အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
အပိုင်း(၃၁)
ရှန်းအန်းသည် စန်းလော့ကိုယ်စား ရှန်းကျင့်နှင့် သူ့ညီလေးနှစ်ယောက်ကို လိုက်လံပို့ဆောင်ပြီးနောက် အိမ်ထဲသို့ပစ္စည်းသယ်နေသော သူ၏မရီးကို ကူညီပေးလိုက်သည်။
ထိုနေ့တွင် သူတို့၏မရီးထံမှ စည်ပိုင်းအသစ်နှစ်ခုဝယ်သည်ကို သိလိုက်ပြီးနောက် စည်ပိုင်းအပေါ်က ခြင်းတောင်းများထဲတွင် ကောက်နှံ လီတာပေါင်းများစွာနှင့် အရိုးကပ်အသားများကို တွေ့ရှိသောအခါ မောင်နှမနှစ်ယောက်သည် ဝမ်းသာကိုရဖြင့် ခုန်ပေါက်လုနီးပါး ဖြစ်နေကြသည်။
စန်းလော့သည် အိတ်များအတွင်းရှိ ကောက်နှံများကို လှယ်ရန် အာရုံစိုက်နေပြီး ဟူပင်းမုန့်ကို သတိမထားမိပုံမပေါ်သော ကလေးငယ်များကို မြင်လိုက်ရသည်တွင် ဆီစက္ကူအိတ်ကို ထုတ်ကာ
"ဒါ ဘာလဲ၊ လာကြည့်ပါဦး"
မောင်နှမနှစ်ယောက်သည် ရှေ့ဆင့်နောက်ဆင့် လှည့်ကြည့်လိုက်ကြပြီးနောက် သူတို့မရီးလက်ထဲက ဆီစွန်းနေသည့်စက္ကူအိတ်ထဲတွင် တဝက်ကျော်လောက် ထုတ်ပြထားသည့် စားချင်စဖွယ် ဆီရွှဲနေသည့်မုန့်ကို မြင်လိုက်ကြတော့သည်။
"ဟူပင်းမုန့်လား" ရှန်းအန်းသည် ချီတုံချတုံဖြင့်မေးလိုက်သည်။
စန်းလော့သည် အံ့ဩသွားပြီး "ဒါကို အရင်က စားဖူးတာလား"
ဒါကို ဈေးထဲမှာ ရောင်းတဲ့သူမရှိတာ မှတ်မိနေပါသေးတယ်။
မောင်နှမနှစ်ယောက်လုံးသည် တစ်ပြိုင်ထဲ ခေါင်းညိတ်လိုက်ကြပြီး သူတို့၏မျက်လုံးများမှာ အနည်းငယ် မှိန်ဖျော့သွားလေသည်။
"အစ်ကိုကြီးက ညီမတို့အတွက် တစ်ခါ ဝယ်လာပေးဖူးတယ်"
ကောင်းရော။ မုန့်က ကလေးနှစ်ယောက်ကို သူတို့အစ်ကိုကြီးကို ပြန်သတိရသွားအောင် လုပ်လိုက်ပြီ။
စန်းလော့သည် သူတို့ကို အာရုံပြောင်းသွားအောင် မြန်မြန်ကြိုးစားရတော့သည်။
"လက်သွားဆေးပြီး ကိတ်မုန့်လာစားကြ၊ နွေးနေတဲ့အချိန်လေး စားရတာက အကောင်းဆုံးပဲ၊ တစ်ရက်ကျမှ လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ကိတ်မုန့်ကို စားလို့ရအောင် စီရင်စုကို ခေါ်သွားပေးမယ်"
ရှန်းအန်းက ခေါင်းညိတ်ပြလိုက်ပြီး လက်ဆေးရန်အတွက် ရှန်းနဉ်ကို ဦးဆောင်ကာခေါ်သွားလိုက်သည်။
သူတို့ပြန်ရောက်လာသောအခါ ရှန်းအန်းသည် ကျန်ရှိနေသော ကိတ်တစ်ဝက်ကို သုံးပိုင်းခွဲလိုက်၏။ အကြီးဆုံးအပိုင်းကို စန်းလော့ထံသို့ ပေးလိုက်သည်။ သို့သော် သူမသည် မယူလိုက်ပေ။
"မောင်လေးတို့ပဲ စားလိုက်ပါ၊ အစ်မက စီရင်စုမှာ နဲနဲစားခဲ့ပြီးပြီ"
လှည့်ထွက်လာလိုက်ပြီး ကုတင်ပေါ်တွင် လဲချလိုက်တော့၏။ တနေ့လုံး အပြင်ထွက်လာပြီးသည့်နောက်တွင် သူမ၏အဝတ်အစားများက သန့်မသန့်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။
စန်းလော့သည် ဝန်ပစ္စည်းများကို အသွားအပြန်မိုင်နှစ်ဆယ်မျှ ထမ်းပြီးသောအခါတွင် လုံးလုံးမောပန်းနေလေသည်။ သူမ၏ဆံပင်များပင်လျှင် ပင်ပန်းနေသကဲ့သို့ ခံစားရပြီး အခန်းထဲတွင် ကုတင်မှလွဲ၍ ထိုင်စရာ ကုလားထိုင်ပင် မရှိပေ။
အခုအချိန်တွင် စန်းလော့သည် လက်ချောင်းတစ်ချောင်းကိုပင်လျှင် မလှုပ်ချင်တော့ပေ။ ပျော့နေသောခေါက်ဆွဲကဲ့သို့ ကုတင်ပေါ်တွင် ပစ်လှဲနေချင်တော့သည်။
သူမကလည်း ထိုသို့ပင် လုပ်လိုက်လေသည်။
သူမကို ထိုသို့ မြင်လိုက်ရသော မောင်နှမနှစ်ယောက်သည် စားလက်စကို ရပ်ကာ သူမအနားသို့ ချဉ်းကပ်သွားကြတော့သည်။ ရှန်းနဉ်က အိပ်ရာပေါ်တက်သွားကာ စန်းလော့ကို မေးလိုက်၏။
"မကြီး၊ ခြေထောက်နာနေလို့လား"
သူမသည် ချက်ချင်း နှိပ်နယ်ပေးရန် အဆင်သင့်ဖြစ်နေပုံရသည်။
ယားတတ်သည့်စန်းလော့က မြန်မြန်ဖယ်လိုက်၏။
"ပင်ပန်းနေရုံပါပဲ၊ အစ်မကို စိတ်မပူပါနဲ့။ ညီမလေးနဲ့ရှန်းအန်းက ကိတ်မုန့်သွားစားချေ"
မောင်နှမနှစ်ယောက်သည် သူမ၏စကားကို အရေးမစိုက်ပေ။ ရှန်းနဥ်သည် သူမ၏မကြီးမှာ ခြေထောက်နှိပ်နယ်ရန် မလိုအပ်ကြောင်းကို နှစ်ကြိမ်အတည်ပြုပြီးနောက် ကုတင်ပေါ်မှ ထကာ စွပ်ပြုတ်ချက်ရန် ပြင်ဆင်လေသည်။
စန်းလော့ ပြောထားသည့်အတိုင်းပင် အိမ်တွင်ရှိသော မုန်လာဥကို ဝက်အရိုးနှင့် ပြုတ်ရမည်။ နေ့လည်စာစားချိန် ရောက်တော့မည်ကို သိလိုက်ပြီး ရှန်းနဉ်သည် မေးစရာမလိုဘဲ ဝယ်ထားသော ဝက်သားအရိုးဖြင့် ဟင်းရည်ကို စတင်ချက်ပြုတ်လိုက်သည်။
မကြီးရဲ့ကျန်းမာရေးက သိပ်မကောင်းဘူး။ အခုတလော အလုပ်တွေလဲ အရမ်းပင်ပင်ပန်းပန်း လုပ်ထားတာရတယ်။ သူ ထပ်ဖျားရင် ဘယ်လိုလုပ်မလဲ။
မကြီးကို အဟာရဖြည့်ပေးဖို့ လိုတယ်။
မောင်နှမနှစ်ယောက်လုံး တိတ်တဆိတ်ပူးပေါင်းလိုက်ကြသည်။ ရှန်းနဉ်သည် မီးစမွှေးနေစဉ် ရှန်းအန်းသည် စန်းလော့အတွက် ရေကျက်အေးတစ်ခွက်ယူသွားပေးလိုက်ကာ ပြောလိုက်၏။
"မကြီး၊ ရေအရင် သောက်ပါဦး"
ထို့နောက် သူသည် မိသားစုပိုင်မြေအိုးထဲသို့ရေထည့်ကာ သယ်လာလိုက်ပြီး ခုတ်ထစ်ထားသော ဝက်ရိုးများကို ဆေးကြောလိုက်သည်။
ရှန်းအန်းပြန်ရောက်လာသောအချိန်တွင် ရှန်းနဉ်သည်လည်း မီးမွှေးပြီး အိုးကို မီးဖိုပေါ်သို့တင်ပြီးပြီဖြစ်၏။ သူမသည် စန်းလော့ဘက်ကို လှည့်ကာ မေးမြန်းလိုက်သည်။
"မကြီး၊ မုန်လာဥကို ထည့်လိုက်ရတော့မလား"
မုန်လာဥကို နောက်ပိုင်းကာလများတွင် မုန်လာဥဖြူဟုခေါ်ကြသည်။
ချက်ပြုတ်ရခြင်းတာဝန်မှ လွတ်ကင်းသွားသော စန်းလော့သည် ရေကို ဖြည်းဖြည်းချင်းသောက်ကာ ညွှန်ကြားလိုက်၏။
