← Chapters

နန်းတော်လေးဆောင်၏အစ

Vol. 177 Ch. 2535

နန်းတော်လေးဆောင်၏အစ

Vol. 177 Ch. 2535

သူတို့သည် ကောင်းကင်ထက်ရှိ ကြယ်အလင်းများအောက်မှ ရီဖူရှင်းကို မော့ကြည့်လိုက်ပြီး သူ၏စကားကြောင့် စိတ်တက်ကြွသွားကြသည်။

စီဝေ့ကြယ်ကောင်းကင်သည် လွှမ်းမိုးမှုကြီးမားသည့် အင်အားစုတစ်ခုအဖြစ် ပြောင်းလဲလာပေပြီ။

ရီဖူရှင်းသည် ထိုစွမ်းအားကြီးကျင့်ကြံသူများကိုကြည့်လျှက် သူစကားကိုအဆုံးသတ်လိုက်သည်။ ထို့နောက် သူထပ်ဖြည့်ပြောလိုက်၏။

“ပြီးတော့ စီဝေ့အင်ပါယာနန်းတော်ရဲ့ အုပ်ချုပ်မှုအောက်မှာ နန်း‌တော်လေးဆောင်ကို တည်ထောင်မယ်။ စီဝေ့နန်းတော်၊ ကောင်းကင်အာဏာစက်နန်းတော်နဲ့ ဝမ်ရှန့်နန်းတော်တို့ကို ထပ်ပြီးတည်ထောင်မယ်... အာခီမီစံအိမ်ကတော့ ရှိနေပြီ။ တာအိုဘုန်းတော်ကြီးမူက အာခီမီနန်းတော်ကို အုပ်ချုပ်ရမယ်... သူ့ကို ဆေးအင်ပါယာနဲ့ နတ်မိမယ်တုံ့လိုင်တို့က ကူညီပေးလိမ့်မယ်။ မုရုံယွီက စီဝေ့နန်းတော်ကို အုပ်ချုပ်ရမယ်... သူ့ကို စီဝေ့အင်ပါယာနန်းတော်က အကြီးအကဲတွေက ကူညီပေးရမယ်။ အင်ပါယာရှီကတော့ ဝမ်ရှန့်နန်း‌တော်ကို အုပ်ချုပ်ရမယ်... ဆေးအင်ပါယာ၊ လီချန်ရှန်နဲ့ မိုးကြိုးကပ်ဘေးအရှင်တို့က ကူညီပေးရမယ်”

သခင်ချန်သည် မဟာအကြီးအကဲဟူသော ဘွဲ့ကိုရခဲ့သည်။ ကပ်ဘေးအဆင့်ရှိသည့် စွမ်းအားကြီးကျင့်ကြံသူသုံးဦးစလုံးသည် နန်း‌တော်တစ်ဆောင်စီကို အုပ်ချုပ်ရ၏။ သို့ဆိုလျှင် ကောင်းကင်အာဏာစက်နန်းတော်ကို မည်သူအုပ်ချုပ်မည်နည်း။

နန်းတော်လေးဆောင်၏အမည်များသည် ရှင်းလင်းသည်။ ၎င်းတို့၏ဆိုလိုရင်းကို နားလည်နိုင်ရန် မခက်ပေ။ ကောင်းကင်အာဏာစက်ဟူသောအမည်သည် ရီဖူရှင်းနောက်သို့ လိုက်ခဲ့သောအင်အားစုကို ရည်ညွှန်းသည်။ သို့ဖြစ်လျှင် ထိုအင်အားစုကို မည်သူအုပ်ချုပ်မည်နည်း။

ရီဖူရှင်း ကိုယ်တိုင်ပင် အုပ်ချုပ်မည်လော။

“ကောင်းကင်အာဏာစက်နန်းတော်ကို ဟွာဂျီယူက အုပ်ချုပ်လိမ့်မယ်။ ဟွာချင်းချင်းနဲ့ ကျုးကော့မင်းယွီတို့က သူ့ရဲ့လက်ထောက်တွေပဲ”

ရီဖူရှင်းက ထပ်ပြောသည်။ ထိုတာဝန်ချထားမှုကြောင့် အားလုံး စိတ်သက်သာရာရသွားသည်။ နန်းတော်သခင်၏ ကြင်ယာတော်သည် ထိုကဲ့သို့ရာထူးတာဝန်ကိုယူရန် အသင့်တော်ဆုံးဖြစ်သည်။ ထိုတာဝန်ချထားမှုကို လူတိုင်းကျေနပ်သည်။ ရီဖူရှင်း၏နောက်လိုက်များသည် သူမ၏အမိန့်ကိုနာခံရန် သ‌ဘောကျပေလိမ့်မည်။

