အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အပိုင်း(၃၅)
စီရင်စုသို့ သွားသည့်လမ်းတွင် ချင်ဖန်းညန်သည် သူမယောက္ခမ၏မှာကြားချက်များကို စန်းလော့အား ရှင်းပြနေသည်။
“ကျွန်မတို့ အကူအညီထပ်တောင်းလို့ရပေမယ့် မနေ့ညကပဲ အဖေက တွေးမိတယ်။ အလွန်အကျွံအာရုံစိုက်ခံရတာကို ရှောင်ရှားဖို့ ရှင့်ရဲ့နတ်သမီးတို့ဟူးလုပ်ငန်းကို လျှို့ဝှက်ထားတာ ပိုကောင်းမယ်။ ကျွန်မတို့နဲ့ ရင်းနှီးတဲ့ အိမ်ထောင်စု နှစ်စုကိုပဲ မေးထားတာ။ ဒီနည်းနဲ့ အိမ်ဆောက်တာက အချိန်ပိုကြာနိုင်တယ်တဲံ့"
"စကားမစပ် ရှင် အိမ်ဆောက်ဖို့ ပိုက်ဆံနဲ့ ပတ်သက်ပြီး အဖေက စီရင်စုမှာ တောဟင်းရွက်ရောင်းတာကနေ ရတဲ့ငွေဆိုပြီး လူတိုင်းကို ပြောထားတာ။ ရွာကလူတွေက သိချင်နေရင်တောင်မှ စီရင်စုထိ လာလည်မှာမဟုတ်သလို မြို့ဝင်ကြေးအတွက်လဲ ပိုက်ဆံသုံးမှာမဟုတ်ဘူးလေ"
စန်းလော့သည် ရယ်မောကာ
"အဘိုးပြောတာ မှန်ပါတယ်။ ကျွန်မတို့က တောဟင်းရွက်တွေကိုပဲ ရောင်းနေတာ မဟုတ်ဘူးလား။ သူ့ဇာတ်လမ်းကို ဆက်က ကြရအောင်။ ဆောင်းဦးရိတ်သိမ်းချိန် မတိုင်ခင် ပြီးသွားရင်တော့ နည်းနည်းနှေးနေရင်တောင် အဆင်ပြေပါတယ်"
ချင်ဖန်းညန်သည် ခေါင်းညိတ်ပြကာ
"ကျွန်မတို့ သေချာပေါက် အချိန်မှီလုပ်နိုင်ပါတယ်"
ဆောင်းဦးရိတ်သိမ်းချိန်မတိုင်မီ ပြီးသရွေ့ စန်းလော့မှာ ကျေနပ်ပေသည်။ ပိုပြီးနှေးသွားလိမ့်မည်ဖြစ်သော်လည်း သူမကို ဒုက္ခအများကြီး သက်သာစေလိမ့်မည်။
မြို့ထဲသို့ ချောချောမွေ့မွေ့ ဝင်လားပြီးနောက် အနောက်ဈေးသို့ အရင်ဦးတည်သွားလိုက်သည်။ စန်းလော့သည် သူမ၏ကုန်ပစ္စည်းများကို ဈေး၌ချခဲ့သည်။ ထို့နောက်တွင် ချင်ဖန်းညန်က သူမ၏လှည်းဖြင့် အရှေ့ဈေးသို့ သွားလိုက်လေသည်။
စန်းလော့သည် ယခင်နေ့ညမတိုင်မီတွင် နတ်သမီးတို့ဟူးအတုံး ၁၂၀ ကို ပြင်ဆင်လာခဲ့သည်။ တစ်ယောက်လျှင် အတုံး၆၀စီနှင့်အတူ တောဟင်းရွက်များကိုယူကာ သက်ဆိုင်ရာ စျေးများသို့ သွားလိုက်ကြသည်။
နေ့လည်ရောက်သောအခါ ဟင်းသီးဟင်းရွက်နှစ်စည်းမှလွဲ၍ အားလုံး ရောင်းကုန်သွားတော့သည်။ အနောက်ဈေးတွင် ဝယ်သူအနည်းငယ်သာ ကျန်ရှိတော့သည်ကို မြင်လိုက်သဖြင့် စန်းလော့သည် ကျန်ရှိသော ဟင်းသီးဟင်းရွက်များကို ရောင်းချရန် မဖြစ်နိုင်တော့ဟု ဆုံးဖြတ်လိုက်သည်။ ဆိုင် သိမ်းဆည်းပြီးနောက် အခွန်ပြားကို ပြန်အပ်လိုက်ပြီး သဘောတူညီထားသည့်အတိုင်း သူမ၏ပုံးအလွတ်နှင့် တောင်းများကိုသယ်ကာ အရှေ့စျေးရှိ ချင်ဖန်းညန်အား သွားရှာလိုက်တော့သည်။
သူတို့သည် မနက်ဖြန်တွင် အိမ်စဆောက်ရန် စီစဉ်ထားကြ၏။ စန်းလော့သည် အရှေ့ဈေးမှကောက်နှံတစ်ချို့ကို ဝယ်ယူပြီး အဆင်ပြေပြေဖြင့် ပြန်သယ်ယူနိုင်ရန် လှည်းအလွတ်ကို သုံးမည်ဟု မနက်ခင်းက ချင်ဖန်းညန်ကို ပြောထားပြီးဖြစ်သည်။
အရှေ့ဈေးတွင် ဆုံကြသောအခါ ချင်ဖန်းညန်သည်လည်း သူမ၏ နတ်သမီးတို့ဟူးအားလုံးကို ရောင်းချခဲ့ပြီး မြေပျစ်ပင်အစည်းအနည်းငယ်သာ ကျန်တော့သည်။
စန်းလော့ရောက်လာသည်ကို မြင်လိုက်သောအခါ ချင်ဖန်းညန်သည် ထုပ်ပိုးသိမ်းဆည်းကာ ပြန်ရန်အချိန်ကျပြီဟု သိလိုက်၏။
နေ့လည်ခင်းတွင်တော့ လူတိုင်းသည် အိမ်တွင်အနားယူလေ့ရှိကြပြီး ဈေးသို့ မည်သူမျှမလာကြပေ။
သိမ်းဆည်းပြီးသောအခါ ချင်ဖန်းညန်သည် တစ်နေ့တာ၀င်ငွေများကို စန်းလော့ကို စိတ်လှုပ်ရှားစွာဖြင့် ဘာမှမပြောဘဲ လွှဲပေးလိုက်တော့သည်။
"ဒီနေ့ ဟင်းသီးဟင်းရွက် ဆယ့်ရှစ်စည်းနဲ့တိုဟူးရောင်းရငွေ အားလုံး စုစုပေါင်းဝမ်သုံးဆယ့်ကိုးပြားရှိတယ်။ ဝင်ကြေးနဲ့ စျေးခွန် နှုတ်လိုက်ရင် ကျွန်မမှာ သုံးဆယ်ခုနစ်ဝမ် ကျန်သေးတယ်။ ဒီနေ့တော့ အိမ်ကို ဝက်အရိုးတွေတောင် ဝယ်ပြီး ပြန်လို့ရတယ်"
ချင်ဖန်းညန်သည် အမှန်ပင်ကျေနပ်ပျော်ရွှင်နေခဲ့၏။
နတ်သမီးတို့ဟူးမှ မည်မျှဝင်ငွေရနိုင်သည်ကို သူမ အတိအကျ သိသည်။ သူမသည် ဖြည်းဖြည်းချင်း တွက်ချက်လာခဲ့လေသည်။ အရှေ့ဈေးသို့ ရောက်သောအခါတွင် တို့ဟူးအားလုံးရောင်းချလျှင် ဝမ်သုံးဆယ် ဝင်လိမ့်မည်ကို သိလိုက်ရတော့သည်။
ဟင်းသီးဟင်းရွက်များအတွက် ချင်ဖန်းညန်သည် ရောင်းရသော ဟင်းသီးဟင်းရွက်နှစ်စည်းတိုင်းလျှင် ဝမ်တစ်ပြားဆီထည့်ပေါင်းကာ သူမ၏ စုစုပေါင်းဝင်ငွေအား စိတ်ထဲ၌တွက်ချက်လိုက်၏။
ယခုအချိန်တွင် သူမသည် ငွေများကိုထပ်မံရေတွက်ရန် မလိုအပ်တော့ပေ။ သူမသည် ယနေ့ဝင်ငွေမည်မျှရသည်ကို အတိအကျသိနေ၏။
ဝမ်သုံးဆယ့်ခုနစ်ပြား - စန်းလော့ မရောက်လာမီကပင် သူမသည် အိပ်မက်ကဲ့သို့ပင် အတိုင်းသားအလွန်ပျော်နေခဲ့သည်။
"တကယ်ကို ကျေးဇူးတင်ပါတယ်” ချင်ဖန်းညန်သည် ထိရောက်သောစကားလုံးများရှာရန်ကြိုးပမ်းနေရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။ “ဒါက ကျွန်မတို့မိသားစုအတွက် အရေးပါတဲ့ ၀င်ငွေပါပဲ"
မည်မျှထူးခြားသည်ကိုတော့ သူမ သေချာမသိပေ။ ချင်ဖန်းညန်သည် များပြားသောငွေများကို ကိုင်တွယ်ရာတွင် ကျင့်သားမရှိပေ။
တစ်နေ့လျှင် ဝမ်လေးဆယ်နီးပါးရရှိခြင်းသည် အလွန်အံ့ဩစရာဖြစ်ပြီး သူမ ယခင်က အိပ်မက်ပင် မမက်ဖူးသည့် အရာတစ်ခု ဖြစ်ကြောင်းကိုသိလေသည်။
ပုံမှန်အားဖြင့် လယ်သမားမိသားစုတစ်စုသည် တစ်နှစ်ပတ်လုံး ကောက်ပဲသီးနှံ၏ အမြတ်အစွန်းအနည်းအများပေါ်တွင် မှီခိုနေရပြီး ဥရောင်းချခြင်းမှာ ရှစ်ရက်မှဆယ်ရက်လျှင် တစ်ကြိမ်မျှသာဖြစ်သည်။
