အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
အပိုင်း (၄၅)
မိသားစုတိုင်းသည် စန်းလော့ကို မသိစေဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြင်ဆင်နေကြသည်။
အသစ်တည်ဆောက်ထားသော ခြံထဲတွင် အကူအညီလာပေးသူများသည် အလုပ်များသော စိုက်ပျိုးရာသီအတွက် ပြင်ဆင်ရန် အိမ်သို့ ပြန်လာကြသည်။ ချန်းယိုထျန်းတစ်ယောက်သာ မမောနိုင်မပမ်းနိုင် အလုပ်လုပ်နေဆဲဖြစ်ပြီး အိမ်တက်ပွဲမတိုင်မီ ရှန်းအန်းအတွက် အိပ်ယာအသစ် ပြုလုပ်ပေးမည်ဟု ကတိပေးထားသောကြောင့် အပြီးသတ်ရန်ဆုံးဖြတ်ထားကာ လွှစာများနှင့် ရွေပေါ်စများက တလွှင့်လွင့် ပျံနေတော့သည်။
စန်းလော့သည် ကလေးနှစ်ယောက်နှင့်အတူ ပင်မအိမ်ကို သန့်ရှင်း သပ်ရပ်အောင် လုပ်နေသည်။ ယခင်က ရှုပ်ပွနေသော ထင်းပုံကဲ့သို့ ပစ္စည်းများကို ယခုအခါ မီးဖိုချောင်အပြင်ဘက်ရှိ တံစက်မြိတ်အောက်တွင် သပ်သပ်ရပ်ရပ် ပုံထားသည်။ ပုံးအဟောင်းများနှင့် ကြွေအိုးဟောင်းများကို မီးဖိုချောင်သို့ ရွှေ့ပြောင်းထားပြီးဖြစ်ပြီး လောလောဆယ်တွင် ရှင်းလင်းရန် ရိုးရိုးမီးဖိုနှင့် စားပွဲအဖြစ် အသုံးပြုထားသည့် ကျောက်ပြားများသာ ကျန်ရှိတော့၏။
ချန်းယောက္ခမနှင့် ချင်ဖန်းညန်တို့သည် ယခင်က စန်းလော့ယူလာခဲ့ပြီး သုံးမကုန်သေးသည့် ဆန်၊ ဆီ၊ ဆား၊ ပဲငံပြာရည်နှင့် ရှာလကာရည်တို့ကို ပြန်ပေးရန် အတူတူရောက်လာခဲ့ကြသည်။
ချင်ဖန်းညန်သည် ရိက္ခာများယူရန် မနက်တိုင်း လာသော်လည်း ချန်းယောက္ခမသည် ပထမဆုံး လာရောက်ခြင်း ဖြစ်၏။ စန်းလော့ကိုမေးပြီးနောက် သူမသည် အသစ်ဆောက်ထားသောအိမ် တစ်ဝိုက်ကို ကြည့်လိုက်ပြီး သူမ၏အပြုံးသည် မျက်လုံးထောင့်များတွင် နက်ရှိုင်းစွာ ကွေးညွှတ်သွားသည်။
"အတော်လေးကောင်းပြီး အခုမှ တစ်ကယ့်အိမ်လေးတစ်လုံးလို ခံစားရတာ။ ကြက်နဲ့ဘဲ နည်းနည်းပါးပါး မွေးမြူထားတော့ ပိုပြီးအသက်ဝင်တာပေါ့။ ဥတွေကို ရောင်းတာပဲဖြစ်ဖြစ် စားတာပဲဖြစ်ဖြစ် အကုန်လုံးအဆင်ပြေတယ်"
စန်းလော့သည် ကြည်နူးစွာဖြင့် တုံ့ပြန်လိုက်သည်။
"အဲ့တာကို စဉ်းစားနေတာ။ ဆန်ဖွပ်တာက ရတဲ့ ဖွဲနုကို ထည့်သုံးပြုဖို့ လိုတယ်။ ဒါပေမယ့် ခုက ကြက်မတွေ ဥဥတဲ့ရာသီမဟုတ်တော့ ကြက်ပေါက်လေးတွေကို ဝယ်ဖို့ခက်တယ်။ ရွာအနီးအနားမှာ လိုက်မေးကြည့်မလို့ စဉ်းစားနေတာ အရွယ်မရောက်သေးတဲ့ ကြက်ကလေးတွေကို ရောင်းမယ့်သူရှိတယ်ဆိုရင်ပေါ့"
ချန်းယောက္ခမသည် မျက်ခုံးပင့်လိုက်ပြီး
"ငါ ညည်းအတွက် လိုက်မေးပေးမယ်လေ"
လုမိသားစုတွင် လူပိုများပြီး သူတို့ထံတွင် ဆန်ဖွပ်ခြင်းမှ ဖွဲနုပိုကျန်သောကြောင့် မိသားစုဝင်နည်းသော မိသားစုများထက် ကြက်များကို ပိုမိုမွေးမြူကြသည်။
စိတ်ကျေနပ်စွာဖြင့် စန်းလော့က ပြောလိုက်သည်။
"အဲ့တာက တော်တော်လေး အဆင်ပြေမှာ။ အဘွားသာ လိုက်မေးပေးမယ်ဆိုရင် ပြည့်စုံသွားပြီ။ အဲ့လိုမှမဟုတ်ရင် စီရင်စုအရှေ့ဘက်ဈေးမှာ ကံစမ်းရတော့မှာပဲ"
စန်းလော့သည် မကြာသေးမီက အနောက်ဘက်ဈေးတွင် အမွှေးပွပြီး ချစ်စရာကောင်းသည့် အဝါရောင်ဘဲကလေးများကို ရောင်းချနေသည်ကို တွေ့ခဲ့ရသော်လည်း ယခုအချိန်တွင် သူတို့နေ့စဉ်အသုံးပြုရန်အတွက် အိမ်အနီးရှိ တောင်ကျစမ်းရေကိုသာ မှီခိုအားထားနေရသည်။ ဘဲများကို အိမ်သို့ယူလာခြင်းသည် သူတို့၏ရေအရင်းမြစ်ကို ညစ်ညမ်းစေမည်ကို စိုးရိမ်မိသောကြောင့် သူမသည် အခုလောလောဆယ်တော့ မဝယ်တော့ရန် ဆုံးဖြတ်လိုက်၏။
ချန်းယောက္ခမသည် ကြက်ရှာပေးရန်တာဝန်ကို ယူပြီးနောက် အခြားကိစ္စများကို ဦးတည်လိုက်သည်။ ချင်ဖန်းညန်က ပြုံးပြီးမေးလိုက်၏။
"ရှင့်အိမ်ရဲ့ပွဲအတွက် ကူညီနိုင်တာ တစ်ခုခုရှိမလားလို့ မေးဖို့လာခဲ့တာ။ အကူအညီတစ်ခုခု လိုသေးလား"
စန်းလော့သည်လက်ခါပြလိုက်ကာ
"အဒေါ်တို့မှာ လုပ်စရာတွေ အများကြီးရှိနေတယ်လေ။ ပြီးတော့ အများကြီး ကူညီပေးခဲ့ပြီးပြီ။ ပြင်ဆင်မှုတွေအတွက်တော့ ကျွန်မ စီမံနိုင်ပါတယ်။ ၂၅ရက်နေ့ကျရင် အနောက်ဈေးကို မသွားတော့ဘူး။ ဆိုင်ဖွင့်တာပဲဖြစ်ဖြစ် ဆောင်းဦးရာသီ ရိတ်သိမ်းတာကြောင့် အလုပ်များတာပဲဖြစ်ဖြစ် အဒေါ် ဘယ်လိုစီစဉ်မလဲဆိုတာကို စစ်ဆေးကြည့်ဖို့လိုတယ်"
"အခုက ရိတ်သိမ်းချိန်ရောက်ပြီ၊ ရိတ်သိမ်းချိန်ပြီးတဲ့အထိတော့ ဆိုင်ဖွင့်ဖို့ စောင့်ရလိမ့်မယ်"
ချင်ဖန်းညန်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်၏။ လယ်ကွင်းများရှိ သီးနှံသည် ထိပ်တန်းဦးစားပေးဖြစ်ပြီး နှောင့်နှေး၍မရပေ။
စန်းလော့က ခေါင်းညိတ်ပြလိုက်ပြီး
"ကောင်းပါပြီ။ အဲ့တာတွေပြီးသွားလို့ ဆိုင်ကို ပြန်စဖို့ စီစဉ်ထားရင် ကျွန်မကို အသိပေးပေးနော်။ နောက်ရက်အနည်းငယ်အတွင်းမှာ စီရင်စုကို သွားဖို့ရှိတယ်။ ဘာလို့လဲဆိုတော့ ဝယ်စရာရှိလို့ပါ။ အဲ့တာတွေကို ဦးလေးချန်း ကူပြီးသယ်ပေးဖို့လဲ လိုအပ်လို့ပါ"
သူမတစ်ယောက်ထဲမသယ်နိုင်သော ကျောက်ဖြင့်လုပ်ထားသည့် ကြိတ်စက်တစ်လုံးပင်။
တောင်များတွင်နေထိုင်ခြင်းသည် အကျိုးခံစားခွင့်များရှိသော်လည်း အထူးသဖြင့် လေးလံသောပစ္စည်းများဖြင့် သွားလာခြင်းသည် စိန်ခေါ်မှုတစ်ရပ်ပင်။
ချင်ဖန်းညန်သည် ချက်ချင်း သဘောတူလိုက်၏။
"ကိစ္စမရှိပါဘူး။ နဲနဲလောက် မ သယ်ရုံပဲလေ။ အဲ့အချိန်ကျ သူ့ကို ခေါ်ကြတာပေါ့"
