ဦးလေးရှားနှင့် နန်းတော်သခင်ရီ
Vol. 177 Ch. 2533
ရီဖူရှင်းသည် သူတို့သုံးဦးကို ဆေးလုံးများပေးလိုက်ပြီးနောက် ရန်ဟောင်ချန်နှင့်အတူ ကြယ်တာရာကောင်းကင်သို့ သွားလိုက်သည်။
သူတို့ ကြယ်တာရာကောင်းကင်အောက်သို့ ရောက်လာသည်။ ရန်ဟောင်ချန်က တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ့ပေါင်ပေါ်တွင် ကြယ်တာရာနှင်တံကိုတင်လိုက်သည်။ သူက မျက်လုံးမှိတ်၍ စတင်ကျင့်ကြံ၏။
ရီဖူရှင်းက ခေါင်းမော့လိုက်၏။ ရုတ်တရက် ကောင်းကင်ထက်တွင် အင်ပါယာကြယ်များသည် ၎င်းတို့၏နတ်အလင်းများကို ရန်ဟောင်ချန်ပေါ်သို့ ဖြန့်ချလိုက်သည်။ ထိုအလင်းများကို ရန်ဟောင်ချန်ကိုယ်တိုင် ခေါ်ယူလိုက်ခြင်းမဟုတ်ဘဲ ရီဖူရှင်းက ရန်ဟောင်ချန်တစ်ယောက် အင်ပါယာကြယ်များ၏ နတ်အရောင်အဝါကို ပိုမိုကောင်းမွန်စွာရရှိနိုင်ရန် ဆင့်ခေါ်ပေးခဲ့ခြင်းပင်။
တစ်ချိန်တည်းမှာပင် ကြယ်တာရာကောင်းကင်ထက်၌ ဝိညာဉ်ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်သည် အရှင်စီဝေ့၏မျက်နှာဖြစ်သည်။ အနန္တအင်ပါယာစွမ်းအားများသည် နတ်အရှိန်အဝါများကဲ့သို့ ကျဆင်းလာသည်။
ထိုနတ်အရှိန်အဝါများသည်လည်း ရန်ဟောင်ချန်ပေါ်သို့ ကျဆင်းနေသည်။ ကြယ်တာရာကောင်းကင်တစ်ခွင်လုံးရှိ နတ်စွမ်းအားများသည် သူ့ကိုလွှမ်းခြုံနေသကဲ့သို့ပင်။ တစ်ချိန်တည်းမှာပင် ရန်ဟောင်ချန်သည် အင်ပါယာစွမ်းအားမှနေ၍ အားကောင်းသောဖိအားတစ်ခုကို ခံစားလိုက်ရ၏။ ရီဖူရှင်း၏ရည်ရွယ်ချက်သည်လည်း ရန်ဟောင်ချန်တစ်ယောက် ထိုသို့ အင်ပါယာစွမ်းအားကို ရှင်းရှင်းလင်းလင်းခံစားရစေရန်ဖြစ်သည်။
ရန်ဟောင်ချန်သည် နတ်အရောင်အဝါထဲတွင် ထိုင်ကာကျင့်ကြံနေသည်။ ယခုတွင် သူ့ပတ်ပတ်လည်၌ နတ်အလင်းများစီးဆင်းနေရာ သူ၏ဝတ်ရုံသည်ပင် တောက်ပစွာလင်းလက်နေသည်။ ရီဖူရှင်းက သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် နောက်လှည့်ကာထွက်သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် ရန်ဟောင်ချန်က သူ့ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံး ထည့်လိုက်၏။
