← Chapters

ငါ နားလည်ပြီ

Vol. 15 Ch. 206

ငါ နားလည်ပြီ

Vol. 15 Ch. 206

“ငါ...”

ဖန်းရှန် တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ဘာမှဆက်မပြောနိုင်ခဲ့ပေ။ သူ တုန်ယင်သွားမိသည်။  သူ့နှလုံးသားသည် ဆုပ်ခြေခံလိုက်ရ သကဲ့သို့ ခံစားလိုက်မိပြီး မျက်နှာတစ်ပြင်လုံး ဖြူရော်သွားခဲ့သည်။ ထို့နောက် ခုတင်ပေါ်တွင် လဲလျောင်းနေသည့် ဖန်းမုကို ကြည့်လိုက်ချိန်တွင် သူ၏ရုန်းကန်နေရမှုများက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့၏။

“အစ်ကို”

ဖန်းချန်းလန်သည် ဖန်းရှန်ကို ညင်သာစွာ ခေါ်လိုက်သော်လည်း သူမ စကားတစ်လုံးမှ ပြောမထွက်ခဲ့ပေ။

သူမသည် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုမှ ထွက်ခွာခဲ့ပြီး အေးခဲကောင်းကင် ကလန်၏ တပည့်တစ်ယောက် ဖြစ်လာခဲ့ပြီဖြစ်၍ ဖန်းရှန်၏ရွေးချယ်မှုကို သူမ ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိပေ။ သူမက ဖန်းရှန်ကိုယ်စား ဆုံးဖြတ်ချက်ချ၍ မရပါချေ။

“ဖန်းရှန်၊ မင်းက ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ ခေါင်းဆောင်ပဲ။ မျိုးနွယ်စုရဲ့ ကံကြမ္မာက မင်းပခုံးတွေပေါ်မှာ ရှိနေတာ...”

ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲက တည်ငြိမ်စွာ ပြောသည်။

“ဒီနေ့က ... အနှေးနဲ့အမြန် ရောက်လာမှာပါပဲလေ...”

ဖန်းရှန်သည် သူ့သားကို ကြည့်လိုက်ရင်း သူ့မျက်လုံးများတွင် ထင်ဟပ်နေခဲ့သည့် သူ၏နှလုံးသားအတွင်းမှ ရုန်းကန်နေရမှုများက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး ဆုံးဖြတ်ချက် ချလိုက်ဟန်များက အစားထိုးသွား ခဲ့ကြသည်။

“လူတိုင်းက အဆုံးသတ်မှာ သေကြရမှာပဲ ... ဒါပေမဲ့ သူက ငါ့သားဖြစ်နေတယ် ... ငါ့သား မဖြစ်ခဲ့သင့်ဘူး...”

သူ တီးတိုးရေရွတ် လိုက်မိသည်။

သူ့ဘေးတွင် လဲလျောင်းနေသည့် ဖန်းမုကိုကြည့်လိုက်ရင်း စုမင် ငြိမ်သက်သွားမိသည်။ ကောင်လေး၏ ခရမ်းပုပ်ရောင် သန်းနေသည့် မျက်နှာကို စိုက်ကြည့် လိုက်မိချိန်တွင် ထိုကောင်လေး၏ နာကျင်မှုကို သူခံစားလိုက်မိသလိုပင် ... ထိုကောင်လေးသည် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုဝေဒနာကို ခံစားနေရခြင်း ဖြစ်နိုင်သည်။ သို့သော် ဖန်းမုသာ ယခုအချိန် သူ့ပတ်ဝန်းကျင်မှ ဖြစ်ပျက်နေသည့် အရာများကို ကြားနိုင်မည် ဆိုလျှင်တော့ နှလုံးသားအတွင်းမှ ထွက်ပေါ်လာသည့် နာကျင်မှုကို သူသေချာပေါက် ခံစားရလိမ့်မည်ဖြစ်သည်။

သူ၏ကံကြမ္မာက သူ့ဖခင်လက်ထဲတွင် ကျရောက်နေခဲ့ပြီး သူ့ဖခင်က အဘယ်ကဲ့သို့ ရွေးချယ်မှုမျိုး ပြုလုပ်လိမ့်မည်ကို သူမသိနိုင်ပေ။ စွန့်စားလျက် သူ့သား၏အသက်ကို ကယ်တင်ပြီး စစ်မာရှင်းအား ဆန့်ကျင်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အန္တရာယ်ကို လျစ်လျူရှုလိုက်ရန် ရွေးချယ်လိမ့်မည်လား သို့တည်းမဟုတ် သူ့အဖေက ... သူ့ကိုများ လက်လျှော့လိုက်မည်လား။

