အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
အပိုင်း (၅၃)
ယနေ့ဈေးထဲတွင် ရောင်းချနေရင်း ရှီလီရွာမှတစ်စုံတစ်ယောက်နှင့် အမှတ်တမဲ့တွေ့ဆုံခြင်းကို စန်းလော့ မအံ့ဩတော့ပေ။ သူမ၏တို့ဟူးရောင်းချမှု ပြီးဆုံးခါနီးတွင် ပထမဆုံး ရွာသားအချင်းချင်း တစ်ယောက်နှင့် တွေ့ရခြင်းပင်။ သူမ၏ ရောင်းအားနှေးပါက နောက်ထပ်လူအများကြီးနဲ့ ထပ်ဆုံနိုင်သည်။
ယခုအခါတွင် အိမ်၌မီးဖိုချောင်အသစ်တစ်ခုနှင့် ခြံတံတိုင်းများ ရှိသောကြောင့် စန်းလော့သည် ယခင်ကလောက် မစိုးရိမ်တော့ပေ။ သူမ၏မူလအစီအစဉ်မှာ စိုက်ပျိုးရာသီပြီးသည့်နောက် အနီးနားရှိဒေသများတွင် တို့ဟူးရောင်းရန်ဖြစ်သည်။ ထို့ကြောင့် ဖုံးကွယ်ထားစရာ ဘာမှမရှိပေ။ သူမက ကျိုးချွင်းကျန့်၏မိန်းမကို ရွှင်မြူးစွာဖြင့် "အဒေါ်ကျိုး" ဟု အသာယာခေါ်ရင်း နှုတ်ဆက်လိုက်သည်။
မူလက အသားဝယ်ရန်ထွက်လာသော ကျိုးရွာသူကြီး၏မိန်းမသည် စန်းလော့ကိုတွေ့တော့ အံ့ဩသွား၏။ ကုန်ပစ္စည်းများရောင်းခြင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြနေသည့် စန်းလော့အရှေ့ရှိထမ်းပိုးပေါ်သို့ သူမ၏အကြည့်များ ကျရောက်သွားသည်။
"အားလီရဲ့မိန်းမ၊ ရှင်က တစ်ခုခုရောင်းနေတာလား"
"ဟုတ်ပါတယ်၊ စားစရာတစ်ချို့ကိုရောင်းနေတာပါ။ အဒေါ်ရော ကြည့်ကြည့်ဦးမလား"
ကျိုးရွာသူကြီး၏မိန်းမသည် အနီးကပ်ကြည့်လိုက်ကာ ထမ်းပိုးတစ်ဖက်တစ်ချက်တွင် ကွဲပြားသောပစ္စည်းများရှိသည်ကို သတိပြုမိ၏။ ဘယ်ဘက်တစ်ခုတွင် အစိမ်းရောင်ရှိသည့်ပစ္စည်းပါသည့် ပုံးတစ်ပုံးရှိပြီး ညာဘက်မှာတော့ သပ်သပ်ရပ်ရပ်စီထားသည့် အဖြူရောင်အတုံးများနှင့်လေးထောင့်ဘူးကို ကိုင်ထားလေသည်။
"ဒါတွေက ဘာစားစရာတွေလဲ"
သူမက ဒါကို အရင်က တစ်ခါမှမမြင်ဖူးပေ။
စန်းလော့ကပြုံးလိုက်၏။
"အဖြူရောင်နဲ့ဟာကိုတော့ တို့ဟူးလို့ခေါ်တယ်။ အရမ်းအရသာရှိတဲ့ဟင်းပွဲတစ်ခုပါ။ ဒါကို နှပ်တာ၊ အသားနဲ့ပြုတ်တာ၊ ဒါမှမဟုတ်လဲ ကြော်လို့ရတယ်။ အကုန်လုံးက တော်တော်လေးအရသာရှိပါတယ်။ အစိမ်းရောင်နဲ့တစ်ခုကိုတော့ နတ်သမီးတို့ဟူးလို့ခေါ်ပြီး ဟင်းချက်တဲ့နေရာမှာသုံးတာ ဒါမှမဟုတ် သရေစာအဖြစ် စားလို့ရတယ်။ ပူပူနွေးနွေးမွှေကြော်တာနဲ့ အအေးရောစပ်တာ နှစ်ခုလုံးကလဲ စားလို့ကောင်းပါတယ်။ သရေစာအနေနဲ့ စားမယ်ဆိုရင်တော့ ကျိုထားတဲ့သကြားညိုအရည်ကို အပေါ်ကလောင်းချလိုက်ပါ။ အရသာက အထူးကောင်းမွန်ပါတယ်"
ရှင်းပြနေစဉ် သူမက မြည်းစမ်းရန်အတွက်အတုံးအသေးလေးတုံးလိုက်ပြီး သစ်ရွက်ပေါ်တင်ကာ ကျိုးရွာသူကြီး၏မိန်းမထံသို့ ကမ်းပေးလိုက်ပြီး အပြုံးနှင့်ထပ်ပြောလိုက်၏။
"အဒေါ်၊ ကျေးဇူးပြုပြီးသုံးဆောင်ကြည့်ပါဦး။ ဒီတစ်ခုက မနှယ်ရသေးပေးမယ့်လည်း အဲ့တာက ယေဘူယျအကြံလေးတစ်ခုပေးလိမ့်မယ်"
ကျိုးရွာသူကြီး၏အမျိုးသမီးသည် တို့ဟူးနှင့်နတ်သမီးတို့ဟူး၏ခြားနားချက်ကို နားလည်ရန်ကြိုးစားနေဆဲဖြစ်၏။
အသစ်ဆောက်ထားသောအိမ်အကြောင်းရှင်းပြတော့ ရှန်းမိသားစု၏ပင်မအိမ်မှစန်းလော့သည် ဈေးဆိုင်တစ်ခုတည်ထောင်ရန်နှင့် စီးပွားရေးကိုစတင်ရန် ဤကဲ့သို့အရည်အချင်းရှိသည်ကို သူမစိတ်ထဲတွင် တွေးတောနေခဲ့သည်။ တောဟင်းရွက်တွေစုတာကနေ ငွေရှာတယ်ဆိုတာနဲ့ပတ်သတ်တဲ့ရွာက ကောလဟာလက လှည့်ကွက်တစ်ခုနဲ့တူတယ်။
ကျိုးရွာလူကြီးမိန်းမ၏အတွေးများသည် စန်းလော့ထံမှ နတ်သမီးတ်ို့ဟူးလို့ခေါ်သည့် ကျောက်စိမ်းနှင့်တူသည့်အစားအစာကို ယူလိုက်သောအခါ အတွေးများဖြင့် ချာချာလည်သွားသည်။ ပဲစေ့နဲ့ လုပ်ထားတာလား။
ဤသည်ကို တွေးရင်း နတ်သမီး တို့ဟူးကို မြည်းစမ်းကြည့်တော့ ထိုအရာ၏အသွင်အပြင်ဟာ ကြည်နူးအံ့အားသင့်ဖွယ်ကောင်းသည်ကို တွေ့လိုက်ရသည်။
ချိုသည့်အရည်တစ်ချို့ဖြင့်သူမရဲ့ကလေးများနှစ်သက်ကြပြီး သူမခင်ပွန်းမှာလည်း ဆီ၊ဆား၊ကြက်သွန်မြိတ်နည်းနည်းနှင့် အရသာခံနေပုံကို မြင်ယောင်နေခဲ့သည်။ တစ်ကယ်ကို ကျေနပ်အားရဖွယ်ပင်။
"ဒါကို ဘယ်လောက်နဲ့ရောင်းတာလဲ"
"တန်ပါတယ်။ ပန်းကန်ကြီးတစ်လုံးစာ တစ်တုံးကို ဝမ်နှစ်ပြားပါပဲ။ တစ်တုံးလောက်စမ်းဝယ်ကြည့်မလား အဒေါ်"
ဝမ်နှစ်ပြားက တန်သည့်ပုံပေါ်၏။ ကျိုးရွာသူကြီး၏မိန်းမက ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ တစ်ခုယူလိုက်မယ်"
သူမသည် အချိုပုံစံကိုစွန့်လွှတ်ရန်ဆုံးဖြတ်ခဲ့ပြီး နေရောင်အောက်တွင် တစ်ရက်တာအလုပ်လုပ်ရမည်ကို စဥ်းစားမိလိုက်သောကြောင့် နေ့လည်စာအတွက် ငံပြာရည်နှင့်ရောမွှေရန်စီစဉ်ခဲ့သည်။
စန်းလော့သည် ကြာရွက်တစ်ရွက်ကို အသုံးပြု၍ နတ်သမီးတို့ဟူးတစ်တုံးကို ခပ်လိုက်ပြီး မလှီးရသေးသော ထောင့်မှ ပိုကြီးသည့်အတုံးတစ်တုံးကို ယူကာ ပြောလိုက်၏။
"အဒေါ်၊ မနေ့က အဒေါ့်ဆီကနေကြက်ဝယ်ခဲ့တာဆိုတော့ ဒီအတုံးသေးလေးကို ကျွန်မဆီက လက်ဆောင်အဖြစ် သဘောထားလိုက်ပါနော်"
ကျိုးရွာသူကြီးမိန်းမ၏မျက်လုံးများမှာ ကျေးဇူးတင်စကားဖြင့် သိသိသာသာပျော့ပြောင်းသွားသည်။
"ရှင်က အရမ်းကြင်နာတတ်တာပဲ။ ငါတို့ကြိုက်တယ်ဆိုရင် ထပ်လာခဲ့မယ်နော်"
ထို့နောက် သူမရဲ့အကြည့်က အဖြူရောင်တို့ဟူးဆီသို့ ပြောင်းသွားပြီး စန်းလော့ကို မေးလိုက်လေသည်။
စန်းလော့က ပြန်ဖြေလိုက်၏။
"ဈေးအတူတူပဲ။ တစ်တုံးကို ဝမ်နှစ်ပြားပါ။ ဒီကိုအသားအတွက် လာတာမလား။ ဒီတို့ဟူးက နတ်သမီးနဲ့ ကွဲပြားသည့်အသွင်အပြင်ရှိတယ်။ ဒါက အဒေါ်ချက်ပြုတ်တဲ့ဟာရဲ့အရသာပေါ်မူတည်တယ်။ အသားအနည်းငယ်နဲ့ ပြုတ်ရင်တော့ အသားအရသာကို စုပ်ယူသွားလိမ့်မယ်။ ဒါကိုချက်ပြုတ်နည်းတွေ အများကြီးရှိတယ်။ ဒီနေ့က စည်ကားတဲ့နေ့ပဲ။ အဒေါ်၊ တစ်ခုလောက် စမ်းကြည့်လို့ရပါတယ်"
စိတ်ဝင်စားနှင့်နေပြီးသော ကျိုးရွာသူကြီး၏မိန်းမသည် အထူးသဖြင့် နတ်သမီးတို့ဟူးတစ်တုံးကိုအခမဲ့ရရှိပြီးနောက် ဝယ်ယူရန် ပိုပြီးစိတ်ပါလာခဲ့သည်။ စန်းလော့၏စီးပွားရေးကို ထောက်ပံ့ပေးလိုသည့် သူမက ခေါင်းညိတ်လိုက်လေ၏။
"ဒါလဲ တစ်ခုယူမယ်"
စန်းလော့က ပျော်ရွှင်စွာဖြင့်သဘောတူလိုက်ကာ ရှန်းအန်းသည် တို့ဟူးခပ်ရန် ကြာရွက်ကို ကျွမ်းကျင်စွာကမ်းပေးလိုက်သည်။ အရွက်စိမ်းပေါ်ရှိ နူးညံ့သော အဖြူရောင် တို့ဟူးသည် စွဲမက်ဖွယ်ကောင်းလှသည်။
ကျိုးရွာသူကြီး၏မိန်းမက တို့ဟူးနှစ်တုံးလုံးကို ခြင်းတောင်းထဲထည့်ပြီးနောက် စန်းလော့ကို ဝမ်လေးပြားပေးလိုက်၏။
"ရှင်လဲ အလုပ်များနေတာပဲ။ အသားဝယ်ဖို့သွားလိုက်ဦးမယ်နော်"
စန်းလော့က ရွာသူကြီး၏မိန်းမသည် အသားထံမှ ဝက်သားတစ်တွဲကို ဝယ်ယူနေစဉ်တွင် ခေါင်းညိတ်ပြလိုက်သည်။ သူမ မထွက်ခွာမီတွင် တို့ဟူးအတုံးအနည်းငယ်သာကျန်တော့သော စန်းလော့၏ထည့်စရာကို လှမ်းကြည့်လိုက်၏။ သူမက အပြန်လမ်းတွင် စန်းလော့တစ်ယောက် အဖော်လိုသေးလားလို့ ယဉ်ကျေးပျူငှာစွာ မေးမြန်းခဲ့ပေမယ့် စန်းလော့ က ငြင်းဆိုခဲ့ပြီး အားလုံးက အလုပ်များနေတာကြောင့် သူမတစ်ယောက်တည်း ပြန်လာဖို့ အဆင်ပြေကြောင်းပြောလိုက်ပါသည်။
အသားဝယ်သူသည် အသားဆိုင်သို့ရောက်သောအခါ ကျန်ရှိနေသည့် တို့ဟူးများသည် အချိန်ခဏလေးအတွင်းကုန်သွား၏။
မြည်းစမ်းခြင်းအပိုင်းမှ ကျန်ရှိနေသော နတ်သမီးတို့ဟူးအတုံးများနှင့်အတူ စန်းလော့က ထိုအရာအားလုံးကို အသားဆိုင်ရှင်ကို ပေးရန်ဆုံးဖြတ်လိုက်သည်။ အသားဆိုင်ရှင်က နတ်သမီးတို့ဟူးအတုံး တစ်ဝက်ပါဝင်သော ကြာရွက်ကို ဝမ်းသာအရလက်ခံလိုက်၏။
"အို... ငါ ဒီမှာ အပေးအယူကောင်းကောင်းရနေတာပဲ"
စန်းလော့က ပြုံးပြခဲ့၏။
"ရပါတယ်၊ ဦးလေးသာ စိတ်မရှိဘူးဆိုရင် အဆင်ပြေပါတယ်၊ ဒီနေ့ ဦးလေးဆီကနေလဲ အကျိုးအမြတ်ရရှိခဲ့တယ်လေ"
