← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အပိုင်း (၃၇)

သူတို့၏သားသည် စားစရာအနည်းငယ်အတွက်နှင့် တခြားလူ၏မိသားစုဝင် ဖြစ်လိုနေသည်ကို ရှန်းစန်းနှင့်လီရှီတို့မှာ မသိကြပေ။

လင်မယားနှစ်ယောက်သည် နေ့တစ်ဝက်ခန့် အိမ်တွင် ရှိနေပြီး တစ်ယောက်မှာ ဧည့်ခန်းရဲ့ တံစက်မြိတ်အောက်တွင် ထိုင်ကာ ကျန်တစ်ယောက်မှာ ခြံထဲ၌ ယောင်လည်လည်လုပ်နေပြီး အဝေးမှ အလည်လာရောက်လာသူ တစ်ယောက်လောက် ရှိနိုးနိုးဖြင့် ထိုနေရာတွင် တဝဲလည်လည်ဖြစ်နေလေသည်။

ချင်ဖန်းညန်ပြန်လာခြင်းက စန်းလော့သည် ပြန်ရောက်နေပြီဟူသည့် သဘောပင်။

လင်မယားနှစ်ဦးစလုံး လေ့လာနေကြသော်လည်း မတူညီသည့်အတွေးများ ကိန်းဝပ်နေကြ၏။

လီရှီသည် စိုးရွံ့နေပြီး အကြီးဆုံးမိသားစု၏ အရေးကိစ္စများနှင့် မပတ်သက်ရန် မျှော်လင့်နေလေသည်။

သို့သော်ငြား ရှန်းစန်း၏အတွေးများက ပို၍ရှုပ်ထွေးလေသည်။ ရှေ့သွားနောက်လိုက် ညီကြသည့် လင်မယားနှစ်ယောက် မကြာခဏ တွေးခေါ်ပုံချင်း တူညီကြရာ "ဒီပုတ်ထဲက ဒီပဲ" ဟူသည့်ဆိုရိုးစကားနှင့် လိုက်ဖက်ပေတော့သည်။

အချောင်ခိုတဲ့သူ‌တွေကို လက်ခံထားဖို့ အပြန်အလှန် တွန့်ဆုတ်တာမျိုး ဒါမှမဟုတ် သူတို့တွေက အိမ်ခွဲလိုက်ပြီး အကြီးဆုံးအိမ်ထောင်စုရဲ့ ဝန်ထုပ်အား စန်းလော့ကို သက်တောင့်သက်သာနဲ့လွဲပေးလိုက်တာကို သူတို့က ကိုယ့်ဟာကိုယ် လိပ်ပြာလုံပါတယ်လို့ ဖြေသိမ့်နေကြတာလေ။

အမှန်မှာ အချို့သောကိစ္စရပ်များအပေါ် သူတို့၏အမြင်များ အနည်းငယ် ကွဲလွဲနေသော်လည်း၊ မည်သူ့ဆန္ဒက ပိုမိုအားကောင်းသည်ကို မူတည်ကာ အခြားတစ်ဦးကို လွှမ်းမိုးပေလိမ့်မည်။

လောလောဆယ်တွင် ရှန်းစန်းနှင့်လီရှီ နှစ်ဦးစလုံးသည် ကိစ္စတစ်ခုထဲကို သဘောတူခဲ့ကြသည်။ သူတို့သည် အကျိုးမရှိသောအားထုတ်မှုများတွင် ပါဝင်ရန် ဆန္ဒမရှိကြပေ။

ဒါသည် သူတို့ရဲ့ မွေးရာပါ အကျင့်စရိုက်ပင်။

သို့သော် ယနေ့တွင် သူတို့၏အကျင့်က ရှန်းစန်း၏ယောက်ျားမာနအတွက် စိုးရိမ်ကြောင့်ကြမှု၏ လွှမ်းမိုးမှုကို ခံနေရသည်။

ဖြစ်နိုင်ခြေကို စဉ်းစားကြည့်လိုက်လေ: အပြင်ထွက်လို့ ရွာသားတွေနဲ့တွေ့မယ်။ သူတို့ရဲ့ သရော်နေတဲ့ အကြည့်တွေနဲ့ ရင်ဆိုင်ရမယ်။ မပြုံးတပြုံးမျက်နှာထားတွေနဲ့ ဒွိဟဖြစ်စရာမေးခွန်းတွေကို တမင်မေးကြမယ်။ နောက်ပြီး သူက လှည့်ထွက်သွားရင် သူ့နောက်ကွယ်မှာ မသဲမကွဲ ပြောဆိုကြမယ်။ သူက သူတို့ကို ပြန်လှည့်ကြည့်လိုက်ပြန်တော့ ချက်ချင်း စကားလမ်းကြောင်း လွဲသွားကြလိမ့်မယ်။

ဘယ်သူက သဘောမပေါက်မှာလဲ။

ဘယ်သူက ခံနိုင်ရည်ရှိနိုင်မှာလဲ။

ရှန်းစန်းသည် တစ်ရွာလုံးမှာ သူ့အား စောင့်ကြည့်နေသလို ခံစားနေရသဖြင့် တစ်နေကုန် သူ့အိမ်မှ မထွက်တော့ချေ။

ဒါက စန်းလော့နဲ့ ခြံတံခါးဝမှာ အခြေအတင်ဖြစ်ခဲ့တာထက်ကို ပိုပြီး သည်းခံနိုင်စရာမရှိတာ။ အဲဒီတုန်းက အိမ်နီချင်းမိသားစု နည်းနည်းပါးပါးပဲ ပါဝင်ပတ်သက်ခဲ့ကြတာ။ နောက်ပြီး အိမ်ထောင်စု ခွဲခဲ့တာလည်း လနည်းနည်းကြာသွားခဲ့ပြီးပဲ။ စန်းလော့က ငတ်ပြတ်လုနီးပါး ဖြစ်ခဲ့တယ်ဆိုတာကလဲ ရှန်းအန်း၊ရှန်းနဉ်နဲ့ စန်းလော့တို့က သူတို့ဟာသူတို့ ပြောခဲ့တာပဲ။ ဘယ်သူက မျက်မြင်ကိုယ်တွေ့ရှိလို့လဲ။ သူတို့ အခု ကောင်းကောင်း အသက်ရှင်နေသေးတာပဲ မဟုတ်ဘူးလား။

အခြားသူများဆီက မျှော်လင့်နေရန်မဆိုထားနှင့် ရှန်းစန်းကိုယ်တိုင်ပင် မယုံကြည်ခဲ့ချေ။

ဒါပေမဲ့ ဒီအခြေအနေကျတော့ မတူတော့ဘူးလေ။

အကြီးဆုံးမိသားစုက အိမ်တစ်လုံးဆောက်တော့မယ်တဲ့။ တစ်ဦးတည်းသောလူကြီးဖြစ်တဲ့ သူ့ဦးဆောင်မှုအောက်မှာ မဟုတ်ဘဲနဲ့ ဦးဆောင်တဲ့သူက ဘေးအိမ်ကချန်းမိသားစု ဖြစ်နေတယ်လေ။

ဒါက သူ့ပါးကို ဖြတ်ရိုက်လိုက်သလိုပဲ။

အကြီးဆုံးမိသားစုအတွက် ဘာမှမလုပ်ပေးချင်ပေမဲ့ လူကြီးတစ်ယောက်. ယောက်ျားတစ်ယောက်၊ အနေနဲ့ သူ့ဂုဏ်သိက္ခာကို နင်းချေပစ်နိုင်တယ်လို့ မဆိုလိုဘူးလေ။ အထူးသဖြင့် တစ်ရွာလုံးရဲ့ စောင့်ကြည့်မှုအောက်မှာ နင်းချေခံရပြီး ရွှံ့ထဲမြှုပ်သွားသလိုပေါ့။

ဒါဟာ ရှန်စန်းအတွက်တော့ အမှန်တကယ် လက်မခံနိုင်ပေ။ သူ့ကို လုံးဝ နေရခက်စေပေသည်။ သူ့အဝတ်အစားများကို ဆွဲချွတ်ခံလိုက်ရသကဲ့သို့ပင်။ ယောက်ျားသိက္ခာဖြင့် သူ့အိမ်အပြင်ဘက်သို့ ထွက်လျှောက်ပြီး မားမားမတ်မတ်ပင် မရပ်နိုင်တော့ချေ။

ထို့ကြောင့် လီရှီက စန်းလော့မလာရန် မျှော်လင့်နေချိန်တွင် ဆန့်ကျင်ဘက်အားဖြင့် ရှန်းစန်းကတော့ သူမ အလည်လာမည်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေလေသည်။ သူမ လာရောက်လည်ပတ်ခြင်းသည် သူ့အား မျက်နှာရစေရန် အခွင့်အရေးတစ်ခု ပေးပေလိမ့်မည်။

သူသည် အလုပ်ရှုပ်နေပုံပေါ်ပြီး ရက်အနည်းငယ်မျှသာ ကူညီခဲ့လျှင်တောင်မှ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်မည်ဖြစ်သည်။

ထိုအကြောင်းအရာအား များများတွေးလေ၊ ပိုစိုးရိမ်လေလေ ဖြစ်လာခဲ့၏။ အချိန်တွေကြာလာသည်နှင့်အမျှ သူ၏စိုးရိမ်မှုများမှာ ပိုပြင်းထန်လာတော့သည်။

ထိုင်မနေနိုင်တော့သော ရှန်းစန်းသည် မတ်တပ်ထရပ်ပြီး လက်နောက်ပစ်ထားကာ ခြံဝင်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိလေသည်။

ခြံဝင်းတံခါးကို ဖြတ်မိသည်နှင့် တပြိုင်နက် သူသည် အပြင်ဘက်သို့ အလိုလိုကြည့်နေမိပြီး ထိုနေ့တွင်တော့ အကြိမ်ပေါင်း မရေမတွက်နိုင်တော့ချေ။

သို့သော် သည်တစ်ကြိမ်တွင်တော့ သူသည် မည်သူ့ကို တွေ့လိုက်ပါသနည်း။

စန်းလော့!

