အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
အခန်း ၇၃- နတ်ဘုရားအဆင့် သိမြင်နားလည်မှု ကောင်းချီး အဆုံးသတ်ခြင်း၊ လက်သီးအနှစ်သာရ အကြီးအကျယ် တိုးတက်လာခြင်း
ခဏတာ စဉ်းစားပြီးနောက် လင်းချန်သည် သူ၏နှလုံးသားထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
သူသည် အစစ်အမှန် အနှစ်သာရသုံးမျိုးကို သိမြင်နားလည်ထားရာ ယခုအခါ ဓားအနှစ်သာရသည် မူလဓားစွမ်းအားအဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ဖရိုဖရဲအနှစ်သာရသည်လည်း ၅၀ ရာခိုင်နှုန်း သိမြင်နားလည်မှုမှ ပြီးပြည့်စုံခြင်းအဆင့်အထိ ထိုးတက်သွားခဲ့ပြီး ပြီးပြည့်စုံသော ဖရိုဖရဲအနှစ်သာရကို ရရှိခဲ့၏။
သို့ဆိုလျှင် ကျန်ရှိနေသေးသော အစစ်အမှန် အနှစ်သာရ တစ်မျိုးကိုလည်း လျစ်လျူရှုထား၍ မဖြစ်ပေ။
လက်သီးအနှစ်သာရ...။
ဤအစစ်အမှန် အနှစ်သာရအကြောင်း ပြောရလျှင် ၎င်းသည် လင်းချန်က ဖရိုဖရဲ လက်သီးနှင့် ဖရိုဖရဲ လက်ဝါးကဲ့သို့သော နတ်ဘုရားစွမ်းရည်များကို အသုံးပြုနိုင်ရန် အထူးတလည် သိမြင်နားလည်ထားခဲ့ခြင်း ဖြစ်သည်။
သူ့အတွက် လက်သီးအနှစ်သာရကို သိမြင်နားလည်ရန်မှာ မခက်ခဲလှပေ။ အလွန် ရိုးရှင်းသည်ဟုပင် ဆိုနိုင်ပေသည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ကပင် ၎င်းသည် ၆၀ ရာခိုင်နှုန်း သိမြင်နားလည်မှုအဆင့်သို့ ရောက်ရှိနေခဲ့ပြီးသားဖြစ်သည်။ နတ်ဘုရားအဆင့် သိမြင်နားလည်မှု ကောင်းချီး၏ ကျန်ရှိနေသော အချိန်နှင့်ဆိုလျှင် လက်သီးအနှစ်သာဪကို ပြည့်စုံခြင်းအဆင့်အထိ သိမြင်နိုင်မည်လော။
လင်းချန်သည် ဤပန်းတိုင်အသစ်ကို အောင်မြင်နိုင်မလားဆိုသည်ကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
“ဟူး...”
နောက်ထပ်တစ်ကြိမ် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် လင်းချန်သည် သူ၏ မျက်လုံးများကို ပြန်မှိတ်လိုက်ကာ တစ်စက္ကန့်မျှပင် အချိန်မဖြုန်းဘဲ သိမြင်နားလည်မှုများထဲသို့ ချက်ချင်း နစ်မြုပ်သွားခဲ့သည်။
နတ်ဘုရားအဆင့် သိမြင်နားလည်မှု ကောင်းချီးအောက်တွင် လက်သီးအနှစ်သာရကို သိမြင်ခြင်း... စတင်လိုက်ပြီဖြစ်သည်။
ဝူးးးး
လေးလံပြီး အားကောင်းလှသော အရှိန်အဝါတစ်ခုသည် လင်းချန်၏ ခန္ဓာကိုယ်ပေါ်တွင် တိတ်တဆိတ် ပေါ်ထွက်လာခဲ့သည်။ ၎င်းသည် ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင်သာ ပေါ်ပေါက်လာပြီး အဝေးသို့ ပျံ့နှံ့သွားခြင်း မရှိပေ။ ဤအရှိန်အဝါသည် အလွန်လေးလံလှပြီး အလွန်တည်ငြိမ်ကာ လုံခြုံစိတ်ချရသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။
၎င်းသည် ဖရိုဖရဲအနှစ်သာရကဲ့သို့ အရာအားလုံးကို လွှမ်းခြုံထားပြီး ဆန်းကြယ်နေခြင်းမျိုး မဟုတ်သလို ဓားအနှစ်သာရကဲ့သို့ ထက်ရှပြီး ဘာကိုမဆို ပိုင်းဖြတ်နိုင်သည့် စွမ်းအားမျိုးလည်း မဟုတ်ပေ။ ၎င်းသည် လေးလံတည်ငြိမ်ရုံသာဖြစ်ပြီး ထူးခြားချက် တစ်စုံတစ်ရာမရှိဘဲ သာမန်ကာလျှံကာဟုသာ ထင်ရ၏။
သို့သော် တစ်စုံတစ်ဦးက ထိုသို့သာ အမှန်တကယ် ထင်မြင်မိပါက ၎င်း၏ အစွမ်းကို ကောင်းကောင်းသိသွားစေရမည်ဖြစ်သည်။
လက်သီးအနှစ်သာရသည် သာမန်ဟု ထင်ရသော်လည်း ၎င်း၏ စွမ်းအားကို အတွင်း၌ ထိန်းချုပ်ထားခြင်းဖြစ်ကာ ပုံမှန်အားဖြင့် မျက်စိကျစရာ ဘာမှမရှိပေ။ သို့သော် ၎င်းကို အမှန်တကယ် လှုပ်နှိုးပြီး ထုတ်ဖော်လိုက်သည့် အခါမှသာ ၎င်း၏ စွမ်းအားကို သိရှိနိုင်မည်ဖြစ်သည်။