ပေါ့ပေါ့ပါးပါး စကားအနည်းငယ် ဖလှယ်ပြီးနောက် စန်းလော့က ဝမ်၈၇ပြားကိုပေးရန်ရေတွက်ပြီးနောက် အသားကိုသေချာထုပ်ပိုးခဲ့သည်။ ထို့နောက် အသားဆိုင်ရှင်အား နှုတ်ဆက်ကာ လမ်းတစ်ဖက်ရှိ အထွေထွေဈေးဆိုင်သို့ ဦးတည်သွားလိုက်သည်။
ဝမ်ပြား၃၃ပြားပဲ ကျန်တော့တာကြောင့် စန်းလော့က ဥ ၆ လုံးကို ဝယ်ခဲ့၏။ စင်ပေါ်ရှိ အနီရောင် စာရွက်ပေါ်တွင် 'ယမကာ' ဟူသော စာလုံးပါသော အိုးငယ်အတန်းကို သတိပြုမိသည်။ သူမသည် ဆိုင်ရှင်ထံမှ ယမကာ(စပျစ်ရည်) ဈေးနှုန်းကို မမေးမြန်းခင် ခဏမျှ တွေးဆနေ၏။
လိုက်မေးပြီးသည့်နောက် ယောက်ျားတစ်ယောက်၏ လက်ဖဝါးထက်အနည်းငယ်ပိုကြီးသော ပုလင်းငယ်တစ်ခုသည် ဝမ်၁၈ပြားကျသင့်မည်ဖြစ်သည်။ ကိုယ်ပိုင်အိုးကိုယူလာမည်ဆိုလျှင် ချိန်ခွက်တစ်ခုကို ဝမ်သုံးပြားကျသင့်သည့် ယမကာအများအပြား ရနိုင်လေသည်။
" တစ်ကယ်ကို ဈေးကြီးတာပဲ"
စန်းလော့တစ်ယောက်သည် မဆုံးဖြတ်ခင်တွင် တစ်ခဏမျှ ချီတုံချတုံဖြစ်သွားလေ၏။
သူမလက်ဖဝါးထဲရှိ ကိုးပြားမျှရှိသော ပဲပိစပ်များသည် တစ်တိတစ်တိနှင့် အလျင်အမြန်ကုန်သွားေတာ့သည်။ ထို့ကြောင့် သူမက ပဲပိစပ် နို့ဆီဘူးနှစ်ဘူး (ခြင်တွယ်အတိုင်းအတာ)ကိုသာဝယ်ရန်ဆုံးဖြတ်ခဲ့ပြီး တစ်ပြားမျှသာကျန်လေ၏။
ရှန်းအန်းက ယခင်ညက ကြိုးစားပမ်းစားတို့ဟူးချက်လုပ်ပြီး မနက်အစောကြီးထရောင်းခြင်းမှာ ကြေးနီတစ်ပြားနှင့် သာအဆုံးသတ်သွားခဲ့သော သူ၏မကြီးအား ကြည့်နေမိသည်။
ခက်ခက်ခဲခဲရလာသည့် ငွေများနှင့် လဲလှယ်ထားသည့် အစားအစာတွေကို ကြည့်ရင်း ကောင်ကလေး၏ပုခုံးများမှာ ညွန့်ကိုင်းသွားပြီး စိတ်နှလုံးပူဆွေးသွားသလို ခံစားရလေသည်။
စန်းလော့က ပဲပိစပ်များကြားရှိ ဥများကို တစ်လုံးချင်းယူကာ အကုန်လုံးကိုသေချာသိမ်းဆည်းလိုက်၏။ အထုတ်ကို မ ရန်ပြင်ဆင်နေတုန်း သူမသည် ရှန်းအန်း၏နုံးချည့်နေသော အမူအရာကို သတိထားမိ၏။ အထုတ်ကိုမရင်း သိုလှောင်ရုံမှထွက်လာခဲ့ပြီး ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် စိတ်ဓာတ်ကျနေပုံ ပေါ်နေသေးသည့်သူ့ကို မြင်တော့ သူမက အပြုံးနှင့်မေးလိုက်လေသည်။
"ဘာဖြစ်လို့လဲ"
အနည်းငယ်ခိုကိုးရာမဲ့နေသောပုံစံဖြင့် ရှန်းအန်းက သူ့မကြီးကို ကြည့်လိုက်၏။
"ပိုက်ဆံရှာရတာအရမ်းခက်တယ်။ ဒါပေမယ့် မြန်မြန်သုံးကုန်သွားပြီ"
ထို့နောက် စန်းလော့က ရပ်ပြီးပြုံးလိုက်၏။
"အဲ့တာက ဟုတ်တယ်လေ။ ပိုက်ဆံတွေသုံးလိုက်ပေမယ့်လဲ အစ်မတို့အိမ်က အများကြီးပြောင်းသွားတယ် မဟုတ်ဘူးလား။ အစ်မတို့အခု ထမ်းနေရတဲ့ဝန်ထုပ်ဝန်ပိုးကို စဉ်းစားကြည့်ပါဦး။ အိမ်မှာရှိတဲ့ မြေအိုးနဲ့မီးဖိုချောင်သုံးပစ္စည်းတွေ၊ စားပွဲခုံအသစ်တွေ၊ ထိုင်ခုံတွေ၊ အိပ်ယာတွေနဲ့ ကြိတ်ခွဲစက်ရယ် ကြက်တွေဘဲတွေရယ် ပြီးတော့ အစ်မတို့ရဲ့ လှပတဲ့ခြံဝင်းရယ်လေ။ အဲ့တာတွေက နင့်ကို မပျော်ရွှင်စေဘူးလား"
ရှန်းအန်းက တွေးတောနေခဲ့ပြီး ထိုအရာမှာ အမှန်ပင်ဖြစ်သည်ကို နားလည်လေ၏။ လတ်တလောအပြောင်းအလဲများမှာ အစစ်အမှန် မဟုတ်ပုံပေါ်ပြီး အိပ်မက်ထဲ၌နေထိုင်နေရသကဲ့သို့ပင် ခံစားရလေ့ရှိသည်။
သူက ခေါင်းညိတ်သဘောတူလိုက်၏။
ကောင်ငယ်လေး၏ခံစားချက် အနည်းငယ်တက်ကြွလာသည်ကိုမြင်တော့ အကြောင်းအရာကို မတွေးတော့ဘဲ ရွှင်မြူးစွာထပ်ပြောလိုက်၏။
"ဒီညနေမှာ နင်တို့ သူငယ်ချင်းတွေကို ကောင်းကောင်းကြိုဆိုဖို့ မမေ့နဲ့နော်။ ဒီနေ့ဟင်းပွဲက အိမ်ဆောက်ပေးခဲ့ကြသည့် ဦးလေးတွေ၊ အဒေါ်တွေ၊ အဘိုး၊ အဖွားတွေနဲ့ နင်တို့သူငယ်ချင်းတွေကို ကျေးဇူးတင်ကြောင်း ပြသတဲ့ အိမ်တက်ပွဲနဲ့ကျေးဇူးတင်တဲ့ပွဲပဲ။ အစ်မ ဒီနေ့အလုပ်ရှုပ်နေတော့ အကုန်လုံးကို စီစဉ်ဖို့ မတတ်နိုင်တော့လို့ နင်နဲ့အားနဉ်က ကလေးတွေရဲ့စားပွဲကို တာဝန်ယူပေးမလား"
ရှန်းအန်းက မမှိတ်မသုန်နားထောင်ပြီး သူမကို စိတ်ချစေခဲ့သည်။
"စိတ်မပူပါနဲ့၊ မကြီး၊ ဒါကို တာဝန်ယူနိုင်ပါတယ်"
……
သူတို့အိမ်ပြန်ရောက်လာသည့်အခါ မနက်နေမြင့်နေပြီဖြစ်သည်။ သူတို့စကားပြောသံကိုကြားတော့ ရှန်းနဉ်သည် အိမ်အနောက်မှ ထွက်လာလေသည်။ သူတို့ကို မြင်လိုက်ရတော့ မျက်လုံးများ တောက်ပလာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြေးထွက်သွားလိုက်၏။
"မကြီးနဲ့ကိုကြီး၊ ပြန်ရောက်လာပြီပေါ့"
သူမလက်များညစ်ပတ်နေသည်ကို သတိထားမိတော့ စန်းလော့က ပြုံးပြီးမေးလိုက်၏။
"ခြံနောက်ဖေးမှာ ဘာတွေလုပ်နေတာလဲ"
"ခြံစည်းရိုးလုပ်နေတာ၊ ဒီမနက်မှာ နည်းနည်းလေးထပ်ထည့်လိုက်တယ်။ ဒါပြီးသွားတာနဲ့ ကြက်တွေကို အပြင်ထုတ်လို့ရပြီ"
စန်းလော့က ဘာမှမခိုင်းရပါပဲနဲ့ အလိုက်တသိနဲ့ အလုပ်တွေ ဆက်တိုက်ရှာလုပ်နေတတ်သည့် ကလေးပဲဟု တွေးလိုက်မိ၏။ သူမ မချီးမွမ်းဘဲမနေနိုင်ပေ။
"အားနဉ်၊ ညီမလေးက အရမ်းကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်တာပဲ"
ရှန်းနဉ်က မျက်လုံးများ ကွေးညွတ်သွားသည်အထိ ပြုံးလိုက်ရင်း စန်းလော့၏ထမ်းပိုးနားသို့ ကပ်သွားတာ မေးလိုက်၏။
"မကြီး၊ ဘာတွေဝယ်လာတာလဲ"
တစ်နေ့တာဝယ်ယူမှုများနှင့် ရင်းနှီးပြီးသား ရှန်းအန်းသည် ထိုအရာများကို တစ်ခုပြီးတစ်ခု ရေရွတ်ကာအဆုံးသတ်လိုက်သည်။
"ဒါပေမယ့်၊ အဲ့တာကဈေးကြီးတယ်။ ဒီနေ့ရတဲ့ဝင်ငွေ အားလုံးနီးပါး ကုန်သွားတယ်"
သူသည် သက်ပြင်းချလုနီးပါးပင်။
ရှန်းနဉ် : "ဟယ်..."
ရှန်းအန်း: " ဒါပေမယ့် မကြီးကတော့ အဲ့တာကို လိုအပ်တယ်လို့ပြောတာပဲ။ ငါတို့အိမ်အတွက် လူတိုင်းက အလုပ်ကြိုးစားပေးခဲ့ကြတာမလို့ ဒီနေ့မှာတော့ သူတို့ကို ကျေးဇူးတင်တဲ့အတွက် စားသောက်ပွဲလုပ်ပေးတာ။ ကျေးဇူးတရားသိတတ်ပြီး အပြုအမူကောင်းတွေကို နားလည်တာက ငါတို့အကူအညီလိုအပ်တဲ့အခါတိုင်း သူတို့ ကူညီပေးကြမှာ ဆိုသဘောပဲပေါ့"
အာရုံစိုက်နားထောင်ရင်း ရှန်းနဉ်က သူတို့ရဲ့အတိတ်က ရုန်းကန်ခဲ့ရပုံများကိုအမှတ်ရကာ ထပ်ခါထပ်ခါခေါင်းညိတ်ခဲ့၏။
"ဒါဆိုလဲ မကြီးရဲ့အကြံကို လိုက်နာကြရအောင်"
အိမ်ထဲသို့ဝင်သွားသော စန်းလော့နောက်မှလိုက်ရင်း မောင်နှမနှစ်ယောက်သည် စကားစမြည်ပြောနေကြ၏။
အစောပိုင်းက စန်းလော့ကိုစောင့်မျှော်ရင်း ခြံတံခါးကိုပိတ်ထားသဖြင့် ရှန်းနဉ်သည် ထိုတံခါးကိုဖွင့်ရန်ပြေးလာပြီး ပြောလိုက်သည်။
"မကြီး၊ ဒီမနက် မကြီးနဲ့အစ်ကို၂ ထွက်သွားပြီး မကြာခင်မှာပဲ အဘွားချန်းရယ်၊ လုမိသားစုက အဘွားရယ်၊ ရှီမိသားစုက အဒေါ်ရယ် ရောက်လာသေးတယ်။ သူတို့က ဟင်းရွက်တွေအများကြီး ယူလာပေးခဲ့တာ။ အကုန်လုံးကို မီးဖိုချောင်ထဲမှာ ထားထားလိုက်တယ်"
ဒါကိုသတိထားမိနှင့်သော စန်းလော့က ခေါင်းညိတ်ပြခဲ့၏။
"ကောင်းပြီ၊ နောက်မှ ကြည့်လိုက်မယ်"
စန်းလော့က သူမရဲ့အထုတ်ကိုမီးဖိုချောင်တံခါးဝ၌နေရာချပြီးနောက် အိမ်ထဲသို့ပုံးဖြင့်ဝင်သွားလေသည်။ ရှန်းနဉ်သည် အနောက်မှ နီးနီးကပ်ကပ်လိုက်သွားပြီး ပြောလိုက်၏။
"အဒေါ်ချန်းနဲ့အဒေါ်လုက ဒီနေ့လည်မှာ သမီးတို့ကို လာပြီးကူညီပေးမယ်လို့ ပြောခဲ့တယ်။ မကြီး၊ မနက်ခင်းမှာ အလျင်စလိုလုပ်ဖို့ မလိုပါဘူး။ လူသုံးယောက် အကူအညီနဲ့ 'ဝေ့'ကုန်ခါနီးမှ ပြင်ဆင်မှုတွေ စတင်ရင် အချိန်ကိုက်ဖြစ်လောက်တယ်။ သူတို့က ပန်းကန်ပြားတွေနဲ့ မီးဖိုးချောင်သုံးပစ္စည်းတွေ ယူလာပြီး စားပွဲတွေနဲ့ထိုင်ခုံတွေကိုလည်း ညနေမှာ ဦးလေးတို့က စီစဉ်ပေးလိမ့်မယ်"
စန်းလော့သည် သူမ ပြင်ဆင်ရန် စီစဉ်ထားသော ဟင်းပွဲများအကြောင်းကို တွေးတောရင်း အချိန်ကပ်ပြီး ပြင်ဆင်မှုများသည် မလုံလောက်ကြောင်း သဘောပေါက်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူမနားလည်ကြောင်းကို ဖော်ပြရင်း ခေါင်းညိတ်ပြုံးပြခဲ့၏။
