဖုန့်မှုန့်အများအပြားကို လေထုထဲသို့ ပြန့်ကျဲသွားစေခဲ့သည်။
စုမင် ညာလက်ကို သူ့ရှေ့သူ မြှောက်လိုက်ရင်း ဖြည်းညင်းစွာ လက်သီးဆုပ်လိုက်သည်။
‘သွေးကြော ၉၉၉ ကြောနဲ့ ရုပ်နယ်လွန်ခြင်း ... အခု ငါ့မှာရှိတဲ့ စွမ်းအားက...’
‘ငါနဲ့ ရုပ်နယ်လွန်နှောင်းပိုင်း အဆင့်က လူတွေကြားထဲမှာ ဘယ်လောက်ကွာခြားမှု ရှိမလဲဆိုတာ ငါသိချင်မိတယ်’
သူအသက်ပြင်းပြင်း ရှူရှိုက်လိုက်မိသည်။ သူလက်သီး ဆုပ်လိုက်ချိန်မှာပင် ခေါင်းလောင်းသံတစ်ခုက သူ့ပတ်လည်သို့ ချက်ချင်း ပျံ့လွင့်သွားပြီး သူ့လက်ထဲ၌ လက်သီးဆုပ်အရွယ် ရှေးဟောင်းခေါင်းလောင်း တစ်ခု ပေါ်လာခဲ့သည်။
ဤခေါင်းလောင်းသည် ဟန်တောင်တန်း ခေါင်းလောင်းပင် ဖြစ်သည်။
ခေါင်းလောင်းကို ကြည့်နေရင်းဖြင့် အေးစက်စက်လှောင်ပြုံး တစ်ခုက စုမင်နှုတ်ခမ်းများတွင် ဖြစ်ပေါ်လာခဲ့သည်။
‘စစ်မာရှင်း၊ ဒီရတနာရယ် ငါ့ရဲ့အခုစွမ်းအင် အဆင့်ရယ်နဲ့သာဆိုရင် ငါတို့ကြားက ကွာခြားချက်ကို သိချင်မိပါရဲ့...’
စုမင် လက်တို့ကို ဝှေ့ယမ်းလိုက်ရင်း ခေါင်းလောင်းကို ပြန်သိမ်းလိုက်ပြီး သူရှေ့သို့ ရွေ့လျားသွားလိုက်သည်နှင့် သူ့ရှေ့မှ လိုဏ်ဂူတံခါးက ချက်ချင်း ကွဲကြေပျက်စီး သွားခဲ့သည်။ ၎င်းသည် မရေမတွက်နိုင်သော ကျောက်တုံး အပိုင်းအစများအဖြစ် ပြောင်းလဲသွားခဲ့လျက် နောက်ဘက်သို့ လွင့်စဉ်သွားခဲ့ကြပြီး စုမင်က အေးဆေးတည်ငြိမ်စွာ လျှောက်လှမ်း ထွက်ပေါ်လာခဲ့သည်။
သူ့နောက်မှ ကျောက်စိမ်းဓားမြှောင် ငယ်လေးသည်လည်း ပျော်ရွှင်နေဟန်ဖြင့် စူးရှသံတစ်ခုကို ပြုလုပ်လိုက်သည်။ ၎င်းသည် စုမင်ကို တစ်ပတ်ပတ်လိုက်ပြီး အလင်းတစ်ဖြာနှင့်အတူ သူ့မျက်ခုံးများ အလယ်သို့ ဝင်ရောက်လျက် ဓားအမှတ်အသားပုံစံဖြင့် ပုန်းကွယ်သွားခဲ့သည်။
ဟယ်ဖုန်းသည် ထိတ်လန့် တုန်လှုပ်နေခဲ့ပြီး အလွန်အမင်း စိတ်သောကရောက်လျက် အစေခံတစ်ဦး အသွင်ဖြင့် စုမင်နောက်မှ လိုက်ပါလာခဲ့သည်။ စုမင်၏ ရုပ်နယ်လွန်နယ်ပယ်သို့ တက်ရောက်ခဲ့သည့် အချိန် အခိုက်အတန့်တိုင်းကို သူမျက်မြင်တွေ့ခဲ့ရ သောကြောင့် ယခုအချိန်တွင် စုမင်အပေါ် သူ၏ရိုသေလေးစားမှုသည် အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
