← Chapters

မင်း ရွေးချယ်ပါ

Vol. 15 Ch. 205

မင်း ရွေးချယ်ပါ

Vol. 15 Ch. 205

စုမင် ဟန်တောင်တန်း မြို့တော်သို့ ချက်ချင်း ပြန်မသွားခဲ့ပေ။ ထိုအစား ဟယ်ဖုန်း ပြောပြခဲ့သည့် လိုဏ်ဂူလေးခု၏ တည်နေရာများဆီသို့ လမ်းကြောင်းပြောင်းခဲ့၏။ သူ ထိုနေရာများကို ရှာတွေ့ခဲ့ပြီး ကျောက်ဒင်္ဂါးများကို မြင်လိုက်ချိန်တွင် စုမင် ထိတ်လန့်သွား ခဲ့ရသည်။

ဟယ်ဖုန်း၏ ထိုလိုဏ်ဂူလေးခုထဲတွင် ကျောက်ဒင်္ဂါး ပမာဏများစွာ ရှိနေခဲ့သည်။ သူ့သိုလှောင်အိတ်ထဲတွင် ရှိခဲ့သည်ထက်ပင် ပိုမိုများပြားနေ ခဲ့ချေသည်။ ထိုကျောက်ဒင်္ဂါးတို့ကို တွေ့ချိန်တွင် ၎င်းတို့က သူ့အား ကူညီနိုင်လိမ့်မည်ကို စုမင်သိလိုက်သည်။ ထို့ကြောင့် ပြန်လည် ထွက်ခွာမလာခင်တွင် လက်ကိုတစ်ချက် ဝှေ့ယမ်းလိုက်ပြီး ဒင်္ဂါးအားလုံးကို သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းယူခဲ့၏။

ဟယ်ဖုန်းသည် စောင့်ဆိုင်းနေ ခဲ့သော်လည်း စုမင်က ဟန်တောင်တန်း မြို့တော်သို့သာ ဆက်သွားနေခဲ့ပြီး သူ့ကို မေးမည့်အရိပ်အယောင် မပြသောအခါ ဟယ်ဖုန်း အံ့အားသင့်မှင်တက် သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် သူစိတ်ကူးထားသည်နှင့် ကွဲပြားခြားနားနေ ခဲ့သောကြောင့်ပင် ဖြစ်သည်။

အချိန်အနည်းငယ်ကြာ ထပ်မံစောင့်ဆိုင်းပြီး ချိန်တွင်တော့ ဟယ်ဖုန်း ကိုယ်တိုင်သာ စတင်မေးမြန်းလိုက်ရ၏။

“သခင်၊ ဟဟ ... ဒီကျောက်ဒင်္ဂါးတွေက မကောင်းလို့လား”

“မဆိုးပါဘူး”

စုမင်တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“မင်း စိတ်ကျေနပ်အောင် အလုပ်အကျွေး ပြုခွင့်ရတာက ငါ့အတွက်တော့ အကြီးမြတ်ဆုံး ဂုဏ်ပါပဲ။ အဲဒါတွေက ကောင်းတယ်လို့ မင်းထင်ရင် အဆင်ပြေပါတယ်။ မင်းအတွက် ငွေကြေး ပြတ်လပ်နေမှာကို စိတ်ပူစရာ မလိုတော့ပါဘူး ငါ့စွမ်းရည်တွေနဲ့ မင်းအတွက် ကျောက်ဒင်္ဂါးတွေ အများကြီး ရှာဖွေပေးနိုင်မှာ အသေအချာပဲ”

သူ့အစီအစဉ်များ၏ ခေါင်းစဉ်ထံသို့ ဆွဲဆောင်ရန် ရည်ရွယ်ချက်ဖြင့် ဟယ်ဖုန်းက ဂရုတစိုက် ပြောဆိုလိုက်သည်။

“ကောင်းပြီ”

စုမင် တုံ့ဆိုင်းခြင်းမရှိ ပြန်လည် ဖြေကြားလိုက်သည်။

ထိုသို့ပြောပြီးသည်နှင့် မည်သည့်စကားမှ ထပ်မပြောတော့ပဲ ရှေ့သို့သာ ဆက်ရွေ့လျားလာခဲ့ပြီး ဟန်တောင်တန်း မြို့တော်နှင့် သူ့အကြား အကွာအဝေးက ပိုမိုနီးကပ်လာခဲ့သည်။

