← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အပိုင်း (၆၃) အိမ်တိုင်ရာရောက်ရောင်းချခြင်း

ရှီလီကျေးရွာ၏ အုံ့မှိုင်းမှုနှင့် အပျက်အစီးများနှင့်မတူဘဲ၊ ချီယန်စီရင်စုရှိ လမ်းများသည် ပြင်ပလူအချို့မှ ဈေးဆိုင်များဖွင့်လှစ်ခြင်းမှလွဲ၍ အစောပိုင်းအခွန်ကောက်ခံခြင်း၏ အကျိုးသက်ရောက်မှုကို များစွာမရှိခဲ့ပေ။

ထိုအရာသည်ရှိကောင်းရှိနိုင်သော်လည်း အနည်းငယ်သာ ဖြစ်နိုင်သည်။ အနည်းဆုံးတော့ ယခုအချိန်တွင် စီရင်စု၏အဓိကလမ်းများပေါ်တွင် ထိုအရာမှာ သိသာခြင်းမရှိပေ။

ပိုက်ဆံလိုအပ်နေသည့် စန်းလော့က တို့ဟူးအမျိုးအစားတစ်ခုစီ၏ အတုံးအနည်းငယ်အပါအဝင် သူမ၏ကုန်ပစ္စည်းများအားလုံးကို သယ်လာလေသည်။

ဟုတ်ပါသည်။ သူက မုန့်ရည်ကြည်ဟုနာမည်ပေးထားသည့် စွံပလွန်မုန့်အများစုကိုလဲ ယူလာခဲ့သည်။

ထို့ကြောင့် စန်းလော့၏ပထမပစ်မှတ်မှာ မုန့်ရောင်းသည့်ဆိုင်များ ဖြစ်သည်။

သူမသည် မုန့်ဆိုင်သုံးဆိုင်ကို အမှတ်ရကာ လမ်းမကြီးပေါ် တွင် နှစ်ကြိမ်မျှ သွားချည်ပြန်ချည် လမ်းလျှောက်လေ၏။ တစ်မျိုးသည် အပြင်အဆင်မှာပို၍ အဆင့်မြင့်ပုံပေါ်ပြီး ကျန်နှစ်မျိုးမှာ ပို၍ ဈေးသင့်ပုံရသည်။

အတန်ကြာစဉ်းစားပြီးနောက် စန်းလော့သည် သူမ၏ သတ္တိကိုအားခဲကာ ဈေးအကြီးဆုံးပုံပေါ်သော ဆိုင်သို့ဝင်သွားလေသည်။ ဤဆိုင်မျိုးသည် အပြင်မှာလုပ်ထားသည့်ပစ္စည်းများကို ရောင်းမည်မဟုတ်ဟု ခံစားရသော်လည်း စမ်းကြည့်ရကျိုးနပ်ပါသည်။ အောင်မြင်ပါက ဈေးကြီးကြီးဖြင့်ရောင်းနိုင်မည်ဖြစ်ပြီး မအောင်မြင်ပါကလည်း အရှုံးမရှိပေ။

ပစ္စည်းအမျိုးမျိုးသယ်ထားပြီး ဟောင်းနွမ်းကြမ်းထော်သော အဝတ်အစားများဝတ်ဆင်ထားသည့် သူမပုံစံသည် ဆိုင်အပြင်အဆင်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။

မျက်နှာဝိုင်းနှင့် ဈေးဆိုင်ရှင်အမျိုးသမီးသည် စန်းလော့၏အသွင်အပြင်ကို မကျေနပ်သည့်ပုံမပြဘဲ ဖော်ရွေမှုနှင့် စိတ်အားထက်သန်မှု၏ ပြီးပြည့်စုံသော ဟန်ချက်ညီမှုကိုထိန်းသိမ်းထားသည်။

"ဘာများဝယ်လိုပါသလဲ မိန်းကလေး"

သူမ သယ်လာသောခြင်းတောင်းကို ဈေးဆိုင်၏ထောင့်တွင်ချလိုက်ပြီး စန်းလော့သည် စင်အတွင်း၌ ပြသထားသည့် လက်ရာမြောက်သော မုန့်များခင်းကျင်းထားပုံအား လျင်မြန်စွာ ကြည့်လိုက်သည်။

အမျိုးမျိုးသောပစ္စည်းများရှိပြီး အချို့မှာ ထင်သာမြင်သာရှိသော ပြင်ဆင်မှုနည်းလမ်းကြောင့် မှတ်မိနိုင်ပြီး အချို့မှာ ပန်းပွင့်များနှင့် အဖူးများကဲ့သို့ အနုစိတ်ပုံဖော်ဖန်တီးထားခြင်းဖြစ်ပြီး လက်ရာပိုင်းခြားသိမြင်နိုင်သော စန်းလော့၏ကျွမ်းကျင်မှုထက် သာလွန်နေသည်။

ခဏမျှကြည့်ပြီးနောက် စန်းလော့က ဆိုင်ရှင်ဘက်သို့ပြန်လှည့်ကာ သူမ မူလမှတ်ညဏ်၏ သချန်မင်းဆက်မှ ပညာတတ်အမျိုးသမီးတစ်ဦး၏ အမူအကျင့်ကိုလိုက်နာကာ ကြင်နာစွာ နှုတ်ဆက်လိုက်လိုက်၏။

"တစ်ဆိတ်လောက်ပါ ဆိုင်ရှင်၊ မိသားစုဟင်းချက်နည်းတစ်ခုကနေ အထူးစားစရာတစ်ခု ပြုလုပ်ထားပါတယ်။ သိချင်တာက အစ်မဆိုင်အတွက် အဆင်ပြေမယ်ဆိုရင် ကျွန်မကိုယ်စား အဲ့တာလေးကို ရောင်းပေးနိုင်မလားလို့ပါ"

ဈေးဆိုင်ပိုင်ရှင်က မျက်ခုံးပင့်လိုက်၏။

"ကုန်ပစ္စည်းရောင်းဖို့ရှိတာလား"

သူမက ပြုံးပြီး ခေါင်းခါလိုက်၏။

"ကျွန်မတို့ရဲ့ ယုံဖန်းကျိုင်က အခြေကျနေတဲ့ကုန်ပစ္စည်းတစ်ခုပါ၊ ပြင်ပအစားအစာတွေကို မရောင်းပါဘူးရှင်"

ဤတုံ့ပြန်မှုကို ကြိုတင်မျှော်လင့်ထားသော စန်းလော့က စိတ်မပျက်သွားပေ။ သူမက ခြင်းတောင်းထဲမှအိုးကို ဖွင့်လိုက်ပြီး စွံပလွန်ချဉ်ကိတ်တစ်တုံးကို ထုတ်လိုက်ကာ အပြုံးနှင့်ကမ်းပေးလိုက်၏။

"ကိုယ်စားမရောင်းပေးနိုင်ဘူးဆိုရင်တောင်မှပဲ အစ်မ တန်ဖိုးထားရတဲ့ဆိုင်ကို ဝင်ခဲ့တာ ကံအကြောင်းတရားပဲလေနော်။ ဆိုင်ရှင်၊ ကျေးဇူးပြုပြီး ဒီမုန့်ရေကြည်ကို သုံးဆောင်ကြည့်ပါဦး"

ဆိုင်ရှင်၏မျက်လုံးများသည် စန်းလော့ကမ်းပေးသော မုန့်ရေကြည်ဟုခေါ်သည့် မုန့်အတုံးပေါ်တွင်ရှိနေ၏။ ထိုအရာမှာ အလင်းဖောက်နိုင်ပြီး နှစ်သက်စဖွယ်အမြင်ရှိသောကြောင့် ထိုနာမည်နှင့် ကိုက်ညီ၏။

ချိုမြိန်မှုကိုဆန်းစစ်ပြီးနောက် သူမ၏အကြည့်များသည် သဘာဝအလျောက်ပင် ကမ်းလာသောလက်ဆီသို့ ရောက်သွားလေသည်။ လယ်သမားအများစုနှင့်မတူဘဲ ဤအမျိုးသမီးသည် သွယ်လျပြီး အချိုးကျသောလက်ချောင်းများရှိပြီး ကြမ်းတမ်းသောအလုပ်ဖြင့် ကျင့်သားရပုံမပေါ်ပေ။ သူမ၏လက်သည်းများကို သပ်သပ်ရပ်ရပ် ညှပ်ထားပြီး ဂရုစိုက်ပုံ၊ လုံးဝန်းပြီး သန့်ရှင်းနေပုံပေါ်သည်။

ဆိုင်ရှင်က ရွှင်မြူးစွာဖြင့်ပြောလိုက်၏။

"ဒါဆို စေတနာအတွက် အမျိုးသမီးကို ကျေးဇူးတင်ပါတယ်နော်"

သူမသည် စန်းလော့ထံမှ မုန့်ရေကြည်ကိုယူလိုက်လေသည်။ အထိအတွေ့မှာ အနည်းငယ် နူးညံ့သည်။ အရောင်အသွေးလှသော်လည်း ထိုအရာ၏အသွင်အပြင်မှာ အထူးတလည်မထင်ရှားပေ။ ထိုအရာကိုဖဲ့လိုက်သောအခါ အတွင်းပိုင်းကို မည်သည့်အရာဖြင့် ပြုလုပ်ထားသည်ကို ချက်ခြင်းမသိနိုင်သော်လည်း အလွန်ဆွဲဆောင်မှုရှိသော အရောင်များ ထွက်ပေါ်လာသည်။

အတုံးလေးအား မြည်းစမ်းကြည့်လိုက်သောအခါ ချိုချဉ်အရသာသည် ဆိုင်ရှင်အား သွားရည်ကျစေသည်အထိ ချက်ခြင်း နှိုးဆွပေးလိုက်၏။

"ဒါက စားချင်စိတ်ကိုလှုံ့ဆော်ပေးတယ် မလား"

စန်းလော့က အပြုံးဖြင့်ခေါင်းညိတ်ပြလိုက်၏။

"အမှန်တော့ အဲ့တာက အစာစားချင်စိတ်ကို လှုံ့ဆော်ပေးရုံတင်မဟုတ်ဘဲ သရက်ရွက်ကိုပါ သန်မာစေတယ်။ နှလုံးကိုလည်း အာဟာရဖြစ်စေပြီး စိတ်ကို တည်ငြိမ်စေပါတယ်။ ဟုတ်ပါတယ်၊ ဒါက စားကောင်းသောက်ဖွယ် တစ်ခုပါပဲ။ အရသာက အဓိကဖြစ်ပြီး အဲ့တာရဲ့အကျိုးကျေးဇူးတွေကတော့ အပိုဆုကြေးတစ်ခုသက်သက်ပေါ့"