စုမင်သည် လေထဲသို့ ခြေလှမ်းလိုက်ရင်း မြေပြင်ပေါ်မှ ကောင်းကင်သို့ လျှောက်လှမ်းလိုက်သည်။ သူထိုနေရာတွင် ရပ်နေခဲ့သော်လည်း သူ့စွမ်းအားတို့ကို ရည်ရွယ်ချက်ဖြင့် လှည့်ပတ်ထားခြင်း မရှိခဲ့ပေ။ သူ့စွမ်းအားများသည် သူ့အလေးချိန်ကို လျှော့ချပေးထားဟန် တူပြီး သူသည် ကောင်းကင်နှင့် တစ်သားတည်း ဖြစ်လာဟန်ရသည်။ သူဆန္ဒရှိသလို ကောင်းကင်ထက်သို့ တက်နိုင်ချေသည်။
လေထုအလယ်မှလေသည် အလွန်အားပြင်း၍ ဖြတ်တိုက်သွားချိန်တွင် လေးတိုးသံတို့ကိုပင် ဖြစ်ပေါ်နေစေခဲ့သည်။ ၎င်းသည် စုမင်ဆံပင်တို့ကို လွင့်မျောနေစေပြီး သူ ပြန်လည် ဝတ်ဆင်ထားခဲ့သည့် အစိမ်းရောင် ဝတ်ရုံကိုလည်း လွင့်နေစေသည်။
သူ့ဦးတည်ရာ အရပ်သည် အဝေးတွင်ရှိနေသည့် ဟန်တောင်တန်း မြို့တော်ဆီသို့ ဖြစ်သည်။
သူ့မျက်ခုံးများအလယ်သို့ ညာလက်ဖြင့်ထိလိုက်ရင်း စုမင်အမူအရာမှာ တည်ငြိမ်သွားခဲ့သည်။
“ငါ့ရဲ့ မာန်အမှတ်အသားမှာ အချို့အပိုင်းတွေက ပျောက်ဆုံးနေတုန်းပဲ...”
သူ တီးတိုးရေရွတ် လိုက်မိသည်။
သူ့အိမ်ကိုအခြေခံ၍ သူ၏မာန်အမှတ်အသားကို ဆွဲသားပြီးခဲ့ချိန်တွင် သူ့အမှတ်အသားသည် ပြည့်စုံမှုမရှိကြောင်း သူနားလည်ခဲ့၏။
“ရုပ်နယ်လွန်နယ်ပယ်မှာ ငါ့ရဲ့ အမှတ်အသားကို ငါပြင်ဆင်နိုင်တယ်။ ငါ့ရဲ့ အမှတ်အသားက ပြည့်စုံသွားတဲ့ အချိန်ကျရင်တော့ ငါက ရုပ်နယ်လွန်နယ်ပယ်ရဲ့ ကြီးမြတ်သော ပြည့်စုံဆင့်ကို ရောက်လိမ့်မယ်”
သူ့မျက်ခုံးများအလယ်မှ ညာဘက်လက်ကို ဖြည်းညင်းစွာ ပြန်ချလိုက်သည်။ သူ့မျက်နှာပေါ်မှ နက်မှောင်တောင် အမှတ်အသားသည် သူ့အဝတ်များအောက်မှ သူ့အိမ်၏ အမှတ်အသားနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။
သူတို့၏ စွမ်းအားအပြည့်အဝကို အသုံးပြုခြင်းမရှိပဲနှင့် ရုပ်နယ်လွန်နယ်ပယ်မှ မာန်စွမ်းအားရှင်များသည် သူတို့၏ မာန်အမှတ်အသားတို့ကို အလွယ်တကူ ထုတ်ဖော်ပြသ ကြလိမ့်မည် မဟုတ်ပေ။
‘ငါ့ရဲ့ မာန်အမှတ်အသားအတွက် အရမ်းကြီး အလျင်လိုနေစရာ မလိုပါဘူး။ အခုတော့ ငါ အိမ်ပြန်နိုင်မယ့် မြေပုံရဖို့အတွက် အေးခဲကောင်းကင် ကလန်ကို ဝင်ရောက်ဖို့လိုတယ်’
စုမင်မျက်လုံးတို့သည် ခဏတာစူးရှသွားခဲ့ပြီး ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွားခဲ့သည်။ စုမင် ဟယ်ဖုန်းကို တစ်ချက် လှည့်ကြည့်လိုက်သည်။
