အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
အခန်း (၇၉) - လိုရင်းကို တိုက်ရိုက်ပြောခြင်းနှင့် မဟာမိတ်ဖွဲ့ခြင်း
ကစဉ့်ကလျား နတ်ဘုရားတောင်ထိပ်ရှိ နန်းတော်အတွင်း၌...။
လင်းချန်သည် ဘယ်ဘက်ခြမ်း၏ အဓိကနေရာတွင် တင်ပျဉ်ခွေထိုင်နေပြီး သူ၏အောက်တွင် မိသားစုအကြီးအကဲများစွာ ထိုင်နေကြလေသည်။ အခြားတစ်ဖက်တွင်မူ ရှောင်ဖန်သည် လင်းချန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး သူ၏အောက်တွင် ကစဉ့်ကလျား မြင့်မြတ်နယ်မြေမှ ပညာရှင်များစွာသည် အစီအရီ ထိုင်နေကြ၏။
သူတို့ရှေ့ရှိ စားပွဲများပေါ်တွင် အမျိုးအမည်စုံလင်လှသော အရသာရှိသည့် စားဖွယ်မျိုးစုံတို့ကို ခင်းကျင်းထားပြီး မွှေးကြိုင်သောရနံ့များ ထွက်ပေါ်နေခဲ့သည်။ ကျောက်စိမ်းပုလင်းငယ်များထဲမှလည်း ကောင်းမွန်လှသော ဝိုင်နံ့သင်းသင်းလေးများ လွင့်ပျံ့နေ၏။
အဓိကနေရာတွင်မူ ယွမ်ချူးက ပြုံးရွှင်သောမျက်နှာဖြင့် မတ်မတ်ထိုင်နေသည်။
“ရှေးဟောင်း လင်းမိသားစုက တာအိုမိတ်ဆွေတို့ အဝေးကြီးကနေ လာရောက်လည်ပတ်တာက ကျုပ်တို့ ကစဉ့်ကလျားမြင့်မြတ်နယ်မြေအတွက် တကယ့်ကို မင်္ဂလာတစ်ပါးပါပဲ။
ပထမဦးဆုံးအနေနဲ့ ဒီရွှေရောင်ခေတ်ကြီးမှာ ပါရမီရှင်စာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တဲ့အတွက် နတ်ဘုရားသားတော်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဝိုင်တစ်ခွက်နဲ့ ကမ်းလှမ်းလိုပါတယ်။”
စကားပြောနေစဉ်မှာပင် သူသည် ကောင်းမွန်လှသောဝိုင်များ ဖြည့်ထားသည့် ခွက်ကိုမြှောက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။ ထို့နောက် ဝိုင်ကို ထပ်ဖြည့်လိုက်ပြီး ပြုံးကာ ဆက်ပြောလိုက်သည်။
“ဒုတိယအနေနဲ့ နတ်ဘုရားစာရင်းမှာ နံပါတ်တစ် ရယူနိုင်ခဲ့တာ၊ အဆင့်တူညီမှာ တာအိုဘိုးဘေးကို အနိုင်ယူနိုင်ခဲ့တာနဲ့ သမိုင်းတစ်လျှောက် ဘယ်သူနဲ့မျှ မယှဉ်နိုင်တဲ့ ပါရမီကို ပိုင်ဆိုင်ထားတဲ့အတွက် ဂုဏ်ပြုပါတယ်။
ပြီးတော့ အရေးကြီးဆုံးက အဲ့ဒီအမှိုက်ကောင် လွမ်ကို ညှဉ်းပန်းနှိပ်စက်ပြီး သတ်ပစ်နိုင်ခဲ့တာပဲ။ ဒါက တကယ့်ကို စိတ်ကျေနပ်စရာကောင်းလွန်းတယ်။”
စကားဆုံးသည်နှင့် သူသည် ခွက်ထဲရှိဝိုင်ကို ထပ်မံသောက်လိုက်ရာ သူ၏မျက်နှာတွင် အလွန်အမင်း ဝမ်းမြောက်ကြည်နူးမှုများ ပြည့်နှက်နေခဲ့သည်။
ယွမ်ချူးက လွမ်၏အမည်ကို မြွက်ဟလိုက်သောအခါ နန်းတော်အတွင်းရှိ ပညာရှင်များအားလုံး၏ မျက်နှာတွင် ဒေါသထွက်နေသော အရိပ်အယောင်များနှင့်အတူ ကျေနပ်အားရသည့် အပြုံးများ ဖြစ်ပေါ်လာကြ၏။
ဤအကြောင်းကို ပြောရလျှင် နတ်ဘုရားပင်မရွှေစင်မျှော်စင်ကို ဖြတ်ကျော်စဉ် လင်းချန်က လွမ်ကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည့် မြင်ကွင်းကို သူတို့ သတိရသွားကြခြင်းဖြစ်သည်။ ယခုအချိန်အထိ ထိုမြင်ကွင်းကို ပြန်တွေးမိလျှင်ပင် သူတို့အတွက် အလွန်အမင်း စိတ်ကျေနပ်စရာ ကောင်းနေဆဲပင်။
