← Chapters

ကျရှုံးရန်အကြောင်းပါလာခြင်း

Vol. 177 Ch. 2524

ကျရှုံးရန်အကြောင်းပါလာခြင်း

Vol. 177 Ch. 2524

ကျိုးရိမြို့ထဲမှ လူအားလုံးသည် ထိုတိုက်ပွဲကို ကြည့်နေကြ၏။ ရလဒ်သည် ရီဖူရှင်း ခန့်မှန်းထားသကဲ့သို့သာဖြစ်သည်။ တာအိုဘုန်းတော်ကြီးမူက လီချင်းဖုန်း၏ ဖိအားပေးခြင်းကို ခံနေရ၏။

တာအိုဘုန်းတော်ကြီးမူ၏ခန္ဓာကိုယ်ကို ဓားဝိညာဉ်စွမ်းအားက ဖောက်ထွင်းသွားပြီးနောက် ကျိုးရိမြို့ကို ချိပ်ပိတ်ထားသော ဓားစက်ကွင်းသည် ကျုံ့သွားကာ ဓားပုံစံအလင်းတန်းတစ်ခုအဖြစ် ပြောင်းသွားလျှက် တာအိုဘုန်းတော်ကြီးမူကို ဝန်းရံလိုက်သည်။ သူ့ပတ်ပတ်လည်ရှိနေရာများသည် အပျက်အစီးများအဖြစ် ပြောင်းလဲသွား၏။ တာအိုဘုန်း‌တော်ကြီးမူ ရပ်နေသောနေရာသည်သာ အကောင်းအတိုင်းကျန်တော့သည်။ ထိုတောင်တန်းတစ်နေရာလေးသာ အကောင်းပကတိရှိသည်။

“ချိပ်ပိတ်ထားတာကို ဖယ်လိုက်ပြီ”

ကျင့်ကြံသူအားလုံးသည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြ၏။ တိုက်ပွဲရလဒ်သည် ထင်ရှားနေပြီဖြစ်၍ ကျိုးရိမြို့ကို ချိပ်ပိတ်ထားခြင်းအား ဖယ်ရှားလိုက်ပေပြီ။ ယခုတွင် တာအိုဘုန်းတော်ကြီးမူမှာ လီချင်းဖုန်း၏ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဖြစ်သည်။ လီချင်းဖုန်းက ကောင်းကင်ထက်တွင် ရပ်လိုက်ပြီး တာအိုဘုန်းတော်ကြီးမူကို ငုံ့ကြည့်လိုက်သည်။ သူ၏မျက်လုံးများသည် ဓားတစ်စင်းကဲ့သို့ စူးရှနေ၏။ သူက ပြောသည်။

“ငါ့ပစ္စည်းကို ပြန်ပေးစမ်း”

တာအိုဘုန်းတော်ကြီးမူက ပြုံးလျှက် လက်ခါယမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်မှ ရတနာအားလုံး ပျံထွက်လာကာ လီချင်းဖုန်းဆီသို့ ဦးတည်သွားသည်။ သူက ပြောလိုက်၏။

“မင်းဘာမင်း ရှာကြည့်ပေါ့ကွာ”

လီချင်းဖုန်းက သူ၏အင်္ကျီလက်အရှည်ကြီးကို ‌ဝှေ့ယမ်းလိုက်ပြီး သူ့ထံပျံသန်းလာသည့် ရတနာများကို လိပ်ကာယူလိုက်သည်။ ထို့နောက် သူ၏နတ်အာရုံဖြင့် ထိုရတနာများအားလုံးကို စစ်ဆေးလိုက်၏။ ခေတ္တကြာပြီးနောက် သူသည် ထိုရတနာအားလုံးကို စစ်ဆေးပြီးသွားပေပြီ။ ထိုအထဲတွင် အဖိုးတန်ပစ္စည်းများစွာ ရှိသည်။ သို့သော် သူရှာဖွေနေ‌သောအရာကိုမူ မတွေ့ပေ။ သူ၏မျက်နှာထား ရုတ်တရက်ပြောင်းလဲသွားပြီး တာအိုဘုန်းတော်ကြီးမူကို စိုက်ကြည့်လျှက် ပြောလိုက်၏။

