← Chapters

စိတ်ဒဏ်ရာများပျောက်ကင်းသွားသောပိုင်ကျုံး

Vol. 44 Ch. 611

စိတ်ဒဏ်ရာများပျောက်ကင်းသွားသောပိုင်ကျုံး

Vol. 44 Ch. 611

သလင်းကျောက် မျက်နှာပြင်ပေါ်တွင် ရှင်းထျန်း၏ ခန္ဓာကိုယ်မှာ ဖြည်းညင်းစွာ မှေးမှိန်လာပြီး အလုံးစုံ ပျောက်ကွယ်သွားတော့သည်။

အဖြူရောင် ဝတ်စုံနှင့် ချောမောခန့်ညားသော လူငယ်တစ်ဦးသာ ကျန်ရစ်ခဲ့သည်။

ကျောင်းသားများအားလုံး မိန်းမောနေပြီး ထိုလူငယ်လေးအား မျက်စိရှေ့မှောက်၌ပင် သြဇာအာဏာ ကြီးမားလာသလို ခံစားလိုက်မိကြသည်။

"အန်လင်း တကယ်နိုင်သွားတာလား။ ငါအိမ်မက်မက်နေတာတော့ မဟုတ်ဘူးမလား။"

"အင်း.....ကြည့်ရတာ တကယ်နိုင်သွားပုံပဲ။ အဲ့ဒါဆို ရှင်းထျန်းက ရှုံးသွားပြီပေါ့။"

"နတ်ဘုရားအန်က သောက်ရမ်းကြမ်းတာ သိပေမယ့် အခုတော့ ပိုပြီးအထင်ကြီးမိသွားပြီ။"

"ဘုရားရေ....ဒါက စံချိန်အသစ်ပဲ။ အန်လင်းက အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်အတွက် တသက်စာ စံချိန်အသစ် တင်လိုက်ပြီ။"

"ငါတို့က ဒဏ္ဍာရီတွင်မယ့် တိုက်ပွဲတစ်ခုကို ကြည့်ခဲ့ရတာပဲ။"

...........

ကျောင်းသားများအားလုံးမှာ တက်ကြွစွာ ဆွေးနွေးဝေဖန်နေပြီး ထန်းရှီမန်မှာလည်း ခံစားချက်များစွာနှင့် သက်ပြင်းချမိသည်။

"ငါရော အခုထက်ပိုပြီး ရည်မှန်းချက် မြင့်မြင့်ထားရမလား။ နောက်နှစ်ကြရင် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ရဲ့ ရှစ်ဆယ့်တစ်ထပ်အထိ ရောက်အောင်လုပ်ရင် ကောင်းမလား။"

သူတိုးညင်းစွာ ရေရွတ်နေသည်။

ရွှမ်းယွမ်ချန် ထန်းရှီမန်အားကြည့်ကာ ကူကယ်ရာမဲ့စွာ အကြံပေးလိုက်သည်။

"စီနီယာ ရည်မှန်းချက်ဆိုတာ တကယ်မြင့်မြင့်ထားသင့်တယ်။ အဲ့ဒါမှပိုပြီး ကြိုးစားချင်စိတ် ဖြစ်မှာလေ။"

"အဲ့လိုလား.....ငါကတော့ ရည်မှန်းချက် မြင့်မြင့်ထားရင် ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဖြစ်လာမှာ မဟုတ်ဘူးဆိုပြီး ဘာမှကို မလုပ်ချင်တော့တာ။"

ထန်းရှီမန်သည် ရွှမ်းယွမ်ချန်နှင့် အမြင်တူပုံ မရပေ။

"အဲ့လိုလား။ အဲ့ဒါဆို အနည်းဆုံး စုချန်းရန်လောက် ရောက်အောင်လုပ်ပါလား။ သူမက အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ရဲ့ ရှစ်ဆယ့်လေးထပ်ကို နိုင်ခဲ့တာလေ။ စီနီယာရော နောက်နှစ်ကြရင် အဲ့လောက်မရောက်နိုင်ဘူးလား။"