ဟယ်ဖုန်း စိတ်ဓာတ် ကျသွားမိသည်။ ခဏတာတွန့်ဆုတ်နေပြီး နောက်တွင်တော့ နောက်တစ်ကြိမ် ထပ်ပြောလိုက်ပြန်၏။

“သခင်၊ ငါ နှစ်အနည်းငယ် အတွင်းမှာပဲ အဲဒီကျောက်ဒင်္ဂါးတွေကို ရခဲ့တာ။ ငါ့ကိုယ်ငါ ကြွားဝါနေတာ မဟုတ်ဘူး။ ငါက ညှိနှိုင်းမှုအတတ်မှာ အရမ်းအတွေ့အကြုံရှိပြီး ကျွမ်းကျင်တယ်။ အမှန်တကယ်တော့လေ သခင်၊ မင်းရဲ့ အရင်တုန်းက အခြားသူတွေနဲ့ ညှိနှိုင်းခဲ့တဲ့ နည်းလမ်းတွေက မှားနေခဲ့တာ။ ငါက အဲဒီနေရာမှာ အရမ်းတော်တယ်...”

“အိုး...”

စုမင် နှုတ်ခမ်းများထက်တွင် မကောင်းဆိုးဝါးဆန်ဆန် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဟယ်ဖုန်း သူ့ကိုတစ်ခုခု ပြောချင်နေကြောင်းကို အချိန် တော်တော်ကြာတည်းက စုမင်သိနေခဲ့ခြင်း ဖြစ်သည်။ ထိုသို့မဟုတ်လျှင် ဟယ်ဖုန်းက သူ့ကို ယခုလိုဧရာမ လက်ဆောင်ကြီး ပေးခဲ့လိမ့်မည် မဟုတ်ပေ။

စုမင်၏ ပြန်ပြောသံကို ကြားလိုက်ချိန်တွင် ဟယ်ဖုန်း စိတ်အားတက်သွားခဲ့ပြီး သူ့အားအနီးတွင်ထားလျှင် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ဖော်ပြရန် ဤအခွင့်အရေးကို ချက်ချင်း အသုံးချလိုက်၏။

“ငါ့ကိုယ်ငါ ကြွားဝါနေတာတော့ မဟုတ်ပါဘူး။ အမှန်ကိုပြောနေတာ သခင်၊ ငါက ပစ္စည်းတွေကို ရောင်းဝယ်တဲ့နေရာမှာ အရမ်းပါရမီပါတာ။ ငါတို့ပစ္စည်းတစ်ခုကို ဝယ်ရင် ဈေးဆစ်ရတယ်လေ။ အဲဒါက ငါ့အတွက်တော့ အရမ်းလွယ်တဲ့ အရာတစ်ခုပဲ”

“ဒီကျောက်ဒင်္ဂါးတွေကို ငါအဲဒီလိုနည်းနဲ့ပဲ ရလာခဲ့တာ။ ဟန်တောင်တန်း မြို့တော်ထဲက ငါ့အဆင့်အတန်းကလည်း မင်းရဲ့မော့စုဆိုတဲ့ အဆင့်အတန်းနဲ့ အတူတူပဲ။ မြို့တော်ထဲမှာ ငါ့နာမည်ကို အတော်တည်ဆောက်ထား နိုင်ခဲ့တာ”

“သခင်၊ ငါ့အကြောင်းကို ကြွားဝါနေတာ မဟုတ်ဘူးနော်။ မင်းရဲ့ငွေကြေးကိစ္စတွေ ငါ့ကို ကိုင်တွယ်ခွင့် ပြုလိုက်ရင် ငါက မင်းအတွက် သေချာပေါက်ကို ဝင်ငွေကောင်းကောင်း ရှာပေးမှာပါ။ တစ်ခုခုက မင်းရဲ့မျက်လုံးကို ဖမ်းစားနိုင်ခဲ့တယ်ဆိုရင် ငါ့ကိုပဲပြောလိုက်၊ ငါအဲဒါကိုမင်းအတွက် ဝယ်ပေးပါ့မယ်။ ငါ့ကိုယ်ငါ မြှောက်ပြောနေတာ မဟုတ်ပါဘူး”