ရှန်းစန်း၏ စိတ်လှုပ်ရှားမှုမှာ တဟုန်ထိုး ထွက်ပေါ်လာသော်လည်း သူ့ကိုယ်သူ လျင်မြန်စွာချုပ်ထိန်းလိုက်ပြီး စန်းလော့အား မမြင်သယောင်ဆောင်လိုက်၏။ သူသည် ပင်မအခန်းအပြင်ဘက်ရှိ ကုလားထိုင်ဆီသို့ လျှောက်သွားလိုက်ပြီး ထိုင်လိုက်သည်။

ပူပြင်းလှသည့် နွေရာသီမှာ လန်းဆန်းသည့်ရေတစ်ခွက်ကို သောက်လိုက်ရသလို သူ၏ စိုးရိမ်ပူပန်မှုအားလုံးကို ခဏတာ သက်သာသွားတော့သည်။

သူ၏နှုတ်ခမ်းထောင့်များမှာ အလိုအလျောက်ကွေးညွတ်သွားကာ အနည်းငယ် ပြုံးသွားသည်။

ယခု သူမ ရောက်လာသောကြောင့် အခြေအနေကို လိမ္မာပါးနပ်စွာ ကိုင်တွယ်ရန် သူ့စိတ်ထဲတွင် ကြံစည်နေပြီး လွန်လွန်ကဲကဲ မလုပ်ဘဲ သူမအား လေသံပျော့ပျော့ဖြင့် ဆုံးမလိုက်ပြီးမှ ချောချောမွေ့မွေ့ တာဝန်လွဲယူရမည်။

ထို့နောက်တွင်တော့ အရေးပါအရာရောက်သော ကိစ္စများတွင် သူသည် ထည့်သွင်း စဉ်းစားရမည့်သူဖြစ်ကြောင်း လှောင်ပြောင်ခဲ့သူများကို သက်သေပြရန် ရွာထဲတွင် အိမ်တိုင်းစေ့ လည်ပတ်ပစ်မည်ဟု ဆုံးဖြတ်ထားလိုက်လေသည်။

သူက တစ်ယောက်ထဲ စဉ်းစားနေလိုက်သည်။ စန်းလော့ရောက်လာတဲ့အခါ သူက စကားကို ကျိုးကြောင်းသင့်ပြောပြီး လူကြီးကို လေးစားသမှုပြမယ်ဆိုရင်တော့ သူသည် နောက်ဆုံး တစ်ရက် နှစ်ရက်လောက် ပိုပြီး ကူညီပေးနိုင်ပါတယ်လေ။

သူတို့အိမ်မှာ မီးဖိုချောင်မရှိဘူးဆိုတော့ သူ့အိမ်ကို အစားအသောက် စီစဉ်ပေးဖို့ တောင်းဆိုအုံးမှာလား။

ဒီကြိုးစားမှုတွေ အားလုံးပြီးသွားရင်တော့ ရွာထဲမှာ ဘယ်သူမှ သူ့ကို အတင်းအဖျင်းပြောလို့ မရတော့လေ။ ဟုတ်တယ်မလား။

စိတ်ထဲမှ ရှန်းစန်းသည် သူအကူအညီပေးသင့်သည့်အတိုင်းအတာကို လျင်မြန်စွာ အကဲဖြတ်လိုက်ပြီး သူ့လက်ချောင်းများက သူ့‌ပေါင်ကို အမှုမဲ့အမှတ်မဲ့ ပုတ်နေမိလေသည်။

လီရှီသည် သူ၏ ပုံမှန်မဟုတ်သော အမူအရာကို သတိပြုမိကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်တော့ စန်းလော့ကို တွေ့လိုက်လေသည်။

သူမစိတ်ထဲတွင် သတိအနေအထား ဖြစ်သွားပြီး မကြာသေးခင်က စန်းလော့နှင့် ရန်ဖြစ်ခဲ့သည်ကို ပြန်သတိရသွားတော့သည်။ သူမ၏ မျက်လုံးများတွင် ရန်လိုမှု အလင်းတန်းများ ပေါ်လာသည်။

စန်းလော့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ကူညီဖို့အတွက် သူမရဲ့ဆန်နဲ့ အကူအညီကို ဘာလို့ ပေးရမှာလဲ။ ဒီကိုလာရဲ့တဲ့ စန်းလော့ရဲ့သတ္တိကိုတော့ စဉ်းစားစရာပဲ။

လင်မယားနှစ်ယောက်မှာ အတွေးကိုယ်စီ မျိုသိပ်ထားလိုက်ပြီး စန်းလော့ နီးသထက် နီးလာသည်ကို စောင့်ကြည့်နေရင်းက.... ဖြတ်လျှောက်သွားတာလား...

ရှန်းစန်းက ချက်ခြင်းထရပ်ပြီး အပြင်တံခါးဝကို လှမ်းကြည့်လိုက်သောအခါ စန်းလော့သည် ဘေးအိမ်ရှိ ချန်းမိသားစုအိမ်ထဲသို့ တည့်တည့်သွားနေသည်ကို တွေ့လိုက်ရလေ၏။

ထိုအခိုက်အတန့်တွင် သူ၏မကျေနပ်မှုကို မဖုံးကွယ်နိုင်တော့ဘဲ သူ့မျက်နှာသည် သိသိသာသာ မကြည်မသာဖြစ်လာတော့သည်။

အထူးသဖြင့် အိမ်နီးနားချင်း မိသားစုနှစ်စုသည် စန်းလော့ကို သူတို့ထက် အရင်မြင်လိုက်ကြပြီး စိတ်အားတက်စွာဖြင့် စောင့်ဆိုင်းနေသည်ကို သိလိုက်ရခြင်းကြောင့်ပင်။ သူ၏တုံ့ပြန်မှုကို မြင်လိုက်ရသည်တွင် ရှန်းစန်းသည် ခံစားချက် ပိုဆိုးလာပြီး ဧည့်ခန်း၌ပင်မနေတော့ပဲ သူ့အိမ်ထဲသို့ ခပ်သွက်သွက် လှည့်ဝင်သွားလေတော့သည်။

အံ့သြစရာကောင်းသည်မှာ ရှန်းစန်းသည် မည်သည့်အရာကိုမျှ မမြင်တော့လောက်အောင် ဒေါသထွက်နေစဉ်တွင် လီရှီကတော့ ခြံဝင်းထဲ၌ အကျယ်ကြီး အော်ရီမိလုနီးနီးဖြစ်သွားလေသည်။

"စန်းလော့ တော်တယ်"

လီရှီသည် ခင်ပွန်းသည်အကြောင်း ကောင်းကောင်းသိသဖြင့် ကျေနပ်စွာ တွေးလိုက်မိသည်။ လူရှေ့မှာ ဒီလိုအရှက်ကွဲပြီးသွားပြီဆိုတော့ ရှန်းစန်းကတော့ ဘာကိစ္စပဲ ဖြစ်ဖြစ် ပင်မအိမ်ထောင်ကို အကူအညီထပ်ပေးတော့မှာ မဟုတ်ဘူးလေ။

သူမ၏ မှုန်မှိုင်းနေသော စိတ်ဓာတ်သည် နောက်ဆုံးတွင် ရှင်းလင်းသွားခဲ့လေသည်။

……

စန်းလော့သည် အမျိုးသမီးချန်းထံသို့ ချဉ်းကပ်ပြီး နောက်နေ့အတွက် အစားအသောက်ပြင်ဆင်မှုများကို ဆွေးနွေးလိုက်သည်။

အနားတွင်ရှိနေသည့် အဘိုးချန်းက ပြောလိုက်၏။

“မနက်ဖြန်ရဲ့ အဓိကအလုပ်က သစ်ပင်တွေကို ခုတ်လှဲဖို့ပဲ။ အဲဒါကို မွန်းတည့်ချိန်မှာ ပြီးသွားတယ်ဆိုရင် ‌မွန်းလွဲပိုင်းမှာ မြောက်ဘက်တောင်တန်းတွေဆီကို သွားပြီး ရွှံ့စေးတူးမယ်။ ပြီးရင် သမီးအတွက် သယ်လာခဲ့မယ်။ အဲဒီ့နေရာက ငါတို့ရွာရဲ့ အကောင်းဆုံး အဝါရောင်ရွှံ့စေးပဲ။ ယောက်ျားတွေက သူတို့ရဲ့ပုဆိန်တွေ ခြင်းတောင်းတွေနဲ့ ထမ်းပိုးတွေကို သယ်လာလိမ့်မယ်။ အကူအညီပေးမယ့်သူတွေ အများကြီးမခေါ်ခဲ့တာကို သမီးရဲ့အဒေါ် က အကြောင်းကြားပြီးသား ဖြစ်မှာပါ"

စန်းလော့သည်ခေါင်းညိတ်ပြကာ

"သူ ပြောပါတယ်"

စီရင်စုမှ အပြန်လမ်းတွင် ချင်ဖန်းညန်သည် မည်သူ့ကို အထူးဖိတ်ကြားထားပြီး မိသားစုတစ်စုစီမှ လူ မည်မျှကူညီပေးမည့်အကြောင်း ရှင်းပြထားပြီးဖြစ်သည်။

တစ်ဦးမှာ ရှီမိသားစုဖြစ်ပြီး ရှီအာ့လန်သာလျှင် ကြံ့ခိုင်သောကြောင့် သူတစ်ယောက်တည်း လာလိမ့်မည်။ ကျန်တစ်ဦးမှာ လူဦးရေများသော လုမိသားစုဖြစ်ပြီး ညီအစ်ကိုနှစ်ဦးက လာရောက်ကူညီခြင်းဖြစ်သည်။

ချန်းမိသားစု၏ သားအဖ အပါအဝင် လူငါးဦးကို ရှိသည်။

စန်းလော့သည် အဘွားချန်းကို ပြောလိုက်၏။

"အဘွား၊ ကျွန်မရဲ့ဆိုင်ကို စီမံခန့်ခွဲရမှာဖြစ်သလို အလုပ်ကိုလည်း ပစ်ထားလို့မရလို့ အစားအသောက်ပြင်ဆင်တာ အားလုံးကို အဘွားကို လွှဲထားခဲ့မယ်။ ဒီနေ့ဝယ်ခဲ့တဲ့ ဆန်နဲ့ ဆားကိုလည်း သုံးမယ်။ မနက်ဖြန်ကျရင် စီရင်စုကနေ ဆန်ထပ်သယ်ခဲ့မယ်။ ထမင်းအပြင် အသားနဲ့ အသီးအရွက်တွေဝယ်ဖို့ နေ့တိုင်း ‌ဝမ်နှစ်ဆယ့်ငါးပြား ပေးမယ်"

အဘွားချန်းက အံ့အားသင့်သွားပြီး

"ဝမ် နှစ်ဆယ့်ငါးပြား။ နင့်မိသားစုအပါအဝင်မှ လူရှစ်ယောက်အတွက်လေ။ အသားကို အဓိကဟင်းလျာအဖြစ်ကျွေးဖို့ စီစဉ်ထားတာလား"