မီးဖိုချောင်ထဲဝင်ပြီး ပုံးကိုဖြည်လိုက်စဉ် စန်းလော့သည် မိသားစုများက စေတနာဖြင့် ယူလာပေးခဲ့သောဟင်းရွက် အများအပြားကို တွေ့လေသည်။ စုပေါင်းပေးခဲ့သော ပစ္စည်းများသည် တစ်နေ့တာအတွက် လုံလောက်သည်ထက် များစွာပို၍ ကျေးဇူးတင်စရာကောင်းသည်မှာ မိသားစုတစ်ခုစီက များများယူလာသောကြောင့် တောကြက်သွန်နီနီနှင့် ကြက်သွန်ဖြူအတွက် အမှီပြုစရာမလိုတော့ပေ။
ဤအချက်ကို မှတ်ထားသော စန်းလော့သည် ညနေစာဟင်းပွဲအတွက် ရှင်းလင်းသည့် အစီအစဉ်တစ်ခု ရှိခဲ့သည်။
သူမက ရှန်းအန်းဘက်ကို လှည့်လိုက်ကာ
"ရှောင်အန်း၊ အစ်မ သားကို လက်တိုလက်တောင်းခိုင်းဖို့ လိုနေလို့။ အဒေါ်ချန်းရဲ့အိမ်ကို သွားပြီး ကတ်ကြေးတစ်လက်လောက် ငှားပေးပါလား။ ကြက်သတ်ဖို့အတွက် လိုတယ်"
ကြက်အတွင်းကလီစာများသည် ဟင်းလျာတစ်ခုဖြစ်သောကြောင့် အလဟဿမဖြစ်စေရန် ကတ်ကြေးသည် ကြက်နှင့်ဘဲအူများကို စနစ်တကျလုပ်ဆောင်ရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်။
ရှန်းအန်းသည် ချက်ချင်းပင် တောင်အောက်သို့ဆင်းသွားလေ၏။
စန်းလော့က မြေအိုးအကြီးတစ်လုံးထဲကို ရေဖြည့်လိုက်ပြီး ရှန်းနဉ်ကိုခေါ်ကာ မီးမွှေးခိုင်းလိုက်သည်။
ရှုပ်ထွေးနေသည့် ရှန်းနဉ်က မေးလိုက်၏။
"မကြီး၊ ဒီလောက်အစောကြီးထဲက နေ့လည်စာပြင်နေပြီလား"
"နေ့လည်စာ မဟုတ်ဘူး။ အစ်မတို့ ကြက်တွေနဲ့ဘဲတွေကို အရင်ဆုံး သတ်ဖို့လိုတယ်။ အမွှေးနှုတ်ဖို့အတွက် ရေနွေးကျိုရမယ်။ ဒီအလုပ်က အချိန်ကုန်လို့ နေ့ခင်းအထိထားရင်လည်း နောက်ကျနိုင်တယ်"
ရှန်းနဉ်သည် နှုတ်ရခက်သော အမွေးများ၊ အထူးသဖြင့် ခက်ခက်ခဲခဲနှုတ်ရသော ဘဲမွှေးများကို နှုတ်ရန် ပင်ပန်းကြီးစွာ လုပ်ဆောင်ခဲ့ရသည်ကို သတိရမိသည်။
အင်္ကျီလက်ကိုခေါက်တင်ရင်း မိန်းမငယ်လေးက ဖွင့်ဟလိုက်၏။
"မကြီး၊ သမီး ကူညီပေးမယ်"
သူမက ထင်းသယ်ရန်အတွက် အိမ်မှအမြန်ထွက်လာခဲ့သည်။
ရှန်းနဉ်တစ်ယောက် ရေနွေးတည်နေစဉ် စန်းလော့က မြေဇလုံအကြီးနှစ်လုံးကို အပြင်သို့သယ်သွားပြီး တစ်လုံးစီအတွက် ဆားရည်ပန်းကန်လုံးတစ်ဝက်နှင့် ရောထားသောပန်းကန်လုံးနှစ်လုံးကို ပြင်ဆင်ခဲ့သည်။ အထဲသို့ ပြန်ဝင်သွားပြီး မီးဖိုချောင်သုံးဓားကို အိတ်ထဲသို့ထည့်လိုက်သည်။
မနေ့ကဝယ်ခဲ့သော ကြက်နှစ်ကောင်နှင့်ဘဲတစ်ကောင်ကို အသစ်ဆောက်ထားသော ဝါးနှင့်လုပ်ထားသည့် ကြက်လှောင်အိမ်ထဲသို့ ထည့်လှောင်ထားလိုက်သည်။ စန်းလော့သည် လှောင်အိမ်တံခါးကိုဖွင့်ကာ အထဲရှိငှက်နှစ်ကောင်ကို ကြည့်လိုက်၏။
အရင်ထွက်လာသည့် တစ်ကောင်အရွေးခံရမည်။
ကြက်မက သတိနဲ့ ခေါင်းပြူထွက်လာပြီး ခပ်တိုးတိုးတွန်လိုက်၏။
"ကောင်းပြီ၊ ဒီတော့ နင်ပဲ"
စန်းလော့က တင်းနေအောင် မဖမ်းခင်မှာပဲ ကြက်မက လှောင်အိမ်ထဲက ထွက်လာတယ်။
လှောင်အိမ်တံခါးကို ပိတ်ပြီး ကြက်ကို အတောင်ပံမှကိုင်ကာ အင်တုံနှင့်ဓားရှိရာဆီ သယ်သွားလိုက်သည်။ လည်ပင်းက အမွှေးများကို နှုတ်ပြီး သွေးထွက်အောင်လည်ချောင်းကို အလျင်အမြန် လှီးလိုက်၏။ ငှားလာသည့်ကတ်ကြေးနှင့်အတူ ရှန်းအန်း ပြန်ရောက်လာသည့် အခါမှာတော့ ကြက်များနှင့်ဘဲများကို သတ်နှင့်ပြီးပြီဖြစ်ပြီး သွေးများကိုခဲအောင်လုပ်ရန် မီးဖိုချောင်သို့ ယူသွားလိုက်သည်။
အမွှေးနှုတ်ဖို့ ရေအိုးနှစ်အိုးကျိုပြီးသည့်နောက် ရှန်းအန်းနဲ့ရှန်းနဉ်တို့သည် အမွှေးနှုတ်သည့် ပင်ပန်းလှသောတာဝန်ကို စတင်ခဲ့သည်။
ရှန်းယင်နှင့်ရှန်းထျယ်တို့ကို အိမ်တွင်သာသာယာယာထားခဲ့သော ရှန်းကျင့်က ခြင်းတောင်းတစ်ဝက်ရှိသော ကျောက်စရစ်ခဲများကို သယ်ယူပြီးလာခဲ့သည်။ သူသည် အင်တုံနှစ်ခုပေါ်တွင် သတ်ထားသောငှက်များကို ချက်ချင်းသတိထားမိသွားလေ၏။
သူက စိတ်လှုပ်ရှားစွာဖြင့် အသံပြုလိုက်ပြီး ရှန်းအန်းနှင့်ရှန်းနဉ်အနီးတွင် ခြင်းတောင်းကို အမြန်ချလိုက်သည်။ သူတို့နှစ်ယောက်ကြားတွင် ဆောင့်ကြောင့် ထိုင်လိုက်ပြီး ပျော်ရွှင်မှုကြောင့် သွားရည်ကျလုနီးပါးဖြစ်ကာ ကြက်နှင့်ဘဲကို ကြည့်နေလေ၏။
"ရှန်းအန်း၊ ဒီညပွဲတော်အတွက်က ကြက်နဲ့ဘဲ စားရမှာလား"
"မနေ့ကဝယ်ခဲ့တဲ့ ကြက်တွေနဲ့ဘဲတွေကို သတ်ဖို့ တစ်ကယ်ပဲ ဆုံးဖြတ်လိုက်တာလား"
သူ့ပါးကို ဆွဲလိုက်ပြီးနောက် မယုံကြည်နိုင်သောကြောင့် နောက်တစ်ခေါက် ထပ်ဆွဲလိုက်၏။
"အဲ့တာက တစ်ကယ်ပဲ ညစာအတွက်လား။ တစ်တုံးလောက် စားလို့ရလား"
ရှန်းအန်း ......
"အင်း၊ ရတာပေါ့"
ရှန်းကျင့်က စိတ်လှုပ်ရှားနေပြီး ညစာစားချိန်ကို အမြန်ရောက်ဖို့ မျှော်လင့်နေမိသည်။ စိတ်အားထက်သန်စွာဖြင့် ကမ်းလှမ်းလိုက်သည်။
"အမွှေးနှုတ်ဖို့ ကူညီပေးမယ်။ ဘယ်လိုလုပ်ရမလဲဆိုတာကို ငါ သိတယ်"
ရှန်းနဉ်အနားမကပ်ရဲသောကြောင့် သူသည် ထိုအစား ရှန်းအန်းအနားသို့သာ ရွှေ့လိုက်လေ၏။
ရှန်းအိမ်ထောင်စုမှ ညီအစ်မများက အမွှေးနှုတ်ခြင်းဖြင့် အလုပ်များနေကြစဉ် ကျိုးအိမ်ထောင်စုတွင် ကျိုးရွာလူကြီး၏မိန်းမသည် နေ့လည်စာ ပြင်ဆင်ပြီးသွားသောကြောင့် လယ်ကွင်းထဲသို့ တောင်းတစ်လုံးကို သယ်ဆောင်သွားခဲ့သည်။
မနက်မိုးလင်းတော့ မိသားစုသည် မနက်အစောစာစားပြီး လယ်ကွင်းထဲသို့ ထွက်သွားကြ၏။ သူတို့သည် အနားယူခြင်းမရှိဘဲ နာရီများစွာ အလုပ်လုပ်ပြီးနောက် ဆာလောင်သွားကြသည်။ အစားအသောက် ရောက်လာတာကိုမြင်တော့ သူတို့သည် နေ့လည်စာစားဖို့ ရပ်ရန် အိမ်ထောင်ဦးစီးက အချက်ပြမည်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြ၏။
လယ်ကွင်းအစွန်ရှိ သစ်ပင်အောက်တွင် စုဝေးခဲ့ကြသည်။ ပထမအနေဖြင့် ဝါးကျည်တောက်ကို ကိုင်ကာ ရေမော့သောက်လိုက်ပြီး ခဏလောက် အနားယူလိုက်ကြ၏။ ထို့နောက်မှသာ သူတို့သည် ရိက္ခာခြင်းတောင်းသို့ ချဉ်းကပ်သွားကြသည်။
ပန်းကန်လုံးများနှင့်တူများကို အလှည့်ကျချပေးလိုက်ပြီး ထမင်း ထည့်ပေးလိုက်သည်။ အသားဟင်းပါသောအိုးအဖုံးကို မ လိုက်သည်နှင့် ထိုဟင်းနံ့သည် လေထဲသို့ပျံ့နှံ့သွားကာ ခြင်းတောင်းနားတွင် စုရုံးနေကြသော သားများက ခေတ္တရပ်တန့်သွားကြ၏။
"ဒါက ဘာဟင်းလဲ"
ရေသောက်နေသည့် ကျိုးရွာလူကြီးက သူ့သားတွေရဲ့ စုပေါင်းမေးမြန်းတာကို ကြားတော့ လည်ပင်းဆန့်ပြီးကြည့်လိုက်မိ၏။
???
သူ့သားများကို ဘေးဖယ်ထားရင်း အငယ်ဆုံးဆီမှ ပန်းကန်လုံးတစ်လုံးနှင့် တူတစ်ချောင်းကို ကောက်ယူပြီး အလန့်တကြားဖြင့် အနီးကပ် စစ်ဆေးကြည့်လိုက်သည်။
"ဒါက လီချီလား။ ဒါကိုဘယ်ကရတာလဲ"
...
အပိုင်း (၅၄)
ကျိုးရွာသူကြီး၏မိန်းမက ဇဝေဇဝါဖြစ်သွားလေသည်။
" ဘာ လီချီလဲ"
လက်ထဲကတူဖြင့်ကိုင်ထားသည့်ပစ္စည်းကို ကြည့်နေသည့် သူမ၏ယောက်ကျားအကြည့်ကို လိုက်ကြည့်လိုက်ချိန်တွင် ကျိုးရွာသူကြီး၏မိန်းမက ရှင်းပြလေသည်။
" ဘာ လီချီရမှာလဲ ဒါက တို့ဟူးရှင့် "
" တို့ဟူး ဟုတ်လား "
" ဟုတ်တယ်လေ ဒီနေ့စျေးထဲကနေ ဝယ်လာတာ "
ရွာသူကြီး၏မိန်းမက တော်တော်လေး စိတ်လှုပ်ရှားဟန်တူနေသည်။
" ဒါကို ဘယ်သူရောင်းလဲဆိုတာ ရှင်လုံးဝခန့်မှန်းမိမှာမဟုတ်ဘူး "
" ဘယ်သူရောင်းတာလဲ "
မိသားစုဝင်များက သိလိုစိတ်ဖြင့်အချင်းချင်းကြည့်လိုက်ကြပြီး အငယ်ဆုံးသားလေးက တိုက်တွန်းလိုက်လေသည်။
" အမေ ကျွန်တော်တို့ကို သိချင်စိတ်ဖြစ်အောင် လုပ်မနေပါနဲ့တော့ "
ရွာသူကြီး၏မိန်းမက ပြောပြချင်စိတ်များအားတက်နေလေရာ ထုတ်ဖော်ပြောလိုက်လေသည်။
“ကျွန်မတို့ရွာကပဲရှင့် စန်းမိသားစုရဲ့အကြီးဆုံးအိမ်ထောင်စုကလေ”
ဒီလို ထုတ်ဖော်ပြောကြားလိုက်ခြင်းက အား လုံး၏မေးများကို အောက်ကျသွားစေတော့သည်။
" ဘယ်သူ "
" အငတ်ဘေးကထွက်ပြေးလာတဲ့ ကလေးမလေးလား."