“မင်း အဲဒါကို ဘယ်မှဖွက်ထားတာလဲ”

“အိမ်တော်သခင်ချင်းဖုန်း... ငါ့မှာရှိတာ ဒီရတနာတွေအကုန်ပါပဲ”

တာအိုဘုန်းတော်ကြီးမူက ပြောသည်။

“မင်းရှာနေတဲ့ပစ္စည်း ငါ့ဆီမှာမရှိဘူး”

လီချင်းဖုန်းက ထိုစကားကိုကြားလိုက်သောအခါ ကောင်းကင်ထက်တွင် ခြေဆောင့်လိုက်သည်။ ရုတ်တရက် ဓားဝိညာဉ်စွမ်းအားစီးဆင်းလာပြီး ဓားပုံစံအလင်းတန်းများသည် လေထဲတွင် ပျံသန်းနေကြကာ အောက်ဘက်တွင် ကြောက်မက်ဖွယ် အဖျက်စွမ်းအားအရှိန်အဝါကို ပေါ်ပေါက်လာစေ၏။ သူက သတိပေးလိုက်၏။

“ငါ့စိတ်ရှည်မှုကို မစမ်းနဲ့နော်”

ကောင်းကင်အောက်တွင် အားကောင်းသော သတ်ဖြတ်လိုသည့်အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ သူသည် ကျေနပ်လောက်ဖွယ် အဖြေကိုမရပါက တာအိုဘုန်းတော်ကြီးမူကို ချက်ချင်းသတ်ပစ်တော့မည့်ပုံပင်။

“တကယ်လို့ အိမ်တော်သခင်က ငါ့ကိုသတ်ချင်တယ်ဆိုရင်လည်း ငါလုပ်နိုင်တာက သေတဲ့အထိတိုက်ခိုက်ဖို့ပဲ ရှိတော့တာပေါ့။ ဒါပေမဲ့ မင်းငါ့ကိုသတ်လိုက်ရင်တောင် အဲဒီပစ္စည်းက ငါ့ဆီမှာ မရှိတော့ဘူး”

တာအိုဘုန်းတော်ကြီးမူ၏မျက်နှာထားမှာ တည်ငြိမ်နေသည်။ အချို့လူများသည် သူတို့အဆင့်အထိ ကျင့်ကြံပြီးပါက စိတ်လိုက်မာန်ပါလုပ်ကြမည်ဖြစ်သည်။ ထို့ကြောင့် သူသည် လီချင်းဖုန်းမှာ ဤကိစ္စ၏ အကျိုး၊ အပြစ်များကို ချိန်ဆနိုင်လိမ့်မည်ဟုသာ ယုံထား၏။

လီချင်းဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် ဓားသွားအလား စူးရှသောမျက်လုံးများသည် ရုတ်တရက် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီး ပွင့်နေသောဓားစက်ကွင်းကို ကြည့်လိုက်သည်။ သူ့မျက်နှာထား ပြောင်းလဲသွား၏။

“ငါ လှည့်စားခံလိုက်ရပြီ”

လီချင်းဖုန်းက တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားပုံပင်။ သူ့မျက်နှာတွင် ဆိုးဝါးသောအကြည့်တစ်ခု ပေါ်လာသည်။ သူသည် တာအိုဘုန်းတော်ကြီးမူကိုရှာရန် ကျိုးရိမြို့ကို အချိန်ကြာမြင့်စွာ ချိပ်ပိတ်ထားခဲ့သည်။ ယခုတွင် သူက တာအိုဘုန်းတော်ကြီးမူကို ရှာတွေ့ကာ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ရာ ကျိုးရိမြို့ကို ချိပ်ပိတ်ထားခြင်းအား ဖယ်ရှားလိုက်၏။ သို့သော် တာအိုဘုန်းတော်ကြီးမူက သူ့ကိုယ်သူ ငါးစာအဖြစ်သုံးလောက်သည်အထိ ဉာဏ်နီဉာဏ်နက်များလိမ့်မည်ဟု မထင်ထားပေ။

“ဘယ်သူက မင်းအတွက် အဲဒါကို မြို့ပြင်ယူသွားပေးတာလဲ”