စန်းလော့၏ဝေစုကို ပေးပြီးနောက် ချင်ဖန်းညန်သည် သူမ၏ အနည်းငယ် လေးလံသော ပိုက်ဆံအိတ်ကို ကိုင်ဆောင်ထားရင်း နေ့တိုင်း ဤကဲ့သို့ များများစားစားရမည်ကိုတွေးရင်း စိတ်လှုပ်ရှားမှုကြောင့် ရင်တုန်ကာ လက်များပင်တုန်ယင်နေတော့သည်။
စန်းလော့က ပြုံးကာ သူမကို ငြင်သာစွာ သတိပေးလိုက်၏။
"ဒါက အစားအစာအသစ်အတွက် ကနဦးစိတ်လှုပ်ရှားတာလောက်ပဲ။ နောက်ပိုင်းမှာ ရောင်းအားနှေးလာပြီး လျော့ကျသွားနိုင်တယ်"
သို့သော် ထိုအချိန်တွင် သူတို့သည် တို့ဟူးအား အပိုထုတ်ကုန်တစ်ခု အဖြစ်ရနိုင်သော်လည်း စန်းလော့သည် ဤကိစ္စအား ချင်ဖန်းညန်နှင့် မတိုင်ပင်သေးရန် ဆုံးဖြတ်လိုက်သည်။
ချင်ဖန်းညန်သည် ခဏတုံ့ဆိုင်းသွားပြီး သူမ၏အမူအရာထဲတွင် စိတ်ပျက်မှာအရိပ်အယောင်တစ်ခု ဖြစ်သွားသော်လည်း အမြန်ပြန်ထိန်းလိုက်၏။
"ဒါလည်း သိပ်ကောင်းနေတုန်းပဲ"
ရောင်းအားမှာ နှေးနေနိုင်သော်လည်း ဤအစားအစာအသစ်ကို နှစ်သက်သည့် ဖောက်သည်အုပ်စုမှာ အမြဲရှိနေမည်ဖြစ်သည်။ ဤဖောက်သည်များနှင့် တည်ငြိမ်သောစီးပွားရေးကို ထူထောင်ခြင်းသည် အကျိုးရှိမည်ပင်။
သို့သော် အဓိကပါဝင်ပစ္စည်းမှာ တောင်များမှရသည်ကို သတိရမိသွားပြီး ချင်ဖန်းညန်သည် တစ်နှစ်ပတ်လုံး သို့မဟုတ် ရာသီအလိုက် ရနိုင်ပါ့မလားဟု စိုးရိမ်သွားတော့သည်။
သို့သော် အချို့သောမေးခွန်းများသည် သူမ မေးရမည့်အရာ မဟုတ်ကြောင်းသိထားပြီး သူမ၏စိုးရိမ်ပူပန်မှုများကို မြိုသိပ်ထားလိုက်တော့သည်။
"သွားကြရအောင်။ ဝက်အရိုး ဝယ်မယ်၊ ပြီးရင် စပါးနည်းနည်း ရနိုင်သေးတယ်"
စန်းလော့က ခေါင်းညိတ်ပြလိုက်ပြီး
“စပါးမဝယ်ခင် ဆန်ထည့်ဖို့အိုးတစ်လုံး အရင်ဝယ်ဖို့ စိတ်ကူးထားတယ်။ အိမ်မှာ ပိတ်စအိတ် နှစ်လုံးပဲရှိတော့ သုံးရတာ သိပ်အဆင်မပြေဘူး"
စန်းလော့၏ ဆန်အိုးဝယ်မည့် အစီအစဉ်ကို ကြားသောအခါ ချင်ဖန်းညန်သည် သဘောတူလိုက်သည်။
"ဆန်အိုးတစ်လုံးကတော့ မရှိမဖြစ်လိုအပ်တယ်။ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ၊ ခက်ခက်ခဲခဲ နေရတယ်ပဲဆိုဆို အိမ်တစ်အိမ်မှာ ဆန်အိုး ဒါမှမဟုတ် ရေအိုးကတော့ မရှိမနေရဆိုတဲ့ ခံယူချက်တစ်ခုရှိတယ်။ အဲ့တာက အိမ်ဖုန်းရွှေရဲ့ အစိတ်အပိုင်းတစ်ခုပဲ "
ဆန်အိုးဝယ်ရန်အတွက် သူတို့သည် အရှေ့ဈေးကိုကျော်၍ လမ်းမကြီးပေါ်ရှိဈေးဆိုင်များသို့ သွားခဲ့၏။ အမျိုးသမီးနှစ်ဦးလုံးမှာ ကုန်စည်များကို သယ်ပိုးရင်း လမ်းလျှောက်လာခဲ့ကြပြီး ချင်ဖန်းညန်သည် ပြောလိုက်၏။
"ဆန်အိုးဝယ်ပြီးတဲ့အခါ အဲထဲကို ဝမ်သုံးပြားထည့်ထားဖို့ မှတ်ထားနော်"
စန်းလော့သည် ထိုအကြောင်းကို ပထမဆုံးကြားဖူးခြင်းဖြစ်ပြီး ပြန်မေးလိုက်၏။
"ဒါအတွက် ထူးခြားတဲ့အကြောင်းပြချက်ရှိလို့လား"
ချင်ဖန်းညန်သည် ခေါင်းခါလိုက်ပြီး
"ကျွန်မ ကိုယ်တိုင်လဲ သေချာမသိပါဘူး၊ ဒါပေမဲ့ ဒါက အလေ့အထတစ်ခုပဲ။ ကျွန်မတို့မှာ ရှေးဆိုရိုးစကားရှိတယ် : ပိုက်ဆံကို ဆန်အိုးထဲထားခြင်းသည် စည်းစိမ်ဥစ္စာများမှာ ဘယ်သောအခါမျှ ရပ်တန့်မည်မဟုတ် တဲ့၊ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒါက ကံကောင်းခြင်းအတွက်ဖြစ်ပြီးတော့ ထိခိုက်မှုမရှိပါဘူး"
စန်းလော့သည် မှတ်သားထားလိုက်ပြီး အိမ်ပြန်ရောက်သည်နှင့် ပြုလုပ်ရန် စီစဉ်ထားလိုက်သည်။
ဝက်အရိုးကို အသီးသီးဝယ်ကြပြီးနောက် စန်းလော့သည် ဆိုင်ရှင် လှီးဖြတ်ထားသော အသားလွှာအားလည်း အရိုးနှင့်နှပ်ဖို့ ဝယ်ယူခဲ့သည်။ သူမကိုယ်တိုင်နှင့် ကလေးများအတွက် အာဟာရ၏အရေးပါပုံကို သိရှိပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများအပေါ် ဖြည်းဖြည်းချင်း ချဉ်းကပ်ထားဖို့ အာရုံစိုက်ထားလိုက်သည်။
အသားများကို ဝယ်ယူပြီးသွားသဖြင့် အရှေ့ဈေးမှထွက်လာကာ လမ်းမကြီးပေါ်ရှိ အထွေထွေအရောင်းဆိုင်တစ်ခုဆီသို့ ဦးတည်ခဲ့ကြသည်။
အထူးသဖြင့် မြေအိုးမျိုးစုံ ခင်းကျင်းပြသထားသည့် စီရင်စုရှိ အထွေထွေအရောင်းဆိုင်သည် စန်းလီကျေးရွာရှိ ဆိုင်ထက် များစွာပိုကြီးပါသည်။ အရွယ်အစားအမျိုးမျိုးနှင့် ဒီဇိုင်းအမျိုးမျိုးဖြင့် သူတို့၏ဆိုင်တွင် ဆန်အိုးအမျိုးအစား တစ်ဒါဇင်ကျော်ရှိသည်။
စန်းလော့သည် အမျိုးအစားများအား မမှုပေ။ သူမသည် အရိုးရှင်းဆုံး၊ လက်တွေ့အကျဆုံးနှင့် တတ်နိုင်သည့် ရွေးချယ်ခွင့်ကိုသာ လိုချင်သည်။
သူမသည် မြေနီရောင်ဆန်အိုးအတွက် ဝမ် ရှစ်ဆယ့်ကိုးပြားကို သုံးစွဲခဲ့ပြီး ထိုအရာသည် ဆန်ငါးပြည် (၈ဂါလံဝင်ပုံး)ဖြစ်သောကြောင့် မိသားစု နေ့စဉ်သုံးရန်လုံလောက်ပေသည်။
ဈေးရောင်းသူအား ဆန်အိုးကို သန့်ရှင်းသောအဝတ်ဖြင့် သုတ်ပေးရန်ပြောလိုက်ပြီးနောက် သူမက အိုးကို ချင်ဖန်းညန်၏လှည်းထဲသို့ ဂရုတစိုက်ထည့်ခဲ့ပြီး တည်ငြိမ်မှုရှိစေရန် ဘေးမှခြင်းတောင်းများဖြင့် ကာထားလိုက်သည်။
ဆန်အိုးကို တင်ထားရှိပြီးနောက် ဆန်များကို ဆက်ဝယ်လိုက်ကြသည်။ လက်ထဲတွင်ရှိသော ငွေအနည်းငယ်နှင့်အတူ ဆန်နို့ဆီဘူး တစ်ဘူး နှစ်ဘူးစာ မဝယ်တော့ဘဲ တစ်ပြည်လုံးကိုဝယ်လိုက်၏။
ဝမ်ခုနစ်ဆယ် ကုန်ကျပြီး ဆန်တစ်ကြိမ်ဖွပ်လျှင် နို့ဆီဘူး ခုနစ်ဘူးမှ ရှစ်ဘူးအထိထွက်နိုင်ပြီး ကူညီပေးရန် ဖိတ်ခေါ်ထားသော လူအနည်းငယ်အတွက် ရက်အနည်းငယ်ကြာသည်အထိ လုံလောက်မည်ဟု စဉ်းစားထားလိုက်သည်။