မကြာသေးမီရက်များအတွင်း စန်းလော့သည် အိမ်သုံးပစ္စည်းများကို နေ့တိုင်းပြန်သယ်လာခဲ့သည်။ ချင်ဖန်းညန်သည် သာမာန်အိမ်သုံးပစ္စည်းများဖြစ်သည်ဟု ယူဆကာ သူမ ဝယ်သောအရာများကို မစပ်စုခဲ့ပေ။
ထိုအတောအတွင်း ချန်းယောက္ခမ၏ လေ့လာမှုသည်လည်း ပြီးစီးသွားပြီး ရေချိုးခန်းထဲကိုပင် ချောင်းကြည့်ခဲ့သေးသည်။ သန့်ရှင်းပြီး အဖုံးအုပ်ထားသော အခန်းထဲမှ ဆီးအိုးတစ်လုံးကို မြင်ပြီး မှတ်ချက်ချလိုက်၏။
"ဒါက အတော်လေးသပ်ရပ်ပြီး အဆင်ပြေတာပဲ။ မှောင်မှောင်နဲ့ အိမ်အပြင်ဘက်ကို စမ်းတဝါးဝါး သွားစရာမလိုတော့ဘူးပေါ့"
သူမ၏လည်ပတ်မှုအပြီးတွင် ချန်းယောက္ခမသည် လိုရင်းကို ပြောလေသည်။
"၂၅ရက်နေ့ကျရင် ဖန်းညန်က ကောက်ရိတ်သိမ်းတာနဲ့ အလုပ်များနေမှာ။ ပြီးတော့ ငါက အိမ်မှာပဲ ချက်ပြုတ်ရမှာ။ နေ့လည်ဘက်တော့ အားတယ်။ လာပြီးကူပေးမယ်။ လုမိသားစုကလဲ လယ်ထဲမှာ အလုပ်များနေကြမှာပဲ။ ဒါပေမယ့် ငါထင်တာတော့ သူတို့ရဲ့အဘွားလဲ နေ့လည်ဘက်တော့ လာလောက်မယ်"
မိသားစုသုံးစုလုံးသည် စန်းလော့တစ်ယောက် စီရင်စုမှ အပိုဝယ်ခြင်းကိုရှောင်နိုင်ရန် သူတို့၏ခြံထဲရှိ ဟင်းရွက်အချို့ကို ယူဆောင်လာမည်ဖြစ်ကြောင်း ဖော်ပြခဲ့၏။ ထို့နောက်တွင်တော့ အိမ်ပြန်ရန် နှုတ်ဆက်ကြလေသည်။
……
ယောက္ခမနှင့်ချွေးမ ထွက်သွားသည်ကို ကြည့်ပြီးနောက် စန်းလော့သည် ပင်မအိမ် သိမ်းဆည်းခြင်းကို အပြီးသတ်ခဲ့၏။ ကလေးနှစ်ယောက်ကို အိမ်၌ထားခဲ့ပြီး သူမနောက်ကျောတွင် ခြင်းတောင်းတစ်ခုနှင့် လက်ထဲတွင် တံစဉ်တစ်ချောင်းကိုကိုင်ကာ ထွက်သွားလေသည်။
စွံပလွန်အချဉ်သီးများကို ခူးခြင်းသည် သူမ၏နေ့စဉ်တာဝန်ဖြစ်ပြီး ယနေ့သည် ချွင်းချက်မဟုတ်ပေ။ စွံပလွန်သီးများကို စုဆောင်းပြီး ပင်မအိမ်တွင် နေရာချထားပြီးနောက် စန်းလော့သည် ချန်းယိုထျန်း ကျန်ခဲ့သော မြေပြင်ပေါ်ရှိ ကိရိယာများပေါ်သို့ အာရုံရောက်သွားသည်။
ချန်းယိုချန်းသည် ကျွမ်းကျင်သည့် လက်သမား မဟုတ်ပေ။ သူကိုယ်တိုင် ကျွမ်းကျင်မှုကို တိုးတက်အောင်တည်ဆောက်ထားသောကြောင့် သူ၏ကိရိယာတန်ဆာပလာပုံးသည် ဈေးမကြီးသော်လည်း မရှိမဖြစ်အရာများအနည်းငယ်ပါရှိသည်။ ထိုအထဲတွင်မှ ဓားကောက်သည် တောင်ပေါ်တွင်ထင်းခုတ်ရန် ရွာသားများ အသုံးများကြသည်။
စန်းလော့ စိတ်ထဲရောက်လာသောတစ်စုံတစ်ခုကြောင့် သူမသည် မေးမြန်းလိုက်၏။
"ဦးလေးယိုထျန်း၊ အဲ့ဓားကောက်ကို အခု သုံးနေလား"
သစ်သားဖြတ်ခြင်းဖြင့်အလုပ်များနေသော ချန်းယိုထျန်းသည် သူမကို လှမ်းကြည့်လိုက်ပြီး မေးလိုက်၏။
"လိုနေလို့လား"
စန်းလော့သည် စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး
"ဟုတ်တယ်၊ တံမြက်စည်းလုပ်ဖို့အတွက် ဝါးတစ်ချို့ကို ဖြတ်ဖို့လိုအပ်လို့ပါ"
ယခင်က အရင်းအမြစ်အကန့်အသတ်နှင့်တဲငယ်လေးသည် တံမြက်စည်းလိုအပ်မှု မရှိသလောက်ပင်။ မြေပြင်ပေါ်ကျနေသော မည်သည့်အရာကိုမဆို လက်ဖြင့် ရိုးရှင်းစွာကောက်ယူကြသည်။ တံမြက်စည်းပြုလုပ်ရန် အလုပ်ရှုပ်သောကြောင့်ဖြစ်ပြီး ယခုအချိန်တွင်တော့ အိမ်ရှေ့နှင့်အိမ်နောက်ဖေး၌ တံမြက်စည်းသည် မရှိမဖြစ် ဖြစ်လာသည်။ ယခုပြုလုပ်ခြင်းသည်လည်း ချန်းယိုထျန်း၏ကိရိယာများကို ငှားရမ်းဖို့လိုလာသည်။
ချန်းယိုထျန်းသည် အံ့ဩသွားကာ
"ဘယ်လိုလုပ်ရမလဲဆိုတာကို သိတာလား"
ချမ်းသာသည့်နောက်ခံမှ ဆင်းသက်လာပုံရသော စန်းလော့သည် လယ်လုပ်နည်းကိုပင် မသိဘဲ သိမ်မွေ့လွန်းသည်ဟု ရွာသားများကြားတွင် ဘုံယုံကြည်မှုတစ်ခုရှိခဲ့သည်။ ထို့ကြောင့် တံမြက်စည်းလုပ်နည်းကို သိသောသူမ၏ပြောဆိုချက်သည် ချန်းယိုထျန်းအား အံ့အားသင့်စေခဲ့သည်။
"သိပါတယ်" သူမသည် အခိုင်အမာပြောဆိုလိုက်၏။ တံမြက်စည်းပြုလုပ်ခြင်းသည် အထူးမခက်ခဲပေ။ တောင်ပေါ်တွင် သူမနေထိုင်ခဲ့သော နှစ်များအတွင်း အင်တာနက်ပေါ်မှရှာတွေ့သော လက်မှုပညာကို အသုံးပြုပြီး အိမ်သုံးပစ္စည်းအမျိုးမျိုးဖန်တီးခြင်းကို သင်ယူခဲ့၏။
ချန်းယိုထျန်းသည် မယုံကြည်နိုင်သေးပုံပေါ်၏။
"ကိုယ့်ဘာသာ ဝါးကို ဖြတ်တတ်လား။ အဲ့တာကိုတော့ ကူညီပေးရမယ် ထင်တယ်။ ပြီးတဲ့နောက်မှ တံမြက်စည်းလုပ်ပေါ့"
စန်းလော့သည် အာမခံကာ ပြုံးပြလိုက်သည်။
"ရပါတယ်။ ဦးလေးရဲ့အလုပ်ကိုပဲ အာရုံစိုက်လို့ရပါတယ်။ ဓားကောက်ကို ခဏလောက် ငှားဖို့ပဲ လိုအပ်တာပါ"
ချန်းယိုထျန်းသည် အသံတိတ်ခေါင်းညိတ်ပြလိုက်ပြီး
"ယူသွားပြီးသုံးပါ။ အခုချက်ခြင်းတော့ မလိုအပ်သေးပါဘူး"
ဝါးခုတ်မည်ကို ကြားသည်နှင့် ရှန်းအန်းသည် ကူညီချင်သော်လည်း အိမ်တွင်ရှိသော အလုပ်များကို တွေးပြီး ဆန့်ကျင်ဘက်သာ ဆုံးဖြတ်လိုက်သည်။
စန်းလော့သည် တံစဉ်ကို ယူကာ ထွက်သွားလေသည်။ တစ်နာရီ၏လေးပုံသုံးပုံမျှ (၄၅မိနစ်) ကြာသောအခါ ဝါးလုံးတိုင်ကြီးတစ်လုံးနှင့် ထင်းရှူးကိုင်းများကိုဆွဲကာ ပြန်ရောက်လာ၏။
စန်းလော့သည် တံမြက်စည်းလက်ကိုင်အဖြစ် ထင်းရှူးပင်အခက်ကို ရွေးချယ်ထားသည်ကို တွေ့လိုက်ရသဖြင့် ချန်းယိုထျန်းသည် တံမြက်စည်းလုပ်နည်းကို သိသောသူမ၏ပြောဆိုချက်မှာ အမှန်ဖြစ်နိုင်သည်ကို သိလိုက်၏။ ရွာတွင် တံမြက်စည်းလက်ကိုင်အတွက် သာမာန်ရွေးချယ်မှုဖြစ်သော ထင်းရှူးပင်အကိုင်းအခက်သည် ပေါ့ပါးပြီးသင့်လျော်သည့် ရွေးချယ်မှုဖြစ်သည်။