ရီဖူရှင်းသည် ထိုမျှသာတတ်နိုင်၏။ နောက်ပိုင်းကိစ္စများကို ရန်ဟောင်ချန်ကိုယ်တိုင်သာ သိမြင်နားလည်အောင် လုပ်ရမည်ဖြစ်သည်။ သူသည် ပထမကောင်းကင်ကပ်ဘေးအဆင့်တွင် တစ်နေသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူ့အဆင့်သည် အခြေခိုင်နေပေပြီ။ သို့သော် ဒုတိယကောင်းကင်ကပ်ဘေး၏အရှိန်အဝါကို မရနိုင်သေးပေ။ ဤကြယ်တာရာကောင်းကင်လောကနှင့် ဆေးလုံးနှစ်လုံးသည် သူ့ကိုအဆင့်တက်အောင် ကူညီပေးနိုင်ဖို့ ရီဖူရှင်းမျှော်လင့်၏။
ကြယ်တာရာကျင့်ကြံခြင်းနန်းတော်ထဲတွင် လူများစွာသည် ရန်ဟောင်ချန်ကို အာရုံစိုက်နေကြ၏။ ရီဖူရှင်းသည် သူ့အပေါ်တွင် မျှော်လင့်ချက်ထား,ထားကြောင်းကို လူတိုင်းသိကြသည်။ လက်ရှိအခြေအနေများအောက်တွင် သူတို့သည် အလွန်အင်အားကြီးသော အင်အားစုများနှင့် ရင်ဆိုင်နေရသော်လည်း စီဝေ့ကြယ်ကောင်းကင်တွင် ထိပ်သီးအဆင့်ကျင့်ကြံသူများ နည်းပါးနေသည်။
ရန်ဟောင်ချန်သည် မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ရန် အနီးကပ်ဆုံး ကျင့်ကြံသူဖြစ်သည်။
ထို့နောက်တွင် ရီဖူရှင်းသည် ကျင့်ကြံသူတစ်စုကို စုဝေးလိုက်ပြန်လိုက်သည်။ ထိုကျင့်ကြံသူများသည် ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသူများ မဟုတ်သော်လည်း စီဝေ့ကြယ်ကောင်းကင်တွင် အရေးပါသောသူများဖြစ်၏။ သူတို့ထဲတွင် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများနှင့် သူ၏အစ်ကိုကြီး၊ အစ်ကိုသုံး၊ သောကျောက်၊ ရှောင်မုယွီတို့ကဲ့သို့ သူ၏မဟာမိတ်ဟောင်းများအပြင် အခြားသူအနည်းငယ်တို့ ပါဝင်၏။ ထို့အပြင် အကြီးအကဲများဖြစ်သော အရှင်ထိုက်ရွှမ်၊ ထျန်းဟယ်အကြီးအကဲ၊ အင်ပါယာနန်နှင့် ရှောင်တိန်ထျန်းတို့လည်း ပါ၏။
ရီဖူရှင်းမှာ သီးခြားနေ၍ အာခီမီပညာကို ကျင့်ကြံနေ၏။ သူသည် ဆေးလုံးဖော်စပ်ထုတ်လုပ်ခြင်းဖြင့် အလုပ်ရှုပ်နေခဲ့ပြီး ဆေးလုံးပထမတစ်သုတ်ကို ထုတ်လုပ်နိုင်ခဲ့သည်။ သူက ဆေးလုံးပထမတစ်သုတ်ကို ကိုယ်တိုင်ဖော်စပ်ထုတ်လုပ်ကာ အားလုံးကို ဝေမျှပေးလိုက်သည်။ သို့သော် နောင်တွင် သူသည် ဆေးလုံးဖော်စပ်ထုတ်လုပ်ခြင်းတာဝန်ကို တာအိုဘုန်းတော်ကြီးမူနှင့် အခြားသူများကို လက်လွှဲတာဝန်ပေးရန် ရည်ရွယ်ထားသည်။ အထူးဆေးရည်၊ ဆေးလုံးများကိုသာ သူကိုယ်တိုင် ဖော်စပ်မည်ဖြစ်သည်။
နတ်ဘုရားတစ်ဝက်ဆေးလုံးများထက်အဆင့်နိမ့်သော ဆေးလုံးများသည် ရီဖူရှင်းအတွက် ရိုးရှင်း၏။ ထို့ကြောင့် သူသည် နတ်ဘုရားတစ်ဝက်ဆေးလုံးများကို ဖော်စပ်ရန်သာ အဓိကအချိန်ပေးခဲ့သည်။ ထိုဆေးလုံးများသည် တစ်ပြိုင်တည်းအမြောက်အမြားထုတ်လုပ်ထားသော ဆေးလုံးများဖြစ်သော်လည်း ရန်ဟောင်အဆင့်ကျင့်ကြံသူများအတွက် လွန်စွာအဖိုးတန်၏။ အချို့ဆေးလုံးများသည် ပျောက်ကွယ်နေခဲ့သည်မှာကြာခဲ့ပြီဖြစ်ပြီး ၎င်းတို့၏ဆေးညွှန်းကို သန့်စင်ဆေးအင်ပါယာ၏ အမွေအနှစ်မှ ရခဲ့ခြင်းဖြစ်သည်။