ထိုလူသည် သူတို့၏ တာအိုပြည်နယ် သုံးထောင်၏ နိယာမတရားများကို ပျက်စီးစေခဲ့ပြီး မဟာဧကရာဇ်အဆင့် ပညာရှင်များ လွတ်လပ်စွာ ပေါ်ထွက်လာနိုင်ရန် ခက်ခဲအောင် ပြုလုပ်ခဲ့သူဖြစ်သည်။ ဤရွှေရောင်ခေတ်ကြီး ရောက်လာမှသာ ဧကရာဇ်ဖြစ်ရန် တစ်ခုတည်းသော အခွင့်အရေးကို ရရှိခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ခွင့်မလွှတ်နိုင်သော လူစားမျိုးကို သတ်ရုံတင်သတ်လိုက်ခြင်းမှာ သူ့အတွက် သက်သာလွန်းလှ၏။ လင်းချန်၏ နည်းလမ်းများမှာ အနည်းငယ် ရက်စက်သော်လည်း သူတို့ကိုယ်တိုင်သာ လုပ်ခွင့်ရလျှင် ထိုထက်ပင် ပိုလုပ်ချင်ကြသေးသည်။
ဤအချက်တစ်ခုတည်းနှင့်တင် လင်းချန်သည် သူတို့၏ အကောင်းမွန်ဆုံးသော ဆက်ဆံမှုကို ခံယူထိုက်ပေသည်။ ကစဉ့်ကလျားမြင့်မြတ်နယ်မြေမှ ပညာရှင်များစွာသည်လည်း တစ်ဦးပြီးတစ်ဦး ချီးကျူးစကားများ ဆိုလိုက်ကြလေသည်။
“အမှန်ပဲ။ အရှင့်သားရဲ့ အဲ့ဒီတုန်းက လုပ်ရပ်တွေက အခုထိ ကျုပ်တို့ရဲ့ သွေးတွေကို ဆူပွက်စေတုန်းပဲ။ အဲ့ဒီလိုလူမျိုးက အဲ့ဒီလို အနှိပ်စက်ခံရဖို့ပဲ ထိုက်တန်တယ်။”
“နတ်ဘုရားသားတော် ကျုပ်တို့လည်း အရှင့်သားကို ဝိုင်တစ်ခွက်နဲ့ ဂုဏ်ပြုပါရစေ။”
ထိုသို့ပြောပြီးနောက် ကစဉ့်ကလျား မြင့်မြတ်နယ်မြေမှ ပညာရှင်များစွာတို့သည် သူတို့၏ ဝိုင်ခွက်များကို မော့လိုက်ကြ၏။
ရှောင်ဖန်၏ မျက်နှာတွင်လည်း ကျေနပ်သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အကယ်၍ လွမ်သာ မရှိခဲ့လျှင် အတိတ်က ထိပ်တန်း ပါရမီရှင်များသည် မိမိကိုယ်ကို အချိန်အကြာကြီး ချိတ်ပိတ်ထားရန် လိုအပ်မည်လော။ ဘာအတွက်ကြောင့် ဧကရာဇ်ဖြစ်ဖို့ တစ်ခုတည်းသော အခွင့်အရေးအတွက် အသက်စွန့် တိုက်ခိုက်နေရမည်နည်း။
ဤအကြောင်းကြောင့်ပင် တာအိုပြည်နယ် သုံးထောင်တွင် ပါရမီရှင် အမြောက်အမြား မည်မျှအထိ ကျဆုံးခဲ့ရသည်ကို မည်သူသိနိုင်မည်နည်း။
ဤကိစ္စအားလုံး၏ တရားခံမှာ လင်းချန်၏ လက်ချက်ဖြင့် အဆင့်တူတွင် အနှိပ်စက်ခံရကာ သေဆုံးသွားခဲ့သည့် လွမ် ပင်ဖြစ်သည်။
ကစဉ့်ကလျား မြင့်မြတ်နယ်မြေ မှ ပညာရှင်များသာမက လင်းမိသားစုမှ အကြီးအကဲများ၏ မျက်နှာတွင်လည်း နှစ်ထောင်းအားရသော အရိပ်အယောင်များ ရှိနေခဲ့ကြသည်။ သူတို့သည် ထိုစဉ်က နတ်ဘုရားသားတော်၏ နတ်ဘုရားသဖွယ် စွမ်းအင်များကို ယနေ့တိုင် မှတ်မိနေကြဆဲပင်။ လွမ်၏ နိဂုံးမှာ အမှန်တကယ်ပင် ထိုက်တန်လှ၏။
လင်းချန်သည် ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသော အနှိုင်းမဲ့ ချီးကျူးစကားများကို ကြားရသောအခါ ပြုံးလိုက်သည်။
“တာအိုမိတ်ဆွေတို့...ကျုပ်ကို အမွှန်းတင်လွန်းနေပါပြီ။ ကျုပ်က လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့ရုံပါပဲ။
ဒါနဲ့ပတ်သက်လို့ ပြောရရင် လိုရင်းကိုပဲ တိုက်ရိုက်ပြောကြရအောင်။ ဒီတစ်ခေါက် ကျုပ်တို့ လာရတဲ့ အကြောင်းရင်းက ခင်ဗျားတို့ရဲ့ မြင့်မုတ်နယ်မြေနဲ့ မဟာမိတ် ဖွဲ့ဖို့ပဲ။
ခင်ဗျားတို့အားလုံး သိကြတဲ့အတိုင်း တားမြစ်နယ်မြေ အထွတ်အထိပ် ပုဂ္ဂိုလ်တွေ အားလုံး နိုးထလာကြပြီ။ ကြီးမားတဲ့ ပရမ်းပတာ အခြေအနေတွေလည်း မကြာခင် ဖြစ်ပေါ်လာတော့မယ်။
