အခန်း (၇၇-၇၈)
Vol. 8 Ch. 77-78
အခန်း ၇၇ - နဂါးကိုးကောင် ဆွဲသည့် ရထားလုံး၊ ကစဉ့်ကလျား မြင့်မြတ်နယ်မြေသို့ ရောက်ရှိခြင်း
နတ်ဘုရား တားမြစ်ချက် တောင်ထိပ်၏ ကောင်းကင်ယံတွင် အရှိန်အဝါ ပြင်းထန်သော ပုဂ္ဂိုလ်များစွာသည် မျက်နှာတွင် အပြုံးကိုယ်စီဖြင့် ငြိမ်သက်စွာ ရပ်နေကြ၏။
နတ်ဘုရားသားတော်နှင့်အတူ ကစဥ့်ကလျား မြင့်မြတ်နယ်မြေသို့ သံတမန်ရေးရာ ခရီးစဉ်တွင် လိုက်ပါခွင့်ရသည့်အတွက် သူတို့အားလုံး စိတ်ထဲတွင် ကြည်နူးမိနေကြသည်။ နတ်ဘုရားသားတော်သည် နတ်ဘုရားစာရင်းတွင် နံပါတ်တစ်အဖြစ် အနိုင်ရရှိခဲ့ပြီး မိုင်ပေါင်းဆယ်သန်းကျော်အထိ ဖြန့်ကျက်သော ကံတရားကောင်းချီးကို ရရှိထားသူ ဖြစ်ရာ ယခုအခါတွင် သူ၏ အဆင့်အတန်းမှာ အရင်နှင့် မတူတော့ပေ။
ထိုကဲ့သို့ ကြီးမားသော ကံတရားကို ပိုင်ဆိုင်ထားသည့် ထိပ်တန်း ပါရမီရှင်နှင့် အချိန်ပိုဖြုန်းခြင်းဖြင့် သူတို့၏ ကံတရားမှာလည်း သိသိသာသာ တိုးတက်လာမည်မှာ အသေအချာပင်။
ထို့အပြင် ကစဉ့်ကလျား မြင့်မြတ်နယ်မြေသို့ သွားရောက်မည့် ဤခရီးစဉ်မှာ နတ်ဘုရားသားတော် ကိုယ်တိုင် အကြံပြုထားခြင်းဖြစ်ကြောင်း သူတို့ သိရှိထားကြသည်။ ရှုပ်ထွေးလှသော အခြေအနေများကြားတွင်ပင် နတ်ဘုရားသားတော်သည် တည်ငြိမ်စွာဖြင့် တန်ပြန်ဗျူဟာများကို ချမှတ်နိုင်ခဲ့၏။ သူတို့၏ ရှေးဟောင်း လင်းမိသားစု၏ အနာဂတ်မှာ အလွန်တောက်ပနေပြီဟု သူတို့ ခံစားနေကြရလေသည်။
နတ်ဘုရားသားတော် လင်းချန်သည် ပြိုင်ဘက်ကင်းသော ပါရမီကို ပိုင်ဆိုင်ထားရုံသာမက ထိပ်တန်းအဆင့် ဗျူဟာမြောက် စီမံကိန်းများကိုလည်း ချမှတ်နိုင်စွမ်းရှိရာ ဤသည်မှာ ထူးခြားဆန်းကြယ်သော ပါရမီရှင်တစ်ဦး၏ စစ်မှန်သော သရုပ်သကန်ပင် ဖြစ်လေသည်။
ထိုစဉ် ဟင်းလင်းပြင်တွင် လှိုင်းတွန့်တစ်ခု ဖြစ်ပေါ်လာပြီး လင်းချန်၏ ပုံရိပ်မှာ လေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။
လင်းချန် ပေါ်လာသည်ကို မြင်သောအခါ ရှေးဟောင်း လင်းမိသားစုမှ အကြီးအကဲများ၏ အပြုံးများမှာ ပိုမိုပင် တောက်ပသွားကြပြီး လက်ယှက်ကာ နှုတ်ဆက်လိုက်ကြသည်။
“နတ်ဘုရားသားတော်ကို ဂါရဝပြုပါတယ်။”
လင်းချန်ကလည်း အပြုံးဖြင့် ပြန်လည်နှုတ်ဆက်လိုက်သည်။
“မိသားစုအကြီးအကဲများကို ဂါရဝပြုပါတယ်။ ဒီခရီးစဉ်မှာ အကြီးအကဲတို့ရဲ့ စောင့်ရှောက်မှုကို အားကိုးပါရစေ။”
သူသည် ဤအကြီးအကဲများကို မှတ်မိသော်လည်း မိသားစုမှ အကြီးအကဲအားလုံး ရောက်မလာသည်ကို သတိပြုမိသည်။ ရောက်ရှိနေသော အကြီးအကဲ ၂၀ ဦးစလုံးမှာ ခြွင်းချက်မရှိ နတ်ဘုရားနယ်ပယ် နောက်ဆုံးအဆင့် သို့မဟုတ် အထွတ်အထိပ်အဆင့်တွင် ရှိနေကြသူများ ဖြစ်သည်။
ဤကဲ့သို့သော ကျွမ်းကျင်သူ ၂၀ ဦး၏ စောင့်ရှောက်မှုဖြင့် ကစဉ့်ကလျား မြင့်မြတ်နယ်မြေသို့ သွားမည့် ခရီးစဉ်မှာ အလွန်လုံခြုံနေမည်မှာ အသေအချာပင်။
အကြီးအကဲများက ထိုစကားကို ကြားသောအခါ ပြုံးကာ ခေါင်းယမ်းလိုက်ကြ၏။
“ဒါက ငါတို့ရဲ့ တာဝန်ပါ။ ဒုက္ခမများပါဘူး။”
“နတ်ဘုရားသားတော်က ငါတို့ ရှေးဟောင်း လင်းမိသားစုရဲ့ အနာဂတ်ပဲ။ ငါတို့မှာ ကာကွယ်ပေးဖို့ တာဝန်ရှိတယ်။”
အကြီးအကဲများထဲမှ ခါးအနည်းငယ်ကိုင်းပြီး ဆံပင်များဖြူဖွေးနေသော အဖိုးအိုတစ်ဦးက ပြုံးကာ မေးလိုက်သည်။
“နတ်ဘုရားသားတော် အဆင်သင့်ဖြစ်ပြီလား။ အဆင်သင့်ဖြစ်ရင် အခုပဲ ထွက်ခွာကြစို့။”
လင်းချန်က တုံ့ဆိုင်းခြင်းမရှိ ခေါင်းညိတ်ပြလိုက်သည်။
“အကြီးအကဲချုပ်း ကျုပ် အဆင်သင့်ပါပဲ။ ကစဉ့်ကလျား မြင့်မြတ်နယ်မြေကို သွားကြရအောင်။”
လင်းချန်၏ စကားကို ကြားသောအခါ ခါးကုန်းကုန်းနှင့် အဖိုးအို လင်းခိုင်ရှန်းက ကျေနပ်စွာ ပြုံးလိုက်သည်။
“ဒါဆို... သွားကြစို့။”
ခရက်...