ရွှမ်းယွမ်ချန် အကြံပြုကြည့်သည်။

"မဖြစ်ဘူး.....မဖြစ်ဘူး။ သူမနဲ့ ယှဉ်လို့မရဘူး။ စုချန်းရန်က စစ်မှန်တဲ့ယင်းခန္ဓာကို ပိုင်ဆိုင်ထားတာလေ။ သူမရဲ့ ပါရမီကလည်း အရမ်းကောင်းတယ်။ အဲ့ဒါအပြင် ကျင့်ကြံရေးကလည်း စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်ကိုရောက်ဖို့ ခြေလှမ်းတဝက်ပဲ လိုတော့တယ်။ ဘာပဲဖြစ်ဖြစ် ငါ့အတွက် မြင့်လွန်းတယ်။"

ထန်းရှီမန် ခေါင်းခါသည်။

ရွှမ်းယွမ်ချန် ပြောစရာ စကားများ ပျောက်ရှသွားရပြီး တစ်ချိန်တည်းမှာပင် ထန်းရှီမန် အသုံးမကျ ဖြစ်နေသော အကြောင်းအရင်းကို နားလည်သွားသည်။

ထို့နောက် ရုတ်ချည်းဆိုသလို အတွေးတစ်ခု ဝင်ရောက်လာသည်။

"နေပါဦး....စုချန်းရန်က အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ရဲ့ ရှစ်ဆယ့်လေးထပ်မြောက်ကို နိုင်ပြီးပြီလေ။ အခုထိ အဲ့မှာဘာလုပ်နေတာလဲ။"

ထန်းရှီမန်သည်လည်း ရှစ်ဆယ့်လေးထပ်မြောက်အား ပြသနေသော သလင်းကျောက် မျက်နှာပြင်ကို လှမ်းကြည့်လိုက်သောအခါ အူကြောင်ကြောင်လေး ဖြစ်နေသော ကောင်းကင်နတ်မိမယ်လေးတစ်ပါးကို တွေ့လိုက်ရသည်။

"အာ.....တားမြစ်ဧရိယာရဲ့ အစောင့်အရှောက်က သူမကို မေ့သွားတာများလား။ မင်းသာမပြောရင် ငါတောင်မေ့နေတော့မလို့။"

ထန်းရှီမန် စကားဆိုလိုက်သည်။

"ပြောတော့မပြောချင်ပေမယ့် ကြည့်ရတာ စီနီယာ ပိုင်ကျုံးက သူမကို တကယ်မေ့နေပုံပဲ။"

ပိုင်ကျုံးမှာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကိုးဆယ့်ရှစ်ထပ်မြောက်သို့ ရောက်ရှိနေခြင်းပင်။

သူသည် နှလုံးသားထဲမှ အံ့အားသင့်မှုများကို ဖိနှိပ်ကာ ပြုံးပြလိုက်သည်။

"အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ရဲ့ ကိုးဆယ့်ရှစ်ထပ်မြောက်ကို အနိုင်ယူပြီး စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်ရဲ့ တသက်စာ စံချိန်ကို ချိုးဖြတ်သွားတဲ့အတွက် ကျောင်းသားအန်လင်းကို ဂုဏ်ယူပါတယ်။ မနက်ဖြန်ကြရင် ဒီသတင်းကို တစ်ကျောင်းလုံးသိအောင် ကြေညာပေးပါ့မယ်။"

"ကျွန်တော်က အောင်မြင်ကျော်ကြားမှုတွေကို စိတ်မဝင်စားဘူး။"

အန်လင်း တည်တည်ငြိမ်ငြိမ် တုံ့ပြန်သည်။

ပိုင်ကျုံး: "......"

