နတ်ဘုရားတစ်ဝက်ဆေးလုံး
Vol. 177 Ch. 2532
ထို့နောက်တွင် ရီဖူရှင်းသည် စတင်သီးခြားကျင့်ကြံ၏။
အနောက်ပင်လယ်ရှိ နတ်တောင်တွင် မည်သည့်နတ်ရတနာ၊ မည်သည့်အဆောင်ပစ္စည်းမှမရှိပေ။ သို့သော် ထိုတောင်ပေါ်တွင် ရှေးဟောင်းအင်ပါယာတစ်ဦးချန်ထားခဲ့သည့် ဝိညာဉ်စွမ်းအားအကြွင်းအကျန်အနည်းငယ် ရှိသည်။ ရီဖူရှင်းသည် ထိုဝိညာဉ်စွမ်းအားကို တွေ့ရှိခဲ့ပြီး နှိုးနိုင်ခဲ့၏။ ထိုဝိညာဉ်စွမ်းအားအကြွင်းအကျန်သည် ရီဖူရှင်းကို အမွေအနှစ်များ ပေးခဲ့သည်။
ရီဖူရှင်း၏အမြင်တွင် ထိုအရာသည် နတ်ရတနာထက် ပို၍အဖိုးတန်သည်။
ရှေးဟောင်းအင်ပါယာ၏ဝိညာဉ်စွမ်းအားမှ ရရှိခဲ့သော အမွေအနှစ်တွင် ကျင့်ကြံနည်းများ၊ အဂ္ဂရိတ်ပညာရပ်များ၊ အလွန်အဖိုးတန်သောအဂ္ဂရိတ်အညွှန်းများနှင့် ရှေးဟောင်းအင်ပါယာ၏ကိုယ်ပိုင်အဂ္ဂရိတ်နည်းလမ်းများ ပါဝင်၏။ ထိုအရာများသည် တစ်နည်းအားဖြင့် နတ်ရတနာများပင်ဖြစ်သည်။ ရီဖူရှင်း၏အမြင်တွင် မဟာအဂ္ဂရိတ်အင်ပါယာ၏အမွေအနှစ်သည် အခြားမဟာအင်ပါယာများ၏အမွေအနှစ်များထက် များစွာပို၍ အဖိုးတန်သည်ဟု မြင်၏။ ထိုအမွေအနှစ်သည် ထိပ်သီးအဂ္ဂရိတ်ပညာရှင်တစ်ဦး၏လက်ထဲသို့ ရောက်သွားခြင်းသည် အံ့ဩဖွယ်မရှိပေ။
ရီဖူရှင်းက တာအိုဘုန်းတော်ကြီးမူကို ပေးလိုက်သော နတ်နည်းလမ်းသည် နတ်မီးတောက်ကျင့်ကြံနည်းလမ်းတွဲဖြစ်သည်။ ထိုမီးတောက်သည် အခြားမီးတောက်လမ်းစဉ်များကို ဝါးမျိုပေါင်းစည်း၍ ၎င်းကိုယ်၎င်း အဆက်မပြတ်အင်အားကြီးလာအောင် လုပ်နိုင်သည်။ ထိုနည်းလမ်းကို ဖန်ဆင်းခြင်းနတ်မီးတောက်ဟု ခေါ်၏။ ရှေးခေတ်တွင် ထိုကျင့်ကြံနည်းသည် အဆင့်မြင့်နတ်မီးတောက်ကျင့်ကြံနည်းဖြစ်သည်။
တာအိုဘုန်းတော်ကြီးမူက ထိုကျင့်ကြံနည်းကို ရရှိလိုက်သောအခါ အတော်လေးဝမ်းသာသွားခြင်းကို နားလည်ပေးနိုင်သည်။ ရီဖူရှင်းသည် အဂ္ဂရိတ်ပညာရှင်များကို စည်းရုံးစုဆောင်းရမည့်ကိစ္စကို စိတ်မပူပေ။ တာအိုဘုန်းတော်ကြီးမူက ထိုတာဝန်ကို လှလှပပ ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သူသိသည်။
ထို့အပြင် ထိုခရီးစဉ်တွင် တာအိုဘုန်းတော်ကြီးမူက သူ့၏အင်အားကို တိုးမြှင့်ရန် အခြားမီးတောက်လမ်းစဉ်များကိုလည်း ရှာဖွေစုဆောင်းခဲ့နိုင်သည်။
သို့သော် ရီဖူရှင်းသည် ထိုကျင့်ကြံနည်းကို ကိုယ်တိုင်ကျင့်ကြံရန် စိတ်ကူးမရှိပေ။ သူသည် အဂ္ဂရိတ်ပညာအပေါ်တွင်သာ အာရုံစိုက်ထားရန် လိုအပ်သည်။
ရီဖူရှင်းသည် ကြယ်တာရာကျင့်ကြံခြင်းနန်းတော်ထဲတွင် ကျင့်ကြံရန်အတွက် အချိန်တစ်ခုအထိ သီးခြားနေခဲ့၏။
