အောင်မြင်စွာ အဆင့်တက်နိုင်ခြင်းများ
Vol. 177 Ch. 2534
ရီဖူရှင်းသည် လူအားလုံးကို ဆေးလုံးများ ဝေမျှပြီးသောအခါ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူအားလုံးသည် အနှောင့်အယှက်ကင်းကင်းဖြင့် သီးခြားစတင်ကျင့်ကြံကာ သူတို့၏အင်အားကို တိုးမြှင့်ရန်သာ အာရုံစိုက်ခဲ့ကြ၏။
ရီဖူရှင်း ဖော်စပ်သော ဆေးလုံးများသည် သာမန်အာခီမီဆရာများ ဖော်စပ်သော ဆေးလုံးများထက် များစွာသာလွန်သည်။ ထိုသို့ဖြစ်ရခြင်းမှာ သူ၏ဉာဏ်အလင်းပွင့်လမ်းစဉ်ကြောင့်ဖြစ်သည်။ သူ့မဟာလမ်းစဉ်သည် ချို့ယွင်းချက်ကင်းပြီး ထိုမဟာလမ်းစဉ်ကိုအသုံးပြု၍ ဖော်စပ်ထုတ်လုပ်ထားသော ဆေးလုံးများသည် ထူးကဲကောင်းမွန်သည်မှာ သဘာဝကျသည်။
ထို့နောက်တွင် စံအိမ်သခင်အဖြစ် ထမ်းဆောင်နေသော တာအိုဘုန်းတော်ကြီးမူဦးဆောင်သည့် အာခီမီဆရာအုပ်စုသည် စီဝေ့အင်ပါယာနန်းတော်တွင် ရီဖူရှင်းပြင်ဆင်ထားသည့် အာခီမီစံအိမ်ထဲ၌ စတင်စုဝေးလိုက်၏။ ဆေးအင်ပါယာနှင့် တုံ့လိုင်နတ်မိမယ်တို့နှစ်ဦးစလုံးသည် တာအိုဘုန်းတော်ကြီးကို အာခီမီစံအိမ်၏ လက်ထောက်စံအိမ်သခင်အဖြစ် ကူညီပေးသည်။ သူတို့နှစ်ဦးသည် အတူလုပ်ဆောင်ကာ တာအိုဘုန်းတော်ကြီးမူကို ကူညီပေးကြသည်။ ဆေးအင်ပါယာသည် အာခီမီနှင့်ပတ်သတ်သည်များကို ကူညီပေးပြီး တုံ့လိုင်နတ်မိမယ်သည် အာခီမီနှင့်မသက်ဆိုင်သည့် ကိစ္စများကို ကူညီပေးခဲ့သည်။
သူတို့နှစ်ဦးသည် ရီဖူရှင်းကို သိခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူတို့ထဲမှတစ်ဦးသည် တုံ့လိုင်နတ်ဘုရားအကြီးကဲ၏ တပည့်တစ်ပိုင်းဖြစ်ပြီး ကျန်တစ်ဦးသည် တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏သမီးဖြစ်သည်။ သူတို့နှစ်ဦးလုံးသည် တုန်းဟွာကုန်းမြေသခင်အိမ်တော်နှင့် ပဋိပက္ခများရှိခဲ့ကြသည်။ ရီဖူရှင်းသည် တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏အမွေအနှစ်ကို ဆက်ခံရရှိခဲ့ပြီး တုန်းဟွာကုန်းမြေသခင်အိမ်တော်အပေါ် ရန်ငြိုးထားခဲ့သည်။ ထို့ကြောင့် သူတို့သည် ရီဖူရှင်းကို အစွမ်းကုန်ကူညီနေခြင်းမှာ သဘာဝကျသည်။
ထို့အပြင် ထိုနေရာသည် သူတို့အတွက် ကျင့်ကြံရန်အကောင်းဆုံးနေရာဖြစ်သဖြင့် အလွန်သဘောတွေ့၏။
ရီဖူရှင်းသည် တုံ့လိုင်နတ်မိမယ်ကို အပြည့်အဝယုံကြည်ပြီး အဖိုးတန်ဆေးဖက်ဝင်ပစ္စည်းအများစုကို တာဝန်ယူဖြန့်ဝေစေ၏။ တစ်ချိန်တည်းမှာပင် သူသည် သန့်စင်ဆေးအင်ပါယာ၏ အာခီမီပညာရပ်များနှင့် နတ်မီးတောက်ကျင့်ကြံနည်းများကို ဆေးအင်ပါယာကို သင်ကြားပေးခဲ့သည်။ ထိုမှ ဆေးအင်ပါယာသည် အာခီမီစံအိမ်မှ အာခီမီဆရာများကို ပြန်သင်ကြားပေးနိုင်မည်ဖြစ်သည်။