သူလည်ချောင်းရှင်းကာ စကားဆက်လိုက်သည်။

"ကိုးဆယ့်ရှစ်ထပ်မြောက်ကို နိုင်သွားတဲ့အတွက် ကျောင်းတော်ကနေ အရမ်းတန်ဖိုးရှိတဲ့ ဆုလာဘ်တွေ ပေးအပ်လိမ့်မယ်။ တချို့ဆုလာဘ်တွေက ငါ့အတွက်တောင် မက်မောစရာပဲ။"

အန်လင်း လက်ခါပြလိုက်ပြန်သည်။

"အဲ့ဒါလည်း အရေးမကြီးပါဘူး။ ကျွန်တော် ကိုးဆယ့်ကိုးထပ်ကို သွားလို့မရသေးဘူးလား။ ကျွန်တော့်ရဲ့ ရည်မှန်းချက်က အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် တစ်ခုလုံးကို အနိုင်ရဖို့ပဲ။"

ပိုင်ကျုံး မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားရသည်။

ဒီကျောင်းသားက ငါ့ကိုတကယ် စိတ်အနှောင့်အယှက် ပေးနိုင်လွန်းတယ်.....

"ဒါပေါ့ မင်းသွားလို့ရပါတယ်။ ဒါပေမယ့် ကိုးဆယ့်ကိုးထပ်မြောက်က ထူးခြားတယ်။ အဲ့ဒါကြောင့် စိန်ခေါ်မှု မလုပ်ခင် မင်းရဲ့ အကောင်းဆုံး အခြေအနေ ပြန်ရောက်အောင် ဆေးလုံးတွေ သုံးလို့ရတယ်။ မင်းရဲ့သိုလှောင်လက်စွပ် ကန့်သတ်ချက်ကို ငါအခုဖယ်ပေးမယ်။"

ပိုင်ကျုံး ပြောပြလိုက်သည်။

အန်လင်း ခေါင်းညိတ်ပြသည်။ တိုက်ပွဲအတွင်း ကြီးကြီးမားမား ထိခိုက်မှုများ မဖြစ်ခဲ့ပါသော်လည်း စွမ်းအင်များအားလုံး ကုန်ခမ်းသွားသည့်အတွက် ယခုကဲ့သို့ ခွင့်ပြုပေးသည်မှာ ကောင်းသောအရာပင် ဖြစ်သည်။

သူသည် သွေးဝိဉာဉ်ဆေးလုံးအား သောက်သုံးလိုက်ပြီးနောက် တရားထိုင်လိုက်သည်။

ပိုင်ကျုံး စိတ်သက်သာရာရကာ သက်ပြင်းချရင်း အန်လင်းကိုကြည့်ကာ ပျော်ရွှင်နေမိသည်။

ထိပ်တန်းအဆင့် ပါရမီရှင်တစ်ဦး ပေါ်ပေါက်လာသောကြောင့် ကောင်းကင်ဘုံခုံရုံး၏ အဖွဲ့ဝင်အဖြစ် သူအမှန်တကယ် စိတ်ကျေနပ်ရသည်။

ဒဏ္ဍာရီလာတိုက်ပွဲ ပြီးဆုံးသွားပြီ ဖြစ်သောကြောင့် ပိုင်ကျုံး၏ စိတ်နှလုံးမှာလည်း အတော်ပင် တည်ငြိမ်နေလေပြီ။ ထိုအချိန်မှာပင် တစ်စုံတစ်ခုကို သတိရလိုက်သည်။

သေစမ်း.....နောက်ထပ် စမ်းသပ်ခံ သုံးယောက်.....