စကားအဆုံးတွင် သူသည် လက်ကိုဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်တွင် အ
တွင်းပေါက်ကြီးတစ်ခု ပွင့်ထွက်သွားပြီး အနက်ရောင် လေဟာနယ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အကြီးအကဲများနှင့် လင်းချန်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မဆိုင်းမတွဘဲ အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ ထိုလေဟာနယ်ထဲသို့ ပျံသန်းဝင်ရောက်သွားကြတော့လေသည်။
ဦးတည်ချက်မှာ... ကစဉ့်ကလျား တိုက်ကြီးရှိ ကစဉ့်ကလျား မြင့်မြတ်နယ်မြေပင် ဖြစ်သည်။
ရှေးဟောင်း လင်းမိသားစုနှင့် ကစဉ့်ကလျား မြင့်မြတ်နယ်မြေတို့သည် ရင်းနှီးသော ဆက်ဆံရေးရှိသော်လည်း စစ်မှန်သော မဟာမိတ်အဆင့်သို့ မရောက်ရှိသေးပေ။ စစ်မှန်သော မဟာမိတ်များအကြားတွင်သာ တည်ဆောက်လေ့ရှိသည့် နှစ်ဖက်သွား တည်နေရာကူးပြောင်းခြင်း အစီအရင်များ မရှိသေးသဖြင့် ယခုတစ်ခေါက်တွင် သူတို့ကိုယ်တိုင် ခရီးနှင်ကြရခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ရှေးဟောင်း လင်းမိသားစုသည် ကစဉ့်ကလျား မြင့်မြတ်နယ်မြေနှင့် မိုင်ပေါင်း သောင်းချီမျှသာ ဝေးကွာပေသည်။ နတ်ဘုရားနယ်ပယ် နောက်ဆုံးအဆင့် ကျွမ်းကျင်သူများ၏ အရှိန်ဖြင့်ဆိုလျှင် ခဏအတွင်းမှာပင် သူတို့၏ ပန်းတိုင်သို့ ဆိုက်ရောက်နိုင်မည် ဖြစ်သည်။
ဟင်းလင်းပြင် အတွင်း၌...
လင်းချန်သည် လင်းခိုင်ရှန်း၏ အားကောင်းသော ဝိညာဉ်စွမ်းအင် အကာအကွယ်ဖြင့် အရှိန်အဟုန်ဖြင့် ရွေ့လျားနေခဲ့သည်။ သူ၏ ခန့်မှန်းချက်အရ သူပါ လိုက်ပါနေသည့်တိုင်အောင် လက်ဖက်ရည်တစ်ခွက်သောက်စာ အချိန်အတွင်းမှာပင် ကစဉ့်ကလျား မြင့်မြတ်နယ်မြေသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
ရှေးဟောင်း လင်းမိသားစုသည် ဖူကွမ်းမြင့်မြတ်ပြည်နယ် တောင်ဘက်ပိုင်းတွင် တည်ရှိပြီး ကစဉ့်ကလျား တိုက်ကြီးမှာမူ ထိုပြည်နယ်၏ တောင်ဘက်တွင် တည်ရှိသည်။
ကစဉ့်ကလျား မြင့်မြတ်နယ်မြေသည် ကစဉ့်ကလျား တိုက်ကြီး၏ မြောက်ဘက်ဒေသတွင် အခြေစိုက်ထားရာ တစ်နည်းအားဖြင့်ဆိုသော် သူတို့သည် အိမ်နီးချင်းများပင် ဖြစ်ကြသည်။
ဤခရီးသွားချိန်ကို အခွင့်ကောင်းယူ၍ လင်းချန်သည် မျက်လုံးကို အသာအယာမှိတ်လိုက်ပြီး သူ၏ နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားကို သိုလှောင်လက်စွပ်ထဲသို့ ပို့လွှတ်လိုက်သည်။
သူ၏ဖခင် လင်းဟောက်ရန်က ကစဉ့်ကလျား မြင့်မြတ်နယ်မြေသို့ သွားသည့်အခါ ဒီအတိုင်း ပျံသန်းမသွားရန်နှင့် သူ၏ ပျံသန်းရေးရထားလုံးကို အသုံးပြုရန် အထူးမှာကြားထားခဲ့သည်။
ထိုရထားလုံးအကြောင်း ပြောရလျှင် အတော်ပင် ကြာခဲ့လေပြီ။ သူ နောက်ဆုံးအသုံးပြုခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ကျော်က ဖြစ်သည်။
သိုလှောင်လက်စွပ်၏ မသိသာသော ထောင့်တစ်နေရာတွင် ငွေပြာရောင် ပျံသန်းရေးရထားလုံးတစ်စီး ငြိမ်သက်စွာ တည်ရှိနေ၏။ ထိုငွေပြာရောင် ရထားလုံးသည် စူးရှခြင်းမရှိဘဲ တောက်ပသော ငွေပြာရောင်အလင်းတန်းများ ဖြာထွက်နေပြီး ထူးကဲသော နတ်ဘုရားဆန်သည့် အငွေ့အသက်များ ဖြာထွက်နေလေသည်။ ရထားလုံး၏ အရှေ့ဘက်တွင် ရွှေရောင် အစစ်အမှန်နဂါး ပုံသဏ္ဌာန် ရုပ်တုကိုးခု ရှိပြီး သက်ရှိထင်ရှား သတ္တဝါများကဲ့သို့ အသက်ဝင်လှပေသည်။
ထိုရွှေရောင်နဂါးရုပ်တု တစ်ခုချင်းစီ၏ လည်ပင်းတွင် ငွေပြာရောင် နတ်ဘုရားသံကြိုးတစ်ချောင်းစီ ရှိနေပြီး အခြားတစ်ဖက်ကိုမူ ရထားလုံးနှင့် ချိတ်ဆက်ထားသည်။ ငွေပြာရောင်ရထားလုံးရော ရွှေရောင်နဂါးရုပ်တုများပါ ထူးခြားသော နတ်ဘုရားဆန်သည့် ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေပြီး သူတို့၏ မြင့်မြတ်မှုကို ပေါ်လွင်နေစေသည်။
အမှန်တကယ်ပင်...။ ဤနဂါးစစ်ရထားလုံးသည် သူ၏ ယခင်စီးတော်ယာဉ် ဖြစ်သော နဂါးကိုးကောင် ရထားလုံးပင် ဖြစ်သည်။
၎င်းသည် စစ်မှန်သော...ထိပ်တန်းအဆင့် နတ်ဘုရားလက်နက် တစ်ခုဖြစ်ပေသည်။