အချိန်ကုန်ဆုံးလာသည်နှင့်အမျှ လင်းချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော လက်သီးအနှစ်သာရ၏ လေးလံသည့် အရှိန်အဝါမှာ ပိုမိုထင်ရှားလာ၏။ နောက်ပိုင်းတွင် ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါ၏ အရိပ်အယောင်များပင် စတင်ပေါ်ပေါက်လာခဲ့တော့သည်။
ထိုအရာမှာ အစွန်းရောက် ဖျက်ဆီးခြင်းနှင့် အစွန်းရောက် ချေမှုန်းခြင်းတို့ပင် ဖြစ်သည်။
၎င်းတို့သည် မူလလေးလံမှုစွမ်းအားနှင့်အတူ လုံးဝကွဲပြားခြားနားသော အစွန်းနှစ်ဖက်ကို ဖန်တီးလိုက်ကြ၏။ ဤသည်မှာ လက်သီးအနှစ်သာရအပေါ် သိမြင်နားလည်မှု ပိုမိုနက်ရှိုင်းလာခြင်းဖြစ်ကာ လက်သီးအနှစ်သာရအတွက် ပန်းတိုင်သစ်တစ်ခုကို ထိုးဖောက်လိုက်ခြင်းပင်။
ဝှီး....။
တုန်ခါသံတစ်ခုနှင့်အတူ လက်သီးအနှစ်သုရ၏ အရှိန်အဝါမှာ မြင့်တက်လာပြီး ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း သိမြင်နားလည်မှုသို့ ထိုးထွက်သွားခဲ့သည်။ လင်းချန်သည် စိတ်လှုပ်ရှားခြင်းမရှိဘဲ သူ၏ စိတ်ခံစားမှုကို ငြိမ်သက်နေသော ရေကန်တစ်ခုကဲ့သို့ ထားရှိကာ လက်သီးအနှစ်သာရကို ဆက်လက်၍ ကြိုးစားအားထုတ်ကာ ဆင်ခြင်သုံးသပ်နေခဲ့သည်။
နတ်ဘုရားအဆင့် သိမြင်နားလည်မှု ကောင်းချီး၏ အချိန်မှာ တဖြည်းဖြည်း နည်းပါးလာသည်နှင့်အမျှ လက်သီးအနှစ်သာရ၏ အရှိန်အဝါမှာလည်း ပိုမိုအားကောင်းလာသည်။ လေးလံသည့် ခံစားချက်မှာ အစအနမကျန် ပျောက်ကွယ်သွားသလို တည်ငြိမ်သည့် ခံစားချက်မှာလည်း မရှိတော့ပေ။
ယခု လက်သီးအနှစ်သာရမှာ ဓားအိမ်ထဲမှ ထွက်လာသော ထက်မြက်သည့် စစ်ဓားတစ်လက်ကဲ့သို့ပင် ဖြစ်သည်။ ၎င်းသည် သူ၏ အစွမ်းကို ဖုံးကွယ်မထားတော့ဘဲ စွမ်းအားများကို အထိန်းအကွပ်မဲ့စွာ ပွင့်လန်းနေလိုက်တော့လေသည်။
ဝှီး...။
နောက်ထပ် အသံတစ်သံ မြည်ဟည်းလာပြန်၏။
လက်သီးအနှစ်သာရ၏ သိမြင်နားလည်မှုအဆင့်မှာ တစ်ဖန် နက်ရှိုင်းလာပြီး ၈၀ ရာခိုင်နှုန်းသို့ မြင့်တက်သွားခဲ့သည်။
ယခင်အတိုင်းပင် လင်းချန်၏ စိတ်လှုပ်ရှားမှုမှာ တုန်လှုပ်ခြင်းမရှိဘဲ နတ်ဘုရားအဆင့် သိမြင်မှု ကောင်းချီး၏ ကျန်ရှိနေသော အချိန်ကို အပြည့်အဝ အသုံးချနေခဲ့သည်။
၁၅ မိနစ်...။
နတ်ဘုရားအဆင့် သိမြင်နားလည်မှု ကောင်းချီးအတွက် နောက်ဆုံး ၁၅ မိနစ်သာ ကျန်ရှိတော့သည်။
ထိုအချိန်တွင် လက်သီးအနှစ်သာရ၏ သိမြင်မှုမှာ မူလ ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းသို့သာ ရောက်ရှိသေးသည်။ သူ အလွယ်တကူ သိမြင်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော လက်သီးအနှစ်သာရကို ကျန်ရှိသည့် ၁၅ မိနစ်အတွင်း ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်အောင် ဆွဲတင်နိုင်ပါ့မလားဆိုသည်ကို လင်းချန် ကိုယ်တိုင်လည်း မသေချာတော့ပေ။
သို့သော် ယခုအခါတွင်မူ သူ အစွမ်းကုန် ကြိုးစားရန်သာ ရှိတော့ပြီး ကျန်သည်ကိုတော့ ကံကြမ္မာအတိုင်းသာ လွှတ်ထားလိုက်ရတော့မည်။ လက်သီးအနှစ်သာရ၏ သိမြင်နားလည်မှုသည် နောက်ဆုံးတွင် မည်သည့်အဆင့်အထိ ရောက်ရှိသွားမည်ကို ရလဒ်ထွက်ပေါ်လာသည့် အခါမှသာ သိရှိရမည်ဖြစ်သည်။
အချိန်များ ကုန်ဆုံးသွားခဲ့ပြီး ၁၅ မိနစ် ပြည့်မြောက်သွားခဲ့ပြီဖြစ်သည်။