စန်းလော့ပြန်ရောက်လာသည်နှင့် မောင်နှမနှစ်ယောက်လုံးမှာ စိတ်အားထက်သန်စွာဖြင့် အနားသို့ စုဝေးရောက်ရှိလာကြသည်။ တံမြက်စည်းပြုလုပ်ရန် ဝါးကိုင်းများကိုအရင်ဆုံး ဖြတ်ရန်လိုအပ်သည်။ ချန်းယိုထျန်း၏ထောက်ခံချက်နှင့်အတူ စန်းလော့သည် မရပ်မနားလုပ်သော်လည်း အလျင်အမြန်တော့မဟုတ်ပေ။
အရွက်များကို ခုတ်ထွင်ရန် သုံးယောက်အတူတူ အလုပ်လုပ်ခဲ့ကြ၏။ နောက်တစ်ဆင့်တွင် ကတ်ကြေးမပါပဲ သစ်သားတုံးနှင့်တံစဉ်ကိုသုံးကာ အကိုင်းအခက်တစ်ခုစီကို အတိအကျ ပိုင်းဖြတ်နိုင်ခဲ့သေးသည်။
ချန်းယိုထျန်းသည် သဘောကျသွားပြီး ကူညီရန် သူ့အလုပ်အား ဘေးဖယ်ထားလိုက်သည်။ သူသည် ထင်းရှူးပင်ကို အရှည်လိုက် ဖြတ်လိုက်ကာ သစ်ခေါက်ကို ဖယ်ရှားပြီးနောက် မျက်နှာပြင်ကို ချောမွေ့အောင်လုပ်သည်။ အစွန်းတစ်ဖက်ကို ချွန်လိုက်ကာ သင့်လျော်သောတံမြက်စည်းလက်ကိုင်ကို ပြုလုပ်ပြီး သူမအတွက် ချန်ထားပေးလိုက်၏။
စန်းလော့သည် သစ်ခက်အသေးနှစ်ခုကို လျှော်ကြိုးနှင့် စည်းလိုက်ကာ ထူသော အကိုင်းအနည်းငယ်ကို ဝါးစို့အဖြစ်သို့ ချွန်လိုက်လေသည်။ နောက်ဆုံးတွင် ချန်းယိုထျန်းပြင်ဆင်ပေးသော တံမြက်စည်းလက်ကိုင်နှင့်အတူ သူမသည် နောက်ဆုံးစည်းနှောင်မှုလုပ်ငန်းစဉ်ကို စတင်ခဲ့လေသည်။
လျှော်ကြိုးအား အကြိမ်ရေများစွာ တင်းတင်းကြပ်ကြပ်ပတ်ချည်လိုက်ပြီး အခက်အလက်များကို တစ်စည်းပြီးတစ်စည်း ထပ်ပေါင်းခြင်းဖြင့် စေ့စပ်သေချာစွာ အလုပ်လုပ်ကာ လုံလောက်သောအင်အားကို အသုံးချလိုက်၏။ ချန်းယိုထျန်းသည် ဤအချောထည်သည် နှိုင်းယှဉ်ကြည့်ပါက အဖြစ်လုပ်ထားသည့် ရွာရှိတံမြက်စည်းများထက် များစွာ ပိုကောင်းသည်ဟု စဉ်းစားမိသည်။
စန်းလော့သည် ရိုက်သွင်းထားသည့်ဝါးစို့နှင့် ကြိုးထုံးကို ချည်ပြီးနောက် တံမြက်စည်းကို ကျေနပ်စွာ စစ်ဆေးကြည့်လေ၏။
ထူးထူးခြားခြား စကားပြောများလာသည့် ချန်းယိုထျန်းက မှတ်ချက်ပေးလိုက်၏။
"သမီးရဲ့ အရည်အချင်းနဲ့ဆိုရင် ဒီတံမြက်စည်းတွေကို စီရင်စုမှာတောင် ရောင်းလို့ရနိုင်တယ်"
စန်းလော့၏ မျက်လုံးများသည် အပြုံးဖြင့် တွန့်ချိုးသွားသည်။
"အနာဂတ်မှာ အသက်မွေးဝမ်းကျောင်းပြုဖို့ အခြားကျွမ်းကျင်မှုတစ်ခုတော့ ကျွန်မမှာ ရှိပုံရတယ်နော်"
ထိုအချိန်တွင်တော့ သူမ၏ ပြီးခဲ့သောနှစ်များအတွင်း တောင်ပေါ်တွင် နေထိုင်ခဲ့ချိန်များကို အမှန်ပင်အသိအမှတ်ပြုမိ၏။ သူမသည် ပိုပြီး ဆိတ်ငြိမ်အေးချမ်းရုံသာမက လက်တွေ့အသုံးချနိုင်သော အရည်အချင်းများကိုပါ လေ့လာခဲ့ရ၏။
တံမြက်စည်းလုပ်ပြီးသွားသောအခါ သူမသည် ကျန်ရှိနေသော ဝါးခက်များကို စည်းလိုက်ပြီး ထင်းများသိုလှောင်ထားရာ မီးဖိုချောင်အပြင်ဘက်တွင် သပ်သပ်ရပ်ရပ် စီထားလိုက်လေသည်။ ထို့နောက် သူမက လက်မောင်းခန့်ရှိသော ဝါးတိုင်လုံးကြီးအား ကြည့်ရင်း သူမစိတ်ထဲတွင် အကြံတစ်ခုပေါ်လာ၏။
သူတို့ရေသယ်နေကျနေရာဖြစ်သော တောင်ကျစမ်းဆီရှိရာ အပြင်ဘက်သို့ လမ်းလျှောက်သွားလိုက်ပြီးနောက် ထို စမ်းချောင်းအား စိုက်ကြည့်လိုက်သည်။
စိမ့်စမ်းရေသည် တောင်ဘက်အခြမ်းမှ စီးဆင်းသွားပြီး ထိုအရာ၏ အရင်းအမြစ်သည် သေချာပေါက် တောင်ထိပ်မှ မဟုတ်ဘဲ တောင်ထဲရှိ ရေကြောမှ ဖြစ်နိုင်ချေ ပိုများသည်။
ထို့ကြောင့် စမ်းရေ၏စီးဆင်းမှုမှာ မကျယ်ပြန့်သော်လည်း တစ်သမတ်တည်းဖြစ်ခဲ့သည်။ စောင့်ကြည့်ပြီးနောက် စန်းလော့သည် ခြံဝင်းထဲသို့ပြန်သွားပြီး ဝါးတိုင်ကို ဆွဲယူကာ အရှည် ငါးဆယ်မှ ခြောက်ဆယ် စင်တီမီတာအထိ အကြမ်းဖျင်းအမှတ်အသားပြုလိုက်ပြီး ချန်းယိုထျန်းအား လွှဖြင့်ဖြတ်ပေးရန် အကူအညီတောင်းလိုက်သည်။
ချန်းယိုထျန်းသည် သူမ၏ရည်ရွယ်ချက်ကို သေချာမသိသော်လည်း မေးခွန်းများမမေးတော့ဘဲ သူမ၏တောင်းဆိုမှုကို လိုက်လျောပေးလိုက်သည်။
စန်းလော့က ဖြတ်ထားသော ဝါးကို ယူလိုက်ပြီး တည့်တည့်ထောင်လိုက်ကာ သူမ၏တံစဉ်ဖြင့် အလယ်မှခွဲလိုက်၏။
ဝါးသည် ခွဲရန်အတော်လေးလွယ်ကူပြီး သပ်သပ်ရပ်ရပ်နှင့်ပင် နှစ်ပိုင်းကွဲသွားသည်။ တစ်ခြမ်းကိုယူလိုက်ပြီး သူမ၏တံစဉ်ဖြင့် အလယ်ရှိဝါးဆစ်များကိုဖယ်ရှားကာ အလွန်ကောင်းမွန်သောရေပြွန်ကို ဖန်တီးလိုက်သည်။
သူမသည် အစွန်းတစ်ဖက်ဆီအား အနားသတ်လိုက်ပြီးနောက် သစ်ပင်၏ခွဆုံကိုင်းကို ဖြတ်လိုက်ကာ ဤအရာနှစ်ခုအား တောင်ကျစမ်းဆီသို့ တည့်တည့်ထားလိုက်သည်။
သူမ အမြဲတမ်းရေခံလေ့ရှိသော ထူးခြားသန့်ရှင်းသည့် တောင်ကျစမ်းရေစီးဆင်းရာ တောင်နံရံအတွင်းဘက်တွင် အကွေ့တစ်ခုရှိသည်။
ယခုအချိန်တွင် စန်းလော့သည် ဝါးခြမ်းကို ရေတံလျောက်အဖြစ် တိုက်ရိုက်တပ်ဆင်ခဲ့ပြီး စမ်းရေသည် ဝါးတစ်လျှောက် သဘာဝအတိုင်း စီးဆင်းသွားခဲ့သည်။
ပြီးပြည့်စုံ၏။ ဤအရာသည် သူမ ရေသယ်ရာတွင် ကွေးပြီး ကိုင်းညွတ်ရန် မလိုအပ်တော့ဘဲ လုပ်ငန်းစဉ်ကို ပိုမိုလွယ်ကူစေသည်။ မညီညာသောတောင်နံရံကို တွယ်ကပ်မည့်အစား ရေသည် အပြင်ဘက်သို့စီးဆင်းသွားကာ ရေပုံးနှင့်သယ်ယူခြင်းကိုပင် ရိုးရှင်းလွယ်ကူစေသည်။
သူမသည် အခြားခွဆုံကိုင်းကို ယူပြီး ဝါး၏အနေအထားနှင့် ကိုက်ညီစေရန်ရွှံ့ထဲသို့ နှစ်လိုက်ကာ ပြီးပြည့်စုံသောအထောက်အပံ့ကို ဖန်တီးလိုက်သည်။ ဝါးအစွန်းတစ်ဖက်အား တောင်နံရံထဲသို့ ထိုးစိုက်လိုက်ကာ အခြားအစွန်းတစ်ဖက်ကိုတော့ သစ်ကိုင်းပေါ်သို့ မှီထားလိုက်၏။ ဤအရာသည် အတော်လေး ခိုင်ခံ့ပါသည်။
ပိုမိုခိုင်ခံ့စေရန်အတွက် သူမသည် ရှန်းနဉ်ကို လျှော်ကြိုးအချို့ ယူလာခိုင်းလိုက်ပြီး ဝါးနှင့်သစ်ကိုင်းကို အတူတွဲချည်လိုက်၏။