ရီဖူရှင်းသည် ထိုကိစ္စအားလုံးကို လုပ်ပြီးသွားသောအခါ စိတ်လက်ပေါ့ပါးစွာဖြင့် အာခီမီစံအိမ်မှ ပြန်ခဲ့၏။ နောင်တွင် အထူးဆေးလုံးများနှင့် ပတ်သတ်သည့်ကိစ္စမှလွဲ၍ အခြားအာခီမီကိစ္စများအားလုံးကို တာအိုဘုန်းတော်ကြီးမူနှင့် အခြားသူများကို ကိုင်တွယ်စေမည်ဖြစ်သည်။
လက်ရှိ အာခီမီစံအိမ်တွင် တာအိုဘုန်းတော်ကြီးမူနှင့် ဆေးအင်ပါယာအပြင် တာအိုဘုန်းတော်ကြီးမူက အလွန်အစွမ်းထက်သည့် အခြားအာခီမီဆရာများကိုလည်း ဆင့်ခေါ်ထားသည်။ သို့သော် သူတို့သည် စွမ်းဆောင်မှုကို မပြရသေးပေ။ ရီဖူရှင်းသည် ရက်ရက်ရောရောဖြင့် သူတို့ကို ကျင့်ကြံနည်းများနှင့် အာခီမီပညာရပ်များကို သင်ကြားပေး၏။ လက်ထောက်နန်းတော်သခင်ရာထူးကိုမူ သူယုံကြည်ရသောသူကိုသာ ပေးရမည်ဖြစ်သည်။
ထို့နောက်တွင် ရီဖူရှင်းသည် ရန်ဟောင်ချန်အကြံပြုသည့်ကိစ္စကို တွေးတောသုံးသပ်လိုက်သည်။ စီဝေ့ကြယ်ကောင်းကင်ကို ချိပ်ပိတ်ထားဆဲဖြစ်သော်လည်း မကြာမီမှာပင် သူတို့ အပြင်လောကသို့သွားရန် ပြန်ဖွင့်ရမည်ဖြစ်သည်။ ယခုတွင် သူ၏ကိုယ်ပိုင်စွမ်းအားသည် အဖက်ဖက်မှ အင်အားစုများကို ဟန့်တားထားနိုင်သဖြင့် အနည်းဆုံး စီဝေ့ကြယ်ကောင်းကင်မှလူများကို မည်သူမှထိဝံ့မည်မဟုတ်ပေ။ ရန်ဟောင်ချန်အဆင့်တက်သွားသည်နှင့် စီဝေ့ကြယ်ကောင်းကင်သည် ထိပ်သီးအင်အားစုတစ်စု ဖြစ်လာမည်ဖြစ်သည်။
စီဝေ့အင်ပါယာနန်းတော်က တဖြည်းဖြည်း ကျယ်ပြန့်ကာ အင်အားကောင်းလာသည်နှင့်အမျှ အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ရာထူးအဆင့်အတန်းများ သတ်သတ်မှတ်မှတ်ရှိရန် လိုအပ်လာသည်။ သူသည် ထိုအတွက် ကြိုစဉ်းစားထားရမည်ဖြစ်သည်။
ရီဖူရှင်း ဆေးလုံးများကို ဝေပေးခဲ့ပြီး တစ်လခန့်အကြာတွင် ကြယ်တာရာကျင့်ကြံခြင်းနန်းတော်အထက်တွင် ကြောက်မက်ဖွယ်ကပ်ဘေးတစ်ခု ပေါ်ပေါက်လာသည်။ ၎င်း၏တုန်လှုပ်ဖွယ်စွမ်းအားကြောင့် ကျင့်ကြံသူများသည် ကျင့်ကြံနေရာမှ နိုးထလာကြသည်။ သူတို့သည် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြ၏။
ကပ်ဘေးခံရတော့မည်မှာ မည်သူနည်း။
ထိုသူသည် အဆင့်တက်တော့မည်ဖြစ်သည်။
ထိုနေရာတွင် ရီဖူရှင်းလည်း ရှိနေ၏။ သူသည်လည်း အခြားသူများနည်းတူ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ သူသည် ကြယ်အလင်းများတောက်ပနေသည့် ဝတ်ရုံဖြင့် တင်ပျဉ်ခွေထိုင်နေသော အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။ သူ့ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ်အရှိန်အဝါများလှည့်ပတ်နေသည်။ မဟာလမ်းစဉ်နတ်အလင်းသည် စီးဆင်းနေပြီး ကျယ်ပြောသော ကောင်းကင်နှင့်မြေကြီးကို လမ်းစဉ်အရှိန်အဝါက လွှမ်းခြုံထား၏။
“မုရုံအကြီးအကဲ...”