“သူ့မှာ သတိအချို့ ရှိနေသေးတယ် ... မင်းရဲ့ဆုံးဖြတ်ချက်ကို သူကြားနိုင်တယ်”

စုမင်က တည်ငြိမ်စွာ ပြောသည်။

ဖန်းမု၏မျက်လုံးထောင့်မှ မျက်ရည်စက်လေး တစ်စက် ကျဆင်းလာသည်ကို ယခုလေးတင် သူတွေ့လိုက်ရသည်။ သို့သော် ထိုမျက်ရည်စက်လေးက အောက်သို့ မကျဆင်းနိုင်ခင်မှာပင် ရေခဲစအဖြစ် ပြောင်းလဲသွား ခဲ့ရလေသည်။

ဖန်းရှန် ပိုမိုတုန်လှုပ်သွားရပြီး အခန်းအတွင်းသို့  တွန့်ဆုတ်စွာ လျှောက်ဝင်လာခဲ့သည်။ အေးစက်သည့်လေထုက သူ့ထံရောက်ရှိလာခဲ့သည်။ ဤလူသည် အသက်မကြီးသေး သော်လည်း ထိုတစ်ခဏတွင်မူ အိုစာသွားသည့်ပုံမျိုး ဖြစ်နေခဲ့သည်။ သူသည် တုန်လှုပ်စွာဖြင့် ခုတင်ဘေးတွင် ဒူးထောက် ထိုင်ချလိုက်ပြီး ရေခဲတို့ကိုဂရုမစိုက်ပဲ ဖန်းမုမျက်နှာလေးကို ထိကိုင်လိုက်၏။

“မုအာ ... အဖေ တောင်းပန်ပါတယ် ... ငါက မင်းရဲ့အဖေဆိုပေမဲ့ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ ခေါင်းဆောင်လည်း ဖြစ်နေခဲ့တယ် ... ဒါကြောင့် ဒီနှစ်တွေထဲမှာ မင်းဒဏ်ရာတွေရဲ့ အရင်းအမြစ်ကို သိနေခဲ့ပေမဲ့ ... ငါ ဘာမှမသိသလိုပဲ ဟန်ဆောင်နေခဲ့ရတယ်။ ငါသိထားတယ် ဆိုတဲ့အချက်ကို ဖုံးကွယ်ထားနိုင်ဖို့အတွက် မင်းကို ကုသနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေခဲ့တဲ့ပုံမျိုး ဟန်ဆောင်နေခဲ့ရတယ်...”

“ငါ့ရှေ့မှာ မင်းကိုယ်မင်း သက်သေပြဖို့ မင်းကြိုးစားနေခဲ့တာကို မြင်ရတဲ့အချိန်တိုင်း ငါ့နှလုံးသားက ခြေမွခံနေရသလိုပါပဲ”

ဖန်းရှန်သည် ဆက်လက်ပြောဆိုနေရင်း မျက်ရည်များက သူ့ပါးပေါ်သို့ စီးကျလာခဲ့သည်။

“ဖန်းရှန်၊ ငါတို့က ကောင်လေးကို သေဆုံးဖို့ပဲ ခွင့်ပြုနိုင်တယ်။ ငါတို့က ... သူ့ကို မကယ်တင်နိုင်သလို ... ကယ်လည်း မကယ်သင့်ဘူး...”

ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲသည် သက်ပြင်းချလိုက်ရင်း သူ့မျက်နှာပေါ်၌ စိတ်ဒုက္ခရောက်နေဟန် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ငါက သူ့ကို မကယ်တင်နိုင်ဘူးတဲ့လား။ ဒါပေါ့ ငါက ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ မျိုးနွယ်ဝင် တစ်ယောက် ဖြစ်နေခဲ့တာကိုး...”

