အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
အပိုင်း (၃၃)
ရှန်းအန်းသည် သပ်ရပ်စွာပြင်ဆင်ထားသော မြေကွက်ကိုကြည့်ကာ
''ရတယ်လေ၊ ဒါပေမယ့် နောက်နှစ်ရက်အထိပဲနော်၊ ငါတို့မှာ ဝက်ဆီဖတ်တွေ အများကြီးမကျန်တော့ဘူး။ မနက်ဖြန်မှ ပြန်လာပါ။ ဒီနေ့အတွက် မရှိတော့ဘူး။ ငါတို့ ညစာပြင်ဆင်ရအုံးမယ်"
မကြီးက ပြောထားတယ်။ ဒီနေ့အတွက် ပစ္စည်းတွေကို ပိုပြီးပြင်ဆင်ထားဖို့ လိုတယ်တဲ့။ မနက်ဖြန် စီရင်စုဈေးကို ယူသွားဖို့အတွက် သူလည်း မြေပြစ်ပင်တွေ သွားရှာပေးချင်သေးတယ်။
ရှန်းကျင့်၏ တဝဲလည်လည်လုပ်နေခြင်းက အတားအဆီးဖြစ်နေခြင်းပင်။
"ညစာအတွက်ပြင်ဆင်တာ မစောလွန်းဘူးလား"
ရှန်းကျင့်သည် ကောင်းကင်ကိုကြည့်ကာ ရေရွတ်သည်။ သူသည် အချိန်အတော်ကြာ အလုပ်လုပ်ထားသောကြောင့်
ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ ထို့အပြင် ယနေ့အတွက် ဝက်ဆီဖတ်များ ရနိုင်တော့မည်မဟုတ်ပေ။ မနက်ဖြန်အထိစောင့်ရပေမည်။ ကျောကို ပုတ်ခါလိုက်ပြီးနောက် သူက ဆုံးဖြတ်လိုက်သည်။
"ဒါဆို မနက်ဖြန်မနက်စောစောမှ လာခဲ့မယ်"
သူ၏ပေါက်ပြားကိုယူကာ ထွက်သွား၏။
ရှန်းယင်နှင့်ရှန်းထျယ်သည် အနည်းငယ် တူးချင်နေသေးသော်လည်း သူတို့၏ အစ်ကို ၃ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူတို့တူးထားသောမြေကွက်ကို ဆက်တူးမည်ဟု ကတိပြုထားသဖြင့် သူတို့၏တုတ်ချောင်းလေးများကို ကုန်းကောက်လိုက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
ရှန်းအန်းက ညီအစ်ကိုနှစ်ယောက်ကို ရပ်ခိုင်းလိုက်ပြီး
"ကောင်းပြီ၊ ဒီနေ့အတွက်တော့ လုံလောက်ပြီမလို့ အိမ်ပြန်ပြီး မနက်ဖြန်မှ ပြန်လာကြ"
ညီငယ်များသည် ရှန်းအန်းကို ကြည့်လိုက်ပြီးနောက် အတည်ပြုလိုသဖြင့် ရှန်းနဉ်ကို ကြည့်လိုက်လသည်။ သူမက ခေါင်းငြိမ့်ပြသည်ကို မြင်ပြီး သူတို့သည် နောက်ဆုံးတွင် အိမ်ပြန်လို့ရပြီဟု သေချာခံစားမိကြ၏။
ရှန်းယင်သည် မပြီးဆုံးသေးသော အလုပ်နှင့်ပတ်သက်၍ သူ၏ဒုတိယအစ်ကိုပြောလိုက်သည့်စကားကို သတိရကာ တုံ့ဆိုင်းသွားသည်။ သို့သော် သူ၏ခြေလှမ်းများကို ပြင်လိုက်ပြီး မထွက်ရသေးဟန်ဆောင်ကာ နာခံစွာ ပြောလိုက်၏။
"ဟုတ်ကဲ့၊ မကြီးနဲ့ကိုကြီး ၊ သားတို့ အိမ်ကိုပြန်တော့မယ်နော်"
ရှန်းအန်းက ခေါင်းညိတ်ပြသည်ကို မြင်ပြီးနောက် ရှန်းနင်းသည် ပြုံးလိုက်ပြလိုက်သည်တွင် ရှန်းထျယ်၏လက်ကို တွဲကာ နှစ်ယောက်လုံး တောင်ပေါ်မှ ပြေးဆင်းသွားကြတော့သည်။
……
ရှန်းအန်းက ညစာပြင်ရမည်ဟု ပြောလိုက်သည့်စကားကြောင့် စန်းလော့မှာ သတိရသွားတော့သည်။ သူမသည် ကောင်းကင်ကို မော့ကြည့်ကာ လိပ်ထားသော လျှော်ချည်မျှင်များကို စုဆောင်း၍ အိမ်သို့ ပြန်လာလိုက်၏။ ခြင်းတောင်းတစ်ခုကို ရှင်းလင်းကာ သန့်ရှင်းသည့် မြေဇလုံကို ဘေးတွင် ချထားလိုက်ပြီး စပါး ထည့်ရန် အသုံးပြုသည့် ချည်အိတ်ကို ထပ်ထည့်လိုက်သည်။
ဆန်ရိက္ခာများ ပြတ်လပ်သွားသဖြင့် ချန်းအိမ်ထောင်စုတွင် ညစာမစားမီ ကြိတ်ခွဲရန် လိုအပ်ပြီး ယခင်ချေးထားသော ဆန်ကိုလည်း ပြန်ဆပ်ရန် စဉ်းစားထားလိုက်သည်။
သူမ ပြင်ဆင်ရန်လိုအပ်သော နတ်ညည်းတို့ဟူးပမာဏကို တွေးတောရင်း၊ သူမသည် စျေးမှဝယ်ထားသော အထည်တစ်စကိုလည်း ခြင်းတောင်းထဲသို့ ထည့်ကာ အထည်ချုပ်ရန် ချန်းမိသားစုထံမှ ကတ်ကြေးငှားရန် စီစဉ်လိုက်သည်။ သူမပိုင်ဆိုင်မှုထဲ ရောက်နှင့်နေပြီးဖြစ်သည့် အပ်တစ်ချောင်းဖြင့် ထိုညနေခင်းက လောလောလတ်လတ် အမျှင်ထုတ်ထားသည့် လျှော်ချည်ဖြင့် အထည်ကို အနားလုံးရန် စီစဉ်လိုက်သည်။ တို့ဟူးပြုလုပ်ရာတွင် ပိုမိုလွယ်ကူစေရန်အတွက် ပိုကြီးသည့် ရေစစ်တစ်ခုကို သုံးပေတော့မည်။
ကတ်ကြေးငှားရန် ဆုံးဖြတ်လိုက်ပြီး စန်းလော့သည် မကြာသေးမီက မြို့မှ သူမ ဝယ်ယူလိုက်သော ခိုင်ခံ့သည့်ရက်ထည်နှစ်ထည်ဖြင့် ပိုက်ဆံအိတ်အသစ်တစ်လုံးကို ချုပ်ရန်စီစဉ်ထား၏။ ဒင်္ဂါးပြားများ များပြားလာသည်နှင့်အမျှ ၎င်းတို့ကို သူမ၏အင်္ကျီအိတ်ထဲတွင် သိမ်းဆည်းခြင်းက အဆင်မပြေဖြစ်ပြီး အန္တရာယ်များလွန်းလှသည်။
အကုန်လုံးကို ထုပ်ပိုးပြီးနောက် သူမသည် ခြင်းတောင်းနှင့်အတူ ထွက်လိုက်ပြီး ရှန်အန်းသည်လည်း မြေပျစ်ပင်များကိုစုဆောင်းရန် ထွက်လာလိုက်သည်။ ရှန်းနဉ်ကို အိမ်တွင်စောင့်ကြည့်ရန် ထားခဲ့လိုက်လေသည်။
အဘွားချန်းက ထိုနေ့လည်တွင်ဆန်ကြိတ်ရန် စန်းလော့လာလိမ့်မည်ကို သိထား၏။ ထို့ကြောင့် အဘိုးချန်းသည် တိုင်ပင်စရာရှိနေသဖြင့် အိမ်တွင် နေလိုက်သည်။ စန်းလော့သည် သူမ၏ဆောက်လုပ်ရေးအစီအစဉ်များကို အဘိုးနှင့် ဆွေးနွေးလိုက်ပြီး အဆိုပြုထားသည့် အရွယ်အစားနှင့် ပုံစံရပ်များကိုဖော်ပြကာ လိုအပ်သော ပြင်ဆင်မှုများအကြောင်း မေးမြန်းလိုက်သည်။
အသေးစိတ်အချက်များကတော့ အဘွားချန်းပြောထားသည့်အတိုင်းပင်။ အခြေခံပစ္စည်းများဖြစ်သော သစ်သားနှင့် အဝါရောင်ရွှံ့စေးတို့မှာ ပတ်ဝန်းကျင်ရှိတောင်တန်းများမှ အလွယ်တကူရနိုင်သည်။ စန်းလော့ထောက်ပံ့ပေးရန် အဓိကလိုအပ်သောပစ္စည်းများမှာ အုတ်အတွက် ရွှံ့နှင့်ရောစပ်ရန်ကောက်ရိုးများ၊ နံရံများကို ချောမွေ့စေရန် ဖွဲကြမ်းများ၊ အမိုးအတွင် ကျူရိုးဖျာနှင့် ကောက်ရိုးများ ဖြစ်သည်။
ဤပစ္စည်းများသည် ဈေးမကြီးသော်လည်း ပြဿနာမှာ စန်းလော့ဆောက်လိုသည့် ရေနုတ်မြောင်းပါသည့် ရေချိုးခန်းပင်။
အဝါရောင်ရွှံ့စေးဖြင့်ပြုလုပ်ထားသော အိမ်များသည် ယေဘုယျကိုဖြင့် ကောင်းသော်လည်း၊ အတွင်းပိုင်းရေနုတ်မြောင်းအတွက်တော့ စန်းလော့၏လိုအပ်ချက်မှာ မအောင်မြင်နိုင်ပေ။ အခင်းကျောက်ပြားများချလိုသည့်တိုင် စိုစွတ်နေသော အုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသည့် မြေသားနံရံများသည် နှစ်အနည်းငယ်အတွင်း ပြိုကျသွားလိမ့်မည်။
