ပင်လယ်အောက်မှ နတ်တောင်
Vol. 177 Ch. 2528
ရှီးချီယောင်သည် လီချင်းဖုန်းတစ်ယောက် ကျိုးရိမြို့ထဲတွင် လုပ်ခဲ့သည့်ကိစ္စများကို လျင်မြန်စွာပင် သိရှိသွားသည်။
ကျိုးရိမြို့သည် အနောက်အင်ပါယာနန်းတော်၏အုပ်ချုပ်မှုအောက်တွင် မရှိသော်လည်း မြို့ထဲတွင် နန်းတော်မှ သူလျှိုများရှိသည်။
ယခုတွင် ရှီးချီယောင်က ရီဖူရှင်းနှင့်အတူရှိနေပေရာ သူ့အား ထိုသတင်းကို ချက်ချင်းပြောပြလိုက်၏။
ရှီးချီယောင်က ပြောလိုက်၏။
“ကိစ္စတွေက ရှင်ခန့်မှန်းထားသလိုဖြစ်လာပြီ။ လီချင်းဖုန်းက နတ်မြေပုံမိတ္တူကို ဈေးမြင့်မြင့်နဲ့ လေလံပစ်ရုံတင်မဟုတ်ဘဲ နောက်ထပ်နတ်မြေပုံမိတ္တူတွေကိုလည်း ထိပ်သီးအင်အားစုတွေကို လျှို့ဝှက်ပြီးပေးလိုက်တယ်။ သူတို့က ပူးပေါင်းပြီးတော့ ရှေးဟောင်းအင်ပါယာနတ်တောင်ရဲ့တည်နေရာကို ရှာဖို့ လုပ်နေတယ်။ အဲဒီအင်အားစုတွေသာ ပူးပေါင်းလုပ်ဆောင်ခဲ့ရင် သူတို့က နတ်မြေပုံပေါ်ကတည်နေရာကို အနောက်အင်ပါနန်းတော်ထက် မြန်မြန်ရှာတွေ့နိုင်လိမ့်မယ်”
ရီဖူရှင်းမှာ ထိုသတင်းကြောင့် အံ့အားမသင့်သွားပေ။ သူသာ လီချင်းဖုန်းဖြစ်လျှင်လည်း တာအိုဘုန်းတော်ကြီးမူထံမှ သတင်းမကြားရလျှင် ထိုသို့လုပ်မည်ဖြစ်သည်။
ရီဖူရှင်းက ပြန်ပြောလိုက်၏။
“ကျုပ် အနောက်အင်ပါယာနန်းတော်က ကျင့်ကြံသူတွေကို ပိုမြန်မြန်လုပ်ဖို့ လောရတော့မှာပဲ။ လီချင်းဖုန်းနဲ့ တခြားသူတွေဆီမှာ နတ်မြေပုံအစစ်မရှိပေမယ့် သူတို့သာ တည်နေရာကိုသိသွားရင် ကိစ္စတွေက ခက်ခဲလာလိမ့်မယ်။”
“ကျွန်မရဲ့လူတွေကို ခဏခဏလောထားပါတယ်။ သူတို့မကြာခင် အတည်ပြုနိုင်တော့မှာပါ”
ရှီးချီယောင်က ပြောသည်။
ရီဖူရှင်း ခေါင်းညိတ်ပြလိုက်ပြီး ဆက်၍မပြောတော့ပေ။
နောက်ရက်ပိုင်းအတွင်း၌ ကျိုးရိတစ်မြို့လုံးတွင် နတ်မြေပုံနှင့်ပတ်သတ်သော သတင်းအမျိုးမျိုးနှင့် ပြည့်နှက်နေ၏။ ထို့အပြင် နတ်မြေပုံမိတ္တူများစွာသည် ပလူပျံနေပြီး လူသိရှင်ကြားဖြစ်လာ၏။ လေလံပွဲမှတဆင့် နတ်မြေပုံမိတ္တူများကိုရခဲ့သော အင်အားစုများသည် သူ့တို့၏အစွမ်းတစ်ခုတည်းဖြင့် ရှေးဟောင်းအင်ပါယာနတ်တောင်တွင် ဖွက်ထားသော ရတနာများကို ရနိုင်မည်မဟုတ်ကြောင်း သိကြသည်။ ထို့ကြောင့် သူတို့သည် သူတို့၏နတ်မြေပုံမိတ္တူများကို အခြားသူများနှင့် လျှို့ဝှက်ဖလှယ်ကာ အုတ်အော်သောင်းတင်းဖြစ်သွားစေ၏။ သူတို့၏ရည်ရွယ်ချက်မှာ အရှုပ်အထွေးများကြားတွင် အကျိုးအမြတ်ရနိုင်သမျှရအောင် လုပ်ရန်ဖြစ်သည်။