ဖန်းရှန်၏ ရယ်မောသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ သို့သော် ထိုရယ်မောသံထဲတွင် ဝမ်းနည်းယူကျုံးမရ ဖြစ်မှုများသာ ပါဝင်နေခဲ့သည်။

အတိအကျ ပြောရရင်တော့ ငါက မျိုးနွယ်စုခေါင်းဆောင် တစ်ယောက် ဖြစ်နေတာကြောင့်ပဲ။ ဒါကြောင့် ဒါတွေအကုန်လုံးကို သိနေခဲ့တာတောင်မှ သူ့ကို ပြောမပြနိုင်ခဲ့ဘူး။ ငါက သူ့ရှေ့မှာ ပျော်ရွှင်နေသလို နေထိုင်ခဲ့ရတယ် ... ဆရာမော့၊ ဖန်းမုကို ကုသရင် အောင်မြင်နိုင်ဖို့ အခွင့်အလမ်း ဘယ်လောက်ရှိလဲ”

ဖန်းရှန်သည် နီရဲနေသည့် မျက်လုံးတို့ဖြင့် စုမင်ကို လှည့်ကြည့်လိုက်သည်။

သူ့ရှေ့တွင် ဒူးထောက်နေသည့် ဖန်းရှန်ကို ကြည့်လိုက်ရင်း စုမင် မျက်လုံးများထဲတွင် သတိပြုမိနိုင်ရန် ခက်ခဲသည့် ထူးဆန်းသော အလင်းတစ်ခု လျှပ်ပြက်သလို တောက်ပသွားခဲ့သည်။

“ငါ့မှာ ဆယ်ပုံပုံ တစ်ပုံတောင် ယုံကြည်မှုမရှိဘူး”

စုမင် ဖြည်းဖြည်းချင်း ဆက်ပြောသည်။

“ဒါပေမဲ့ တကယ်လို့ ငါဒါကိုလုပ်ခဲ့ပြီး မအောင်မြင် ခဲ့ရင်တောင်မှ စစ်မာရှင်းကတော့ ဒီအကြောင်းကို ရှာတွေ့သွားမှာပဲ။ ဒါကြောင့် မင်းသေချာ စဉ်းစားသင့်တယ်”

စုမင် ဖန်းရှန်ကို ဆက်မကြည့်တော့ပဲ ဖန်းမုကိုသာ လှမ်းကြည့်လိုက်သည်။

‘ဖန်းမု၊ ငါတောင်းပန်ပါတယ်။ ငါသူ့ကို အမှန်အတိုင်း မပြောနိုင်ခဲ့ဘူး။ ဒီလိုအခြေအနေမျိုးမှာ မင်းအဖေက ဘယ်လို ရွေးချယ်မလဲဆိုတာ ငါသိချင်မိတယ်’

စုမင် တိတ်ဆိတ်စွာ တွေးတောလိုက်သည်။

ဤကဲ့သို့ အခြေအနေမျိုးသည်  ... စုမင်အား သူ့ကိုယ်သူ ပြန်အမှတ်ရ မိစေသည်။

ဖန်းရှန်မျက်နှာတွင် အရောင်အဆင်း ကင်းမဲ့သွားခဲ့ပြီး ခေါင်းကိုဖြည်းညင်းစွာ ငုံ့လျက် ဗလာအကြည့်တို့ဖြင့် ဖန်းမုကို ငေးကြည့်လိုက်မိသည်။

ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲသည် သက်ပြင်းရှည်ကြီး ချလိုက်မိရင်း ထပ်မံ ပြောဆိုလိုက်သည်။

“ဖန်းရှန်၊ ဆရာမော့က ပြောခဲ့ပြီးပြီ။ ဖန်းမုကို ကယ်နိုင်မယ့် အခွင့်အလမ်းက မရှိသလောက်ပဲတဲ့။ ရလဒ်က ဆုံးဖြတ်ပြီး သွားပြီပဲလေ”

အိမ်အပြင်တွင် ရပ်နေခဲ့သည့် ဖန်းချန်းလန်၏ မျက်နှာသည်လည်း သွေးရောင်တို့ ကင်းမဲ့သွားခဲ့ရသည်။ သူမတွင် အားတစ်စက်မှ မရှိတော့ဟန်ဖြင့် ဘေးမှနံရံကို မှီချလိုက်ရပြီး သူမမျက်လုံးများ အတွင်းရှိ ဝမ်းနည်းပူဆွေးမှု များသည်တော့ ပိုမိုထင်ရှားလာခဲ့၏။

ဖန်းရှန် ငြိမ်သက်သွားခဲ့သည်။ အချိန်အတော်ကြာ သွားချိန်တွင်တော့ သူ ဖြည်းညင်းစွာ ထရပ်လိုက်ပြီး သူ့သားကို ဆက်မကြည့်တော့ပဲ မျက်လုံးတို့ကို ပိတ်ချလိုက်၏။ အခန်းအပြင်သို့ လှမ်းထွက်လိုက် ချိန်တွင်တော့ သူ့ခန္ဓာကိုယ် တစ်ခုလုံးက ရုန်းကန်နေရဟန်ဖြင့် တုန်ယင်နေခဲ့သည်။