ထိုအတွေးကြောင့် ပိုင်ကျုံး ချွေးပျံသွားရသည်။

တားမြစ်ဧရိယာ၏ အစောင့်အရှောက် အနေဖြင့် စမ်းသပ်ခံများအား မေ့လျော့နေသည်မှာ တာဝန်မကျေပွန်ခြင်းပင်။

ပိုင်ကျုံး အံ့ဖွယ်အာရုံအား ဖြန့်ကြက်လိုက်ပြီးနောက် အမူအရာ ပြောင်းလဲသွားကာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ရှစ်ဆယ့်လေးထပ်သို့ ရုတ်ချည်းရောက်ရှိသွားသည်။

"ရှင်ဘာလို့ အရမ်းနောက်ကျနေတာပဲ။"

စုချန်းရန် မျက်နှာတစ်ခုလုံး စူပုတ်နေသည်။

"ကျွန်မ စွန့်ပစ်ခံလိုက်ရပြီ ထင်နေတာ။"

ပိုင်ကျုံး လျင်မြန်စွာ နှစ်သိမ့်ပေးလိုက်သည်။

"တောင်းပန်ပါတယ်။ အရေးကြီး ဖြေရှင်းစရာလေးတွေ ရှိနေလို့ပါ။"

"ဘာအရေးကြီး ဖြေရှင်းစရာတွေလဲ။"

စုချန်းရန်မှာ ဒေါသထွက်နေကြောင်း သိသာလှသည်။

"အဲ့ဒါက....."

ပိုင်ကျုံး အခက်တွေ့နေသည်။ သူနှင့်စုချန်းရန်တို့၏ တွေ့ဆုံမှုသည် သလင်းကျောက် မျက်နှာပြင်ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်နေမည် ဖြစ်သောကြောင့် လိမ်ညာပြောဆိုခဲ့ပါက သူ၏ဂုဏ်သိက္ခာ ထိခိုက်သွားရပေလိမ့်မည်။

နေပါဦး.....ငါ့မှာ ဂုဏ်သိက္ခာရော ကျန်သေးလို့လား.....

အန်လင်း တိုက်ပွဲကို ကြည့်ဖို့အတွက်နဲ့ တခြားစမ်းသပ်ခံတွေကို မေ့နေခဲ့တာလေ....အဲ့တည်းက ငါ့ဂုဏ်သိက္ခာက ရေစုန်မျောသွားလောက်ပြီ....

ပိုင်ကျုံး သွေးအန်ချင်လာသည်။ သူသည် အလုပ်အလွန်ကြိုးစားသော အစောင့်အရှောက်တစ်ဦး ဖြစ်ခဲ့ပါသော်လည်း ယခုတွင်မူ မည်သည့်ကောင်းကွက်မှ မကျန်တော့ပေ။

"အဟမ်း.....အရေးကြီး ဖြေရှင်းစရာက အန်လင်းနဲ့ ရှင်းထျန်းရဲ့ တိုက်ပွဲကို စောင့်ကြည့်နေရတာပဲ။ သူတို့တိုက်ပွဲက ဘယ်လောက်ကြမ်းမလဲ မင်းခန့်မှန်းလို့ ရမှာပါ။ သူတို့တိုက်ခိုက်တာက အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် ပြိုကျတော့မလိုထိ အန္တရာယ် ရှိလာလို့ သေသေချာချာ ထိန်းသိမ်းဖို့အတွက် တိုက်ပွဲကို စောင့်ကြည့်နေခဲ့ရတာ။"

ပိုင်ကျုံး ရှင်းပြလိုက်သည်။

စုချန်းရန် : "......"

စုချန်းရန်၏ အိမ်မက်ဆန်သော အပြာရောင် မျက်ဝန်းလဲ့လဲ့များသည် ပိုင်ကျုံးအား စူးစိုက်ကြည့်ရှုနေပြီး ကြွေရုပ်ကလေးနှင့်တူသော သူမ မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ ရှိမနေပေ။

ပိုင်ကျုံးမှာ ထိုအကြည့်ကြောင့် အသက်ရှူကြပ်လာသလို ခံစားလိုက်ရသည်။

စုချန်းရန် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် စကားဆိုလိုက်သည်။

"ရှင့်ကို တာဝန်ယူတတ်တဲ့ အဖိုးကြီးလို့ ထင်ခဲ့တာ။ ကြည့်ရတာ ကျွန်မ မှားသွားပုံပဲ။"

ခရက်....