ထို့အပြင် ဟွာဂျီယူသည် ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ဟွာချင်းချင်းသည်လည်း လျင်မြန်စွာတိုးတက်နေသည်။ သူမသည် ဗုဒ္ဓမီးအိမ်တစ်လုံးက ပြန်ဝင်စားသူဟူသော ကောလာဟလများလည်း ရှိ၏။ သူမသည် လမ်းစဉ်ကို ထိုးထွင်းသိမြင်ပြီးဖြစ်၍ စွမ်းအားကြီးသူတစ်ဦးဖြစ်နေပေပြီ။ ကျူးကော့မင်းယွီ၏အခြေအနေသည် သူမတို့နှစ်ယောက်နှင့် ကွဲပြားသည်။ သူမ၏ကျင့်ကြံခြင်းအဆင့်သည် ပြောပလောက်အောင် မဟုတ်ပေ။ သို့သော် သူမထိုရာထူးတာဝန်ကို ရရှိခြင်းသည် သူမ၏ကျင့်ကြံခြင်းအဆင့်ကြောင့် မဟုတ်ပေ။ သူမရွေးချယ်ခံခဲ့ရခြင်းမှာ သူမ၏ဉာဏ်ပညာကြောင့်ဖြစ်သည်။ သူမသည် ဟွာဂျီယူတစ်ယောက် အမှုကိစ္စများကို ကောင်းမွန်စွာဆောင်ရွက်နိုင်ရန် ကူညီပေးနိုင်၏။ ထို့အပြင် သူမက ရီဖူရှင်းနှင့် သာမန်မဟုတ်သော ဆက်ဆံရေးရှိပြီး သူမ၏အထူးအဆင့်အတန်းကြောင့် ရီဖူရှင်း၏နောက်လိုက်များသည် ထိုရာထူးရသွားခြင်းကို မကျေမနပ်ဖြစ်မည်မဟုတ်ပေ။

ရီဖူရှင်းသည် သူနှင့်အရင်းနှီးဆုံးလူများဖြစ်ပြီး သူတန်ဖိုးအထားဆုံးလူများဖြစ်သည့် သူ့ကြင်ယာတော်နှင့် နန်းတော်သခင်၏ ဒုတိယအစ်မကြီးကို ကောင်းကင်အာဏာစက်နန်းတော်အား အုပ်ချုပ်စေလိုက်ခြင်းဖြစ်ရာ မည်သူသည် ထိုကိစ္စကို ဆန့်ကျင်နိုင်မည်နည်း။

အမှန်တွင် ဂူတုံးလျှိုသည်လည်း ထိုတာဝန်ကို ထမ်းဆောင်နိုင်သည်။ ကျူးကော့မင်းယွီနှင့် ဂူတုံးလျှိုတို့သည် တစ်ဦးတည်းကဲ့သို့ပင် ဖြစ်သည်။ အကယ်၍ ကျူးကော့မင်းယွီက စီမံခန့်ခွဲရေးကိစ္စများကို အာရုံစိုက်ခဲ့ပါက ဂူတုံးလျှိုသည် သူ၏အင်အားကို တိုးမြှင့်ရာတွင် အာရုံစိုက်နိုင်သည်။

“နောက်ဆုံးကတော့... ဦးလေးထျယ်၊ အဘိုးမာ၊ ဖန်းကိုင်နဲ့ ချန်ယိတို့က စီဝေ့အင်ပါယာနန်းတော်ရဲ့ မဟာကိုယ်ရံတော်လေးဦးအဖြစ် တာဝန်ယူရမယ်။ သူတို့က ကျုပ်ကို အထူးကိစ္စရပ်တွေမှာ တင်ပြရမယ်”

ရီဖူရှင်းက ဆက်ပြောသည်။ ထိုအဖွဲ့သည် လေးမျက်နှာကျေးရွာအတွက်ဖြစ်သည်။ စွမ်းအားကြီးရန်ဟောင်လေးဦးသည် သူ့ကိစ္စများကို ကိုယ်တိုင်ထမ်းရွက်ရပေမည်။

“ဆရာ... သမီးတို့ကရော...”

လင်ကလေးက‌မေးလိုက်သည်။ ရီဖူရှင်းသည် လူငယ်လေးများကို မေ့လျော့သွားပုံပင်။

“မင်းတို့ကလည်း ငါ့လက်အောက်ကပဲပေါ့။ မင်းတို့လေးယောက်ကို အငယ်တန်းကိုယ်ရံတော်လေးယောက်လို့ ခေါ်မယ်...”

