← Chapters

လုယူ၍ ထွက်သွားခြင်း

Vol. 177 Ch. 2530

လုယူ၍ ထွက်သွားခြင်း

Vol. 177 Ch. 2530

မိုးစက်နတ်ဝင်္ကပါသည် အနောက်အင်ပါယာနန်းတော်၏ အဓိကကျသော သတ်ဖြတ်အစီအရင်တစ်ခုဖြစ်သည်။ ၎င်းသည် လွန်စွာစွမ်းအားကြီး၏။ ထိုကြောင့် ရောက်ရှိလာသော စွမ်းအားကြီးကျင့်ကြံသူများသည် တုံ့ဆိုင်းနေကြ၏။ သူတို့သည် ထိုဝင်္ကပါထဲသို့ မဆင်မခြင်ဝင်မသွားဝံ့ပေ။

“ရှေးဟောင်းအင်ပါယာရဲ့ နတ်တောင်က ရှေးခေတ်က အမွေအနှစ်တစ်ခုပဲ။ အနောက်အင်ပါယာနန်းတော်က ဒီနေရာကို ပိတ်ဆို့ပြီး နတ်တောင်ကို တစ်ဦးတည်းလက်ဝါးကြီးအုပ်မလို့လား”

စွမ်းအားကြီးကျင့်ကြံသူများထဲမှ တစ်ယောက်က ရှုတ်ချသည့်လေသံဖြင့် ပြောသည်။

သို့သော် မိုးစက်ဝင်္ကပါအတွင်းမှ မည်သည့်တုံ့ပြန်မှုမှ ပေါ်မလာပေ။

မိုးစက်များ ဆက်လက်ကျဆင်းနေသည်။ ထိုမိုးစက်များသည် သေမင်းမိုးစက်များဖြစ်သည်။

အနောက်ပင်လယ်ကုန်းမြေသည် အနောင်အင်ပါယာနန်းတော်၏နယ်မြေဖြစ်သည်။ ကုန်းမြေသခင်အိမ်တော်ရှိသော်လည်း အနောက်အင်ပါယာနန်းတော်သည် စွမ်းအားအကြီးဆုံး အင်အားစုဖြစ်၏။ ရှေးဟောင်းနတ်ဘုရားကလန်၏ သမိုင်းကြောင်းနှင့် ရိုးရာယဉ်ကျေးမှုသည် ကုန်းမြေသခင်အိမ်တော်က ယှဉ်ပြိုင်နိုင်သောအရာမဟုတ်ပါ။

ဝုန်း...

သူတို့က စကားပြောနေလျှင်လည်း အပိုသာဖြစ်ကြောင်း သိကြသည်။ သူတို့က စွမ်းအားကြီးသော မဟာလမ်းစဉ်အဖျက်စွမ်းအားကို ထုတ်ကာ မိုးစက်နတ်ဝင်္ကပါကို တိုက်ခိုက်လိုက်ကြ၏။ သို့သော် မဟာလမ်းစဉ်တိုက်ခိုက်မှုမှာ အချည်းနှီးသာဖြစ်ပြီး မိုးစက်နတ်ဝင်္ကပါအတွင်းသို့ ရောက်သွားသည်နှင့် ပျက်သုဉ်းသွား၏။

“အနောက်အင်ပါယာနန်းတော်ကို ဦးဆောင်လာတာ ဘယ်သူလဲ”

ထိုအခိုက်တွင် အရှိန်အဝါအပြည့်ဖြင့် အသံတစ်သံထွက်ပေါ်လာ၏။ ရှိန်လောက်စရာ လျှပ်စီးတန်းသည် လေထုကိုဖြတ်သန်းသွားပြီး ကောင်းကင်ကပ်ဘေး၏ ကြောက်မက်ဖွယ်အားများပါဝင်သော လျှပ်စီးအပြစ်ဒဏ်နတ်အလင်းအဖြစ် ပြောင်းလဲသွား၏။

ရုတ်တရက် နေရာတစ်ခုလုံး အမှောင်ကျသွားသည်။

ပင်လယ်ထက်တွင် အဖျက်ကပ်ဘေးတစ်ခု ဖြစ်ပေါ်လာတော့မလိုပင်။

စွမ်းအားကြီးကျင့်ကြံသူများသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြ၏။ ကောင်းကင်ထက်တွင် အနောက်ပင်လယ်ကုန်းမြေသို့ အလည်လာသည့် ရှေးဟောင်းနတ်ဘုရားကလန်၏အင်အားစုတစ်ခုဖြစ်သော ယွမ်ရှီကုန်းမြေ၏ယွမ်ရှီနန်းတော်မှ သန်မာသောကျင့်ကြံသူတစ်ဦး ရှိနေ၏။