ရီဖူရှင်း ပြုံးလိုက်သည်။ ပထမဆုံးအဆင့်တက်နိုင်သူသည် မုရုံအကြီးအကဲဖြစ်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
မုရုံအကြီးအကဲကို မုရုံယွီဟု သိကြသည်။ စီဝေ့အင်ပါယာနန်းတော်တွင် ရန်ဟောင်ချန်အပြင် သူ့ကျင့်ကြံခြင်းသည် အနက်ရှိုင်းဆုံးဖြစ်သည်။ သူသည် ရန်ဟောင်အထွတ်အထိပ်အဆင့်သို့ ရောက်နေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ယခုတွင် သူအဆင့်တက်ခြင်းသည် အံ့အားသင့်ဖွယ်မရှိပေ။
“ဆရာ... ဆေးလုံးက အလုပ်ဖြစ်တဲ့ပုံပဲ”
ဖန်းစွင်ပြောသည်။
“အဲဒါကြောင့်ပဲတော့ မဟုတ်ဘူး.. ဆေးလုံးက ကျင့်ကြံခြင်းကို ကူညီပေးဖို့ပဲ သုံးနိုင်တာ... အဲဒီတော့ တိုက်ရိုက်အကျိုးသက်ရောက်မှုတော့ မရှိဘူး။ အဆင့်တက်သွားအောင် တိုက်ရိုက်ကူညီပေးနိုင်တဲ့ ဆေးလုံးတွေမှာလည်း ဘေးထွက်ဆိုးကျိုးတွေရှိတယ်။ အဲဒါကြောင့် ငါ ဖော်စပ်တဲ့ဆေးလုံးတွေက အဆင့်တက်သွားအောင် တိုက်ရိုက်မကူညီပေးနိုင်ဘူး။ ရှေးဟောင်းအင်ပါယာရဲ့ အမွေအနှစ်ထဲမှာလည်း အဲဒီလိုပဲပါတယ်။ ထိပ်တန်းဆေးလုံးတွေက အခြေတိုးတက်အောင် ကူညီပေးနိုင်တယ်”
“မုရုံအကြီးအကဲက သူ့လိုပဲ မျိုးဆက်ဟောင်းက ကျင့်ကြံသူတစ်ဦးလို့ အရင်က ရန်ဟောင်ချန်ပြောခဲ့ဖူးတယ်။ သူ့ရဲ့အဆင့်က နက်နက်ရှိုင်းရှိုင်းရှိပြီး အခြေခိုင်နေပြီ... သူ့ရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းနဲ့ပဲ သူအဆင့်တက်နိုင်လောက်တယ်။ သူဆေးလုံးသောက်လိုက်ပြီးမှ အဆင့်တက်ဖို့ဖြစ်လာတာကတော့ တိုက်ဆိုင်တာလည်းဖြစ်နိုင်တယ်”
ဖန်းစွင်သည် ပခုံးတွန့်၍ ပြောလိုက်၏။
“ဆရာက ဆေးလုံးရဲ့အာနိသင်ကို ငြင်းနေတာက ကျွန်တော်တို့ကိုယ်တိုင် တိုးတက်အောင်လုပ်တဲ့နေရာမှာ အစွဲကြီးပြီး ဆေးလုံးတွေ ဒါမှမဟုတ် ပြင်ပအထောက်အကူတွေပေါ်မှာပဲ မှီခိုမှာကို စိုးလို့မလား။ ကျင့်ကြံခြင်းက ကိုယ်ပိုင်စွမ်းရည်အပေါ်မှာပဲ မူတည်တယ်ဆိုတာ ကျွန်တော်သိပါတယ်”
ရီဖူရှင်းက သူ့ဘေးရှိ လူငယ်လေးကိုကြည့်ကာ ပြုံးလျှက်ပြောသည်။
“မင်းသိရင် ပြီးတာပါပဲ”
ဖန်းစွင်သည် လူငယ်တစ်ဦးဖြစ်သဖြင့် လွန်စွာတက်ကြွသူတစ်ဦးဖြစ်သည်။ သူသည် ယခင်ကတည်းက ထိုကဲ့သို့ တက်တက်ကြွကြွရှိသူဖြစ်သည်။ သူ၏ကျင့်ကြံခြင်းသည် လွန်စွာလျင်မြန်ပြီး သူ၏ထိုးထွင်းနားလည်နိုင်စွမ်းသည်လည်း လွန်စွာကောင်းသည်။ သူက အနည်းငယ်အရိပ်ပြလိုက်သည်နှင့် အကောင်မြင်တတ်သူဖြစ်သည်။