ဆိုင်ရှင်သည် မျက်ခုံးပင့်ကာ ပညာတတ်အပြောအဆိုကို အသိအမှတ်ပြုလိုက်သည်။

သူမ၏ဗဟုသုတအရ အချို့သော ဂုဏ်သိက္ခာရှိသည့် မိသားစုများသည် ချက်ပြုတ်နည်းများကို သူတို့၏ သားစဉ်မြေးဆက်များထံ လက်ဆင့်ကမ်းကြ၏။ သူမသည် ခက်ခဲသောအချိန်များတွင် ကျဆုံးခဲ့ရသည့် တစ်ချိန်က အထင်ကရမိသားစု၏ မျိုးဆက်ဖြစ်နိုင်မလားဟု စန်းလော့အား သတိပြုမိလေသည်။

ဟုတ်ပါတယ်၊ အဲ့တာက တဒင်္ဂအတွေးတစ်ခုပါပဲ။ သူမသည်အရသာကို မြည်းစမ်းရင်း ပါဝင်ပစ္စည်းများကို ပုံဖော်ရန် ကြိုးစားသော်လည်း အဖြေမရှာနိုင်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူမသည် အသက်အရွယ်တိုင်းအတွက်သင့်လျော်သည့် အမှန်ပင် အထင်ကြီးစရာကောင်းသည့် စားကောင်းသောက်ဖွယ်ကို တွေ့ရှိလေသည်။ ဤကဲ့သို့ရတနာကို တိုက်မိပြီး လွဲချော်ခွင့်ပြုခြင်းမှာ အမှန်ပင်သနားစရာဖြစ်၏။

"မိန်းကလေး၊ အစ်မတို့ဆိုင်က ပြင်ပပစ္စည်းတွေကို မရောင်းပါဘူး။ ဒါပေမယ့် ဟင်းချက်နည်းကိုရောင်းဖို့ရော ဆန္ဒရှိလား"

စန်းလော့၏မျက်ခုံးမှာအနည်းငယ်တွန့်သွား၏။ ဟင်းချက်နည်းအတွက် သူမ ရရှိမည့်ကမ်းလှမ်းချက်ကို သိချင်နေချိန်တွင် သူမသည် အနာဂတ်အလားအလာများကို ပိတ်ဆို့မည့် တစ်ကြိမ်တည်း သဘောတူညီချက်တစ်ခု ပြုလုပ်ရန် ရည်ရွယ်ချက်မရှိပေ။

ထို့ကြောင့် သူမက ခေါင်းခါလိုက်၏။

"ဟင်းချက်နည်းက ရောင်းလို့မရတဲ့ မိသားစုရဲ့တန်ဖိုးရှိတဲ့ လျှို့ဝှက်ချက်တစ်ခုပါ။ ဒါပေမယ့် အစ်မရဲ့တန်ဖိုးထားရတဲ့ဆိုင်က ပူးပေါင်းလုပ်ဆောင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် မုန့်ရေကြည်ကို ပိုပြီး တစ်ညီတစ်ညာထဲလုပ်ပြီး မုန့်ရဲ့ဆွဲဆောင်မှုကို အာမခံနိုင်ပါတယ်"

ဆိုင်ရှင်သည် ခေါင်းမညိတ်မှီတွင် တွေဝေနေ၏။

စန်းလော့က ဆက်မပြောတော့ဘဲ ပြုံးလိုက်လေသည်။ သူမယူလာသော ခြင်းတောင်းကိုလှည့်ယူရင်း ထွက်ခွာခါနီးတွင် ဆိုင်ရှင်အား ကျေးဇူးတင်စကားပြောလိုက်၏။

သူမ၏ပြတ်ပြတ်သားသား ထွက်ခွာသွားမှုသည် ဆိုင်ရှင်အား အနည်းငယ်နေမထိထိုင်မသာဖြစ်စေသည်။

သူမက စန်းလော့ခြင်းတောင်းထဲတွင်ပါရှိသည့်အရာများကို ကြည့်လိုက်၏။ မုန့်ရေကြည်ထည့်ထားသော အမျိုးအစားတူ အိုးသုံးလုံးပါရှိသည်။

စန်းလော့တစ်ယောက် မြို့ထဲတွင် သူမ၏ထုတ်ကုန်အတွက် ရောင်းသူရှာနေသည်ကို သိသာထင်ရှားစွာတွေ့လိုက်ရတော့ ဆိုင်ရှင်၏စိတ်သည် ပြောင်းသွား၏။

ယုံဖန်းကျိုင်သည် ချီယန်စီရင်စုတွင် အထင်ကရနေရာကို ထိန်းသိမ်းထားခဲ့ပြီး ကျော်ကြားသောမိသားစုများကြားတွင် အချိုပွဲများအတွက် ဦးစားပေးရွေးချယ်မှုအဖြစ် ရပ်တည်ခဲ့လေသည်။ သူတို့၏အောင်မြင်မှုသည် အမျိုးအစားစုံလင်မှု၊ လက်မှုပညာ၊ အရသာ၊ ထုပ်ပိုးမှုနှင့် ဝန်ဆောင်မှုများတွင် ပြိုင်ဘက်များထက် သာလွန်စေခဲ့သည်။

မုန့်ရေကြည်ကို အရသာခံရင်း သူမသည် ထိုအရာမှာ လူကြိုက်များနိုင်ကြောင်းကို အခိုင်အမာယုံကြည်လေသည်။ စန်းလော့သာ ဤမုန့်ကို တစ်ခြားမုန့်ဆိုင်တွင် ရောင်းချမည်ဆိုပါက သူမ၏ယုံဖန်းးကျိုင်သည် ထိုအရာကို ကျော်ရန် တူညီသောအမျိုးအစားအား ထုတ်လုပ်နိုင်မည်မဟုတ်ပေ။

ဤအရာကို သဘောပေါက်သည့် သူမက စန်းလော့ကို ပြန်ခေါ်လိုက်၏။

"မိန်းကလေး၊ အစ်မတို့က ပစ္စည်းတွေကို ကိုယ်စားမရောင်းပေးပေမယ့်လဲ ညီမလေးက ဒီမုန့်တွေကို အစ်မတို့ကို ရောင်းမလား။ ဆိုင်ပိုင်ရှင် ပြန်လာတဲ့အခါ ဒါတွေကိုမြည်းခိုင်းလိုက်ပါ့မယ်။ အဲ့ဒီ့နောက်မှ ဆွေးနွေးကြတာပေါ့။ ဘယ်လိုလဲ"

စန်းလော့ : ဒါတွေလား???

"ဒါက ဖြစ်နိုင်ချေရောရှိရဲ့လား"

သူမကတွေးရင်း စိတ်ရှုပ်သွားလေသည်။

ပြုံးရင်း လှည့်ပြီး ပြောလိုက်၏။

"ရတာပေါ့။ ဖြစ်နိုင်ပါတယ်။ အစ်မကို မကွယ်ဝှက်တန်းပြောရရင် အရင်က စီရင်စုမှာ ဒါကို ငါးခုကို သုံးဝမ်နဲ့ရောင်းဖူးတယ်။ ဒါပေမယ့် ဈေးနှုန်းနဲ့ပတ်သက်ပြီးတော့ သိပ်ပြီးစိတ်မကျေနပ်တာကြောင့် ဈေးပိုရတဲ့ဆိုင်တစ်ဆိုင်ကို ပစ္စည်းပို့ဖို့စဉ်းစားလိုက်တာ။ ဒါကြောင့် အစ်မ ဒါတွေအကုန်လုံးယူမှာလား"

ရောင်းရန်ဖြစ်နိုင်ခြေကိုကြားတော့ ဆိုင်ရှင်သည် ချက်ချင်းပင် 'အစ်မ' ဖြစ်လာသည်။

ဆိုင်ရှင်အမျိုးသမီးကပြုံးလိုက်၏။

"ငါ ဒါတွေအကုန်ယူပါမယ်။ ဘယ်စျေးနဲ့သင့်တော်မယ်ထင်လဲ ပြောပြပေးပါ"

စန်းလော့က စဉ်းစားပြီးပြန်ဖြေလိုက်၏။

"ဒီအိုးသုံးလုံးထဲမှာ အတုံးရေ၆၀၀ကျော်ပါတယ်။ အစ်မသာ အကုန်လုံးယူမယ်ဆိုရင် တစ်တုံးကိုတစ်ဝမ် လက်ကားဈေးနဲ့ စုစုပေါင်းခြောက်ရာပဲ ပေးပါ။ အစ်မဘာသာ စားတာပဲဖြစ်ဖြစ် ပြန်ရောင်းတာပဲဖြစ်ဖြစ် ကြိုက်တဲ့ဈေးနဲ့ရောင်းနိုင်ပါတယ်"

ဈေးနှုန်းတစ်ဝက်နီးပါးတက်လာတာကြောင့် စန်းလော့သည် စိတ်ကျေနပ်နေ၏။

ဆိုင်ရှင်က ပြုံးပြီး ပြောလိုက်၏။

"ဟုတ်ပြီ၊ အိုးတွေအကုန်လုံး ဒီမှာပဲထားခဲ့လိုက်ပါ"

ထို့နောက် သူမသည် စင်နောက်သို့သွားကာ အကြွေစေ့ခြောက်တွဲကို ထုတ်လိုက်ပြီး စင်ပေါ်တင်လိုက်ကာ စန်းလော့ရှေ့သို့ တိုးပေးလိုက်လေသည်။

တစ်တွဲလျှင် အကြွေတစ်ရာဖြင့် စန်းလော့သည် ဆိုင်၏အတိုင်းအတာကို အကြမ်းဖျင်းခန့်မှန်းကြည့်ရန် ငွေအလုံအလောက်ကိုရေတွက်လိုက်၏။ ဟုတ်ပါသည်၊ ဤအရွယ်ဈေးဆိုင်သည် သူမအား အသေးအဖွဲကိစ္စများနှင့် လှည့်စားမည်မဟုတ်ပေ။ သူမပိုက်ဆံအိတ်ထဲသို့ စိတ်ချလက်ချ ထည့်လိုက်ပြီး ပိုက်ဆံအိတ်အလွတ်တစ်လုံးသည် ယခုတော့ ပြည့်နေ၏။

