← Chapters

နတ်တောင်နှင့် နတ်ဝင်္ကပါ

Vol. 177 Ch. 2529

နတ်တောင်နှင့် နတ်ဝင်္ကပါ

Vol. 177 Ch. 2529

ထိုနေရာတွင် နတ်မြူခိုးများ အဆုံးမဲ့ရှိနေပေပြီ။ ပင်လယ်ကြမ်းပြင်မှနေ၍ နတ်တောင်တစ်တောင် ထွက်ပေါ်လာ၏။

ထိုနတ်တောင်သည် ဧရာမတောင်ကြီးတစ်တောင်ဖြစ်သည်။ ရီဖူရှင်းတို့လူစုသည် နတ်တောင်အထက်ရှိ ကောင်းကင်မှနေ၍ပင် နတ်တောင်ကို လွှမ်းခြုံထားသည့် များပြားသော လောကဝိညာဉ်ချီများကို ခံစားနေရ၏။ သူတို့သည် လောကဝိညာဉ်ချီများကို လောဘတကြီး ရှုသွင်းနေသည်။

သူတို့သည် တစ်ဦးပြီးတစ်ဦး ရှေ့သို့တိုးလိုက်ကြပြီး နတ်တောင်ပေါ်သို့သွား၍ ရှေးဟောင်းအင်ပါယာ၏အမွေအနှစ်များကို ရှာရန် အသင့်ဖြစ်နေပေပြီ။

“နေကြပါဦး...”

အသံတစ်ခုထွက်ပေါ်လာရာ သူတို့သည် ခြေလှမ်းများတုံ့သွားကြသည်။ သူတို့က ရှီးချီယောင်ကို လှည့်ကြည့်လိုက်ကြ၏။

“ချီယောင်... အခု နတ်တောင်ထွက်ပေါ်လာပြီဆိုတော့ ကျုပ်တို့ အမြန်လုပ်ရမယ်မလား”

အဘိုးအိုတစ်ဦးက ပြောသည်။

“အားလုံးပဲ နတ်တောင်တစ်ဝိုက်မှာပဲ နေကြပါ။ မိုးစက်နတ်ဝင်္ကပါကို ဆင်ပြီး နတ်တောင်ကို အပြင်လောကနဲ့ ခွဲခြားလိုက်ပါ”

ရှီးချီယောင်က ပြောသည်။ သူမ၏အမိန့်သည် အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို နားမလည်နိုင်ဖြစ်သွားစေသည်။ သူတို့အားလုံးသည် အူလည်လည်မျက်နှာထားဖြင့် သူမကို ကြည့်လိုက်ကြ၏။

ထိုကဲ့သို့သောအချိန်တွင် အားလုံးသည် နတ်တောင်ပေါ်သို့သွား၍ ရှေးဟောင်းအင်ပါယာ၏အမွေအနှစ်များကို ရှာဖွေလိုသည်။ ထိုအခွင့်အရေးသည် အထူးအခွင့်အရေးဖြစ်သည်။ သူတို့သာ ထိုနေရာတွင်နေ၍ မိုးစက်နတ်ဝင်္ကပါကိုဆင်နေပါက မည်သူသည် နတ်တောင်ပေါ်သို့သွားမည်နည်း။

“ကျွန်မ ကျိုးရိမြို့က သတင်းရထားတယ်။ လေညင်းအိမ်တော်ကနေပြီး လူအများကြီး ထွက်ခွာသွားပြီတဲ့။ သူတို့လည်း တည်နေရာကို သိသွားပြီးဖြစ်ရမယ်... မကြာခင်သူတို့ ဒီနေရာကို ရှာတွေ့တော့မယ်။ ရန်ဟောင်ရီက အမွေအနှစ်တွေကို ဖော်တဲ့နေရာမှာ ကျွမ်းကျင်တယ်။ သူနဲ့ ကျွန်မပဲ နတ်သဲလွန်စတွေကို သွားရှာမယ်။ အကြီးအကဲတို့က ဒီမှာပဲနေပြီး မိုးစက်နတ်ဝင်္ကပါကို ဆင်ကြပါ။ ကျွန်မတို့ကို ဘယ်သူမှ အနှောင့်ယှက်ပါစေနဲ့”