"အရိုးပြုတ်ထားတဲ့ရေ ဆူလာတဲ့အထိ အရင်စောင့်ရမယ်။ အမြှုပ်တွေကို သစ်သားဇွန်းနဲ့ခပ်ထုတ်လိုက်ပြီးရင် အခွံနွှာပြီး လှီးထားတဲ့မုန်လာဥတွေကို မထည့်ခင် မီးအေးအေးနဲ့နှပ်ထားရမယ်။ မုန်လာဥအခွံတွေကို လွှင့်မပစ်နဲ့နော်။ အခွံတွေကို ထူထူလေးဖြစ်အောင် ထပ်ပြီး အပိုင်းသေးသေးလေးတွေ ဖြစ်အောင်လှီးပြီးရင် ဆားနည်းနည်း၊ ပဲငံပြာရည်နဲ့ ရှာလကာရည်လေးရောရမယ်။ ဒီညတော့ အဲ့တာကို ဆန်ပြုတ်အလွတ်နဲ့ စားလို့ရတယ်"
မုန်လာဥအခွံချဉ်သည် စန်းလော့ အထူးနှစ်သက်သောဟင်းဖြစ်သည်- အရသာရှိပြီး ကယ်လ်စီယမ်ဓာတ်ကြွယ်ဝ၏။ ကံမကောင်းစွာဖြင့် သူတို့၏အိမ်တွင် ငရုတ်သီးနှင့် ကြက်သွန်ဖြူများ မရှိတော့ပေ။
ရှန်းမောင်နှမသည် ပထမဦးဆုံးအကြိမ် မုန်လာဥအခွံကို စားရသည့် နည်းလမ်းအသစ်ကို ကြားသိလိုက်ရပြီးနောက် မှတ်ထားလိုက်လေသည်။ တစ်ယောက်မှာ မီးကို ကြည့်နေစဉ် အခြားတစ်ယောက်သည် မုန်လာဥကိုရေဆေးပြီး အခွံနွှာခြင်း၊ လှီးဖြတ်ခြင်းဖြင့် အလုပ်များနေလေသည်။
သင့်လျော်သောဓားမရှိသဖြင့် တံစဉ်၊ဝါးဓားနှင့် ကျောက်ဓားတို့ကိုသာ အားကိုးနေရသောကြောင့် ပင်ပန်းလှသည့် အင်အားကုန်သည့်အလုပ် ဖြစ်နေသည်။ သို့သော် ကလေးများသည် စန်းလော့ကို လွန်လွန်ကဲကဲ မစိုးရိမ်စေဘဲ အိမ်မှုကိစ္စများကို သေချာစီမံခန့်ခွဲတတ်ပုံရသည်။
အရိုးစွပ်ပြုတ် ပြုတ်နေစဉ်တွင် မောင်နှမနှစ်ယောက်သည် ဆာလောင်နေကြသော်လည်း ဟူဘင်းမုန့်ကို မထိကြပေ။
ဟူပင်းနှင့်တွဲဖက်ထားသော ဟင်းရည်သည် ပြီးပြည့်စုံသော ဟင်းတစ်ခွက်ဖြစ်၏။ ပုံမှန်အတိုင်း၊ သူတို့၏မကြီးနှင့် အတူတူစားသုံးနိုင်ရန် ဟင်းချိုအဆင်သင့်ဖြစ်မည့်အချိန်ကို စောင့်နေကြလေသည် - မိသားစုနှင့်အတူ ဝေမျှစားသောက်ရသော ဟင်းပွဲသည် ပိုပြီး အရသာရှိလှ၏။
လုပ်စရာမရှိတော့သဖြင့် ရှန်းအန်းသည် ဝက်ဆီဖတ်နှင့် အလဲအလှယ်လုပ်ပြီး မြေရှင်းရန် ရှန်းကျင့်နှင့် သူ၏ညီအစ်ကိုများကို အလုပ်ပေးထားရသည့် အကြောင်းရင်းများကို စန်းလော့ကို အသေးစိတ်ရှင်းပြလိုက်၏။ နောက်ဆုံးတွင် သူသည် သူ့မကြီးက သဘောမတူမှာကို ကြောက်မိသဖြင့် စိုးရိမ်နေဆဲပင်။
အိမ်က ငွေအားလုံးကို သူတို့၏မကြီးက ရှာထားခြင်းဖြစ်သည်။ သူတို့၏မကြီးကတော့ အစောပိုင်းတွင် သူတို့၏ တတိယဦးလေးနှင့်အဒေါ်၏ လျစ်လျူရှုခြင်းခံခဲ့ရပြီး သေလုပ်မတတ် နေမကောင်းဖြစ်ခဲ့ရသည်။ အခုတော့ ရှန်းအန်းက စိုးရိမ်မိသည်က သူမရှာထားသည့် ငွေဖြင့် ဝယ်ထားသည့်အသားကို သူ့ဝမ်းကွဲများအတွက် သုံးခဲ့မိကြောင့်ပင်။
သူသည် သူ့လုပ်ရပ်များနှင့် သူစိုးရိမ်မှုများအတွင် အကြောင်းပြချက်အားလုံးဖြင့် ရှင်းပြလိုက်ပြီး မည်သို့ အမှားပြင်ဆင်ရမည်ကို ကြိုးစားအဖြေထုတ်နေတော့သည်။
ရှန်းအန်းက ခေါင်းငုံ့ကာ ပြောလိုက်၏။
''ရှန်းယင်နဲ့ ရှန်းထျယ်က တကယ်ကို အလုပ်အများကြီး မလုပ်နိုင်ဘူး။ နှစ်ရက်လောက်ပါပဲ။ စားလက်စတွေ ကုန်သွားတာနဲ့ သူတို့ထပ်လာလို့ မရတော့ဘူးဆိုတာကို နားလည်အောင်လုပ်ပါ့မယ်"
သူ၏အသံမှာ ဖျော့တော့နေလေသည်။ သူ ကူညီပြုစု ပျိုးထောင်ပေးလိုက်သော ဝမ်းကွဲဝမ်းကွဲနှစ်ယောက်အပေါ် တွင်တော့ ချစ်သည့်စိတ်ရှိနေသေး၏။
စန်းလော့သည် စိတ်ထဲမထားလိုက်ပေ။ တစ်ယောက်မှာ ငါးနှစ်၊ ကျန်တစ်ယောက်မှာ ခြောက်နှစ်ဖြစ်ပြီး၊ ရှန်းထျယ်သည် နှစ်နှစ်နီးပါးဖြစ်သည်။ ယခုခေတ်ဆိုလျှင် သူငယ်တန်းကျောင်း တက်နေကြရလောက်သည်။ ဝက်ဆီဖတ်အနည်းငယ်သည် သူမအတွက် စိတ်ပူစရာ မဟုတ်ပေ။
သူမစိုးရိမ်သည်မှာ ရှန်းကျင့်အပေါ်ထားသော ရှန်းအန်း၏စိုးရိမ်မှုဖြစ်ပြီး လောဘကြောင့် သူတို့အိမ်အတွင်းခိုးဝင်လာမည့်ရှန်းကျင့်ကို သတိထားရန် ထပ်လောင်းပြောကြားလိုက်သည်။
အမှန်တကယ်ပင် နတ်သမီးတို့ဟူးကို နေ့တိုင်းပြုလုပ်နေသည်ကို သတိမထားဘဲ မနေလောက်ချေ။ သူမသည် အရွက်အကြွင်းအကျန်များကို မြေသြဇာအဖြစ် ဖုံးအုပ်လိုက်သည်။ အရည်စစ်သောအထည်မှာ အသုံးပြုခြင်းကြောင့် စွန်းထင်းနေပြီး စပ်စုလိုသူကတော့ သတိထားမိပေလိမ့်မည်။
ထို့အပြင် သူမသည် တို့ဟူးပြုလုပ်ရန်အတွက် နောက်ထပ် ကိရိယာများထပ်ထည့်ရဦးမည့် ကြိတ်ခွဲစက်တစ်လုံးဝယ်ရန် စီစဉ်ထားသည်... စန်းလော့သည် သင့်လျော်သော မီးဖိုပင်မရှိသည့် ကြပ်ညှပ်နေသည့် ကောက်ရိုးတဲလေးကို ဝေ့ပြီးကြည့်လိုက်လေသည်။
တို့ဟူးပြုလုပ်ရာတွင် ပဲနို့ကျိုချက်ရန်လိုအပ်သည်။ ယာယီကျောက်မီးဖိုနှင့် အိုးအသေးကို အသုံးပြုခြင်းမှာ ဖြစ်နိုင်သော်လည်း ထိုအရာသည် ပမာဏကိုကန့်သတ်ထားပြီး ပိုမိုအားစိုက်ထုတ်ရန် လိုအပ်သည်။
ပတ်လည်မှာနံရံတစ်ခုနဲ့ သောအိမ်တစ်ခုပါတဲ့ သင့်တော်တဲ့မီးဖိုဆောင်တစ်ခုတော့ လိုလာပြီထင်တယ်။ မဟုတ်ရင် နောက်ပိုင်း ငါတို့ရဲ့အားထုတ်မှုတိုင်းအတွက် လုံခြုံမှု ရှိမှာမဟုတ်ဘူး။
"မောင်လေးရဲ့စိုးရိမ်မှုတွေက ကျိုးကြောင်းညီညွတ်ပါတယ်။ မောင်လေးနဲ့အားနဉ်က ပိုပြီး သတိဝီရိယရှိသင့်တယ်။ ပြီးတော့ အစ်မတို့အိမ်ကို သေချာလုံခြုံအောင် လုပ်ရမယ်၊ ရှန်းကျင့်သာ မြေကို စိတ်ပါလက်ပါ လုပ်ရင် ဝက်ဆီဖတ် နည်းနည်းလေးအတွက်နဲ့တော့ ဗျာမများပါနဲ့။ သူ့ကိုပဲ ပေးလိုက်ပါ"
စီရင်စုတွင် နတ်သမီးတို့ဟူးရောင်းချရန် ချန်းမိသားစုနှင့် ပူးပေါင်းခြင်းသည် စန်းလော့၏ ကန့်သတ်ချက်များကို ကျော်လွန်စေသည်။ ပထမအနေနှင့် အကွာအဝေး ပိုကျယ်သွားပြီး ဒုတိယအနေဖြင့် တိုဟူးများပိုလုပ်ရ၏။ ထို့အပြင် စိုက်ပျိုးရာတွင် အချိန်ကိုက်ခြင်းသည် အရေးကြီးပြီး မှန်ကန်သည့်အချိန်နှင့် လွဲချော်သွားလျှင် အချို့သော သီးနှံများအတွက် ရိတ်သိမ်းခြင်းမပြုနိုင်ပေ။