ကျုပ်တို့လို အင်အားစုမျိုးတောင်မှ အင်အားတစ်ခုတည်းနဲ့ဆိုရင် အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်။
အချင်းချင်း မဟာမိတ်ဖွဲ့ခြင်းအားဖြင့်သာ ဒီလို ခက်ခဲတဲ့ကာလမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာဖြစ်ပြီး... နောက်ထပ် ခြေလှမ်းတစ်လှမ်း ပိုတိုးနိုင်လမ့်မယ်။”
သူ၏စကားသံ ဆုံးသွားသည်နှင့် နန်းတော်အတွင်း၌ အပ်ကျသံပင် မကြားရလောက်အောင် ရုတ်ချည်း ငြိမ်သက်သွား၏။
ယွမ်ချူးနှင့် ကစဉ့်ကလျားမြင့်မြတ်နယ်မြေမှ ပညာရှင်များ၏ မျက်နှာပေါ်ရှိ အပြုံးများမှာလည်း အေးခဲသွားကြသည်။
လင်းချန်သည် အားနာနာနှင့် စကားပလ္လင်ခံမနေဘဲ အဓိကအကြောင်းအရာကို တိုက်ရိုက်ပြောလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။
သို့သော် လင်းချန် ပြောသည်မှာ မှန်ပါသည်။ တားမြစ်နယ်မြေမှ အထွတ်အထိပ် ပုဂ္ဂိုလ်များ အားလုံး နိုးထနေကြပြီ ဖြစ်သည်။
၎င်းတို့ကို ခေတ္တခဏ ထိန်းချုပ်ထားနိုင်သည်ဟု ဆိုစေကာမူ တာအိုပြည်နယ် သုံးထောင်၏ အခြေအနေမှာ ပရမ်းပတာ ဖြစ်နေပြီး အချို့သော နိမိတ်လက္ခဏာများမှာလည်း စတင်ပြသနေပြီဖြစ်သည်။
အဓိကနေရာတွင် ထိုင်နေသော ယွမ်ချူးသည် အတွေးနက်နေဟန်ဖြင့် မျက်မှောင်ကြုတ်ထား၏။ သို့သော် ၎င်းမှာ ကြာရှည်မခံလိုက်ပေ။ လင်းချန်၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ယွမ်ချူးသည် သူ၏မျက်မှောင်ကို ဖြေလျှော့ကာ မတ်တပ်ရပ်လိုက်သည်။
လင်းချန်ကို ကြည့်ရင်း ယွမ်ချူးက လေးနက်စွာ ဆိုလိုက်သည်။
“နတ်ဘုရားသားတော်... ကျုပ်ရဲ့ ကစဉ့်ကလျား မြင့်မြတ်နယ်မြေက ရှေးဟောင်း လင်းမိသားစုနဲ့ မဟာမိတ်ဖွဲ့ပြီး လက်တွဲဖို့ ဆန္ဒရှိပါတယ်။”
ရှေးဟောင်း လင်းမိသားစုတွင် လင်းချန် ရှိနေသရွေ့ အနာဂတ်မှာ တောက်ပနေမည် ဖြစ်သည်။ ထို့ကြောင့် သူတို့နှင့် မဟာမိတ်ဖွဲ့ခြင်းမှာ အရှုံးမရှိပေ။
ထိုစကားကို ကြားသောအခါ လင်းချန်က မတ်တပ်ရပ်ကာ ပြုံးလိုက်၏။
“မြင့်မြတ်အရှင်သခင်... ကျုပ်တို့ရဲ့ အောင်မြင်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်နေပါ့မယ်။”
မဟာမိတ်ဖွဲ့ခြင်း အောင်မြင်သွားပြီဖြစ်ရာ နောက်တစ်ဆင့်မှာ သူ၏ မဟာမိတ်နယ်မြေအတွင်း လှည့်လည်ကြည့်ရှုရန် အချိန်တန်ပြီ ဖြစ်သည်။ သူသည် မည်သည့်နေရာများက လက်မှတ်ထိုးဝင်ခြင်း အခွင့်အရေးကို ဖွင့်ပေးနိုင်မလဲဆိုသည်ကို ရှာဖွေပြီး... လက်မှတ်ထိုးဝင်ရပေဦးမည်။
အခန်း (၈၀) - ကစဉ့်ကလျားမြင့်မြတ်နယ်မြေ၏ လျှို့ဝှက်နယ်မြေ: ဝိညာဉ်ပုံဆောင်ခဲ ဂူဗိမာန်
လင်းချန်၏ အသံသည် နန်းတော်အတွင်း၌ အချိန်အတော်ကြာ ပဲ့တင်ထပ်နေခဲ့၏။ ကစဉ့်ကလျားမြင့်မြတ်နယ်မြေမှ ပညာရှင်များစွာတို့သည် ထိုအသံကို ကြားနေရဆဲဖြစ်ပြီး ငေးငိုင်နေမိကြသည်။
ဒီလိုပဲ... မဟာမိတ်က အတည်ဖြစ်သွားတာလား။
ဒါက နည်းနည်းတော့ မြန်လွန်းမနေဘူးလား။
