အောင်နိုင်ခြင်း
Vol. 177 Ch. 2525
ရီဖူရှင်းက တာအိုဘုန်းတော်ကြီးမူကို ပြုံးလျှက် ပြောသည်။
“ဆရာကြီး ကြိုးစားကြည့်နိုင်တယ်”
“ကောင်းပြီ...”
တာအိုဘုန်းတော်ကြီးမူက ခေါင်းညိတ်သည်။ သူက စကားပြောပြီးသွားသည်နှင့်တစ်ပြိုင်နက် ထိုနေရာရှိ ပင်လယ်ပြင်တွင် မီးတောက်များ လွှမ်းခြုံသွားကာ မီးစက်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။
ထိုစက်ကွင်းသည် စိမ်းပြာရောင်မီးတောက်စက်ကွင်းဖြစ်သည်။ တာအိုဘုန်းတော်ကြီးပတ်ပတ်လည်တွင် ထိုစိမ်းပြာရောင်မီးတောက်များသည် စိမ်းပြာရောင်ကြာပွင့်အဖြစ် ပြောင်းလဲသွား၏။ ကြာပွင့်အထက်တွင် နတ်မီးတောက်၏ သိမ်မွေ့နူးညံ့သော အရှိန်အဝါတန်းတစ်ခုသည် ထိုအဆုံးမဲ့ပင်လယ်ပြင်ကို ဖုံးလွှမ်းကာ ရီဖူရှင်းထံသို့ ပျံထွက်သွားသည်။
“ဒါက ငါ့ရဲ့ အသက်ဝိညာဉ်နဲ့ လုပ်ထားတာဖြစ်ပြီးတော့ ငါ့ရဲ့ မီးတောက်မဟာလမ်းစဉ်အပေါ် သိနားလည်မှုနဲ့ ဖန်တီးထားတာဖြစ်လို့ ဖန်ဆင်းမီးတောက်လို့ ခေါ်တယ်။ ဖန်ဆင်းခြင်းစိမ်းပြာရောင်ကြာပွင့်ဟာ ဆက်ပြီးပေါက်ဖွားနိုင်တဲ့ ဖန်ဆင်းခြင်းစွမ်းအားပိုင်ဆိုင်တယ်။ ဒါဟာ ပြီးပြည့်စုံတဲ့ အတတ်ပညာတစ်ခု မဟုတ်သေးပေမယ့် အင်အားကြီးတဲ့အတွက် အဆင့်ကိုးရန်ဟောင်တွေတောင် ခံနိုင်မှာ မဟုတ်ဘူး။ အခုသာ နတ်မြေပုံကို ထုတ်ပေးရင် ငါမင်းကို အသက်ရှင်ခွင့်ပေးမယ်”
ရီဖူရှင်းသည် ဖန်ဆင်းခြင်းစိမ်းပြာရောင်ကြာပွင့်၏ မီးတောက်ကို ခံစားနိုင်၏။ ထိုမီးတောက်သည် ကပ်ဘေးမီးတောက်ဖြစ်ကြောင်း သူသိသည်။ သူသည် မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ကျော်လွှားခဲ့ပြီးနောက် သူ၏မီးတောက်မဟာလမ်းစဉ်အပေါ် နားလည်မှုနှင့်ပေါင်းစည်း၍ ထိုဖန်ဆင်းမီးတောက်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုမီးတောက်သည် နောင်တွင် ပို၍စွမ်းအားကြီးလာနိုင်ချေ အမှန်ပင် ရှိလေသည်။ သို့သော် ထိုသို့စွမ်းအားကြီးလာရန် အခွင့်အရေးတစ်ခုလိုအပ်ပြီး ကောင်းကင်နှင့် မြေကြီးအကြားရှိ အခြားနတ်မီးတောက်များ၏ သန့်စင်မှုကိုလည်း လိုအပ်သည်။
“ဆရာကြီး... ဒီမီးတောက်က သတ်ဖြတ်ဖို့ထက် အဂ္ဂရိတ်အတွက်သုံးတာ ပိုသင့်တော်တယ်”
ရီဖူရှင်းက ပြောသည်။
“ကျုပ် ဆရာကြီးနဲ့ အလောင်းအစားလုပ်ရင်ရော ဘယ်လိုလဲ”
တာအိုဘုန်းတော်ကြီးမူက ရီဖူရှင်းကိုကြည့်လျှက် အနည်းငယ်အံ့အားသင့်နေပုံပေါ်လေသည်။ ထိုလူငယ်သည် တည်ငြိမ်ကာ ယုံကြည်မှုရှိနေပုံ ပေါ်သည်။ သူက မီးတောက်စက်ကွင်းကို ရင်ဆိုင်နေရသည်ကိုပင် မျက်နှာတစ်ချက်မပျက်ပေ။
“မင်းက ဘာကို အလောင်းအစားလုပ်မှာလဲ”
တာအိုဘုန်းတော်ကြီးမူက ရီဖူရှင်းကို စိုက်ကြည့်လျှက်မေးလိုက်သည်။
“ကျုပ် ဆရာကြီးရဲ့ မီးတောက်ထဲကို ဝင်ပြမယ်။ ဒီမီးတောက်သာ ကျုပ်ကို အမှန်တကယ် ထိခိုက်စေတယ်ဆိုရင် အရိပ်မီးတောက်နဲ့ နေမင်းသစ္စာမီးတောက်ကိုလည်း လက်ဆောင်ပေးလိုက်ဦးမယ်”
“အရိပ်မီးတောက်နဲ့ နေမင်းသစ္စာမီးတောက် ဟုတ်လား”
တာအိုဘုန်းတော်ကြီးမူက ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။
“မင်းက ဘယ်သူလဲ”
“အခု လက်ရှိကိစ္စကိုပဲ ပြောကြတာပေါ့။ ဒီတော့ ဘယ်လိုသဘောရလဲ”
ရီဖူရှင်းက တိုက်ရိုက်ပြန်မဖြေလိုက်ပေ။
“တခြားပြင်ပအားတွေ ဒါမှမဟုတ် ခုခံဖို့တခြားရတနာတွေကိုမသုံးဘဲ စိမ်းပြာရောင်ပြာကြာပွင့်မီးတောက်ထဲကို လက်ချည်းဗလာဝင်မှာလား”
တာအိုဘုန်းတော်ကြီးမူက ရီဖူရှင်းကိုကြည့်လျှက် မေးလိုက်သည်။ ထိုစကားလုံးများသည် လုံးဝအဓိပ္ပာယ်မရှိပေ။ ရန်ဟောင်အဆင့်ကိုးတစ်ယောက်သည် ထိုကဲ့သို့ အလောင်းအစားမျိုးကို လုပ်နိုင်ပါမည်လော။
“ဟုတ်တယ်...”