ရှေးဟောင်းနတ်ဘုရားကလန်မှ အင်အားစုများစွာသည် ‌‌နေရာအနှံ့တွင် တစ်စုပြီးတစ်စု ရောက်ရှိလာသည်။ သူတို့သည် လောကကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ် စွမ်းအားကြီးအရှိန်အဝါများဖြင့် မိုးစက်နတ်ဝင်္ကပါကို ဝန်းရံထား၏။

ကောင်းကင်ဒေသတွင် ဒွန်ဟောင်အင်ပါယာနန်းတော်ပြီးလျှင် ရှေးဟောင်းနတ်ဘုရားကလန်သည် စွမ်းအားအကြီးဆုံးဖြစ်သည်။ သူတို့ကဲ့သို့ အင်အားကြီးသော အင်အားစုများသည် အဂ္ဂရိတ်ပညာရပ်များနှင့် ဆေးလုံးများကို မဟာအင်ပါယာ၏အမွေအနှစ်ထက် ပိုလိုချင်ပေလိမ့်မည်။ ရှေးဟောင်းနတ်ဘုရားကလန်သည် အသင့်လျော်ဆုံး အင်ပါယာအဆင့်အမွေအနှစ်များ ရှိထားပြီးမဟုတ်ပေလော။ ထို့အပြင် အဂ္ဂရိတ်လမ်းစဉ်သည် သူတို့ကိုပို၍ အင်အားကြီးလာစေနိုင်ပြီး ဒွန်ဟောင်အင်ပါယာအောက်မှ နံပါတ်တစ်အင်အားစုဖြစ်လာစေနိုင်သည်။

လက်ရှိတွင် ကောင်းကင်ဒေသ၌ ထိပ်သီးအဂ္ဂရိတ်ပညာရှင်မရှိပေ။ သို့သော် ပစ္စည်းများပြုလုပ်ရာတွင်တော်သော အင်အားစုများတော့ရှိသည်။

ထျန်းယန်မြို့သည် ထျန်းယန်ကုန်းမြေတွင်တည်ရှိပြီး ရှေးဟောင်းနတ်ဘုရားကလန်၏ အင်အားစုတစ်စုလည်းဖြစ်သည်။ ထျန်းယျန်မြို့သည် ကောင်းကင်ဒေသတွင် အခြေခိုင်ပြီးဖြစ်သည်။ ထျန်းယန်မြို့သခင်မှာ မောက်မာထောင်လွှားသူတစ်ဦးဖြစ်၏။ သူသည် တစ်ချိန်က ကောင်းကင်အာဏာစက်ကျောင်းတော်ကို လက်တစ်ဖက်ဖြင့်ပင် ဖျက်ဆီးပစ်ခဲ့ဖူးလေသည်။

ထိုစဉ်က ရှေးခေတ်မှ သန့်စင်ဆေးအင်ပါယာ၏ ဒဏ္ဍာရီလာအမွေအနှစ်ထွက်ပေါ်လာခဲ့သည်။ သူသည် ထိုအမွေအနှစ်အတွက် ယှဉ်ပြိုင်မည်သာဖြစ်သည်။

ထပ်မံ၍ မိုးစက်နတ်ဝင်္ကပါအတွင်းမှ မည်သည့်တုံ့ပြန်မှုမှ ထွက်မလာပေ။

“ကောင်းပြီလေ... ဒီလိုဆိုမှတော့ ငါတို့လည်းညှာတာနေတော့မှာ မဟုတ်ဘူး”

ကောင်းကင်ထက်မှ အေးစက်စက်အသံတစ်ခု ထပ်မံထွက်ပေါ်လာ၏။ နတ်ဝင်္ကပါပေါ်သို့ ကောင်းကင်ပြစ်ဒဏ်စွမ်းအား ကျဆင်းလာသည်။ တခြားစွမ်းအားကြီးကျင့်ကြံသူများလည်း လှုပ်ရှားလိုက်ကြ၏။ သူတို့သည် သူတို့နှင့်အဆင့်အတန်းတူသည့် အနောက်အင်ပါယာနန်းတော်မှ ဆင်ထားသော မိုးစက်နတ်ဝင်္ကပါကို တိုက်ခိုက်လိုက်ကြ၏။ သူတို့မှာ အနောက်အင်ပါယာနန်းတော်မှလူများထက် အရေအတွက်ပိုသာသည်။