ရှေးဟောင်း လင်းမိသားစုဝင်များ ရောက်ရှိလာပါက မဟာမိတ်ကိစ္စကို ဆွေးနွေးရန် သူတို့ ကြိုတင်ဆုံးဖြတ်ထားပြီးသား ဖြစ်သော်လည်း မဟာမိတ်ဖွဲ့သည့် အရှိန်အဟုန်မှာ သူတို့၏ မျှော်လင့်ချက်ထက် များစွာ ကျော်လွန်နေခဲ့သည်။
မူလက သူတို့ ထင်ထားသည်မှာ အနည်းဆုံး ဝိုင်သုံးခွက်လောက် သောက်ပြီး စကားစမြည် အနည်းငယ် ပြောဆိုပြီးမှသာ မဟာမိတ်ကိစ္စကို စတင်ပြောဆိုကြမည်ဟူ၍ ဖြစ်သည်။ ထို့နောက် အသေးစိတ်အချက်အလက်များကို ဆွေးနွေးပြီးမှသာ အင်အားစုနှစ်ခုကြား မဟာမိတ်ကို အတည်ပြုကြမည်ဟု ယူဆခဲ့ကြ၏။
သို့သော် လင်းချန်မှာမူ ဝိုင်တစ်ခွက်မျှသာ သောက်ပြီးသည်နှင့် ကြားအဆင့်များအားလုံးကို ကျော်ဖြတ်ကာ လိုရင်းကိုသာ တိုက်ရိုက်ပြောဆိုခဲ့လေသည်။ လက်ဖက်ရည်တစ်ခွက် သောက်ချိန် မပြည့်မီမှာတင် မြင့်မြတ်နယ်မြေနှင့် လင်းမိသားစုတို့၏ မဟာမိတ်မှာ အတည်ဖြစ်သွားခဲ့လေပြီ။
ရှောင်ဖန်သည်မူ အခြားသူများနှင့်မတူဘဲ “ထင်တဲ့အတိုင်းပဲ” ဆိုသည့် အပြုံးမျိုး သူ၏မျက်နှာတွင် ဖြစ်ပေါ်လာ၏။ ဤလူသား လင်းချန်မှာ အရင်အတိုင်းပင် လိုရင်းကို တိုက်ရိုက်ပြောတတ်သူဖြစ်ပြီး စကားကို ကွေ့ပတ်ပြောလေ့မရှိပေ။
သို့သော် ဤသည်မှာလည်း ကောင်းပါသည်။ ၎င်းမှာ အချိန်ကုန်သက်သာစေသလို အနှစ်သာရမရှိသော ဟန်ဆောင်မှုများကိုလည်း ရှောင်ရှားနိုင်သည် မဟုတ်ပါလော။
လင်းမိသားစုမှ အကြီးအကဲများသည်လည်း သူတို့၏ မုတ်ဆိတ်များကို ပွတ်သပ်ကာ ပြုံးနေကြပြီး လင်းချန်ကို အလွန်အမင်း ကျေနပ်အားရစွာ ကြည့်နေကြလေသည်။
နတ်ဘုရားသားတော် လင်းချန်သည် ကျင့်စဉ်ပိုင်းတွင် အခြားပါရမီရှင်များထက် ကြီးမားသော ခြေလှမ်းတစ်လှမ်း သာလွန်နေရုံသာမက ဆုံးဖြတ်ချက်ချမှတ်သူအဖြစ် အခန်းကဏ္ဍတွင်လည်း အခြားသူများထက် များစွာ ရှေ့ရောက်နေခဲ့ပြီဖြစ်သည်။
မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ ခဏချင်းအတွင်းမှာပင် သူတို့ခရီးစဉ်၏ ရည်ရွယ်ချက်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး လင်းမိသားစုအတွက် အားကောင်းသော မဟာမိတ်တစ်ခုကို ရှာဖွေပေးနိုင်ခဲ့သည်။ မဆိုးလှပေ။
ယွမ်ချူးသည် လင်းချန်ကို အထင်ကြီးလေးစားသည့် အကြည့်များဖြင့် ကြည့်လိုက်မိ၏။ လင်းမိသားစု၏ ဤနတ်ဘုရားသားတော်မှာ အမှန်တကယ်ပင် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်စွမ်း ရှိသူဖြစ်ပေသည်။
သူသည် ကျင့်ကြံခြင်းပါရမီသာ အံ့သြစရာကောင်းနေခြင်း မဟုတ်ဘဲ ကဏ္ဍတိုင်းတွင် အစွမ်းထက်လှပေသည်။ ထိုကဲ့သို့သော သားမျိုးရှိနေခြင်းကြောင့် လင်းမိသားစုသည် ဤမျိုးဆက်တွင် နောက်ထပ် မဟာဧကရာဇ်တစ်ဦးကို အမှန်တကယ် မွေးထုတ်ပေးနိုင်ပေလိမ့်မည်။
လူတိုင်း၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသောအခါ လင်းချန်က ပြုံးလိုက်ပြီး သူ၏ဘေးတွင် ထိုင်နေသော လင်းခိုင်ရှန်းကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။
“အကြီးအကဲ... မဟာမိတ်ရဲ့ အသေးစိတ်အချက်အလက်တွေကို မြင့်မြတ်အရှင်သခင် ယွမ်ချူးနဲ့ ဆွေးနွေးဖို့အတွက် အကြီးအကဲကိုပဲ အားကိုးလိုက်တော့မယ်။