နောက်ဆုံးတွင် နတ်ဘုရားအဆင့် သိမြင်မှု ကောင်းချီး၏ ၆ နာရီခန့်အချိန်သည် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လင်းချန်သည် သူ၏ စိတ်အာရုံမှာ မည်သည့်ကောင်းချီးမှ မရှိတော့သော မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်ကို ခံစားလိုက်ရသည်။ အနည်းငယ်မျှ စဉ်းစားလိုက်ရုံဖြင့် အဆုံးမရှိသော အမြင်သစ်များ ပေါ်ထွက်လာသည့် ခံစားချက်မှာ တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့သည်။
နတ်ဘုရားအဆင့် သိမြင်မှု ကောင်းချီးပေးသည့် အချိန်ကုန်ဆုံးသွားပြီဖြစ်ကြောင်းနှင့် နတ်ဘုရားအဆင့် သိမြင်နားလည်မှု ပျောက်ဆုံးသွားပြီဖြစ်ကြောင်း သူ သိလိုက်တော့သည်။
လင်းချန်သည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် နောင်တရိပ်အယောင်အချို့ ယှက်သန်းသွားကာ စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။
“ငါ့မှာ အချိန်နည်းနည်းလောက်သာ ပိုရှိခဲ့ရင် လက်သီးအနှစ်သာရရဲ့ သိမြင်မှုက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်သွားမှာ သေချာတယ်...။”
နောက်ဆုံးတွင် လက်သီးအနှစ်သာရ၏ သိမြင်နားလည်မှုမှာ ပြီးပြည့်စုံခြင်းအဆင့်သို့ အမှန်တကယ် မရောက်ရှိနိုင်ခဲ့ပေ။ လွန်ခဲ့သော ၁၅ မိနစ်က ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်း သိမြင်နားလည်မှုသို့သာ ထိုးဖောက်နိုင်ခဲ့ပြီး ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိရန် လမ်းစအချို့ ကျန်ရှိနေသေးသည်။
လင်းချန်သည် မတ်တတ်ရပ်ကာ ခေါင်းကို အသာခါယမ်းလိုက်ပြီး အကြောဆန့်ထုတ်လိုက်သည်။
“ဘိုးဘေးနယ်မြေမှာ လက်မှတ်ထိုးဝင်တာ ပြီးဆုံးသွားပြီ။ ဒီနတ်ဘုရားအဆင့် သိမြင်နားလည်မှု ကောင်းချီးက ငါ့ရဲ့ စွမ်းအားတွေကို တော်တော်လေး မြှင့်တင်ပေးနိုင်ခဲ့တယ်။ နောက်ထပ် တခြားအရာတွေ လုပ်ဖို့ အချိန်တန်ပြီ။”
ယခုတစ်ကြိမ် လက်မှတ်ထိုးဝင်ခြင်းက သူ၏ အတွင်းတံခါးရှစ်ခုကျင့်စဉ်ကို သိသိသာသာ တိုးတက်စေခဲ့သည်။ တံခါးရှစ်ခုအနက် ဒုတိယမြောက်တံခါးဖြစ်သော အနားယူခြင်းတံခါး ပွင့်သွားခဲ့ပြီး ၎င်းက သူ၏ တိုက်ခိုက်ရေးစွမ်းရည်တစ်ခုလုံးကို နှစ်ဆ မြှင့်တင်ပေးနိုင်သည်။
သွမ့်ကျား နတ်ဘုရားစွမ်းရည်သည်လည်း ကနဦး မိုင်တစ်သောင်း ရွှေ့ပြောင်းနိုင်စွမ်းမှ မိုင်တစ်သန်းအထိ ခုန်တက်သွားခဲ့၏။
ထိုမျှသာမက အစစ်အမှန် အနှစ်သာရ သုံးမျိုးစလုံးမှာလည်း အကြီးအကျယ် တိုးတက်မှုနှင့် အသွင်ကူးပြောင်းမှုများကို ရရှိခဲ့သည်။ ၎င်းတို့အနက် ဓားအနှစ်သာရသည် မူလဓားစွမ်းအားအဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့သည်။
နောင်တွင် သူသည် မူလဓားစွမ်းအားကို အသုံးပြု၍ တိုက်ခိုက်သည့်အခါ မူလစွမ်းအား၏ ထူးခြားသောစွမ်းရည်ဖြစ်သည့် တိုက်ပွဲအတွက် နယ်ပယ်အရှိန်အဝါ မြှင့်တင်မှုကို အသုံးပြုနိုင်တော့မည် ဖြစ်သည်။
လင်းချန်သည် ခေတ္တမျှ စဉ်းစားပြီးနောက် လက်မှတ်ထိုးဝင်ရန် အခွင့်အရေးများ ရရှိနိုင်မည့် အံ့ဖွယ်နယ်မြေများကို ရှာဖွေရန် အခြားနေရာတစ်ခုသို့ သွားရန် ဆုံးဖြတ်လိုက်လေသည်။
တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များ၏ ခြိမ်းခြောက်မှုက သူ့အား စွမ်းအားများကို လျင်မြန်စွာ မြှင့်တင်ရန် ဖိအားပေးနေခဲ့သည်။