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ...”
တာအိုဘုန်းတော်ကြီးမူက ခေါင်းညိတ်လျှက် သဘောတူလိုက်သည်။
“ကျုပ်နိုင်ရင် ဘာဖြစ်မလဲဆိုတာကို ဆရာကြီးက မမေးဘူးလား”
“မင်းသာ နိုင်သွားရင် ငါမင်းကို မယှဉ်နိုင်တာ သေချာသွားပြီဆိုတော့ ငါက မင်းရဲ့သက်ညှာမှုအောက်ကို ရောက်သွားမှာပဲလေ။ ငါက ဘာများလုပ်နိုင်ဦးမှာလဲ”
တာအိုဘုန်းတော်ကြီးမူက ပြန်ဖြေလိုက်သည်။ ရီဖူရှင်းက ပြုံးလိုက်၏။ တာအိုဘုန်းတော်ကြီးမူပြောသည်မှာ မှန်ကန်သည်။ အကယ်၍ သူသာ ဖန်ဆင်းခြင်းစိမ်းပြာရောင်ကြာပွင့်၏ မီးတောက်အတွင်းသို့ ဝင်ပြနိုင်ခဲ့ပါက ထိုတိုက်ပွဲ၏ရလဒ်သည် ရှင်းလင်းသွားမည်ဖြစ်သည်။ မည်သည့် အခြားအခြေအနေ ရှိနိုင်ဦးမည်နည်း။
“စကြမယ်...”
ရီဖူရှင်းက ပြောသည်။
တာအိုဘုန်းတော်ကြီးမူက ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ ထို စိတ်ကြီးဝင်နေသော ငွေဖြူရောင်ဆံပင်နှင့် လူငယ်သည်...
သူ့အောက်ရှိ ဖန်းဆင်းခြင်းစိမ်းပြာရောင်ကြာပွင့်သည် ရီဖူရှင်းထံသို့ ပျံထွက်သွားသည်။ ၎င်းသည် ရီဖူရှင်းအောက်တွင် ရပ်သွားသည်။ ထို့နောက် ကြာပွင့်သည် ပွင့်အာလာပြီး ရီဖူရှင်း၏တစ်ကိုယ်လုံးကို ဖုံးလွှမ်းလိုက်သည်။ ရုတ်တရက် ဖန်ဆင်းခြင်းကြာပွင့်မှ နတ်မီးတောက်များသည် ရီဖူရှင်း၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားကာ သူ့ကိုဝါးမျိုရန် ကြိုးစားလိုက်သည်။
ရီဖူရှင်းသည် သူပြောခဲ့သလိုပင် ထိုနေရာတွင်သာ မလှုပ်မယှက်ရပ်နေလေသည်။ သူက ဖန်ဆင်းခြင်းကြာပွင့်၏ မီးတောက်အတွင်း၌ ရပ်လိုက်သည်တွင် သူ့ခန္ဓာကိုယ်သည် မဖော်ပြနိုင်လောက်အောင် တောက်ပလာပြီး သတ်ဖြတ်၍၊ ဖျက်စီး၍မရနိုင်သော မဟာလမ်းစဉ်နတ်ခန္ဓာတစ်ခုကဲ့သို့ ဖြစ်လာသည်။
နတ်မီးတောက်သည် သူ့ခန္ဓာကိုယ်အတွင်းသို့ ထွင်းဖောက်ဝင်ရောက်သွားသည်။ သို့သော် ရီဖူရှင်း၏မျက်နှာထားသည် မပြောင်းလဲသေးပေ။ သူသည် ထိုနေရာတွင် အထိအခိုက်ကင်းကင်း ရပ်နေလေသည်။ စီးဆင်းနေသော မဟာလမ်းစဉ်၏နတ်အလင်းသည် နတ်မီးတောက်ကို အမှန်ပင် ဝါးမျိုလိုက်သကဲ့သို့ပင်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်နေသော ဖန်ဆင်းခြင်းကြာပွင့်မှ နတ်မီးတောက်များသည် သူ့ကို အာဟာရပေးနေသကဲ့သို့ပင် ဖြစ်နေလေသည်။
တာအိုဘုန်းတော်ကြီးမူ၏ မျက်လုံးအကြည့်များ ပြောင်းလဲသွားသည်။ သူသည် ရှေ့မှ ငွေဖြူရောင်ဆံပင်နှင့်လူငယ်ကို ကြည့်လိုက်၏။ ထိုလူငယ်၏ခေါင်းပေါ်ရှိ ငွေဖြူရောင်ဆံပင်များသည်ပင် မဟာလမ်းစဉ်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင် နတ်မီးတောက်ဒဏ်ကို မဖြုံပေ။ ထိုကဲ့သို့စွမ်းရည်ကြောင့် သူသည် ကျောရိုးစိမ့်အောင် တုန်လှုပ်သွားသည်။ အဘယ်ကြောင့်ဆိုသော် လေညင်းအိမ်တော်၏ အိမ်တော်သခင်လီချင်းဖုန်းပင် ထိုကဲ့သို့ လုပ်ဝံ့မည်မဟုတ်သောကြောင့်ပင်။ သူသာ ထိုသို့လုပ်ခဲ့လျှင်လည်း သေချာပေါက် လောင်ကျွမ်းသေဆုံးသွားမည်ဖြစ်သည်။ သူတို့၏တိုက်ပွဲအတွင်းတွင် လီချင်းဖုန်းက သူ၏စွမ်းအားကြီးသော ဓားသိုင်းကိုသာသုံး၍ တာအိုဘုန်းတော်ကြီးမူကို ဖိနှိပ်ခဲ့သည်။