သို့ဖြင့် ကျိုးရိမြို့ထဲတွင် နတ်မြေပုံမိတ္တူများ မှိုလိုပေါက်လာသည်။ မိတ္တူများသည် လျင်မြန်စွာပျံ့နှံ့နေပြီး နောက်ဆုံးတွင် လူတိုင်း နတ်မြေပုံတစ်ခုစီရှိလာသည်။
သို့သော် လူများစွာတွင် မြေပုံရှိနေသော်လည်း သာမန်အင်အားစုများသည် ရှေးဟောင်းအင်ပါယာနတ်တောင်၏တည်နေရာအတိအကျကို မရှာနိုင်ကြပေ။ ပြိုင်ဆိုင်နေသော အဓိကအင်အားစုကြီးနှစ်ခုမှာ အနောက်အင်ပါယာနန်းတော်နှင့် လီချင်းဖုန်းနှင့်မဟာမိတ်များ ဖြစ်လေသည်။
လီချင်းဖုန်းနှင့်မဟာမိတ်များမှာ အင်အားစုများစွာကို စုပေါင်းထားခြင်းဖြစ်သည်။ အနောက်အင်ပါယာနန်းတော်မှာမူ အနောက်ပင်လယ်ကုန်းမြေတွင် အင်အားကြီးသည်။
သူတို့မှာ ပေါ်ပေါ်ထင်ထင် ပဋိပက္ခ မဖြစ်သော်လည်း ကန့်လန့်ကာနောက်ကွယ်တွင် ယှဉ်ပြိုင်နေကြသည်။ သူတို့က နတ်မြေပုံကို မည်သူအရင်ဆုံးအဖြေရှာနိုင်မည်ကို ယှဉ်ပြိုင်နေကြခြင်းပင်။
ယနေ့တွင် တောင်ထွတ်တစ်ခုပေါ်၌ ရှီးချီယောင်သည် သူမ၏မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်သည်။ သူမသည် အနီးတွင် တင်ပျဉ်ခွေထိုင်ကာ တိတ်တဆိတ်ကျင့်ကြံနေသော ရီဖူရှင်းကို ကြည့်လိုက်၏။
“ရန်ဟောင်ရီ...”
ရှီးချီယောင်က အတွေးပို့လွှတ်လျှက် ခေါ်လိုက်၏။ ရီဖူရှင်းက မျက်လုံးဖွင့်လျှက် သူမကိုကြည့်လိုက်သည်။ သူသည် တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူမ၏သဘောကို နားလည်၏။
ရီဖူရှင်းက ချက်ချင်းထရပ်လိုက်၏။ သူတို့နှစ်ဦးသည် ကောင်းကင်ထက်သို့ ပျံတက်သွားလိုက်သည်။ သူတို့က တုံ့ဆိုင်းခြင်းမရှိဘဲ ထွက်ခွာသွားလျှင် လူရိပ်များ တစ်ခုပြီးတစ်ခု သူတို့နောက်သို့ ပျံသန်းလိုက်ပါသွားကြ၏။
သူတို့အုပ်စုထွက်ခွာသွားပြီးနောက်တွင် ကျင့်ကြံသူများသည် ကျိုးရိမြို့ပတ်ပတ်လည်ရှိ မတူညီသောဦးတည်ရာများမှ ကောင်းကင်ကိုဖြတ်၍ပျံသန်းကာ သူတို့နောက်သို့ အလွန်လျင်မြန်စွာလိုက်သွားကြသည်။