ထိုအချိန်အတွင်းတွင် အပြင်မှကိစ္စအားလုံးသည် အဆုံးသတ်သွားပေပြီ။ သူ၏ အနောက်ပင်လယ်ကုန်းမြေသို့သွားသောခရီးတွင် သူ၏နာမည်မှာ အတော်လေးကျော်ကြားခဲ့၏။ ယင်ကျိုးမြို့တွင် ဖြစ်ခဲ့သောကိစ္စသည် နမူနာဖြစ်ပေရာ ကောင်းကင်ဒေသမှ အင်အားစုကြီးများသည် သူတို့ကို မဆင်မခြင် ရန်မစဝံ့တော့ပေ။ ထို့အပြင် ကပ်ဘေးအဆင့်ကျင့်ကြံသူနှစ်ဦးဖြစ်သည့် တာအိုဘုန်းတော်ကြီးမူနှင့် ရန်ဟောင်ချန်တို့သည် အတူခရီးသွားခဲ့သည်ဖြစ်ရာ ထိုထိပ်သီးအင်အားစုကြီးများမှ ထိပ်ပိုင်းအဆင့်ရှိသူများနှင့်သာ မတွေ့ခဲ့ပါက သူတို့တာဝန်ကို အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်မည်ဖြစ်သည်။
ထို့အပြင် စီဝေ့အင်ပါယာနန်းတော်မှ အခြားကျင့်ကြံသူများသည်လည်း သူတို့၏အင်အားကို တိုးမြှင့်ရန် ကြိုးစားနေကြ၏။
***
အချိန်များသည် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားကာ လပေါင်းများစွာသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။ မကြာမီမှာပင် ရန်ဟောင်ချန်နှင့် တာအိုဘုန်းတော်ကြီးမူတို့ ပြန်ရောက်လာကြသည်။
သူတို့သည် ပြန်လာရုံသာမက သူတို့နှင့်အတူ အဂ္ဂရိတ်ဆရာတစ်ဖွဲ့ကိုလည်း ခေါ်လာခဲ့၏။ ယခင်က ရီဖူရှင်းတစ်ယောက် အရှေ့နတ်ဘုရားကျွန်းစုတွင် မဟာနတ်ဘုရားတုန်းလိုင်ထံမှ အဂ္ဂရိတ်ပညာကို အမွေဆက်ခံခဲ့စဉ်က သူသည် အဂ္ဂရိတ်ဆရာများစွာနှင့် တွေ့ဆုံခဲ့သည်။ ယခုတွင် သူတို့သည်လည်း တုန်းလိုင်နတ်မိမယ်၊ ဆေးအင်ပါယာတို့နှင့်အတူ ရောက်ရှိလာသည်။
ရန်ဟောင်ချန်သည် ရီဖူရှင်း သီးခြားကျင့်ကြံနေသည်ကိုတွေ့လိုက်သောအခါ သူ့ကိုမနှောင့်ယှက်ပေ။ သူက ရီဖူရှင်းလုပ်လိုသောအရာကို သိ၏။ ထို့ကြောင့် သူသည် စီဝေ့အင်ပါယာနန်းတော်ထဲတွင် အဂ္ဂရိတ်အိမ်တော်တစ်လုံးကို ဆောက်လုပ်ခဲ့ပြီး တာအိုဘုန်းတော်ကြီးမူကို အိမ်တော်သခင်အဖြစ် ခန့်အပ်ခဲ့သည်။ စီဝေ့အင်ပါယာနန်းတော်မှာ ဆက်လက်အင်အားကြီးထွားလာရာ သူသည် နန်းတော်ဖွဲ့စည်းပုံအချို့ကို ပြင်ရန် ရီဖူရှင်းကို တင်ပြ၍ အရေးပါသောကျင့်ကြံသူများကို နန်းတော်အတွင်း၌ ရာထူးအသီးသီးပေးရန် ကြံရွယ်ထား၏။
ထိုနေ့တွင် ကြယ်တာရာကျင့်ကြံခြင်းနန်းတော်ထက်တွင် လွန်စွာပူပြင်းသောလှိုင်းတစ်ခု ဖြစ်ပေါ်နေ၏။ လူများစွာသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ရာ နတ်မီးတောက်များလောင်ကျွမ်းနေသည်ကို တွေ့ရ၏။ ထိုနတ်မီးတောက်များထဲတွင် မဟာလမ်းစဉ်းမီးဖိုတစ်ခု ရှိနေသကဲ့သို့ထင်ရသည်။ ရီဖူရှင်းတစ်ယောက် ထိုနေရာတွင် အဂ္ဂရိတ်ပညာကျင့်ကြံနေသည်ကိုလည်း မြင်ရသည်။