အမှန်တိုင်းပြောရလျှင် ရှန်းကျင့်၏နေ့တစ်ဝက်လုပ်ကိုနှင့် ဝက်သားအဆီတစ်ပိုင်းကို လဲလှယ်ခြင်းသည် စန်းလော့အတွက် အနည်းငယ် အမြတ်ထုတ်သည်ဟု ခံစားရ၏။ သို့သော် ရှန်းကျင့်၏ ရွှန်းရွှန်းဝေအောင်ပြောတတ်ပါးစပ်ကို သတိရကာ သူမခံစားရသည့် မလုံမလဲသည့်စိတ်မှန်သမျှ မြန်မြန်ပျောက်ကွယ်သွားတော့သည်။
တကယ်တော့ ဒါဟာ နှစ်ဦးနှစ်ဖက် သဘောတူထားတဲ့ ကိစ္စပဲလေ။ ငါကတော့ ဝင်စွက်ဖက်ထားတာမှမဟုတ်တာ။
သူ့မရီး၏စိတ်ပါလက်ပါဖြင့် အတည်ပြုခြင်းသည် ရှန်းအန်းကို စိတ်အေးသွားစေပြီး ကြိတ်ဝမ်းသာ သွားတော့သည်။ ဒါက လက်ခံပေးတာရော ချီးမွှမ်းတာရော နောက်ပြီး သူ့ပူပင်နေတဲ့စိတ်ကို သက်သာအောင် လုပ်ပေးလိုက်တာမလား။
အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ဖြတ်ပြေးသွားပြီး သူသည် မီးကြည့်ပေးရန် လှည့်ထွက်သွားလိုက်ပြီး သူ့ပျော်ရွှင်မှုကို တိတ်တိတ်လေး သဘောတွေ့နေတော့သည်။
အနားတွင် ရပ်နေသည့် ရှန်းနဉ်က လှမ်းအကြည့်တွင် သူ့အမူအရာကို တွေ့လိုက်ရ၏။ သူမသည် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သော်လည်း သူမအစ်ကို၏ အပြစ်ကင်းစင်သောပျော်ရွှင်မှုကို မစနောက်လိုပေ။
……
ချန်းမိသားစုတွင် ချင်ဖန်းညန်သည် အိမ်ပြန်ရောက်သည်နှင့် ပိုက်ဆံအိတ်ကို စိတ်အားထက်သန်စွာ ပြသလိုက်ပြီး ဆယ့်ရှစ်ဝမ်ရသည့်အကြောင်းကို လူတိုင်းကို စိတ်လှုပ်ရှားစွာဖြင့် ကြွားလုံးထုတ်နေတော့သည်။
သူမထုပ်ပိုးထားသော ဟူဘင်းအပိုင်းအစလေးကို သေချာ ဖြည်လိုက်ပြီး အပိုင်းငါးပိုင်း ပိုင်းလိုက်၏။ သူမက မြည်းထားပြီးသည့်အတွက် ဖယ်နေလိုက်ပြီး မိသားစုဝင်တိုင်းက မြည်းစမ်းကြည့်ရန် တစ်ကိုက်စာစီ ရလိုက်ကြ၏။
သူတို့စားနေသည်ကိုကြည့်ပြီး ကျေနပ်စိတ်ဖြင့် သူမ၏ပါးစပ်ကို တစ်ခါလေးပင် မပိတ်မိချေ။
ပူပြင်းသောနေ့လည်ခင်းတွင် အဘိုးချန်းနှင့်ချန်းယိုထျန်းတို့သည် အိမ်တွင် ရှိနေကြသည်။ တစ်မိသားစုလုံး စုဝေးကြပြီး ချင်ဖန်းညန်၏ စီရင်စုခရီးစဉ်တွင် မြို့ထဲသို့ ၀င်လိုက်ပုံ၊ မောင်းသံကြားရပုံ၊ အရှေ့ဈေးသို့ သွားလိုက်ပုံ၊ ထိုဈေးနေရာတွင် လူများဖြင့်ပြည့်နက်နေပြီး နတ်သမီးတိုဟူး ရောင်းကောင်းပုံတို့ကို စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောပြသည်ကို နားထောင်နေကြလေသည်။
သူမသည် အထူးသဖြင့် တို့ဟူး အပို ရောင်းချခွင့်ပေးသည့် စန်းလော့ကို ချီးကျူးလိုက်သည်။ စျေးအခွန်ကို ပထမဆုံးအကြိမ် ပေးဆောင်ရန် ကမ်းလှမ်းမှုသည် သူမ၏ ယုံကြည်မှုကို မြှင့်တင်ပေးလိုက်သည်။ ရှန်းအန်းနှင့် သူ့ညီမအတွက် ဟူဘင်းကို ပြန်ယူလာရန် သတိရသောကြောင့် သူမနှင့်တစ်ပိုင်းပင် ဝေမျှလိုက်သေးသည်။
စကားလုံးနှစ်လုံးဖြင့်အကျဉ်းချုပ်ဖော်ပြရသော် - ရိုးသား ဖြောင့်မတ်ခြင်း ပင်။
ကပ်ဆိုက်သောကာလအတွင်း ကူညီပံ့ပိုးပေးလိုက်သော ယောက္ခမကို ချီးကျူးခြင်းဖြင့် စကားကို အဆုံးသတ်လိုက်သည်။ ထို့ကြောင့် စန်းလော့၏ ခင်မင်ရင်းနှီးမှုနှင့် သူမတို့၏ မိသားစုအတွက် နတ်သမီးတို့ဟူးရောင်းရန် အခွင့်အရေးကို ရရှိလိုက်သည်။
ထို့ကြောင့် သူတို့ပြောသည်မှာ မှန်၏- လူကောင်းတွေက ကောင်းတဲ့ဆုတွေရကြတယ်။ သူမ၏ယောက္ခမသည် အမှန်ပင်တော်သည့်သူတစ်ယောက်ဖြစ်ပြီး ယခုအချိန်တွင် သူမ၏ကံကောင်းခြင်းများ ရောက်ရှိလာခြင်းပင်။
အဘွားချန်း....
ငါ့ချွေးမက စကားကိုရွှန်းရွှန်းဝေအောင် ပြောတတ်တာကို သိလိုက်ရတာ ဒါ ပထမဆုံးအကြိမ်ပဲ။
ကြည့်ရတာ ဈေးထဲမှာ လှည့်ရောင်းတတ်တဲ့ပညာ နည်းနည်းပါးပါး တတ်လာတာပဲဖြစ်ရမယ်။ သူ့ယုံကြည်ချက်တွေကို အားပေးနေပြီး သူ့ကံကောင်းခြင်းတွေကို ဖွင့်နေတာမလား။
ချင်ဖန်းညန်သည် ယောက္ခမဖြစ်သူ၏အကြည့်ကို လုံးဝ သတိမထားမိချေ။ အလွန်ပင် စိတ်လှုပ်ရှားကာ ဝမ်းသာနေလေသည်။ သူမသည် သူတို့၏ခရီးစဉ်အတွင်း စန်းလော့နှင့်အတူ ပုံမှန်ပုံစံအတိုင်း ထိန်းထားနိုင်လိုက်ပြီး သူမမိသားစုသာရှိသည့် အိမ်သို့ ပြန်ရောက်သောအခါတွင် စိတ်လှုပ်ရှားမှုမှာ မထိန်းနိုင်ဘဲ လွတ်ထွက်သွားတော့သည်။
သူမသည် ဈေးမှပြန်ယူလာသော ဝမ်တစ်ဆယ့်ကိုးပြားကိုပင် အကြိမ်ကြိမ် ပြန်ရေတွက်နေမိ၏။
သူမသည် ခေါင်းစဉ်ပြောင်းကာ ပြောလိုက်လေသည်။
"အမေ၊ စန်းလော့က ဒီညနေမှာ ဟင်းသီးဟင်းရွက်အချို့ကို ကောက်ရိုးနဲ့စုစည်းပြီး မနက်ဖြန် အရှေ့ဈေးမှာ ရောင်းဖို့အတွက် အကြံပေးလိုက်တယ်။ နှစ်စည်းကို တစ်ဝမ်တောင်းလို့ရတယ်၊ ဒီနေ့ သူယူလာသမျှ အကုန်လုံးရောင်းထွက်သွားတယ်တဲ့"
အဘွားချန်းက ခေါင်းညိတ်ပြလိုက်ပြီး
"ဒါဆို နင် ဒီညနေ အပြင်ထွက်ပြီး တစ်ခုခုကို ခူးသင့်တယ်"
ချင်ဖန်းညန်သည် စိတ်အားထက်သန်စွာ ဆက်ပြောလိုက်သည်။
“အမေ၊ ဟင်းသီးဟင်းရွက်တွေရောင်းပြီး အကြွေနည်းနည်းလောက်ရရင် မနက်ဖြန် ဝက်အရိုးတစ်ပိုင်း ဝယ်နိုင်မယ်လို့ ကျွန်မ တွေးနေတာ။ အာဟာရဖြစ်စေတဲ့ အရိုးစွပ်ပြုတ်လုပ်ဖို့အတွက် မုန်လာဥဖြူကိုလည်း အသုံးပြုလို့ရသေးတယ်။ စန်းလော့က အာဟာရပြည့်ဝတယ်လို့ ပြောလိုက်တယ် - ကလေးတွေကို အရပ်ရှည်စေဖို့ အကူအညီဖြစ်ပြီး အမေနဲ့အဖေအတွက်လည်း ခြေထောက်နာတာတွေကို သက်သာစေတယ်တဲ့။ စဉ်းစားကြည့်လိုက်တော့ တောဟင်းသီးဟင်းရွက် နှစ်စည်းရောင်းတာက ကျွန်မတို့အတွက် အရိုးတွေရနိုင်တယ်၊ ဈေးလည်းမကြီးဘူး"
အဘွားချန်း ....