သူလှည့်သွားချိန်တွင် ဖန်းမု၏ မျက်လုံးများအောက်မှ ရေခဲမှုန်လေးများ ပိုမိုတိုးများသွား ခဲ့သည်ကိုတော့ သူမမြင်ခဲ့ပေ။

ထိုအချိန် အခိုက်အတန့်တွင် ဖန်းမုသည် ပိုမိုအိုစာသွားဟန်ရ၏။ သူသည် နောက်ဘက်တွင် ဖန်းမုကို ချန်ထားခဲ့လျက် ရှေ့သို့တစ်လှမ်း ဆက်တိုးလိုက်သည်။

ခြေချလိုက်မိချိန်တွင် သူ့နှလုံးသားသည် ကွဲကြေသွားသည်ဟု ခံစားလိုက်ရသည်။ သူ့မျက်လုံးများ ရှေ့တွင်တော့ ဖန်းမုသည် သူ့ပခုံးများပေါ်တွင် ထိုင်လျက် အပြစ်ကင်းစွာဖြင့် ပျော်ပျော်ရွှင်ရွှင် ရယ်မောနေခဲ့သည်ကို သူမြင်လိုက်ရသည်။

“ဖေဖေ ... ဖေဖေ...”

ဖန်းရှန်၏ မျက်လုံးမှ မျက်ရည်များ ကျဆင်းလာခဲ့ပြီး ဒုတိယခြေလှမ်းကို ထပ်လှမ်းလိုက်သည်။ သို့သော် သူခြေပြန်ချလိုက် မိချိန်တွင် ဖန်းရှန်တစ်ယောက် သက်ပြင်းရှည်ကြီး တစ်ခုကို ချလိုက်မိသည်။ သူ ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။

“အကြီးအကဲ”

ဖန်းရှန်က ခပ်တိုးတိုး ခေါ်လိုက်သည်။

အကြီးအကဲသည် တိတ်ဆိတ်နေ ခဲ့သော်လည်း သူ့မျက်လုံးများထဲတွင် ခက်ထန်သော အမူအရာမျိုး ဖြစ်ပေါ်လာခဲ့သည်။

“ကျူပ် ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင် အဖြစ်နဲ့ ၁၉နှစ်နေထိုင်ခဲ့တယ်။ လွန်ခဲ့တဲ့ ၁၉နှစ်လုံး ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုရဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်ပေးခဲ့တယ်၊ ဖန်းမုရဲ့ အဖေတော့ ဖြစ်မပေးနိုင်ခဲ့ဘူး ... ဒါပေမဲ့ အခုတော့ အဖေတစ်ယောက်ရဲ့ တာဝန်ကိုယူတော့မယ်”

“ငါ၊ ဖန်းရှန် ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုကို စွန့်ခွာပြီးတော့ မျိုးနွယ်စုခေါင်းဆောင် ရာထူးကနေ နှုတ်ထွက်တယ်”

“အခုကစလို့ ငါက ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး။ မုအာ အသက်ရှင်ခဲ့ရင် သူ့ကို ငါနဲ့အတူခေါ်သွားမယ် ... မုအာ သေဆုံးသွားရင်တော့ တောင်းပန်တဲ့အနေနဲ့ ငါ့ကိုယ်ငါ သတ်သေမယ်”

“မင်း ဘာတွေပြောနေတာလဲ။ ဆရာမော့စုတောင် မင်းရဲ့သားကိုကုသဖို့ ယုံကြည်မှုမရှိတာ။ အသက်ရှင်ဖို့ မျှော်လင့်ချက် မရှိတော့တဲ့ ကောင်လေးတစ်ယောက် အတွက်နဲ့များ ဘာလို့ အခုလိုလုပ်ရတာလဲ”

အကြီးအကဲ၏ မျက်လုံးများအတွင်းမှ ခက်ထန်မှုများက  ပိုမိုစူးရှလာခဲ့သည်။

ဖန်းရှန်သည် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲအား စိတ်ဆုံးဖြတ်ချက် ခိုင်မာစွာ မော့ကြည့်လိုက်သည်။

“ငါက သူ့အဖေဖြစ်နေလို့ပဲ”