ကျန်ရှိနေသော ဝမ်ငါးဆယ်နှင့် စန်းလော့သည် မလိုအပ်သည်ကို မဝယ်ဖို့ ထိန်းချုပ်ထားလိုက်၏။ အိမ်ဆောက်သည့်ရက်မှစကာ အသား၊ ဥ၊ ဟင်းသီးဟင်းရွက်နှင့် ကြိုတင်မခန့်မှန်းနိုင်သော ကုန်ကျစရိတ်များအတွက် ကြိုတင်ပြင်ဆင်ထားလိုက်သည်။ အပိုငွေအချို့ကို လက်ထဲတွင် ထားရှိခြင်းမှာ အမြော်အမြင်ရှိခြင်းပင်။
သူတို့ရွာပြန်ရောက်သောအခါ မွန်းလွှဲနေပြီဖြစ်သည်။ ပင်ပန်းပြီး ဆာလောင်နေပြီဖြစ်သည့် စန်းလော့သည် သူမစီစဉ်ထားသည့်အတိုင်း ဖြတ်လမ်းမှဖြတ်၍ သူမအိမ်သို့ ခြင်းတောင်းတစ်ခုသာ သယ်သွားပြီး ချင်ဖန်းညန်အား လှည်းကို အိမ်သို့ပြန်တွန်းသွားခိုင်းရန် ဆုံးဖြတ်လိုက်သည်။ အနားယူပြီးနောက် နေ့ခင်းဘက်တွင် ရေပုံးများကို သိမ်းဆည်းရန် ရည်ရွယ်ထားသည်။
ချင်ဖန်းညန်သည် အရာအများစုအား သဘောတူသော်လည်း အချက်တစ်ချက်ကိုသာ အခိုင်အမာတောင်းဆိုခဲ့သည်။
"အဒေါ့်အိမ်မှာတော့ ဆန်အိုး လုံးဝမထားသင့်ဘူး။ အဲ့ဒါက ရှင်တို့မိသားစုရဲ့ ကြွယ်ဝမှုကို ယိုစိမ့်စေနိုင်တယ်။ အိမ်ပြန်ရောက်ရင် စပါးတွေကို တခါးနားမှာပဲ ခြင်းတောင်းထဲကို လောင်းထည့်လိုက်မယ်။ အဒေါ့်ယောက်ျားကို ရှင့်ရဲ့နေရာထိ ဆန်အိုး လိုက်ပို့ပေးဖို့ ပြောထားလိုက်မယ်"
သူမသည် ကိုယ်ပိုင်ယုံကြည်မှုဖြင့် တော်တော်လေး အယူသီးလေသည်။
စန်းလော့သည် ဤကဲ့သို့သောအကြံဉာဏ်များအား အလေးထားခြင်းမှာ ပိုကောင်းသည်ဟု ခံစားခဲ့ရသည်။ ဒါက စိတ်ချမ်းမြေ့စေတာပဲလေ မဟုတ်ဘူးလား။ သူမသည် ချီတုံချတုံဖြစ်ခြင်းမရှိပဲ ချင်ဖန်းညန်ကို ပြန်ပြောလိုက်၏။
"အဒေါ် ကျွန်မ တကယ်ပင်ပန်းနေပြီ၊ ဦးလေး ယိုထျန်းကိုပဲ လာပို့ပေးဖို့ ဒုက္ခပေးရဦးလိမ့်မယ်"
စန်းလော့၏ နေ့စဉ်လုပ်ရိုးလုပ်စဉ်များဖြစ်သော အရုဏ်မတက်မီကပင် စီရင်စုသို့သွားကာ စျေးဆိုင်ဖွင့်ခြင်း၊ နေ့ခင်းဘက်တွင် လိုအပ်သော ပါဝင်ပစ္စည်းများအတွက် တောင်တန်းများဆီသို့သွားခြင်း၊ ထို့နောက် ညဘက်တွင် နတ်သမီးတို့ဟူးချက်ခြင်းတို့လုပ်များကို သတိထားမိသည်တွင် ချင်ဖန်းညန်က သူမကို မြန်မြန် အာမခံပေးလိုက်တော့သည်။
"ကိစ္စမရှိပါဘူး။ ပုံးတွေအတွက်လည်း စိတ်မပူပါနဲ့။ အဒေါ့်ယောက်ျားကို ပို့ခိုင်းလိုက်မယ်။ သူက ရှင်တို့အတွက် ဆန်တွေကို ကြိတ်ပေးနိုင်ပါတယ်။ အိမ်ပြန်ပြီး တစ်ခုခုစား၊ ပြီးရင် ကောင်းကောင်းအနားယူလိုက်နော်"
စန်းလော့သည် ချင်ဖန်းညန်အား ကျေးဇူးတင်ကြောင်းပြောပြီး နှုတ်ဆက်ပြီးနောက် ဖြတ်လမ်းမှတစ်ဆင့် အိမ်သို့ပြန်ခဲ့လေသည်။
……
ရှန်းစန်းသည် အိမ်တွင်ထိုင်ပြီး စောင့်ဆိုင်းနေသော်လည်း စန်းလော့၊ ရှန်းအန်းနှင့် ရှန်းနဉ်တို့သည် သူ့နေရာသို့ ပေါ်မလာကြပေ။
မွန်းတည့်ချိန်၌ ရှန်းကျင့်ကိုခေါ်၍မေးမြန်းသောအခါ ရှန်းကျင့်သည် တစ်မနက်လုံး သူတို့၏အကြီးဆုံးမရီးကို မတွေ့ရသေးဟုဆိုသည်။
ရှန်းစန်းနှင့်လီရှီတို့သည် ချန်းမိသားစုအား တစ်မနက်လုံး လျှို့ဝှက်စွာ စောင့်ကြည့်နေသော်လည်း ချင်ဖန်းညန်သွားလာလှုပ်ရှားနေသည်ကို အမှန်တကယ်ပင် မတွေ့ခဲ့ရပေ။ အဝတ်လျှော်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း သို့မဟုတ် ဟင်းသီးဟင်းရွက်စိုက်ခင်းသို့ လည်ပတ်ခြင်းတို့ဖြင့် အလုပ်များလေ့ရှိသည့် ချင်ဖန်းညန်၏ လုံ့လဝီရိယသည် ရွာတွင် လူသိများ၏။ သူမသည် အိမ်ထဲတွင် အလကား ပုန်းနေတ်သူမဟုတ်ချေ။
နောက်ဆုံးတွင် သူတို့လင်မယားနှစ်ယောက်သည် စန်းလော့နှင့် ချင်ဖန်းညန်တို့ဟာ တောဟင်းရွက်များရောင်းရန် စီရင်စုသို့သွားသည်ဟူသော ကောလာဟလများကို စတင် ယုံကြည်လာကြ၏။
သည်အကြောင်းသာ စိတ်ထဲတွင် ရှိနေသည့် ရှန်းစန်းမှာ သူ၏ ပုံမှန်နေ့ခင်းဘက် တစ်ရေးတစ်မောမှေးခြင်းက အေးအေးလူလူ မရှိတော့သည်ကို တွေ့လိုက်ရသည်။ အချိန်အတော်အတန်ကြာအောင် လူးလှိမ့်ပြီးသည့်နောက် ထကာ ခြံထဲသို့သွားလိုက်တော့သည်။
သူသည် အပြင်ဘက်သို့ အချိန်ကိုက် ထွက်လာမိခြင်းပင်။ မကြာလိုက်ပေ။ လှည်းတစ်စီးကို ဆွဲကာ ပြန်လာသည့် အဝေးက ချင်ဖန်းညန်ကို တွေ့လိုက်တော့သည်။
ရှန်းစန်းသည် သေချာလေး မြင်ရရန် မျက်လုံများကို ကျုံ့ထားလိုက်ရာ လှည်းပေါ်တွင် တောင်းများနှင့်ပုံးများကို တင်ထားပုံပေါ်သည်ကို သတိပြုမိလိုက်၏။ သူမ နီးကပ်လာသည်နှင့်အမျှ ခြင်းတောင်းခုနစ်လုံး သို့မဟုတ် ရှစ်လုံးခန့်နှင့် သစ်သားပုံးများ တင်ဆောင်ထားသည်ကို ရှင်းလင်းစွာ မြင်လိုက်ရတော့သည်။
ချင်ဖန်းညန်သည် လှည်းကို သူမ၏အိမ်ရှေ့တံခါးတွင် ရပ်လိုက်ပြီး ချန်းယိုထျန်းအား ခေါ်လိုက်၏။ လင်မယားနှစ်ယောက် အလုပ်ရှုပ်နေပုံရပြီး ထို့နောက်တွင် ချန်းယိုထျန်းသည် ဆန်အိုးတစ်လုံးကို သယ်ထုတ်ကာ စန်းလော့ရှိရာသို့ ဦးတည်သွားသည်ကို ရှန်းစန်း မြင်လိုက်ရတော့သည်။
ရှန်းစန်းသည် မျက်နှာထားတင်းတင်းဖြင့် သူ့ခြံဝင်းထဲတွင် အချိန်အတော်ကြာရပ်နေပြီး ချန်းယိုထျန်းတစ်ယောက် တောင်ပေါ်သို့ ပုံးများ၊ ခြင်းတောင်းများနှင့် အိုးခွက်များကို သယ်ဆောင်ကာ အကြိမ်ကြိမ် အသွားအပြန်လုပ်နေသည်များကို ကြည့်ရှုနေမိလေသည်။
သူ့မိသားစုမှာ ချန်းမိသားစုနှင့် ဤမျှရင်းနှီးသည်လားဟု လေးလေးနက်နက် စဉ်းစားမိတော့သည်။
ရှန်းလီရှိတုန်းကတော့ သူတို့တွေ ချန်းတရှန်နဲ့ ရင်းနှီးခဲ့ပါတယ်။ ဒါပေမဲ့ လူငယ်အချင်းချင်း ရင်းရင်းနှီးနှီးရှိကြတာက အထူးအဆန်းမဟုတ်ဘူးလေ။