သူမက ခေါင်းညိမ့်ထောက်ခံလိုက်လေသည်။
" ဟုတ်တယ် သူပဲ "
သူမကစျေးထဲတွင်စန်းလော့နှင့် မမျှော်လင့်ပဲတွေ့ခဲ့ရပုံကို ပြန်ပြောပြလိုက်ပြီး စန်းလော့၏တုံ့ပြန်မှုနှင့် စီးပွားရေး လုပ်နိုင်သည့်အရည်အချင်းကို ဖော်ပြလိုက်လေသည်။
" ကျွန်မ ချန်အချိန်ကိုရောက်သွားတာ သူရဲ့ပစ္စည်းအများစုတောင် ရောင်းကုန်သလောက်ရှိနေပြီ၊ တို့ဟူးတွေထည့်ထားတည့်သူသုံးတဲ့ သစ်သားကြီးကလည်း ၁၆တုံးလောက်ဆန့်တယ်၊ သူက သစ်သား၃ခုယူလာတာလေ၊ တခြားခြင်းထဲက နတ်သမီးတို့ဟူးတွေကလည်း ရောင်းကုန်သလောက်ဖြစ်နေပြီ "
" နတ်သမီးတို့ဟူး ဟုတ်လား"
အခုမှ မိသားစုများသည် အစားအသောက်ခြင်းကို လှမ်းကြည့်လိုက်ပြီး မဖွင့်ရသေးသည့်ပန်းကန်လုံးတစ်ချို့ကို သတိထားမိလေသည်။ ရွာသူကြီး၏မိန်းမက အဖုံးကိုဖွင့်လိုက်ပြီး မြစိမ်းရောင်ဖြစ်နေသည့် ကျောက်စိမ်းနှစ်တို့ဟူးကို ဖွင့်ပြလိုက်ကာ အထဲတွင် လေးထောင့်တုံးလေးများ ညီညီညာညာ လှီးဖြတ်ထားလေသည်။
" ဒါလေ နတ်သမီးတို့ဟူးဆိုတာ "
သူမက ရှင်းပြလိုက်လေသည်။
" ကျွန်မက ဒါကိုရှင်တို့အားလုံးအတွက် အရသာရှိတဲ့ဟင်းလေးကို ပြင်ဆင်ထားဖို့ စဥ်းစားပေးထားတာ ဒါပေမဲ့ စန်းလော့က ကျွန်မကို အတုံးအသေးလေးတွေ ထပ်ပေးလာတယ်လေ၊ ဒီတော့ကျွန်မက အဲ့ဒါကို ကလေးတွေအတွက် အချိုပွဲလုပ်ဖို့သုံးလာတာ တော်တော်လေး လန်းဆန်းတဲ့ပုံ ပေါ်တယ်၊ ကျွန်မတို့မိသားစုကလည်း အသီးအရွက်တွေ မရှားပါးဘူးမဟုတ်လား၊ ဒါကြောင့်မလို့ ကျွန်မက ဒီတို့ဟူးတွေကိုသကြားရည်နှင့်ပြင်ဆင်ပြီး ရေတွင်းထဲမှာ အအေးခံထားတာ၊ နေ့လည်စာစားပြီးရင် အားလုံးက မြည်းကြည့်လို့ရတာပေါ့ "
ကျွေးစရာပါးစပ်ပေါက်က များပြားလေရာ တစ်ဦးလျှင် တစ်ဇွန်းနှစ်ဇွန်းလောက်သာ စားဖို့ရန် လုံလောက်လေသည်။
“ဘာဖြစ်လို့ ထမင်းစားပြီးတဲ့အထိ စောင့်မှာလဲ ဒီလိုရာသီဥတုပူတဲ့အချိန်မှာ နတ်သမီးတို့ဟူးကို မြင်ရရုံနှင့်တင် ရင်ထဲမှာအေးမြသွားသလို ခံစားနေရပြီလေ” အငယ်ဆုံးသားလေးက သူ့ပန်းကန်လုံးကို စိတ်ဝင်စားမှု ပျောက်ဆုံးသွားသည်။ အငယ်ဆုံးသားလေးက သူ့ပန်းကန်လုံးနှင့်တူများကို သူ့အဖေထံက ဖြတ်ယူသွားသဖြင့် သူက နောက်ထပ်ပန်းကန်တစ်လုံးကို လှမ်းယူလိုက်ကာ နတ်သမီးတို့ဟူးကို အရင်ဆုံး တစ်ဇွန်း မြည်းကြည့်လိုက်လေသည်။
တစ်ကိုက်လောက်စားပြီးချိန်တွင် သူသည်မနေနိုင်တော့ပဲ တအံ့တသြ မှတ်ချက်ပေးတော့သည်။
"အမေ တကယ်စားလို့ကောင်းတာပဲ ပူတဲ့ရာသီဥတုမှာ အရမ်းကိုလန်းဆန်းသွားတယ် "
သူ၏ ပျော်ရွှင်နေမှုကိုမြင်လိုက်ရသည်တွင် ထမင်းမစားရသေးသည့် သူများကလည်း စိတ်ပြောင်းသွားကြပြီး နတ်သမီးတို့ဟူးကို နည်းနည်းလောက်စားဖို့ ပြင်ဆင်လိုက်ကြသည်။
ရွာသူကြီးကလည်း နတ်သမီးတို့ဟူးကိုကြည့်နေသည်။ သို့သော်ငြား သူကတော့ဝင်မပါလိုက်ချေ။ ထိုအစား သူက တို့ဟူးတစ်တုံးကို အရင်မြည်းကြည့်လိုက်ပြီး သူ့မှတ်ဉာဏ်ထဲတွင် အရသာကို သတိရသွားလေသည်။
မိန်းမဖြစ်သူက သူ၏အစောပိုင်းမှတ်ချက်ကို သိလိုရာ မေးလိုက်လေသည်။
" ခုဏတုန်းကလေ လီချီဆိုတာ ရှင်ဘာကိုပြောတာလဲ "
ရွာသူကြီးကတို့ဟူးကို လက်ညှိုးထိုးပြလိုက်ပြီး ရှင်းပြလိုက်လေသည်။
" ငါကဒီအစားအသောက်ကို လီချီလို့သိထားတာ၊ မှတ်မိနေသေးတယ် စီရင်စုတရားသူကြီးကျန်းက လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းက တာဝန်ယူစတုန်းက ဒေသခံအကြီးအကဲတွေအတွက် စားသောက်ဖွယ်တစ်ခု လုပ်ပေးခဲ့တယ်မဟုတ်လား၊ ဦးလေးလျိုက ငါ့ကို ခေါ်သွားခဲ့တယ်လေ မှတ်မိလား "
" ကျွန်မက ဘယ်လိုလုပ်မေ့မှာလဲ၊ ကျွန်မတို့က ရှင့်ကို နောက်တက်မဲ့ သူကြီးခေါင်းဆောင် ဖြစ်လာမယ်လို့ မျှော်လင့်ထားတာလေ ဒါပေမဲ့ ကျွန်မတို့မိသားစုရဲ့ပိုင်ဆိုင်မှုကတစ်ခြားသူတွေနှင့် မယှဥ်နိုင်ဘူး မဟုတ်လား ဒါကရှောင်လွှဲလို့ရတဲ့ကိစ္စလည်း မဟုတ်ဘူးလေ "
မိန်းမဖြစ်သူကခေါင်းညိမ့်ခါ ပြန်ဖြေလိုက်ပြီး ထိုအခြင်းအရာကို ပြန်စဥ်းစားလိုက်လေသည်။
" ရှင်က ဒါကိုစားသောက်ပွဲမှာစားခဲ့တာ ဟုတ်လား "
ရွာသူကြီးက အတည်ပြုလေသည်။
" ဟုတ်တယ် အဲဒီ့မှာ သည်ဟင်းကိုကျွေးမွေးတာလေ ငါတို့တွေက အစွန်ပိုင်းနေရာမှာပဲ နေရာယူရတော့ အမြည်းလေးပဲစားခဲ့ရတာ ဒါပေမဲ့ အဓိကစားပွဲဝိုင်းက ဝမ်မိသားစုရဲ့မျိုးနွယ်ခေါင်းဆောင် ပြောတဲ့စကားကို ကြားခဲ့ဖူးတယ်လေ၊ ဒီဟာက ရှားပါးတယ့် ဟင်းတစ်မျိုးတဲ့ စန်းမျိုးနွယ်ကလေးမလေးက ဒါကိုလုပ်တဲ့နည်း ဘယ်လိုသိပြီး သူ့ကို တို့ဟူးလို့ ဘာလို့ခေါ်တာလည်း မသိဘူး "
" မတူညီတဲ့နေရာတွေမှာ မတူညီတဲ့ ဓလေ့ထုံးစံတွေရှိမှာပဲ "
မိန်းမဖြစ်သူက ဘာမှမဖြစ်သလို ပြန်ဖြေလေသည်။
" စန်းမျိုးနွယ်ကလေးမလေးက မြောက်ပိုင်းကနေ ပြီးတော့ ကပ်ဘေးခိုလှုံလာတဲ့သူ မဟုတ်လား ဒီတော့သူရဲ့အခေါ်အဝေါ်က ကျွန်မတို့ဆီက အခေါ်အဝေါ်နဲ့ ကွာခြားနေတာတော့ မထူးဆန်းဘူးလေ၊ ဘာပဲဖြစ်ဖြစ် ရှန်းမိသားစုအိမ်က စန်းမိန်းကလေးကတော့ ဒီတခါရွှေတောင်ကြီးကို တူးမိတာပဲ "
ရွာသူကြီးကတော့နှုတ်ဆိတ်နေပြီး တော်တော်လေး ထိုက်တန်လှသည်ဟု ခံစားမိလေသည်။
ရှန်းမိသားစု၏အိမ်ထောင်ကွဲခြင်းအမှုက မမျှတလေခြင်းဟု သူသည် အမြဲတမ်း ခံစားမိသော်လည်း အမည်ခံရွာသူကြီးတစ်ယောက် အနေဖြင့် သူသည် စစ်မှန်သည့်အခွင့်အာဏာ နည်းနည်းပါးပါးသာ ပိုင်ဆိုင်ရကာ တရားဝင်ကိစ္စများတွင် ပါဝင်လို့မဖြစ်နိုင်ချေ။
" စားကြမယ် မင်းရောစားပြီးပြီလား "
" ဟင့်အင်း ကျွန်မဒါကိုရှင်တို့အတွက် အရင်ဆုံးယူလာပေးတာ ရှင်တို့တွေဗိုက်ဆာနေမှာစိုးလို့လေ ကျွန်မကတော့ရှင်တို့တွေစားပြီးလို့ အိမ်ပြန်ရောက်မှပဲ စားတော့မယ် "
ရွာသူကြီးက သူ့လက်ထဲကတူများက လေထဲတွင်အခိုက်အတန့် ရပ်တန့်သွားသည်။ ခြင်းထဲတွင်ပန်းကန်လုံးနှင့်တူများ အပိုမပါရှိသည့်ကို သတိထားမိလိုက်လေသည်။
" ရပါတယ် နောက်တစ်ခါကြရင် ပိုပြီးတော့ယူလာခဲ့ပေါ့ ငါတို့တွေက အလျင်မလိုပါဘူး "
မိန်းမဖြစ်သူ၏ မျက်လုံးထောင့်ကအရေးအကြောင်းလေးသည် မသိမသာ မြင့်တက်သွားလေသည်။
" စားစမ်းပါရှင် "
စားသောက်ပြီးသည့်နောက်တွင် သူမကပစ္စည်းများကိုအိမ်သယ်ပြန်ရန် ပြင်ဆင်နေစဥ် ရွာသူကြီးက တစ်ခုခုပြောချင်နေသယောင် ဖြစ်လေသည် သူကသူမကို လှမ်းတားလိုက်ပြီးမှ လက်ကိုခါပြလိုက် လေသည်။
" ကိစ္စမရှိပါဘူး အရေးမကြီးဘူး သွားတော့ "
သူသည်ရှန်းမိသားစု၏ပထမအိမ်ထောင်စုက အိမ်အသစ် ဆောက်လုပ်ပြီးစီးသွားသလားဟု မေးမြန်းချင်လေသည်။ ထိုသို့ဆိုလျှင် သူတို့က အိမ်သစ်တက်ပွဲပြုလုပ်လျှင် ကံကောင်းစေရန်အလို့ငှာ ဆန်တစ်ပုံးလောက်ပေးဖို့ စဥ်းစားလိုက်လေသည်။
သို့သော်ငြားလည်း ပြန်စဥ်းစားကြည့်လိုက်တော့ ရှန်းမိသားစု၏ အိမ်ထောင်ခွဲသည့်ကိစ္စတွင် သူ၏ အကျိုးဆောင်ခြင်းများမပါရှိသည်ကို စဥ်းစားလိုက်မိကာ အခုတော့ သူတို့လည်းအဆင်ပြေလာပြီဖြစ်ရာ သူက ထိုစိတ်ကူးကို မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်လေသည်။ သူတို့တွေ ခက်ခဲတဲ့အချိန်တုန်းကတော့ အကူအညီမပေးခဲ့ပါဘဲနဲ့ ပွဲလုပ်တဲ့အချိန်ကျမှ ထပ်ဖြည့်ပေးရင်ဆိုတော့လဲ မလိုတော့ဘူးလေ။
တောင်ပေါ်ကတဲလေးနားတွင်တော့ ရှန်းကျင့်သည် ကြက်များကိုအမွှေးနှုတ်ကူပြီးနောက် ထမင်းစားဖို့အိမ်သို့ အပြေးပြန်သွားလေသည်။
ရှန်းအန်းက ကြက်မွှေးများနှင့်ဘဲမွှေးများကို မည်သို့သိမ်းဆည်းမည်ကို စန်းလော့အား မေးမြန်းလိုက်လေသည်။ သူမက ကောင်းမွန်သည့် ငှက်မွှေးများကို စုဆောင်းပြီး ပြာရည်တွင်စိမ်ထားကာ အဆီဓာတ်လျှော့ချဖို့ အကြံပေးလိုက်လေသည်။ ထို့နောက်ဆေးကြောကာ နေလှန်းပြီးလျှင် ကြက်မွှေးတစ်ချောင်းလုပ်ဖို့ အကြံပြုလိုက်လေသည်။
ကျန်သည့်အရာများကိုတော့ ပြာနှင့်ရောယှက်နိုင် သည့် မြေသြဇာအဖြစ် ပြန်အသုံးပြုနိုင်သည်။
ရှန်းအန်းက တအံ့တသြ ဖြစ်သွားလေသည်။
" ကြက်မွှေးနှင့်ဘဲမွှေးတွေကိုလည်း မြေသြဇာအဖြစ် သုံးလိုရတယ် ဟုတ်လား "
စန်းလော့က အတည်ပြုပေးလိုက်လေသည်။
" ဟုတ်တယ် သူတို့တွေကို အာ့လိုသုံးလို့ရတယ့်အပြင် အကောင်းဆုံး မြေသြဇာတွေကိုလည်းပြုလုပ်လို့ရတယ် "