ဝါးတစ်လျှောက် စီးဆင်းသွားသောစမ်းရေကို ကြည့်ရင်း ရှန်းနဉ်သည် ကြည်နူးနေ၏။
"မကြီးက အရမ်းတော်တာပဲ။ ဒီလိုရေသွယ်တဲ့နည်းလမ်းကို ဘယ်လိုသိခဲ့တာလဲ။ ဒါက ရေသယ်တာကို ပိုပြီး လွယ်ကူသွားပြီ"
စန်းလော့၏မျက်လုံးများ ကွေးညွတ်သည်အထိ ပြုံးလိုက်ပြီး
" ဒါကို ပိုပြီးကြည့်ကောင်းအောင် ပြင်ဆင်လို့ရသေးတယ်။ ဒီတွင်းကို နည်းနည်းလောက် ပိုကြီးအောင်တူးလိုက်ပြီး ရေကန်ငယ်လေးဖြစ်အောင် ဖန်တီးကြမယ်"
ရှန်းနဉ်သည် သဘောတူလိုက်ပြီး ပေါက်တူးယူရန် ပြန်ပြေးသွားလေသည်။
သမီးယောင်းမ နှစ်ယောက်လုံးသည် စမ်းရေကြောင့် သဘာဝအတိုင်းဖြစ်ပေါ်နေသော ရေအိုင်ငယ်အား မူလအရွယ်အစား၏ နှစ်ဆမျှအထိ ကျယ်ပြန့်အောင်တူးလိုက်၏။
မူလက ကြည်လင်နေသောရေသည် တဖြည်းဖြည်းနှင့်နောက်ကျိလာသည်။ သို့သော် တဖြည်းဖြည်းချင်း ပြန်ကြည်လင်သွား၏။
"အားနဉ်၊ ညီမလေးရဲ့အစ်ကို ကိုခေါ်လိုက်ပြီး တွင်းအောက်မှာဖြန့်ခင်းထားဖို့ ချောမွေ့တဲ့ကျောက်တုံးတစ်ချို့ကို ရှာလာခဲ့၊ ဒါက တွင်းထဲက ရေကို ကြည်လင်အောင် ထိန်းပေးထားနိုင်တယ်"
ရှန်းအန်းက သိချင်စိတ်ပြင်းပြသည်ကိုသိသော စန်းလော့သည် သူမကိုယ်တိုင်မသွားဘဲ ကျန်ရှိနေသော ဝါးတိုင်၊ သစ်တိုသစ်စများနှင့် အလုပ်ပြန်လုပ်စဉ်တွင် ငယ်ရွယ်သော မောင်နှမနှစ်ယောက်အား တာဝန်ခွဲပေးလိုက်၏။
အမှန်တကယ်ပင် စိတ်လှုပ်ရှားနေသော ရှန်းအန်းသည် ထွက်လာချိန်တွင် တစ်ချိန်က မထူးခြားသော စမ်းချောင်းသည် ထူးထူးခြားခြားပြောင်းလဲသွားသည်ကို တွေ့လိုက်ရပြီး လုံးဝ သဘောကျသွားတော့သည်။။ မောင်နှမနှစ်ယောက်သည် ခြင်းတောင်းကိုယ်စီသယ်ထားကြပြီး ကျောက်လှလှလေးများကိုရှာရန် စမ်းချောင်းသို့သွားလိုက်ကြ၏။
စမ်းချောင်းထဲတွင်ရှိသော ကျောက်အမျိုးအစားများမှာ အမှန်ပင်စုံလင်လှသည်။ မကြာမီတွင် နှစ်ယောက်လုံးသည် တောင်းတစ်ဝက်အပြည့်နှင့်ပြန်လာပြီး ကျောက်တုံးတစ်တုံးစီအား တွင်းအောက်ခြေတွင် ဂရုတစိုက် ထည့်လိုက်ကြသည်။
တွင်းသည် မကြီးသော်လည်း ခရီးနှစ်ထောက်လောက်ကြာပြီးနောက် ကျောက်တုံးများကို အောက်ခြေတွင် သေသေသပ်သပ်စီထားလိုက်၏။ မောင်နှမနှစ်ယောက်သည် တွင်းထဲရှိနောက်ကျိနေသောရေက တဖြည်းဖြည်းချင်း ကြည်လင်လာသည်ကို စောင့်ကြည့်နေကြသည်။
ဤသည်ကိုမြင်သောစန်းလော့သည် ထွက်လာပြီး ပြုံးလိုက်၏။
"ငါတို့အခု ဘဲတွေမွေးလို့ရပြီ"
သူမက တွေးလိုက်သည်။
"အခုတော့ သုံးစရာရေသယ်ယူတာက ပိုပြီးလွယ်ကူသွားပြီ။ ပုံးတွေကို တစ်ခါထဲ သုံးလို့ရပြီ။ ဒီရေအိုင်ငယ်လေးက ဘဲပေါက်အနည်းငယ်အတွက် ကစားဖို့နေရာအဖြစ်တော့ လုံလောက်မှာပါ"
နောက်နေ့တွင်တော့ ကလေးများအတွက် အံ့အားသင့်စေမည့် အစီအစဉ်များကို နှုတ်ဆိတ်နေကာ အပြုံးဖြင့် ဘာသိဘာသာ အကြံပြုလိုက်လေသည်။
"စမ်းချောင်းနားမှာ ကောင်းကောင်းပေါက်နိုင်တဲ့ ပန်းလှလှလေးတွေကို ခူးပြီး ရေအိုင်ငယ်နားမှာ စိုက်လို့ရတယ်။ အဲ့တာကတေည်တော်လေးလှမှာပဲ။ အပင်ရဲ့အမြစ်တွေက မြေဆီလွှာကို တည်ငြိမ်စေပြီး အနားသပ် ပြိုကျမှာကိုလဲ ကာကွယ်ပေးတယ်"
ဤတာဝန်အတွက် စိတ်အားထက်သန်နေသော ကလေးများသည် သူတို့၏ ပေါက်ပြားများနှင့် ခြင်းတောင်းများအား ဆွဲယူကာ လှပသည့် ပန်းပွင့်များနှင့်အပင်များကို ရှာရန် ထွက်သွားကြပြန်သည်။
လှုပ်ရှားမှုကိုကြားသော ချန်းယိုထျန်းသည် သူ့အလုပ်အပိုင်း ပြီးသွားသဖြင့် ထွက်လာခဲ့သည်တွင် ယခင်က တောင်နံရံမှစီးဆင်းနေသည့် စိမ့်စမ်းရေသည် ဆွဲဆောင်မှုရှိသော မြင်ကွင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ သူက မှတ်ချက်ပေးလိုက်၏။
"ဒါက ရေအသုံးပြုတဲ့နေရာမှာ ပိုပြီး အဆင်ပြေစေတာပဲ"
သူ၏အိမ်နောက်တွင်လဲ စိမ့်စမ်းတစ်ခုရှိပြီး သူတို့ ပုံမှန်ရေသယ်နေကြနေရာ ဖြစ်သည်။ သူ၏အိမ်တွင် စန်းလော့အကြံညဏ်အား ပုံတူယူရန်စဉ်းစားရင်း ဝါးခုတ်ထပ်ခုတ်ဖို့ အပင်ပန်းမခံဖို့ဆုံးဖြတ်ပြီး ယခင်က သူမအသုံးပြုခဲ့သော ကျန်နေသည့်ဝါးတစ်ခြမ်းကို စန်းလော့ထံမှ တောင်းလိုက်တော့သည်။
စန်းလော့က ပြုံးပြီးဖြေလိုက်၏။
"သေချာတာပေါ့၊ ယူသွားပါ၊ အားမနာပါနဲ့"
သူမသည် ကောင်းကင်ကို မော့ကြည့်ကာ အပြင်၌အချိန်မဆွဲချင်သောကြောင့် ညစာပြင်ဆင်ရန် အထဲသို့ဝင်သွားလေသည်။ ချန်းယိုထျန်းသည် သူမ မီးဖိုချောင်သို့ သွားနေသည်ကိုမြင်သောကြောင့် တားလိုက်ကာ
"ဦးလေးအတွက် ထမင်းမချက်ဘဲ ကိုယ့်ဘာသာစားလိုက်နော်။ ဦလေးက အိမ်ပြန်စားလိုက်မယ်။ ဒီနေ့ ကုတင်မှာသုံးမယ့် ပျဉ်ချပ်တွေကိုပုံဖော်ပြီးပြီ။ မနက်ဖြန်တော့ ကုတင်ဘောင်ဖွဲ့ပြီး တပ်ဆင်လိုက်မယ်။ အဲ့တာဆိုရင် ပြီးသွားပါပြီ။ အခုတော့ ပျဉ်ပြားတွေကို တံစက်မြိတ်အောက်ကို ရွှေ့ထားလိုက်မယ်။ ဒီနေ့အတွက်တော့ ဒီလောက်ပဲ။ မနက်ဖြန်မှပြန်လာခဲ့မယ်"
ပြောရင်းနှင့်ပင် သိမ်းဆည်းလိုက်၏။
စန်းလော့သည် မရမက တောင်းဆိုသော်လည်း ချန်းယိုထျန်းမှာ သူ၏လက်အား ဝေ့ယမ်းပြလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် နှစ်ရက်လောက်တော့ သမီးရဲ့အိမ်မှာ လာစားဦးမှာပါ"
ဧည့်သည်တစ်ဦးပိုခြင်းသည် ဒုက္ခပေးလွန်းခြင်းဖြစ်ပြီး အလုပ်ပိုများ ထပ်တိုးစေသည်။
စကားပြောဆိုပြီးနောက် ချန်းယိုထျန်းသည် သူ၏ပစ္စည်းများကို အလျင်အမြန်စုသိမ်းပြီးနောက် ထွက်သွားလေတော့သည်။
...