ရှန်းလီအိမ်က ထွက်သွားပြီးနောက်ပိုင်းမှာ ချန်းမိသားစုက ကလေးတွေနဲ့ ရင်းနှီးခဲ့တဲ့သူက ရှန်းအန်းနဲ့ သူညီမလေးပဲ။
ဒါပေမယ့် ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး မဟုတ်လား။ အနည်းဆုံးတော့ ချန်းးတရှန်၏မိဘတွေနဲ့ ချန်းယိုထျန်းတို့ လင်မယားက ဝင်မပါခဲ့ကြဘူးလေ။ အထူးသဖြင့် ချန်းတရှန် ကွယ်လွန်ကြောင်းကို ကြားသိရပြီးနောက်ပိုင်း သူတို့တွေ အတော်လေး စိတ်ဓာတ်ကျသွားပုံရပြီး သီးခြားနေလာခဲ့တာ နှစ်ဝက်လောက် ဘယ်သူနဲ့မှ တော်ရုံစကားမပြောသလို ပြုံးတာလဲ ခပ်ရှားရှားရယ်ပါ။ နောက်မှသာ တဖြည်းဖြည်း ပြန်ကောင်းလာခဲ့ကြတာ။
သူတွေက ညသန်းခေါင်ကြီး ဆန်ချေးခဲ့တဲ့အချိန်ကစပြီး သန်းလော့နဲ့ ရင်းနှီးသွားကြတာထင်တယ်။ ဟုတ်တယ်မလား။
သို့သော် ချန်းမိသားစုမှ စန်းလော့အား စပါးချေးပေးလျှင် ချန်းမိသားစုကို ကျေးဇူးတင်သင့်သောသူမှာ စန်းလော့ ဖြစ်သင့်သည်။ ဤအခြေအနေသည် အဘယ်ကြောင့် ဤမျှထူးခြားပုံပေါ်နေရပါသနည်း။
ရှန်းစန်းသည် ချန်းမိသားစုအိမ်သို့ အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိပြီး အဖြေရှာမရခဲ့ပေ။ သုန်မှုန်နေသည့်မျက်နှာဖြင့် အခန်းထဲသို့ ပြန်လာခဲ့တော့သည်။
……
သူမ၏အခန်းနှစ်ခန်း ဆောက်ခြင်းသည် ရှန်းစန်းနှင့်သူ့မိန်းမအတွက် တစ်နေ့တာလုံး အကျပ်ရိုက်စေခဲ့သည်ကိုတော့ စန်းလော့ မသိခဲ့ပေ။ သူမက သိခဲ့လျှင်တောင် ‘သူတို့နဲ့ ဘာဆိုင်လို့လဲ’ဟုသာ စဉ်းစားလောက်သည်။
အိမ်ပြန်ရောက်သောအခါ သူတို့ရှင်းလင်းထားသည့် သက်ကယ်တဲ့နောက်က မြေကွက်လေးက စည်ကားနေလေသည်။ သေးငယ်ပြီး ပြန့်ကျဲနေသောနေရာတစ်ခုတွင် အရပ်အမြင့်ဆုံးမှ အရပ်အနိမ့်ဆုံးအထိ ကလေး ခုနစ်ယောက်ရှိနေလေသည်။
သူမသည် ခေတ္တရပ်လိုက်ပြီး သူမကိုယ်သူမ ရယ်မောရင်း တွေးလိုက်မိသည်။
“ဟမ်၊ သူတို့ကို အတူတူချည်ထားလိုက်ရင် 'ဘူးသီးညီအစ်ကို' တွေနဲ့ တူသွားပြီ၊ သူတို့ ခုနစ်ယောက် ... ကွက်တိပဲ"
သူမကို တွေ့လိုက်ရသည်တွင် ရှန်းအန်းနှင့်ရှန်းနဉ်တို့က စိတ်အားထက်သန်ဆုံးပင်။ သူတို့သည် တူးရွင်းများကို မြန်မြန်ချထားလိုက်ပြီး သူမကို ခြင်းတောင်းကူသယ်ပေး ရေခပ်ပေးကာ ‘မောနေလား၊ စားပြီးပြီလား’ဟု တရစက်မေးနေကြလေသည်။
ချန်းအာ့ရှန်းသည် သူမကို “မရီးရှန်း”ဟု အဝေးက နှုတ်ဆက်လိုက်ပြီး ရှက်ရွံ့နေသည့်ရှောင်ယာကတော့ ရှန်းနဉ် ခေါ်သည့်အတိုင်း စန်းလော့ကို
"ယောင်းမ ရှန်း"ဟု မဝံ့မရဲလေးနှင့် နှုတ်ဆက်လေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က စန်းလော့၏ အေးစက်စက် ဆုံးမခံထားရသည့် ရှန်းကျင့်ကတော့ ပေါက်ပြားကိုင်ထားလျက်ပင် ကို့ယို့ကားယားဖြင့် မလှုပ်မယှက် ခဏလောက် ရပ်ထားလိုက်လေသည်။
စန်းလော့နှင့် သိပ်မရင်းနှီးသော ရှန်းယင်နှင့်ရှန်းထျယ်တို့သည်လည်း အစ်ကိုဖြစ်သူ တုံ့ဆိုင်းသွားသည်ကို မြင်လိုက်သည်တွင် မချဉ်းကပ်ရဲကြပေ။
ဤလူတန်းကို ကြည့်ပြီး စန်းလော့မှာ ကလေးလုပ်သားများစွာရှိသည့် ကျောက်မီးသွေးတွင်းသူဌေးတစ်ဦးဖြစ်သွားသလို ထူးဆန်းသည့်ခံစားချက်တစ်ခု ဖြစ်သွားတော့သည်။
စကားတိုင်းက သည်အခြေအနေကို ကို့ယို့ကားယား နိုင်စေမည့်ပုံပေါ်နေသဖြင့် သူမမှာ ဘာပြောရမည်ကို စဉ်းစားလိုက်ရတော့သည်။
ရှန်းကျင့်တို့သုံးယောက် ရောက်နေတာကိုတော့ နားလည်ပါတယ်။ ဒါပေမဲ့ ချန်းအာ့ရှန်နဲ့ ရှောင်ယာတိုကလည်း ဘာလို့ ကူညီပေးနေကြတာလဲ။
စန်းလော့သည် ဆောင့်ကြောင့်ထိုင်ချလျက် ရှန်းနဉ်၏ဘေးတွင် ကပ်နေသော ရှောင်ယာကို မေးရလေသည်။
"ရှောင်ယာ၊ ညီမလေးကရော ဘာလို့ မြေယာရှင်းတဲ့နေရာမှာ ကူညီနေတာလဲ"
ရှောင်ယာသည် သူမနှင့်မျက်လုံးချင်းဆုံကာ စကားပြောရန် ထိုင်ချလိုက်သည့် လူကြီးတစ်ယောက်ကို ပထမဆုံး တွေ့ဖူးခြင်းပင်။ နီးနီးကပ်ကပ်ရှိနေခြင်းက သူမကို အသစ်အဆန်း၊ ပျော်ရွှင်မှုနှင့် ကြောက်ရွံ့မှုတို့ကို ရောနှောခံစားရစေသည်။
"အစ်မနဉ်နဲ့က သူငယ်ချင်းကောင်းတွေမို့ သူ့ကို ကူညီဖို့ လာခဲ့တာပါ"
သူမသည် ရှက်ကိုးရှက်ကန်းနှင့် ထပ်ပြောလိုက်သေးသည်။
“ပြီးတော့ မနေ့က အမေအိမ်ကို ယူလာတဲ့ ဟူပင်းမုန့်လေ အရသာရှိတယ်။ ကျေးဇူးတင်ပါတယ် ယောင်းမရှန်"
ရှန်းကျင့်၏ နားရွက်များ ချက်ချင်းထောင်သွားတော့၏။
ဘာ ဟူမုန့်လဲ။
အလုပ်ကိုသာ အာရုံစိုက်နေသော လူများသည် ရပ်ကာ အဝေးတွင် ပြောနေကြသော နှစ်ယောက်ကို လှမ်းကြည့်လိုက်တော့သည်။
ရှန်းကျင့်၏ နှုတ်ခမ်းများက လှုပ်ကာ မေးချင်သော်လည်း နောက်ဆုံးတစ်ကြိမ်တွင် မရီးဖြစ်သူမှ သူ့အား မသိမသာ ဆုံးမခဲ့ပုံကို ပြန်သတိရကာ ထူးထူးခြားခြား စကားမပြောတော့နိုင်ပေ။
ရှန်းကျင့်သည် ဝမ်းနည်းသလို ခံစားလိုက်ရပြီး သူမသည် အမှန်တကယ်ပင် မည်သူ၏ မရီးဖြစ်သည်ကို စဉ်းစားနေတော့သည်။
"ကျွန်တော်တောင် တစ်ပိုင်းမှ မမြင်လိုက်ရတဲ့ ဟူမုန့်ကို ချန်းမောင်နှမကျတော့ ဘာလို့ စားရတာလဲ”
"ဒါတော့ မတရားတာပဲ"
"ကျွန်တော်လဲ ရှန်းသွေးသားပဲ မဟုတ်လား"
" ဝမ်းကွဲတွေဖြစ်နေရင်တောင် ကျွန်တော့်ညီအကိုတွေ ဖြစ်နေတုန်းပဲ မဟုတ်လား"
သူ၏ဘေးတွင် ဘာမှမပြောဘဲ ပေါက်ပြားဖြင့် ဆက်တူးနေသည့် ချန်းအာ့ရှန်ကို ကြည့်လိုက်သောအခါမှပင် ရှန်းကျင့်၏ စိတ်ပျက်မှုမှာ တိုးလာခဲ့သည်။
အထင်သေးနေတာ...အထင်နေသေးတာ... အထင်သေးနေလိုက်တာ...