ကြက်မွှေး ပဲမွှေး ပြာနှင့်တိရစ္ဆာန်မစင်တို့ကိုပေါင်းစပ်လိုက်လျှင် အလွန်မှကောင်းမွန်သည့် မြေဆွေးကို ရရှိနိုင်လေသည်။ စန်းလော့က တောင်၏တစ်ခြားဘက်ခြမ်းက မြေတစ်ချို့ကိုရှင်းလင်းရေးလုပ်ရန် စီစဥ်ထားလေသည် ထိုနေရာတွင် သည်မြေသြဇာက အသုံးဝင်လာလိမ့်မည်။
ကြက်နှင့်ဘဲ ကလီစာများကို သေသေချာချာ သန့်ရှင်းလိုက်ပြီး သူမက နောက်ပိုင်းမှသုံးရန် မီးဖိုထဲတွင် သိမ်းဆည်းထားလိုက်လေသည်။ ထို့နောက် လက်ဆေးလိုက်ပြီး စန်လော့သည် အသီးအရွက်ဆန်ပြုတ် နည်းနည်းပါးပါးကို မြန်မြန်ဆန်ဆန် ချက်ပြုတ်လိုက်၏။ စားသောက်ပြီးနောက်တွင် သူမက ဘဲပေါက်လေးများကို နေ့စဥ်ရေကူးပေးရန်အတွက် အနီးအနားက စမ်းချောင်းဘေးက ရေအိုင်လေးဆီသို့ ယူသွားလိုက်လေသည်။
ဒါသည် ဘဲပေါက်ကလေးများကို အိမ်သို့ဝယ်ပြန် လာပြီးကတည်းက တစ်နေ့နှစ်ကြိမ်လုပ်ရသည့်အလုပ် ဖြစ်လာတော့သည်။
အလွန်မှငယ်သေးသည့်အတွက် ဘဲပေါက်လေးများသည် ရေစိုဖို့ရန် လိုအပ်သော်ငြားလည်း ရေကိုအချိန်အကြာကြီး စိမ်နေလို့ကမဖြစ်ချေ။ သို့မဟုတ်လျှင် သူတို့သည် ဖျားနာသွားနိုင်ပေသည်။ သူမက ဘဲပေါက်လေးများ၏ ခြေထောက်ကို စိုရုံလောက်သာလုပ်ပေးပြီး သူတို့၏ဗိုက်များကို မစိုအောင်သတိထား ပေးလိုက်လေသည်။
လေးငါးမိနစ်လောက် ရေကူးခိုင်းလိုက်ပြီးနောက်တွင် စန်းလော့သည် ဘဲပေါက်ကလေးများကို ခြံထဲသို့ ပြန်ယူလာခဲ့လိုက်သည်။
ဒါက မနက်ခင်း၏လုပ်ငန်းဆောင်တာများ ပြီးစီးသွားသည့်သဘောပင်။ သူမက ခြံတံခါးကိုပိတ်လိုက်ပြီး ကလေးများနှင့်အိမ်ထဲသို့ ပြန်ဝင်လာကာ အားလုံးက နာရီဝက်လောက် တမှေးအိပ်လိုက်ကြလေသည်။
ညနေပိုင်းတွင် သူမက ဝက်အဆီများကို စတင်ထုတ်လိုက်ပြီး ထို့နောက်တွင်တော့ ကြက်သားကိုစတူးလုပ်လိုက်ကာ ဘဲကိုလည်းကင်လိုက်ပြီး ဝက်သားကိုလည်းအိုးနှပ်ချက်ဖို့ ပြင်ဆင်လိုက်လေသည်။ ဒီအဓိကဟင်းလျာများကို ကြိုတင်ပြင်ဆင်ထားနိုင်သည်။ ညနေခင်းတွင် သူမက ဟင်းအေးများကို စတင်ပြင်ဆင်လိုက်ပြီးနောက် ဝက်သးနှပ်နှင့်ကြက်စတူးကို ပြန်ပေါင်းလိုက်ကာ ဘဲကင်ကိုတော့ အိုးထဲတွင်ချန်ထားလိုက်ပြီး နောက်ဆုံးအချိန်ကျမှ ကြက်သွန်မိတ်နှင့် ကြက်သွန်ဖြူတို့ကို အသုံးပြုကာ ပြန်ပြီး အပူပေးလိုက်လေသည်။
သူတို့ပြင်ဆင်နေတုန်းတွင် အဖွားချန်းနှင့်အဖွားလုတို့ကလည်း ရောက်လာပြီး သူတို့သည် ကိုယ်ပိုင်အသုံးအဆောင်များကို သယ်လာကြလေသည်။ ခြံဝန်းငယ်လေးထဲသို့ မရောက်ခင်မှာပင် အသားများကို ချက်ပြုတ်နေသည့် ရနံ့လှိုင်လှိုင်က တောင်ပေါ်မှဝေ့ကာ ဆင်းလာပြီး သူတို့၏အာရုံကို မချင့်မရဲဖြစ်နေစေတော့သည်။
ရနံ့ထဲတွင်ဝက်သားနှပ်နှင့်ကြက်စတူးအပြင် သူတို့ချက်ချင်း မခွဲခြားနိုင်သည့် သွားရည်ကျစရာ နောက်ထပ်ရနံ့တစ်ခုလည်း ပါနေသယောင်ပင်။
အမျိုးသမီးနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့၏ခြေလှမ်းများကို သွက်သွက်လှမ်းလိုက်ကာ ဖိတ်ခေါ်နေသည့်ရနံ့နောက်သို့ လိုက်သွားတော့သည်။
ရှန်းအန်းနှင့်ရှန်းနဥ်တို့သည် စမ်းချောင်းထဲတွင် အသီးအရွက်များကို ဆေးကြောနေလေသည်။ အမျိုးသမီးကြီးနှစ်ယောက်ကို မြင်လိုက်သည်တွင် သူတို့က ထရပ်လိုက်ကြပြီးသူတို့ကို နှုတ်ဆက်လိုက်ကြသည်။
" အဖွားချန်း အဖွားလု ရောက်လာပြီလား "
သူတို့က မြန်မြန်ဆန်ဆန် ခြင်းတောင်းများကိုသယ်ကူပေးကြလေသည်။
" နင်တို့ရဲ့မရီးက ဒီလောက်အစောကြီး စပြီးချက်ပြုတ်နေပြီလား "
ကလေးနှစ်ယောက်ကခေါင်းငြိမ့်လိုက်ပြီး ရှန်းနဥ်က ထပ်ဖြည့်ပြောလိုက်လေသည်။
" ယောင်းမက အအေးဟင်းနဲ့ ကြိုတင်ပြင်ဆင်ထားလို့ရတဲ့ အသားဟင်းတွေကို ပြင်ဆင်ထားတာပါ "
သူတို့သည် စကားပြောလာရင်းကခြံဝန်းထဲသို့ ဝင်လာကြလေသည်။ မီးဖိုချောင်ပြတင်းပေါက်မှနေ၍ စန်းလော့က ရောက်လာသည့် ဧည့်သည်များကို မြင်လိုက်ပြီး သူမ၏လုပ်လက်စ အလုပ်များကို ချထားလိုက်ကာ သူတို့ကို နှုတ်ဆက်လိုက်ပြီး စကားစမြည် နည်းနည်းပါးပါး ပြောလိုက်လေသည်။
အဖွားချန်းက လေထဲကအနံ့ကို ရှူရှိုက်လိုက်၏။
" တောင်အောက်မှာကတည်းက အရသာရှိတဲ့အနံတွေကိုရနေတာ နင်ကြက်သားနှင့်ပဲသားဟင်းတွေကို ပြင်ဆင်နေတာလား "
စန်းလော့က အဖွားအိုနှစ်ယောက်လက်ထဲက ခြင်းများကိုယူလိုက်ပြီး ပြုံးပြလိုက်လေသည်။
" ဟုတ်တယ် ကျွန်မတို့ဒီနေ့ပဲသားနှင့်ကြက်သားတွေကို စားကြမှာလေ အဖွားတို့နှစ်ယောက်ကူညီပေးလို့ ကျေးဇူးတင်ပါတယ်နော် "
အမျိုးသမီးကြီးနှစ်ယောက်စလုံးက တဟင်းဟင်း ရယ်မောလိုက်ကြသည်။
" ကြက်သားရယ် ဘဲသားရယ် နောက်ထပ်အသားတွေရယ်ပါမှတော့ ဘယ်ဟာကိုပိုကောင်းတဲ့အစားအသောက်လို့ ပြောနိုင်အုံးမှာလဲ"
သူတို့အားလုံးက မီးဖိုချောင်ထဲသို့ ဝင်လာလိုက်ကြသည်။ ထိုနေရာတွင် ဟင်းလျာများကို ပြင်ဆင်ထားပြီး အပြည့်ဖြစ်နေသည့် ကြွေဇလုံများနှင့် ဟင်းရည်ပန်းကန်လုံးများကို မြင်လိုက်ခါအဖွားလုက ချီးမွမ်းစကား ပြောလိုက်လေသည်။
" သြော် စန်းကလေးမ နင့်ရဲ့ချက်ပြုတ်တယ့်စွမ်းရည်က တော်တော်လေး အထင်ကြီးစရာကောင်းတာပဲ "
အစတုန်းကတော့ သူတို့ကအချက်အပြုတ်ကို တာဝန်ယူပေးရလိမ့်မယ်လို့ စဥ်းစားလာခဲ့တာ။ ဒါပေမဲ့ စန်းလော့ပြင်ဆင်ထားတဲ့ ဟင်းလျာတွေကို မြင်သွားတော့ သူတို့တွေကလုပ်ပေးဖို့ မလို့တော့ဘူးဆိုတာ သိလိုက်တယ်လေ။ ငယ်ရွယ်ပင်မဲ့လည်း စန်းမိန်းကလေးရဲ့ ဟင်းချက်တဲ့အရည်အချင်းက သူတို့ထက်တောင် သာလွန်ပုံရတယ်။ သူမက အသေးစိတ်ကို ပြင်ဆင်ထားတာပဲ။ အချိန်အများကြီးသုံးရတဲ့ ဟင်းလျာတွေကို ကြိုတင်ပြင်ဆင်ထားတယ်။ ကျန်တာတွေကိုလည်း တစ်ယောက်ထဲလုပ်နိုင်တယ့် စွမ်းရည်ရှိတယ်။
ပြင်ဆင်နေမှုများကို အကဲခပ်လိုက်ပြီးနောက် အဖွားကြီးနှစ်ယောက်က သူတို့၏တာဝန်များကို မြန်မြန် ရှာဖွေလိုက်ကာ အသီးအရွက်ဆေးကြောခြင်းနှင့် လှီးဖြတ်ပေးခြင်းစသည့် တာဝန်သေးသေးလေးများကို ကူညီပေးလိုက်လေသည်။
သူတို့က အလုပ်ကိုမြန်မြန်ဆန်ဆန် ခွဲယူလိုက်ကြသည်။ ရှန်းအန်းနှင့်ရှန်းနဥ်တို့က သူတို့၏အသီးအရွက်ဆေးသည့် တာဝန်မှ လွတ်မြောက်သွားပြီး မပြီးသေးသည့်ဝါးခြံစည်းရိုး ပြုလုပ်ဖို့ရန် ထွက်သွားကြလေသည်။
တစ်ချိန်ထဲတွင်စန်းလော့သည် မီးဖိုချောင်ထဲတွင် အလုပ်များနေပြီး မနက်ကတို့ဟူးလုပ်ရမှ ထွက်လာသည့်တို့ဟူးအနှစ်များကို သုံးကာ အသားလုံးများ လုပ်လိုက်လေသည်။ ကြက်သွန်ပင်ကို လှီးဖြတ်လိုက်ပြီး အသားကို နုတ်နုတ်စင်းကာ ကြက်ဥလေးလုံးထည့်ပြီးအစာပလာဖြင့် ဆီနှစ်ကာ ကြော်လိုက်လေသည်။
အဖွားချန်းက အသီးအရွက်များ လာရောက်လှီးဖြတ်ချိန်တွင် ရွှေဝါရောင်သမ်းနေသည့် အသားလုံးလေးများကို မြင်လိုက်ပြီး သူမက တအံ့တသြပြောလိုက်၏။
“ကလေးတွေတော့ ဒီနေ့ တော်တော်လေးစိတ်လှုပ်ရှားနေကြမှာပဲ ဒါက နှစ်သစ်ကူးစားသောက်ပွဲထက်တောင်ပိုပြီးတော့ ဖွယ်ဖွယ်ရာရာ ရှိသေးတယ်လေ”
တို့ဟူးဖြူ ၃တုံးနှင့်နတ်သမီးတို့ဟူး၃တုံးကိုထည့်ထားသည့် ကြွေပန်းကန်ပြားတစ်ခုကို မြင်လိုက်ချိန်တွင် အဖွားချန်းက မျက်ခုံးတစ်ဖက် ပင့်သွားလေသည်။
" ဒီဟင်းလျာနှစ်ခုကလဲ ဒီနေ့ညအတွက်လား "
စန်းလော့က အပြုံးတစ်ခုဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး အဖွားချန်းသည် စောစောက သူမ၏စောစောက ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း သိလိုက်ရကာ ဝမ်းသာအားရ ရယ်မောလိုက်လေသည်။
ဒီအချိန်တွင် အဖွားလုကလည်း အသီးအရွက်ဆေးပြီးဝင်လာရာ ကြွေဇလုံထဲက မရင်းနှီးသည့်ဟင်းလျာများကို မြင်လိုက်ချိန်တွင် အံ့သြသွားပြီး မေးခွန်းထုတ်တော့သည်။
စန်းလော့က ထိုဟင်းလျာများကိုသူမကိုယ်တိုင် ပြုလုပ်ထားသည်ဟု မပြောနေတော့ပဲ ဟင်းလျာများကိုအတိုချုပ် မိတ်ဆက်ပေးလိုက်သည်။ သူမကအပြုံးလေးနှင့်သာပြောလိုက်သည်။
" ကျွန်မတို့က ဖွယ်ဖွယ်လျာလျာဟင်းလျာတွေ အများကြီး မတတ်နိုင်ဘူးလေ၊ ဒါကြောင့်မလို့ ကျွန်မက စားသောက်ပွဲကို နည်းနည်းစည်ကားသွားအောင် အသစ်အဆန်း အစားအသောက်လေးတစ်ချို့ကို ပြင်ဆင်ဖို့ဆုံးဖြတ်ထားလိုက်တာ၊ အဖွားတို့က ခဏနေမှ မြည်းကြည့်ကြပြီးတော့ ကြိုက်မကြိုက် ပြန်ပြောကြပေါ့”