ရှီးချီယောင်က ထပ်ပြောသည်။

လူများစွာက စိတ်ရှုပ်သွားသည်။ သူတို့အားလုံးသည် အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများဖြစ်ပြီး ရှီးချီယောင်သည် အနောင်အင်ပါယာနန်း‌တော်၏နတ်မိမယ်ဖြစ်သည်။ သို့သော် သူမသည် ရီဖူရှင်းနှင့်အတူ အမွေအနှစ်များဖော်ရန်သွားမည်ဟု ဆိုနေသည်။ သူမသည် သူနှင့်အတူလိုက်သွားမည်ဖြစ်သော်လည်း သူမသည် ရီဖူရှင်း၏ပြိုင်ဘက်မဟုတ်ကြောင်း လူတိုင်းသိသည်။ ထို့ကြောင့် နတ်‌တောင်‌ပေါ်ရှိ အမွေအနှစ်များသည် ရီဖူရှင်းအတွက်သာ ဖြစ်နေသကဲ့သို့ အဓိပ္ပာယ်ပေါက်နေ၏။

အဘယ်ကြောင့် သူမသည် အပြင်လူတစ်ဦးကို ကူညီနေရသနည်း။

နတ်‌တောင်ပေါ်တွင် သန့်စင်ဆေးအင်ပါယာ၏အမွေအနှစ်လည်း ရှိနေနိုင်သည်။ ထိုအမွေအနှစ်သည် ကောင်းကင်ဒေသကလိုအပ်နေသော အရာဖြစ်သည်။ အကယ်၍ အနောက်အင်ပါယာနန်းတော်သာ ထိုအမွေအနှစ်ကို ရရှိခဲ့လျှင် သူတို့သည် ပို၍စွမ်းအားကြီးလာမည်ဖြစ်သည်။ သူမအနေဖြင့် မည်သည့်အကြောင်းရှိစေကာမူ ထိုကဲ့သို့အခွင့်အရေးကောင်းကို သူစိမ်းတစ်ဦးကို ပေးမပစ်သင့်ပေ။

ထို့အပြင် သူတို့သည် ဝင်္ကပါတစ်ခုပင်ဆင်၍ ရီဖူရှင်းကို ကူညီပေးရဦးမည်ဆိုသလော။

ထိုအမိန့်သည် လုံးဝအဓိပ္ပာယ်မရှိပေ။

“ချီယောင်... ငါ ဒီကိစ္စကို သဘောမတူနိုင်ဘူး။ ငါတို့ အခုပဲ အမွေအနှစ်တွေကို သွားရှာတော့မယ်”

ဟိတ်ဟန်ကောင်းသော အသက်လတ်ပိုင်းအမျိုးသားတစ်ဦးသည် ဝါကြီးသူတစ်ဦး၏လေသံဖြင့် ပြောသည်။ သူသည် ရှီးချီယောင်၏ဦးရီးတော်ဖြစ်သည်။ ရှီးချီယောင်သည် နတ်မိမယ်ဖြစ်သော်လည်း သူမ၏မိသားစုတွင် သူမ၏အဆင့်သည် မမြင့်ပေ။ ဤတစ်ခေါက်တွင် သူမထက် အဆင့်မြင့်သူများလည်း အတူပါလာသည်။

“ကျွန်မက ဦးရီးတော်နဲ့ တိုင်ပင်နေတာမဟုတ်ဘူး။ နတ်မိမယ်တစ်ပါးအနေနဲ့ ဦးရီးတော်တို့ကို မိုးစက်နတ်ဝင်္ကပါတစ်ခုဆင်ဖို့ အမိန့်ပေးနေတာ”

ရှီးချီယောင်၏မျက်ဝန်းထဲတွင် ပုံမှန်မဟုတ်သောအလင်းတစ်ချက်လက်သွားသည်။ ထိုမျက်ဝန်းများသည် အနောင်အင်ပါယာ၏မျက်ဝန်းများနှင့် ဆင်တူသည်။ သူမက အနောက်အင်ပါယာနန်းတော်မှ ရာထူးအာဏာရှိသည့် အကြီးအကဲများကို ဝေ့၍ကြည့်လိုက်သည်။

“သူက ကောင်းကင်ဒေသရဲ့ ရန်သူပဲ... မင်းကဘယ်လိုလုပ် သူနဲ့ မဆင်မခြင်ပူးပေါင်းနိုင်ရတာလဲ...”