ဟယ်ဖုန်းတစ်ယောက် စကားပိုပြောမိလေလေ၊ ပိုစိတ်လှုပ်ရှား လေလေပင် ဖြစ်သည်။ သူ၏ အတိတ်မှ တောက်ပခဲ့သည့် အောင်မြင်မှုများကိုပင် ပြန်ပြောလိုက်သေးသည်။ သို့သော် သူ အရာအားလုံးကို ပြောပြီးချိန်တိုင်းတွင် စကားတစ်ခွန်းကိုမူ ထပ်ခါတလဲလဲ ပြောဆိုလေ့ရှိသည်။

“ငါ့အကြောင်းကို ကြွားနေတာ မဟုတ်ဘူးနော် ... သခင်...”

“တကယ်ပဲ  ငါ့ရဲ့ အံ့သြဖွယ်ကောင်းတဲ့ အကြောင်းကို ကြွားနေတာ မဟုတ်ပါဘူး ... ငါ ပြောချင်တာက ... ငါ့ကိုယ်ငါ ကြွားနေတာ မဟုတ်ဘူးလို့ပါ...”

ဟယ်ဖုန်း ပြောသည်တို့ကို စုမင်ပြုံးလျက်သာ နားထောင်နေခဲ့သည်။ ဤဟယ်ဖုန်းသည်သာ အစစ်အမှန် ပုံစံဖြစ်သည်ဟု စုမင် ရုတ်တရက် ခံစားလိုက်ရသည်။

ဟယ်ဖုန်းသည် သူ့အကြောင်းတို့ကို ကြွားဝါနေရင်းဖြင့်သာ တစ်နေ့တာ ကုန်ဆုံးသွားခဲ့သည်။ ညရောက်လာချိန်တွင်တော့ ဟန်တောင်တန်းသည် စုမင် မျက်လုံးများရှေ့တွင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

၎င်းကိုမြင်လိုက်ချိန်တွင် စုမင်နှုတ်ခမ်းများမှ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ သူ့ရင်ဘတ်ကြားမှ အနက်ရောင်မျက်နှာဖုံး တစ်ခုကို ထုတ်ယူ တပ်ဆင်လိုက်ရင်း မော့စုအဖြစ်သို့ ပြောင်းလဲလိုက်သည်။ သူသည် ဟန်တောင် တန်းမြို့တော်သို့ ချက်ချင်းမသွားခဲ့ပဲ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုဆီသို့သာ သွားရန်ရွေးချယ် လိုက်သည်။

နေဝင်ရီတရောအချိန် ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုတောင်သည် ယခင်ကလို ပုံမှန်အတိုင်းပင် ဖြစ်သည်။ သို့သော် စုမင် မျက်လုံးထဲတွင်တော့ ယခုတောင်သည် များစွာကွဲပြားနေခဲ့၏။

သူ ဤတောင်ကို ပထမဆုံးအကြိမ် မြင်ချိန်က စိတ်လှုပ်ရှားခဲ့ရသည်။ သူ ဤနေရာသို့ ဒုတိယအကြိမ် ရောက်လာစဉ်က စိတ်မလှုပ်ရှားတော့ သော်လည်း ဤနေရာသည် သူလွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်သည့် နေရာတော့ မဟုတ်ခဲ့ချေ။

ဤအကြိမ်သည် ငြိမ်းအေးရာ အရှေ့အရပ်တောင်ခြေတွင် သူရပ်မိသည့် တတိယအကြိမ် ဖြစ်သည်။ တောင်ရှေ့တွင် သူသည် ပုရွက်ဆိတ်လေး တစ်ကောင်ကဲ့သို့ သေးငယ်နေနိုင်သော်လည်း သူ ထိုအပေါ်သို့ တက်ရောက်သွား နိုင်ကြောင်းကိုတော့ စုမင်နှလုံးသားထဲမှ သိနေခဲ့သည်။

စုမင် စကားမပြောခဲ့ပဲ တောင်ခြေတွင် ရပ်နေရာမှ လှေကားပေါ်သို့ လှမ်းတက်လိုက်သည်။ သူခြေချလိုက်မိချိန်မှာပင် တောင်သည် ရုတ်တရက် တုန်ခါသွားပြီး ထိတ်လန့် တုန်လှုပ်ဖွယ်ဖိအားက သူ့အပေါ်သို့ ကျဆင်းလာခဲ့သည်။