စီရင်စုက အုတ်ကြွေပြားအိမ်များလို ဆောက်နိုင်သော်လည်း ငွေကုန်ကြေးကျ များလွန်းသည်။ စန်းလော့သည် ယခုအချိန်၌ ရွာတွင် အုတ်များဖြင့် ရေချိုးခန်းဆောက်ခြင်းကြောင့် အာရုံစိုက်ခံရမည်ကို မလိုချင်ပေ။ မီးဖိုချောင်ကဲ့သို့ပင် အဝါရောင်ရွှံ့စေးဖြင့်ဆောက်ကာ လွယ်ကူသက်သာစေရန် ရေချိုးကန်ကို ဝယ်ရန် ဆုံးဖြတ်လိုက်သည်။
ရေချိုးခန်း၏ထောင့်၌ ရေအိမ်ထည့်လိုက်ခြင်းသည် နောက်ဆုံးတွင် သူတို့အိမ်၌ သန့်ရှင်းသောသန့်စင်ခန်းတစ်ခုရှိလာတော့မည့်သဘောပင်။
တောင်စောင်းတွင်ဆောက်ထားသော လက်ရှိအိမ်သာကိုတော့ စန်းလော့သည် ချန်းယိုထျန်ကို ရှင်းလင်းပေးဖို့ တောင်းဆိုလိုက်ပြီး မစင်မြေဩဇာကိုတော့ ချန်းမိသားစုကို ပေးလိုက်သည်က သဘာဝကျပေသည်။
အဘွားချန်းသည် စန်းလော့ကိုကြည့်ကာ
"ညည်းက အရင်းအမြစ်တွေ ဖြုန်းတီးနေတာပဲ။ ဥယျာဉ်ခြံ မစိုက်သင့်ဘူးလား။ မြေဩဇာမပါရင် တောင်ပေါ်မြေပြင်မှာ ဘာတွေ စိုက်ပျိုးလို့ရနိုင်လို့လဲ"
အပြင်ဘက်ကအိမ်သာ၏ ညစ်ညမ်းမှုကို တွေးတောရင်း စန်းလော့သည် အသည်းအသန် ခေါင်းခါပြလိုက်ပြီး
"ရပါတယ်၊ ကျွန်မ သစ်စိမ်းမြေဩဇာ သုံးလိုက်မယ်။ တောင်ရဲ့ တစ်ဖက်က မြေတွေကို ထပ်ရှင်းပြီးတဲ့အခါမှ တိရစ္ဆာန်အညစ်အေကြးကို သုံးဖို့ စဉ်းစားထားတယ်"
ရယ်စရာကောင်းသည်မှာ စန်းလော့သည် မစင်မြေဩဇာသုံးခြင်းကို နားမလည်နိုင်ခြင်းပင်။ အထူးသဖြင့် ထိုထဲတွင် အမျိုးအမည်မသိ ပိုမွှားများ အများအပြားပါရှိနေခြင်းပင်။ ထိုအတွေးတစ်ခုတည်းကပင် သူမကို စိတ်မသက်မသာဖြစ်စေတော့သည်။
"တိရစ္ဆာန်အညစ်အကြေးထက် ဘယ်သစ်စိမ်းမြေဩဇာက ပိုကောင်းနိုင်လဲ"
အဘွားချန်းမှာ စန်းလော့က အညစ်အကြေးနှင့်အနံ့ကို ရွံနေသည်ဟု တွေးမိလိုက်သဖြင့် မှတ်ချက်ပေးလိုက်တော့သည်။
"ဘယ်လယ်သမားက မစင်မြေဩဇာကို ညစ်ပတ်ပြီး နံတယ်လို့ မြင်လို့တုန်း။ နတ်တို့ဟူးလုပ်တတ်တာက ညည်း ကံကောင်းတာပဲ။ မဟုတ်ရင် အသက်ရှင်ဖို့ ရုန်းကန်နေရလိမ့်မယ်"
အဘွားချန်းသည် ဟင်းသီးဟင်းရွက်များကို အောင်အောင်မြင်မြင် စိုက်ပျိုးမည့် စန်းလော့၏အရည်အချင်းကို သံသယဖြစ်မိကာ သူမ၏မျိုးစေ့များ အလကားဖြစ်မည်ကို စိုးရိမ်သဖြင့် စိုက်ပျိုးရေးအကြောင်း လုံးဝမပြောချေ။
မည်သို့ပင်ဆိုစေကာမူ ဒါက စန်းလော့၏ ကိုယ်ပိုင်စီးပွားရေးဖြစ်ပြီး သူမတွင် အသက်မွေးဝမ်းကြောင်းပြုရန်နည်းလမ်းရှိသောကြောင့် အဘွားချန်းသည် နောက်ထပ်ဖိကိုမပေးတော့ပေ။ စန်းလော့က မစင်မြေဩဇာကို အမှန်တကယ် မလိုလားကြောင်းကို အတည်ပြုလိုက်ပြီးနောက် ရေအိမ်ကိုသန့်ရှင်းရေးလုပ်ရန် သဘောတူလိုက်သည်။
"ညည်းဆီကနေ အခွင့်ကောင်းမယူဘူး။ ညည်းရဲ့ ဆောက်လုပ်ရေးအတွက် လိုအပ်တဲ့ ကောက်ရိုးနဲ့ ဖွဲနုအတွက် တခြားနေရာမှာ သွာရှာစရာ မလိုဘူး။ အဘွားတို့ ကောက်ရိုးပုံထဲက ကောက်ရိုးကို ယူလို့ရတယ်၊ အဘွားတို့အတွက် ဟင်းချက်ရင်းနဲ့ ဖွဲနုအတွက်လဲတော်တော် သက်သာလိမ့်မယ်။ ညည်းမှာ သိပ်မကျန်တော့ဘူးဆိုရင် မြေဩဇာနဲ့လဲလှယ်ပြီး အဘွားဆီကနေ ညည်းလိုအပ်တာကို ယူလို့ရတယ်"
သူမ၏ဥယျာဉ်တွင် မစင်မြေဩဇာသုံးရန် ဖိအားမပေးခြင်းနှင့် တုန်လှုပ်စရာကောင်းသော ရေအိမ်ကို သန့်ရှင်းရေးလုပ်ပေးမည့် တစ်စုံတစ်ယောက်ရှိခြင်းကြောင့် စိတ်သက်သာရာရသွားသော စန်းလော့သည် သက်ပြင်းတစ်ချက်ချလိုက်တော့သည်။
စိတ်ကျေနပ်သွားပြီး စန်းလော့သည် ဆန်ကြမ်းနှင့် ချုပ်ထားသောအထည်များဖြင့် အိမ်သို့ပြန်လာခဲ့၏။
နေဝင်ချိန်နှင့်အတူ သူမသည် အနားလုံးခြင်းနှင့် အပ်ချုပ်ခြင်းဖြင့် အလုပ်ရှုပ်နေ၏။ ယနေ့ည၏ တို့ဟူးပြုလုပ်ခြင်းမှာ ဇကာအသစ်ကြောင့် ပိုမိုလွယ်ကူစေရုံသာမက ယခုအချိန်တွင် သူမသည် ပိုက်ဆံအိတ်ကိုလည်း ပိုင်ဆိုင်ထားသည်။ ရှန်းနဉ်ကတော့ ရေသုတ်ပုဝါကို ရရှိလိုက်သည်။
အမှန်ပင် သူမလဲလှယ်ထားသော လျှော်ထည်ကြီးတစ်ထည်ကို သင့်တော်သည့် လေးထောင့်ရေစစ်ကြီးတစ်ခုနှင့် ရေချိုးတဘတ်အဖြစ် သုံးနိုင်မည့် ရေသုတ်ပုဝါအရွယ်တစ်ထည်ကို ဖြတ်ထားလိုက်သည်။
အဝတ်အစားဖြင့်ရေးချိုး။ စိုရွှဲနေသည့်အတိုင်းအိမ်ပြန်။ ထို့နောက်တွင် ခြောက်အောင်သုတ်ရန် တဘတ်တစ်ထည်ပင်မရှိဘဲ အဝတ်ခြောက်ကို လဲနေရသည်....။ သည်လိုနေဖူးသူများသာ ထိုအခက်အခဲကို အမှန်ပင် နားလည်လိမ့်မည်။
ရှန်းနဉ်ကို မျက်နှာသုတ်ပုဝါတစ်ထည် ပေးလိုက်ပြီး သူမကိုယ်တိုင်နှင့် ရှန်းအန်းအတွက် မမေ့ချေ။ လက်ဖဝါးထက် အနည်းငယ်ပိုကြီးပြီး ပျော့ပျောင်းသည့် ပုဝါပိုင်းနှစ်ခုကို ရွေးထားပေးလိုက်သည်။
"ရက်နည်းနည်းလောက်ကြာရင် ငါတို့တွေ ရေစစ်ထပ်လုပ်တဲ့အခါ မျက်နှာသုတ်ပုဝါနှစ်ထည် ထပ်လုပ်မယ်၊ အဲ့တာဆိုရင် အစ်မတို့ဆီမှာ တစ်ယောက် တစ်ထည်စီ ရသွားပြီ"
ရှန်းအန်းသည် လက်ကို ဝှေ့ယမ်းကာငြင်းဆိုလိုက်၏။
"မကြီး၊ ကျွန်တော် ဒီအပိုင်းနဲ့ အဆင်ပြေတယ်။ တကယ် အဆင်ပြေလွန်းနေပြီ"
စန်းလော့ပေးလိုက်သည့် ပုဝါပိုင်းလေးသည် ပျော့ပျောင်းပြီး သက်တောင့်သက်သာရှိသောကြောင့် အလွန်ကောင်းလွန်းနေသည်ဟု ခံစားလိုက်ရ၏။
စန်းလော့သည် အရွယ်အစားအသင့်အတင့်ရှိသော အထည်ကို ကြည့်ကာ ရယ်မောလိုက်ပြီး
" ချွေတာနေတာပဲ မဟုတ်လား၊ ညီမလေးတို့ ပျော်ရင် ဟုတ်ပါပြီ"
အခုက လုံလောက်နိုင်ပေမယ့် ဆောင်းရာသီကျရင်ကော။
ဒါပေမဲ့ မပြောတော့ပါဘူး။ ပိုအေးလာတဲ့အခါကျမှပဲ သူ့အတွက် ဒီအတိုင်း အစားတစ်ခု လုပ်ပေးလိုက်မယ်။ နောက်ဆုံး ခြိုးခြံချွေတာကလည်း ကောင်းတဲ့အကျင့်ပဲလေ။