ရှေ့မှလူများသည် အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများဖြစ်သည်။ နောက်မှလိုက်လာသောလူများသည် ကျိုးရိမြို့သို့ရောက်နေသော ထိပ်သီးအင်အားစုများမှလူများ ဖြစ်လေသည်။ အချို့အင်အားစုများသည် ရှီးချီယောင်ကို မျက်စိဒေါက်ထောက်ကြည့်နေခဲ့ကြကြောင်း ထင်ရှားသည်။
“ရန်ဟောင်ရီ... ကျွန်မ ရှင့်ကိုတည်နေရာပြောပြမယ်။ အဲဒီကို ရှင်အရင်သွားလိုက်ပါ”
ရှီးချီယောင်က ရီဖူရှင်းထံသို့ အတွေးပို့လွှတ်လျှက် ပြောသည်။
“ကျွန်မတို့နောက်ကို လိုက်လာတဲ့သူတွေ အများကြီးရှိတယ်။ ရှင့်အမြန်နှုန်းနဲ့ဆို သူတို့ကို နောက်ကောက်ချနိုင်ခဲ့မှာပဲ။ အနောက်အင်ပါယာက ကျွန်မရဲ့ကျင့်ကြံသူတွေလည်း အဲဒီကိုသွားနေပါပြီ။ သူတို့ အဲဒီကို ရှင့်အရင်ကြိုရောက်နေလောက်မှာပါ။ ရှင်အဲဒီကိုရောက်ရင် သူတို့နဲ့သွားတွေ့လိုက်ပါ”
“နတ်မိမယ်ကို ကျုပ်ခေါ်သွားမယ်”
ရီဖူရှင်းက ပြောသည်။ သူက လျှပ်တစ်ပြက်အတွင်း ရှီးချီယောင်ဘေးသို့ ရောက်သွားကာ သူမ၏လက်ကိုဆွဲကိုင်လိုက်ပြီး ပြောလိုက်၏။
“နတ်မိမယ်ကိုအတူခေါ်သွားရတာက ကျုပ်ရဲ့ ဗုဒ္ဓရောင်ဝါခြေလှမ်းကို နည်းနည်းနှေးသွားစေမယ်ဆိုပေမယ့် အဲဒီလူတွေကို နောက်ကောက်ချခဲ့ဖို့လောက်တော့ မြန်ပါသေးတယ်။ ပြဿနာတစ်ခုက အဲဒီလိုဆို နတ်မိမယ်ရဲ့လူတွေကိုလည်း ချန်ခဲ့ရမှာပဲ”
“ကိစ္စမရှိဘူး”
ရှီးချီယောင်က ပြန်ပြောသည်။ သူမ သဘောတူလိုက်သည်နှင့်တစ်ပြိုင်နက် သူတို့၏ခန္ဓာကိုယ်များသည် ထိုနေရာမှ ရုတ်ခြည်းပျောက်ကွယ်သွား၏။
ရီဖူရှင်းနှင့် ရှီးချီယောင်တို့ ကျိုးရိမြို့မှ ထွက်ခွာသွားပြီ မကြာမီတွင် လေညင်းအိမ်တော်အတွင်း၌ လီချင်းဖုန်းနှင့် အခြားသူများသည် ထိုင်နေရာမှ ခပ်သွက်သွက်ထလိုက်ကြ၏။ သူတို့သည် မြေပုံပေါ်မှ တစ်နေရာကိုကြည့်လျှက် မျက်လုံးများ အရောင်တောက်နေကြ၏။
“ကျုပ်တို့ ဖော်နိုင်ခဲ့ပြီ”
လီချင်းဖုန်းက ကြေညာလိုက်သည်။
လီချင်းဖုန်းနှင့် ထိပ်သီးအင်အားစုများသည် တည်နေရာကို လျင်မြန်စွာဖော်နိုင်ခဲ့ခြင်းမှာ သူတို့မဟာမိတ်အဖွဲ့က အနောက်အင်ပါယာနန်းတော်ထက် ပိုသာသောအရင်းအမြစ်များရှိ၍ မဟုတ်ပေ။ လီချင်းဖုန်းက အခြားသူများ နတ်မြေပုံရှိကြောင်းကို မသိခင်ကပင် မြေပုံကို လေ့လာထားခဲ့ခြင်းကြောင့်သာဖြစ်သည်။ သူသည် ထိုစဉ်ကပင် မြေပုံပေါ်ရှိ တည်နေရာများကို အတိအကျ ဖော်ထုတ်နိုင်လုနီးပါးဖြစ်ခဲ့သည်။