ထို့အပြင် ရီဖူရှင်းသည် အဂ္ဂရိတ်ပညာကျင့်ကြံနေသည်မှာ အချိန်တစ်ခုရှိခဲ့ပြီဖြစ်သော်လည်း ထိုအချိန်အတွင်း သူမည်မျှတိုးတက်လာသည်ကို မည်သူမှမသိကြပေ။
ကောင်းကင်ထက်တွင် တောက်ပနေသော နတ်မီးတောက်များအပြင် ဆေးလုံးတစ်မျိုး၏ အာနိသင်ရှိ၍ အနံ့ပြင်းသော ရနံ့တစ်ခုလည်း လေထဲတွင် သင်းနေ၏။ ထိုရနံ့သည် ကြယ်တာရာကောင်းကင်တစ်ခွင်လုံးတွင် ပျံ့နှံ့နေ၏။
ထိုအခိုက်တွင် အထက်ကောင်းကင်မှနေ၍ လွန်စွာဖိအားကြီးသော အရှိန်အဝါတစ်ခု ကျဆင်းလာ၏။ ကြယ်တာရာကျင့်ကြံခြင်းနန်းတော်ထဲမှ ကျင့်ကြံသူအားလုံးသည် အပေါ်သို့မော့ကာ အာရုံစိုက်လိုက်ကြ၏။
“ဘာတွေဖြစ်နေတာလဲ...”
အားလုံးသည် စူးရှသောမျက်ဝန်းများဖြင့် ကောင်းကင်ထက်သို့ အာရုံစိုက်ကာ ကြည့်နေကြ၏။ ကောင်းကင်အပြင်မှနေ၍ စွမ်းအားကြီးသောအရှိန်အဝါတစ်ခု ကျဆင်းလာပြီး ကြယ်တာရာကောင်းကင်ကို ဖောက်ထွင်းသွား၏။ ကြယ်တာရာကောင်းကင်တွင် တိမ်မည်းများနေရာယူသွားပြီး ထိုနေရာတစ်ခုလုံးကို လွန်စွာဖိအားကြီးသွားစေသည်။
“ဒါက...”
ကျင့်ကြံသူများစွာသည် ရင်ခုန်မြန်နေကြ၏။ အထူးသဖြင့် ရန်ဟောင်ချန်နှင့် တာအိုဘုန်းတော်ကြီးမူက ပို၍ရင်ခုန်နေကြ၏။ သူတို့သည် ကောင်းကင်ကိုမော့ကြည့်နေကြ၏။ ထိုအရှိန်အဝါသည် ကပ်ဘေးအရှိန်အဝါပင်။
“ဆေးကပ်ဘေး...”
တာအိုဘုန်းတော်ကြီးမူ ရေရွတ်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသည်။ ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်နေပြီဖြစ်သော သူသည်ပင် ရင်ထဲတွင်ခံစားနေရသည့် အံ့အားသင့်မှုများကို မဖုံးကွယ်ထားနိုင်ပေ။
ကျင့်ကြံသူများအတွက် ကပ်ဘေးရှိသကဲ့သို့ အဂ္ဂရိတ်ပညာတွင်လည်း ဆေးကပ်ဘေးများရှိသည်။
သို့သော် သူအံ့အားသင့်နေခြင်းမှာ ရီဖူရှင်းသည် ထိုအဆင့်ရှိသည့် ဆေးလုံးကိုဖော်စပ်နိုင်ခြင်းကို ဖြစ်သည်။
မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ဆွဲဆောင်နိုင်သော ဆေးလုံးကို နတ်ဘုရားတစ်ဝက်ဆေးလုံးဟု ခေါ်ကြသည်။
သူသည် အဂ္ဂရိတ်ပညာကို ကျင့်ကြံခဲ့သည်မှာ နှစ်ပေါင်းများစွာရှိခဲ့ပြီဖြစ်သည်။ သူက ထိုကဲ့သို့ အောင်မြင်မှုကို မရဖူးသည့်အပြင် ထိုကဲ့သို့ကပ်ဘေးမျိုးကိုလည်း ယခင်က တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ သို့သော် ယနေ့တွင် သူသည် ထိုအရာကို မြင်ခဲ့ရပေပြီ။
