လူသိရှင်ကြားဖြစ်အောင် ပြုလုပ်ခြင်း
Vol. 177 Ch. 2527
ရီဖူရှင်းမှာ အနည်းငယ်ချီတုံချတုံဖြစ်နေသည်။ သူက ရှီးချီယောင်၏မျက်ဝန်းများကို ကြည့်လိုက်သည်။ သူမ၏မျက်နှာထားသည် တည်ငြိမ်နေပြီး သူမ၏အပြုံးသည် တစ်လက်လူ၏ရင်ကို အေးချမ်းစေ၏။
အနောက်အင်ပါယာနန်းတော်သည် အနောက်ပင်လယ်ကုန်းမြေတွင် အာဏာပြင်းသော အင်အားစုတစ်ခုဖြစ်သည်။ အနောက်အင်ပါယာနန်းတော်၏ သမိုင်းကြောင်းသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး နန်းတော်၏အခြေခံအုတ်မြစ်မှာ နက်နဲ၏။ ရီဖူရှင်းသည် အနောက်အင်ပါယာနန်းတော်မှာ အနောက်ပင်လယ်ကုန်းမြေသခင်အိမ်တော်ထက် ပို၍သန်မာသည်ဟု သုံးသပ်ခဲ့သည်။
လက်ရှိရှေးဟောင်းနတ်ဘုရားကလန်သည် သူတို့၏ဝှက်ဖဲများကို အခြားသူများအား အလွယ်တကူလှစ်ဟပြသမည် မဟုတ်ပေ။
အကယ်၍ ရီဖူရှင်းသာ အနောက်အင်ပါယာနန်းတော်သို့ဝင်ခဲ့ပြီး နန်းတော်က သူ့ကိုအန္တရာယ်ပြုရန် ကြံခဲ့ပါက သူ့အနေဖြင့် ဗုဒ္ဓရောင်ဝါခြေလှမ်းဖြင့်ပင် ထွက်ပြေးလွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။ သူက ရှီးချီယောင်ကို ယုံကြည်သော်လည်း အနောက်အင်ပါယာနန်းတော်ရှိ ကျင့်ကြံသူများကို အပြည့်အဝမယုံကြည်ပါ။
ရှီးချီယောင်သည် သူ့အပေါ် မကောင်းသည့်စိတ်မရှိစေကာမူ အနောက်အင်ပါယာနန်းတော်မှ အကြီးအကဲများသည် အခြားအကြံအစည်ရှိနေလျှင် မည်သို့လုပ်မည်နည်း။
နောက်ဆက်တွဲဆိုးကျိုးသည် သေဆုံးသည်အထိ ဖြစ်နိုင်သည်။
အနောက်အင်ပါယာနန်းတော်သည်လည်း ကောင်းကင်ဒေသ၏အင်အားစုများထဲမှ တစ်ခုဖြစ်သည် မဟုတ်ပါလော။ ထို့အပြင် ရီဖူရှင်းသည် မဟာအင်ပါယာအနည်းငယ်၏သင်ကြားမှုများကို ရရှိထားသူတစ်ယောက်ဖြစ်သည်။ အနောက်အင်ပါယာနန်းတော်က မည်သူမှ သူ့ကိုအန္တရာယ်ပြုလိုစိတ်မရှိဟု သေချာပေ။
ရီဖူရှင်းက ပြောသည်။
“ကျုပ် နတ်မိမယ်ရဲ့ဖိတ်ကြားမှုကို ငြင်းပါရစေ။ ဒါပေမဲ့ နတ်မိမယ်ကို ယုံကြည်တာကြောင့် အနောက်အင်ပါယာနန်းတော်ကို နတ်မြေပုံမိတ္တူ ပို့ဖို့ဆန္ဒရှိပါတယ်။ နတ်မိမယ်က မိတ္တူကို ပြန်ယူသွားပြီး ရှေးဟောင်းအင်ပါယာနတ်တောင်ရဲ့ တည်နေရာကိုရှာပေါ့။ ကျုပ်ကတော့ ကျိုးရိမြို့ထဲမှာ တခြားလုပ်စရာတွေ ရှိသေးတယ်။
