← Chapters

ရီဖူရှင်း၏ရည်မှန်းချက်

Vol. 177 Ch. 2526

ရီဖူရှင်း၏ရည်မှန်းချက်

Vol. 177 Ch. 2526

ရီဖူရှင်းသည် အ‌နောက်ပင်လယ်ကုန်းမြေသို့ခရီးတွင် အနောက်ပင်လယ်ကုန်းမြေသခင်အိမ်တော်ကို အခြားအင်အားစုများအတွက် နမူနာအနေဖြင့် အသုံးချနိုင်ခဲ့ရုံသာမက နတ်မြေပုံကိုလည်း ပိုင်ဆိုင်ခဲ့၏။ သူသည် ကပ်ဘေးအဆင့်ရှိသည့် အဂ္ဂရိတ်ဆရာတစ်ယောက်ကိုလည်း အောင်အောင်မြင်မြင်စည်းရုံးနိုင်ခဲ့သည်။

ဤခရီးစဉ်သည် အကျိုးကျေးဇူးများနှင့် ပြည့်နေ၏။

သို့သော် ရီဖူရှင်းက မကျေနပ်သေးပေ။

ယခုတွင် သူ့လက်ထဲမှ နတ်မြေပုံဖြင့် ရှေးဟောင်းနတ်တောင်ကို ရှာဖွေနိုင်၏။ သူသည် ကောင်းကင်ဒေသတစ်ခွင်လုံးရှိ အဂ္ဂရိတ်စခန်းများထက် ပို၍အစွမ်းထက်သော အဂ္ဂရိတ်စခန်းကို တည်‌ထောင်နိုင်ကာ စီဝေ့ကြယ်ကောင်းကင်ကို အဂ္ဂရိတ်ပညာအတွက် မြင့်မြတ်သောနယ်မြေဖြစ်လာအောင် လုပ်နိုင်မည့် အခွင့်အရေးရှိနိုင်သည်။ သို့ဖြစ်လျှင် စီဝေ့ကြယ်ကောင်းကင်သည် ထပ်မံ၍ ကြီးစွာပြောင်းလဲသွားမည်ဖြစ်သည်။

ရီဖူရှင်းသည် ရှေးဟောင်းနတ်တောင်ကို မတွေ့ခဲ့လျှင်လည်း ဆေးလုံးအမျိုးမျိုးကို ဖော်ရာတွင် သူ့ကိုကူညီမည့် အဂ္ဂရိတ်ဆရာအဖွဲ့တစ်ခုကို ဖွဲ့စည်းမည်ဖြစ်သည်။ ထိုမှသာ စီဝေ့ကြယ်ကောင်းကင်၏စွမ်းအားသည် တိုးတက်လာပေမည်။

ယခုတွင် လောကကြီးသည် ပရမ်းပတာဖြစ်နေရာ စီဝေ့ကြယ်ကောင်းကင်သည် ‌လောကအတွင်းရှိ စွမ်းအားကြီးအင်အားစုများကို ရင်ဆိုင်နိုင်ရန် ယခင်ကထက် ပို၍သန်မာလာရမည်ဖြစ်သည်။

“ဆရာကြီးက အဂ္ဂရိတ်ပညာကို ကျင့်ကြံခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီဆိုတော့ အဂ္ဂရိတ်လောကအကြောင်းကို အများကြီးသိလောက်မှာပဲ။ ကျုပ် အဂ္ဂရိတ်ဆရာအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းချင်တယ်။ ဆရာကြီး ကျုပ်ကို ကူညီပေးနိုင်မလား”

ရီဖူရှင်းက တာအိုဘုန်းတော်ကြီးမူကို မေးလိုက်သည်။

“ငါ အကောင်းဆုံးလုပ်ပေးမယ်။ ဒါပေမဲ့ အဂ္ဂရိတ်ဆရာတွေက မာနကြီးကြတယ်။ လုံလောက်တဲ့အကြောင်းသာမရှိရင် သူတို့ကို စည်းရုံးဖို့လွယ်မှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းသာ ရှေးဟောင်းနတ်တောင်ကို ရှာနိုင်ခဲ့ရင် အစွမ်းထက်တဲ့ အဂ္ဂရိတ်ဆရာတွေ စိတ်ဝင်စားလာလိမ့်မယ်... အဲဒီလိုဆို မင်းရဲ့တာဝန်ကိုထမ်းဆောင်မယ့် အစွမ်းထက်အဂ္ဂရိတ်ဆရာအဖွဲ့ကို အလွယ်တကူဖွဲ့နိုင်မှာပဲ”

ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ တာအိုဘုန်း‌တော်ကြီးမူပြောသည်မှာ သဘာဝကျ၏။

အကယ်၍ တာအိုဘုန်းတော်ကြီးမူသာ ရီဖူရှင်းကို အသုံးချရန် မကြိုးစားခဲ့လျှင် သူသည် ယခုကဲ့သို့ ကိုယ့်ရှူးကိုယ်ပတ်မည်မဟုတ်ဘဲ ရီဖူရှင်းကိုလည်း အညံ့ခံရန်မလိုပေ။ တာအိုဘုန်းတော်ကြီးမူကိုသာ အတင်းအကြပ်မလုပ်ခဲ့လျှင် သူသည် အညံ့ခံမည့်အစား အသေခံသွားမည်ဖြစ်သည်။

“ဒါ့အပြင် ကျုပ် ဆေးလုံးတွေဖော်စပ်ဖို့ ဆေးဖက်ဝင်ပစ္စည်းတွေလည်း လိုသေးတယ်။ အဲဒီတော့ ဆေးအမယ်တွေ စုဆောင်းဖို့ ဆရာကြီးကိုပဲ ဒုက္ခပေးရတော့မှာပဲ”

ရီဖူရှင်း ဆက်ပြောသည်။

“ပြီးတော့ ကျိုးရိမြို့မှာတုန်းက ဆရာကြီးနဲ့ လေညင်းအိမ်တော်ရဲ့ အိမ်တော်သခင်တို့ သဘောတူညီမှုတစ်ခု လုပ်ခဲ့တယ်မလား”

လေညင်းအိမ်တော်၏ အိမ်တော်သခင်သည် အကြောင်းမရှိဘဲ တာအိုဘုန်းတော်ကြီးမူကို အလွယ်တကူ အလွှတ်ပေးလိုက်မည်မဟုတ်ပါ။ သူတို့နှစ်ဦးသည် အသံပို့လွှတ်ကာ ဆက်သွယ်ခဲ့ခြင်း ဖြစ်ရမည်ဖြစ်ပြီး သဘောတူညီမှုတစ်ခု လုပ်ခဲ့ကြ၏။ ယခုတွင် သူသည် တာအိုဘုန်းတော်ကြီးမူ၏မှတ်ဉာဏ်များကို ကြည့်ပြီးသွားပြီဖြစ်သဖြင့် ထိုကိစ္စအကြောင်းကို သိပြီဖြစ်လေသည်။

“အင်း...”

တာအိုဘုန်းတော်ကြီးမူ ခေါင်းညိတ်လိုက်သည်။

“ငါ လီချင်းဖုန်းနဲ့ တကယ်ပဲ သဘောတူညီမှုတစ်ခု လုပ်ခဲ့တယ်။ သူ ငါ့ကိုသွားခွင့်ပေးရင် ငါက နတ်မြေပုံကို ရှာပြီးပြန်လာမယ်... ငါတို့အတူ နတ်မြေပုံရဲ့ပဟေဠိကိုဖော်ပြီး ရှေးဟောင်းနတ်တောင်ကိုရှာဖို့ သဘောတူခဲ့ကြတာပဲ”

သူ မလိမ်ဝံ့ပေ။ ရီဖူရှင်းသည် သူ့မှတ်ဉာဏ်များကို ကြည့်ခဲ့သည် မဟုတ်ပါလား။

ရီဖူရှင်းသည် သူ့စကားများကို သံသယမဝင်ခဲ့ချေ။ တာအိုဘုန်းတော်ကြီးမူက သူ့ကို သစ္စာမဖောက်ဝံ့ပါ။

“နတ်မြေပုံရဲ့ပဟေဠိကဘာလဲ”