မကြာမီတွင် မီးဖိုချောင်နှင့် ခြံဝင်းငယ်တစ်ခု ရှိလာတော့မည့် မျှော်လင့်ချက်နှင့်အတူ ဆန်ပြုတ်ဖြူဖြူလေးကို နေ့လည်စာမှ ကျန်သည့် မုန်လာဥခွံအချဉ်၊ အေးအေးလေးရောထားသည့် ဒရင်ကောက်ပင်နှင့်မြေပျစ်ပင်တို့နှင့်တွဲကာ ဝါးကျည်တောက်ကို ပန်းကန်လုံးအဖြစ် သုံးလိုက်ကြပြီး ကြည်နူးဖွယ်ညစာကို အတူထိုင်စားလိုက်ကြလေသည်။
ထမင်းစားနေစဉ်တွင် ရှန်းအန်းသည် အရာအားလုံးမှာ အမှန်မဟုတ်သည့်အတိုင်း ခံစားနေရကာ သူသည် အတိုင်းအတာတစ်ခုအထိ ငေးငိုင်နေမိဆဲပင်။
"မကြီး၊ မီးဖိုချောင်နဲ့ ခြံနံရံအကာကို တစ်ကယ်ဆောက်မှာလား"
စန်းလော့သည် ပြတ်ပြတ်သားသား ခေါင်းညိတ်ကာ
"ဟုတ်တယ်၊ သဘက်ခါမှာ စတင်ကြမှာ"
"အဲ့တာက ဘယ်လောက်လောက်ကုန်ကျမှာလဲ"
စန်းလော့သည် သစ်ပင်များနှင့် ရွှံ့များမှာ အခမဲ့ဖြစ်ပြီး ကောက်ရိုးနှင့် ဖွဲနုတို့မှာ မြေဩဇာနှင့် လဲလှယ်လိုက်ရသည်ကို တွေးတောလိုက်၏။ သူမသည် အိမ်ခေါင်မိုးအတွက် ကျူဖျာအချို့ဝယ်ရန်သာ လိုအပ်သောကြောင့် ကုန်ကျစရိတ်မှာ အထူးတစ်လှယ်မဟုတ်ပေ။
"အစားအသောက်အတွက်ပဲ အများဆုံး ကုန်မှာ၊ ဒါကလည်း လူဘယ်နှစ်ယောက်လာမယ်ဆိုတာနဲ့ ဘယ်နှစ်ရက်ကြာမယ်ဆိုတာ အပေါ်မူတည်တယ်၊ မနက်ဖြန်မှ ပိုပြီး သေချာသိရမယ်"
ခိုင်မာသည့်ဆက်ဆံရေးမရှိပါက မည်သူကမှ အခမဲ့ လုပ်ပေးမည်မဟုတ်ချေ။
ထို့ကြောင့် မည်သူလာကူညီမည်ဆိုသည်မှာ ချန်းမိသားစု၏ စုံစမ်းမေးမြန်းမှုပေါ်တွင် မူတည်သည်။
ရှန်းအန်းသည် အစားအသောက်များ ထောက်ပံ့ရမည်ကို ကြားသောအခါတွင် သူ၏ ဆန်ပြုတ်ပန်းကန်လုံးမှာ ရုတ်တရက် အရသာသိပ်မရှိတော့သလိုပင် ဖြစ်သွားသည်။
"လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အားနျိုရဲ့ အိမ်ဆောက်တုန်းက မှတ်မိသေးတယ်။ လူတွေအများကြီး လာကူညီပေးကြတယ်။ အဲ့ထဲမှာ ဦးလေးလဲပါတယ်။ တစ်နေ့ကို ထမင်းဖြူနှစ်ကြိမ်ကျွေးရပြီး ရှန်းကျင့်က အသားတွေတောင် ပါသေးတယ်လို့ ပြောတယ်"
"လူအများကြီးပဲ… ဆယ်ရက်ကျော်ကြာတဲ့အထိ အစားအသောက်နဲ့ အသားတွေကိုတောင် ကျွေးတာလား။ ဘယ်လောက်တောင် ကုန်လိုက်မလဲ”
ကုန်ကျစရိတ်ကို မတွက်ချက်နိုင်သဖြင့် ရှန်းအန်းသည် ချက်ချင်းပင် စိုးရိမ်လာတေ့သည်။
ရှန်းနဉ်သည်လည်း အဖြစ်အပျက်ကို ပြန်သတိရမိသည်။ မေ့ဖို့ရန် ခက်ခဲသောကြောင့်ပင်။ အထူးသဖြင့် ရှန်းကျင့်က ဦးလေး၏ခြေထောကကို တွယ်ဖက်ပြီး အသားစားရရေးအတွက် အားနျိုအိမ်သို့ သွားမည်ဟု ဂျီကျခဲ့သောကြောင့်ပင်။
"မကြီး၊ ညီမလေးတို့ရော ထမင်းဖြူနဲ့ အသား ကျွေးမှာလား"
စန်းလော့သည် ခေါင်းညိတ်လိုက်ကာ
"ဟုတ်တယ်၊ အစ်မတို့က လုပ်ကိုခ မပေးနိုင်ဘူး။ ဒါပေမယ့် အနည်းဆုံးတော့ လူတိုင်းကို ကောင်းကောင်းကျွေးဖို့လိုတယ်။ အဲ့လိုမှမဟုတ်ရင် ဒီလိုပင်ပန်းတဲ့အလုပ်ကို ဘယ်သူက ကူညီပြီးလုပ်ပေးမှာလဲ"
ကလေးများက စိတ်မကောင်းဖြစ်နေသည်ကို မြင်လိုက်သည်တွင် သူမသည် သူတို့ကို အာမခံပေးလိုက်လေသည်။
"စားပါ၊ ဘာမှမစိုးရိမ်နဲ့။ တစ်ရက်ထဲနဲ့ စားစရာအကုန်ဝယ်မှာမှ မဟုတ်တာ။ နေ့တိုင်းပိုက်ဆံရှာနေတာပဲ စားစရာကို နေ့တိုင်းဝယ်လို့ရတယ်။ စိတ်မပူနဲ့။ အစ်မတို့တွေ နတ်သမီးတို့ဟူးကို ပိုလုပ်ကြမယ်။ ဒါဆိုရင် အစ်မတို့ နောက်ထပ်ဆယ်ရက်၊ ဆယ့်ငါးရက်လောက်အထိ တောင့်ခံနိုင်လိမ့်မယ်"
တို့ဟူးသည် အသစ်အဆန်းတစ်ခုဖြစ်သောကြောင့် ရေရှည်အတွက်တော့ မသေချာပေ။ အိမ်ထောင်စုတိုင်းသည် နေ့တိုင်းမဝယ်ကြသောကြောင့် အစပိုင်းတွင်အလျင်စလိုလုပ်ပါက စီးပွားရေးမှာ လျော့ကျသွားမည်ဖြစ်သည်။ သို့သော် မီးဖိုချောင်နှင့် ခြံစည်းရိုး ဆောက်ခြင်းသည် အိမ်တစ်လုံး အပြည့်ဆောက်သကဲ့သို့ ကြာမြင့်မည် မဟုတ်ပေ။ ဆယ်ရက်မှ ဆယ့်ငါးရက်ထက် မပိုသင့်ပေ။
စန်းလော့သည် အစီအစဉ်အတွက် ယုံကြည်ချက်ရှိလာသည်။
ကလေးများ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ဆက်တိုက်ဖြစ်နေသည်ကို သတိပြုမိနေသဖြင့် စန်းလော့သည် အရွှန်းဖောက်လိုက်တော့သည်။
"ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အဲ့လောက် သောကများမနေပါနဲ့။ မဟုတ်ရင် အဘိုးကြီးပေါက်စနဲ့ အဘွားကြီးပေါက်စလေးတွေ ဖြစ်လိမ့်မယ်နော်"
"စပြီးဆောက်တဲ့အခါကျရင် ပတ်ဝန်းကျင်မှာ လူတွေအများကြီးရှိနေမှာ နတ်သမီးအရွက်တွေကို သတိမထားမိအောင် ခူးဖို့က ခက်မှာပဲ။ စောစောပြန်ဖို့ ကြိုးစားမှာပါ၊ ဒါပေမဲ့ အစ်မတို့ထုတ်ကုန်တွေရဲ့ ၀ယ်လိုအား တိုးလာမယ်ဆိုရင်တော့ အချိန်မီ ပြန်လာနိုင်မှာမဟုတ်ဘူး၊ နေ့လယ်လောက်မှ ပြန်မရောက်ရင် မောင်လေးတို့နှစ်ယောက်က နေ့လယ်စာ ထမင်းစားနားချိန်ကို အသုံးချပြီး နတ်သမီးသစ်ရွက် ခူးရမယ် ။ မှတ်ထားနော်၊ တောနက်ထဲထိ စွန့်စားပြီးမသွားဘဲ လူတွေ မကြာခဏသွားလေ့ရှိတဲ့တောင်တန်းနဲ့ နီးတဲ့နေရာတွေမှာပဲ သွားခူးပြီး ပြန်ထွက်လာတဲ့အခါ တောဟင်းရွက်တစ်ချို့နှင့် ဖုံးလာခဲ့"
ရှန်းအန်းနှင့်ရှန်းနဥ်တို့က သူတို့ ကူညီပေးနိုင်သည်ကိုကြားလျှင် ချက်ချင်းထကာ အလုပ်တာဝန်ကိုထမ်းဆောင်ရန် သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြတော့သည်။
……
အိမ်ဆောက်နေစဉ်အတွင်း စားနပ်ရိက္ခာပြတ်လပ်မှုဖြစ်နိုင်သည်ကို စိုးရိမ်သဖြင့် ချန်းလောင်ဟန်သည် ညစာစားပြီးနောက် ရှန်းမိသားစုအတွက် မီးဖိုချောင်ဆောက်ရန်နှင့် တံတိုင်းကာပေးရန်အတွက် ရင်းနှီးသည့်မိသားစုများထံသို့ ထွက်သွားကာ မေးမြန်းလိုက်သည်။
ပထမအိမ်တွင် မေးလိုက်သောအခါ ဇနီးဖြစ်သူ စိတ်ပူစပြုလာသည်အထိ ယောက်ျားသည် တုံ့ပြန်မှုပင်မရှိလိုက်ပေ။
"ကျွန်တော်တို့ ကူညီနိုင်ပါတယ်၊ ဒါပေမယ့် စားစရာတော့ ထောက်ပံ့ပေးစရာ မလိုတာ သေချာတယ်မလား"