စန်းလော့၏မျက်နှာမှာ ပျော်ရွှင်မှုဖြင့်လင်းလက်သွားပြီး သူမ၏နှုတ်ခမ်းနှင့် မျက်ခုံးများမှာလည်း ကွေးညွတ်သွားလေသည်။ ထိုအရာသည် ရက်အတော်ကြာသိမ်းဆည်းထားသည့် စွံပလွန်ကိတ်မုန့်မျှသာဖြစ်သော်လည်း ယခုအခါတွင် သူမသည် ဝမ်၆၀၀နှင့် ထပ်ပြီး အိမ်တွင်တို့ဟူးရောင်းခြင်းမှ စုထားသော ဝမ်၄၀၀ကို ရရှိပြီး ဝမ်၃၃၈၈ပန်းတိုင်ဆီသို့ သိသာထင်ရှားစွာလှမ်းနိုင်လေသည်။

သူမသည် စိတ်ကျေနပ်နေပြီး ဆိုင်ရှင်အမျိုးသမီးသည်လည်း အတော်လေးပျော်နေပါသည်။ ဆိုင်ရှင်မိသားစုထံပေးပြီးနောက် ဆိုင်ရှင်သည် ထိုအရာကိုမြည်းပြီးသည်နှင့် ဟင်းချက်နည်းကို ဝယ်ရန် သို့မဟုတ် မည်သည့်အရာဖြင့် ပြုလုပ်ထားသည်ကို မုန့်လုပ်သူများအား လေ့လာရန်ခွင့်ပြုရန် ဤအမျိုးသမီးငယ်နှင့်ညှိနှိုင်းခြင်းသည် ကောင်းသောအစီအစဉ်တစ်ခုဖြစ်ပုံပေါ်သည်။

ဆိုင်ပိုင်ရှင်အမျိုးသမီးတွင် ဤကဲ့သို့သောအကြံရှိသည်ကို စန်းလော့ ခန့်မှန်းမိပါ့မလား။

ပိုက်ဆံကိုလက်ခံပြီးနောက် ဆိုင်ရှင်အမျိုးသမီးသည် စန်းလော့၏နောက်ထပ်လာရောက်မှုနှင့် သူမကို မည်သို့ဆက်သွယ်ရမည်နှင့် ပတ်သက်၍ မမေးမြန်းတော့ပေ။ စန်းလော့က ဤအရာကို သဘောပေါက်သောကြောင့် မျက်ခုံးပင့်လိုက်သော်လည်း စိတ်ထဲမထားပေ။

သူတို့ ထုတ်ဖော်ကြည့်ချင်တယ်ဆိုလဲ လုပ်ပါစေပေါ့။ သူတို့က အဲ့တာကို ပုံစံတူလုပ်နိုင်တယ်ဆိုရင် ဒါက ဒီမုန့်ဆိုင်ရဲ့အရည်အချင်းပေါ့။ ငါ အဲလောက် လောဘမကြီးသလို ငါ့ဖန်တီးမှုကို တုပနိုင်လိမ့်မယ်လို့လဲ မယုံပါဘူး။ ငါက ကံကောင်းပြီး စွံပလွန်သီးမုန့်ကနေ ငွေရှာနိုင်ခဲ့တာဆိုတော့ တခြားသူတွေကလဲ သူတို့ရဲ့အရည်အချင်းကနေ ငွေရှာနိုင်တယ်ဆိုလည်း ဒါက ကံတရားပဲပေါ့။

ကံကိုပဲ အပ်ထားလိုက်ပါမယ်လေ။ ပြုလုပ်နည်းအမယ်က ငါ့ဆီကနေ မပေါက်ကြားသရွေ့ ဘာမှစိတ်ပူစရာမလိုပါဘူး။

စန်းလော့သည် ဤအတွေးဖြင့်‌ တင်းတိမ်ရောင့်ရဲကာ ဝမ်၆၀၀ပါသည့် လေးလံသောပိုက်ဆံအိတ်ကို လက်ထဲတွင်ကိုင်ကာ အတော်လေး စိတ်ကျေနပ်နေလေသည်။

အိုး၃လုံးကို သယ်ရင်း သူမက ပြုံးပြလိုက်၏။

"အစ်မ၊ ဒါတွေကို ထုတ်ပိုးပေးဖို့တစ်ခုခု ရှာလို့ရနိုင်မလား။ အကြမ်းထည်မြေအိုးတွေက မုန့်ရေကြည်ကို ဈေးပေါစေတယ်လို့ ထင်ရတယ်"

အမှန်တော့ ထိုမြေအိုးသုံးလုံးသည် သူမအတွက် ဝမ်တစ်ရာနီးပါး ကုန်ကျခဲ့သည်။ သူမသည် ထိုအိုးများကို ပြန်ယူဖို့ လိုအပ်‌၏။

ဆိုင်ရှင်သည် လူအမျိုးမျိုးနှင့် ဆက်ဆံရာတွင် အတွေ့အကြုံ‌ရှိသောကြောင့် ချက်ခြင်းနားလည်သည်။ သူမက မထိန်းနိုင်ဘဲ မဲ့ပြုံးလေး ပြုံးလိုက်မိသည်။ ဝယ်ယူမှုသည် ကိတ်မုန့်များအတွက်ဖြစ်ပြီး အိုးများအတွက်မဟုတ်ပေ။

အမျိုးသမီးများနှင့် မိန်းမပျိုလေးများမြင်နိုင်မည့် ပိုင်ရှင်အိမ်သို့ ပို့ပေးရန်စဉ်းစားထားပြီး လက်ရာမြောက်သော ကြွေအိုး၁၂လုံးကိုသယ်လာဖို့ တစ်စုံတစ်ယောက်ကို ခေါ်လိုက်၏။ ဝန်ထမ်းများသည် အိုးတစ်လုံးလျှင် အတုံးငါးဆယ်ပါသော အရာများကို ဂရုတစိုက်ပြောင်းရွှေ့ကြပြီး ၁၂အိုးဖြည့်ပြီးနောက် ၆တုံးကျန်နေလေသည်။

ဆိုင်ရှင်သည် စန်းလော့ထံမှ အပိုရလိုက်သည်တွင် အရွှန်းဖောက်ကာ ပြန်ပြောလေသည်။

"ညီမလေး၊ အနာဂတ်စီးပွားရေးအတွက် ကျေးဇူးပြုပြီး အစ်မကို မမေ့ပါနဲ့"

သူမ၏အိုးအလွတ်များကို ထုပ်ပိုးပြီးနောက် စန်းလော့သည် ယုံဖန်းအိမ်မှ ထွက်ခွာလိုက်၏။

……

ထို့နောက် စန်းလော့သည် ချီယန်စီရင်စုရှိ အကြီးဆုံးစားသောက်ဆိုင်သို့ ဦးတည်သွားလိုက်လေသည်။

ကံမကောင်းစွာဖြင့် ဤလည်ပတ်မှုသည် မုန့်များကဲ့သို့ မချောမွေ့ခဲ့ပေ။ အနောက်တံခါးတွင် မေးခွန်းတစ်ခုထဲမေးပြီးနောက် စားဖိုမှူးက သူမကို မြန်မြန် မောင်းထုတ်လေသည်။

"ထူးခြားတဲ့ တောအရသာကို ယူဆောင်လာတာတယ်ဆိုလဲ ဟုတ်သေးတယ်။ ဒါပေမဲ့ အဆင်သင့်လုပ်ထားတဲ့ အစားအစာကို ယူဆောင်လာတာတဲ့လား၊ တစ်ယောက်ယောက်က အစားအသောက်ကို ဒီမှာရောင်းနိုင်ရင် ငါ စားဖိုမှူးလုပ်နေတာ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ"

စန်းလော့: ……

ဒီစာဖိုမှူးက ဒီလောက်တောင် ယုံကြည်မှုရှိတယ်လား။

ကောင်းပြီလေ။ ငါကလဲ အတင်းတိုက်တွန်းမှာ မဟုတ်ဘူး။ လမ်းတစ်ဖက်က စားသောက်ဆိုင်နောက်တံခါးကို သွားလိုက်ဦးမယ်။

ဒီနေရာက ငါ့ကို မကြိုဆိုရင်တောင် တစ်ခြားနေရာကတော့ အမြဲတမ်းကြိုဆိုနေမှာပါ။ ယုံဖန်းကျိုင်မှာ မုန့်တွေထက် သရေစာ မရောင်းရတာကို မမြင်မိဘူးဆိုရင် ငါ့ရဲ့ သက်သက်လွတ် အူကြမ်းဟင်းလျာကို အကြုံပြုကြည့်ပါတယ်။ အဲဒါကိုလည်း ဒီနေ့ခေတ်မှာ သရေစာအဖြစ် ယူဆကြတယ်မလား။

ဝဥဂျယ်လီသရေစာတွေက ဘယ်လောက်တောင် လူကြိုက်များမလဲဆိုတာ စဉ်းစားကြည့်ပါဦး။

ခေတ်တွေမတူပေမယ့် အစားအသောက်မြတ်နိုးသူတွေရဲ့ အနှစ်သာရကတော့ အတူတူပဲဖြစ်မှာပါ။

ဆွဲဆောင်မှုရှိပြီး သင့်လျော်တဲ့ထုတ်ပိုးမှုပုံစံနဲ့ဆိုရင် ငါ့ရဲ့ထုတ်ကုန်ကို မုန့်ဆိုင်တွေမှာ ရောင်းချနိုင်မယ်လို့ ယုံကြည်တယ်။

အင်း၊ အတွေးလေးပါပဲ။ စားသောက်ဆိုင်တွေမှာ ရောင်းတာက အကောင်းဆုံးပါပဲ။

သူမ အတွေးထဲတွင် နစ်မြောရင်း စန်းလော့သည် စားသောက်ဆိုင်၏ မီးဖိုချောင်သို့ ရောက်ရှိသွားတော့သည်။ ထိုနေရာတွင် ၁၅နှစ် သို့မဟုတ် ၁၆နှစ်ခန့် ကောင်လေးတစ်ယောက်ထိုင်ကာ အင်တုံကြီးထဲရှိ ပန်းကန်များကို ဆေးကြောနေသည်။ စန်းလော့ကို မြင်တော့ သူသည် မတ်တပ်ရပ်ပြီး သူမကိုကြည့်လိုက်ကာ ပြုံးပြသော်လည်း အနည်းငယ်ပဟေဠိဖြစ်သွား၏။

"အစ်မက ဘယ်သူလဲ"