ရီဖူရှင်း ရယ်မောကာ ပြောသည်။ အခြားသူများလည်း ရယ်လိုက်ကြ၏။ ထိုလေးဦးသည် နှစ်ပေါင်းများစွာကြာပြီးနောက်တွင် အတော်လေးသန်မာလာကြပြီဖြစ်သည်။

သို့သော် သူတို့အတွက် လောကထဲတွင်ခြေချရန် အချိန်မတန်သေးပေ။ သူတို့ရှေ့ခရီးလမ်းသည် များစွာကျန်ပေးသေသည်။ လောကထဲတွင်ခြေချရမည့်နေ့မှာ သေချာပေါက်ရောက်လာမည်ဖြစ်သည်။

သခင်ချန်သည် ထိုအခြင်းအရာများကို မြင်လိုက်သောအခါ ပြုံးလိုက်သည်။ စီဝေ့အင်ပါယာနန်းတော်သည် ဘေးဒုက္ခများစွာကို ဖြတ်ကျော်ခဲ့ရသော်လည်း ရီဖူရှင်း၏လက်အောက်သို့ ရောက်သွားကတည်းက တိုးတက်လာခဲ့သည်။ ယခုတွင် သူတို့သည် အင်ပါယာအဆင့်အင်အားစုများမှလွဲ၍ လောကအတွင်းရှိ အခြားအင်အားစုများကို ယှဉ်နိုင်လောက်သည်အထိ အင်အားကြီးမားလာပြီဖြစ်သည်။

ထိုဖွဲ့စည်းပုံသည် ပြီးပြည့်စုံသည်ဟု ဆိုနိုင်သည်။

အသစ်တည်ထောင်လိုက်သော နန်းတော်လေးဆောင်တွင် အာခီမီနန်း‌တော်သည် ကြီးမားသောလွှမ်းမိုးမှုရှိမည့် အာခီမီအင်အားစုတစ်စုဖြစ်သည်။ စီဝေ့နန်းတော်သည် စွမ်းအားကြီးသူများပါဝင်သည့် စီဝေ့အင်ပါယာနန်းတော်၏ မူလအင်အားစုဖြစ်သည်။ ဝမ်ရှန့်နန်း‌တော်သည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏အမည်ကိုယူ၍ အမည်ပေးထားခြင်းဖြစ်သည်။ သို့သော် ရီဖူရှင်းသည် ထိုနန်းတော်ကို ဆေးအင်ပါယာအစား အင်ပါယာရှီကို အုပ်ချုပ်ခိုင်းခဲ့သည်။ ဆေးအင်ပါယာနှင့် လီချန်ရှန်းတို့သည် အင်ပါယာရှီ၏လက်ထောက်များအဖြစ် တာဝန်ထမ်းဆောင်စေခဲ့သည်။ ထိုအင်အားစုမှ လူများအားလုံးသည် ကောင်းကင်ဒေသမှဖြစ်ကြသည်။ ထိုနန်းတော်သည် အခြားနန်း‌တော်သုံးဆောင်နှင့်ယှဉ်လျှင် လူအင်အားနည်းသော်လည်း သူတို့အများစုသည် ထိပ်သီးများဖြစ်ကြသည်။ ထို့အပြင် ဝမ်ရှန့်နန်းတော်သည် ဆက်၍အင်အားကြီးထွားလာဦးမည်ဖြစ်သည်။ နောက်ဆုံးအနေဖြင့် ဟွာဂျီယူအုပ်ချုပ်ရသော ကောင်းကင်အာဏာစက်နန်းတော်သည် မူလဘုံ၏ အင်အားစုတစ်စုဖြစ်ခဲ့ဖူး၏။ ထိုနန်းတော်မှ လူများသည် ရီဖူရှင်းနောက်သို့ အစောဆုံးလိုက်ခဲ့သူများဖြစ်သည်။

ထိုနန်းတော်လေးဆောင်၊ လေးမျက်နှာကျေးရွာ၊ ချန်ယိပါဝင်သော မဟာကိုယ်ရံတော်လေးဦးအဖွဲ့၊ ရီဖူရှင်းနှင့် သခင်ချန်စသောသူများပါဝင်သည့် အင်အားစုကြီးသည် ပုံပေါ်လာပေပြီ။

“အခု စီဝေ့ကြယ်ကောင်းကင်မှာ စွမ်းအားကြီးကျင့်ကြံသူတွေ အများကြီးရှိလာပြီဆိုတော့ ‌နောက်ထပ် ထပ်သီးကျင့်ကြံသူတွေနဲ့ ပါရမီရှိတဲ့သူတွေကို ဒီမှာလာပူးပေါင်းကျင့်ကြံဖို့ စည်းရုံးရမယ့်တာဝန်က စီဝေ့နန်းတော်ရဲ့ တာဝန်ပဲ”