၎င်းသည် လူတင်ဆောင်ရုံသက်သက်သာ လုပ်ဆောင်နိုင်သည့် ရထားလုံးမဟုတ်ပေ။
ဝိညာဉ်စွမ်းအင်ဖြင့် နှိုးဆော်လိုက်ပါက ရွှေရောင်နဂါးရုပ်တုကိုးခုသည် ပြန်လည်အသက်ဝင်လာပြီး အစစ်အမှန် ရွှေရောင်နဂါးများအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ရွှေရောင်နဂါးတစ်ကောင်ချင်းစီသည် မဟာသူတော်စင် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် ညီမျှပြီး နဂါးကိုးကောင်၏ ပေါင်းစပ်စွမ်းအားဖြင့်ဆိုလျှင် သူတော်စင်ဘုရင်အဆင့် ကျွမ်းကျင်သူကိုပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပေသည်။
သိသာသည်မှာ လင်းချန်၏ လက်ရှိဝိညာဉ်ကျင့်စဉ်အဆင့်အရ ထိုအဆင့်ထိ မစွမ်းဆောင်နိုင်သေးသော်လည်း ဤနဂါးကိုးကောင်ရထားလုံးကို ထုတ်သုံးခြင်းဖြင့် ရှေးဟောင်း လင်းမိသားစု နတ်ဘုရားသားတော်၏ ခန့်ညားထည်ဝါမှုကို ပြသနိုင်မည်ဖြစ်သည်။
ထိပ်တန်းအဆင့် နတ်ဘုရားလက်နက်များသည် ရှားပါးလှသည့်အပြင် ပျံသန်းရေးရထားလုံးကဲ့သို့သော ပစ္စည်းမျိုးမှာ ကုန်ကြမ်းများစွာ လိုအပ်ပြီး အဆင့်မြှင့်တင်ရန် အလွန်ခက်ခဲလှပေသည်။
သူ၏ နတ်ဘုရားစိတ်ဝိညာဉ်ဖြင့် ရထားလုံးကို စစ်ဆေးကြည့်ရှုနေစဉ် လင်းချန်၏ စိတ်ထဲတွင် လွမ်းဆွတ်တမ်းတမှု အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။ မူလက သူသည် ဤရထားလုံးကို ရှေးဟောင်းပျက်စီးယိုယွင်းနေသော နေရာတစ်ခုမှ ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ရှေးဟောင်းဂိုဏ်းတစ်ခု၏ အမွေအနှစ်ပစ္စည်း ဖြစ်သည်။
၎င်းသည် အနည်းငယ် ပျက်စီးနေသော်လည်း နဝမ ဘိုးဘေးက နတ်ဘုရားကုန်ကြမ်းမျိုးစုံဖြင့် ပြုပြင်ပေးခဲ့ပြီးနောက် သူ၏ သီးသန့်စီးတော်ယာဉ် ဖြစ်လာခဲ့ခြင်းဖြစ်လေသည်။
ယနေ့တွင် နှစ်ပေါင်းသုံးထောင်အကြာ၌ သူသည် ဤရထားလုံးကို စီးနင်းကာ ကစဉ့်ကလျား မြင့်မြတ်နယ်မြေသို့ တစ်ကျော့ပြန် ဆင်းသက်တော့မည် ဖြစ်သည်။
ထိုစဉ် အသံတစ်ခု ထွက်ပေါ်လာပြီး လင်းချန်၏ စိတ်အာရုံကို လက်တွေ့သို့ ပြန်လည်ခေါ်ဆောင်လိုက်၏။
“နတ်ဘုရားသားတော်... ကျုပ်တို့ ရောက်ခါနီးပါပြီ။”
လင်းချန်သည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ပြုံးလိုက်သည်။
“ရောက်ခါနီးပြီလား။”
သူသည် သူ့ပတ်ပတ်လည်ရှိ အနက်ရောင်လေဟာနယ်ကို ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒီမှာပဲ ခဏရပ်လိုက်ပါ။ ကျန်တဲ့ခရီးကိုတော့ ကျုပ် ရထားလုံးနဲ့ပဲ သွားပါတော့မယ်။”
သူ၏စကားအဆုံးတွင် လင်းခိုင်ရှန်းနှင့် မိသားစုအကြီးအကဲများအားလုံး ဖြည်းဖြည်းချင်း ရပ်တန့်လိုက်ကြသည်။
လင်းချန်သည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး စိတ်အာရုံဖြင့် နဂါးကိုးကောင် ပျံသန်းခြင်း ရထားလုံး ကို ဆင့်ခေါ်လိုက်တော့သည်။
ဝေါင်း... ဝေါင်း... ဝေါင်း...
ဆင့်ခေါ်လိုက်သည်နှင့်တစ်ပြိုင်နက် အလွန်ခန့်ညားထည်ဝါလှသော နဂါးဟိန်းသံများ ဟိန်းထွက်လာ၏။ ဟင်းလင်းပြင်ထဲတွင် တစ်ကောင်လျှင် မိုင်တစ်ရာခန့် ရှည်လျားသော အစစ်အမှန် ရွှေရောင်နဂါး ကိုးကောင်သည် သူတို့၏ ကိုယ်ထည်များကို ယိမ်းနွဲ့လှုပ်ရှားရင်း ရွှေရောင်အလင်းတန်းများနှင့် ထူးကဲသော ဂုဏ်သရေတို့ကို ထုတ်ဖော်နေကြသည်။
ထိုရွှေရောင်နဂါးကိုးကောင်၏ နောက်တွင်မူ နက်နဲဆန်းကြယ်ပြီး နတ်ဘုရားဆန်သော အရှိန်အဝါများ ထွက်ပေါ်နေသည့် ငွေပြာရောင် ရထားလုံးတစ်စီး ရှိနေ၏။ နှစ်ပေါင်းသုံးထောင်အကြာတွင် နဂါးကိုးကောင် ပျံသန်းခြင်း ရထားလုံးသည် တစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
လင်းချန်သည် ကိုယ်ကိုလှုပ်ရှားပြီး ငွေပြာရောင်ရထားလုံးပေါ်တွင် နေရာယူကာ ထိုင်ချလိုက်၏။ ကစဉ့်ကလျာစ မြင့်မြတ်နယ်မြေရှိရာ အရပ်သို့ တည့်တည့်စိုက်ကြည့်ရင်း သူ၏အသံမှာ တည်ငြိမ်သော်လည်း အရှိန်အဝါအပြည့်ဖြင့် ထွက်ပေါ်လာခဲ့သည်။
“ဆက်သွားကြစို့”
ဝေါင်း...