ရီဖူရှင်းက မေးလိုက်သည်။

“ကျုပ် အရင်တုန်းက နတ်အာရုံသုံးပြီး ဝင်ကြည့်တုန်းက မြေပုံတစ်ခုကိုပဲ တွေ့ခဲ့ရတာပဲ။ ဒါပေမဲ့ အဲဒီမြေပုံပေါ်ကနေရာတွေကို အ‌နောက်ပင်လယ်ကုန်းမြေထဲမှာ နေရာအတိအကျ မရှာနိုင်ဘူးဖြစ်နေတယ်။ တချို့ကျွန်းတွေက နှစ်ပရိစေဒကြလို့ ပျောက်သွားတာကြောင့်များလားလို့ တွေးမိတယ်။ ဒါ့အပြင် တခြားသဲလွန်စတွေ ရှိသေးလား”

“အင်း... ရှိသေးတယ်”

တာအိုဘုန်းတော်ကြီးမူက ခေါင်းညိတ်ပြလိုက်သည်။

“ငါ နတ်မြေပုံကို ရှာနေခဲ့တာ နှစ်ပေါင်းများစွာကြာပြီ။ ငါ့အကြီးအကဲတွေပြောတာကတော့ ငါတို့ရဲ့ဘိုးဘေးတွေက ရှေးဟောင်းအင်ပါယာနတ်တောင်က ရှင်သန်ကျန်ရစ်ခဲ့တဲ့သူတွေပဲတဲ့။ ဒီတော့ ငါက ရှေး‌ဟောင်းနတ်တောင်က အဂ္ဂရိတ်အဖွဲ့ကလို့ ပြောနိုင်တယ်။ ငါ ဒီနှစ်တွေထဲမှာ နတ်မြေပုံကို ရှာနေခဲ့တာ... နောက်ဆုံးတော့ သဲလွန်စကို လေညင်းအိမ်တော်မှာ တွေ့တာပဲ”

ရီဖူရှင်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူသည် တာအိုဘုန်း‌တော်ကြီးမူ၏မှတ်ဉာဏ်များကို ကြည့်လျှက် သူ၏ဇစ်မြစ်ကို စေ့စေ့စပ်စပ်ရှာခဲ့စဉ်က ထိုအကြောင်းကို သိခဲ့ပြီးပေပြီ။ အသေးစိတ်အချက်များကို သေချာမသိနိုင်တော့သော်လည်း ထိုတာအိုဘုန်းတော်ကြီးမူက အမှန်ပင် အဂ္ဂရိတ်ပညာနှင့် နက်ရှိုင်းသောရေစက်ရှိသည်။ သူ့တွင် နတ်မြေပုံနှင့် ရှေးဟောင်းအင်ပါယာနတ်တောင်ကိုရှာရန် ပြင်းပြသောဆန္ဒလည်းရှိလေသည်။

တာအိုဘုန်းတော်ကြီးမူက သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ ထိုနေရာရှိပင်လယ်ပြင်သည် ရုတ်ချည်း ချိပ်ပိတ်ခံလိုက်ရသည်။ သူက ရီဖူရှင်းကို ပြောသည်။

“ရန်ဟောင်ရီ... နတ်မြေပုံကို ထုတ်လိုက်ပါ”

ရီဖူရှင်းက ခေါင်းညိတ်လျှက် သူ့လက်ကိုဆန့်ကာ ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် နတ်မြေပုံသည် လေထဲတွင် ပေါ်လာ၏။

တာအိုဘုန်းတော်ကြီးမူ၏နတ်အာရုံသည် နတ်မြေပုံအတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။ လေထဲတွင် ကြီးကျယ်ခမ်းနားသော ပုံတစ်ခု ရုတ်ခြည်းထွက်ပေါ်လာ၏။ ပင်လယ်အထက်တွင် နတ်တောင်များစွာ ပေါ်လာသည်။

တာအိုဘုန်းတော်ကြီးမူ၏မျက်လုံးများအတွင်းမှ အလင်းတန်းတစ်တန်းထွက်လာပြီး နတ်မြေပုံသည် ရုတ်တရက် ကြီးမားသွား၏။ ထို့နောက်တွင် ၎င်းသည် မှော်ပစ္စည်းတစ်ခုကဲ့သို့ ထူးဆန်းသောရတနာတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်နှင့်နေလုံးကို ကာရံသွား၏။

ရီဖူရှင်း အံ့အားသင့်သွားသည်။ ယခင်က သူသည် နတ်မြေပုံကို လေ့လာခဲ့စဉ်က အနည်းငယ် အလျင်လိုခဲ့သည်။ ထို့ကြောင့် သေချာဂရုတစိုက် မလေ့လာနိုင်ခဲ့ပေ။

နတ်မြေပုံသည် ထိုမျှဆန်းကြယ်လေသလော။

ရွှီး...