ထိုဖိအားသည် မည်သည့်ဉာဏ်ရည်မှ မပိုင်ဆိုင်ချေ။ အပြင်လူများ မျိုးနွယ်စုအတွင်း ကျူးကျော်လာမည်ကို တားဆီးရန်အတွက် ငြိမ်းအေးရာ အရှေ့အရပ်တောင် အကာအကွယ် ပညာရပ်ကို အသက်သွင်းထားခြင်းပင် ဖြစ်သည်။

စုမင်အမူအရာက တည်ငြိမ်နေခဲ့သည်။ ထိုဖိအားသည် သူ့ထံသို့ ကျယ်လောင်သည့် အသံတစ်ခုနှင့်အတူ တိုးဝင်လာခဲ့သော်လည်း သူနှင့်ပေ ၁၀၀အကွာအဝေးတွင် မမြင်ရသည့် နံရံတစ်ခုကို ဝင်တိုက်မိဟန်ဖြင့် ရုတ်ခြည်း ရပ်တန့်သွားခဲ့သည်။ မြည်ဟည်းသံများ လေထုအတွင်း ပဲ့တင်ထပ်သွား ခဲ့သော်လည်း ဖိအားကတော့ အနည်းငယ်မျှပင် ဆက်မရွေ့လျား နိုင်တော့ချေ။

စုမင် ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ စုမင် ရှေ့သို့ ဆယ်လှမ်းခန့် ဆက်လှမ်းပြီးချိန်တွင် လေတိုးသံများ ထွက်ပေါ်လာပြီး တောင်ပေါ်မှ လူဆယ်ဦးခန့် သူ့ထံသို့ ဦးတည်ဆင်းလာ ခဲ့ကြသည်။ သူတို့အားလုံး၏ မျက်နှာများတွင်တော့ ရိုသေလေးစားမှုများသာ ရှိနေခဲ့ကြသည်။ သူတို့က စုမင်နှင့်အဝေးတွင် ရပ်လိုက်ကြပြီး လေးနက်စွာ ဦးညွှတ်လိုက်ကြသည်။

“ကြိုဆိုပါတယ် အရှင် အဆွေတော်မော့...”

စုမင် ခေါင်းညိတ်ပြလိုက်ပြီး ဆက်လျှောက်လိုက်သည်။ သူ့အရှိန်နှုန်းသည် မလျင်မြန်သော်လည်း ခြေလှမ်းဒါဇင် အနည်းငယ်ခန့် လျှောက်လှမ်းပြီး ချိန်တွင်တော့ ခြေတစ်လှမ်း ထပ်မံလှမ်းလိုက်ရင်း တောင်ထိပ်ပိုင်းသို့ ရောက်ရှိသွားတော့သည်။

ထိုအခိုက်အတန့်မှာပင် ဒါဇင်အနည်းငယ်ခန့် လူများက  သူ့ထံလျှောက်လှမ်း ရောက်ရှိလာခဲ့ကြသည်။ လူစုကို ဦးဆောင်လာသူသည် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု ခေါင်းဆောင် ဖန်းရှန်ဖြစ်သည်။ သူ့နောက်မှ လိုက်ပါလာသူများသည် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုမှ အစွမ်းထက် မာန်စွမ်းအားရှင်များ ဖြစ်၏။ သူတို့သည် ထွက်ပေါ်လာသည်နှင့် စုမင်ကို လေးနက်စွာ ဦးညွှတ်အရိုအသေ ပေးလိုက်ကြသည်။

“ကြိုဆိုပါတယ် အရှင် အဆွေတော်မော့”

ဖန်းရှန်ရှေ့သို့ ဆက်လျှောက်လာခဲ့ပြီး စုမင်နှင့် ပေရာအနည်းငယ်ခန့် အကွာသို့ရောက်ချိန်တွင် သူ့မျက်နှာပေါ်၌ စိတ်လှုပ်ရှားနေသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် လက်သီးနှင့် လက်ဝါးထပ်လျက် စုမင်ကို နှုတ်ဆက်လိုက်သည်။

“နှုတ်ခွန်းဆက်ပါတယ် ဆရာ”

