← Chapters

ကျေးဇူးပြန်ဆပ်ခြင်း

Vol. 177 Ch. 2537

ကျေးဇူးပြန်ဆပ်ခြင်း

Vol. 177 Ch. 2537

ရီဖူရှင်းသည် သူ၏ခြေလှမ်းကိုရပ်လိုက်သည်။ သူ့ကို မကျေမနပ်ဖြစ်နေသော အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် မျက်နှာပျက်သွားကြသည်။

“နန်းတော်သခင်... ဒီကောင်က ကျုပ်တို့ အနောက်အင်ပါယာနန်းတော်ပိုင်ရမယ့် ရှေးဟောင်းအင်ပါယာအမွေအနှစ်ကို လုယူသွားတာပါ”

တစ်စုံတစ်ယောက်သည် အရှုံးပေးလိုဟန်မပေါ်သေးဘဲ ရှင်းပြရန် ကြိုးစားနေသည်။

“ပါးစပ်ပိတ်ထားစမ်း...”

ကောင်းကင်ထက်မှနေ၍ နတ်အရှိန်အဝါတစ်ခု ကျဆင်းလာပြီး ထိုသို့ပြောလိုက်သူပေါ်သို့ တိုက်ရိုက်ကျသွားသည်။ ထိုသူသည် မျက်နှာဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ တစ်ခုခုပြောချင်နေသော အခြားသူများသည်လည်း သူတို့ပါးစပ်များကို ချက်ချင်းပိတ်လိုက်ကြ၏။ သူတို့အားလုံး၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့သောအရိပ်အယောင်များ ရှိနေ၏။

နန်းတော်သခင်ဒေါသထွက်နေချိန်တွင် မည်သူသည် သူ့ကိုဆန့်ကျင်ဝံ့မည်နည်း။

အနောက်အင်ပါယာနန်းတော်ထိပ်ဖျားမှနေ၍ ပြိုင်ဘက်ကင်း ထည်ဝါမှုနှင့် အရှိန်အဝါရှိသည့် ဆန်းကြယ်သောရုပ်လွှာတစ်ခု ထွက်ပေါ်လာ၏။ ထိုသူမှာ အနောက်အင်ပါယာနန်းတော်၏ နန်းတော်သခင်ဖြစ်သည်။

“ကျုပ်တို့ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူမိပါပြီ... ရန်ဟောင်ရီ ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ”

သူတို့သည် ‌ရွေးစရာမရှိတော့သဖြင့် ခေါင်းငုံ့ကာ ရီဖူရှင်းကို တောင်းပန်လိုက်ရ၏။

ရီဖူရှင်းသည် တည်ကြည်သောမျက်နှာထားဖြင့် သူတို့ကို တစ်ချက်မျှကြည့်လိုက်သည်။ သူသည် ထိုလူများကို လုံးဝအထင်မကြီးပေ။ သူတို့သည် ရှေးဟောင်းနတ်ဘုရားကလန်မှ ကျင့်ကြံသူဖြစ်ဆိုလျှင်ကော ဘာအရေးနည်း။

“ကိစ္စမရှိပါဘူး...”

ရီဖူရှင်းသည် မထုံတက်သေးပြောလိုက်ပြီး ရှီးချီယောင်ကို ကြည့်လိုက်သည်။

“နတ်မိမယ်ချီယောင် နောက်ပိုင်း ကျုပ်ဖော်စပ်တဲ့ ဆေးလုံးတွေ ဒီလူတွေလက်ထဲမရောက်သွားဖို့ ကျုပ်မျှော်လင့်ပါတယ်”

သူသည် ကိစ္စမရှိဟု ပြောသော်လည်း ထိုမျှသဘောထားကြီးသူတစ်ဦးမဟုတ်ပေ။ ထိုလူများသည် ရှေးဟောင်းအင်ပါယာ၏ အမွေအနှစ်ကို သူတို့ပိုင်သည်ဟု ထင်နေပြီး သူ့ထံမှ ထိုအမွေအနှစ်ကို လုယူလိုနေသည်ဖြစ်ရာ ထိုနတ်ဘုရားတစ်ဝက်ဆေးလုံးများနှင့် အထွတ်အထိပ်အင်ပါယာအဆင့် ဆေးလုံးများသည် ထိုလူများနှင့် မည်သို့မှ မသက်ဆိုင်ပေ။

“ကောင်းပါပြီ...”