****

နတ်တောင်အထက်တွင် များပြားသော လောကဝိညာဉ်ချီများသည် ကျွန်းတစ်ကျွန်းလုံးကို လွှမ်းခြုံထားသည်။

နတ်တောင်ပေါ်တွင် နတ်ဆေးမြစ်များ၊ နတ်ဆေးပင်များ မရေမတွက်နိုင်အောင်ရှိသော်လည်း ရီဖူရှင်းသည် မြက်ပင်များရှေ့တွင် တင်ပျဉ်ခွေထိုင်နေ၏။ ရှီးချီယောင်သည် သူ့အနောက်မလှမ်းမကမ်းတွင် ရပ်နေ၏။ သူမက သူ့ကို အနှောင့်အယှက်မပေးလိုပေ။

ရီဖူရှင်းသည် သူ၏အမွေအနှစ်ဖော်သည့် အရည်အချင်းကို ဟိုးကတည်းက သက်သေပြပြီးဖြစ်သည်။ သူ့ကို အမွေအနှစ်မုဆိုးဟုပင် ခေါ်နိုင်၏။ ထို့အပြင် သူမသည် သူ့ထက် အဖက်ဖက်မှ နိမ့်ကျသည်။ ထို့ကြောင့် ရှီးချီယောင်သည် နတ်တောင်၏လျှို့ဝှက်ချက်ကို သူ့အရင်ရှာတွေ့လိမ့်မည်ဟု စိတ်ကူးပင်မရှိချေ။

သူမသည် လုပ်နိုင်သည်နှင့် မလုပ်နိုင်သည်ကို ကွဲကွဲပြားပြားသိသည်။ ထို့ကြောင့် ရီဖူရှင်းအား စောင့်ကြည့်ရန်သာဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး သူမ၏လူများအား မည်သူမှမနှောင့်ယှက်ရန်နှင့် မိုးစက်နတ်ဝင်္ကပါဆင်ရန် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။ သို့ဆိုလျှင် သူ့အတွက် အချိန်အနည်းငယ်ပိုရနိုင်သည်။ သူသာအချိန်ပိုရခဲ့ပါက အခြားအင်အားစုများမှ ကျင့်ကြံသူများ ဤနေရာသို့ဝင်ရောက်မလာနိုင်ခင်တွင် နတ်တောင်၏လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ရန် အခွင့်အရေးကောင်းကောင်းရှိပေလိမ့်မည်။

ရီဖူရှင်းသည် မျက်လုံးများမှိတ်ထားပြီး ဈာန်ဝင်စားနေသည်။ သူက ရာနှုန်းပြည့်အာရုံစိုက်ထား၏။ သူသည် လေပြေလေညင်းလေးတိုက်ခတ်သွားသဖြင့် လှုပ်ယမ်းသွားသည့် မြက်ပင်များကိုပင် သိရှိနိုင်နေသည်။ ထိုမြက်ပင်များမှာ ပေါင်းပင်များကဲ့သို့ လွန်စွာအထိမခံနိုင်သည့်ပုံပေါက်နေ၏။

သို့သော် နတ်တောင်ပေါ်တွင် ထိုမြက်ပင်များသည် စွမ်းအားအကြီးဆုံးဝိညာဉ်ရှိသည့် အပင်များဖြစ်ကြောင်း ရီဖူရှင်းတစ်ယောက် အစောကပင်အာရုံရထားပြီးဖြစ်သည်။ အကယ်၍ သူသာလွန်စွာအာရုံမစူးရှဘဲ ဗုဒ္ဓဓမ္မကိုအသုံးပြု၍ ဈာန်မဝင်စားခဲ့ပါက ထိုဝိညာဉ်ကို သတိပင်ပြုမိခဲ့မည်မဟုတ်ပေ။