“သေချာကြည့်ထား... တစ်နေ့ကျရင် မင်းလည်းဒီလိုကပ်ဘေးခံရမှာပဲ”
ရီဖူရှင်းသည် ကောင်းကင်ပေါ်သို့ မော့ကြည့်ရင်း ဖန်းစွင်ကို ပြောသည်။
“ကျုပ်ကလား...”
ဖန်းစွင်၏မျက်နှာထားသည် ထူးဆန်းသွားသည်။ သူ့ဆရာသည် ရန်ဟောင်အဆင့်၏ အတားအဆီးများကို ကျော်လွှားကာ ကပ်ဘေးကိုရင်ရလိမ့်ဦးမည်ဟု သူမထင်ပေ။
သို့သော် သူသည် ထိုအတွေးကို ထုတ်မပြောဝံ့ပေ။ ရီဖူရှင်းသည် ရန်ဟောင်အဆင့်၏ အတားအဆီးများကို မကျော်လွှားနိုင်သေးသော်လည်း ကပ်ဘေးအဆင့်ကျင့်ကြံသူများကိုပင် သတ်ပစ်နိုင်ကြောင်း သူသိ၏။ ရီဖူရှင်းသည် ထိုကဲ့သို့ လုပ်ပြခဲ့ပြီးပေပြီ။
“ကျွန်တော်သိပါတယ်... နောက်ကျ ဆရာ အင်ပါယာဖြစ်လာရင် ကျွန်တော်တို့ တပည့်တွေက ဆရာ့ရဲ့ ကိုယ်ရံတော်လေးယောက်ဖြစ်လာမှာပေါ့”
ဖန်းစွင်က ပြုံးလျှက် ပြောသည်။
“ငါ အဲဒီလိုဖြစ်လာတာကို မြင်ရဖို့ မစောင့်နိုင်တော့ဘူး”
ရီဖူရှင်းက သူ့ကိုကြည့်လျှက် ပြောသည်။
မုရုံယွီသည် ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့ပြီး ကြယ်တာရာကျင့်ကြံခြင်းနန်းတော်အတွင်းမှ ကျင့်ကြံသူအားလုံးက ထိုအဖြစ်အပျက်ကို ကြည့်ရှုခဲ့ကြ၏။ မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးသည် ကြောက်မက်ဖွယ်ကောင်း၏။ ကောင်းကင်ကပ်ဘေး၏စွမ်းအားသည် အားလုံးကို အံ့အားသင့်သွားစေသည်။ ကြယ်တာရာကောင်းကင်သည် ကျယ်ပြောကာ အဆုံးမဲ့၏။ သို့သော် ကောင်းကင်တစ်ခွင်လုံးရှိ ကျင့်ကြံသူတိုင်းသည် ကောင်းကင်စွမ်းအားကို ခံစားလိုက်ရသည်။
မုရုံယွီသည် မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့၏။
သူသည် ကောင်းကင်ကပ်ဘေးကိုခံရာတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့သော်လည်း သူ့အတွက်မပြောပလောက်ပေ။ ကောင်းကင်ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့သူ နောက်တစ်ယောက်ရှိလာပြီဟု လူများတွေးလိုက်ကြ၏။ စီဝေ့အင်ပါယာနန်းတော်၏အင်အားသည် တိုးတက်လာနေသည်။
“မုရုံအကြီးအကဲကို ဂုဏ်ပြုပါတယ်”