သို့သော် ထိုငွေဖြူရောင်ဆံပင်နှင့်လူငယ်သည် မီးတောက်ထဲတွင် ထိုကဲ့သို့ ရပ်နေဝံ့လေသည်။
ထို့အပြင် သူ့အမြင်တွင် ထိုလူငယ်၏ကျင့်ကြံခြင်းအဆင့်သည် ရန်ဟောင်အဆင့်ကိုးတွင်သာ ရှိပေသည်။ သို့ဆိုလျှင် သူသည် အဘယ်ကြောင့် ထိုသို့လုပ်နိုင်ရသနည်း။
တာအိုဘုန်းတော်ကြီးမူက သူ၏အစီအစဉ်မှာ အသေးစိတ်၍ ကောင်းစွာတွက်ချက်ထားသော အစီအစဉ်ဟု ထင်ခဲ့သည်။ သူသည် နတ်မြေပုံကို ရှာနိုင်ရန် ကြီးမားသောအန္တရာယ်ကို ရင်ဆိုင်ရန် ဆန္ဒရှိသည်။
“ဆရာကြီး ဘယ်လိုထင်ပါသလဲ”
ရီဖူရှင်းက ပြုံးလျှက် တာအိုဘုန်းတော်ကြီးမူကို မေးလိုက်သည်။
တာအိုဘုန်းတော်ကြီးမူက သူ့ရှေ့ရှိ ချောမောခံ့ညားသောလူငယ်ကို စိုက်ကြည့်လိုက်သည်။ ဖန်ဆင်းခြင်းကြာပွင့်သည် ပို၍ပြန့်ကားလာပြီး ရီဖူရှင်းကိုယ်ပေါ်ရှိမီးတောက်များသည်လည်း ပို၍အားကောင်းလာသည်။ လွန်စွာကြောက်မက်ဖွယ်ကောင်းသော မီးတောက်များသည် ရီဖူရှင်း၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားကာ သူ့ကိုမီးတောက်ထဲတွင် နှစ်မြှုပ်လိုက်သည်။ ထိုမီးတောက်များသည် ရီဖူရှင်း၏ခန္ဓာကိုယ်ကို သန့်စင်နေသကဲ့သို့ပင်။
သို့သော် မီးတောက်များသည် ရီဖူရှင်း၏ခန္ဓာကိုယ်ကို ထိခိုက်အောင် မလုပ်နိုင်သေးပေ။ သူ၏အသွေးအသားခန္ဓာကိုယ်သည် နတ်ခန္ဓာတစ်ခုကဲ့သို့ဖြစ်နေပြီး မဟာလမ်းစဉ်၏မီးတောက်များကို ခံနိုင်ရည်ရှိနေလေသည်။
ထိုအခိုက်တွင် တာအိုဘုန်းတော်ကြီးမူက ထိုလူငယ်၏စွမ်းအားသည် သူ့ထက် များစွာသာလွန်ကြောင်း သဘောပေါက်သွားသည်။
သူသည် မဟာလမ်းစဉ်၏မီးတောက်များထဲတွင် မည်သို့မှမနေသကဲ့သို့ ရပ်နေနိုင်သည်။ တာအိုဘုန်းတော်ကြီးမူက ထိုတိုက်ပွဲကို မည်သို့ဆက်တိုက်နိုင်မည်နည်း။
ရီဖူရှင်းက ထိုအလောင်းအစားကို လုပ်ဝံ့ခြင်း၏အကြောင်းမှာ သူသည် နတ်ခန္ဓာကို ယုံကြည်မှုရှိ၍ဖြစ်သည်။ သူသည် သူ၏သိရှိနားလည်မှုကိုသုံး၍ သူ့ခန္ဓာကိုယ်ကို မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာတမျှ စွမ်းအားကြီးအောင် လုပ်နိုင်သည်။ သူသည် ကောင်းကင်ကပ်ဘေး၏ ကြိမ်ဖန်များစွာ သန့်စင်မှုကိုလည်း ခံခဲ့ရသည်။ သူ၏ခန္ဓာကိုယ်သည် သူ၏စွမ်းအားအကြီးဆုံးအတတ်များထဲမှ တစ်ခုဖြစ်သည်။ ထို့အပြင် သူသည် စည်းမျဉ်းမီးတောက်များထဲတွင်လည်း နေခဲ့ဖူးသည်။ သူ့ကိုယ်တွင်း၌ အရိပ်မီးတောက်နှင့် နေမင်းသစ္စာမီးတောက်ရှိနေရာ သူသည် မီးတောက်မဟာလမ်းစဉ်၏စွမ်းအားကို သူ့ခန္ဓာကိုယ်ဖြင့် ခံနိုင်လိမ့်မည်ဟု အတော်လေးယုံကြည်မှုရှိ၏။
သူသည် ဖန်းဆင်ခြင်းကြာပွင့်၏မီးတောက်ကိုပင် ဝါးမျိုပစ်နိုင်သည်။
တာအိုဘုန်းတော်ကြီးမူက ရီဖူရှင်းကို နက်နက်နဲနဲကြည့်လိုက်ပြီး သူရှုံးသွားပြီဖြစ်ကြောင်း သိလိုက်သည်။ ထို့အပြင် သူသည် မရှုမလှ ရှုံးသွားခဲ့ခြင်းပင်။
ရွှီး...