လက်မှတ်ထိုးဝင်ခြင်းသည်သာ ဤကဲ့သို့ လျင်မြန်သော စွမ်းအားတိုးတက်မှုအတွက် ဖြတ်လမ်းနည်း ဖြစ်သည်။
အချိန်ဆွဲမနေတော့ဘဲ လင်းချန်သည် အနက်ရောင်ဂူသင်္ချိုင်းကမ္ဗည်းတိုင်များစွာကို တောင်းပန်သည့်အနေဖြင့် လက်ယှက်ကာ နှုတ်ဆက်လိုက်ပြီးနောက် ဘိုးဘေးနယ်မြေမှ လှမ်းထွက်ခဲ့လိုက်၏။
“ကစဉ့်ကလျား မြင့်မြတ်နယ်မြေ... အဲ့ဒီက လူဆီကို သွားလည်ပြီး သူ အခု ဘယ်လိုနေလဲဆိုတာ သွားကြည့်ရင် ကောင်းမလား။”
အခန်း ၇၄- လင်းဟောက်ရန်၏ သတိပေးချက်နှင့် ဆုံးဖြတ်ချက်
ဝါကျင့်ကျင့် သဲသောင်ပြင်များရှိရာ ဆိတ်သုဉ်းသော မြေရိုင်းအလယ်တွင် ရှေးကျပြီး ရိုးရှင်းသည့် အနက်ရောင် တံခါးဝမှ လင်းချန်၏ ပုံရိပ်မှာ တစ်ဖန် ပြန်လည်ထွက်ပေါ်လာခဲ့သည်။
ရင်းနှီးပြီးသား ပတ်ဝန်းကျင်ကို နောက်ဆုံးအကြိမ်အဖြစ် တစ်ချက်ကြည့်လိုက်ပြီးနောက် လင်းချန်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ကာ နောက်တွန့်မနေတော့ပေ။ သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး လင်းဟောက်ရန်၏ နန်းတော်ရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်ခဲ့လိုက်တော့သည်။
သူသည် ပြင်ပလောကသို့ ထွက်၍ အတွေ့အကြုံများ ခေတ္တရှာဖွေတော့မည်ဖြစ်ကြောင်း သူ၏ ဖခင်နှင့် မိခင်အား အသိပေးရန် ရည်ရွယ်ထားခဲ့သည်။ သူ၏ လက်ရှိစွမ်းအားနှင့်ဆိုလျှင် သူတို့ ငြင်းဆန်လိမ့်မည်မဟုတ်ဟု သူ ယုံကြည်ပေသည်။
ဘိုးဘေးနယ်မြေ၌ လက်မှတ်ထိုးဝင်ပြီးနောက်တွင် သူသည် ရှေးဟောင်း လင်းမိသားစု တစ်ခုလုံးရှိ အရေးကြီးပြီး ဆန်းကြယ်သော နေရာအားလုံးကို စူးစမ်းရှာဖွေပြီးသား ဖြစ်သွားခဲ့ပြီဖြစ်သည်။
လက်မှတ်ထိုးဝင်ရန် အခွင့်အရေး ရရှိနိုင်သည့် နေရာတိုင်းတွင် သူ လက်မှတ်ထိုးဝင်ခဲ့ပြီး ဆုလာဘ်များကိုလည်း ရရှိခဲ့ပြီးဖြစ်သည်။
နောက်ထပ်တွင်မူ ပိုမိုများပြားသော လက်မှတ်ထိုးဝင်ရန် အခွင့်အရေးများကို ရှာဖွေနိုင်ရန်အတွက် အခြားနေရာအသစ်တစ်ခုကို သူ ရှာဖွေရမည်ဖြစ်သည်။
သူသွားရန် ရည်ရွယ်ထားသော နေရာမှာ အခြားမဟုတ်ဘဲ သူသွားချင်နေသည်မှာ ကြာပြီဖြစ်သော ကစဉ့်ကလျား မြင့်မြတ်နယ်မြေပင် ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်က သူ့နောက်သို့ လိုက်လိုခဲ့သော ကစဉ့်ကလျား မြင့်မြတ်နယ်မြေ၏ ထာဝရပါရမီရှင် ရှောင်ဖန်သည် ယခုအခါ သူတော်စင်ဘုရင် အဆင့် ၉ သို့ ရောက်ရှိနေပြီဖြစ်သည်။
အကြိမ်ကြိမ် လက်မှတ်ထိုးဝင်ပြီးနောက် သူ၏ စွမ်းအားများ သိသိသာသာ တိုးတက်လာခဲ့သည့်တိုင် ထိုလူနှင့် ယှဉ်လျှင်မူ အနည်းငယ် ကွာဟချက် ရှိနေသေးသည်။
အပိုဆောင်း နှစ်ပေါင်းသုံးထောင်ကြာ ကျင့်ကြံခဲ့သူပီပီ ရွှေရောင်ခေတ်ကြီး၏ အရှိန်အဝါ အကူအညီမပါဘဲနှင့်တောင် သူ၏ ကျင့်စဉ်အဆင့်မှာ အခြားသူများထက် များစွာ သာလွန်နေခဲ့ပြီဖြစ်သည်။
နှမြောစရာကောင်းသည်မှာ ရှောင်ဖန်သည် ဤရွှေရောင်ခေတ်ကြီး၏ ပြိုင်ပွဲများတွင် ပါဝင်ခြင်းမရှိခြင်းပင်။ လင်းထင်ထောင်း ကဲ့သို့သော ထူးကဲသည့် ပါရမီရှင်များအတွက်မူ သူတို့သည် အားကောင်းသော ပြိုင်ဘက်တစ်ဦးနှင့် လွဲချော်နေခြင်း ဖြစ်သည်။
အချိန်သုံးနာရီခန့် ကုန်ဆုံးသွားခဲ့၏။
နေမင်းသည် လုံးဝ နစ်ဝင်သွားခဲ့ပြီဖြစ်ကာ ကြည်လင်သော လမင်းကြီးမှာ ကောင်းကင်ယံထက်သို့ မြင့်မားစွာ တက်လှမ်းတော့မည် ဖြစ်သည်။