ရှန်းမိသားစု၏ဆင်းရဲမှုသည် ရွာတစ်ရွာလုံးတွင် လူသိများပြီး ဖွဲနှင့်
တောဟင်းရွက်များကိုသာ စားကြသည့်ဟု နာမည်ကြီးလေသည်။
အမျိုးသမီး၏မှတ်ချက်သည် ခင်ပွန်းဖြစ်သူထံမှ တင်းမာသောအကြည့်နှင့် ချက်ချင်းတွေ့ဆုံသွား၏။
"အထဲဝင်ပြီး ကလေးတွေကို ဂရုစိုက်လိုက်"
ခင်ပွန်းဖြစ်သူ၏အပြုအမူကြောင့် လောင်စာထည့်စရာရသွားပြီး သူမ၏သဘောထားကို ထုတ်ဖော်ခွင့်ရသွားသည့် အမျိုးသမီးက ပြန်ချေပတော့သည်။
"ဘာဖြစ်လို့လဲ ရှီအာ့လန်၊ ကျွန်မရဲ့စကားကြောင့် အရှက်ရသွားလို့လား။ ဦးလေးချန်းက ငါတို့အတွက်သူစိမ်းမှ မဟုတ်တာ။ မသင့်တော်တာတစ်ခုမှ မပြောလိုက်ဘူး။ အထူးသဖြင့် ဒီနှစ်နွေစပါးကို စောစောရိတ်သိမ်းရတာကြောင့် အခုချိန်မှာ အစားအစာတွေက အဖိုးတန်တယ်။ ဘယ်သူ့မှာ စားစရာအပိုရှိမှာလဲ။ အိမ်ဆောက်ဖို့က ပင်ပန်းကြီးလွန်းတယ်။ ဒီလိုမေးခွန်းမျိုး မေးတာက ကျိုးကြောင်းဆီလျော်တယ် မဟုတ်ဘူးလား။ ဦးလေးချန်းရော သဘောမတူဘူးလား"
ချန်းလောင်ဟန်သည် ထိုစကားများမှာ သူ့ကို ရည်ရွယ်သည်ကို သိသဖြင့် ပြုံးကာ ပြန်ပြောလိုက်၏။
"လုံးဝကျိုးကြောင်းဆီလျော်တာပေါ့၊ ဒါက မေးသင့်တဲ့ မေးခွန်းတစ်ခုပဲ"
ထို့နောက် ရှီအာ့နှင့်သူ၏ဇနီးတို့ကို ခေါ်ပြီး ဆက်ပြောလိုက်သည်။
"ဟုတ်ပါတယ်၊ စားစရာတွေက ထောက်ပံ့ပေးမှာပါ။ မဟုတ်ရင် မင်းရဲ့အကူအညီကို ငါမတောင်းဝံ့ဘူး"
ရှီအာ့လန်သည် အနည်းငယ် အနေခက်သွားသောကြောင့်
"ကျွန်တော်တို့အားလုံးက တစ်ရွာတည်းသားချင်းတွေပဲ၊ စားစရာတွေ မထောက်ပံ့ဘူးဆိုရင်တောင် တတ်နိုင်တဲ့နေရာကနေ ကူညီပေးဖို့အသင့်ပါပဲ"
မည်သို့ပင်ဆိုစေကာမူ ဆယ်ရက်ကြာကူညီခြင်းနှင့် တစ်ရက် သို့မဟုတ် နှစ်ရက်ကူညီခြင်းသည် ခြားနားမှုရှိသော်လည်း ထိုအရာကို ထုတ်ပြောရန် မလိုအပ်ပေ။
သူ၏စိတ်ထဲတွင် ရှီအာ့လန်သည် သူ့ဇနီးကို အမှန်တကယ် စိတ်မဆိုးလိုက်ပေ။ ထိုမေးခွန်းမျိုးမေးရန် မသင့်တော်ကြောင်းကိုသာ ခံစားလိုက်ရခြင်းဖြစ်၏။ ချန်းးလောင်ဟန်ကို ရိုသေလေးစားမှုဖြင့် အစားအစာများ ကျွေးသည်ဖြစ်စေ၊ မကျွေးသည်ဖြစ်စေ မခွဲခြားဘဲ ကူညီပေးလိုက်သည်။
သို့ရာတွင် အစားအစာများ အမှန်တကယ်မထောက်ပံ့ပါက ဇနီးသည် ပြောသောအချက်မှာ မှန်ကန်ပေသည်။ စားနပ်ရိက္ခာ လုံလောက်စွာမရဘဲ အလုပ်ကြမ်းဖြင့် ရပ်တည်ရန်မှာ ခက်ခဲ၏။ ထိုအခြေအနေမျိုးတွင် တစ်ရက်နှစ်ရက်လောက် ကူညီရုံဖြင့် ချန်းမိသားစုအတွက် သိက္ခာဆည်ရန် လုံလောက်ပါသည်။
ထို့ကြောင့် ဤကဲ့သို့မေးခွန်းထုတ်စရာ မလိုပေ။ ရှန်းမိသားစုသာ ထမင်းမကျွေးနိုင်လျှင် ဤမေးခွန်းမေးခြင်းသည် ချန်းလောင်ဟန်ကို အရှက်ရစေမည်မဟုတ်ပေလော။
ရှီအာ့လန်၏ဇနီးသည် အစားအသောက်များ ပံ့ပိုးပေးမည်ကို ကြားသိရသောအခါတွင် စိတ်အေးလက်အေးဖြင့် သိသိသာသာ ငြိမ်သက်သွားတော့သည်။ ထို့နောက် သူမသည် သိချင်စိတ်ဖြင့် မေးလိုက်၏။
"သူတို့တွေက တောဟင်းရွက်တွေပဲ စားလာကြတာမလား၊ အစားအသောက်တွေကို ဘယ်လို ကျွေးမှာလဲ"
ဟင်းသီးဟင်းရွက် ဟင်းချိုသက်သက်ပဲ ဖြစ်နိုင်သည်ဟု ရုတ်တရက် တွေးမိကာ သူမ၏မျက်ခွံများ လှုပ်လှုပ်ရှားရှားဖြစ်သွားတော့သည်။
သို့သော်ငြား သူမက အဲလိုဆိုရင်တော့ ချန်းမိသားစုက ဒီကိစ္စကို လာပြောမှာမဟုတ်လောက်ပါဘူးလေဟု စဉ်းစားလိုက်ပြီး အတွေးကိ မြိုသိပ်ထားလိုက်ကာ ချန်းလောင်ဟန်ပြောမည့်စကားကို စောင့်နေလိုက်လေသည်။
ချန်းလောင်ဟန်သည် ထိုမေးခွန်းကြောင့် ခဏတာ အံ့သြသွားလေသည်။
စန်းလော့မှာ ယခု ငွေရှာနေသည်ကို သူ၏မိသားစုမှ သိထားပေသည်။ သို့သော်လည်း ဒါက ရွာထဲတွင်တော့ ဒါက သာမန်သတင်းမဟုတ်လောက်မှန်း စဉ်းစားမိလိုက်လေသည်။
အမှန်တစ်ကယ်ပင် သူတို့သည် ပထမအကြိမ် ဈေးကြီးသို့ သွားလိုက်ပြီး ယခင်နေ့ စီရင်စုသို့ ခရီးထွက်ခြင်းကိုပင် မိုးမလင်းမီကပင်ထွက်ခွာကာ ရွာထဲသို့ မဝင်ဘဲ တောင်ပေါ်လမ်းမှ ပြန်လာလိုက်ခဲ့သည်။
နတ်သမီးတို့ဟူးပန်းကန်ကို ပထမဆုံး ယူလာပေးလိုက်ခဲ့သည့် စန်းရှီကို သတိရမိလိုက်၏။ သူတို့သည် တောင်တန်းများမှရသော ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသည်ဟူသော အချက်ကို မဖုံးကွယ်ထားပေ။ ထို့ကြောင့် ဤအချက်အလက်များကို အများကြီး သိကြမည်မဟုတ်သလို အာရုံစိုက်ခံရသည်ကလည်း မဖြစ်သင့်ချေ။
ဤအရာကို သဘောပေါက်သော ချန်းလောင်ဟန်က ပြောလိုက်၏။
"စိတ်မပူပါနဲ့၊ ထမင်း ထောက်ကျွေးမှာ သေချာတယ်။ စန်းရှီက လုံ့လဝီရိယရှိတဲ့သူပါ တောဟင်းရွက်တွေကို စီရင်စုမှာ သွားရောင်းတာ၊ ငါ့ချွေးမက သူ့ကို ခဏခဏ ကူညီပေးတယ်။ ဒါကြောင့် အစားအသောက်က ခမ်းခမ်းနားနားမဟုတ်ပေမယ့် အိမ်ဆောက်ဖို့ ကူညီတဲ့အခါ ထမင်းကျွေးမှာ သေချာပါတယ်"
အဟုတ်ပဲလေ။ သူတို့က တောဟင်းရွက်တွေ ရောင်းကြတာပဲ__ နှစ်စည်းကို ၁ ဝမ်တဲ့။ သူ့ချွေးမကတောင် သူတို့ရဲ့ကြိုးစားပုံကို တနေ့လည်ခင်းလုံး ချီးမွှမ်းခန်းဖွင့်နေတာ။ နောက်နေ့ကျရင် အပိုငွေရအောင တောဟင်းရွက်တွေကို သွားရှာနေလိုက်သေးတယ်လေ။
ချန်းလောင်ဟန်သည် အမှန်တရားတစ်ခုလုံးကို မဖော်ပြထားရုံသာဖြစ်ပြီး သေချာပေါက် လိမ်ညာနေခြင်းမဟုတ်ကြောင်းတွေးကာ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လိုက်တော့သည်။
ထို့အခါမှ ရှီလင်မယားက ချန်းမိသားစုက ရှန်းမိသားစု၏ ပထမအိမ်ကို အရင်ဆုံး ကူညီပေးကြသူများဖြစ်ကြောင်း နားလည်သွားတော့သည်။
ဒီတော့ ချင်ဖန်းညန်နဲ့ စန်းရှီတို့က တောဟင်းရွက်တွေကို အတူတူရောင်းကြတယ်ပေါ့။
ရှီအာ့လန်သည် ချက်ချင်းဆိုသလိုပင် အာမခံလိုက်၏။