စုမင် သူ့ကို လှည့်ကြည့်လိုက်ချိန်တွင် ဟယ်ဖုန်း တုန်ယင်သွားမိသည်။ သူ့မျက်နှာပေါ်တွင် မြှောက်ပင့်သည့် အမူအရာတစ်ခုကို ချက်ချင်း ပြုလုပ်လိုက်ရင်း အလျင်အမြန် ဦးညွှတ်လျက် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
“ရုပ်နယ်လွန်နယ်ပယ်ကို တက်ရောက်နိုင်ခဲ့ပြီးတော့ မင်းရဲ့ မာန်အမှတ်အသားကို ဆွဲသားနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် သခင်။ သခင် မင်းက ထူးခြားဆန်းကြယ်မှုတွေ အတွက် မွေးဖွားလာခဲ့တာ ဖြစ်ပြီးတော့ ထိတ်လန့်တုန်လှုပ်ဖွယ် အလားအလာရှိတဲ့ တောက်ပပြီး ချောမောခန့်ညားသူ တစ်ယောက်ပါ။ တစ်ချက်ကြည့်ရုံနဲ့တင် မင်းက အခြားသူတွေနဲ့ ကွဲပြားခြားနားတယ်ဆိုတာ ငါပြောနိုင်တယ်။ အနာဂတ်မှာ မင်းက အခြားသူတွေရဲ့ အထက်ကို ရောက်ရှိနိုင်မှာ ဖြစ်ပြီးတော့ တစ်ယောက်တည်းသော...”
ဟယ်ဖုန်းသည် ဤစကားများအားလုံးကို ပြောဆိုခဲ့သည်။ သူ၏ အချို့စကားလုံးများသည် သူ့အတွေးတို့ကို ဖော်ပြရန်မစွမ်းဆောင် နိုင်သော်လည်း ထိုအချိန်တွင် စုမင်အပေါ်သို့ သူ၏ ကြောက်ရွံ့မှုများသည်တော့ ယခင်နှင့် လုံးဝ ကွဲပြားခြားနားနေကြောင်း သိနိုင်လေသည်။
သူတို့အကြားရှိ စွမ်းအား ကွာခြားချက်ကြောင့် ဟယ်ဖုန်းတစ်ယောက် သူ၏အတွင်းစိတ်ထဲမှ အတွေးတို့ကို ဖုံးကွယ်လိုက်မိစေသည်။
သူစကားပြောနေစဉ် စုမင် မျက်မှောင်ကြုတ် နေသည်ကို မြင်သောအခါ ဟယ်ဖုန်းသည် စကားပြောနေရာမှ ရုတ်ခြည်း ရပ်တန့်သွားပြီး စိတ်လှုပ်ရှား သွားခဲ့ရသည်။ စုမင်ထံမှ အထင်အမြင်ကောင်းခံရရန် အခြားနည်းလမ်းတစ်ခုကို သုံးတော့မည့် အချိန်မှာပင် စုမင်စကားသံက ထွက်ပေါ်လာခဲ့သည်။
“ဒါ လုံလောက်နေပြီ။ ပြန်လာခဲ့တော့”
ဟယ်ဖုန်းသည် ချက်ချင်း ခေါင်းညိတ်လိုက်ပြီး သူ့မျက်နှာပေါ်မှ စိတ်လှုပ်ရှားနေသည့် အမူအရာသည် ရိုသေလေးစား နေဟန်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့ခန္ဓာကိုယ်သည် အစိမ်းရောင်မီးခိုးငွေ့ အစုအဝေးအဖြစ် ပြောင်းလျက် စုမင်ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်ပျောက်ကွယ် သွားလိုက်သည်။ သို့သော် ယခုအချိန်တွင် ဟယ်ဖုန်း၏ နှလုံးသားထဲ၌ စိတ်ခံစားချက်များ အမျိုးမျိုး ပြောင်းလဲနေ ခဲ့ကြောင်းကိုတော့ စုမင်မသိခဲ့ပေ။