လျှပ်တစ်ပြက်အတွင်းမှာပင် တာအိုဘုန်းတော်ကြီးမူက သူရှိနေခဲ့သောနေရာမှ ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွား၏။ သူသည် ထွက်ပြေးရန် ရွေးချယ်လိုက်၏။
ရီဖူရှင်းကို ဝန်းရံထားသော မီးတောက်များသည် ပါးလျသွားပြီး နတ်မီးတောက်အမျှင်ဖြစ်ပြောင်းလဲသွားကာ တာအိုဘုန်းတော်ကြီးမူနှင့်အတူ ပျောက်ကွယ်သွား၏။
တာအိုဘုန်းတော်ကြီးမူက အလောင်းအစား၏ တန်ကြေးကိုမပေးလိုကြောင်း ထင်ရှားသည်။ ထို့ကြောင့် သူသည် ထွက်ပြေးရန် ကြိုးစား၏။
သို့သော် ရီဖူရှင်းက အေးစက်စက်တစ်ချက်ပြုံးလိုက်ပြီး သူ့ခန္ဓာကိုယ်သည်လင်းလက်သွားကာ ထိုနေရာမှ ပျောက်ကွယ်သွား၏။ သူသည် မလှမ်းမကမ်းရှိ တာအိုဘုန်းတော်ကြီးမူ၏အနောက်တွင် ပေါ်ထွက်လာသည်။
တာအိုဘုန်းတော်ကြီးမူက သူ့နောက်မှ လူကို အာရုံရလိုက်သောအခါ မျက်နှာထားအနည်းငယ် ပြောင်းလဲသွားသည်။ သူက ရှေ့သို့ ဆက်သွားလိုက်ပြီး စီးဆင်းနေသောရေကဲ့သို့ လှုပ်ရှားလိုက်ကာ လေထဲတွင် ပုံရိပ်အများအပြား ချန်ထားရစ်၏။ သူသည် ကောင်းကင်နှင့်မြေကြီးအကြားတွင် စီးဆင်းနေသော မီးခိုးရောင်စမ်းချောင်းတစ်ခုကဲ့သို့ပင်။
ရီဖူရှင်း၏ခန္ဓာကိုယ်သည် ထိုနေရာမှ ထပ်မံပျောက်ကွယ်သွားပြန်သည်။ တာအိုဘုန်းတော်ကြီးမူက လွန်စွာစွမ်းအားကြီးသောအတတ်များတတ်မြောက်ပြီး အမြန်နှုန်းတွင် ဆရာတစ်ဆူဖြစ်သည်။ သူ၏ ကိုယ်ယောင်ဖျောက်စွမ်းရည်နှင့် ရုပ်ဖျက်ပညာသည် နံပါတ်တစ်ဖြစ်သည်။
သို့သော် ကံဆိုးစွာပင် သူ၏ပြိုင်ဘက်သည် ဗုဒ္ဓရောင်ဝါခြေလှမ်းကို ကျင့်ကြံခဲ့သော ရီဖူရှင်းဖြစ်နေလေသည်။
သူတို့နှစ်ဦးသည် ပင်လယ်အထက်တွင် လွန်စွာလျှင်မြန်သောအရှိန်ဖြင့် အဆက်မပြတ်လွန်းထိုးသွားလာနေသည်။ တာအိုဘုန်းတော်ကြီးမူက အချိန်တစ်ခုကြာအောင် ထွက်ပြေးနေ၏။ သူသည် ရီဖူရှင်းလက်မှ လွတ်အောင် မပြေးနိုင်ကြောင်း နားလည်လာသည်။ သို့သော် ထိုအခိုက်တွင် ဝတ်စုံဖြူနှင့်လူသည် သူ့ရှေ့တွင် ထိပ်တိုက်ပိတ်ဆို့လိုက်သည်။ တာအိုဘုန်းတော်ကြီးမူက သူ၏ဦးတည်ရာကို ရုတ်ခြည်းပြောင်းလဲလိုက်သည်။ သို့တိုင်အောင် ရီဖူရှင်းသည် သူ့ရှေ့တွင် ထပ်ပေါ်လာပြန်လေသည်။
ထိုကဲ့သို့ တူညီသောအရာ အဆက်မပြတ်ဖြစ်ပြီးသောအခါ နောက်ဆုံးတွင် တာအိုဘုန်းတော်ကြီးမူက ရပ်တန့်လိုက်ပြီး ထပ်၍ထွက်မပြေးတော့ချေ။ သူသည် သူ့ရှေ့ရှိ ငွေဖြူရောင်ဆံပင်နှင့်လူငယ်ကို ကြည့်လျှက် ပြောသည်။
“ငါ လူငယ်တစ်ယောက်ရဲ့ လက်ထဲမှာ ရှုံးရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ မင်းကဘယ်သူလဲ”
“မူလဘုံက ရီဖူရှင်း...”