နောင်အနာဂတ်မှာ အပြန်အလှန် ကူညီနိုင်ဖို့အတွက် ကျုပ်တို့ အင်အားစုနှစ်ခုကြားမှာ နှစ်ဖက်သွား တည်နေရာကူးပြောင်းခြင်းအစီအရင် တည်ဆောက်ရေးကိုလည်း အစီအစဉ်ထဲ ထည့်သွင်းဆွေးနွေးသင့်တယ်။”
သူနှင့် ယှဉ်လျှင် လင်းခိုင်ရှန်းသည် မိသားစု၏ အကြီးအကဲတစ်ဦးအနေဖြင့် နှစ်ပေါင်းများစွာ ရှင်သန်ခဲ့သူဖြစ်ရာ မိသားစု၏ အရေးကိစ္စများကို ပိုမိုနားလည်ပေသည်။ ထို့ကြောင့် အသေးစိတ် ဆွေးနွေးမှုများကို သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းခြင်းကသာ ပို၍ သင့်လျော်ပေလိမ့်မည်။
ထိုစကားကို ကြားသောအခါ လင်းခိုင်ရှန်းက မတ်တပ်ရပ်လိုက်ပြီး လင်းချန်ကို လက်ယှက်ကာ ဂါရဝပြုလိုက်သည်။
“အမိန့်အတိုင်းပါ နတ်ဘုရားသားတော်။”
မိသားစု၏ အကြီးအကဲတစ်ဦးအနေဖြင့် ဤသည်မှာ သူ လုပ်ဆောင်ရမည့် တာဝန်သာဖြစ်သည်။ ထို့နောက် လင်းခိုင်ရှန်း၏ အကြည့်သည် အဓိကနေရာရှိ ယွမ်ချူးထံသို့ ရောက်ရှိသွားပြီး အသာအယာ ပြုံးလိုက်သည်။
“မြင့်မြတ်အရှင်သခင်... ကျုပ်တို့ အသေးစိတ်ဆွေးနွေးဖို့ တခြားနေရာတစ်ခုခုကို သွားကြမလား။”
ယွမ်ချူးသည် ခဏမျှ စဉ်းစားပြီးနောက် သဘောတူကာ ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ။ နတ်ဘုရားသားတော် လင်းချန်... ဧည့်ဝတ်ကျေပွန်မှု အားနည်းသွားရင် ခွင့်လွှတ်ပေးပါဦး။”
လင်းချန်က ရယ်မောလိုက်ပြီး လက်ကာပြကာ ပြောလိုက်သည်။
“ကျုပ်လည်း ရှောင်ဖန်နဲ့ စကားပြောချင်နေတား။ မြင့်မြတ်အရှင်သခင်... အဆင်ပြေသလိုသာ ဆောင်ရွက်ပါ။”
သူ၏စကားသံဆုံးသည်နှင့် ယွမ်ချူးက ခေါင်းညိတ်ပြလိုက်ပြီး သူနှင့် လင်းခိုင်ရှန်းတို့သည် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ပျောက်ကွယ်သွားကြတော့လေသည်။
ထိုသူနှစ်ဦး ထွက်ခွာသွားသည်ကို ကြည့်ရင်း လင်းချန်သည် ရှောင်ဖန် အနီးသို့ ချဉ်းကပ်သွားကာ နန်းတော်အပြင်ဘက်သို့ တစ်ချက်ကြည့်ပြီး အသာအယာ ပြုံးလိုက်သည်။
“ငါတို့ အပြင်ထွက်ပြီး စကားပြောကြမလား။”
ရှောင်ဖန်သည် ခဏမျှ ကြောင်အသွားသော်လည်း ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။
“သွားကြတာပေါ့။”
သူတို့နှစ်ဦးသည် သက်ဆိုင်ရာအဖွဲ့များကို စကားအနည်းငယ်စီ မှာကြားပြီးနောက် နန်းတော်ထဲမှ အတူတူ ထွက်လာခဲ့ကြသည်။ သူတို့ ထွက်ခွာသွားသည်နှင့် နန်းတော်အတွင်း ကျန်ရှိနေခဲ့သော လင်းမိသားစုမှ အကြီးအကဲများနှင့် ကစဉ့်ကလျားမြင့်မြတ်နယ်မြေမှ ပညာရှင်များသည် ပျော်ရွှင်စွာ ဝိုင်သောက်ရင်း စကားလက်ဆုံ ကျနေကြတော့သည်။
မိသားစုနှစ်ခု မဟာမိတ်ဖွဲ့ပြီးပြီဖြစ်ရာ နှစ်ဖက်စလုံးမှ ပညာရှင်များအကြား ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ရမည်မှာ သဘာဝပင် ဖြစ်သည်။ ဤတည်ခင်းဧည့်ခံပွဲသည် သူတို့အတွက် အကောင်းဆုံး အခွင့်အရေးပင် မဟုတ်ပါလော။
နန်းတော်အပြင်ဘက်၊ ချောက်ကမ်းပါးအစွန်းတစ်ခုတွင်...။
လင်းချန်သည် အောက်ဘက်ရှိ လှပသော ရှုခင်းများကို ငုံ့ကြည့်ရင်း အံ့သြချီးကျူးစွာဖြင့် သက်ပြင်းချလိုက်မိ၏။
