← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အပိုင်း (၃၉.၁)

ရှန်းမိသားစု၏အိမ်တံခါးမှာ ပိတ်သွားသော်လည်း အတွင်းမှ အသံများကိုတော့ မထိန်းနိုင်လိုက်ပါ။ ယခုအချိန်တွင် ရှန်းကျင့်နှင့် ရှန်းထျန်းတို့ ငိုနေရုံသာမက အထဲသို့ ဆွဲခေါ်ခံထားရသော ရှန်းယင်နှင့်ရှန်းထျယ်သည်လည်း မျက်ရည်များကျနေလေသည်။

ချန်းမိသားစု၏အိမ်သည် အချက်အချာကျသဖြင့် တစ်ဖက်တွင် ရွာသားများက စားသောက်နေစဉ်အတွင်း တက်တက်ကြွကြွ ဆွေးနွေးနေခြင်းနှင့် အခြားတစ်ဖက်တွင်တော့ အမျိုးသမီးလီ၏ ဆူပူကြိမ်းမောင်းမှုကြားတွင် ရှန်းမိသားစု၏ကလေးများမှာ ငိုကြွေးနေကြ၏။

တစ်မနက်လုံး တောင်များပေါ်ရှိ သစ်ပင်များအားခုတ်ပြီးနောက် အဘိုးချန်းနှင့်သူ၏အဖွဲ့မှာ ခြံဝင်းထဲသို့ ပြန်ဝင်လာကြသည်။ အပြင်ဘက်တွင် ရှိနေကြသည့် ကလေးလေးယောက်မှာ မလှုပ်မယှက်နှင့် ရှန်းအိမ်ထဲက ငိုကြွေးသံများကို နားထောင်နေကြလေသည်။

အမျိုးသမီးလီသည် အရှက်ခွဲခံရသည့်ခံစားကြောင့်ဖြစ်မည်။ အသံနှိမ့်ကာ ဆူပူကြိမ်းမောင်းလိုက်ပြီး ငိုသံတိတ်သွားအောင် ကြိုးစားလိုက်၏။ သို့သော် ကလေးများက တစ်ခါငိုမိလျှင် အငိုတိတ်စေရန်မှာ မလွယ်ကူပေ။

ရှန်းအန်းနှင့်အပြင်ရှိလူများသည် အမျိုးသမီးလီ၏ ဆူပူကြိမ်းမောင်းမှုကို ကြားလိုက်ရပြီး ရှန်းကျင့်အတွက် စိုးရိမ်ပူပန်နေကြသည်။ ကံကောင်းထောက်မစွာဖြင့် ရှန်းစန်းသည် ဆူပူသောင်းကျန်းသည်ကို ကြားလိုက်ရပြီး နောက်ထပ်အရှက်ရစေမည့်အရာများကို တားဆီးနိုင်လိုက်သည်။ သူသည် အမျိုးသမီးလီကို ရပ်ခိုင်းလိုက်ပြီး ကလေးများအား ထမင်းစားရန် ပင်မအိမ်သို့ ပြန်ခိုင်းလိုက်သည်။

အမျိုးသမီးလီမှာ ရှန်းထျန်းအား ခေါ်သွားလိုက်လေသည်။ သို့သော် ရှန်းယင်နှင့်ရှန်းထျယ်ကတော့ ရှန်းကျင့်ကို သွားကြည့်လိုက်ကြ၏။

"ရှန်းကျင့်သည် ယနေ့မှာ မတရားအခံရဆုံးဟု ခံစားရပြီး ယခုလို ရုတ်တရက် အရိုက်ခံရခြင်း၏အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရပေ။

သူ့အမေ၏ လူသိရှင်ကြား ပြစ်တင်ကြိမ်းမောင်းကာ နားရွက်ဆွဲခံရပြီး လူအများရှေ့တွင် ငိုယိုရခြင်းက ခါတိုင်း သူလိုချင်တာရရန် ပဟန်ဆောင်ငိုကြွေးခြင်းနှင့် လုံးဝမတူပေ။ ဒါဟာ လုံးဝကို အရှက်ရစေလိုက်၏။

သူသည် ယနေ့တွင် အမှန်တကယ်ပင် စိတ်မကောင်းဖြစ်ပြီး ထိန်းမနိုင်သိမ်းမရ ရှိုက်ကြီးတငင်ငိုမိပြီး မရပ်နိုင်လိုက်ပေ။

ရှန်းယင်နှင့်ရှန်းထျယ်သည် သူ့ထံသွားတွေ့လိုက်သော်လည်း သူက သူတို့ကို ဂရုမစိုက်ဘဲ ရှိုက်ကြီးတငင် ငိုနေလိုက်၏။

ကလေး‌တစ်‌ယောက်ငိုသံမှာ လေးယောက်ထက် ပိုငြိမ်နေခြင်းကြောင့် ရှန်းစန်းသည် သူ့ကို လွှတ်ထားလိုက်ပြီး ရှန်းယင်နှင့်ရှန်းထျယ်ကို အမြန်ခေါ်ကာ အိမ်ထဲဝင်ခိုင်းလိုက်၏။

ညီငယ်နှစ်ယောက်သည် ရှန်းကျင့်အား ဆွဲခေါ်ရန် ကြိုးစားလိုက်သော်လည်း သူတို့ ဆုပ်ကိုင်ထားသော လက်မှ ရုန်းလိုက်ကာ ခြံထဲ၌ပင် မတ်တပ်ရပ်လျက် မျက်ရည်များအား သုတ်နေလိုက်သည်။

ရှန်းအန်းနှင့်အခြားကလေးငယ်အချို့သည် သူ၏တတိယဦးလေး အိမ်တံခါးဝမှ တိတ်တဆိတ်ချောင်းကြည့်ရင်းဖြင့် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည်။

ချန်းအာ့ရှန်သည် သူတို့၏ပခုံးကို လက်ဖြင့်ပုတ်လိုက်ပြီး ညစာစားရန် အိမ်ပြန်ချိန်ရောက်ပြီဟု အချက်ပြလိုက်သောကြောင့် ကလေးများသည် နောက်ပြန်ဆုတ်သွားကြသည်။ သူတို့သည် အနည်းငယ် ဝေးသည့်နေရာသို့ ရောက်လာတော့ ကလေးမလေးသည် တိုးတိုးလေး မေးလိုက်၏။

"အစ်မနဉ်၊ အစ်မရဲ့တတိယအဒေါ်က ဘာလို့ ရှန်းကျင့်ကို ရိုက်လိုက်တာလဲ"

ရှန်းနဉ်သည်လည်း စိတ်ရှုပ်သွားလိုက်ပြီး အခြေအနေအားလုံး မည်သို့ဖြစ်လာသည်ကို မသိတော့ပေ။

သူမသည် ခေါင်းခါလိုက်ကာ

"မသိဘူး၊ ဒါပေမယ့် တတိယအဒေါ်ရိုက်ရင် တကယ်နာတယ်"

ချန်းရှောင်ယာသည် အစ်မအားနဉ်အရိုက်ခံရဖူးသည်ကို ပြန်သတိရကာ တုန်လှုပ်ခြောက်ခြားသွားသည်။

"ညီမ‌အမေကတော့ ညီမနဲ့အစ်ကိုကြီးကို တစ်ခါမှ မရိုက်ဖူးဘူး"

"အဒေါ်ရှန်းစန်းက တစ်ကယ်ကြောက်ဖို့ကောင်းတယ်"

ရှန်းအန်းသည် အခြေအနေကိုအနည်းငယ်ခန့်မှန်းကာ စကားမပြောဘဲ နှုတ်ခမ်းကိုစေ့ထားလိုက်သည်။

……

မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော အဘွားချန်းသည် အမျိုးသမီးလီ၏ ဆူပူကြိမ်းမောင်းသံကြောင့် ရှန်းကျင့်၏ငိုသံနှင့် အပြင်ရှိကလေးများ၏ ငိုသံကို ရုတ်တရက် ကြားလိုက်ရသည်တွင် ဟင်းချက်နေရာမှ ခဏရပ်ထားလိုက်၏။

ထိုအချိန်တွင် သူမ၏ခင်ပွန်းနှင့်သားတို့သည် ရှီအာ့လန်နှင့် လုညီအစ်ကိုများနှင့်အတူ ဝင်လာသည်။ သူမသည် လျင်မြန်စွာ အာရုံပြန်စိုက်လိုက်ပြီး ပြတင်းပေါက်ဆီသို့ ပြုံးပြကာ နှုတ်ဆက်လိုက်သည်။

"ပြန်တောင်ရောက်ပြီလား။ လက်အ‌ရင်ဆေးလိုက်၊ ပြီးရင် ရေလေးသောက်ပြီး နားဦး။ ညစာက ခဏနေရင်ရပြီ"

ရှီအာ့လန်နှင့် လုညီအစ်ကိုများသည် ရှက်ရွံ့စွာ ပြုံးကာ တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။ လု မိသားစု၏အငယ်ဆုံးသည် အိမ်ထောင်မရှိသူဖြစ်ပြီး မီးဖိုချောင်ထဲသို့ ချောင်းကြည့်ကာ မေးလိုက်သည်။

"အဒေါ်ချန်း၊ ဒီနေ့ မုန်ညင်းစိမ်းနဲ့ ဝက်သားနှပ်လုပ်ထားတာလား။ အဝေးထဲက အနံ့ရနေလို့"

အဘွားချန်းသည် ရယ်မောကာဖြင့်

"ဟုတ်တယ်၊ အားလီရဲ့ဇနီးက မနေ့ကပြောလိုက်တယ်၊ အိမ်ဆောက်တာက ခဲယဉ်းတာမလို့ သားတို့အားလုံးအတွက် ထမင်းကောင်းကောင်း ချက်ပေးဖို့ကို ပြောထားတယ်လေ"

ထို့နောက် သူမက မေးမြန်းလိုက်၏။

"အပြင်မှာ ဘာတွေဖြစ်နေတာလဲ။ ရှန်းကျင့်နဲ့ရှန်းထျန်းတို့ တအားငိုနေတာ ကြားလိုက်တယ်"

လုစန်းလန်သည် အီလည်လည်ဖြင့် ရှင်းပြလိုက်၏။

"ရှန်းကျင့်က အသား စားချင်နေတာ။ ရှန်းအန်းကို မြင်ပြီးပြေးထွက်လာတာ ထင်တယ်။ အသားနံ့ရတဲ့ ရွာထဲက လူတော်တော်များများကလည်း ထွက်လာကြတယ်။ ကျွန်တော်ထင်တာက ရှန်းစန်းရဲ့မိန်းမက အရှက်ရသွားလို့ဖြစ်နိုင်တယ်..."

ဤအချိန်၌ သူသည် ရယ်မောကာဖြင့် ဆက်မပြောရန် ရွေးချယ်လိုက်၏။

ရှန်းမိသားစု၏ အိမ်ထောင်စုနှစ်ခု၏ ပြဿနာများကို တစ်ရွာလုံးက ကောင်းကောင်း သိထားပြီး ချန်းမိသားစုက ဦးဆောင်မှုအောက်တွင် ပထမအိမ်ထောင်စု၏ အိမ်ဆောက်ခြင်းအကြောင်း အပါအဝင်ပင်။ သည်အကြောင်းအရာ မိသားစုများ စုမိတိုင်း မကြာခဏ ပြောဖြစ်သည့် အကြောင်းအရာ ဖြစ်လေသည်။

သနားစရာကောင်းသောရှန်းကျင့်သည် ကံဆိုးသွားပြီး ဤအခြေအနေတွင် အပြစ်ကင်းသော သားကောင်အဖြစ် ကြားညှပ်ခံလိုက်ရသည်။ သူခံလိုက်ရသော ကြိမ်းမောင်းမှုသည် အမှန်တကယ်ပင် မထိုက်တန်ပါ။

အဘွားအိုချန်းသည် ဘာမှထပ်မပြောတော့ပဲ ပြုံးပြကာ

"သွားပါ၊ လက်ကိုဆေးကြောပြီး ခဏအနားယူလိုက်ဦး။ ခဏနေရင် အဘွားတို့ ထမင်းစားကြမယ်"

ချန်းယိုထျန်းသည် သူ့ပုဆိန်အား ချလိုက်ပြီး လူတိုင်း လက်ဆေးရန်အတွက် ရေသွားယူလိုက်၏။

လုစန်းလန်နှင့်အခြားသူများသည် လက်ဆေးရန် သွားလိုက်ကြသည်။

အဘွားချန်းသည် အပြင်တံခါးဝသို့ အနည်းငယ်ကြာ လှမ်းကြည့်လိုက်ပြီးနောက် သူ့မြေးဖြစ်သူသည် ရှန်းအန်းနှင့် အခြားကလေးများအား ခေါ်လာသည်ကို မြင်လိုက်ရသဖြင့် အနည်းငယ် စိတ်သက်သာရာရသွားသည်။

သူတို့ပြန်လာတာကောင်းပါတယ်။ ဒီအချိန်မှာ ရှန်း မိသားစုရဲ့ အကြီးဆုံးအိမ်‌‌ကလူဖြစ်ဖြစ် သူတို့ချန်းမိသားစုကပဲဖြစ်ဖြစ် အပြင်မှာရှိနေရင် အမျိုးသမီးလီကို သွားဆွသလို ဖြစ်နေအုံးမယ်။ သနားစရာရှန်းကျင့်လေး အချိန်မှား နေရာမှား ရောက်သွားတာပဲ။

ကောင်လေးရှန်းကျင့်က ထိန်းရခက်တယ်ဆိုပေမဲ့ ကလေးတစ်ယောက်မှာ ဘာမကောင်းတဲ့စိတ်ရှိမှာလဲ။ သူက အပြစ်မရှိဘဲ ပြဿနာထဲ ဆွဲထည့်ခံလိုက်ရတာ ရှင်းနေတာပဲ။ သူ့သနားစရာ ငိုသံကလည်း တော်တော်လေး စိတ်မချမ်းမြေ့စရာပဲ။