“မုရုံအကြီးအကဲက ရန်ဟောင်အဆင့်ရဲ့ အတားအဆီးတွေကို ဖြတ်ကျော်ပြီး ကောင်းကင်ကပ်ဘေးကို ကျော်လွှားရှင်သန်နိုင်ခဲ့ပြီ။ ဒါကတကယ်ကို ပျော်စရာကောင်းတဲ့ ကိစ္စပဲ”
စီဝေ့အင်ပါယာနန်းတော်တွင် အမြဲနေခဲ့သော လူများသည် ရှေ့မှဦးဆောင်ကာ သူ့ကိုဂုဏ်ပြုလိုက်သည်။ သူတို့၏ဆက်ဆံရေးသည် ပို၍ရင်းနှီးသည်မဟုတ်ပါလား။ သို့သော် ထို့နောက်တွင် အခြားသူများအားလုံးသည်လည်း အကြီးအကဲကို ဂုဏ်ပြုစကားဆိုလိုက်ကြ၏။
“ဂုဏ်ပြုပါတယ် အကြီးအကဲ...”
ရီဖူရှင်းသည်လည်း ပြုံးလျှက် ဂုဏ်ပြုစကားဆိုလိုက်သည်။ သို့သော် မုရုံယွီသည် မဝင့်ကြွားဝံ့ပေ။ သူသည် ရီဖူရှင်းရှိနေရာသို့ ငုံ့ကြည့်လျှက် ဦးညွှတ်လိုက်သည်။
“ကျုပ်ကို နတ်ဆေးလုံးချီးမြှင့်ခဲ့တဲ့ နန်းတော်သခင်ကို ကျေးဇူးအများကြီးတင်ပါတယ်... အဲဒါကြောင့်သာ ကျုပ် အဆင့်တက်ဖို့ အခွင့်အရေးရခဲ့တာပါ”
“အကြီးအကဲက အရမ်းအလေးအနက်ကြီး ပြောနေတာပဲ... ဆေးလုံးအကူအညီမပါလည်း အကြီးအကဲက အနှေးနဲ့အမြန်ဆိုသလို အဆင့်တက်တော့မှာပါပဲ။ ဆေးလုံးက အဲဒီဖြစ်စဉ်ကို နည်းနည်းလေး အရှိန်မြှင့်ပေးလိုက်တာပဲ ရှိတာပါ”
ရီဖူရှင်းက နှိမ့်ချ၍ ပြန်ပြောသည်။
မုရုံယွီတစ်ယောက် ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့ပြီးနောက် ရီဖူရှင်းခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ရာထူးပေးအပ်မည့်ကိစ္စသည် သူထင်ထားသည်ထက် ပို၍လွယ်ပေလိမ့်မည်။
သူတို့စကားပြောနေစဉ်တွင် ကောင်းကင်ထက်၌ ကောင်းကင်အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ ဤအကြိမ်တွင် ကောင်းကင်အရှိန်အဝါသည် ပို၍အားကောင်းပြီး လူတိုင်းကို မွန်းကြပ်နေစေ၏။
“ဘာဖြစ်နေတာလဲ...”
လူများသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြ၏။ မုရုံယွီပင် အံ့အားသင့်သွားသည်။
ကပ်ဘေးအစစ်အမှန်သည် ယခုမှ ရောက်ရှိလာခြင်းပေလော။
သို့သော် သူသည် မည်သည့်အငွေ့အသက်ကိုမှ မခံစားရပေ။
“မဟုတ်သေးပါဘူး... ဒါက ငါ့ရဲ့ ကပ်ဘေးမဟုတ်ပါဘူး”
မုရုံယွီတစ်ယောက် ချက်ချင်း မျက်နှာထားပြောင်းသွားသည်။ သူက အနည်းငယ် မှင်တက်နေသည်။
ထိုအခိုက်တွင် အခြားသူများသည်လည်း ထိုကပ်ဘေးမှာ မုရုံယွီ၏ကပ်ဘေးမဟုတ်ကြောင်း သိသွားကြသည်။ အခြားတစ်ယောက်သည် ကပ်ဘေးကို ခံရတော့မည်ဖြစ်သည်။
ထိုအရာမှာ...