ထိုစကားလုံးများကို ကြားလိုက်ချိန်တွင် စုမင်ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားခဲ့သည်။ ဖန်းရှန်ကို ကြည့်နေရင်းမှ ဖန်းမုကို ပြန်ကြည့်လိုက်ရင်း သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲသည် ဒေါသထွက်တော့မည် ဖြစ်ကြောင်း သူမြင်သောအခါ ညာလက်ကိုမြှောက်လျက် ဖန်းရှန်ထံသို့ ဝှေ့ယမ်းပစ်လိုက်သည်။

သူ့အပြုအမူများက အလွန်ပင် ရုတ်တရက် ဆန်လွန်းလှသည်။ သူ့လက်မောင်းအား ဝှေ့ယမ်းလိုက်ချိန်တွင် ဖန်းရှန်ပတ်ဝန်းကျင်၌ များစွာသောလျှပ်စီးများ ဖြစ်ပေါ်လာခဲ့သည်။ မြည်ဟည်းသံ တစ်ချက်နှင့်အတူ ဖန်းရှန်သည် ပါးစပ်အပြည့်သွေးတို့ အန်ထုတ်လိုက်ရပြီး အိမ်အပြင်သို့ လွင့်ထွက်သွားခဲ့သည်။ သူ အပြင်ဘက်တွင် လဲကျသွားခဲ့ပြီး ခဏတာ ကြောင်အနေပြီးနောက်မှ ရုန်းကန်လျက် ထရပ်လိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ် ပတ်ဝန်းကျင်မှ လျှပ်စီး အလင်းစက်များကြောင့် ထိတ်လန့် တုန်လှုပ်သွားမိ၏။

ခဏအကြာတွင် စုမင်ခန္ဓာကိုယ်မှ ခေါင်းလောင်းသံ တစ်ချက် ထွက်ပေါ်လာပြီး လေထဲသို့ ပဲ့တင်ထပ်သွားခဲ့သည်။ သို့သော် ထိုခေါင်းလောင်းသံသည် အပြင်ဘက်အဝေးသို့ ပျံ့နှံ့မသွားပဲ အိမ်အတွင်းတွင်သာ ပဲ့တင်ထပ်သွားခဲ့ခြင်း ဖြစ်သည်။ အကြီးအကဲသည် ထိုအသံအား ကြားလိုက်ချိန်တွင် နောက်သို့ ပေရာပေါင်းများစွာအထိ ဆုတ်လိုက်ရပြီးမှ သူ့ခြေလှမ်းကို ပြန်ထိန်းလိုက် နိုင်ခဲ့သည်။

သူသည် တစ်စုံတစ်ရာကို နားလည်သွားဟန်ဖြင့် စုမင်ကို ငေးကြည့်လိုက်မိရင်း သူ့မျက်နှာက ဖြူရော်သွားခဲ့ရသည်။ တွေဝေမိန်းမောနေသည့် ဖန်းရှန်ကို ကြည့်လိုက်မိပြီး သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ ထို့နောက် ညာလက်ကိုမြှောက်လျက် သူ့ရင်ဘတ်ကို သူပြန်ရိုက်ချလိုက်သည်။ ထိုရိုက်ချက် တစ်ချက်တည်းနှင့်ပင် သူသည်ပါးစပ် အပြည့်သွေးတို့ အန်ထုတ်လိုက်ရပြီး ဘေးကိုလဲကျသွားခဲ့သည်။

“ငါ တောင်ပိုင်းအရုဏ်ဦး ကုန်းမြေကို ပထမဆုံး ရောက်လာခဲ့ချိန်မှာ မင်းနဲ့ ဆုံခဲ့ရတယ်။ ဒါက ငါတို့ကံကြမ္မာပဲ ... ဒါကြောင့် စစ်မာရှင်းကို ရင်ဆိုင်ဖို့ ငါတာဝန်ယူပါ့မယ် ... မင်းမှာ ... ဖခင်ကောင်း တစ်ယောက်ရှိတာပဲ”

ညာလက်ဖြင့် ဖန်းမု၏ မျက်ခုံးများအလယ်သို့ စုမင် ထိကပ်လိုက်သည်။ သူ့လက် ကျရောက်သွားချိန်တွင် ဖန်းမုသည် ပြင်းထန်စွာ စတင်တုန်ယင်လာခဲ့သည်။  သူ့ခန္ဓာကိုယ်ပေါ်မှ ရေခဲတို့သည် လျှပ်စီးများဖြင့် ဝန်းရံခံလိုက်ရပြီး အက်ကွဲသံ အနည်းငယ်နှင့်အတူ ၎င်းတို့သည် တစ်လက်မချင်းစီ ကွဲကြေသွားခဲ့ကြသည်။