စုမင်ခြေလှမ်းများက တုံ့ဆိုင်းသွားခဲ့ပြီး ဖန်းရှန်ကိုကြည့်လျက် တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင် မင်းဒီလိုလုပ်ဖို့ မလိုပါဘူး။ ငါ့ကတိကို ဖြည့်ဆည်းပေးဖို့ ဒီနေရာကိုလာခဲ့တာ။ ငါ့ကို ဖန်းမုဆီခေါ်သွားပေးပါ”

“မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်”

ဖန်းရှန် နောက်တစ်ကြိမ် ထပ်မံ ဦးညွှတ်လိုက်သည်။ သူ ကိုယ်ပြန်မတ်လိုက်ပြီး စုမင်ကို ကြည့်လိုက်မိချိန်တွင် ထိတ်လန့် တုန်လှုပ်နေသည့် အမူအရာနှင့် သူ့မျက်လုံးများအတွင်းမှ ရိုသေလေးစားမှုများက ဖုံးကွယ်ရန်ခက်ခဲစွာ ထွက်ပေါ်လာခဲ့သည်။ သူ့ရှေ့တွင် ရပ်နေသည့် မော့စုကို ကြည့်နေရင်းမှ သူတို့တွေ့ဆုံခဲ့ချိန်တွင် ဖြစ်ပျက်ခဲ့သည့် အရာများကို ပြန်လည် သတိရသွားမိသည်။

“ဆရာ၊ ဒီလမ်းကိုကြွပါ။ ငါ့သားရဲ့ဒဏ်ရာက အခုထိစိုးရိမ်စရာ မရှိသေးပါဘူး။ ငြိမ်းအေးရာ အရှေ့အရပ်မျှော်စင်ကို လိုက်ခဲ့ပေးပါ။ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုက မင်းကို ဧည့်ခံကြိုဆိုပါရစေ ... အကြီးအကဲက သူကိုယ်တိုင် ပြင်ဆင်နေတာကြောင့် ပြီးရင် မင်းကို သူကိုယ်တိုင်လာရောက် ကြိုဆိုပါလိမ့်မယ်”

“အကုန်လုံးကို ဒုက္ခပေးစရာ မလိုပါဘူး”

စုမင် ပြောဆိုလိုက်ရင်းဖြင့် တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်အား အသက်သွင်းလိုက်သည်။ သူ့စွမ်းအားများ ရုပ်နယ်လွန်နယ်ပယ်သို့ ရောက်ချိန်တွင် တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်သည်လည်း တိုးတက်လာခဲ့သည်။ သူ ထိုပညာရပ်ကို အသက် သွင်းလိုက်သည်နှင့် ၎င်းသည် တောင်တစ်ဝက်ခန့် ဧရိယာကိုပင် ဖုံးအုပ်သွားခဲ့ပြီး ဖန်းမု၏တည်နေရာကို ချက်ချင်း သိရှိလိုက်ရသည်။

စုမင် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရင်း လေထဲသို့ပျံတက်လျက် အလင်းတန်းတစ်ခု အသွင်ဖြင့် တောင်စောင်းရှိ ဖန်းမု၏ နေအိမ်သို့ ဦးတည်လိုက်၏။ ဖန်းရှန်သည် သူ့ဘေးမှလူများကို လျင်မြန်စွာ ပြောဆိုလိုက်ပြီး စုမင်နောက်သို့ လိုက်ပါသွားလိုက်သည်။

ငြိမ်းအေးရာ အရှေ့အရပ်တောင်၏ တောင်စောင်းတွင် ကျောက်တုံးများဖြင့် တည်ဆောက်ထားသည့် သာမန်အိမ်တစ်လုံး ရှိနေခဲ့သည်။ ထိုအိမ်ထဲတွင် ဖန်းချန်းလန်သည် စိတ်ပက်ပန်းနေသည့် အမူအရာဖြင့် မျက်မှောင်ကြုတ်လျက် ထိုင်နေခဲ့သည်။ သူမ၏ အပြာရောင်စကတ်နှင့်  ဒုက္ခရောက်နေဟန် အမူအရာလေးက သူမအား မတူကွဲပြားသည့် အလှတရားတစ်မျိုး ဖြစ်ပေါ်နေစေသည်။