ဝေါင်း...
နဂါးဟိန်းသံများနှင့်အတူ ရွှေရောင်နဂါးကိုးကောင်သည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ငွေပြာရောင်ရထားလုံးကို အရှိန်အဟုန်ဖြင့် ဆွဲခေါ်သွားကြတော့လေသည်။ ၎င်းကိုမြင်သောအခါ အကြီးအကဲများက ပြုံးလျက် တစ်ဦးပြီးတစ်ဦး နောက်မှ လိုက်ပါသွားကြသည်။ ကစဉ့်ကလျား မြင့်မုတ်နယ်မြေအနေဖြင့် နတ်ဘုရားသားတော်ကို ကြိုဆိုရန် အဆင်သင့်ဖြစ်၊ မဖြစ်ကိုလည်း သူတို့ သိချင်နေကြ၏။
တစ်ချိန်တည်းမှာပင် ကစဥ့်ကလျား မြင့်မြတ်နယ်မြေ၌...။
ရှေးဟောင်း လင်းမိသားစုနှင့် မတူသည်မှာ ကစဉ့်ကလျား မြင့်မြတ်နယ်မြေသည် ကြီးမားသော မြို့ဟောင်းကြီးတစ်ခုအတွင်း တည်ရှိနေခြင်းမျိုး မဟုတ်ဘဲ ကစဉ့်ကလျား တောင်တန်းအတွင်း၌ တည်ရှိနေခြင်း ဖြစ်သည်။ ကစဉ့်ကလျား တိုက်ကြီးတစ်ခုလုံးကို ကစဉ့်ကလျား မြင့်မြတ်နယ်မြေက လွှမ်းမိုးထားပေသည်။
၎င်းသည် အင်အားအကြီးဆုံး ပြည်နယ် (၁၀) ခုထဲတွင် မပါဝင်သော်လည်း ကစဉ့်ကလျား မြင့်မြတ်နယ်မြေ၏ အင်အားမှာမူ ထိုပြည်နယ်များရှိ အုပ်စိုးသူအင်အားစုများထက် မနိမ့်ကျပေ။
အရေးအကြီးဆုံးအချက်မှာ ကစဉ့်ကလျား မြင့်မြတ်နယ်မြေသည် အခြားအင်အားစုများထက် သက်တမ်းပိုရင့်ခြင်း ဖြစ်သည်။ ရှေးဦးခေတ် အစောပိုင်းကတည်းက တည်ရှိခဲ့ခြင်းကြောင့် ၎င်းတို့သည် တာအိုပြည်နယ် သုံးထောင်တွင် သက်တမ်းအရင့်ဆုံး အင်အားစုများထဲမှ တစ်ခုဖြစ်ပေသည်။
ကစဉ့်ကလျား တောင်တန်းသည် ကစဉ့်ကလျား တိုက်ကြီးတွင် ဝိညာဉ်စွမ်းအင် အကြွယ်ဝဆုံးနှင့် အရင်းအမြစ် အပေါများဆုံးနေရာဖြစ်ပြီး တောင်တန်းတစ်ခုလုံးမှာ ကစဉ့်ကလျား မြင့်မြတ်နယ်မြေ တည်ရှိရာနေရာပင် ဖြစ်သည်။
ကစဉ့်ကလျား တောင်တန်း၏ အဓိကတောင်ထိပ်ဖြစ်သော ကစဉ့်ကလျား နတ်ဘုရားတောင်ထိပ်ရှေ့တွင်...။
အစွမ်းထက်သော ကျွမ်းကျင်သူများ စုဝေးနေကြပြီး ကောင်းကင်တစ်ခုလုံး ပြည့်လုနီးပါး ဖြစ်နေခဲ့လေသည်။ သူတို့ထဲတွင် အနိမ့်ဆုံး ကျင့်ကြံဆင့်မှာ သူတော်စင်နယ်ပယ်ဖြစ်ရာ အားလုံးကို ကျွမ်းကျင်သူများဟု ခေါ်ဆိုနိုင်ပေသည်။
ထိုကျွမ်းကျင်သူများ၏ အရှေ့ဆုံးတွင် အရှိန်အဝါမှာ နတ်ဘုရားနယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ရှိနေ၏။ သူသည် ကစဉ့်ကလျား မြင့်မြတ်နယ်မြေ၏ လက်ရှိအရှင်သခင်ဖြစ်သူ ယွမ်ချူးပင် ဖြစ်သည်။
ကစဉ့်ကလျား မြင့်မြတ်နယ်မြေ၏ မြင့်မြတ်အရှင်သခင်အဖြစ် ရွေးချယ်ခံရပြီးသည်နှင့် ထိုသူ၏အမည်မှာ ယွမ်ချူးဟူ၍ ဖြစ်သွားရမည် ဖြစ်ပြီး ၎င်းမှာ အရှင်သခင်များအတွက်သာ သီးသန့်ပေးထားသော ဘွဲ့အမည်ဖြစ်သည်။
ခိုင်မာပြတ်သားသော လူလတ်ပိုင်းအရွယ် သဏ္ဌာန်ရှိသည့် ယွမ်ချူးသည် လက်တစ်ဖက်ကို နောက်ပစ်ကာ ရပ်နေ၏။ သူသည် သူ့ဘေးနားရှိ ရှောင်ဖန်ကို ကြည့်ကာ အသာအယာ ပြုံးလိုက်သည်။
“ရှောင်ဖန်... မင်း လင်းချန်နဲ့ ပြန်တွေ့ရတော့မယ်။ ဘယ်လိုခံစားရလဲ။”
သူ့ဘေးတွင် ရပ်နေသူမှာ ကစဉ့်ကလျား မြင့်မြတ်နယ်မြေ၏ အသက်အငယ်ဆုံး အကြီးအကဲဖြစ်နေပြီဖြစ်သော ရှောင်ဖန် ဖြစ်သည်။ ထိုစကားကို ကြားသောအခါ ရှောင်ဖန်က ပခုံးတွန့်ပြလိုက်၏။
“ကျုပ်က ဘာစဉ်းစားနေရဦးမှာလဲ။ အဲ့ဒီ ထူးဆန်းတဲ့ကောင်က အရင်ကထက်တောင် ပိုပြီး ကြောက်ဖို့ကောင်းလာပြီ။ ကျုပ်ရဲ့ နှစ်ပေါင်းသုံးထောင်စာ အသာစီးရထားတဲ့ ကျင့်ကြံဆင့်ကလည်း မကြာခင်မှာ သူ့ရဲ့ ကျော်တက်တာကို ခံရတော့မယ် ထင်ပါရဲ့။”
စကားအဆုံးတွင် သူ၏ နှုတ်ခမ်းထောင့်တွင် ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လင်းချန်နှင့် တွေ့ဆုံရသည့်အခါတိုင်း သူ၏ အစီအစဉ်အားလုံးမှာ အဓိပ္ပာယ်မဲ့သွားသလို သူ ခံစားရ၏။ အတိတ်မှာလည်း ထိုသို့ပင် ဖြစ်ခဲ့သလို ယခုလည်း ထပ်တူပင် ဖြစ်တော့မည်။
ရှောင်ဖန်၏ စကားကို ကြားသောအခါ ယွမ်ချူးက ပြုံးကာသာ ခေါင်းခါယမ်းလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။
အမှန်တကယ်ပင်...။ ရှေးဟောင်း လင်းမိသားစု၏ နတ်ဘုရားသားတော် လင်းချန်မှာ စစ်မှန်သော... ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် ပါရမီရှင်ပင် ဖြစ်သည်။ အနာဂတ်တွင် တားမြစ်နယ်မြေအားလုံးကို အပြီးတိုင် ငြိမ်ဝပ်ပိပြားစေနိုင်ရန်အတွက် ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများကပင် လင်းချန်ကို ဧကရာဇ်တစ်ပါး ဖြစ်လာစေရန် ပျိုးထောင်ပေးဖို့ ရည်ရွယ်ထားကြောင်း သူ သိရှိခဲ့ရသည်။