သူမ၏ယခင်တွေ့ဆုံမှုမှ သင်ယူခဲ့သည့် စန်းလော့သည် သူမ၏အထုတ်ကိုချကာ ကြာရွက်ဖြင့်ဖုံးထားသည့် ဝဥဂျယ်လီအိုးကို ဖွင့်လိုက်၏။ သူမက တူတစ်စုံနှင့်သစ်ရွက်တစ်ရွက်ကို ယူလိုက်ပြီး ဝဥဂျယ်လီနှစ်တုံးကို သစ်ရွက်ပေါ်သို့တင်ကာ ကောင်လေးကို ပေးလိုက်လေသည်။

"မောင်လေး၊ ဒါလေးစားကြည့်ပါဦး။ အစ်မမှာ မေးစရာတစ်ချို့ရှိလို့ပါ"

အစပိုင်းတွင် သတိရှိသောကောင်လေးက သူမထံတွင် မေးခွန်းတစ်ခုရှိသည်ကိုကြားတော့ စိတ်လျော့လိုက်လေသည်။ သူ့လက်ထဲတွင် ရှိနေသောအစားအစာကို သိချင်သောကြောင့် မေးလိုက်‌၏။

"ဒါက ဘာလဲ"

အရသာခံပြီးသည့်နောက် သူ၏မျက်လုံးများမှာ လက်သွားကာ လက်မထောင် ပြလိုက်လေသည်။

"ဒါက အရသာရှိလိုက်တာ။ စားစရာကိုလက်ခံလိုက်ပြီဆိုတော့ မေးစေချင်တာ၊ မေးပါ။ သိသမျှကို ပြောပြမယ်"

စန်းလော့က ပြုံးလိုက်၏။

"အစ်မလုပ်ထားတဲ့ ဒီစားစရာ အမျိုးအစားအသစ်ကို မင်းရဲ့ စားသောက်ဆိုင်မှာ ရောင်းနိုင်မလားလို့သိချင်တာပါ"

ကောင်လေး : “.....”

အပိုင်း (၆၄) ပစ္စည်းရောင်းချခြင်းစာချုပ်

အစားအသောက်ကို လက်ခံပေးခြင်းက လူတစ်ယောက်ကို ပိုပြီး အလွယ်တကူ လက်ခံနိုင်စေသည်က အမှန်တရားဖြစ်လေရာ ကောင်လေးက နိမ့်နိမ့်ချချဖြင့် ထောက်ပြပေးလေသည်။

"မိန်းကလေး ကျွန်တော်က ဒီနေရာမှာ လက်ထောက်အလုပ်သင် တစ်ယောက်ပါ၊ ပန်းကန်ဆေးတာတွေနဲ့ တခြားအသေးအဖွဲ တာဝန်တွေကိုဘဲ တာဝန်ယူပေးရတာပါ"

စန်းလော့က မျက်လုံးများကို ကွေးထားလိုက်ပြီး ခြင်းထဲကသန့်စင်ပြီးသား ကြာရွက်တစ်ရွက်ကိုထုတ်လိုက်ကာ သူမ၏တူကိုသုံးလိုက်ပြီး မြေအိုးထဲက အစိတ်အပိုင်းတစ်ချို့ကို မြန်မြန်ဆန်ဆန် ထုတ်ယူလိုက်လေသည်။ သတ်သတ်လွတ်အူကြမ်းများသည် ယခုတော့အစာပလာများဖြင့် ဆွဲဆောင်မှုရှိနေကာ ကြာရွက်၏ နောက်ခံအစိမ်းရောင်ပေါ်တွင် ဆွဲဆောင်မှုရှိနေသယောင် ဖြစ်နေတော့သည်။

သူမက ပန်းကန်လုံးတစ်ဝက်စာကို ပြင်ဆင်လိုက်ပြီး တူကိုပြန်ချထားလိုက်ကာ သစ်ရွက်ကိုထုတ် ပေးလိုက်ပြီး ကောင်လေးကို ကမ်းပေးလိုက်သည်။

"ရှင်က ဘာမှလုပ်ပေးစရာမလိုပါဘူး ကျွန်မကိုယ်စား ရှင်တို့ရဲ့တာဝန်ခံကို စကားလေးပဲ ပါးပေးပါ ကျွန်မကို သူနဲ့တွေ့ခွင့်ပေးရုံပါဘဲ ဒါတွေအားလုံးကတော့ ကျွန်မရဲ့ကျေးဇူးတင်စိတ်ကို ဖော်ပြတဲ့ ရှင့်အတွက်လက်ဆောင်ပါ အဆင်ပြေရဲ့လားရှင်"

အဆင်ပြေရဲ့လားတဲ့။

ဒါပေါ့ အရမ်းကို ဆွဲဆောင်မှုရှိတယ်။

ခုနတုန်းက တကိုက်လေးစားလိုက်တဲ့ အရသာက အရမ်းကိုကောင်းနေတာလေ။ နှစ်တုံးလေးဘဲစားလိုက်ရတော့ တကယ့်ကို စိတ်မကောင်းဖြစ်မိတာပေါ့။ သူ့မှာ စားလို့တောင် မဝချင်ဘူး။

သူ့လက်ကိုသုတ်လိုက်ပြီး ကောင်လေးက ကြာရွက်ဖြင့်ထုတ်ထားသည့် အထုတ်လေးကို လက်ခံလိုက်လေသည်။

"ကောင်းပါပြီ ဒီမှာစောင့်ပေးနော်"

စားသောက်ဆိုင်ကလည်း မနက်ခင်းကို တည်ခင်းပေးလေသည်။ သို့သော်လည်း မနက်အစောရှိနေသေးရာ တော်တော်လေး ငြိမ်သက်နေသည်။ ကောင်လေးက မီးဖိုခန်းထဲကို ချောင်းကြည့်လိုက်ပြီး စားဖိုမှူးခေါင်းဆောင်က ကျောပေးထားသည်ကို သတိထားမိလိုက်သည်တွင် မြန်မြန်ကလေး လှစ်ခနဲဝင်လာလိုက်ပြီး ဧည့်ခန်းမသို့ ဦးတည်သွားလိုက် လေသည်။

သူက အနီရောင်တိုင်လုံးတစ်ခုနားတွင် ရပ်လိုက်ပြီး ခန်းမနှင့်လှေကားကို စူးစမ်းကြည့်လိုက်ကာ ဒုတိယထပ်က စားပွဲထိုးတစ်ယောက် ဆင်းလာသည်ကို မြင်လိုက်သောအကာ သူကစာပွဲထိုးလေးကို ဟေး ဟုလှမ်းခေါ်ကာ လက်ယပ်ခေါ်လိုက်လေသည်။

စားပွဲထိုးက အနည်းငယ် အူကြောင်ကြောင်ဖြင့် အနားသို့ရောက်လာသည်။

"မင်းက မီးဖိုဆောင်မှာ မနေဘဲနဲ့ ဒီကိုဘာလို့ထွက်လာတာလဲ"

“အစ်ကို ကျွန်တော်ကိုတာဝန်ခံဆီ စကားလေးတစ်ခွန်းလောက်ပြောဖို့ ခေါ်သွားပေးလို့ရမလား”

စားပွဲထိုးက နှာခေါင်းရှုံလေသည်။

"အခု မင်းက တာဝန်ခံဆီ သတင်းစကား ပါးပေးချင်နေတယ်ပေါ့၊ ရာထူးတိုးချင်နေတာဘဲ"

မျက်မှောင်ကြုတ်လိုက်ပြီး စားပွဲထိုးက သူ့ကို မောင်းထုတ်လေသည်။

"ငါတို့ဆိုင်တာဝန်ခံက အလုပ်များတယ် ဘယ်သူမဆို သူ့ဆီ ချဥ်းကပ်လို့ရတာမဟုတ်ဘူး မင်းအလုပ်ဆီကို ပြန်သွားလိုက်တော့"

စားပွဲထိုးက ထွက်သွားမည် ပြင်လိုက်စဥ်တွင် ကောင်လေးက သူ့ကိုမြန်မြန် ပြန်ဆွဲထားလိုက်လေသည်။

"မဟုတ်ပါဘူး အစ်ကိုရ အရေးကြီးကိစ္စလေးတချို့ ရှိတာပါ၊ မီးဖိုဆောင်အပြင်ဘက်က မိန်းမငယ်လေးက အိမ်လုပ်အစားအသောက်ကို ယူလာပြီး တာဝန်ခံက စိတ်ဝင်စားမလားလို့ မေးခိုင်းလိုက်လို့ပါ။ ကျွန်တော်စမ်းကြည့်ပြီးပြီ တကယ်အရသာရှိတယ်ဗျ ကျွန်တော်တို့ရဲ့ အစားအသောက်စာရင်းထဲမှာ နာမည်ကြီးဖြစ်လာနိုင်တယ်"

သူက ကြာရွက်ဖြင့်ထုတ်ထားသည့် အထုပ်ကို သူ့အစ်ကိုကို ပြလိုက်ရာ သူ့နားမှာ ချက်ခြင်းဆိုသလို ဆွဲလိမ်ခံလိုက်ရတော့သည်။

"မင်းကသိပ်ရဲတာဘဲ အိမ်လုပ်အစားအသောက်ကိုများ တာဝန်ခံဆီယူသွားအုံးမယ်၊ စားဖိုဆောင်ကို ကျော်ပြီးတော့လေ၊ စားဖိုမှူးခေါင်းဆောင်က မင်းကိုဒုက္ခပေးမှာ မကြောက်တော့ဘူးပေါ့လေ"

ကောင်လေးက မျက်နှာရှုံမဲ့ရင်း သူ့နားကိုအုပ်ထားလိုက်တော့ စားပွဲထိုးက တခစ်ခစ် ရယ်မောလိုက်လေသည်။

"ဟန်ဆောင်မနေပါနဲ့တော့ ငါက အဲလောက်လည်းနာအောင်ဆွဲတာ မဟုတ်ပါဘူး"

ကောင်လေးက ရယ်မောလိုက်ကာ

"ကျွန်တော်က သူ့အောက်မှာ အချက်အပြုတ်ကို လေ့လာနေတာမှမဟုတ်တာ၊ ကျွန်တော်ကမီးဖိုဆောင်ထဲမှာ ပန်းကန်ပဲဆေးရတာဘဲ တာဝန်ခံက သတိထားမိသွားရင်တော့ ဧည့်ခန်းဆောင်ဘက်မှာနေရာတစ်ခု ရနိုင်တာပေါ့ ဘာဖြစ်လို့ စားဖိုမှူးခေါင်းဆောင်ကို ကြောက်နေရမှာလဲ"

"နောက်ပြီးတော့ ဒါက တကယ်အရသာရှိတာဗျ၊ အစ်ကိုတစ်တုံးလောက် စားကြည့်စမ်းပါ။ ကျွန်တော်တို့စားသောက်ဆိုင်မှာ ဒီလို သရေစာမျိုးမရှိဘူးနော်"