“ဦးလေးချန်း၊ စိတ်မပူပါနဲ့၊ သဘက်ခါကျရင် ကျွန်တော် အဲဒီကို ရောက်မှာပါ။ သစ်ပင်တွေစပြီးခုတ်ဖို့ပဲ လိုတာမလား"
ချန်းလောင်ဟန်သည် ခေါင်းညိတ်ပြလိုက်ပြီး
"ဟုတ်တယ်၊ သစ်ပင်တွေ အရင်လှဲရမယ်။ သူတို့မှာ ပြင်ဆင်ထားတဲ့ ပစ္စည်းတွေ မရှိတာကြောင့် သစ်ခုတ်ဖို့က ရက်နည်းနည်း ကြာလိမ့်မယ်။ နံရံတွေထောင်မယ်ဆိုတာနဲ့ ငါတို့ သစ်တွေ လိုအပ်လာလိမ့်မယ်"
"ကောင်းပြီ၊ ကျွန်တော်လာတဲ့အခါ ပုဆိန်ကိုယူလာလိုက်ပါ့မယ်"
ဤမိသားစု၏သဘောတူညီချက်ဖြင့် ချန်းလောင်ဟန်သည် ပြန်လာတော့သည်။ ထို့နောက် ရှီအာ့လန်သည် သူ့ကို အရှေ့တံခါးဆီ လိုက်ပို့ပေးသော်လည်း ချန်းလောင်ဟန်သည် မလိုအပ်ကြောင်းကို လက်ကာပြလိုက်၏။
ရှီခြံဝင်းမှမထွက်ခွာမှီတွင် ရှီအာ့လန်၏ဇနီးဖြစ်သူထံမှ ရေရွတ်သံကိုကြားလိုက်ရသည်။
"တောဟင်းရွက်တွေက ဘယ်လောက်တန်ဖိုးရှိမှာလဲ။ အဲ့တာတွေက နေရာတိုင်းမှာ ရှိနေတာမဟုတ်ဘူးလား။ အဲ့တာနဲ့ သူတို့အိမ်ကိုဆောက်ဖို့ တစ်ကယ်ရောတတ်နိုင်လို့လား"
ချန်းလောင်ဟန်၏ကျောပြင်မှာ တောင့်တင်းသွားပြီးနောက် ခြေလှမ်းခပ်ကျဲကျဲနှင့်အရှိန်မြှင့်ကာ ရှီခြံဝင်းထဲမှ ထွက်ခွာလာလေတော့သည်။
...
အပိုင်း(၃၄)
အိမ်ခြေ ၂၀ သာရှိသည့် ရွာငယ်လေးတစ်ခုတွင် ရှန်းမိသားစု၏ပထမအိမ်က မီးဖိုဆောင်ဆောက်ပြီး ခြံဝင်းခတ်မည့်သတင်းက အမျိုးသမီးများ အဝတ်လျှော်ကြသည့် ချောင်းဘေးဆီသို့ပင် မသိမသာပျံ့နှံ့သွားတော့သည်။
လီရှီသည် အဝတ်လျှော်နေချိန်တွင် ရွာထဲက တခြားအမျိုးသမီးများထံမှ မေးခွန်းကြောင့် ခေါင်းခြောက်သွားတော့သည်။ သူမနှင့် မတည့်သည့်တစ်ယောက်က တောဟင်းရွက်ရောင်းရုံဖြင့် မည်သို့များ အိမ်တစ်လုံးဆောက်နိုင်သည့် ငွေရှိပါမည်နည်းဟု ရှန်းမိသားစု၏တတိယအိမ်က ငွေများ စိုက်ထုတ်ပေးခဲ့သလားဟူ၍ မသိမသာဆိုးရွားသည့်သဘောဖြင့် မေးလေသည်။
ကူညီရအုံးမယ်။ တကတည်း။ သူတောင်မှ အိမ်ဆောက်မဲ့အကြောင်း လုံးဝ မကြားခဲ့တဲ့ကိစ္စပဲ။
မျက်နှာက ပြာနမ်းသွားပြီး လီရှီသည် အဝတ်အစားများကို ရေထဲတွင် အကြိမ်အနည်းငယ် ပွတ်တိုက်မိလိုက်ကာ ရေညစ်လိုက်ပြီး ခြင်းထဲသို့ ပစ်ထည့်လိုက်တော့သည်။ ခြင်းကို ပြန်သယ်လာပြီးနောက် သူမသည် အဝတ်များကို အခြောက်မလှန်းပဲ အိမ်ပြန်လာခဲ့တော့သည်။ ခြင်းကို တံစပ်မြိတ်အောက်သို့ တွန်းထည့်လိုက်ပြီး အိမ်ထဲသို့ တန်းဝင်သွား၏။
“စန်းရှီက အိမ်ဆောက်မယ်ဆိုတဲ့အကြောင်း ရှင် သိလား”
အခုလေးတင်မှ အိပ်ရာထပြီး ခြေအိတ်နှင့် ဖိနပ်စီးနေသည့် ရှန်းစန်းသည် အလန့်တကြားဖြစ်သွားပြီးနောက်မှ နှာခေါင်းရှုံ့လိုက်ကာ
“သူက အိမ်တစ်လုံးဆောက်မယ် ဟုတ်လား၊ ဘာနဲ့လဲ၊ သူက ရွှံတွေကိုရောပြီး ကိုယ်တိုင်ဆောက်မှာလား”
သူက အေးအေးဆေးဆေးနှင့် သူ့ခြေအိတ် ဖိနပ်များကို ဆက်ဝတ်နေလိုက်ပြီး ပြောလိုက်လေသည်။
“ပစ္စည်းနဲ့ လုပ်အားကတော့ အလကားရပါရဲ့၊ အိမ်ကူဆောက်ပေးတဲ့သူတွေကို ထမင်းကျွေးစရာမလိုဘူးလား၊ သူတို့ကို တောဟင်းချိုပဲ ကျွေးမလို့လား၊ ဘယ်သူက သူ့ကို ကူညီမှာလဲ၊ မင်းသာဆိုရင်ကော”
သူသည် လီရှီ၏သတင်းကို ရယ်စရာတစ်ခုလိုသာ မှတ်လိုက်လေသည်။
လီရှီက သူ့ကို ဒေါသဖြင့် ခပ်စိမ်းစိမ်းကြည့်လိုက်ပြီး “ကျွန်မ ရယ်စရာပြောနေတာ မဟုတ်ဘူးနော်၊ ကျွန်မ အဝတ်လျှောက်နေတဲ့ ချောင်းနားက လူတွေက အဲဒီအကြောင်း ပြောနေကြတယ်၊ သူတို့ပြောတာတော့ စန်းရှီက တောဟင်းရွက်ရောင်းပြီး ငွေရှာနေတာတဲ့၊ ဘေးကချန်းမိသားစုက ကူညီပြီး လူစုပေးနေတယ်တဲ့”
ရှန်းစန်းသည် ပိုပြီး မယုံသင်္ကာဖြစ်လာကာ တဟားဟား အော်ရယ်လိုက်ကာ သူ့မျက်လုံးထောင့်က အရစ်များပင် တွန့်သွားတော့သည်။
“တောဟင်းရွက် နည်းနည်းပါးပါး ရောင်းတာလောက်နဲ့ အိမ်တစ်လုံး ဆောက်နိုင်မှာလား၊ ငါတို့ဘက် တောင်ကို ကြည့်လိုက်အုံး၊ တောဟင်းရွက်တွေ ရှာလို့ရသေးလို့လား”
တံခါးနားတွင် ရှန်းကျင့်က ခေါင်းလေး ပြူကြည့်လိုက်ပြီး
“အဖေ အဒေါ်စန်းက တောဟင်းရွက်တွေ ရောင်းတာ နည်းနည်းလေးတောင် မဟုတ်ဘူး၊ ခြင်းတွေ- ခြင်းတွေနဲ့မှ အပြည့်ပဲ”
လင်မယားနှစ်ယောက်မှာ သားဖြစ်သူဘက်သို့ လှည့်ကြည့်လိုက်ပြီး သူရောက်လာသည်ကို အံ့ဩသွားကြလေသည်။ လီရှီက လက်ယက်ခေါ်လိုက်၏။
“ဝင်လာပြီး ငါတို့ကို ပြောပြစမ်းပါအုံး၊ ဒီလောက်များတဲ့ ပမာဏကို စန်းရှီက ဘာတောဟင်းရွက်တွေ ရောင်းတာလဲ”
ရှန်းစန်းကလည်း သူ့ကို ကြည့်လိုက်၏။
ရှန်းကျင့်က ဝက်ဆီဖက်အတွက် မြေကွက်ဆီ သွားဖို့ စိတ်အားထက်နေဆဲဖြစ်ကာ အထဲဝင်မသွားလိုက်သော်လည်း တံခါးနားကပင် ပြန်ဖြေလိုက်လေသည်။
“ဒရင်ကောက်ရွက်တွေလေ၊ မနေ့က သူ ခြင်း ၃ ခြင်း ခူးလာတော့ သား မြင်ခဲ့တယ်”
လီရှီသည် ထပ်မေးချင်လိုက်သော်လည်း ရှန့်ကျင့်ကတော့ ဘေးကို တစ်ချက်လှမ်းကြည့်လိုက်ရာ ရှန်းယင်နှင့်ရှန်းထျယ်တို့ အရင်ဆုံး ပြေးထွက်သွားသည်ကို မြင်လိုက်သည်တွင် သူသည် ဝက်ဆီဖက်အတွက် မြေကွက်ဆီသွား အလုပ်သွားလုပ်ကြပြီးမှန်း သိလိုက်တော့သည်။
ဆက်ပြီး ကြာကြာ မနေနိုင်တော့ရာ သူက လှည့်ကာ ပြေးထွက်သွားရင်း လီရှိကို အော်ပြောလိုက်တော့သည်။
“ထျန်းယာ အိပ်ရာထဲမှာ သေးပေါက်ချထားပြန်ပြီ၊ စောင်တွေအားလုံးကို စိုကုန်လို့ အမေ့ကို လာပြောတာ”
လီရှီ ပြေးထွက်သွားချိန်တွင်တော့ သူသည် မြင်ကွင်းမှ ပျောက်ကွယ်သွားပြီးဖြစ်ကာ မေးခွန်းထပ်မေးရမည့် သူမ၏အခွင့်အရေးလဲ ပျောက်ကွယ်သွားတော့သည်။
သူမက ကလေးများ၏အခန်းသို့ လှည့်ကာ စစ်ဆေးကြည့်လိုက်တော့ ကလေးသုံးယောက်လုံး မရှိချေ။ အငယ်ဆုံးလေး ထျန်းယာတစ်ယောက်ထဲကသာ အိပ်ထဲတွင် လူးလိမ့်နေပြီး အိပ်မောကျနေ၏။ လီရှီက အိပ်ရာကို စမ်းကြည့်လိုက်တော့ လုံးဝ ရွှဲနစ်နေသည်ကို တွေ့လိုက်ရတော့သည်...