ကွာစီဧကရာဇ် အဆင့်ရှိသူများကပင် ထိုကဲ့သို့ တွေးတောရလောက်အောင် လင်းချန်၏ ပါရမီမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသည်ကို မှန်းဆကြည့်နိုင်ပေသည်။
ယခုအခါ သူတို့သည် ကစဉ့်ကလျား မြင့်မြတ်နယ်မြေ တစ်ခုလုံးရှိ သူတော်စင်နယ်ပယ် အထက်ရှိ ကျွမ်းကျင်သူအားလုံးကို ဤနေရာတွင် စုဝေးစေခဲ့၏။ ဤအရာအားလုံးမှာ လင်းချန်နှင့် ရှေးဟောင်း လင်းမိသားစု အကြီးအကဲများ ရောက်ရှိလာခြင်းကို ကြိုဆိုရန်အတွက်သာ ဖြစ်သည်။
ထို့တင်မကသေးဘဲ ကစဉ့်ကလျား မြင့်မြတ်နယ်မြေ တစ်ခုလုံးကိုလည်း မီးအိမ်များ၊ အလံများဖြင့် တန်ဆာဆင်ထားပြီး တပည့်များနှင့် ကျွမ်းကျင်သူအားလုံးက ပျော်ပွဲရွှင်ပွဲ ကျင်းပရန် ပြင်ဆင်နေကြရာ ပွဲတော်တစ်ခုကဲ့သို့ပင် စည်ကားနေလေသည်။
ဤကဲ့သို့သော ကြိုဆိုမှုမျိုးမှာ ကွာစီဧကရာဇ် တစ်ပါးကို ကြိုဆိုခြင်းထက်ပင် ပိုမိုအဆင့်မြင့်နေ၏။
သို့သော် လင်းချန်ကဲ့သို့ ထူးကဲသော ပုဂ္ဂိုလ်မျိုးအတွက် ဤသို့ပြုလုပ်ရန် လိုအပ်သည်ဟု ယွမ်ချူးက ခံစားနေရသည်။
ရုတ်တရက် ယွမ်ချူး၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့၏။ သူသည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
“သူတို့... ရောက်လာကြပြီ။”
သူ၏စကားအဆုံးတွင် ရှောင်ဖန်နှင့် ကစဉ့်ကလျား မြင့်မြတ်နယ်မြေမှ ကျွမ်းကျင်သူများ၏ အမူအရာမှာ တည်ကြည်လေးနက်သွားတော့သည်။ နောက်အခိုက်တွင်ပင် မနီးမဝေးရှိ ဟင်းလင်းပြင်မှာ ဆုတ်ဖြဲခံလိုက်ရပြီး အပေါက်ကြီးတစ်ခု ပွင့်ထွက်သွားတော့လေသည်။
ဝေါင်း...
ဝေါင်း...
ချက်ချင်းဆိုသလိုပင် ခန့်ညားထည်ဝါလှသော နဂါးဟိန်းသံများ အရပ်မျက်နှာအနှံ့သို့ ဟိန်းထွက်သွား၏။ မိုင်တစ်ရာခန့် ရှည်လျားသော အစ်အမှန် ရွှေရောင်နဂါး ကိုးကောင်သည် နတ်ဘုရားဆန်ပြီး ထူးခြားလှသော ငွေပြာရောင်ရထားလုံးကို ဆွဲခေါ်လျက် လေဟာနယ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။
ငွေပြာရောင်ရထားလုံး၏ နောက်တွင်မူ နတ်ဘုရားနယ်ပယ် အရှိန်အဝါများ ပိုင်ဆိုင်ထာစသည့် အစွမ်းထက် ပုဂ္ဂိုလ်များစွာ လိုက်ပါလာကြသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ယွမ်ချူးနှင့် ကစဉ့်ကလျား မြင့်မြတ်နယ်မြေမှ ကျွမ်းကျင်သူများအားလုံးသည် တစ်ပြိုင်နက်တည်း တစ်သံတည်း ဟစ်ကြွေးကာ ဂုဏ်ပြုကြိုဆိုလိုက်ကြတော့၏။
“နတ်ဘုရားသားတော် ကြွရောက်လာခြင်းကို ကြိုဆိုပါတယ်။”
အခန်း (၇၈) - ခမ်းနားထည်ဝါသော ကြိုဆိုပွဲအခမ်းအနား၊ နှစ်သုံးထောင်ကြာပြီးနောက် ပြန်လည်ဆုံတွေ့ခြင်းနှင့် ရှောင်ဖန်၏ စိတ်သက်သာရာရခြင်း
ရှောင်ဖန်သည် လက်ယှက်ကာ ဂုဏ်ပြုနှုတ်ဆက်ရင်း ငွေပြာရောင် ပျံသန်းရေးရထားလုံးပေါ်ရှိ လင်းချန်ကိုလည်း အကဲခတ်နေမိသည်။
လင်းချန်ကို မြင်လိုက်ရသည့် အခိုက်တာတွင် ရှောင်ဖန်၏ မျက်ဝန်းထဲ၌ ငေးငိုင်သွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ ဤမြင်ကွင်းက သူ့အား အတိတ်ကို ပြန်လည်သတိရစေခဲ့လေသည်။
ထိုစဉ်ကလည်း လင်းချန်သည် ရှေးဟောင်း လင်းမိသားစုမှ မိုင်ပေါင်း သိန်းနှင့်ချီဝေးသော ကစဉ့်ကလျား မြင့်မြတ်နယ်မြေသို့ နဂါးကိုးကောင် ပျံသန်းခြင်း ရထားလုံးကို စီးနင်းကာ ရောက်ရှိလာခဲ့ဖူးသည်။
သို့သော် လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က လင်းချန် ရောက်ရှိလာခြင်းမှာ သံတမန်ရေးအရ ဆက်ဆံရေးထူထောင်ရန် မဟုတ်ဘဲ သူတို့ကို လာရောက် စိန်ခေါ်ရန် သာ ဖြစ်ခဲ့သည်။
ထိုစဉ်က ထာဝရပါရမီရှင်ဟု ကစဥ့်ကလျား မြင့်မြတ်နယ်မြေနှင့် တာအိုပြည်နယ် သုံးထောင်လုံးကပင် အသိအမှတ်ပြုထားရသည့် ရှောင်ဖန်သည် လင်းချန်၏ လာရောက်စိန်ခေါ်ခြင်းကို ခံခဲ့ရသူ ဖြစ်သည်။ ထိုတိုက်ပွဲနှင့် နောက်ဆက်တွဲဖြစ်ရပ်များကို သူ မည်သည့်အခါမျှ မေ့ပျောက်နိုင်မည်မဟုတ်ပေ။
အဆင့်တူချင်း တိုက်ခိုက်မှုတွင် သူသည် ဆယ်ကွက်ပင် မပြည့်ခင် ရှုံးနိမ့်ခဲ့ရ၏။ ထို့နောက် သူက လင်းချန်၏ နောက်လိုက်အဖြစ် အမှုထမ်းရန် တောင်းဆိုခဲ့သော်လည်း လင်းချန် ပြောခဲ့သည်မှာ...