ယခုတွင် သူ၏လုံခြုံမှုသည် သူတစ်ဦးတည်းကိုသာ အကျိုးသက်ရောက်မှုရှိစေသည်မဟုတ်ဘဲ စီဝေ့ကြယ်ကောင်းကင်တစ်ခွင်လုံးကိုလည်း အကျိုးသက်ရောက်နိုင်သည်။ သူသာတစ်ခုခုဖြစ်သွားပါက စီဝေ့ကြယ်ကောင်းကင်သည်လည်း ပျက်စီးသွားပေလိမ့်မည်။ သူချစ်ခင်သူများအားလုံးနှင့် သူငယ်ချင်းမိတ်ဆွေများအားလုံးသည် သေခြင်းတရားနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ထိုသို့ဖြစ်လာမည်ကို သူ လက်မခံနိုင်ပေ။
ထို့ကြောင့် ရီဖူရှင်းသည် အမြဲပင် သူ၏လုံခြုံမှုကို ရှေ့တန်းတင်ခဲ့သည်။
ရှီးချီယောင်သည် ဉာဏ်ကောင်းသူ ဖြစ်၏။ ထို့ကြောင့် သူမက ရီဖူရှင်း မည်သို့တွေးသည်ကို သိသည်။ သူ့တွင် ငဲ့ညှာစရာများရှိသည်ကိုလည်း သူမသိသည်။ သူမက ပြုံးလျှက် ပြောသည်။
“ကောင်းပါပြီ... ကျွန်မလည်း ရန်ဟောင်ရီကိုအဖော်ပြုပြီး ကျိုးရိမြို့မှာပဲ နေခဲ့ပါမယ်။ ရှင် အကူအညီလိုတဲ့အခါ ကျွန်မကူညီပေးနိုင်တာပေါ့။ နတ်မြေပုံမိတ္တူကို အနောက်အင်ပါယာနန်းတော်ကို ပို့လိုက်ဖို့ ကျွန်မအမိန့်ပေးလိုက်မယ်။ သူတို့ ရှေးဟောင်းနတ်တောင်ကုန်းရဲ့ တည်နေရာကို သိရတာနဲ့ ကျွန်မတို့အတူတူ သွားကြတာပေါ့”
“ကျေးဇူးအများကြီးတင်ပါတယ် နတ်မိမယ်ချီယောင်”
ရီဖူရှင်းက ပြောသည်။
“ကျွန်မတို့က မဟာမိတ်တွေပဲဆိုတော့ ဒါက ရှင့်ကိစ္စပဲမဟုတ်ပါဘူး။ အနောက်အင်ပါယာနန်းတော်နဲ့လည်း သက်ဆိုင်တယ်”
ရှီးချီယောင်က ပြုံးလျှက် ပြန်ပြောသည်။ ရီဖူရှင်းသည် ဆက်၍ ငြင်းခုံမနေတော့ပေ။ သူက ပြောသည်။
“ကျုပ် နတ်မြေပုံကို မိတ္တူကူးလိုက်မယ်။ နတ်မိမယ်ချီယောင် ခဏလောက်စောင့်ပါ”
“ကောင်းပါပြီ...”
ရှီးချီယောင်က ခေါင်းညိတ်လျှက် ပြန်ပြောသည်။
ရီဖူရှင်းသည် ရပ်နေရာမှ ရုတ်ခြည်းပျောက်ကွယ်သွား၏။ နတ်မြေပုံကိုယ်တိုင်သည် သော့ဖြစ်သည်။ သူသည် နတ်မြေပုံမိတ္တူကို အနောက်အင်ပါယာနန်းတော်ကို ပေးလိုက်လျှင်လည်း ကိစ္စရှိမည်မဟုတ်ပါ။ သူတို့သည် မဟာမိတ်ဖြစ်လာပြီဖြစ်၍ ထိုမျှတော့ လုပ်ပေးသင့်သည်။ သူသည် ရှေးဟောင်းအင်ပါယာနတ်တောင်ကိုရှာရန် အနောက်အင်ပါယာနန်းတော်ကို မှီခိုရဦးမည်မဟုတ်ပါလော။
ရှီးချီယောင်သည် တောင်ထွတ်ပေါ်တွင်ရပ်ကာ တိတ်တဆိတ်စောင့်ဆိုင်းနေ၏။ သူမနောက်မှ အကြီးအကဲတစ်ဦးက ပြောလိုက်၏။
“သူက နတ်မိမယ်ကို အခုထိမယုံသေးတဲ့ပုံပဲ”
“သူ့နေရာမှာ အကြီးအကဲဆိုရင်ရော ကျွန်မကို ယုံနိုင်ပါ့မလား”
ရှီးချီယောင်က ပြုံးလျှက် ပြန်ပြောသည်။