ရွှေရောင်နန်းတော်တစ်ခု၏ ရှေ့တွင် ဟင်းလင်းပြင်သည် အနည်းငယ် ပုံပျက်သွားခဲ့ပြီးနောက် လင်းချန်၏ ပုံရိပ်သည် အတွင်းမှ ထွက်ပေါ်လာခဲ့၏။ သူ၏ အနေအထားကို ပြင်ဆင်လိုက်သည်နှင့် တစ်ပြိုင်နက် လင်းချန်၏ နောက်ကျောဘက်မှ လေးနက်ပြီး နူးညံ့သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ချန်အာ... သန်းခေါင်ယံအချိန်ကြီးပါလား။ အဖေ့ဆီကိုလာတာ တစ်ခုခု အရေးကြီးတဲ့ကိစ္စ ရှိလို့လား။”
ထိုစကားကို ကြားမှ လင်းချန်သည် ညအမှောင်ကို သတိထားမိသွားတော့သည်။ သူ ဘိုးဘေးနယ်မြေသို့ သွားစဉ်က နေဝင်ရီတရောအချိန်သာ ရှိသေးသော်လည်း ယခုမူ တကယ်ပင် နောက်ကျနေခဲ့ပြီဖြစ်သည်။
လင်းချန်သည် တစ်ဖက်သို့ အနည်းငယ် လှည့်လိုက်ပြီး အနေရခက်သော အမူအရာဖြင့် ခေါင်းကို ကုတ်ရင်း တိုးတိုးလေး ပြောလိုက်သည်။
“ဟို... သား ဘိုးဘေးနယ်မြေကို ဘိုးဘေးတွေကို ကန်တော့ဖို့ သွားရင်းနဲ့ အချိန်ကုန်သွားတာ မသိလိုက်လို့ပါ။ ဒါပေမဲ့ ဒီတစ်ခါ လာတာက အဆဖ့ကို တစ်ခုခု အသိပေးမလို့ပါ။ မဟုတ်ဘူး... တောင်းဆိုချင်လို့လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။”
ရှေ့တွင် ရပ်နေသော လင်းဟောက်ရန်သည် သူ၏ လက်များကို နောက်ပစ်ထားရင်း ထိုစကားကြောင့် မျက်ခုံးတစ်ဖက် ပင့်လိုက်မိသည်။
“အို... ဘိုးဘေးနယ်မြေကို သွားခဲ့တာလား။ သားမှာ အဲ့လို စိတ်ထားရှိတာ ကောင်းပါတယ်။ အားတာနဲ့ ဘိုးဘေးတွေကို သွားကန်တော့ဖို့ စဉ်းစားတာ မဆိုးဘူး။
သားလာတာလိုက်ကလည်း တိုက်ဆိုင်သွားတာပေါ့။ သားကိစ္စကို မပြောခင် အဖေလည်း သားကို ရှာနေတာနဲ့ အတော်ပဲ ဖြစ်သွားတယ်။”
လင်းချန်သည် သူ၏ နှာခေါင်းကို ပွတ်လိုက်ရင်း စိတ်ထဲတွင် အနည်းငယ် ရှက်သွားခဲ့၏။ သူသည် ဘိုးဘေးများကို ကန်တော့ရန် သက်သက်သွားခဲ့ခြင်း မဟုတ်ပေ။ အမှန်စင်စစ် အဓိက အကြောင်းရင်းမှာ လက်မှတ်ထိုးဝင်ရန် အခွင့်အရေး ရမရ သွားကြည့်ခြင်းသာ ဖြစ်သည်။
သို့သော် သူ၏ဖခင် လင်းဟောက်ရန်မှာလည်း ဆွေးနွေးစရာရှိသည်ဆိုတော့ ဘာများ ဖြစ်နိုင်မည်နည်း။
လင်းချန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“အဖေက သားကို ရှာတာ ဘာကိစ္စရှိလို့လဲ။ အဖေအရင် ပြောပါ။”
လင်းဟောက်ရန်သည် သူ၏ လက်များကို နောက်ပစ်ထားဆဲဖြစ်ကာ ကြယ်များစုံလင်နေသည့် ကောင်းကင်ယံကို မော့ကြည့်ရင်း လေးလံသော အသံဖြင့် ပြောလိုက်သည်။
“တာအို ပြည်နယ် သုံးထောင်က အပေါ်ယံကြည့်ရင် တည်ငြိမ်နေသလို ထင်ရပေမဲ့ လောကသားတွေ မသိတာက တားမြစ်နယ်မြေအသီးသီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက အခုထိ မပြီးဆုံးသေးဘူး ဆိုတာပဲ။
ဒါပေမဲ့ ခြုံငုံကြည့်ရင်တော့ အခြေအနေက တော်သေးတယ်လို့ ပြောလို့ရတယ်။ ပြည်နယ် သုံးထောင်က ဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်တွေက တစ်ယောက်နဲ့တစ်ယောက် ကူညီကြရင်း အဲ့ဒီ တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်တွေကို အနိုင်နိုင် ထိန်းချုပ်ထားနိုင်တုန်းပဲ။”
ဒါက သူတို့တွေ နိုးထလာတာ မကြာသေးလို့ရယ်နဲ့ သူတို့ရဲ့ အခြေအနေကလည်း သိပ်မကောင်းသေးတာကြောင့်ပဲ။ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အများဆုံးရှိလှရင် မူလစွမ်းအားရဲ့ တစ်ဝက်တောင် မရှိကြသေးဘူး။”
ဤနေရာသို့ ရောက်သောအခါ လင်းဟောက်ရန်သည် ကောင်းကင်ယံမှ အကြည့်ကို လွှဲလိုက်ပြီး လင်းချန်၏မျက်နှာပေါ်သို့ စူးစိုက်ကြည့်လိုက်သည်။