အကယ်၍ နတ်မြေပုံသာ အခိုးမခံခဲ့ရပါက လီချင်းဖုန်းက တည်နေရာကို အနှေးနှင့်အမြန်ဆိုသလို ဖော်နိုင်ခဲ့မည်ဖြစ်သည်။ သို့သော် ကိစ္စများသည် တစ်စထက်တစ်စ ရှုပ်ထွေးလာပြီး လက်ရှိအခြေအနေသို့ ရောက်လာခဲ့သည်။ ထို့ကြောင့် လီချင်းဖုန်း၏ကျွမ်းကျင်မှုနှင့် ထိပ်သီးအင်အားစုအသီးသီး၏အကူအညီကို ပေါင်းလိုက်သောအခါ သူတို့မဟာမိတ်သည် လျှို့ဝှက်ချက်ကို အလွန်လျင်မြန်စွာ ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်လေသည်။
“သွားစို့”
ကျင့်ကြံသူများသည် တစ်ဦးပြီးတစ်ဦး ကောင်းကင်ပေါ်သို့ ပျံတက်ကာ ထွက်ခွာသွား၏။ သူတို့၏အမြန်နှုန်းသည် အံ့အားသင့်ဖွယ်ကောင်းသည်။ သူတို့သည် ရိပ်ခနဲ ဖြတ်သန်းသွားသော အရိပ်များအလား ရုတ်ခြည်းအတွင်း ပျောက်ကွယ်သွား၏။
ကျိုးရိမြို့ထဲမှ လူများစွာသည် ထိုလူရိပ်များ ကောင်းကင်ထက်သို့ပျံတက်ကာ လေညင်းအိမ်တော်မှ ထွက်ခွာသွားသည်ကို သတိပြုမိလိုက်ကြ၏။ ကျင့်ကြံသူများသည် အလင်းတန်းများအဖြစ် ပြောင်းလဲ၍ ပျံသန်းသွားကြသည်။
“တော်တော်မြန်တဲ့ အရှိန်ပဲ”
တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။
“သူတို့က ဘယ်သူတွေလဲ။ ပြီးတော့ သူတို့ဘယ်ကိုသွားနေတာလဲ”
တစ်စုံတစ်ယောက်က မေးလိုက်သည်။
“အဲဒါက နတ်မြေပုံနဲ့များ သက်ဆိုင်နေမလား”
ကျိုးရိမြို့ထဲမှ လူများသည် ရင်ခုန်စိတ်လှုပ်ရှားသွားကြသည်။ နတ်မြေပုံ၏လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြီးလေပြီသလော။
လီချင်းဖုန်းက နတ်မြေပုံပေါ်မှ တည်နေရာကို ရှာတွေ့သွားခြင်းဖြစ်ရပေမည်။ ထို့ကြောင့် သူသည် ကောင်းကင်ထက်သို့ပျံတက်ကာ အလျင်အမြန်ထွက်ခွာသွားခြင်းဖြစ်ပေမည်။
တောင်ပေါ်လမ်းဘေးတွင် တာအိုဘုန်းတော်ကြီးမူက ခေါင်းမော့ကာ လီချင်းဖုန်းနှင့် မဟာမိတ်များထွက်ခွာသွားရာဘက်ကို ကြည့်လိုက်သည်။ ထို့နောက် သူသည် သူ၏ဈေးဆိုင်ကိုသိမ်းဆည်း၍ တောင်ပေါ်လမ်းအတိုင်း လျှောက်သွားလိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ သူ၏ဝိညာဉ်စွမ်းအားသည် ထိုပစ္စည်းအတွင်းသို့ ဖောက်ဝင်သွားပြီး ပစ္စည်းအတွင်း၌ သတင်းစကားတစ်ခုကို အသံသွင်းလိုက်သည်။ ထိုပစ္စည်းသည် ဆက်သွယ်ရန်သုံးသော ရတနာတစ်ခုဖြစ်သည်။ သူသည် ထိုပစ္စည်းကိုသုံး၍ ရီဖူရှင်းနှင့် ဆက်သွယ်နေခဲ့ခြင်းပင်။ သူသည် မြို့ထဲတွင် ဖြစ်ပျက်သွားသည်များကို ရီဖူရှင်းကို ပြောလိုက်ပြီး သတိထားရန် မှာကြားလိုက်သည်။