အဖွားလုက အားထုတ်မှုကို အလိုလို ချီးကျူးလေတော့သည်။
တို့ဟူးအမျိုးအစားနှစ်ခုစလုံးကိုပြင်ဆင်ရသည်က မရှုပ်ထွေးချေ။ ကလေးများလည်း စားကြမည်ကို စဥ်းစားမိတော့ သူမသည် ဟင်းပွဲသုံးမျိုးကို သကြားရည်ဖြင့်ရောထားသည့် နတ်သမီးတို့ဟူးကို ပြင်ဆင်ပေးလိုက်ပြီး ရိုးရိုးတို့ဟူးကိုတော့ နှစ်တုံးကို အသားစဥ်းကောတို့ဟူး လုပ်ရန်သုံးလိုက်သည်။ နောက်ဆုံးတစ်တုံးကိုတော့ ကြက်သွေးတို့ဟူးနှင့် ပဲသွေးတို့ဟူးလုပ်ရန် ခွဲသုံးလိုက်လေသည်။
အဖွားချန်းက ကလေ့လာကြည့်လိုက်ပြီးနောက် အဖွားလုဘက်လှည့်ကာ အပြုံးဖြင့်ပြောလိုက်လေသည်။
" ဒီနေ့ ရှင်ကတော့ကောင်းကောင်း စားသောက်ရတော့မှာပဲ "
အဖွားချန်းက အစားအသောက်ကောင်းများကိုရည်ညွှန်းပြီး ပြောနေမှန်းသိလိုက်လေရာ အဖွားလုသည်ဝမ်းသာအားရ ထောက်ခံလေသည်။
စန်းလော့က နတ်သမီးတို့ဟူးနှင့် ရိုးရိုးတို့ဟူးများကို ဒီနေ့ဟင်းအမယ်ထဲတွင် ထည့်သွင်းခြင်းက ဟင်းလျာများကို ဖွယ်ဖွယ်လျာလျာ စီစဥ်ချင်သည့်အကြောင်းပြချက်တစ်ခု မဟုတ်ကြောင်း ခံစားမိလေသည်။
ဟင်းပွဲကအလျှံပယ်ဖြစ်ပြီးသားလေ။ ကြက်စတူးရယ်၊ ဘဲသားနှပ်ရယ်၊ ဝက်သားနှပ်ရယ်၊ ဝက်အူကြမ်း အစပ်ရယ်၊ ဝက်နားရွက်သုပ်ရယ်၊ ကြက်သားနဲ့ကြက်သွန်ဖြူဆီချက်ရယ်၊ ဘဲကလီစာရယ်၊ ကြက်သွေးတို့ဟူး၊ ပဲသွေးတို့ဟူး၊ နတ်သမီးတို့ဟူးနဲ့ အသားလုံးကြော်တွေလေ။
ဘဲသွေးတို့ဟူးများအတွက်တော့ ဟင်းလျာက အားလုံးအတွက် မလောက်ငှလေရာ စားပွဲနှစ်ခုတွင် ဘဲသွေးတို့ဟူးများကို ဧည့်ခံပြီး ကျန်စားပွဲတစ်ခုတွင် ကြက်သွေးတို့ဟူးများကိုဧည့်ခံကာ စုစုပေါင်းဟင်းလျာအဖြစ် စဥ်းစားနိုင်လေသည်။ ဒါကပင် ပန်းကန်လုံးကြီး ၉လုံးလောက်ဖြစ်သွားသည်။
ထို့အပြင်ဝက်အသည်းဟင်းလျာနှင့် မုန်လာဥဖြူအရိုးစွပ်ပြုတ်တို့ကလည်း သက်သက်လွတ်ဟင်းလျာဟု စဥ်းစားလို့မရပေ။
ဟင်းလျာဆယ်ခုကျော်တွင် အများစုက အသားပါဝင်ရာ ဖွယ်ဖွယ်ရာရာ မဖြစ်ပါဟု အဘယ်မှာ မှတ်ယူနိုင်ပါမည်နည်း။
ထိုကြောင့် တို့ဟူးအမျိုးအစားနှစ်မျိုးလုံး ထည့်သွင်းထားသည့် ဒီနေ့ဟင်းလျာသည် စားသောက်ပွဲ၏ အဓိကဟင်းလျာဖြစ်သည်။ စန်းလော့တွင်တစ်ခြားစိတ်ကူးများရှိလိမ့်မည်ဟု အဖွားချန်းကို စဥ်းစားစေမိလေသည်။
အစောပိုင်းက နတ်သမီးတို့ဟူးပြုလုပ်ခြင်းက အချိန်အများကြီး သုံးရသည်။ ယခုတွင် ရိုးရိုးတို့ဟူး ထည့်ဖြည့်လိုက်စဥ်တွင် နေ့စဥ်လုပ်ငန်းဆောင်တာက ပိုပြီးများပြားလာသည့်သဘောပင်။ စီရင်စုကိုသွားကာ ဆိုင်ခင်းဖို့အတွက် တစ်နေ့လျှင် နေ့တစ်ဝက်စာမိုင်၂၀ ကျော်လောက်အသွားအပြန် ခရီးသွားရလေသည်။
နောက်ဆုံးစန်းလော့သည် သံဖြင့်ပြုလုပ်ထားခြင်းမဟုတ်ချေ။ သူမက ဒီလိုလုပ်အားမျိုးကို သေချာပေါက် ကိုင်တွယ်နိုင်လိမ့်မည်မဟုတ်ချေ။ ထို့အပြင် အဖွားချန်း၏ စန်လော့အပေါ်သဘောထားက သူမသည် အသေးငယ်ဆုံးသော အကူအညီကိုပင် မှတ်မိတတ်လေရာ သူမက တတ်နိုင်လျှင်ပြန်ပြီးတော့ ကျေးဇူးဆပ်ပေလိမ့်မည်။
ရှီမိသားစု နင့်လုမိသားစုတို့က သူမ၏အိမ်ဆောက်ခြင်းတွင် ကူညီပေးထားရာ စန်းလော့က သူတို့၏စေတနာကို ပြန်လည် စဥ်းစားပေးချင်သည့်အတွေးက အစောကြီးကတည်းက ရှိနေလောက်သည်။
အဖွားချန်းက ခန့်မှန်းထားလိုက်၏။ အလုပ်များလှသည့် စိုက်ပျိုးရေးကာလပြီးလျှင်တော့ သူမ၏ မြေးချွေးမလေးဖန်းညန်ကဲ့သို့ စီးပွားရေးအလုပ်ကို စတင်တော့မည့် ရှီမိသားစုနှင့်လုမိသားစုတို့အိမ်က လူများပါလိမ့်မည်ဖြစ်ရာ စန်းလော့၏ လုပ်ငန်းကလည်း အရှိန်မြင့်လာလိမ့်မည်။
မီးဖိုချောင်သည် ချက်ပြုတ်ခြင်းအလုပ်နှင့် စည်ကားနေဆဲဖြစ်ကာ ကလေးတစ်အုပ်ကတော့ စပါးရိတ်ခြင်းအလုပ်တွင် ကူညီပေးရန်မလိုသဖြင့် စားသောက်ပွဲသို့ စောစောစီးစီး ရောက်နှင့်ကြလေသည်။
အသားနံ့က ကလေးများကို လှုံ့ဆော်နေပြီး သူတို့၏ပါးစပ်က သွားရည်ပင်ကျလာသည်။ သို့သော်ငြားလည်း သူတို့သည်စားပွဲများကို မခင်းကျင်းရသေးသဖြင့် စားသောက်ပွဲအတွက် အချိန်မကျသေးမှန်း သိရှိလေရာ ရှန်းကျင့်ကဲ့သို့ ခြံဝန်းထဲသို့ခေါင်းလေးပြူပြီး မကြည့်ရဲကြချေ။
သူတို့၏ အစာအိမ်များက ဆာလောင်မှုကြောင့် တဂွီဂွီမြည်နေတော့သည်။
" ရှန်းကျင့် မင်းရဲ့နှခေါင်းကအကောင်းဆုံးပဲ၊ ဘာဟင်းတွေ ချက်နေလဲဆိုတာ ပြောနိုင်လား” ဟူးကျီကမေးလိုက်လေသည်။
ရှန်းကျင့်က ယုံကြည်မှုရှိရှိဖြင့် ပြန်ဖြေလိုက်သည်။
" မုန်လာဥဖြူ နှင့် အသားပြုတ်ရည် "
ကလေးတစ်အုပ်က အားတက်သရော ထောက်ခံကြသည်။
" နောက်ထပ်ရော ဘာရှိသေးလဲ” ဟူကျီကလေထဲတွင် တရှုံ့ရှုံ့ ရှူရှိုက်လိုက်သည်။
" မုန်လာဥဖြူ အနံ့က အရမ်းပြင်းတယ်လေ ငါ တစ်ခြားဟာတွေကို မခန့်မှန်းနိုင်ဘူး "
ရှန်းကျင့် ကနောက်တစ်ဖန် ရှုရှိုက်လိုက်သည်။
" ကြက်စတူးရယ် ဝက်သားနှပ်ရယ် "
သူသည် ကျန်တာကိုတော့မပြောနိုင်ချေ။ ဟင်းရနံ့က စားချင်စဖွယ်ဖြစ်ပြီး လွှမ်းမိုးထားကာ မုန်လာဥဖြူအသားပြုတ်အနံက လွှမ်းမိုးနေ၏ သို့သော်ငြား သူ့အတွက်ကတော့ မရင်းနှီးနေချေ။
သူက ထပ်ပြောလိုက်သည်။
"ဘဲသားရောပါတယ် "
ရှန်းကျင့်က တခစ်ခစ်ရယ်လိုက်လေသည်။ နေ့လည်ခင်းက သူကိုယ်တိုင် ဘဲမွှေးများနှုတ်ပေးခဲ့သည်ကို ပြန်စဥ်းစားမိလေသည်။
တစ်ခြားကလေးများကတော့ တအံ့တသြ ပါးစပ်အဟောင်းသားနှင့် ဖြစ်နေကြသည်။
" ရှန်းကျင့် မင်းကဒီလောက်ဟင်းတွေအများကြီးရဲ့အနံ့ကို ခွဲခြားနိုင်တာအံသြစရာကောင်းလိုက်တာ”
" အစ်ကိုကြီး ငါတို့ဦးလေးက ဘယ်အချိန်မှစားပွဲတွေကို သယ်လာမှာလဲ စားသောက်ပွဲကရော ဘာလို့မစသေးတာလဲ"
" အေးလေ ငါ့အဖေလဲအခုထိမရောက်လာသေးဘူး၊ အဖွား ပြောတာကတော့ ဒီနေ့ သူစောစောပြန်လာပြီး စားပွဲနှင့်ထိုင်ခုံတွေကို သယ်ကူပေးမှာတဲ့”
" ငါကတော့ အသားကို အရမ်းစားချင်နေပြီ "
" ငါက ကြက်သားစားချင်တာ "
ရှန်းကျင့်က ကြွားဝါလိုက်သည်။
" ငါကတော့အားလုံးကို စားချင်တယ်၊ နေ့လည်ကတောင် ဆန်ပြုတ်ကို နည်းနည်းပဲ စားထားတာ ဒီနေ့ညစာအတွက် နေရာ ချန်ထားလို့ရအောင်လေ "
ဟူကျီ၏မျက်နှာက အလန့်တစ်ကြားဖြစ်သွားပြီး အားကျစိတ်ဖြင့် အမြန်လှည့်ကြည့်လိုက်လေသည်။
" ဝိုး မင်းကဉာဏ်ကောင်းလိုက်တာ ငါက ဘာဖြစ်လို့ ဒီလို မစဥ်းစားခဲ့မိပါလိမ့် "
" ဒီနေ့ ငါတို့တွေက အိမ်မှာ အဝစားခဲ့ကြတယ်လေ စိုက်ပျိုးရေးရာသီ အလုပ်များနေတာဆိုတော့ ငါတို့တွေ နေ့လည်စာအတွက် ကြက်အူချောင်း စားခဲ့သေးတယ် ငါ့ဟာ့ငါ မထိန်းနိုင်တာနဲ့ အများကြီးစားခဲ့မိတာ "
ဟူကျီက ကိုယ့်ဟာကိုယ် ပြန်စဥ်းစားလိုက်ပြီး သူသည် ရှန်းကျင့်၏ဗျူဟာနောက်လိုက်ကာ ကြိုတင်မမြင်လိုက်ရခြင်းဟု စဥ်းစားမိလေသည်။
ကြက်သား၊ ဝက်သား၊ ဘဲသားနှပ်တဲ့။
ထိုအတွေးတစ်ခုထဲနှင့်တင် သူ့ပါးစပ်က မထိန်းနိုင်လောက်အောင် သွားရည်များ ထွက်လာတော့သည်။
ခြံအနောက်ဖက်တွင် ခြံစည်းရိုးများကို ကြိုးဖြင့် ချည်ရင်းအလုပ်များနေသည့် ရှန်းအန်းက ဆူညံသံကိုလှမ်းကြားလိုက်ရာ သူ၏ခြံတံခါးနားတွင် ကလေးတစ်အုပ်စုဝေးနေသည်ကို လာထွက်ကြည့်လေသည်။
ရှန်းထျယ် နှင့်ရှန်းထျန်းတို့လို ကလေးပိစိလေးက ဝင်ပါဖို့နေရာ မရှိလေရာ နောက်ဆုံး နေရာတွင်ဒီအတိုင်း ရပ်နေကြလေသည်။
ရှန်းအန်းက အနားသို့ရောက်လာ၏။
" မင်းတို့တွေ ဒီမှာ ဘာလုပ်နေကြတာလဲ "
မီးဖိုချောင်ဘက်သို့လှည့်ကာ သွားရည်များကျနေကြသည့် ကလေးတစ်အုပ်သည် ကိုယ်ကိုလှည့်ကြည့်လာပြီး သူတို့၏မျက်လုံးများက ရှန်းအန်းကို မြင်လိုက်ချိန်တွင် လင်းလက်သွားကြတော့သည်။
" ငါတို့တွေ ဒီနေ့ညစာအတွက် ဘာဟင်းလဲဆိုတာကို အနံ့ခံနေတာ မင်းကတော့ သိမှာပေါ့ ဟုတ်တယ်မလား "
ရှန်းအန်းသည် အော်ရယ်လိုက်သည်။
" အစားအသောက်ကောင်းတွေပေါ့ ညစာစားချိန်ရောက်တော့မှာပါ မင်းတို့တွေခဏနေမြင်ရမှာပေါ့ ဘာတွေလောနေတာလဲ "
ရှန်းကျင့်က ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်ပြီး "မင်းနားမလည်ပါဘူးကွာ ငါတို့တွေကဒီနေ့ကို ဒီနေ့ကိုအချိန်အကြာကြီးမျှော်လင့်လာခဲ့ရတာ "
စိတ်ပျက်ပျက်နှင့်ရှန်းအန်းက သူ့ကို လှမ်းကြည့်လိုက်သည်။
" မင်းရဲ့သွားရည်တွေကို သုတ်လိုက်အုံး "
ရှန်းကျင့် : ....
သူ သွားရည်ကျသွားလား။
...