“အဆီထုတ်ပို့ သုံးတဲ့ စျေးကြီးတဲ့အဆီကလွဲရင် မျှတတဲ့ အဆီအချိုးအစားနဲ့ အရည်အသွေးကောင်းအသားက တစ်ပိဿာ ဝမ်ဆယ့်ငါးပြား ကျတာ။ နင်က နေ့တိုင်း အသားတစ်ပိဿာ ချက်ကျွေးဖို့ စဉ်းစားနေတာလား”

အဘိုးချန်းသည် စန်းလော့မှာ ငယ်ရွယ်သောကြောင့် ဒေသဓလေ့ထုံးစံများကို သတိမထားမိဟု ထင်ကာ အမြန်ရှင်းပြလိုက်လေသည်။

" အားလီမိန်းမ ရွားထဲမှာက လူတွေက အိမ်ဆောက်ဖို့ ကူညီကြတဲ့အခါ ကျွေးအစားအစာတွေက မိသားစုတစ်ခုချင်းဆီရဲ့ တတ်နိုင်တဲ့ပမဏ အပေါ်မှာ မူတည်တယ်။ ဒါပေမဲ့ အသားတွေကို လှီးဖြတ်ပြီး အသီးအရွက်ဟင်းထဲ ထည့်တာကိုပဲ အသားဟင်းလို့ ခေါ်နေပြီ။ အစားအသောက်တွေက ဗိုက်ပြည့်ပြီး အသားနည်းနည်းပါးပါးပါရင်ကို ဧည့်ဝတ်ကျေတယ်လို့ ယူဆလို့ရပါတယ်။ အသားဟင်းပွဲတွေ အများကြီးကျွေးဖို့ မလိုပါဘူး"

အဘွားချန်းက ထပ်ပြောလိုက်၏။

“ကြက်ဥတစ်လုံးကို တစ်ဝမ်စီ ကုန်ကျပြီး သက်သတ်လွတ်မဟုတ်တဲ့ အစားအစာအဖြစ်လည်း သတ်မှတ်လို့ရတယ်။ အသီးအရွက်တွေက ဈေးသက်သာတယ်။ လူရှစ်ယောက်အတွက် ထမင်းတစ်နပ်ကို အသီးအရွက်ဟင်းလျာ အလျှံပယ်ငါးပွဲနဲ့ တစ်နေ့နှစ်ကြိမ် ချက်လို့ရတယ်။ အဲဒါတွေအတွက် သုံး-လေးဝမ် ပဲ ကုန်ကျမှာ၊ တစ်ခြားနေရာကနေ ဝယ်စရာမလိုဘူး။ ငါတို့ဆီက ရနိုင်ပါတယ်"

“ညည်းက လူငါးယောက်ပဲ ခေါ်ထားတာလေ၊ နောက်ပြီး ရှောင်အန်းနဲ့ရှောင်နဉ်တို့က အများကြီး မစားနိုင်တဲ့က‌လေးတွေ၊ တစ်နေ့စာအတွက် ‌ငွေအဲလောက်အများကြီး မလိုပါဘူး”

“တစ်နေ့ နှစ်နပ်အတွက် အသား ပိဿာဝက်ဆို တော်တော်လေး ဖွယ်ဖွယ်ရာရာ ဖြစ်နေပါပြီ၊ စျေးပေါပြီး အသားလို့မှတ်လို့ရတဲ့ ဝက်အသဲနဲ့ နှလုံးတွေကိုလဲ ဝယ်လို့ရသေးတယ်၊ ဒီလိုဆိုရင် တစ်နေ့ ၁၅ဝမ်က လုံလောက်တာထက်ကို ပိုသေးတယ်”

“ညည်း ငါ့ကို ယုံရင် တစ်နေ့စာ ၁၅ဝမ် ထားခဲ့လိုက်၊ ဒါဆို ရပြီ၊ မလုံလောက်ဘူးဆိုရင်လဲ ငါ ညည်းဆီက ထပ်တောင်းမယ်၊ ပိုတာကိုတော့ ညည်းကို ပြန်အမ်းလိုက်မယ်လေ”

အဘွားကြီးက ဖွယ်ဖွယ်ရာရာ ထမင်းတစ်နပ်အတွက် သူမကို ငွေအကုန်အကျနည်းအောင် သုံးနည်း သင်ပေးလိုက်လေသည်။ စန်းလော့က နား‌ထောင်လိုက်ပြီး ရယ်မောလိုက်ကာ

“ကျွန်မက အဘွားကိုမှ မယုံရင် ဘယ်သူ့ကို ယုံရမှာလဲ၊ ဒါပေမဲ့ စားမဲ့သူက ၈ယောက်ပဲ မဟုတ်ဘူးလေ၊ ၁၂ယောက်၊ အဘွားရယ် အဒေါ်ရယ် ကလေး၂ယောက်ရော ကျွန်မတို့နဲ့ အတူတူစားရမှာ”

အဘွားချန်းမှာ တအံ့တဩဖြစ်သွားပြီး လက်ယမ်းပြလိုက်ကာ “မလိုပါဘူး၊ မီးဖိုဆောင်ကို ငှားပေးလိုက်တာ တစ်ကဏ္ဍ၊ ငါတို့မိသားစု ညည်းနဲ့ လိုက်စားတာက တကဏ္ဍပါအေ၊ ငါတို့တွေ အိမ်မှာ ဒီအတိုင်း ရိုးရိုးတစ်နပ် လုပ်လိုက်ရင်ရပါပြီ”

စန်းလော့က ဟာသနှောကာ ငြင်းလေသည်။

“အဘွားက အရမ်းသမားရိုးကျ ဆန်လွန်းနေတာမဟုတ်ဘူးလား၊ အဘွားတို့မိသားစုမှာ လူကြီးလေးယောက်ရှိတာ သုံးယောက်က ကျွန်မကို အပြင်ထွက်ပြီး ကူညီပေးနေရတယ်၊ အဒေါ်ကလည်း ကျွန်မဆိုကို ကူညီပေးရတယ်၊ ကျွန်မက အဲလောက်တောင် ကပ်စေးနဲတဲ့လူလား၊ ကျွန်မက အာ့ရှန်နဲ့ ရှောင်ယာတို့အတွက် ထမင်းတစ်နပ်လေးကို တွန့်တိုနေရမှာလား၊ နောက်ပြီး ကလေးနှစ်ယောက်ကလည်း အလကားနေနေ ကြတာမဟုတ်ပါဘူး၊ သူတို့တွေက ကျွန်မ အိမ်မှာ ကူညီပေးနေတယ်လေ၊ အဘွားမသိဘူးလို့တော့ မပြောနဲ့နော်”

အဘွားချန်း: .....

“အဲလို မဟုတ်ပါဘူး၊ ညည်းက အိမ်ဆောက်တာနဲ့ကို ကုန်ကျစားရိတ်ကြီးနေပြီ၊ ငါတို့အားလုံးက ဘယ်လိုလုပ်ပြီး အစားအသောက်အတွက် ညည်းကို ကုန်ကျခံခိုင်းရက်မှာလဲ”

“တခြားဟာတွေထားအုံး၊ အလုပ်သမားတွေက အများကြီး စားနိုင်တယ်၊ အထူးသဖြင့် ပုံမှန်ဆိုရင် သူတို့တွေက မျှတဲ့အဟာရ ချို့တဲ့နေကြတာလေ၊ ညည်းက ချက်တော့ ဆန်ဖြူနဲ့၊ တစ်ယောက်ချင်းစီက တစ်နေ့ကို ဆန်တစ်ဘူးလောက် အလွယ်လေး စားနိုင်တယ်၊ လူငါးယောက် ဆန်ငါးဘူး၊ လူ၁၂ယောက် ငါတို့တွေ ပုံမှန်ပဲ စားမယ်ဆိုရင်တောင် အများကြီးဖြစ်နေပြီ၊ ဒီနေ့ ညည်းဝယ်လာတဲ့ ဆန်တစ်ပြည်က တစ်နေ့လဲကုန်ရော ဆန်ကွဲပဲ ကျန်လောက်တယ်”

စန်းလော့က သူမကို စကားပြီးအောင် ပြောခွင့်မပေးတော့ အဘွားချန်း၏လက်မောင်းကို ဖက်လိုက်ကာ ပြောတော့သည်။

“ဒါကို အဘွား၊ အဘိုး၊ ဦးလေး ဒေါ်ဒေါ်တို့က ကျွန်မကို ကူညီပေးထားတဲ့ အတွေးနဲ့ အားထုတ်မှုတွေအတွက် ကျွန်မရဲ့ကျေးဇူးတင်စိတ်လို့ပဲ မှတ်လိုက်ပါ အဘွားရယ်နော်၊ ကျေးဇူးပြုပြီး ထပ်မငြင်းပါနဲ့တော့၊ တကယ်လို့ ကျွန်မက အဒေါ်နဲ့ ကလေးတွေကို ခွဲစားခိုင်းရရင် ကျွန်မက လူလို့တောင် မခေါ်ထိုက်တော့ဘူး၊ နောက်ဆိုရင်လဲ ကျွန်မမှာ အဘွားတို့ဆီလာလည်ဖို့ မျက်နှာတောင် ရှိတော့မှာမဟုတ်ဘူး”

အိုးဟဲ့။ ဘုရားရေ။

အဘွားကြီးမှာ သည်အပြုအမူကြောင့် ပီတဖြာသွားတော့သည်။

သူမရဲ့သားနဲ့ ချွေးမတွေကတောင် သူမလို အဲလောက် ချွဲချွဲနွဲ့နွဲ့မလုပ်တတ်ဘူး။

တကယ် နေရခက်လိုက်တာအေ။

အဘွားကြီးမှာ ပြောစရာစကားများ ပျောက်ဆုံးသွားတော့သည်။

စန်းလော့က မျက်ခုံးများကို ပင့်ပြရင်း စောင့်နေလိုက်၏။

အဘွားချန်း : “အေးပါ၊ အေးပါ၊ ငါ အာ့ရှန်ကို ညည်းအိမ်အတွက် ရွှံတွေသယ်ကူခိုင်းလိုက်မယ်”

စန်းလော့သည် ပြုံးကာ သူ့ပိုက်ဆံအိတ်ထဲမှ ဝမ်နှစ်ဆယ့်ငါးပြားကို စားပွဲပေါ်သို့ သွန်ချလိုက်ပြီး အဘွားချန်းဆီသို့ တွန်းပို့ပေးလိုက်သည်။

"ကဲ ဒါကတော့ နှစ်ဆယ့်ငါးဝမ်ပဲ ရှိသေးတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါနော်"