လီချင်းဖုန်းက အောက်ဘက်ရှိ တာအိုဘုန်းတော်ကြီးမူကို ငုံ့ကြည့်လျှက် မေးလိုက်သည်။ သူ့အသံသည် လွန်စွာအေးစက်နေသည်။ ချိပ်စည်းပွင့်သွားသည်မှာ အချိန်မကြာသေးသော်လည်း လူများစွာအတွက် ကျိုးရိမြို့မှ ထွက်သွားနိုင်ရန် အချိန်လုံလောက်သည်။ ယခုတွင် သူတို့သည် ထိုပစ္စည်းကိုယူသွားသူမှာ မည်သူမှန်းမသိသဖြင့် မြို့မှထွက်ခွာသွားသူတိုင်းကို လိုက်လံရှာဖွေရန် မဖြစ်နိုင်တော့ချေ။

ထို့အပြင် ယခုတွင် မည်သူများက ကျိုးရိမြို့မှထွက်သွားသည်ကို မည်သူမှ သတိမပြုမိပေ။

တာအိုဘုန်းတော်ကြီးမူက လီချင်းဖုန်း၏စကားကို ကြားသောအခါ ပြုံးလိုက်သည်။ မည်သည့်ကိစ္စဖြစ်ပျက်သွားကြောင်း လီချင်းဖုန်းသိရှိသွားပြီကို သူသိလိုက်သည်။ သို့ဆိုလျှင် သူ၏ရည်ရွယ်ချက်သည် ပြည့်ဝပေပြီ။

“အိမ်တော်သခင်... မင်းဒီနေ့ လက်ရှိအခြေအနေကို မြင်သွားပြီပဲ။ မြို့ထဲမှာ အနောက်ပင်လယ်ကုန်းမြေက လူတွေအပြင် တခြားကုန်းမြေက လူတွေလည်း ရောက်နေတယ်။ ငါသာ မင်းကို နတ်မြေပုံပြန်ပေးလိုက်ရင်လည်း မင်းအဲဒါကို သိမ်းထားနိုင်မယ်ထင်လို့လား”

တာအိုဘုန်းတော်ကြီးမူက ထိုစကားကို အသံထွက်၍ပြောလိုက်ခြင်းမဟုတ်ပေ။ သူသည် လီချင်းဖုန်းကို အသံပို့လွှတ်လျှက် ပြောလိုက်ခြင်းဖြစ်သည်။

လီချင်းဖုန်းမှာ လွန်စွာမကျေမနပ်ဖြစ်နေသော်လည်း တာအိုဘုန်းတော်ကြီးမူ ပြောသည်မှာ အမှန်တရားဖြစ်ကြောင်း ဝန်ခံရသည်။

ဤအချိန်တွင် တာအိုဘုန်းတော်ကြီးမူက သူ့ကိုနတ်မြေပုံပြန်ပေးခဲ့လျှင်လည်း သူ့အတွက် ထိုမြေပုံကို ယူထားရန် ခက်ခဲမည်ဖြစ်သည်။ ယခုတွင် ကျိုးရိမြို့ထဲ၌ ယခင်ကနှင့်မတူဘဲ နတ်မြေပုံကို မျက်စိဒေါက်ထောက်ကြည့်နေသူများစွာ ရှိနေ၏။

သို့သော် လီချင်းဖုန်း ပြန်မတုံ့ပြန်လိုက်ပေ။ သူက တာအိုဘုန်းတော်ကြီးမူ ဆက်ပြောမည်ကို စောင့်နေလိုက်သည်။

ထို့နောက်တွင် သူသည် တာအိုဘုန်းတော်ကြီးမူက သူ့အား ထပ်မံအသံပို့လွှတ်လိုက်သည်ကို ကြားရ၏။

“အတူတူ ပူးပေါင်းမယ်ဆိုရင်ရော ဘယ်လိုလဲ”

“ဘယ်လိုပူးပေါင်းမှာလဲ”

လီချင်းဖုန်းက မေးလိုက်သည်။

“နတ်မြေပုံက အင်အားစုတွေ မြင်သာတဲ့နေရာမှာပဲ။ ငါတို့သာ ပူးပေါင်းမယ်ဆိုရင် နတ်မြေပုံကို သွားပြန်ယူခဲ့မယ်။ ငါတို့ နတ်မြေပုံရဲ့ ပဟေဠိကို အတူဖော်ပြီး ရှေးဟောင်းအင်ပါယာနတ်တောင်ကို ရှာကြတာပေါ့”

