အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
အပိုင်း(၆၇) အစီအစဉ်
ညီအစ်ကိုများ ထွက်ခွာသွားပြီးနောက် စန်းလော့သည် ခြံတွင်းရှိ စပါးအိတ်နှစ်ဆယ်နီးပါးကို သိုလှောင်ရန်နေရာအတွက် စိုးရိမ်ရင်း လှည့်ကြည့်လိုက်သည်။
မြေထည်ဆန်အိုးအပြင် စပါးသိုလှောင်ရန် သင့်တော်သည့် အခြားထည့်စရာများမရှိသောကြောင့် မည်သည့်နေရာတွင် ထားရမလဲ မသိပေ။
သူမသည် ထိုအရာများကို မြေကြီးပေါ်တွင်စုပုံမထားနိုင်ပေ။ ထိုအရာက စိုစွတ်စေနိုင်ပြီး စပါးများမှာလည်းမှိုတက်ပြီး ပိုးတက်လာနိုင်သည်။
စပါးသိုလှောင်မည့်နေရာကိုဆုံးဖြတ်ရခြင်းသည် စိန်ခေါ်မှုတစ်ခုဖြစ်သည်။ မီးဖိုခန်းသည် ကျယ်ဝန်းသော်လည်း စွံပလွန်များ၊ ပဲနို့ သို့မဟုတ် ဝဥချက်ပြုတ်ခြင်းဖြင့် အမြဲအလုပ်ရွှီပ်နေပါသည်။ ရေနွေးငွေ့များကြောင့် စပါးသိုလှောင်ရန်မှာမသင့်တော်ပေ။
တစ်ခုတည်းသော ရွေးချယ်စရာမှာ ပင်မအိမ်ဖြစ်သည်။
စန်းလော့နှင့်သူမ၏မောင်၊ညီမများသည် ရှန်းအန်းနှင့်ရှန်းနဉ်၏ အိပ်ယာအသစ်ကို အခန်းထဲရှိ ပိုပြီးအလယ်ကျသောနေရာသို့ ကြိုးကြိုးစားစား ရွှေ့လိုက်ကြပြီး အိပ်ယာနှစ်ခုကြားတွင် လမ်းလျှောက်ရန် လုံလောက်ရုံနေလးကိုသာ ချန်ထားလိုက်သည်။
ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် သူတို့၏မရီးဖြစ်သူနှင့် ပိုနီးကပ်လာသဖြင့် ခွဲအိပ်ရသည့်အချိန်ကထက် အတော်လေးပျော်ရွှင်နေကြပြီး
စန်းလော့ : “......”
ကလေးတွေ ပျော်နေရင် ပြီးတာပါပဲ။
အိပ်ယာများကိုစီစဉ်ပြီးသည့်နောက် အခန်းတစ်ဝက်လောက် လွတ်သွားသော်လည်း အစိုဓာတ်နှင့်ပိုးမွှားများကို ရှောင်ရှားရန် စပါးအိတ်များကို မြေပြင်ပေါ်တွင် မချထားရလေအောင် စင်တစ်ခုလိုလေသည်။
ပရိဘောဂအဟောင်းများကို ရှာဖွေကြည့်သော်လည်း သင့်တော်သောသစ်သား မတွေ့ပေ။ သူမသည် ဝါးနှင့်အကိုင်းငယ်များကို ခုတ်ထစ်နိုင်သော်လည်း သစ်ပင်များကိုခုတ်လှဲခြင်းမှာ သူမ မတတ်နိုင်သည့်အရာ ဖြစ်သည်။
နောက်ဆုံးတွင် သူမသည် ခိုင်ခံ့သောပျဉ်ပြားများနှင့်ပေါင်းကာ စပါးအိတ်များသိုလှောင်ရန် ယာယီစင်တစ်ခုဖန်တီးရန် မီးဖိုချောင်ရှိ ထိုင်ခုံလေးခုံမှ သုံးခုံကို ပြန်လည်အသုံးပြုခဲ့သည်။
ဗျာများရခြင်း အားလုံးပြီးသည့်နောက် သူတို့သည် စပါးအိတ်များကို သယ်ရန်အဆင်သင့်ဖြစ်လာသည်။ ကလေးများနှင့်အတူ စန်းလော့သည် ထိုအရာကို အထဲသို့ထည့်ရန်ပြင်ဆင်ရင်း တစ်အိတ်ချင်းစီ မ,ရန်စီစဉ်နေ၏။ တိုက်ဆိုင်စွာပင် လာမလည်သည်မှာ အချိန်အတော်ကြာပြီဖြစ်သော ရှန်းကျင့်သည် အလည်ရောက်လာလေသည်။
သိချင်စိတ်ဖြင့် ခြံထဲသို့ချောင်းကြည့်ရင်း သူသည် စပါးအိတ် ဆယ့်ငါးလုံးမှနှစ်ဆယ် အပြည့်ထည့်ထားသည်ကို တွေ့လိုက်ရသည်။
ရှန်းကျင့်: “???”
ခြံတံခါးပိတ်ဖို့မေ့သွားသည်ကို သတိရတော့ ရှန်းအန်းသည် သူ့လျှာကိုကိုက်လုမတတ်ပင် ဒေါသထွက်နေသည်။
ကျူးကျော်လာပြီဟူသည့် ခံစားချက်ကြောင့် စိတ်အနှောင့်အယှက်မဖြစ်မိဘဲ ရှန်းကျင့်က ရွှင်မြူးစွာဖြင့် လှမ်းခေါ်လိုက်သည်။
"မရီး၊ ရှန်းအန်း၊ ရှန်းနဉ်၊ အကူအညီလိုသေးလား"
ထို့နောက်သူသည် တက်တက်ကြွကြွဖြင့် အထဲသို့ပြေးဝင်လာသည်။
သူသည် တအံ့တဩဖြင့် အိတ်အပုံများကို လေ့လာကြည့်လိုက်သည်။
"ဒါတွေအားလုံးက ဘာတွေလဲ။ အများကြီးပဲ"
ထို့နောက် အိတ်တစ်အိတ်ကို ထိုးကြည့်ပြီး သူ၏မျက်လုံးများမှာ ချက်ချင်း အရောင်လက်သွားတော့သည်။
"စပါးတွေပဲ။ ဝိုးး၊ ရှန်းအန်း၊ မင်းတို့မိသားစုမှာ စပါးတွေ အများကြီးရှိတာပဲ"
သူသည် စန်းလော့နှင့်ကလေးများ စပါးသယ်နေကြသည်ကိုကူညီရန် တက်တက်ကြွကြွပင် လာလေသည်။
အသန်မာဆုံးမဟုတ်သော်လည်း သူ၏ ကူညီလိုစိတ်မှာ စစ်မှန်ပြီး စိတ်အားထက်သန်၏။
စန်းလော့: “......”