……

အဘွားချန်းသည် သူမ၏အလုပ်တွင် ကျွမ်းကျွမ်းကျင်ကျင်ဖြင့် အရာအားလုံးကို အချိန်ကိုက်လုပ်ဆောင်လိုက်သည်။ ရှီအာ့လန်နှင့် အခြားသူများသည် အစာစားချိန်၌ သွားရည်ကျနေမိသည့်အဖြစ်ကို ဖုံးကွယ်ရန် ခဲယဉ်းသကဲ့သို့ပင်။ ချန်းယိုထျန်းသည် မီးဖိုချောင်မှ ထမင်းအိုးကို ပင်မအခန်းသို့ ယူဆောင်လာကာ ချန်းအာ့ရှန်သည် ထမင်းစားရန် ပန်းကန်များ နှင့်တူများကို အဆင်သင့် စီစဉ်ပေးလိုက်သည်။

ထမင်းအိုးအဖုံးကို ဖွင့်လိုက်သည်နှင့် ထမင်း၊အသားနှင့် မုန်ညင်းချဉ်ခြောက်သည် အငွေ့နှင့် ရောကာ အခန်းထဲသို့ ပျံ့နှံ့လာသည်။

အဖုံးအုပ်ထားသည့်အချိန်ကထက် ရနံ့မှာ ပိုမိုကြွယ်ဝလာသဖြင့် အစက ဧည့်သည်များအသွင် သူတို့၏ပုံရိပ်ကို ထိန်းထားကြသည့် ယောက်ျားသားများမှာ အရသာရှိသော အစားအစာများ၏ သွေးဆောင်မှုကို ခံရကာ သူတို့၏ပုံရိပ်ကို ဣန္ဒြေပျက်ပြားသွားစေသည်။

"ဂလု"

“ဂလု~”

"ထိန်းမနိုင်ဘဲ မျိုချတာ ဘယ်သူလဲ"

"အဟဲ...ကျွန်တော်ပါ"

အကြည့်ကို အနည်းငယ်ပြောင်းကာ

"စိတ်မပူပါနဲ့၊ အခန်းထဲမှာရှိတဲ့ လူကြီးရော လူငယ်ရော အားလုံး အတူတူပါပဲ။ တခြားဘယ်သူ့ကိုမှ မရယ်မောနိုင်ပါဘူး"

ချန်းယိုထျန်း၏လက်မှာ ကြမ်းသောကြောင့် စားပွဲပေါ်ရှိ ပူနွေးနေသော မုန်ညင်းစိမ်းနှင့်ချက်ထားသောဝက်သားပန်းကန်အား အဝတ်ပင်ခံစရာမလိုပဲ လက်ဗလာနှင့်ပင် ကောက်ကိုင်လိုက်၏။

ချန်းလောင်ဟန်သည် အားလုံးကို စားပွဲဆီသို့ ဖိတ်ခေါ်လိုက်သည်။ သူတို့သည် နီးကပ်လာသည်နှင့်အမျှ ဟင်းပွဲ၏ များပြားလှသောပမာဏကို မြင်သည့်အခါ ရှီအာ့လန်သည် ခက်ခက်ခဲခဲ မျိုချလိုက်၏။

"ဦးလေး၊ ဒီဟင်းပွဲက အရမ်းများပြားလွန်းလို့ အများကြီးကုန်ကျမယ်ထင်တယ်"

ချန်းလောင်ဟန်သည် အဓိကအိမ်ရှင်ဖြစ်သော စန်းလော့အား သေချာပေါက် ချီးမွမ်းလိုက်ရမည်ဖြစ်သည်။

မီးဖိုချောင်သို့ပြန်လာသည့် အမျိုးသမီးကြီးချန်းသည် ချန်းအာ့ရှန်နှင့်ချန်းယိုထျန်းတို့ထံသို့ သက်သတ်လွတ်ဟင်း လေးပန်းကန်နှင့် ကြက်ဥစွပ်ပြုတ်တစ်အိုးအား ယူလာပေးလိုက်သည်။ ဤသည်ကိုကြားသော် သူမက ပြုံးလိုက်ပြီး

"အားလီရဲ့ဇနီးက ရိုးသားဖြောင့်မတ်သူတစ်ယောက်ပဲ။ သူက အသက်ငယ်ပေမယ့် ကိစ္စတွေကို ထိထိရောက်ရောက် ကိုင်တွယ်ပြီး အမြဲတရားမျှတတယ်။ ဒီတစ်ခါ မင်းရဲ့အကူအညီနဲ့ ငါတို့အမေတွေ၊ ချွေးမတွေ အဒေါ်တွေ ယောင်းမတွေက သူမရဲ့တန်ဖိုးကို သေချာပေါက်မြင်ပြီး ငါ့စကားမှန်တယ်ဆိုတာကို နင် သိလာလိမ့်မယ်"

ရှီအာ့လန်နှင့်လုသလန်တို့သည် ခေါင်းတွင်တွင်ညိတ်လိုက်ကြသည်။

ချန်းမိသားစုက သည်လိုကူညီနေသည်ဆိုသည့်အချက်မှာ စန်းလော့သည် သူတို့၏ချစ်ခင်မှုအား အမှန်တကယ်ရရှိလိုက်ခြင်းကို ရှင်းရှင်းလင်းလင်း ပြသနေပါသည်။

သူတို့နှစ်ဦးစလုံးသည် ယခုမှစပြီးစန်းလော့နှင့် ပိုမိုရင်းနှီးလာသင့်သည်ဟု စိတ်ကူးမိပြီး ပြန်လာသောအခါ မိသားစုများနှင့်မျှဝေရန် ဆုံးဖြတ်လိုက်ကြသည်။ ဤအကူအညီဖြင့် ဆက်ဆံရေးအသင့်ကို တည်ထောင်လိုက်ခြင်းပင်။

ဟင်းပွဲများနှင့် ပန်းကန်ခွက်ရောက် အစုံအလင်ဖြင့် ထမင်းစားတော့မည့်အချိန် ဖြစ်သည်။

ဆောက်လုပ်ရေး ပထမနေ့တွင် အဘွားအိုချန်းသည် အသုံးစရိတ်အား မနှမြောပါ။ အိမ်ဆောက်ခြင်းအတွက် အသားများ ကြီးကြီးမားမား ဖြတ်တောက်ရန် မလိုအပ်သော်လည်း စန်းလော့ပေးလိုက်သောငွေနှင့် အဘွားအိုချန်းအား ရောင်းဖို့ ပေးလိုက်သော နတ်သမီးတို့ဟူး ဆယ့်ခြောက်ပိုင်းမှ ဝမ် ရှစ်ပြား အပိုဝင်ငွေ ရလိုက်၏။ အဘွားအိုချန်းသည် စန်းလော့အတွက် အလျှံပယ် ဟင်းတစ်ခွက်ကို ပြင်ဆင်ရသည်က ပိုပျော်လေသည်။

မနေ့က သူမ ရလိုက်သော ဝမ်ဆယ့်ရှစ်ပြားမှ ဆယ့်ခြောက်ပြားအား အသားအတွက်သုံးလိုက်ပြီး တစ်ပြားအား အရိုးတစ်ချောင်းအတွက် သုံးလိုက်သည်။

သူမသည် တစ်ပေါင်လျှင် ဝမ်ဆယ့်ငါးပြားပေးရသည့် သပ်သပ်ရပ်ရပ် လှီးဖြတ်ထားသော အကောင်းဆုံးဝက်ဗိုက်သားအား မနက်စောစောဈေးမှ ဝယ်ယူလိုက်သည်။

အသားအများစုကို နာမည်ကြီးဟင်းလျာဖြစ်သော ဝက်သားဟင်းလျာ (မေချိုက်ခိုရို့- မုန်ညင်းချဉ်ခြောက် ဝက်ဗိုက်သား) အဖြစ် ချက်လုပ်ကြတယ်။ ညနေခင်းတွင် ဟင်းသီးဟင်းရွက်ဟင်းလျာ၌ထည့်ရန် အကျန်များအား သိမ်းဆည်းလိုက်သည်။ ဤကဲ့သို့အရည်အသွေးမြင့် ပထမထမင်းပွဲနှင့်အတူ၊ နံရံများသည် ခိုင်ခံ့ပြီး တာရှည်ခံကြောင်း သေချာစေရန် အိမ်ဆောက်လုပ်ရာတွင် လူတိုင်းက ပိုမိုအားစိုက်ထုတ်ကြမည်ဖြစ်သည်။

သက်သက်လွတ်ဟင်းပွဲနှင့် ဥများအတွက်တော့ အကုန်လုံးမှာ သူမရဲ့ကိုယ်ပိုင်စိုက်ခင်းမှရရှိသောကြောင့် အဖိုးအခပေးစရာမလိုပေ။ ပိုနေသော ဝမ်အား နောက်နေ့တွင်အသုံးပြုနိုင်မည်ဖြစ်သည်။

ယခုအချိန်တွင် တည်ခင်းထားသောဟင်းပွဲများနှင့်အတူ အဘွားအိုချန်းသည် ရှီအာ့လန်နှင့်လုညီအစ်ကိုတို့၏ အမူအရာများအား စောင့်ကြည့်နေလိုက်ပြီး သူမ၏ရည်ရွယ်ချက်အောင်မြင်သည်ကို စိတ်ကျေနပ်နေလိုက်၏။ ထို့နောက် အားလုံးကို ထမင်းစားရန် နွေးထွေးစွာဖိတ်ကြားလိုက်သည်။

အသက်အရွယ်နှင့် အဆင့်အတန်းအလိုက် လူကြီးများသည် နေရာယူကြ၏။ ဤအိမ်ထောင်စုတွင် ဧည့်သည်များရှိနေသောအခါတွင် အမျိုးသမီးများနှင့် ကလေးများသည် များသောအားဖြင့် စားပွဲတွင် မပါဝင်ကြပေ။ သို့ရာတွင် အဘွားချန်းသည် အသက်ကြီးသူတစ်ဦးဖြစ်ပြီး လုပ်ထုံးလုပ်နည်းအရ ရှန်းအန်းနှင့်ရှန်းနဥ်တို့သည် ဧည့်သည်များဖြစ်သည်ဟု ယူဆကြပြီး စန်းလော့သည် အခြေခံသတ်မှတ်ချက်ကို ဦးစားပေးကာ သာမာန်ကလေးများကဲ့သို့ မဆက်ဆံဘဲ စားပွဲသို့ ဖိတ်ကြားလိုက်သည်။

သို့သော် မောင်နှမနှစ်ယောက်သည် ယဉ်ကျေးစွာ ငြင်းဆန်လိုက်ကြပြီး ခြံဝင်းထဲတွင် ချန်းအာ့ရှန်နှင့်ရှောင်းယာတို့နှင့်အတူ တွဲ၍စားသောက်လိုက်ကြသည်။

နံနက်စာမှာ မည်မျှပင် များပြားလှသည်ဆိုစေကာမူ လျင်မြန်စွာနှင့် ကျေနပ်စွာ စားသုံးလိုက်ကြသည်။ အလွန်အကျွံ အနားမယူချင်ကြသည့် ရှီအာ့လန်နှင့် အခြားသူများသည် စားပြီးမကြာမီတွင် တောင်တန်းများဆီသို့ ထွက်လာလိုက်သည်။

ရှန်းအန်းနှင့်သူ၏အဖွဲ့သည်လည်း သူတို့၏ရှင်းလင်းရေးအလုပ်ကို ပြန်လည်စတင်လိုက်ကြသည်။ ရှန်းကျင့်၏အိမ်နားသို့ ဖြတ်သွားသောအခါ ငိုသံကိုမကြားရတော့ပေ။ ရှန်းအန်းသည် အထဲသို့ချောင်းကြည့်လိုက်သော်လည်း ရှန်းကျင့်အား မတွေ့ပေ။

သူ့အိမ်ဖြစ့်ဖူးသောနေရာသည် ယခုတွင် အလှမ်းဝေးသောနေရာဟု ထူးဆန်းစွာခံစားရသဖြင့် တုံ့ဆိုင်းသွားသည်။

အပြင်မှာ ခဏလောက် ယောင်လည်လည်နေလိုက်ပြီးနောက် အတွင်းထဲရှိ ရှန်းကျင့်၊ ရှန်းယင် (သို့မဟုတ်) ရှန်းထျယ်တို့၏အသံမဟုတ်သော ရှန်းထျန်း၏ မပြတ်မသားပြောဆိုသံတွေကိုသာ ကြားလိုက်ရပြီး သူထွက်သွားရန် ဆုံးဖြတ်လိုက်၏။

အဆုံးတွင် လှည့်ကြည့်လိုက်ပြီးနောက် ရှန်းနဉ်နှင့်ရှောင်ယာတို့အား စောင့်ဆိုင်းရင်း တောင်များဆီသို့ ပြန်သွားလိုက်သည်။

ခြံထဲ၌ ရှာမတွေ့သည့် ရှန်းကျင့်မှာ သူတို့အိမ်နောက်ဘက်တွက် အလုပ်ပြန်နေသည်ကို မထင်မှတ်ပဲ တွေ့ရှိလိုက်၏။

ရှန်းယင်၊ရှန်းထျယ်တို့နှင့်အတူ ရှန်းကျင့်သည် မနက်ခင်းတွင် မပြီးလိုက်သေးသော မြေကွက်များကို ရှင်းလင်းရင်း အိမ်နောက်ဘက်တွင် အလုပ်ပြန်လုပ်နေကြသည်။ ဤတစ်ကြိမ်တွင် ရှန်းကျင့်သည် ပေါက်ပြားကို အသုံးမပြုတော့ပေ။ သို့သော် ရှန်းအန်းနှင့် ရှန်းနဥ်တို့ ယခင်က အသုံးပြုသည့်တူးရွင်း ဖြစ်နေသည်။

ခြေသံကြားလိုက်သည်တွင် သူက လှည့်ကြည့်လိုက်သောအခါ ရှန်းအန်းနှင့် အခြားနှစ်ယောက် ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ သာမာန်အားဖြင့် ခပ်မိုက်မိုက်ကလေးတစ်ယောက်ဖြစ်သော ရှန်းကျင့်သည် ကျောခိုင်းထားသည့်ဘက်သို့ ခေါင်းလှည့်ကာ သူတို့အား ကြည့်လိုက်သည်။