သူ စန်းလော့ လွှမ်းမိုးတာ ခံလိုက်ရပြီလားဟဲ့။
စကားဝိုင်းတစ်လျှောက်တွင် နှစ်ဖက်စလုံးမှ ‘အားလီရဲ့မိန်းမ’ ဟူသည့်စကားကို အဆက်မပြတ်ကြားနေရပြီး အဘွားချန်းသည် ထိုအကြောင်းကို ကြားရသည်မှာ ငြီးငွေ့လုနီးပါးပင်။
သို့သော် သည်အတင်းစကားက အတော်လေး ကြည်နူးစရာကောင်းပြီး လူတိုင်းကို စိတ်ချမ်းသာစေပုံရသည်။
"ကောင်းပြီ၊ တောဟင်းသီးဟင်းရွက်တွေကို ပိုက်ဆံနဲ့ လဲလှယ်လို့ရရင် နင် ပြောတဲ့အတိုင်း လုပ်ကြရအောင်။ မနက်ဖြန် ဟင်းချက်ဖို့ တစ်ခုဝယ်မယ်"
ထို့နောက် သူမက ဆက်မေးလိုက်၏။
"အားလီရဲ့မိန်းမက မနက်ဖြန်ရောင်းမယ့် နတ်သမီးတို့ဟူးက ဘယ်လောက်လုပ်မှာလဲ"
ဤအရာသည် အဘွားချန်းအတွက် အစိုးရိမ်ရဆုံးပင်ဖြစ်သည်။
ချင်ဖန်းညန်က သူမ၏နဖူးကို ပုတ်လိုက်ပြီး
"မေ့တော့မလို့၊ ဒီပစ္စည်းက စီရင်စုမှာ အသစ်အဆန်းဖြစ်ပြီး ရောင်းအားကောင်းတယ်။ အားလီရဲ့မိန်းမနဲ့ ကျွန်မ တိုင်ပင်ခဲ့ပြီးပြီ သူက ဒီညမှာ နောက်ထပ် ပိုလုပ်ဖို့ကို သဘောတူလိုက်တယ်။ မနက်ဖြန်တော့ ကျွန်မတို့ လှည်းကိုယူပြီး စျေးနှစ်ခုလုံးမှာ စျေးဆိုင်ဖွင့်ကြမှာ"
စျေးခွန် ၁ ဝမ်ပေးပြီး မနက်ခင်းတစ်ပိုင်းတည်းနှင့် ပြန်ထွက်လာရသည့်က ဆုံးရှုံးမှုတစ်ခုပင်။
ချင်ဖန်းညန်သည် စန်းလော့ဝယ်ယူလိုက်သော သစ်သားစည်ပိုင်း နှစ်ခုအကြောင်းကိုလည်း ပြောပြလိုက်သေးသည်။
"ကျွန်မတို့မိသားစုသာ သူ့စည်ပိုင်းနှစ်ခုမှာ အိုးနှစ်လုံး ထပ်ထည့်မယ်ဆိုရင် ကုန်စည်တွေကို များများ သယ်လာနိုင်လောက်တယ်"
အဘွားချန်းသည် မည်သို့ပင်ဆိုစေကာမူ သူတို့၏လှည်းမှာ သုံးစရာမလိုသောကြောင့် မကန့်ကွက်ပေ။ ကုန်ပစ္စည်းများများ ရောင်းရလေ ဝင်ငွေပိုရလေလေဖြစ်ပြီး ဤသည်မှာ ကောင်းသည့်ကိစ္စပင်။
တစ်ချိန်လုံး တိတ်ဆိတ်နေသည့် အဘိုးချန်းသည် သူ၏ဆေးတံကို ပုတ်ပြီးနောက် ရုတ်တရက် စကားပြောလာ၏။
"လုပ်စရာတွေ အများကြီးရှိပေမယ့် သူ့ ကောက်ရိုးတဲလေးက ဒါတွေအားလုံးကို ကိုင်တွယ်နိုင်ပါ့မလား"
"စည်ပိုင်းလေးလုံးနဲ့တင် များနေပြီ၊ မြေအိုးလေးလုံးထပ်ထည့်လိုက်ရင် အထဲမှာ နေရာအများကြီး ကျန်တော့မှာမဟုတ်ဘူးထင်တယ်”
ခင်ပွန်းဖြစ်သူ၏ သုံးသပ်ချက်ကို ကြားသည့် အဘွားချန်းသည် တစ်ချက်ပြန်သည့်လိုက်ပြီး
“ရှင် ဘာကိုဆိုလိုတာလဲ"
အဘိုးချန်းသည် သူ၏ဆေးတံပိုက်ခေါင်းထဲသို့ ဆေးဖြည့်ရင်း အကြံပေးလိုက်သည်။
"ငါ စဉ်းစားနေတာ၊ သူမက ဒီစီးပွားရေးကို ငါတို့လက်တွဲပြီး လုပ်နေတာဆိုတော့ နေ့တိုင်း ကုန်ပစ္စည်းတွေ ပိုပိုလုပ်ဖို့လိုလာတယ်၊ ငါတို့တွေ သူ့အတွက် နောက်ထပ်မီးဖိုချောင်တစ်ခုလောက် ဆောက်ပေးသင့်လားလို့ပါ"
သူသည် ခဏမျှရပ်ပြီး ဆက်ပြောလိုက်သည်။
"ဒီနေ့ နေ့လည်ကျရင် သူ့ကို မေးကြည့်လိုက်၊ သူ့မှာ အစီအစဥ်ရှိတယ်ဆိုရင် လယ်ထွန်တဲ့ရာသီမတိုင်ခင်မှာ စပြီး ဆောက်လို့ရတယ်။ ငါလည်း ယိုထျန်းနဲ့အတူ ရွာက ရင်းနှီးတဲ့လူတချို့ဆီက အကူအညီ တောင်းလို့ရတယ်။ ရက်အနည်းငယ်အတွင်း ပြီးနိုင်တယ်၊ နောက်ပြီး အခုအချိန်က ခိုင်ခံ့တဲ့ရွှံ့နံရံတွေ တည်ဆောက်ဖို့ အကောင်းဆုံးအချိန်ပဲ"
စာမတတ်သော်လည်း ဉာဏ်ပညာရှိသော အဘိုးချန်းသည် အပြန်အလှန်ဆက်ဆံခြင်း၏ အရေးကြီးပုံကို နားလည်လေသည်။
လုပ်ငန်းသစ်သည် သူတို့၏ မိသားစု ၀င်ငွေကို တိုးလာစေသည်။ စန်းလော့က အများကြီး ချုပ်တည်းမနေရဘဲ အဆင်ပြေပြေ ထောက်ပံ့နိုင်အောင် သူ သေချာလုပ်ပေးချင်သည်။ ဒါကလည်း သူလုပ်ပေးနိုင်သည့်နည်းလမ်းဖြင့် ကျေးဇူးပြန်ဆပ်ခြင်းတစ်မျိုးဟု မှတ်ယူနိုင်ပေသည်။
...
အပိုင်း(၃၂)
ချင်ဖန်းညန်က စန်းလော့အတွက် ယူလာပေးမည်ဟု သူမကတိပေးထားသည့် ဟင်းသီးဟင်းရွက် မျိုးစေ့များကို နေ့လည်ခင်း အနားယူပြီးနောက် ထည့်ပေးလိုက်သည်။ အဘွားချန်း ကိုယ်တိုင် ချန်းမိသားစုမှ နောက်ထပ် မြေအိုးနှစ်လုံးပါ ယူလာခဲ့လိုက်သည်။
သူမက အိမ်ထဲသို့ မဝင်လိုက်ဘဲ စန်းလော့ကို အော်ခေါ်လိုက်ပြီး အိုးများကိုတော့ ရှန်းအန်းနှင့်ရှန်းနဉ်တို့ကို အထဲယူသွားခိုင်းလိုက်ပြီးနောက် စန်းလော့ကိုတော့ မျိုးစေ့များပေးလိုက်ကာ အမျိုးအစားများကို ရှင်းပြလိုက်လေသည်။ ထို့နောက်တွင် သူမက အဓိကအကြောင်းအရာကို ထုတ်ပြောလိုက်၏။ စန်းလော့က နောက်ထပ်မီးဖိုဆောင်တစ်ခု ဆောက်ချင်သည့် ဆန္ဒရှိမရှိကို မေးလိုက်လေသည်။
စန်းလော့ : ???!!!