ပိုင်ကျုံးမှာ နှလုံးသား တစ်ခုလုံး အက်ကွဲသွားသံကို ကြားလိုက်ရသည်။ ချီးကျူးခဲ့ဖူးသော ကျောင်းသူ၏ အထင်သေးခြင်းကိုပင် ခံနေရသောကြောင့် သွေးအန်ချင်လာမိသည်။

သူလဲကျသွားတော့မလို ဒယိမ်းဒယိုင် ဖြစ်သွားသည်။

မကောင်းသော အတွေးများ၊ ခံစားချက်များ ဝင်ရောက်လာပြန်သည်။

"ရှင်က အန်လင်း တိုက်ပွဲကိုကြည့်ဖို့ တခြားသူတွေကို မေ့ထားတယ်ဆိုတော့ တကယ်စိတ်ဝင်စားစရာပဲ။ ရှင်က စည်းကမ်းတင်းကြပ်ပြီး ပျင်းစရာကောင်းတဲ့ အဖိုးကြီးတော့ မဟုတ်ပါဘူး။ သဘောကျတဲ့အရာကို သေချာအာရုံစိုက်တဲ့လူမျိုး ဖြစ်မယ်။ ကျွန်မကတော့ အဲ့ဒါကို အရမ်းမိုက်တယ်လို့ထင်တယ်။"

စုချန်းရန် နွေးထွေးစွာ ပြုံးပြသည်။

နေရောင်ခြည်မှာ သူမ၏ မျက်နှာပေါ် ကျရောက်နေသောကြောင့် ထိုအပြုံးမှာ ပိုမိုတောက်ပနေသယောင်။

ပိုင်ကျုံးမှာ နတ်သမီးလေးတစ်ပါးကို တွေ့နေရသလို ခံစားလိုက်မိသည်။

သဘောကျတဲ့အရာကို သေချာအာရုံစိုက်တဲ့လူမျိုး.....ငါက အရမ်းမိုက်တယ်.....

သူ၏အမှားအား ထိုသို့ပြောလာသူကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းပင်။ ထို့အပြင် သူမ၏ ပုံစံအရ စိတ်ရင်းအတိုင်း ပြောနေခြင်းဖြစ်ပြီး မရိုးသားသော အရိပ်အယောင် အနည်းငယ်မျှ ရှိမနေပေ။

ပိုင်ကျုံး မျက်ရည်များ ဝဲလာတော့သည်။

သူ၏စိတ်ဒဏ်ရာများ ကောင်းမွန်သွားလေပြီ။

"မင်းကတကယ် ကြင်နာတတ်တဲ့ ကလေးမပဲ။ ငါမင်းကို ဒီကခေါ်ထုတ်သွားပါ့မယ်။"

ပိုင်ကျုံး၏ အသံများ တုန်ရီနေသည်။

"ဟုတ်ကဲ့။"

စုချန်းရန် ခေါင်းညိတ်ပြကာ မေးမြန်းလိုက်သည်။

"ဒါနဲ့ တိုက်ပွဲကို အန်လင်း နိုင်သွားတယ်မလား။"

ထိုစကားကြောင့် ပိုင်ကျုံး အံ့သြသွားရသည်။

"မင်းဘယ်လိုသိတာလဲ။"

"ဟီးဟီး.....သူက အရမ်းသန်မာတယ်လေ။ သူနိုင်မယ်လို့ ထင်ပြီးသားပါ။ အဲ့တိုက်ပွဲကို ကျွန်မကို ပြန်ပြောပြလို့ ရမလားဟင်။"

စုချန်းရန် ယဉ်ကျေးစွာ တောင်းဆိုသည်။

တကယ်ကို ချစ်စရာကောင်းတဲ့ ကလေးမပဲ.....

ပိုင်ကျုံးမှာ နှလုံးသားများ အရည်ပျော်နေသည်။

"ဒါပေါ့။ ဒီကနေ ခေါ်သွားပြီးရင် တိုက်ပွဲအကြောင်း ပြန်ပြောပြမယ်လေ။"

All Chapters