ပုံမှန်ဆိုလျှင် သူ့ကို စနောက်ရသည်ကို နှစ်သက်သည့် ရှန်းနဉ်မှာ ယနေ့တွင် ထူးထူးခြားခြား တိတ်ဆိတ်နေပြီး ချန်းရှောင်ယာသည်ပင်လျှင် တိတ်ဆိတ်နေကာ ရံဖန်ရံခါ သူ့ကို သတိထားပြီး စိုက်ကြည့်နေ၏။

ရှန်းအန်းသည် စိတ်မသက်မသာဖြစ်နေသောရှန်းကျင့်ကို ခေါ်လိုက်ပြီး

"ဒီကို ခဏလောက်လာဦး"

ယခုအခါတွင် သူ၏နီရဲဖူးရောင်နေသောမျက်လုံးများအား ဖုံးကွယ်ထားခြင်းမရှိပဲ မျက်နှာချင်းဆိုင်တွင်ရှိနေသည်။ ကြိတ်မှိတ်ကာဖြင့် ရှန်းကျင့်သည် ရှန်းအန်းနှင့် မျက်နှာချင်းဆိုင်လိုက်သည်။

"ဘာလိုချင်လို့လဲ" ငိုထားသောကြောင့် နှာသံဖြစ်နေသည့် သူ၏အသံဖြင့် ပြောလိုက်၏။

သူ၏စကားသံသည် နှာစေးနေသောအသံမှန်းသိသာသည်။

"လာစမ်းပါ" ရှန်းအန်းပြောလိုက်၏။

ရှန်းကျင့် ငိုပြီးနောက် စိတ်ဆင်းရဲရသည့် အခြေအနေကို ကြည့်ပြီး ရှန်းအန်း၏ အသံသည် ခါတိုင်းထက် ပိုပျော့သွားသည်။

ညီအစ်ကိုနှစ်ယောက်သည် မြက်ခင်းတဲဆီသို့ လျှောက်သွားလိုက်ပြီး တံစက်မြိတ်အောက်တွင် ရပ်လိုက်ကြသည်။ ရှန်းအန်းက ရပ်လိုက်ပြီး အိတ်ထဲသို့လက်နှိုက်ကာ အစိမ်း‌ရောင်ဟင်းရွက်တစ်စည်းကို ဆွဲထုတ်လိုက်ပြီး ရှန်းကျင့်ထံသို့ ပေးလိုက်သည်။

ရှန်းကျင့်က ဇဝေဇဝါဖြစ်သွား၏။

သူ့မှာ စိတ်ကောက်လာလို့ မနက်စာ မစားခဲ့ရပါဘူးဆို။ သူက ဘာလို့ ဟင်းရွက်လာပေးနေတာလဲ။

ရှန်းအန်းသည် ဟင်းရွက်အစည်းပေးခါနီးတွင် ရှန်းကျင့်၏ ညစ်ပတ်နေသောလက်များကို သတိထားမိကာ မျက်မှောင်ကြုတ်လိုက်ပြီး

"မင်းလက်ကို အရင်ဆေးပြီးမှ ပြန်လာခဲ့"

ရှန်းကျင့်သည် အံ့သြစွာဖြင့် မျက်တောင်ခတ်လိုက်သည်။

ရှန်းအန်းသည် အစာမစားမီ လက်ကို သန့်ရှင်းရန် အမြဲတိုက်တွန်းသည့် အလေ့အထရှိသည်။

"စားစရာလား"

ရှန်းအန်း၏လက်မှ ဟင်းရွက်အစည်းကိုင်လိုက်သည်တွင် ရှန်းကျင့်သည် ထိုအရာဟာ အရွက်မျှသာမဟုတ်ကြောင်း ချက်ခြင်း သဘောပေါက်လိုက်သည် — အသွင်အပြင်မှာ ကွဲပြားသည်။

အစည်းကိုဖြည်လိုက်သောအခါ အစိမ်းဖျော့ဖျော့အရွက်များအတွင်းတွင် အနံ့မွှေးနေသည့် ဝက်သားနှပ်ကို တွေ့လိုက်သည်။

ဟမ်၊ တစ်စုံတစ်ယောက်က ကိုက်ထားတဲ့ပုံပေါ်ပေမယ့် အများစုကတော့ နဂိုအတိုင်းပါပဲ။

ရှန်းကျင့်သည် သူ့မျက်လုံးများတွင် ရုတ်တရက် စပ်ဖျဉ်းဖျဉ်း ခံစားလိုက်ရသည်။ သူ မငိုတော့သော်လည်း မျက်ရည်များမှာ စီးကျလာပြန်သည်။

ညစ်ပတ်သောလက်ဖြင့် မျက်နှာကို သုတ်လိုက်ပြီး ပါးပြင်တစ်လျှောက်သည်လည်း မျက်ရည်များနှင့် အညစ်အကြေးများဖြင့် ပေပွနေသည်။

ရှန်းအန်း “....”

ပေပွနေသောမျက်နှာကို သတိမမူမိဘဲ ရှန်းကျင့်သည် နှာတစ်ရှုံ့ရှုံ့နဲ့ပင် လက်နှစ်ဖက်ကိုပြောင်းကာ ညာဘက်မျက်လုံးနှင့် ပါးတို့ကိုလည်း ပွတ်လိုက်မိ၏။

"ရှန်းအန်း မင်းက အကောင်းဆုံးပဲ၊ ငါ့အတွက် အသားချန်ထားပေးတယ်"

နှာရှုံ့ရင်းနှင့် ပါးစပ်ထဲသို့ အသားထည့်ပြီး တစ်ချိန်တည်းမှာပင် ငိုယိုကာဖြင့် ကတိပေးလိုက်သည်။

"ငါလဲ မင်းကို အခုကစပြီး ပိုပြီးကောင်းပေးပါ့မယ်"

ငိုယိုရင်း ရင်ထဲထိသွားကာ အရသာရှိလှသည့်ဝက်သားကို အရသာခံလို့နေသည်။

ရှန်းအန်း... "ငါက ကောင်းပေးနေတာမဟုတ်ဘူး။ မင်း အရိုက်ခံရတာကို စိတ်မကောင်းလို့"

ရှန်းကျင့် "???"

"အသားစားဖို့ အရိုက်ခံလိုက်ရတာလား"

သူသည် ရှန်းအန်းကို စိုက်ကြည့်ရင်း မျက်ရည်များဝဲကာ နောက်တစ်ကြိမ် ရိုက်နှက်ခံရခြင်းက သူ့အတွက် အသားပိုရနိုင်မလားဟု စဉ်းစားနေသည်။

ရှန်းအန်းသည် မှိတ်တုတ်မှိတ်တုတ်မျက်လုံးများမှ သူ့အတွေးများကို မှန်းဆမိကာ အနည်းငယ် စိတ်တိုလာပြီး ရှန်းကျင့် နောက်ထပ် ထပ်ကိုက်ခါနီးတွင် ပြောလိုက်၏။

"ရှောင်ယင်နဲ့ ရှောင်ထျယ်တို့ စားဖို့ရော နဲနဲလောက် မချန်တော့ဘူးလား"

ရှန်းကျင့်၏ နှာခေါင်းရှုံ့နေရာကပင် ရပ်တန့်သွားပြီး ရှန်းအန်းအား စိုက်ကြည့်ပြီးနောက် သူ့လက်ထဲမှ စားပြီးသားဝက်သား အပိုင်းအစကို ငုံ့ကြည့်ရင်း မှင်တက်သွား၏။

ရှန်းကျင့်ကို သည်လိုမြင်လိုက်ရသော ရှန်းအန်းသည် ရှားရှားပါးပါး ပြုံးသွားတော့သည်။ အသား၏ဆွဲ‌ဆောင်မှုမှ ရုန်းကန်နေရသော ရှန်းကျင့်ကိုကြည့်ကာ နောက်ဆုံး ဆက်မစ,လိုက်တော့ပေ။

"စားပါ။ အားနဥ်သာ မင်းတို့နှစ်ယောက်လုံးအတွက် တစ်ခုခု ယူလာပေးမယ်ဆိုရင် အစ်ကိုကောင်းတစ်ယောက် လုပ်မယ်လို့ ပြောထားမလား"

မောင်နှမတစ်ဦးစီသည် ယနေ့တွင် အသားတစ်ပိုင်းစီကို ရရှိခဲ့ပြီး ရှန်းကျင့်သည် အစောပိုင်းက ပြင်းထန်စွာ အပြစ်ပေးခံရခြင်းအတွက် စိတ်မကောင်းဖြစ်သွားသောကြောင့် ဖြစ်မည်။ အပြန်အလှန်နားလည်မှုဖြင့် သူတို့သည် အနည်းငယ်မျှအရသာခံလိုက်ပြီး ရှောင်ယာကို မီးဖိုချောင်ထဲက သန့်ရှင်းသည့်ဟင်းရွက် နှစ်ရွက်ကို ယူလာခိုင်းလိုက်သည်။ ကျန်အသားများကို သပ်သပ်ရပ်ရပ် ထုပ်ပိုးပြီး ထွက်လာကြလေသည်။

ဒီရက်ပိုင်း၌ သူ့မရီးသည် သူတို့အား ကောင်းကောင်းကျွေးမွေးရန် ကြိုးစားနေတာကြောင့် သူနှင့် ညီမဖြစသူတို့ အသားစားဖို့ကိုပင် လက်လျော့ဖို့ စဉ်းစားနိုင်လိုက်ကြသည်ဟု ရှန်းအန်းက ထင်လိုက်၏။ လွန်ခဲ့သည့် ရက်အနည်းငယ်ကဆိုလျှင် သူသည် ဆန်တစ်စေ့ပင် မသဒ္ဒါချေ။

ရှန်းကျင့်သည် ရှန်းအန်း၏ အတွေးကို သတိမထားမိဘဲ သူ့ညီငယ်များ အသားစားနေကြောင်း ကြားလိုက်ရသဖြင့် ချက်ချင်းပင် တောက်ပလာသည်။

"ဒါဟာ အစ်ကိုကြီးတစ်ယောက်ဆိုတဲ့ အဓိပ္ပါယ်ပဲ"

သူသည် အနည်းငယ်မျှပင် အရှက်မရလိုက်ဘဲ စောစောက ဆူပူကြိမ်းမောင်းခံရခြင်း၏နာကြည်းမှုကိုပင် ပြေလျော့သွားတော့သည်။

ဆက်ငိုမနေတော့ဘဲ အသားစားရင်းနှင့်ပင် ကျေနပ်စွာ မတ်တပ်ရပ်လိုက်ပြီး သူ့မျက်လုံးများမှာ အနည်းငယ် ရောင်ရမ်းနေသော်လည်း ပြုံးပြလိုက်သည်။

……

အပိုင်း (၃၉.၂)

နေ့လည်ခင်းတွင် စန်းလော့ပြန်ရောက်သောအခါ သူမနှင့်ချင်ဖန်းညန်တို့အား ရွာဝင်ပေါက်ကို စောင့်ကြည့်နေသော ရွာသားများက ချက်ချင်း သတိပြုမိကြသည်။

နောက်တော့ ထင်သာမြင်သာရှိနေတဲ့ လက်တွန်းလှည်းကာ အာရုံကို ဆွဲဆောင်ထားတော့ ကြည့်နေတဲ့သူကို လက်ယှက်ခေါ်မိသလို ဖြစ်နေတာပဲ။ ဟုတ်တယ်မလား။

စန်းလော့သည် ရေပုံးများနှင့် အိုးခွက်ပန်းကန်များကို လမ်းသွယ်လေးထဲက သယ်ခဲ့မိသဖြင့် စိတ်သက်သာရာ ရသွားသည်။ ဟင်းသီးဟင်းရွက်များရောင်းသည့် ခြင်းတောင်းများနှင့် ခြင်းတောင်းအသစ်နှစ်လုံး၊ စပါးတစ်ထုပ်ကိုသာ လက်တွန်းလှည်းပေါ်တွင် ချန်ထားလိုက်၏။

ရွာသားများသည် စန်းလော့နှင့် သိပ်မရင်းနှီးသောကြောင့် အားလုံးက သူမအစား ချင်ဖန်းညန်ကိုသာ နှုတ်ဆက်ကြသည်။

"ဖန်းညန် အလေ့ကျပေါက်တဲ့ဟင်းသီးဟင်းရွက်တွေက ဒီလောက်ရောင်းကောင်းနေတာလား။ လှည်းတစ်စီးတောင် လိုတဲ့အထိလေ"

"ဖန်းညန်၊ ဘယ်လိုဟင်းရွက်မျိုးကို ရောင်းတာလဲ"

ချင်ဖန်းညန်သည် ရိုးသားသူပီပီ ယခုအခါတွင်တော့ အပြစ်ကင်းစင်စွာပြုံးလိုက်ပြီး နှိမ့်ချကာဖြင့် သူမ၏အမူအရာကို ထုတ်ပြထားလေသည်။

"အို... မဟုတ်တာ။ အားလီရဲ့ဇနီးက အိမ်ဆောက်နေလို့ မဟုတ်လား။ ကျွန်မတို့က ဆန်နည်းနည်းပါးပါးနဲ့ အိမ်သုံးပစ္စည်း အချို့ဝယ်ဖို့လိုအပ်လို့သာ လှည်းကို ယူလိုက်တာပါ။ အဲ့တာက သွားလာရင်းနဲ့လဲ အနားယူလို့ရတယ်လေ"

တောဟင်းရွက်တွေ ရောင်းကောင်းသလား ဒါမှမဟုတ် သူတို့ဝင်ငွေ ဘယ်လောက်ရလဲဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူမဟာ လိမ်ညာဖို့ မရွေးချယ်ဘဲ မေးခွန်းကို ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေသွားလိုက်ပါတယ်။