“ကစဉ့်ကလျား နတ်ဘုရားတောင်ထိပ်ပေါ်ကနေ ကစဉ့်ကလျားမြင့်မြတ်နယ်မြေ တစ်ခုလုံးကို ငုံ့ကြည့်ရတာ တကယ့်ကို ခမ်းနားတဲ့ မြင်ကွင်းပဲ။”
အောက်ဘက်တွင် ဝိညာဉ်အရှိန်အဝါတို့ ကိန်းဝပ်နေသော ထူးခြားလှပသည့် တောင်ထိပ်ပေါင်းများစွာ မြင့်မားစွာ တည်ရှိနေပြီး ကြိုးကြာငှက်များစွာ အုပ်စုလိုက် ပျံသန်းနေကြသည်။
ကစဉ့်ကလျား မြင့်မြတ်နယ်မြေ၏ တပည့်များသည်လည်း ကောင်းကင်ယံတွင် ဟိုဟိုဒီဒီ ပျံသန်းသွားလာနေကြသည်။ အရေးကြီးဆုံးအချက်မှာ ကစဉ့်ကလျား မြင့်မြတ်နယ်မြေတစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းမှုမှာ အလွန်တရာ မြင့်မားလှပြီး ရှေးဟောင်း လင်းမိသားစုနှင့် ယှဉ်လျှင်ပင် နိမ့်ကျခြင်း မရှိလှပေ။
ကစဉ့်ကလျား မြင့်မြတ်နယ်မြေသည် ရှေးဟောင်းခေတ်မှ ယနေ့တိုင်အောင် အောင်မြင်ထွန်းကားစွာ တည်ရှိနေသော ရှေးဟောင်းအင်အားစုကြီး ဖြစ်သည်ဟူသော ကျော်ကြားမှုနှင့် အမှန်တကယ် ထိုက်တန်လှပေသည်။
ထိုသို့ ချီးကျူးသည်ကို ကြားလိုက်ရသောအခါ ရှောင်ဖန်၏မျက်နှာပေါ်ရှိ အပြုံးမှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။
“ငါတို့ ကစဉ့်ကလျား မြင့်မြတ်နယ်မြေရဲ့ စုစုပေါင်းအင်အားက မင်းတို့ လင်းမိသားစုထက် သာတယ်လို့ ငါ မပြောရဲပေမဲ့ ဒီရှုခင်းအလှအပပိုင်းမှာတော့ မင်းတို့ဆီက ရှုခင်းတွေကို အပြတ်အသတ် နှိမ်ထားနိုင်တယ်လို့ ငါ ယုံကြည်တယ်။”
သူ၏အသံထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေ၏။ လင်းချန်သည် ရှောင်ဖန်၏ အနည်းငယ် ကြွားဝါသော စကားများကို ကြားသောအခါ လျှာသပ်လိုက်မိသည်။
ထိုစကားများမှာ နားထောင်ရသည်မှာ အနည်းငယ် အဆင်မပြေလှသော်လည်း အမှန်တရားပင် ဖြစ်သည်။ ရှေးဟောင်း လင်းမိသားစုသည် မြို့တော်အတွင်း၌ တည်ဆောက်ထားခြင်း ဖြစ်ရာ ကစဉ့်ကလျား တောင်တန်း၏ ရှုခင်းမျိုးစုံနှင့် သဘာဝအလှအပကို မယှဉ်နိုင်သည်မှာ သဘာဝပင်။
ဒါပေမဲ့ မင်းက အဲ့ဒီလို ပြောလိုက်မှတော့ ငါလည်း အလျှော့ပေးမှာ မဟုတ်ဘူး။
လင်းချန်သည် မျက်လုံးတစ်ချက် ဝေ့လိုက်ပြီး အကြံပြုလိုက်သည်။
“ဒါဆိုရင် တာအိုမိတ်ဆွေရှောင်ဖန်... ငါ့ကို ပြောပြပါဦး။ ကစဉ့်ကလျားမြင့်မြတ်နယ်မြေ မှာ ဘယ်လိုမျိုး ထူးဆန်းအံ့ဖွယ် နေရာတွေ ရှိသေး။”
သူသည် ကစဉ့်ကျလား မြင့်မြတ်နယ်မြေ အကြောင်းကို သိပ်မသိသေးသဖြင့် တစ်စုံတစ်ယောက်က ပြောပြပေးမည်ဆိုလျှင် အကောင်းဆုံးပင် ဖြစ်သည်။ အကယ်၍ သူတို့က လမ်းပြပေးမည်ဆိုလျှင် ပို၍ပင် ကောင်းပေလိမ့်မည်။
ရှောင်ဖန်သည် လင်းချန်၏ စကားထဲတွင် တစ်ခုခု ထူးခြားနေသလို ခံစားရသော်လည်း အတိအကျ ဘာလဲဆိုသည်ကိုမူ မသိပေ။ ရှောင်ဖန်သည် သူ၏ ထူးဆန်းသော အတွေးကို ဘေးဖယ်ထားလိုက်ပြီး နေရာအကြောင်းကို စတင်မိတ်ဆက်ပေးလိုက်သည်။
သူတို့ မိသားစုနှစ်ခုသည် မဟာမိတ်ဖွဲ့ပြီးပြီ ဖြစ်ရာ ကစဉ့်ကလျားမြင့်မြတ်နယ်မြေ၏ အချက်အလက်အချို့ကို မျှဝေပေးခြင်းမှာ သင့်လျော်ပေသည်။
“ငါတို့ ကစဉ့်ကလျားမြင့်မြတ်နယ်မြေရဲ့ ထူးဆန်းအံ့ဖွယ် နေရာတွေအကြောင်း ပြောရမယ်ဆိုရင်တော့ အများကြီးပဲ။”