ကောင်းကင်ထက်ရှိ ကောင်းကင်အရှိန်အဝါသည် ပို၍အားကောင်းလာသည်။ ထိုအရှိန်အဝါသည် မုရုံယွီတစ်ယောက် သူ၏ကပ်ဘေးကိုခံခဲ့စဉ်က အရှိန်အဝါထက် ပို၍အားကောင်းသည်။ ရီဖူရှင်းသည် ထိုကပ်ဘေးပေါ်လာသည့် နေရာသို့ အာရုံစိုက်လိုက်သည်။
ကြယ်တာရာကောင်းကင်ထက်ရှိ တစ်နေရာတွင် ရန်ဟောင်ချန်သည် တစ်ကိုယ်တည်း တင်ပျဉ်ခွေထိုင်နေ၏။ အင်ပါယာကြယ်များမှ နတ်အလင်းများသည် ရန်ဟောင်ချန်ပေါ်သို့ ဖြာကျနေသည်။ သူ့ကို နတ်အလင်းများက လွှမ်းခြုံထားပြီး သူ့တစ်ကိုယ်လုံးသည် လွန်စွာတောက်ပလင်းလက်နေသည်။ ထိုကောင်းကင်အရှိန်အဝါသည် သူ့အပေါ်သို့ ဖိနှိပ်ကျဆင်းလာသည်။
စီဝေ့အင်ပါယာနန်းတော်မှ မူလကျင့်ကြံသူများသည် လက်ထောက်နန်းတော်သခင်တစ်ယောက် အဆင့်တက်တော့မည်ကို တွေ့လိုက်ရသောအခါ ဝမ်းမြောက်အံ့ဩသွားကြသည်။
ယနေ့တွင် စီဝေ့အင်ပါယာနန်းတော်မှ ထိပ်သီးနှစ်ဦးသည် အောင်အောင်မြင်မြင် အဆင့်တက်နိုင်ခဲ့သည်။
ထို့အပြင် အကယ်၍ လက်ထောက်နန်းတော်သခင်သာ အဆင့်တက်ခဲ့လျှင် သူသည် ဒုတိယကပ်ဘေးကို ကျော်လွှားနိုင်သူဖြစ်သွားပေမည်။ သို့ဆိုလျှင် သူသည် စီဝေ့ကြယ်ကောင်းကင်တွင် စွမ်းအားအကြီးဆုံး ကျင့်ကြံသူဖြစ်သွားမည်ဖြစ်သည်။
ကပ်ဘေးသုံးခုလုံးကို ကျော်လွှားပြီးသူကို နတ်တစ်ပါးအဖြစ် သတ်မှတ်ကြသည်။
ဝုန်း...
ကျဆင်းလာသော ကောင်းကင်အရှိန်အဝါသည် ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။ ထိုအရှိန်အဝါထဲတွင် လွန်စွာအားကောင်းသောဖိအားများပါဝင်၏။ ရန်ဟောင်ချန်သည် မျက်လုံးများဖွင့်လိုက်သည်။ ထိုမျက်လုံးများထဲမှနေ၍ စူးရှသောအလင်းများထွက်ပေါ်လာ၏။ သူသည် သူ့ရှေ့ရှိ ကြယ်တာရာနှင်တံကိုကောက်ယူလိုက်၏။ ရုတ်တရက် ကြယ်တာရာကောင်းကင်ထက်မှနေ၍ အဆုံးမဲ့ကြယ်အလင်းများထွက်ပေါ်လာပြီး ကျိုင်းပေါ်သို့ ဖြာကျလာသည်။ ၎င်းသည် ကြယ်တာရာကောင်းကင်၏ အုပ်စိုးသူသကဲ့သို့ ထင်ရသည်။
“သူတို့က ကောင်းကင်ကပ်ဘေးကို အောင်အောင်မြင်မြင်ရင်ဆိုင်နေကြတာပဲ”
အရှင်ထိုက်ရွှမ်နှင့် အခြားသူများသည် သူတို့အထက်ရှိ ကောင်းကင်သို့မော့ကြည့်ကာ အနည်းငယ် အားကျနေ၏။ သူတို့သည် ကောင်းကင်ကပ်ဘေးကိုခံရရန် မည်သည့်အခါမှ အခွင့်အရေးရမည့်ပုံမပေါ်ပေ။