လမ်းတစ်လျှောက်တွင် နှစ်ယောက်သားသည် ထူးဆန်းသော အကြည့်များစွာဖြင့်အကြည့်ခံလိုက်ရသည်။ ချန်းးမိသားစု၏ ခြံဝင်းထဲသို့ရောက်သွားမှသာ သူတို့အား ဆန်းစစ်ကြည့်နေသော မျက်လုံးများမှ လွတ်ကင်းသွားသည်ဟု ခံစားမိသည်။

အထူးသဖြင့် ချန်းအဘွားသည် မနက်ခင်း၏အကောင်းဆုံးဟင်းပွဲအချို့ကို သူတို့အတွက် ချန်ထားပေးလိုက်သည်။ သူတို့ပြန်‌ရောက်လာတဲ့အခါ သူမက ပြန်နွှေးပြီး ကျွေးရန် အဆင်သင့်ဖြစ်နေပါပြီ။

သို့သော် စန်းလော့က သူမကို တားလိုက်၏။

"အဘွား၊ ဒီနေ့ နေအရမ်းပူတယ်။ အေးတာလေးတစ်ခုခု စားရင်ကောင်းမယ်"

စန်းလော့နှင့်ချင်ဖန်းညန်တို့ မျက်နှာသစ်၊လက်ဆေးပြီးနောက် စားကောင်းသောက်ဖွယ်များကိုစားရန် အဘွား၏ဘေးမှာ ထိုင်လိုက်၏။

ဈေး၌ နတ်သမီးတို့ဟူးရောင်းခြင်းမှ ရရှိသောငွေနှင့် ကုန်စုံဝယ်ရာမှပိုသော အပိုငွေများကို စုဆောင်းထားလိုက်သည်။

စန်းလော့သည် ပိုက်ဆံကိုမယူဘဲ နောက်နေ့တွင် ကုန်စုံသွားဝယ်ရာတွင်သာသုံးရန် အကြံပြုလိုက်၏။

အရေးကြီးသောကိစ္စများအား ဆွေးနွေးပြီးနောက်မှသာ အဘွားအိုသည် မနက်ခင်းက ပွဲအကြောင်းကို စန်းလော့အား ပြောပြလိုက်သည်။

သူမ၏ မူလခန္ဓာကိုယ်မှတ်ညဏ် ရှိနေသဖြင့် စန်းလော့သည် အံ့ဩမိသလို အံ့လဲ မအံ့ဩမိပေ။ သူမသည် လီရှီ၏စရိုက်ကို အနည်းငယ်သိထားပြီး ရှန်းစန်းနှင့်လီရှီတို့၏ တုံ့ပြန်မှုများကို လျစ်လျူရှုကာ သူတို့၏ စကားဝိုင်းကို မနှောင့်ယှက်ဘဲ သူမ၏ကိုယ်ပိုင်ဘဝကိုသာ အာရုံစိုက်နေထိုင်လိုက်၏။

အဲ့လိုမကောင်းတဲ့လူတွေအကြောင်း စဉ်းစားပြီး ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခအဖြစ်ခံရမှာလဲ။ ဒါက ဘဝကို သည်းမခံနိုင်အောင် မွန်းကျပ်စေမှာ မလား။

သူမ၏ယခင်ဘဝတွင် ဖျားနာမှုနှင့်နာကျင်မှုကို လုံလုံလောက်လောက် ခံစားခဲ့ရပြီးနောက် စန်းလော့သည် သူမဘဝကို သူမ ပိုမိုခက်ခဲအောင် လုပ်တော့မည် မဟုတ်ပေ။

စန်းလော့၏ရပ်တည်မှုကို နားလည်လိုက်သည်တွင် ချန်းအဘွားသည် စိတ်သက်သာရာ ရသွားလေသည်။

အချိန်ဆွဲမနေတော့ဘဲ စန်းလော့သည် စားပြီးသည်နှင့် သူမဝယ်ထားသော အသစ်စက်စက် စပါးလှေ့သည့် ဇကောနှစ်ချက်ကို အိမ်သို့ သယ်သွားလိုက်သည်။ လမ်းတစ်လျှောက်တွင် ရွာသားများက သူမအား တလေးတစား အသိအမှတ်ပြုလိုက်ကြသော်လည်း ယခုတစ်ကြိမ်တွင် အများအပြားက သူမအား တက်ကြွစွာ နှုတ်ဆက်ကြသည်။

သူတို့သည် နွေးထွေးဖော်ရွေသောအပြုံးများဖြင့် "အားလီရဲ့မိန်းမ" ဟု နှုတ်ဆက်ကြလေသည်။

စန်းလော့သည် သူမအား နှုတ်ဆက်သူတိုင်းကို မမှတ်မိသော်လည်း မည်သူ့ကိုမျှ စော်ကားလိုခြင်းမရှိတာကြောင့် အပြုံးဖြင့် ပြန်လည်နှုတ်ဆက်လိုက်သည်။

သူမ၏ ကောက်ရိုးတဲဆီသို့ ချဉ်းကပ်လာသောအခါတွင် အိမ်အပြင်ဘက်၌ ခုတ်လှဲထားသော သစ်ပင်လေးပင်ကို မြင်လိုက်ရ၏။ အကိုင်းအခက် အရွက်များကိုတော့ တောထဲမှာပင် ရှင်းလင်းပစ်လိုက်ပုံပေါ်သည်။ သစ်ပင်အမျိုးအစားများနှင့် မရင်းနှီးသောစန်းလော့သည် တော်သင့်အောင်ရှိသည့် ထုထည်ကို သတိပြုမိလိုက်သည်။

အိမ်ရဲ့အနောက်ဘက်ကို လှမ်းကြည့်လိုက်တော့ ကလေးခုနစ်ယောက် အလုပ်ရှုပ်နေကြတာကို တွေ့လိုက်ရတယ်။

ချန်းအဘွားပြောလိုက်သည့်စကားကို သတိရကာ သူမသည် မကြာသေးမီက ငိုထားသည့်အရိပ်အယောင်အား မပြဘဲ အားသွန်ခွန်စိုက် တူးဖော်နေသည့် ရှန်းကျင့်ကို အနီးကပ်ကြည့်လိုက်သည်။

ခါတိုင်းလိုပင် ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် ပစ္စည်းများကိုကူညီရန် အလျင်အမြန်ရောက်လာကြ၏။ အိမ်ထဲ ပြန်ရောက်လာသည့် စန်းလော့သည် ရှန်းအန်းကို မေးလိုက်၏။

"မောင်လေးရဲ့ဝမ်းကွဲတွေကို ဒီမှာအလုပ် မလုပ်တော့ဖို့ပြောသင့်တယ် ထင်တယ်။ အက်ကြောင်းမရှိတဲ့ နံရံဆိုတာ မရှိဘူး။ ပြီးတော့ သူတို့အမေသာ သိသွားရင် သူတို့ အပြစ်ပေးခံနေရအုံးမယ်"

ရှန်းအန်းသည် ကြိတ်မှိတ်လက်ခံထားရသောအမူအရာဖြင့် တုံ့ပြန်လိုက်သည်။

"သူတို့ကို ဒီမနက်ကတင် ပြောထားပါတယ်။ ဒါပေမယ့် သူတို့က ပြန်မသွားကြဘူး"

ရှန်းအန်းသည် ဝက်သားနှပ် အတုံးကြီးတစ်ခုကို ပေးလိုက်ပြီးမှ မှန်ကန်သည့်အချိန်ကို ရွေးချယ်ခဲ့ခြင်းမဟုတ်ဟု ခံစားမိလေတော့သည်။ အဲဒီ‌နောက်မှာတော့ သူတို့တွေ ထပ်မလာတော့ဖို့ ဘယ်လိုလုပ်ပြီး မျှော်လင့်လို့ရတော့မှာလဲ။

စန်းလော့က တစ်ခစ်ခစ်ရယ်လိုက်ပြီး

"ကဲပါ၊ ရှိပါစေတော့"

နောက်ဆုံး သူ့ရဲ့ ကလေးအရင်းပဲမလား။ စိတ်ဆိုးနေပေမယ့်လည်း လီရှီက သူ့ကို ပြင်းပြင်းထန်ထန် ရိုက်ပါ့မလား။

သူမက လွှတ်ထားရန် ဆုံးဖြတ်လိုက်လေသည်။

ခန္ဓာကိုယ်အားနည်းခြင်းကြောင့် ဖြစ်မည်။ နံနက်မိုးလင်းမှ နေ့ခင်းအထိ မမောမပန်း အလုပ်လုပ်ထားသော စန်းလော့သည် ယခုအချိန်တွင် အလွန် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။

သူမအိမ်ထဲက ခြင်းတောင်းကို လှမ်းကြည့်တော့ အပြည့်ရှိနေတာကို တွေ့လိုက်ရသည်။ အပေါ်တွင်ရှိသော တောဟင်းရွက်များကို ခွဲထုတ်လိုက်သည့်အခါ အောက်တွင် ထူထပ်စွာထုပ်ပိုးထားသော နတ်သမီးသစ်ရွက်များ ပေါ်ထွက်လာသည်။

စိတ်သက်သာရာရသွားသော စန်းလော့သည် သူမဝယ်လာသော ခြင်းတောင်းအသစ်နှစ်ခုကို ရှန်းအန်းထံသို့ လက်လွှဲပေးလိုက်သည်။

"ငါတို့ ဒီနေ့ မြေကွက်ငယ်ကို ရှင်းလင်းပြီးပြီ။ မနက်ဖြန်ဆိုရင် စိုက်ပျိုးမြေကို ပြင်ဆင်ဖို့ မြေဆွေး၊ သစ်ရွက်ဆွေးတွေကို စုဆောင်းမယ်။ ရာသီအလိုက် အသီးအနှံများအတွက် မျိုးစေ့တွေကို စပြီး ကြဲကြမယ်"

ရှန်းအန်းသည် အသစ်စက်စက် ဝါးခြင်းတောင်းကို ကြည့်ပြီး ဝမ်းသာအားရ ဖြစ်နေသည်။ သူသည် စိတ်အားထက်သန်စွာဖြင့် တုံ့ပြန်လိုက်၏။

"မြေတစ်ပိုင်းကို စဖို့ မနက်ဖြန် မြေဆွေး လုံလုံလောက်လောက် သွားယူလိုက်မယ်၊ အဒေါ်ချန်းကို ဘာတွေ ဘယ်လို စိုက်ပျိုးရမလဲဆိုတာ မေးလိုက်မယ်။ မကြီး၊ တစ်နေ့လုံးအလုပ်ပင်ပန်းလာတာ အခုတော့ အနားယူသင့်ပြီ"

စန်းလော့သည် ဤကိစ္စများအတွက် စိတ်မပူသင့်ဘူးဟု သွယ်ဝိုက်ပြောဆိုခြင်းဖြစ်သည်။

စန်းလော့ ပြုံးလိုက်၏။ အမှန်ပင် သူမသည် ဆယ့်ငါးမိနစ်မျှပင်လျှင် တစ်ရေးတစ်မော အိပ်ဖို့လိုအပ်နေ၏။ ခဏတာအနားယူခြင်းသည် သူမ၏ပင်ပန်းနွမ်းနယ်မှုကို ‌သက်သာစေနိုင်သည်။

ခဏလောက်နေလျှင် သူမကို နိုးပေးဖို့ ရှန်းအန်းကို မှာထားလိုက်ကာ အစာကြေအောင် ခဏလောက် မတ်တပ်ရပ်လိုက်ပြီးမှ ကုတင်ပေါ်တွင် လဲလျောင်းကာ မျက်လုံးများကို ပိတ်လိုက်ပြီး အိတ်လိုက်တော့သည်။

အာရုံထွေပြားသည့် အတွေးများမှ ကင်းဝေးပြီး ခေါင်းအုံးနှင့် ထိလိုက်သည်နှင့် အိပ်ပျော်သွားလေသည်။ ရှန်းအန်း၏ခေါ်သံကြောင့် နိုးလာသောအခါတွင် သူမ၏ပင်ပန်းနွမ်းနယ်မှု အများစုမှာ ပျောက်ကွယ်သွားတော့သည်။

ကောင်းကင်ကိုကြည့်ရင်း နေ့လည်နှစ်နာရီဝန်းကျင်ရှိပြီဟု ခန့်မှန်းလိုက်၏။ မနေ့က အဘွား ပေးလိုက်သော မြွေရန်ကာကွယ်သည့်ဆေးမှုန့်ကို ထုတ်လိုက်ပြီး ဘောင်းဘီအဖျားနှင့် ခြေအိတ်များတွင် ဖြန်းလိုက်ပြီး အဝတ်စနှင့် တင်းကျပ်စွာ ချည်နှောင်လိုက်လေသည်။

ထို့နောက် သူမသည် နတ်သမီးသစ်ပင်အရွက်များကို စည်ပိုင်းအလွတ်တစ်ခုထဲသို့ ထည့်ကာ ခြင်းတောင်းအား ရှင်းလင်းလိုက်သည်။ သူတို့အိမ်မှာရှိသည့် တစ်ခုတည်းသော အသုံးတည့်သည့်ပစ္စည်းနှစ်ခုဖြစ်သော တံစဉ်နှင့်ကျောက်ပုဆိန်တစ်ခုကို ယူပြီး ရှန်းအန်းအား မှာထားလိုက်ကာ တောင်များဆီသို့ ထွက်ခွာသွားလိုက်သည်။

နတ်သမီးတို့ဟူးအတွက် ပါဝင်ပစ္စည်းများမှာ ရာသီအလိုက်ဖြစ်ပြီး ရောင်းချရန် တစ်လသာကျန်တော့သည်။ သူမသည် အမြတ်အစွန်းရနိုင်မည့် တောင်ပေါ်ပစ္စည်းများကို ရှာဖွေရန် လိုအပ်သည်။

စန်းလော့ထွက်သွားသည်ကို မြင်သောရှန်းကျင့်သည် ရှန်းအန်းနားသို့ ချဉ်းကပ်သွားလိုက်၏။

"မကြီးက တောဟင်းရွက်တွေရှာဖို့ ထပ်ပြီး တောင်တန်းတွေဆီကို သွားတာလား။ ဘယ်လိုဟင်းရွက်မျိုးလဲ။ ကျွန်တော်လဲ အရွက်တစ်ချို့ကို ကူပြီးခူးပေးနိုင်ပါတယ်"