ထို့အပြင် မြက်ပင်များပတ်ပတ်လည်၌ အခြားမည်သည့်အပင်မှ မရှိပေ။ ထိုနေရာသည် ယင်းမြက်ပင်များ၏နယ်မြေကဲ့သို့ဖြစ်နေပြီး အခြားအပင်များသည် ၎င်းတို့နှင့် မယှဉ်ပြိုင်ဝံ့သကဲ့သို့ပင်။ ၎င်းတို့သည် တစ်သီးတစ်ခြားအုပ်စိုးနေသည့် ဘုရင်များကဲ့သို့ပင်ဖြစ်သည်။

ထိုအချက်များက ရီဖူရှင်းကို တွေးမိသွားစေသည်။ ၎င်းတို့သည် အမှန်ပင် မြက်ပင်များ ဟုတ်ပါလေသလော။

ရီဖူရှင်းသည် သူ့ကိုယ်သူပါမေ့လျော့နေသော ဈာန်ဝင်စားနေသည့်အခြေအနေတွင် မြက်ပင်များကို ခံစားနေပြီး ၎င်းတို့၏ဝိညာဉ်များနှင့် ဆက်သွယ်နိုင်ရန် ကြိုးစားနေ၏။ သို့သော် သူသည် ဆန်းကြယ်သောခံစားချက်တစ်ခုမှလွဲ၍ အခြားမည်သည့်သဲလွန်စကိုမှ ရှာမတွေ့ခဲ့ချေ။ မြက်ပင်များသည် လေညင်းထဲတွင် ညင်သာစွာလှုပ်ယမ်းနေ၏။   ၎င်းမြက်ပင်များသည် ထိုတောင်ပေါ်တွင်ပေါက်နေသော အခြားအပင်များကဲ့သို့ပင် မူမမှန်သည်များမရှိသည့်ပုံပေါက်နေ၏။

သူသည် သူ၏ထိုးထွင်းဉာဏ်၊ နတ်အာရုံနှင့် မျက်လုံးတို့ကိုသုံး၍ လေ့လာကြည့်ရှုခဲ့သော်လည်း မူမမှန်သည်ကို မတွေ့သေးပေ။

သို့သော် ရီဖူရှင်းသည် သူအမှားလုပ်ခဲ့မိသည်ဟု မယုံပေ။ ၎င်းအစား ထိုမြက်ပင်များသည် ပို၍ထူးခြားဆန်းကြယ်နေခြင်းသာ ပိုဖြစ်နိုင်သည်။

ရီဖူရှင်း လက်မလျှော့ပေ။ သူ့ခန္ဓာကိုယ်မှနေ၍ မဟာလမ်းစဉ်အရှိန်အဝါတစ်ခုထွက်လာပြီး မြက်ပင်များထံပျံ့နှံ့သွားကာ ၎င်းတို့နှင့်ပေါင်းစည်းရန် ကြိုးစားလိုက်သည်။

သို့သော် ထိုနည်းသည်လည်း အလုပ်မဖြစ်ပေ။

ရီဖူရှင်းက ထိုဝိညာဉ်ရှိနေသည်ကို အာရုံရနေသော်လည်း ၎င်းဝိညာဉ်သည် အပြည့်အဝနိုးထမလာသေးဘဲ အိပ်ပျော်နေဆဲဖြစ်ပြီး သူသည် ၎င်းကိုနှိုးရမည်ဖြစ်ကြောင်း ခပ်ရေးရေးခံစားနေရ၏။

မြေပေါ်တွင် ရှေးဟောင်းသစ်ပင်တစ်ပင်၏ အကိုင်းများနှင့် အရွက်များ ပေါ်ထွက်လာပြီး မြက်ပင်များဆီသို့ ပြန့်ကားသွားသည်။ ရီဖူရှင်းသည် သစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားကာ ၎င်းနှင့်အတူကြီးထွားနေသည်ဟု ထင်ရသည်။

မကြာမီတွင် သစ်ပင်သည် အမြစ်တွယ်လာသည်။ ၎င်း၏ သစ်ကိုင်းအသစ်များနှင့် သစ်ရွက်အသစ်များသည် မြက်ပင်များကို ဝန်းရံလိုက်သည်။ ၎င်းတို့သည် တစ်သားတည်းဖြစ်သွားသကဲ့သို့ပင်။ အသက်အရှိန်အဝါနှင့် မဟာလမ်းစဉ်ဝိညာဉ်စွမ်းအားတို့သည် ၎င်းတို့ထဲတွင် မပြတ်စီးဆင်းနေပြီး သူတို့အား အာဟာရပေးကာ ကြီးထွားရန် အထောက်အပံ့ပေးနေ၏။