“အဖေ သားကို ပြောချင်တာကတော့ နောက်ပိုင်းအချိန်တွေမှာ သားရဲ့ကျင့်စဉ်အဆင့်ကို တိုးတက်နိုင်သမျှ တိုးတက်အောင် အစွမ်းကုန် ကြိုးစားရမယ်။
အခု လက်ရှိ ထိန်းချုပ်ထားနိုင်မှုဆိုတာက ခေတ္တခဏပဲ။ နောက်ပိုင်းမှာ အဖေတို့နဲ့ တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်တွေ ထိုင်ပြီး ဆွေးနွေးကြလို့ တိုက်ပွဲတွေ ခေတ္တရပ်နားသွားဦးတော့ ဒါက ရောဂါလက္ခဏာကိုပဲ ကုသရုံပဲရှိတယ်။ အရင်းအမြစ်ကို ကုသတာမဟုတ်ဘူး။
အဲ့ဒီ တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်တွေရဲ့ အခြေအနေတွေ ပြန်ကောင်းလာပြီး သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေ မြင့်တက်လာတာနဲ့ သူတို့တွေက ဒုက္ခပြန်ပေးကြဦးမှာပဲ။
ပြီးတော့ သူတို့တွေ ပြန်ထွက်လာတဲ့အခါ သူတို့ရဲ့ အဓိက ပစ်မှတ်က နတ်ဘုရားစာရင်းရဲ့ နံပါတ်တစ် ဖြစ်နေတဲ့ သားပဲ... လင်းချန်။”
တခြားသူတွေရဲ့ ကာကွယ်မှုကို အားကိုးနေတာက ရေရှည်အတွက် အဖြေမဟုတ်ဘူး။ ချန်အာ... သားကိုယ်တိုင် အားကောင်းလာမှ ဖြစ်မယ်။”
သူ၏ အသံထဲတွင် လေးနက်သော စိုးရိမ်မှုနှင့် အားပေးတိုက်တွန်းမှုများဖြင့် ပြည့်နှက်နေ၏။
စကားအဆုံးတွင် လင်းချန်၏ အမူအရာမှာ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ သူ၏ဖခင် လင်းဟောက်ရန် ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်နေသည်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များသည် အမှန်တကယ်ပင် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေခဲ့ချေပြီ။ လင်းဟောက်ရန်သည် သူ့အတွက် အလွန်အမင်း စိုးရိမ်နေသည်ကို သူ ခံစားမိ၏။
လင်းချန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး လေးနက်သော အမူအရာဖြင့် ကတိပေးလိုက်သည်။
“အဖေ စိတ်ချပါ။ သား ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ့မယ်။ သားမှာ ကောင်းကင်လမ်းစဉ်ရဲ့ ဆုလာဘ်ဖြစ်တဲ့ ဧကရာဇ်အဆင့် အဆောင်လက်ဖွဲ့ရှိသလို သား ရထားတဲ့ ဆန်းကြယ်တဲ့ နတ်ဘုရားစွမ်းရည်လည်း ရှိပါတယ်။
အခု တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ယောက်က သားကို ကြားဖြတ်တိုက်ခိုက်ဖို့ ကြိုးစားရင်တောင် ထိခိုက်ဒဏ်ရာ မရဘဲ ဘေးကင်းကင်းနဲ့ ဆုတ်ခွာနိုင်မယ်လို့ သား ယုံကြည်ချက်ရှိတယ်။”
ထိုစကားကြောင့် လင်းဟောက်ရန်၏ မျက်ခုံးများ လှုပ်ခတ်သွားခဲ့သည်။
ဒီကောင်လေးမှာ ဒီလောက်တောင် ပြင်းထန်တဲ့ ယုံကြည်ချက်မျိုး ရှိနေတာလား။
တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦး၏ ကြားဖြတ်မှုကို ခံရလျှင်ပင် ဘေးကင်းစွာ ဆုတ်ခွာနိုင်သည်ဟူသော ယုံကြည်ချက်မျိုးလော။
သို့သော် လင်းချန်၏ စရိုက်အရ သူသည် ဤကဲ့သို့သော ကိစ္စမျိုးတွင် နောက်ပြောင်ပြောဆိုမည့်သူ မဟုတ်ကြောင်း သူသိပေသည်။ တစ်နည်းအားဖြင့် ပြောရလျှင် လင်းချန်ပြောသည့် စကားသည် ယခု သူ အမှန်တကယ် လုပ်ဆောင်နိုင်သည့် စွမ်းရည်ဖြစ်ပေလိမ့်မည်။
ဤသို့ တွေးလိုက်မိသည်နှင့် လင်းဟောက်ရန်၏ မျက်နှာတွင် အလွန်တရာ ကျေနပ်ပီတိဖြစ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
“အဖေ့ရဲ့ ချန်အာပီသပါပေတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းသတ္တိရှိတာပဲ။ သားမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိပြီဆိုရင်တော့ အဖေ တော်တော်လေး စိတ်အေးသွားပါပြီ။