ထိုအခိုက်တွင် နတ်မြေပုံအောက်၌ မဟာလမ်းစဉ်၏မီးတောက်တစ်ခု ထွက်ပေါ်လာ၏။ ထိုမီးတောက်သည် ဖန်ဆင်းခြင်းစိမ်းပြာကြာပွင့်မီးတောက်ပင်။ သို့သော် ထိုကဲ့သို့သော ကြောက်မက်ဖွယ်မီးတောက်သည်ပင် နတ်မြေပုံကို မီးလောင်ကျွမ်းသည့်လက္ခဏာ မပြပါ။

၎င်းအစား မီးတောက်များသည် ပျံ့နှံ့သွားပြီး နတ်မြေပုံအတွင်းသို့ စီးဝင်သွားကြကာ တဖြည်းဖြည်းဖြင့် မြေပုံတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ဝုန်း...

နတ်မီးတောက်များမှနေ၍ ပြင်းထန်သောအသံတစ်ခု ထွက်ပေါ်လာ၏။ မဟာလမ်းစဉ်၏မီးတောက်များသည် နတ်မြေပုံကို လောင်ကျွမ်းကာ တခြားပုံစံတစ်မျိုးသို့ ပြောင်းလဲသွား၏။ နတ်မီးတောက်၏အလင်းအောက်တွင် ပင်လယ်ပြင်သည် တောက်ပနေပြီး တောက်ပနေသောအဝန်းအဝိုင်းအလယ်မှနေ၍ တောင်ပုံစံမီးတောက်တစ်ခု ထွက်ပေါ်လာ၏။

ရီဖူရှင်းသည် ထိုမြင်ကွင်းကို မြင်လိုက်ရ‌သောအခါ အ‌တော်လေးအံ့အားသင့်သွား၏။ သူသည် သူ့ရှေ့ရှိ ခမ်းနားကြီးကျယ်သောမြင်ကွင်းကို မျက်ဝါးထင်ထင်မြင်လိုက်ရသောအခါ ရင်ခုန်နှုန်း အနည်းငယ်မြန်လာသည်။

ယခင်က သူတွေးခဲ့သည့် နတ်မြေပုံအကြောင်းသည် လွန်စွာရိုးရှင်းခဲ့ပုံရသည်။

“နတ်မြေပုံက မြေပုံတစ်ခုပဲမဟုတ်ဘူး... အဲဒါက ရှေးဟောင်းအင်ပါယာနတ်တောင်ကို ဖွင့်နိုင်တဲ့ သော့တစ်ခုပဲ”

တာအိုဘုန်းတော်ကြီမူက ရီဖူရှင်းကို ပြောသည်။

“ဒီတော့ ဆရာကြီးက ပြန်သွားပြီး လေညင်းအိမ်တော်ရဲ့ အိမ်တော်သခင်နဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ အစီအစဉ်မရှိခဲ့ဘူးပေါ့ ဟုတ်လား”

ရီဖူရှင်း မေးလိုက်သည်။

“အခြေအနေ‌ပေါ် မူတည်တယ်။ ငါ တစ်ယောက်တည်း မဖြေရှင်းနိုင်ခဲ့ဘူးဆိုရင် ပြန်သွားမှာပဲ။ ဒါပေမဲ့ ငါတစ်ယောက်တည်းလုပ်နိုင်ရင်တော့ ဘာလို့ သူ့ကိုအကူအညီသွားတောင်းနေဦးမှာလဲ။ ငါ သူ့ကိုပေးထားတဲ့ ရတနာတွေက တကယ်ကို အဖိုးတန်တယ်ဆိုပေမယ့် ရှေးဟောင်းအင်ပါယာနတ်တောင်နဲ့ယှဉ်ရင်တော့ မပြောပလောက်ပါဘူး”