တာအိုဘုန်းတော်ကြီးမူက အသံပို့လွှတ်လျှက် ပြောသည်။

“ငါသာ အခုမင်းကို လွှတ်ပေးလိုက်ရင် မင်းနတ်မြေပုံကိုရသွားမှ ထွက်သွားပြီး မင်းဘာသာသွားရှာရင် ဘယ်လိုလုပ်မလဲ”

လီချင်းဖုန်း အေးစက်စက် ပြန်တုံ့ပြန်လိုက်သည်။ သူသည် တာအိုဘုန်းတော်ကြီးမူကို လုံးလုံးမယုံပေ။

“နတ်မြေပုံက အိမ်တော်သခင်ရဲ့လက်ထဲမှာ ရှိနေတာ အတော်ကြာခဲ့ပြီပဲ။ နတ်မြေပုံရဲ့ လျှို့ဝှက်ဆန်းကြယ်မှုက ထင်ရသလောက် ဖြေရှင်းဖို့မလွယ်ဘူးဆိုတာ မင်းလည်းသိမှာပဲ။ အဲဒါကို အဖြေရှာချင်ရင် ငါလည်း အိမ်တော်သခင်ရဲ့အကူအညီကို လိုပါတယ်။ ပိုပြီးအရေးကြီးတာက အခု ငါ့ရဲ့ရတနာတွေအားလုံးက အိမ်တော်သခင်လက်ထဲကို ရောက်နေပြီပဲ။ အဲဒါကလည်း ငါ့ရဲ့စိတ်ရင်းကို ဖော်ပြတာပဲ။ အဲဒါတွေက ငါပိုင်သမျှအကုန်ဖြစ်ပြီးတော့ တော်တော်လေးအဖိုးတန်တဲ့ပစ္စည်းတွေဆိုတာ အိမ်တော်သခင်လည်းတွေ့မှာပါ”

တာအိုဘုန်းတော်ကြီးမူ ပြောသည်။

လီချင်းဖုန်းက သူ့ကိုစိုက်ကြည့်လိုက်၏။ တာအိုဘုန်းတော်ကြီးမူ၏စကားများအရ သူသည် ဤကိစ္စကို အချိန်အတော်ကြာပြင်ဆင်ထားခဲ့သည်ဟု လီချင်းဖုန်း ခံစားလိုက်ရသည်။ ထို့အပြင် နတ်မြေပုံအပေါ် သူ၏လိုချင်တပ်မက်မှုသည် လွန်စွာပြင်းထန်နေသည်။ သူသည် သူပိုင်ဆိုင်သောရတနာအားလုံးနှင့် သူ့အသက်ကိုပင်ရင်း၍ ထိုမြေပုံပေါ်တွင် လောင်းကြေးထပ်ထား၏။

ထိုအပြုအမူမှာ နားလည်ရန် မခက်ပါ။ တာအိုဘုန်းတော်ကြီးမူသည် အနောက်ပင်လယ်ကုန်းမြေမှ သူခိုးတစ်ဦးသာမဟုတ်ပေ။ သူသည် ထိပ်သီးအဂ္ဂရိတ်ဆရာတစ်ဦးလည်း ဖြစ်ပေသည်။ သူသည် အဂ္ဂရိတ်ဆရာတစ်ယောက်ဖြစ်သဖြင့် သူ၏တိုက်ခိုက်စွမ်းရည်သည် အနည်းငယ်အားနည်းသည်။

“မင်း နတ်တောင်ကိုရှာတွေ့သွားရင် ငါမင်းကို တစ်ခုခုလုပ်မှာ မင်းမကြောက်ဘူးလား”

လီချင်းဖုန်းက ပြောသည်။

“ငါက အဂ္ဂရိတ်ဆရာပါ...”