ထို့နောက် သူနှင့် ကလေးသုံးယောက်အပါအဝင် လေးယောက်သည် အဖွဲ့လိုက်ဖြင့် အိတ်တစ်လုံးစီသယ်ကြလေ၏။
ဆန်အိတ်များကို မသေမသပ်ဆင့်ပြီးသည့်နောက် ကလေးများတင်မကဘဲ စန်းလော့ပါလျှင် မောပန်းနေကြသည်။ သူတို့အားလုံးသည် ရှန်းအန်း၏ ကုတင်အသစ်ပေါ်၌ အတန်းလိုက်လဲလျောင်းရင်း လက်ဖျားလေးပင် မလှုပ်နိုင်လောက်အောင် ပင်ပန်းသွားကြ၏။
ခဏကြာပြီးနောက် ရှန်းအန်းသည် နောက်ဆုံးတွင် စကားပြောရန်ခွ န်အားရှိလာလေသည်။
"ဒီကို မလာတာကြာပြီ၊ ဒီနေ့မှ ဘာလို့လာတာလဲ"
ဟမ်.... ရှန်းကျင့်ကို မေးခွန်းထုတ်လိုက်သည်။
ရှန်းကျင့် : "ငါ့ကိုမစပါနဲ့ကွာ၊ ငါ့အဖေက သဘောထားသေးလိုက်တာ။ မောင်နှမတွေနဲ့ အတူတူ မင်းအိမ်မှာ ထမင်းစားတာကို သူကျ အဖိတ်မခံရလို့ စိတ်ဆိုးနေတာ။ အရင်က မင်းအိမ်မှာအလုပ် လုပ်ခဲ့တာလည်း သိရော အဲ့နောက်မှာ လယ်ကွင်းတွေထဲကို ဆွဲခေါ်သွားပြီး အလုပ်လုပ်ခိုင်းတော့တာပဲ။ အခြောက်လှမ်းထားတဲ့စပါးတွေနဲ့ ငှက်တွေကိုခြောက်လှန့်ဖို့လေ။ ဒီနေ့ကျမှပဲ စပါးတွေသိမ်းပြီးသွားလို့ အားတော့တယ်"
အမှန်တော့ သူသည် အရိုက်လဲခံလိုက်ရသေးကာ ရှက်မိသဖြင့် ထိုအကြောင်းကို မပြောတော့ဘဲ ဒေါသထွကထွက်ဖြင့် လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။
ရှန်းအန်းက သူ့ဟာသူ စဉ်းစားလိုက်လေသည်။ တိုက်တိုက်ဆိုင်ဆိုင် အလည်ရောက်လာသူလဲ အချိန်ကိုက်လွန်းတယ်။သူ့မရီးက စပါးသယ်ဖို့တောင်ပေါ်လမ်းကို တမင်ရွေးခဲ့ရတာ။စပါးတွေကိုတောင် ဝှက်မထားရသေးဘူး။အလည်လာသူက တွေ့သွားပြီတဲ့လေ။
ယခုတော့ အိမ်လည်လာသည့်သူက သူ့အိပ်ယာတွင် သက်တောင့်သက်သာပင် လှဲနေလိုက်သေးသည်။
ရှန်းအန်းသည် စကားပင် မပြောချင်တော့ပေ။
ရှန်းကျင့်သည် အတော်ပျော်နေပုံရပြီး သူ့အောက်က ကုတင်ကို ပွတ်သပ်ကာ နေရာမှာတင် အနည်းငယ် လှိမ့်နေ၏။
"ရှန်းအန်း၊ မင်းအိပ်ယာက သက်တောင့်သက်သာရှိလိုက်တာ။ ဖျာကလဲအသစ်ဆိုတော့ လတ်ဆတ်တဲ့အနံ့လေးရတယ်။ ငါတို့အိမ်မှာရှိတဲ့ နံစော်ပြီး ထျန်းယာ ဖျက်ဆီးထားတဲ့ဟာနဲ့ မတူဘူး"
အိမ်က အိပ်ယာအကြောင်းညည်းညူရင်း သူသည် ရုတ်တရက် အရေးကြီးသောအရာတစ်ခုကို သတိရသွားပြီး ရုတ်တရက် ထလိုက်ကာ အလန့်တကြား ပြောလိုက်၏။
"အဓိကဟာကို မေ့တော့မလို့၊ ငါ ဘာယူလာလဲဆိုတာ ကြည့်လိုက်"
သူ့အိတ်ကပ်ထဲမှ ဝက်ဆီလက်တစ်ဆုပ်စာ အကြွင်းအကျန်လေးကို ဂုဏ်ယူစွာ ထုတ်ယူလိုက်ရင်း ရှန်းကျင့်က ပြောလိုက်၏။
"ဒီမှာကြည့်၊ ငါတို့အိမ်မှာလဲ ဝက်ဆီထုတ်တယ်။ ဒီမှာ မင်းတို့အစားကိုပဲ အလကားစားတာ မဟုတ်တော့ဘူးနော်၊ ငါ့ဟာကို မင်းတို့နှစ်ယောက်ကို မျှကျွေးမယ်"
တစ်ခုခုကိုသဘောပေါက်တော့ သူက ချက်ခြင်းထပ်ပြောလိုက်၏။
"ပြီးတော့ အကြီးဆုံးမရီးအတွက်ရောပဲ"
သူ၏ဂုဏ်ယူနေသည့်အသံကြောင့် ရယ်ချင်နေသောစန်းလော့က တစ်ဖက်သို့လှည့်ကာ နေလောင်ထားသော သို့မဟုတ် ဖုန်ပေနေသောလက်ကလေးတွင် ကိုင်ထားသည့် အဆီကျန်၆ခု သို့မဟုတ် ၇ ခုကို ကြည့်လိုက်၏။
သူမက ရီမောလိုက်၏။
"ငါက တော်ပါပြီ၊ သားတို့ပဲ စားကြနော်"
သူတို့၏ ညစ်ပတ်ပေရေနေသောပုံစံဖြစ်သော်ငြား မောင်နှမနှစ်ယောက်သည် ဇီဇာမကြောင်သင့်ပေ။ ပါးစပ်က သေးသေးလေးကိုတောင် အလွတ်မပေးတတ်သည့် ရှန်းကျင့်အတွက် လွယ်ကူမဟုတ်ချေ။
စန်းလော့ မစားသည်ကိုကြားတော့ ရှန်းကျင့်သည် ရွှီပ်ထွေးသည့်အမူအရာ ဖြစ်သွား၏။ သူ့ကမ်းလှမ်းခြင်းကို သူ့မရီးက မမြည်းကြည့်သောကြောင့် အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်လား။ သူ့အတွက် ဝက်ဆီတစ်ဖက် သိမ်းဆည်းနိုင်သောကြောင့် အနည်းငယ်စိတ်သက်သာရာရသည်လား သေချာမသိတော့ချေ။
သူသည် အထူးတလည် ဒွိဟဖြစ်နေသယောင်။
ဝက်ဆီအကြွင်းအကျန်များ အကြောင်းကြားတော့ ရှန်းအန်းနှင့်ရှန်းနဉ်တို့သည်လည်း ရုတ်တရက် ထထိုင်လိုက်လေသည်။
ရှန်းကျင့်က တကယ်ပဲ ဝက်ဆီဖတ်ကို သူတို့နဲ့ မျှစားမလို့တဲ့လား။
မောင်နှမနှစ်ယောက်မှာ ယုံကြည်ဖို့ရာ ခက်ခဲသွားတော့သည်။
သူတို့သည် လက်မဲလေးက လက်တစ်ဆုပ်စာ ဝက်ဆီဖက်ကိုင်ထားသည်ကို လက်တွေ့မမြင်မချင်း မယုံကြည်နိုင်ကြသေးချေ။
လက်မှာအမှန်ပင် အတော်လေးညစ်ပတ်နေသည်။ သို့သော် ထိုအဆီအကြွင်းအကျန်များမှာ စားချင်စဖွယ်ဖြစ်နေ၏။
အထူးသဖြင့် ရှန်းအန်းနှင့်ရှန်းနဉ်တို့မှာ ဇီဇာကြောင်သော အစားသမားများ မဟုတ်သော်လည်း သူတို့သည် အသား သို့မဟုတ် ဝက်ဆီအကြွင်းအကျန်များကို ဇိမ်ခံစားသုံးခြင်းမှာ ရှားပါသည်။ အထူးသဖြင့်သူတို့အိမ်တွင် ကျွေးမွေးသည့်အစားအသောက်များသည် သူတို့၏ငွေများကို ကုန်လုနီးပါးဖြစ်သွားသောကြောင့် ခြိုးခြံချွေတာသည့်ကာလတစ်ခု ဖြစ်နေလေသည်။
ယခုတော့ ဝက်ဆီအမွှေးအကြိုင်များ၏စွဲဆောင်မှုဖြင့် မောင်နှမနှစ်ယောက်လုံး သွားရည်ကျနေသည်ကို တွေ့ရ၏။
စိတ်ကြည်နူးမှုကြောင့် ရှန်းကျင့်၏မျက်လုံးများမှာ ကွေးညွတ်သွားပြီး ထူးထူးခြားခြား ဂုဏ်ယူဝံ့ကြွားစွာတောက်ပနေသည်။ သူကပဲ ရှန်းအန်းနဲ့ရှန်းနဥ်တို့အိမ်မှာ အစားအစာတွေကို ပျော်ပျော်ကြီးစားနေတာ မဟုတ်ပါဘူးနော်။ သူ့မှာလဲ ပြန်ကျွေးစရာရှိပါသေးတယ်။