သူက ပါးစပ်ကိုအလျင်စလို သုတ်လိုက်လေသည်။
လာလှောင်နေတာပဲ။ အစကတည်းက သွားရည်တွေမှမရှိတာ။ ဒါပေမဲ့ သူကတော့ သုတ်နှင့်ပြီးသွားပြီလေ။
သူတစ်ယောက်တင်မဟုတ်ပေ။ ထိုစကားကို ကြားလိုက်ချိန်တွင် ဟူကျီမှလွှဲလျှင် ကလေးငယ်လေးအားလုံးက ရှန်းကျင့်နည်းတူ တုံ့ပြန်လိုက်ကြသည်။
နောက်မှရောက်လာသည့်ရှန်းနဥ်က ထိုမြင်ကွင်းကြောင့် အော်ရယ်တော့သည်။
သူမကပြောလိုက်၏။
" ဘာတွေစိတ်ရှုပ်ခံပြီး မေးနေတာလဲ၊ နင်က ငါ့အစ်ကိုမေးလို့ရော သူက ငါ့ယောင်းမဝယ်ပြန်လာတဲ့ ဟင်းတွေကိုပဲ ပြောပြမှာပေါ့ စားပွဲပေါ်မှာ လှလှပပ ပြင်ဆင်ထားတာကို စောင့်ကြည့်ရင် ပိုမကောင်းဘူးလား၊ ကဲပါလေ၊ အငယ်လေးတွေ သွားကစားကြ၊ ဟူကျီ၊ ရှန်းကျင့်၊ ငါနဲ့ငါ့အစ်ကိုက ခြံစည်းရိုးလုပ်နေတာ လာကူပါလား "
ရှန်းအန်းနှင့်ရှန်းနဥ်တို့၏ အိမ်တွင်စားသောက်ရမည်ကို ဝမ်သာအားရဖြစ်နေသည့် ကလေးတစ်စုက ရှန်းနဥ်၏ညွှန်ကြားချက်ကို လိုက်နာရန်အဆင်သင့် ဖြစ်နေကြလေသည်။ သူတို့က လူစုခွဲလိုက်ကြပြီး တစ်ချို့က တောင်ကျစမ်းချောင်းရေက ဝါးပိုက်များကိုသွားကြည့်ကြသည်။ တစ်ချို့ကတော့ ငှက်ပျောရွက်များဖြင့် အမိုးလုပ်ထားသည့် ကြမ်ခြံလေးကိုကြည့်ရှုနေကြသည်။ တစ်ချို့က တောပန်းကလေးများကို သွားခူးကြပြီး အုပ်စုလေးဖွဲ့ကာ စိတ်ဝင်တစား ကစားနေကြတော့သည်။
ရှန်းအန်းနှင့်ကလေးကြီးလေးယောက်တို့က ခြံစည်းရိုးလုပ်ရန် သွားလိုက်ကြသည်။ ဟူကျီနှင့်ရှန်းကျင့်တို့သည် ရှန်အန်း အိမ်၏ဝေယျာဝစ္စကို အထူးတလည် ကူညီပေးဖို့ အားတက်နေကြလေသည်။ အလုပ်အများကြီး လုပ်ပေးရသည်ထက် လုံလုံလောက်လောက် မလုပ်ပေးရမှာ စိုးရိမ်နေသောကြေင့်ပင်။
ဟူကျီနှင့်ရှန်းကျင့်တို့နှစ်ယောက်စလုံးသည် အရင်ကခြံစည်းရိုးများကို မလုပ်ဖူးခဲ့ချေ။ သို့သော်ငြား ရှန်းအန်းနှင့်ရှန်းနဥ်တို့၏ ညွှန်ကြားချက်ကြောင့် သူတို့သည် မြန်မြန်ဆန်ဆန် လုပ်တတ်သွားကြတော့သည်။
ရှန်းမိသားစု၏အိမ်ပတ်ဝန်းကျင်ကို လေ့လာမိနေသည့်ဟူကျီက ထပ်မေးလိုက်သည်။
" မင်းတို့အိမ်က နေ့တိုင်း နည်းနည်းချင်းစီ ပြောင်းလဲလာတာ ပိုပြီးတော့ ကောင်းလာတယ်နော် "
ရှန်းအန်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ဖြေလေသည်။
" ဟုတ်တယ် ငါ့မရီးက အရမ်းဉာဏ်ကောင်းတာလေ၊ အဲဒီ့ကြက်ခြံကိုတွေ့လား သူကိုယ်တိုင် ဆောက်ထားတာ အထင်ကြီးစရာ ကောင်းတယ်မဟုတ်လား၊ မင်းတို့အိမ်ရဲ့ကြက်ခြံမှာ ငှက်ပျောရွက်နဲ့လုပ်ထားတဲ့ အမိုးရှိသလား "
ဟူကျီနှင့်ရှန်းကျင်တို့ နှစ်ယောက်စလုံးက ခေါင်းခါလိုက်လေသည်။
ရှန်းအန်းက ရှင်းပြလိုက်သည်။
" ငှက်ပျောရွက်နဲ့အမိုးလုပ်တာက ဆွဲဆောင်မှုရှိတဲ့အပြင် မိုးရေလည်း ခံတယ်လေ၊ ငါ့မရီးကပြောတယ်၊ ငှက်ပျောရွက်တွေက မိုးမစိုဘူးတဲ့ "
ရှန်းနဥ်ကလည်း ထပ်ပြောလေသည်။
"နောက်ပြီးတော့ ဒါက နေပူတဲ့နေ့တွေဆိုရင် အရိပ်ဖန်တီးပေးတယ်လေ ဒီတော့ ကြက်ပေါက်လေးတွေနဲ့ဘဲတွေက အပူမလွန်တော့ဘူးပေါ့ "
မောင်နှမနှစ်ယောက်က သူတို့ယောင်းမဆောက်ထားသည့် ကြက်အိမ်လေးကို သူတို့လုပ်ထားသည့်နှယ် ကြွားဝါနေလိုက်ပြီး ရှန်းမိသားစု၏ ကြက်ခြံလေးဘက်ကို ဆက်တိုက်လှမ်းကြည့်နေသည့် ဟူကျီ၏စိတ်ဝင်စားမှုကို တိုးတက်အောင်လုပ်နေတော့သည်။
စဥ်းစားကြည့်လိုက်တော့ သူကအိမ်ကိုပြန်ပြီး စားသောက်ပွဲကို လိုက်ခဲ့ဖို့သူရဲ့ အစ်ကိုကြီးတွေကိုပြောရင် ကောင်းမလား။
အတွေးနစ်နေဆဲတွင် သူသည် အိမ်နားက ကလေးများကြားက ဆော့ကစားနေသံကို သတိထားမိလိုက်လေသည်။
ဟူကျီနှင့်တစ်ခြားကလေးများက ရှေသို့သွားကာ လှမ်းကြည့်လိုက်ပြီး စိတ်လှုပ်ရှားမတတ် ထခုန်ကြတော့သည်။
" ငါ့အဖေက စားပွဲတစ်လုံးယူလာတယ်” တစ်ယောက်က ထအော်လိုက်သည်။
စန်းနျိုကလည်းဝမ်းသာအားရ ပြောလေသည်။
" ငါ့အဖေလည်း စားပွဲတစ်လုံး ယူလာတယ်ဟေ့ "
ရှန်းကျင့်၊ ရှန်းယင်၊ ရှန်းထျယ် : ...
သူတို့အဖေကတော့ ဒီလိုကိစ္စမျိုးကို တစ်ခါမှမလုပ်ပေးခဲ့ဘူးချေ။
ရှန်းအန်းက ခြံစည်းရိုးလုပ်နေသည်ကို ရပ်ထားလိုက်ပြီး အကူအညီပေးဖို့လိုမလို အပြေးအလွှားသွားကြည့်လိုက်လေသည်။ ထိုနောက်တွင်တော့ တနျိုနှင့်အာ့နျိုတို့တစ်ယောက်စီက တောင်အောက်မှ ထိုင်ခုံနှစ်လုံးကို သယ်လာသည်ကို သတိထားမိလိုက်သည်။
တနျိုကသယ်နိုင်ပါသော်လည်း အာ့နျိုကတော့ သိသိသာသာ ရုန်းကန်နေရလေသည်။ ထို့ကြောင့် သူက မြန်မြန်ပြေးသွားပြီး ကူညီပေးလိုက်သည်။
ထိုင်ခုံများကိုသယ်ကူကြသည်မှာ ရှန်းအန်းတစ်ယောက်ထဲ မဟုတ်ချေ။ စားပွဲများနှင့် ထိုင်ခုံရှည်များကို ထပ်ယူလာသည်တွင် ရှန်းကျင့်၊ဟူကျီနှင့် ရှန်းနဥ်ကပါ အပြေးအလွှားသွားပြီး ကူညီကြလေသည်။
ကလေးများသည် ပွဲတော်တစ်ခုနှင့် ဝမ်းသာစိတ်လှုပ်ရှားနေကြပြီး ခြံဝန်းထဲတွင်လူကြီးများက စားပွဲများကို ပြင်ဆင်နေသည်ကို ဝိုင်းအုံကာ ကြည့်နေကြလေသည်။
မီးဖိုချောင်ကို ကျယ်ကျယ်ဝန်းဝန်း ဆောက်လုပ်ထားသည်ဖြစ်သဖြင့် စန်းလော့၏ အိမ်၏အရှေ့ဘက်ခြံဝန်းမှာ အနောက်ဘက်ခြံဝန်းထက် သိသိသာသာ ပိုကြီးမားလေသည်။ တဖြည်းဖြည်းနှင့် စားပွဲသုံးလုံးကို ယူဝင်လာခဲ့ကြပြီး နည်းနည်းပါးပါး နေရာချပြီးနောက်တွင် အစီအစဥ်တကျ ဖြစ်သွားတော့သည်။
ကလေးတစ်သိုက်က ထိုင်ခုံရှည်များကို သယ်လာပြီး တစ်ယောက်စီက စားပွဲဝိုင်းဘေးတွင် ထိုင်ခုံရှည်တစ်လုံးချင်းစီ ချပေးလိုက်လေသည်။
စည်ကားအသက်ဝင်လှသည့် မြင်ကွင်းတစ်ခုပင်။
စန်းလော့က ထွက်လာပြီး ချန်းယိုထျန်း၊ ရှီအာ့လန်နှင် လုတလန်တို့ဆီမှ စားပွဲအကြောင်းကို နည်းနည်းပါးပါး မေးမြန်းလိုက်သည်။ သူတို့မိသားစုကလည်း မကြာခင် ရောက်လာတော့မည်ကို သိလိုက်သည်တွင် သူမက အဓိကဟင်းလျာများကို စတင်ပြန်နွှေးလိုက်ပြီး ဟင်းလျာများကို အပြင်ဘက်တွင် စတင်တည့်ခင်းလိုက်လေသည်။
ရှန်းကျင့် နှင့်တခြားကလေးများသည် ရွှေဝါရောင်အသားလုံးကြော်ကို တွေ့လိုက်ရသည်တွင် ဝမ်းသာအားရ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ကြလေသည်။ ဟင်းပွဲများကို သယ်ကူရင်း ထွက်လာသည့်အဘွားချန်းက သည်မြင်ကွင်းကို မြင်လိုက်ရတော့ ရယ်မောလေ တော့သည်။
"နင်တို့အားလုံးစားပွဲပေါ်က အစားအသောက်တွေကို မထိကြသေးနဲ့နော်၊ ငါတို့တွေ အားလုံးရောက်လာတဲ့အထိ စောင့်ရမယ်၊ ငါတို့တွေက ငါတို့ရဲ့ ဘိုးဘွားတွေကို ပူဇော်ပသဖို့လိုတယ်၊ နောက်ပြီးတော့ စားသောက်ပွဲမစခင်မှာ မီးဖိုချောင်နတ်ကို ပူဇော်ပသဖို့လိုတယ်၊ နားလည်ကြလား "
သည်အစဥ်အလာကို မည်သူကဦးဆောင်ခဲ့သည် သေချာမသိသော်ငြားလည်း သူတို့အားလုံးက တညီတညာတည်း ခေါင်းညိမ့် ထောက်ခံလိုက်ကြလေသည်။
အဘွားချန်းက တဟင်းဟင်း ရယ်မောလိုက်ရင်း အထဲသို့ပြန်ဝင်သွားကာ ကလေးများ၏ စိတ်အားထက်သန်မှုကို သဘောကျနေတော့သည်။ သူတို့တည်ရှိနေခြင်းကပင် စည်ကားပြီး ရွှင်လန်းဖွယ် အငွေ့အသက်ကို ဖြည့်တင်းပေးနေလေသည်။
စန်းလော့ကတော့ မီးဖိုချောင်ထဲတွင် ဇဝေဇဝါဖြစ်နေသည်။
ဘိုးဘွားတွေနဲ့မီးဖိုချောင်နတ်ဘုရားကို ပူဇော်ပသရမယ်တဲ့လား။
ငါ့မှာ ဒီကိစ္စအတွက်ပြင်ဆင်ထားတာ ဘာမှမရှိဘူးလေ။
အဘွားချန်း ဝင်လာသည်ကိုမြင်လိုက်သည်တွင် စန်းလော့က မြန်မြန်ဆန်ဆန် သူမအနားသို့ ချဥ်းကပ်သွားလိုက်၏။
" အဘွား ကျွန်မလေအဘွားပြောတဲ့ ဒီဓလေ့ထုံးတမ်းနှစ်ခုကိုမသိဘူးပဲ ကျွန်မ ပြင်ဆင်ထားတာမရှိဘူး "
အဘွားကြီးနှစ်ယောက်က တဒင်္ဂ အံ့သြသွားလေသည်။
ဒါကပုံမှန်သိနေရမဲ့ အသိပဲ မဟုတ်ဘူးလား။
စန်းလော့: ...
တကယ်တော့ ငါ့အမှားလဲ မဟုတ်လေဘူး။ မိဘမဲ့တစ်ယောက်လို ကြီးပြင်းလာတဲ့အခါ ဒီဓလေ့ထုံးတမ်းကို လုံးဝမသိဘူးပေါ့။ ဘိုးဘွားတွေမှ မရှိဘဲနဲ့ ဒီလိုမျိုးရိုးရာအလေ့အထကို ဆောင်ရွက်ဖို့ဆိုတာ ငါ့အတွက် ဘယ်တော့မှမရှိလာခဲ့တဲ့အရာဘဲ။
အဘွားချန်းက အဘွားလုကို မေးလိုက်လေသည်။
" ရှင်တို့အိမ်မှာ အမွှေးတိုင်နဲ့ဖယောင်းတိုင်တွေ ရှိသလား "
လုအဘွားက ခေါင်းငြိမ့်လိုက်လေသည်။
" ရှိတယ်၊ သွားယူလိုက်မယ် "
သူမက မြန်မြန်ထွက်သွားလေသည်။
...