ရီဖူရှင်းသည် မည်မျှစွမ်းအားကြီးသူတစ်ဦး ဖြစ်သနည်း။
“ဆရာ... အဲဒါက ဘာလဲ”
တစ်ဖက်တွင် ယန်ဝူချီသည် သူ့ဆရာ အင်ပါယာရှီကို မေးလိုက်သည်။ သူသည်လည်း အနည်းငယ် အံ့အားသင့်နေသည်။ သူ့ဘေးတွင် ဆေးအင်ပါယာနှင့် လီချန်ရှန်းတို့လည်းရှိနေ၏။ သူတို့အားလုံးသည် ကောင်းကင်ထက်ကို မော့ကြည့်နေကြပြီး ကပ်ဘေးအရှိန်အဝါကို ခံစားနေရ၏။
“ဆေးကပ်ဘေးပဲ... ရီဖူရှင်းက နတ်ဘုရားတစ်ဝက်ဆေးလုံးကို ဖော်စပ်ခဲ့တာပဲ”
အင်ပါယာရှီက ပြန်ဖြေလိုက်သည်။ သူကဲ့သို့ ဗဟုသုတကြွယ်သူပင် ဆေးကပ်ဘေးကို ယခုမှ ပထမဆုံးအကြိမ် မျက်ဝါးထင်ထင်မြင်ဖူးခြင်းဖြစ်သည်။
ရီဖူရှင်းစွမ်းဆောင်နိုင်သောအရာများသည် အလွန်အံ့အားသင့်ဖွယ်ကောင်းသည်။
ထိုမျှအစွမ်းရှိနေခြင်းသည် သဘာဝနိယာမနှင့် ဆန့်ကျင်သည် မဟုတ်ပေလော။
ယခုကဲ့သို့ အပြောင်းအလဲများစွာဖြစ်နေ၍ ရှုပ်ထွေးပွေလီသောလောကကြီးထဲတွင် ထိုကဲ့သို့စွမ်းအားကြီးသူသည် အဓိကဇာတ်ဆောင်တစ်ဦးဖြစ်လာပေလိမ့်မည်။
မူလဘုံတွင် အစပြုခဲ့သော ကောင်းကင်နှင့် မြေကြီး၏ပြောင်းလဲမှုများသည် အလကားသက်သက် ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။
ယနေ့ခေတ်တွင် မူလဘုံသည် လောက၏သမိုင်းကြောင်းကို အသစ်ပြန်ရေးနေပြီဖြစ်သည်။
ဟွာဂျီယူ၊ ကျူးကော့မင်းယွီ၊ ဂူတုံးလျှိုနှင့် အခြားသူများအားလုံးသည်လည်း ကောင်းကင်ထက်တွင် ဖြစ်ပျက်နေသည်များကို မော့ကြည့်နေကြ၏။ ဤတစ်ကြိမ် ရီဖူရှင်းပြန်လာမှုသည် စီဝေ့ကြယ်ကောင်းကင်ကို နောက်ထပ်ပြောင်းလဲတိုးတက်မှုတစ်ခု ဖြစ်စေဦးမည်ဖြစ်သည်။
ကပ်ဘေးအရှိန်အဝါကျဆင်းလာသောအခါ ဖိအားသည် ပို၍အားကောင်းလာသည်။ ကြောက်မက်ဖွယ်ထစ်ချုန်းသံကြီးတစ်ခုကို ကြားလိုက်ရပြီး ကောင်းကင်အပြင်မှနေ၍ ကပ်ဘေးအလင်းတစ်ခု ရောက်ရှိလာကာ ရီဖူရှင်းအပေါ်သို့ တိုက်ရိုက်ကျဆင်းသွားသည်။ ထိုနေရာတွင် လင်းလက်တောက်ပနေသော ဆေးလုံးတစ်လုံးက ကပ်ဘေးအလင်းကို ဆီးကြိုနေသည်။ ထို့နောက် ၎င်းသည် အံ့အားသင့်ဖွယ်တောက်ပသော နတ်အလင်းများဖြာထွက်သွားသည်။
ဝုန်း...
ကပ်ဘေးကျဆင်းလာပြီး ဆေးလုံးကို ရိုက်ခတ်သန့်စင်သွားသည်။ သို့သော် ၎င်းကို အစိတ်စိတ်အမွှာမွှာဖြစ်သွားအောင် မဖောက်ခွဲနိုင်ပေ။
“အဂ္ဂရိတ်ပညာရဲ့ ကပ်ဘေးက ကျင့်ကြံသူတွေရဲ့ ကပ်ဘေးနဲ့ နည်းနည်းကွာခြားတာပဲ”
အင်ပါယာရှီက သူ့ဘာသာရေရွတ်လိုက်သည်။ သို့သော် ထိုသို့ဖြစ်မည်ကို မျှော်လင့်ထားပြီးဖြစ်သည်။ အဂ္ဂရိတ်သည်အဂ္ဂရိတ်၊ ကျင့်ကြံခြင်းသည် ကျင့်ကြံခြင်း မဟုတ်ပါလော။
ဝုန်း...