တာအိုဘုန်းတော်ကြီးမူက ရိုးရှင်းစွာ ပြန်ပြောသည်။ လီချင်းဖုန်းက ထိုအဖြေကို လွန်စွာသဘောခွေ့သွားသည်။ သူသည် ခေတ္တမျှတွေးတောပြီးနောက် ပြောလိုက်၏။

“ကောင်းပြီ...”

သူက ထိုသို့ပြောလိုက်ပြီးနောက် ချက်ချင်းပင် ကြောက်မက်ဖွယ် ဓားစွမ်းရည်အရှိန်အဝါ ပျောက်ကွယ်သွားသည်။ သို့သော် လီချင်းဖုန်းက တာအိုဘုန်းတော်ကြီးမူကို စိုက်ကြည့်လျှက် ကျယ်လောင်စွာ ပြောသည်။

“ငါ ဒီနေ့ မင်းကိုလွှတ်ပေးလိုက်မယ်။ ဒါပေမဲ့ မင်းငါ့ဆီက ခိုးသွားတဲ့ပစ္စည်းနဲ့ ပြန်မလာခဲ့ဘူးဆိုရင် ဒီကိစ္စကို အလွတ်ပေးမှာမဟုတ်ဘူး”

“ကျေးဇူးတင်ပါတယ် အိမ်တော်သခင်”

တာအိုဘုန်း‌တော်ကြီးမူက ပြောလိုက်၏။ သူတို့နှစ်ဦးသည် သဘောတူညီမှုတစ်ခု ရသွားပုံပင်။ ထိုမြင်ကွင်းသည် ပတ်ဝန်းကျင်မှ လူအားလုံးကို နားမလည်နိုင်ဖြစ်သွားစေသည်။ သူတို့နှစ်ဦးအကြားမှ နောက်ဆုံးစကားများသည် သရုပ်ဆောင်နေသည်နှင့် ပိုတူသည်။ သူတို့သည် အသံပို့လွှတ်လျှက် ဆက်သွယ်ခဲ့ပုံပင်။ လီချင်းဖုန်းတစ်ယောက် တာအိုဘုန်းတော်ကြီးမူကို လွှတ်ပေးရလောက်အောင် သူတို့သည် မည်သို့သောသ‌ဘောတူညီချက်ကို လုပ်ခဲ့သနည်း။

သူတို့နှစ်ဦးသာ အသေးစိတ်အချက်အလက်များကို သိပေလိမ့်မည်။

သို့သော် ယခုတွင် နတ်မြေပုံသည် မည်သည့်နေရာတွင်နည်း။

“ငါ သွားတော့မယ်”

တာအိုဘုန်းတော်ကြီးမူက ထပ်ပြောသည်။ သူသည် ထိုသို့ပြောပြီးသည်နှင့် ကောင်းကင်နှင့်မြေကြီးကြားမှ ပျောက်ကွယ်သွား၏။ ထိုအရာအားလုံးသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခြင်းပင်။

“အိမ်တော်သခင်...”

လေညင်းအိမ်တော်မှ ကျင့်ကြံသူများစွာတို့သည် လီချင်းဖုန်းကို မေးခွန်းထုတ်သည့်အကြည့်ဖြင့် ကြည့်လိုက်ကြ၏။ အဘယ်ကြောင့် သူသည် တာအိုဘုန်းတော်ကြီးမူကို သွားခွင့်ပေးလိုက်ရသနည်း။

လီချင်းဖုန်းက နောက်လှည့်ကာ ကောင်းကင်ထက်မှ ဆင်းလာသည်။ သူက ရှင်းပြမနေပေ။

တာအိုဘုန်းတော်ကြီးမူကို သွားခွင့်ပေးလိုက်ရခြင်းအကြောင်းမှာ ရိုးရှင်းသည်။ သူက  တာအိုဘုန်းတော်ကြီးမူကို သွားခွင့်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ သူ့တွင် အခွင့်အရေးများစွာ မရှိပေ။ သူသည် တာအိုဘုန်းတော်ကြီးမူ၏စကားများကို အပြည့်အဝမယုံပေ။ သို့သော် သူမယုံလျှင်ပင် အခြားရွေးချယ်စရာ မရှိချေ။ အကယ်၍ သူကသာ တာအိုဘုန်းတော်ကြီးမူကို သတ်ခဲ့ပါက အခြားကျင့်ကြံသူများ၏အာရုံက သူ့ထံ၌သာ ရှိနေကြပေလိမ့်မည်။