လောကရှေးဟောင်းသစ်ပင်သည် လောကအတွင်းရှိ မည်သည့်အရာကိုမဆို ကုပ်တွယ်ထားနိုင်သည်။ ထိုနည်းသည် အလုပ်ဖြစ်၊ မဖြစ်ကို သူစမ်းကြည့်လိုက်နေသည်။

“ဘယ်လိုတောင် အံ့ဩဖို့ကောင်းတဲ့ အရှိန်အဝါလဲ”

ရှီးချီယောင်က ရီဖူရှင်း၏အရှိန်အဝါကို အာရုံရလိုက်သည်။ မဟာလမ်းစဉ်စွမ်းအားသည် မယုံနိုင်လောက်အောင် ချို့ယွင်းချက်ကင်းနေ၏။

အပြင်ဘက်တွင် မိုးစက်နတ်ဝင်္ကပါသည် လှုပ်ယမ်းနေသည်။ လေထုထဲမှ တိုက်ပွဲသည် ၎င်းအပေါ် သက်ရောက်မှုရှိပုံပင်။ ရှီးချီယောင် မျက်မှောင်ကြုတ်လိုက်သည်။ ရန်သူသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပုံပေါ်လေသည်။ သူမကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ ရန်သူများသည် မကြာခင်တွင် မိုးစက်နတ်ဝင်္ကပါကို ဖျက်ဆီးနိုင်တော့ပေမည်။

အကယ်၍ ရီဖူရှင်းသာ နှောင့်ယှက်ခံလိုက်ရပါက ဆက်၍ဈာန်ဝင်စားနိုင်မည်မဟုတ်ချေ။ သို့ဖြစ်လျှင် သူတို့ကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်သွားပေမည်။

“သူတို့ကို အချိန်ဆွဲထား”

ရှီးချီယောင် မော့ကြည့်ကာ လေထဲသို့ အော်ပြောသည်။  အနောက်အင်ပါယာနန်းတော်မှ စွမ်းအားကြီးကျင့်ကြံသူများသည် သူမပြောသည်ကို ကြားနိုင်ပြီး ရီဖူရှင်းအတွက် ဆက်၍အချိန်ဆွဲထားပေးနိုင်ကြောင်း သူမသိသည်။

မကြာမီတွင် ထိုမြက်ပင်များကို နတ်အလင်းများက လွှမ်းခြုံလာသည်။ ၎င်းတို့သည် ကြီးထွားလာပုံပေါ်၏။ အစိမ်းရောင်တောက်ပနေသော အစက်များ ပွင့်အာလာပြီး မြက်ပင်များသည် မြင့်မားကြီးထွားလာကြသည်။

“ဒါက စွမ်းအားကြီးဝိညာဉ်တစ်ကောင်ပဲ”

ထိုအခိုက်တွင် ယင်းဝိညာဉ်ကို ရှီးချီယောင်ပင် အာရုံခံလိုက်နိုင်သည်။ ကြီးထွားနေသော မြက်ပင်များသည် အသက်ရှိပုံပေါ်နေ၏။ ၎င်းတို့တွင် စွမ်းအားကြီးဝိညာဉ်တစ်ကောင်ရှိလေသည်။

ရီဖူရှင်းသည် ထိုဝိညာဉ်ကိုနှိုးရန် ကြိုးစားနေသည်။

အပင်များသည် အသိစိတ်ရှိနိုင်ပါသလော။

ဗုဒ္ဓသုတ္တံရွတ်ဆိုနေသောရီဖူရှင်း၏ကိုယ်ပေါ်တွင် ဗုဒ္ဓအလင်း ခပ်မှိန်မှိန်တောက်ပနေသည်။ သက္ကရစကားသံများသည် လေထဲတွင် ပျံ့နှံ့နေသည်။ ထိုအသံသည် ရှီးချီယောင်ကို ကမ္ဘာမြေကြီးသည်နိုးထလာပြီး အရာအားလုံးသည် ကြီးထွားလာကာ၊ အရာအားလုံးအသက်ရှိနေသည်ဟု ခံစားရစေ၏။