"အတူတူဝေမျှကြရအောင်။ ငါ့အတွက်က နှစ်ဖက်ပဲရှိတယ်"
ဝက်ဆီအပိုင်းအစ ခုနစ်ခုသာရှိသဖြင့် ရှန်းအန်းသည် လူတစ်ဦးလျှင် နှစ်ခုရပြီ တစ်ခုပိုမှန်း ချက်ချင်း သိလိုက်သည်။
သို့သော် ရှန်းကျင့်က တစ်ခုချင်း ဝေဖို့ရန်သာ ခေါင်းမာနေသည်။
"တစ်ခုက မင်း၊ တစ်ခုက ငါ၊ တစ်ခုက အားနဉ်၊ တစ်ခုက မင်း၊ တစ်ခုက ငါ၊ တစ်ခုက အားနဉ်၊ တစ်ခုက မင်း.... နေဦး၊ မင်းမှာ ဘာလို့ သုံးခုရှိနေတာလဲ"
ဘေးမှစန်းလော့က ပြုံးလိုက်၏။
"ရှန်းအန်း၊ သားမှာအချိန်ရှိတယ်ဆိုရင် သူ့ကို တွက်နည်းတစ်ချို့ကို သင်ပေးလိုက်အုံး"
ရှန်းအန်း: "……"
"အရင်က သား သူ့ကိုသင်ပေးဖို့ကြိုးစားဖူးတယ်။ ဒါပေမယ့် သူက သင်ရတာကို မကြိုက်ဘူး"
ရှန်းကျင့် : "ဝက်ဆီအကြွင်းအကျန်လေးစားတာကို ဘာလို့တွက်ချက်ပြီး အပင်ပန်းခံနေမှာလဲ"
ထို့နောက် ရှန်းအန်းလက်ထဲရှိ သုံးခုမြောက်အဆီဖက်ကို ကြည့်နေလေသည်။
"အဲ့တာ ငါ့ရဲ့ဝက်အဆီပဲ။ ငါ မင်းနဲ့ရှန်းနဉ်ကို တစ်ယောက်နှစ်ခုစီ ပေးပြီးပြီ၊ ငါ့အတွက် သုံးခုရနိုင်မလား။ အဲ့တာက ငါ့ပစ္စည်းဆိုတော့လေ နဲနဲလေးပိုစားတာက ငါ့အတွက်တရားမျှတတယ်မလား"
သူသည် ရှန်းအန်းကို ပေးခဲ့သော ဝက်ဆီတစ်ဖက်အား ပြန်ရယူရန် တရွရွဖြစ်နေ၏။
သူ့ကိုဤသို့မြင်တော့ ရှန်းအန်းသည် ရှန်းကျင့်က လေးခုကိုပေးခဲ့သည်ကို အံ့ဩသွားပြီး ငြင်းခုံထားရသည့်တစ်ခုကို လိုလိုလားလား ပြန်ပေးလိုက်လေသည်။
"ရတယ်လေ၊ တကယ်တော့ အားလုံးက မင်းဟာတွေပဲ၊ ဘယ်လောက်ပေးရမလဲဆိုတာကို မင်းပဲ ဆုံးဖြတ်ရမှာပေါ့။ စားတော့"
သုံးယောက်သား ကုတင်ပေါ်တွင်ထိုင်ပြီး ဝက်အဆီ၏ ကြွယ်ဝသောအရသာကို မြုံ့ကာအရသာခံနေကြသည်။ စန်းလော့က သူ၏သုံးခုအား ခဏလေးအတွင်း အမြန်ဆုံးစားပြီးသွားသည့် ရှန်းကျင့်ကို ကြည့်နေခဲ့ပြီး ဆီပေနေသောလက်များကို သူ့အဝတ်ဖြင့်သုတ်ခါနီးတွင် မျက်နှာထားတင်းတင်းဖြင့် တားလိုက်၏။
"နေဦး၊ ဆီတွေကို မင်းရဲ့အဝတ်အစားတွေ ဒါမှမဟုတ် အစ်မရဲ့အိပ်ယာမှာ မသုတ်နဲ့။ အားလုံးအိပ်ယာပေါ်က ဆင်းကြတော့။ အပြင်မှာလက်သွားဆေးကြတော့"
ရှန်းကျင့်သည် လှုပ်ရှားမှုအလယ်တွင် ရပ်တန့်သွားပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့် ကုတင်ပေါ်မှ ရှောဆင်းလိုက်ပြီး ရှန်းအန်းနှင့်ရှန်းနဉ်တို့ကို စောင့်လိုက်ကာ အားလုံးအတူတူ အတူတူပြေးထွက်သွားကြတော့သည်။
သူတို့ ခြံတံခါးဝသို့ရောက်သည်နှင့် ချန်းအာ့ရှန်ဆီသို့ပြေးသွားကြ၏။
"အစ်ကိုအာ့ရှန်၊ ဒီကိုဘာလာလုပ်တာလဲ"
"ငါ့ရဲ့အဘိုးက မင်းတို့အစ်မကိုရှာဖို့ လွှတ်လိုက်တာ။ သူရှိလား"
အသံများကိုကြားတော့ စန်းလော့ထွက်လာ၏။
"အဘိုးချန်းက ငါ့ကို ရှာနေတာလား"
သူမကိုမြင်တော့ ချန်းအာ့ရှန်က သူမကို မြန်မြန်နှုတ်ဆက်ပြီးနောက် ပြောလိုက်၏။
"ဟုတ်ပါတယ်။ စပါးဈေးတွေနဲ့ပတ်သက်ပြီး ကျွန်တော့်အဘိုးက မေးချင်နေတယ်။ အစ်မ အားတဲ့အခါ လာလည်နိုင်မလားလို့လဲ ပြောပါတယ်။ ဒါပေမယ့် သူက လောစရာမလိုတာမလို့ အစ်မရဲ့အရေးကြီးတဲ့ကိစ္စတွေကို အရင်လုပ်ပါလို့လည်း ပြောလိုက်တယ်။ အစ်မ အချိန်ရတာနဲ့လာခဲ့ပါဦးတဲ့"
ချန်းမိသားစုက စန်းလော့၏ နတ်သမီးတို့ဟူးသည် တောင်များမှ ပင်ရင်းပါဝင်ပစ္စည်းများ လိုအပ်သည်ကိုသတိထားမိ၏။
"ကောင်းပါပြီ၊ ညစာစားပြီးရင်လာခဲ့ပါ့မယ်လို့ မင်းရဲ့အဘိုးကို ပြောလိုက်ပါ"
စန်းလော့ကပြန်ပြောလိုက်ပြီး အမှန်ပင် မကြာမီတွင် သွားရန်ဆုံးဖြတ်ထား၏။ နောက်ကျနေပြီဖြစ်သဖြင့် သူမသည် တောနက်ထဲသို့ စွန့်စားပြီး မသွားရဲချေ။ အဖျားပိုင်းတွင်ရှိသည့် "နတ်သမီးသစ်ပင်"မှ အရွက်များသည် ရှားပါးလာလေသည်။ မကြာသေးမီက သူမသည် ကလေးများအား အရွက်မခူးခိုင်းတော့ဘဲ တောင်ပေါ်သို့ ကိုယ်တိုင်သွားရန်သာ ရွေးချယ်လိုက်သည်။
ချန်းအာ့ရှန်သည် သဘောတူလိုက်၏။ စန်းလော့နှင့်အခြားသူများကို နှုတ်ဆက်ပြီးနောက် တောင်အောက်ရှိ သူ့အိမ်ဆီသို့ ဦးတည်သွားလေသည်။
သူမ၏တောင်ပေါ်ခရီးစဉ်အတွက် ပြင်ဆင်နေသော စန်းလော့သည် ခြင်းတောင်းနှစ်ခုကို သယ်ထား၏။ တစ်ခုမှာ စွံပလွန်သီးများခူးရန်ဖြစ်ပြီး နောက်တစ်ခုမှာ သစ်ရွက်များအတွက်ဖြစ်သည်။
သူမက ရှန်းအန်းနှင့်ရှန်းနဉ်တို့ကို မှာကြားလိုက်၏။
"အစ်မတို့မှာ စပါးတွေရှိတာကို ဘယ်သူ့ကိုမှမပြောရဘူး။ စကားလုံးတစ်လုံးတောင် မဟမိစေနဲ့နော်"
ရှန်းကျင့်က ကန့်ကွက်လိုက်၏။
"အဲဒီအကြောင်း ဘာလို့ ပြောလို့မရတာလဲ။ ငါတို့အိမ်မှာလည်း စပါးရှိတာပဲလေ"
"မင်းကိုပြောတဲ့အတိုင်းပဲ လုပ်စမ်းပါ။ ဖော်ကောင်လုပ်လို့ကတော့ ငါ့ဆီကနေ ဘာစားစရာမှထပ်ရမယ် မအောက်မေ့နဲ့"
"အင်းပါ၊ ငါ ဘယ်သူ့ကိုမှမပြောပါဘူး။ လူတိုင်းမှာ စပါးရှိတယ်လေ ဘာပြောစရာရှိတော့မှာလဲ"
သူက ညည်းလိုက်၏။ ထို့နောက်အကြောင်းအရာပြောင်းကာ ပြောလိုက်၏။
"အခုတော့ အိမ်ပြန်ရဦးမယ်။ မနေ့ထဲက ငါ့မိဘတွေက တစ်ကယ်စိတ်တိုနေကြတာ။ သူတို့က ငါ့ကို ဝက်ဆီအပိုတောင် မပေးကြဘူး။ ငါ ဒီနေ့ မင်းအတွက်ပိုယူလာပေးမယ်။ သွားတော့မယ် မဟုတ်ရင် နောက်ကျလို့အဆူခံနေရလိမ့်မယ်"