အပိုင်း(၄၆)
ချန်းယိုထျန်း၏အကျင့်ကို သိနေသဖြင့် စန်းလော့က ညစာအတွက် သူ့ကို ဆက်ပြီး အတင်းခေါ်မထားတော့ချေ။ သူမသည် အသစ်လုပ်ထားသည့် တံမြက်စည်းဖြင့် ခြံဝင်းကို တံမြက်လှဲလိုက်ပြီး ညနေစာချက်ပြုတ်ရန် အထဲဝင်သွားတော့သည်။
ချက်ပြုတ်ရန် အသုံးအဆောင်ပစ္စည်းများ အသင့်ရှိနေသဖြင့် အစားအသောက်ပြင်ဆင်ရသည်က အများကြီး ပိုလွယ်ကူလာလေသည်။ သူတို့သည် အခုတလောတွင် ကောင်းကောင်းမွန်မွန် စားသောက်လာရသည်။ မကြာမီတွင် စားသောက်ပွဲအတွက် ပြင်ဆင်ရန် ရှိသေးသဖြင့် စန်းလော့က ညနေစာအတွက် ထမင်းပေါင်း၊ ကြက်ဥဟင်းရည်နဲ့ ဒရင်ကောက်ဟင်းရွက်တို့ကို ရိုးရှင်းရှင်း ပြင်ဆင်ထားလိုက်သည်။
ထိုနေညခင်းတွင် သူတို့သည် စွံပလွန်သီးမုန့်လုပ်ရန် မီးဖိုချောင်ထဲသို့ ပြောင်းရွှေ့လာကြသည်။ အထဲဘက်မှ ပိတ်ရသည့် ခြံဝင်းတံခါးမင်းတုံး ရှိလာသဖြင့် အိမ်အသစ်ထဲတွင် အပြည့်အဝလုံခြုံသည့် ခံစားချက်တစ်ခုကို ခံစားမိကြ၏။ ရှန်းအန်းနှင့် ရှန်းနဉ်တို့မှာ မနေနိုင်ဘဲ နံရံကို အကြိမ်ကြိမ် ထိကိုင်နေကြပြီး သူတို့၏အိမ်အသစ်လေးကို ချီးကျူးစကား ပြောဆိုနေကြလေသည်။
“ယောင်းမ ညီမလေးတို့အိမ်က အခု အရမ်းလှသွားပြီနော်”
အမှန်ပင်။ နေထိုင်ဖို့ရန် သက်ကယ်တဲအဟောင်းလေးသာ ရှိသော်လည်း အသစ်ဆောက်ထားသည့် မီးဖိုဆောင်၊ ရေချိုးခန်းနှင့် ကာရံပေးထားသည့် တံတိုင်းရှိလာပြီဖြစ်ရာ ဘဝကြီးက လုံးဝကွာခြားသွားသလို ခံစားလိုက်ရလေသည်။ ပျော်ရွှင်မှု ခံစားချက်က ဖော်မပြတတ်အောင်ပင်။
စန်းလော့က ပြုံးလိုက်ပြီး “ဒါဆိုရင် နင်တို့နှစ်ယောက် အိမ်ကို စောင့်ရှောက်ပေးကြနော်၊ မနက်ဖြန် အိမ်မှာ လုပ်စရာအများကြီး မရှိဘူးဆိုရင် ကျောက်တုံးလှလှလေးတွေ နည်းနည်းပါးပါးလောက် သွားကောက်ကြပေါ့၊ ငါတို့တွေ ပင်မအိမ်ကနေ ခြံဝင်းတံခါးအထိ လမ်းလေးတစ်ခု လုပ်ဖို့ စီစဉ်ထားတယ်၊ ဒီလိုဆိုရင် မိုးရွာတဲ့အခါ ငါတို့ဖိနပ်တွေ ရွှံ့မပေတော့ဘူးလေ”
ရှန်အန်း၏မျက်လုံးများက လင်းလက်သွားတော့သည်။
“ကျွန်တော်တို့ အဲလိုလဲ လုပ်လို့ရလား၊ မနက်ဖြန်ကျရင် ကျွန်တော်သွား ကောက်လိုက်မယ်၊ ပြီးရင် ကျောက်တုံးလေးတွေကို ဘယ်လိုနေရာချမှာလဲဆိုတာကို အစ်မ ပြောတဲ့အတိုင်းလုပ်ပေးဖို့ စောင့်နေမယ်”
“အင်း၊ မျက်နှာပြင်ချောတဲ့ဟာတွေ ကောက်နော်၊ ဒါမှ ခြေထောက်ကို နှိပ်ပြီးသားလို ဖြစ်မှာ၊ ဒါပေမဲ့ အရမ်းလဲ မနာရတဲ့ဟာမျိုး”
မောင်နှမနှစ်ယောက်က ခေါင်းညိတ် သဘောတူလိုက်ကြ၏။
နောက်တစ်နေ့တွင် ရှန်အန်းနှင့် သူငယ်ချင်းများသည် လုပ်စရာ တာဝန်အသစ်တစ်ခု ရှိလာလေသည်။ သို့သော်လည်း ထိုအကြောင်းကို နောက်မှပင် သိရတော့သည်။
ထိုအခိုက်တွင် ရှန်အန်းနှင့် ရှန်းနဉ်တို့က စန်းလော့ကို ကူညီပြီး နတ်သမီးသစ်ရွက်နှင့် စွံပလွန်သီးများကို ဆေးကြောပေးနေကြသည်။ လုပ်နေရင်း သူတို့သည် စဉ်းစားမိကြ၏။
“မရီး ကျွန်တော်တို့တွေ ဘယ်တော့ စွံပလွန်သီးမုန့်ကို ရောင်းမှာလဲ”
သူတို့၏အိမ်လေးသည် သည်ရက်ပိုင်းတွင် အလုပ်များနေခဲ့သော်လည်း စွံပလွန်သီးမုန့် လုပ်ခြင်းကိုတော့ မရပ်နားခဲ့ချေ။ ထို့ကြောင့် အခုချိန်တွင် အိမ်၌ စွံပလွန်သီးမုန့် နှစ်အိုးပြုလုနီးပါး ရှိနေပြီဖြစ်သည်။
“မနက်ဖြန် တစ်အိုးလောက်ယူသွားပြီး စမ်းရောင်းကြည့်လိုက်မယ်၊ တစ်နေ့ထဲနဲ့ ရောင်းထွက်လောက်ပါတယ်”
ကျောက်သား ကြိတ်စက်တစ်လုံးတော့ ဝယ်ရန် အချိန်တန်လေပြီ။ ထို့အပြင် ရေစည်တစ်ပိုင်းနှင့် ရေချိုးပုံးတစ်ခုလည်း ဝယ်ရမည်။ ဝယ်ယူရမည့် သည်အဓိကသုံးခု စျေးမပေါချေ။ နတ်သမီးတို့ဖူးမှရသည့် ဝင်ငွေတစ်ခုတည်းနှင့် မကာမိချေ။
သူတို့သည် အခြောက်ခံဖို့ရန် ဇကောများလည်း လုံလုံလောက်လောက် မရှိသေးချေ။ တောင်များဆီက သူမစုဆောင်းလာသည့် အသီးပမာဏက အကန့်အသတ်ဖြစ်သွားတော့သည်။ ရက်တော်တော်ကြာအောင် သိမ်းထားပြီးနောက် သူတို့သည် အိုးနှစ်လုံးသာ ရရှိခဲ့ပြီး တစ်အိုးတွင် အတုံးပေါင်း ၂၀၀ ဝန်းကျင်သာဆန့်သည်။
“မနက်ဖြန်တစ်အိုးလောက် စမ်းရောင်းကြည့်တာပေါ့”
ရှန်းနဉ်က စွံပလွန်သီးမုန့်ကို မြည်းကြည့်ခဲ့ပြီးဖြစ်သည်။ သူမက မုန့်များကို ခဏခဏ စားနေမိသည်။ နေ့တိုင်း သူတို့၏ယောက်မက သူမနှင့်အစ်ကိုဖြစ်သူကို သွားရေစာအဖြစ် နှစ်တုံး ကျွေးကာ သင့်တော်သည့်ပမဏစားခြင်းက ကျန်းမာရေးကို ကောင်းမွန်စေသည်ဟု ဆိုသည်။ အခုတော့ သူတို့သည် မြို့တွင် ရောင်းချနိုင်တော့မည်ဟု ကြားလိုက်သည်တွင် ရှန်းနဉ်၏မျက်လုံးများက လင်းလက်သွား၏။
“ယောက်မ ညီမလေးတို့တွေ စွံပလွန်သီးမုန့်ကို ဘယ်လိုရောင်းမှာလဲဟင်”
စန်းလော့သည် သည်အရေးကြီးသည့်မေးခွန်းကို သေသေချာချာ စဉ်းစားလိုက်တော့သည်။
ချိန်ခွင်မရှိသဖြင့် အလေးချိန်ဖြင့် ရောင်းချဖို့ရန်က မဖြစ်နိုင်ချေ။ သူမက သည်ပစ္စည်းများကိုတော့ အလွန်စျေးပေါပေါနှင့် ရောင်းချရန် စိတ်ကူးမရှိချေ။ အလေးချိန်နှင့်ရောင်းခြင်းက ဝယ်ယူသူများအတွက် တော်တော်လေး စျေးကြီးသွားနိုင်သည်။
သူမသည် အရင်ဘဝက လမ်းဘေးစျေးသည်များ အကြောင်းကို စဉ်းစားလိုက်၏။ သူတို့က အရေအတွက်ကို သတ်မှတ်ပြီး ရောင်းချရာ ဈေးနှုန်းက ပိုပြီးသင့်တော်သည်ဟု ထင်ရသည်။
တစ်ပေါင်ကို ယွမ်၃၀ပေးရသည့် အစားအသောက်က အများစုအတွက် စျေးကြီးပေမည်။ သို့သော် ထိုပစ္စည်းကိုပဲ ၁၀ယွမ်တန် အိတ်ငယ်လေးများနှင့် ခွဲရောင်းလိုက်လျှင် အလွန်ဈေးကြီးသည်ဟု မထင်ရတော့ချေ။
ထို့ကြောင့် စန်းလောက လွန်ခဲ့သည့်ရက်ပိုင်းလောက်ကတည်းက အစားအသောက်ထုပ်ပိုးသည့် ဖယောင်းစက္ကူများကို ဝယ်လာခဲ့ပြီး သူမကိုယ်တိုင် ထုပ်ပိုးပြီး မုန့်များကို ရောင်းချမည်ဟု စီစဉ်ထားလိုက်သည်။
သူမက စိတ်ထဲတွင် နာမည်ကြီးမုန့်တစ်ခု၏တန်ဖိုးနှင့် နှိုင်းယှဉ်ကြည့်လိုက်၏။
“ငါးတုံးကို ၃လျန်ဆို ဘယ်လိုလဲ”