နောက်ဆုံးတော့ သူက ကြာရွက်ထုတ်ကိုဖွင့်ပြလိုက်ပြီး သူ့အစ်ကိုကိုပြလိုက်ကာ တစ်တုံးကိုကောက်ယူပြီး သူ့အစ်ကိုပါးစပ်ထဲသို့ ထည့်ပေးလိုက်လေသည်။ ထို့နောက်တော့ သူ့ကို အားတက်သရော စောင့်ကြည့်နေလိုက်၏။

"မြည်းကြည့်စမ်းပါ ကျွန်တော် မလိမ်ပါဘူး"

စားပွဲထိုးက တွေးတွေးဆဆ ချိန်ချိန်ဆဆဖြင့် ဝါးလိုက်ပြီး အထင်ကြီးသွားတော့သည်။

"ဟေ့ ဒါက တကယ့်ကို ကောင်းတာဘဲ"

ငုံ့ကြည့်လိုက်သည်တွင် သူအရင်က တကာမှမမြင်ဘူးသည့် သရေစာတစ်ခုဖြစ်နေမှန်း သိလိုက်ရတော့သည်။သူက ရှုထောင့်အမျိုးမျိုးမှ စစ်ဆေးကြည့်လိုက်ပြီး မသေမချာ ဖြစ်သွားတော့သည်။

အမဲအူကြမ်းနဲ့ နည်းနည်းလေး ဆင်သလားလို့။

ဒါပေမဲ့လည်း အရသာက လုံးဝမတူဘူး။

ကောင်လေးက ခေါင်းညိတ်လိုက်သည်။

"အဟုတ်ပဲ ဒါပေမဲ့ ဒါကပိုပြီးလက်ဆတ်ပြီး ပိုအရသာရှိတယ်ဗျ"

စားပွဲထိုးသည် အခုတော့ သဘောထားလေးနက်လာပြီး ဒီအစားအသောက်က အလားအလာရှိမှန်း နားလည်လိုက်လေသည်။

"ဒီလိုပစ္စည်းမျိုးဆိုမှတော့ ငါက မင်းကို တာဝန်ခံဆီ ခေါ်သွားပေးသင့်တာပေါ့ ဒီရက်ပိုင်းလေးထဲမှာ အမဲကိုအလွယ်တကူ မဖော်နိုင်ဘူးလေ ငါတို့ရဲ့စားသောက်ဆိုင်မှာတောင် အဝယ်တော်လမ်းကြောင်းရှိလျက်နဲ့ အမဲသားလေးက ရှားရှားပါးပါးဖြစ်နေတယ် အမဲအူဆိုရင်တော့ ပြောမနေနဲ့တော့ပေါ့"

ဒီလိုနားလည်လိုက်သည်တွင် သူက တခစ်ခစ်ရယ်လိုက်သည်။

“ကောင်လေး ဉာဏ်ကောင်းလိုက်တာ မင်းက ဒီတစ်ခါတော့ မှန်ကန်တဲ့ကိစ္စကို လုပ်ခဲ့တာပဲ”

ဒါက ဆိုင်တာဝန်ခံဆီမှာ သေချာပေါက်မျက်နှာပန်းလှတော့မှာလေ။

"သွားစို့ ဒီကြာရွက်အထုပ်လေးကို ယူလာခဲ့ ငါမင်းကိုခေါ်သွားပေးမယ် တာဝန်ခံနဲ့စကားပြောတဲ့အချိန်ကြရင် ပါးပါးနပ်နပ်လေးနေ"

ကောင်လေးက အားတက်သရော ခေါင်းညိတ်ပြလိုက်ပြီး ညီအစ်ကိုနှစ်ယောက်သည် အရှေ့ဘက်ကောင်တာဆီသို့ ဦးတည်သွားလိုက်ကြလေသည်။

အသက်ပိုကြီးသည့် လူငယ်လေးက တုန်းဖူစားသောက်ဆိုင်တွင် အချိန်အကြာကြီး အလုပ်လုပ်လာသည့် ဝန်ထမ်းတစ်ယောက်ဖြစ်မှန်း သိသာပေသည်။ ဆိုင်တာဝန်ခံနှင့်လည်း တော်တော်လေးရင်းနှီးပုံရသည်။ သူက ဆိုင်တာဝန်ခံကို တခုခုတီးတိုးပြောလိုက်ပြီး သူ့ညီဖြစ်သူဆီကို လက်ဟန်ပြလိုက်လေသည်။ ဆိုင်တာဝန်ခံက လှမ်းကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်တော့ အစ်ကိုဖြစ်သူက သူ့ညီဖြစ်သူကို လှမ်းခေါ်လိုက်လေသည်။

ကြာရွက်အထုပ်လေးကို တစ်ဖန်တင်ပြလေသည်။ ဆိုင်တာဝန်ခံက အနီးကပ် စမ်းစစ်ကြည့်လိုက်၏။ အစ်ကိုကြီးဖြစ်သူက တူတစ်စုံကို မြန်မြန်သွားယူလိုက်ကာ လှမ်းပေးလိုက်သည်။ ဆိုင်တာဝန်ခံက တစ်တုံးကိုမြည်းကြည့်လိုက်ပြီး ထောက်ခံသည့်ဟန်ဖြင့် မျက်လုံးများကိုပင့်လိုက်ကာ တူကိုပြန်ချထားလိုက်ပြီး မေးလိုက်၏။

“လူက မီးဖိုချောင်အနောက်ဘက် အပြင်ဘက်မှာရှိနေတာလား”

ကောင်လေးက အပြုံးဖြင့် တုံ့ပြန်လေသည်။

အဲဒီနောက်တွင်တော့ မန်နေဂျာက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

"သွားမယ် ငါ့ကိုသူ့ဆီခေါ်သွားပြီးတော့ သူတို့ကိုအထဲကိုဖိတ်လိုက်"

သူက ဧည့်သည်ကို ကိုယ်တိုင်ဧည့်ခံရပေမည်။

တုန်းဖူစားသောက်ဆိုင်၏ ဆိုင်တာဝန်ခံရွှီသည် အသက်လေးဆယ်ဝန်းကျင်ရှိပြီး မျက်ခုံးပါးပါး မျက်အိမ်သေးကာ ပါးစပ်ကျယ်ပြီး လေးထောင့်ကျကျ မျက်နှာတစ်ခု ရှိလေသည်။ သူ့ရုပ်အသွင်က ထူးထူးခြားခြား ဆွဲဆောင်မှုမရှိပေ။ စန်းလော့က သူ့ကိုပထမဦးဆုံး မြင်လိုက်ချိန်တွင် သူမ၏စိတ်ထဲတွင် ကြင်နာပြီးစေတနာပါသည်ဟူသည့် စကားစုကိုစဥ်းစားမိလေသည်။

ကောင်လေးက စန်းလော့ကို မိတ်ဆက်ပေးလိုက်သည်။ မီးဖိုချောင်ဝန်ထမ်းများ၏ အကြည့်အောက်တွင် သူမကို တုန်းဖူစားသောက်ဆိုင်၏ သီးသန့်အခန်းတစ်ခုသို့ ဖိတ်ကြားလိုက်ကာ စားဖိုမှူးခေါင်းဆောင်ကလည်း နောက်ကလိုက်ဝင်လာလေသည်။

သူမ၏ သတ်သတ်လွတ်အူကြမ်းပန်ကန်တစ်ခုကို သီးသန့်အခန်းထဲက စားပွဲပေါ်တွင် တည့်ခင်းထားသည်။ တာဝန်ခံရွှီက အရသာမြည်းဖို့အတွက် စားဖိုမှူးခေါင်းဆောင်ကိုလည်း ဖိတ်ထားလိုက်ကာ ထို့နောက် စူးစမ်းမေးမြန်းလေသည်။

“မိန်းကလေးစန်း ဒါက ဘာဟင်းလို့ခေါ်သလဲ”

သူတကယ်သိချင်တဲ့အရာက ဒီဟင်းကိုဘာနဲ့လုပ်ထားလည်း ဆိုတာကိုပါ။

ဟုတ်တာပေါ့။ ဆိုင်ရှင်နဲ့သူတို့ရဲ့ စားဖိုမှူးနှစ်ယောက်စလုံးက ဒီဟင်းလျာကိုမမှတ်မိကြမှန်း သိလိုက်ရတဲ့အကာ သူ့မှာ မေးစရာနည်းလမ်းတစ်ခုဘဲ ကျန်တော့တာပေါ့။

"ဒါကို သတ်သတ်လွတ်အူကြမ်းလို့ ခေါ်လို့ရပါတယ်။”စန်းလော့က တာဝန်ခံရွှီကို အကြံပြုလိုက်လေသည်။

စားဖိုမှူးယွီက ဟင်းလျာကိုသေသေချာချာ စစ်ဆေးနေပြီး သုံးတုံးလောက် မြည်းကြည့်လိုက်သည်။ နာမည်ကိုကြားလိုက်သည်တွင် သူကခေါင်းညိတ်ထောက်ခံလေသည်။

“ပုံစံနဲ့အထိအတွေ့က လှီးဖြတ်ထားတဲ့နည်းပညာကြောင့် တကယ်ဘဲ အူကြမ်းနဲ့ဆင်တူတယ်။ အရသာကလည်း တော်တော်လေးကိုဆင်တယ်။ သတ်သတ်လွတ်အူကြမ်းဆိုတဲ့ နာမည်က တကယ်ကိုလိုက်ဖက်ပါတယ်”

သူက ပြောရင်းဆိုရင်း သူ့စိတ်ထဲတွင် ပါဝင်ပစ္စည်းများ၏ မူလပုံစံကိုဖော်ထုတ်ရန် ကြိုးစားလိုက်လေသည်။ လှီးဖြတ်ထားသည့်ပုံစံကို ဖော်နိုင်သော်လည်း အဓိကပါဝင်ပစ္စည်းများကိုတော့ မခန့်မှန်းနိုင်ခဲ့ပေ။

သူက တာဝန်ခံရွှီနှင့်အကြည့်ချင်း ဖလှယ်လိုက်ပြီး နှုတ်ဆိတ်ကာ ခေါင်းခါပြလေသည်။ ဆိုင်တာဝန်ခံရွှီက နားလည်သွားပြီး စန်းလော့ကို ပြုံးပြလိုက်၏။