တာအိုဘုန်းတော်ကြီးမူက ပြောသည်။

ရီဖူရှင်းသည် တာအိုဘုန်းတော်ကြီးမူကို အလေးအနက်ကြည့်လိုက်၏။ ထိုတာအိုဘုန်းတော်ကြီးမူက အလွန်ဉာဏ်နီဉာဏ်နက်များကာ ရည်မှန်းချက်ကြီး၏။ သူသည် အနည်းငယ် အားနည်းသော်လည်း အဂ္ဂရိတ်ပညာနှင့် ရုပ်ဖျက်ပညာတို့တွင် ဆရာတစ်ဆူဖြစ်သည်။ ထို့ကြောင့် သူ၏လိုအပ်ချက်ကို ပြန်ထေမိသည်။ သူသာ ရီဖူရှင်းနှင့် ကံဆိုးစွာ မရင်ဆိုင်ခဲ့ရပါက သူ့အနေဖြင့် ထိုပ‌ဟေဠိကို တစ်ဦးတည်းဖြေရှင်းနိုင်ချေရှိသည်။

ထိုအဘိုးကြီးသည် ရီဖူရှင်းနှင့် တွေ့ခဲ့ခြင်းမှာ ကံဆိုးမိုးမှောင်ကျခြင်းဖြစ်သည်။

သို့သော် ရီဖူရှင်းသည် တာအိုဘုန်းတော်ကြီးမူ၏စွမ်းဆောင်နိုင်စွမ်းကို ပိုသိလာလေလေ၊ ပိုဝမ်းသာလာလေလေပင်။ ၎င်းအချက်သည် တာအိုဘုန်းတော်ကြီးမူက စီဝေ့ကြယ်ကောင်းကင်ကို ပို၍ကြီးစွာအကျိုးပြုနိုင်မည်ဟု ဆိုလိုခြင်းပင်။

ထိုကဲ့သို့ ဉာဏ်များသည့်လူအိုကြီးမှာ သေချာပေါက် အသုံးဝင်၏။

“မြေပုံက မြေပုံဆိုပေမယ့် နတ်မြေပုံ ကိုယ်တိုင်က သော့ဖြစ်နေနိုင်တာပေါ့။ လေညင်းအိမ်တော်က အိမ်တော်သခင်တစ်ယောက် မြို့ကိုချိပ်ပိတ်ပြီး အသည်းအသန်ရှာနေတာ အံ့ဩစရာမရှိတော့ပါဘူး။ အဲဒါက မြေပုံသပ်သပ်သာဆိုရင် မြေပုံအပွားတစ်ခု အလွယ်လေးလုပ်နိုင်မှာပဲ”

ရီဖူရှင်း တီးတိုးရေရွတ်လိုက်သည်။ နတ်မြေပုံသည် မြေပုံသပ်သပ်သာဖြစ်ပါက လီချင်းဖုန်းက လူအားလုံးသိသွားလောက်သည်အထိ အကြီးအကျယ်ဖြစ်သွားအောင် လုပ်မည်မဟုတ်ဘဲ တိတ်တဆိတ်သာ လှုပ်ရှားခဲ့မည်ဖြစ်သည်။

သို့သော် သူ့တွင် ရွေးချယ်စရာမရှိပေ။ နတ်မြေပုံကို ဆုံးရှုံးလိုက်ရခြင်းသည် ရှေးဟောင်းအင်ပါယာနတ်တောင်၏လျှို့ဝှက်ချက်ကို ဖွင့်၍မရတော့သည်နှင့် အတူတူပင်ဖြစ်သည်။

“အမှန်ပဲ…”

တာအိုဘုန်းတော်ကြီးမူက ပြောလိုက်၏။ ထို့နောက် မဟာလမ်းစဉ်၏မီးတောက်များနှင့် သူ၏နတ်အာရုံ ပြန်လည်ပျောက်ကွယ်သွားပြီး နတ်မြေပုံသည်လည်း နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားကာ လေထဲတွင် ဝဲနေ၏။ တာအိုဘုန်းတော်ကြီးမူက ရီဖူရှင်းကိုကြည့်လျှက် ပြောသည်။