သူ၏ "မကြီး"ဟု သာမန်ကာလျှံကာသုံးနှုန်းခြင်းနှင့် ရင်းနှီးလွန်းသောလေသံကြောင့် ရှန်းအန်းထံမှ အကြည့်တစ်ချက်ရရှိပြီး အလွန်နီးကပ်လာသည့် ဦးခေါင်းကို အဖတ်မလုပ်ဘဲ တွန်းဖယ်ကာ ခပ်ပြတ်ပြတ်ပြောလိုက်သည်။

"ကိုယ့်အလုပ် ကိုယ်လုပ်စမ်းပါ”

အစားအစာပေးရုံနဲ့ မလုံလောက်ဘဲ သူတို့မရီး၏ချစ်ခင်မှုကို သိမ်းပိုက်ရန် ကြိုးစားနေပုံရသည်။

ရှန်းကျင့်သည် ရှန်းအန်း၏ ရှုံ့မဲ့သောအမူအရာကို သတိထားမိပြီး ရှန်းအန်း၏တွက်ကပ်နေမှုကို အတွင်းစိတ်တွင် ငြီးတွားလျက် သူ့ကိုယ်သူ တွေးနေမိသည်။ သူက ဘာလို့ မရီးလို့ ခေါ်လို့ မရရမှာလဲ။ စကားလုံးတိုင်းက ရှန်းအန်းကို စိတ်ပျက်သွားစေပုံရသည်။

သို့တိုင် ယခုတွင်တော့ သူ့စိတ်ထဲ၌သာ ငြီးတွားရဲသည်။ ရှန်းအန်းသည် ထိုနေ့အစောပိုင်းက သူ့အတွက် မုန်ညင်းစိမ်းနှင့် အရသာရှိသော ဝက်သားနှပ်များကို ချန်ထားပေးလိုက်သည့်အတွက် ကျေးဇူးတင်စွာဖြင့် သတိရမိသည်။

……

ယောက်ျားလေးများ၏ မသိမသာ ပြိုင်ဆိုင်မှုများကို သတိမထားမိဘဲ အဘွားချန်းထံမှ မြွေနှင်ဆေးမှုန့်ကို သုံးပြီး စန်းလော့သည် အနီးနားရှိ သွား‌နေကျတောင်ကုန်းများကို ကျော်လွန်ပြီး ပထမဆုံးအကြိမ် စွန့်စားသွားလိုက်သည်။

ဝါးကိုင်းကို ခုတ်ထစ်ပြီး အကိုင်းအခက် အရွက်များကို ဖယ်ကာ ပင်စည်ကိုသာ ချန်ထားသည်။ အဖျားပိုင်းဧရိယာများကို ဖြတ်ကျော်ပြီး ပိုမိုနက်ရှိုင်းသော တောင်တန်းများအတွင်းသို့ စွန့်စားကာ ယခင်က မစူးစမ်းရသေးသော နယ်မြေသို့ ဦးတည်သွားလိုက်သည်။

ဤနေရာရှိ လမ်းကြောင်းများသည် သွားလာမှုနည်းပါးကြောင်း ထင်ရှားသည်။ ခြေရာတိမ်ပြီး အပြင်ဘက်တောင်တန်းများထက်ပိုပြီး မကြာခဏပေါက်လေ့ရှိသော ချုံနွယ်ပိတ်ပေါင်းထူထပ်သောလမ်းက စတင်လေသည်။

မကြာခဏဆိုသလို သူမသည် သစ်ရွက်များမှာလဲ တစ်ဖျတ်ဖျတ်လွင့်အောင် လုပ်ပြီး ခြုံအတွင်းမှ သတ္တဝါများကို ခြောက်လန့်လိုက်သည်။ တစ်ခါတစ်လေ ခြေနှစ်ချောင်းနှင့်မြွေတစ်မျိုး (Eupodophis -အလယ်ခေတ်က ပျောက်ကွယ်ပြီးသား ကင်းလိပ်လျှောနဲ့မြွေမျိုးစပ်ထားတဲ့ မျိုးတုန်းသတ္တဝါ) တွေ့ရတတ်ပြီး အခြားအချိန်များတွင် သူမသည် ထိုအကောင် ပျေက်မသွားခင် အမျိုးအစားကိုပင် မခွဲနိုင်လိုက်ပေ။

မြွေသတ်ဆေးမှုန့်ပါရှိသော်လည်း စန်းလော့သည် သတိကြီးစွာဖြင့် အရှိန်ကိုလျော့ကာ ရှေ့ဆက်မသွားမီ မြက်နှင့်သစ်ရွက်များကို ဂရုတစိုက်စစ်ဆေးသည်။

စွန့်စားမှုအတွင်းတွင် အသွားအလာနည်းသည့် နေရာက သဘာဝအရင်းအမြစ်များ ပိုမိုကြွယ်ဝမည့်အလားအလာရှိ၏။ အထူးသဖြင့် သူမ၏ယခင်ဘဝတွင် တောင်တန်းများ၌ နှစ်အတော်ကြာနေထိုင်ခဲ့ပြီး တောင်တန်းလူနေမှုပုံစံနှင့် သေးငယ်သောစမ်းချောင်းမှ သဘာဝလက်ဆောင်များအား မျှဝေသော စန်းလော့ကဲ့သို့သော တစ်စုံတစ်ယောက်အတွက်ဖြစ်သည်။

ဥပမာ အခုတွေ တွေ့လိုက်တဲ့ အရာကို ကြည့်လိုက်လေ - တကယ်တန်ဖိုးရှိတဲ့အရာပဲ။

ဝဥ!

ဝေလုံ(ဝဥ)ကိုကြားဖူးလား။ ဝဥသရေစာ၊ သက်သတ်လွတ် အမဲအူကြမ်းအစပ်နဲ့ ဝဥဂျယ်လီ။

ရှာဖွေတွေ့ရှိမှုကြောင့် စန်းလော့၏ မျက်လုံးများ တောက်ပလာသည်။

သူမက အနီးကပ်သွားပြီး စူးစမ်းကြည့်လိုက်၏။ ဟုတ်ပါသည်။ အချိန်နှင့်နေရာ မတူညီသော်လည်း၊ ထိုအရာများသည် အမှန်တကယ်ပင် တူညီသောမျိုးစိတ်များဖြစ်သည်။ ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ မြေကွက်ကြီးနှစ်ခုကို တွေ့လိုက်ရ၏။

လူနာပြက္ခဒိန်အရ ၈လပိုင်း အလယ်ဖြစ်ပြီး ကောက်နှံရိတ်သိမ်းဖို့အတွက် သင့်လျော်သောအချိန်ဖြစ်သည်။ သို့သော် စန်းလော့က စိတ်ထိန်းထားလိုက်၏။ ပထမအနေဖြင့် အိမ်၌ စပ်စုနေသော မျက်လုံးများစွာရှိပြီး ဒုတိယအနေဖြင့် သူမထံတွင် ရိတ်သိမ်းခြင်းနှင့် ဆက်လက်လုပ်ဆောင်ရန်အတွက် သင့်လျော်သောပစ္စည်းများ မရှိသောကြောင့်ဖြစ်သည်။

အချိန်ကြာကြာအထားခံနိုင်ရန် အခွံခွာခြင်း၊ လှီးဖြတ်ခြင်း၊ အခြောက်ခံခြင်းနှင့် အမှုန့်ဖြစ်အောင် ကြိတ်ချေခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ သေသေချာချာသိုလှောင်ထားပါက တစ်နှစ်မျှကြာရှည်ခံနိုင်၏။

စန်းလော့သည် သူမ၏ဝါးဓားမှာ အလုပ်ဖြစ်လိမ့်မည်ဟု မထင်လိုက်ပေ။ သူမသည် မနက်ဖြန်မှသာ ချန်းမိသားစုထံမှ မီးဖိုချောင်သုံးဓားနှင့် ပေါက်ပြားကို ငှားရန်စီစဉ်လိုက်သည်။

ဝဥရှာတွေ့ခြင်းသည် သူမ၏စိတ်ဓာတ်ကို မြင့်တက်ပေးလိုက်သည်။ စိတ်အေးလက်အေးနှင့်ပျော်ရွှင်စွာဖြင့် နောက်ထပ်စွန့်စားရင်း တန်ဖိုးရှိသည့် နောက်ထပ်ပစ္စည်းတစ်ခုကို ရှာတွေ့လိုက်သည်ဟု တွေးလိုက်၏။

သူမ၏တံစဉ်ဖြင့် ချုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းပြီး သစ်ကိုင်းများကိုဘေးသို့ တွန်းထုတ်ကာ သူမ ရှာတွေ့ထားသည့်အရာကို အတည်ပြုရန် ချဉ်းကပ်လာလေသည်။ ထိုအရာသည် တောင်ပိုင်းစွံပလွန်သီးများဖြစ်ပေ၏။

ဤစွံပလွန်သီးများသည် ယခုအချိန်တွင်မှည့်သင့်နေပြီဖြစ်သည်။ နီးကပ်လာသည်နှင့်အမျှ မြေပြင်ပေါ်ကြွေကျထားသော အသီးမှည့်များကို မြင်လိုက်ရသည်တွင် စန်းလော့၏ အပြုံးသည် သိသာလာသည်။

အကောင်းဆုံးပဲ။ ဒါက ဒီနေ့ ငါ ပြန်ယူသွားလို့ရနိုင်မဲ့ ပစ္စည်းပဲ။

...

အပိုင်း (၄၀)

ဘေးပတ်ဝန်းကျင်တွင် အန္တရာယ်ရှိသော တိရစ္ဆာန်များမရှိကြောင်း သေချာပြီးနောက် စန်းလော့သည် ထူထပ်သော ချုံပုတ်များကို ဖြတ်၍ ဆောင့်ကြောင့်ထိုင်ကာ သစ်သီးတစ်လုံးကို ကောက်ယူပြီး သူမ၏ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။

သူမသည် ထိုအသီးကိုဖုန်သုတ်လိုက်ပြီး အခွံနွှာပြီးနောက် အသားကိုမြင်သည်နှင့် မထိန်းနိုင်တော့ဘဲ သူမ၏ပါးစပ်မှ သွားရည်များစီးကျလာလေသည်။

ထိုအသီးကို ကိုက်လိုက်သောအခါတွင် မူလအချိုဓာတ်သည် ချဉ်သောအရသာသို့ ပြောင်းသွားပြီး သူမမျက်နှာတစ်ခုလုံးအား ရှုံ့တွသွားစေသည်။

အမလေး ချဉ်တူးနေတာပဲ။

အသီးကိုကိုက်ပြီးနောက် အချဉ်ဓာတ်ကို ခံစားလိုက်ပြီးနောက်တွင်တော့ ကျန်ရှိနေသည်များကို တောထဲသို့ပစ်ထားလိုက်သည်။

ရှီလီရွာသည် အမှန်တကယ်ပင် တောတောင်များ မချို့တဲ့ခဲ့ပေ။ မိသားစုတိုင်းတွင် ရွာပတ်လည်၌ တောင်ကုန်းများစွာရှိ၏။ အထဲသို့နည်းနည်းထပ်ဝင်လိုက်ပြီး လူအသွားအလာနည်းသည့် နေရာတွင်တော့ မှည့်နေသောစွံပလွန်သီးများသည် အနှောင့်အယှက်ကင်းစွာဖြင့် မြေပင်ပေါ်သို့ကြွေကျနေလေသည်။ သူက ဆယ်လုံးကို‌ခူးယူလိုက်သော်လည်း သုံးလုံးမှာပျက်စီး(ပုပ်ပြဲ) နေပြီးဖြစ်သည်။

ဒါဟာ ဖြုန်းတီးခြင်းမဟုတ်ပေ။ စန်းလော့သည် ပုပ်နေသောအသီးများကို သည်အတိုင်း ဘေးသို့ပစ်ထားလိုက်၏။

အကောင်းဆုံးစွံပလွန်သီးများမှာ သဘာဝအတိုင်း မှည့်ပြီး ကြွေကျကာ အရသာရှိလှသည်။ မြေကြီးပေါ်တွင် ထိုအသီးများဖြင့် ပြန့်ကျဲနေပြီး သူမသည် ကိုင်းများကို လှုပ်ခါပေးရန်သာလိုအပ်၏။

သူမက ကောင်းမွန်သည့်အသီးများကို သီးသန့်ရွေးယူလိုက်ပြီး ပုပ်နေသည်များကို လွှင့်ပစ်ရင်းဖြင့်ပင် ခြင်းတောင်း တစ်ဝက်အပြည့်ဖြစ်အောင် အလျင်အမြန် ထည့်လိုက်လေသည်။

ဆက်လက်ရှာဖွေရင်းဖြင့် စန်းလော့သည် နောက်ထပ်တစ်ပင်ကို ရှာတွေ့သွားပြီး သူမ၏ဆွတ်ခူးခြင်းအပေါ် စိတ်ကျေနပ်ရင်း ခြင်းတောင်းပြည့်ခါနီးမှသာ ရပ်တန့်လိုက်၏။

အပြန်ခရီးလမ်းတွင်တော့ သူမသည် တောဟင်းရွက်များကိုခူးပြီး ခြင်းတောင်းပေါ်တွင် အုပ်လာခဲ့လိုက်သည်။

တောင်ပေါ်လမ်းများသည် သွားလာရန်ခက်ခဲ၏။ သူမ တောင်ပေါ်သို့ ချဉ်းကပ်လာသောအခါတွင် ခုတ်ထားသစ်လုံးကို သယ်ဆောင်ထားသည့် ချန်းလောင်ဟန်နှင့်သူ့အဖွဲ့ကို တွေ့လိုက်ရသည်။ သူမ၏ခြင်းတောင်းကို မြင်တော့ ချန်းလောင်ဟန်က ရွှင်မြူးစွာမေးလိုက်၏။

"တောင်ပေါ်က ပြန်လာတာလား"