“ကျွန်တော်က ပါဝင်ပစ္စည်းတွေကို စုံစမ်းတာမျိုးမလုပ်သင့်ပါဘူး ဒါပေမဲ့ ဆိုင်တစ်ဆိုင်ကို လည်ပတ်နေတဲ့ သူတစ်ယောက်အတွက် အစားအသောက်ရဲ့လုံခြုံမှုက ထိပ်တန်းဦးစားပေးလေ။မင်းရဲ့ ဒီဟင်းလျာက စိုးရိမ်စရာကိစ္စမျိုး မရှိလောက်ပါဘူးနော်”

စန်းလော့က ချက်ခြင်း အာမခံလိုက်လေသည်။

"ဒါပေါ့ရှင် ကျွန်မက စားလို့မရတဲ့ပစ္စည်းကို ဘယ်ရောင်းရဲပါ့မလဲ ကျွန်မက ဒီလိုတာဝန်မျိုးကို မခံနိုင်ပါဘူး"

မန်နေဂျာရွှီက အပြုံးတစ်ခုဖြင့် ခေါင်းညိတ်လေသည်။

"ဒီလိုကြားရတော့ စိတ်အေးရပါတယ်"

သူက ပြုံးကာ မေးလိုက်လေသည်။

"ဒီသတ်သတ်လွတ်အူကြမ်းအတွက် ဈေးဘယ်လောက်များ ဆိုထားလဲ သိပါရစေ"

စန်းလော့က သူမ၏ စိတ်လှုပ်ရှားနေသည့်ဟန်ကို ဖုံးကွယ်ထားလိုက်ပြီး ပြုံးနေသည့်ဆိုင်တာဝန်ခံကို ယုံကြည်ချက်ရှိရှိဖြင့် ရင်ဆိုင်လိုက်လေသည်။

"ဒါကို အချိန်နဲ့ရောင်းမယ်ဆိုရင်ကော ကျွန်မကအများကြီး မတောင်းထားပါဘူး တစ်ကျင်းကိုမှ ၁၈ဝမ်ပါဘဲ ရှင်ဘယ်လိုထင်သလဲ"

အစတုန်းကတော့ မုန့်ဆိုင်ထဲက ခရားအိုးနဲ့ရောင်းမယ်လို့ စဥ်းစားထားသေးတယ် ဒါပေမဲ့ စီရင်စုမှာရှိတဲ့မုန့်ဆိုင်ကို လေ့လာကြည့်ပြီးတဲ့နောက်မှာ သူတို့တွေက ရိုးရာအစားအသောက်တွေကိုဘဲ ရောင်းတာ ကို သတိထားမိလိုက်တယ်။ သူမရဲ့သတ်သတ်လွတ်အူကြမ်းက နေရာမရှိနေဘူး ရောင်းကောင်းမှာမဟုတ်ဘူး။ ဒီလိုနဲ့ သူမက စားသောက်ဆိုင်ကိုဘဲ စဥ်းစားလိုက်တော့တယ်။

သူမသည် စားသောက်ဆိုင်ကို ယူလာပြီးဖြစ်သဖြင့် အိုးနှင့်ထုပ်ပိုးခြင်းက မလိုအပ်တော့ပေ။ သို့သော်ငြားလည်း စန်းလော့က ငွေကိုအရေးတကြီး လိုအပ်နေသည်။ ထို့ကြောင့် သူမကအရဲစွန့်ပြီး ဈေးတင်လိုက်ကာ အကောင်းစားဝက်သားဈေးနှုန်းနှင့် ညီမျှလုနီးပါး ဖြစ်သွားသည်။

ဆိုင်တာဝန်ခံရွှီက တဟင်းဟင်းရယ်လိုက်ပြီး လူတွေကအမြင့်ဆုံး ဈေးနှုန်းကိုမတောင်းခင် ဈေးအများကြီး မတောင်းပါဘူးဟု ပြောတတ်သည်ကို သတိထားမိလေသည်။ သူက စန်းလော့ကို အကဲခတ်လိုက်၏။

"မင်းရဲ့ သတ်သတ်လွတ်အူကြမ်းဈေးက အဆင်မြင့်တဲ့ဝက်သားနဲ့တောင်မှ တူနေပြီ"

စန်းလော့က ဆက်ပြီး ပြုံးနေလိုက်သည်။

"အသားမှာလည်း သူ့အရသာနဲ့သူရှိတယ်၊ ဒီသတ်သတ်လွတ်အူကြမ်းမှာလည်း သူ့ရဲ့ကိုယ်ပိုင်ဆွဲဆောင်မှုရှိတယ်၊ တစ်ခုခြင်းစီက သူ့အရည်အသွေးနဲ့သူပါ၊ မဟုတ်ဘူးလား၊ နောက်ပြီးတော့ ဝက်သားကိုဘယ်အသားဆိုင်မှာဖြစ်ဖြစ် အလွယ်တကူရနိုင်တယ်လေ။ ဒါပေမဲ့ ဒီသတ်သတ်လွတ်အူကြမ်းကိုတော့ မရဘူး"

နောက်ပြီးတော့ ဒီလိုစားသောက်ဆိုင်မှာ လာပြီး စားသောက်နိုင်တဲ့လူတွေက ဝက်သားကိုအစားနည်းကြပြီး သိုးသားကိုပဲစားဖို့ ပိုစိတ်အားထက်သန်တာလေ သူတို့ရဲ့ အဆင့်အတန်းနဲ့ကိုက်ညီတဲ့ အစားအသောက်ပေါ့။

အမှန်ပင် ဒီခေတ်အကာတွင် လူချမ်းသာများသည် ဝက်သားကို အကြိုက်နည်းကြလေသည်။ ရှေးခေတ်တရုတ်ပြည်နည်းတူ ဝက်များကို မကန့်သတ်ထားလေရာ အသားကရှောင်လွှဲလို့မရဘဲ ဖယ်ရှားဖို့ခက်ခဲသည့် အနံ့တစ်ခုကျန်ရစ်ပြီး ချဥ်ပြုံးပြုံးအနံ့တစ်ခုလည်း ရှိလေသည်။ ကျွမ်းကျင်သည့်စားဖိုမှုးများက အချို့သောချက်ပြုတ်နည်းဖြင့် ဟင်းခတ်အမွှေးအကြိုင်များကိုသုံးပြီး ထိုအနံ့အသက်များကိုဖယ်ရှားနိုင်သည်။ သို့သော်ငြားလည်း လူအများစုကတော့ ဒီနည်းလမ်းကိုမသိသလို ပိုင်ဆိုင်ခြင်းလည်းမရှိကြပေ။

ထို့ကြောင့် ဝက်သားစားသုံးသူ အများစုက ဆင်းရဲသားများ ဖြစ်ကြလေသည်။

ထို့ကြောင့် သတ်သတ်လွတ်အူကြမ်း၏ ဈေးနှုန်းကို အရည်အသွေးမြင့် ဝက်သား၏ဈေးနှုန်းနှင့် တစ်တန်းထဲထားသည်က အမှန်တော့ အလွန်ဈေးများခြင်း မဟုတ်ပေ။

သို့သော်ငြားလည်း ဆိုင်တာဝန်ခံရွှီ၏ စိတ်ဝင်စားမှုက နောက်ဆုံးတစ်ချက်တွင် သွားညှိလေသည်။ စီးပွားရေးသမားတစ်ယောက်အနေဖြင့် သူသည် အခွင့်အရေးကို ဖမ်းဆုပ်ရမည်မှန်း ကောင်းကောင်းနားလည်သည်။

“မိန်းကလေးစန်းက ကျွန်တော့ကို တစ်ဦးတည်း ရောင်းချခွင့်နဲ့ ရောင်းပေးဖို့ ဆန္ဒရှိသလား”

စန်းလော့က ပွင့်ပွင့်လင်းလင်း သဘောတူခြင်းလည်းမရှိသလို မငြင်းလိုက်ပေ။ သူမက ခဏလောက် စဥ်းစားလိုက်ပြီးမှ ပြောလိုက်လေသည်။

"ဒါက အရေအတွက်ပေါ် မူတည်တယ်၊ နောက်ဆုံးကျွန်မကဒီအပေါ်မှာ အသက်မွေးဝမ်းကြောင်း ပြုနေရတာ မဟုတ်လား။ တစ်နေ့ကို ၃ ကျင်းကနေ ၅ကျင်းအထိ သီးသန့်ပို့ပေးရမယ်ဆိုရင်တော့ ကျွန်မရဲ့အိမ်ထောင်စု လိုအပ်ချက်နဲ့ မကိုက်ညီလေဘူး"

အမှန်တွင်တော့ စန်းလော့ပြောလိုက်သည့် ပမဏသည် တစ်နေ့တွင် ၃ကျင်းမှ၅ကျင်းအထိက ကျေးလက်က လယ်သမားတစ်ယောက်၏ သိသိသာသာဝင်ငွေထက် ပိုလေသည်။ တစ်ရက်ကို ၅၄ မှ ၉၀ ဝမ်အထိ ရှာဖွေနိုင်ခြင်းက ငွေအမြေက်အမြားရရှိခြင်းမဟုတ်လျှင် ဘာဖြစ်မည်နည်း။

လူတစ်ယောက်က စိုက်ပျိုးရုံဖြင့် ဒီလောက်ငွေအများကြီးကို မည်သို့ ရှာနိုင်ပါမည်နည်း။

သို့တိုင် စီရင်စုတွင် စားသောက်ဆိုင်တစ်ခု ဖွင့်နေသည့်ဆိုင်တာဝန်ခံရွှီက တနေ့စာအတွက် ဝမ်အနည်းငယ်ကိုသာ သီးသန့်အပေးအယူလုပ်မည်ဆိုလျှင် ဒါက မလေးစားရာကျပေသည်။ ထို့ကြောင့်ဆိုင်တာဝန်ခံရွှီကလဲ ရယ်မောလိုက်ပြီး စာဖိုမှူးယွီနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် စန်းလော့ဘက်သို့ ပြန်လှည့်လာလေသည်။

"ကျုပ်တို့တွေ အစပိုင်းမှာတော့ အများကြီးကတိမပေးနိုင်ပါဘူး၊ ဒါကလည်း ဟင်းလျာတစ်မျိုးဘဲဆိုတော့လေ၊ ဒီတော့ တစ်ရက်ကို ၁၀ကျင်းအထက်နဲ့စရအောင် ကျွန်တော်တို့ရဲ့စားသောက်ဆိုင် တစ်ခုတည်းမှာပဲ သီးသန်းရောင်းချရမယ်။ ဒီလိုဆိုရင်ကော ဘယ်လိုသဘောရလဲ ကျွန်တော်ကနောက်ပိုင်းကျရင် ရောင်းအားကို ညှိပေးနိုင်ပါတယ်"