“ရန်ဟောင်ရီ... အခု နတ်မြေပုံကို မင်းပြန်သိမ်းလိုက်လို့ရပါပြီ”

“ကျုပ်တို့ကြားမှာ ပဋိပက္ခတွေရှိခဲ့တယ်ဆိုပေမယ့် အခု ဆရာကြီးက ကျုပ်တို့ထဲက တစ်ယောက်ဖြစ်နေပြီပဲ။ အဲဒီလို ခေါ်နေစရာမလိုပါဘူး... ကျုပ်နာမည်ကိုပဲ ခေါ်လို့ရပါတယ်”

ရီဖူရှင်းက သူ့လက်ကိုဝှေ့ယမ်း၍ နတ်မြေပုံကို ပြန်သိမ်းလိုက်ရင်း တာအိုဘုန်းတော်ကြီးမူကို ပြောသည်။

တာအိုဘုန်းတော်ကြီးမူက ထိုအကြောင်းကို ခေတ္တမျှတွေးတောလိုက်ပြီးနောက် ပြောသည်။

“ရန်ဟောင်ရီက စီဝေ့ကြယ်ကောင်းကင်ရဲ့ အရှင်သခင်ပဲ... ပြီးတော့ စီဝေ့အင်ပါယာနန်းတော်ရဲ့ နန်းတော်သခင်လည်းဖြစ်တယ်။ အခု ငါ စီဝေ့ကြယ်ကောင်းကင်နဲ့ပူးပေါင်းလိုက်ပြီဆိုတော့ မင်းကို နန်းတော်သခင်ရီလို့ ခေါ်သင့်တာပေါ့”

“ကောင်းပါပြီ”

ရီဖူရှင်းက ဆက်၍ပြောမနေတော့ဘဲ ခေါင်းညိတ်လိုက်သည်။ သူက ပြောလိုက်၏။

“ဆရာကြီးက ရုပ်ပြောင်းရုပ်လွှဲမှာ ဆရာတစ်ဆူပဲ။ ကျုပ်နဲ့အတူ ကျိုးရိနတ်တောင်ကို ထပ်လိုက်ခဲ့ပါ”

“ကောင်းပါပြီ နန်းတော်သခင်”

တာအိုဘုန်းတော်ကြီးမူက မည်သည့်မေးခွန်းမှမမေးဘဲ အမိန့်ကို ချက်ချင်းပင် နာခံလိုက်သည်။

“သွားကြစို့...”

ရီဖူရှင်းသည် သူ့ကို အခေါ်အဝေါ်ထပ်ပြင်ပေးမနေတော့ဘဲ ကျိုးရိတောင်သို့သာ သွားလိုက်လေသည်။

***

ကျိုးရိနတ်တောင်သို့ ရီဖူရှင်းနှင် တာအိုဘုန်းတော်ကြီးမူတို့သည် တစ်ချိန်တည်းရောက်ရှိသွားခြင်း မဟုတ်ပေ။ သူတို့သည် လူခွဲ၍ သွားခဲ့ခြင်းပင်။

ဤတစ်ကြိမ်တွင် ရီဖူရှင်းသည် ကျိုးရိမြို့ထဲတွင် ပေါ်လာခဲ့သည်။ သို့သော် တာအိုဘုန်းတော်ကြီးမူမှာ ရုပ်ပြောင်းထားပြီဖြစ်သည်။ ရီဖူရှင်းသည် သူ့အစား တာအိုဘုန်းတော်ကြီးမူကို အဂ္ဂရိတ်အတွက် ဆေးဖက်ဝင်ပစ္စည်းများ စုဆောင်းခိုင်းလိုက်ပြီး အဂ္ဂရိတ်ဆရာအချို့နှင့် မိတ်ဆွေဖွဲ့ရန် ညွှန်ကြားခဲ့သည်။