သူ၏ခံစားချက်များကို မထိန်းထားနိုင်တော့ဘဲ လက်ထဲတွင် ကိုင်ထားသောပေါက်ပြားကို တရွတ်တိုက်ဆွဲရင်း စိတ်ရှုပ်ထွေးနေပုံပေါ်သော ချန်းအာ့ရှန် အနားသို့ ကပ်သွားလိုက်လေသည်။
ဟမ့်။ သူ့လောက် အရပ်မရှည်ဘူး။
ခြေဖျားထောက်ကာ လည်ပင်းကိုဆန့်လိုက်ပြီး ရှန်းကျင့်သည် အသံကို လျှော့လိုက်ပြီး သူ၏လုပ်ပိုင်ခွင့်ကို ထိန်းသိမ်းထားလိုက်ကာ
"မင်းလဲ မုန့်စားပြီးတာနဲ့ ဒီမှာ အလုပ်လုပ်နေတာပဲ၊ ဒီမနက်တုန်းက ငါ့ကို အထင်သေးရဲလိုက်သေးတယ်"
ချန်းအာ့ရှန်: .....
ဘာတွေပြောနေတာလဲ။
ဒေါသထွက်ရသော်ငြားလဲ ထိန်းမထားနိုင်တော့သည့် ရှန်းကျင့်မှာ ချန်းအာ့ရှန်ကို မေးလိုက်လေတော့သည်။
"ဒီတော့ ဟူမုန့်က အရသာရှိလား"
...
အပိုင်း (၃၆)
နောက်ဆုံးတွင်တော့ ရှန်းကျင့်သည် ဟူမုန့်၏ တကယ့်အရသာကို ချန်းအာ့ရှန်ထံမှ အဖြေမရနိုင်ခဲ့ချေ။
ချန်းအာ့ရှန်သည် စကားနည်းသူတစ်ယောက်ပင်။ သူသည် ခပ်အုပ်အုပ်အသံဖြင့်သာ ပြန်ဖြေလိုက်ပြီး ဒါက အကုန်ပင်။
ရှန်းကျင့်က စိတ်မရှည်လက်မရှည်နှင့် စောင့်နေလိုက်၏။ ထိုအချိန်တွင် ရှန်းနဉ်က စန်းလော့နှင့် အထဲလိုက်ဝင်သွားပြီး ရှန်းအန်းကတော့ သူ့တူးရွင်းဆီသို့ ပြန်လာလေသည်။ ရှန်းအန်းနောက်မှ လိုက်လာသည့် အားကျစရာကောင်းသည့် ချန်းရှောင်ယာကို လျစ်လျူရှုထားလိုက်ပြီး ရှန်းကျင့်က ရှန်းအန်းကို ဘေးသို့ ဆွဲလိုက်ကာ အားတက်သရော မေးနေတော့သည်။
“ရှန်းအန်း.. ဟူမုန့် ကျန်သေးလား”
အတူတူ ကြီးပြင်းလာသည်တွင် ရှန်းအန်းသည် ရှန်းကျင့်အကြောင်းကို ကောင်းကောင်းသိလေသည်။ ရှောင်ယာက ဟူမုန့်ကို ထုတ်ပြောလိုက်သည့်အချိန်ကတည်း သူသည် သည်အခြေအနေကို မျှော်လင့်ထားခဲ့ပြီးသားပင်။
ဒီနေ့အတွက် ဝက်ဆီဖတ်မရှိတော့ဘူးလို့ ပြောရင်တောင် အခုချိန်မှာ သူ ဒီအခြေအနေကနေ ဘယ်လိုလုပ်ပြီး လွှတ်မြောက်နိုင်ပါတော့မလဲ။ ရှန်းကျင့်က ဒီကို နေ့တိုင်းပဲ လာနေတော့မှာလား။
ရှန်းအန်းသည် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး သူ့ပခုံးများက လျှောကျသွားတော့သည်။ မှင်သေသေအမူအရာဖြင့် သူက ပြောလိုက်၏။
“မရှိတော့ဘူး၊ ဘာမှမကျန်တော့ဘူး၊ အပိုင်းသေးသေးလေးကို၊ မနေ့က ငါတို့သုံးယောက် နေ့လည်စာစားလိုက်ပြီ”
မနေ့ကဟူသည့် စကားကို ကြားလိုက်သည်တွင် ရှန်းကျင့်မှာ စိတ်ဓာတ်ကျသွားပြီး သူတို့၏နေ့လည်စာကို စဉ်းစားရန်ပင် မေ့လျော့သွားတော့သည်။
နောက်ဆုံး နေ့လည်စာဟူသည် ကျေးလက်တွင် ပုံမှန်စားနေကျတစ်နပ် မဟုတ်ချေ။
ရှန်းကျင့်က ရုတ်တရက် ခေါင်းထောင်သွားပြီး သက်ကယ်တဲဘက်သို့ ကြည့်လိုက်ကာ သူ့မျက်လုံးများက မျှော်လင့်ချက်ဖြင့် တောက်ပသွားလေသည်။
“ရှန်းအန်း ငါတို့မရီးက ဒီနေ့ ဟူမုန့်များ ဝယ်လာခဲ့သေးလား”
ရယ်ချင်စိတ်ဖြစ်သွားကာ ရှန်းအန်းက သူ့ကို စကားပြင်ပေးလေသည်။
“ငါ့မရီးပါ”
ရှန်းကျင့်က ညစ်ကျယ်ကျယ်ဖြင့် တဟိဟိ ရယ်မော့လိုက်ပြီး “ငါ့ဝမ်းကွဲမရီး”
စိတ်တိုသွားသဖြင့် ရှန်းအန်းက သူ့ကို လျစ်လျူရှုထားလိုက်တော့သည်။
“ဘာဟူမုန့်မှ မရှိဘူး၊ ငါတို့မှာ စားဖို့တောင်အနိုင်နိုင်၊ ဘယ်သူက နေ့တိုင်း ဟူမုန့်ကို စားနိုင်မှာလဲ”
ရှန်းကျင့် ရှင်းထားသည့်မြေကွက်ကို လှမ်းကြည့်လိုက်ပြီး သူက လောဆော်လိုက်၏။
“မင်း ပြီးတော့မှာပဲ၊ မြန်မြန်လုပ်၊ ပြီးရင် ငါ မင်းကို ဝက်ဆီဖတ်ပေးမယ်၊ ပြီးရင် အိမ်ပြန်တော့၊ ငါတို့မှာ ဘာဝက်ဆီဖတ်မှ မကျန်တော့ဘူးနော်၊ ဒီတော့ မနက်ဖြန် လာမရှုပ်နဲ့တော့”
မနေ့တုန်းက သို့မဟုတ် သည်မနက်သာဖြစ်ခဲ့လျှင် ရှန်းကျင့်သည် ဘာဝက်ဆီဖတ်မှ မကျန်တော့ဟု ကြားလျှင် ချက်ချင်း ထွက်သွားလိမ့်မည်ပင်။
သို့သော် အခုတော့ ရှန်းကျင့်က ဝမ်းနည်းသလို ခံစားလိုက်ရပြီး “မင်းက ငါ့ကို မောင်းထုတ်ဖို့ ကြိုးစားနေတာလဲ၊ ငါကတော့ လာအုံးမှာပဲ”
သူတို့ရဲ့မရီးက ရှန်းအန်းနဲ့ ရှန်းနဉ်ကို အရမ်းဂရုစိုက်ပြီး သူတို့ကို ဟူမုန့်တောင် ဝယ်ကျွေးမယ်လို့ မယုံကြည်နိုင်တော့ဘူး။ ဟူမုန့်က ဘယ်လိုမျိုးလဲဆိုတာတော့ မသိပေမဲ့ မုန့်ဆိုမှတော့ အရသာရှိပြီးသားပဲလေ။
ယတိပြတ်ဆုံးဖြတ်လိုက်ပြီး သူက စဉ်းစားလိုက်၏။ ‘ငါ ဒီနားမှာပဲ တွယ်ကပ်နေမှာပဲ။ ငါ နေ့တိုင်း အလုပ်ဆက်လုက်နေရင် သူ ငါ့ကို တစ်ခုခုမကျွေးဘူးလို့တော့ မယုံဘူး။ ချန်းအာ့ရှန်နဲ့ ရှောင်ယာတို့တောင် ရသေးရင် ငါ မရနိုင်စရာ ကြောင်းမရှိဘူး။
ထိုသို့စဉ်းစားလိုက်ပြီး ရှန်းကျင့်သည် ဆုံးဖြတ်ထားလိုက်တော့သည်။ ရှန်းအန်း၏ စိန်းစိန်းဝါးဝါးအကြည့်ကို လျစ်လျူရှုထားလိုက်ပြီး သူက ကြီးစွာသောလုံ့လဖြင့် ဆက်ပြီး ပေါက်ပြားဖြင့် တူးဆွနေလိုက်လေသည်။