“မင်းက ငါ့ရဲ့ နောက်လိုက်ဖြစ်ဖို့ အဆင့်မမီသေးဘူး။”
ဤအချက်နှင့် ပတ်သက်၍ ရှောင်ဖန်ကိုယ်တိုင်လည်း သိရှိနားလည်ခဲ့သည်။ သူသည် လမ်းပျောက်ခဲ့ရဖူးသလို၊ မကျေမနပ်ဖြစ်ခဲ့ပြီး ထိုကိစ္စကြောင့် စိတ်အနှောင့်အယှက်လည်း ဖြစ်ခဲ့ရသည်။ သို့သော် နောက်ဆုံးတွင် သူ သဘောပေါက်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် လင်းချန်သည် သူနှင့် အဆင့်အတန်းချင်း လုံးဝမတူညီသောကြောင့် ဖြစ်ပေသည်။
ဤလူသားသည် တာအိုပြည်နယ် သုံးထောင်၏ အတိတ်နှင့် ပစ္စုပ္ပန်ရှိ မည်သည့်ပါရမီရှင်နှင့်မျှ တန်းတူညီမည် မဟုတ်ပေ။ အကြောင်းမှာ သူသည် စစ်မှန်သော... ထူးဆန်းအံ့ဖွယ် လူသား တစ်ဦးဖြစ်သောကြောင့်ပင်။
နှစ်ပေါင်းသုံးထောင်အကြာတွင် ပြန်လည်ဆုံတွေ့ရပြီး အတိတ်ဖြစ်ရပ်များကို ပြန်ပြောင်းသတိရကာ ရှောင်ဖန် စိတ်လှုပ်ရှားမိသွား၏။ ယခုအခါ သူသည် ယခင်က ရှိခဲ့ဖူးသော မကျေနပ်မှုနှင့် စိတ်ဆင်းရဲမှုများ ပျောက်ကွယ်သွားပြီး လွမ်းဆွတ်တမ်းတမှု အနည်းငယ်သာ ကျန်ရှိတော့လေသည်။ ထိုကဲ့သို့သော စင်ကြယ်သည့် ပြိုင်ဆိုင်မှုမျိုးဆီသို့ သူ ဘယ်တော့မှ ပြန်မသွားနိုင်တော့ပေ...။
ကစဉ့်ကလျား မြင့်မြတ်နယ်မြေမှ ပညာရှင်များစွာ၏ အသံများသည် ကစဉ့်ကလျား နတ်ဘုရားတောင်ထိပ် တစ်ခုလုံးတွင် ပဲ့တင်ထပ်နေ၏။ စောင့်ဆိုင်းနေကြသော တပည့်များနှင့် ပညာရှင်ပေါင်းများစွာ၏ အာရုံများသည်လည်း ထိုနေရာသို့ စုပြုံရောက်ရှိနေကြသည်။
သူတော်စင်အဆင့်နှင့် အထက်ရှိသော ပညာရှင်များ၏ အသံများ မဆုံးမီမှာပင် တောင်တန်းတစ်လျှောက်ရှိ လူအားလုံးက တညီတညွတ်တည်း အော်ဟစ်နှုတ်ဆက်လိုက်ကြလေသည်။
“ရှေးဟောင်း လင်းမိသားစုရဲ့ နတ်ဘုရားသားတော် အရှင်မင်းသား ကြွရောက်လာတာကို ကြိုဆိုပါတယ်။”
ထိုအသံမှာ မြေတုန်မတတ် မြည်ဟီးသွားပြီး ကောင်းကင်ယံရှိ တိမ်တိုက်များကိုပင် လွင့်စင်သွားစေမည့်အလား ရှိနေခဲ့လေသည်။ အော်ဟစ်ကြိုဆိုနေကြစဉ် အမြင်အာရုံ စူးရှသော တပည့်အချို့သည် နဂါးကိုးကောင် ပျံသန်းခြင်း ရထားလုံးကို မြင်တွေ့လိုက်ရ၏။
ထူးခြားဆန်းကြယ်သော ရထားလုံးနှင့် အစစ်အမှန် ရွှေရောင်နဂါးများကို မြင်လိုက်ရရုံဖြင့် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဤသည်မှာ လင်းမိသားစု နတ်ဘုရားသားတော်၏ ခံ့ညားထည်ဝါမှုလော။
ဤရထားလုံးသည် အနည်းဆုံး အဆင့်မြင့် နတ်ဘုရားလက်နက် အဆင့်မှာ ရှိရမည် မဟုတ်ပါလား။
အဆင့်မြင့် နတ်ဘုရားလက်နက်အဆင့်ရှိသော ရတနာကို ခရီးသွားလာရေးယာဉ်အဖြစ် အသုံးပြုခြင်းမှာ အမှန်တကယ်ပင် အလွန်တရာ ကြွယ်ဝချမ်းသာလွန်းလှသည်။
ငွေပြာရောင် ပျံသန်းရေးရထားလုံးပေါ်တွင်မူ လင်းချန်သည် တောင်တန်းတစ်ခုလုံးမှ ထွက်ပေါ်လာသော မိုးထစ်ချုန်းသံကဲ့သို့ အသံများကို ကြားရသောအခါ အနည်းငယ် အံ့အားသင့်သွား၏။ ကစဉ့်ကလျား မြင့်မြတ်နယ်မြေ၏ ကြိုဆိုမှုအဆင့်အတန်းမှာ သူ မျှော်လင့်ထားသည်ထက် ပိုမိုမြင့်မားနေခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း သုံးထောင် သူ ရောက်ရှိလာခဲ့စဉ်က ဤကဲ့သို့သော အခြေအနေမျိုး မရှိခဲ့ပေ။ ထိုစဉ်က မြင့်မြတ်အရှင်သခင်နှင့် အကြီးအကဲ အချို့သာ သူ့ကို လာရောက်ကြိုဆိုခဲ့ကြခြင်း ဖြစ်သည်။
လင်းချန်သည် အတွေးများကို စုစည်းကာ ရထားလုံးပေါ်မှ ဆင်းသက်လိုက်ပြီး ခပ်မှိန်မှိန် ပြုံးလိုက်၏။
“ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေတို့။ လင်းချန် ဒီနေရာကနေပဲ ကျေးဇူးစကား ဆိုပါရစေ။”
သူ၏ တည်ငြိမ်သော အသံမှာ ပဲ့တင်ထပ်သွားပြီး ကစဉ့်ကလျား မြင့်မြတ်နယ်မြေရှိ တပည့်တိုင်းနှင့် ပညာရှင်တိုင်း၏ နားထဲသို့ ရောက်ရှိသွားခဲ့သည်။
ယဉ်ကျေးမှုအရ အပြန်အလှန် ရှိအပ်သည်ဖြစ်ရာ သူတို့က ဤမျှ ခမ်းနားစွာ ကြိုဆိုနေသဖြင့် သူသည်လည်း သင့်လျော်သော အပြုအမူကို ပြသရမည် မဟုတ်ပါလော။
စကားပြောနေစဉ်မှာပင် လင်းချန်သည် သူ၏အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ပြီး နဂါးကိုးကောင် ပျံသန်းခြင်း ရထားလုံးကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။ ၎င်း၏ တာဝန်မှာ ပြီးဆုံးသွားပြီဖြစ်ရာ ပြန်သိမ်းရန် အချိန်တန်ပြီဖြစ်သည်။
လင်းမိသားစု အကြီးအကဲများစွာ၏ ပုံရိပ်များသည်လည်း လင်းချန်၏နောက်တွင် စကားတစ်ခွန်းမှ မဆိုဘဲ ငြိမ်သက်စွာ ရပ်တန့်လိုက်ကြ၏။ သူတို့၏ ယခုတစ်ခေါက် တာဝန်မှာ လင်းချန်ကို ကာကွယ်ရန်သာဖြစ်ပြီး အခြားကိစ္စရပ်များကို အလွန်အမင်း စိတ်ပူနေစရာ မလိုပေ။
ဤသည်မှာလည်း နတ်ဘုရားသားတော်အား နောင်အနာဂတ်အတွက် ပြင်ဆင်နိုင်ရန် ဤကဲ့သို့သော အရေးကိစ္စများနှင့် ကြိုတင်ထိတွေ့ခွင့် ပေးခြင်းလည်း ဖြစ်ပေသည်။
လင်းချန်သည် ခြေတစ်လှမ်း လှမ်းလိုက်ပြီး ယွမ်ချူးနှင့် ရှောင်ဖန်တို့၏ ရှေ့တွင် ရပ်တန့်လိုက်၏။ သူသည် လက်မြှောက်ကာ ယွမ်ချူးကို လက်ယှက် နှုတ်ဆက်လိုက်လေသည်။
“လင်းချန် မြင့်မြတ်အရှင်သခင်ကို ဂါရဝပြုပါတယ်။”
ထိုသို့ပြောပြီးနောက် လင်းချန်သည် ခေါင်းလှည့်ပြီး ရှောင်ဖန်ကို ကြည့်ကာ ပြုံးပြလိုက်၏။
“ရှောင်ဖန်... မတွေ့ရတာ ကြာပြီနော်။”
အမှန်တကယ်ပင် သူတို့ မဆုံဖြစ်သည်မှာ ကြာခဲ့ပြီဖြစ်သည်။
နောက်ဆုံးတွေ့ခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်ကျော်က ဖြစ်၏။ လင်းချန်သည် မိမိကိုယ်ကို နတ်ဘုရားအရင်းအမြစ်ထဲတွင် ချိတ်ပိတ်ထားခဲ့သဖြင့် အချိန်များစွာ ကုန်ဆုံးသွားသည်ဟု မခံစားရသော်လည်း ရှောင်ဖန်အတွက်မူ ထိုသို့မဟုတ်ပေ။ သူသည် နှစ်ပေါင်းသုံးထောင်လုံးလုံးကို အမှန်တကယ် ဖြတ်သန်းရှင်သန်ခဲ့ရသူ ဖြစ်သည်။
ယွမ်ချူးက ချက်ချင်းပြန်မဖြေဘဲ သတိအပြည့်အဝ ပြန်မဝင်သေးသော ရှောင်ဖန်ဘက်သို့ လှည့်ကြည့်လိုက်၏။ သူတို့ ကစဉ့်ကလျား မြင့်မြတ်နယ်မြေ၏ ထာဝရပါရမီရှင်သည် အတိတ်က အတွေ့အကြုံများကို ပြန်လည်အောက်မေ့နေပုံရသည်။ အမှန်တကယ်ပင် ထိုတိုက်ပွဲ၏ လွှမ်းမိုးမှုသည် ရှောင်ဖန်အပေါ် ယနေ့တိုင် သက်ရောက်မှု ရှိနေဆဲပင်။
ထိုအသံကို ကြားလိုက်ရသောအခါ ရှောင်ဖန်သည် အတိတ်ဟောင်းများထဲမှ ရုန်းထွက်လာပြီး အသာအယာ ပြုံးလိုက်၏။
“လင်းချန်... မတွေ့ရတာ ကြာပြီပဲ။”
လင်းချန်နှင့် ပြန်လည်ဆုံတွေ့ရမည့် မြင်ကွင်းကို သူ တွေးတောခဲ့ဖူးသော်လည်း ဤကဲ့သို့သော ပုံစံမျိုး ဖြစ်လာလိမ့်မည်ဟုတော့ မထင်မှတ်ထားခဲ့ပေ။ လင်းချန်က ရှောင်ဖန်ကို အထက်အောက် အကဲခတ်ကြည့်ရင်း လျှာသပ်ကာ အံ့သြသံပြုလိုက်၏။
“မင်း အခု သူတော်စင်ဘုရင်အဆင့် ၉ ကို ရောက်နေပြီလို့ ငါ အရင်က ကြားခဲ့တယ်။ အခုကြည့်ရတာ တကယ် ဟုတ်နေတာပဲ။
မင်းနဲ့ တိုက်ခိုက်ဖို့ နေနေသာသာ၊ မင်းရဲ့ တိကျတဲ့ ကျင့်စဉ်အဆင့်ကိုတောင် ငါ မခံစားမိတော့ဘူး။”