တာအိုဘုန်းတော်ကြီးမူက နတ်မြေပုံကိုလည်း ခိုးခဲ့သလို ရှေးဟောင်းအင်ပါယာနတ်တောင်ကိုလည်း နှစ်ပေါင်းများစွာ ရှာဖွေခဲ့သည်။ သို့သော် ကံဆိုးစွာပင် သူသည် ဤတစ်ခေါက် စွန့်စားခန်းနှင့် လွဲရပေတော့မည်။
သို့သော် သူသည် စိတ်မပျက်ပေ။ လက်ရှိတွင် ရီဖူရှင်းသည် အနောက်အင်ပါယာနန်းတော်နှင့် ပူးပေါင်းလုပ်ဆောင်နေသည်။ ရီဖူရှင်းသာ သူ၏ရည်မှန်းချက်ကို အောင်မြင်အောင်လုပ်နိုင်လျှင် အဆင်ပြေပြီဖြစ်သည်။ ထို့နောက်တွင် သူသည် တာအိုဘုန်းတော်ကြီးမူကို အဂ္ဂရိတ်စွမ်းရည်တိုးတက်လာအောင် သေချာပေါက်ကူညီပေးမည်ဖြစ်သည်။
ယခုတွင် တာအိုဘုန်းတော်ကြီးမူတွင် ကိုယ်ပိုင်တာဝန် ရှိနေ၏။
သူသည် တောင်ပေါ်လမ်းအတိုင်း တစ်လှမ်းချင်း တက်လှမ်းသွားသည်။ သူ၏အရှိန်သည် မမြန်ပေ။ သူ့အတွက် လေညင်းအိမ်တော်သို့ရောက်ရန် အချိန်တစ်ခုကြာခဲ့သည်။
လေညင်းအိမ်တော်သည် ထိုအခိုက်တွင် လွန်စွာသက်ဝင်လှုပ်ရှားနေသည်။ လူအားလုံးသည် စကားပြောဆိုနေကြ၏။ လူများစွာသည် အဝေးသို့ လှမ်းကြည့်နေကြ၏။ သူတို့သည် အိမ်တော်သခင်ထွက်ခွာသွားပြီးနောက်တွင် အံ့အားသင့်ကျန်နေ၏။ အိမ်တော်သခင်အောင်မြင်ရန် သူတို့မျှော်လင့်နေကြ၏။
သို့သော် ဤကိစ္စက အောင်မြင်နိုင်ရန် အတော်လေးခက်ခဲသည်။
ပတ်ဝန်းကျင်တွင် ဆွေးနွေးသံများ ကျွက်ကျွက်ညံနေ၏။ တာအိုဘုန်းတော်ကြီးမူက ထိုအသံများအားလုံးကို တိတ်တဆိတ်နားထောင်နေသည်။ ထို့နောက် သူသည် ကောင်းကင်ကို မော့ကြည့်ကာ ရေရွတ်လိုက်သည်။
“အချိန်ကျတော့မှာပဲ”
လီချင်းဖုန်းတို့အုပ်စု ထွက်သွားသည်မှာ အချိန်တစ်ခုကြာခဲ့ပြီဖြစ်သည်။ သူတို့သည် အိမ်တော်သို့ အမြန်ပြန်မလာနိုင်တော့ပေ။ လီချင်းဖုန်းက လမ်းတစ်ဝက်မှလှည့်၍ အိမ်တော်သို့ပြန်လာရလျှင်လည်း စိတ်ပျက်သွားမည်ဖြစ်သည်။ ယခုတွင် သူတို့သည် ရှေးဟောင်းအင်ပါယာနတ်တောင်၏ရတနာများကို အခြားအုပ်စုများက ယူသွားမည်ကို သွားရောက်တားဆီးနေခြင်းမဟုတ်ပါလား။
ဝုန်း...