“ဒါက အိပ်ချင်နေတဲ့သူကို ခေါင်းအုံးပေးလိုက်တာနဲ့အတူတူပဲမလား”
“ဒါပေါ့၊ ကျွန်မ လိုတယ်ရှင့်”
စန်းလော့က လင်းဖြာနေသည့်အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်လေသည်။
“တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ကျွန်မလည်း နေ့လည်က ဒီအကြောင်းစဉ်းစားနေတာ၊ လုပ်စရာ အလုပ်များလာတော့ ကျွန်မရဲ့တဲလေးက တကယ့်ကို ကြပ်ညှပ်နေပြီလေ၊ ဆောင်းတွင်းအတွက်လည်း လုံခြုံရအောင် ခြံဝင်းကိုပတ်ပတ်လည်မှာ တံတိုင်းဆောက်မယ်လို့ စဉ်းစားနေတာ၊ ကျွန်မက ငွေစုပြီးမှ အဘွားတို့ကို အကူအညီတောင်းပြီး လူရှာခိုင်းမယ်လို့ စီစဉ်ထားတာ”
အဘွားချန်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ကာ “ဒီနေရာကို လုံခြုံအောင် လုပ်ဖို့လိုတယ်၊ ဆောင်းတွင်းမှာ နှင်းအများကြီးမကျရင် တော်သေးတယ်၊ ဒါပေမဲ့ နှင်းအရမ်းကျရင်တော့ တောင်ပေါ်က တောရိုင်းတိရိစ္ဆာန်တွေ အစာရှာဖို့ ထွက်လာတတ်တယ်”
“ဒီလို သီးသန့်ဖြစ်နေတဲ့ တောင်ပေါ်က တဲအိမ်က ပစ်မှတ်ဖြစ်လွယ်တယ်မလား”
“ညည်းလည်း ဒါကို စီစဉ်ထားတာရှိတယ်ဆိုတော့ ငါတို့တွေ စိုက်ပျိုးရာသီ အလုပ်မများခင် မြန်မြန်လုပ်ဖို့ လိုတယ်၊ အဲဒီအချိန်ကျရင် ဘယ်သူမှ အားတော့မှာမဟုတ်ဘူး၊ ညည်း ငွေအများကြီး စုဖို့ စိတ်ပူနေစရာမလိုပါဘူး၊ ငါတို့ရွာမှာ အိမ်ဆောက်တာက ပုံမှန်ဆိုရင် အလုပ်သမားခ မကုန်ဘူး၊ ဆက်ဆံရေးကောင်းရှိတာက အချင်းချင်း ကူညီကြတဲ့သဘောပဲ၊ ငါတို့မိသားစုမှာ၊ ညည်းအဘိုးရယ်၊ ဦးလေးရယ်က လာကူညီပေးနိုင်တယ်၊ ငါတို့တွေ ရွာထဲက လူနည်းနည်းပါးပါးကိုလဲ ခေါ်လို့ရတယ်၊ လိုအပ်တဲ့ပစ္စည်းတွေနဲ့ အစားအသောက်အတွက် ပြင်ဆင်ပေးရုံပဲ”
“လိုအပ်တဲ့ပစ္စည်းကတော့ သစ်ကို တောင်ပေါ်မှာ ခုတ်လို့ရတယ်၊ အမည်မပေါက်ထားတဲ့ဟာတွေပေါ့၊ နောက်ပြီး ရွှံ့ဝါကောင်းကောင်း ရှာရမယ်၊ ကောက်ရိုးအတွက်တော့ ငါတို့အိမ်မှာ နည်းနည်းရှိတယ်၊ ငါ ညည်းတို့ဦးလေးယိုထျန်းကို လာပို့ခိုင်းလိုက်မယ်”
ထို့နောက်တွင် ယောက်ျားလေး အိမ်ထောင်ဦးစီးမရှိသည့် သူတို့၏လက်ရှိအခြေအနေကို စဉ်းစားမိလိုက်ပြီး သူက ထပ်ပြောလိုက်၏။
“ညည်းတို့ ဦးလေးယိုထျန်းကိုပဲ လူစုပြိး သစ်ခုတ်ပေးဖို့ အကူအညီတောင်းလိုက်၊ ညည်း ဆန္ဒရှိတယ်ဆိုရင် ဒါကလည်း ကာယခွန်အား သုံးရတဲ့အလုပ်ဆိုတော့ အစားအသောက်ကို လုံလုံလောက်လောက်ရှိအောင် သေချာလုပ်ပေးလိုက်ပေါ့၊ အလျှံပယ် ဖြစ်နေစရာမလိုပါဘူး၊ ဒါပေမဲ့ အိမ်လုပ်ဟင်းပွဲ တစ်မျိုးနှစ်မျိုးနဲ့ နှုတ်မြိန်အောင်လေးပေါ့”
“ဒီခေတ်မှာ မိသားစုအတွက် အစားအသောက် ချွေတာပေးတာကလဲ ငွေရှာနည်းတစ်မျိုးလို့ မှတ်ကြတယ်လေ”
သူက ငါ့အတွက်အားလုံးကို ဂရုစိုက်ပေးနေတာပဲ....
စန်းလော့၏မျက်လုံးများသည် အပြုံးတစ်ခုအသွင် ကွေးတက်သွားပြီး သူမက မြန်မြန် လက်ခံလိုက်၏။
“ဒါဆိုရင် သဘက်ခါ စမယ်ဆို ဘယ်လိုသဘောရလဲဟင်၊ ကျွန်မ စပါးကြိတ်ဖို့ ညနေကျရင် အဘွားအိမ်မှာ ကျောက်ဆုံလာငှားပါအုံးမယ်၊ ပြီးရင် အဘိုးနဲ့ ဦးလေးယိုထျန်းတို့နဲ့ လိုအပ်တဲ့ ပြင်ဆင်စရာကိစ္စတွေကို လာတိုင်ပင်ပါ့မယ်”
“မနက်ဖြန် ဆိုင်ဖွင့်ပြီး ရှာလို့ရမယ့်ငွေနဲ့ဆိုရင် နောက်တစ်ရက် ကျွန်မ အစားအသောက် လုပ်ပေးနိုင်ပါတယ်”
“မီးဖိုဆောင် ဆောက်လို့မပြီးခင်အထိတော့ ကျွန်မ ချက်ပြုတ်ဖို့အတွက် အဘွားတို့နေရာကို အသုံးဖို့ လိုလောက်တယ်၊ ကျွန်မတို့အိမ်မှာ မြေအိုးလေးတစ်လုံးပဲ ရှိတာ၊ ဖွယ်ဖွယ်ရာရာ အစားအသောက်တွေ ပြင်ဆင်ပေးနိုင်မှာ မဟုတ်လောက်ဘူး”
“ဒါက လုံးဝ ပြဿနာမရှိပါဘူးအေ” အဘွားချန်းက သဘောတူပြီးသားပင်။
အစီအစဉ်ကို အဆုံးသတ်လိုက်ပြီးနောက် အဘွားချန်းက အိမ်နောက်တွင် စန်းလော့ရှင်းထားသည့် မြေကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဘယ်သီးပင်ကဖြင့် ပျိုးကျဲရန် လိုအပ်ပြီး ဘယ်သီးပင်ကတော့ အချိန်တစ်ခုအထိ ပြုစုပေးရန်လိုအပ်ကြောင်း အကြံပေးလိုက်ကာ သေချာမသိလျှင် ချင်ဖန်းညန်ကို မေးလိုက်ရကြောင်း ပြောလိုက်ပြီးနောက် အိမ်ပြန်သွားလေတော့သည်။
အဘွားချန်း ပြန်သွားသည်နှင့်ချက်ချင်း ရှန်းအန်းနှင့် ရှန်းနဉ်တို့ မောင်နှမမှာ ဝမ်းသာအားရဖြင့် နေရာတွင်ပင် ခုန်ပေါက်တော့မတတ်ပင်။
“ကျွန်တော်တို့ အိမ်တစ်လုံး ဆောက်ရတော့မယ်၊ မီးဖိုဆောင်ပဲ ဆိုရင်တောင် လုံလုံခြုံခြုံ ခြံလေးနဲ့ဆိုတော့ ဒါက ကိစ္စကြီးတစ်ခုပဲ”
“မကြီး ကျွန်တော်တို့တွေ မီးဖိုဆောင်ကို ဘယ်မှာ ဆောက်မှာလဲဟင်၊ ခြံဝင်းကရော ဘယ်လောက်ကြီးမှာလဲ”
တကယ်တော့ သူတို့တွေ အရမ်းကြီးတဲ့ခြံတစ်ခုလဲ မဆောက်နိုင်ပါဘူး။ အိမ်တည်နေရာကို ကြည့်လိုက်တော့ တောင်ကုန်းတစ်ဝက်လောက် တက်နေရတယ်။ သူတို့တွေက တကယ်တမ်း အဆောက်အဦအတွက် နေရာဘယ်လောက်ရနိုင်မှာလဲ။
စန်းလော့လည်း ထိုနည်းတူ စဉ်းစားနေမိ၏။
သူမသည် မီးဖိုဆောင်အပြင် အရေးကြီးနေသည့်တစ်ခုကို မေ့နေမှန်း သတိရလိုက်ရ၏။ မည်မည်ရရ အိမ်သာတစ်လုံးက မရှိမဖြစ်ပဲ။ အိမ်အနောက်ဘက် တောင်နားက တစ်လုံးကလည်း သီးမခံနိုင်တော့ပါဘူး။ ညစ်ပတ်၊ ရွံစရာကောင်းပြီး နေရာကလည်း အန္တရာယ်များတယ်....