သူမ၏ စွံပလွန်သီးမုန့် အရွယ်အစားက အတိအကျ မညီညာသော်လည်း တော်တော်လေး တစ်သမတ်တည်းဖြစ်ရာ အတုံးလိုက်ရောင်းလျှင် ပိုအဆင်ပြေနိုင်သည်။
ဈေးနှုန်းအတွက်ကတော့ စန်းလော့လုပ်ထားသည့် စွံပလွန်သီးမုန့်က တော်တော်လေး တော်တော်လေး ပမာဏများပြီး စွံပလွန်သီးအနှစ်နှင့် သကြားကလွဲလျှင် ဘာမှမပါချေ။ သကြားညိုကလဲ ဈေးမပေါချေ။ ကောက်လာသည့် စွံပလွန်သီး တစ်ခြင်းအပြည့်က အနှစ်အများကြီး မရချေ။ အခြောက်ခံလိုက်လျှင် ပိုနည်းသွားသေးသည်။
စန်းလော့က စွံပလွန်သီးမုန့်တစ်ခုစီကို အဝိုင်းပုံလုပ်ထားပြီး တစ်ခုစီက အလွန်မသေးချေ။ အချင်းက သူမ၏လက်သန်းလောက်ရှိသည်။
ငါးတုံးအတွက် ၃လျန်ဆိုလျှင် သည်ချိုချဉ်အရသာမုန့်က အမှန်ပင် စျေးမကြီးချေ။ တစ်ခုကို ၃လျန်ပေးရသည့် မုန့်တစ်ခုနှင့်ယှဉ်လျှင် ၃လျန်သုံးရုံဖြင့် စွံပလွန်သီးမုန့် ၅ ခုရနိုင်သည်။ သည်လိုစဉ်းစားလိုက်ပြီး စန်းလော့က သင့်တော်သည့်တန်ဖိုးတစ်ခု ဖြစ်မှန်း ခံစားမိလိုက်၏။
ဈေးနှုန်းကို ရွာသားတွေ ငွေသုံးတဲ့အလေ့အထပေါ်မှာ မှီခိုနေလို့မရဘူး။ နောက်ဆုံး မုန့်ပဲသရေစာ ဝယ်စားနိုင်တဲ့သူတွေကလည်း ဆင်းရဲသားတွေမဟုတ်ဘူးလေ။
ဟုတ်တယ်။ အဓိပ္ပါယ်ရှိတယ်။
ရှန်းအန်းနှင့် ရှန်းနဉ်တို့မှာ ငါးခုကို ၃လျန်ဟူသည့် ဈေးနှုန်းကို ကြားလိုက်ရချိန်တွင် တအံ့တဩနှင့် ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ တစ်ရက်ထဲနဲ့ သူတို့တွေက လေးခုတောင် စားနိုင်တာလေ။ ဒါက ၃လျန်တန်တာပေါ့။
“ယောက်မ မနက်ဖြန်ကစပြီး ညီမလေး မုန့်မစားတော့ဘူး၊ မဟုတ်လဲက ညီမလေးကို တစ်ခုပဲပေး၊ အစ်ကိုလေးနဲ့ မျှစားပါ့မယ်”
ရှန်းအန်းကလဲ ခေါင်းညိတ်ထောက်ခံလေသည်။
“ကျွန်တော်က မစားလဲရတယ်၊ အားနဉ်ကိုပဲ ပေးလိုက်ပါ”
ကောင်လေးတစ်ယောက်က မုန့်စားစရာဘာလိုလို့လဲ။
စန်းလော့ “….”
အိမ်မှာ ကလေးတွေရှိနေတဲ့ဟာကို အရမ်းချွေတာလွန်းနေတာလဲ မကောင်းပါဘူး။
“ဆက်စားကြပါ၊ ဒါက ငါတို့ရဲ့ရောင်းဈေးလေ၊ မုန့်ဝယ်လို့ ကုန်ကျသွားတဲ့ စားရိတ်မှမဟုတ်တာ၊ ငါတို့တွေ ကိုယ့်ဟာကို လုပ်ထားပြီးမှ ဘာလို့ စားဖို့ တွန့်ဆုတ်နေမှာလဲ၊ စွံပလွန်သီးက တကယ်တော့ ဆေးတစ်မျိုးပဲ၊ ဒီမုန့်တွေက စားချင်စိတ်ကို လှုံ့ဆော်ပေးတယ်၊ သရက်ရွက်ကို အားကောင်းစေတယ်၊ နှလုံးအားဖြစ်တယ်၊ စိတ်ငြိမ်စေတယ်လေ၊ နေ့တိုင်း နည်းနည်းလောက် စားတာက နင်တို့အတွက် ကောင်းတယ်”
ရှန်းအန်းနှင့် ရှန်းနဉ်တို့သည် သည်မုန့်စားခြင်းက ကျန်းမာရေးကို ကောင်းစေမှန်း ကြားဖူးသော်လည်း အကြောင်းအရင်း အတိအကျကိုတော့ အခုမှ သိလိုက်ရခြင်းပင်။
ရှန်းအန်း : “ကျွန်တော့် ကျန်းမာရေးက တော်တော်လေး ကောင်းတယ်လို့ ထင်တာပဲ၊ ကျွန်တော် တကယ် ဖြည့်စွက်စာမျိုးတွေမလိုပါဘူး”
ရှန်းနဉ်က ခေါင်းညိတ်သဘောတူလိုက်ပြီး “ညီမလေးလည်း နေကောင်းတယ်လို့ ထင်တယ်”
စန်းလော့က သူတို့၏ဝါကျင့်ကျင့်ဆံပင်ကို ကြည့်လိုက်ပြီး စုပ်သက်လိုက်ကာ
“နင်တို့တွေ ကျန်းမာရေးကောင်းတယ်လို့ ဘယ်လို ပြောနိုင်တာလဲ၊ နင်တို့ဆံပင်ကို ကြည့်လိုက်အုံး၊ ဆံပင်တွေ မည်းနက် တောက်ပြောင်လာမှ တကယ်ကျန်းမာရေးကောင်းတယ်လို့ ခေါ်တာ”
ဒါသည် သူမအနေဖြင့် သူတို့၏အစေားအသောက်နှင့် ဖြည့်စွက်စာကို ထည့်ပေးရန် အာရုံစိုက်ရသည့်အကြောင်းအရင်းပင်။ သူတို့ဆံပင်များက သေသေချာချာ ကောင်းမွန်လာသည်ကို သေချာမတွေ့ရသေးသော်လည်း ကလေးနှစ်ယောက်၏ အသားအရေက သူမ ရောက်ခါစကထက် အများကြီး ကျန်းမာလာကြပြီဖြစ်သည်။
ရှန်းအန်းနှင့် ရှန်းနဉ်တို့တင်မကဘဲ သူမကိုယ်တိုင်ပင်။
သူမ ရောက်လာခါစက သူမ၏ ဆိုးရွားလွန်းသည့်အခြေအနေကို မှန်ကြည့်နေဖို့ပင် မလိုချေ။ သူမ၏ဝါကျင့်ကျင့်ခြောက်ကပ်နေသည့် ပါးပြင်းများအပြင် တခြားသူများထံမှ ကပ်ဘေးဒုက္ခသည်တစ်ယောက်လို ကြည့်တတ်သည့် သနားကြည့်များကြောင့် သိထားပြီးသားပင်။
တစ်ချို့ပြောင်းလဲမှုက မသိသာချေ။ ပြန်စဉ်းစားကြည့်လိုက်မိတော့ လတ်တလောတွင် သူမသည် ထိုသနားကြည့်များကို ရင်မဆိုင်ရတော့မှန်း သိလိုက်ရသည်။ ဒါကပင် သူမ၏အစားအသောက်တိုးတက်မှုက အမှန်ပင် သိသာလာသည်ဟု ညွှန်ပြနေခြင်းပင်။
အမှန်တွင်တော့ ရှန်းအန်းနှင့် ရှန်းနဉ်တို့၏အပြောင်းအလဲက သူမကိုယ်အပိုင်းအပြောင်းအလဲကို သတိထားမိစေသည်။
ရှန်အန်းက သူ့ညီမဖြစ်သူ၏ ခြောက်သွေ့ပါးလျသည့် ဆံပင်နှင့် မရီးဖြစ်သူကို ကြည့်လိုက်ပြီး သူမသာ ပိုကြည့်ကောင်းလာခဲ့လျှင် ရှန်နဉ်ထက် ပိုပြီး လှလိမ့်ပေလိမ့်မည်ကို သတိပြုမိလေသည်။
“ဒါဆိုရင် ကျွန်တော်ကို ဒါကို စားသင့်တာပေါ့နော်၊ မရီး၊ နောက်တစ်ခါ စွံပလွန်သီးတွေ သွားကောက်ရင်း ကျွန်တော့်ကိုလဲ ခေါ်သွားပါလား၊ ကျွန်တော်တို့ ပိုပြီးအများကြီး ကောက်လို့ရတာပေါ့”
စန်းလော့က သူ့ခြေမျက်စိအထက်တွက် တွဲကျနေသည့် သူ့ဘောင်းဘီကို လှမ်းကြည့်လိုက်၏။
“နည်းနည်းလောက် စောင့်လိုက်ပါအုံး၊ ငါတို့တွေ ရေခရားနဲ့ ရေချိုးကန်ဝယ်သွားပြီး ငွေနည်းနည်းလောက် ထပ်စုလိုက်မယ်၊ ငါ ငါတို့သုံးယောက်လုံးအတွက် အဝတ်အစားအသစ်တွေ ချုပ်ပေးမယ်၊ ပြီးမှ နင်တို့ကို တောင်ပေါ်ကို ခေါ်သွားပေးမယ်နော်”
ရှန်အန်းက အကြောင်းအရင်းကို ချက်ချင်းနားလည်လိုက်လေသည်။ မကြီးက မြွေအန္တရာယ်ကို စိုးရိမ်နေတာပဲ။
ရှန်းအန်းက ခေါင်းညိတ်ပြလိုက်၏။ “ဟုတ်ကဲ့”
လတ်တလောက ဝယ်လာသည့် ဖယောင်းစက္ကူများကို သတိရလိုက်သဖြင့်
“မရီး ငါးခုကို ဖယောင်းစက္ကူတစ်ရွက်သုံးရမှ နည်းနည်းနှမြောစရာ မကောင်းဘူးလား”
နောက်ဆုံး ဖယောင်းစက္ကူကိုလဲ ငွေနဲ့ဝယ်ခဲ့ရတာလေ။ ကြာရွက်တွေနဲ့မတူဘူး။
စန်းလော့က ညည်းသံဖြင့် ထောက်ခံလိုက်ပြီး “ဒါကြောင့် ၆လျန်သုံးတဲ့သူကို အပိုတစ်တုံးထည့်ပေးဖို့ စဉ်းစားထားတာ”
၅ခုကို ၃လျန်။ ၁၁ခုကို ၆လျန်- လူအများစုက အပိုတစ်ခုရတဲ့ ၆လျန်ကို ပိုဝယ်ကြမှာပဲ။ ကောင်းလိုက်တာ။
နောက်ပြီး ဈေးကိုလဲ သတ်မှတ်ပြီးသားပြီ။
....