“ကျင့်ကြံခြင်းလောက,က လျှို့ဝှက်အကြံစည်တွေ၊ လှည့်ဖျားမှုတွေနဲ့ ပြည့်နှက်နေတာပဲ။ လူသားတွေရဲ့ နှလုံးသားက မှန်းဆလို့မရဘူး။ သူ့မှာ မဟာအင်ပါယာတွေရဲ့ သင်ကြားမှုတွေ ရှိနေတယ်။ ကောင်းကင်ဒေသက မရေမတွက်နိုင်တဲ့လူတွေကလည်း သူ့ကို ဘယ်လိုပဲလုပ်ရလုပ်ရ ရအောင်အမိဖမ်းချင်နေကြတယ်။ ပြီးတော့ စီဝေ့ကြယ်ကောင်းကင်ရဲ့ ကံကြမ္မာက သူ့ပခုံးထက်မှာ ရှိနေတယ်။ သူ့အနေနဲ့ ဘယ်လိုလုပ် အန္တရာယ်ရှိမယ်ထင်တဲ့ကိစ္စကို စွန့်စားနိုင်မှာလဲ”
အကြီးအကဲက ခေါင်းညိတ်လျှက် ပြောသည်။
“နတ်မိမယ်ပြောတာလည်း မှန်ပါတယ်။ သူ့ရဲ့ပါရမီ၊ သူပိုင်ဆိုင်ထားတဲ့ အမွေအနှစ်တွေနဲ့ ရတနာတွေ..ပြီးတော့ အခု နတ်မြေပုံဆိုတော့ ကျုပ်တောင် သူ့မှာရှိတာတွေကို လိုချင်တပ်မက်စိတ်ဖြစ်မိမှာပဲ။ သူ့အနေနဲ့ တခြားသူတွေကိုမယုံတာ သဘာဝကျပါတယ်”
“လူတွေက လောဘကြီးကြတယ်”
ရှီးချီယောင်က ပြောသည်။
“ကျွန်မလည်း အတူတူပါပဲ။ ဒါပေမဲ့ ကျွန်မက အခု သူ့မှာရှိတာတွေကို လိုချင်တပ်မက်မယ့်အစား အနာဂတ်မှာ သူ့ဆီမှာရှိလာမယ့်ဟာတွေကိုပဲ ပိုစိတ်ဝင်စားတယ်။ သူ့မှာရှိတာတွေအကုန်လုံးကို ယူလိုက်မယ့်အစား ဘာလို့ မိတ်ဆွေဖွဲ့ပြီး သူ့ကိုတိုးတက်လာနိုင်အောင် မကူညီပေးရမှာလဲ”
အကြီးအကဲက ခေါင်းညိတ်လျှက် သဘောတူလိုက်သည်။ ထိုကဲ့သို့ အမြော်အမြင်သည် သာမန်လူများတွင်မရှိနိုင်သောအရာဖြစ်သည်။ ထို့ကြောင့်သာ ရှီးချီယောင်သည် ရှေးဟောင်းနတ်ဘုရားကလန်၏ဆက်ခံသူအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
မကြာမီမှာပင် ရီဖူရှင်း ပြန်ရောက်လာသည်။ သူသည် နတ်မြေပုံကို ကျောက်စိမ်းပြားပေါ်တွင် ထွင်း၍ မိတ္တကူးလာ၏။ သူက ၎င်းကို ရှီးချီယောင်အားပေးလျှက် ပြောသည်။
“နတ်မိမယ်ချီယောင်... ဒါကို အနောက်အင်ပါယာနန်းတော်ကို မြန်မြန်ပို့လိုက်တာကောင်းလိမ့်မယ်။ ကျုပ်တို့ အကြာကြီးစောင့်နေရင် လက်ရှိအခြေအနေ ပြောင်းလဲသွားမှာ စိုးရတယ်”
“ကောင်းပါပြီ”
ရှီးချီယောင်က ခေါင်းညိတ်လျှက် ပြန်ပြောသည်။ သူမသည် ထိုမိတ္တူကို သူမနောက်မှလူကို လှမ်းပေးလိုက်၏။ ထို့နောက် သူတို့ထဲမှအချို့သည် ချက်ချင်းပင် ကောင်းကင်ပေါ်သို့ပျံတက်ကာ ထွက်ခွာသွား၏။
“ရန်ဟောင်ရီ... ကျွန်မတို့ လျှောက်ပတ်ရင်း ဘာပစ္စည်းကောင်းလေးများတွေ့မလဲဆိုတာ ကြည့်ကြတာပေါ့”
ရှီးချီယောင်က ရီဖူရှင်းကို ဖိတ်ခေါ်လိုက်သည်။
“ကောင်းပြီ...”