ကြောက်မက်ဖွယ်ဖိအားတစ်ခုသည် လေညင်းအိမ်တော်ကို လွှမ်းခြုံသွားသည်။ တာအိုဘုန်းတော်ကြီးမူက အိမ်တော်အတွင်းသို့ တစ်လှမ်းချင်းလှမ်း၍ ဝင်သွားလိုက်သည်။ ရုတ်ခြည်းအတွင်းမှာပင် အိမ်တော်အတွင်းမှ ကျင့်ကြံသူများသည် ရင်တုန်သွားသည်။ သူတို့သည် ကောင်းကင်ထက်သို့ကြည့်နေရာမှ သူတို့ထံသို့ ဖြည်းဖြည်းချင်းလျှောက်လာသည့်လူကို ကြည့်လိုက်ကြ၏။
“လီချင်းဖုန်းက ငါပိုင်မျှအရာအားလုံးကို ယူသွားတယ်။ လေညင်းအိမ်တော်ကိုပဲ ပြန်ပေးခိုင်းရတော့မှာပဲ... အပြစ်ပြုမိတဲ့အတွက် တောင်းပန်ပါတယ်”
တာအိုဘုန်းတော်ကြီးမူက ပြောသည်။
ဤအကြိမ်တွင် သူသည် ပစ္စည်းများကို အင်အားသုံး၍ လုယူမည်ဖြစ်သည်။
သူသည် ထိုကဲ့သို့အခွင့်အရေးကို မည်သို့လက်လွတ်ခံနိုင်မည်နည်း။ ဤအကြိမ်တွင် သူသည် လေညင်းအိမ်တော်ကို မြေလှန်ပစ်မည်ဖြစ်သည်။
***
ကျယ်ပြော၍ အဆုံးမဲ့သော အနောက်ပင်လယ်၏ လူသူကင်းရှင်းသော အရပ်တစ်နေရာတွင် ကျွန်းပေါင်းများစွာ ရှိလေသည်။ ထိုကျွန်းအားလုံးသည် လူသူလေးပါးကင်းရှင်းပြီး လူသူရောက်ပေါက်ဖူးသည့်ပုံလည်းမပေါ်ပေ။ ထိုကျွန်းများတွင် လောကဝိညာဉ်ချီများလည်း ခပ်ပါးပါးသာရှိလေသည်။ ထိုကျွန်းများသည် ကျင့်ကြံရန်အတွင် လွန်စွာမသင့်တော်ပေ။ ပင်လယ်မိစ္ဆာသားရဲများပင် ထိုနေရာတစ်ဝိုက်တွင် မနေထိုင်လိုကြပါ။
ထိုအခိုက်တွင် ထိုနေရာသို့ လူတစ်စုရောက်ရှိလာသည်။ သူတို့၏စိတ်ဝိညာဉ်စွမ်းအားသည် ထိုနေရာကို လွှမ်းခြုံသွား၏။ သို့သော် သူတို့သည် သာမန်မဟုတ်သည်များကို ရှာမတွေ့သေးပေ။
ထိုစောစောစီးစီးရောက်လာသူများမှာ အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများဖြစ်သည်။ သူတို့သည် နောက်ဆုံးမြေပုံကိုဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ နတ်တောင်သည် ဤပင်လယ်ပြင်တွင်တစ်နေရာရာတွင် ရှိရပေမည်။ သူတို့၏တွက်ချက်မှုတွင် အမှားမရှိပေ။ သို့သော် ထိုနေရာသည် လွန်စွာသမားရိုးကျဆန်နေပြီး အဆုံးမဲ့အနောက်ပင်လယ်၏ လူသူကင်းရှင်းရာနေရာတစ်နေရာသာ ဖြစ်နေသည်။ ထိုနေရာသို့ ရောက်ဖူးသည့်သူ အနည်းငယ်သာရှိပေလိမ့်မည်။
ထိုအခိုက်တွင် ထိုနေရာသို့ လူရိပ်နှစ်ခု ရောက်ရှိလာ၏။ ထို့ကြောင့် ထိုလူအုပ်သည် မျက်နှာထားများခက်ထန်သွားသည်။ သို့သော် သူတို့သည် ရောက်လာသူနှစ်ဦးမှာ မည်သူဖြစ်ကြောင်း သိသွားသောအခါ သူတို့၏အရှိန်အဝါများကို ပြန်ရုတ်သိမ်းလိုက်သည်။
“ချီယောင်...”