အဘွားချန်းက မြန်မြန်ခေါင်းခါလိုက်ပြီး

"အဲလောက်မလိုဘူး၊ ငါတို့ မိန်းမတွေနဲ့ ကလေးတွေက စားပွဲမှာမထိုင်ဘူး။ ဟင်းသီးဟင်းရွက်နည်းနည်းလောက်ပဲ ယူပြီးတော့ပဲ အောက်မှာစားမယ်။ ရိုးရိုးဟင်းနှစ်ပွဲလောက်နဲ့စားရုံပဲ အဲ့လောက်ငွေသုံးစရာမလိုပါဘူး"

"ဒီရက်တွေမှာ စပါးဘယ်လောက်လောက် ကုန်မှာလဲ"

အဘွားချန်း အစကတည်းက စန်းလော့ကို ကူညီပေးဖို့ရာ သူမ မည်မျှစိတ်ပျော့ခဲ့ကြောင်းကို စဉ်းစားမိလိုက်၏။ - ဆန်နှစ်ဘူးမှာ ဒုတိယတစ်ဘူးကို အစီအစဉ်မရှိပဲ ထပ်ပေးမိလိုက်တဲ့အထိပဲလေ။

ယခုတော့ သူမတို့မိသားစုကြီးက ခြောက်ယောက်။ ချက်ပြုတ်ကူပေးနေတဲ့ သူမကိုပါ ထည့်တွက်ရင်း လူသုံးယောက်ပဲ အလုပ်လုပ်ပေးနေတာလေ။ အိမ်တစ်လုံးဆောက်တဲ့ အလုပ်အတွက် လူခြောက်ယောက်ကို ကျွေးထားဖို့ကလဲ တစ်ရက် နှစ်ရက်ထဲနဲ့ ပြီးတာမဟုတ်ဘူး။ အထူးဖြင့် လက်နည်းတော့ အလုပ်ကလည်း ပိုကြအုံးမယ်။

အဘွားအိုချန်းသည် စန်းလော့၏ ပွေ့ဖက်မှုနှင့် နူးညံ့သောအသံကြောင့် မှင်တက်သွားခဲ့ပြီး မြန်မြန်ပင် သဘောတူလိုက်တော့သည်။

ဤသည်ကို သဘောပေါက်သော သူမသည် အလျင်စလို ဆက်ပြောလိုက်၏။

"အဘွားတို့အကုန်လုံးအတူတူစားကြမယ်၊ ဒါဆို အသီးအရွက်တွေအတွက်တော့ ညည်းဆီက ငွေမယူတော့ဘူး၊ အများကြီးမှ မလိုတာ"

သူမသည် ဝမ်ရှစ်ပြားကို အမြန်ရေတွက်ပြီး စန်းလော့ထံ ပြန်တွန်းပေးလိုက်၏။

"ဒါကို ပြန်ယူထားလိုက်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ကိုယ့်ဘာသာ ချက်စားရလိမ့်မယ်"

စန်းလော့ : .....

ဒီအဘွားအိုကို ငါ ဘာပြန်ပြောသင့်လဲ။ သူမက တကယ်ပဲ တခြားသူအပေါ် အခွင့်ကောင်း မယူတာလေ။

ဒါမှမဟုတ် .... ချန်းမိသားစုဝင် အားလုံးနီးပါးက အဘွားနဲ့အဘိုးတို့ရဲ့ စကားကိုပဲ နားထောင်ကြမှာပဲ။

စန်းလော့မှ လက်မခံမချင်း သူမအားပြန်ကြည့်နေသော အဘွားအား ကြည့်လိုက်မိသည်။

"ကောင်းပါပြီ။ ဒီတာဝန်တွေနဲ့ အဘွားကို ယုံကြည်ပါတယ်။ အဘွားနဲ့အဘိုးချန်းနှ စ်ယောက်လုံးရဲ့အလုပ် ကြိုးစားပေးတာကို ကျေးဇူးတင်ပါတယ်"

အဘွားအို ပြန်တွန်းပေးလိုက်သည့် ဝမ်ရှစ်ပြားအား ယူပြီး သူမ၏ပိုက်ဆံအိတ်ထဲသို့ ပြန်ထည့်လိုက်သည်။

နောက်ဆုံးတော့ အဘွားချန်း၏မျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်လာခဲ့၏။

"ဒါ ပိုကောင်းတယ်။ မဟုတ်ရင် စိတ်ဖြောင့်ဖြောင့်နဲ့ စားဖို့အဆင်ပြေမှာ မဟုတ်ဘူး။ စိတ်မပူနဲ့၊ ငါ့ တာဝန်ထားလိုက်၊ ဒါက ညည်းရဲ့နေ့တိုင်း တို့ဟူးရောင်းတဲ့စီးပွားရေးကို အနှောင့်အယှက်ဖြစ်စေမှာ မဟုတ်ဘူး"

အသက်အရွယ်ကြောင့် ရင့်ရော်နေပြီဖြစ်သည့် အဘိုးချန်းကလည်း ပြုံးလိုက်ပြီး

"မနက်ဖြန် သစ်ပင်တွေခုတ်ပြီး ရွှံ့တွေသယ်မယ်။ နေ့လည် သမီး ပြန်ရောက်တဲ့အချိန်မှာ အုတ်မြစ်စပြီးဖော်မယ်။ နောက်နေ့မှာ သမီးက စီရင်စုကို သွားရုံပဲ။ ကျန်တာတွေကို အဘိုးတို့နဲ့ ဒီမှာချန်ခဲ့လိုက်"

မနက်ဖြန် အလုပ်စမည့် အစီအစဉ်များကို ပြေလည်အောင် ဖြေရှင်းပြီးသည့်နောက် စန်းလော့သည် နောက်ထပ် ကိစ္စတစ်ခုကို ပြောလိုက်၏။

"မနက်ဖြန်က စန်းလီရွာရဲ့ဈေးနေ့ကြီးဖြစ်တဲ့ ၁၅ရက်နေ့ပဲ။ အဒေါ်နဲ့ကျွန်မက စီရင်စုမှာ ဆိုင်ခင်းရမယ် အဲဒါကြောင့် ဈေးသွားဖို့ မစီစဉ်နိုင်ဘူး။ ကျွန်မသိချင်တာက မနက်ခင်း ဟင်းသီးဟင်းရွက်ဝယ်ဖို့ ဈေးသွားတဲ့အချိန် ကျွန်မတို့ရဲ့ တို့ဟူး ဆယ်ပိုင်း ဒါမှမဟုတ် အပိုင်းနှစ်ဆယ်လောက်ကို ရောင်းပေးလို့ရမလား။ အချိန်အများကြီး မကုန်ပါဘူး။လမ်းမှာပဲ အလွယ်တကူ ရောင်းလို့ရတယ်"

အဘွားချန်း၏မျက်လုံးများမှာ အရောင်တောက်လာခဲ့ပြီး

"ရတာပေါ့၊ အများကြီးတော့ မသယ်နိုင်ဘူး၊ စောစောသွားပြီး စောစောပြန်လာမှာ။ အဲဒါက ကုန်ခြောက်ဝယ်ယူခြင်း ဒါမှမဟုတ် ချက်ပြုတ်တာကို အနှောင့်အယှက်မဖြစ်စေနိုင်ဘူး"

စန်းလော့သည်မျက်လုံးများကွေးညွတ်သည်အထိပြုံးလိုက်ပြီး

"ကောင်းတာပေါ့၊ ခဏနေရင် ပါဝင်ပစ္စည်းအချို့ကို သွားပြင်ဆင်လိုက်တော့မယ်။ ဒီညကျရင် မနက်ဖြန်အတွက် အဘွားရဲ့အပိုင်းကို ယူလာပေးမယ်"

သူမသည် ပြောလိုက်ပြီးနောက် ပြန်တော့မည် ပြင်လိုက်၏။

အဘွားချန်းသည် အစတွင် ခေါင်းညိတ်ပြလိုက်သော်လည်း တစ်ခုခုကို စဉ်းစားရင်း စန်းလော့ကို လှမ်းတားလိုက်ကာ သူမကို စောင့်ခိုင်းလိုက်၏။

သူမသည် အထဲသို့ ပြန်ဝင်သွားပြီး မကြာခင်မှာပင် အဝတ်အိတ်လေးတစ်လုံးနှင့် ပြန်ထွက်လာခဲ့တော့သည်။

"စောစောက မေ့သွားတာ၊ တောင်တွေဆီကို သွားမယ်ဆိုရင် ရွာနဲ့နီးတဲ့ နေရာက ကိစ္စမရှိဘူး။ အတွင်းထဲအထိ ထပ်သွားမယ်ဆိုရင်တော့ အထူးသဖြင့် အသီးအရွက်ပေါများတဲ့ နေရာ‌အထိသွားလာမယ်ဆိုရင် ဒါကို ညည်းရဲ့ဘောင်းဘီအဖျားနဲ့ ဖိနပ်တွေပေါ်မှာ ဖြန်းထားလိုက်။ အဲဒါက မြွေတွေကို ကာကွယ်နှိမ်နှင်းတဲ့နေရာမှာ ထိရောက်မှုရှိတယ်"

စန်းလော့သည် အံ့ဩဝမ်းသာ သွားတော့သည်။

"ဒီလောက် အသုံးဝင်တဲ့ပစ္စည်းလဲ ရှိသလား"

အဘွားချန်းက ပြုံးပြကာ

"ဒါက ဈေးမကြီးပါဘူး။ ညည်းမှာ ကုန်သွားလို့ ထပ်ပြီး လိုအပ်သေးတယ်ဆိုရင် ငါ့ကိုသာ ပြောလိုက်"

သူမ၏ဇာတိမိသားစုတွင် ဖခင်က မုဆိုးဖြစ်သည်။ ဤမြွေကာကွယ်ဆေးသည် သူမ၏မိသားစုတွင် ရိုးရာဆေးတစ်လက်ဖြစ်၏။ ဝမ်းနည်းစရာမှာ မိုးခေါင်သည့်နှစ်တွင် ဓားပြများ သောင်းကျန်းသောကြောင့် လူတိုင်းမှာ သီးခြားစီ ထွက်ပြေးခဲ့ကြသည်။ သူမမိသားစုနှင့် အဆက်အသွယ်ပြတ်သွားခဲ့ပြီး ယခုအခါတွင် သူမ၏မိဘများ၊ အစ်ကို၊ ယောင်းမနှင့် တူလေးများ အသက်ရှင်နေသေးသည်လော၊ မည်သည့်နေရာတွင် ဆုံးပါးသွားသည်လောအား သတင်းလုံးဝမရရှိခဲ့ပေ။