ရှီးချီယောင်၏ဦးရီးတော်သည် သူမ၏အမိန့်ကို နာခံရန် အင်တင်တင်ဖြစ်နေပေသည်။

“အခုစလုပ်တော့... မဟုတ်ရင် အင်ပါယာနန်းတော်ကိုပြန်ရောက်တာနဲ့ ဦးရီးတော်တို့အကုန်လုံးကို ကလန်စည်းမျဉ်းအတိုင်း အပြစ်‌ပေးရမှာပဲ”

ရှီးချီယောင်က အရှိန်အဝါအပြည့်ဖြင့် အော်ပြောသည်။ သူမသည် သူမ၏ဦးရီးတော်ကို စကားဆုံးအောင်ပင် ပြောခွင့်မပေးလိုက်ပေ။

အမြဲပြုံးနေတတ်ပြီး သိမ်မွေ့လှပသည့် ထိုမိန်းမပျိုလေးသည် ထိုအခိုက်တွင် စိတ်ဓာတ်ခိုင်မာ၊ ဆုံးဖြတ်ချက်ပြတ်သားနေပြီး ဟန်ပန်အပြည့်ဖြင့် အမိန့်ပေးနေ၏။

“သူ အမိန့်ပေးတဲ့အတိုင်းလုပ်ကြ...”

ရှီးချီယောင်နောက်မှ အဘိုးအိုက ပြောသည်။

“ကောင်းပြီလေ...”

ရှီးချီယောင်၏ဦးရီးတော်က အံကြိတ်၍ ပြောလိုက်၏။ အခြားသူများသည်လည်း ခေါင်းညိတ်ကာ စတင်လုပ်ဆောင်လေသည်။ သူတို့ထဲမှအချို့သည် ရှီးချီယောင်ကို ယုံကြည်သည်။ သို့သော် အများစုမှာ သူမ၏အမိန့်ကို အင်တင်တင်ဖြင့် နာခံနေရခြင်းပင်။ သူမသည် အနောက်အင်ပါယာ၏ စွမ်းအားအကြီးဆုံး ဆက်ခံသူဖြစ်ပြီး အနောက်အင်ပါယာနန်းတော်က ရွေးချယ်ထားသော နတ်မိမယ်ဖြစ်လေသည်။ သူမထက်ဝါကြီးသူများပင် သူမ၏အမိန့်ကို နာခံရမည်ဖြစ်သည်။

အနောက်အင်ပါယာနန်းတော်၏ နန်းတော်သခင်သည် ရှီးချီယောင်က သူမှလွဲ၍ ကလန်အတွင်းမှ မည်သူ့ကိုမဆို အမိန့်ပေးနိုင်သည်ဟု ကြေညာခဲ့ဖူးလေသည်။ သူမ၏အမိန့်ကို ဆန့်ကျင်သူများသည် အနောက်အင်ပါယာနန်းတော်ကို သစ္စာဖောက်သူဟု သတ်မှတ်ခံရမည်ဟုလည်း ပြောခဲ့သည်။ သစ္စာဖောက်၏ရာထူးအာဏာများကို ကလန်၏စည်းမျဉ်းများအတိုင်း ဖယ်ရှားပစ်မည်ဖြစ်သည်။ ထိုအဘိုးကြီးသည် အလိုလိုက်ခံထားရ၍ ဆိုးနေသော ငယ်ရွယ်သည့်ရှီးချီယောင်ကို အဘယ်ကြောင့် များစွာယုံကြည်နေသည်ကို မည်သူမှမသိပေ။

ရှီးချီယောင်က သူမ၏လူများကို အမိန့်ပေးပြီးသွားသောအခါ ရီဖူရှင်းကို ပြောသည်။

“နတ်တောင်ပေါ်ကို သွားကြစို့”