ရှီးချီယောင်သည် သူမကိုယ်တိုင်လည်း ထိုသို့လုပ်ချင်နေသကဲ့သို့ ချက်ချင်းသဘောတူလိုက်သည်။ သို့သော် သူမဘာသာထိုသို့လုပ်လိုက်လျှင် အနည်းငယ်ပို၍ ရှုပ်ထွေးပေလိမ့်မည်။ သို့သော် ယခုတွင် ရီဖူရှင်းကိုယ်တိုင် ထိုသို့ပြောလိုက်ပြီဖြစ်ရာ သူမသည် သူ့သဘောထားကို မဆန့်ကျင်နိုင်သည် မဟုတ်ပါလား။

ထိုဆေးလုံးများသည် ရီဖူရှင်း ဖော်စပ်ထားခြင်းဖြစ်သည်။

ထိုကျင့်ကြံသူများ၏ မျက်နှာထားသည် ရှုံ့မဲ့သွားကြသည်။ သူတို့လုပ်လိုခဲ့သည်မှာ ရီဖူရှင်းကို တိုက်ခိုက်၍ ရှေးဟောင်းအင်ပါယာ၏ အမွေအနှစ်ကို လုယူလိုခဲ့ခြင်းပင်။ သို့သော် ယခုတွင် ထိုသို့လုပ်ရန် မဖြစ်နိုင်တော့ကြောင်း သူတို့သဘောပေါက်သွားပြီဖြစ်သည်။ ရီဖူရှင်း ရှီးချီယောင်ကိုပေးလိုက်သောဆေးလုံးများမှာ ထိပ်သီးကျင့်ကြံသူများကို နောက်တစ်ဆင့်တက်သွားနိုင်သည့် နတ်ဘုရားတစ်ဝက်ဆေးလုံးများဖြစ်သည်ကို သူတို့ ယခုမှသိခဲ့ကြသည်။

နောင်တွင် သူတို့သာ ထိုဆေးလုံးများကို မရနိုင်ပါက...

ထိုအတွေးသည် သူတို့ခေါင်းထဲရောက်လာသောအခါ သူတို့၏မျက်နှာထားသည် ပို၍ပင် ရုပ်ဆိုးလာသည်။ သူတို့သည် ဘေးတွင်ရပ်နေသည့် ရှီးချီယောင်ကို ကြည့်လိုက်ကြ၏။ သူတို့ခေါင်းထဲတွင် အတွေးတစ်ချက် ရုတ်တရက်ပေါ်လာသည်။

အစောက ရှီးချီယောင်သည် သူတို့ထက် ခြေတစ်လှမ်းနောက်ကျနေ၏။ သူမသည် ထိုသို့ တမင်လုပ်ခဲ့ခြင်းလော။

သူမသည် အနောက်အင်ပါယာနန်းတော်က ရီဖူရှင်းကို တိုက်ခိုက်လိမ့်မည်မဟုတ်ဟု သိလေသ‌လော သို့မဟုတ် သူတို့သည် ရီဖူရှင်းကို တိုက်ခိုက်ရန် အရည်အချင်းမရှိဟုပင် ထင်လေသလော။ ရီဖူရှင်းသည် သေချာပေါက် သူမကို စိတ်ပျက်စေမည်မဟုတ်ပေ။ ထို့ကြောင့် သူမသည် ရီဖူရှင်းနှင့် သူတို့ကြားတွင် ပဋိပက္ခများဖြစ်စေရန် တမင်နောက်ကျမှ လာခဲ့ခြင်းပေလော။

ရီဖူရှင်းသည်လည်း ရှီးချီယောင်ကို ကြည့်လိုက်သည်။ သူသည်လည်း ထိုသို့ပင် သံသယဖြစ်နေကြောင်း သိသာသည်။ လွန်ခဲ့သည်လပိုင်းအတွင်း၌ ရှီးချီယောင်သည် သူမ၏မိသားစုကြားတွင် ဖိအားများကို ရင်ဆိုင်နေရပုံပေါ်၏။ သူမ၏မိသားစုသည် သူမက ရီဖူရှင်းကို ကူညီခဲ့သည်ဆိုသော အချက်ကိုနင်း၍ သူမကိုဖိအားပေးရန်ကြိုးစားနေပြီး သူမ၏ နတ်မိမယ်ဟူသောဂုဏ်ပုဒ်ကိုပင် အရယူလိုနေကြ၏။ သူမသည် ယခုအခွင့်အရေးကိုအသုံးချ၍ ထိုသူများကို လက်စားချေနိုင်သည်။

ထိုကိစ္စသည်ပင် နှုတ်မှဖွင့်ပြောရန်မလိုသော ပြိုင်ဆိုင်မှုပုံစံတစ်ခုဖြစ်၏။

“ရန်ဟောင်ရီအနေနဲ့ ဒီကိစ္စကို စိတ်မဆိုးဖို့ ကျွန်မ‌ မျှော်လင့်ပါတယ်”

ရှီးချီယောင်က ရီဖူရှင်း၏အကြည့်များ၏ အဓိပ္ပာယ်ကို မြင်လိုက်သဖြင့် သူ့ထံ လျှို့ဝှက်အသံပို့လွှတ်လိုက်သည်။ ရှီးချီယောင်သည် တမင်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ရီဖူရှင်း ချက်ချင်းသဘောပေါက်သွားသည်။ သူမအနည်းငယ် နောက်ကျမှ ရောက်လာခဲ့ခြင်းသည် အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများနှင့် ရီဖူရှင်းတို့ကြားတွင် ပဋိပက္ခများ ဖြစ်ပေါ်လာစေရန်ဖြစ်၏။

“စိတ်မပူပါနဲ့...”