သူသွားဖို့လိုကြောင်းပြောရင်းနှင့်ပင် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ထပ်ပြောလိုက်၏။
"မင်းမှာ စားစရာတစ်ခုခုရှိရင် ငါ့ကို သတိရနော်။ ငါ့ဟာကိုလဲ မင်းကို ပြန်ပြီးဝေမျှပေးမယ်"
ဤသည်ကိုကြားတော့ စန်းလော့၏မျက်လုံးများမှာ ရယ်ချင်စိတ်ကြောင့် ကွေးညွတ်သွားကာ အတွင်း၌ ကျိတ်ပြီးသက်ပြင်းချလိုက်၏။ ကလေးများသည် ဘဝ၏စိုးရိမ်ပူပန်မှုများကို အမှန်စင်စစ် နားမလည်ကြပေ။ သူတို့ထံ စားစရာရှိနေသရွေ့ တင်းတိမ်ရောင့်ရဲတတ်ကြ၏။
……
ညစာစားပြီးနောက် သဘောတူထားသည့်အတိုင်း စန်းလော့သည် ချန်းအိမ်ထောင်စုသို့သွားလိုက်သည်။
ချန်းမိသားစု၏ပင်ပခန်းမတွင် သူတို့၏မိသားစုသာမကဘဲ ရှီအာ့လန်နှင့်သူ့ဇနီး၊ ကန်းရှီ၊ လုလောင်ဟန်၊ လုဘွားဘွားနှင့် သူမနှင့်သိပ်မရင်းနှီးသော တစ်စုံယောက်နှင့်အတူ ကျိုးရွာသူကြီးတို့လည်း ရှိနေကြသည်။
စန်းလော့အထဲကိုဝင်သွားတော့ စိတ်ဓာတ်ကျကာ တိတ်ဆိတ်နေကြသော လူအုပ်ကြီးသည် တစ်ညီတစ်ညွတ်ထဲ မတ်တပ်ရပ်လိုက်ကြလေသည်။
"စန်းရှီ ရောက်လာပြီ"
စန်းလော့က လူတိုင်းကို နှုတ်ဆက်ပြီး အဘွားချန်း ရွှေ့ပေးသော ထိုင်ခုံပေါ်တွင် ထိုင်၍အခြေမကျသေးခင်မှာပင် အဘိုးချန်းက မေးလိုက်၏။
"ဖန်းညန်ပြောတာ သမီးက စပါးတစ်ချို့ဝယ်ဖို့အကြံပေးတယ်ဆို။ သူက အသေးစိတ် မရှင်းပြတတ်ဘူး။ အဲ့တာကြောင့် မိသားစုတစ်ချို့က သမီးကို တိုက်ရိုက်မေးမလို့ ဒီမှာ စုဝေးနေကြတာ"
စန်းလော့သည် အဘိုးအိုက သူမအား အဘယ်ကြောင့် ဖိတ်ခေါ်သည်ကို မှန်းဆခဲ့ပါသည်။ သူမက စီရင်စုရှိစပါးဆိုင်၏အခြေအနေနှင့် ဆိုင်ရှင်ရွှီထံမှ သူမ သိခဲ့ရသော အချက်အလက်များကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်၏။
ကူးစက်ရောဂါနှင့် ကြောက်မက်ဖွယ် အကျပ်အတည်းများအကြောင်း ကြားတော့ လူတို့၏မျက်နှာမှာ ပြောင်းလဲသွား၏။ အထူးသဖြင့် မိုးခေါင်သည့်နှစ်များတုန်းက ထွက်ပြေးလာကြသော ချန်းမိသားစုဖြစ်သည်။ သူတို့သည် တုန်လှုပ်သွားကြ၏။
"ဒီသတင်းက ယုံကြည်ရလို့လား" အဘိုးချန်းနှင့်အဘွားချန်းတို့ ပြိုင်တူမေးလိုက်ကြလေသည်။
စန်းလော့မှမတုံ့ပြန်နိုင်ခင် ငြိမ်နေကျဖြစ်သော ကျိုးရွာသူကြီးက ပြောလိုက်၏။
"တစ်ကယ်လို့သာ သတင်းက တုန်းဖူစားသောက်ဆိုင်တာဝန်ခံဆီက လာတယ်ဆိုရင် တော်တော်လေးမှန်နိုင်တယ်။ တုန်းဖူစားသောက်ဆိုင်ပိုင်ရှင်က ငါတို့ချီယန်စီရင်စုမှာပဲ ဖွင့်ထားတာမဟုတ်ဘူး။ အနီးအနားက စီရင်စုတွေနဲ့ ပြည်နယ်တွေမှာ ဆိုင်ခွဲတွေ အများကြီးရှိတယ်။ ယုံကြည်စိတ်ချရတဲ့ ဆိုင်တာဝန်ခံရွှီလို လူတစ်ယောက်က ပြင်ပသတင်းကို ငါတို့ထက် ပိုရလောက်တယ်"
လူတိုင်း၏စိတ်ထဲတွင် လေးလံမှုတစ်ခုကို ခံစားနေကြရပြီး အဘိုးချန်းသည် မေးလိုက်၏။
"ငါတို့တွေ ဒီလိုမြင့်တဲ့ဈေးနှုန်းမျိုးနဲ့ စပါးကို တစ်ကယ်ပဲ သိုလှောင်သင့်တာလား"
သူ စကားပြောနေစဉ်တွင် လူတိုင်းကို လိုက်ကြည့်နေပြီး သူ၏အကြည့်များသည် နောက်ဆုံးတွင် စန်းလော့နှင့်ကျိုးရွာသူကြီးထံ၌ ရပ်တန့်သွားလေသည်။
သူတို့ထဲတွင် နောက်ခံကောင်းရှိပြီး အရည်အချင်းရှိသူဖြစ်ပြီး သူတို့၏မိသားစု၏ အကျိုးစီးပွားကို ဦးဆောင်ပေးနေကာ အခြားတစ်ဦးမှာ နှစ်ပေါင်းများစွာ ရွာသူကြီးတစ်ဦးဖြစ်ပြီး အတွေ့အကြုံကြွယ်ဝသည်။
လူတိုင်း၏အာရုံစူးစိုက်မှုသည် သူတို့အပေါ်တွင်ရှိနေသည်ကို သတိထားမိသော စန်းလော့က မပြောခင် ခေတ္တမျှ စဉ်းစားချင့်ချိန်နေ၏။
“နောက်နှစ်စပါးရိတ်သိမ်းပြီးတဲ့နောက်မှာ စပါးဈေးကျဆင်းမယ့် အလားအလာနဲ့ပတ်သတ်ပြီး အဒေါ်ချန်းစိတ်ပူနေတာတွေက ကျိုးကြောင်းညီညွတ်ပါတယ်။ ဒါပေမယ့် ကျွန်မကိုယ်တိုင်အနေနဲ့ကတော့ နောက်မှ ပိုက်ဆံရမယ်ဆိုရင်တောင် ဆားနဲ့စပါးကို ဝယ်ပြီး သိုလှောင်နေဦးမှာပဲ။ အရှုံးနဲ့အဆုံးသတ်သွားရင်တောင်မှပဲ စိတ်အေးချမ်းဖို့အတွက် အဲ့တာကိုလက်ခံလိုက်မှာ"
စိတ်၏ငြိမ်းချမ်းမှုကိုရှာဖွေခြင်း။
ဤခံစားချက်သည် ရှိနေသူတိုင်း၏စိတ်တွင် ပဲ့တင်ထပ်သွားတော့သည်။
ထို့နောက် လူအုပ်ကြီးသည် သူတို့၏အကြည့်အား ကျိုးရွာသူကြီးထံသို့ ပြောင်းလိုက်ကြ၏။
ကျိုးရွာသူကြီးက အံကြိတ်ကာ ကြေညာလိုက်၏။
"ငါလဲ ဝယ်မယ်။ မင်းတို့အားလုံး အဲဒါကိုတော့ ကိုယ့်ဘာသာ စဉ်းစားသင့်တယ်။ စန်းရှီရဲ့အကြံက သင့်တော်တယ်လို့ ငါထင်တယ်။ အဲ့တာက စိတ်အေးချမ်းဖို့အတွက်ပဲ။ တစ်ကယ်ဒုက္ခရောက်ရင် ငွေက စပါးတစ်ခုထဲကို အာမခံချက်ပေးနိုင်ပါ့မလား"
အမှန်ပင် တစ်ကယ့်ဒုက္ခရင်ဆိုင်ရပါက ငွေသည် စပါးများကို သေချာပေါက်လုံခြုံစေမည်လား။
ရှီနှင့်လုမိသားစုများအတွက် သက်ရောက်မှုသည် လေးနက်မည် မဟုတ်သော်လည်း အခက်အခဲများမှ တိမ်းရှောင်ခဲ့ရသော ချန်းမိသားစုအတွက်မူ ဤအခြေအနေမှာ လေးနက်စွာ ပဲ့တင်ထပ်နေလေသည်။
အဘိုးချန်းနှင့်အဘွားချန်းတို့က အကြည့်ချင်းဖလှယ်ကာ ဆုံးဖြတ်လိုက်ကြ၏။
"ငါတို့လည်း ဝယ်ပါ့မယ်"
အသက်ကယ်မည့်စပါးမရှိခြင်းထက်စာလျှင် ပိုက်ဆံဆုံးရှူံးခြင်းက ပိုကောင်းပါသည်။
...