“ဖူရှင်းဖော်စပ်ထားတဲ့ ဆေးလုံးက တကယ့်ကို အံ့အားသင့်စရာကောင်းတာပဲ”
ထျန်းဟယ်အကြီးအကဲက ပြောသည်။ ရီဖူရှင်းသည် နှိမ့်ချတတ်သူဖြစ်သော်လည်း ထပ်သီးနှစ်ဦး ရှေ့ဆင့်နောက်ဆင့် ကောင်းကင်ကပ်ဘေးကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ကာ အဆင့်တက်သွားခြင်းသည် တိုက်ဆိုင်မှုမဟုတ်နိုင်ပေ။ သူတို့၏ကျင့်ကြံခြင်းအဆင့်သည် ကပ်ဘေးခံရလောက်သည်အထိ အခြေခိုင်နေပြီဖြစ်သော်လည်း ဆေးလုံး၏အာနိသင်ကိုလည်း ထည့်မတွက်၍မရပေ။
ဆေးလုံးနှင့်မဆိုင်လျှင် အဘယ်ကြောင့် သူတို့နှစ်ဦးသည် ဆေးလုံးကိုသောက်လိုက်ပြီးခါမှ အဆင့်တက်သွားရသနည်း။
“အဲဒါက နတ်ဘုရားတစ်ဝက်ဆေးလုံးပဲ။ ကောင်းကင်ဒေသတစ်ခွင်လုံးမှာ အဲဒီအဆင့်ဆေးလုံးကို ရနိုင်တဲ့ အင်အားစုနည်းနည်းပဲရှိတယ်။ ပြီးတော့ ဖူရှင်းဖော်စပ်တဲ့ ဆေးလုံးရဲ့အဆင့်က တခြားအာခီမီဆရာတွေဖော်စပ်တဲ့ ဆေးလုံးတွေထက် အပြတ်အသတ်သာတယ်”
အားလုံးက လက်ခံကြောင်း ခေါင်းညိတ်လိုက်ကြ၏။ ကောင်းကင်ဒေသတွင် ထပ်တန်းအာခီမီဆရာများမရှိပေ။ ထို့အပြင် ရီဖူရှင်းဖော်စပ်သော နတ်ဘုရားတစ်ဝက်ဆေးလုံးသည် ကောင်းကင်ဒေသတွင် ရနိုင်သည့် ဆေးလုံးအားလုံးထက် သာသည်။
“ရန်ဟောင်ချန် အဆင့်တက်သွားရင် စီဝေ့ကြယ်ကောင်းကင်ရဲ့ စွမ်းအားက ကောင်းကင်ဒေသက ထိပ်သီးအင်အားစုကြီးတွေနဲ့ ယှဉ်နိုင်သွားမှာပဲ။ စီဝေ့ကြယ်ကောင်းကင်က ထိပ်သီးအင်အားစုအများစုထက်တောင် ပခုံးတစ်ဖက်၊ ခေါင်းတစ်လုံးသာနိုင်သေးတယ်”
ရန်ဟောင်ချန်သည် ကြယ်တာရာနှင်တံကို ပိုင်ဆိုင်ပြီး မဟာလမ်းစဉ်ပထမကောင်းကင်ကပ်ဘေးကို ကျော်လွှားပြီးသည့် ကျင့်ကြံသူများကိုပင် သတ်နိုင်စွမ်းရှိ၏။ သူသာအဆင့်တက်သွားလျှင် သူ၏တိုက်ခိုက်စွမ်းရည်သည် ပို၍ပင်အင်အားကြီးလာမည်ဖြစ်သည်။ သူ၏အင်အားသည် အထွတ်အထိပ် ဖြစ်လာပေလိမ့်မည်။
သို့သော် ရီဖူရှင်း၏အင်အားကိုမူ သူတို့မသိကြသေးပေ။ ထို့အပြင် ကောင်းကင်ကပ်ဘေးကို ကျော်လွှားပြီးသူများဖြစ်သော ဟွာဂျီယူ၊ အင်ပါယာရှီ၊ တာအိုဘုန်းတော်ကြီးမူနှင့် မုရုံယွီတို့လည်း ရှိပေသည်။ ကောင်းကင်ဒေသမှ အင်အားစုအများစုသည် သူတို့၏ပြိုင်ဘက်ဟု မည်သို့ကြွေးကြော်နိုင်မည်နည်း။