ရီဖူရှင်း ပြန်ဖြေလိုက်သည်။
တာအိုဘုန်းတော်ကြီး အံ့အားသင့်သွားသည်။ သူသည် ထိုနာမည်ကို ယခင်က ကြားခဲ့ဖူးကြောင်း ထင်ရှားလေသည်။ သူ ကျိုးရိမြို့ထဲတွင် ရှိခဲ့စဉ်က ရီဖူရှင်းသည် ကျုံးမြောင်ကို သတ်ခဲ့ကြောင်း ကြားခဲ့ရသည်။ သို့သော် ထိုစဉ်က သူသည် အခြားအရာများကို အရေးမထားဘဲ နတ်မြေပုံကိုသာ အာရုံစိုက်နေခဲ့သဖြင့် ထိုအကြောင်းကို များစွာအာရုံမထားပေ။ မဟုတ်လျှင် သူသည် သူ့ရှေ့မှလူငယ်သည် ရီဖူရှင်းဖြစ်ကြောင်းကို အစောကတည်းက ခန်းမှန်းမိခဲ့မည်ဖြစ်သည်။
“ထိုက်တန်ပါပေတယ်...”
တာအိုဘုန်းတော်ကြီးမူက ပြုံးလျှက် ပြောသည်။
“မင်းက ဘာပြန်လိုချင်တာလဲ”
“ဆရာကြီးရဲ့ ကျင့်ကြံခြင်းအဆင့်က မြင့်တာပဲ... ပြီးတော့ ဆရာကြီးက အဂ္ဂရိတ်ဆရာတစ်ဦးဆိုတဲ့အချက်ကို ကျုပ်လေးစားတယ်။ ကျုပ် ဆရာကြီးကို မူလဘုံက စီဝေ့ကြယ်ကောင်းကင်ကို ဖိတ်ခေါ်ချင်တယ်။”
ရီဖူရှင်းက ပြောသည်။
တာအိုဘုန်းတော်ကြီးမူက ရီဖူရှင်းကိုကြည့်လျှက် မှင်တက်သွားသည်။ ရီဖူရှင်းသည် မူလဘုံတွင် နံပါတ်တစ်ပါရီမီရှင်ဟူသော ဂုဏ်ပုဒ်ဖြင့် ထိုက်တန်ကြောင်း သူတွေးမိလိုက်သည်။
“ငါ့ကို မင်းနောက်လိုက်ခိုင်းပြီး မင်းရဲ့အမိန့်တွေကို နာခံခိုင်းနေတာလား”
တာအိုဘုန်းတော်ကြီးမူက မေးလိုက်သည်။
“ကျုပ် အဲဒီလိုမပြောပါဘူး။ ဒါပေမဲ့ ဆရာကြီးက အဲဒီလိုမြင်တယ်ဆိုရင်လည်း ဘာမှထပ်ပြောနေစရာမရှိတော့ဘူး”
ရီဖူရှင်းက ပြန်ပြောသည်။
“ငါက ဒီနှစ်တွေမှာ တိမ်တိုက်တွေလို လွတ်လပ်ခဲ့တာပဲ။ ပြီးတော့ ငါ့ဘာသာ ကျင့်ကြံနေခဲ့တာ နှစ်တွေတောင် မရေတွက်နိုင်တော့ဘူး။ ငါက အနောက်ပင်လယ်တစ်ခွင်လုံးကို နှံ့နေအောင် ခြေဆန့်ခဲ့ပြီးပြီ...လွတ်လပ်မှုကို ကြိုက်နှစ်သက်တဲ့ငါက မင်းတောင်းဆိုတာကို မလိုက်ရောနိုင်ဘူး”
တာအိုဘုန်းတော်ကြီးမူက ပြန်ပြောလိုက်၏။
“ကောင်းပါပြီ...”