ဒေါသထွက်ထွက်နှင့် သမီးဖြစ်သူ၏တင်ပါး နှစ်ချက်လောက်ဆင့်ရိုက်ကာ နိုးလိုက်ပြီး အော်ငိုနေသည်ကို ဂရုစိုက်မနေဘဲ အဝတ်အစားလဲပေးလိုက်လေသည်။ ထို့နောက် သူမက ထျန်းယာကို ကောက်ချီလိုက်ပြီး ဧည့်ခန်းရှေ့က လက်တန်းပါသည့် ဝါးအိပ်ရာလေးထဲတွင်ကို သူမကို ထည့်ထားလိုက်လေသည်။
သူမသည် သေးစိုနေသည့် အိပ်ရာခင်းကို လျှော်ဖွတ်ကာ အခြောက်လှန်းထားလိုက်ပြီး ရှန်းမိသားစုက မပြောမဆို အိမ်ဆောက်ဖို့ ရုတ်တရက်ဆုံးဖြတ်လိုက်ကာ ရွာထဲတွင် သူတို့ကို နောက်ဆုံးမှသိရသူဖြစ်အောင် လုပ်ထားသည့်ကိစ္စကို အတွေးများနေတော့သည်။ မျက်နှာသစ်နေသည့် စန်းရှန်းကို သူမက ပြောလိုက်၏။
“ရှင် အပြင်ထွက်ပြီး ဘာဖြစ်နေလဲဆိုတာကို သိအောင် လုပ်သင့်တယ်၊ စန်းရှီက ပေါ်လာရဲ့သားနဲ့ ကျွန်မကို အိမ်ဆောက်မဲ့အကြောင်း မပြောပြဘူး၊ သူက ကျွန်မတို့ကို တစ်ရွာလုံးရဲ့အရယ်ခံရအောင် လုပ်ချင်တာနဲ့တူနေပြီ”
စိတ်မကြည်ဖြစ်နေပြီး သတင်းကြောင့် ဝမ်းမသာနိုင်တော့သည့် ရှန်းစန်းမှာ ဘာမှမပြောဘဲ သွားတိုက် မျက်နှာသစ်နေလိုက်၏။
လီရှီမှာ ဒေါသထွက်လာပြီး ရေစိုအိပ်ရာခင်းများကို ထုပ်ပိုးကာ သစ်သားဇလုံးထဲသို့ ပစ်ထည့်လိုက်ပြီးနောက် ချန်းအိမ်ဘက်သို့ ဒေါသမျက်လုံးများဖြင့် ကြည့်ရင်း မလိုတမာစိတ်ဖြင့် ရေရွတ်နေတော့သည်။
“အဲဒီမိသားစုက အခုနောက်ပိုင်း ထူးထူးဆန်းဆန်းတွေ လုပ်နေတာ၊ နေရာတိုင်း နှာခေါင်းထိုးထည့်ထားပြီး သူတို့လုပ်နိုင်တာကို ကြွားနေတာပဲ”
...
ရှန်းမိသားစု သက်ကယ်တဲလေး၏ အနောက်ဘက်တွင်တော့ ရှန်းကျင့်သည် ချန်းအာ့ရှန်နှင့် ချန်းအာ့ယာတို့သည် ပေါက်ပြား၊ ဝါးတုတ်များဖြင့် အလုပ်များနေသည်ကိုမြင်လိုက်ရတော့ သူ့အမူအရာမှာ ဆတ်ခဲနဲ တောင့်တင်းသွားတော့သည်။
“မင်းတို့တွေလည်း ဝက်ဆီဖက်အတွက် ဒီမှာ အလုပ်လာလုပ်နေတာလား”
သူ့အမူအရာက မကျေမနပ်ဖြစ်နေကာ တင်းမာသည့်လေသံက ချန်းအာ့ရှန်၏အတည်ပြုချက်ကို ကြိုသိနေသယောင်။
ရှန်းအန်က ဝက်ဆီဖက်တွေ အများကြီးမကျန်တော့ဘူးလို့ ပြောထားတယ်လေ။ ချန်းအာ့ရှန်နဲ့ သူ့ညီမသာ လာတောင်းရင် သူ့အတွက် ဘာကျန်တော့မှာလဲ။
ဒါက သူ့အလုပ်ကို လာခိုးနေတာမလား။
ဒါက သူ့အသက်ကို လာခိုးတာနဲ့အတူတူပဲ။
ရှန်းအန်းနှင့် ရှန်းနဉ်တို့၏ မြေကွက်လေးအကြောင်းကို ရှေ့ရက်ညနေမှ သိလိုက်ရသည့် ချန်းအာ့ရှန်က ဇဝေဇဝါဖြစ်သွားတော့သည်။ သူက ရှန်းအန်းဘက်သို့ လှည့်ကြည့်ကာ မေးလိုက်၏။
“ဘာဝက်ဆီဖက်လဲ”
ရှန်းကျင့်က ဝက်ဆီဖက် အလဲအလှယ်ဖြင့် သူ့နေရာတွင် အလုပ်လုပ်နေသည့်အကြောင်းကို ရှန်းအန်းက စိတ်ဆိုးဆိုးနှင့် ရှင်းပြလိုက်တော့သည်။
ချန်းအာ့ရှန်: “....”
သူက ရှန်းကျင့်ကို စိတ်ထဲ ထည့်မနေဘဲ သူ့အလုပ်ကိုသာ ဆက်လုပ်နေလိုက်လေသည်။
ရှန်းကျင့်: ဘာလဲ ဘာလဲ ဒါက....