မြက်ပင်များသည် အဆက်မပြတ်လှုပ်ယမ်းနေသည်။ ၎င်းတို့ ကြီးထွားလာလေလေ လေက ၎င်းတို့ကိုချိုးဖျက်ရန် လွယ်လာလေလေကဲ့သို့ ထင်ရသည်။ သို့သော် ထိုသို့မဖြစ်လိုက်ပေ။ အလင်းများ တလက်လက်တောက်ပလာ၏။ ထိုဝိညာဉ်သည် ပို၍စွမ်းအားကြီးလာပြီဖြစ်ကြောင်း ရှီးချီယောင်ခံစားနေရ၏။

အလင်းများစုဝေးလာပြီး ထိုအလင်းများမှာ လူသားတစ်ဦးပုံစံအဖြစ် ပြောင်းလဲလာသကဲ့သို့ပင်။

“ဝိုး…”

ရှီးချီယောင် ရင်ခုန်သွားသည်။ ရီဖူရှင်းသည် အမှန်ပင် မှန်ကန်သောအရာကို ရှာတွေ့ခဲ့ခြင်းဖြစ်ကြောင်း သူမသိရှိသွားသည်။ ထိုမြက်ပင်များမှာ လူသားတစ်ဦးအဖြစ် ပြောင်းလဲနေသည်။

ထိုအခြင်းအရာသည် မည်သည့်အဓိပ္ပာယ်နည်း။

“ရှေးဟောင်းအင်ပါယာ သေဆုံးသွားပြီးတော့ ဆေးလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားတယ်လို့ ဒဏ္ဍာရီတွေက ဆိုကြတယ်။ အဲဒီဆေးလုံးကို သူ့ရဲ့ဆက်ခံသူက ယူသွားတယ်လို့ပြောတယ်”

ရှီးချီယောင်သည် သူမ၏အတွေးထဲတွင် အသံတစ်သံကိုကြားလိုက်ရသည်။

ထိုအသံသည်...

သူမသည် သူမ၏လှပသောမျက်လုံးများဖြင့် ရီဖူရှင်းကို လှမ်းကြည့်လိုက်သည်။ သူသည် မလှုပ်မယှက်ရှိနေဆဲပင်ဖြစ်သည်။ လူသားပုံရိပ်မှာ တဖြည်းဖြည်းပုံပေါ်လာပြီဖြစ်သည်။ ထိုပုံရိပ်သည် နတ်တစ်ပါးနှင့်တူပြီး မျက်စိပသာဒရှိ၏။ ထိုပုံရိပ်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် လူများကို စိတ်အေးချမ်းသွားစေနိုင်သည်။

ထိုပုံရိပ်သည် မြက်ပင်များပေါ်တွင် ပေါ်လာပြီး ရီဖူရှင်းကို ကြည့်နေပုံပေါ်လေသည်။

“ဆရာကြီး... တွေ့ရတာဝမ်းသာပါတယ်။ ကျုပ်နာမည်က ရီဖူရှင်းပါ”

ရီဖူရှင်းသည် မျက်လုံးဖွင့်လိုက်ပြီး ပုံရိပ်ကို ဦးညွှတ်ကာ ပြောသည်။

“အံ့ဩစရာပဲ... တစ်ယောက်ယောက်က ငါလောကထဲမှာ ချန်ထားခဲ့တဲ့ ဝိညာဉ်စွမ်းအားအကြွင်းအကျန်ကို နှိုးလိုက်တာပဲ”

ပုံရိပ်က ရေရွတ်လိုက်သည်။ ထို့နောက် သူမေးလိုက်သည်။

“အခု ဘယ်နှစ်ရောက်နေပြီလဲ”

“ကောင်းကင်ဒေသပြက္ခဒိန် နှစ်တစ်သောင်းကျော်ပါပြီ”

ရီဖူရှင်း ပြန်ဖြေလိုက်သည်။ ပုံရိပ်သည် ထိုပြက္ခဒိန်အကြောင်းကို သိသည့်ပုံမပေါ်ဟု ရီဖူရှင်းတွေးမိသွားသည်။

“ကောင်းကင်ဒေသပြက္ခဒိန်... ကောင်းကင်ဒေသဆိုတာ ဘယ်နေရာမှာလဲ...”