ရီဖူရှင်းက ဆေးလုံးများကို လူစေ့ဝေပေးလိုက်သည်။ စီဝေ့အင်ပါယာနန်းတော်ရှိ ကျင့်ကြံသူများသည် သူတို့ဘာသာသန်မာပြီးသူများဖြစ်ပြီး သူတို့ထဲမှ အများအပြားသည် ရန်ဟောင်အထွတ်အထိပ်အဆင့်ရှိသူများ ဖြစ်သည်။ ယခုတွင် သူတို့အားလုံးသည် ထိုသို့အစွမ်းထက်ဆေးလုံးများကို ရရှိလိုက်သောအခါ စိတ်အားတက်ကြွသွားကြ၏။
ထိုကျင့်ကြံသူများ၊ မျက်မမြင်ထျယ်၊ အဘိုးမာနှင့် အခြားသူများသည် သူတို့ကိုယ်သူတို့ ကပ်ဘေးအဆင့်သို့ရောက်အောင် ကျင့်ကြံနိုင်ကြသည်။
စီဝေ့ကြယ်ကောင်းကင်သည် ယခင်က သန်မာသင့်သလောက် မသန်မာပေ။ သို့သော် ထိုနေရာရှိ ကျင့်ကြံသူများအားလုံးသည် အလားအလာကောင်းများရှိ၏။ အထူးသဖြင့် ဂူတုံးလျှို၊ ရီဝူချန်း၊ ဖုန်းဟွမ်၊ သောကျောက်စသော မျိုးဆက်သစ်များသည် ပို၍အလားအလာကောင်းသည်။ သူတို့သည် ရီဖူရှင်းနောက်သို့လိုက်ကာ သူနှင့်အတူ တိုးတက်လာသူများဖြစ်သည်။ သူတို့သည် သူတို့၏ကျင့်ကြံခြင်းတွင် အထွတ်အထိပ်အဆင့်သို့ မရောက်သေးသော်လည်း သူတို့၏အခြေသည် ခိုင်မာသည်။ ထို့အပြင် သူတို့သည် ကြယ်တာရာကျင့်ကြံခြင်းနန်းတော်ထဲတွင် အင်ပါယာကြယ်များ၏ ကြယ်အလင်းအောက်တွင် ကျင့်ကြံခဲ့သူများဖြစ်သည်။ ရီဖူရှင်း၏တပည့်များဖြစ်သော ဖန်းစွင်တို့ကဲ့သို့ လူငယ်များသည် မဟာလမ်းစဉ်၏သဘာဝခန္ဓာကိုယ်ရှိပြီး အဆုံးမဲ့သော အလားအလာကောင်းများကို ပိုင်ဆိုင်ကြသည်။
ယခုတွင် ဆေးလုံးများ၏အကူအညီရှိနေပြီဖြစ်၍ စီဝေ့ကြယ်ကောင်းကင်ကို တိုးတက်လာရန် သင့်လျော်သော အချိန်တစ်ခုသာပေးလိုက်ပါက သူတို့သည်လည်း အခြားအင်အားစုများထက် အားနည်းမည်မဟုတ်တော့ပေ။ အမှန်ပင်စွမ်းအားကြီးသော အင်အားစုများနှင့် မဟာအင်ပါယာအဆင့်အင်အားစုများမှ လွဲ၍ သူတို့မယှဉ်နိုင်သည့် အင်အားစုများ ရှိတော့မည်မဟုတ်ပေ။
နောက်ဆုံးတွင် ရီဖူရှင်းသည် မူလဘုံမှပေါ်ထွက်ခဲ့သော မျိုးဆက်ဟောင်းများဖြစ်သည့် အရှင်ထိုက်ရွှမ်၊ ထျန်းဟယ်အကြီးအကဲ၊ ရှောင်တိန်ထျန်းနှင့် သောကလန်၏ ကလန်ခေါင်းဆောင်တို့ကိုခေါ်ကာ ဆေးလုံးများစွာ ပေးလိုက်၏။
“အရှင်ထိုက်ရွှမ်နဲ့ အကြီးအကဲတို့...”