ဒါက ဘာသဘောလဲ။ ခုက အဲဒီအကြည့်က ဘာလဲ။
အနားတွင် ရပ်နေသည့် ချန်းရှောင်ယာက ချန်းအာ့ရှန်၏အမူအရာနှင့် အလွန်မှဆင်တူသည့် အမူအရာတစ်ခုဖြင့် သူ့ကို ကြည့်နေလေသည်။ အထင်သေးဟန်ဖြင့် သူမက ရေရွတ်လိုက်၏။
“နင်က နင့်မောင်နှမရဲ့ မြေကွက်မှာ အလုပ်လုပ်နေပြီး ဝက်ဆီဖက် ပြန်လိုချင်နေတာလား”
နောက်ဆုံးတော့ ရှန်းကျင့်သည် ချန်းအာ့ရှန်အကြည့်၏ နောက်ကွယ်ကာ အဓိပ္ပါယ်ကို နားလည်သွားကာ ချက်ချင်း ဒေါသထွက်သွားတော့သည်။
“ဘာလို့ မရ ရမှာလဲ၊ အလုပ်ကြိုးစားပြီး ငါ့မုန့်ကို ရတာပဲ၊ ငါက ဘာမှလို့ တစ်ခုမှ မရသင့်ရမှာလဲ”
ရှန်းနဉ်က ချန်းမောင်နှမကို ပေးခဲ့သည့် ဝက်ဆီဖက်အရေအတွက်ကို ပြန်စဉ်းစားမိလိုက်တော့ သူ့မျက်နှာမှာ ငါးပူတင်းလေးလို့ ဖောင်းသွားတော့သည်။
“ဒါပေါ့၊ နင်တို့က ဘယ်လိုမှာလဲ၊ နင်တို့က နင်တို့ဝေစုကို ရထားပြီးပြီလေ၊ ဝက်ဆီဖတ်အများကြီး၊ ရက်နည်းနည်းလောက် တူးပေးဖို့ တန်နေပြီ”
ဆက်ပြီး နားမထောင်နိုင်တော့သဖြင့် ရှန်းအန်းက ရှန်းကျင့်ကို ဒေါသဖြင့် ကြည့်လိုက်ကာ “မင်း အလုပ်လုပ်အုံးမှာလား၊ မလုပ်ဘူးလား”
“လုပ်မှာ”
ရှန်းကျင့်က အော်ထည့်လိုက်ဖြင့် သူ့အသံက ပုံမှန်ထက် ကျယ်သွားတော့သည်။
သူ့မကျေနပ်ချက်နဲ့ ဒေါသကိုတော့ တနည်းနည်းနဲ့ ထုတ်ပြရမှာပဲ။
မကျေနပ်ချက်အပြည့်ဖြင့် ရှန်းနဉ်ကို ကြည့်လိုက်ပြီး သူ့အမူအရာက ကိုယ့်မိသားစုထက် တခြားသူများကို မျက်လိုက်နေသည်ဟု စွပ်နေပုံက ထင်ရှားလေသည်။
ရှန်းနဉ်ကတော့ သူ့ကို လျစ်လျူရှုထားလိုက်၏။
ရှန့်ကျင့်ကလည်း ရှန်းနဉ်နှင့် စကားမပြောချင်တော့ပေ။ နှာခေါင်းရှုံ့လိုက်ပြီး လှည့်ထွက်သွားပြီးနောက် ရှန်းအန်းကို သွားရှာလိုက်ကာ မာဆတ်ဆတ်လေသံဖြင့် ပြောလိုက်တော့သည်။
“အမှတ်အသား လုပ်ပေး၊ ဒီနေ့ ငါ ဘယ်မှာ လုပ်ရမှာလဲ”
သူ မြန်မြန်ပြီးလေလေ၊ ဝက်ဆီဖတ်ကို မြန်မြန်စားနိုင်လေပဲ။ ဒါဆိုရင် သူ ထပ်လာစရာမလိုတော့ဘူး။
ရှန်းကျင့်က တစ်ယောက်ထဲက အောင့်သက်သက်ဖြင့် စဉ်းစားထားလိုက်လေသည်။ အိမ်မှာ ဝက်ဆီထုတ်တဲ့ သူ့အလှည့်ကျရင်တော့ သူက တစ်ခုတောင်မဟုတ်ဘူး၊ လက်နှစ်ဖက်အပြည့် ကိုင်ပြီး ရှန်းနဉ်ရှေ့မှာ စားပြလိုက်အုံးမယ်။
လက်တစ်ဖက်မှာ အပြည့်ကိုင်းပြီး တစ်ခုစားလိုက်ရင် ဆူညံ့နေအောင်ဝါးပြလိုက်ပြီး အနံ့နဲ့ သူ့ကို သွားရည်ကျသွားအောင် လုပ်ပစ်မယ်..
....
ရှန်းကျင့်က ရှန်းနဉ်ကို ကျောပေးပြီး သူ့အောင်နိုင်သူနေ့ရက်အကြောင်း စိတ်ကူးယဥ်နေစဉ် ရှန်းစန်းကတော့ ရွာတစ်ဝက် ပတ်ပြီးနောက် ညိုးငယ်သည့်မျက်နှာဖြင့် အိမ်ပြန်လာခဲ့တော့သည်။
ရွာတစ်ဝက်လောက် ပတ်လိုက်ပြီး အကြောင်းအရင်းက လီရှီ၏အတွေ့အကြုံအတိုင်းပင်။ သူလည်း တည့်တည့်တမျိုး သွယ်ဝိုက်၍တစ်ဖုံ ခနဲ့ခံခဲ့ရကာ ထိုဒွိဟဖြစ်စရာ သရော်ကြည့်များဖြင့် တိုက်ခိုက်ခံလိုက်ရလေသည်။
သူ့အတွက်တော့ အပြင်ထွက်ဖို့ အကြောင်းမရှိတော့ချေ။ ရွာက သတင်းကြောင့် လှုပ်လှုပ်ရှားရှားနေဖြစ်နေလေသည်။ အပြင်ထွက်လိုက်သည်နှင့် သူ့မှာ အားလုံး၏ စေ့စေ့စပ်စပ်ကြည့်ခံရနေသည့် ပစ္စည်းတစ်ခုလို - တိရိစ္ဆာန်ရုံထဲက မျောက်တစ်ကောင်နှင့်တူနေတော့သည်။
ရှန်းစန်းသည် လည်ချောင်းတွင် ဒေါသဖြင့် ဆို့နေပြီး သူ့သားများကို ခေါ်ကာ သူတို့ထားသည့်အရာများကို မေးချင်ပါသော်လည်း သုံးယောက်လုံးက အိမ်တွင်ရှိမနေကြသည်ကို သိလိုက်ရလေသည်။
“ရှန်းကျင့် ဘယ်သွားတာတုန်း၊ မနက်စောစောစီးစီး အားအားယားယား လျှောက်လည်နေပြန်ပြီလား”
ခြံထဲတွင် ပေါက်ပြားပျောက်နေသည်ကို သတိထားမိကာ စိတ်ဆိုးနေသည့် လီရှီကလည်း ရှန်းကျင့်က ပေါက်ပြားယူသွားတာဖြစ်မည်ဟု ကောက်ချက်ချလိုက်၏။
“ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက သူ ဘယ်နားမှာ လတ်လျားလတ်လျားနေလဲ ဘယ်သူသိမှာလဲ၊ သူ နေ့လည်စာ မစားခင်တော့ ပြန်လာသေးမှာ မဟုတ်လောက်ဘူး၊ ဒါပေမဲ့ ရှင် သူ့ကို ရှာနေစရာမလိုပါဘူး၊ သူ့လို ကလေးက ဘာသိနိုင်မှာလဲ၊ သူက တောင်ကုန်းပေါ်မှာ ပတ်ကစားရင်း စန်းရှီ တောဟင်းရွက်တွေ ခူးနေတာ တွေ့ခဲ့တာဖြစ်မှာပေါ့”
ခဏလောက် စဉ်းစားလိုက်ပြီးနောက် လီရှီက ရှန်းစန်းကို မေးလိုက်တော့သည်။
“ရွာထဲက ဘယ်သူတွေ အကူအညီတောင်းခံရလဲ ရှင် သိခဲ့လား”
ရှန်းစန်း၏အမူအရာက ပိုလို့ပင် ညိုမဲသွားတော့သည်။
“တမင်တော့ မမေးခဲ့ပါဘူး၊ ဒါပေမဲ့ ချန်းမိသားစုက အကူအညီတောင်းပေးတဲ့သူဆိုရင်တော့ ရှီမိသားစု၊ လုမိသားစု နဲ့ အရင်က ရွာထဲမှာ အိမ်ဆောက်ကူပေးကြတဲ့ မိသားစုတစ်ချို့ပဲ ဖြစ်မှာပေါ့”
ရွာထဲက တခြားမိသားစုတွေကတော့ သူသာ တမင်လူမစုပေးဘူးဆိုရင် ဘယ်သူက အလုပ်ရှုပ်ခံပြီး ကလေးနှစ်ယောက်နဲ့ မိန်းမ စန်းရှီကို ကူညီပေးမှာတဲ့လဲ။
အိမ်နီးချင်း စိတ်ရင်းနဲ့ ကူညီရိုင်းပင်းတယ်ဆိုတာက ဟာသတစ်ခုပဲလေ။ စန်းရှီတို့ တောဟင်းရွက်တွေ အတင်းစားနေရတုန်းက အဲဒီစိတ်ရင်းတွေ ဘယ်ရောက်နေလဲ။ တစ်ယောက်ယောက်ကများ သူ့ကို ဆန်းနှစ်ဘူးတောင် ပေးခဲ့ဖူးလို့လား။
အားလုံးက ကိုယ့်ဗိုက်ကိုပြည့်ဖို့ ရုန်းကန်နေရတာ။ စိတ်ရင်းနဲ့ အပြန်အလှန်အကူအညီဆိုတာကလေ တူညီတဲ့အသွားအပြန်ရှိမှ အဓိပ္ပါယ်ရှိလာတာမျိုး။ ဘာမှ အသွားအပြန်မရှိလို့ကတော့ ဘယ်သူက အလုပ်ရှုပ်ခံပြီး ကူညီမှာလဲ။
သူသာ ဒီကိစ္စကို ဦးဆောင်ပေးရတဲ့သူ ဖြစ်ခဲ့ရင် ရွာထဲက လုပ်အား အားနေတဲ့မိသားစုအားလုံးနီးပါက ကူညီကြမှာပဲ။ သူက သူတို့ကို ပြန်ပေးမယ်ဆိုတာ သိနေကြလို့လေ။ အပြန်အလှန်အနေနဲ့ နောက်ပိုင်း အဲဒီမိသားစုက အကူအညီလိုလာတဲ့အခါ ဒီအကူအညီကို ပြန်ပေးလိုက်ရုံပဲ။
ဒါပေမဲ့ အခုတော့ ရှေ့ထွက်လာတာက ချန်းမိသားစုလေ။ သူတို့တွေက စန်းရှီနဲ့ အခုမှ ကိုးနှစ်အရွယ် ရှန်းအန်းအတွက် ဒီအကူအညီတွေကို ပြန်ပေးဖို့ ကတိတည်နိုင်မှာတဲ့လား။