ပုံရိပ်က လေသံတိုးတိုးဖြင့် ပြောသည်။ သူက သက်ပြင်းချလိုက်၏။

“ကောင်းကင်ဒေသပြက္ခဒိန် နှစ်တစ်သောင်းကျော်ပြီဆိုတော့ ငါ့ရဲ့ဆက်ခံသူက သေသွားလောက်ပြီထင်ပါတယ်...”

ရီဖူရှင်း မည်သို့မှ မပြောလိုက်ပေ။ သူသည် ထိုပုံရိပ်၏ဆက်ခံသူ သေသည်၊ မသေသည်ကို မသိပေ။ အကယ်၍ ဒဏ္ဍာရီအတွင်းမှ ကိစ္စများသာ အမှန်ဖြစ်ပွားခဲ့ပါက နတ်တောင်သည် လုယက်ခံခဲ့ရပြီး မည်သည့်ရတနာမှ ကျန်မည်မဟုတ်ပေ။

ကျန်ရှိခဲ့သော တစ်ခုတည်းသောအရာမှာ ဆေးဥယျာဉ်သာဖြစ်နိုင်သည်။ ဆေးဥယျာဉ်သည်လည်း တစ်တောင်လုံးဖြစ်လေသည်။ ထို့အပြင် နောက်ပိုင်းမျိုးဆက်များသည် နတ်တောင်ကို ဤနေရာတွင် ချိပ်ပိတ်ထားခဲ့လေသည်။

သို့သော် ရီဖူရှင်းသည် ယနေ့တွင် ရှေးဟောင်းအင်ပါယာ၏ ဝိညာဉ်စွမ်းအားအကြွင်းအကျန်ကို နှိုးခဲ့လေသည်။

“မင်းကရော အဂ္ဂရိတ်ဆရာလား”

ပုံရိပ်သည် ရီဖူရှင်းကို မေးလိုက်သည်။

“ဟုတ်ပါတယ်...”

ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။

“အင်း... မင်းက အခုငါ့ကို နှိုးလိုက်ပြီဆိုတော့ မင်းမှာ ထူးခြားဆန်းကြယ်တာတစ်ခုခုရှိရမယ်”

ပုံရိပ်ထံမှ အသံထပ်မံထွက်ပေါ်လာ၏။ ထို့နောက် ၎င်းသည် များစွာသောအလင်းအစက်အပြောက်များအဖြစ် ပြောင်းလဲသွားပြီး ရီဖူရှင်းထံသို့ ပျံသန်းကာ သူ၏မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားသည်။

ရှီးချီယောင်သည် ထိုအရာအားလုံးကိုကြည့်ကာ ခံစားချက်များပြည့်နှက်နေသည်။ ရှေးဟောင်းအင်ပါယာနတ်တောင်သည် သူမ,တွေးတောထားသည်နှင့် လုံးဝကွဲပြားသည်။ နတ်တောင်ပေါ်တွင် မည်သည့်နတ်ရတနာ၊ မည်သည့်ရတနာသိုက်၊ မည်သည့်အဖိုးတန်ဆေးညွှန်းများနှင့် မည်သည့်အစွမ်းထက်အဂ္ဂရိတ်ပညာရပ်များမှ ရှိမနေပေ။ ထိုနေရာတွင် ရှိသည်မှာ မြက်ပင်များသာဖြစ်သည်။ သို့သော် ထိုမြက်ပင်များထဲတွင် ရှေးဟောင်းအင်ပါယာ၏ ဝိညာဉ်စွမ်းအားအကြွင်းအကျန်များ ရှိနေ၏။ အကယ်၍ ဤနေရာတွင် ရီဖူရှင်းသာမရှိပါက ထိုဝိညာဉ်သည် နိုးထလာမည်မဟုတ်ပေ။

မကြာမီတွင် အလင်းအစက်အပြောက်များ ပျောက်ကွယ်သွားသည်။ ထိုမြက်ပင်များသည် လျင်မြန်စွာ ညှိုးခြောက်သွားသည်။ နတ်တောင်တစ်တောင်လုံးပေါ်ရှိ ရှားပါးဆေးပင်၊ ဆေးမြစ်များပင် စတင်ညှိုးခြောက်လာသည်။

ဝုန်း....