နောက်တစ်နေ့တွင် စန်းလော့သည် သူမ၏ခြင်းထဲက ကြွေအိုးတစ်လုံးနေရာတွင် မြေအိုးတစ်လုံးကို အစားထိုးလိုက်လေသည်။
လှည်းကို သယ်လာချိန်တွင် ချန်ဖန်းညန်က အပြောင်းအလဲကို သတိထားမိသွားပြီး သိလိုစိတ်ဖြင့်မေးလိုက်၏။
“ဒီနေ့ နတ်သမီးတို့ဖူးအစား ပစ္စည်းအသစ်နဲ့ လဲလာတာလား”
စန်းလော့က ခဏလောက်စဉ်းစားလိုက်ပြီး သူမကို ထိုအကြောင်း ဖုံးကွယ်မထားလိုက်ချေ။
“ဟင့်အင်း... ဒါက ကျွန်မ လုပ်ထားတဲ့ စားစရာအသစ်ပါ”
သူမက အိုးအဖုံးကို ဖွင့်လိုက်ပြီး ၂တုံးကို ယူထုတ်လိုက်ကာ ချန်ယိုထျန်းနှင့် ချင်ဖန်းညန်တို့ကို တစ်တုံးစီ ပေးလိုက်လေသည်။
“ဦးလေး၊ အဒေါ် မြည်းကြည့်ပါအုံး”
ချန်းယိုထျန်းက လက်ခါပြလိုက်ပြီး “ငါ ဒါတွေမစားပါဘူး၊ ရောင်းဖို့ပဲထားလိုက်ပါ”
သို့သော်လည်း ချင်ဖန်းညန်ကတော့ ယူထားလိုက်သည်။ အရောင်မှိန်သော်လည်း သူမက အဝိုင်းပုံမုန့်တစ်ခုဖြစ်အောင် လုပ်နိုင်ခဲ့သည်။ သူမက မုန့်ကို အသာကလေး ဖိကြည့်လိုက်တော့ အိစက်သည့်အထိအတွေ့ကို ခံစားလိုက်ရပြီး အကိုက်သေးလေးတစ်ကိုက် စားလိုက်ချိန်တွင် အရသာက ချိုချိုချဉ်ချဉ်အရသာနှင့် နှုတ်မြိန်သည်ကို ခံစားလိုက်ရလေသည်။
သူမ၏မျက်လုံးများက တအံ့တဩ ဝိုင်းစက်သွားပြီး “ဒါက အချိုပွဲလား”
ဒါမှမဟုတ် သကြားလုံးလား။
စန်းလော့က ပြုံးလိုက်ပြီး “ဒါကို မုန့်ရေကြည်လို့ ခေါ်တယ်၊ ကျွန်မအသစ်လုပ်ထားတာလေ၊ ဒါကို စီရင်စုမှာ ရောင်းဖို့ စဉ်းစားထားတယ်”
“ဒါက သေချာပေါက် ဈေးကြီးမှာပဲ ဟုတ်တယ်မလား၊ ရှင်က ကျွန်မကို စားဖို့ ဒီအတိုင်း ပေးလိုက်တာလား”
ကျန်နေသည့် အပိုင်းလေးကို ကိုင်ထားလိုက်ပြီး ဆက်စားရမည်လား ရပ်လိုက်ရမည်လား မသိအောင် ဖြစ်သွားတော့သည်။
အချိုပွဲမုန့်များက ဈေးမကြီးမှန်း အားလုံးက သိထားကြလေသည်။ ကျေးလက်မိသားစုများက သည်လိုမုန့်မျိုးကို ဝယ်စားခဲသည်။ အချိုပွဲတစ်ခုကို တတ်နိုင်သူများက ရွာထဲတွင် အချိန်အကြာကြီး ကြွားဝါနိုင်ပေသည်။
“စားပါ၊ ဒါက အိမ်လုပ်မုန့်လေ” စန်းလော့က ပြောရင်းဆိုရင် နည်းနည်းကို ဖယောင်းစက္ကူနှင့် ထုပ်လိုက်၏။
“ဒါကို အဘွားနဲ့ရှောင်ယာတို့မြည်းကြည့်ဖို့ ယူသွားပေးပါနော်၊ ဒါက စားမြိန်စေတယ်၊ သရက်ရွက်အားကောင်းတယ်၊ နှလုံးအားပြည့်ပြီး စိတ်တည်ငြိမ်စေတယ် _ ဒါကို စားတာက ကျန်းမာရေးအကျိုးကျေးဇူးများတယ်လေ”
ချန်းယိုထျန်းက လက်ခံမည်မဟုတ်မှန်း သိထားသဖြင့် သူမက သူ့ကို မပေးလိုက်ပဲ ထို့အစား ချင်ဖန်းညန်၏လက်ထဲသို့ တန်းထည့်ပေးလိုက်၏။
“ကျေးဇူးပြုပြီး ဦးလေးယိုထျန်းကို အိမ်ယူပြန်သွားခိုင်းလိုက်ပါနော်”
ချင်ဖန်းညန်သည် စက္ကူအိတ်ကို ညစ်ကြည့်လိုက်ပြီး အထဲတွင် ၅-၆တုံးလောက် ပါမည်ကို ခန့်မှန်းကြည့်လိုက်ကာ အလွန်အံ့ဩသွားတော့သည်။
“ဒါက ရှင့်အတွက် အများကြီးရမှာပဲ”
စန်းလော့သည် ဈေးနှုန်းကို မပြောခဲ့သော်လည်း ချင်ဖန်းညန်သည် ဒါက
စျေးမပေါမှန်း သိလေသည်။
“ဘာလို့ ပြောနေမှာလဲ၊ ကျွန်မ အများကြီး ထည့်ပေးတာမဟုတ်ပါဘူး၊ မြည်းကြည့်ဖို့အတွက်ပဲလေ၊ ဦးလေးယိုထျန်းက အိမ်မှာ ပရိဘောဂပစ္စည်းတွေ ကူညီပေးထားသေးတယ်၊ အဒေါ်က ဒီစကားပြောရင် ကျွန်မက ဦးလေးကို သင့်တော်တဲ့လခ ပေးရတော့မယ်နော်”
ချင်ဖန်းညန်မှာ ချက်ချင်းဆိုသလို ပြောစရာစကား ပျောက်ဆုံးသွားတော့သည်။
သည်ရက်များတွင် သူတို့နှစ်ယောက်သည် စီရင်စုသို့ အတူတူအသွားအပြန် ပုံမှန်လုပ်လာခဲ့ကြသည်။ သူတို့၏ဆက်ဆံရေးကလည်း အစောပိုင်းနေ့များကတည်းက သိသိသာသာ ပိုနက်ရှိုင်းလာခဲ့သည်။ အစားအသောက်မှ ကျန်းမာရေးအကျိုးကျေးဇူးရသည်ဟု ကြားလိုက်ရတော့ ချင်ဖန်းညန်သည် ဆက်ငြင်းမနေတော့ဘဲ ကျေးဇူးတင်စကား ပြောလိုက်တော့သည်။
“ဒါဆို ကျွန်မ ဒါကို လက်ခံလိုက်မယ်နော်၊ ပုံမှန်ဆိုရင် မြို့မှာပဲရတဲ့ ဒီလောက်ကောင်းတဲ့မုန်းကို အိမ်မှာ လူကြီးနဲ့ကလေးတွေကို ပေးမြည်းရတော့ ကောင်းတာပေါ့”
ထိုသို့ပြောလိုက်ပြီးနောက် သူမက ဖယောင်းစက္ကူထုပ်ကို ချန်းယိုထျန်း၏လက်ထဲသို့ ထိုးထည့်ပေးလိုက်တော့သည်။
ချန်းယိုထျန်းက အိတ်ကို ယူလိုက်ပြီး လေးချိန်ကို ချိန်ဆကြည့်လိုက်၏။ သူက အာလာပသလ္လာပ ပြောတတ်သူမဟုတ်ချေ။ ခဏလောက် ငြိမ်ကျသွားပြီး သူက အထုပ်ကို သူ့အိတ်ကပ်ထဲ ထည့်လိုက်ကာ လှည်းဆီသွား ပြန်သွားပြီး တွန်းလာလိုက်တော့သည်။
ချန်းယိုထျန်းအကြောင်းပြောရလျှင် သူသည် ပစ္စည်းများကို သယ်ပေးရသည်ဖြစ်စေ၊ လှည်းတွန်းပေးရသည်ဖြစ်စေ တစ်ရက်ကလေးမှ မနားခဲ့ချေ။ အမြဲတမ်း သူတို့ကို လမ်းတစ်ဝက်အထိ အဖော်ပြုပေးတတ်ခဲ့ပြီး မိုးမလင်းခင် ပြန်သွားတတ်သည်။
...