ထိုခံစားချက်များသည် စုမင် ပိုမိုသန်မာလာခြင်းကြောင့် မဟုတ်ပဲ သူ့ကိုယ်သူကြောင့်ပင် ဖြစ်သည်။
‘ဟယ်ဖုန်း၊ မင်းငယ်ငယ်တည်းက လိုက်လျောညီထွေ နေတတ်အောင် သင်ယူထား ခဲ့တာကိုတောင် အခု ဘယ်လိုနေရမလဲဆိုတာ မေ့သွားတာလား။ ဒါက မြှောက်ပင့်ပြောရုံပဲလေ။ ဘယ်လောက် ခက်ခဲမှာမို့လို့လဲ။ ငါ ကျိန်းသေပေါက် ဒါကိုလုပ်နိုင်ပါတယ်။ ဒီကောင်လေးကိုသာ ပျော်အောင်လုပ်နိုင်ရင် ငါညှိနှိုင်းရတာ ပိုလွယ်ကူလိမ့်မယ်’
ဟယ်ဖုန်း ဆုံးဖြတ်ချက် ချလိုက်မိသည်။
‘ဒါပေမဲ့ ဒီကောင်လေးရဲ့စွမ်းအားက အခုဆိုရင် အရမ်းကိုသန်မာနေပြီ။ ဒီနှစ်တွေအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ သူ့ပြောင်းလဲမှုတွေက အရမ်းကြီးမားလွန်းတယ်။ ဟူး ... မှားယွင်းအကဲဖြတ် မိတဲ့အတွက် ငါ့ကိုယ်ငါပဲ အပြစ်တင်ရတော့မှာပေါ့။ သူ့စွမ်းအားကသာ အရမ်းသာမန် မဟုတ်ဘူးဆိုတာ ငါသိခဲ့ရင်၊ ငါ သူနဲ့လာရှုပ်မိမှာ မဟုတ်ဘူး...’
စုမင်ခန္ဓာကိုယ်အတွင်း ရှိနေစဉ်မှာပင် ဟယ်ဖုန်းသည် အနည်းငယ်တော့ စိုးရိမ်နေမိလေသည်။
‘ငါတို့ရဲ့ဆက်ဆံရေးကို တိုးတက်အောင် လုပ်ရမယ်။ မြှောက်ပင့်ပြောတဲ့ အပေါ်မှာပဲ ငါမှီခိုနေလို့ မဖြစ်ဘူး။ သူက ပိုပိုပြီး ဉာဏ်ကောင်းလာတယ်။ သိပ်မကြာခင်မှာပဲ ငါကသူ့အတွက် အသုံးဝင်တော့မှာ မဟုတ်ဘူး။ ငါ့ကိုလွယ်လွယ်ကူကူနဲ့ သွားခွင့်ပြုလိုက်ရအောင် အထိလည်း သူအဲဒီလောက်ကြင်နာမှာ မဟုတ်ဘူး ... အထူးသဖြင့်တော့ သူ့စွမ်းအားတွေက ဆက်တိုးတက်နေတဲ့ အချိန်မျိုးမှာပဲ။ ပြီးတော့ ငါ့လို ဝိညာဉ်ခန္ဓာကိုယ်မျိုးတွေကို မာန်အကြောမျှင်တွေထဲ ထည့်ပြီး သန့်စင်လိုက်မယ်ဆိုရင် အဲဒါရဲ့စွမ်းအားတွေက တိုးပွားသွားလိမ့်မယ် ဆိုတာကို သူအနှေးနဲ့အမြန် သိသွားမှာပဲ’
ထိုအကြောင်းကို တွေးလိုက်မိသည်နှင့် ဟယ်ဖုန်းသည် ချက်ချင်းဆိုသလို ထိတ်လန့်တုန်လှုပ် သွားမိသည်။
‘ငါ့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး။ ငါ့အစီအစဉ်တွေကို ပြောင်းပစ်ရတော့မယ်။ ပြီးရင် ငါကဘယ်လောက် အသုံးဝင်လဲဆိုတာ သူသိအောင်လုပ်ရမယ်...”