တောသစ်သီးများစုဆောင်းရန် သူ့မိသားစု၏ တောင်ပေါ်သို့သွားသောအချိန်ဖြစ်‌သည့် ဆောင်းဦးရာသီ၌သာ ဤမြွေကာကွယ်ဆေးအား နှစ်စဉ်အသုံးပြုခဲ့၏။ ထို့ကြောင့် အဘွားချန်းသည် စောစောက မစဉ်းစားမိခဲ့ပေ။

စန်းလော့မှာ ဝမ်းသာသွားတော့သည်။ သည်ပစ္စည်းနှင့်ဆိုလျှင်တော့ သူမသည် တောနက်ထဲသို့ နည်းနည်းပိုဝင်ပြီး စွန့်စားသွားလာဖို့ရန် ပိုပြီး သတ္တိရှိလာသည်ဟု ခံစားမိသဖြင့် အဘွားအိုအား ကျေးဇူးတင်ကြောင်း ထပ်ခါတလဲလဲဖြင့် ပြုံးရွှင်စွာ ပြောတော့သည်။

"အသက်မွေးဝမ်းကြောင်းအတွက် တောင်တန်းတွေကို အားကိုးနေရတဲ့ ကျွန်မအတွက်တော့ အဘွားနဲ့အတူ လိုက်လုပ်ပေးနိုင်မှာမဟုတ်ဘူးရယ်။ အချိန်တန်ရင် ကျွန်မကိုစိတ်ရှုပ်စရာလို့ မထင်ပါနဲ့နော်"

အဘွားချန်းက ပြုံးပြလိုက်ပြီး အဲလိုဖြစ်မှာမဟုတ်ဘူးဟု ပြောလိုက်လေသည်။ သို့နှင့် စန်းလော့လည်း ပျော်ရွှင်စွာဖြင့် ပြန်သွားကာ မြွေနှင်ဆေးမှုန့်ကို အိမ်သို့ ပြန်သယ်လာခဲ့သည်။

စန်းလော့ ပြန်သွားပြီးနောက်တွင် အဘွားချန်းက အဘိုးချန်းကို ပြောလိုက်တော့သည်။

"အဲ့လိုစိတ်သဘောထားကောင်းတဲ့လူတစ်ယောက်က ဘယ်လိုသေးငယ်တဲ့ အကူအညီမဆိုပြန်ပေးဖို့ အမြဲသတိတရရှိတယ်၊ ဘေးအိမ်က လူနှစ်ယောက်ကတော့ လုပ်ရပ်တွေက အရမ်းလွန်ပါတယ်၊ တစ်နေ့ကျရင်တော့ သူတို့ရွေးချယ်ထားတာတွေအတွက် အရမ်းကိုနောင်တရကြအုံးမှာပဲ"

“လူနှစ်ယောက်” သည် အိမ်နီးချင်းများဖြစ်သည့် ရှန်းစန်းနှင့်အမျိုးသမီးလီအား ရည်ညွှန်းခြင်းပင်။

သူတို့ နောင်တရမလား မရဘူးလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော် အမျိုးသမီးလီသည် နောက်နေ့တွင် အမျိုးသမီးချန်း၏ မှန်းဆထားသောအခြေအနေများအား ထုတ်ဖော်မည်ကိုမစောင့်ဘဲ တော်တော်လေး စိတ်ပျက်နေပြီး ဖြစ်လေတော့သည်။

...

အပိုင်း (၃၈)

နောက်တစ်နေ့တွင် ရှီအာ့လန် နှင့် လုညီအစ်ကိူတို့သည် ချန်းမိသားစုအိမ်သို့ ရောက်လာပြီး မိုးလင်းသည်နှင့် တစ်ယောက်ချင်းစီသည် ရေဖြည့်ထားသည့် ဝါးကျည်တောက်တစ်ခုနှင့် ပုဆိန်ကြီးတစ်ခုကို သယ်လာခဲ့ကြလေသည်။ အဘိုးချန်းနှင့် ချန်းယိုထျန်း တို့သည်လည်း ထိုနည်းတူစွာ ဘေးအိမ်က ပုဆိန်အပိုတစ်ချောင်းကို ငှားရမ်းလာခဲ့ပြီး သူတို့အားလုံးသည် တောင်ပေါ်သို့ အတူတူတက်သွားကြလေသည်။

တမြန်နေ့က စန်းလော့ အိမ်ဆောက်မည်ဟူသည့်သတင်းကို ရွာကကြားပြီးနောက်တွင်တော့ ယနေ့တွင် သူတို့အားလုံးသည် ထိုအရာကို မျက်မြင်တွေ့လိုက်ရလေသည်။ ရှန်းစန်း ပါမလာသည်က ရွာသားများကြားတွင်ရယ်စရာတစ်ခုအဖြစ် အထင်အရှားကျန်ရစ်ခဲ့လေသည်။ ဟုတ်ပါသည် ဒီအချိန်အထိ အားလုံးမြင်လိုက်ရသည်က ရှန်းအိမ်၏ ကလေးများက ပျော်ပျော်ရွှင်ရွှင် ခုန်ပေါက်နေကြသည်ကိုပင်။

ရှန်းစန်းနှင့်သူမိန်းမကတော့ သူတို့၏ခြံဝန်းထဲက ခြေတစ်လှမ်းမှ ထွက်မလာခဲ့ကြပေ။

အဘိုးချန်းဦးဆောင်သည့် လူငါးယောက်သည် အာရုံစိုက်မှုအများအပြားကိုဆွဲဆောင်ထား​တော့သည်။ အိမ်ထောင်စု တစ်ခုချင်းစီကို ဖြတ်လျှောက်လာသည့်နှင့်အမျှ သူတို့သည် တလေးတစား ခေါင်းငြိမ့်နှုတ်ဆက်ကြသည်ကို လက်ခံလာခဲ့ကြပြီး အများစုက​တော့ ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေဖြင့် စုံစမ်းမေးမြန်းကြလေသည်။

“အဘိုးတို့တွေရှန်းမိသားစုရဲ့ပထမအိမ်ထောင်စုအတွက်တကယ်ပဲအိမ်ဆောက်ကူကြမလို့လား”

သိပ်ပြီးယဥ်ကျေးပုံမတူတဲ့လေသံတစ်ခုက ရယ်မောပြီးတော့မေးလာခဲ့သည်။

”ဘာတွေပြန်ရဖို့ မျှော်လင့်နေတာလဲ၊ တစ်နေကုန်အလုပ်လုပ်ပြီးမှ စန်းလော့က အဘိုးတို့ကို တောဟင်းရွက်ဟင်းရည်ပဲကျွေးမှာမလား၊ အဲ့ဒီအတွက်ကို လိုလိုလားလားနဲ့ လုပ်ပေးနေကြတာလား”

“တောဟင်းရွက်...ဟုတ်လား”

အဘိုးချန်းက ဒီအတိုင်းပဲ တဟင်းဟင်း ရယ်နေလိုက်သည်။

မနက်မိုးသောက်ရောက်ချိန်တွင် ရွာသူရွာသားများသည် စတင်ပြီးပြင်ဆင်ကာ မနက်စာစားသောက်ကြချိန်တွင် အလွန်မှမွှေးကြိုင်လှသည့် အသားနံ့က တောင်ပေါ်ရွာလေးတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

တောင်ပေါ်မှာရှိသည့်စန်းလော့၏ သီးခြားအိမ်လေးနှင့် မတူပဲ ရှီလီရွာထဲအိမ်များက တောင်များကြားတွင်စုစည်းနေသည့်အပြင် ပိုပြီးတစ်စုတစ်စည်းတည်းရှိကြသည့်အတွက် အိမ်ထောင်စု အစုနှစ်ဆယ်က နီးနီးကပ်ကပ်တည်ရှိကြ​လေသည်။

တစ်ယောက်ယောက်ကရွာထဲတွင် အသားဟင်းချက်လိုက်လျှင် သေသေချာချာစုံစမ်းကြည့်ရန်ပင်မလိုချေ။ အနည်းဆုံး အိမ်ခြေရှစ်ခုကိုးခုအထိတော့ သေချာပေါက် သတိထားမိကြလေသည်။ ထို့အပြင်လေတင်ဘက်နဲ့ကြုံလျှင်တော့ ညင်သာသည့်တောင်လေပြေလေးတစ်ခုက မွှေးရနံ့ကိုရွာထဲက ကလေးတစ်ဝက်ဆီသို့ရောက်အောင် ခေါ်ဆောင်သွားပေးနိုင်သည်။

ဒီနေ့တွင်တော့ တိုက်တိုက်ဆိုင်ဆိုင် ရာသီဥတုကကောင်းမွန်လေရာ မွှေးရနံ့ကို ပိုပြီးဝေးဝေးရောက်အောင် သယ်ဆောင်သွားလေသည်။

ထမင်းမစားရသေးသည့်ရွာသားများကတော့ သူတို့အိမ်ထဲကထွက်လာကြ၏။ ထိုနည်းတူ အိမ်ထဲကထွက်လာကြသည့် အိမ်နီးချင်းများနှင့် အကြည့်ချင်းဖလှယ်လိုက်ကာ

“ဘယ်အိမ်က အသားဟင်းချက်နေတာလဲ”

မနက်စာအတွက် အသီးအရွက်ဆန်ပြုတ် ထိုင်စားတော့မည်ပြင်နေကြသူများကတော့ ရုတ်တရက်ဆိုသလို ဒီထမင်းတစ်နပ်ဟာ ဆွဲဆောင်မှုရှိသည့်ရနံ့ကို ရှူရှိုက်မိပြီးနောက်တွင်တော့ အစားစားချင်စိတ်များ ပျောက်ဆုံးသွားလေကာ တစ်ယောက်နှင့်တစ်ယောက် စူးစမ်းသလိုကြည့်လိုက်ကြလေသည်။

”ဘယ်အိမ်ကအသားဟင်းချက်နေတာလဲ”

အနည်းငယ်ဝေးသည့်နေရာတွင် နေထိုင်သူတွေကတော့ ဒီအကြောင်းကို စဥ်းစားနေရသောငြား ပိုပြီးနီးသည့်နေရာတွင် နေထိုင်ကြသူတွေ အထူးသဖြင့် ချန်းအိမ်ရဲ့အိမ်နီးချင်းဖြစ်သည့် ရှန်းစန်းမိသားစုကတော့ သေချာပေါက်သိနေမှာ မမှားနိုင်ပေ။