၁၀ကျင်း။

ဒါက တစ်ရက်ကို ၁၈၀ ဝမ်။ ၁၀ရက်ဆိုရင် ၁၈၀၀ဝမ်။

တို့ဟူးရောင်းရသည့်ငွေနှင့်ပေါင်းလိုက်လျှင် စန်းလော့သည် ဘာပြသာနာမှမရှိလျှင် ၁၂ရက်အတွင်းအခွန်ကို ပေးဆောင်နိုင်လိမ့်မည်။

သူမက လောဘမကြီးပေ။ သူမကိုင်တွယ်နိုင်သည်ထက် ပိုပြီးလုပ်သည်က လက်တွေ့မကျပေ။ ဝဥတို့ဟူးလုပ်ရန် လိုအပ်သည့်အချိန်နှင့် အားထုတ်မှုကိုလည်း ထည့်သွင်းစဥ်းစားရမည်။ ငွေရှာခြင်းက ထင်သလောက် မလွယ်ကူချေ။

ထို့အပြင် ဝဥများက တောင်တန်းများထဲတွင် ပေါများသော်လည်း အလျှံပယ်ရနိုင်ခြင်းတော့ မဟုတ်ပေ။ ရွာအနီးအနားရှိအပင်များကို တူးခဲ့ပြီးဖြစ်သည်။ သူမက နောက်ထပ်လိုအပ်သည့်အရာအတွက် ပိုနက်သည့်နေရာသို့ စွန့်စားသွားရလိမ့်မည်။ မြွေနှင်ဆေးပါလျှင်တောင် တောင်၏ ပိုအတွင်းဘက်ကျသည့်အပိုင်းက အန္တရာယ်အလွန်များပြီး သူမက မရင်ဆိုင်နိုင်ပေ။

ကံကောင်းချင်တော့ ဝဥက ရေစုပ်ယူနိုင်စွမ်း သိသိသာသာမြင့်မားလေသည်။ ဝဥ ၁ ကျင်းကို ဝဥတို့ဟူး ၈ကျင်းလောက် ထုတ်ပေးနိုင်သည်။ တုန်းဖူစားသောက်ဆိုင်ကို တစ်နေ့လျှင် ၁၀ကျင်းထောက်ပံ့ပေးရမည်က စန်လော့၏လက်ရှိပမာဏတွင် စီမံနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူမက ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ နှုတ်ပြောနဲ့သဘောတူတာက မလုံလောက်ပါဘူး၊ ကျွန်မတို့တွေ စာချုပ်တစ်ခုကို အကြမ်းဆွဲကြမလား"

စီးပွားရေးလုပ်ငန်းတွင် စာချုပ်တစ်ခုချုပ်ဆိုခြင်းက ဆိုင်တာဝန်ခံရွှီအတွက် ရင်းနှီးပါသော်လည်း သူသည် စန်းလော့၏အဆိုကြောင့် အံ့သြသွားကာ သူမက စာရေးတတ်ဖတ်တတ်လေမလားဟု စဥ်းစားမိ ပြီး သူမ၏ နောက်ခံမိသားစုက ထူးခြားလိမ့်မည်ဟု ခံစားမိလေသည်။

ဆိုင်တာဝန်ခံရွှီက ချက်ခြင်း မေးလိုက်မည့်အရေးကို ချုပ်တည်းထားလိုက်ပြီး စာချုပ်ကို စာရေးအားသွားယူခိုင်းလိုက်လေသည်။စာရေးက မှင်နှင့်စာရွက်ကို ပြင်ဆင်ပေးလိုက်ပြီး သူတို့သည် စာချုပ်ပါအချက်အလက်များကို စတင်ရေးဆွဲလိုက်သည်။

စာချုပ်တစ်ခုက နှစ်ဖက်စလုံးအတွက်အကာအကွယ်တစ်ခုဖြစ်သည်။ဆိုင်တာဝန်ခံရွှီက သီးသန့်ရောင်းချခြင်း အခွင့်အရေးကို လိုလားသည်။စန်းလော့ကတော့ နေ့စဥ်ရောင်းအားကိုအာမခံမည့်ရန်လိုချင်သည်။သူမက ကိုယ့်ဟာကိုယ်မထိန်းချုပ်မိအောင သေချာကြိုးစားလိုက်သည်။တနေ့ကို ၁၀ကျင်းပေးမည့် ဆိုင်တာဝန်ခံရွှီ၏ အာမခံချက်ကို ရှင်းလင်းပြလိုက်သော်လည်း သူမက စာချုပ်ပါအကြောင်းအရာများသည် သီးသန့်ရောင်းချခြင်း အခွင့်အရေးတွင်သာ အကျုံးဝင်ပြီး နေ့စဥ်အနည်းဆုံးထောက်ပံ့မှုအတွက် အာမခံခြင်းမပါကြောင်း ပြောပြလေသည်။

သေသေချာချာ ရှင်းလင်းရန်လိုအပ်သည့် လိုအပ်ချက်များကို စာချုပ်ပေါ်တွင် ဖော်ပြထားသည်။

ဆိုင်တာဝန်ခံရွှီက သူမ၏ တောင်းဆိုချက်ကြောင့် တအံတသြ ဖြစ်သွားတော့သည်။

စန်းလော့က ပြုံးကာ ရှင်းပြလိုက်၏။

“လူတွေရဲ့ကန့်သတ်ချက်ကို အမြဲတမ်းကြိုတင်ခန့်မှန်းလို့မရဘူးလေ၊ ဒီစာချုပ်ကလည်း ရှင့်ရဲ့သီးခြားရောင်းချမှု အခွင့်အရေးကို အာမခံပေးပြီး ကျွန်မက ရှင့်ကိုဒီအခွင့်အရေး ပေးထားတဲ့အချိန်မှာ ရှင့်ရဲ့ရောင်းအားကလည်း သေချာပေါက်ရလာလိမ့်မယ်။ တခြားအခြေအနေတွေအတွက်တော့ ကျွန်မက ကိုယ့်ဟာကိုယ်အများကြီး ကန့်သတ်ထားလို့ မရဘူးပေါ့”

သူမက ကုန်ပစ္စည်းကို မထောက်ပံ့ပေးနိုင်ခဲ့လျှင် လျှော်ကြေးပေးရတော့မှာ မဟုတ်လား။

စန်းလော့သည် တောင်ပေါ်ကရသည့် ကုန်ပစ္စည်းများအတွက်တော့ ဒီလိုအာမခံချက်မျိုးကို မလုပ်လိုပေ။

သူမက ဆိုင်တာဝန်ခံရွှီကို အာမခံလိုက်လေသည်။

"တကယ်လို့ ကျွန်မကပစ္စည်းတွေကို မထောက်ပံ့ နိုင်တော့ဘူးဆိုရင် ရှင့်ကို တစ်ရက်ကြိုပြီးအကြောင်းကြားပါ့မယ်၊ ရှင်က အစားအသောက်စာရင်းထဲကနေပြီး ဟင်းကိုဖယ်ထားလို့ရတာပါ့"

စန်းလော့သည် စာပေတတ်သည့်အပြင် စာချုပ်ပါအကြောင်းအရာကို ထည့်သွင်းရာတွင် တော်တော်လေး လိမ်မာပါးနပ်မှုရှိသည်။ ဖြစ်လာနိုင်သည့်အန္တရာယ်များကို ရှောင်ရှားကာ ထောက်ပြနိုင်ကြောင်း နားလည်လိုက်လေသည်။

သူက တိုင်ပင်ဆွေးနွေးထားသည့်အတိုင်း စာချုပ်များကိုချရေးဖို့ စာရေးကို ညွှန်ကြားလိုက်ကာ တခြားအသေးစိတ် အချက်အလက်များကိုလည်း အဆုံးသတ်လိုက်လေသည်။ ပြီးခါနီးတွင် စန်းလော့က သီးသန့်ရောင်းချခြင်းစာချုပ်ကို ၆လသက်တမ်းထည့်မည်ဟု တောင်းဆိုလိုက်လေသည်။

"တစ်ခြားရည်ရွယ်ချက်ရှိလို့တော့ မဟုတ်ပါဘူး၊ လက်တွဲလုပ်တဲ့အလုပ်တိုင်းက အချိန်အကန့်အသတ် တစ်ခုရှိသင့်တယ်လေ။ အလုပ်ဖြစ်တယ်ဆိုရင် ကျွန်မတို့က ဆက်ပြီးလက်တွဲမယ်၊ မဖြစ်ဘူးဆိုရင်လည်း လမ်းခွဲလို့ရတာပေါ့၊ ဒါက နှစ်ဖက်စလုံးအတွက် လုံခြုံရေးတစ်ခုကို ဖြည့်တင်းပေးနိုင်တယ် ဟုတ်တယ်မလား။ တကယ်လို့ ဒါက အဆင်ပြေတဲ့လက်တွဲလုပ်ကိုင်တဲ့ အလုပ်ဖြစ်ခဲ့ရင် ကျွန်မတို့က သက်တမ်းကုန်သွားပြီးရင်လည်း သက်တမ်းထပ်တိုးလို့ရတာပေါ့”

ဆိုင်တာဝန်ခံရွှီ စာရေးနှင့် အကဲခတ်နေသည့်စားဖိုမှူး: “......”