အပိုင်း (၆၈) အစ်ကိုကြီးနဲ့ အစ်မကြီးတို့၏နာမည်
မိသားစုသုံးခုက ဝယ်ယူဖို့ဆုံးဖြတ်လိုက်သည်တွင် နဂိုက ဆန်စျေးကြီးနေသည့်အတွက် တွန့်ဆုတ်နေကြသည့် ရှီမိသားစုနှင့်လုမိသားစုတို့ကလည်း သူတို့မိသားစုအတွက် အကာအကွယ်ဖြစ်စေရန် ဆန်ဝယ်ယူခြင်းဘက်သို့ တဖြည်းဖြည်း စိတ်ယိုင်လာကြလေသည်။
မိသားစုတစ်ခုစီ အတွင်းတွင် တိုးတိုးတိတ်တိတ် တိုင်ပင်ဆွေးနွေးကြပြီးနောက် မိသားစုနှစ်စုလုံးက သူတို့လဲ ဆန်ဝယ်မည်ဟု ဆုံးဖြတ်ချက် ချလိုက်ကြသည်။
သူတို့သည် အများအပြားတော့ ဝယ်လိမ့်မည် မဟုတ်ချေ။အကြောင်းမှာ တွန့်ဆုတ်နေသည်ကတစ်ကြောင်း၊ ငွေရေးကြေးရေး ကြပ်တည်းနေသည်ကတစ်ကြောင်း။ သို့သော်ငြားလည်း မဝယ်ဖြစ်ခဲ့လျှင် အလွန်မှ စွန့်စားရာကျသည်ကတစ်ကြောင်း။ အကြောင်းကြောင်းကြောင့် ဖြစ်လေသည်။
တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်ကို မြင်လိုက်ရသည်တွင် ကျိုးသူကြီးက စိတ်ကျေနပ်စွာဖြင့် ပြောလိုက်လေသည်။
."ဆန်စျေးတက်တဲ့အကြောင်းနဲ့ သိုလှောင်ထားဖို့အကြောင်းကို ကျုပ်က ရွာထဲက မိသားစုတွေကို အသိပေးလိုက်ပါ့မယ်၊ စိတ်ဝင်စားတဲ့သူတွေကတော့ နောက်ပိုင်း ကျုပ်အိမ်ကိုလာပြီး ဖြတ်သန်းခွင့်အတွက် လုပ်လို့ရတယ်၊ စီရင်စုကနေပြီး ထောက်ခံချက်ရလာရင် အချိန်တစ်ခုယူလိုက်၊ ဒီအတောအတွင်းမှာ မင်းတို့တွေက စန်းလီရွာရဲ့ အထွေထွေကုန်စုံဆိုင်ကို မေးမြန်းလို့ရတယ်"
ချန်းမိသားစု ရှီမိသားစုနှင့်လုမိသားစုတို့တွင် တို့ဟူးရောင်းခြင်းကဲ့သို့ ကိုယ်ပိုင်လုပ်ငန်းများ ရှိလေသည်။ ထိုအလုပ်ကို မထားခဲ့နိုင်ခဲ့သဖြင့် မိသားစုတစ်ခုစီက ယောက်ကျားသားများက ဆန်ဝယ်ဖို့ရန် တန်းစီဖို့တာဝန်ကို ယူလိုက်ကြသည်။
ကျိုးသူကြီး ပြန်သွားပြီးနောက်တွင် ရှီမိသားစုနှင့်လုမိသားစုကလဲ ထွက်ခွာသွားပြီး အဘွားချန်းက စန်းလော့နှင့် စကားဆက်ပြောလိုက်သည်။
"ညည်းက အပြင်ကအကြွေး ၆လျန်ကို ချေးခဲ့တယ်ဟုတ်လား"
စန်းလော့က ဟုတ်မှန်ကြောင်း ခေါင်းငြိမ့်ပြလေသည်။
အဘွားချန်းက ထိုစကားကြောင့် တော်တော်လေး အကြပ်ရိုက်သွားသည်။ သူမဘဝတွင် ဒီလောက်အများအပြား အကြွေးမရှိခဲ့ဘူးချေ။ ၆လျန်ဟူသည့်ပမာဏကို ကြားလိုက်သည်က သူမကိုပင် မူးနောက်သွားသလို ခံစားမိစေတော့သည်။
"ဒီပိုက်ဆံကို ဘယ်တော့ ညည်းကုန်အောင် ပြန်ဆပ်နိုင်မှာလဲ"
သူမက အစိုးရ၏ လူမဆန်သည့်လုပ်ရပ်များကို စတင်ဝေဖန်ပြီး နှစ်ကုန်ခါနီးတွင် အခွန်ကြိုကောက်ခြင်းအကြောင်းနှင့် စစ်ပွဲတွင်ဆုံးပါးသွားသည့်သူများအတွက်ပါ အခွန်ကောက်သည့်အကြောင်းကို ဝေဖန်တော့သည်။
စန်းလော့အတွက်ဝေဖန်မှုက သူမကိုယ်တိုင်၏ စိုးရိမ်ပူပန်မှုကို ပြန်သုံးသပ်ခြင်းလဲ ဖြစ်သလို ရွာသားများအတွက်လဲ ဖြစ်လေသည်။
စန်းလော့က အဘွားကြီးရဲ့ လက်ကြမ်းကြမ်းလေးကိုဆုပ်လိုက်ပြီး အသာအယာ ပြောလိုက်၏။
"အဘွားရယ် အစိုးရရဲ့ဒီလုပ်ရပ်တွေကြောင့်ပဲ ကျွန်မက စိတ်ပူရတာပါ၊ ဒီနှစ်နွေဦးမှာ အခွန်အတွက် ပထမဦးဆုံး ကြိုကောက်တယ်၊ နှစ်ဝက်ရောက်ပြီ အခုတစ်နှစ်လုံးစာအတွက် ကြိုကောက်တယ်၊ နောက်တစ်ကြိမ်မလာဘူးလို့ ဘယ်သူက အာမခံမှာလဲ၊ တကယ်လို့ ဒီအတိုင်းသာ ဆက်ဖြစ်နေရင်တော့...."
သူမက စကားကိုဆက်မပြောပဲ ချန်ထားလိုက်လေသည်။ အဘွားကြီး၏ မျက်နှာက မသိမသာပြောင်းလဲသွား၏။
ဒီနှစ်တွင် ၅၄နှစ်ရှိပြီဖြစ်ရာ သူမသည် ပျက်စီးနေသည့်မင်းဆက်၏ အပြောင်းအလဲကို မျက်မြင်ကိုယ် တွေ့ဖြစ်ခဲ့သည်။ နောက်ကလိုက်လာမည့် ဖရိုဖရဲကာလ၏ အကျိုးဆက်ကိုလည်း ကောင်းကောင်းသိထားလေသည်။ သူမ၏ လက်များက မသိမသာတုန်ယင်သွားပြီးနောက် နောက်ဆုံးတော့ သူမကထုတ်ပြောလိုက်သည်။
"တဖက်ကကြည့်ရင်တော့ သိပ်ပြီး အရေးမကြီးလောက်ပါဘူး၊ ငါတို့တွေက တောင်ပိုင်းဒေသတွေက အန္တရာယ်ကင်းကင်းနဲ့ ဆက်ရှိနေဖို့ပဲ မျှော်လင့်ရတော့မှာပေါ့"
နောက်ဆုံး သူမသည် အထူးတလည် ပြည်သူ့အကျိုးပြုပေးတတ်သည့် အုပ်ချုပ်သူတစ်ယောက်ကိုမှ မတွေ့ခဲ့ဘူးချေ။
ဒီလို ကြီးမားသည့်ဖြစ်ရပ်များနှင့် ရင်ဆိုင်ရချိန်တွင် သူတို့လို သာမန် ကျေးလက်တောသူများက လွှမ်းမိုးမှုမရှိပေ။ သူတို့လုပ်နိုင်သည်က ကိုယ့်ဟာကိုယ်စောင့်ရှောက်ပြီး သူတို့၏ လောကငယ်လေးက အမှန်တကယ် အပျက်အစီးကာလဖြစ်ခဲ့လျှင်တောင် သက်ရောက်မှုမရှိပဲ ကျန်ရစ်နေခဲ့ဖို့ပင်။
အဘွားကြီးက အိန္ဒြေပြန်ဆယ်လိုက်ပြီး စန်းလော့ကိုပြောလိုက်လေသည်။
"အိမ်သုံးပစ္စည်းတွေကိုဝယ်ဖို့ အလျင်မလိုသေးနဲ့၊ ဆောင်းတွင်းကနီးလာပြီ စိုက်ပျိုးရေးအလုပ်တွေကလဲ နည်းလာပြီ၊ ညည်းလဲ ငါတို့ရဲ့ ပေါက်ပြားတွေကို သုံးလို့ရတာပဲ၊ ညည်း ငါတို့ဆီကငှားထားတဲ့ ဂေါ်ပြားတွေနဲ့ဓားကောက်တွေကို ဆက်ပြီးသုံးထားလိုက်၊ ရှာလို့ရသမျှငွေတွေကို အကြွေးဆပ်ဖို့ သုံးတာက ပိုအရေးကြီးတယ်"