သို့သော် သူ့ကိုယ်ပေါ်မှ ရေခဲများ ကွဲကြေသွားသည်နှင့် ဖန်းမုခန္ဓာကိုယ်အား ရေခဲများဖြင့် ပြန်လည် ဖုံးအုပ်လိုဟန်ဖြင့် ဖန်းမု ခန္ဓာကိုယ်အတွင်းမှ လေအေးများ နောက်တစ်ကြိမ် ပျံ့နှံ့ထွက်ပေါ်လာ ခဲ့ပြန်သည်။ အနည်းငယ်သာ ကျန်ရှိနေတော့သည့် အသက်စွမ်းအားများ ကုန်ဆုံးသွား ချိန်ရောက်လျှင် ဖန်းမုသည် သူ၏နောက်ဆုံး ထွက်သက်ကို ရှူရှိုက်လိုက် ရတော့မည်ပင် ဖြစ်သည်။

စုမင်မျက်လုံးများသည် စူးရှသွားခဲ့ပြီး လေအေးများ ထွက်ပေါ်လာချိန်မှာပင် သူ့လက်ကို အလင်းအလျင်ဖြင့် မြှောက်လိုက်ရာ အဖြူရောင်ဆေးလုံး တစ်လုံးက သူ့လက်ထဲ၌ ထွက်ပေါ်လာခဲ့သည်။

ထိုဆေးလုံးလေးသည် မွေးကင်းစ ကလေးငယ်၏ လက်သီးဆုပ် အရွယ်အစားခန့် ရှိ၏။ ၎င်းသည် လုံးဝန်းလျက်ရှိပြီး နှစ်သက်ဖွယ် ရတနာတစ်ခုနှင့် ဆင်တူနေချေသည်။ ဆေးလုံး ထွက်ပေါ်လာသည်နှင့် ၎င်းကိုယ်တိုင်သည် အရာအားလုံးကို စုပ်ယူနိုင်သည့် ဟင်းလင်းပြင် တွင်းနက်ကြီး တစ်ခုသဖွယ် အိမ်အတွင်းမှ လေအေးများကို စုပ်ယူသွားခဲ့လေသည်။

ဝိညာဉ် လုယက်...

ဖန်းမုအတွင်းမှ မာန်မျိုးစေ့၏ အမည်နှင့် မူလရင်းမြစ်ကို စုမင်မသိသော်လည်း ၎င်း၏အတွင်း၌ မာန်အမှတ်အသား တစ်ခု ပုန်းကွယ်နေပြီး ထိုမာန်မျိုးစေ့ကို အာဟာရ ပြုပေးနေကြောင်းကိုတော့ စုမင်သိသည်။ ထိုအရာသည် မာန်အမှတ်အသားတစ်ခု ဖြစ်နေသေးသရွေ့ သူ၏ဝိညာဉ်လုယက်က သက်ရောက်မှု ရှိလိမ့်မည်ဟု စုမင် ယုံကြည်မှုရှိ၏။

ထိုအချိန်တွင် ဖန်းမုကိုယ်အတွင်းမှ မာန်မျိုးစေ့ကို အာဟာရ ပြုပေးနေသည့် ဆုတ်ယုတ်နေခဲ့ပြီး မာန်အမှတ်အသားမှ စွမ်းအင် အရိပ်အမြွက်သည် မှိန်ဖျော့ပျောက်ကွယ် သွားခဲ့ချေသည်။ ဖန်းမုကိုယ်အတွင်း၌ စွမ်းအားပင် သိပ်မကျန်ခဲ့ပါချေ။ အတိအကျဆိုရလျှင် ထိုအနည်းငယ်သော စွမ်းအားကြောင့်ပင် အသက်စွမ်းအားများစွာ ဆုံးရှုံးထားခဲ့ရသည့် ဖန်းမုသည် ဆက်လက် အသက်ဆက်နေနိုင်ခြင်း ဖြစ်သည်။

မာန်မျိုးစေ့အတွင်းမှ ဆုတ်ယုတ်နေခဲ့ပြီ ဖြစ်သည့် မာန်အမှတ်အသားအား ဖျက်ဆီးခြင်းသည် စုမင်အတွက် ၁၀ပုံ၁ပုံသာ ယုံကြည်မှုရှိသည့် အရာမျိုးမဟုတ်ပေ။ သူ့တွင် ယုံကြည်မှုအပြည့်အဝ ရှိနေခဲ့ခြင်းဖြစ်သည်။