ရီဖူရှင်းပြောသည်။ သူ့စကားဆုံးသွားသည်နှင့် ထိုပင်လယ်ပြင်တွင် ကြောက်မက်ဖွယ် မဟာလမ်းစဉ်အရှိန်အဝါတစ်ခု လွှမ်းခြုံသွားပြီး ထိုနေရာတစ်ဝိုက်ကို ချပ်ပိတ်လိုက်လေသည်။ ရီဖူရှင်း၏မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသည့်အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပြီး ထိုနေရာသို့ ကြောက်မက်ဖွယ်ဖိအားတစ်ခု ကျဆင်းလာကာ တာအိုဘုန်းတော်ကြီးမူကို အလုံးစုံလွှမ်းခြုံသွားသည်။
ထိုအခိုက်တွင် ချောမောခံ့ညားသော ငွေဖြူရောင်ဆံပင်နှင့်လူငယ်ထံမှ လွန်စွာအားကောင်းသော သတ်ဖြတ်လိုသည့်အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။
“မင်းက ဘာလိုချင်တာလဲ”
တာအိုဘုန်းတော်ကြီးမူက ရီဖူရှင်းကို စိုက်ကြည့်လျှက် မေးလိုက်သည်။
“ဆရာကြီးက နတ်မြေပုံ ဖွက်ဖို့ ကျုပ်ကို အသုံးချခဲ့တာပဲ... ကျုပ်ရဲ့ ကျင့်ကြံခြင်းအစွမ်းသာ အားနည်းခဲ့ရင် ဆိုးဝါးတဲ့အဆုံးသတ်နဲ့ကြုံရမှာက ဘယ်သူလဲ”
ရီဖူရှင်း ဆက်ပြောလိုက်၏။
“ပြီးတော့ ကျုပ်က ကျုံးမြောင်ကို မျှားခေါ်သွားပြီးမှ သတ်ခဲ့တာက အင်အားအစစ်အမှန်ကို ဖုံးကွယ်ထားဖို့ပဲ။ ဒီနေ့အထိ ကျုပ်ရဲ့ စွမ်းအားအစစ်အမှန်ကို ဘယ်သူမှ မသိဘူး။ အခု ဆရာကြီးက သိသွားပြီဆိုတော့ ဘာဆက်ဖြစ်မယ်ထင်သလဲ”
တာအိုဘုန်းတော်ကြီးမူက ရုတ်တရက် မသက်မသာခံစားလာရပြီး မျက်နှာထားရှုံ့တွလာသည်။ သူက မည်သို့ပင် တွေးစေကာမူ ရီဖူရှင်းသည် ထိုနှစ်ချက်ကြောင့် သူ့ကိုသေချာပေါက် သတ်တော့မည်ဖြစ်သည်။ ထိုသို့သတ်မည်ကိုလည်း အပြည့်အဝနားလည်ပေးနိုင်၏။ သူသာ ရီဖူရှင်းနေရာတွင် ဖြစ်ခဲ့လျှင်လည်း ထိုနည်းတူ ပြုမူပေမည်။
ရီဖူရှင်းက ထိုသို့ပြောလိုက်ပြီးနောက် ကြောက်မက်ဖွယ် သတ်ဖြတ်လိုသည့်အငွေ့အသက်တစ်ခု ဖြတ်သန်းသွား၏။ ကောင်းကင်ထက်တွင် နတ်ဓားများစီတန်းထွက်ပေါ်လာပြီး တာအိုဘုန်းတော်ကြီးမူကို ချိန်ရွယ်လိုက်သည်။
တာအိုဘုန်းတော်ကြီးမူက မော့ကြည့်လိုက်ကြီး ကြောက်မက်ဖွယ်ဖိအားကို ခံစားလိုက်ရသည်။ သူ ရင်ခုန်နှုန်း မြန်လာသည်။
ရီဖူရှင်းသည် စနောက်နေခြင်းမဟုတ်ကြောင်း သူသိသည်။
“ငါမင်းအတွက် ဆေးလုံးနည်းနည်း ဖော်ပေးနိုင်ပါတယ်”
တာအိုဘုန်းတော်ကြီးမူက လျင်မြန်စွာ ပြောသည်။
“ဆေးလုံးဖော်ပေးမယ် ဟုတ်လား”
ရီဖူရှင်း အေးစက်စက်ရယ်မောလိုက်သည်။ ကောင်းကင်ထက်တွင် နေမင်းနှင့် လမင်း၏နတ်အလင်းများ ထွက်ပေါ်လာသည်။ ထို့အပြင် တစ်ချိန်တည်းမှာပင် ထိုနေရာသို့ အရိပ်နေမင်းစွမ်းအားကျဆင်းလာသည်။ သူက ပြောလိုက်၏။
“ကျုပ်ကိုယ်တိုင်လည်း အဂ္ဂရိတ်ပညာရှင်တစ်ယောက်ပဲ။ နတ်မြေပုံကို ကျုပ်က ဘာလို့ ရှာတာလဲ။ ခင်ဗျားကို ကျုပ်က ခေါ်ချင်တာဟာ ခင်ဗျားက အရမ်းတန်ဖိုးရှိနေလို့မဟုတ်ဘဲ အဂ္ဂရိတ်ပညာမှာ အချိန်အရမ်းမဖြုန်းချင်လို့ပဲ။ နတ်တောင်ကုန်းကို ရှာတွေ့ခဲ့ရင် ခင်ဗျားကို အဂ္ဂရိတ်ဆေးဖော်တဲ့ကိစ္စတွေအကုန် လွှဲပေးပြီးတော့ ခင်ဗျားရဲ့စွမ်းရည်တွေကို တိုးတက်စေချင်လို့ပဲ။ ကျုပ်က ဆေးလုံးတွေ လိုအပ်နေတယ်လို့ ခင်ဗျားထင်နေတာလား”
သူ့အသံသည် ကောင်းကင်တစ်ခွင်တွင် ပဲ့တင်ထပ်နေသည်။ တာအိုဘုန်းတော်ကြီးမူ ရင်တုန်သွားသည်။ သူစိတ်သည်ပင် မတည်မငြိမ်ဖြစ်နေသည်။ သူ့စိတ်အာရုံသည် ရီဖူရှင်း၏စကားများကြောင့် တုန်လှုပ်နေသည်။
တာအိုဘုန်းတော်ကြီးမူသည် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်သည်။ သို့သော် သူသည် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသူကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ လီချင်းဖုန်းက စွမ်းအားကြီးသော်လည်း သူသည် ရီဖူရှင်းနှင့် ကွဲပြားသည်။ သူတို့ထဲမှ မည်သူသည် ပို၍သန်မာသနည်း။
ရီဖူရှင်းသည် သူ့ကိုခြိမ်းခြောက်လိုက်ရုံသာမကပေ။ နတ်တောင်ကိုရှာခြင်း၊ သူ၏အဂ္ဂရိတ်စွမ်းရည်ကို မြှင့်တင်ခြင်းနှင့် သူ့ကိုအဂ္ဂရိတ်ပိုင်းနှင့်သက်ဆိုင်သည့် ကိစ္စများကို တာဝန်ယူစေခြင်းတို့ကိုပါ ပြောပြ၍ သူ၏လောဘကို ဆွနိုင်၏။
ထို့ကြောင့် သူသည် ရီဖူရှင်းပြောသည်များကို တစ်စိုးတစ်စိမျှပင် သံသယမဖြစ်ပေ။ အကျိုးသင့်အကြောင်းသင့်ကြည့်လျှင် ထိုစကားများသည် ဆီလျော်သည်။ ရီဖူရှင်းသည် သူ့ကို အလွယ်တကူသတ်ပစ်နိုင်သည်။ သူက တာအိုဘုန်းတော်ကြီးကို မသတ်သေးခြင်းမှာ အသုံးဝင်နေသေး၍ဖြစ်သည်။
ဝုန်း...