ရီဖူရှင်းက တစ်ချိန်လုံး ရပ်၍ပင်ကြည့်နေ၏။ ထိုကိစ္စများသည် တစ်ခဏအတွင်း ဖြစ်ပျက်သွားခြင်းပင်။ ရှီးချီယောင်၏ တိုတောင်းသော်လည်း အာဏာစက်ပါသည့်စကားများကြောင့် သူသည် သူမ၏အခြားစရိုက်တစ်ခုကို မြင်လိုက်ရကာ အံ့အားသင့်သွား၏။ ထိုရှေးဟောင်းနတ်ဘုရားကလန်က ရွေးချယ်ထားသော ဆက်ခံသူသည် အတော်လေး ဉာဏ်ရည်ထက်မြက်၍ အရှိန်အဝါရှိသည်။ ထိုသို့အမိန့်ပေးကာ အာဏာပြသွားသူနှင့် သူသိခဲ့သော သိမ်မွေ့လှပသည့်မိန်းမပျိုလေးမှာ တစ်ယောက်တည်းဖြစ်နေသည်ကို သူယုံရန်ခက်နေ၏။

“သူပြောတာမှန်သားပဲ... ဒီလိုလုပ်ရင် အင်အားစုတွေအများကြီးကို အပြစ်ပြုမိသလိုဖြစ်သွားလိမ့်မယ်”

ရီဖူရှင်းက ပြောသည်။ သူသည် ကောင်းကင်ဒေသ၏ဘုံရန်သူဖြစ်လေသည်။ ရှီးချီယောင်သည် သူ့ကို ပေါ်ပေါ်ထင်ထင် ကူညီပေးမည်မဟုတ်ဟု ရှင်းရှင်းလင်းလင်း ပြောထားခဲ့သည်။ သို့သော် ယခု သူမလုပ်နေသောအရာမှာ သူမ၏ပြောစကားနှင့် ဆန့်ကျင်နေသည်။ သူမသည် အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို မိုးစက်နတ်ဝင်္ကပါဆင်၍ သူ့ကိုကူညီပေးရန် အမိန့်ပေးနေသည်။

“ကျွန်မတို့မှာ အချိန်သိပ်မရှိဘူး။ တခြားအင်အားစုတွေ လာနေကြပြီ။ မြန်မြန်လုပ်မှရမယ်”

ရှီးချီယောင်က ပြောသည်။

“ပြီးတော့ ကျွန်မက ရှင့်ကို အလကားကူညီပေးနေတာမဟုတ်ဘူး။ ဒီပူးပေါင်းမှုမှာ ဝေစုအချိုးကျတစ်ခုက သေချာပေါက် ရှိဖို့လိုတယ်”

ရီဖူရှင်းက သူ့ဘေးမှ ရှီးချီယောင်ကို ကြည့်လိုက်၏။ သိမ်မွှေ့သောအပြုံးဖြင့် သူမ၏ပုံစံမှာ ယခင်ကဲ့သို့ ပြန်ပြောင်းလဲသွားချေပြီ။

“အဲဒီလူတွေအကြောင်းကို တွေးမနေပါနဲ့တော့။ အခု အရေးအကြီးဆုံးက နတ်‌တောင်ပေါ်မှာရှိနေတဲ့ ရှေးဟောင်းအင်ပါယာရဲ့ အမွေအနှစ်တွေကို ရှာပြီး မြန်နိုင်သမျှ မြန်မြန် ဒီကယူသွားဖို့ပဲ”

ရှီးချီယောင်က ထပ်ပြောသည်။

ရီဖူရှင်း သူမကို ခေါင်းညိတ်ပြလိုက်သည်။ သူသည် သူတို့အောက်ရှိ နတ်တောင်ကိုကြည့်လိုက်ပြီး သူ၏နတ်အာရုံကို ထုတ်လွှတ်ကာ နတ်ကျွန်းကို လွှမ်းခြုံလိုက်၏။

လေညင်းအိမ်တော်သည် အံ့အားသင့်လောက်အောင် မြန်သည်။ ထို့ကြောင့် သူတို့သည် အမှန်ပင် မြန်မြန်လုပ်ရမည်ဖြစ်သည်။ သူရှာစရာရှိသည်ကို မြန်မြန်ရှာ၍ ထိုနေရာမှ ထွက်ခွာသွားရပေမည်။ သူအလိုရှိသည်ကိုသာ ရခဲ့လျှင် ထပ်၍စိုးရိမ်စရာမလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် မည်သူမှ သူ့ကိုဖမ်းမိနိုင်လောက်သည်အထိ မလျင်မြန်သောကြောင့်ဖြစ်သည်။