ဆေးကပ်ဘေးသည် အဆက်မပြတ်ကျဆင်းနေပြီး ဆေးလုံးကို ထပ်ခါ၊ ထပ်ခါ ရိုက်ခတ်နေသည်။ လူအားလုံးသည် ကပ်ဘေးကျဆင်းလာသည့် အရေအတွက်ကို သူတို့ဘာသာ ရေတွက်နေထားကြ၏။ သူတို့သည် ဆေးကပ်ဘေးအလင်းတစ်ကြိမ်ကျဆင်းလာတိုင်း ရင်တုန်သွားကြသည်။
နောက်ဆုံးတွင် ကပ်ဘေးအလင်း ဆယ်ကြိမ်ဆက်တိုက်ကျဆင်းပြီးနောက် ဆေးကပ်ဘေး ပျောက်ကွယ်သွား၏။ ဆေးလုံးမှထွက်ပေါ်နေသော နတ်အလင်းသည် ပို၍ပင် လင်းလက်တောက်ပလာသည်။
“အောင်မြင်သွားပြီ”
ရီဖူရှင်းသည် ခေါင်းမော့ကာ ဆေးလုံးကိုကြည့်လိုက်သည်။ သူသည် ရက်ပေါင်များစွာ ကြိုးစားလုပ်ကိုင်ပြီးနောက် ပထမဆုံး နတ်ဘုရားတစ်ဝက်ဆေးလုံးကို ဖော်စပ်နိုင်ပေပြီ။
ဆေးလုံးကို အရှိန်အဝါတန်းများက လွှမ်းခြုံထားသည်။ ရီဖူရှင်းသည် အားပါးတရပြုံးလျှက် ၎င်းကို လှမ်းယူ၍ ဆုပ်ကိုင်လိုက်သည်။
ထိုဆေးလုံးကား အဆင့်တစ်ဆယ်ရှိသည့် ရှန်းယွမ်ဆေးလုံးပင်။
ရှေးဟောင်းအင်ပါယာ၏အမွေအနှစ်ထဲတွင် ရှန်းယွမ်ဆေးလုံးသည် ဒဏ္ဍာရီလာဆေးလုံးဖြစ်သည်။ ရှန်းယွမ်ဆေးလုံးတွင် အဆင့်ဆယ့်နှစ်ဆင့်ရှိသည်။ အဆင့်ဆယ့်နှစ် ရှန်းယွမ်ဆေးလုံးသည် အင်ပါယာအဆင့်ဆေးလုံးဖြစ်နေပြီဖြစ်သည်။ အဆင့်တစ်ဆယ်နှင့် အဆင့်ဆယ့်တစ်ဆေးလုံးများမှာလည်း နတ်ဘုရားတစ်ဝက်ဆေးလုံးများဖြစ်နေပေပြီ။
ဒဏ္ဍာရီအရ အဆင့်ဆယ့်သုံး ရှန်းယွမ်ဆေးလုံးပင် ရှိ၏။ သို့သော် ရှေးဟောင်းအင်ပါယာပင် ထိုအချက် မှန်၊ မမှန်ကို မသိပေ။
သို့သော် ရီဖူရှင်းအနေဖြင့် လောလောဆယ်တွင် ထိုအကြောင်းကို တွေးရန်မလိုသေးပေ။ သူ့တွင် ထိုမျှကြိုတွေးရန် အချိန်မရှိပေ။ အဆင့်တစ်ဆယ် ရှန်းယွမ်ဆေးလုံးကို ဖော်စပ်နိုင်ခြင်းသည်ပင် ရှားရှားပါးပါးအဖြစ်တစ်ခုပင်ဖြစ်သည်။
သို့သော် ဆေးလုံးသည် တစ်လုံးတည်းဖြစ်ရာ အခြားသူများကို မျှဝေရန် မလုံလောက်ပေ။ ထို့အပြင် ရှန်းယွမ်ဆေးလုံးတစ်လုံးတည်းဖြင့် လိုအပ်ချက်အတွက် လုံလောက်မည်မဟုတ်ပေ။ ရီဖူရှင်းသည် ထိုသို့တွေးကာ ဆေးလုံးကို သိမ်းဆည်းလိုက်သည်။ ကံအားလျော်စွာပင် သူသည် ဤတစ်ကြိမ်တွင် နတ်တောင်ပေါ်၌ ဆေးပင်များကို လုံလုံလောက်လောက် စုဆောင်းခဲ့သည်။ အပြင်လောကတွင် ထိုဆေးပင်တိုင်းကို ရှားပါးသောရတနာများအဖြစ် တန်ဖိုးကြီးကြီးဖြင့် ရောင်းချဖလှယ်နိုင်သည်။
သို့သော် အရည်အသွေးအကောင်းဆုံး ဆေးလုံးများကို ဖော်စပ်ရန် အဖိုးအတန်ဆုံး ဆေးပင်များကိုသာ သုံးရမည်ဖြစ်သည်။