ရီဖူရှင်း စိတ်မဆိုးပေ။ ထိုကဲ့သို့ ကိစ္စများဖြစ်လာခဲ့ရခြင်းမှာ သူမက သူ့ကိုကူညီခဲ့၍ မဟုတ်ပေလော။ ပြီးခဲ့သောရက်ပိုင်းအတွင်း၌ သူရောက်လာရန် နောက်ကျခဲ့သဖြင့် ရှီးချီယောင်သည် သူမ၏မိသားစုထံမှ ဖိအားများစွာကို ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့် သူသည် ယင်းကိစ္စအတွက် ရှီးချီယောင်ကို အပြစ်မတင်နိုင်ပေ။ သူမ ထိုသို့ ဖိအားများရင်ဆိုင်ခဲ့ရသည်မှာ သူ့အတွက်ကြောင့်ပင် မဟုတ်ပါလား။

“ရန်ဟောင်ရီက ကျွန်မကို စိတ်ပျက်စေမှာမဟုတ်ဘူးဆိုတာ ကျွန်မသိပါတယ်”

ရှီးချီယောင်သည် ထပ်မံ၍ သိမ်မွေ့စွာ အသံပို့လွှတ်လိုက်သည်။

“ချီယောင် မြန်မြန် ရန်ဟောင်ရီကို ဒီမှာလာထိုင်ဖို့ ဖိတ်ခေါ်လိုက်လေ”

အနောက်အင်ပါယာနန်းတော်၏ နန်းတော်သခင်က ပြောသည်။ ရှီးချီယောင်သည် ပြုံးလျှက် ရီဖူရှင်းဘေးသို့ တိုးသွားလိုက်ပြီး လက်ဟန်ပြကာ ဖိတ်ခေါ်လိုက်သည်။

“ရန်ဟောင်ရီ ကြွပါ”

ရီဖူရှင်း ခေါင်းညိတ်လိုက်ပြီး သူမနှင့် လွန်စွာယဉ်ကျေးနေရန် မကြိုးစားလိုက်ပေ။ သူသည် ချက်ချင်းပင် ‌ရှေ့သို့လျှောက်သွားလိုက်ပြီး အနောက်အင်ပါယာနန်း‌တော်မှ ကျင့်ကြံသူများကို ဖြတ်ကျော်သွားလိုက်သည်။

ရှီးချီယောင်သည် သူ့နောက်မှ လိုက်လာပြီး ကျန်ကျင့်ကြံသူများကို သူတို့ရပ်နေသည့်နေရာတွင်ပင် ချန်ခဲ့၏။ သူတို့အားလုံးသည် ထိုကိစ္စမှာ ရှီးချီယောင်၏အကြံအစည်တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိသွားကြသည်။ ဤအကြိမ်တွင် သူတို့အဖွဲ့သည် လုံးလုံးလျားလျား ရှုံးနိမ့်သွားပေပြီ။

ထိုဆေးလုံးများသည် သူတို့နှင့် မည်သို့မှ မသက်ဆိုင်‌တော့ပေ။

သူတို့သည် စိတ်တည်ငြိမ်လာသောအခါ နန်းတော်သခင်သည် အဘယ်ကြောင်း ထိုသို့ပြုမူခဲ့သည်ကို သဘောပေါက်လာသည်။ ရီဖူရှင်းသည် ရန်ဟောင်အထွတ်အထိပ်အဆင့်သာရှိသော ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း နတ်ဘုရားတစ်ဝက်ဆေးလုံးများကို ယူဆောင်လာနိုင်သည်။ ထိုအခြင်းအရာသည် မည်သည့်အဓိပ္ပာယ်နည်း။

ထိုအခြင်းအရာမှာ အနာဂတ်တွင် ရီဖူရှင်းသည် နန်းတော်သခင်၏ကျင့်ကြံခြင်းအတွက် အကျိုးရှိမည့် ဆေးလုံးများကို ထောက်ပံပေးနိုင်သည်ဟူသော  အဓိပ္ပာယ်ပင်။ မည်သူသည် ထိုကိစ္စကို သဘောမကျဘဲနေမည်နည်း။