လေတိုးသံများ ထွက်ပေါ်လာချိန်တွင် ဖန်းချန်းလန်သည် ထိတ်လန့်တုန်လှုပ် သွားမိသည်။ သို့သော် သူမ မော့ကြည့်လိုက်ချိန်တွင် မျက်နှာဖုံးစွပ်ထားသည့် စုမင်သည် ကောင်းကင်မှ အလင်းတန်းအသွင်ဖြင့် ချဉ်းကပ်လာသည်ကို မြင်သောအခါ သူမမျက်လုံးများမှာ တောက်ပသွားခဲ့ကြသည်။

အလင်းတန်းသည် ဆင်းသက်လာခဲ့ပြီး အလင်းတို့ ပျောက်ကွယ်သွား ခဲ့ချိန်တွင် စုမင် ပေါ်ထွက်လာခဲ့၏။ သူသည် ဖန်းချန်းလန်ကို တစ်ချက်ကြည့်လိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။

“နှုတ်ခွန်းဆက်ပါတယ် အစ်ကိုမော့”

ဖန်းချန်းလန်သည် မတ်တတ် ထရပ်လိုက်ရင်း ညင်သာစွာ ပြောလိုက်သည်။ သူမအသံထဲတွင်တော့ ပျော်ရွှင်မှု အရိပ်အယောင်များ ပါဝင်နေခဲ့သည်။

“ဖန်းမု ဘယ်လိုနေလဲ”

သူသည် ဖန်းချန်းလန်ကို တစ်ချက်ကြည့်လိုက်ပြီး သူမနောက်မှအခန်းကို လှမ်းကြည့်လိုက်သည်။

ဖန်းချန်းလန်သည် ခဏတာတွန့်ဆုတ် နေပြီးနောက်မှ ညင်သာစွာ ပြန်ဖြေလာသည်။

“သိပ်မကောင်းဘူး”

“စစ်မာရှင်းက မုအာကိုယ်ထဲက မာန်မျိုးစေ့ကို ကြိုပြီး အသက်သွင်းသွားခဲ့တယ်။ သူထွက်ခွာသွားခဲ့ပြီးတဲ့ နောက်မှာတောင်၊ မုအာက သတိလစ်သွားခဲ့တယ် ... စစ်မာရှင်းရဲ့ မာန်ပညာရပ်ကနေ ငါနားလည်ခဲ့တာက ... မုအာရဲ့ အသက်စွမ်းအားက ပိတ်ဆို့ခံလိုက်ရတာပဲ”

ဖန်းချန်းလန်က ဝမ်းနည်းစွာဖြင့် ခပ်တိုးတိုး ပြောပြလိုက်သည်။

စုမင် ခဏတာ တိတ်ဆိတ်နေပြီးမှ ပြောဆိုလိုက်မိသည်။

“ဒီကိစ္စက ငါ့ကြောင့်ပါ”

“ဆရာ၊ ရှင့်ကိုယ်ရှင် အပြစ်မတင်ပါနဲ့။ ဒါက တစ်နေ့နေ့တော့ ဖြစ်ပျက်လာမယ့် အရာပါ”

ဖန်းရှန်အသံက စုမင်နောက်မှ ထွက်ပေါ်လာခဲ့သည်။ သူသည် စုမင်တို့ထံသို့ စိတ်ပျက်လက်ပျက်ဖြင့် လျှောက်လာခဲ့သည်။

“အမှန်တကယ်တော့၊ မုအာက ဘာဒဏ်ရာမှ ခံစားနေရတာ မဟုတ်ပဲနဲ့ ... အဲဒါက စစ်မာရှင်းက သူ့ကိုယ်ထဲမှာ မာန်မျိုးစေ့ စိုက်ပျိုးထား ခဲ့တာကြောင့်ဆိုတာ ငါသိခဲ့ပါတယ် ... အတိတ်တုန်းက ငါမင်းကို တွေ့ဆုံခဲ့ရတဲ့အချိန်မှာ သူ့ကို ကုသပေးနိုင်မယ်လို့ မျှော်လင့်ချက် သိပ်မထားခဲ့ပါဘူး ... တခြားလူတွေကို ငါအဲဒီအကြောင်း ဘာမှမသိဘူးလို့ ထင်အောင် ပြုလုပ်ချင်ရုံပါပဲ”

“ဒီအတွက် မင်းငါ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”

ဖန်းရှန် သက်ပြင်းရှည်ကြီး ချလိုက်ရင်း စုမင်ကို နောက်တစ်ကြိမ် ထပ်မံဦးညွှတ်လိုက်သည်။