တာအိုဘုန်းတော်ကြီးမူ၏စွမ်းရည်နှင့်ဆိုလျှင် ထိုကိစ္စသည် အသေးအဖွဲသာဖြစ်သည်။ ရီဖူရှင်းသည် အဂ္ဂရိတ်ဆရာအဖွဲ့ ဖွဲ့စည်းလိုနေကြောင်း သူသိသည်။ သူက ရှေးဟောင်းအင်ပါယာနတ်တောင်ကို ရှာတွေ့သည်နှင့် စီဝေ့ကြယ်ကောင်းကင်ကို အဂ္ဂရိတ်ပညာအတွက် မြင့်မြတ်သောနယ်မြေအဖြစ် ဖော်ဆောင်ရန် အခွင့်အရေးရှိလာမည်ဖြစ်သည်။

ရီဖူရှင်းတွင် အခြားလုပ်စရာတစ်ခုရှိလေသည်။ သူသည် ရှေးဟောင်းတောင်ထွတ်တစ်ခုပေါ်တွင် ရပ်နေ၏။ အသက်လတ်ပိုင်း ရန်ဟောင်အဆင့်ကျင့်ကြံသူတစ်ဦးသည် သူနှင့်မလှမ်းမကမ်းတွင် ရပ်နေ၏။ ထိုလူက ပြောလိုက်၏။

“ရန်ဟောင်ရီက ကျုပ်တို့ကို ရှာနေတာပါလား”

“နတ်မိမယ်ချီယောင် ဒီကိုရောက်လာဖို့ ဘယ်လောက်ကြာဦးမလဲ”

ရီဖူရှင်း မေးလိုက်သည်။

ရှီးချီယောင်သည် မကြာခင်တွင် ရောက်လာသင့်သည်။

“ခဏနေရင် ရောက်လာတော့မှာပါ။ နတ်မိမယ်က ကျိုးရိနတ်တောင်‌‌ပေါ်ကို ရောက်နေပါပြီ... ကျိုးရိမြို့ကို ‌ရောက်လာဖို့ သိပ်မကြာလောက်ပါဘူး”

ထိုလူက အသံပို့လွှတ်လျှက် ပြန်ဖြေလိုက်သည်။

“ကောင်းပြီ... ငါ သူ့ကို ဒီနေရာမှာစောင့်နေမယ်”

ရီဖူရှင်း ပြန်ပြောသည်။

“ကျုပ် နားလည်ပါပြီ”

ထိုလူသည် ခေါင်းညိတ်ကာ နောက်လှည့်ထွက်ခွာသွား၏။ ရီဖူရှင်းသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး စတင်ကျင့်ကြံနေလိုက်သည်။

ခေတ္တမျှကြာပြီး‌နောက် ထိုနေရာသို့ လူတစ်စုရောက်လာ၏။ ထိုလူစု၏ခေါင်းဆောင်မှာ မဖော်ပြနိုင်လောက်အောင် လှပသည်။ ထိုခေါင်းဆောင်ကား အနောက်အင်ပါယာနန်းတော်၏နတ်မိမယ် ရှီးချီယောင်ဖြစ်လေသည်။

ရီဖူရှင်း သူ၏မျက်လုံးများကို ဖွင့်လိုက်ကာ ထရပ်လိုက်သည်။ ရှီးချီယောင်သည် တောက်ပစွာပြုံးလျှက် အသံပို့လွှတ်ကာ ပြောသည်။

“ရှင် အဲဒါကို ရထားပြီလား”

ရီဖူရှင်းက ရှီးချီယောင်ကို ကြည့်လိုက်သည်။ သို့သော် သူမငြင်းလိုက်ပေ။ ၎င်းအစား အသံပို့လွှတ်လျှက် မေးလိုက်၏။

“နတ်မိမယ်က ဘယ်လိုသိတာလဲ”

“တာအိုဘုန်း‌တော်ကြီးမူက ရှင်နဲ့ ပစ္စည်းဖလှယ်ခဲ့တာပဲ။ အဲဒီလူက တော်တော်လေး ဉာဏ်ကောင်းတယ်။ သူက ရှင့်ကိုအသုံးချပြီး အဲဒီပစ္စည်းကို တခြားသူတွေ သတိမထားမိစေဘဲ မြို့ပြင်ကို ထုတ်ချင်လောက်မှာပဲလေ... လီချင်းဖုန်းက အဲဒီအကွက်နဲ့ အရူးလုပ်ခံလိုက်ရတာပဲ။ တာအိုဘုန်းတော်ကြီးမူက အောင်မြင်လုနီးပါးတောင်ဖြစ်သွားသေးတယ်... သူ ရှင်နဲ့တွေ့ခဲ့တာ ကံဆိုးတာပဲ”