ရီဖူရှင်းက မုရုံယွီကို ပြောသည်။

“ကျုပ် နားလည်ပါပြီး သခင်”

မုရုံယွီက ခေါင်းညိတ်လျှက် ပြန်ပြောသည်။ သူသည် ယခင်က မည်သူ့ကိုမှ သခင်ဟု မခေါ်ခဲ့ဖူးပေ။

သူသည် မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်သော်လည်း ထောင်လွှားမသွားပေ။ ထိုအစား သူသည် ရီဖူရှင်းကို လေးစားသမှုပြခဲ့သည်။ သူ ထိုသို့ အဆင့်တက်နိုင်ခဲ့ခြင်းသည် သူ့အစွမ်းအစကြောင့်ဖြစ်သော်လည်း ရီဖူရှင်းသူ့ကိုပေးသည့် ဆေးလုံးသည်လည်း များစွာအထောက်အပံ့ဖြစ်ခဲ့ကြောင်း သူသိ၏။

ထို့အပြင် သူသည် ရီဖူရှင်းတွင် လွန်စွာအံ့အားသင့်ဖွယ်ကောင်းသည့် ခိုင်မာသောအနာဂတ်ရှိကြောင်း သူက အမှန်ပင်ခံစားရ၏။ သူသည် စီဝေ့အင်ပါယာနန်း‌တော်၏ တောက်ပသောအနာဂတ်ကိုလည်း ခံစားရသည်။ ထို့ကြောင့် သူက ထိုအနာဂတ်ကို နှိမ့်ချသောနှလုံးသားဖြင့် စောင့်မျှော်နေခြင်းဖြစ်သည်။

“ဝမ်ရှန့်နန်းတော်က အခု လူအင်အားသိပ်မရှိသေးဘူး။ ဒါပေမဲ့ အပြင်လောက,က ဘယ်ကျင့်ကြံသူမဆို ကျုပ်တို့ကို အညံ့ခံခဲ့ရင် သူတို့ကို ဝမ်ရှန့်နန်း‌တော်ကို အရင်ဆုံးဝင်ခိုင်းပါမယ်... အင်ပါယာရှီအနေနဲ့လည်း ကိုယ်တိုင်လူစုဆောင်းနိုင်ပါတယ်”

ရီဖူရှင်းက အင်ပါယာရှီကိုပြောသည်။ ဝမ်ရှန့်နန်းတော်သည် လူအင်အားနည်းပါးနေသော်လည်း သူတို့တွင် ထူးချွန်သူနှစ်ဦးရှိ၏။ ထိုနှစ်ဦးမှာ အင်ပါယာရှီနှင့် ကျော‌ထောက်နောက်ခံအဖြစ် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရှိသည့် ဆေးအင်ပါယာတို့ဖြစ်၏။ ဆေးအင်ပါယာ၏ တိုက်ခိုက်စွမ်းရည်သည် ကပ်ဘေးအဆင့်ရှိသည့် သန်မာသောကျင့်ကြံသူတစ်ဦးကဲ့သို့ အစွမ်းကြီး၏။

“ကျုပ်နားလည်ပါပြီ သခင်”

အင်ပါယာရှီက ခေါင်းညိတ်ကာ ပြုံးလျှက်ပြောသည်။ သူသည်လည်း ရီဖူရှင်းကို သခင်ဟူ၍ ခေါ်ဝေါ်သုံးနှုန်းလိုက်သည်။ သူသည် စီဝေ့အင်ပါယာနန်း‌တော်တွင် အေးအေးလူလူနေ,နေခဲ့သည်ဖြစ်သော်လည်း ယခုမှစ၍ အလေးအနက်တာဝန်ထမ်းဆောင်ရတော့မည်ဖြစ်သည်။ သူသည် နန်းတော်တစ်ဆောင်၏သခင်အဖြစ် ရာထူးတာဝန်ပေးအပ်ခံခဲ့ရသဖြင့် ယခင်က သူမည်သူပင်ဖြစ်ခဲ့စေကာမူ ယခုတွင် ရီဖူရှင်း၏ လက်အောက်ငယ်သားဖြစ်သွားပြီဖြစ်သည်။

ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ သူသည် ထိုနေရာရှိ စွမ်းအားကြီးကျင့်ကြံသူများကို လှည့်ပတ်ကြည့်လျှက် ပြောသည်။

“ကျုပ် ခင်ဗျားတို့ကိုပဲ အားကိုးရတော့မှာပဲ။ တာဝန်တွေက ခက်ခဲနိုင်တယ်... တစ်နေ့မှာ တခြားဩဇာအာဏာရှိတဲ့ လူတွေကို ငုံ့ကြည့်နိုင်တဲ့ ကျင့်ကြံခြင်းလောကရဲ့ထိပ်ဆုံးမှာ ကျုပ်တို့အတူတူရပ်နေနိုင်ဖို့ ကျုပ်မျှော်လင့်ပါတယ်”