နတ်မြေပုံသတင်း ထွက်‌ပေါ်လာကတည်းက ရှေးဟောင်းနတ်တောင်သည် သူလက်လှမ်းမမီသောနေရာသို့ ရောက်ရှိသွားပြီး ဖြစ်နိုင်သည်။

ထို့ကြောင့် လီချင်းဖုန်းက တာအိုဘုန်းတော်ကြီးမူကို သွားခွင့်ပေးလိုက်ခြင်းဖြစ်သည်။

တာအိုဘုန်းတော်ကြီးမူကို သွားခွင့်ပေးလိုက်လျှင် အခွင့်အရေး အနည်းငယ် ရှိနိုင်၏။ သူ့ကိုသတ်လိုက်လျှင် သေချာပေါက် မည်သည့်အခွင့်အရေးမှ ရှိတော့မည်မဟုတ်ပေ။

“ဒီလိုပဲ ပြီးသွားပြီလား...”

ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် ထိုအဖြစ်အပျက်အားလုံးကို ကြည့်နေကြ၏။ နတ်မြေပုံနှင့်ပတ်သက်သည့် တိကျသည့်ရလဒ်ထွက်မလာသေးပေ။

ရီဖူရှင်းသည် ထိုအဖြစ်အပျက်အားလုံးကို တိတ်တဆိတ်ကြည့်နေ၏။ သူသည် တာအိုဘုန်းတော်ကြီးမူ ထွက်သွားသည်ကို တွေ့လိုက်သောအခါ သူ့လက်ထဲတွင် ရှိနေသည်မှာ နတ်မြေပုံဖြစ်နိုင်သည်ဟု နားလည်လိုက်၏။

သူက နောက်လှည့်လိုက်ပြီး လမ်းလျှောက်ကာ ထွက်သွားလိုက်သည်။ မကြာခင်မှာပင် သူသည် ကျိုးရိမြို့ပြင်သို့ ရောက်သွား၏။

ရီဖူရှင်းသည် လုံးဝမရပ်တန်ဘဲ ကျိုးရိနတ်တောင်မှထွက်ကာ ကျယ်ပြောသော ပင်လယ်ပြင်အတွင်းသို့ ဝင်‌ရောက်သွားသည်။

သူက ကန်းရိုးတန်းဒေသအတွင်းသို့ ဝင်ရောက်လာချိန်တွင် နတ်အာရုံတစ်ခုသည် သူ့ပေါ်သို့‌ ပေါ်ပေါ်ထင်ထင် ကျရောက်လာသည်ကို ခံစားလိုက်ရ၏။

သူ ရောက်လာပေပြီ။ ရီဖူရှင်း စိတ်ထဲမှ ကောက်ချက်ချလိုက်သည်။ သူ့နှုတ်ခမ်းစွန်းနှစ်ဖက်တွင် အေးစက်စက်အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူသည် အရှိန်မြှင့်ကာ အရှေ့သို့ဆက်သွားလိုက်သည်။

ထိုနတ်အာရုံသည် သူ့အပေါ်တွင်သာဆက်ရှိနေပြီး သူ့‌နောက်သို့ အံ့အားသင့်ဖွယ်အမြန်နှုန်းဖြင့် လိုက်လာနေသည်။

“ကျုပ်တို့ အပြေးပြိုင်နေကြတာလား”

ရီဖူရှင်းသည် ထိုအခိုက်တွင် ဗုဒ္ဓရောင်ဝါခြေလှမ်းကို ထုတ်သုံးလိုက်သည်။ သူသည် တခဏအတွင်း ထိုနေရာမှ ပျောက်သွား၏။

အဝေးတွင် တစ်စုံတစ်ယောက်သည် ရီဖူရှင်းကို ကြောက်မက်ဖွယ်အတတ်ဖြင့် ခြေရာခံနေသည်။ ထိုလူသည် ဟောင်းနွမ်းသောအဝတ်အစားများကို ဝတ်ဆင်ထားပြီး လွန်စွာမသပ်မရပ်နိုင်ကာ ညစ်ပတ်ပေရေနေလေသည်။ သို့သော် သူ့အတတ်ပညာသည် ထူးဆန်း၏။ သူကောင်းကင်ထက်သို့ တက်သွားလိုက်လျှင် ကောင်းကင်နှင့် မြေကြီးကြားတွင် အရိပ်များစွာကျန်ခဲ့သည်။