စွမ်းအားအကြီးဆုံး ကုန်းမြေသခင်အိမ်တော်များနှင့် ကောင်းကင်ဒေသမှရှေးဟောင်းနတ်ဘုရားကလန်သာ သူတို့ကို ယှဉ်နိုင်ပေလိမ့်မည်။
ကောင်းကင်ကပ်ဘေး၏ ကြောက်မက်ဖွယ်အလင်းသည် တစ်ချက်ပြီးတစ်ချက် ကျဆင်းနေပြီး လူအားလုံးကို ရင်တုန်ပန်းတုန်ဖြစ်နေစေ၏။ ရန်ဟောင်ချန်သည် အင်ပါယာကြယ်များ၏ အလင်းအောက်တွင်ရပ်၍ ကြယ်တာရာနှင်တံကိုကိုင်ကာ ကောင်းကင်ကပ်ဘေး၏စွမ်းအားများကို ခုခံနိုင်၏။
ကောင်းကင်ကပ်ဘေး ပျောက်ကွယ်သွားသောအခါ စီဝေ့ကြယ်ကောင်းကင်တွင် စွမ်းအားကြီးကျင့်ကြံသူတစ်ယောက် ရှိလာခဲ့ပြီဖြစ်သည်။
“လက်ထောက်နန်းတော်သခင် အဆင့်တက်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်”
တစ်ချိန်တည်းမှာပင် ထိုသို့ဂုဏ်ပြုသံများကို ကြားလိုက်ရသည်။ ထိုအသံများသည် ကြယ်တာရာကောင်းကင်တစ်ခွင်တွင် ပဲ့တင်ထပ်သွားသည်။ စီဝေ့ကြယ်ကောင်းကင်အတွင် ထိုအဆင့်တက်မှုသည် စိတ်လှုပ်ရှားစရာကောင်းပြီး စိတ်တက်ကြွဖွယ်ဖြစ်သည်။
ရီဖူရှင်း၏မျက်ဝန်းများထဲတွင် အပြုံးများနှင့် ပြည့်နှက်နေသည်။ သူသည် လေထဲသို့ ပျံတက်သွားလိုက်ပြီး ကောင်းကင်ထက်ရှိ ကြယ်အလင်းများအောက်တွင် ရပ်နေသော လူကိုလှမ်းကြည့်လိုက်ကာ ပြောလိုက်၏။
“ဂုဏ်ပြုပါတယ် သခင်ချန်”
ထိုအသံသည် ကြယ်တာရာကောင်းကင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားပြီး စီဝေ့ကြယ်ကောင်းကင်မှ ကျင့်ကြံသူအားလုံး အံ့အားသင့်သွားသည်။
ယခုတွင် သူတို့၏လက်ထောက်နန်းတော်သခင်သည် အဆင့်တက်သွားပြီး မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့သဖြင့်”သခင်”ဟူသော ဂုဏ်ပုဒ်ဖြင့် ထိုက်တန်နေပြီဖြစ်သည်။
“သခင်ချန်ကို ဂုဏ်ပြုပါတယ်”
ထိုသို့ဂုဏ်ပြုသံများ တစ်သံပြီးတစ်သံထွက်ပေါ်လာကာ ကြယ်တာရာကောင်းကင်ထက်တွင် ပဲ့တင်ထပ်နေ၏။
“ဒီနေ့ကစပြီး သခင်ချန်က စီဝေ့အင်ပါယာနန်းတော်ရဲ့ မဟာအကြီးအကဲပဲ။ တာအိုဘုန်းတော်ကြီးမူ၊ အင်ပါယာရှီနဲ့ မုရုံယွီတို့ကိုလည်း စီဝေ့အင်ပါယာနန်းတော်ရဲ့ လက်ထောက်နန်းတော်သခင်အဖြစ် တာဝန်ခန့်အပ်တယ်”
ရီဖူရှင်းက ပြောလိုက်၏။