ရီဖူရှင်းက ခေါင်းညိတ်လျှက် ပြန်ဖြေလိုက်သည်။ သူတို့နှစ်ဦးသည် အတူလမ်းလျှောက်သွားပြီး ကျိုးရိမြို့၏ ကုန်စည်ဖလှယ်ရာဈေးသို့ ဦးတည်လျှောက်သွားကြလေည်။
နောက်ရက်အနည်းငယ်အတွင်း၌ ရီဖူရှင်းသည် ကျိုးရိမြို့ထဲတွင် သူလိုအပ်သောအရာများကို ရှာဖွေခဲ့သည်။ သူရှာဖွေခဲ့သောပစ္စည်းများမှာ အဂ္ဂရိတ်အတွက်လိုအပ်သည်များသာ ဖြစ်သည်။ အခြားရတနာအများစုကိုမူ သူစိတ်မဝင်စားပေ။ သူ့ထံတွင် မဟာအင်ပါယာများ၏ သင်ကြားမှုများရှိနေရာ သူမျက်စိကျအောင် လုပ်နိုင်သော အတတ်ပညာအနည်းငယ်သာရှိလေသည်။ ထိုအတတ်ပညာအနည်းငယ်သည်လည်း ကျိုးရိမြို့ထဲတွင် ရှိလိမ့်မည်မဟုတ်ပေ။
အမှန်တွင် ကျိုးရိမြို့သည် အပေါ်ယံမြင်ရသကဲ့သို့ မငြိမ်းချမ်းပေ။ အနောက်ပင်လယ်ကုန်းမြေမှ ကျင့်ကြံသူများနှင့် အခြားနေရာများမှကျင့်ကြံသူများသည် ကျိုးရိမြို့နှင့် လေညင်းအိမ်တော်ကို အပူတပြင်းရှာဖွေနေကြ၏။ ပြီးခဲ့သောရက်များအတွင်း၌ လေညင်းအိမ်တော်သည် ဖိအားများစွာကို ခံခဲ့ရသည်။
ထိုအခိုက်တွင် ကျင့်ကြံသူများစွာတို့မှာ လေညင်းအိမ်တော်ရှိ ရှုမျှော်စံအိမ်ထဲတွင် စုဝေးနေကြ၏။ ထိုနေရာတွင် လီချင်းဖုန်းလည်းရှိပြီး တခြားသောကျင့်ကြံသူများသည်လည်း အားကောင်းသောအရှိန်အဝါများဖြင့် ရှိနေကြ၏။
“အိမ်တော်သခင်... ခင်ဗျား ကျုပ်တို့ကို ဘယ်တော့မှ အဲဒီပစ္စည်းကိုထုတ်ပေးမှာလဲ”
သူတို့ထဲမှတစ်ယောက်က မေးလိုက်သည်။ သူ့လေသံသည် စိမ်းကားနေပြီး ခြိမ်းခြောက်မှုအရိပ်အယောင်လည်း ပါဝင်နေ၏။
အခြားသူများသည်လည်း လီချင်းဖုန်းကို ဖိအားပေးရန် သူတို့၏အရှိန်အဝါများကို ထုတ်လိုက်ကြ၏။
လီချင်းဖုန်းက အရေးမစိုက်သည့် မျက်နှာထားရှိနေ၏။ သူက ခေတ္တမျှတွေးတောပြီးနောက် ပြောသည်။
“ကျုပ်ကို အချိန်သုံးရက်ပေးပါ။ ကျုပ် ဒီသုံးရက်အတွင်းမှာ အားလုံးလိုချင်နေတဲ့အရာကို ပေးမယ်”
“ကောင်းပြီ... ဒီလိုဆိုရင် ကျုပ်တို့ နောက်ထပ်သုံးရက် ထပ်စောင့်ပေးမယ်”
ထိုသို့ပြောလိုက်သူသည် စကားဆုံးသွားပြီးနောက် ရှုမျှော်စံအိမ်မှ ထွက်သွား၏။ အခြားသူများသည်လည်း လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွား၏။ သူတို့သည် လျှင်မြန်စွာလှုပ်ရှားခဲ့ကြသဖြင့် သူတို့မည်သည့်နေရာသို့ထွက်သွားသည်ကို မည်သူမှ ခြေရာမခံနိုင်ပေ။