ထို့အပြင် သူသည် ဝေးနိုင်သမျှ ဝေးဝေးသို့ သွားနိုင်သည်။

နတ်တောင်ပေါ်တွင် အသက်စွမ်းအင်များပြည့်နေသည့် စိမ်းလန်းစိုပြေသော ရှေးဟောင်းသစ်ပင်များ ဖုံးလွှမ်းနေသည်။ နတ်တောင်ပေါ်မှအပင်များမှာ ပင်လယ်ကြမ်းပြင်အောက်တွင် အချိန်ကြာမြင့်စွာနေခဲ့ရသော်လည်း လောကဝိညာဉ်ချီများက အာဟာရပေးထားသဖြင့် အားကောင်းသော သက်ရှိအငွေ့အသက်များကို ပေးနေဆဲဖြစ်သည်။

“အဲဒီဆေးမြစ်တွေနဲ့ သစ်ပင်တွေအကုန်လုံးမှာ ဝိညာဉ်ရှိကြတယ်။ ဒီအပင်တွေက နတ်ဆေးမြစ်တွေ၊ နတ်သစ်ပင်တွေပဲ... အရမ်းအဖိုးတန်တယ်”

ရီဖူရှင်းက နတ်တောင်ပေါ်ရှိ အပင်များကိုကြည့်လျှက် လေသံတိုးတိုးဖြင့် ပြောသည်။ ထိုအပင်များအားလုံးသည် အပြင်လောကများတွင် မြင်ရခဲသော အဖိုးတန်ဆေးဖက်ဝင်အပင်များဖြစ်သည်။ ၎င်းတို့သည် ရတနာအစစ်အမှန်များ ဖြစ်သည်။

သို့သော် နတ်တောင်တစ်တောင်လုံးတွင် ထိုကဲ့သို့သောအပင်များနှင့် ပြည့်နှက်နေ၏။

နတ်တောင်သည် ရတနာသိုက်ကြီးတစ်ခုကဲ့သို့ပင်။

“ဝိညာဉ်ကိုးပါးဆေးမြစ်၊ သက်ရှည်ဆေးပင်၊ နတ်နွယ်ပင်...”

ရှီးချီယောင်သည် အောက်သို့ငုံ့ကာ သူမ၏နတ်အာရုံဖြင့် ကြည့်ရှုလိုက်ရာ ရှားပါးသော ဆေးမြစ်များ၊ ဆေးပင်များကို ‌တွေ့လိုက်ရသည်။ သူမသာ ထိုအပင်အနည်းငယ်ကိုသာ ယူသွားနိုင်ခဲ့ပါက ဆေးဖော်ရန်အတွက် သုံးနိုင်သော ကုန်ကြမ်းများပြည့်နှက်နေသည့် ကိုယ်ပိုင်ရတနာသိုက်တစ်ခုကိုပိုင်ဆိုင်သွားမည်ဖြစ်သည်။

“လောလောဆယ် ဘာကိုမှမထိနဲ့ဦး။ ကျုပ်တို့  ရှေးဟောင်းအင်ပါယာရဲ့ အမွေအနှစ်တွေကို အရင်ဆုံး ရှာရမယ်...”

ရီဖူရှင်းက သူ၏လောဘကို ချွန်းအုပ်လိုက်သည်။ ဆေးပင်၊ ဆေးမြစ်များယူရန် အချိန်မကျ‌သေးပေ။ အကယ်၍ သူတို့သည် ထိုနေရာတွင် တစ်ခုခုကိုသွားထိလိုက်သဖြင့် အမွေအနှစ်များကိုရှာရန် ကျရှုံးခဲ့ပါက နောင်တကြီးစွာရမည်ဖြစ်သည်။

“ရှင် တစ်ခုခု ရှာတွေ့ပြီလား”

ရှီးချီယောင်က မေးလိုက်သည်။ သူမ၏နတ်အာရုံသည် နတ်တောင်ကို တစ်လက်မ,မကျန် ရှာဖွေနေသော်လည်း မည်သည့်အမွေအနှစ်ကိုမှ မတွေ့သေးပေ။ တောင်ပေါ်တွင် ထူးခြားသည့်အရာမရှိပေ။

“ဟင့်အင်း...”