စုမင် ဝိညာဉ်လုယက်ကို ထုတ်ယူလိုက်ချိန်တွင် လေအေးများသည်သာ စုပ်ယူခံလိုက်ရခြင်း မဟုတ်ပဲ ဖန်းမုမျက်နှာပေါ်မှ ခရမ်းပုပ်ရောင် အငွေ့အသက်များသည်လည်း အသက်ဝင်လာခဲ့သည်။ ၎င်းတို့သည် မြူခိုးအလွှာ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဖန်းမုခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက် ပုန်းကွယ်လိုဟန်ဖြင့် ယိမ်းထိုးလှုပ်ရှား နေခဲ့ကြသည်။

သို့သော် စုမင်ညာလက်ကို ဝှေ့ယမ်းလိုက်ချိန်တွင် ဝိညာဉ်လုယက်သည် ဖန်းမု၏ မျက်ခုံးများအလယ်သို့ ရောက်ရှိသွားပြီး ခရမ်းရောင်နှင့် အနက်ရောင်များ ရောနှောနေသည့် မြူများသည် ဆေးလုံးအတွင်း ချက်ချင်း စုပ်ယူခံလိုက်ရချေသည်။

တဖြည်းဖြည်းနှင့် ဆေးလုံးပေါ်တွင် ရေခဲအလွှာတစ်ခု ဖြစ်ပေါ်လာ ခဲ့သော်လည်း စုပ်ယူနှုန်းသည် အနည်းငယ်ပင် လျော့ကျမသွားခဲ့ပဲ ပိုမို၍ပင် မြန်ဆန်လာခဲ့သေး၏။

ခဏအကြာတွင် မပြတ်မသား ဟိန်းဟောက်သံ တစ်ခုသည် စုမင် ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ခရမ်းရောင်နှင့် အနက်ရောင် မြူခိုးများအားလုံး စုပ်ယူခံလိုက်ရချိန်တွင် ဖန်းမုမျက်နှာပေါ်၌ ခရမ်းရောင် ဆီးနှင်းပန်းပွင့်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုနှင်းပန်းပွင့်သည် သူ့ကိုယ်အတွင်းတွင် နက်ရှိုင်းစွာ မြှုပ်နှံခံထားရခြင်း ဖြစ်သော်လည်း ယခုအချိန်တွင် အတင်းအဓမ္မ ဆွဲထုတ်ခံလိုက်ရခြင်း ဖြစ်သည်။ ဖန်းမုသည် ပြင်းထန်စွာ တုန်ယင်သွားခဲ့ပြီး နှင်းပန်းပွင့်သည်လည်း ဆေးလုံး၏ဘေးသို့ ဆွဲထုတ်ခံလိုက်ရ၏။ ခဏအတွင်းမှာပင် ၎င်းသည် ဆေးလုံးထဲသို့ စုပ်ယူခံလိုက်ရတော့သည်။

ဆေးလုံးသည် နှင်းပန်းပွင့်ကို စုပ်ယူလိုက်ချိန်တွင် သူ့အရောင်သည်လည်း ချက်ချင်းပင် ခရမ်းရောင် ပြောင်းသွားခဲ့သည်။

အေးစက်သည့် လေတို့သည် ဆေးလုံးအတွင်းမှ ထွက်ပေါ်လာခဲ့ပြီး ၎င်း၏အသွင်အပြင်က အကြီးအကြယ် ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် ဖန်းမုခေါင်းပေါ်တွင် အကြိမ်အနည်းငယ်ခန့် လှည့်ပတ်နေပြီးမှ စုမင်ရှေ့သို့ ဖြည်းဖြည်းချင်း ပျံသန်းလာခဲ့ပြီး သူ့ညာဘက် လက်ထဲသို့ ဆင်းသက်လာခဲ့၏။

ဆေးလုံးနှင့် ထိတွေ့လိုက်မိချိန်တွင် ရုတ်တရက် ဆိုသလိုပင် စုမင်ခန္ဓာကိုယ် အတွင်းသို့ လေအေးများ ဝင်ရောက်လာ ခဲ့သော်လည်း ထိုလေအေးများသည် ခဏအကြာတွင် ပြန့်ကျဲပျောက်ကွယ် သွားခဲ့ကြသည်။ အလားတူပင် နှစ်လိုဖွယ် အရှိန်အဝါ တစ်ခုသည်လည်း ဆေးလုံးပေါ်တွင် ဖြစ်ပေါ်လာခဲ့သည်။