စုမင် ဖန်းရှန်ကို လှည့်မကြည့်ပဲ ဖန်းချန်းလန်နောက်မှ အခန်းဆီသို့ လျှောက်သွားလိုက်ရင်း တံခါးကို ဆွဲဖွင့်လိုက်သည်။ တံခါးကို ဖွင့်လိုက်သည်နှင့် စုမင်မျက်နှာကို  အေးစက်စက်လေများ ဖြတ်တိုက်သွားခဲ့သည်။ လေအေးတို့သည် ပေရာပေါင်း အနည်းငယ်ခန့် အကွာအဝေးကိုပင် ပျံ့နှံ့သွားခဲ့ပြီး လေများ ဖြတ်သန်းသွားသည့် ကြမ်းပြင်အား ရေခဲအလွှာတစ်ထပ်ဖြင့် ဖုံးအုပ်သွားခဲ့သည်။

သူ တံခါးဖွင့်လိုက်ချိန်တွင် အတွင်းမှ အရာအားလုံးသည် ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့သည်။ အခန်းသည် သိပ်မကြီးမားသော်လည်း ထိုအချိန်တွင် အခန်းတစ်ခုလုံး၌ လေအေးများဖြင့် ပြည့်နှက်နေခဲ့ပြီး အခန်းထဲတွင် ရေခဲအလွှာတစ်ခုပင် ရှိနေခဲ့သေးသည်။

ကောင်လေးသည် ကျောက်သားအိပ်ရာပေါ်တွင် လဲလျောင်းနေခဲ့လေသည်။

သူ့မျက်နှာသည် ခရမ်းရောင်နှင့် အနက်ရောင်သို့ ပြောင်းလဲနေခဲ့ပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ရေခဲများ ဖုံးအုပ်ထားခဲ့သဖြင့် ရေခဲအလောင်း တစ်ခုသဖွယ် ဖြစ်နေခဲ့သည်။

စုမင် ခဏတာ တိတ်ဆိတ်သွားခဲ့ပြီးမှ အခန်းတွင်းသို့ လျှောက်လှမ်းဝင်ရောက် လိုက်သည်။ သူထိုသို့ လှုပ်ရှားလိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှ အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး သူ့ခြေထောက်အောက်မှ မြေပြင်ပေါ်သို့ ကျရောက်သွား ခဲ့ကြသည်။ အလင်းတန်းများ ကျရောက်သွားသည်နှင့် လေထုထဲတွင်  အက်ကွဲသံများ ပဲ့တင်ထပ်သွားပြီး ရေခဲတို့က အက်ကွဲသွားမည့် အရိပ်အယောင်များ ပြလာခဲ့သည်။

စုမင် လျှောက်သွားသောအခါ သူ့နောက်မှရေခဲတို့သည် ကွဲကြေပျက်စီး သွားခဲ့ကြပြီး ၎င်းတို့အောက်ဘက်မှ ကြမ်းပြင်က ထွက်ပေါ်လာခဲ့ချေသည်။

ဖန်းမုဘေးသို့ သူရောက်သွားချိန်တွင် စုမင်ခန္ဓာကိုယ် ပတ်လည်တွင် များစွာသော လျှပ်စီးများ ကူးခပ်နေခဲ့ပြီး သူ့အားလျှပ်စီးများ ဝန်းရံနေသည့်အသွင်မျိုး ဖြစ်ပေါ်နေစေသည်။ သတိလစ်မေ့မြောလျက် သေလုနီးပါး ဖြစ်နေသည့် ဖန်းမုကို ကြည့်လိုက်ရင်း စုမင်ညာလက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။ လျှပ်စီးအလင်းစက်တို့သည် စုမင်ညာလက်တွင် စုဝေးလာခဲ့ပြီး သူ့လက်အတွင်း များစွာသော လျှပ်စီးများ ဖြစ်ပေါ်လာခဲ့သည်။ သူသည် ဖန်းမု၏ မျက်ခုံးများအလယ်သို့ လက်ချောင်းဖြင့် ထိကပ်လိုက်တော့မည့် အချိန်မှာပင်...

“ဆရာ၊ ကျေးဇူးပြုပြီး မင်းလက်ကို ရပ်ထားပါဦး...”