ရှီးချီယောင် ပြုံးလိုက်သည်။

“အခု တာအိုဘုန်း‌တော်ကြီးမူရော ဘယ်လိုလဲ”

ရှီးချီယောင်မှာ မြို့ထဲတွင် ရှိမနေခဲ့သော်လည်း အရာအားလုံးကို သူမ၏မျက်လုံးနှင့် တိုက်ရိုက်မြင်ခဲ့ရသကဲ့သို့ ကိစ္စများကို မှန်ကန်စွာသုံးသပ်နိုင်သည်။ အနောက်အင်ပါယာနန်း‌တော်၏ဆက်ခံသူသည် ပါရမီရှင်ဆိုသည်ထက် ပိုကြောင်း ထင်ရှား၏။

“သူ စီဝေ့ကြယ်ကောင်းကင်နဲ့ ပူပေါင်းဖို့ ဆုံးဖြတ်ခဲ့တယ်”

ရီဖူရှင်း ပြန်ဖြေလိုက်သည်။

“ဂုဏ်ပြုပါတယ်...”

ရှီချီယောင်‌ ပြောသည်။

“ကြည့်ရတာ ရန်ဟောင်ရီက အဂ္ဂရိတ်ဆရာအဖွဲ့တစ်ဖွဲ့ ဖွဲ့ချင်နေတဲ့ပုံပဲ။ တကယ်လို့ ရှင်သာ ရှေးဟောင်အင်ပါယာနတ်တောင်ကို ရှာတွေ့ခဲ့ရင်...”

“အဲဒီအတွက် ကျုပ် နတ်မိမယ်ချီယောင်ရဲ့ အကူအညီကိုလိုတယ်”

ရီဖူရှင်းက ပွင့်ပွင့်လင်းလင်းပင် ပြောသည်။

“နတ်မြေပုံက လိုအပ်ချက်အနည်းငယ်ရှိနေတယ်... အဲဒါက သမိုင်းတစ်လျှောက် မြေနေရာအနေအထားတွေ ပြောင်းလဲသွားတာကြောင့် ဖြစ်လိမ့်မယ်လို့ ကျုပ်ထင်တယ်။ ခေတ်တိုင်းရဲ့ အနောက်ပင်လယ်ကုန်းမြေ,မြေပုံတွေကို ကျုပ်လိုအပ်တယ်။ ပိုပြီး အသေးစိတ်ကျလေ ကောင်းလေပဲ”

အနောက်အင်ပါယာနန်းတော်သည် အနောက်ပင်လယ်ကုန်းမြေတွင် ရှေးအကျဆုံးအင်အားစုကြီးများထဲမှ တစ်ခုဟု သတ်မှတ်နိုင်သည်။ အကယ်၍ ခေတ်အဆက်ဆက်မှ အနောက်ပင်လယ်ကုန်းမြေ,မြေပုံများ ရှိနိုင်မည့်အင်အားစုများရှိလျှင် အနောက်အင်ပါယာနန်း‌‌တော်သည် ထိုအင်အားစုများထဲမှ တစ်စုဖြစ်ပေမည်။ ထိုမြေပုံများကို သူတို့၏ပစ္စည်းထိန်းသိမ်းခန်းများတွင် သိမ်းဆည်းထားနိုင်သည်။

ရှီးချီယောင်သည် သူမ၏လှပသောမျက်လုံးများဖြင့် ရီဖူရှင်းကိုကြည့်ကာ စိတ်ပါလက်ပါ ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်မ အကောင်းဆုံးကြိုးစားပါ့မယ်။ တကယ်လို့ ရန်ဟောင်ရီက ကျွန်မကိုယုံတယ်ဆိုရင် ဘာလို့ အနောက်အင်ပါယာနန်းတော်ကို ကိုယ်တိုင်မလိုက်ခဲ့တာလဲ... ကျွန်မတို့ နတ်မြေပုံရဲ့ လျှို့ဝှက်ချက်ကို အတူဖြေရှင်းနိုင်တာပေါ့”

All Chapters