ရီဖူရှင်း ခေါင်းခါပြလိုက်သည်။ သူသည်လည်း ရှီးချီယောင်ကဲ့သို့ပင် နတ်အာရုံကိုသုံး၍ နတ်တောင်တစ်တောင်လုံးကို ရှာဖွေနေသော်လည်း တောင်တစ်တောင်လုံးအပေါ်တွင် အဖိုးတန်အပင်များကိုသာ တွေ့ရ၏။

“ဒီဒဏ္ဍာရီလာတောင်ပေါ်မှာ အဖိုးတန် ဝိညာဉ်ဆေးမြစ်တွေနဲ့ ဆေးပင်တွေပဲ အများကြီးရှိပြီးတော့ ရှေးဟောင်းအင်ပါယာရဲ့ အမွေအနှစ်တွေမရှိဘူးလား”

သူ့အတွေးထဲတွင် ယူဆချက်တစ်ခုပေါ်လာသည်။ ထိုနေရာရှိ အရာအားလုံးသည် အဖိုးတန်ပြီး တန်ဖိုးမဖြတ်နိုင်ပေ။ သို့သော် အရာအားလုံးက ဤမျှ မရိုးရှင်းနိုင်ပေ။

သူတို့နှစ်ဦးစလုံးသည် သူတို့၏နတ်အာရုံများကိုသုံး၍ ရှာဖွေနေသည်။ ရှီးချီယောင်က မျက်မှောင်ကြုတ်သွား၏။

“ဒီနတ်တောင်နဲ့ပတ်သတ်ပြီး ကောလာဟလတွေအများကြီးရှိတယ်။ ဒါပေမဲ့ ဒီနေရာက မဟာအင်ပါယာတစ်ယောက် သူ့ရဲ့ ‌ဆေးဖက်ဝင် ဆေးမြစ်၊‌ ဆေးပင်တွေ စိုက်တဲ့နေရာပဲဖြစ်နေလောက်တယ်... ဒီမှာ ဘာအမွေအနှစ်မှ မရှိတာလည်း ဖြစ်နိုင်တယ်”

သူမဘေးမှ ရီဖူရှင်းသည် ရုတ်ခြည်း မျက်နှာထားထူးဆန်းသွားသည်။ သူ့မျက်လုံးများသည် ဗလာနယ်ကိုကျော်၍ အမှန်တရားကိုမြင်နိုင်သကဲ့သို့ ထင်နေရ၏။

သူသည် တစ်စုံတစ်ခုကို အာရုံခံလိုက်မိပုံရသည်။ ရှီးချီယောင် ငုံ့ကြည့်လိုက်ရာ သူမ၏မျက်လုံးများလည်း ပြောင်းလဲသွားသည်။ ထိုမျက်လုံးများသည် အနောက်အင်ပါယာ၏မျက်လုံးများနှင့် ဆင်တူသည်။

သို့သော် သူမ မည်သည့်အရာကိုမှ အာရုံမရပေ။

“ဆေးလုံးတွေ...”

ရီဖူရှင်း စကားတစ်ခွန်းပြောသည်။ ရှီးချီယောင်က သူ့ကိုကြည့်လိုက်၏။

ရီဖူရှင်းသည် အောက်ဘက်ရှိ နတ်တောင်ကိုကြည့်လျှက် ပြောလိုက်၏။

“နတ်တောင်ပေါ်က ဆေးမြစ်တွေ၊ ဆေးပင်တွေကို ဆေးလုံးတွေက အာဟာရပေးနေတာပဲ။ ထိပ်သီးအဂ္ဂရိတ်ပညာရှင်တွေ ဒီ‌ကျွန်း‌ပေါ်မှာ ကျင့်ကြံခဲ့ကြဖူးတယ်။ သူတို့က ဆေးလုံးတွေ‌ဖော်စပ်ပြီးတော့ ဒီက ဆေးမြစ်၊ ဆေးပင်တွေကို အာဟာရပေးခဲ့ကြတာပဲ။ တချို့ဆေးမြစ်တွေဆိုရင် သူတို့ရဲ့ ဆေးလုံးတွေက ပြောင်းလဲလာတဲ့ ဆေးမြစ်တွေပဲ”

“ပြောင်းပြန်စိုက်ပျိုးခြင်းလား...”