ထိုကဲ့သို့သော အချိန်မျိုးတွင် သူကပ်စေးမနဲနေနိုင်ပေ။
ရီဖူရှင်းသည် ဆေးလုံးများဆက်၍ ဖော်စပ်နေလိုက်သည်။ ထို့ကြောင့် အားလုံးသည်လည်း သူတို့လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်လိုက်ကြ၏။ သို့သော် သူတို့သည် အချိန်အတော်ကြာ စိတ်လှုပ်ရှားနေခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် သူတို့ရင်ထဲ၌ မျှော်လင့်ချက်နှင့် မျှော်မှန်းချက်အနည်းငယ် တောက်လောင်လာခဲ့၏။
သို့သော် ထိုအံ့အားသင့်မှုသည် အစသာရှိသေးပုံရ၏။ နောက်လအနည်းအတွင်း၌ သူတို့သည် ဆက်လက်ကျင့်ကြံရင်း ဆေးကပ်ဘေးများကို ထပ်မံတွေ့ခဲ့ရသည်။ တဖြည်းဖြည်းဖြင့် သူတို့သည် ဆေးကပ်ဘေးများကိုမြင်ရသည်ကို ရိုးလာ၏။
ရီဖူရှင်းသည် နတ်ဘုရားတစ်ဝက်ဆေးလုံးများကို အမြောက်အမြား ထုတ်လုပ်နေခြင်းဖြစ်ကြောင်း သူတို့သိသည်။
ထိုဆေးပင်များ၏ အဖိုးတန်မှုကြောင့် ရီဖူရှင်းမှာ ၎င်းတို့ကို အနည်းငယ်မျှပင် မဖြုန်းတီးရက်ပေ။ သူသည် စွန့်စား၍ ဆေးလုံးများကို တစ်ပြိုင်တည်းအမြောက်အမြား မထုတ်လုပ်ဝံ့ပေ။ ထို့ကြောင့် သူက တစ်ကြိမ်လျှင်တစ်လုံးကျ ထုတ်လုပ်နေခြင်းပင်။ သို့သော် ရီဖူရှင်းသည် နတ်ဘုရားတစ်ဝက်ဆေးလုံးထက် အဆင့်နိမ့်သောဆေးလုံးများကိုမူ တစ်ပြိုင်တည်း အမြောက်အမြားထုတ်လုပ်နိုင်သည်။
သူသည် ထိုဆေးလုံးများ ထုတ်လုပ်သည့်အချိန်ကို သူ၏နားချိန်အဖြစ် မှတ်ယူခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် ရန်ဟောင်အဆင့်မှာပင် ရှိသေးသည့် သူ့မိသားစုနှင့် မိတ်ဆွေများကိုလည်း ကူညီပေး၏။
အနာဂတ်တွင် သူတို့သောက်သုံးမည့်ဆေးလုံးများကို တာအိုဘုန်းတော်ကြီးမူကို ဖော်စပ်ထုတ်လုပ်ခိုင်းရမည်ဖြစ်သည်။
ရီဖူရှင်းသည် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများအတွက် ဆေးလုံးများဖော်စပ်ထုတ်လုပ်သည့်အပြင် အခြားကိစ္စများအတွက်လည်း အခြားဆေးလုံးအနည်းငယ်ကို ဖော်စပ်ထုတ်လုပ်ရပေမည်။
နောက်ဆုံးတွင် တစ်ရက်၌ ရီဖူရှင်းသည် အဂ္ဂရိတ်လုပ်ငန်းကို ရပ်တန့်လိုက်သည်။
ထို့နောက် သူသည် ရန်ဟောင်ချန်၊ တာအိုဘုန်းတော်ကြီးမူ၊ အင်ပါယာရှီနှင့် အခြားကျင့်ကြံသူများကို ဖိတ်ခေါ်လိုက်၏။
“ဆရာကြီး... ကျုပ် ဆရာကြီးကို ဆေးညွှန်းတချို့ပေးမယ်... ဘာလို့ဆို နောက်ကျရင် ဆရာကြီးကို ဆေးလုံးတချို့ဖော်ခိုင်းရမှာမို့လို့ပဲ”