အမှန်တော့ အဖေ သားရဲ့မယ်တော်နဲ့အတူ ဧကရာဇ်တစ်ပိုင်း အဆင့်ကို ထိုးဖောက်ဖို့အတွက် ခဏလောက် တံခါးပိတ်ကျင့်ကြံဖို့ စီစဉ်ထားတယ်။
အခု အဖေက အရမ်းအားနည်းနေသေးတော့ သားကို ကောင်းကောင်း မကာကွယ်ပေးနိုင်ဘူး။ ချန်အာ... အဖေတို့ကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
သားရဲ့အမေကတော့ နတ်ဘုရားလိုဏ်ဂူကို ပြင်ဆင်ဖို့ အရင်သွားနှင့်ပြီ။ အဖေလည်း ခဏနေရင် သွားတော့မယ်။”
တံခါးပိတ်ကျင့်ကြံခြင်း...။
ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ထိုးဖောက်ခြင်း...။
လင်းချန်၏ အမူအရာမှာ အံ့အားသင့်သွားခဲ့သည်။
ယခင်က သူ၏ဖခင် လင်းဟောက်ရန်သည် ဧကရာဇ်တစ်ပိုင်းအဆင့်သို့ မထိုးဖောက်မီ မူလစစွမ်းအား အချို့ကို ထပ်မံ၍ ကျွမ်းကျင်အောင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။
ယခုမူ သူ့အတွက်ကြောင့်နှင့် မူလအစီအစဉ်ကို စွန့်လွှတ်ကာ စောစီးစွာ ထိုးဖောက်ရန် ရွေးချယ်လိုက်ခြင်းလော။
သူ၏မိခင် ယွမ်ချင်းရိုသည်လည်း ဧကရာဇ်တစ်ပိုင်းအဆင့်ကို တက်လှမ်းရန် မရည်ရွယ်ထားသေးကြောင်း သူ မှတ်မိနေ၏။ ခဏတာမျှ လင်းချန်၏ နှလုံးသားထဲတွင် ဖော်ပြ၍မရနိုင်သော ရှုပ်ထွေးသည့် ခံစားချက်များဖြင့် ပြည့်နှက်သွားခဲ့သည်။
လင်းဟောက်ရန်သည် လင်းချန်၏ စိတ်အခြေအနေ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သဖြင့် သူ၏ ပခုံးကို ပုတ်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“အဖေနဲ့ သားအမေ အခုလို ထိုးဖောက်ဖို့ ရွေးချယ်လိုက်တာက အဖေတို့ရဲ့ ကျင့်ကြံခြင်းကို ထိခိုက်လိမ့်မယ်လို့ သား တွေးနေတာလား။
အမှန်တော့ သာစ ဒါကို သိပ်ပြီး စိတ်ပူနေစရာ မလိုပါဘူး။ အဖေ အခု ဧကရာဇ်တစ်ပိုင်းအဆင့်ကို ထိုးဖောက်ဖို့ ရွေးချယ်လိုက်ရင်တောင် သာမန် ဧကရာဇ်တစ်ပိုင်းအဆင့်တွေနဲ့ နှိုင်းယှဉ်လို့ ရမှာ မဟုတ်ဘူး။
ဧကရာဇ်တစ်ပိုင်း နှောင်းပိုင်းအဆင့်ကို မဆိုထားနဲ့ အဖေ အခုသာ ထိုးဖောက်လိုက်ရင် အနည်းဆုံးတော့ ဧကရာဇ်တစ်ပိုင်း အလယ်အလတ်အဆင့်ကို တိုက်ရိုက်ရောက်နိုင်တယ်။
အဲ့ဒီအချိန်ကျရင် တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ယောက်ယောက်က သားကို ရန်ပြုချင်တယ်ဆိုရင် အဖေ သဘောတူ၊ မတူ အရင်မေးရလိမ့်မယ်။
မင်းအဖေက တစ်ချိန်တုန်းက နတ်ဘုရားစာရင်းမှာ အဆင့် ၉၉ ချိတ်ခဲ့ဖူးတဲ့သူပဲ။ အဖေ့ကို ယုံကြည်စမ်းပါ ချန်အာ။”
နောက်ဆုံးစကားကို ပြောလိုက်ချိန်တွင် လင်းဟောက်ရန်သည် လင်းချန်ကိုပင် စနောက်လိုက်သေး၏။ လင်းချန်သည် ထိုစကားကို ကြားသောအခါ ပါးစပ်ဟလိုက်သော်လည်း ဘာပြန်ပြောရမှန်း မသိတော့ပေ။
အဆုံးတွင်မူ သူ၏ အကြောင်းကြောင့်သာ ဖခင်နှင့် မိခင်ဖြစ်သူတို့၏ ကျင့်ကြံခြင်း အစီအစဉ်များ ထိခိုက်ခဲ့ရခြင်း ဖြစ်သည်။
စွမ်းအား....စွမ်းအားတွေ လိုအပ်နေသေးတယ်။
သူသည် တတ်နိုင်သမျှ အမြန်ဆုံး အစွမ်းထက်လာအောင် လုပ်ရမည်။ ထိုစိတ်ပျက်စရာကောင်းသော တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များကို...သူ လင်းချန်ကို လာရောက်ရန်စခြင်းသည် သေခြင်းတရားကို ဖိတ်ခေါ်ခြင်းသာ ဖြစ်ကြောင်း သူ သိအောင်လုပ်ပြမှဖြစ်ပေမည်။