အကယ်၍ သူတို့ ရှေးဟောင်းအင်ပါယာ၏ အမွေအနှစ်ကို အရယူနိုင်ခဲ့လျှင်ပင် ထိုအဆင့်ရှိသည့် အာခီမီဆရာတစ်ယောက်ကို ရှာနိုင်ရန် ခက်ခဲပေလိမ့်မည်။

ထို့အပြင် ရီဖူရှင်းသည် ထိုအမွေအနှစ်ကို ရသွားပြီဖြစ်သည်။ ယခုတွင် သူတို့သည် အမွေအနှစ်ကို လိုချင်လျှင်ပင် ရနိုင်တော့မည်မဟုတ်ပေ။ အကယ်၍ သူတို့သာ နန်းတော်သခင်ဆိုလျှင် မည်သည်ကိုရွေးချယ်မည်နည်း။

ရှီးချီယောင်က ရီဖူရှင်းကိုခေါ်ကာ အထက်သို့ တက်သွားသည်။ အနောက်အင်ပါယာနန်းတော်အတွင်းရှိ အဆောက်အဦးများသည် တမူထူးခြားသည်။ ဘေးတစ်ဖက်ဆီတွင် အောက်မှ အထက်သို့ မြင့်တက်သွားသည့် အဆောက်အဦးများရှိပြီး အလယ်တွင် ကောင်းကင်လှေကားတစ်ခုရှိ၏။ နန်းဆောင်များသည် ကောင်းကင်လှေကား ဘေးနှစ်ဘက်လုံးတွင် ရှိသည်။ ရီဖူရှင်းနှင့် ရှီးချီယောင်တို့သည် ကောင်းကင်လှေကားအတိုင်း အထက်သို့တက်သွားကြသည်။ သူတို့သည် တိမ်များထက်သို့ တက်သွားသကဲ့သို့ပင်။

‌ကောင်းကင်လှေကားထိပ်ဆုံးတွင် နောက်ထပ်နန်းဆောင်များ ရှိ၏။ ထိုနေရာတွင် လှေကားများထပ်မရှိတော့ပေ။ ထိုနေရာသည် အနောက်အင်ပါယာနန်းတော်၏ အရေးပါသူများ ကျင့်ကြံရာနေရာဖြစ်သည်။

ရီဖူရှင်းသည် ဘေးနှစ်ဖက်စလုံးကို ကြည့်လိုက်၏။ သူသည် ကောင်းကင်ထက်တွင် တည်ရှိနေသော နန်းဆောင်များစွာကိုမြင်လိုက်ရသည်။ ထိုနန်းဆောင်များသည် နတ်ဘုရားများ၏ နန်းဆောင်များနှင့် တူသည်။ သူ့ရှေ့တည့်တည့်ရှိ ကောင်းကင်ထက်တွင်မူ အခြားနန်းဆောင်များက မယှဉ်နိုင်သော လွန်စွာခံ့ညားထည်ဝါသည့် အင်ပါယာနန်းဆောင်တစ်ဆောင်ရှိနေ၏။ ထိုနန်း‌ဆောင်သည် အနောက်အင်ပါယာနန်းတော်တစ်ခုလုံး၏ အဓိကနေရာဖြစ်သည်။ ထိုနန်းဆောင်သည် ကောင်းကင်ဘုံကိုးဘုံအထက်တွင် တည်ရှိနေသော နန်းဆောင်တစ်ဆောင်ကဲ့သို့ပင် ထင်ရ၏။

ရီဖူရှင်းအောက်တွင် မြူခိုးများနှင့် တိမ်တိုက်များ လွင့်မျောနေပေရာ သူတို့သည် မည်မျှ မြင့်သောနေရာတွင် ရှိနေကြောင်း သိနိုင်သည်။

‘ကောင်းကင်ထက်က နန်းဆောင်တစ်ဆောင်‌ပေါ့...’

ရီဖူရှင်း တွေးလိုက်သည်။ သူသည် ရှေးဟောင်းနတ်ဘုရားကလန်၏ အဖွဲ့အစည်းတစ်ခုသို့ ယခုမှ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်သည်။ ထိုနန်းဆောင်သည် ရှေးဆန်သော်လည်း ခမ်းနားကြီးကျယ်ထည်ဝါသည်။ ထိုနန်းဆောင်သည် ဒဏ္ဍာရီများထဲတွင် ဖော်ပြာထားသည့် နတ်ဘုရားများ ကျင့်ကြံသောနေရာကဲ့သို့ပင် ထင်ရ၏။

“ရှေ့က အင်ပါယာနန်းဆောင်ပဲ... အဲဒီမှာ နန်းတော်သခင်ရှိတယ်”