သို့သော် မကြာခင်မှာပင် သူက ရပ်လိုက်ကာ ပင်လယ်ပြင်ထက်တွင် ဝေ့ဝိုက်ကြည့်နေသည်။ သူ့မျက်နှာက သိပ်မကောင်းချေ။ ရီဖူရှင်းကား မျက်ခြေပြတ်သွားချေပြီ။

သူ စိတ်လှုပ်ရှားသွားသည်။ အရာအားလုံးမှာ ပြီးပြည့်စုံသော အစီအစဉ်အောက်တွင် ရှိသည်။ နောက်ဆုံးအချိန်မှ အမှားအယွင်း ဖြစ်လာသည်လား။

သူသည် အဘယ်ကြောင့် ရီဖူရှင်းကို မျက်ခြည်ပြတ်သွားရသနည်း။

“ကျုပ်ကို ရှာနေတာလား ဆရာကြီး”

ရီဖူရှင်းသည် အဘိုးအို၏ရှေ့တွင် ပေါ်လာသည်။

အဘိုးအိုက ခေါင်းမော့လိုက်ပြီး သူ့ရှေ့ရှိ ချောမောခံ့ညားသောမျက်နှာကို ကြည့်လိုက်၏။ သူ့မျက်လုံးများထဲတွင် နားမလည်နိုင်သော အရိပ်အယောင်အချို့ ရှိနေလေသည်။ ထိုလူငယ်သည် သူ့ကိုရှောင်သွားပြီးနောက်တွင် သူ့ဘာသာ ပြန်လာခဲ့သည်။

“ဒါက ဘယ်လိုပညာရပ်မျိုးလဲ”

အဘိုးအိုက ရီဖူရှင်းကို မေးလိုက်သည်။

ရီဖူရှင်းက သိုလှောင်လက်စွပ်ကို ထုတ်လိုက်ပြီး အဘိုးအိုကိုကြည့်လျှက် ပြောသည်။

“ဆရာကြီးက အရင်ဆုံး ကိုယ့်ကိုယ်ကို ကျိုးရိမြို့မှာ လာကုန်သွယ်တဲ့ ကုန်သည်တစ်ယောက်လို ရုပ်ဖျက်ပြီးတော့ လေညင်းအိမ်တော်နဲ့ ရင်းနှီးအောင်လုပ်တာပဲ... ပြီးတော့မှ ဆရာကြီးက နတ်မြေပုံကိုခိုးလိုက်တယ်.. ကုန်သည်လို ဆက်ဟန်ဆောင်ပြီး ထွက်ပြေးမလို့ လုပ်တဲ့အချိန် မထင်ထားဘဲ လီချင်းဖုန်းက တစ်မြို့လုံးကို ချိပ်ပိတ်လိုက်တဲ့အပြင် နေရာအနှံ့က ကျင့်ကြံသူတွေပါ ရောက်ချလာတော့ ဆရာကြီးက သေချာပေါက် ထွက်ပြေးမယ့်အကြံအစည်တစ်ခု စီမံရတာပေါ့။ အဲဒါကြောင့် ကုန်ဖလှယ်တဲ့ကိစ္စကို အသုံးချပြီး ဆရာကြီးက နတ်မြေပုံကို သိုလှောင်လက်စွပ်ထဲထည့်ပြီးတော့ လက်စွပ်ကို တခြားတစ်ယောက်လက်ထဲထည့်လိုက်တယ်။ လက်စွပ်မှာ ခြေရာခံနိုင်တဲ့ပညာရပ်တစ်ခုကို သုံးထားတော့ နောက်ပိုင်း ဆရာကြီးအနေနဲ့ ပြန်ယူရတာ မခက်တော့ဘူးပေါ့”

“ဒီတော့ ဆရာကြီးက ကျုပ်ကိုရှာဖို့ ရောက်လာတာပေါ့...”