လုံးဝ မဖြစ်နိုင်ဘူး။
စန်းအိမ်မှာ အကြီးမားဆုံး အားနည်းချက်က ယောက်ျားလေး လူကြီးမရှိတာပဲ။
နောက်ပြီး တစ်ရွာလုံးက စန်းရှီဆင်းရဲပုံကို သိပြီးသား။ သူ့အစားအသောက်က ဖွဲနုနဲ့တောဟင်းရွက်တွေလေ။ တောဟင်းရွက်တွေ ရောင်းရုံနဲ့ သူက ဘယ်လောက်ရှာနိုင်မှာလဲ။ တောဟင်းရွက်ရောင်းတာက အမြတ်များရင် ကျေးရွာက မိသားစုတိုင်း ချမ်းသာနေပြီပေါ့။
အကူအညီပြန်ဖို့ မမျှော်လင့်ဘူးဆိုရင်တောင် အနည်းဆုံးတော့ လူတွေက သူတို့အားလုပ်အတွက် ထမင်းကောင်းကောင်းတနပ်တော့ မျှော်လင့်ထားကြတာပဲ။ အကူအညီပြန်ပေးဖို့ လုပ်နိုင်စွမ်းလဲမရှိ၊ လုံလောက်တဲ့ အစားအသောက်လဲ မကျွေးနိုင်ရင် ဘယ်သူက ဒီလိုလုပ်အားသုံးရတဲ့အလုပ်မှာ သူတို့ကို အင်အားကို အလကား သုံးပေးမှာလဲ။
လတ်တလော နှစ်တွေမှာ ပိုက်ဆံမရတဲ့အလုပ် အထူးတလည် ဝန်လေးစရာပဲလေ။ အိမ်ထောင်စု ၂၀ပဲရှိတဲ့ ငါတို့ရွာမှာ အားကောင်းမောင်းသန် လူလေးယောက်က ခွန်အားသုံးရတဲ့အလုပ်လုပ်ရင်း သုံးနှစ်အတွင်း ဆုံးပါးသွားခဲ့ကြတာ။
ပြန်အားဖြည့်ဖို့ လိုအပ်တဲ့အစားအသောက်မရဘဲ လူတစ်ယောက်ရဲ့ အင်အားကို ညစ်ထုတ်တာက ကျန်းမာရေးကို ပျက်စီးစေတာပဲ ရှိတယ်။ ဒါက လူတိုင်းသိတဲ့ အသိပဲ။ လူတွေက သူတို့ရဲ့သက်တမ်းကို တတ်နိုင်သမျှ ရှည်ချင်တာ သဘာဝပဲလေ။
လီရှီက သွေးတိုးစမ်းကာ မေးလိုက်လေသည်။ “ကျွန်မတို့တွေ သူတို့အိမ်ဆောက်ရင် သွားကူပေးဖို့ လိုအုံးမှာလား”
“မကူဘူး” ရှန်းစန်းက တွေဝေမနေဘဲ ပြန်ဖြေလိုက်၏။ “သူ အကူအညီ လာမတောင်းခဲ့ရင် ငါ့ဆီက အကူအညီရဖို့ မမျှော်လင့်နဲ့”
ထိုသို့ ပြောလိုက်ပြီးမှ စန်းရှီက အမှန်ပင် သူ့အကူအညီ လာမတောင်းခဲ့ကြောင်း ချက်ချင်း သတိရသွားကာ ထပ်ပြောလိုက်လေသည်။
“သူ ဒီတစ်ခါ လာမမေးခဲ့ရင် နောက်ဆိုရင်လဲ ငါ့အကူအညီရဖို့ မမျှော်လင့်နဲ့၊ သူ ချန်းမိသားစုကိုပဲ အားကိုးလို့ရနေတာပဲ”
လီရှီမှာ စိတ်ထဲတွင် ကြိတ်ပြီး သက်ပြင်းချလိုက်လေသည်။ အထူးသဖြင့် သူ့စကား၏ နောက်အပိုင်းကြောင့် ကျေနပ်ရကာ သူမ တစ်ယောက်ထဲ စဉ်းစားလိုက်လေတော့သည်။ စန်းရှီက သန်သန်မာမာနဲ့ လာမမေးတော့ရင် အကောင်းဆုံးပဲ ဟူ၍။
သူမ၏ယောက်ျားက ရှန်းလီသေဆုံးခြင်းကို စဉ်းစားပြီး ပထမအိမ်ကို စောင့်ရှောက်ရမည့်တာဝန်ရှိသေးသည်ဟု ခံစားနေမှာကို စိုးရိမ်လာခဲ့ခြင်းပင်။ အိမ်တစ်လုံး ဆောက်တာက မလွယ်ဘူး။ စန်းအိမ်က ချက်ပြုတ်ရမဲ့အခြေခံပစ္စည်းကလဲ မရှိ။ အစားအသောက်ကျွေးရင် အကုန်အကျများမှာ။ သူ့ယောက်ျားက သိက္ခာကြောင့်၊ စိတ်ပျော့ပြီး အချက်အပြုတ်တာဝန်ယူပေးလိုက်မှာ စိုးရိမ်နေတာလေ။
တောဟင်းရွက်ရောင်းတာလောက်နဲ့ ငွေဘယ်လောက် ရှာနိုင်မှာလဲ။ သူက အစားအသောက် ကျွေးပြီး ကုန်ကျစားရိတ်ကျခံပေးရမှာ ဆိုတဲ့ အတွေးနဲ့တင် ကြောက်ဖို့ကောင်းနေပြီ။
လီရှီသည် သည်လိုအရှုံးသာရှိသည့် အားထုတ်မှုကိုတော့ စိတ်မဝင်စားချေ။
ရွာသားတွေ အတင်းပြောကြမယ်ဆိုရင်လဲ ပြောကြပါစေပေါ့။
သူတို့မိသားစု အိမ်ခွဲပြီး ခြံဝတွင် သူမနှင့် စန်းရှီတို့ အခြေအတင်ဖြစ်သွားပြီးကတည်းက လီရှီမှာ အရေထူလာခဲ့ပြီးသားပင်။ ပြောချင်လဲ ပြောကြပေါ့ - အသားပဲ့သွားတာမှ မဟုတ်တာ။ အစားအသောက်နဲ့ အသီးအရွက် ချွေတာနိုင်တာကမှ တကယ်အကျိုးမြတ်လေ။
ထို့နောက်တွင်တာ့ သူမကို မီးကို လောင်စာထပ်ထည့်လေတော့သည်။ “အဟုတ်ပဲ၊ စန်းရှီက သူ့ကိုယ်သူ အရမ်းကြီးမြတ်လှပြီး ထင်နေတဲ့ပုံပဲ၊ ကျွန်မတို့ကို သူ့ဦးလေးနဲ့ အဒေါ်လို့တောင် မသတ်မှတ်တော့ဘူး၊ ဒီလို ကိစ္စမျိုးကို အစကတည်းက ချန်းမိသားစုဆီ လွဲထားတယ်ဆိုမှ ဒါက ကျွန်မတို့မျက်နှာကို အိုးမဲသုတ်တာပဲ၊ သူက ဂရုမစိုက်တာနဲ့ ကျွန်မက စိတ်ရှုပ်ခံနေရမှာလား၊ အခု မိသားစုကလည်း အိမ်ခွဲလိုက်ပြီပဲ၊ သူ့ဘဝ ကောင်းတာ ဆိုတာ ကျွန်မတို့နဲ့ မဆိုင်တော့ပါဘူး”
ရှန်းစန်းမှာ နှုတ်ဆိတ်နေပြီး သူ့မျက်နှာကတော့ ညိုမဲနေလေသည်။
လီရှီသည်လည်း သူမက မီးလုံလုံလောက် ထည့်ပေးပြီးပြီးဟု သိလိုက်ကာ စဉ်းစားနေလိုက်လေသည်။ ‘လောင်ပါစေ။ လောင်ပါစေ’။ သူမက ပြုံးကာ ပြောလိုက်တော့သည်။
“အင်းပါ၊ ရှင် အပြင်ထွက်ချင်စိတ်မရှိလဲ နားနေလိုက်၊ ဒီရက်ပိုင်း လယ်ထဲမှာလဲ လုပ်စရာအများကြီး ရှိတာမဟုတ်ဘူး၊ ရှောင်ထျန်းကို ထိန်းပေးဖို့ အချိန်ကောင်းပဲ၊ ကျွန်မ လယ်ထဲသွားလိုက်မယ်၊ အသီးအရွက်တွေက ခူးဖို့လိုသေးတယ်၊ နောက်ပြီး တစ်ချို့ကို နေလှမ်း အခြောက်ခံထားလိုက်မယ်။ မဟုတ်ရင် ဆောင်းတွင်းကျရင် စားစာအများကြီး မရှိဘဲနေလိမ့်မယ်”
ရှန်းစန်းက ခေါင်းညိတ်ပြန်ဖြေလိုက်ပြီး လီရှီက ခြင်းနှစ်လုံးနှင့် ထွက်သွားတော့သည်။
ဇလုံထဲက ညစ်ပတ်နေဲ့အိပ်ရာခင်းကိုတော့ လီရှီသည် ညနေခင်းမှာ လျှော်ဖို့ စဉ်းစားထားလိုက်တော့သည်။ အပေါ်ယံတွင် ခင်ခင်မင်မင် ပြောသည့်စကားအောက်တွက် သူမကြားအောင် အသံကျယ်ကျယ်ဖြင့် အတင်းပြောတတ်ကြသည့် စမ်းချောင်းနားက အတင်းပြောတတ်သည့် မိန်းမများနှင့်တော့ သူမ မျက်နှာချင်း မဆိုင်လိုတော့ပေ။
ဒီလောက် ဒေါသထွက်ရရင် တော်ရောပေါ့ဟယ်။
တဖက်က လူဘယ်နှစ်ယောက်လောက် တကယ်လာကူကြပြီး ဘယ်နှစ်ရက်ခံမလဲဆိုတာ သူမကလည်း မြင်ချင်ပါသေးတယ်။
လုံလောက်တဲ့ ထမင်းတစ်နပ်မပါဘဲနဲ့ ဘယ်သူက ဒီလောက်ခွန်းအားသုံးရတဲ့အလုပ်ကို လုပ်ချင်မှာလဲ။
ချန်းမိသားစုက တကယ်ပဲ လျော်ပေးမှာမလို့လား။
ဒီလိုအချိန်မှာ ဆန်မပြောနဲ့ အသီးအရွက်ကတောင် အဖိုးတန်တာ။ သူတို့ကဖြင့် ကိုယ့်ဟာကို စားရရုံလောက်ပဲရှိတာ။ ဆောင်းတွင်းအတွက်လည်း အများစုကို အခြောက်လှန်းထားရသေးတယ်။ ချန်းမိသားစုက သူတော်စင်တွေ လုပ်ဖို့ စဉ်းစားနေတာလား။
လီရှီသည် ဖြည်ချတော့မည့်ပြဇာတ်ကို စောင့်ကြည့်ဖို့ရန် အသင့်ဖြစ်နေလေတော့သည်။