ဆေးလုံးအရောင်သည် ဖြည်းညင်းစွာ ပြန်လည် ပြောင်းလဲသွားပြီး မကြာခင်မှာပင် အဖြူရောင်အဖြစ် ပြန်လည်ရောက်ရှိ သွားခဲ့လေသည်။ ၎င်းအား အနည်းငယ်ပင် ထွင်းဖောက် မြင်နေရပြီး အတွင်း၌ ချိပ်ပိတ်ထားသည့် ခရမ်းရောင် နှင်းအလွှာတစ်ထပ်ကို စုမင်တွေ့လိုက်ရသည်။

“ငါမင်းကို ကယ်လိုက်နိုင်ပြီ။ ဒါပေမဲ့ မင်းကုန်ဆုံးသွားတဲ့ အသက် စွမ်းအားတွေကိုတော့ ငါပြန်မပေးနိုင်ဘူး။ မင်းကိုယ်မင်း ဂရုစိုက်ပါ။ အခုကစလို့ ငါတို့ကြားမှာ ဘာဆက်နွှယ်မှုမှ မရှိတော့ဘူး”

စုမင် တည်ငြိမ်စွာ ပြောရင်း ဆေးလုံးကို ပြန်သိမ်းလိုက်သည်။

သူ့မျက်နှာပေါ်တွင် ခရမ်းရောင် အငွေ့အသက်များ မရှိတော့သလို ခန္ဓာကိုယ်ပေါ်တွင်လည်း ရေခဲများ ဖုံးအုပ်မထားတော့ပဲ  မျက်လုံးတို့ကို ကြိုးစားဖွင့်နေသည့် ဖန်းမုကို ကြည့်လိုက်ပြီး နောက်သို့ လှည့်ထွက်လိုက်သည်။

“စီနီယာ”

ဖန်းမုသည် မျက်လုံးတို့ကို ဖြည်းညင်းစွာ ဖွင့်လိုက်ရချိန်တွင် သူနှင့်ရင်းနှီးသည့် နောက်ကျောတစ်ခုကို တွေ့လိုက်ရသည်။ သူ မပြောပြတတ်သည့် အကြောင်းအရင်း တချို့ကြောင့် ထိုနောက်ကျောကို မြင်လိုက်ချိန်တွင် တိတ်ဆိတ်မှုနှင့် အထီးကျန် ဆန်မှုများကို သူတွေ့လိုက်ရသည်ဟု ခံစားလိုက်မိသည်။

ဖန်းချန်းလန်သည် အိမ်အပြင်သို့ ထွက်ခွာသွားသည့် စုမင်နောက်ကျောကို ကြည့်လိုက်ရင်း ဦးညွှတ်လိုက်မိသည်။

မြေပြင်ပေါ်မှ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲသည် မျက်လုံးတို့ကို ဖွင့်လိုက်ချိန်တွင် သူ့မျက်လုံးများထဲ၌ ရိုသေလေးစားမှုနှင့် စိတ်လွန်ဆွဲနေမှုများ ရှိနေခဲ့သည်။ ခဏအကြာတွင် သူသည် မျက်လုံးတို့အား ပြန်မှိတ်ချလိုက်သည်။

သူ့ဘေးမှ ဖန်းရှန်သည် မျက်လုံးများ ပြူးကျယ်စွာဖြင့် တုန်ယင်နေခဲ့သည်။ သူ့မျက်လုံးများ ထဲတွင်တော့ ကျေးဇူးတင်ခြင်းများနှင့် အရှက်ရခြင်းများသာ ရှိနေခဲ့သည်။

ငြိမ်းအေးရာ အရှေ့အရပ် တောင်ခြေတွင် စုမင်သည် ဟန်တောင်တန်း မြို့တော်ဆီသို့ အမှောင်ထဲမှာပင် လျှောက်သွားလိုက်သည်။ သူ၏နက်မှောင်နေသည့် ဆံပင်ရှည်များ သည်လည်း လေထဲတွင် လွင့်မျောနေခဲ့ကြသည်။

“အဟမ်း ... သခင်၊ ကြည့်ရတာ မင်းလှည့်စား ခံလိုက်ရသလိုပဲ...”

“ငါ သိတယ်”

“ဟာ ... ဒါဆို  မင်းဘာလို့ အခုသူ့ကို ကယ်ခဲ့ရတာလဲ”

သူနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသည့် ကောင်းကင်မှ ကြယ်များကိုသာ စုမင် မော့ကြည့်လိုက်ပြီး မည်သည့်အဖြေမှ ပြန်မပေးခဲ့ပေ။

***

All Chapters