သူ ချန်းအာ့ရှန်လောက်တော့ တော်ချင်မှတော်မယ်။ ဒါပေမဲ့ ရှောင်ယာနဲ့တော့ သေချာပေါက် ယှဉ်နိုင်ပါသေးတယ်။ ဟုတ်တယ်မလား။
မြေဆွနေရင်း ရှန်းကျင့်သည် လေကို အကြိမ်ကြိမ် တရှုံ့ရှုံ့ ရှူနေလေသည်။
“ရှန်းအန်း မင်း တစ်ခုခု အနံ့မရဘူးလား၊ အရမ်းမွှေးတာပဲ”
စိတ်တိုလာသည်တွင် ရှန်းအန်းက တူးရွင်းကိုင်ထားသည့်လက်ကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး “ငါ့မရီးရဲ့နေ့လည်စာ၊ မင်း ဗိုက်ဆာရင် မင်းအိမ်ပြန်ပြီး စားပေါ့”
ရှန့်ကျင့်က ခက်ခက်ခဲခဲ မြိုချလိုက်ရသော်လည်း နှုတ်ဆိတ်နေလိုက်ကာ သူ့အလုပ်ကို ဆက်လုပ်နေလိုက်လေသည်။
မွှေးရနံ့က တဖြည်းဖြည်း ပိုထင်ရှားလာလေသည်။ ထို့နောက်တွင် ရှန်းနဉ်က ပန်းကန်လုံးကြီးတစ်လုံးဖြင့် အပြင်သို့ ထွက်လာပြီး စမ်းချောင်းနားတွင် ခဏလောက် ထိုင်ချလိုက်ပြီးနောက် တဲထဲသို့ ပြန်ဝင်သွားလေသည်။
ရှန်းကျင့်ခမျာ သူ့စိတ်ဝိဉာဉ်က တဲထဲသို့ ဆွဲခေါ်သွားခံလိုက်ရသလို ခံစားလိုက်ရတော့သည်။
စိတ်နှင့်ကိုယ်မကပ်ဘဲ မြေဆွနေမိပြီး သူသည် အချိန်ကို မေ့သွားတော့သည်။ နောက်ဆုံးတွင်တော့ မြေကွက်ငယ်လေးကို ရှင်းလင်းပြီးသွားတော့၏။ ရှန်းနဉ်က ပြန်ပေါ်လာပြီး တောင်ပေါ်လမ်းနားတွင် တစ်ခုခုကို ရှာဖွေနေသည့်ပုံပင်။
ထိုမနက်တွင်တော့ ရှန်းနဉ်ကို ကျောခိုင်းလိုက်ကာ သူမကို ထပ်ပြီး ထိုသို့ မဆက်ဆံတော့ဖို့ ကျိန်ဆိုလိုက်ပြီး သူမရှေ့တွင် ဝက်ဆီဖတ်ဖြင့် ကြွားဝါမည်ဟု စိတ်ကူးယဉ်ထားခဲ့သည့် ရှန်းကျင့်မှာ အခုတော့ နောက်က မရမကလိုက်သွားပြီး ‘အရမ်းအရသာရှိတဲ့ အနံ့ဖြစ်အောင် နင်တို့အထဲမှာ ဘာလုပ်နေကြတာလဲ’ဟု မေးချင်သွားတော့သည်။
သို့တိုင် သူ့မှာ သတ္တိကို မစုစည်းနိုင်ခဲ့ချေ။
သူ့ဗိုက်ကလည်း ဆာလောင်မှုကြောင့် တဂွီဂွီမြည်လာပြီး သူ့အင်အားလဲ ချည့်နဲ့လာလေသည်။ သူသည် ချန်းအာ့ရှန်နားသို့ ကပ်သွားလိုက်ကာ မေးလိုက်တော့သည်။
“ဒါက အသားနံ့လို့ မင်း ထင်လား”
ချန်းအာ့ရှန်သည် အမှန်ပင် တူသည်ဟု စဉ်းစားမိသော်လည်း သူသည် သွားရည်မကျအောင် ကိုယ့်ဟာကို ပြန်ထိန်းချုပ်လိုက်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ရှန်းကျင့်နှင့် တမင် ခပ်ခွာခွာနေလိုက်လေသည်။
ရှန်းကျင့်က ထပ်ပြောလိုက်၏။
“အသားထက်တောင် ပိုပြီးမွှေးနေတဲ့ပုံပဲ”
သည်ခံနိုင်စွမ်းမရှိတော့ဘဲ ရှန်းယင်နှင့်ရှန်းထျယ်တို့သည် ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်ပြီး “အစ်ကို ၃ သားတို့ ဗိုက်ဆာတယ်”
ရှန်းကျင့်ကလည်း လိုက်ပြောသည်။ “ငါလည်း စားချင်တယ်”
ချန်းအာ့ရှန်ကတော့ နှုတ်ဆိတ်နေ၏။
နှုတ်ဆိတ်နေလိုက်ပြီး ကျန်လူများနှင့် ခပ်ဝေးဝေးနေလိုက်လေသည်။
ရှောင်ယာကလည်း အစားအစာ၏ ဆွဲဆောင်ခြင်း ခံနေရသော်ငြား သူမ၏တာဝန်က လာကူညီခြင်းဖြစ်ကြောင်း သိနေလေသည်။ သူမ၏အဘွားကလည်း သေချာ ပြောထားခဲ့သည်။ အစ်နဉ်၏အိမ်ထဲကိုဝင်ပြီး အစားအစာ မတောင်းစားရဟူ၍။
ကိုယ်ကို ပြန်ကုန်းလိုက်ကာ ဝါးတုတ်လေးနှင့် မြေကြီးကို တူးဆွလိုက်ပြီး ပိုကြီးသည့် ကျောက်တုံးများကို နည်းနည်းချင်းစီ ဆွဲလိုက်ပြီးနောက် ဆွဲထုတ်လိုက်လေသည်။ အလုပ်က အိမ်ထဲမှာ လှိုက်တက်လာသည့် အသားနံ့၏ဆွဲဆောင်မှာ အာရုံလွဲရာတွင် အကူအညီဖြစ်သွားတော့သည်။
ရှန်းနဉ်သည် မြန်မြန်ပြန်ရောက်လာပြီး သူမ နီးကပ်လာသည်နှင့်အမျှ ကလေးများသည် သူမက ကြက်သွန်မြိတ်အရိုင်းပင်များကို ခူးလာသည်ကို သေချာမြင်လိုက်ကြလေသည်။
သူမက တောင်ကျစမ်းချောင်းထဲတွင် ကြက်သွန်မြိတ်ရိုင်းများကို ဆေးကြောလိုက်ပြီး သက်ကယ်တဲထဲသို့ မြန်မြန် ပြန်ဝင်သွားလေသည်။
သည်တစ်ကြိမ်တွင်တော့ ရှန်းကျင့်တင်မကဘဲ ရှန်းယင်နှင့်ရှန်းထျယ်တို့ကပါ တပြိုင်ထဲ ခေါင်းလှည့်ကာ ရှန်းနဉ်၏လှုပ်ရှားမှုများကို လိုက်ကြည့်နေမိလေသည်။
ရှန်းအန်း : “....”
သူသည် အနည်းငယ် တွေဝေသွားတော့သည်။
သူတို့အားလုံးက သူ့မိသားစုအတွက် အလုပ်လာလုပ်ပေးနေတာ။ နောက်ပြီး အနံ့ကြောင့် အရမ်းကို ဆွဲဆောင်ခံနေရတာပဲ.... ဒါပေမဲ့ ဒါက အသားလေ။ မကြီးက ပင်ပန်းနေတာ သိသာနေတဲ့ဟာကို။ အဟာဖြည့်ဖို့ တစ်ခုခု လိုသေးတယ်လေ။
သည်ဝေခွဲမရသည့်အခြေအနေထဲတွင် လေထဲက အနံက တစ်ဖန် ပြောင်းလဲသွားလေသည်။ ကြက်သွန်မြိတ် ထပ်ထည့်လိုက်ခြင်းကြောင့် ဖြစ်နိုင်သည်။ အလွန်မှမွှေးပြီးသားအနံ့က အခုတော့ ကြက်သွန်မြိတ်နံ့ကြောင့် ပိုထင်ရှားလာပြီး ရှန်းအန်းကို ဘေးသို့ကြည့်မိအောင် လုပ်မိသည်တွင် ရှန်းယင်နှင့်ရှန်းထျယ်တို့မှာလဲ ညို့ငင်ထားခံရကာ လက်ထဲက ဝါးတုတ်များကို မလှုပ်မယှက်ကိုင်ထားပြီး သွားရည်များကျလျက် တဲအိမ်ဘက်သို့ ငေးကြည့်နေကြသည်ကို တွေ့လိုက်ရတော့သည်။
...