လီချင်းဖုန်းက အေးစက်စက်မျက်နှာထားဖြင့် ရှုမျှော်စံအိမ်အတွင်း၌ရပ်ကာ အဝေးသို့ငေးကြည့်နေသည်။ ကျင့်ကြံသူအများအပြားသည် ရှုမျှော်စံအိမ်အတွင်းသို့ ဝင်လာပြီး သူ့ကိုဦးညွှတ်လိုက်ကြ၏။
“မင်းတို့ သူ့သတင်းကို ကြားကြသေးလား”
လီချင်းဖုန်းက မေးလိုက်သည်။
“အိမ်တော်သခင်... ကျုပ်တို့ သူ့အကြောင်းကို နည်းနည်းလေးတောင် မကြားပါဘူး”
သူတို့ထဲမှတစ်ယောက်က ပြန်ဖြေလိုက်သည်။
လီချင်းဖုန်း၏မျက်ထားက သိပ်မကောင်းချေ။ ပြီးခဲ့သောရက်ပိုင်းအတွင်း၌ သူသည် တာအိုဘုန်းတော်ကြီးမူထံမှ သတင်းကို စောင့်ဆိုင်းနေ၏။ သို့သော် သူသည် တာအိုဘုန်းတော်ကြီးမူကို လွှတ်ပေးလိုက်ကတည်းက သူ့ထံမှ သတင်းထပ်မကြားရတော့ပေ။ တာအိုဘုန်းတော်ကြီးမူက ပျောက်ဆုံးသွားသကဲ့သို့ပင်။
ရက်အနည်းငယ်ကြာခဲ့ပြီဖြစ်သည်။ တာအိုဘုန်းတော်ကြီးမူအနေဖြင့် နတ်မြေပုံကို ပြန်ယူကာ လီချင်းဖုန်းကို လာတွေ့ရန်အချိန်တန်နေပြီဖြစ်သည်။ သို့သော် သူသည် လာမတွေ့သေးပေ။ တာအိုဘုန်းတော်ကြီးမူက နတ်မြေပုံကို မည်သူနှင့်မှမဝေမျှဘဲ မောင်ပိုင်စီးထားလိုနေကြောင်း ထင်ရှား၏။
“ငါတို့ နည်းနည်းထပ်စောင့်မယ်”
လီချင်းဖုန်းက သက်ပြင်းချလိုက်သည်။ အကယ်၍ တာအိုဘုန်းတော်ကြီးမူသာ နတ်မြေပုံ၏လျှို့ဝှက်ချက်ကို တစ်ဦးတည်းဖော်လိုနေပါက လီချင်းဖုန်းက ထိုမြေပုံကို နောက်ဆုံးတွင် မည်သူမှမရအောင် လုပ်ပစ်မည်ဖြစ်သည်။
***
သုံးရက်ကြာပြီးနောက်တွင် ကျိုးရိမြို့ထဲ၌ အံ့အားသင့်ဖွယ်သတင်းတစ်ခု ပျံ့နှံ့သွားသည်။ နတ်မြေပုံ၏မိတ္တူကို လေညင်းအိမ်တော်က လေလံပစ်မည်ဟူသော သတင်းပင်။ တစ်ချိန်တည်းမှာပင် နတ်မြေပုံအစစ်ကို တာအိုဘုန်းတော်ကြီးမူက ခိုးသွားပြီဟူသော ကောလာဟလများလည်း ပျံ့နှံ့နေသည်။
ထိုသတင်းပျံ့နှံ့သွားသည့်နှင့် တစ်ပြိုင်နက် ကျိုးရိတစ်မြို့လုံး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ဤအကြိမ်သည် လေညင်းအိမ်တော်က နတ်မြေပုံရှိနေခြင်းကို ပထမဆုံးအကြိမ် လူသိရှင်ကြားဝန်ခံလိုက်ခြင်းဖြစ်သည်။ ထို့အပြင် သူတို့သည် ထိုမြေပုံကို လူအများကြားတွင် ထုတ်ပြတော့မည်ဖြစ်သည်။ တာအိုဘုန်းတော်ကြီးမူက မြေပုံအစစ်ကိုခိုးယူသွားသဖြင့် သူတို့တွင် နတ်တောင်၏တည်နေရာကို မှတ်တမ်းတင်ထားသည့် မိတ္တူသာကျန်ခဲ့လေသည်။
ကျင့်ကြံသူများစွာသည် ကျိုးရိမြို့သို့ အပြေးအလွှားလာခဲ့ကြသည်။ အနောက်ပင်လယ်ကုန်းမြေအတွင်းရှိ အစွမ်းထက်အဂ္ဂရိတ်ဆရာများအားလုံးသည် ဤမြို့တွင် စုဝေးနေပြီဖြစ်သည်။ ထိုလေလံပွဲသည် ကြီးကျယ်သောပွဲကြီးပင်။