“တခြားနေရာတွေကို ခဏထားလိုက်ဦး။ ငါတို့ အခုရပ်နေတဲ့ ကစဉ့်ကလျား နတ်ဘုရားတောင်ထိပ်ပေါ်မှာတင် တကယ့်ကို ထူးခြားတဲ့ နေရာတစ်ခု ရှိတယ်။”
ကစဉ့်ကလျား နတ်ဘုရားတောင်ထိပ်ပေါ်မှာလား။
လင်းချန်၏ အမူအရာ ပြောင်းလဲသွားပြီး မေးလိုက်သည်။
“ဘယ်နေရာမှာလဲ။”
ထိုစကားကို ကြားသောအခါ ရှောင်ဖန်က လျှို့ဝှက်ဆန်းပြားသော အပြုံးဖြင့်...ပြောလိုက်သည်။
“ငါတို့... ခြေဖဝါးအောက်မှာပဲ။ အတိအကျ ပြောရရင် ကစဉ့်ကလျား နတ်ဘုရားတောင်ထိပ်ရဲ့ အောက်ခြေမှာ သဘာဝအလျောက် ဖြစ်တည်နေတဲ့ ဝိညာဉ်ပုံဆောင်ခဲ ဂူဗိမာန်တစ်ခု ရှိတယ်။
ရွှေရောင်ခေတ်ကြီး မရောက်ခင်တုန်းကတည်းက အဲဒီဂူထဲက ဝိညာဉ်စွမ်းအင် သိပ်သည်းဆက အခု လက်ရှိ အပြင်လောကရဲ့ သိပ်သည်းဆနဲ့ ယှဉ်နိုင်လောက်တဲ့အထိကို အရမ်းများပြားတယ်။
အခုဆိုရင်တော့ အဲ့ဒီထဲက သိပ်သည်းဆက အပြင်ထက် အဆပေါင်း တစ်ရာကျော်လောက် ပိုများနေပြီ။ ဝိညာဉ်စွမ်းအင်တွေက အရမ်းကို ထူထပ်လွန်းလို့ သာမန်ကျင့်ကြံသူတွေဆိုရင် အထဲမှာ ခဏလေးတောင် မနေနိုင်ဘဲ ပြန်ထွက်လာကြရတယ်။
မဟုတ်ရင်တော့... သေဖို့သာ ပြင်ထားပေတော့ပဲ။”
ဤနေရာတွင် ရှောင်ဖန်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ သတိပေးလိုက်သည်။
“လင်းချန်... မင်း ဒါကို ဘယ်သူ့ကိုမှ မပြောပါနဲ့နော်။ ဒါက ငါတို့ ကစဥ့်ကလျား မြင့်မြတိနယ်မြေရဲ့ လျှို့ဝှက်ချက်တွေထဲက တစ်ခုပဲ။ အပြင်ကို ပေါက်ကြားလို့ မဖြစ်ဘူး။
မြင့်မြတ်နယ်မြေထဲက အကြီးအကဲတချို့တောင် ဒါကို မသိကြဘူး။
ငါတို့တွေ မဟာမိတ်ဖွဲ့လိုက်တာရယ်၊ မင်းရဲ့ စိတ်ဓာတ်ကို ငါယုံကြည်တာရယ်ကြောင့်သာ မင်းကို အခုလို မြန်မြန်ပြောပြတာ။”
ဝိညာဉ်ပုံဆောင်ခဲ ဂူဗိမာန်တဲ့လား။
လင်းချန် အတော်လေး အံ့အားသင့်သွားခဲ့သည်။ ဤနေရာတွင် အမှန်တကယ်ပင် ဝိညာဉ်ပုံဆောင်ခဲ ဂူဗိမာန်တစ်ခု ရှိနေသည်လော။ အရေးကြီးဆုံးမှာ ရွှေရောင်ခေတ်ကြီး မတိုင်ခင်ကတည်းကပင် လက်ရှိပြင်ပလောကနှင့် ယှဉ်နိုင်သော ဝိညာဉ်စွမ်းအင် သိပ်သည်းဆ ရှိခဲ့ခြင်းပင်။ ထိုကဲ့သို့သော နေရာမျိုးသည် အမှန်တကယ်ပင် ထူးဆန်းအံ့ဖွယ်နယ်မြေဟု ခေါ်ဆိုရန် ထိုက်တန်လှပေသည်။
လင်းချန်သည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ ခေါင်းညိတ်၍ ကတိပေးလိုက်၏။
“ဒါပေါ့။ စိတ်မပူပါနဲ့။ ငါ ဒါကို ပေါက်ကြားအောင် မလုပ်ပါဘူး။”
ဝိညာဉ်ပုံဆောင်ခဲ ဂူဗိမာန်အကြောင်း ကောလာဟလများပင် မထွက်ပေါ်ခဲ့သည်မှာ မဆန်းတော့ပေ။ ၎င်းမှာ ကစဉ့်ကလျား မြင့်မြတ်နယ်မြေအတွင်း၌ပင် ထိပ်တန်းလျှို့ဝှက်ချက်တစ်ခု ဖြစ်နေသောကြောင့်ပင်။
ရှောင်ဖန်သည် သူ့အား အမှန်တကယ် ယုံကြည်ကြောင်း ထင်ရှားလှပေသည်။ မဟုတ်လျှင် ဤမျှ အရေးကြီးသော ကိစ္စရပ်ကို မည်သို့ မျှဝေပါမည်နည်း။
ဝိညာဉ်ပုံဆောင်ခဲ ဆိုသည်မှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများထက်ပင် အရည်အသွေး ပိုမိုမြင့်မားသော ကျင့်ကြံခြင်း အရင်းအမြစ်များ ဖြစ်ပေသည်။ ယေဘုယျအားဖြင့် ပြောရလျှင် ဝိညာဉ်ကျောက်ကြော တစ်ခုလုံးတွင်ပင် ဝိညာဉ်ပုံဆောင်ခဲ တစ်ခု သို့မဟုတ် နှစ်ခုသာ ထွက်ရှိတတ်သည်။