သူက ပြောသည်။
“အကြီးအကဲတို့ရဲ့ ကျင့်ကြံခြင်းက တစ်နည်းကွဲပြားပါတယ်။ အကြီးအကဲတို့ လျှောက်လှမ်းတဲ့ လမ်းစဉ်ကလည်း ကွဲပြားပါတယ်... တခြားသူတွေထက် ပိုခက်ပုံရတယ်။ အင်ပါယာအတုတွေကြားထဲမှာတောင် အားနည်းသူနဲ့ အားကြီးသူကြားမှာ ထင်ရှားတဲ့ကွဲပြားမှုတွေရှိပါတယ်။ ကျုပ်တို့ ဒီမပြည့်စုံတဲ့ ကောင်းကင်လမ်းစဉ်ကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်ရမှာပဲ”
အရှင်ထိုက်ရွှမ်နှင့်အခြားသူများ ခေါင်းညိတ်လိုက်သည်။
သူတို့၏ အခြေသည် အခြားလူများလောက်မခိုင်မာသည်ကို သိကြ၏။ သူတို့က ထိုကိစ္စအတွက် စိတ်မကောင်းဖြစ်နေခဲ့ကြသည်။
မပြည့်စုံသောမဟာလမ်းစဉ်နှင့်ဆိုလျှင် သူတို့သည် အခြားသူများကဲ့သို့ မြင့်မားသောအဆင့်များအထိ တက်လှမ်းနိုင်မည်မဟုတ်ပေ။ ထို့အပြင် သူတို့၏တိုက်ခိုက်စွမ်းရည်သည်လည်း အခြားသူများလောက် မကောင်းပေ။ သူတို့မှာ ရန်ဟောင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သော်လည်း သူတို့၏မဟာလမ်းစဉ်တွင် ပြစ်ချက်များရှိသဖြင့် ရန်ဟောင်အဆင့်ကိုးကျင့်ကြံသူများကို ယှဉ်တိုက်ရန် ခက်ခဲသည်။
အင်ပါယာအတုများသည် ဤဘဝတွင် မည်သည့်အခါမှ အင်ပါယာအစစ်များဖြစ်မလာနိုင်ရန် ကံပါသူများဖြစ်သည်။
“ဒီဆေးလုံးက ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်ပေမယ့် မဟာလမ်းစဉ်အပေါ် ထိုးထွင်းနားလည်နိုင်စွမ်းကိုတော့ တိုးတက်စေမှာမဟုတ်ဘူး”
ရီဖူရှင်း ဆက်ပြောလိုက်၏။
“အင်ပါယာအတုအဆင့်မှာ ကပ်ဘေးသုံးကြိမ်နဲ့ဆင်တူတဲ့ အဆင့်သုံးဆင့်ရှိတယ်လို့ ကျုပ်ကြားဖူးတယ်။ ကွာခြားချက်တစ်ခုက အင်ပါယာအတုအဆင့်ရဲ့ တိုက်ခိုက်စွမ်းရည်က ပိုပြီးအားနည်းတာပဲ။ ဒါပေမဲ့ ကောင်းကင်လမ်းစဉ်ပျက်စီးသွားပြီးတဲ့နောက်မှာ အင်ပါယာအတုအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်အောင်ကျင့်ကြံနိုင်ခဲ့တဲ့ ကျင့်ကြံသူတွေ ရှိခဲ့တယ်တဲ့... သူတို့က ဒီမပြည့်စုံတဲ့လမ်းစဉ်နဲ့ ပေါင်းစည်းနိုင်ခဲ့ပြီးတော့ သူတို့ရဲ့ တိုက်ခိုက်စွမ်းရည်က မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့တဲ့သူတွေထက် မနိမ့်ဘူးတဲ့”