နတ်မြေပုံတည်ရှိမှုသည် မဟာအင်ပါယာအဆင့် အဂ္ဂရိတ်ပညာရပ်များနှင့် သက်ဆိုင်နေသည်။ ထို့ကြောင့် အဂ္ဂရိတ်ဆရာများသည် ထိုမြေပုံကိုမည်မျှ လိုချင်နေကြောင်း တွေးကြည့်နိုင်၏။ လက်ရှိခေတ်တွင် ကောင်းကင်ဒေသ၌ ထိပ်သီးအဂ္ဂရိတ်ပညာရှင်များ မရှိကြတော့ပေ။
ရီဖူရှင်းနှင့် ရှီးချီယောင်သည်လည်း ထိုသတင်းကို အလွန်လျင်မြန်စွာ ရခဲ့ကြသည်။ သို့သော် ထိုသတင်းသည် ရီဖူရှင်းကို အံ့အားသင့်မသွားစေပေ။ သူက ရှီးချီယောင်ကို အလျင်အမြန်ခေါ်၍ နတ်မြေပုံကို မိတ္တူကူးကာ အနောက်အင်ပါယာနန်းတော်သို့ ပို့ခိုင်းလိုက်ခြင်းမှာ ထိုကဲ့သို့ကိစ္စမျိုးဖြစ်လာမည်ကို စိုးရိမ်ခဲ့၍ဖြစ်သည်။
နတ်မြေပုံသည် နတ်တောင်ကိုဖွင့်ရန် သော့တစ်ခုဖြစ်သည့် အပြင် မြေပုံတစ်ခုလည်းဖြစ်သည်။ သူသည်ပင် မြေပုံကို မိတ္တူကူးနိုင်လျှင် လီချင်းဖုန်းကလည်း သေချာပေါက် ထိုသို့လုပ်နိုင်ပေလိမ့်မည်။ အကယ်၍ လီချင်းဖုန်းက ဖိအားပေးခံရပြီး တာအိုဘုန်းတော်ကြီးမူကို ရှာမတွေ့ခဲ့ပါက သူသည် မြေပုံကို လူအများကြားထုတ်ပြနိုင်ချေရှိလေသည်။
ယခုတွင် ကိစ္စများသည် ရီဖူရှင်း မျှော်လင့်ခဲ့သည့်အတိုင်းဖြစ်လာပေပြီ။
ကံအားလျော်စွာပင် နတ်မြေပုံအစစ်သည် သူ့လက်ထဲတွင် ရှိနေပေသည်။
“ကျွန်မတို့ လေညင်းအိမ်တော်ကိုသွားပြီး ကြည့်ရင်ကောင်းမလား”
ရှီးချီယောင်က ရီဖူရှင်းကို မေးလိုက်သည်။ ယခုတွင် နတ်မြေပုံကို လေလံပစ်တော့ပေမည်။ ကျိုးရိမြို့ထဲမှ ကျင့်ကြံသူအားလုံးသည် လေညင်းအိမ်တော်ကို ခပ်သုတ်သုတ်သွားကြနေကြ၏။ သူတို့ရပ်နေရာမှလှမ်းကြည့်လျှင် လမ်းမထက်တွင် လူများ ပျားပန်းခတ်နေသည်ကို မြင်နိုင်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ထိုနေရာမှနေ၍ လေညင်းအိမ်တော်သို့သွားရာလမ်းသည် ကျင့်ကြံသူများနှင့်ပြည့်နေသည်ကို မြင်နိုင်သည်။ ကောင်းကင်ထက်တွင်လည်း ရန်ဟောင်အဆင့်ကျင့်ကြံသူများစွာ ရှိလေသည်။
“ဒါက အဓိပ္ပာယ်မရှိတာပဲ”
ရီဖူရှင်း မှတ်ချက်ပြုလိုက်သည်။
“လီချင်းဖုန်းက လူသိရှင်ကြားလုပ်ဖို့ ဆုံးဖြတ်လိုက်မှတော့ သူ့အနေနဲ့ အဲဒီကရမယ့်အကျိုးအမြတ်ကို များနိုင်သလောက်များများရအောင် လုပ်မှာပဲ။ ကြည့်ရတာ နတ်မြေပုံမိတ္တူကိုတစ်ခုမက လေလံပစ်လောက်တယ်”
“အမှန်ပဲ...”