အိုမင်းနေသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

အိမ်အပြင်မှနေ၍ အလင်းတန်းတစ်ခုက သူတို့ထံသို့ ဦးတည်ရောက်ရှိ လာခဲ့သည်။ ၎င်းသည် ဆင်းသက်လာသည်နှင့် အဘိုးအိုတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအဘိုးအိုသည် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု၏ အကြီးအကဲပင် ဖြစ်သည်။

အဘိုးအိုသည် အတွင်းစိတ်ထဲတွင် ရုန်းကန်နေရဟန် ပေါ်သည့် ဖန်းရှန်ကိုဖြတ်လျက် ရှေ့သို့ ခြေလှမ်းအနည်းငယ် ဆက်လျှောက်လာခဲ့သည်။ သူသည် ဖန်းမုအိမ်ထဲသို့ ခြေလှမ်းရန် ပြင်လိုက်စဉ်မှာပင် စုမင်က အေးစက်သည့် အကြည့်တစ်ချက်ဖြင့် အဘိုးအိုကို လှည့်ကြည့်လိုက်သည်။

ထိုအကြည့်ကို မြင်လိုက်ချိန်တွင် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲသည် ထိတ်လန့်တုန်လှုပ် သွားရသည်။ အန္တရာယ် ရှိသည်ဟူသော အာရုံကိုခံစားလိုက်မိပြီး သူ့နှလုံးသားက အပြင်းအထန် ခုန်လှုပ်သွားခဲ့ပြီး အိမ်အပြင်ဘက်တွင် ချက်ချင်း ရပ်တန့်လိုက်မိသည်။ ရှေ့သို့အလောတကြီး ဆက်မလျှောက်ရဲတော့ပဲ စုမင်ကိုသာ အလေးအနက် ဦးညွှတ်လိုက်သည်။

“နှုတ်ခွန်းဆက်ပါတယ် ဆရာ”

“ဆရာ၊ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုက မင်းကို ဘယ်တုန်းကမှ မဆန့်ကျင်ခဲ့ပါဘူး ... ကျေးဇူးပြုပြီး ငါတို့ကို လွှတ်ထားပေးပါ။ မင်းသာ အဲဒီလိုလုပ်ပေးမယ်ဆိုရင် ငါက အလွန်အမင်း ကျေးဇူးတင်မိမှာပါ”

အကြီးအကဲ၏ မျက်နှာတွင် ဒုက္ခရောက်နေဟန် အမူအရာမျိုး ရှိနေခဲ့ပြီး ဆက်လက်ဦးညွှတ်လျက် ကိုယ်ကို ပြန်မတ်လိုက်ခြင်း မပြုခဲ့ပေ။

“မင်းစကားလုံးတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်က ဘာများလဲ”

စုမင် ဖြည်းညင်းစွာ မေးလိုက်သည်။

“ဆရာ၊ မင်း ဒီကလေးကို ကယ်လိုက်မယ်ဆိုရင် ငါတို့မျိုးနွယ်စုက ဆရာစစ်မာကို သေချာပေါက် ကျူးလွန်စော်ကားမိ သွားပါလိမ့်မယ်။ ဆရာစစ်မာသာ ဒေါသထွက်သွားခဲ့ရင် ငါတို့မျိုးနွယ်က သူ့အမျက်ဒေါသကို ဆန့်ကျင်နိုင်မှာ မဟုတ်ဘူး ... ဖန်းမုက လိမ္မာတဲ့ ကလေးတစ်ယောက်ပါ။ သူ့ရဲ့ တစ်ခုတည်းသော အမှားကတော့ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုမှာ မွေးဖွားလာခဲ့တာပါပဲ”

အဘိုးအိုက အသံတိုးတိုးဖြင့် ပြောဆိုလာသည်။

စုမင် ခဏတာ တိတ်ဆိတ်နေပြီးမှ ဖန်းမုကို ပြန်လှည့်ကြည့် လိုက်သည်။ သို့သော် သူ၏စကားလုံးများကမူ ဖန်းရှန်ကို ရည်ညွှန်းနေကြောင်း ရှင်းလင်းနေချေသည်။

“ဖန်းမုက မင်းရဲ့သားပဲ။ မင်း ရွေးချယ်ပါ”

ဖန်းရှန် တုန်လှုပ်သွားခဲ့ပြီး သူ၏ရုန်းကန်မှုများက ပိုမိုထင်ရှားလာခဲ့သည်။

***

All Chapters