ရှန်းကျင့်သည် သူ၏ညီအစ်ကိုနှစ်ယောက်နှင့်အတူ တမြန်နေ့က သူတို့၏အကြီးဆုံးမရီး ချက်သည့်အသားဆန်ပြုတ်ကို အရသာခံခဲ့ပြီး အစားအသောက်နှင့်ပတ်သတ်လျှင် သူမ၏ရက်ရောမှုကို သိထားကြလေသည်။ သူတို့အတွက်တော့ ဆုကြေးအဖြစ် ဝက်ဆီဖတ်ကို ထပ်ပြီးမလိုအပ်တော့ပေ။ သူတို့သည် အခုတော့ မြေရှင်းလင်းရေးအဖွဲ့၏ အတက်ကြွဆုံးအဖွဲ့ဝင်များဖြစ်လာခဲ့ပြီး စိုက်ပျိုးရေးအလုပ်တွင်လည်း တက်တက်ကြွကြွ ပါဝင်လာကြလေသည်။ မနက်လင်းသည့်နှင့် သူ့အမေအိပ်နေစဥ်မှာပင် ရှန်းကျင့်သည်မိသားစု၏ တူရွင်းငယ်လေးကို ယူလာကာ သူ့ညီအစ်ကိုနှစ်ယောက်နှင့်အတူ သူတို့၏လုံ့လကိုပြသဖို့ တောင်ပေါ်သို့တက်သွားလေသည်။

တစ်နာရီခွဲလောက်အလုပ်လုပ်ခဲ့ကြပြီးနောက်​သူတို့သည် ဗိုက်ဆာဆာနှင့် အိမ်ပြန်လာသည်တွင် အမေဖြစ်သူ၏ ဆူပူခြင်းကို သာခံလိုက်ရလေသည်။ ရှန်းကျင့်သည် သူ၏အရသာရှိလှသည့် ဆန်ပြုတ်တစ်ပန်ကန်းကို စား​တော့မည်ပြင်လိုက်စဥ်မှာပင် လေထဲက တစ်ခုခုကို အနံ့ခံမိသွားပြီး သူ့ပန်ကန်လုံးကိုချထားလိုက်ကာ အပြင်သို့ပြေးထွက်သွားတော့သည်။

အရပ်မရှည်ကြသေးသဖြင့် ခုံပေါ်တွင်ဒူးထောက်ကာထိုင်ရသည့် ရှန်းယင်နှင့်ရှန်းထျယ်တို့ကလဲ မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်ကြလေသည်။ သူတို့သည် သူတို့၏ပန်ကန်လုံးများကို ချထားလိုက်ပြီး သူတို့အစ်ကိုကြီးရှိရာသို့ အလျင်အမြန် ပြေးထွက်သွားကြလေသည်။ ခြံထဲတွင် ရှန်းကျင့်ကဘေးပတ်ဝန်းကျင်ကို ဟိုရှူဒီရှူလုပ်လိုက်ပြီး တံခါးဝဆီသို့ဦးတည်သွားလိုက်ကာ ခြံတံခါးကိုမှီထားလိုက်ပြီး အိမ်နီးချင်းချန်းမိသားစု၏ခြံဝန်းဆီသို့ ရောက်သွားတော့သည်။

”အစ်ကိုအသား” ရှန်းထျယ်က သူ့နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီး အနံ့ကြောင့်သွားရေကျနေတော့သည်။

ရှန်းယင်ကလဲဝင်လာပြီး ခန့်မှန်းပြောလိုက်လေသည်။

”ချန်းရှောင်ယာတို့အိမ်က လာတာပဲ”

ရှန်းကျင့်က ခေါင်းညိမ့်ကာထောက်ခံလိုက်ပြီး

”မုန်ညှင်းချဥ်ခြောက်နဲ့ဝက်သားချက်ပဲဟ”

၂နှစ်အရွယ်ရှန်းထျန်းက နံရံကိုကိုင်ကာ တစ်တောက်တောက်နှင့် လမ်းလျှောက်လာပြီး သူ့အစ်ကို ရှိရာအပြင်ဘက်ဆီသို့ မြန်မြန်လိုက်လာလေသည်။ သူမက နံရံကိုမကိုင်ထားပဲ အားတက်သရော ကြိုးစားပြီး လှမ်းဖမ်းလိုက်ချိန်တွင် လဲကျမလိုဖြစ်သွားသော်လည်း သူမကိုယ်သူမ ပြန်ထိန်းလိုက်ကာ ရှန်းကျင့်၏ခြေထောက်ကို ဖမ်းဆွဲထားလိုက်လေသည်။ သရေများက ရှန်းကျင့်၏ဖျင်ကြမ်းဘောင်းဘီအနားစတွင် ပေကျံသွားတော့သည်။

အမျိုးသမီးလီက အပြင်ဘက်သို့ ထွက်လာချိန်တွင်တော့ ချန်းမိသားစုအိမ်ဘက်ကို လှည့်ကာသရေတမြားမြားဖြစ်နေကြသည့် ခြံတံခါးကိုပွေ့ဖက်ထားကြသည့် သူမ၏ကလေးလေးယောက်ကို မြင်လိုက်ရလေသည်။

ထိုအချိန်မှာပင် အဘိုးချန်းနှင့်သူ့အဖွဲ့ငါးယောက်က တောင်ပေါ်မှပြန်ရောက်လာပြီး သူတို့နောက်မှ ချန်းအာ့လန်၊ချန်းရှောင်ယာနှင့် သက်ကယ်တဲထဲတွင် အလုပ်လုပ်နေခဲ့ကြသည့် ရှန်းမောင်နှမနှစ်ယောက်တို့သည် နောက်မှ တဖြည်းဖြည်း လိုက်ဆင်းလာကြလေသည်။

ရှန်းကျင့်၏စိတ်တို့သည် အစားအသောက်ကို မြင်လိုက်ရသည်တွင် လင်းလက်သွားလေသည်။ ရှန်းအန်းနှင့်ရှန်းနဉ်တို့က ချန်းမိသားစုနှင့်အတူ တောင်ပေါ်မှဆင်းလာသည်ကို မြင်လိုက်ရပြီး ချန်းမိသားစု၊ ရှီမိသားစုနှင့် လုမိသားစုတို့၏မိသားစုက အကြီးဆုံးမရီး၏အိမ်ကို ဆောက်ကူနေကြသည်ကို သတိရသွားသည်တွင် သူ့မျက်လုံးများက မျှော်လင့်တကြီး တလက်လက် တောက်ပလာလေသည်။

သူက သူခြေထောက်ကိုဖက်တွယ်ထားသည့် ရှန်းထျန်းကို မြန်မြန်ကောက်ချီလိုက်ပြီး ရှန်းယင်ဆီလွဲပေးလိုက်ကာ ရှန်းအန်းတို့ရှိရာဘက်သို့ အရှိန်​​ဖြင့် ပြေးသွားမည် ပြင်လိုက်၏။

ရှန်းထျန်းမှာ ရုတ်တရက်ဆိုသလို သူ့အစ်ကို၏တခြားနေရာသို့ လွဲပြောင်းခံလိုက်ရသည်။ သူမသည် ပြုတ်ကျမလိုဖြစ်သွားသော်လည်း ကံအားလျော်စွာ ရှန်းယင်က သူမကို မြန်မြန်ဖမ်းထားလိုက်လေသည်။ သို့သော်ညား ရုတ်တရက်လှုပ်ရှားမှုက ဆူပုတ်ပုတ်လေးဖြစ်နေသည့် ရှန်းထျန်းကို အလန့်တကြားဖြစ်သွားစေပြီး မျက်လုံးများကိုမှိတ်ကာ မျက်ရည်များတစ်ပေါက်ပေါက်ကျလာ​စေတော့သည်။

ရှန်းကျင့်မှာအဝေးသို့ မရောက်လိုက်ပဲ​သူ့၏သူငယ်ချင်းအသစ်များနှင့် စကားမပြောရသေးခင်မှာပင် သူ့နောက်လိုက်လာသည့်လီရှီက သူ့ကိုမြင်သွားပြီး နားရွက်ဆွဲကာ အိမ်ထဲခေါ်ဝင်သွားတော့သည်။

ရှန်းကျင့်မှာ သူ၏ညာဘက်နားကို အုပ်ကာအော်ငို​လေတော့သည်။

”အမေ...အမေ ဘာလို့လဲ ..အသာလုပ်ပါ... သားရဲ့နားကတော့ နာကုန်ပါပြီ”

လီရှီက သူ၏ငြီးညူနေသံကို ဂရုစိုက်မ​နေချေ။ အမေတစ်ယောက်အနေဖြင့် ရှန်းကျင့်ဘာလုပ်တော့မည်ကို သူမ အသေအချာသိနေလေသည်။

ရှန်းအန်းနှင့်ရှန်းနဥ်တို့သည် ချန်းမိသားစုနှင့်အတူ စားသောက်ဖို့ရန်ဆင်းလာသည်ကို မြင်လိုက်သည်တွင် ဘေးအိမ်က အသားက ဘယ်သူ့အတွက်ဆိုသည်ကို သူမ မခန့်မှန်းနိုင်ပဲ အဘယ်မှာ ရှိပါမည်နည်း။

ရွာသားများကို ကြည့်လိုက်မိပြီး အသားနံ့၏ဆွဲဆောင်ခံနေရကာ လက်ဗလာနှင့်ဖြစ်စေ ပန်းကန်လုံးကိုင်၍ဖြစ်စေ စောင့်ကြည့်နေကြသည့်ရွာသားများကို မြင်လိုက်ရသည့်တွင် လီရှီ၏မျက်နှာသည် ဖြူဖတ်ဖြူလျော့ ဖြစ်သွားတော့လေသည်။ ရှန်းကျင့်၏နားကို ဆွဲထားသည့်သူမ၏လက်က အလိုလိုပိုတင်းမာသွားပြီး သူမသည် ရှန်းကျင့်ကို အိမ်ထဲဆွဲခေါ်သွားကာ အသားဟင်းကို စန်းမိသားစုအိမ်က ကျွေးသည်ဖြစ်စေ၊ ချန်းမိသားစုအိမ်က ကျွေးသည်ဖြစ်စေ ဂရုမစိုက်နိုင်တော့ချေ။ ဒီနေ့တော့ သူမသည် ရှန်းကျင့်က အစားအသောက်ကို တောင်းစားနေမည်ကို မရှက်ပဲမနေနိုင် ဖြစ်ရလေသည်။

သူမက မျက်နှာပျက်ရပြီး အာရုံစူးစိုက်ခံရမှာ ကြောက်လေလေ ဘာမှမတတ်နိုင် ဖြစ်နေလေလေပင်။