နတ်ဓားများကျဆင်းလာသည်။ သတ်ဖြတ်လိုသည့်အငွေ့အသက်သည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။ ရီဖူရှင်း၏မျက်ဝန်းများထဲတွင်လည်း စူးရှသော သတ်ဖြတ်လိုသည့် အရိပ်အယောင်တစ်ခု ရှိနေလေသည်။ သူသည် တာအိုဘုန်းတော်ကြီးမူကို သတ်ပစ်တော့မည့်ပုံပင်။ တာအိုဘုန်းတော်ကြီးမူတစ်ယောက် ရင်တုန်ပန်းတုန်ဖြစ်သွားပြီး ပြောသည်။
“ငါ ငါ အညံ့ခံပါတယ်”
ဝှီး...
နတ်ဓားများကျဆင်းလာပြီး တာအိုဘုန်းတော်ကြီးမူကို တုန်လှုပ်တကြီး မျက်နှာပျက်သွားစေ၏။ သူ့ကိုယ်ပေါ်တွင် မဟာလမ်းစဉ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ဖန်ဆင်းခြင်းကြာပွင့်သည် နတ်ဓားများဆီသို့ ပျံထွက်သွားကာ တိုက်ခိုက်မှုကို ကာရံလိုက်သည်။ သို့သော် သူသည် ရီဖူရှင်းကို ထိတ်လန့်တကြား ကြည့်နေလေသည်။ ရီဖူရှင်းသာ သူ့ကိုသတ်လိုပါက သူ့ကိုစကားပင် ပြောနေမည်မဟုတ်ပေ။
“ဆရာကြီးက ကျုပ်ရဲ့ အလောင်းအစားကို သဘောတူပေမယ့် ကတိဖျက်ပြီး ထွက်ပြေးခဲ့တယ်။ အခု ခင်ဗျားက သေဘေးနဲ့ကြုံတော့မှ အညံ့ခံတော့ နောက်ပိုင်း ဘယ်လိုယုံကြည်ရမှာလဲ”
ရီဖူရှင်းက မေးသည်။ နတ်ဓားများသည် တာအိုဘုန်းတော်ကြီးမူထံသို့ ဆက်လက်ကျဆင်းလာဆဲဖြစ်သည်။
ထိုအခိုက်တွင် တာအိုဘုန်းတော်ကြီးမူက ရီဖူရှင်းသည် အလွန်ခက်ထန်ကြောင်း သိရှိသွားသည်။ သူသည် အမှန်ပင် သတ်ရန်ရည်ရွယ်၍ တိုက်ခိုက်လိုက်ခြင်းပင်။ သူသာ ရီဖူရှင်းကို ကျေနပ်လောက်သည့် အဖြေမပေးခဲ့ပါက ယနေ့တွင် အနောက်ပင်လယ်၌ သေချာပေါက် အဆုံးသတ်ပေတော့မည်။
“ငါ မင်းအမိန့်ကိုနာခံမယ်လို့ ဒီနေရာမှာ ကျိန်ဆိုတယ်”
တာအိုဘုန်းတော်ကြီးမူက ကျယ်လောင်စွာ အော်ပြောသည်။
“မင်း ငါ့ကိုမယုံသေးဘူးဆိုရင် မင်းငါ့မှတ်ဉာဏ်ထဲဝင်ကြည့်ပြီး ငါ့ရဲ့လျှို့ဝှက်ချက်တွေကို ကြည့်လို့ရတယ်။ ပြီးရင် မင်း အမှန်နဲ့အမှားကို ခွဲခြားသိသွားမှာပဲ”
ရီဖူရှင်းသည် သူ့စကားကိုကြားလိုက်သောအခါ သူ့နတ်အာရုံသည် ကျဆင်းနေသော နတ်ဓားများကို ရပ်တန့်လိုက်သည်။ သို့သော် သူ့ကိုယ်ပေါ်ရှိ သတ်ဖြတ်လိုသောအငွေ့အသက်သည် မပျောက်သွားသေးပေ။
သူက ရှေ့သို့ ပျံသွားလိုက်ပြီး တာအိုဘုန်းတော်ကြီးမူရှေ့တွင် ရပ်လိုက်သည်။ ရီဖူရှင်းက အေးစက်စက်ပြောလိုက်၏။
“ဆရာကြီးရဲ့ အာရုံကို ဖြေလျှော့လိုက်”
ထိုသို့ပြောလိုက်ပြီးနောက် သူ၏နတ်အာရုံသည် တာအိုဘုန်းတော်ကြီးမူ၏ မျက်ခုံးနှစ်ခုအကြားသို့ ဖောက်ဝင်သွား၏။ သူသည် တာအိုဘုန်းတော်ကြီးမူ၏မှတ်ဉာဏ်များကို မြင်လိုက်ရသည်။