တစ်စုံတစ်ယောက် လှမ်းခေါ်လိုက်သည်။
ရောက်လာသူနှစ်ယောက်မှာ ရီဖူရှင်းနှင့် ရှီးချီယောင်တို့ဖြစ်လေသည်။
ရီဖူရှင်းသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်သည်။ သူ၏စိတ်ဝိညာဉ်စွမ်းအားသည် ထိုပင်လယ်ပြင်ကို လွှမ်းခြုံသွား၏။ သူ့မျက်လုံးများထဲတွင် ထူးဆန်းသည့်အရိပ်အယောင်များ ပေါ်လာပြီး သူက ပြောသည်။
“ဒီနေရာက တကယ်ကို သာမန်အတိုင်းပဲ။ ဒီနေရာမှာ လောကဝိညာဉ်ချီတွေလည်း တော်တော်လေးပါးလျာတယ်။ ပတ်ဝန်းကျင်မှာ လူသူအရိပ်အယောင်လည်းမရှိဘူး။ ဒီနေရာကို ဘယ်သူမှ သတိမပြုမိတာ အံ့ဩစရာမရှိတော့ပါဘူး”
ဤနေရာသည် နတ်မြေပုံပေါ်တွင် မှတ်သားထားသောနေရာပေလော။
သူက ရှီးချီယောင်ကို တစ်ချက်ကြည့်လိုက်သည်။ သူမသည် သူ့ကို အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။ ရီဖူရှင်း ဆက်ပြောနေရန်ပင်မလိုတော့ပေ။ သူသည် နတ်မြေပုံအစစ်ကိုထုတ်လိုက်၏။ ထို့နောက် ၎င်းထဲသို့ သူ့စိတ်ဝိညာဉ်စွမ်းအား ပို့လွှတ်လိုက်၏။ နတ်မြေပုံသည် ရုတ်ခြည်းပင် တောက်ပသောအလင်းများကို ထုတ်လွှတ်လိုက်ပြီး ပင်လယ်ဒေသတစ်ခု၏ပုံရိပ်တစ်ခု ပေါ်လာသည်။
ရီဖူရှင်းက အတွေးဖြင့်ထိန်းချုပ်လိုက်ရာ နတ်မြေပုံသည် ရုတ်တရက် ကျယ်ပြန့်စွာ ပြန့်ကားသွားသည်။ ၎င်းသည် နေလုံးကို ကာရံသွားပြီး ထိုပင်လယ်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ရှီးချီယောင်မှာ နတ်မြေပုံပေါ်မှ ပင်လယ်ပုံရိပ်ကို ကြည့်ကာ အနည်းငယ် ရင်ခုန်နေ၏။ ထိုပုံရိပ်သည် သူမတို့မျက်စိရှေ့ရှိ ပင်လယ်ပြင်နှင့် အမှန်ပင် ထပ်တူကျသည်။ တစ်ခုတည်းသောကွဲပြားမှုမှာ မြေပုံပေါ်ရှိ ကျွန်းများသည် နတ်ကျွန်းများကဲ့သို့ ထည်ဝါနေပြီး အပြင်မှကျွန်းများသည် သာမန်ကျွန်းများကဲ့သို့သာ ဖြစ်နေခြင်းပင်။
ရွှီး....