“အစ်ကို ၂”
ရှန်းနဉ်က တဲထောင့်နားမှနေ၍ ရှန်းအန်းကို လှမ်းခေါ်လိုက်၏။
ပထမဆုံးအကြိမ်အဖြစ် ရှန်းအန်မှာ အမှန်ပင် စိတ်မကောင်းဖြစ်သွားတော့သည်။ သူ့မရီးက သူ့ကို ခေါ်တာ အရိုးပြုတ်ရည် သောက်ဖို့များလား။ ဒါက ကလေးတွေကို ပိုပြီး အားကျသွားအောင် လုပ်နေတာမဟုတ်ဘူးလား။
သူသည် ဆက်ပြီး မစဉ်းစားနိုင်သေးခင်မှာပင် ရှန်းနဉ်က ပြောလိုက်၏။
“ယောက်မက အားလုံးအတွက် အသားဆန်ပြုတ် ၂ ပန်းကန်ကို လာသယ်ကူပေးပါတဲ့”
ရှန်းကျင့်နှင့်ရှန်းယင်တို့၏မျက်လုံးများက ဝမ်းသာအားရဖြစ်သွားကာ ရုတ်ချည်းဆိုသလို လင်းလက်သွားတော့သည်။ နားလည်နိုင်စွမ်း အနည်းငယ်နှေးကွေးသည့် ရှန်းထျယ်မှာ ဖြစ်ပျက်နေသည်ကို နောက်ဆုံးတော့ နားလည်သွားကာ သွားရည်များ အလိုလိုကျလာပြိး သူ့လက်ချောင်းများကို စုပ်မိတော့မလို ဖြစ်သွားတော့သည်။
ရှောင်ယာကလည်း ခက်ခက်ခဲခဲ မြိုချထားရပြီး သူမ၏အစ်ကိုဖြစ်သူကို လှမ်းကြည့်လိုက်၏။
ချန်းအာ့ရှန်က အနည်းငယ် မရေမရာဖြစ်သွားပြီးမှ ခေါင်းခါလိုက်တော့သည်။
“မလိုပါဘူး၊ မလိုပါဘူး၊ ငါ မနက်စာစားလာခဲ့ပြီးပြီ၊ ပြီးတော့ ဗိုက်မဆာဘူး၊ နောက်ပြီး အမေက ပြောထားတယ် သူ ဒီနေ့ တောဟင်းရွက်တွေ ရောင်းရခဲ့ရင် ဝက်အရိုးနည်းနည်းလောက် ဝယ်ခဲ့မယ်တဲ့”
ရှန်းအန်းက ထွက်သွားနှင့်ပြီးဖြစ်၏။
မကြာမီတွင် မောင်နှမနှစ်ယောက် ပြန်ပေါ်လာပြီး တစ်ယောက်စီက ပန်းကန်လုံးကြီးတစ်လုံးစီ သယ်လာကြလေသည်။ ပန်းကန်လုံးများထဲတွင် အရိုးပြုတ်ရည်ဖြင့် လုပ်ထားသည့် ဆန်ပြုတ်ကို နှုတ်နှုတ်စဉ်းထားသည့်အသားဖြင့် ရောထည့်ပေးသည်။ ပန်းကန်တစ်လုံးစီကို တဝက်စီထည့်ထားပေးလေသည်။
ရှန်းညီအစ်ကိုသုံးယောက်က မြန်မြန် ဝိုင်းလာကြသည်တွင် ချန်းရှောင်ယာက နည်းနည်း မရေမရာဖြစ်နေသည့် အစ်ကိုဖြစ်သူ ချန်းအာ့ရှန်ဆီသို့ သွားလိုက်တော့သည်။ အသားတဲ့။ ဒါက ဝက်အရိုးဆိုရင်တောင် ဖွယ်ရာတဲ့အစားအစာဖြစ်နေပြီလေ။ နောက်ပြီး သူ့မိသားစု တစ်လကို တစ်ခါ နှစ်ခါ လောက်ပဲ တတ်နိုင်တာ။
သူသည် ပြန်သွားချင်သော်လည်း သူတို့မှာ အခုအထိ မြေအများကြီးကို မဆွပေးရသေးချေ။ သူ ဒီမှာပဲ ဆက်ပြီး မြေဆွနေရမလား။ ဒါမှမဟုတ် သွားစားလိုက်ရမှာလား။
၁၁နှစ်အရွယ်ကောင်လေးက သည်လိုအခြေအနေကို မည်သို့ ဖြေရှင်းရမည်မသိ ဖြစ်နေလေသည်။
သူ ဆုံးဖြတ်ချက် မချရသေးခင်မှာပင် ရှန်းနဉ်က ပန်းကန်တစ်လုံးဖြင့် ပြုံးကာ ရောက်လာ၏။
“ကိုကိုအာ့ရှန်၊ ရှောင်ယာ ဒါက နင်တို့အတွက်၊ ငါတို့မှာ ပန်ကန်းလုံးက လောက်လောက်ငှငှ မရှိလို့ နင်တို့တွေ အတူတူစားမှ ရတော့မယ်၊ လက်သွားဆေးပြီး လာစားနော်၊ ငါ့ယောက်မရဲ့ အချက်အပြုတ် လက်ရာက အရသာရှိတယ်”
တခြားဖက်တွင်တော့ အတွေ့အကြုံရှိပြီးဖြစ်သည့် ရှန်းယင်နှင့်ရှန်းထျယ်တို့မှာ လက်ဆေးဖို့ စမ်းချောင်းဆီသို့ အပြေးသွားနှင့်ကြလေသည်။
ရှန်းကျင့်ကတော့ ခါတိုင်းလိုပင် ရှန်းအန်း၏လက်ထဲက ဆန်ပြုတ်ပန်းကန်ကို ချက်ချင်း ယူလိုက်ချင်တော့သည်။ ပန်းကန်လုံးထဲတွင် ဆန်အဖြင့် အသားလဲပါသေးသည်ကို သူ သေချာမြင်ထားလေသည်။ ဆန်ဖြူနဲ့ နုတ်နုတ်စဉ်းထားတဲ့ အသား၊ ပြီးတော့ ကြက်သွန်မြိတ်လေ။ သွားရည်တောင်ကျလာပြီ။
သို့သော် သည်တစ်ကြိမ်တွင်တော့ ရှန်းအန်းက သူ့ကို အလိုမလိုက်တော့ချေ။
“လက်သွားဆေး၊ မဟုတ်ရင် ပန်းကန်လုံးအနားမှာ ရွှံ့ပေနေတာကို မင်းက ရှန်းယင်နဲ့ ရှန်းထျယ်တို့ကို စားစေချင်နေတာလား”
ရှန်းကျင့်က စိတ်ရှုပ်သွားပြီး သူ့လက်များကို ကြည့်လိုက်ကာ “ဘယ်မှာလဲ ရွှံ့”
နည်းနည်းလေးပဲ ရှိတာပဲ။ သူ ခါချလိုက်ရင် ဖြစ်တာပဲမလား။
ရှန်းအန်းက သူ့ကို သည်အတိုင်း ကြည့်နေလိုက်၏။
ရှန်းကျင့် : “....အစားစားရဖို့က ပိုအရေးကြီးတာကို”
“အေးပါ အေးပါ၊ ငါ လက်သွားဆေးပါ့မယ်၊ ဟုတ်ပြီလား” သူက လှည့်ကာ စမ်းချောင်းဘက်သို့ မြန်မြန် ပြေးသွားတော့သည်။
လူငါးယောက်။ ပန်းကန်နှစ်လုံး။ မျိုးရိုးအလိုက် အုပ်စုဖွဲ့ထားလေသည်။ မိသားစုတစ်ခုကို ပန်းကန်တစ်လုံး။ သူတို့သည် အိမ်နောက်တွင် ရပ်ကာ ဆန်ပြုတ်ကို စတင်သောက်လိုက်တော့သည်။
ချန်းမိသားစုဘက်တွင် ရှောင်ယာက အရင်စားခွင့်ရသည်မှာ သဘာဝကျသော်လည်း ရှန်းမိသားစုတွင်တော့ ညီအစ်ကိုသုံးယောက်က တစ်ယောက်တလှည့်စီ သောက်ကြပြီး သူတို့၏ဝေစု မျှမျှတတရအောင် သေချာလုပ်နေကြ၏။
ရှန်းအန်းက အလုပ်ကြီးတစ်လုပ် သောက်ခဲ့လျှင် ရှန်းယင်က ချက်ချင်း ပူညံပူညံဖြင့် ဆန့်ကျင်လေသည်။
ရှန်းအန်း : ......
“ဆန်ပြုတ်က အခုလေးတင်မှ မီးဖိုပေါ်က ချထားတာ၊ မင်းတို့တွေ ဘာလို့ အလျင်စလို သောက်နေတာလဲ၊ မင်းအစ်ကို အဲလောက် စိတ်မရှည်ပဲ အမြန်ကြီး သောက်လိုက်ရင် သူ့ဟာသူ အပူလောင်သွားလိမ့်မယ်”
ရှန်းကျင့်က ပြန်ချေပချင်သော်လည်း ဆန်ပြုတ်က အမှန်ပင် အတော်လေး ပူနေသည်။ သူ့မှာ ညည်းညူကာ ထောက်ခံရင်း သိသိသာသာ ငြိမ်ကျသွားတော့သည်။
အထဲတွင်တော့ ရှန်းအန်းနှင့် ရှန်းနဉ်တို့ကို စန်းလော့က ခေါ်ထားလိုက်သည်။ မောင်နှမတစ်ယောက်စီက အသားဆန်ပြုတ် ထည့်ထားသည့် ဝါးခွက်လေးတစ်လုံးစီ ရလိုက်ကြသည်။
ရှန်းအန်းက နှုတ်ခမ်းလေးကို စူကာ လေသံဖြင့် ပြောလေသည်။
“မရီး အားနဉ်နဲ့ ကျွန်တော် နေ့လည်စာ နတ်သမီးတို့ဖူးကို စားထားပြီးပြီလေ၊ မကြီးက ဒါကို စားသင့်တယ်”
စန်းလော့က မြေအိုးကို လက်ဟန်ဖြင့် ပြလိုက်ကာ “လောက်ပါသေးတယ်၊ အရင် စားနှင့်”
“စိတ်ညစ်နေပြန်ပြီလား” စန်းလော့က စနောက်လိုက်ကာ ရှန်းအန်း၏ဆံပင် ခပ်ဖွဖွလေး ပွတ်ပေးလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။
“အရိုးနဲ့ ဟင်းရည်ချက်တယ်ဆိုတာ ရေလေး တစ်ခွက်နှစ်ခွက် ထပ်ထည့်လိုက်တဲ့သဘောပဲ၊ ဘာစိတ်ပူစရာလိုလဲ”
ရှန်းအန်းက ခေါင်းခါလိုက်ပြီး ငြင်းလိုက်ချင်သော်လည်း စကားလုံးများ ရှာမတွေ့ချေ။