ရီဖူရှင်း၏ မပလွှားသောစကားကြောင့် မျိုးဆက်ဟောင်းမှ ကျင့်ကြံသူအချို့ကို လွန်စွာစိတ်အားတက်ကြွသွားစေ၏။ သူတို့သည် ‘ ငါမအိုသေး ’ဟုပင် ခံစားလိုက်ရသည်။

အနာဂတ်တွင် သူတို့သည် ဩဇာအာဏာရှိသူများကိုပင် ငုံ့ကြည့်နိုင်သည့် ကျင့်ကြံခြင်းလောကထိပ်ဆုံးသို့ ရောက်နိုင်မည်လော။

အနည်းဆုံးအနေဖြင့် ရီဖူရှင်းကတော့ ထိပ်ဆုံးသို့ရောက်နိုင်ရန် ကြီးမားသောအခွင့်အရေးရှိသည်။

“နောက်တစ်ခုက နန်းတော်လေးဆောင်ကို အစီအစဉ်တကျ တာဝန်ခွဲထားရမယ်။ အာခီမီနန်းတော်က ထုတ်လုပ်တဲ့ဆေးလုံးပမာဏအပေါ်မူတည်ပြီး ဆေးလုံးတွေကို ခွဲဝေပေးရမယ်။ အဲဒီအတွက်အသေးစိတ်ကို တာအိုဘုန်းတော်ကြီးမူက ဆုံးဖြတ်ရမယ်။ ဆရာကြီးအနေနဲ့ ဆေးလုံးဖော်စပ်ချင်တယ်ဆိုရင် ကိုယ့်ဘာသာ ဆေးဖက်ဝင်ပစ္စည်းကုန်ကြမ်းတွေ စုဆောင်းနိုင်တယ်... ကျုပ် အာခီမီနန်းတော်ရဲ့ ဆေးဖော်တဲ့ကိစ္စတွေကို ဆရာကြီးကိုပဲ ယုံယုံကြည်ကြည်လက်လွှဲထားလိုက်မယ်။ နောက်ကျရင် ကျုပ် အဲဒီကိစ္စတွေမှာ ဝင်ပါမှာ မဟုတ်တော့ဘူး”

ရီဖူရှင်းက ပြုံးလျှက် ပြောသည်။ နန်းတော်လေးဆောင်ကိုထူထောင်ခဲ့ခြင်းမှာ စီမံခန့်ခွဲမှုကိစ္စများအတွက် ဖြစ်သည်။ စီဝေ့အင်ပါယာနန်းတော်တွင် ကျင့်ကြံသူများစွာ ရှိနေပြီမဟုတ်ပါလား။ အာခီမီနန်းတော်သည် သူတို့ကို ဆေးလုံးများ အကန့်အသတ်မရှိ မထောက်ပံ့ပေးနိုင်ပေ။

အတွင်းရေးပြဿနာများဖြစ်ပေါ်မလာစေရန် သူသည် ကြိုတင်၍ အရာအားလုံးကို ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ကာ စည်းမျဉ်း၊ စည်းကမ်းများ ပြုလုပ်ထားရမည်ဖြစ်သည်။

သူက အဘိုးမာ၊ မျက်မမြင်ထျယ်နှင့် အခြားနှစ်ဦးအား သူ့ကိုတင်ပြရန် ပြောခဲ့ပြီး “မဟာကိုယ်ရံတော်လေးဦး” ဟု အမည်ဂုဏ်ပုဒ်ပေးခဲ့သည်။ ထိုသို့လုပ်လိုက်ခြင်းသည် နောင်တွင် ယင်းသို့အတွင်း‌ရေးပြဿနာများပေါ်လာပါက ထိုလေးဦးကို စည်းမျဉ်းဥပဒေများအတိုင်း အရေးယူဆောင်ရွက်နိုင်ရန် အာဏာပေးလိုက်ခြင်းဖြစ်သည်။ စီဝေ့ကြယ်ကောင်းကင်သည် ဆက်၍ကြီးထွားလာရင် သူသည် အဖွဲ့အစည်းအသစ်များကို ထပ်မံဖွဲ့စည်းရဦးမည်ဖြစ်သည်။