ခေတ္တမျှကြာပြီးနောက် ရီဖူရှင်းသည် သူ၏နတ်အာရုံကို တာအိုဘုန်းတော်ကြီးမူ၏မှတ်ဉာဏ်များအတွင်းမှ ပြန်ရုတ်သိမ်းလိုက်သည်။ သူစိတ်ထဲမှ ကြိတ်ပြုံးလိုက်၏။ သေခြင်းနှင့် လောဘတရား၏ ခြိမ်းခြောက်မှုအောက်တွင် အမြဲပင် အပေးအယူလုပ်ရန် အခွင့်အရေးရှိသည်။
တာအိုဘုန်းတော်ကြီးမူက တစ်နေရာတွင် မိသားစုရှိနေကြောင်း သူသိခဲ့ရသည်။ သို့သော် တာအိုဘုန်းတော်ကြီးမူ၏မိသားစုကို မည်သူမှမသိပေ။ သူသည် သူ့မိသားစုကို လုံလုံခြုံခြုံလျှို့ဝှက်ထားခဲ့လေသည်။
နတ်ဓားများပျောက်ကွယ်သွားပြီး သတ်ဖြတ်လိုသောအငွေ့အသက်လည်း ပျောက်ကွယ်သွား၏။ အနောက်ပင်လယ်အထက်တွင် ပင်လယ်လေညင်းလေးတိုက်ခတ်သွားပြီး နေရောင်သည်လည်း ပင်လယ်ပြင်ပေါ်သို့ တောက်ပစွာ ဖြာကျနေသည်။ အရာအားလုံးသည် သာမန်ပြန်ဖြစ်သွားပြီး နေမင်းသည်လည်း နွေးထွေးငြိမ်းချမ်းနေလေသည်။
“ဆရာကြီးသာ စောစောသဘောတူခဲ့ရင် ကျုပ်တို့ အခုလို ဒုက္ခများမှာမဟုတ်ဘူး”
ရီဖူရှင်းက ပြုံးလျှက် ပြောသည်။
“ကျုပ်တို့ ပျော်ရွှင်အောင်မြင်တဲ့ မဟာမိတ်ဖြစ်ဖို့ ဆုတောင်းကြတာပေါ့”
တာအိုဘုန်းတော်ကြီးမူက ရီဖူရှင်၏ခံ့ညားသောမျက်နှာသွင်ပြင်ကို ကြည့်လိုက်သည်။ တာအိုဘုန်းတော်ကြီးမူ၏မျက်နှာပေါ်တွင် နွေဦးလေပြေကဲ့သို့ အပြုံးတစ်ခုရှိနေသော်လည်း ရင်ထဲတွင် အေးစက်မှုတစ်ခုကို ခံစားနေရ၏။ သူသည် ရီဖူရှင်းကို အနည်းငယ်ကြောက်ရွံ့နေသည်။ သူ့ရှေ့ရှိ လူငယ်သည် သူတွေ့ခဲ့ဖူးသော အသက်ပိုကြီးသည့်လူများထက် ပို၍ကြောက်စရာကောင်းသည်။ သူတို့ထဲက တစ်ယောက်မှ ထိုလူငယ်လောက် ကြောက်စရာမကောင်းပေ။
ဤအကြိမ်တွင် သူသည် မျှမျှတတ ရှုံးနိမ့်ခဲ့လေသည်။ ယခုတွင် သူသည် သစ္စာဖောက်လိုသည့်အတွေးတစ်ခုပင် မရှိတော့ပေ။
“အဲဒါက မဟာမိတ်လို့ ငါမခေါ်ဝံ့ပါဘူး။ ဒါပေမဲ့ ငါ အကောင်းဆုံးကြိုးစားပြီး ရန်ဟောင်ရီကို ကူညီပေးမှာပါ”
တာအိုဘုန်းတော်ကြီးမူက သူ့နေရာကိုသူ ကောင်းစွာသိသည်။ သူ့ရှေ့ရှိ လူငယ်သည် သူ့ထက်ငယ်ရွယ်သော်လည်း သူ့ထက်များစွာ သန်မာလေသည်။
ရီဖူရှင်းသည် တာအိုဘုန်းတော်ကြီးမူကို စိုက်ကြည့်လိုက်ပြီး သူ့စကားကို စိတ်ထဲထားမနေတော့ပေ။ သူက ပြုံးလျှက် ပြောသည်။
“ကျုပ် ဆရာကြီးကို စော်ကားခဲ့မိရင် ခွင့်လွှတ်ပေးပါ။ ဒါပေမဲ့ ကျုပ်မှာလည်း ရွေးချယ်စရာမရှိဘူးလေ။ အခု ကျုပ်တို့ တစ်ဖွဲ့တည်းဖြစ်သွားပြီဆိုတော့ အနာဂါတ်မှာ ကောင်းကောင်း ပူးပေါင်းကြတာပေါ့”
“ငါ နားလည်ပါတယ်”
တာအိုဘုန်းတော်ကြီးမူက ခေါင်းညိတ်လျှက် ပြန်ဖြေလိုက်သည်။