ရှီးချီယောင်သည် သူမတို့ရှေ့ရှိ နတ်နန်းဆောင်ကိုကြည့်လျှက် ပြောသည်။ ကောင်းကင်ဘုံကိုးဘုံအထက်တွင် တည်ရှိနေသည်ဟု ထင်ရသော နတ်နန်းဆောင်ပေါ်တွင် တိမ်များက မြင်ကွင်းကို ဝေဝါးနေစေပြီး ထိုနေရာ၌ လူတစ်ယောက်ရပ်နေ၏။ ထိုလူသည် အနောက်အင်ပါယာနန်းတော်၏ နန်းတော်သခင်ဖြစ်သည်။ သူသည်လည်း ပြုံးလျှက် ရီဖူရှင်းရောက်လာမည်ကို စောင့်နေ၏။

“ရီဖူရှင်းက နန်းတော်သခင်ကို နှုတ်ခွန်းဆက်ပါတယ်”

ရီဖူရှင်း အနည်းငယ်သာ ခေါင်းညိတ်ပြ၍ နှုတ်ဆက်လိုက်သည်။ သူသည် ရီဖူရှင်းသာမဟုတ်‌တော့ဘဲ စီဝေ့ကြယ်ကောင်းကင်အင်ပါယာနန်းတော်၏ နန်းတော်သခင်တစ်ဦးလည်းဖြစ်နေပေပြီ။ သူ မည်သည့်နေရာသို့သွားသည်ဖြစ်စေ ထိုရာထူးအဆင့်အတန်းကို အရှက်ရစေ၍မဖြစ်ပေ။

သူသည် နန်းတော်သခင်ကို ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်ခြင်းမှာ သူက နန်းတော်သခင်ထက် အအသက်အရွယ်အားဖြင့် ပိုငယ်၍သာဖြစ်သည်။ ထို့အပြင် သူနှုတ်ဆက်လိုက်သူသည်လည်း အင်ပါယာနန်းတော်တစ်ခု၏ နန်းတော်သခင်ဖြစ်၏။ သူသည် လေးစားသမှုပြလိုက်ခြင်းသာဖြစ်သည်။

“ရန်ဟောင်ရီ...”

အနောက်အင်ပါယာနန်းတော်၏ နန်းတော်သခင်က သူ့ကိုပြုံးလျှက် နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။

“ချီယောင်က ကျုပ်ရှေ့မှာ ရန်ဟောင်ရီကို အမြဲချီးကျူးနေတာ... သူက ရန်ဟောင်ရီကို တော်တော်လေးအထင်ကြီးတယ်။ ရန်ဟောင်ရီက အနောက်ပင်လယ်ကုန်းမြေသခင်အိမ်တော်ကို တုန်လှုပ်သွားအောင် တစ်ကိုယ်တော်စွမ်းဆောင်နိုင်ခဲ့တဲ့ ရန်ဟောင်အဆင့်ကျင့်ကြံသူတစ်ယောက်ပဲ။ ကောင်းကင်ဒေသတစ်ခွင်လုံးမှာ ရန်ဟောင်ရီလို နောက်တစ်ယောက် ထပ်တွေ့ဖို့ မဖြစ်နိုင်ဘူး”

“နန်းတော်သခင်က ချီးကျူးလွန်းနေတာပါ”

ရီဖူရှင်းက ပြောသည်။

“ကျုပ်က ဗုဒ္ဓရောင်ဝါခြေလှမ်းကို နည်းနည်းတတ်ထားရုံပါပဲ။ တကယ့် စွမ်းအားအစစ်ကြီးမဟုတ်ပါဘူး”

“ရန်ဟောင်ရီက နှိမ့်ချလွန်းနေတာပါ... ကျုံးမြောင်က ကုန်းမြေသခင်အိမ်တော်မှာ ဒုတိယအသန်မာဆုံးလူပဲ”

နန်းတော်သခင်က ပြုံးလျှက်ပြောသည်။

“တခြားကိစ္စတွေကို ထည့်မတွက်ရင်တောင် ဒီတစ်ခေါက် ဆေးလုံးတွေက ရန်ဟောင်ရီကိုယ်တိုင် ဖော်စပ်ထားတာမလား”

“ဟုတ်ပါတယ်”

ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ အနောက်အင်ပါယာနန်းတော်သခင်သည် သူ့ကိုကြည့်လိုက်သည်။ ရီဖူရှင်းသည် နတ်ဘုရားတစ်ဝက်အဆင့်ဆေးလုံးများကို ယူဆောင်ခဲ့ကတည်းက သူ၏တန်ဖိုးကို ပြသခဲ့ပြီးဖြစ်၏။ သူသည်ပင် ရတနာတစ်ခု ဖြစ်၏။