ဟယ်ဖုန်း တွေးတောနေစဉ်မှာပင် စုမင်သည် လေထဲတွင် အလင်းတန်း တစ်ခုအသွင်ဖြင့် သူသွားလိုရာ အရပ်ဖြစ်သည့် ဟန်တောင်တန်း မြို့တော်ဆီသို့ ဦးတည်သွားလိုက်သည်။
သူ ပြင်ဆင်မှုများအားလုံးကို ပြုလုပ်ထားခဲ့ပြီး ဖြစ်သည်။ ယခုကျန်နေသော အရာမှာ ဟန်တောင်တန်းမြို့တော်သို့ ပြန်လျက် အေးခဲကောင်းကင် ကလန်သို့ ဝင်ရောက်ရန်ပင် ဖြစ်သည်။
‘ငါဘယ်လိုပုံရှိတယ်ဆိုတာ ဟန်တောင်တန်း မြို့တော်မှာ မြင်ဖူးတဲ့ လူအနည်းငယ်ပဲ ရှိတယ်။ ငါအဲဒီမှာ ရုပ်နယ်လွန်အဆင့်ကို တက်ရောက်ခဲ့တယ် ဆိုပေမဲ့ ငါ့မျက်နှာကို ဖုံးကွယ်ထားခဲ့ပဲ။ တစ်ခါမှ ငါ့ကိုယ်ငါ မဖော်ပြခဲ့ဖူးဘူး...’
‘ဒါပေမဲ့ ငါက မော့စုဆိုတာ သိနေမယ့်လူအချို့တော့ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုမှာ ရှိတယ်။ ဒါပေမဲ့ အဲဒါက ပြဿနာတစ်ခုတော့ မဟုတ်ဘူး’
‘ဖန်းချန်းလန် ပြောခဲ့ဖူးတာ ဒီတစ်ကြိမ် အေးခဲကောင်းကင် ကလန်က ဟန်ဖေးကျစ်ကိုပဲ တပည့်အဖြစ်ခေါ်မှာတဲ့ ... ကြည့်ရတာတော့ ငါ ဝင်ရောက်ချင်တယ်ဆိုရင် အရင်အစီအစဉ်အတိုင်းပဲ လုပ်ရတော့မယ် ထင်တယ်။ ငါ့ကိုယ်ငါ ဖော်ပြပြီး သူတို့ကို ထိတ်လန့်တုပ်လှုပ် သွားအောင်ပဲ လုပ်ရမှာပေါ့’
စုမင်အမူအရာသည် တည်ငြိမ်နေခဲ့သည်။ အမှန်တကယ်တော့ ဟန်တောင်တန်းတွင် ရုပ်နယ်လွန်ခြင်းသည် သူ အေးခဲကောင်းကင် ကလန်သို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးတစ်ခုကို ဖန်တီးရန် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။
သူ တွေးတောစဉ်းစား နေစဉ်မှာပင် ဟယ်ဖုန်း၏ လေးစားမှုအပြည့်ဖြင့် အသံက သူ့နားထဲ ရောက်လာခဲ့သည်။
“သခင်၊ ငါ့မှာ နောက်ထပ်နေထိုင်ဖို့ ဂူတစ်ခုရှိသေးတယ်...”