ထိုဖွဲ့စည်းပုံသည် နန်းတော်လေးဆောင်၏ကနဦးဖွဲ့စည်းပုံသာဖြစ်၏။ နောက်မှ လိုအပ်သလို ပြောင်းလဲမှုများလုပ်သွားရမည်ဖြစ်သည်။ ရီဖူရှင်း၏အစီအစဉ်အရ ကောင်းကင်အာဏာစက်နန်း‌တော်သည် တဖြည်းဖြည်းဖြင့် သူ၏တတိယအစ်ကို ဂူတုံးလျှို၏အုပ်ချုပ်မှုအောက်သို့ ရောက်လာမည်ဖြစ်သည်။ လက်ရှိတွင် ဂူတုံးလျှိုသည် လူများ၏လက်ခံမှုကို ရလောက်အောင် စွမ်းအားမကြီးသေးပေ။ ထို့ကြောင့် ဂျီယူသည် သူ့အစား ဝင်ရောက်တာဝန်ထမ်းဆောင်ပေးရခြင်းဖြစ်သည်။ ဂူတုံးလျှို ကပ်ဘေးအဆင့်သို့ရောက်သွားလျှင် နန်းတော်ကို လက်ပြောင်းယူနိုင်ပြီဖြစ်သည်။

“ကျုပ် အကုန်လုံးအဆင်ပြေအောင် စီမံခန့်ခွဲပါမယ် သခင်”

တာအိုဘုန်းတော်ကြီးမူက လေးနက်သောမျက်နှာထားဖြင့် ခေါင်းညိတ်ကာ ပြောသည်။ သူသည် ရီဖူရှင်းဆိုလိုသည်ကို နားလည်သည်။ နန်းတော်ထဲတွင် အတွင်းရေးပြဿနာများရှိမလာစေရန် သူသည် တတ်စွမ်းသမျှ အစွမ်းကုန်ဆောင်ရွက်မည်ဖြစ်သည်။

ရီဖူရှင်းသည် လူအုပ်ကို လှည့်ပတ်ကြည့်လိုက်သည်။ လုပ်စရာရှိသည်များကို လုပ်ပြီးသွားပေပြီ။

“ဒါပါပဲ.. အခု ကိုယ်လုပ်စရာရှိတာ သွားလုပ်လို့ ရပါပြီ။ ကျုပ် သွားစရာတစ်ခု ရှိသေးတယ်”

ရီဖူရှင်းသည် ထိုလူများကို ကြည့်လျှက် ပြောသည်။ စီဝေ့အင်ပါယာနန်းတော်သည် အစီအစဉ်တကျဖြစ်သွားပြီဖြစ်သဖြင့် သူသည် အနောက်အင်ပါယာနန်းတော်သို့ သွားရပေမည်။

ယခင်တစ်ခေါက်က သူသည် နတ်‌တောင်၏အမွေအနှစ်ကို ရသည်နှင့်ချက်ချင်း ရှီးချီယောင်ကို ‌နောက်တွင်ချန်ခဲ့ကာ ထွက်လာခဲ့၏။

သို့သော် ထိုကိစ္စသည် အမြဲသူ့ခေါင်းထဲတွင် ရှိသည်။ သူသည် အနောက်အင်ပါယာနန်းတော်ကို လက်ဆောင်ပေးရန် သူဖော်စပ်ထားသော ဆေးလုံးအနည်းငယ်ကိုပင် ဘေးဖယ်ထားခဲ့သည်။

ယခင်တစ်ခေါက်က ရှီးချီယောင်သည် သူ့ကိုဖိတ်ခေါ်ခဲ့သည်။ သို့သော် သူသည် မစွန့်စားလို၍ လိုက်မသွားပေ။ သို့သော် ဤတစ်ခေါက်သည် မတူ‌တော့ပေ။ သူသွားသင့်သည်ဟု တွေးမိနေသည်။

ရှေးဦးစွာ သူသည် အနောက်အင်ပါယာနန်းတော်ကို ကျေးဇူးတင်လက်ဆောင်အနေဖြင့် ဆေးလုံးများပေးရပေမည်။

ဒုတိယအနေဖြင့် လက်ရှိတွင် စီဝေ့အင်ပါယာနန်းတော်သည် အင်အားကြီးလာပြီဖြစ်သော်လည်း ရှည်လျားသောသမိုင်းကြောင်းရှိသည့် ရှေးဟောင်းနတ်ဘုရားကလန်နှင့် မယှဉ်နိုင်သေးပေ။ ထို့အပြင် ထိုကလန်၌ အင်ပါယာအဆင့်အောက်တွင်ရှိသည့် ပြိုင်ဘက်ကင်းဟုပင် ဆိုနိုင်လောက်သော လူအနည်းငယ်လည်းရှိသည်။ သူယခင် တွေ့ကြုံခဲ့ရသည် ဖုန်းရူသည် ဥပမာကောင်းတစ်ခုဖြစ်သည်။  သူသည် လွန်စွာကြောက်မက်ဖွယ်ကောင်းပြီး ကျောက်တုံးတိုက်ပွဲဝင်္ကပါကိုပင် တစ်ဦးတည်း ရင်ဆိုင်ခဲ့၏။ ထို့အပြင် ရီဖူရှင်းသည် ကောင်းကင်ဒေသ၏ဘုံရန်သူဟု ကျော်ကြားသည်။ ထို့ကြောင့် သူ့တွင် မိတ်ဆွေအနည်းငယ်ပိုရှိလာလျှင် ကောင်းပေလိမ့်မည်။