“တချက်လောက် ပတ်ကြည့်ရအောင်”
သူက ကျောက်ခဲလေးများကို ကောက်လိုက်ပြီး ကလေးများနှင့်အတူ အခန်းဖွဲ့စည်းပုံကို စတင် စဉ်းစားလိုက်ပြီး ခြံဝင်း၊ မီးဖိုဆောင်၊ တခြားအဆောက်အအုံးများအတွက် မြေကြီးပေါ်တွင် ကျောက်တုံးများဖြင့် စည်းချကြည့်လိုက်လေသည်။
အိမ်းနှင့်ပိုနီးသည့် အိမ်သာအသစ်တစ်လုံးကို ဆောက်မည့်အကြောင်း ရောက်သွားချိန်တွင်တော့ ရှန်းအန်းနှင့် ရှန်းနဉ်တို့က ခေါင်းတွင်တွင် ယမ်းကြတော့သည်။
“မကြီး မဖြစ်ဘူး၊ အရမ်းနံသွားလိမ့်မယ်”
“နောက်ပြီး ရွံစရာကြီး”
စန်းလော့က ကိုယ့်ဟာကို ပြန်စဉ်းစားလိုက်၏။ အနံ့မထွက်တဲ့အိမ်သာတစ်လုံး ဆောက်နည်းတော့ သိပါသေးတယ်။ အရင်ဘဝတုန်းက တောင်ပေါ်က ပြန်မွမ်းမံထားတဲ့ အိမ်လေးမှာ ရှိတယ်လေ။ မိလ္လာကန်တစ်လုံး ဆောက်နည်းကို အတိအကျသိသားပဲ။ ဒါပေမဲ့ ထုတ်ပြောဖို့ကျတော့ တွေဝေနေရတာကလည်း သူတို့က ဆောက်လုပ်ရေးအတွက် အဝါရောင်ရွှံ့မြေကို သုံးမှာကို စဉ်းစားမိလို့လေ။
အုတ်ကိုလဲ သေချာပေါက် ရနိုင်မှာပါ။ ရွှံ့မြေကို ပိုအဆင့်မီအောင်နဲ့ ရေစိမ့်ခံအောင် လုပ်ထားတဲ့ဟာ။ ဒါပေမဲ့ ဒီလိုပစ္စည်းကျတော့ ငါ့မှာ ပိုက်ဆံလောက်လို့လား။
အင်း ဒါအတွက် ပိုက်ဆံစုလို့ရတာပဲလေ၊ ဒါပေမဲ့ ဒါက မှန်ကန်တဲ့ရွေးချယ်မှု ဟုတ်ရဲ့လား။
မသင့်တော်ပါဘူးလေ၊ အရမ်းအာရုံစိုက်ခံရလိမ့်မယ်။
သေလုမျောပါး ဖြစ်ခဲ့တာဖြင့် မကြာသေးဘူး။ အခု ရက်ပိုင်းအတွင်းမှာ အိမ်သာနဲ့ မိလ္လာကန်ဆောက်ဖို့ အုတ်တွေဝယ်နေတယ်ဆိုတော့...
ထားလိုက်ပါလေ။ တစ်ခြားနည်း စဉ်းစားဖို့လိုလာပြီ။ အချိန်ခရီးသွားသူ တစ်ယောက်ဖြစ်ရတာလည်း အမြဲတမ်း လုံခြုံတယ်လို့ မခံစားရဘူး။ အခုလောလောဆယ်တော့ ငွေရှာရင်း သိုသိုသိပ်သိပ်လေး နေပြီး အစားအစာသိုလောင်၊ အိမ်တွင်းပစ္စည်းတွေ ဝယ်ထည့်တာကိုပဲ ငါ လုပ်သင့်တာပါလေ။ အရမ်းထင်ပေါ်လွန်းနေတာလဲ ဉာဏ်မဲ့ရာကျတယ်။
ဒါဆိုလဲ ဟုတ်ပြီလေ၊ အဲဒါကို ရေချိုးခန်း ပြောင်းလိုက်လို့ရတာပဲ။
အိမ်သာကိုတော့ အခုလောလောဆယ် သည်းခံပြီး သန့်စင်ခန်းထောင့်နားမှာပဲ အကြမ်းသုံးလို့ရမဲ့ အိမ်သာခွက်လေး လုပ်လိုက်မယ်။ ငါ ငွေပိုရှိလာမှပဲ အမြဲတမ်းသုံးနိုင်မဲ့အဖြေတစ်ခုကို ရှာတော့မယ်။
သူတို့မကြီးက နှုတ်ဆိတ်သွားသည်ကို မြင်လိုက်သည်တွင် ရှန်းအန်းနှင့် ရှန်းနဉ်တို့သည် သူတို့စိတ်ချမ်းသာရရေးအတွက်သာ အိမ်နားတွင် အိမ်သာထားဖို့ အရေးကို ခေါင်းမာမနေကြတော့ချေ။
သူတို့သည် စကားပြောနေကြစဉ်ပေါက်ပြားကို သယ်လာသည့် ရှန်းကျင့်တစ်ယောက်မှာ ရှန်းယင်နှင့် ရှန်းထျယ်တို့နှင့်အတူ အလုပ်စလုပ်ဖို့ အသင့်ဖြစ်နေကြလေသည်။ စန်းလော့လည်း တိုင်ပင်နေသည့် ကိစ္စကို ရပ်ထားလိုက်ပြီး ထွက်လာဖို့ အဆင့်ပြင်လိုက်၏။
ရှန်းအန်းနှင့် ရှန်းနဉ်တို့သည် မြေပြင်ရန် သွားလိုက်ကြပြီး စန်းလော့ကတော့ နတ်သမီးသစ်ရွက်များကို ခူးရန် ခြင်းတစ်လုံးကို ပခုံးတွင် လွယ်လာလိုက်တော့သည်။
ဒီနေ့ ငါ နောက်ထပ် တောင် တစ်လုံး နှစ်လုံးလောက်အထိ သွားရှာဖို့လိုတယ်။ နတ်သမီးသစ်ပင် ရှိတဲ့ အနီးနားက တောင်ကုန်းတွေကလည်း ခူးလို့ ကုန်သလောက်ဖြစ်နေပြီ။ ရှန်းအန်းနဲ့ရှန်းနဉ်တို့က သံသယအဖြစ်မခံရအောင် သစ်ကိုင်းချိုးမချဘူးဆိုပေမဲ့ ငါလည်း သတိကြီးကြီးထားမှဖြစ်မယ်။
စန်းလော့က တောင်ကုန်းတစ်ခုပေါ်က ဆင်းပြီး နောက်ကုန်းတစ်ခုပေါ် တက်သွားသည်ကို ကြည့်ရင်း ရှန်းကျင့်က သိလိုစိတ်ဖြင့် ရှန်းအန်း အနားကပ်သွားလိုက်ကာ “ရှန်းအန်း မင်းတို့အစ်မကြီး ဘယ်သွားတာလဲ”
ရှန်းအန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သူ့မရီးအပေါ်ထားသည့် ရှန်းကျင့်၏ မရိုမသေသဘောထားကို မကြိုက်သော်လည်း သူ့မရီးက ရှန်းကျင့်ကို ဂရုမစိုက်သဖြင့် စိတ်အေးသွားလေသည်။
“ဘာမှမဟုတ်ပါဘူး၊ တောဟင်းရွက်တွေ သွားရှာတာပါ”
ရှန်းကျင့်က နှုတ်ခမ်းမဲ့လိုက်၏။
“နေ့တိုင်း တောဟင်းရွက်တွေ စားနေတုန်းလား၊ မင်းတို့တွေ အဆီထုတ်ဖို့ အသား ဝယ်ဖို့ ဘယ်က ပိုက်ဆံရတာလဲ”
ရှန်းအန်းက သူ့ကို လှမ်းကြည့်လိုက်ပြီး “မင်းဟာလေ နားညီးလိုက်တာ၊ မင်းက မြေညှိကူအုံးမှာလား”
“ကူမှာပေါ့၊ ငါ လုပ်နေတာပဲလေ” ရှန်းကျင့်က ချက်ချင်း နှုတ်ဆိတ်သွားပြီး သူ ဆက်ပြီး စပ်စုနေလျှင် ဝက်ဆီဖတ်အကြောင်း မေ့ထားလိုက်လို့ရပြီဟုသည့် ရှန်းအန်း၏အကြည့်ကို နားလည်လိုက်လေသည်။
ဒါသည် ခြိမ်းခြောက်နေသည်မှာ ထင်ရှားလေရာ ရှန်းကျင့်သည် စိုးထိတ်သွားပြီး ရှန်းအန်းသူ့အတွက် တာဝန်ပေးထားသည့် မြေကွက်ကို လုပ်ပေးရန် မြန်မြန်လှည့်ထွက်သွားတော့သည်။
.....