ရှန်းအန်းထံမှ ဝက်ဗိုက်သားနှင့်မုန့်ညှင်းချဥ်ခြောက်ချက်ကို မျှော်လင့်ချက်ဖြင့် အပျော်လွန်နေသည့်ရှန်းကျင့်မှာ သူ့အမေ၏ ရုပ်ပိုင်းဆိုင်ရာ နှောက်ယှက်မှုကြောင့် သတိလက်လွတ် ဖြစ်သွားလေသည်။ သူမသည် အကြောင်းအရင်းမရှိပဲ သူ့ကိုဆွဲခေါ်သွားသည်ကို နားမလည်နိုင် ဖြစ်နေတော့သည်။

သူသည် အမေဖြစ်သူ၏ခြေလှမ်းကို အမှီလိုက်ရန် အကောင်းဆုံးကြိုးစားပါသော်လည်း လူကြီးနှင့်ကလေးကြားက​ခြေလှမ်းများက သိသိသာသာကွာခြားလေရာ အထူးသဖြင့် နားမှအဆွဲခံထားရသည်မှာ ပိုဆိုးနေလေတော့သည်။

ရှန်းကျင့်၏နားက ဆွဲထားခံရသဖြင့် နာကျင်လာပြီး သူ့အမေကို လွှတ်ပေးဖို့အော်ပြောနေသည်ကလည်း အချည်းနှီးဖြစ်​နေလေသည်။ တစ်ရွာလုံး၏ရှေ့တွင် သည်လိုနားကဆွဲခံရထားသည်မှာသိက္ခာမဲ့လှလေ​ပေသည်။ ဝမ်းနည်းမိလာကာ သူ့မျက်လုံးများတွင် မျက်ရည်များစီးကျလာပြီး သူ့အသံက ဒေါသကြောင့် စူးရှလာတော့သည်။

“အမေ ဘာလို့ သားကိုရိုက်တာလဲ... အမေ့မှာ သားကိုရိုက်ဖို့ဘာ အခွင့်ရေးရှိလို့လဲ”

“အခွင့်အရေးဟုတ်လား... ဘာလို့လဲဆိုတော့ နင်က ငါ့ကိုအရှက်ခွဲနေတာလေ”

သို့သော် လီရှီသည် ထိုစကားကို အမှန်ပင် ထုတ်မပြောနိုင်ချေ။

ဟုတ်ပါသည်။ သူမသည်ထိုစကားကိုမပြောနိုင်ပေ။ သူမသည် အရှက်ကွဲခြင်းကို မြိုသိပ်ထားရပြီး ရွာသားများတစ်ဝက်လောက်ရှေ့တွင် သူမ၏လုပ်ရပ်ကို ရှင်းမပြနိုင်သည့်အပြင် တရားမျှတအောင် ရှင်းပြချက်လဲမလုပ်နိုင်ပေ။ ထို့ကြောင့် သူ့အမေဆီက ပြန်ရလိုက်သည့် ရှန်းကျင့်၏အဖြစ်ကတော့ ခက်ခက်ထန်ထန် ဆူပူခံလိုက်ရခြင်းပင်။

”ငါ နင့်ကိုရိုက်တော့ဘာဖြစ်လဲ.. ငါက နင့်ကိုမွေးထားတာလေ... ငါက နင့်ကို ဆုံးမလို့မရဘူးလား၊ ထမင်းစားနေတုန်း ဘာလို့ထွက်ပြေးသွားတာလဲ.. နင့်ညီမလေးကို ဒီလိုဂရုစိုက်ရသလား၊ နင် ရှန်းထျန်းကို လဲကျတော့မလိုဖြစ်အောင် လုပ်ခဲ့တာလေ.. နင့်ကိုမှမဟုတ်ရင်... ငါက ဘယ်သူ့ကိုရိုက်ရမှာလဲ”

ရှန်းကျင့်နှင့်ရှန်းထျန်းတို့ကြားက မောင်နှမနှစ်ယောက်၏ငိုသံက ပြိုင်တူထွက်လာလေရာ မြေကြီးထဲတွင် ဝပ်နေကြသည့် ကြက်ကလေးနှစ်ကောင်က အလန့်တကြား ထပျံသွားလေတော့သည်။

အသားနံ့၏ဆွဲဆောင်မှုကြောင့် အပြင်ထွက်လာကြသည့်ရွာသားများသည် မောင်နှမနှစ်ယောက်ငိုသံ၏ လားရာအတိအကျကို ရှာစရာမလိုခဲ့ချေ။ အကြောင်းအရာကို ဖြေချလိုက်သော် ကလေးတစ်ယောက်ကို အပြစ်ပေးခြင်းက အထူးအဆန်းမဟုတ်သလို လီရှီကရှန်းကျင့်ကို မျက်ရည်ကျသည့်အထိ ပြစ်တင်ပြောဆို နေသည်ကိုလဲ အထူးအဆန်းဖြစ်သည်ဟု မမြင်ကြပေ။ က​လေးများကို ရိုက်နှက်ဆုံးမသည်က အလွန်မှ ပုံမှန်ဖြစ်နေရာ မည်သည့်မိသားစုက သူတို့ကလေးကို မဆုံးမသည်မှာ ရှိပါမည်နည်း။

အထူးသဖြင့် ရှန်းကျင့်သည် ထူးထူးခြားခြား အဆော့သန်သောကလေး ဖြစ်နေခြင်း​ကြောင့်ပင်။ ပုံမှန်ဆိုလျှင် သူသည် အရိုက်မခံရလျှင်တောင် မြေကြီးပေါ်တွင်လူးလိမ့် ငိုယိုပြီးသောင်းကျန်းနေတတ်သည်။ ထို့ကြောင့် သူ၏ငိုယိုသံက လူအများစု၏စိတ်ဝင်စားမှုကို ဆွဲဆောင်ဖို့မဖြစ်နိုင်ပေ။ ဒါသည် နောက်ထပ်ကြည့်စရာမြင်ကွင်းတစ်ခုသာ ဖြစ်နေတော့သည်။

အသားနံ့လာရာဘက်က ချန်းမိသားစုအိမ်ဘက်ကဖြစ်သည်ကို အားလုံးက အတည်ပြုပြီးနောက်တွင် အဘိုးချန်းနှင့်သူ့အဖွဲ့သားများကလည်း ဆင်းလာသည်ကိုမြင်ရသည်ဖြစ်ရာ သူတို့သည် ဆောက်လုပ်ရေးပထမနေ့အတွက် စားသောက်ပွဲကို ကျင်းပကြတော့မည်ဟု နားလည်လိုက်ကြလေသည်။

“ဟယ်.. ငါ့နှယ်....”

“စည်ကားနေလိုက်ကြတာ”

ရှန်းမိသားစုအိမ်၏ အကြီးဆုံးမိသားစုက အိမ်တစ်လုံးဆောက်နေတာပဲ။ ချန်းမိသားစုအိမ်မှာ ချက်ပြုတ်ပြီးတော့ တတိယမိသားစုအိမ်က ကလေးတွေကို ငိုယိုအားကျအောင်လုပ်သလို ဖြစ်နေတာကိုး။

လီရှီက သူ့ကလေးကို ဒေါသထွက်ထွက်ဖြင့် ဆုံးမနေသည်ကို မြင်လိုက်သည်တွင် ပန်းကန်လုံးများကို ကိုယ်စီကိုင်ထားကြသည့် ရွာသားများသည် အိမ်တွင် ကိုယ်တိုင်လုပ်ထားကြသည့် သနပ်ချဥ်များကို ထပ်ထုတ်စရာမလိုတော့မှန်း နားလည်လိုက်လေသည်။ အသားနံ့နှင့် ဆူညံသံများက သူတို့၏စားသောက်ချင်စိတ်ကို ပြန်လည်ဖြစ်လာစေရန် လုံလောက်ပေသည်။

အတူတူစုဝေးလိုက်ကြပြီး သူတို့က ရေရွတ်လိုက်ကြလေသည်။

”ရှန်းမိသားစုရဲ့ အကြီးဆုံးမိသားစုက အိမ်တစ်လုံးဆောက်နေတာလေ။ သူတို့တွေက ချန်းမိသားစုအိမ်မှာ ချက်ပြုတ်နေကြတာလား။ ဒီမိသားစုနှစ်ခုက ဘယ်တုန်းက အဲ့လောက်ရင်းနှီးသွားကြတာလဲ။ ချန်းမိသားစုက အလုပ်တွေကို ကူညီပေးပြီးတော့ ကူညီစီစဥ်ပေး​​ သေးတယ်တဲ့”

“အမှန်ပဲ၊ ဘယ်သူကသိမှာလဲ.. ဒါပေမဲ့ နောက်ပိုင်းကျတော့ စန်းလော့က ချန်းမိသားစုအိမ်ကို မကြာခနသွားရောက်လည်ပတ်တဲ့ပုံပါပဲ”

တခြားသူများကတော့ မတူညီသည့်အမြင်မှ ကြည့်ကာနှုတ်ခမ်းများကို မဲ့ရွဲ့ထားလိုက်လေသည်။

”ရှန်းမိသားစုအိမ်က အိမ်တစ်လုံးဆောက်ဖို့အတွက် အသားကျွေးတာတဲ့လား၊ အသားကျွေးမှန်းသာသိခဲ့ရင် ငါလည်း သွားပါတယ်။ သူတို့တွေ အကူအညီများလိုသေးသလား မသိဘူးနော်၊ လူငါးယောက်ထဲဆိုတော့ လောက်မှာမဟုတ်ဘူး ဟုတ်တယ်မလား အဲလိုအလုပ်တွေအတွက် ပုံမှန်ဆိုရင် လူ၁၂ယောက်လောက်လိုတာလေ ဒါမှမဟုတ် လည်းအနည်းဆုံး ၁၀ယောက်လောက်ပေါ့”

“အိမ်မက်မက်နေလိုက်လေ...သူတို့တွေက ရှင့်ဆီက အကူညီလာတောင်းလို့လား၊ ရှင်ကရော အဲဒီကိုသွားဖို့ သတ္တိတကယ်ရောရှိလို့လား.. မနက်တုန်းကပဲ ရှင်ပြောခဲ့တယ်လေ စန်းလော့က တောဟင်းရွက်တွေပဲ ကျွေးမှာဆို “

“ရှင်အဲ့လိုပဲပြောခဲ့တာ မဟုတ်လား”

မျက်လုံးများထဲတွင် ဖျတ်ကနဲလင်းလက်သွားပြီး အမျိုးသမီးက သူမ၏မိသားစုကို တီးတိုးပြောလိုက်လေသည်။

”စန်းလော့က ပိုက်ဆံတွေကို ဘယ်ကရတာလဲ။ လူတွေကရော တကယ်ပဲ တောဟင်းရွက်တွေကို ဝယ်လို့လား။ သူတို့ တွေက ဘယ်လောက် ရှာနိုင်မှာမလို့လဲ”