အနောက်အင်ပါယာနန်းတော်သည် သူ၏အနာဂတ်မဟာမိတ်ဖြစ်လာနိုင်သည်။

ထို့အပြင် ဤတစ်ကြိမ်တွင် သူသည် ဆေးလုံးများနှင့်အတူ သွားမည်ဖြစ်၍ အနောက်အင်ပါယာနန်းတော်သည် သူ့ကိုထိခိုက်အောင်ုလပ်မည်မဟုတ်ဟု သေချာတွက်ထား၏။

နတ်ဘုရားတစ်ဝက်ဆေးလုံးများကို ဖော်စပ်နိုင်သည့် ထိပ်သီးအာခီမီဆရာတစ်ယောက်ကို မည်သူက ထိခိုက်အောင်လုပ်မည်နည်း။

ထို့အပြင် ထိုအာခီမီနန်းတော်သည် အနာဂတ်တွင် သူတို့ကို နတ်ဘုရားတစ်ဝက်ဆေးလုံးများ ထပ်၍ လက်ဆောင်ပေးဦးမည်ဖြစ်သည်။

အနောက်အင်ပါယာနန်းတော်တွင် မကောင်းသောအကြံများရှိလျှင်လည်း သူတို့သည် ရွှေဥ,ဥပေးသော ငန်းကို သတ်ပစ်မည်မဟုတ်ပေ။

“ကျုပ် သခင်နဲ့အတူ လိုက်ခဲ့ပါမယ်”

မျက်မမြင်ထျယ်က ပြောသည်။

“ရပါတယ်... ဒီတစ်ခေါက်က ဘာကိစ္စကြီးကြီးမားမားမှ မရှိပါဘူး။ ကျုပ်က သူတို့ကို လက်ဆောင်သွားပေးရုံပါပဲ။ လက်ဆောင်ပေးပြီးတာနဲ့ တန်းပြန်လာမှာပါ။ ဦးလေးက ကိုယ့်စွမ်းအားတိုးတက်လာဖို့ပဲ လုပ်ပါ။ သိပ်မကြာခင် စီဝေ့ကြယ်ကောင်းကင်ကို ချိပ်ပိတ်ထားတာကို ဖွင့်တော့မှာ...”

ရီဖူရှင်းက ပြောသည်။ မျက်မမြင်ထျယ်က ခေါင်းညိတ်လိုက်သည်။ စီ‌ဝေ့ကြယ်ကောင်းကင်ကို ချိပ်ပိတ်ထားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ နောက်ဆုံးတွင် ရီဖူရှင်းသည် ချိပ်ပိတ်ထားသည်ကို ဖွင့်တော့မည်လော။

မကြာမီတွင် အချိန်အခါကျရောက်လာတော့မည်ဖြစ်သည်။

“ကောင်းပါပြီ”

မျက်မမြင်ထျယ် ခေါင်းညိတ်လိုက်သည်။

“နောက်မှ တွေ့ကြတာပေါ့”

ရီဖူရှင်းသည် စကားပြောပြီးသွားသည်နှင့် ချက်ချင်းဆိုသလိုပင် လေထဲတွင် ပျောက်ကွယ်သွားသည်။ သူသည် အရာအားလုံးကို ကောင်းမွန်စွာစီမံခဲ့သဖြင့် စီဝေ့အင်ပါယာနန်းတော်သည် သူမရှိလျှင်လည်း ချောချောမွေ့မွေ့လည်ပတ်နိုင်သည်။

*****

ထန်ဟွမ်းကျွန်းသည် အနောက်ပင်လယ်ရှိ လွန်စွာရှေးကျသောကျွန်းဖြစ်သည်။ ထိုကျွန်းပေါ်တွင် အနောက်အင်ပါယာနန်းတော်သည် ရှေးခေတ်ကတည်းက တည်ရှိခဲ့၏။