ရီဖူရှင်းသည် တာအိုဘုန်းတော်ကြီးမူကို ပြုံးလျှက် ပြောသည်။
“ကိစ္စမရှိပါဘူး။ နန်းတော်သခင်အနေနဲ့ အဲဒီလိုပြောနေစရာမလိုပါဘူး။ နောက်ကျရင် အဘိုးမူပဲ အဲဒါတွေကို လုပ်ပေးမှာပါ”
တာအိုဘုန်းတော်ကြီးမူက ပြောသည်။
“နန်းတော်သခင်... ကျုပ်ဆီမှာ အကြံပြုစရာတစ်ခု ရှိပါတယ်။ ဒါပေမဲ့ နန်းတော်သခင် ကျင့်ကြံနေတာကို မနှောင့်ယှက်ချင်လို့ မပြောသေးတာပါ။ နောင်ကျရင် စီဝေ့အင်ပါယာနန်းတော်က ပိုပြီးအင်အားတောင့်တင်းလာမှာပဲ... အဲဒါကြောင့် အခုကတည်းက ကိစ္စတချို့ကို စထားသင့်ပြီလို့ ထင်ပါတယ်။ တာအိုဘုန်းတော်ကြီးမူက ကပ်ဘေးအဆင့်ကျင့်ကြံသူပါ။ ကျုပ် အဂ္ဂရိတ်အိမ်တော်တစ်လုံးဆောက်ပြီး သူ့ကိုအိမ်တော်သခင်ရာထူးပေးလိုက်ပါတယ်။ ပြီးတော့ တာအိုဘုန်းတော်ကြီးမူနဲ့ အင်ပါယာရှီတို့ကို လက်ထောက်နန်းတော်အကြီးအကဲဘွဲ့ကို ပေးဖို့ ကျုပ်အကြံပြုချင်ပါတယ်”
ရန်ဟောင်ချန်ပြောသည်။
လက်ရှိတွင် စီဝေ့အင်ပါယာနန်းတော်၌ ကပ်ဘေးအဆင့်ကျင့်ကြံသူလေးဦးရှိ၏။
ဟွာဂျီယူကိုမူ ထည့်တွက်ရန်မလိုသေးပေ။ သူမသည် နန်းတော်သခင်၏ ဇနီးဖြစ်သဖြင့် အခြားရာထူးပေးရန် မလိုပေ။
ရန်ဟောင်ချန်၊ တာအိုဘုန်းတော်ကြီးမူနှင့် အင်ပါယာရှီတို့သည်လည်း ကပ်ဘေးအဆင့်ကျင့်ကြံသူများဖြစ်သည်။ အင်ပါယာရှီသည် ကြယ်တာရာကျင့်ကြံခြင်းနန်းတော်တွင် ကျင့်ကြံနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီး တာအိုဘုန်းတော်ကြီးမူမှာမူ မကြာသေးခင်ကမှ ရီဖူရှင်း ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ သူတို့ကို လက်ထောက်နန်းတော်အကြီးအကဲရာထူးကို ပေးလိုက်လျှင် လူဟောင်းရော လူသစ်ကိုပါ စည်းလုံးသွားစေမည်ဖြစ်သည်။
“အင်း...”
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။
“အဲဒါအမှန်ပဲ... ဒါပေမဲ့ ဒီမတိုင်ခင် ဆေးလုံးကိုအသုံးပြုပြီးတော့ ခင်ဗျားတို့ရဲ့ ကျင့်ကြံခြင်းကို တိုးတက်အောင်လုပ်ပြီး အဆင့်တက်နိုင်ဖို့ အခွင့်အရေးရှိမရှိ စမ်းကြည့်ကြပါ”
သူသည် ထိုသို့ပြောလိုက်ပြီး ဆေးလုံးနှစ်လုံးကိုထုတ်ကာ ရန်ဟောင်ချန်ကို လှမ်းပေးလိုက်သည်။
“ဒီဆေးလုံးနှစ်လုံးစလုံးက နတ်ဘုရားတစ်ဝက်ဆေးလုံးတွေပဲ... တစ်ခါတည်း နှစ်လုံးစလုံးသောက်ရမှာ။ အဆင့်တက်နိုင်မယ့် အခွင့်များရှိမလားလို့ ကျုပ် အင်ပါယာကြယ်ရဲ့ နတ်အရောင်အဝါကို ထပ်ပြီးဆင့်ခေါ်ကြည့်လိုက်မယ်”
“ကောင်းပါပြီ...”