ရှီးချီယောင်က ခေါင်းညိတ်လျှက် ပြောသည်။ သူက မိတ္တူတစ်ခုသာ လေလံပစ်လျှင်လည်း မြေပုံကို လူသိရှင်ကြားပြလိုက်ခြင်းသာဖြစ်သည်။ ထိုမြေပုံကို လျှို့ဝှက်ထားရန် မည်သူမှ မတတ်နိုင်ပေ။ မိတ္တူများစွာကို လေလံပစ်လျှင်လည်း ရလဒ်သည် အတူတူသာဖြစ်ပေမည်။ သို့ဆိုလျှင် သူသည် အဘယ်ကြောင့် သူ့အကျိုးအမြတ်ကို ပိုများအောင် မလုပ်မည်နည်း။
“အရိပ်ထဲက ထိပ်သီးအင်အားစုတွေကတော့ နတ်မြေပုံကိုရဖို့ လေလံဆွဲနေစရာမလိုလောက်ဘူး။ လီချင်းဖုန်းက နတ်မြေပုံပေါ်က တည်နေရာကိုဖော်ဖို့ သူတို့ကိုအသုံးချလောက်တယ်”
ရီဖူရှင်းက ဆက်ပြောသည်။
“အဲဒါကြောင့် ကျုပ်တို့ မြန်မြန်လုပ်မှရမယ်”
ရှီးချီယောင်က အနည်းငယ်ခေါင်းညိတ်လျှက် ပြောသည်။
“ကျွန်မ သတင်းပို့ပြီးပါပြီ... သူတို့ကို မြန်မြန်လုပ်ဖို့ ပြောထားတယ်။ အနောက်အင်ပါယာနန်းတော်မှာ ခေတ်အဆက်ဆက်က အနောက်ပင်လယ်ကုန်းမြေရဲ့မြေပုံလေးချပ်ရှိတယ်။ သူတို့ နေရာတချို့ကို အတည်ပြုပြီးနေပြီ... မကြာခင်ရလဒ်ထွက်လာတော့မှာပါ”
“ကောင်းပြီ... ကျုပ်တို့ တခြားသူတွေထက် အရင်ပြီးဖို့ မျှော်လင့်ပါတယ်”
ရီဖူရှင်းက ပြောသည်။ သူသည် ရှေးဟောင်းအင်ပါယာနတ်တောင်ကို ဖွင့်နိုင်သောသော့ဖြစ်သည့် နတ်မြေပုံအစစ်ကို ပိုင်ဆိုင်ထားသော်လည်း နတ်တောင်၏တည်နေရာသာ လူသိရှင်ကြားဖြစ်သွားလျှင် အင်အားစုအသီးသီးမှ ကျင့်ကြံသူများသည် ထိုနေရာသို့ သွားနိုင်၏။ သူနတ်တောင်ကိုဖွင့်လိုက်သည်နှင့် ကျင့်ကြံသူများသည် အတင်းအလုအယက်ဝင်ကာ သူ့ဆီမှရတနာများကို လုယူသွားကြမည်ဖြစ်သည်။ သူသည် အခြားသူများအတွက် လမ်းဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။
ရီဖူရှင်း ခန့်မှန်းထားသကဲ့သို့ပင် နတ်မြေပုံမိတ္တူတစ်ချပ်ကို လေလံပစ်နေစဉ်တွင် လေညင်းအိမ်တော်၏ခြံဝင်းထဲတွင် ထိပ်သီးအင်အားစုများမှ ကျင့်ကြံသူများစွာ ရှိနေ၏။ သူတို့အားလုံးသည် နတ်မြေပုံမိတ္တူတစ်ချပ်စီရထား၏။