အစောက ကျင့်ကြံသူများကို သူ့ကိုတိုက်ခိုက်ရန်လုပ်ခဲ့စဉ်က သူထုတ်ပြခဲ့သော အရှိန်အဝါသည် ကပ်ဘေးအဆင့်ရှိသူများထက် မနိမ့်ကျပေ။

ရီဖူရှင်းသည် ပြင်ပစွမ်းအားတစ်ခုအပေါ် မှီခိုခြင်းဖြစ်ရမည်ဟု လူတိုင်းသုံးသပ်ကြသည်။ သို့သော် အမှန်ပင် ထိုသို့ဟုတ်ပါလေသလော။

ထိုသို့မဟုတ်နိုင်ပေ။

နတ်ဘုရားတစ်ဝက်အဆင့် ဆေးလုံးများသည် ရန်ဟောင်အဆင့်ကိုသာရှိသူတစ်ဦးက ဖော်စပ်နိုင်သော ‌ဆေးလုံးများမဟုတ်ပေ။

အနောက်အင်ပါယာနန်းတော်သခင်သည် ရှီးချီယောင်ဘက်သို့ကြည့်လျှက် ပြောသည်။

“ချီယောင် ငါ့ကို ဆေးလုံးတွေပြပါဦး”

“ဟုတ်ကဲ့”

ရှီးချီယောင်သည် ခေါင်းညိတ်ကာ ရီဖူရှင်းက သူတို့ကိုလက်ဆောင်ပေးထားသည့် ဆေးလုံးများကိုထုတ်ကာ အနောက်အင်ပါယာနန်းတော်သခင်ကို ပေးလိုက်၏။

ဆေးလုံးများသည် ရေပြင်ကို တံလျှပ်ထသွားစေသော ကျောက်စရစ်တစ်ခဲကဲ့သို့ အ‌နောက်အင်ပါယာနန်းတော်သခင်၏ နှလုံးသားကို အနည်းငယ် တံလျှပ်ထသွားစေသည်။ သူသည် ခေါင်းမော့၍ ရီဖူရှင်းကိုကြည့်ကာ ပြောသည်။

“ဒီဆေးလုံးတွေက အဆင့်မြင့်ဆေးလုံးတွေပဲ။ တခြားအာခီမီဆရာတွေ ဖော်စပ်ထားတဲ့ အဆင့်တူဆေးလုံးတွေနဲ့ ယှဉ်ရင်တောင် ဒီဆေးလုံးတွေက အပြတ်အသတ်ပိုသာတယ်။ ရန်ဟောင်ရီရဲ့လမ်းစဉ်ကတော့ တကယ်ကို ပြီးပြည့်စုံတာပဲ”

ရီဖူရှင်း မည်သို့မှ ပြန်မပြောလိုက်ပေ။ သူ ဆေးလုံးများကို လက်ဆောင်လာပေးရသည့်အကြောင်း၏ တစ်စိတ်တစ်ပိုင်းမှာ အင်ပါယာနန်းတော်သခင်နှင့် မိတ်ဆွေဖွဲ့လို၍ဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုနှင့် ဆက်နွယ်မှုရှိသည့် အဖွဲ့အစည်းတစ်ခုသည် မိတ်ဆွေဆက်ဆံရေးကို ‌ရှေ့တန်းတင်မည်မဟုတ်ပေ။ အကျိုးအမြတ်ကိုသာ အရင်ဆုံးတွက်မည်ဖြစ်သည်။

ထို့ကြောင့် သူသည် သူ၏စွမ်းဆောင်ရည်အနည်းငယ်ကို တမင်ပြသလိုက်ခြင်းဖြစ်သည်။

“ချီယောင်... ပြီးကျရင် ရန်ဟောင်ရီကို နတ်လက်နက်စံအိမ်ကို ခေါ်သွားပြီး သူကြိုက်တဲ့ နတ်ဘုရားတစ်ဝက်လက်နက် နည်းနည်းလောက်ရွေးခိုင်းပြီး လက်ဆောင်ပေးလိုက်ပါ။ ရန်ဟောင်ရီက ငါတို့ကို ဆေးလုံးတွေလက်ဆောင်ပေးတယ်ဆိုတော့ အနောက်အင်ပါယာနန်းတော်က သူ့ကိုလက်ချည်းဗလာပြန်လွှတ်လိုက်လို့ ဘယ်ဖြစ်မလဲ”