ရှီးချီယောင်သည် လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“တချို့ဆေးလုံးတွေက ဖော်စပ်ခံရပြီးနောက်မှာ ဆေးကပ်ဘေးလို့ခေါ်တဲ့ ကပ်ဘေးတစ်ခုကို ကျော်လွှားရတယ်လို့ ကျုပ်ကြားဖူးတယ်။ အဲဒီဆေးလုံးတွေမှာ ဝိညာဉ်ရှိတယ်။ တချို့အထူးဆေးလုံးတွေကို အဖိုးတန်ဆေးမြစ်တွေ စိုက်ပျိုးဖို့ သုံးနိုင်တယ်။ အဲဒါကြောင့် အဲဒီဆေးလုံးတွေက ဆေးကပ်ဘေးနဲ့ အရည်အသွေးစစ်ဆေးတာကို ခံရတာပဲ။ အဲဒီနည်းနဲ့ ပိုပြီးအဆင့်မြင့်တဲ့ ဆေးလုံးတွေကို ဖော်စပ်နိုင်တယ်...”

“ဝိညာဉ်...”

ရီဖူရှင်းသည် ထိုစကားလုံးကို ထပ်၍ရေရွတ်လိုက်သည်။ သူသည် အောက်သို့ကြည့်နေဆဲဖြစ်ပြီး တောင်၏တစ်လက်မ,မကျန် ရှာဖွေနေ၏။

ထို့နောက် သူသည် မျက်လုံးမှိတ်လိုက်ပြီး ဈာန်ဝင်စားကာ ဗုဒ္ဓသုတ္တံများကို ရွတ်လိုက်သည်။

ရီဖူရှင်း၏ခန္ဓာကိုယ်ကို ဗုဒ္ဓရောင်ခြည်တော်ကဲ့သို့ နတ်အလင်းတစ်ခုက လွှမ်းခြုံသွားသည်။ ရှီးချီယောင်သည် အံ့အားသင့်နေသည်။ သူမသည် ရီဖူရှင်း၏ဘေးတွင် ရပ်နေရင်း သူမပင် ဈာန်ဝင်စားမှုအခြေအနေအတွင်းသို့ ဆွဲခေါ်ခံလိုက်ရတော့မလို ရင်ထဲတွင် လှိုက်လှဲမှုတစ်ခုကို ခံစားလိုက်ရသည်။

ထိုအခိုက်တွင် ရီဖူရှင်းသည် တည်ရှိနေသည်ဟု မထင်ရပေ။ သူ့လောကအတွင်း၌ နတ်တောင်တစ်ခုသာ ရှိသကဲ့သို့ပင်။ သူသည် သစ်ပင်အားလုံး၊ ဆေးမြစ်အားလုံးနှင့် ၎င်းတို့ပေါ်ရှိ အရွက်အားလုံးကို အာရုံခံစားနေသည်။ သူသည် ၎င်းတို့၏ဝိညာဉ်များနှင့် ဆက်သွယ်နေသကဲ့သို့ပင်။

ရွှီး...

ရီဖူရှင်းသည် ရုတ်တရက်ပျောက်ကွယ်သွား၏။ ထို့ကြောင့် ရှီးချီယောင် အူကြောင်ကြောင်ဖြစ်သွားသည်။ သူမငုံ့ကြည့်လိုက်ရာ ရီဖူရှင်းသည် နတ်တောင်ပေါ်ရှိ တစ်နေရာတွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။ သူသည် ထိုနေရာတွင် တိတ်တဆိတ်ရပ်နေ၏။

သူရပ်နေသောနေရာသည် တောင်ကတုံးတစ်နေရာဖြစ်သည်။ သူ့အရှေ့တွင် ဆေးမြစ်အနည်းငယ်သာရှိသည်။ သို့သော် ထိုသာမန်ဆေးမြစ်များသည် နတ်တောင်ပေါ်တွင် အခြားနတ်ဆေးမြစ်များ၊ နတ်သစ်ပင်များနှင့်အတူယှဉ်တွဲပေါက်ရောက်နေခြင်းပင်။