လီချင်းဖုန်းက သူတို့ကိုကြည့်လျှက် ပြောသည်။
“အားလုံးပဲ... တာအိုဘုန်းတော်ကြီးမူသာ ဒီအကြောင်းကိုသိသွားရင် နတ်မြေပုံပေါ်က တည်နေရာကို မြန်နိုင်သမျှမြန်မြန် အတည်ပြုဖို့ကြိုးစားမှာပဲ။ အခုထိ အနောက်အင်ပါယာနန်းတော်ကလူတွေ ကျုပ်ကိုလာမရှာသေးဘူး။ တာအိုဘုန်းတော်ကြီးမူက အနောက်အင်ပါယာနန်းတော်ကို အကူအညီသွားတောင်းတယ်လို့ ကျုပ်သံသယရှိတယ်။ အဲဒီလိုသာဆိုရင် သူတို့ နတ်မြေပုံပေါ်ကတည်နေရာကို အတည်ပြုနိုင်ဖို့ မကြာလောက်တော့ဘူး။ အခုလို အရေးပေါ်အခြေအနေမှာ ခင်ဗျားတို့ရဲ့အကြံအစည်တွေကို ဘေးဖယ်ထားပြီး ကျုပ်တို့ရဲ့အရင်းအမြစ်တွေကိုသုံးပြီးတော့ နတ်မြေပုံရဲ့လျှို့ဝှက်ချက်ကို အတူတကွဖော်ကြလိမ့်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်။ အဲဒီလိုမှသာ ကျုပ်တို့ တာအိုဘုန်းတော်ကြီးမူထက်အရင် ရှေးဟောင်းအင်ပါယာနတ်တောင်ရဲ့တည်နေရာကို ရှာတွေ့မှာ။ အဲဒီကျမှ ကျုပ်တို့ အရင်အဲဒီကိုကြိုသွားပြီး စောင့်ကြည့်နိုင်မှာ။ ဒါဆို တာအိုဘုန်းတော်ကြီးမူက ဘယ်သူနဲ့ပဲလက်တွဲလုပ်နေလုပ်နေ သူ့အနေနဲ့ ရှေးဟောင်းအင်ပါယာနတ်တောင်ရဲ့ လျှို့ဝှက်ချက်ကို မောင်ပိုင်စီးထားဖို့ကို အိပ်မက်ပဲ မက်နေနိုင်တော့မှာ...”
“ဒီလိုအဆုံးသတ်သွားမယ်ဆိုတာကို ခင်ဗျားသိနေခဲ့ရင် ရှေ့ရက်တွေမှာ ဘာလို့ အချိန်ဆွဲနေခဲ့တာလဲ”
တစ်စုံတစ်ယောက်က အေးစက်စက်မေးလိုက်သည်။
“အခုက အတွန့်တက်နေရမယ့် အချိန်မဟုတ်တော့ဘူး။ လီချင်းဖုန်းပြောတာ မှန်တယ်။ အတူတူပူးပေါင်းလုပ်ကြတာပေါ့။ အနောက်အင်ပါယာနန်းတော်က ရောက်မလာခဲ့တာကိုထောက်ရင် တာအိုဘုန်းတော်ကြီးမူက သူတို့နဲ့ အင်အားပူးပေါင်းလိုက်ပုံပဲ”
အကြီးအကဲတစ်ဦးက ပြောသည်။ အနောက်အင်ပါယာနန်းတော်သည် အနောက်ပင်လယ်ကုန်းမြေတွင် အင်အားကြီးသည်။ သူတို့တွင် ပို၍ကောင်းသော အရင်းအမြစ်များနှင့် ထောက်ပံ့မှုများရှိ၏။ ကျန်အင်အားစုများသည် စုစည်းနေမှ အနောက်အင်ပါယာနန်းတော်ကို ယှဉ်နိုင်မည်ဖြစ်သည်။