အရှင်ထိုက်ရွှမ်နှင့် အခြားသူများသည် ရီဖူရှင်းက သူတို့ကို နှစ်သိမ့်ရန် ကြိုးစားနေကြောင်းကိုသိ၍ ခေါင်းညိတ်လိုက်ကြ၏။ အမှန်တွင် သူတို့ရောက်နေသောအဆင့်တွင် အဆင့်ဆက်တက်နိုင်ရန် အလွန်ခက်ခဲကြောင်းကို သူတို့သိ၏။ အထွတ်အထိပ်အဆင့်ကို ရောက်နိုင်သူများသည် ပြီးပြည့်စုံသောမဟာလမ်းစဉ်ရှိသူများသာ ဖြစ်သည်။
ထို့အပြင် တိုက်ခိုက်ရေးနှင့် ပတ်သတ်လာလျှင် သူတို့၏လက်ရှိအခြေအနေသည် ပြီးပြည့်စုံသောမဟာလမ်းစဉ်ရှိသည့် ရန်ဟောင်အထွတ်အထိပ်အဆင့် ကျင့်ကြံသူများလောက် ထိရောက်မှုမရှိပေ။ သူတို့သည် သူတို့လမ်းစဉ်၏အထွတ်အထိပ်အဆင့်သို့ ရောက်အောင်ကျင့်ကြံနိုင်လျှင်ပင် မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်လွားပြီးသူများနှင့်သာ ယှဉ်နိုင်လိမ့်မည်ဟု ရီဖူရှင်းပင် ပြောခဲ့၏။
ထိုသို့ပြောခြင်းသည် သူတို့၏တိုက်ခိုက်စွမ်းရည်မှာ သူတို့၏အဆင့်ထက် အမြဲလိုလို တစ်ဆင့်နိမ့်နေလိမ့်မည်ဟု ပြောခြင်းနှင့်အတူတူပင်ဖြစ်သည်။
သို့သော် သူတို့ကိုယ်သူတို့ ဆက်၍ အဆင့်မြှင့်တင်နိုင်သော အခွင့်အရေးသည် ရှားပါးအခွင့်အရေးဖြစ်သည်။ သူတို့သည် သူတို့၏ကျင့်ကြံခြင်းကိုသာ မှီခိုနေပါက ထိုသို့လုပ်နိုင်ရန် ခက်ခဲပေလိမ့်မည်။ သို့သော် ရီဖူရှင်း၏ဆေးလုံးများနှင့် ဤကျင့်ကြံခြင်းနန်းတော်တို့၏အကူအညီဖြင့်ဆိုလျှင် သူတို့အတွက် အခွင့်အရေးပိုကောင်းလာနိုင်သည်။
“ကျုပ် တခြားဆရာတွေဆီ ဆက်သွားလိုက်ပါဦးမယ်”
ရီဖူရှင်းက ပြုံးလျှက် နှုတ်ဆက်လိုက်သည်။ သူသည် ကောင်းသည့်ကိစ္စများကို သူ့ဆရာများနှင့် မျှဝေရန် မည်သည့်အခါမှ မေ့မည်မဟုတ်ပေ။
ချီရွှမ်ကန်း၊ သောကျန်းနှင့် ဟွာဖန်းလူတို့သည် ကျင့်ကြံခြင်းအဆင့်နိမ့်သော်လည်း စီဝေ့အင်ပါယာနန်းတော်သို့ ပြောင်းရွှေ့ခဲ့ကြပြီးဖြစ်သည်။ သူတို့... အထူးသဖြင့် ဟွာဖန်းလူနှင့် သောကျန်းတို့သည် အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်မည်မဟုတ်သော်လည်း ရီဖူရှင်းသည် သူတို့၏ကျင့်ကြံခြင်းအဆင့်ကို လွန်စွာနိမ့်ကျနေစေမည်မဟုတ်ပေ။ အနည်းဆုံး သူတို့၏အသက်ကြီးရင့်နှုန်းကို လျှော့ချနိုင်ခဲ့လျှင်ပင် အမြတ်ဖြစ်၏။
ကျူးကော့ချင်ဖုန်းနှင့် အခြားသူများအပါအဝင် ဒေသကိုးခုမှလာခဲ့သော အခြားအကြီးအကဲများလည်း များစွာရှိပေသည်။ သို့သော် ထိုဆေးလုံးများကို ဖော်စပ်ရမည့်တာဝန်ကို နောင်တွင် တာအိုဘုန်းတော်ကြီးမူဖွဲ့စည်းထားသည့် အာခီမီဆရာများကို တာဝန်ပေးမည်ဖြစ်သည်။