ထို့အပြင် ၎င်းတို့၏ပတ်ပတ်လည်တွင် အခြားမည်သည့်အပင်မှ မရှိပေ။

ရှီးချီယောင်သည်လည်း ထိုနေရာတွင် ဆင်းသက်လိုက်သည်။ သူမသည် ရီဖူရှင်းနှင့် ထိုဆေးမြစ်များကို နားမလည်ဟန်ဖြင့်ကြည့်လိုက်၏။

ထိုဆေးမြစ်များသည် သာမန်ဆေးမြစ်များဖြစ်သောကြောင့် နတ်တောင်ပေါ်တွင် လျစ်လျူရှုခံရမည်မှာ အသေအချာပင်ဖြစ်သည်။ နတ်တောင်သို့ရောက်လာသူများသည် ၎င်းတို့ကို သတိမထားမိဘဲဖြင့်ပင် တက်နင်းမိနိုင်၏။  သို့သော် ရီဖူရှင်းသည် အကြောင်းတစ်ခုခုကြောင့် ထိုနေရာတွင် ဆင်းသက်ရန်ရွေးချယ်လိုက်ပြီး ယင်းဆေးမြစ်များကို စိုက်ကြည့်နေ၏။

သူမသည် အကြောင်းအရင်းကို မသိသော်လည်း မည်သည့်မေးခွန်းမှ မမေးဘဲ တိတ်တဆိတ်သာရပ်နေလိုက်၏။ ရီဖူရှင်းသည် သူမထက် စွမ်းအားကြီးသည်။ သူ့တွင် ထိုသို့လုပ်ရသည့်အကြောင်း ရှိပေလိမ့်မည်။ သူမသာ သူ့ကိုမယုံလျှင် အစကတည်းက ဤနေရာသို့ သူနှင့်အတူ လာမည်မဟုတ်ပေ။

***

ထိုအခိုက်တွင် နတ်တောင်နှင့်မလှမ်းမကမ်းနေရာ၌ ကြောက်မက်ဖွယ်အရှိန်အဝါများရှိသည့် စွမ်းအားကြီးကျင့်ကြံသူတစ်စုသည် ပင်လယ်ပြင်ထက်မှ လေထုကို ဖြတ်၍ပျံသန်းလာသည်။ သူတို့သည် ကျိုးရိမြို့မှ စွမ်းအားကြီးကျင့်ကြံသူများဖြစ်သည်။

“ငါတို့လာတာနောက်ကျသွားပြီလား”

သူတို့သည် ရှေ့သို့လှမ်းကြည့်လိုက်ရာ ‌နောက်မကျသေးကြောင်းကို သိလိုက်ရသည်။

“မိုးစက်နတ်ဝင်္ကပါ... အဲဒီလူတွေက တကယ့်ကို အနောက်အင်ပါယာနန်းတော်ကပဲ”

သူထို့ထဲမှ တစ်ယောက်က သူတို့အရှေ့တွင် နတ်တောင်ကိုမြင်ရမည့်အစား မိုးစက်ကန့်လန့်ကာတစ်ခုကို မြင်လိုက်ရသဖြင့် ပြောသည်။ ထိုတစ်နေရာလုံးတွင် မိုးစက်များဖြင့် ပြည့်နှက်နေသည်။ သူတို့ထဲကမည်သူမှ ထိုဝင်္ကပါအတွင်းသို့ အလျင်စလိုဝင်မသွားဝံ့ပေ။

ကျဆင်းနေသော မိုးစက်များထဲတွင် လွန်စွာစူးရှသော စွမ်းအင်များရှိနေ၏။ ထိုမိုးစက်များသည် လောကအတွင်းရှိ အထက်ရှဆုံးဓားသွားများကဲ့သို့ပင်။

၎င်းသည် အနောင်အင်ပါယာနန်းတော်က ဆင်ထားသော မိုးစက်နတ်ဝင်္ကပါဖြစ်သည်။

All Chapters