သို့သော် ဤနေရာရှိ ကစဉ့်ကလျား နတ်ဘုရားတောင်ထိပ်အောက်တွင်မူ ဝိညာဉ်ပုံဆောင်ခဲများဖြင့်သာ လုံးလုံးလျားလျား ဖွဲ့စည်းထားသော ဂူဗိမာန်တစ်ခု ရှိနေ၏။ ဤမျှ ကြီးမားသော အတိုင်းအတာနှင့် အံ့ဖွယ်အဆင့်အတန်းမှာ အမှန်တကယ်ပင်... ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လှပေသည်။
လင်းချန်သည် စိတ်ကို တည်ငြိမ်အောင်ထားရင်း လက်ဝါးချင်း ပွတ်သပ်ကာ စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်နေပြီဖြစ်သည်။
“တာအိုမိတ်ဆွေရှောင်ဖန်... ငါ့ကို အဲ့ဒီဝိညာဉ်ပုံဆောင်ခဲ ဂူဗိမာန်ဆီ ခေါ်သွားပေးလို့ ရမလား။
ငါ့ရဲ့ ဝိညာဉ်စွမ်းအင် ကျင့်စဉ်က အခု ထိုးဖောက်ရမယ့် အဆင့်ကို ရောက်နေပြီ။ ဒီဂူဗိမာန်ကို အသုံးချပြီး ကျင့်ကြံခြင်း ပြီးမြောက်အောင် လုပ်နိုင်မလားလို့ သိချင်မိတယ်။”
သူ၏ ဝိညာဉ်စွမ်းအင် ကျင့်စဉ်မှာ ကပ်ဘေးကိုးခုအဆင့်၏ တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ မကြာသေးမီက ကျင့်ကြံချိုးဖောက်ရန် အခွင့်အရေး မရသေးပေ။ ဤဂူဗိမာန်သည် သူ့အား ထိုအချိန်ကို ချွေတာပေးနိုင်မည် ဖြစ်သည်။
လင်းချန်၏ အကြံပြုချက်ကို ရှောင်ဖန်က ပြုံးကာ ပြန်ပြောလိုက်၏။
“ဒါပေါ့။ ငါက ဒီအကြောင်းကို ပြောပြမှတော့ မင်းကို ဒီအတိုင်း သိရုံပဲ သိစေမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ မင်းမှတ်ထားရမှာက ဂူဗိမာန်ထဲက ဝိညာဉ်စွမ်းအင် ဖိအားက အရမ်းပြင်းထန်တယ်။ အကယ်၍ မင်း တောင့်မခံနိုင်တော့ရင် ချက်ချင်း ပြန်ထွက်လာဖို့ ဝန်မလေးနဲ့။
အဲ့ဒါကြောင့်နဲ့ မင်းရဲ့ အခြေခံအုတ်မြစ်တွေ ထိခိုက်သွားရင် ငါ တာဝန်မယူနိုင်ဘူးနော်။”
ရှောင်ဖန်က နောက်ဆုံးတွင် နောက်ပြောင်သော စကားတစ်ခွန်းကို ထည့်ပြောလိုက်သည်။ လင်းချန်က ရှောင်ဖန်ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်၏။
‘ဒီကောင်လေး... ကျင့်စဉ်သက်တမ်း သုံးထောင် ပိုရှိလာတော့ တော်တော်လေး စနောက်ချင်နေပြီပေါ့ ဟုတ်လား။’
“စိတ်မပူပါနဲ့။ ငါ့ရဲ့ ကျင့်စဉ်အဆင့် နည်းနည်းလောက် တက်လာပြီဆိုရင် မင်းကို အတိတ်က အဲဒီ လှပတဲ့ခံစားချက်တွေကို ပြန်ပြီး ခံစားစေရမယ်။”
ထိုစကားကို ကြားသောအခါ ရှောင်ဖန်က မသိစိတ်ဖြင့် လက်ကာပြလိုက်၏။
“မလုပ်ပါနဲ့။ အချိန်မဖြုန်းကြရအောင်။ မြင့်မြတ်နယ်မြေက ပညာရှင်တွေ စုဝေးနေတုန်း ငါတို့ သွားကြတာပေါ့။”
ပြောပြီးသည်နှင့် သူသည် ကစဉ့်ကလျား နတ်ဘုရားတောင်ထိပ်အောက်သို့ စတင်ဆင်းသက်သွားတော့သည်။ လင်းချန်သည်လည်း တွန့်ဆုတ်မနေဘဲ နောက်က လိုက်သွားခဲ့၏။
ဝိညာဉ်ပုံဆောင်ခဲ ဂူဗိမာန်... ကောင်းကင်နှင့် မြေကြီးက သဘာဝအလျောက် ဖန်တီးထားတဲ့ ထူးဆန်းအံ့ဖွယ်နေရာနဲ့ ကစဉ့်ကလျား မြင့်မြတ်နယ်မြေရဲ့ လျှို့ဝှက်နယ်မြေ...။
ငါ သိချင်တာက... အဲ့ဒီနေရာမှာ လက်မှတ်ထိုးဝင်ခြင်း အခွင့်အရေးကို ဖွင့်ပေးနိုင်မလား ဆိုတာပဲ။