ရီဖူရှင်းသည် သူ၏ဆရာများဆီ သွားရောက်ပြီးနောက် စီဝေ့အင်ပါယာနန်းတော်ရှိ အခြားနေရာတစ်ခုသို့ သွားလိုက်သည်။ ထိုနေရာတွင် နေထိုင်သူမှာ သူ့ကိုကြင်နာခဲ့သော အင်ပါယာရှားဖြစ်သည်။
မူလဘုံတွင် ပရမ်းပတာဖြစ်လာပြီးနောက် ရီဖူရှင်းသည် မူလဘုံမှမထွက်ခွာခင်တွင် သူ၏မိသားစုနှင့် မိတ်ဆွေများအားလုံးကို စီဝေ့ကြယ်ကောင်းကင်သို့ ခေါ်လာခဲ့သည်။ သူသည် ပရမ်းပတာဖြစ်နေသောလောကထဲတွင် အင်ပါယာရှား၏လုံခြုံရေးကို စိုးရိမ်သဖြင့် အင်ပါယာရှားကို စီဝေ့ကြယ်ကောင်းကင်သို့ ခေါ်လာခဲ့သည်။ သူသည် အင်ပါယာရှား၊ သူ့မိသားစုနှင့် စီဝေ့အင်ပါယာနန်းတော်မှလူများအတွက် နန်းတော်တစ်ခု ပြင်ဆင်ပေးခဲ့သည်။
အင်ပါယာရှားသည် ဘုံတစ်ခုဘုံး၏ သခင်ဖြစ်ခဲ့ဖူးသူ မဟုတ်ပါလား။
ထိုနန်းတော်သည် လွန်စွာကျယ်ဝန်းပြီး အခြားခန်းမများစွာနှင့် ဆက်စပ်နေသည်။ အင်ပါယာရှားအပြင် ရာရာနှင့် လီဟန်ဓားသခင်တို့လည်း ထိုနေရာတွင် ကျင့်ကြံနေ၏။ သူတို့သည် ယခင်က အင်ပါယာရှား၏လက်အောက်ငယ်သားများဖြစ်သော်လည်း ယခုတွင် ရင်းနှီးသော မိတ်ဆွေဟောင်းများဖြစ်နေပေပြီ။ သူတို့သည် တစ်ဦးကိုတစ်ဦး အဖော်ပြုပေးရန် အတူတကွနေထိုင်နေကြခြင်းဖြစ်သည်။
သူတို့သည် မကြာမကြာ စီဝေ့ကြယ်ကောင်းကင်ထဲတွင် လမ်းလျှောက်ထွက်၍ လူများနှင့် ရိုးရာဓလေ့များကို ကြည့်ရှုလေ့လာကြ၏။ စီဝေ့ကြယ်ကောင်းကင်သည် အင်ပါယာရှား၏ဘုံထက်ပင် ပိုကြီးသည့် သီးခြားနယ်မြေတစ်ခုဖြစ်သည်။
ထိုအချိန်တွင် အင်ပါယာရှားသည် ပင်မခန်းမဆောင်အရှေ့ရှိ ခြံဝန်းထဲတွင် လီဟန်ဓားသခင်နှင့် ကျားကစားနေ၏။ အင်ပါယာရှားသည် ရီဖူရှင်းရောက်လာသည်ကို မြင်လိုက်သောအခါ တစ်ချက်မျှကြည့်လျှက် သူ့ကိုလျစ်လျူရှုလိုက်သည်။ လီဟန်ဓားသခင်သည် ရီဖူရှင်းကိုပြုံးလျှက် ခေါင်းဆတ်ပြကာ နှုတ်ဆက်လိုက်သည်။
“ဖူရှင်း...”
“ဓားသခင်...”
ရီဖူရှင်းသည် ပြုံးလျှက် ပြန်နှုတ်ဆက်လိုက်သည်။ ထို့နောက် သူသည် အင်ပါယာရှားကိုကြည့်ကာ နှုတ်ဆက်လိုက်သည်။
“ဦးလေးရှား”
“ငါက အဲဒီလိုအခေါ်ခံရဖို့ မထိုက်တန်ပါဘူး”
အင်ပါယာရှားက ရှေ့သို့သာကြည့်လျှက် သူ့လက်ထဲရှိ ကျားစေ့ကိုချလိုက်သည်။ သူသည် ရီဖူရှင်းကို တစ်ချက်ပင်မကြည့်ပေ။
“အဟမ်း...”