လင်းချန်၏ အာရုံခံစားမှုအရ လက်ရှိရှောင်ဖန်မှာ ကျင့်စဉ်စွမ်းအား မရှိသော သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့လေသည်။ သို့သော် ဤသည်မှာ လုံးဝမဖြစ်နိုင်ကြောင်း လူတိုင်းသိကြသည်။ ဤအခြေအနေအတွက် ရှင်းပြချက် တစ်ခုသာရှိပေသည်။ သူနှင့် ရှောင်ဖန်ကြားရှိ ကွာဟချက်မှာ လက်ရှိတွင် ကြီးမားလွန်းနေသဖြင့် မည်သည့်အရိပ်အယောင်ကိုမျှ ရှာဖွေတွေ့ရှိရန် ခက်ခဲနေခြင်းပင် ဖြစ်သည်။
လင်းချန်၏ ရိုးသားသော ချီးကျူးစကားကို ကြားလိုက်ရသောအခါ ရှောင်ဖန်မှာ အကြောင်းရင်းမရှိဘဲ ဝမ်းသာပီတိ ဖြစ်သွားခဲ့၏။ အတိတ်ကာလက လင်းချန်သည် သူ့အား ထိုကဲ့သို့သော စကားမျိုး တစ်ခါမျှ မပြောခဲ့ဖူးပေ။ ထိုစဉ်က သူသည် အဆင့်မမီသေးကြောင်းသာ ပြောခဲ့ပြီး ချီးကျူးစကားဆိုသည်မှာ လုံးဝမရှိခဲ့ပေ။
သို့သော် သူသည် လင်းချန်ထက် နှစ်ပေါင်းသုံးထောင် ပိုမို၍ ကျင့်ကြံခဲ့ရသည်ဟု တွေးမိလိုက်သည်နှင့် ရှောင်ဖန်၏ ပျော်ရွှင်မှုများမှာ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့တော့လေသည်။ သူသည် လင်းချန်၏ လက်ရှိ ရုပ်ခန္ဓာ ကျင့်စဉ်အဆင့်မှာ မဟာသူတော်စင်အဆင့် တစ်ဝက်ကို ရောက်ရှိနေပြီဖြစ်ကြောင်း အာရုံခံမိလိုက်လေသည်။
သူ ပြန်လည်နိုးထလာတာ ဘယ်လောက်တောင် ရှိသေးလို့လဲ။
လင်းချန်၏ ရုပ်ခန္ဓာ ကျင့်စဉ်မှာ မဟာသူတော်စင်အဆင့်သို့ ထိုးဖောက်ရန် အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။
ဒီလူက အရင်ကလို တကယ့် မိစ္ဆာတစ်ကောင် ဖြစ်နေတုန်းပဲ။
သူနှင့် ယှဉ်ပြိုင်နေကြသော ယနေ့ခေတ်၏ ထိပ်တန်းပါရမီရှင်များမှာလည်း လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က မျိုးဆက်များကဲ့သို့ပင် လင်းချန်၏ နောက်တွင် အလှမ်းကွာဝေးစွာ ကျန်ရစ်ခဲ့ကြဦးမည်မှာ သေချာပေသည်။
ရှောင်ဖန်သည် သတိပြန်ဝင်လာကာ ခါးသီးစွာ ပြုံးလိုက်၏။
“ငါက မင်းနဲ့ မယှဉ်နိုင်ပါဘူး။ နတ်ဘုရားစာရင်းမှာ နံပါတ်တစ်၊ အဆင့်တူမှာလည်း တာအိုဘိုးဘေးကို အနိုင်ယူခဲ့တယ်။ တကယ်ကို အားကျစရာပဲ။”
လင်းချန်က ပြုံးရုံသာပြုံးလိုက်ပြီး ဘာမှပြန်မပြောတော့ပေ။ ထိုအချိန်တွင် ယွမ်ချူးသည် လင်းချန်နှင့် လင်းမိသားစု အကြီးအကဲများကို တစ်ချက်ကြည့်ကာ ခပ်ပါးပါး ပြုံးလိုက်၏။
“အားလုံးပဲ... အပြင်မှာ အချိန်ဆွဲမနေကြပါနဲ့တော့။ ပင်မခန်းမဆောင်ဆီကို သွားကြရအောင်။ အဲ့ဒီမှာ အားလုံးကို စောင့်ကြိုနေတဲ့ တည်ခင်းဧည့်ခံပွဲကြီး အဆင်သင့်ဖြစ်နေပြီ။”
လင်းချန်နှင့် အကြီးအကဲများစွာတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ပြုံးကာ ခေါင်းညိတ်လိုက်ကြ၏။
“ကောင်းပါပြီ။ ဒါဆိုရင်တော့ မြင့်မြတ်အရှင်သခင်ကို အလုပ်ရှုပ်အောင် လုပ်မိပြီထင်တယ်။”
ယွမ်ချူးက လက်ဝေ့ယမ်းကာ လမ်းညွှန်လိုက်သည်။
“အလုပ်မရှုပ်ပါဘူး။ အရှင့်သားနဲ့ တာအိုမိတ်ဆွေတို့... ကြွကြပါ။”
ထိုသို့ ဖိတ်ခေါ်လာသည်ကို မြင်သောအခါ လင်းချန်နှင့် အကြီးအကဲများသည် တွန့်ဆုတ်မနေတော့ဘဲ ကစဉ့်ကလျား နတ်ဘုရားတောင်ထိပ်ရှိ နန်းတော်ဆီသို့ ဦးဆောင်ကာ ထွက်ခွာခဲ့ကြ၏။ ရှောင်ဖန်၊ ယွမ်ချူးနှင့် ကစဉ့်ကလျား မြင့်မြတ်နယ်မြေမှ ပညာရှင်များစွာတို့သည်လည်း လင်းချန်တို့၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။
သူတို့ နောက်ထပ် လုပ်ဆောင်ကြမည့်အရာမှာ အမှန်တကယ် အရေးကြီးသော ကိစ္စရပ်ပင် ဖြစ်သည်။
၎င်းမှာ သူတို့၏ ကစဉ့်ကလျား မြင့်မြတ်နယ်မြေနှင့် ရှေးဟောင်း လင်းမိသားစုတို့ကြား၌ တိကျသော ဆက်ဆံရေးတစ်ခု တည်ဆောက်ရန်ပင် ဖြစ်တော့သည်။