စန်းလော့ဘက်တွင်တော့ သည်တစ်ကြိမ်တွင် သူမသည် ပုံမှန်ထက် နည်းနည်းဝေးသည့်နေရာအထိ စွန့်စားသွားလိုက်၏။ အဓိကတော့ နတ်သမီးပင်၏အရွက်ကို ခူးဖို့ပင်။ လမ်းတစ်လျှောက်တွင် သူမသည် မြင်သမျှ တောဟင်းရွက်များကိုလဲ တစ်ခုမှ မချန်ခဲ့ချေ။ တောင်များထဲတွင် နာရီဝက်ကျော်ကျော်လောက် အချိန်ကုန်သွားပြီးနောက်တွင် နတ်သမီးအရွက်နှင့် ဒရင်ကောက်ပင် အပြည့်ပါသည့်ခြင်းကို ကောက်လွယ်လိုက်၏။ အပြန်လမ်းတွင် သူမသည် အရွက်များကို ဖိသိပ်လိုက်ပြီး အပေါ်ဖက်တွင် ဒရင်ကောက်ပင်များကို တင်လိုက်ကာ နတ်သမီးအရွက်များကို သေသေချာချာ ဖုံးထားလိုက်တော့သည်။
ညနေအတွက် လုပ်ဖို့လိုအပ်သည့် နတ်သမီးတို့ဖူးအရေအတွက်ကို တွက်ချက်လိုက်ပြီး သူမသည် တောင်နှင့် အသွားအပြန် သုံးခေါက်လောက် လုပ်လိုက်ရပြီး ထုပ်ပိုးမည့် သင့်တော်သည့် အရွက်ကြီးများအပါအဝင် ပစ္စည်းများကို ခြင်းသုံးလုံးအပြည့် သယ်လိုက်လေသည်။
ရှန်းကျင့်က အမှန်ပင် လေ့လာမှုအားကောင်းပေသည်။ အဝေးမှနေ၍ သူသည် စန်းလော့ကို မြင်လိုက်သောအခါ ကောင်းတာတစ်ခု ရနိုးနိုးဖြင့် သူ့လည်ပင်းက ငန်းလို ဆန့်ထွက်လာတော့သည်။ သို့သော်လည်း ဒရင်ကောက်ပင်များနှင့် ကြာရွက်များကို မြင်လိုက်ချိန်တွင်တော့ သူသည် သူ့လည်ပင်းကို ပြန်ကျုံ့ထားလိုက်ပြီး သူ့အလုပ်ကို ဆက်လုပ်နေလိုက်၏။
အရည်အသွေးကောင်းသည့် ကိရိယာကို သုံးထားသဖြင့် သူသည် ရှန်းအန်း တာဝန်ပေးထားသည့် မြေကွက်လေးကို လုံလုံလောက်လောက် ရှင်းလင်းပြီးသွားတော့သည်။ ရှန်းအန်းနှင့် ရှန်းနဉ်တို့က အတူတူက စောင့်ကြည့်နေလိုက်ပြီး ကောင်းကောင်းလေး ပြီးသွားသည်ကို တွေ့လိုက်ရ၏။ ပုံမှန်ဆိုလျှင် သူ့ကို အမှားရှာနေတတ်သည့် ရှန်းနဉ်ပင် ကျောက်တူးရွင်းလေးနှင့် နည်းနည်းလောက် လုပ်ပြီးသွားသည့်နောက်တွင် ဘာကိုမှ အပြစ်မပြောနိုင်တော့ချေ။
“ဆက်ပြီး စောင့်ကြည့်နေလိုက်၊ ငါက နင်အဲဒီ ကျောက်တူးရွင်းနဲ့ လုပ်နိုင်တာထက်ပိုပြီး အများကြီး ရှင်းလင်းအောင် လုပ်နိုင်တယ်နော်” ရှန်းကျင့်က မြေတစ်ကွက်ကို ရှင်းပြီးသွားသဖြင့် အမြီးလေးနှံ့ပြနေသည့်နှယ် ရှန်နဉ်ကို ကြွားလုံးထုတ်နေတော့သည်။
ရှန်းအန်းက သူ့စကားအတိုင်း သူ့ကိရိယာကို ချထားလိုက်ပြီး ပြောလိုက်တော့သည်။
“ဒီမှာ စောင့်နေ”
ထို့နောက် သူက လက်သွားဆေးလိုက်ပြီး ဝက်ဆီဖတ်သွားယူရန် အိမ်ပြန်လာခဲ့လိုက်လေသည်။
ဤတွင် ရှန်းယင်နှင့်ရှန်းထျန်တို့ အငယ်ဆုံးလေးနှစ်ယောက်မှာ ပျာယာခတ်သွားတော့သည်။ သူတို့သည် မနက်ခင်းက သူတို့အစ်ကို ၂ ပေးထားသည့်အလုပ်ကို မပြီးမြောက်သေးချေ။ သို့သော် သူတို့မှာ ကြိုးစားခဲ့သည့်တိုင် သူတို့၏အရွယ်ငယ်ငယ်လေးနှင့် ခွန်အားက စိတ်ဆန္ဒများစွာပါသည့်တိုင် ဝါးတုတ်လေးများနှင့်သာ တူးဆွနိုင်လေသည်။
ရှန်းရင်က သူ့လုပ်ထားသည့်အလုပ်ကို ကြည့်လိုက်ပြီးနောက် သူ့အစ်ကို၃ကို ကြည့်လိုက်သည်တွင် လုံးဝကွာခြားနေသည့် အခြေအနေကြောင့် ကြောင်အအလေး ဖြစ်သွားတော့သည်။
အခု သူတို့အစ်ကို ၃ က ဝက်ဆီဖတ်ရသွားပြီလေ။ သူတို့ကျတော့ရော...
ရှန်းရင်မှာ ကပျာကယာဖြင့် သူ့အစ်ကို ဘေးတွင် ချထားခဲ့သည့်ပေါက်ပြားကို သွားယူရန် ထရပ်လိုက်ချိန်တွင် ရှန်းနဉ်က သူ့ကို စိုးရိမ်တကြီး လှမ်းအော်သံကို ကြားလိုက်ရ၏။
“နင်ကပေါက်ပြားလက်ကိုင်လောက်တောင် အရပ်မမြင့်သေးဘဲနဲ့၊ အဲဒါကို သုံးရဲတယ် ဟုတ်လား၊ မတော်တဆ နင့်ခြေထောက်ကို ထိမိသွားရင် ဘယ်လောက်တောင် ငိုနေမလဲမသိဘူး”
ရှန်းယင်က စူပုတ်နေလိုက်ပြီး မြေကွက်နှစ်ခုကြားက ကွာခြားချက်အကြီးကြိးကို လှမ်းကြည့်လိုက်ကာ ရှန်းထျန်နှင့်အတူ စိတ်ပျက်လက်ပျက်ဖြင့် ရပ်နေလေသည်။
တစ်ဖက်တွင်တော့ ရှန်းကျင့်က တော်တော်လေး အူမြူးနေလေသည်။
“မလောနဲ့၊ ဖြည်းဖြည်းလုပ်၊ ငါတို့ အချိန်တွေအများကြီး ရှိသေးတယ်”
ထိုသို့ပြောရင်းက သူသည် အိမ်ဘက်ကိုသာ ဆက်တိုက် လှမ်းကြည့်နေလေသည်။ ရှန်းအန်း ထွက်လာသည်ကို မြင်လိုက်သည်နှင့်ချက်ချင်း သူက အလောတကြီး အပြေးသွားလိုက်ပြီး အားတက်သရော သူ့လက်ကို ဆန့်ထုတ်လိုက်၏။
“မြန်မြန်၊ ငါ့ဝက်ဆီဖတ်ကို ပေးတော့”
ရှန်အန်းက ရှန်းကျင့်၏ ညစ်ပတ်နေသည့်လက်ကို ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းက အနည်းငယ် မဲ့သွားကာ “မင်း လက် အရင် သွားမဆေးတော့ဘူးလား”
“မလိုပါဘူး၊ စိတ်ထဲထည့်မနေဘူး၊ နည်းနည်းလေး ညစ်ပတ်တာ ဘယ်သူ့ကိုမှ မထိခိုက်ဘူး”
သူ့ညီဖြစ်သူ၏ပုံစံကို လက်လျှော့လိုက်ပြီး ရှန်းအန်းက ဝက်ဆီဖတ်တစ်တုံးကို လှမ်းပေးလိုက်၏။
စိတ်အားထက်သန်နေသည့်မျက်လုံးများနှင့် ရှန်းကျင့်သည် ရှန်းအန်းလက်ထဲတွင် ထပ်ရှိနေသေးသည်ကို သတိထားမိလိုက်ပြီး သူ့မျက်လုံးများက လင်းလက်သွားတော့သည်။ ရှန်းအန်းက သူ့ညီလေးများဘက်သို့ လျှောက်သွားကာ သူတို့ကို မစားခင် လက်သွားဆေးခိုင်းသည်ကို မြင်လိုက်ရတော့ ရှန်းကျင့်က ရုတ်တရက် ထပြီး ဆန့်ကျင်တော့သည်။
“ရှန်းအန်း သူတို့တွေ အဲဒီမြေသေးသေးလေးလောက်နဲ့ နည်းနည်း စားရသေးတာလား”
စောစောက ဝမ်းသာနေသည့် ရှန်းရင်နှင့်ရှန်းထျန်တို့မှာ သူတို့အစ်ကိုအရင်းဖြစ်သူ၏ ထင်မှတ်မထားသည့် သစ္စာဖောက်မှုကြီးကြောင့် အထိတ်တလန့်ဖြစ်သွားပြီး နေရာတွင်ပင် အေးခဲသွားကြတော့သည်။