ရန်ဟောင်ချန်သည် လေးနက်သောမျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် ထိုကိစ္စကို အလေးအနက်ထားပုံပေါ်၏။
ရီဖူရှင်းသည် ထိုဆေးလုံးမျိုးကိုပင် တာအိုဘုန်းတော်ကြီးမူနှင့် အင်ပါယာရှီတို့ကို တစ်ယောက်နှစ်လုံးစီပေးလိုက်ကာ ပြောလိုက်၏။
“အခုသောက်လိုက်လို့လည်းရတယ် ဒါမှမဟုတ် ကိုယ့်ရဲ့အဆင့်က အခြေခိုင်နေတဲ့အချိန်မှသောက်လည်းရတယ်... အဲဒီလိုဆို အခွင့်အရေးပိုရလိမ့်မယ်”
“ငါ နှစ်အနည်းငယ်လောက်ကျင့်ကြံကြည့်ဖို့ လိုတယ်။ ငါ့ရဲ့အဆင့်က သိပ်ပြီးမပြီးပြည့်စုံသေးဘူး”
တာအိုဘုန်းတော်ကြီးမူက ပြောသည်။
အင်ပါယာရှီသည် ထိုဆေးလုံးများကို တည်ငြိမ်စွာ သိမ်းဆည်းလိုက်သည်။ ထိုနတ်ဘုရားတစ်ဝက်ဆေးလုံးနှစ်လုံးသည် မည်မျှအဖိုးတန်ကြောင်း သူသိသည်။ သူ စီဝေ့ကြယ်ကောင်းကင်တွင် နေရန်ဆုံးဖြတ်ခဲ့ခြင်းသည် မှန်ကန်ခဲ့ပုံရ၏။ နောင်တွင် သူသည် အဆင့်တက်နိုင်မည့်အခွင့်အရေးကို ရကောင်းရနိုင်သည်။
“ငါ ကျေးဇူးတင်တယ်ဆိုတဲ့ သာမာန်ကာလျှံကာစကားတွေ ပြောမှာမဟုတ်ဘူး”
အင်ပါယာရှီက ရီဖူရှင်းကို ပြောသည်။ ထိုကျေးဇူးတရားမှာ လက်တွေ့ပြန်ဆပ်ရမည့်အရာဖြစ်သည်။
“အင်ပါယာရှီက ကျုပ်အတွက် သေရေး၊ ရှင်ရေးအခြေအနေမှာတောင် စီဝေ့ကြယ်ကောင်းကင်မှာ စွန့်စားပြီးနေခဲ့တာပါ။ ဒီလိုကျေးဇူးတရားမျိုးက ဆေးလုံးလေးနှစ်လုံးနဲ့ ပြန်ဆပ်နိုင်တဲ့ ကျေးဇူးတရားမဟုတ်ပါဘူး။ အခု ကျုပ်ရဲ့စွမ်းရည်က အကန့်အသတ်ရှိပါတယ်။ ဒါပေမဲ့ နောက်ကျရင် ကျုပ် အားလုံးရဲ့ ကျင့်ကြံခြင်းကို ကူညီပေးနိုင်မယ့် ပိုအစွမ်းထက်တဲ့ ဆေးလုံးတွေ ဖော်စပ်ထုတ်လုပ်ပေးမှာပါ”
ရီဖူရှင်းက ပြောသည်။ သူသည် ဒွန်ဟောင်အင်ပါယာနန်းတော်ကို အပြစ်ပြုမိခဲ့သဖြင့် ကောင်းကင်ဒေသ၏ဘုံရန်သူဖြစ်လာခဲ့သည်။ အင်ပါယာရှီတစ်ယောက် စီဝေ့ကြယ်ကောင်းကင်တွင် ဆက်နေခဲ့ခြင်းသည် လွန်စွာစွန့်စားရကျသည်။
သူ့ကဲ့သို့သော လူတစ်ယောက်သည် မည်သည့်နေရာတွင်ဖြစ်စေ အဆင့်အတန်းမြင့်သော ရာထူးဂုဏ်သိမ်ရနိုင်ပြီး သူလိပ်နတ်ဘုရားကျွန်းစုတွင် လုပ်ခဲ့သည့်အတိုင်း သဘောရှိ ကျင့်ကြံနိုင်သည်။ သူ့အနေဖြင့် အပူအပင်ကင်းကင်းဖြင့် လောကအတွင်းမှ ကိစ္စများကို အရေးမစိုက်ဘဲ နေနိုင်၏။