လေထုထဲတွင် တုန်ခါမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။ မိုးစက်နတ်ဝင်္ကပါသည် ပျက်စီးလုနီးနေပေပြီ။

“ဝိညာဉ်ဆေးမြစ်တွေကို ယူရမယ်”

ရှီးချီယောင်က ပြောသည်။ ရီဖူရှင်း ထရပ်လိုက်ပြီး သူ၏အာရုံကိုလွှဲလိုက်သည်။ ကြောက်မက်ဖွယ် စူးရှသောအသံတစ်ခု ရုတ်ခြည်းထွက်ပေါ်လာ၏။ နတ်တောင်တစ်တောင်လုံး တုန်ခါနေသည်။ မရေမတွက်နိုင်အောင် များပြားသော ဆေးမြစ်များ၊ ဆေးပင်များသည်‌ လေထဲသို့ မြောက်တက်သွားသည်။ သူသည် လေထဲသို့ ခုန်တက်လိုက်ပြီး သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ ဆေးမြစ်များ၊ ဆေးပင်များသည် သူ့အင်္ကျီလက်အတွင်းသို့ ချက်ချင်း ဝင်ရောက်သွားသည်။

ရှီးချီယောင်သည်လည်း ထို့အတူ ပြုလုပ်နေသည်။ သူတို့သည် ထိုနေရာကို လောဘတကြီးလုယက်နေသည့် ဓားပြနှစ်ဦးကဲ့သို့ပင်။

နောက်ဆုံးတွင် စူးရှသောအသံတစ်သံ ထွက်ပေါ်လာ၏။ မိုးစက်နတ်ဝင်္ကပါသည် ပျက်စီးသွားပေပြီ။ ထိုစွမ်းအားကြီးကျင့်ကြံသူများသည် နတ်တောင်ပေါ်သို့ ဆင်းလာရာ ရီဖူရှင်းနှင့် ရှီးချီယောင်တို့ သည်းကြီးမည်းကြီး ယူငင်နေသည်ကို‌ တွေ့လိုက်ရသည်။

“ဆက်သွားကြ...”

အသံတစ်ခုထွက်ပေါ်လာ၏။ သူတို့သည် ထိုကဲ့သို့သောအခွင့်အရေးကို လွဲချော်ခံမည်မဟုတ်ပေ။ သူတို့လည်း စတင်လုယက်ယူငင်လိုက်ကြ၏။

သို့သော် ရီဖူရှင်းနှင့် ရှီးချီယောင်တို့သည် သူတို့မစခင်ကပင် တောင်တစ်ဝက်ကျော်လောက်ကို အပိုင်သိမ်းပြီးဖြစ်သည်။

“သူ့ကို ဖမ်းကြ...”

တစ်စုံတစ်ယောက်က ရီဖူရှင်းကိုကြည့်လျှက် ပြောသည်။

“နတ်မိမယ်ချီယောင် နောက်မှတွေ့ကြတာပေါ့”

ရီဖူရှင်းသည် ထိုသို့ပြောလိုက်ပြီးနောက် ပျောက်ကွယ်သွား၏။

အနောက်ပင်လယ်ကုန်းမြေတွင် မည်သူမှ ရှီးချီယောင်ကို မတိုက်ခိုက်ဝံ့ပေ။ ရီဖူရှင်းအနေဖြင့် ထိုနေရာတွင် ဆက်မနေသင့်တော့ပေ။ သူက သူအလိုရှိသည်ကို ရရှိပြီးပြီဖြစ်သည်။ ထို့ကြောင့် အခြားကိစ္စများဖြစ်ပေါ်မလာခင် သူချက်ချင်း ထွက်ခွာသွားခြင်းက ပိုကောင်းသည်။

“သူ ထွက်သွားပြီ”

ထိုကျင့်ကြံသူများသည် ရီဖူရှင်းပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသောအခါ မျက်စိမျက်နှာပျက်သွားကြသည်။

“မျိုးမစစ်ကောင်...”

အနောက်အင်ပါယာနန်းတော်မှ တစ်စုံတစ်ယောက်က ဒေါသတကြီးဆဲဆိုလိုက်သည်။ ရီဖူရှင်း ထွက်ခွာသွားလေပြီလော။

သို့ဆိုလျှင် သူတို့လုပ်နေခဲ့သည်များမှာ သူ့အတွက်သာ ဖြစ်မနေပေလော။

ထိုအမိန့်သည် ရှီးချီယောင်၏အမိန့်ဖြစ်သဖြင့် လူများစွာသည် သူမကို မကျေမနပ်ကြည့်လိုက်ကြ၏။

All Chapters