အသက်အရွယ်ကြီးသည့် လယ်သမားများသည် သဘာဝအားဖြင့် အလုပ်ကြိုးစားသူများကို အသိအမှတ်ပြုကြသည်။

စန်းလော့သည်လည်း အပြုံးနှင့်ပြန်ဖြေလိုက်၏။

"ဟုတ်ကဲ့၊ မနက်ဖြန်ရောင်းဖို့အတွက် တောဟင်းရွက်ခူးလာတာပါ။ ဒီနေ့တော့ ဦးလေးတို့အားလုံး အလုပ်ကြိုးစားကြရမယ်ထင်တယ်"

ခဏတာ စကားစမြည်ပြောနေစဉ်တွင် ရှီအာ့လန်နှင့် အခြားသူများသည် သိချင်စိတ်ကြောင့် ဒရင်ကောက်ပင်များနှင့် ပြည့်နေသည့် ခြင်းတောင်းကို ကြည့်လိုက်ကြသည်။

တိုက်ရိုက်မမေးဝံ့ဘဲ စန်းလော့ စကားမဆုံးမချင်း စောင့်ဆိုင်းနေလိုက်သည်။ သူမ ထွက်သွားပြီးသည်နှင့် ရှီအာ့လန်သည် ချန်းယိုထျန်းအား အသံတိုးတိုးဖြင့် မေးလိုက်၏။

"မင်းရဲ့မိန်းမနဲ့ အားလီရဲ့မိန်းမက တစ်ကယ်ပဲ ဒရင်ကောက်ပင်တွေ ရောင်းဖို့ စီရင်စုကိုသွားနေတာလား။ လူတွေကရော အဲ့တာတွေကို တစ်ကယ် ဝယ်လို့မလား"

အမြဲတစေရိုးသားသူ ချန်းယိုထျန်းက ပြန်ဖြေလိုက်၏။

"အဲ့မှာတောင်တန်းတွေမရှိလို့ စီရင်စုမှာရှိတဲ့ လူတစ်ချို့ကတော့ ဝယ်လိမ့်မယ်။ ဝမ်တစ်ဝမ်နဲ့ လက်တစ်ဆုပ်စာလောက် အနည်းငယ်ရမှာမလို့ တစ်ချို့ကတော့ ဝယ်ချင်စိတ်ရှိလောက်တယ်"

စန်းလော့၏စီးပွားရေးနှင့်ပတ်သက်ပြီး အများကြီးထုတ်မပြောရန် သူ့အမေနှင့်မိန်းမ၏ ညွှန်ကြားချက်ကို သတိရရင်း ထပ်ပြောလိုက်၏။

"ဒါပေမယ့် အများကြီးတော့ မဝယ်ကြပါဘူး။ အဲ့တာတွေက သာမန်ဟင်းရွက်တွေလောက်တော့ အရသာမရှိဘူး။ ပြီးတော့ မြို့ဝင်ကြေးနဲ့ ဈေးခွန်တွေကြောင့်လဲ အမြတ်သိပ်မကျန်ဘူး။ ငါတို့က အများကြီးမရောင်းဘူးမလို့ ဝင်ငွေလဲ နည်းတယ်"

သူ့အဆိုက မှန်ကန်ပါတယ်။ ခူးယူလာတဲ့ တောဟင်းရွက်တွေ အကုန်လုံးက ရောင်းရတာမဟုတ်ဘူး။ ဝမ် နည်းနည်းပါးပါး ရှာနိုင်တာကိုပဲ ဟုတ်နေပြီလို့ မှတ်ရမှာ။

ရှီအာ့လန်မှာ စန်းလော့သည် ဟင်းရွက်များကို ရောင်းရန် မလွယ်ကူသော်လည်း အဘယ်ကြောင့်ဤမျှခူးခဲ့သနည်းဟု အထူးအဆန်းဖြစ်ခဲ့ရသည်။

ချန်းယိုထျန်း၏ရိုးသားမှုကို ဆယ်စုနှစ်များစွာကြာ သိမြင်ခဲ့ပြီး ရှီအာ့လန်မှာ 'လက်တစ်ဆုပ်စာ' သည် အလွန်ကြီးမားနိုင်သည်ကို တွေးတောလိုက်လေ၏။

ပမာဏကိုတွေးဆကြည့်ရင်း လက်နှစ်ဆုပ်စာကို ဝမ်တစ်ဝမ်နှင့် ရောင်းခြင်းအား ယုံရခက်နေသည်။ တောင်တွေပေါ်မှာက တောဟင်းရွက်တွေပေါများတော့ အလွယ်တကူခူးယူလို့ရတာပေါ့။

ဤအတိုင်းတွေးတောလိုက်ပြီး ရှီအာ့လန်သည် ချန်းယိုထျန်း၏ဖြစ်နိုင်ချေရှိသော အလိမ်အညာကို ဖုံးကွယ်ပေးရန် မရည်ရွယ်ပဲ ကူညီပေးလိုက်သကဲ့သို့ ခံစားလိုက်ရ၏။

ကောက်ရိုးတဲကိုရောက်သည်နှင့် ခုတ်လှဲလာသောသစ်ပင်ကိုချလိုက်ကာ ချန်းလောင်ဟန်သည် နောက်မှလိုက်ပါလာသော စန်းလော့ကို ပြောလိုက်၏။

"အားလီရဲ့မိန်းမရေ၊ ကျေးဇူးပြုပြီး အိမ်အရွယ်အစားအတိအကျလေးနဲ့ ဘယ်နေရာမှာဘာကို ဆောက်မယ်ဆိုတာကို မှတ်ထားပေးနော်။ ဒါမှ အုတ်အတွက် ရွှံ့တွေပြန်ယူတဲ့အခါ ဘယ်လိုလုပ်ရမလဲဆိုတာကို သိမှာ။ အခြေခံအုတ်မြစ်အတွက် ပြင်ဆင်ဖို့ မြေတွေရှင်းပြီး ကျောက်တုံးတူးတာရော အမြစ်တွေနဲ့ပတ်သက်ပြီးတော့ရော စတင်နိုင်လိမ့်မယ်"

စိတ်အားထက်သန်စွာဖြင့် စန်းလော့သည် တုံ့ပြန်ခဲ့၏။

"ကောင်းပါပြီ၊ အထဲကို ခြင်းတောင်းထည့်ပြီးတာနဲ့ ချက်ခြင်းပြန်ထွက်လာပါ့မယ်"

ရှီအာ့လန်နှင့်အခြားသူများသည် သူတို့ကူဆောက်ပေးနေသော အိမ်အား ကောင်းစွာနားလည်ရန် စောင့်ဆိုင်းရင်း အနားယူခဲ့ကြသည်။ ရှင်းလင်းသည့် စိတ်ကူးတစ်ခုရှိရန်သည်လည်း အရေးပါ၏။

သောစန်းလော့သည် အလျင်အမြန်ပြန်ရောက်လာပြီး သူမ၏လက်ရှိတဲမှထွက်လာကာ အလုပ်လုပ်နေသောအဖွဲ့ဆီသို့ ဦးတည်သွားလိုက်၏။

"ဒီမှာ ရေချိုးခန်းဆောက်ရအောင်။ ကျွန်မတို့မွေးရပ်မှာဆို မီးဖိုချောင်တွေနဲ့ အိမ်သာတွေရဲ့အရေးကြီးပုံကို အလေးထားကြတယ်။ အိမ်သာတွေက အများအားဖြင့်တော့ ခြံရဲ့အရှေ့မြောက်မှာ ရှိတယ်။ ဒီရေချိုးခန်းကလဲ ဒီနေရာမှာပဲ အဆင်ပြေလိမ့်မယ်"

ဒါက ရေချိုးခြင်းနဲ့ မှောင်ကြီးမဲတည်းထဲ ညရေးညတာသွားဖို့ကို ပိုလွယ်ကူစေမှာ။ အထူးသဖြင့် ပြင်းပြင်းထန်ထန်အေးတဲ့ ဆောင်းရာသီမှာပေါ့။

ချန်းလောင်ဟန်သည် နေ့စဉ်ချက်ခြင်းသန့်ရှင်းရေး လုပ်လို့ရသည့် စန်းလော့ပြောသည့် ‘အပေါ့အိုး’ အကြောင်းကို သိပြီးဖြစ်လေသည်။ ပင်မအိမ်နှင့်နီးကပ်သည့်တိုင် မည်သည့်ပြဿနာမျှမရှိသည်ကို မြင်ပြီး ခေါင်းညိတ်သဘောတူလိုက်သည်။

ရှီအာ့လန်နှင့်အခြားသူများမှာ ဇဝေဇဝါဖြစ်သွားကြ၏။ 'ရေချိုးခန်း' နဲ့ 'အိမ်သာ'က ဘာကိုဆိုလိုတာလဲ။ အိမ်သာဆိုတာ အပြင်မှာရှိနေတာကို ပြောတာမဟုတ်ဘူးလား။ ရေချိုးခန်းနဲ့ကရော ဘယ်လို ဆက်စပ်နေတာလဲ။

ကျေးလက်ဒေသများတွင် ရေချိုးရန်နေရာသီးသန့်ထားရှိခြင်းမှာ ရှားပါ၏။ အမျိုးသားများသည် မြစ်ထဲတွင်ရေချိုးလေ့ရှိပြီး နွေရာသီတွင် အိမ်တွင်းရှိ အင်တုံကိုအသုံးပြုကြပြီး နောက်မှသာ ရေကို အပြင်သို့ သွန်ပစ်ကြသည်။ အဘယ်ကြောင့် သီးခြားရေချိုးခန်းလိုအပ်မည်နည်း။

စန်းလော့နှင့်ကောင်းစွာမရင်းနှီးသည့် သူတို့သည် တိုက်ရိုက်မေးမြန်းရန် ချီတုံချတုံဖြစ်နေကြသည်။ သူတို့၏မေးခွန်းများကို နောက်မှသာ ချန်းမိသားစုနှင့်ဆွေးနွေးရန် မြိုသိပ်ထားလိုက်ကြ၏။

ချန်းယိုထျန်းသည် စန်းလော့၏အမူအရာကို သတိပြုမိကာ တဲအနောက်ဘက်ရှိကလေးများ ရှင်းလင်းနေသောမြေကွက်ဆီသို့ ခေတ္တထွက်သွားခဲ့သည်။ ထိုကလေးငယ်များတူးထားသော ကျောက်တုံးများထဲမှ သေးငယ်သည့်ကျောက်တုံးအချို့ကို ရွေးကာ အမှတ်အသားလုပ်ထားသည့်နေရာသို့ ကူသယ်ရန် သူတို့အားခေါ်လိုက်၏။

စန်းလော့ ရှင်းပြသည့်အတိုင်း သူသည် နံရံများ၊ တံခါးများနှင့် ပြတင်းပေါက်များရှိမည့်နေရာကို ရှင်းလင်းပြတ်သားစွာပုံဖော်ကာ မျဉ်းကြောင်းများကို မှတ်သားရန် ကျောက်တုံးများကို အသုံးပြုပြီး အသေးစိတ်တစ်ခုစီအတွက် သူမနှင့်ဆွေးနွေးတိုင်ပင်ခဲ့သည်။

ကလေးငယ်များသည် သူတို့၏တာဝန်မှာပျော်စရာကောင်းပြီး ဂိမ်းတစ်ခုနှင့်ပင်တူသောကြောင့် ကျောက်တုံးများကို အမှတ်အသားလုပ်ထားသောနေရာသို့ စိတ်လှုပ်ရှားစွာဖြင့် သယ်လာကြသည်။ ရှန်းအန်းသည် သူ့ကိုယ်ပိုင်အိမ်ဆောက်လုပ်ရေး အတွေ့အကြုံကြောင့် ပို၍လေးလေးနက်နက်ဖြင့် တိတ်တဆိတ် ကူညီကာ နားထောင်၏။

စန်းလော့က ကျောက်တုံးများကိုသုံး၍ အမှတ်အသားပြုလုပ်ခြင်းမှာ အဆင်ပြေကြောင်းကို တွေ့လိုက်ရသည်။ ရှန်းအန်းပေးထားသော ကျောက်ခဲအနည်းငယ်ကို ကိုင်ထားရင်း ဘယ်ဘက်အရှေ့သို့ ခြေလှမ်းအနည်းငယ်ရွှေ့ကာ ပြောလိုက်၏။

"မီးဖိုချောင်ကို ဒီမှာ ဆောက်ရအောင်။ ကြီးတဲ့မီးဖိုချောင်တစ်ခု လိုချင်တယ်"

မီးဖိုချောင်နံရံများ၊ တံခါးများနှင့်ပြတင်းပေါက်များ၏ တည်‌နေရာကို ညွှန်ပြရင်း ကျောက်တုံးများကို စီကာ စကားပြောဆိုနေစဉ်တွင် ရှီအာ့လန်နှင့် အခြားသူများသည် တအံ့တဩကြည့်ရှုနေကြလေသည်။ ဤအရာသည် ရေချိုးခြင်း သို့မဟုတ် အိမ်သာကဲ့သို့သော အရေးကြီးသည့် အကြောင်းအရာ မဟုတ်သောကြောင့် စိတ်သက်သာစွာဖြင့် မေးလိုက်ကြသည်။

"ဒီမီးဖိုချောင်က နည်းနည်းကျယ်တယ် မဟုတ်ဘူးလား"

ထိုအရာသည် သူတို့၏ကိုယ်ပိုင်မီးဖိုချောင်ထက် ထက်ဝက်ခန့် ကြီးမားပုံရပြီး သာမန်ဧည့်ခန်းနှင့် ယှဉ်နိုင်လုနီးပါးဖြစ်သည်။

စန်းလော့က ပြုံးပြီး ပြန်ပြောလိုက်သည်။

"ဟုတ်တယ်၊ ဒါကပိုကြီးတယ်၊ ဒါပေမယ့် ကျွန်မမှာ လယ်မြေမရှိတာကြောင့် အနာဂတ်မှာ အစားအစာရောင်းချဖို့ကို ပြင်ဆင်နေပါတယ်။ ဒါကြောင့် အဆင်ပြေစေဖို့ အထဲမှာ မီးဖိုနှစ်လုံးရယ် ရေပုံးတွေနဲ့ သစ်သားအင်တုံတွေအတွက် နေရာလိုအပ်တယ်လေ"