ဟိုဟိုဒီဒီ စကားပြောနေကြရင်းနှင့် အကြောင်းအရာများ ဖြစ်နေတော့သည်။

မနက်ခင်းက လှောင်ပြောင်ခံရကာ ရွာသားများ၏ စောင့်ကြည့်ခြင်းခံခဲ့ရသည့် ချန်းမိသားစု၏ လူငါးယောက်အဖွဲ့သည် စိတ်ထဲတွင် အများကြီးမရှိကြချေ။ အဘိုးချန်းနှင့်သူသားကတော့ စန်းလော့က အစားအသောက်အတွက် ငွေ​ကောင်းကောင်းပေးထားသည်ကို သိနေလေသည်။ ရှီအာ့လန်နှင့် လုညီအစ်ကိုတို့အတွက်ကတော့ ဒါက ဝမ်းသားစရာကိစ္စတစ်ခုပင်။ အခုတော့ သူတို့သည် ခါးမတ်မတ်ဖြင့်လျှောက်လာကာ ပြုံးနေလိုက်ပြီး ဂုဏ်ယူအားတက်မှုဖြင့် လင်းဖြာနေတော့သည်။

သူတို့ရဲ့ပထမဦးဆုံးထမင်းတစ်နပ်က အသားတဲ့လေ။ နောက်ပြီးတော့ ဟင်းသီးဟင်းရွက်တွေနဲ့ ရောထားတဲ့ အသားလွှာလေးတွေကလည်း သေးသေးလေးမဟုတ်ဘူး။ မုန်ညှင်းချဥ်ခြောက်၊ ဝက်ဗိုက်သားနှပ်ဟင်း။

ပါးပါးလေးနဲ့သေးသေး​လေး လှီးဖြတ်ထားတာလဲ မဟုတ်လေဘူး။ လူတစ်ယောက်ချင်းစီက အနည်းဆုံးတော့ အရသာရှိတဲ့ ဝက်ဗိုက်သားဟင်းကို မုန်ညှက်းချဥ်ခြောက်တစ်ပန်းကန်နဲ့ အရသာရှိရှိ စားနိုင်ခဲ့တယ်လေ။

“ဒါကို နားလည်ထားကြတယ်လေ၊ ရွာမှာဆိုရင် ဆင်းရဲတဲ့မိသားစုတွေက ဒီလိုဟင်းမျိုးကို နှစ်သစ်ကူးကာလအတွင်းရမှာပဲ ချက်ပြုတ်ရဲကြတာ၊ ဒါတောင်မှ သူတို့တွေက ကိုယ့်ဟာကိုစားဖို့တောင် မသဒ္ဒါလေကြဘူး၊ အားလပ်ရက်အတွင်းမှာ ဧည့်သည်တွေ အတွက်ပဲ ချန်ထားလေကြတာ”

ရုတ်တရက်ဆိုသလို ရှီအာ့လျန်နှင့်လုညီအစ်ကိုတို့သည် မနက်ခင်းတုန်းက အားထုတ်မှုနှင့် နောက်လာမည့်ရက်များက အလုပ်ကြိုးစားမှုတို့သည် ဝန်ထုပ်ဝန်ပိုးတစ်ခုမဟုတ်တော့မှန်း ခံစားလိုက်ရလေသည်။

တကယ်တန်တယ်။ အရမ်းကိုတန်တယ်။

ဒီထမင်းတစ်နပ်လေးမှာ အသားကို ဒီလိုစားလိုက်ရတာကပဲ လုံးဝကိုတန်နေပါပြီ။

ချန်းမိသားစုအိမ်ခြံဝင်းထဲသို့ မဝင်ခင်မှာပင် တံတွေးများက သူတို့၏ပါးစပ်ထဲတွင် ထိန်းမရအောင် ပြည့်နှက်လာလေသည်။ သူတို့၏ခြေလှမ်းများသည် အမှတ်တမဲ့ မျှော်လင့်ချက်ဖြင့် ပိုပြီးတော့ မြန်ဆန်လာတော့သည်။

အဝေးတစ်နေရာမှ ယောကျာ်းဖြစ်သူကို စောင့်ကြည့်နေသည့် ရှီအာ့လျန်၏မိန်းမကတော့ အားကျကာ ပျော်ရွှင်သည့်ခံစားချက်တစ်ခု ဖြစ်နေတော့သည်။ဒီတစ်ခါ ဦးလေးချန်းက သူ့ယောကျာ်းအတွက် တကယ်ကောင်းတဲ့ အလုပ်တစ်ခုကို ရှာပေးခဲ့တာပဲ။ ပင်ပန်းတာကတော့ မှန်ပါတယ်။ ဒါပေမဲ့ အသားနဲ့ ရက်ရက်ရောရော ထမင်းဖြူလေးကို ကျွေးတော့ အာဟာရဖြစ်တာပေါ့။ စိုက်ပျိုးရာသီ အလုပ်မများခင်မှာ ဒီလိုလေးစားလိုက်ရတာက ကောင်းကင်ဘုံက ချီးမြှောက်တဲ့ ကံကောင်းခြင်းတစ်ခုပါပဲ။

စန်းလော့က ထမင်းဖြူနဲ့ကျွေးပါ့မလား ဆိုတာကတော့ စဥ်းစားစရာ လိုသေးလို့လား။ အသားတောင်မှ ကျွေးထားတာ ဆန်ကတော့ ဘယ်လိုလုပ်ပြီး ပြတ်လပ်မှာလဲ။

ရှီအာ့လန်မိန်းမ၏မျက်လုံးများသည် ပျော်ရွှင်မှုကြောင့် လခြမ်းသဏ္ဍန် ကွေးသွားလေတော့သည်။

ရှီမိသားစု၏အိမ်နီးချင်းကတော့ ရင်နာနာအားကျဟန်ဖြင့် မှတ်ချက်ပေးလေသည်။

”ချန်းမိသားစုက ရှင်တို့အားလုံးကို အမြဲတမ်းသတိတရ ရှိတယ်နော်.. အထူးသဖြင့် ရှီအာ့လန်ကိုပေါ့၊ အခွင့်အရေးကောင်းတစ်ခါရှိတယ်ဆိုရင် သူတို့က သူ့ကိုဘယ်တော့မှ မမေ့ဘူး”

“သူတို့တွေက ကျွန်မယောကျာ်းကို ဘာဖြစ်လို့ လာမမေးကြတာလဲ၊ သူလဲအားနေတာပဲ၊ ဆောက်လုပ်ရေးမှာ သူလည်းကူညီနိုင်ပါတယ်”

“အမလေး...အားကျလိုက်တာ”

အားကျမှုကြောင့် သရေများပင်ဖြစ်လာကြ​တော့သည်။

ရှီအာ့လန်၏မိန်းမသည် ဝမ်းသာမှုကို ဖုံးကွယ်မထားနိုင်တော့ပ။ ၊နှစ်နှစ်ခြိုက်ခြိုက်ဖြင့်သာ ဆက်ပြောလိုက်လေသည်။

”ဦးလေးချန်းက လူအများကြီးကို မဖိတ်ချင်လို့မဟုတ်ပါဘူး၊ ပြောကြတာကတော့ စန်းလော့က အသီးရွက်ရောင်းပြီး ငွေစုရတာလေ၊ သူက ဘယ်လောက်ရှာနိုင်မှာလဲ၊ လူအများကြီးကို ရှာရင်အားလုံးကို ကျွေးဖို့အခက်ခဲဖြစ်မှာပေါ့”

သူမက ထိုသို့ပြောနေရင်းမှ အော်ရယ်ချင်စိတ် ဖြစ်သွားတော့သည်။ လူနည်းနည်းလေးဖိတ်တာက ကောင်းတဲ့ကိစ္စပဲ။ လူနည်းတော့ သူတို့တွေက ပိုပြီးကောင်းတဲ့ဟင်းတစ်နပ် စားရတယ်လေ။ သူတို့တွေက ဝက်ဗိုက်သားကို မုန်ညှင်းချဥ်ခြောက်နဲ့ နှပ်ထားတဲ့ဟင်းလိုမျိုးပေါ့။ တကယ်လို့များ လူ၁၂ယောက်ကျော်ဖြစ်နေရင် ဒီလို အလျှံအပယ် ဘယ်လိုလုပ်စားနိုင်မှာလဲ။

သူမ၏ အပျော်လွန်နေသည့်မျက်နှာထားကို မြင်လိုက်ရသည့် အိမ်နီးချင်းများမှာ အားကျကာ ရင်နာနေမိတော့သည်။

အမျိုးသမီးလီက ရှန်းကျင့်ကို ခြံဝန်းထဲသို့ဆွဲခေါ်သွားသည်ကို လှမ်းကြည့်လိုက်ပြီး ကျန်သည့်ငိုယိုနေသည့်ကလေးသုံးယောက်ကို ဆွဲကာ တံခါးကို ဆောင့်ပိတ်လိုက်သည်ကို မြင်လိုက်သည်တွင် သူတို့က မှတ်ချက်ပေးလေသည်။

”လီရှီကတော့ ကလေးတွေကို အရှက်ပြေဆုံး မနေပြန်ပါပြီ.. သနားစရာကောင်းလိုက်တဲ့ရှန်းကျင့်လေး အချိန်မှားနေရာ မှားဖြစ်သွားလေရဲ့”

ရှီအာ့လျန်၏မိန်းမက ခေါင်းညိတ်လိုက်၏။

”အဟုတ်ပဲ၊ သူ အခုနောက်ပိုင်း စိတ်ပျက်နေတာလေ၊ အဝတ်လျှော်တဲ့နေရာက လူတွေကိုတောင်မှ သူက ရှောင်နေတာ”

ရှန်းမိသားစု၏ တတိယမိသားစုသည် အိမ်ဆောက်ခြင်းကိစ္စနှင့်ပတ်သတ်ပြီး မျက်နှာပျက်ရလေတော့သည်။ အခုတော့ သူတို့သည် ဘေးအိမ်က အသားနံ့ကိုရှူရှိုက်ရင်းက အသီးအရွက်ဆန်ပြုတ်ကို စားနေရလေသည်။ သူတို့၏ဒေါသများကို ရှန်းကျင့်အပေါ်ပုံချလိုက်သည်က မဆန်းတော့ချေ။

အမျိုးသမီးရှီက နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်၏။ ရက်ရက်စက်စက် အိမ်ခွဲပြီးနောက်တွင်တော့ ကလေးများကို သည်လိုဆက်ဆံနေခြင်းအား သဘောမကျမိလေချေ။

...

All Chapters