လီဟန်ဓားသခင်က အနည်းငယ်မျက်နှာပူသွားဟန်ဖြင့် ပြောသည်။
“ကျုပ်တော့ ဒီပွဲမှာ ရှုံးပြီထင်တယ်။ အင်ပါယာရှား ကျုပ်မှာ ကျင့်ကြံရေးနဲ့ပတ်သတ်တဲ့ လုပ်စရာကိစ္စလေးတွေရှိလို့ သွားလိုက်ပါဦးမယ်”
“ဟင့်အင်း.. ပွဲကမပြီးသေးပါဘူး။ ဆက်ကစားပါ”
အင်ပါယာရှားက အမိန့်သံပါပါ ပြောသည်။ သူသည် လက်ရှိတွင် ဓားသခင်လီဟန်ကို မယှဉ်နိုင်တော့သော်လည်း တစ်ချိန်က သူသည် ဓားသခင်၏ အကြီးအကဲဖြစ်ခဲ့သည်။ ထို့ကြောင့် သူသည် သူတို့၏ဆက်ဆံရေးတွင် အထက်စီးမှနေနိုင်နေသေး၏။
ဓားသခင်လီဟန်သည် မလုံမလဲပြုံးလိုက်ပြီး ခေါင်းငုံ့ကာ ဆက်ကစားလိုက်သည်။
အင်ပါယာရှားနှင့် ရီဖူရှင်းတို့အကြားတွင် အဖုအထစ်ကလေးများရှိနေသည်ကို သူမည်သို့ မသိဘဲနေမည်နည်း။
သူသည် အရူးမဟုတ်ပေ။ လွန်ခဲ့သောနှစ်ပေါင်းများစွာက သူ အင်ပါယာရှား၏ဘုံတွင်သာ ရှိနေခဲ့စဉ်၊ နောင်တွင် သူတို့နှစ်ယောက်ကြား၌ အဆင်ပြေလာနိုင်သည်ဟု သူတွေးမိခဲ့သော်လည်း သူမျှော်လင့်သလိုဖြစ်မလာပေ။
ရီဖူရှင်းသည်လည်း ထိုကိစ္စကို မည်သို့မှ မတတ်နိုင်ပေ။ သူက ပြောလိုက်၏။
“ဦးလေးရှား... ကျွန်တော် ဆေးလုံးနည်းနည်းဖော်ထားလို့ အဲဒါ ဦးလေးကို ဆေးလုံးတွေ လာပေးတာပါ”
“ငါ အတွက် အဲဒါတွေ မလိုပါဘူး။ နန်းတော်သခင် ငါ ကျားကစားတာကို မနှောင့်ယှက်ရင် ကောင်းလိမ့်မယ်”
အင်ပါယာရှားက ရီဖူရှင်းကို မကြည့်သေးပေ။ သူက သူစိမ်းဆန်သောလေသံဖြင့် အေးစက်စက်ပြန်ပြောသည်။
ရီဖူရှင်းသည် မည်သို့မှမလုပ်နိုင်သဖြင့် ဓားသခင်လီဟန်ကို အကူအညီတောင်းဟန်ဖြင့် ကြည့်လိုက်သည်။
“ငါ့ကိုပေးပါ...”
ဓားသခင်လီဟန်သည် ဤအကြိမ်တွင် သူ့ဘက်က စကားစလိုက်သည်။
“မကြာသေးခင်တုန်းက ငါ ကျင့်ကြံခြင်းမှာ ပြဿနာတချို့နဲ့ကြုံခဲ့ရတယ်... ဒီဆေးလုံးတွေက ကူညီပေးနိုင်လောက်မှာပါ”
“ဟုတ်ပါတယ်...”
ရီဖူရှင်း ခေါင်းညိတ်လိုက်ပြီး ဓားသခင်လီဟန်ကို ဆေးသုံးဖုံစာပေးလိုက်သည်။ ထိုဆေးလုံးများသည် မည်သည့်အတွက်ရည်ရွယ်ကြောင်း သူတို့နှစ်ဦးစလုံး နားလည်သည်။
“ဦးလေးရှား... ရှင်းယွန်ရောဘယ်မှာလဲ။ ကျွန်တော့ဆီမှာ သူ့အတွက်လည်း ဆေးလုံးတွေပါလာတယ်”
ရီဖူရှင်းက ပြောလိုက်၏။
“သူက အခန်းအောင်းကျင့်ကြံနေတယ်... ဧည့်သည်မတွေ့နိုင်ဘူး။ နန်းတော်သခင် နောက်ရက်မှ ထပ်လာတာ ကောင်းပါလိမ့်မယ်”
အင်ပါယာရှားက ပြန်ပြောသည်။
“ကျွန်တော် သူ့ကို ဆေးလုံးတွေ ပေးပြီးတာနဲ့ ပြန်မှာပါ”
ရီဖူရှင်းသည် အင်ပါယာရှားနှင့် မျက်နှာချင်းဆိုင်နေရစဉ်တွင် မည်သည့်ဒေါသစိတ်မှမရှိပေ။ အင်ပါယာရှားသည် ယခင်က သူ့ကိုကြင်နာခဲ့သည့် အကြီးအကဲတစ်ဦးပင် မဟုတ်ပါလော။ ယခင်က ဒေသကိုးခုတွင် အင်ပါယာရှားကြောင့်သာမဟုတ်ပါက သူသေခဲ့သည်မှာ ကြာပြီဖြစ်သည်။
“ဆေးလုံးတွေ ထားခဲ့လိုက်တော့...”