သူမသည် ပစ္စည်းများကိုသွားယူရန် အပြင်သို့ခပ်သွက်သွက် လျှောက်သွားလိုက်တော့သည်။
ပြောရင်းဆိုရင်းနှင့် မိသားစုသုံးခုက ဧည့်သည်များက ရောက်ရှိလာလေသည်။ လုအဘွားက အမွှေးတိုင်နှင့်ဖယောင်းတိုင်များကို ပြန်သွားယူလိုက်သည်။ အဘွားကြီးနှစ်ယောက်၏ ညွှန်ကြားချက်အောက်တွင် စန်းလော့က ထမင်းပန်းကန်တစ်လုံးနှင့် ဝက်သားနှပ်တစ်ချို့ကို အလှူပစ္စည်းအဖြစ် ပြင်ဆင်လိုက်ပြီး မီဖိုချောင်နတ်အတွက် ရိုးရာဓလေ့ကိုဆောင်ရွက်လိုက်ကာ ဘိုးဘွားတို့ကို ကန်တော့လိုက်လေသည်။ ထိုနောက်တွင်တော့ ချင်ဖန်းညန်နှင့်သူမ၏အဖွဲ့က ရောက်ရှိလို့လာသည်။
ဦးဆောင်လာသူများက ချန်းအဘိုးနှင့်သူ့သားချန်းယိုထျန်းတို့ ဖြစ်ကြပြီး ဒယ်အိုးမီးဖိုတစ်လုံးနှင့်လှေခါးတစ်ခုတို့ကို သယ်လာကြသည်။ တခြားသူများက နောက်မှလိုက်ပါလာပြီး တစ်ယောက်ချင်းစီက ပစ္စည်းများကိုသယ်လာလေသည်။ တနျိုတို့လိုကောင်ကလေးများပင် သူတို့၏ကျောပေါ်တွင် ထင်းစည်းများကို သယ်လာကြလေသည်။
တော်တော်လေး ဇဝေဇဝါဖြစ်နေဆဲမှာပင် စန်းလော့သည် ချန်းအဘွား၏ညွှန်ကြားချက်ဖြင့် ဓလေ့ထုံးတမ်းအစဥ်အလာကို ပြုလုပ်ရန်အတွက် ရှန်းအန်းနှင့်တခြားသူများနှင့် စုပေါင်းလိုက်လေသည်။
စန်းလော့သည် ခြံဝန်းထဲတွင် ချထားသည့် ဒယ်အိုးမီးဖိုကိုသယ်ဆောင်ကာ လှေခါးပေါ်တွင်ရပ်နေရသည့်အကြောင်းအရင်းကို နားမလည်သော်လည်း အစဥ်အလာကို ငြင်းဆန်လို့မရနိုင်ပေ။
ခြံဝန်းထဲသို့ ဝင်လာသည်နှင့်တပြိုင်နက် ချန်ဖန်းညန်က မင်္ဂလာရှိသည့်စကားများကိုပြောကာ သူမ၏ လက်ဆောင်များကို ပေးလိုက်လေသည်။ ထိုနောက်တွင်တော့ ရှီမိသားစု၏ယောင်းမနှင့် လုတလန်၏မိန်းမတို့က လိုက်ပါလာသည်။
ထိုအခါမှ မိသားစုသုံးခုက ချမ်းသာကြွယ်ဝခြင်း၏ အစဥ်အလာကို ပြုလုပ်ပေးရန် ဆန် ဆီနှင့်ထင်းတို့ကို ယူလာပေးခဲ့မှန်း စန်းလော့ သဘောပေါက်လိုက်လေသည်။
ကျေးဇူးတင်မိပါသော်လည်း သူမ၏ကျေးဇူးတင်စိတ်ကို မည်သို့ဖော်ပြရမည် မသိဖြစ်နေရာ စန်းလော့က ဆန်ကိုအိုးထဲထည့်လိုက်ပြီး ဆီကိုမီးဖိုချောင်ထဲတွင် သွားထားလိုက်ကာ ထင်းချောင်းကိုတော့ တံစက်မြိတ်အောက်တွင် ထိုးထည့်ထားပြီး ဧည့်သည်များကို နေရာယူဖို့ မြန်မြန်ဆန်ဆန် တိုက်တွန်းလိုက်လေသည်။
ထိုအချိန်တွင် လုမိသားစု၏ဒုတိယချွေးမနှင့်အားရှူတို့ ရောက်မလာသေးသည်ကို သတိထားမိလိုက်သည်။ စိုးရိမ်တကြီးဖြင့်သူမက လုအဘွားကို မေးလိုက်သည် ။
“အဘွားလု ဒုတိယချွေးမနှင့်အားရှူတို့ ဘာလို့မလာသေးတာလဲ”
မီးဖိုချောင်ထဲတွင် အလုပ်များနေသည့်အဘွားလုက မေးခွန်းကြောင့် တုံ့ဆိုင်းသွားသည်။ အပြင်ဘက်သို့လှမ်းထွက်လိုက်သည့်အချိန်မှ အကြီးဆုံးအိမ်ထောင်စုက လူတိုင်းက ရောက်ရှိနေပြီး တတိယသားအပါအဝင်ဖြစ်နေကာ ဒုတိယသား၏ချွေးမနှင့် အားရှူတို့က မရှိနေသည်ကို သိလိုက်ရလေသည်။
အဘွားလု၏မျက်နှာက ညိုမည်းသွားတော့သည်။ သူမက အပြစ်ရှိသလို မလုံမလဲဖြစ်နေပုံဟန် ဖြစ်နေကာ သူမ၏အကြည့်နှင့်လည်း မဆုံရဲဖြစ်နေသည့် သူမ၏အကြီးဆုံးချွေးမကို လှမ်းကြည့်လိုက်လေသည်။
မနက်ခင်းကသူမ၏ မှာကြားချက်များကို ပြန်စဥ်းစားကြည့်လိုက်သည်။ မိသားစု၏ကြီးမားသည့် အရွယ်အစားကြောင့် အားလုံးက တက်ရောက်နိုင်မည် မဟုတ်ချေ။ အထူးသဖြင့် အကြီးဆုံးအိမ်ထောင်စုက မိသားစုလေးယောက်ကို ဖိတ်ကြားထားပြီး အလုပ်တွင် မကူညီပေးခဲ့သည့် ရှီထိုတို့ကလေးများကိုပါ ထည့်သွင်းဖိတ်ကြားထားသည့် စန်းလော့၏ဖိတ်ကြားချက်ကို သတိရလိုက်လေသည်။
သို့သော်ငြားလည်း လုမိသားစုဝင်များက အလွန်မှများပြားသည်ဖြစ်ရာ တစ်စုံတစ်ယောက်၏အိမ်တွင် စားသောက်ပွဲကို အားလုံးက တက်ရောက်သည်မှာ မျက်နှာပြောင်လွန်းလှလေသည်။
လုမိသားစု၏ အကြီးဆုံးအိမ်ထောင်စုထဲတွင် ယောက်ကျားသား ငါးယောက်ထဲက လေးယောက်က ဖိတ်ကြားထားခံရပြီး တတိယသားလည်း သွားမည်ဖြစ်သည်။ ဒုတိယအိမ်ထောင်စုက သားအမိနှစ်ယောက်ကို အိမ်တွင်ချန်ထားဖို့ရန်က မသင့်တော်မှန်း လုအဘွားက စဥ်းစားသည်။ အကြီးဆုံးချွေးမ ချွန်းညန်နှင့်သူမ၏မြေး ရှီထိုတို့ကို အိမ်တွင်နေခဲ့ရမည်ဟု သည်မနက်က ဆုံးဖြတ်ပေးခဲ့သည်။
ဒုတိယချွေးမနှင့်မြေးတို့က မပါလာဘဲ အကြီးဆုံးချွေးမနှင့်ရှီထိုတို့ ရောက်လာမည်ဟု သူမက ထင်မထားခဲ့ချေ။
အဘွားလု၏မေးကြောများမှာ တင်းမာသွားပြီး သူမ၏ စိတ်မကြည်မလင် ဖြစ်နေသည့် ခံစားချက် ကို မြိုသိပ်ထားရတော့သည်။ သူမက မကျေနပ်ချက်တစ်စုံတစ်ရာကို ထုတ်ပြဖို့ရန် သည်းခံထားလိုက်ပြီး အကြီးဆုံးချွေးမကို ပြန်သွားဖို့ရန် မပြောတော့ချေ။ သူမက စန်းလော့ကို ရှင်းပြလိုက်လေသည်။
" လူအများကြီး လာဖို့မသင့်တော်ဘူးလို့ လျိုညန်က ထင်တာမလို့ အိမ်မှာတင်နေတာ ပိုကောင်းမယ်တဲ့ ဒါကြောင့်မလို့ သူတို့က ငါတို့နဲ့ မလိုက်လာဘူးလေ "
စန်းလော့က ပြန်ဖြေလိုက်လေသည်။
" ဒါပေမဲ့ အိမ်သစ်တက်ပွဲမှာ အားလုံးတွေ့ဆုံကြတာက စည်းကားသိုက်မြိုက်တဲ့ အခြေအနေပဲ မဟုတ်ဖူးလား”
သူမက ရှန်းနဥ်ကိုချက်ခြင်းလှမ်းခေါ်လိုက်သည်။
" စားသောက်ပွဲအတွက် လုဒေါ်လေးနဲ့ အားရှူတို့ကို သွားခေါ်လိုက်ပါအုန်း"
ရှန်းနဥ်က ခပ်သွက်သွက်ခေါင်းငြိမ့်လိုက်ပြီး လှစ်ခနဲ ပြေးထွက်သွားတော့သည်။
အဘွားလုက ပြံးပြလိုက်သည်။
" ဒါကို ငါဘယ်လိုပြောရမှာလဲ.. ငါတို့ရဲ့မိသားစုက အရမ်းကြီးတယ်လေ၊ မိသားစုတစ်ခုလုံးလာဖို့က ချမ်းသာတဲ့မိသားစုတစ်ခုကို အလည်လာသလို ဖြစ်နေမှာပေါ့ "
အဘွားချန်းက တစ်ခုခုကိုခံစားမိသွားပြီး ဟာသနှောကာ စကားဝိုင်းကို ဉာဏ်ပါပါဖြင့် ပြန်ဖြေပေးလိုက်လေသည်။ ရယ်မောလိုက်ပြီး စိတ်အခြေအနေကို ပေါ့ပါးအောင်လုပ်ပေးလိုက်သည်။
လုအဘွားက ဘာမှမဖြစ်ခဲ့သလို ပြုမူနေလိုက်ပြီး ချန်ဖန်းညန်နှင့် တစ်ခြားသူများကို ဟင်းပွဲများကိုကူသယ်ပေးဖို့ရန်အတွက် မီးဖိုချောင်ထဲသို့ လှိုက်လှိုက်လှဲလှဲဖြင့် ခေါ်လိုက်လေသည်။
အမျိုးသမီးများက ဝင်လိုက်ထွက်လိုက်ဖြင့် အလုပ်များနေပြီး တဖြည်းဖြည်း စားပွဲပေါ်တွင် အထင်ကြီး အားကျစရာကောင်းသည့် ဟင်းလျာများ အပြည့်ဖြစ်သွားကာ ခြံဝန်းထဲရှိ လူတိုင်းက မှင်သက်အံသြ သွားကြတော့သည်။
ချန်ဖန်းညန်နှင့်ရှီမိသားစု၏ယောင်းမကလည်း ဖွယ်ဖွယ်လျာလျာဖြစ်နေသည့် ဟင်းလျာများကြောင့် တဒင်္ဂ အံသြသွားကြလေသည်။
အလျှံပယ်ပေါများကြွယ်ဝနေပုံက သူတို့စိတ်ကိုလွှမ်းမိုးသွားကာ မျက်လုံးတွင် တလက်လက် တောက်ပလာကြတော့သည်။
အားလုံးက ခက်ခက်ခဲခဲ မြိုချလိုက်ရပါသော်လည်း အပြည့်အလျှံ တည်ခင်းထားသည့် စားပွဲနားတွင် ထိုင်ဖို့ရန်တော့ တွန့်ဆုတ်နေကြလေသည်။
အဘွားချန်းက ထိုမြင်ကွင်းကြောင့် တဟင်းဟင်း ရယ်မောတော့သည်။
"နင်တို့အားလုံး ဘာတွေစောင့်နေတာလဲ၊ လာကြလေ ယောကျ်ား၊ မိန်းမနဲ့ကလေးတွေက သက်သက်စားပွဲတစ်ခုစီယူကြရင် အဆင်ပြေမယ် နေရာရှိသေးတယ်ဆိုရင် စားပွဲထဲဝင်ထိုင်လိုက်ပေါ့၊ လူအရမ်းများ နေရင်တော့ ဘေးမှာပဲ ရပ်လိုက်လဲဖြစ်တယ် လက်ကို နည်းနည်းလောက် ဆန့်လိုက်တာနဲ့ ဟင်းလျာတွေကို ယူလို့ရတယ်လေ "
စားပွဲသုံးခုလုံးတွင် အနည်းငယ်လူများ ပြည့်ကြပ်နေသော်လည်း အယောက်တိုင်းအတွက် သက်တောင့်သက်သာ နေရာထိုင်ခင်း ရသင့်လေသည်။
စည်းကားပြီး ဆူညံနေသည့်အသံများ အလယ်တွင် အားလုံးက ကိုယ်စီနေရာယူလိုက်ကြသည်။ သိုသော်ငြား ဘယ်သူကမှ သူတို့၏တူများကို ကောက်မကိုင်ကြသေးချေ။ လုမိသားစု၏ချွေးမနှင့် မြေးကလေးကို စောင့်ဆိုင်းနေကြလေသည်။
လုအဘွားက ထိုမြင်ကွင်းကြောင့် မြန်မြန်လက်ဟန် ပြလိုက်၏။
" စောင့်နေဖို့မလိုပါဘူး ဟင်းတွေအများကြီးရှိနေတာပဲ၊ သူတို့ရောက်လာတဲ့ အချိန်ကြရင် ဟင်းတွေလည်း အများကြီးကျန်အုံးမှာပါ"
လုအဘိုးက သူမ၏ သဘောထားကို ထောက်ခံပေးလိုက်လေသည်။ စန်းလော့က ခေါင်းငြိမ့်သဘောတူလိုက်ပြီး ကြေငြာဖို့ အချက်ပြနေသည့် အဘွားချန်းကို လှမ်းကြည့်လိုက်သည်။
" ဒါဆိုလဲဟုတ်ပါပြီ စားသောက်ပွဲကို စကြတာပေါ့၊ ဒီစားပွဲက အဘိုးချန်းနဲ့ အဘိုးလုတို့အတွက် ကျွန်မက ဒီနေ့မှဝယ်လာတဲ့ အရက်တစ်အိုးကို ဧည့်ခံပေးပါ့မယ်"
" အရက်ရောလား” ရှီအာ့လန်၏မျက်လုံးများက စိတ်လှုပ်ရှားဖွယ်ရာ လင်းလက်သွားလေသည်။
စန်းလော့က ပြုံးပြလိုက်သည်။
" အများကြီးတော့ မဟုတ်ပါဘူး၊ တစ်ယောက်ကိုနှစ်ငုံ သုံးငုံလောက်ပဲရမှာပေါ့၊ ကျေးဇူးပြုပြီးတော့ အဘိုးနဲ့ ဦးလေးတို့က စိတ်မကွက်ကြပါနဲ့နော်"
" မဖြစ်ပါဘူး လုံးဝမဖြစ်ပါဘူး” ရှီအာ့လန်က လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်လေသည်။
" တစ်ငုံလေးမြည်းရရင်ကို ကျွန်တော့အတွက် တော်တော်လေး ကောင်းနေပါပြီ၊ မသောက်ရတာ နှစ်ဝက်နီးပါးတောင် ရှိသွားပြီလေ"
စန်းလော့က ပြုံးရယ်လိုက်ကာ မီးဖိုချောင်ထဲသို့ဝင်သွားပြီး မကြာမှီတွင် အရက်အိုးငယ်လေးတစ်ခုဖြင့် ပြန်လာခဲ့လေသည်။
ပုံမှန်ဆိုလျှင် စကားနည်းလှသည့် အဘိုးချန်းနှင့်ချန်းယိုထျန်းတို့ကပင် အရက်ကိုမြင်လိုက်ချိန်၌ သူတို့၏ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်မထားနိုင်ခဲ့ချေ။
အဘိုးချန်းက တဟင်းဟင်း ရယ်မောလိုက်သည်။
"စန်းလော့ရယ် ငါက ဒီနေ့အခမ်းအနားမှာ ဘာမှလည်း လုပ်ပေးခဲ့တာ မဟုတ်ပါဘူး ဒီစည်းစိမ်ခံစားမှုအတွက်တော့ မင်းကို ကျေးဇူးတင်ပါတယ်"
စန်းလော့က ရယ်မောလိုက်သည်။
" အရက်အိုးလေးတစ်ခုက ကြီးကြီးမားမား ကုန်ကျစရိတ်လည်း မဖြစ်ပါဘူး၊ စိတ်ရှိသလို သုံးဆောင်ကြပါရှင်"
...