အရှေ့ဈေးနှင့် အနောက်ဈေးက စည်ကားလို့နေသေးသည်။ သည်နေ့ စန်းလော့က “မုန့်ရေကြည်’ အမည်ရှိ အချိုပွဲတစ်ခုကို မိတ်ဆက်လေသည်။ သူမ၏ နတ်သမီးတို့ဖူးရောင်းချသည့် သတင်းနှင့်ပေါင်းလိုက်လျှင် တော်တော်များများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့သည်။
သည်တစ်ကြိမ်တွင် စန်းလော့က ရောင်းအားအတွက် နမူနာကို မသုံးတော့ချေ။ အကြောင်းမှာ သည်မုန့်က သကြားဖြင့်လုပ်ထားရာ အမှန်ပင် စျေးကြီးလေသည်။ မုန့်အချိုများက အမှန်ပင် ဈေးကြီးလှသည်။ မုန့်များကို နာမူနာအလကားပေးခြင်းက ဈေးထဲက လူအုပ်ကို ဆွဲဆောင်နိုင်သော်လည်း ဈေးနှုန်းက ဝယ်သူများက ဝယ်ချင်မှ ဝယ်လိမ့်မည်။
ထို့ကြောင့် တစ်ယောက်က ဈေးကို မေးမြန်းပြီး တွေဝေသွားလျှင် စန်းလော့က ဝါးဓားလေးနှင့် အတုံးအသေးလေး လှီးဖြတ်ပေးကာ သူတို့ကို အမြည်းပေးလိုက်သည်။ သည်လို ဝယ်သူများကို စစ်ထုတ်လိုက်သည့်နည်းလမ်းက အောင်မြင်သည့်အရောင်းအဝယ်ကို မကြာခဏ ဖြစ်စေသည်။ သူမသည် သူမ၏လုပ်ငန်းနှစ်ခုကို တက်တက်ကြွကြွ ကျွမ်းကျွမ်းကျင်ကျင်နှင့် ရောင်းနိုင်ခဲ့သည်။
သူမ၏အစားအသောက်ကို တင်ဆက်ပုံကျွမ်းကျင်မှုကြောင့် လူများကို သွားရည်ကျလာစေပြီး သူမသည် အမြဲတမ်း ချင်ဖန်းညန်ထက် မြန်မြန်ပို ရောင်းကုန်သွားခဲ့သည်။ သည်နေ့ စွံပလွန်မုန့် ထပ်ထည့်ပြီးရောင်းခြင်းကလည်း ချွင်းချက်ဖြစ်မနေချေ။
စွံပလွန်သီးတစ်အိုးသည် အသစ်အဆန်းကို မြည်းကြည့်ရန် အများစုက တစ်ယောက်ကို ၅ခုစီဝယ်သွားကြသည်။ နတ်သမီးတို့ဖူး ဝယ်ကြသည့် လူအများစုကလည်း ထိုမုန့်ကို နှစ်သက်ကြပြီး အစားအသောက်အသစ်ကို မြည်းစမ်းကြည့်ရန် ၃လျန်ကို မတွန့်တိုကြချေ။ တော်တော်များများက နမူနာအရသာကို မြည်းကြည့်လိုက်ကြပြီး ၁၁ခုရဖို့ ၆လျန်သုံးကြသည်။ အိုးသည် စွံပလွန်မုန့် အခု၂၀၀ဝန်းကျင်ပါရှိလေသည်။ ချန်းမိသားစုနှင့် နမူနာအတွက် နည်းနည်းပါးပါးချန်ထားလိုက်ပြီးနောက် ကျန်သည့်ပမာဏကို ရောင်းကို လျန်၁၀၀ကျော်ရခဲ့၏။
နတ်သမီးတို့ဖူး၏ ဝင်ငွေနှင် အစောပိုင်းကလက်ကျန်ငွေကို ထည့်ပေါင်းလိုက်လျှင် စန်းလော့၏ငွေအိတ်က နှုတ်ခမ်းအထိ ပြည့်သွားခဲ့သည်။ သူမ၏အင်္ကျီလက်ထဲကအိတ်ပင် ပြည့်သွားတော့သည်။
သည်အကြောင်းပြောရလျှင် သူမသည် သည်ပစ္စည်လေးများ အချိန်အနည်းငယ် ကြာလာသည်အထိ ရောင်းလာခဲ့သော်လည်း ဝမ်များကလွဲလျှင် လျန်ငွေကို လုံးဝ မရဖူးချေ။
စံသတ်မှတ်ဈေးနှုန်းက အလွန်မှ နိမ့်သည်လည်းပါမည်။
သူမ၏ဆိုင်ကို သိမ်းလိုက်ပြီးနောက် စန်းလော့က အနောက်ဘက်ဈေးမှာ ဘဲသုံးကောင်ကို ဝယ်လိုက်ပြီးနောက် ပိတ်စဆိုင်ကို သွားလိုက်ပြီး ရေစစ်အတွက် ပိတ်စလေးပိုင်းကို ၃၆လျန် သုံးခဲ့ရသည်။ ဆိုင်ရှင်က ပိတ်စများကို အရွယ်အစားအတိုင်း ဖြတ်ပေးလိုက်ပြီးနောက် သူမက ချန်ဖန်းညန်နှင့် တွေ့ပြီး ကျောက်သား ကြိတ်စက်တစ်လုံးဝယ်ရန် အရှေ့ဘက်ဈေးသို့ ဆက်ထွက်လာခဲ့လိုက်သည်။
ကျောက်သား အသုံးအဆောင်ပစ္စည်းဆိုင် အပြင်ဘက်တွင် ရပ်နေရင်း ချန်ဖန်းညန်သည် စန်းလော့ ကြိတ်စက်တစ်လုံး ဝယ်နေသည်ကို တအံ့တဩဖြစ်နေတော့သည်။
“ရှင် ဒါကို ဝယ်မလို့လား၊ ဒါက အိမ်မှာ အများသုံးမဟုတ်ပါဘူး၊ ဟုတ်တယ်မလား” သူမက မေးလိုက်၏။
ကျောက်ကြိတ်စက်တွေကို ဂျုံမှုန့် ကြိတ်ဖို့ပဲ အများဆုံးသုံးတာလေ။ နောက်ပြီး ဒီမှာ ဂျုံစိုက်ကြတယ်ဆိုပေမဲ့ အခြေခံအစားအသောက်ဖြစ်တဲ့ ပြောင်းဆံနဲ့ယှဉ်ကို ပိုနည်းတဲ့ပမာဏလောက်ပဲ ရှိတာ။
မြောက်ပိုင်းနဲ့မတူတာက တောင်ပိုင်းမှာက လူအများစုက ဂျုံနဲ့လုပ်တဲ့အစားအသောက်တွေကို စားနေကျမဟုတ်ဘူး။ နောက်ပြီး ကျောက်ကြိတ်စက်တစ်လုံး ပိုင်ဆိုင်ထားတယ်ဆိုတာကလည်း ရွာထဲမှာ ရှားရှားပါးပါးပဲ။ နည်းနည်းပဲ ရိတ်သိမ်းရတဲ့ ဂျုံတွေကိုလဲ ပုံမှန်ဆိုရင် သူတို့စားနေကျ ဆန်လောက်တောင် အရသာမရှိတဲ့ ဂျုံဆန်ကိုလုပ်ဖို့ သုံးကြတာလေ။
ဒါကြောင့် ရွာမှာ မိသားစုတစ်စုစီ ရိတ်သိမ်းထားတဲ့ ဂျုံအများစုအတွက် ပုံမှန်ဆိုရင် အခွန်ပေးဆောင်ဖို့ လက်လျှော့လိုက်ကြတယ်။ ပိုလျှံတာတွေကို ရွာကိုလာကြတဲ့ ဆန်ကုန်သည်တွေကို ရောင်းလိုက်ကြပြီး တစ်ချို့မိသားစုကတော့ နည်းနည်းပဲ ချန်ထားတတ်ကြတယ်။
စန်းလော့က ချင်ဖန်းညန်၏လက်ကို ပုတ်ပေးလိုက်ပြီး သူမကို စိတ်အေးသွားအောင် ပြောပေးလိုက်၏။
“ဒါက အသုံးဝင်လာမှာ၊ ရှင် နောက်နှစ်ရက်လောက်ဆို သိလာလိမ့်မယ်”
...