သူမသည် မီးဖိုချောင်အတွင်း၌ တို့ဟူးပြုလုပ်ခြင်းအတွက် ကြိတ်ခွဲစက်တစ်လုံးတပ်ဆင်ရန် ရည်ရွယ်ခဲ့သည်။ ထိုအရာအား အပြင်တွင်ထားရှိခြင်းသည် အဆင်မပြေနိုင်ပေ။ အထူးသဖြင့် မိုးတွင်း၌ဖြစ်သည်။ ထို့ကြောင့် ကျယ်ဝန်းသောမီးဖိုချောင်ကို လိုအပ်၏။

အစားအစာပြင်ဆင်ရန် ကြီးမားသော မီးဖိုနှစ်လုံးတပ်ဆင်မည့် အစီအစဉ်ကို ကြားသိရ၏။ မည်သည့်အစားအစာ ရောင်းရန်ရည်ရွယ်သည်ကို မသေချာသော်လည်း ရှန်းမိသားစု၏ လယ်မြေမရှိခြင်းနှင့် တောဟင်းရွက်များရောင်းရန် စီရင်စုသို့ နေ့စဉ်ခရီးထွက်ဖို့လိုသည်ကိုတော့ နားလည်ကြလေသည်။ သူတို့အားလုံးက နားလည်မှုဖြင့် ခေါင်းညိတ်ကြ၏။

ချန်းလောင်ဟန်နှင့်ချန်းယိုထျန်းတို့သည် သူမ၏ နတ်သမီးတို့ဟူးရောင်းခြင်းကို ရည်ညွှန်းသည်ဟု ယူဆခဲ့ကြပြီး မီးဖိုချောင်တည်ဆောက်မှုတွင် သူတို့၏အကူအညီသည် အစားအစာပြင်ဆင်မှုအတွက် လွယ်ကူစေရန်ဖြစ်ကြောင်း နားလည်ခဲ့ကြသည်။

မီးဖိုချောင်ထားမည့်နေရာကို ဆုံးဖြတ်ပြီးသည်နှင့် ခြံတံတိုင်းများနှင့် ပင်မတံခါးပေါက်၏ အနေအထားကို ဆုံးဖြတ်ရန် ဆက်လက်လုပ်ဆောင်ကြသည်။ အများစုကို စန်းလော့က အမှတ်အသားပြုပြီးနောက်တွင် ချန်းလောင်ဟန်သည် ပြီးပြီဟု ထင်လိုက်၏။ သို့သော် ကောက်ရိုးတဲအနီးရှိ ခြံတံတိုင်း၏ ညာဘက်ခြမ်းနားသို့ ရောက်သောအခါ ကျောက်ခဲများကိုနေရာချခြင်းအား ရပ်လိုက်လေသည်။

စန်းလော့က ကောက်ရိုးတဲအနောက်ဘက်ကို ညွှန်ပြရင်း ရှင်းပြလိုက်၏။

"အဘိုးချန်း၊ နောက်ဖေးခြံဝင်းကို ဒီမှာထားချင်တယ်။ ကျွန်မတို့စိုက်ပျိုးနေတဲ့ အနောက်ကမြေက မထိရောက်ပေမယ့် ပစ္စည်းတွေ အခြောက်ခံတဲ့နေရာမှာ အဆင်ပြေအောင် တံတိုင်းကို အိမ်အနီးနားက ဒီနေရာမှာဆောက်ချင်ပါတယ်"

ထို့နောက် သူမ၏လက်ရှိနေရာကို ညွှန်ပြကာ ပြောလိုက်၏။

"ကျွန်မရပ်နေတဲ့နေရာနဲ့အနောက်ဘက်တံတိုင်းကြား၊ ဒီကောက်ရိုးတဲဘေး အရှေ့နဲ့အနောက်ဘက် ခြံဝင်းတွေကြားမှာ တံခါးပေါက်အနေနဲ့ တံခါးတစ်ခုတပ်ဆင်ဖို့ စီစဉ်ထားတယ်။ အဲ့တာက ဖြစ်နိုင်မယ်လို့ထင်လား"

ဤသည်ကိုကြားပြီးနောက် ချန်းလောင်ဟန်သည် စန်းလော့ကို ကြည့်လိုက်၏။

ကျေးလက်အိမ်များတွင် အခန်းများကို ခြံဝင်းတစ်ခုထဲ၌ ထည့်ထားသည်က ပိုပြီး ပုံမှန်ဆန်လေသည်။ သီးခြားနောက်ဖေး ခြံဝင်းတစ်ခုထားပြီး တံခါးတစ်ချပ်ဖြင့် ပိုင်းခြားထားခြင်းကိုတော့ လုံးဝ မကြားဖူးသလောက်ပင်။

သို့သော် သီးသန့်နေရာလိုအပ်နိုင်သည့် စန်းလော့၏ ထူးခြားသော တို့ဟူးပြင်ဆင်မှုကို ထည့်သွင်းစဉ်းစားရင်း သူသည် ကန့်ကွက်ခြင်းမရှိပေ။ ခေါင်းညိတ်ရင်းဖြင့် ပြောလိုက်သည်။

"လုပ်လို့ရပါတယ်။ အခြေခံလက်သမားပညာကို ချန်းယိုထျန်းက ကိုင်တွယ်နိုင်တယ်။ ပုံစံက အကောင်းမွန်ဆုံးမဟုတ်ပေမယ့်လဲ သူလုပ်တဲ့ တံခါးတွေက ခိုင်ခံ့ပြီး လက်တွေ့ကျတဲ့အပြင် အဘိုးတို့မှာ သစ်သားလဲရှိတယ်။ ခြံဝင်းတံခါးနဲ့ မီးဖိုချောင်တံခါးနှစ်ခုလုံးကို သူ့ကိုလုပ်ခိုင်းလိုက်မယ်"

မမျှော်လင့်ထားသော ဤကမ်းလှမ်းမှုကြောင့် ပျော်ရွင်သွားပြီး စန်းလော့သည် ချန်းယိုထျန်းကို စိတ်အားထက်သန်စွာဖြင့် ကျေးဇူးတင်ရင်း ပြောလိုက်၏။

"ဦးလေးယိုထျန်း၊ ဦးလေးရဲ့အကူအညီကို တစ်ကယ်ကို တန်ဖိုးထားအသိအမှတ်ပြုပါတယ်"

ချန်းယိုထျန်းက နှိမ့်ချစွာဖြင့် လက်ကာပြလိုက်၏။

"ကိစ္စမရှိပါဘူးဟာ၊ လက်ရာကြမ်းကို စိတ်မရှိသရွေ့ပေါ့"

ရှန်းမိသားစုမှခွဲထွက်လာချိန်တွင် စန်းလော့မှာ မည်သည့်အိမ်သုံးပစ္စည်းမှ မရရှိခဲ့သည်ကို သတိရရင်း ထပ်ပြောလိုက်သည်။

"ဦးလေးတို့ အဲ့တာကိုလုပ်နေတုန်း လိုအပ်မယ်ထင်တဲ့အရာတွေကို စဉ်းစားထားလေ။ သမီးအတွက် အကုန်လုပ်ပေးနိုင်ပါတယ်။ စားပွဲခုံတွေ ကုလားထိုင်တွေရော လိုအပ်လား"

"ကျွန်မတို့ အဲ့တာတွေကို တစ်ကယ်လိုအပ်တယ်"

စန်းလော့က ဝန်ခံလိုက်၏။

"ကျွန်မတို့မှာ ထမင်းစားဖို့ မတ်တပ်ရပ်ရင်ရပ် မဟုတ်ရင် ဆောင့်ကြောင့်ထိုင်နေရတာ။ အဲ့တာကို ကူညီနိုင်မယ်ဆိုရင် ကုတင်အသေးလေး တစ်လုံးလောက်ရောပေါ့။ ကျွန်မ ကျေးဇူးတင်မိမှာပါ။ မီးဖိုချောင် ဆောက်ပြီးတာနဲ့ အထဲမှာရှိတဲ့ ယာယီတစ်လုံးကို မလိုအပ်တော့ဘူး။ အိပ်ဖို့နေရာအတွက်က အတွင်းဘက်ကို ကျူရိုးဖျာနဲ့ကန့်လိုက်ဖို့ စီစဉ်ထားတယ်။ ဒါဆို ရှန်းအန်းအတွက် ကိုယ်ပိုင်နေရာလေးရလိမ့်မယ်"

ရှန်းအန်း၏အသက်သည် လနှင့်တွက်ကြည့်ပါက ကိုးနှစ်နီးပါး ရှိပြီဖြစ်သောကြောင့် သူ၏မရီး၊ညီမတို့နှင့် အိပ်ယာကိုအတူသုံးရန် မသင့်တော်တော့ပေ။ ကျေးလက်ဒေသတွင် ဆင်းရဲခက်ခဲမှုကြောင့် ဤကွဲပြားချက်များကို မကြာခဏ လျစ်လျူရှုထားသော်လည်း တတ်နိုင်သမျှတော့ ပိုမိုကောင်းမွန်သည့် နေထိုင်မှုအခြေအနေများကို လိုလားပေသည်။

ထို့ကြောင့် စန်းလော့သည် ချန်းယိုထျန်း၏အကူအညီဖြင့် အိပ်ရာတစ်ခုကို တောင်းဆိုခဲ့ပြီး ဤသည်မှာ သူအလွယ်တကူ သဘောတူထားသည့် အကူအညီတစ်ခု ဖြစ်သည်။

စန်းလော့သည် အစီအစဉ်အား နှစ်သက်သဘောကျလေသည်။

အသက်အရွယ်တစ်ခု ရပြီးနောက် လိင်ခွဲခြားခြင်း၏ ရိုးရာယုံကြည်ချက်ကို တစ်သွေမတိမ်း မလိုက်နာသော်လည်း ဖြစ်နိုင်ချေရှိသည့် ပိုကောင်းမွန်သော နေထိုင်မှုပုံစံများအတွက် ရည်ရွယ်ပါသည်။

"အဲ့လိုအိပ်ယာကျဉ်းကျဉ်းလေးမှာ ကျွန်မတို့သုံးယောက်လုံး ပြွတ်သိပ်ပြီးအိပ်တာက အန္တရာယ်မရှိဘဲ ပြုတ်မကျအောင်လှည့်ဖို့က မဖြစ်နိုင်ဘူး။ မနက်နိုးလာရင် ခန္ဓာကိုယ်က အရိုင်းတိုင်းက ကိုက်ခဲနေရော"

"ရှန်းအန်းရဲ့နေရာထိုင်ခင်းအတွက်ကတော့ သူ အသက်ကြီးလာတဲ့အထိ အကြာကြီးစောင့်ဖို့ အစီအစဉ်မရှိပါဘူး။ နောက်နှစ်ကျရင် ကျွန်မတို့အိမ်ကို အနောက်ဘက်မြေနိမ့်ပိုင်းကို တိုးချဲ့သွားဖို့ ရည်ရွယ်ထားတယ်။ အနောက်က နံရံကို အပြင်ကိုထုတ်ပြီးတော့ အခန်းငယ်နှစ်ခန်းပါတဲ့အဆောင်သစ်တစ်ခုကို မောင်နှမနှစ်ယောက်အတွက် ကိုယ်ပိုင်နေရာအဖြစ်ပေးချင်တာ"

"အခုကတော့ အဲ့တာကို အလျင်မလိုပါဘူး။ စိုက်ပျိုးရာသီက နီးလာပြီ၊ ပြီးတော့ ချန်း၊ ရှီ နဲ့ လု မိသားစုတို့က မီးဖိုချောင်နဲ့ တံတိုင်းဆောက်တဲ့နေရာမှာ အကူအညီပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ”

အထူးသဖြင့် လာမယ့်ဆောက်လုပ်ရေးအတွက် မြေပြင်ကိုချဲ့ထွင်ခြင်းက သေးငယ်တဲ့လုပ်ဆောင်မှု မဟုတ်တာကြောင့် ပိုမိုတောင်းဆိုတာ ယုတ္တိမရှိပေ။

"ဒါ့အပြင်၊ ဆောက်လုပ်တဲ့အချိန် ပိုကြာသွားရင်လဲ မတတ်နိုင်ပြန်ဘူး။ ကျွန်မတို့ရဲ့ နေ့စဉ်ဝင်ငွေက အကန့်အသတ်ရှိပြီး ကုန်ကျစရိတ်က များတယ်။ ဆောင်းဦးနဲ့ဆောင်းရာသီ စားနပ်ရိက္ခာအတွက် စုဆောင်းထားရဦးမယ်။ ပြီးတော့ ကျွန်မတို့သုံးယောက်အတွက် အဝတ်အစားနဲ့ အိပ်ယာကိစ္စတွေလဲ ရှိသေးတယ်။ ကုန်ကျစားရိတ်တွေက မပြီးဆုံးနိုင်ဘူး"

အမှတ်အသားများအားလုံးသတ်မှတ်ပြီးသည်နှင့် အချိန်မီပင် ချင်ဖန်းညန်သည် တောင်ပေါ်သို့တက်လာကာ အားလုံးကို ညစာစားရန် ဖိတ်ခေါ်လိုက်သည်။

ညနေစောင်းသောအခါ တစ်နေကုန်အလုပ်လုပ်ပြီးနောက် လူတိုင်းသည် အလွန်ဆာလောင်နေကြပြီဖြစ်သည်။ စမ်းချောင်းတွ င်မြန်မြန်ဆေးကြောပြီးနောက် တောင်အောက်သို့ အလောတကြီး ဆင်းလာကြ၏။ အလျင်စလိုမလုပ်ဘဲ အိမ်ကို အရင်ပြန်ဖို့သာ ရွေးလိုက်သည်။ ဆေးကြောဖို့အောက်ဆင်းပြီး သူများတွေစားပြီး ပြန်သွားမှပဲ လာစားတော့မယ်။