လက်တလောတွင် စန်းလော့သည် ထိုပစ္စည်းတစ်ခုကို မကြာခဏငှားရမ်းခဲ့သဖြင့် အဘွားကြီးက စန်းလော့ရောင်းချသမျှ အရာအားလုံးက တူးဆွခြင်းနှင့် သက်ဆိုင်လိမ့်မည်ဟု ခန့်မှန်းမိလေသည်။ မေးမြန်းမနေပဲ အဘွားကြီးက စန်းလော့ လိုအပ်သမျှအားလုံးကို လိုလိုလားလား ငှားရမ်းပေးခဲ့သည်။
စန်းလော့က အကြွေးအများကြီးတင်သွားသည်ကို မြင်လိုက်မိသည်တွင် သူမသည် စန်းလော့ကိုယ်စား စိုးရိမ်မိလာသည်။
ထို့နောက်တွင် အဘွားကြီးက စန်းလော့ကို ခဏစောင့်ခိုင်းလိုက်ပြီး မြွေနှင်ဆေးအိတ်တစ်လုံးကို သွားယူရန် အထဲသို့ဝင်သွားလေသည်။
"ညည်း ဒါတွေကို အများကြီးသုံးနေတာ ငါသိထားတယ်၊ အများကြီးကျန်မှာ မဟုတ်တော့ဘူးပေါ့၊ ဒါကိုယူသွားလိုက်၊ ငွေရှာဖို့က အရေးကြီးတယ်၊ ဒါပေမဲ့ တောအနက်ကြီးထဲကိုတော့ အရမ်းမသွားနဲ့၊ ညည်းရဲ့ခွန်အားနဲ့ သားရိုင်းကောင်တွေနဲ့သာ တွေ့ခဲ့ရင် ဒုက္ခရောက်လိမ့်မယ်၊ မှတ်ထားနော် ကိုယ့်အသက်ထက် ပိုအရေးကြီးတာ ဘာမှမရှိဘူး"
တခြားသူထံမှာ ရှာရှားပါးပါး ဂရုစိုက်ခံရသည့် အတွေ့အကြုံမရှိခဲ့ဘူးသည့် စန်လော့မှာ နွေးထွေးသွားကာ ကျေးဇူးတင်စိတ်ကို ခံစားမိလေသည်။ သူမက ပြုံးလိုက်ပြီး ခေါင်းငြိမ့်လိုက်၏။
"ကျွန်မ နားလည်ပါပြီ"
တော၏ ပိုနက်သည့်အပိုင်းသို့သွားဖို့ သူမလိုအပ်သည့်ပစ္စည်းက ကုန်သလောက်ဖြစ်နေချိန်တွင် စန်းလော့က နေရာအသစ်ကိုသွားဖို့ စီစဥ်ထားလေသည်။ အမြဲတမ်း မသွားရသေးသည့် နေရာများနှင့်နီးသည့် နေရာများကိုသာ သွားတတ်သည်။ သူမကသူမ၏ အသက်ကို အင်မတန်မှ တန်ဖိုးထားပါသည်။
အဘွားကြီး၏ အရေးကြီးကိစ္စအကြောင်း သတိပေးခံလိုက်ရသည်တွင် စန်းလော့က သူမထံမှ ကပ်ကြေးတစ်လက်ကို ငှားရမ်းလိုက်သည်။ လတ်တလောတွင် ပိတ်စတစ်ချို့ လက်ခံထားသဖြင့် သူမက ရှန်းအန်းအတွက် ဘောင်းဘီတစ်ထည် ချုပ်ပေးဖို့ ရည်ရွယ်ထားသည်။ သို့မှသာ တောင်များသို့သွားလျှင် သူမနှင့်သူ့ကိုအဖော် ခေါ်သွားနိုင်ပေမည်။
အဘွားကြီးက ရှန်းအန်းအတွက် အဝတ်ချုပ်ပေးမည်ဟု ကြားလိုက်သည်တွင် လှိုက်လှိုက်လှဲလှဲဖြင့် စန်းလော့အတွက် ကပ်ကြေးကို သွားယူပေးသည်။
ပစ္စည်းပစ္စယများနှင့် စန်းလော့သည် အိမ်ပြန်ရောက်လာသည့်အခါ သူမနောက်က ကန်းရှီ ဖန်းလျိုညန် နှင့်ချင်ဖန်းညန်တို့ကလည်း ငွေနှင့်ပဲများကိုယူလာပြီး နောက်တနေ့ တို့ဟူးအမှာစာအတွက် ချက်ခြင်းရောက်လာကြသည်။
စီရင်စုတွင် လုပ်ငန်းများက အခွန်ခနှင့်ဆန်စျေး ထိုးတက်သွားခြင်းကြောင့် သက်ရောက်မှုရှိသည်က သိသာသည်။ အနည်းဆုံးတော့ ချင်ဖန်းညန်၏ ပုံမှန်ရောင်းအား တို့ဟူးအတုံး၈၀က ရောင်းချဖို့ရန် သာမန်ထက် အချိန်ပိုယူရသည်။ စီရင်စုတွင် ဆန်စျေးထိုးတက်သွားသည့် သတင်းကြောင့် အခြေအနေက ပိုဆိုးလာဖို့ပင် ရှိတော့သည်။
သတိထားသည့်အနေဖြင့် ချင်ဖန်းညန်က တို့ဟူးအမျိုးအစားနှစ်ခုစလုံးအတွက် ၈၀မှ၆၀သို့လျှော့ချလိုက်သည်။ သို့သော်ငြားလည်း တုန်းဖူစားသောက်ဆိုင်မှ အထူးအမှာစာ တို့ဟူးအတုံးကို၃၀နှင့် နတ်သမီးတို့ဟူးအတုံး၂၀ ရှိလေရာ စုစုပေါင်းပမာဏက အမှန်ပင်များပြားပြီး စန်းလော့ထံမှ အတုံး၁၁၀ကိုမှာရန် လိုအပ်လေသည်။
စုစုပေါင်းပေးချေရမည့် ငွေပမာဏ ၁၆၅ ဝမ်တွင် ဝမ်၄၀ စာအတွက် ပဲပုပ် ၁တင်းကိုပေးပြီး ကျန်တာကိုတော့ ၁၂၅ဝမ်ပေးလိုက်သည်။
တို့ဟူးလုပ်ငန်းတွင် အသစ်ဖြစ်နေကြသည့် ဖန်းလျိုညန်နှင့်ကန်းရှီတို့က တစ်ယောက်စီကို ပုံမှန်လိုအပ်သည့်အတိုင်း အတုံး၆၀မှာလိုက်ပြီး သူတို့အမှာစာများကတော့ မပြောင်းလဲချေ။
တစ်ယောက်ချင်းစီက ဝမ်၉၀ကျပြီး ဒီတကြိမ်တော့ ဖန်းလျိုညန်နှင့်ကန်းရှီတို့ နှစ်ယောက်စလုံးက ပိတ်စများကို မယူလာကြပေ။ စန်းလော့က ငွေလိုနေမှန်းသိသောကြောင့်ပင်။ တစ်ယောက်ချင်းစီက ပဲပုပ်တင်းတဝက်နှင့် ငွေ၇၀ ဝမ်ကို ပေးလိုက်သည်။
၂၆၅ဝမ်ဝင်လာသည်တွင် စန်းလော့က အများကြီးစိတ်အေးရလေသည်။
အားလုံးပြန်သွားပြီးနောက်တွင် နေ့အလင်းရောင်ရှိနေသေးသည်ကို အသုံးချလိုက်ပြီး စန်းလော့က ရှန်းအန်းကိုခေါ်ကာ ကိုယ်အတိုင်းအတာ တိုင်းပေးလိုက်ပြီး အိပ်ယာပေါ်တွင် အဝတ်စကို ဖြန့်လိုက်ပြီး ဘောင်းဘီတထည်အတွက် လိုအပ်သည့်ပမာဏကို မြန်မြန်ဆန်ဆန် ဖြတ်ထုတ်လိုက်လေသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်၏ အချုပ်အလုပ် ကျွမ်းကျင်မှုကိုတော့ ကျေးဇူးတင်ရမည်။ စန်းလော့ကလဲ သူမကိုယ်သူမ ဝန်ခံလေသည်။ သူမသည် ရိုးရိုးပြင်ဆင်ချုပ်လုပ်ခြင်းကိုတော့ တတ်ကျွမ်းသော်လည်း အဝတ်အစား အချုပ်အလုပ်ကိုတော့ မတတ်ပေ။ အထူးသဖြင့် ကိုယ်ခန္ဓာအတိုင်းအတာနှင့် အနည်းငယ်တိကျအောင် ဖြတ်ရသည့်အခါ တကယ့်ကို ကျွမ်းကျင်မှုတစ်ခုက လိုအပ်ပေသည်။