ဝယ်သူတွေက ရောင်းသူတွေထက် ဘယ်တော့မှပိုပြီး မပါးနပ်နိုင်ဘူးလို့ ပြောကြတယ်။ မန်နေဂျာရွှီသည် အပေါ်ယံအားဖြင့် စေတနာကောင်းသူ ဖြစ်သည့်တိုင် သူသည် နှစ်၂၀လောက်ပါးနပ်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်လာခဲ့သည်။ ဒီနေ့တွင်တော့ သူသည်သူ့ရဲ့ပြိုင်ဖက် ဒီမိန်းမငယ်လေးနှင့် တွေ့ဆုံခဲ့လေသည်။ ငယ်ရွယ်သော်ငြားလည်း သူမသည်ကိစ္စများကို ထူးထူးခြားခြား အတွေ့အကြုံရှိသည့်အပြင် အမြင်ကလည်း ထက်ထက်မြက်မြက်ဖြင့် ကိုင်တွယ်နိုင်ခဲ့သည်။

ဆိုင်တာဝန်ခံရွှီက သသောကျသွားပြီး ထောက်ခံလိုက်သည်။

"ရတာပေါ့ဗျာ မိန်းကလေးစန်းရဲ့ အချက်အလက်တွေက လက်ခံနိုင်ပါတယ်၊ ၆လလို့ သတ်မှတ်ကြတာပေါ့၊ ကျွန်တော်ကတော့ အဲဒီနောက်ပိုင်းမှာ စာချုပ်ကို ထပ်ချုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိတယ်"

ဆိုင်တာဝန်ခံရွှီသည် ဆက်ဆံရေးများကို ထိန်းသိမ်းရာတွင် သူ့အရည်အချင်းကို ယုံကြည်ချက်ရှိသူ ဖြစ်လေသည်။ ၆လပြီးသွားလျှင် တူညီသည့်အခြေအနေအောက်တွင် စန်းလော့က သူနှင့်ဆက်ပြီးလက်တွဲလုပ်ဖို့ အလိုလိုရွေးချယ်လိမ့်မည်ဟု ယုံကြည်ထားသည်။ တခြားအိမ်များက ပိုပြီးမြင့်သည့်ဈေး ပေးလိုက်သည်တွင်လည်း ဒါက စန်းလော့၏ အကာအကွယ်ဖြစ်ပေရာ စိတ်ရှုပ်စရာမဖြစ်နိုင်ပေ။ သူတို့သည် ထိုအကာကျတွင်လည်း ပြန်ပြီး တိုင်ပင်ညှိနှိုင်းလို့ ရပေသည်။

သူက စာရေးကို အချိန်ကာလတစ်ခု ထပ်ထည့်ခိုင်းလိုက်သည်။

ထို့နောက်တွင်တော့ ဆိုင်တာဝန်ခံရွှီက စန်လော့ကို အကြံပြုလိုက်၏။

"တစ်ခုပါဘဲ၊ မင်းက ဝဥတို့ဟူးကို အချောမသပ်ရသေးတဲ့ ကုန်ပစ္စည်းအဖြစ်ပဲ ပြင်ဆင်ပေးလို့ရတယ်၊ ကျွန်တော်တို့ရဲ့ စားဖိုမှူးတွေက နောက်ဆုံးအဆင့်ကို ကိုင်တွယ်လိမ့်မယ်၊ သူ့ကို အအေးဟင်းလျာဖြစ်ဖြစ် မွှေကြော်ဟင်းလျာဖြစ်ဖြစ် ရောင်းအားတက်စေမဲ့ အလားအလာပုံစံမျိုး ပြုလုပ်လိုက်မယ်။ ဒီလိုဆိုရင်ကော မင်းက ဈေးနှုန်းကို နည်းနည်းလောက် ချပေးလို့ရမလား"

စန်းလော့သည် သူမ၏ ဟင်းချက်အရည်အချင်းက စားသောက်ဆိုင်၏ စားဖိုမှူးကိုတော့ ကျော်နိုင်မည်မဟုတ်မှန်း စဥ်းစားမိလေသည်။ထို့အပြင် သူမ၏ ပါဝင်ပစ္စည်းများက တုန်းဖူစားသောက်ဆိုင်၏ အရည်အသွေးနှင့် အမျိုးအစားကိုလည်း ယှဥ်နိုင်မည်မဟုတ်ချေ။သူမ၏ အကန့်အသတ်ကို သတိထားမိလိုက်သည်တွင် သူမကလည်း ဆိုင်တာဝန်ခံရွှီ၏ အကြံပေးချက်က သင့်တော်သည်ဟုထင်လေသည်။

အကျဥ်းချုပ် စဥ်းစားလိုက်ပြီးနောက် သူမက ပြန်ဖြေလိုက်သည်။

"၁ကျင်းကို ၁၇ဝမ်လို့ သတ်မှတ်တာပေါ့။ ဟင်းခတ်အမွှေးအကြိုင်ရဲ့ကုန်ကျစရိတ်က ကျွန်မအတွက်တော့မများပါဘူး၊ ဒီတော့ ဒီ၁ ဝမ်လျှော့ပေးလိုက်တာက ဆိုင်တာဝန်ခံရွှီအတွက် အပိုအခွင့်ရေးတစ်ခု ရနိုင်သွားတာပေါ့"

ဆိုင်တာဝန်ခံရွှီက လှိုက်လှိုက်လှဲလှဲ ရယ်မောလေသည်။

"ထောက်ခံတယ်၊ ၃ရက်နေရင် ပစ္စည်းကိုတရားဝင်စပို့ပေးပါ၊ အဲဒီနေ့ကြရင် ကျွန်တော်တို့ရဲ့မီးဖိုချောင်ကို ဝဥတို့ဟူး ၁၀ကျင်းပို့ပေးပြီး ကျွန်တော့စာရေးနဲ့ စာရင်းတွက်ပြီး ရှင်းလိုက်ပါ"

စန်းလော့ယူလာသည့် မြေအိုးများကို ကြည့်လိုက်ပြီး သူက ထပ်ပြောလိုက်လေသည်။

"ဒါပေါ့ ကျွန်တော်တို့က မင်း ဒီနေ့ယူလာတဲ့ဟာတွေကိုလည်း ဝယ်မှာပါ"

ပစ္စည်းကို ၃ရက်နေလျှင်စရမည်ဟု ကြားလိုက်သည်တွင် စန်းလော့သည် ဒါက ဝင်လာနိုင်ခြေရှိသည့်ဝင်ငွေ ၅၁၀ ဝမ် ဆုံးရှုံးရသည့်သဘောကို တွက်ချက်မိလေသည်။

စားသောက်ဆိုင်တစ်ခုအတွက် မရင်းနှီးသည့် ဟင်းလျာတစ်ခုကို သတိထားရမည်က သဘာဝဖြစ်မှန်း စန်းလော့လည်း နားလည်ပေသည်။ ဒီနေ့ သူမ၏ပစ္စည်းများကို ဝယ်ယူပြီး ပစ္စည်းအသစ်အတွက် ၃ရက်စောင့်ဆိုင်းခြင်းက စားသောက်ဆိုင်ဝန်ထမ်း ဖြစ်နိုင်လျှင် တိရစ္ဆာန်အငယ်လေးတစ်ချို့တို့ကို အရင်ဆုံးအစားအသောက်ဖြင့် စမ်းသပ်ဖို့ အချိန်ရလိမ့်မည်။

အကယ်၍များ အားလုံးကအဆင်ပြေခဲ့လျှင် ဟင်းလျာအသစ်ကို နောက်၃ရက်တွင် စပြီးမိတ်ဆက်လိမ့်မည်။

စန်းလော့က သဘောတူဖို့ အသင့်ပင် ဝမ် ၁၀၀ ၂၀၀လေးကို လွဲချော်လိုက်သည်က ၃၃၈၈ ဝမ်လိုအပ်ချက်ကို စုဆောင်းဖို့ရန်အတွက် သူမကိုတားမြစ်နိုင်မည် မဟုတ်ချေ။ ထို့ပြင် တို့ဟူးရောင်းချပြီး သူမတွင် စွန်ပလွန်မုန့်လို ဝင်ငွေရင်းမြစ်တစ်ခုလဲ ရှိသေးပေရာ သူမက မစိုးရိမ်ပေ။

အပေးအယူကိုအဆုံးသတ်ပြီးသည်တွင် သူမ၏ အစားအသောက်များကို ချိန်ဖို့ရန် ယူသွားလိုက်သည်။ ၂၃.၅ကျင်း ပမာဏရှိပြီး အားလုံးကို ဆိုင်တာဝန်ခံရွှီက ၁ကျင်းကို၁၈ဝမ်ဖြင့် ဝယ်ယူလိုက်ပြီး စုစုပေါင်း ၄၂၃ဝမ် ကျသင့်လေသည်။

အသစ်ရေးဆွဲထားသည့် စာချုပ်နှစ်ခုကို ပြင်ဆင်လိုက်ပြီး စန်းလော့နှင့်ဆိုင်တာဝန်ခံရွှီတို့က လက်မှတ်ထိုးကာ အပေါ်တွင် တံဆိပ်တုံး နှိပ်လိုက်သည်။ မှင်ခြောက်သွားသည်နှင့် တယောက်ချင်းစီက ပွားထားသည့်စာရွက်ကို သိမ်းထားလိုက်သည်။ ငွေရောက်လာသောအခါ စန်းလော့၏ ပိုက်ဆံအိတ်က ပြည့်လုနီးပါး ဖြစ်လာခဲ့သည်။ သူမက ပိုက်ဆံများကို သူမ၏အင်္ကျီလက်ထဲသို့ ကိုးယို့ကားယား ကြိုးစားထိုးထည့်နေသည်တွင် ဆိုင်တာဝန်ခံက သတိထားမိသွားပြီး ပိုခိုင်သည့်ငွေအိတ်တစ်ခုကို စာရေးအား သွားယူခိုင်းလိုက်ကာ စန်းလော့ကို ပေးခိုင်းလိုက်လေသည်။

ငွေအိတ်အသစ်လေးက စန်းလော့၏ ငွေအိတ်ထက် အများကြီးပိုကောင်းပြီး ပိုခိုင်မာကာ ငွေများ၏ အလေးချိန်ကို ခံနိုင်ရည်ရှိလေသည်။

အထင်ကြီးလေးစားမိကာ စန်းလော့က မှတ်ချက်ပေးလေသည်။

"ဒါက ကျွန်မရဲ့ဟာထက်အများကြီး ပိုကောင်းတယ်၊ ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်မက ရှင့်ကို တခုခုလက်ဆောင် ပြန်ပေးပါရစေ"

ထို့နောက်တွင် သူမက သူမသယ်လာသည့်ခြင်းကို မွှေနှောက်လိုက်လေသည်။

သူမ၏ သေးငယ်သည့်ခြင်လေးထဲတွင် သပ်သပ်ရပ်ရပ် စီကာထည့်ထားသည့် နောက်ထပ်မြေအိုးတစ်ခု၏အောက်တွင် လေးထောင့်သစ်သားဗူးလေးတစ်ခုရှိကာ အထဲတွင် သူမ အထူးတလည်ယူလာသည့် တို့ဟူးအတုံးလေးများ ပါလေသည်။

ဆိုင်တာဝန်ခံရွှီက တို့ဟူးကိုမှတ်မိသွားပြီး ပြုံးလိုက်သည်။

"ဒါက တို့ဟူးနဲ့နတ်သမီးတို့ဟူး အရှေ့ဈေးမှာရောင်းတဲ့ဟာ မဟုတ်လား၊ မင်းက ဒီပစ္စည်းတွေကော ရောင်းတာလား၊ မိန်းကလေးစန်း"

...

All Chapters