ထိုအချိန်ကျမှသာ ဤကဲ့သို့သော စိုးရိမ်ပူပန်မှုမျိုးများ ထပ်ဖြစ်လာတော့မည် မဟုတ်ပေ။
လင်းချန်သည် စိတ်ကို တင်းထားလိုက်ပြီး သူ၏ နှလုံးသားထဲမှ ရှုပ်ထွေးနေသော ခံစားချက်များကို ဖိနှိပ်ကာ လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင် အဖေနဲ့ အမေတို့ သတိထားကြပါ။ ဧကရာဇ်တစ်ပိုင်းအဆင့်ကို တက်လှမ်းဖို့ ကြိုးစားတာက လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူး။
ဧကရာဇ်တစ်ပိုင်း ကောင်းကင်အတိဒုက္ခလည်း ရှိသေးတယ်။ အဲ့ဒါကိုလည်း အထူးသတိထားပြီး ရင်ဆိုင်ရမယ်။”
လင်းချန်၏ စိတ်အခြေအနေ ပြန်လည်ကောင်းမွန်လာသည်ကို မြင်သောအခါ လင်းဟောက်ရန်သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
“အဲ့ဒီကိစ္စအတွက်တော့ စိတ်ချထားလိုက်ပါ။ မကြာခင်မှာ အဖေနဲ့ မင်းအမေတို့ ဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်လာလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် သား အဖေတို့ကို အားပေးဖို့သာ တာဝန်ယူထားလိုက်တော့။”
ထိုအခိုက်အတန့်တွင် တစ်စုံတစ်ခုကို သတိရသွားသည့်အလား လင်းဟောက်ရန်၏ မျက်ခုံးများ လှုပ်ခတ်သွားခဲ့သည်။
“ဒါနဲ့... ခုနက သားပြောမလို့ဆိုတဲ့ ကိစ္စက ဘာလဲ။ ပြောပါဦး။”
ထိုစကားကြောင့် လင်းချန်သည် ခဏမျှ တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင်မူ အမှန်အတိုင်း ပြောပြရန်သာ ရွေးချယ်လိုက်သည်။
“အဖေ... အမှန်အတိုင်း ပြောရရင် သား ဒီတစ်ခါ လာတာက ကစဉ့်ကလျားမြင့်မြတ်နယ်မြေကို သွားဖို့ အဖေ့ဆီက ခွင့်ပြုချက်တောင်းချင်လို့ပါ။
အဲ့ဒီက ရှောင်ဖန်နဲ့ မတွေ့ရတာ နှစ်ပေါင်းသုံးထောင် ရှိပြီဆိုတော့ သူ့ဆီကို သွားလည်ပြီး စကားစမြည် ပြောချင်ပါတယ်။ ပြီးတော့ အခွင့်ကြုံရင် သူ့ရဲ့ အခုလက်ရှိ စွမ်းအားက ဘယ်လိုရှိနေမလဲဆိုတာကိုလည်း ကြည့်ချင်ပါတယ်။”
ကစဉ့်ကလျားမြင့်မြတ်နယ်မြေကို သွားမယ် ဟုတ်လား။
လင်းဟောက်ရန်၏ အမူအရာမှာ တင်းမာသွားခဲ့၏။ သူသည် ချက်ချင်း ပြန်မဖြေဘဲ တိတ်ဆိတ်သွားခဲ့သည်။
ယခုကဲ့သို့ အချိန်မျိုးတွင် ကစဉ့်ကလျား မြင့်မြတ်နယ်မြေသို့ သွားမည်ဆိုလျှင်...၎င်းတည်ရှိရာ ကစဉ့်ကလျားတိုက်ကြီးသည် သူတို့၏ ရှေးဟောင်း လင်းမိသားစုရှိရာ ဖူကွမ်းမြင့်မြတ်ပြည်နယ်နှင့် သိပ်မဝေးလှသော်လည်း...
တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များကို ခေတ္တထိန်းချုပ်ထားနိုင်သဖြင့် လောလောဆယ်တွင် အပြင်ထွက်၍ ဒုက္ခမပေးနိုင်ကြသေးသော်လည်း...
သူ၏ စိတ်ထဲတွင်မူ တစ်စုံတစ်ခုကို စိုးရိမ်မကင်း ဖြစ်နေဆဲပင်။ အကြောင်းမှာ ယခုလက်ရှိ တာအို ပြည်နယ်ပေါင်း သုံးထောင်၏ အခြေအနေမှာ အလွန်ပင် ရှုပ်ထွေးနေသောကြောင့် ဖြစ်သည်။
လင်းချန်သည်လည်း လင်းဟောက်ရန်၏ အမူအရာကို ကြည့်ကာ ဝင်မပြောဘဲ အဖြေကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
အတော်ကြာပြီးနောက်မှ လင်းဟောက်ရန်သည် လင်းချန်ကို ပြန်ကြည့်ကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ကစဉ့်ကလျား မြင့်မြတ်နယ်မြေကို သွားလို့ရပါတယ်။ ဒါပေမဲ့ သားရဲ့နောက်ကနေ မိသားစုရဲ့ ဝါရင့်အကြီးအကဲတွေက ကာကွယ်ပေးမှာကိုတော့ သား သဘောတူရမယ်။”
“ပုံမှန်မဟုတ်တဲ့ အခြေအနေမှာ ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေကိုပဲ သုံးရလိမ့်မယ်။”