ကလေးနှစ်ယောက်က သူမဘေးတွင် ရှိနေသဖြင့် စန်းလော့က ပြုံးခါပြောလိုက်သည်။
"အရင်ဆုံး ရှန်းအန်းအတွက် အဝတ်အစား ချုပ်ပေးမယ်၊ ဒါမှ သူက ငါ့ကိုအဖော်လုပ်ပြီး တောင်ထဲလိုက်ဝင်နိုင်မှာလေ၊ ရှန်းနဥ်ရဲ့အလှည့်ကတော့ နည်းနည်းလေး စောင့်ပေးနော်၊ အစ်မ အလုပ်နည်းနည်းပါးတဲ့အချိန်ကျရင် နင့်အတွက်တစ်စုံ ထပ်ချုပ်ပေးမယ်"
ရှန်းနဥ်က မငြင်းပယ်လိုက်ပဲ ဝမ်းသာအားရ အကြံပြုလေသည်။
"မကြီး သမီးရဲ့အဝတ်အစားတွေက အသစ်လိုသေးတယ်လို့ မထင်ပါဘူး၊ အစ်ကိုရဲ့ဘောင်းဘီက ကျန်တဲ့အပိုင်းအစကိုပဲ ဆက်ပေးလိုက်ပေါ့၊ ဆောင်းတွင်းလဲနီးလာပြီ မကြာခင်အေးလာတော့မယ် သမီးတို့တွေ ဆောင်းတွင်းဂွမ်းစောင်အတွက် ငွေစုရတော့မယ်လေ"
ညဖက်အအေးကြောင့် မကြာခဏ နိုးလာတတ်ခြင်းက ပြီးခဲ့သည့် ဆောင်းတွင်းတလျှောက် ရှန်းနဥ်၏ အရင်းနှီးဆုံး မှတ်ဉာဏ်တစ်ခု ဖြစ်လေသည်။
စန်းလော့က ကလေးမလေး၏ ဖာထေးပြီးဆက်ထားသည့် အဝတ်အစားကို အကဲခတ်လိုက်ပြီး ဘောင်းဘီကလဲ အကြိမ်ရေတော်တော်များများဆက်ထားသည့် အရိပ်အရောင်ကို တွေ့လိုက်ရသည်။ အပေါ်ပိုင်းအဝတ်အစားက အလွန်မှဆွေးမြေ့နေရာ နည်းနည်းလောက် လျှော်ဖွတ်လိုက်လျှင် ပြဲသွားတော့မယောင် ဖြစ်နေသည်။
ရှန်းနဥ်၏ခေါင်းလေးကို အသာအယာ ထိပေးလိုက်ပြီး စန်းလော့က အာမခံလိုက်လေသည်။
"အစ်မတို့မှာ စောင်လဲရှိလာမှာပါ၊ ညီမလေးရဲ့ အဝတ်အစားတွေကိုလည်း ချုပ်ဖို့လိုအပ်တယ်"
အသက်၉နှစ်အရွယ် မိန်းကလေးတစ်ယောက်အတွက် လူရှေ့တွင် ဘောင်းဘီပြဲနေခြင်းက ဆယ်စုနှစ်တစ်ခုတိုင်အောင် ရှက်စရာအမှတ်တရ ဖြစ်သွားနိုင်မှန်း သူမသိလေသည်။
ကလေးများကို ကုတင်အောက်က ငွေအိုးကို ထုတ်လာခိုင်းပြီး ရေတွက်ကူခိုင်းလိုက်သည်။ စန်းလော့က အိမ်ထောင်စု၏ရှာထားသည့် ငွေများကို တစ်ရာတစ်တွဲစီ စည်းထားလိုက်သည်။ ခြံထဲတွင်ထိုင်ကာ ရှန်းအန်း၏ဘောင်းဘီကို စတင်ချုပ်ပေးလိုက်သည်။
မောင်နှစ်မနှစ်ယောက်က ငွေကို အားတက်သရော ရေတွက်လိုက်ကြသည်။ သူတို့၏မကြီးက တုန်းဖူစားသောက်ဆိုင်၏ ဆိုင်ရှင်ထံက စပါးဝယ်ရန်ငွေ၆လျန်ကို ချေးငှားခဲ့ရမှန်း သိထားမိကြလေသည်။
ငွေ၆လျန်။ ရှန်းအန်းက အစ်မကြီးဖြစ်သူကို အထူးတလည် မေးမြန်းလိုက်ရာ ဝမ်၇၂၀၀နှင့်ညီကြောင်း သိလိုက်ရသည်။
ဝမ် ၇ထောင်ကျော်တဲ့။
ဒါက မောင်နှမနှစ်ယောက် မတတ်နိုင်သည့် အရေအတွက် တစ်ခုပင်။
သူတို့အိမ်ထောင်စုက ကြီးမားလှသည့်အကြွေးတစ်ခု တင်နေသည်ကို သတိထားမိလိုက်သည်တွင် သူတို့သည် အစားအသောက်ကိုပါ စတင်ချွေတာလာကြတော့သည်။ ကံအားလျော်စွာ သူတို့သည် ပဲပိစပ်မှရသည့် ပဲနို့ တို့ဟူးနှောက်နှင့်တို့ဟူးအနှစ် စသည့်ဟင်းလျာအမျိုးမျိုး ရှိသေးလေရာ သူတို့၏ အာဟာရလိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်လေသည်။
စန်းလော့က ငွေများကိုသိမ်းဆည်းရန် ထမင်းချက်ဖို့ရန်အတွက် သုံးခဲ့သည့် မြေအိုးလေးကို အသုံးချထားကာ အိမ်ယာအောက်တွင် ဝှက်ထားပြီး သူ့ကိုသစ်သားပြားတစ်ခုဖြင့် အုပ်ထားပြီး အပေါ်မှနေ၍ ကြွက်ရန်ကကာကွယ်ရန် ကျောက်တုံးကြီးတစ်တုံးနှင့် ဖိထားလေသည်။
ရှန်းအန်းက ကုတင်အောက်သို့ လေးဘက်ထောက်ဝင်သွားပြီး မြေအိုးလေးကို ထုတ်လာလိုက်သည်။ သူက သူ့ကုတင်ပေါ်တွင် အဝတ်စဟောင်းလေးတစ်ခုကို ဖြန့်လိုက်ပြီး အဝတ်စပေါ်တွင် အိုးကိုလောင်းချလိုက်လေသည်။
မောင်နှမနှစ်ယောက်က ကုတင်ပေါ်တွင်ထိုင်ကာ ပိုက်ဆံများကို သေသေချာချာ ရေတွက်ကြသည်။ တစ်တွဲစီ ရေတွက်လိုက်ပြီးနောက် သူတို့ကအချင်းချင်း ပြန်ကူညီပြီး ရေတွက်လိုက်ကာ ငွေများကို သေသေချာချာ ပြန်စည်းထားလိုက်ကြသည်။
စန်းလော့က ဘောင်းဘီချုပ်နေတုန်း တဝက်အရောက်တွင် မောင်နှမနှစ်ယောက်က အထဲကလှမ်းအော်လိုက်လေသည်။
"မကြီး ကျွန်တော်တို့ ရေတွက်လို့ပြီးသွားပြီ"
စန်းလော့က အထဲကို လှမ်းကြည့်လိုက်ပြီး အပြုံးတစ်ခုဖြင့် မေးလိုက်လေသည်။
"ဘယ်လောက်ရှိလဲ"
ဝမ်းသာအားရ ဖြစ်နေသည့် မောင်နှမနှစ်ယောက်က ကုတင်ပေါ်မှဆင်းလာပြီး ပြေးထွက်လာကာ ဖိနပ်စီးလိုက်ကြသည်။ ရှန်းနဥ်က အားတက်သရော ပြောလိုက်၏။
"မကြီး သမီးတို့မှာ ၁၅တွဲရှိတယ်၊ အဲဒီ့အပြင်၂၃ဝမ်ကျန်သေးတယ်"
စန်းလော့၏ မျက်လုံးများက အပြုံးတစ်ခုဖြင့် ကွေးညွတ်သွားတော့သည်။
"အဲဒါဆိုရင် ဒါက ၁၅၂၃ဝမ်ပေါ့၊ နောက်နှစ်ရက်လောက်နေပြီး တို့ဟူးရောင်းတဲ့ဆီက နည်းနည်းလောက် ထပ်စုလိုက်ရင် ဝမ် ၂၀၀၀ရသွားလောက်ပြီ၊ ဒါဆိုရင်တော့ ငါတို့လုပ်ထားတဲ့ မုန့်ရေကြည်ကို နည်းနည်း ထပ်ရောင်းလိုက်ပြီး တုန်းဖူစားသောက်ဆိုင်ကို ဝမ်၂၀၀၀ပြန်သွားဆပ်လို့ရပြီ၊ ငါတို့တွေက ကျန်တဲ့ပိုက်ဆံကိုတော့ ပဲပိစပ်ဝယ်ဖို့ သုံးရမယ်”