အနောက်အင်ပါယာနန်းတော်သည် ထန်ဟွမ်းကျန်း၏ အနောက်အင်ပါယာမြို့ဟုခေါ်သည့် ကမ်းရိုးတန်းမြို့တစ်မြို့တွင် တည်ရှိသည်။ ထို့မြို့သည် အနောက်ပင်လယ်ကုန်းမြေတွင် အင်အားအကြီးဆုံး၊ အကြွယ်ဝဆုံး မြို့တစ်မြို့ဖြစ်သည်။

ရှေးဟောင်းနတ်ဘုရားကလန်၏ အင်အားစုတစ်ခုဖြစ်သော အနောက်အင်ပါယာနန်းတော်၏ အတွင်းပိုင်းသည်ပင် မြို့တစ်မြို့ဟု ခေါ်နိုင်လောက်သည်အထိ ကြီးကျယ်ခမ်းနား၏။

အနောက်အင်ပါယာမြို့သည် အနောက်အင်ပါယာနန်းတော်၏ ခံတပ်ကြီးတစ်ခုဖြစ်ပြီး နန်းတော်၏အုပ်ချုပ်မှုအောက်တွင်ရှိသည်ဟု အချို့လူများက ဆိုကြသည်။

မကြာသေးခင်က အနောက်အင်ပါယာနန်းတော်ထဲတွင် မအေးမချမ်းဖြစ်နေ၏။ အကြီးအကဲများစွာသည် နတ်မိမယ်ရှီးချီယောင်က အပြင်လူတစ်ယောက်ကို ကူညီပေးခဲ့သည်ဟုထင်ကြသဖြင့် မကျေမနပ်ဖြစ်နေကြပြီး ထိုကဲ့သို့သောသူ၏ လက်ထဲတွင် အနောက်အင်ပါယာနန်းတော်၏အနာဂတ်ကို ဝကွက်မအပ်နိုင်သဖြင့် သူမ၏ရာထူးကို ပြန်သိမ်းရန် ကြံနေကြသည်ဟူသော ကောလာဟလများထွက်ပေါ်နေ၏။

ထိုကောလာဟလများသည် လွန်ခဲ့သောလပေါင်းများစွာအကြာက ရှီးချီယောင်တစ်ယောက် အနောက်အင်ပါယာနန်းတော်၏အင်အားကိုအသုံးချကာ နတ်မြေပုံပေါ်တွင်မှတ်သားထားသော တည်နေရာကို ရှာခဲ့ကတည်းက ထွက်ပေါ်လာသော  ကောလာဟလများဖြစ်သည်။ သူမသည် ရှေးဟောင်းအင်ပါယာနတ်တောင်၏တည်နေရာကိုပင် ရှာတွေ့ခဲ့သည်။ သို့သော် သူမသည် အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို အပြင်လူတစ်ဦးအား ကာကွယ်ပေးရန် အမိန့်ပေးခဲ့သည်။ ရလဒ်အနေဖြင့် ထိုအပြင်လူသည် ရှေးဟောင်းအင်ပါယာ၏ နတ်ရတနာကို ယူသွားခဲ့၏။

အကြီးအကဲများသည် သူမနန်းတော်သို့ ပြန်ရောက်လာသောအခါ ထိုကိစ္စအတွက် သူမကို အပြစ်တင်ခဲ့ကြသည်။ သူတို့သည် သူမကိုရာထူးပြန်သိမ်း၍ အခြားတစ်ယောက်နှင့်လဲလှယ်ရန် နန်းတော်သခင်ကို အသနားခံလွှာတင်ခဲ့ကြသည်။

နန်းတော်သခင်သည် ထိုကိစ္စကို သဘောမတူသော်လည်း ထိုကိစ္စ၏နောက်ဆက်တွဲအကျိုးဆက်အနေဖြင့် အနောက်အင်ပါယာနန်းတော်သည် ပြီးခဲ့သောလပိုင်းအတွင်းတွင် ပရမ်းပတာဖြစ်နေခဲ့၏။ အုပ်စုများအကြားရှိ ပဋိပက္ခများသည် အ‌တော်လေးပြင်းထန်နေသည်။ အချို့လူများသည် အကြီးအကဲများကို ဆက်ခံသူအသစ်ဖြစ်လာစေရန် ကူညီပေးလိုနေကြ၏။

သို့သော် ရှီးချီယောင်သည် ထိုကဲ့သို့ စွပ်စွဲမှုများကို ပြန်မတုံ့ပြန်ပေ။ သူမသည် အခန်းအောင်းကာ ကျင့်ကြံနေခဲ့ပြီး အပြင်တွင်ဖြစ်ပျက်နေသည့် ပရမ်းပတာအခြေအနေများကို လျစ်လျူရှုနေ၏။ သူမသည် သူမ၏ရာထူးနေရာအတွက် လုံးဝမစိုးရိမ်သကဲ့သို့ပင်။

All Chapters