သူ့ညီနှစ်ယောက်အပေါ်တွင် လုပ်လိုက်မိသည့် လူ့သဘာဝအတ္တအရေးကို သတိမထားလိုက်ဘဲ ရှန်းကျင့်က ရှန်းအန်းနောက်မှာ စိတ်လိုလက်ရာ လိုက်သွားကာ ဈေးဆစ်တော့သည်။
“ဒါဆိုရင် မင်း ငါ့ကို ၂တုံးထပ်ပေးသင့်တာပေါ့၊ ငါ လုပ်ထားတဲ့မြေကွက်က သူတို့နှစ်ယောက်ပေါင်းထားတာထက်တောင် ပိုကြီးသေးတယ်၊ သူတို့တွေက အဲဒီအလုပ်သေးသေးလေးကြောင့် တစ်ယာက် ၁တုံးရတယ်ဆိုရင် ငါက သေချာပေါက် ၃တုံး ထိုက်တန်တာပေါ့”
ရှန်းအန်းက သူ့ကို ဘေးတိုက်ကြည့်လိုက်ပြီး “မင်းက ဘာကို အိပ်မက်မက်နေတာလဲ၊ မင်း ရထားတဲ့ဟာလဲ ငါတို့သဘောတူထားတဲ့ အပေးအယူအတိုင်းပဲလေ”
သူတို့၏အစ်ကို ရှန်းအန်းက သူတို့ဝေစုကို မငြင်းလိုက်သည်ကို မြင်လိုက်ရသည်တွင် ရှန်းယင်နှင့်ရှန်းထျယ်တို့မှာ စိတ်အေးသွားပြီး လက်ဆေးရန် အနီးနားက စမ်းချောင်းဆီသို့ ပြေးသွားလိုက်ကြတော့သည်။ သူတို့သည် မြန်မြန် ပြန်ရောက်လာကြပြီး အင်္ကျီဖြင့် သူတို့၏လက်များကို ခြောက်အောင် သုတ်လိုက်ကြ၏။
“ကိုကြီး အခု သားတို့လက်တွေ သန့်ရှင်းသွားပြီ”
ရှန်းအန်းက ပြုံးလိုက်ပြီး သူတို့ကို တစ်ယောက် ၁တုံးစီ ပေးလိုက်လေသည်။
ညီအစ်ကိုလေးများမှာ သူတို့၏အကြီးဆုံးအစ်ကိုက သူတို့ဝေစုကို လုယူသွားမည်စိုးကြသဖြင့် အတုံးလေးကု သူ့တို့ပါးစပ်ထဲ မြန်မြန်ဆန်ဆန် သွပ်သွင်းလိုက်ကြတော့သည်။ စိတ်ကျေနပ်ကာ ဝါးနေရင်းက သူတို့၏မျက်လုံးလေးများသည် ဝမ်းသာနေကြသဖြင့် လင်းလက်နေတော့သည်။ အငယ်ဆုံးလေးက ပီတိဖြာကာ ပြုံးလိုက်ပြီး “ဝက်ဆီဖတ်က အရမ်းစားလို့ကောင်းတာပဲ”
မြေတူးပြီး အမြစ်ဖယ်ခဲ့ရသည့် လုပ်အားနာရီများက ပျော်ရွှင်မှုရောက်လာသည့်အခိုက် အရည်ပျော်သွားသယောင်။
ပိုကြီးသူတစ်ယောက်အဖြစ် ရှန်းယင်က မုန့်ကျွေးသည့် ရှန်းအန်းကို ဝမ်းသာအားရ ကျေးဇူးတင်စကား ပြောလိုက်ပြီး ရှန်နဉ်ကိုလည်း ကျေးဇူးတင်စကား ပြောဖို့ရန် မမေ့ချေ။
သို့သော်ငြား ရှန်းကျင့်ကတော့ မတင်းတိမ်နိုင်ပေ။ သူ့အတုံးလေးကို စားပြီးသွားသည့်တိုင် သူ့ညီလေးများက သူတို့မုန့်ကို စားနေသည်ကို စောင့်ကြည့်ရင်း ညည်းညူဝေဖန်တော့သည်။
“ရှန်းအန်း ဒါတော့ မတရားဘူး၊ သူတို့တွေ အလုပ်နည်းနည်းလေးပဲ လုပ်တာကို ဘာလို့ အတူတူရတာလဲ”
ရှန်းအန်းက အော်ရယ်လိုက်၏။
“ဘာလို့လဲဆိုတော့ သူတို့က ချစ်ဖို့ကောင်းပြီး လိမ္မာတယ်လေ, တစ်ချို့လူတွေလို အတင်းမပြောသလို အပြစ်လဲ မပြောတတ်ဘူး”
တံစက်မြိတ်အောက်တွင် လျှော်ချည်ငင်နေသည့် စန်းလော့မှာ ထိုစကားကို ကြားလိုက်သည်တွင် အော်ရယ်မိမတတ် ဖြစ်သွားတော့သည်။
သိပ်စိတ်ကျေနပ်စရာကောင်းတာပဲ။
သို့သော် ရှန်းကျင့်ကို ကိုင်တွယ်ခြင်းနှင့် ပတ်သက်လာလျှင်တော့ သူမက စဉ်းစားလိုက်လေသည်။
သိပ်ကောင်းတာပဲ။
စန်းလော့က ရယ်ချင်စိတ်ကို မြိုသိပ်ထားလိုက်နိုင်သော်လည်း ရှန်းနဉ်ကတော့ မလုပ်နိုင်ချေ။ ရှန်းအန်းက ရှန်းကျင့်ကို အလုပ်အတွက် ဝက်ဆီဖတ်ပေးမည်ဟု ကတိပေးထားကတည်းက သူမမှာ မကျေမနပ်ဖြစ်လာခဲ့ရသည်။ အခုတော့ ရှန်းကျင့်က စိတ်ပျက်နေသည်ကို မြင်လိုက်ရသဖြင့် သူမသည် အလွန်မှ ကျေနပ်သွားကာ စိတ်အေးသွားတော့သည်။
ရှန်းယင်နှင့် ရှန်းထျယ်တို့က သူတို့၏ဝက်ဆီဖတ်များကို ကုန်အောင် စားလိုက်ပြီး ဝက်ဆီဖတ်ကိုင်ထားသည့် လက်ချောင်းများနှင့် လက်ဖဝါးများကိုပင် လျှက်နေကြလေသည်။ သူတို့အစ်ကိုကြီးက သူတို့၏နည်းပါးသည့် လုပ်အားကြောင့် ညည်းညူနေသော်လည်း ပိုပြီး သိတတ်လှသည့် ရှန်းယင်က မြန်မြန်က ထပ်ပြောလိုက်၏။
“ကိုကြီး နောက်ကျရင် ကျန်တာကို ပြီးအောင်လုပ်ပေးမယ်နော်၊ မနက်ဖြန်ကျရင် လာခဲ့မယ်၊ ပိုပြီး နှေးသွားမှာဆိုပေမဲ့လေ သား ကိုကြီးလိုပဲ အများကြီး တူးနိုင်ပါတယ်”
ရှန်းကျင့်၏ နောက်လိုက်သစ္စာရှိလေးတစ်ယောက်ဖြစ်သည့် ရှန်းထျယ်ကလည်း မြန်မြန်ခေါင်းညိတ်လိုက်ပြီး သူ့ကလေးသံလေးနှင့် ပြောလေသည်။
“အစ်ကို၂ သားလည်း လိမ်မာပါ့မယ်”
ရှန်းကျင့်က ကောင်ငယ်လေးနှစ်ယောက်ကို စိတ်ဆိုးမာန်ဆိုးဖြင့် ကြည့်လိုက်ကာ ‘သူတို့တွေက ဘယ်သူ့ကို ဖားနေတာတုန်း၊ ဘယ်သူက သူတို့အစ်ကိုအရင်းတုန်း’ဟု ထေ့ငေါ့ကာ မေးချင်မိသွားတော့သည်။
သို့သော်လည်း သူ့သွားကြားထဲက ကျန်နေသေးသည့် အရသာရှိသည့် အရသာကြောင့် ထိုစကားများကို ဉာဏ်ရှိရှိနှင့် ပြန်မြိုချထားလိုက်တော့သည်။
ဝက်ဆီဖတ်ရှိတဲ့သူက အစ်ကိုအရင်းပဲပေါ့လေ။
ငုံ့ကြည့်လိုက်တော့ ရှန်းကျင့်သည် ရှန်းထျယ်က သူ့လက်ဖဝါးများကို လျှက်နေသည်ကို မြင်လိုက်ရတော့ သူ့မျက်နှာက ဝမ်းသာသွားတော့သည်။ ရှန်းကျင့်၏လက်က အလိုလို လှုပ်ရှားသွားသော်လည်း သူ ငုံ့ကြည့်လိုက်ချိန်တွင်တော့ လက်က ညစ်ပတ်နေလေသည်...
ဒါကြီးက လျှက်ဖို့ကျတော့လဲ နည်းနည်းများများ ညစ်ပတ်တယ်ဟ။
ရှန်းကျင့်မှာ မြိုသိပ်လိုက်ရတော့သည်။ ရှန်းအန်းကို လှမ်းကြည့်လိုက်ပြီးနောက် သူ့ညီလေးများ လုပ်ထားသည့် မြေကွက်ငယ်လေးကို ကြည့်ကာ သူ၏ပိုကြီးသည့်မြေကွက်နှင့် ယှဉ်ကြည့်လိုက်ပြီး အနည်းငယ် အားကျသလိုဖြစ်သွားသော်လည်း အရသာရှိလှသည့် ဝက်ဆီဖတ်ကိုတော့ မလွန်ဆန်နိုင်ခဲ့ချေ။ နောက်ဆုံးတော့ သူ့မှာ အရှုံးပေးလိုက်ရတော့သည်။
“ငါ နောက်ထပ် မြေတစ်ကွက်ကို ရှင်းပေးရင် မင်း ငါ့ကို ဝက်ဆီဖတ်ကျွေးအုံးမှာလား”
...