အနောက်အင်ပါယာနန်းတော်သခင်က ပြောသည်။

နတ်ဘုရားတစ်ဝက်လက်နက်များသည် နတ်ဘုရားတစ်ဝက်ဆေးလုံးများနှင့် ဆင်တူသည်။ ၎င်းတို့သည် ကောင်းကင်ကပ်ဘေးကို ကျော်လွှားနိုင်ရန်အသုံးပြုသော လက်နက်များဖြစ်သည်။ ထိုလက်နက်များထက် ပို၍အဆင့်မြင့်သောလက်နက်ဟူ၍ အင်ပါယာလက်နက်အစစ်များသာ ရှိပေ‌တော့သည်။

ရှေးဟောင်းနတ်ဘုရားကလန်များသာ အသေးအဖွဲကိစ္စကဲ့သို့ သူ့ကို နတ်ဘုရားတစ်ဝက်လက်နက်အနည်းငယ်ကို ‌ရွေးခိုင်းနိုင်သည်။ ပုံမှန်ဆိုလျှင် ထိပ်သီးကျင့်ကြံခြင်းအင်အားစုများသည်ပင် ထိုကဲ့သို့လက်နက်များကို အနည်းငယ်ပင် မပိုင်ဆိုင်ကြပေ။ ထိုလက်နက်များသည် ရှေးဟောင်းနတ်ဘုရားကလန်က နှစ်ပေါင်းများစွာ စုဆောင်းထားသော လက်နက်များဖြစ်၏။

ရီဖူရှင်း နားလည်သည်ကို အနောက်အင်ပါယာနန်းတော်သခင်ကလည်း နားလည်သည်။ သူသာ ရီဖူရှင်းကို လက်ချည်းဗလာပြန်မသွားစေသ၍ ရီဖူရှင်းသည် အနောက်အင်ပါယာနန်းတော်အတွက် သူတို့တွင်ရှားပါးနေသည့် ဆေးလုံးများကို ဆက်၍‌ထောက်ပံ့နေမည်ဖြစ်သည်။

နတ်ဘုရားတစ်ဝက်လက်နက်များသည်လည်း အလွန်ရှားပါး၍ အဖိုးတန်သော်လည်း သူတို့တွင် ထိုကဲ့သိုလက်နက်များ များစွာရှိသည်။ ထို့အပြင် ကောင်းကင်ဒေသတွင် ထျန်းယန်မြို့‌ရှိရာ သူတို့သည် ထိုမြို့တွင် ထုတ်လုပ်သော ယင်းလက်နက်များကို အခြားအဖိုးတန်ပစ္စည်းများနှင့် ဖလှယ်နိုင်သလို ကိုယ့်ဘာသာ လက်နက်ထုတ်လုပ်ရန်အတွင်လည်း ကုန်ကြမ်းများကို လဲလှယ်ရယူနိုင်သည်။

သို့သော် နတ်ဘုရားတစ်ဝက်ဆေးလုံးများသည် ကောင်းကင်ဒေသတွင် ရှားပါးသည်။

ယခုတွင် ရီဖူရှင်းသည် ထိုအဆင့်ရှိသည့် ဆေးလုံးများကို ဖော်စပ်နိုင်စွမ်းရှိပေရာ အနာဂတ်တွင် သူနှင့်ကုန်စည်ဖလှယ်လိုသည့် အဖွဲ့အစည်းများ ကောင်းကင်ဒေသတွင် များစွာရှိလာနိုင်သည်။ ထို့ကြောင့် သူသည်လည်း ထိုကိစ္စကို ပို၍အာရုံစိုက်ရန်လိုသည်။

“ကျုပ်က နတ်မိမယ်ချီယောင်ကို ကတိပေးထားပြီးပါပြီ။ ကျုပ်အနေနဲ့ တခြားဟာတွေကို ဘယ်ပြန်တောင်းလို့သင့်တော်ပါ့မလဲ”

ရီဖူရှင်း ခေါင်းခါ၍ပြောလိုက်၏။

“ကျုပ် ရှေးဟောင်းအင်ပါယာရဲ့ အမွေအနှစ်ကို ရနိုင်ဖို့ နတ်မိမယ်ချီယောင်နဲ့ အနောက်အင်ပါယာနန်းတော်က အ‌တော်လေးကူညီပေးခဲ့တာပါ...”

“ကျုပ်တို့ အဲဒီကိစ္စကို ဘေးဖယ်ထားလိုက်လို့ရပါတယ်။ ပြီးတော့ ဒီနတ်ဘုရားတစ်ဝက်လက်နက်တွေကလည်း ဆေးလုံးပေးလို့ ပြန်ပေးတာမဟုတ်ပါဘူး။ အခု ရန်ဟောင်ရီက စီဝေ့အင်ပါယာနန်းတော်ရဲ့ နန်းတော်သခင်တစ်ယောက်ဖြစ်လာပြီဆိုတော့ ရန်ဟောင်ရီရဲ့လက်အောက်မှာ စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေ အများကြီးရှိမှာပဲလေ။ ရန်ဟောင်ရီအနေနဲ့ သူတို့ကိုလက်နက်တပ်ဆင်ပေးဖို့ လက်နက်တချို့ လိုမယ်ဆိုတာ ကျုပ်သိပါတယ်”