ရီဖူရှင်းက ခပ်ဖြည်းဖြည်းပြောသည်။ သူ့‌ရှေ့မှ အဘိုးအိုသည် ယခင်ကနှင့် ကွဲပြားနေသော်လည်း သူသည် ရုပ်ပြောင်းရုပ်လွှဲ ကျွမ်းကျင်သည့် တာအိုဘုန်းတော်ကြီးမူဖြစ်၏။

“ဒီတော့... မင်းက ငါ့ကို အဲဒီပစ္စည်းပြန်ပေးမယ်ပေါ့လေ”

တာအိုဘုန်းတော်ကြီးမူက ရီဖူရှင်းကို စိုက်ကြည့်လျှက် မေးလိုက်သည်။ သူသည် တစ်စုံတစ်ခု မူမမှန်သည်ကို ခံစားနေရ၏။

သူ့အစီအစဉ်တွင် မည်သည့်ပြစ်ချက်မှ မရှိဟု ယုံကြည်ခဲ့သည်။ သူ့တွက်ချက်မှုတွင် သူသည် နတ်မြေပုံကိုပြန်အရယူကာ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

သို့သော် သူပစ္စည်းလဲလှယ်ခဲ့သော ရီဖူရှင်းသည် ရိုးရှင်းသူတစ်ယောက် မဟုတ်သည့်ပုံပင်။ ရီဖူရှင်းက သူ၏ခြေရာခံမှုကို ရှောင်နိုင်ခဲ့ရုံသာမက အရာအားလုံးကိုလည်း မှန်ကန်စွာ သုံးသပ်နိုင်၏။

ရီဖူရှင်း၏နတ်အာရုံသည် သိုလှောင်လက်စွပ်အတွင်း ဖောက်ဝင်သွားသည်။ ထို့နောက် တာအိုဘုန်းတော်ကြီးမူက သူထား,ထားသော အမှတ်အသားပျောက်ကွယ်သွားကြောင်း ခံစားလိုက်ရ၏။ ထိုအမှတ်အသားသည် ရီဖူရှင်း၏ဖျက်ပစ်ခြင်းကို ခံခဲ့ရပေပြီ။

တာအိုဘုန်းတော်ကြီးမူ၏မျက်လုံးများ စူးရှသွား၏။ ရီဖူရှင်းသည် အမှတ်အသားရှိနေကြောင်းကိုသိပြီး ထိုအမှတ်အသားကို ဖျက်ပစ်နိုင်လေသည်။ သို့သော် သူသည် စောစီးစွာ ထိုသို့မလုပ်ပေ။ သူသည် တာအိုဘုန်းတော်ကြီးမူကို စောင့်နေခြင်းပင်။ လူငယ်တွင် မည်သည့်ရည်ရွယ်ချက် ရှိသနည်း။

“ဆရာကြီး... ပေးပြီးသားပစ္စည်းကို ပြန်ယူလို့မရဘူးလေ”

ရီဖူရှင်းက ပေါ့ပေါ့ပါးပါး ပြောသည်။ တာအိုဘုန်းတော်ကြီးမူ၏အစီအစဉ်သည် အမှန်ပင် ကောင်းမွန်သည်။ သူ လက်စွပ်ပေးလိုက်သူမှာ ရီဖူရှင်းသာမဟုတ်ပါက နတ်မြေပုံသည် သူ့လက်ထဲသို့ ပြန်ရောက်သွားမည်ဖြစ်သည်။

သို့သော် တာအိုဘုန်းတော်ကြီးမူမှာ ကံဆိုးနေပုံရ၏။ သူလက်စွပ်ပေးလိုက်သူမှာ ရီဖူရှင်းဖြစ်နေသည်။

“ငါက မရ,ရအောင် ပြန်ယူမယ်ဆိုရင်ရော...”

တာအိုဘုန်းတော်ကြီးမူ၏လေသံ ပြောင်းသွားသည်။ သူသည် ထိုနတ်မြေပုံအတွက် များစွာပေးဆပ်ခဲ့ရ၏။ သို့သော် ယခုတွင် သူသည် ထိုမြေပုံကို သူများအား မတော်တဆပေးပစ်လိုက်မိသလို ဖြစ်နေသည်။

All Chapters