သူက မစိုးရိမ်ဘူးလို့ ပြောရအောင်လဲ မဟုတ်ပြန်ဘူးလေ။ ဒါက ရေလေးတစ်ခွက် လောင်းထားတဲ့ ကိစ္စမှမဟုတ်တာ။ ဆန်ပြုတ်ထဲမှာ ဆန်တော်တော်ပါနေပြီး အရမ်းမပျစ်လွန်း မကျဲလွန်းလေ။ ကြည့်လိုက်တာနဲ့ကို အရသာရှိနေပြီ။
ပြီးခဲ့သည့်လအနည်းငယ် ခက်ခဲသည့်အတွေ့အကြုံကို အမှန်ပင် ရင်ဆိုင်ခဲ့ရပြီးနောက်တော့ ရှန်းအန်းမှာ အစားအသောက်ကို အလွန်မှ တန်ဖိုးထားလာခဲ့သည်။ သို့သာ် သူက စိတ်ညစ်ရသည်ဟု ဆိုရအောင်ကလည်း အတိအကျတော့ မဟုတ်ချေ။ အခြေအနေကို ကြည့်လိုက်တော့ အစားအစာ နည်းနည်းလောက် မျှဝေသည်ကသာ မှန်ကန်နေသယောင်။
ရှန်းနဉ်က သူတို့ယောက်မက သူ့ကို စားခိုင်းနေကြောင်း ပြောပြလိုက်ချိန်မှ သူ့မှာ ပျော်နိုင်သွားတော့သည်။ သို့သော်လည်း စားနေချိန်တွင်ပင် အနည်းငယ် နှမြောမိသောလည်း ပျော်ရွှင်မှုက ပိုများနေ၏။
သူ့မရီးက အစားစားဖို့ တိုက်တွန်းသဖြင့် အစားစားလိုက်ပြီးမှသာလျှင် ရှန်အန်းက နှမြောမိသလို စတင်ခံစားလိုက်တော့သည်။
စန်းလော့လည်း အစားအစာနှင့် ပတ်သက်ပြီး သူ့စိုးရိမ်စိတ်ကို နားလည်ဟန်တူသည်။ သူမ၏အတိတ်ဘဝက ခံစားခဲ့ရသည့် အခက်အခဲကို ပြန်သတိရမိတော့ မောင်နှမနှစ်ယောက်အပေါ် နက်နက်နဲနဲ ကိုယ်ချင်းစာမိ၏။ သူမက ညင်ညင်သာသာ ပြောလိုက်တော့သည်။
“စဉ်းစားလေ၊ အစ်မတို့တွေ အိမ်ဆောက်ပေးဖို့ လူတွေကို တောင်းဆိုတဲ့အချိန်ကျရင် သူတို့ကို ကောင်းကောင်း ကျွေးသင့်တယ်မလား၊ သူတို့တွေ ဒီရက်ပိုင်း ရှင်းပေးခဲ့တဲ့မြေကို စဉ်းစားကြည့်လိုက်၊ ရေလေးတစ်ခွက် ပိုထည့်ပေးလိုက်တာကလည်း တခါတလေ ကြီးကျယ်တဲ့ကိစ္စမဟုတ်ပါဘူး၊ ဒီလိုမျိုး တခါတလေလောက် စေတနာထားလဲ ရပါတယ်၊ နင် သူတို့ကို ဆန်ပြုတ်သွားပေးတုန်းကလည်း ပျော်ခဲ့တာပဲမလား”
ရှန်းအန်းက ခေါင်းညိတ်သဘောတူလိုက်သည်။
စန်းလော့ သူ့အဖြေကို ပြုံးနေလိုက်၏။
ဒီမောင်နှမကို ချစ်ရတာကလည်း အကြောင်းမဲ့မဟုတ်ဘူးလေ။ သူတို့တွေက ဉာဏ်ကောင်းပြီး သိတတ်ကြတဲ့အပြင် သူတို့ရဲ့ယောက်မဖြစ်တဲ့ ငါ့ကိုဖြစ်ဖြစ်၊ စောစောပိုင်းက မတည့်ကြတဲ့ရှန်းကျင့်အပါအဝင် တခြားသူတွေကိုအပေါ်လဲ ခိုင်မာတဲ့ကိုယ်ကျင့်တရား ရှိကြတယ်။
ကောင်လေး၏ ပူပင်မှုကို အေးချမ်းစေလိုသဖြင့် စန်းလော့က သူ့ကို အနားသို့လာဖို့ လက်ယမ်းပြလိုက်လေသည်။ လေသံတိုးတိုးဖြင့် သူက ပြောလိုက်၏။
“တကယ်တော့လေ အစ်မက အရိုးတစ်တုံးပဲ သုံးထားတာ၊ နောက်ပြီး မဖြစ်စလောက်အသားလေးကို စဉ်းပြီးထည့်ထားတာ၊ ဒါက ပိုပြီးများလာတယ်လို့ ထင်ရရုံသက်သက်ပဲ၊ ဒီနေ့ညစာအတွက် ပိုကြီးတဲ့အပိုင်းကို ချန်ထားသေးတယ်”
ထို့နောက် သူမက ကြာရွက်ဖြင့်အုပ်ထားသည့် နောက်ထပ်ပန်းကန်တစ်လုံးကို မြောက်ပြလိုက်လေသည်။
အမှန်ပင် အထဲတွင် အရိုးကြီးများနှင့် နုတ်နုတ်စဉ်းစားထသည့် အသားတော်တော်များများ ရှိနေ၏။
ရှန်းအန်း၏မျက်လုံးများမှာ ထိုမြင်ကွင်းကြောင့် လင်းလက်သွားတော့သည်။
စန်းလော့က တိုးတိုးလေး ရယ်မောလိုက်ကာ “သိလား၊ တခါတလေကျရင် အစ်မတို့တွေက လူ့ပတ်ဝန်းကျင်ကိုလဲ ထည့်စဉ်းစားပေးဖို့လိုတယ်၊ ဒါပေမဲ့ အကောင်းဆုံးအပိုင်းကတော့ အမြဲတမ်း ကိုယ့်မိသားစုအတွက်ပဲ သိမ်းထားရမယ်”
စကားဝိုင်းတစ်ခုလုံးကို ကြားလိုက်ပြီးနောက် ရှန်းနဉ်က တစ်ယောက်တည်း တခိခိ ရယ်တော့သည်။ သူ့ယောက်မက စောစောက ပန်းကန်တစ်လုံးစာ ချန်ထားတာ သူ မြင်လိုက်သားပဲ။
ရှန်းနဉ်အတွက်တော့ ဘယ်သူကမှ သူမ၏ယောက်မထက် ပိုမကောင်းနိုင်ချေ။ သူမ၏မျက်လုံးထဲတွင် သူမနှင့် သူမ၏အစ်ကိုဖြစ်သူကို သီးသန့်ဖြစ်အောင် ဆက်ဆံပေးကာ ရှန်းကျင့်တို့ထက်ပင် ပိုပြီး ရင်းနှီးသေးသည်။
သည်အသိတစ်ခုထဲကပင် သူမကို ပျော်ရွှင်မှုနှင့် ပြည့်နက်နေစေလေသည်။ သူတို့၏အစ်ကိုအကြီးဆုံး အိမ်က ထွက်သွားကတည်းက သူတို့၏ကိုယ်ပိုင်အိမ်မှာပင် အရင်လို အပြင်လူလိုမခံစားရတော့ဘဲ ပိုင်ဆိုင်မှုခံစားချက်တစ်ခုကို ပြန်ရလိုက်သလို ခံစားလိုက်ရတော့သည်။
ပထမဆုံးအကြိမ်အဖြစ် ကလေးမလေးသည် မိသားစုအိမ်ခွဲလိုက်ခြင်း၏ ကောင်းကျိုးများကို ခံစားလိုက်လေသည်။
အိမ်ခွဲပြီးနောက်တွင် သူတို့၏ယောက်မတစ်ယောက်သာ သူမနှင့် သူမ၏အစ်ကိုဖြစ်သူကို ချစ်ခင်ပေးခဲ့သည်။
သူမ၏အတွေးများထဲတွင် နှစ်မြောရင်း သူမ၏မျက်လုံးများက အပြုံးတစ်ခုအသွင် ကွေးတက်သွားတော့သည်။
....
ရှန်းညီအစ်ကိုများကတော့ အပြင်ဘက်တွင် စားသောက်နေရင်းက သူတို့မရီးဖြစ်သူမှာ ဘယ်လောက်အံ့ဩစရာကောင်းကြောင်းကို မှတ်ချက်ပြုနေကြလေသည်။
သုံးယောက်ကြားတွင် ပန်းကန်တစ်လုံးကို ဝေမျှပြီး တစ်ယောက်စီက တစ်ယောက်တစ်ငုံ တလှည့်စီသောက်နေရင်းက အစောပိုင်းက ဘာသိဘာသာနေတတ်သည့် အကြီးဆုံးမရီးအကြောင်း ပြန်စဉ်းစားနေမိကြလေသည်။
အားလုံးက အရသာရှိလှသည့်အစားအသောက် အစွမ်းပင်။
သံသယတစ်ချို့ဖြစ်ခဲ့သည့် ရှန်းကျင့်ကပင် ခေါင်းညိတ်ထောက်ခံလိုက်၏။
အကြီးဆုံးမရီးက တကယ် ကြင်နာတတ်တာ။ သူတို့ကိုတောင် အသားဆန်ပြုတ် ရက်ရက်ရောရော ကျွေးသေးတယ်လေ။
အသားဆန်ပြုတ်တဲ့။
အသားဆိုတာ အိမ်မှာ ရှားပါးစားစရာပဲ။ ဝက်ပေါ်တဲ့အချိန်မှ သူတို့အမေဝယ်လာတဲ့ အဆီကိုထုတ်ပြီးမှ ဝက်ဆီဖတ်စားရတာ။
သူ့ပန်းလုံးကို ကိုင်ထားရင်း ရှန်းကျင့်သည် ယိုင်နဲ့နဲ့သက်ကယ်တဲလေးကို ငေးကြည့်ကာ သက်ပြင်းချမိသွားလေသည်။
ရှန်းထျယ်ကတော့ သူ့ဆန်ပြုတ်ကို ဆက်သောက်နေစဉ်း ရှန်းယင်က ရှန်းကျင့်ကို ကြည့်ရင်း ဇဝေဇဝါဖြစ်သွားလေသည်။
ရှန်းကျင့်က သက်ပြင်းချလိုက်ပြီး “ငါလေ ရှန်းအန်းနဲ့ရှန်းနဉ်တို့ကို တကယ်အားကျလိုက်တာ”
ငါတို့မိဘတွေနဲ့နေရတာက သူတို့အကြီးဆုံးမရီးနဲ့နေရတာနဲ့ ဘာမှ နှိုင်းယှဉ်လို့မရဘူး။
ပထမဆုံး ဝက်ဆီဖတ်စားရတယ်။ နောက်တော့ ဟူမုန့်။ အခုတော့ အသားဆန်ပြုတ်တဲ့။
သူ့မိဘတွေနဲ့ နေရဖို့ ဘာလို့များကို သူ့ကိုလည်း မပို့လိုက်ကြတာလဲ။
ဟင်း....
...