ပဲပိစပ်ကလဲ ကောက်ညှင်းတမျိုးလေ။ မိသားစုသုံးခုစလုံးက မသေချာတဲ့ အခြေအနေကြောင့် စပါးဝယ်ဖို့ စီစဥ်ထားကြတာဆိုတော့ သူတို့တွေကလည်း သူတို့ရဲ့ကိုယ်ပိုင်ပဲပိစပ်တွေကို စပြီးသိမ်းထားချင်ကြမှာပဲ။ စီရင်စုမှာ မိသားစုအနည်းငယ်ကပဲ ပဲပိစပ်ကို အခြေခံအစားအသောက်အဖြစ် သုံးတာဆိုတော့ စျေးက ပုံမှန်ဖြစ်နေလောက်သေးတယ်။ စန်းလော့သည် ပဲပိစပ်များကိုလဲ သိုလှောင်ဖို့စိတ်ကူးလိုက်တော့သည်။
ရက်ပိုင်းလေးအတွင်းတွင် ဝမ်၇ထောင်ထဲမှ ဝမ်၂ထောင်ကို ပြန်ဆပ်နိုင်တော့မည်ဟု ကြားလိုက်သောအခါ ရှန်းနဥ်က စိတ်အေးသွားခါ ပြုံးလိုက်တော့သည်။
ရှန်းအန်းက ပိုပြီး အသေးစိတ်ကျလေသည်။ သူက စန်းလော့ကို မေးလိုက်၏။
“မကြီး ၁၀၀ဆယ်ခုက ၁ထောင်ဖြစ်စေတာပေါ့နော် ဟုတ်လား”
"ဟုတ်တယ်” စန်းလော့က ခေါင်းညိတ်ပြလိုက်သည်။ "၁၀၀ဆယ်ခုက ၁ထောင် ဖြစ်သွားတယ်၊ ၁ထောင်ဆယ်ခုက ၁သောင်းပေါ့၊ ဒါက အတွက်အချက် စနစ်လေ"
ရှန်းအန်းက စိတ်ထဲတွင် ထပ်ခါထပ်ခါ ရေရွတ်လိုက်ပြီး မှတ်ဉာဏ်ထဲတွင် စွဲအောင်လုပ်လိုက်လေသည်။
သူတို့၏ အားတက်သရော သင်ယူမှုကို မြင်လိုက်ရတော့ စန်းလော့က သူတို့ကို စာလုံးများ မှတ်မိအောင် သင်ပေးမည့် အစီအစဥ်ကို သတိရသွားကာ မောင်နှမနှစ်ယောက်ကို မေးလိုက်လေသည်။
“နင်တို့တွေ ဒီရက်ပိုင်းအတွင်း ကိုယ့်နာမည်ကို ရေးတတ်သွားကြပြီလား”
မောင်နှမနှစ်ယောက်စလုံးက ရှေ့ဆင့်နောက်ဆင့်ခေါင်းညိတ်ပြလိုက်ပြီး ရှန်းအန်းက ပြောလိုက်လေသည်။
"မကြီး မကြီးကြည့်ရအောင် ကျွန်တော်တို့ ရေးပြမယ်"
သူတို့က ပြောရင်းဆိုရင်း လှည့်ထွက်သွားကာ သဲဗန်းလေးကို သွားယူကြလိုက်သည်။
သူတို့က သဲဗန်းလေးကို မြေကြီးပေါ် ချထားလိုက်ပြီး ဘေးတွင် စောင့်ကြောင့်ထိုင်လိုက်ပြီး စာရေးဖို့အတွက် တုတ်ချောင်းလေးကို သုံးလိုက်ကြသည်။ ရှန်းအန်းက အရင်ဆုံး စရေးလိုက်ပြီး ရှန်းနဥ်အတွက် သူ့နေရာကို ပေးလိုက်သည်။
ပြီးသွားသည်နှင့်သူတို့က သဲဗန်းလေးကို စန်းလော့ရှိရာဖက်သို့ ဂရုတစိုက် လှည့်ပေးလိုက်လေသည်။
စန်းလော့က သူတို့၏ လက်ရေးများကို ကြည့်လိုက်၏၊ စာလုံးများကကြီးမားပြီး တနည်းနည်းဖြင့် တွန့်လိမ်နေကြသော်လည်း စာလုံးလေးလုံးက သဲဗန်းလေးထဲတွင် ပြည့်နှက်နေကာ ဖတ်နိုင်ရုံသာရှိပြီး ဆွဲချက်တစ်ခုစီက တိကျပြီး ရှင်းလင်းလေသည်။
"အရမ်းတော်ကြတာပဲ၊ နင်တို့နှစ်ယောက်စလုံး မှန်အောင်ရေးထားတယ်၊ ဆက်ပြီးတော့ လေ့ကျင့်ကြနော် ပိုပြီးတော့ သပ်သပ်ရပ်ရပ်လေး ရေးနိုင်အောင်ကြိုးစား၊ ဒီလိုဆိုရင် နင်တို့တွေ တဖြည်းဖြည်း တိုးတက်လာလိမ့်မယ်"
သူမက ထပ်မေးလိုက်သည်။
“နင်တို့သင်ချင်တဲ့ စာလုံးအသစ်လေးတွေရော ရှိလား”
ရှန်းအန်းက ထိုအကြောင်းကို စဥ်းစားထားပြီးသားဖြစ်သည်။ စန်းလော့က မေးလိုက်သည်နှင့်တပြိုင်နက် သူက ချက်ခြင်းပြန်ဖြေလိုက်၏။
“ကျွန်တော်က အစ်ကိုကြီးနဲ့မကြီးတို့ရဲ့နာမည်ကို ရေးတတ်ချင်တယ်”
ရှန်းနဥ်ကလဲ ခေါင်းငြိမ့်သဘောတူလိုက်သည်။
“သမီးလဲ အစ်ကိုကြီးနဲ့ မကြီးတို့ရဲ့နာမည်ကို ရေးတတ်ချင်တယ်၊ နောက်ပြီးတော့ ရှောင်အာက သမီးကို သူ့နာမည်ကိုလဲ သင်ပေးပါလို့ ပြောထားတယ်၊ သူကြည့်လို့ရအောင် ရေးပေးပါတဲ့၊ သူက သမီးတို့ကို ခြံအပြင်ဘက်က အဲဒီ့ ကျောက်တုံးလေးတွေ ကူညီပြီးတော့ စုဆောင်းပေးထားတာလေ”
စန်းလော့က ခဏလောက် တိတ်ဆိတ်သွားပြီး သူတို့၏စိတ်ထဲတွင် မောင်နှမနှစ်ယောက်က အစ်ကိုဖြစ်သူ ပြန်အလာကို မျှော်လင့်နေကြသည် မှန်းနားလည်လိုက်လေသည်။
ဘာမှတ်ချက်မှ မပေးလိုက်ဘဲ သူမကပြုံးပြီး ပြောလိုက်၏။
"ကောင်းပြီလေ၊ တစ်ခုချင်းစီ လုပ်ကြတာပေါ့၊ နင်တို့တွေက ရှန်းကို ဘယ်လိုရေးရမလဲဆိုတာ သိသွားပြီဆိုတော့ နင်တို့ အစ်ကိုကြီးရဲ့နာမည်ကနေ စရေးကြမယ်”
“ရှန်းလီ”
သူမသည် အိမ်ထောင်စုစာရင်းထဲက ရှန်းလီ၏နာမည်ကို တွေ့ဖူးခဲ့ကြောင်း ပြန်စဥ်းစားလိုက်သည်။
ရှန်းအန်း၏လက်ထဲက တုတ်ချောင်းလေးကို ယူလိုက်ပြီး သူမက သဲဗန်းပေါ်က အရင် ရေးထားသည့်စာလုံးများကို ဖျက်လိုက်ကာ ရှန်းလီနာမည်အတွက် လီဆိုသည့်စကားလုံးကို ထောင့်တစ်ခုတွင်ချရေး ပေးလိုက်သည်။
သူမကိုယ်တိုင်ကလဲနောက်ထပ် သုံးလေးချက်လောက် ချုပ်လုပ်နေသည်ကို အာရုံစိုက်လိုက်ပြီးနောက် ရပ်လိုက်ဖို့စဉ်းလိုက်သည်။ အမှောင်ထဲတွင် အချုပ်အလုပ်လုပ်သည်က မျက်လုံးကို ထိခိုက်စေနိုင်သဖြင့် နောက်တနေ့ နေရောင်ရသည့်အချိန်မှပဲ ကျန်သည့်ဟာကို အပြီးသတ်မည်ဟု စဥ်းစားထားလိုက်လေသည်။
...