အင်ပါယာရှားက စိတ်မရှည်ဟန်ဖြင့် ပြန်ပြောသည်။
ရီဖူရှင်း အိုးတိုးအန်းတန်း ပြုံးလိုက်သည်။ သို့သော် ထိုအခိုက်တွင် သူသည် သူ့ထံသို့လျှောက်လာသည့် လှပသောပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
“ငါလည်း ကျင့်ကြံဖို့ ဆေးလုံးနည်းနည်းလိုနေတာနဲ့ အတော်ပဲ”
အသံတစ်ခုက ပြောသည်။
ရှားရှင်းယွန်သည် ရီဖူရှင်းထံသို့လျှောက်လာကာ သူ့ထံမှ ဆေးလုံးများကို ယူလိုက်သည်။ သူမက ပြုံးလျှက်ပြောလိုက်၏။
“ကျေးဇူးပဲ”
“အသုံးမကျလိုက်တာ...”
အင်ပါယာရှားက ရေရွတ်လိုက်သည်။ သူက ရှားရှင်းယွန်ကို အမြဲအလိုလိုက်ခဲ့၏။ သို့သော် ထိုအခိုက်တွင် သူမအနေဖြင့် နည်းနည်းပို၍ တင်းတင်းမာမာဆက်ဆံရန် သူမျှော်လင့်ခဲ့သည်။
သို့သော် ရှားရှင်းယွန်သည် အမှုမထားပေ။
ရီဖူရှင်းသည် သူမက “ကျေးဇူးပဲ”ဟု ပြောလိုက်သည်ကိုကြားသောအခါ ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ ထိုကျေးဇူးတင်စကားသည် သူတို့ကို သူစိမ်းဆန်သွားစေသည်။ ယခင်ကလိုဆိုလျှင် ရှားရှင်းယွန်သည် သူ့ကို မည်သည့်အခါမှ ကျေးဇူးတင်စကားပြောမည်မဟုတ်ပေ။
“တခြားကိစ္စမရှိတော့ဘူးဆိုရင် ငါ သွားကျင့်ကြံတော့မယ်”
ရှားရှင်းယွန်က ရီဖူရှင်းကို သူမ၏လှပသောမျက်လုံးများဖြင့်ကြည့်လျှက် ပြောသည်။ ထိုမျက်ဝန်းအကြည့်များတွင် ပုံမှန်မဟုတ်သည့်အရိပ်အယောင်များမပါပေ။
သူမသည် လွန်စွာယဉ်ကျေးနေခြင်းသာဖြစ်သည်။
ထိုယဉ်ကျေးမှုသည် သူတို့ကို သူစိမ်းဆန်သွားစေ၏။
“အင်း... သွားပါ”
ရီဖူရှင်းသည် အခြားတစ်ခုပြောလိုခဲ့သော်လည်း ဘာပြောရမည်ကိုမသိ၍ သူမကို ခေါင်းသာညိတ်ပြရ၏။
“အင်း...”
ရှားရှင်းယွန်သည် ခပ်ဖွဖွ ခေါင်းဆတ်ပြကာ ထွက်ခွာသွား၏။
အင်ပါယာရှားသည် ထွက်ခွာသွားသော သူမကိုကြည့်လျှက် ရင်ထဲတွင် သက်ပြင်းခိုးချလိုက်သည်။ ထို့နောက်တွင် သူသည် ပို၍သဘောမကျသောမျက်နှာထားဖြင့် ရီဖူးရှင်းကိုကြည့်ကာ ပြောလိုက်သည်။
“နောက်ဆိုရင် နန်းတော်သခင်ရီအနေနဲ့ ငါ ကျားကစားတာကို လာပြီးမနှောင့်ယှက်ဖို့ ဆင်ခြင်သင့်တယ်”
“ကျွန်တော် အချိန်ရရင် ဦးလေးရှားဆီ ထပ်လာလည်ပါဦးမယ်”
ရီဖူရှင်းက စိတ်မဆိုးပေ။ သူသည် သူမကို အပြစ်ပြုမိခဲ့သူဖြစ်သဖြင့် မည်သို့စိတ်ဆိုးနိုင်မည်နည်း။