နတ်မြေပုံအောက်တွင် လမ်းစဉ်မီးတောက်များထွက်ပေါ်လာ၏။ ရုတ်ခြည်းအတွင်းမှာပင် နတ်မြေပုံသည် မီးတောက်များ၏ ကြောက်မက်ဖွယ်နတ်ရောင်ဝါတစ်ခုကြောင့် လောင်ကျွမ်းလာသည်။ မြေပုံသည် မီးတောက်ဖြင့် ပြုလုပ်ထားသကဲ့သို့ဖြစ်လာသည်။ နတ်အလင်းတန်းများသည် ပတ်ဝန်းကျင်ရှိ ကျွန်းများပေါ်သို့ ဖြာကျသွားသည်။ အလင်းများသည် ပင်လယ်ပြင်ကို လွှမ်းခြုံသွား၏။
ရီဖူရှင်းတို့လူစုသည် ထိုဆန်းကြယ်သောမြင်ကွင်းကို တိတ်တဆိတ်ကြည့်နေ၏။ ပင်လယ်ပြင်သည် ပွက်ပွက်ဆူနေ၏။ နတ်မြေပုံမှ ထုတ်လွှတ်လိုက်သော နတ်မီးတောက်များသည် ပတ်ဝန်းကျင်ရှိ ကျွန်းများပေါ်သို့ ကျဆင်းသွားပြီး ကျွန်းများကို တောက်လောင်သွားစေသည်။ နှစ်ပရိစေဒကြာမြင့်ခဲ့သဖြင့် ပျောက်ကွယ်သွားခဲ့သော အချို့ကျွန်းများသည်ပင် မီးတောက်ကျွန်းများအဖြစ် ပြန်ပေါ်ထွက်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော တရှဲရှဲအသံတစ်ခုကို ကြားလိုက်ရပြီး ပင်လယ်ရေသည် ဆူပွက်လာသည်။ ထိုနေရာရှိ ပင်လယ်ပြင်သည် အငွေ့ပျံသွား၏။ ခြောက်ခမ်းသွားသောပင်လယ်အောက်ခြေတွင် မီးတောက်ပုံစံများစွာ တောက်လောင်လာပြီး ကောင်းကင်ထက်ရှိ နတ်မြေပုံသည် ထိုမီးတောက်ပုံစံများအပေါ် သက်ရောက်မှုရှိနေ၏။ ထိုမီးတောက်ပုံစံများ ထွက်ပေါ်လာသောအခါ ထိုနက်ရှိုင်းသောပင်လယ်နေရာတွင် ချိပ်စည်းတစ်ခု ပွင့်သွားသည်။ ပြင်းထန်သော တော်လဲသံကြီးများကိုကြားလိုက်ရပြီး ပင်လယ်ကြမ်းပြင်သည် အလယ်မှနေ၍ ထက်ခြမ်းကွဲသွား၏။
နတ်မြူခိုးများထွက်ပေါ်လာ၏။ ပင်လယ်ကြမ်းပြင်မှနေ၍ လွန်စွာထူထည်းသော လောကဝိညာဉ်ချီများ အပြင်သို့ ပျံနှံ့ထွက်ပေါ်လာ၏။
ခမ်းခြောက်သွားသော ပင်လယ်ကြမ်းပြင်မှနေ၍ နတ်တောင်တစ်ခု ထွက်ပေါ်လာပြီး ပတ်ပတ်လည်မှပင်လယ်ကို ပြင်းပြင်းထန်ထန် မြည်ဟည်းသွားစေ၏။
လောကဝိညာဉ်ချီသည် လွန်စွာပါးလျနေခဲ့သည်မှာ အံ့အားသင့်ဖွယ်မရှိတော့ပေ။ ထိုဝိညာဉ်ချီများသည် ပိတ်ဆို့ခံထားရသည် မဟုတ်ပါလား။ သူတို့ ရင်ခုန်မြန်နေကြ၏။ နတ်တောင်တစ်တောင်သည် ထိုပင်လယ်ဒေသတွင် ချိပ်ပိတ်ခံထားရ၏။ ထိုကဲ့သို့လုပ်ခဲ့သူသည် မည်မျှစွမ်းအားကြီးမည်နည်း။
နတ်မြူခိုးများ ပြန့်ကားလာပြီး နတ်တောင်သည်လည်း ပင်လယ်ကြမ်းပြင်မှနေ၍ ထိုးထွက်လာသည်။ အစောပိုင်းက ထွက်ပေါ်လာသည့်အပိုင်းသည် နတ်တောင်၏အဖျားပိုင်းတစ်ခုလောက်သာ ဖြစ်သကဲ့သို့ ၎င်းသည် တဖြည်းဖြည်းကြီးမားလာသည်။
ရီဖူရှင်းနှင့်အခြားသူများသည် ကောင်းကင်ထက်သို့ ဆက်၍ပျံတက်နေရ၏။ တောင်သည် ဆက်၍ထိုးတက်နေဆဲပင်။ ပင်လယ်ကြမ်းပြင်အောက်မှနေ၍ နတ်တောင်တစ်တောင် ထွက်ပေါ်လာပေပြီ။