ချန်းအာ့ရှန်နှင့်ရှောင်ယာတို့သည် သူတို့အမေနှင့်အတူ ဆင်းသွားကြ၏။ ရှန်းညီအစ်ကိုသုံးယောက်သည် ကျောက်တုံးအမှတ်အသား လုပ်ထားသောနေရာနားတွင် ခုန်ဆွခုန်ဆွလုပ်ရင်း စိတ်လှုပ်ရှားနေကြဆဲဖြစ်သည်။

အနားတွင် ဟိုလျှောက်ဒီလျှောက် လုပ်နေသော ရှန်းကျင့်သည် အားကျစိတ် ဖော်ပြခဲ့၏။

"ရှန်းအန်း၊ ဒါက မင်းရဲ့ အိမ်ပုံစံလား။ မင်းရဲ့မရီးက မင်းကို တော်တော်လေး ကောင်းကောင်းဆက်ဆံတာပဲ။ ဦးလေးယိုထျန်းကိုတောင်မှ မင်းအတွက် အိပ်ယာ လုပ်ခိုင်းလိုက်သေးတယ်"

ရှန်းအန်းက နှုတ်ခမ်းများကွေးညွတ်သွားအောင် ပြုံးလိုက်ပြီးနောက် သတိနှင့် မြန်မြန်ပြန်ပြောလိုက်၏။

"ငါ့မရီးက ငါ့အပေါ်မှာကောင်းတာကို သိတယ်။ မင်းငါ့ကို ပြောစရာမလိုဘူး"

"ငါ သတိမထားမိတာတော့ မဟုတ်ဘူး။ အသားနဲ့ပန်ကိတ်တွေကို တောင်းတရင်းနဲ့ ငါ့မရီး အိမ်ကိုပြန်သယ်လာတဲ့ အစားအစာတွေအပေါ်မှာပဲ မင်းမျက်လုံးက ရှိနေတာလေ"

ရှန်းကျင့်ကို အထင်သေးစွာကြည့်လိုက်ရင်း ခွန်းတုံ့ပြန်လိုက်၏။

"မင်းပြောတဲ့ပုံက မင်းမိဘတွေက မင်းကို အိပ်ယာမပေးထားသလိုနဲ့"

ရှန်းကျင့်က အသံကို မြှင့်လိုက်ပြီး

"မတူဘူးလေ။ ငါတို့မောင်နှမလေးယောက်က အတူတူတိုးဝေ့ပြီး အိပ်ရတာ။ တစ်ခါတစ်လေ ရှောင်ထျန်းကြောင့် အိပ်ယာက စို (သေးပေါက်ချ) သေးတယ်။ မင်းမှာ ကိုယ်ပိုင်အိပ်ရာရှိတာက ပိုကောင်းတယ်"

တစ်ညလျှင်နှစ်ခါမျှ အိပ်ယာစိုအောင်လုပ်သော ရှောင်ထျန်းအကြောင်းစဉ်းစားရင်း ရှန်းအန်းသည် ပါးစပ်ပိတ်သွားကာ ထပ်မပြောတော့ပေ။

သို့သော် ရှန်းကျင့်ကတော့ ခါတိုင်းလိုပင် တဖက်ခြမ်းက မြက်က ပိုစိမ်းသည်ဟု ထင်လေတော့သည်။(တခြားသူတွေရဲ့ ဘဝ ဒါမှမဟုတ် အခြေအနေတွေက ကိုယ့်ထက် အမြဲတမ်း ပိုကောင်းနေပုံရတယ်။) သူ့အဒေါ်မှာ ကြမ်းတမ်းသော်လည်း ပုံမှန်အားဖြင့်တော့ သူတို့အပေါ်တွင် ကြင်နာသည်။ ငါကတော့ အမြဲတမ်း သူတို့ကို ဂရုစိုက်ပေးမယ့် မိဘတွေရှိတဲ့ ရှန်းကျင့်နဲ့သူ့ညီအစ်ကိုတွေကို အားကျလိုက်တာ။

အတွေးထဲတွင်နစ်မြောရင်း ရှန်းကျင့်သည် မီးဖိုချောင်၊ ရေချိုးခန်း နှင့် ခြံဝင်းများ ပတ်လည်တွင် လှည့်ပတ်နေပြီး တောက်ပသော မျက်လုံးများဖြင့် သူ့ထံ ပြန်လာသည်ကို သတိထားမိလိုက်သည်။

"ရှန်းအန်း၊ အိမ်ဆောက်ဖို့ ဘယ်လောက်တောင်ကြာမှာလဲ။ တစ်လလောက်လား"

သူ၏အမူအရာတွင် ပါဝင်နေသောမျှော်လင့်ချက်မှာ အထင်အရှားပင်။

ရှန်းအန်း ...

"ဒါဆို မင်းက အသားကို နေ့တိုင်းမျှော်လင့်နေတာလား၊ ဟမ်"

ရှန်းအန်းသည် သူ့မျက်လုံးများကို လှန်လိုက်ကာ နှစ်သိမ့်ဖို့အတွက် အရမ်းနီးနေသော ရှန်းကျင့်၏ခေါင်းကို တွန်းထုတ်လိုက်၏။

"စိတ်ကူးယဉ်နေလိုက်။ ညစာစားဖို့ အိမ်ပြန်တော့။ ငါတို့လဲ စားတော့မှာ"

"ငါ မင်းကို မလာဖို့ပြောခဲ့တာကို နားမထောင်ခဲ့ဘူး။ ဒီနေရာမှာ ငါ့ကို ကူညီဖို့ ရှန်းယင်နဲ့ရှန်းထျယ်တို့ကို မင်းခေါ်လာတာသာ မင်းအမေသိသွားရင် မင်းအရိုက်ခံရလိမ့်မယ်"

ရှန်းကျင့်က နှုတ်ခမ်းစူရင်း မနက်ကအရိုက်ခံရခြင်းကို ဒေါသထွက်နေသေး၏။

"ထွက်ပြေးလို့ မရဘူးလား။ မတ်တပ်ရပ်ပြီး အရိုက်ခံရလောက်အောင် တုံးအတယ် ထင်နေလား။ ဒီမနက်က မတော်တဆဖြစ်ပြီး အဆင်သင့် မဖြစ်သေးတဲ့ငါ့ကို ရှာတွေ့သွားတာ။ စောင့်ကြည့်လိုက် နောက်တစ်ကြိမ်မှာ သူငါ့ကို လက်ညိုးထိုးနိုင်မှာတောင် မဟုတ်ဘူး"

သူ၏အံတုခြင်းမှာ အတန်ငယ်ရယ်စရာကောင်းသည်ကို ရှန်းအန်း တွေ့လိုက်ရသည်။

မူလခေါင်းစဉ်ကို အလျင်အမြန်ပြန်ပြောင်းလိုက်ရင်း ရှန်းကျင့်သည် အဖြစ်မှန်ကို လက်ခံရန် မလိုလားပုံပေါ်သည်။

"တစ်ကယ်လား၊ နေ့တိုင်း အသားမပါဘူးလား။ အားနျိုရဲ့အိမ်

ဆောက်နေတုန်းက ငါ့အဖေက ပြောတယ် သူတို့တွေ နေ့တိုင်း အသားစားရတယ်တဲ့"

ရှန်းအန်းက ရိုးသားစွာပြန်ဖြေလိုက်၏။

"ငါ မသိဘူး။ အသားရရင်တောင် အဲ့တာ‌က သေချာပေါက် နေ့တိုင်းတော့ ဟင်းပွဲကြီး မဟုတ်လောက်ဘူး"

"ဟင်းပွဲထဲက အတုံးသေးသေးလေးတွေပဲဖြစ်မှာ။ ငါတို့လို ကလေးတွေက တစ်တုံးစီတောင် မရဘူး။ တစ်တုံးလုံးပေးဖို့ ဘယ်သူက တတ်နိုင်မှာလဲ"

အနည်းငယ်စိတ်ပျက်သွားသော ရှန်းကျင့်က တောင်းဆိုလိုက်၏။

"မှတ်ထားနော်၊ အသားရတာနဲ့ ငါ့အတွက် တစ်ကိုက်စာလောက် ချန်ထားပေး။ ငါ မင်းကို နေ့တိုင်းကူညီမယ်"

ထို့နောက် ပန်ကိတ်များကိုသတိရရင်း သွားရည်ကျလာပြန်သည်။

"ပြီးတော့ မင်းရဲ့မရီးက မင်းအတွက် ပန်ကိတ်တွေဝယ်လာပေးရင်လည်း ငါ့အတွက် တစ်ကိုက်စာ ချန်ထားပေးပါဦး။ တစ်ခါမှ မမြည်းစမ်းဖူးလို့ပါ"

ရှန်းနဉ်သည် ဟွန့်ခနဲ ပြက်ရယ်ပြုကာ ဝင်ပြောလိုက်သည်။

"ကျေးဇူးမသိတတ်လိုက်တာ။ အရင်ကလည်း စားဖူးပါတယ်။ အရင်က အစ်ကိုကြီး ဝယ်လာတုန်းက သူက ငါနဲ့အာ့ကော(ဒုတိယအစ်ကို)ကို မျှကျွေးခဲ့တာ။ ရှောင်ထျယ်က စားဖို့အတွက် ငယ်လွန်းနေသေးတယ်။ ဒါပေမယ့် နင်နဲ့ရှောင်ယင်က ဝေစုရတယ်လေ"

ရှန်းကျင့်နှင့် ရှန်းယင်တို့သည် ရွှံ့များဖြင့် ဆော့ကစားနေကြရာမှ လုံးလုံး အံ့သြသွားကြသည်။

ရှန်းကျင့် : "တစ်ကယ်လား။ အဲ့တာကို ငါ မမှတ်မိဘူး"

ရှန်းနဉ်က စူပုတ်နေပြီး

"နင်က အစာရေစာမှ မငတ်ဖူးတာ ဘယ်လိုလုပ် အကုန်လုံးကို မှတ်မိမှာလဲ"

သူ့ဝမ်းကွဲထံမှ နာကြည်းမှုကို ခံစားလိုက်ရသဖြင့် အသိပေးချက် တစ်ခုသည် ရှန်းကျင့်၏စိတ်ထဲသို့ ချက်ခြင်း ဝင်ရောက်လာသည်။

သူနှင့်သူ့မောင်နှမများသာ စားခဲ့ရပြီး ရှန်းအန်းနှင့်ရှန်းနဉ်တို့ မစားရသော အိမ်၏အတိတ်ကို ပြန်စဉ်းစားကြည့်သောအခါ ချက်ချင်း အပြစ်ရှိသည်ဟု ခံစားပြီး နောက်ပြန်ဆုတ်သွား၏။

"တစ်ကယ်တော့ ငါက နင့်ထက်ငယ်တယ်လေ။ လွန်ခဲ့တဲ့နှစ်တွေထဲက အမေ ပြောဖူးတာ ကလေးတွေက အများကြီးမမှတ်မိဘူးတဲ့။ အဲ့တုန်းက နှစ်အနည်းငယ်ပဲရှိသေးတဲ့ငါက မှတ်မိနိုင်ဖို့ ဘယ်လိုမျှော်လင့်လို့ရမလဲ"

နှစ်သိမ့်ရန်ကြိုးစားရင်း

"အခုကစပြီး စားစရာတွေကို ဝေမျှပေးမယ်။ အမှန်တိုင်းပြောရရင် ငါတို့ဆီအိုးကို စစ်ကြည့်ပြီးသွားပြီ၊ ဆီ သိပ်မကျန်တာ့ဘူး။ နောက်တစ်ခါ ငါ့အမေ ဆီထုတ်တဲ့အခါ နင်နဲ့ ရှန်းအန်းအတွက် တစ်ခုခု ယူလာပေးမယ်။ တကယ်ပြောတာ"

ဤအရာကြောင့် ရွှံ့ထဲတွင် ကစားနေကြသော ရှန်းယင်နှင့် ရှန်းထျယ်တို့ကလည်း စိတ်အားထက်သန်စွာ ကတိပေးခဲ့ကြသည်။

"သားတို့ဟာတွေကိုလဲ မကြီးနဲ့ဒုတိယအစ်ကိုကို ဝေမျှပါ့မယ်"

စန်းလော့သည် ကောက်ရိုးတဲအတွင်းမှ ဒါကိုကြားလိုက်ရသောအခါ မရယ်မောမိစေရန် ရုန်းကန်နေရသည်။

ဤသည်မှာ ကျီစယ်တတ်သော လူရှုပ်ကလေး ရှန်းကျင့်က ချစ်စရာကောင်းနေသည်ကို ပထမဆုံးအကြိမ် ရှာတွေ့လိုက်ရခြင်းပင်။ အစားတစ်လုတ်အတွက် ကြိးစားအားထုတ်မှုအားလုံးသည် ရှန်းနဉ်ကို ချီးမွမ်းကာ လာဘ်ထိုးရန်ပင် ကြိုးပမ်းခဲ့သည်။

"ဒီလူရှုပ်ကလေးက တစ်နေ့ကို နာရီပေါင်းများစွာမြေတူးခဲ့သေးတာပဲ"

သူမက စဉ်းစားလိုက်၏။

"မနက်ဖြန်ကျရင် ဒီအလုပ်ကြိုးစားတဲ့ အလုပ်သမားလေးတွေနဲ့ ဝေမျှဖို့ ပန်ကိတ်တစ်လုံး ဝယ်ကျွေးသင့်တယ်မလား"

တစ်ကယ်တော့ သူတို့ရဲ့ကြိုးစားအားထုတ်မှုတွေက ဆုနည်းနည်းပါးပါးနဲ့ ထိုက်တန်ပါတယ်လေ။ သူတို့က အတော်လေး စိတ်ပိုင်းဖြတ်ထားပုံရပြီး သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို စားစရာအနည်းငယ်နဲ့ အသိအမှတ်ပြုခြင်းက တရားမျှတတယ်လို့ ထင်ပါတယ်။ ဟုတ်တယ်မလား။

...

All Chapters