ဟယ်ဖုန်းနှင့် ပတ်သက်၍ စိတ်ရှုပ်ခံမနေပဲ စုမင် ရှေ့သို့သာ ဆက်သွားနေခဲ့သည်။
“အမ် ... သခင်၊ မင်းရုပ်နယ်လွန် နယ်ပယ်ကို ရောက်နိုင်ခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ ငါ မင်းကို အဲဒါနဲ့ဂုဏ်ပြုဖို့ ဆုံးဖြတ်ထားခဲ့တာပါ ... လိုဏ်ဂူထဲမှာ ဘာမှတော့ များများစားစား မရှိပါဘူး ကျောက်ဒင်္ဂါးလေး နည်းနည်းပါပဲ။ ငါအဲဒါတွေကို အတိတ်မှာတုန်းက နည်းလမ်း အမျိုးမျိုးသုံးပြီး ရခဲ့တာ...”
စုမင် သူ့ကိုဆက်၍ လျစ်လျူရှုထားခဲ့သည်။ ဟန်တောင်တန်း မြို့တော်ရှိရာအရပ်သို့ လှမ်းကြည့်လိုက်ရင်း သူ့အရှိန်နှုန်းက ပိုမိုမြန်ဆန်လာခဲ့သည်။
ဟယ်ဖုန်းသည် ခဏတာစောင့်ဆိုင်းနေ ခဲ့သော်လည်း စုမင်က စိတ်မဝင်စားသေးသည်ကို မြင်လျှင် အက်ကွဲစွာ ရယ်မောလိုက်ရင်း အံကြိတ်လိုက်မိ၏။
“သခင်၊ အဲဒါက လိုဏ်ဂူတစ်ခုတည်း မဟုတ်ပါဘူး။ ငါ့မှာ လိုဏ်ဂူနှစ်ခုရှိတာ ... အဲဒီလိုဏ်ဂူတွေထဲမှာ ကျောက်ဒင်္ဂါးတွေကို ဝှက်ထားတာပါ...”
“သုံးခု သခင်၊ ငါ့မှာ လိုဏ်ဂူသုံးခုရှိတာပါ”
“လေးခု ... သခင်၊ ငါ့မှာ လိုဏ်ဂူလေးခုပဲ ကျန်တော့တာပါ”
ဟယ်ဖုန်းသည် ဆက်ပြောနေရင်းမှ ပိုမိုစိုးရိမ်လာ ခဲ့မိသည်။
“အဲဒါ ဘယ်နေရာမှာလဲ”
စုမင် ရှေ့ဆက်သွားနေရင်းမှ ဖြည်းဖြည်းချင်း မေးလိုက်သည်။
ထိုမေးခွန်းကို ကြားလိုက်ရသောအခါ သူ့ပခုံးပေါ်သို့ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု ရောက်ရှိလာသည်ဟု ဟယ်ဖုန်း ခံစားလိုက်ရသည်။ သို့သော် သူ့နှလုံးသား နာကျင်သွားရုံမှလွဲ၍ ဘာမှမတတ်နိုင်ချေ။ သူတို့အကြားမှ ဆက်ဆံရေးကို တိုးတက်အောင်လုပ်ရန် လိုအပ်နေသေးသည်ပင်။
စုမင်ထံမှ အထင်အမြင်ကောင်း ခံရရန်အတွက် တည်နေရာတို့ကို သူလျင်မြန်စွာ ထုတ်ဖော်ပြောဆို လိုက်သည်။
‘သူသာ ကျောက်ဒင်္ဂါးတွေကို မြင်တာနဲ့ သေချာပေါက်ကို ထိတ်လန့်တုန်လှုပ် သွားရလိမ့်မယ်။ ပြီးရင် ငါအဲဒါတွေကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲလို့ မေးလိမ့်မယ်။ အဲဒီအချိန် ရောက်လာရင်တော့၊ ငါက ဘယ်လောက် အသုံးဝင်ကြောင်း သူ့ကိုပြလို့ရမယ့် ငါအလှည့်ပဲ’
ဟယ်ဖုန်းသည် ထိုအကြောင်းကို တွေးတောလိုက်မိပြီး တဖြည်းဖြည်း စိတ်ကျေနပ်သွားခဲ့သည်။
***