အနောက်အင်ပါယာနန်းတော်သခင်က ဆက်ပြောလိုက်၏။

“ပြီးတော့ ရန်ဟောင်ရီနဲ့ အ‌နောက်အင်ပါယာနန်းတော်ကြားက ဆက်ဆံရေးကို ခိုင်မြဲအောင်လုပ်နိုင်ဖို့ ကျုပ်မျှော်လင့်တယ်”

သူတို့နှစ်ဦးစလုံးသည် ဉာဏ်ထက်မြက်သူများဖြစ်ကြသည်။ နှစ်ဖက်စလုံး တိုးတက်လာနိုင်ရန် တစ်ဖက်ကိုတစ်ဖက် အကျိုးရှိစေမည့် မဟာမိတ်တစ်ခုသည် ပို၍ခိုင်မြဲ၏။ သူတို့နှစ်ဖက်စလုံးသည် တစ်ဖက်ကိုတစ်ဖက် အကူအညီများ ထောက်ပံ့နိုင်သည်။

“နန်းတော်သခင်က ဒီလိုပြောမှာတော့ ဆက်ပြီးငြင်းနေရင် ရိုင်းရာကျသွားမှာပေါ့။ ကျေးဇူးအများကြီးတင်ပါတယ်...”

ရီဖူရှင်းသည် ခေါင်းညိတ်လက်ခံလိုက်ပြီး ဆက်၍ ငြင်းဆိုမနေတော့ပေ။ အနောက်အင်ပါယာနန်းတော်သခင် ပြောသည့်အတိုင်းပင် လက်ရှိတွင် စီဝေ့ကြယ်ကောင်းကင်သည် ထိပ်တန်းလက်နက်များ လိုအပ်နေသည်။

သူတို့သည် အနာဂတ်တွင် ထိုလက်နက်များကို ရရှိနိုင်သော်လည်း လက်ရှိတွင် သူတို့၏အင်အားစုများကို အင်အားတိုးမြှင့်ရန် ထိုလက်နက်အနည်းငယ်ကို ယခုပင်ရရှိခြင်းသည်လည်း ကောင်းသောကိစ္စတစ်ခုဖြစ်သည်။

“ချီယောင်... ရန်ဟောင်ရီကို နတ်လက်နက်စံအိမ်ဆီ ခေါ်သွားလိုက်ပါ”

အနောက်အင်ပါယာနန်းတော်သခင်က ပြောသည်။

“ဟုတ်ကဲ့ပါ”

ရှီးချီယောင်သည် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမသည် ရီဖူရှင်းဘက်သို့လှည့်ကာ ပြောသည်။

“ရန်ဟောင်ရီ ကြွပါ”

ရီဖူရှင်းသည် အနောက်အင်ပါယာနန်းတော်သခင်ကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူသည် ရှီးချီယောင်၏နောက်မှနေ၍ နတ်လက်နက်စံအိမ်သို့ လိုက်သွားလိုက်၏။ သူတို့နှစ်ဦးထွက်ခွာသွားသောအခါ အနောက်အင်ပါယာနန်းတော်သခင်၏ဘေးရှိ အကြီးအကဲတစ်ဦးက ပြောသည်။

“နန်းတော်သခင်... ရီဖူရှင်းရဲ့ဇစ်မြစ်က အတော်လေးထူးခြားပါတယ်။ ကျုပ်တို့ သူနဲ့မဟာမိတ်ဖွဲ့မလို့လား”

ရီဖူရှင်း၏ဇစ်မြစ်သည် အနည်းငယ် ထိလွယ်ရှလွယ်ရှိသည်မဟုတ်ပါလား။

“သူ့ရဲ့ ထူးခြားတဲ့ဇစ်မြစ်ကြောင့်သာမဟုတ်ရင် ငါတို့ သူနဲ့မဟာမိတ်ဖွဲ့နိုင်ဖို့ အခွင့်အရေးတောင်ရမှာမဟုတ်ဘူး”

အနောက်အင်ပါယာနန်းတော်သခင်က ပြောသည်။ သူသည် ထိုကိစ္စကို စိတ်ထဲမထားပေ။ ရီဖူရှင်း၏ ထူးခြားသောဇစ်မြစ်ကြောင့်သာမဟုတ်လျှင် ဒွန်ဟောင်အင်ပါယာနန်းတော်သည် သူ့ကို သေချာပေါက် ချက်ချင်းခေါ်ယူသွားမည်ဖြစ်သည်။

All Chapters