အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
အပိုင်း (၇၅) ဝမ်တစ်သောင်းတန်သည့် ကျိုးပဲ့နေသောအိမ်တစ်လုံး
ပထမဆီးနှင်းများကျပြီးသော်လည်း သိပ်မအေးသောကြောင့် ဝါဂွမ်းအနွေးထည်များဝတ်ရန် မလိုအပ်ပေ။ စန်းလော့သည် အဝတ်အစားအတွက် ကလေးများကို တိုင်းတာလိုက်၏။ ရှန်းအန်းတွင် ဘောင်းဘီတစ်ထည်ရှိနေပြီဖြစ်ပြီး သူမကတော့ အပေါ်ထပ်သာလျှင် လိုအပ်သည်။ ရှန်းနဉ်မှာ တစ်စုံလုံးလိုအပ်နေ၏။
သူမသည် ပထမတစ်စုံ ချုပ်ရာတွင်နှစ်ရက်ကြာလေသည်။ ကိုးလပိုင်း ၁၂ရက်တွင် မောင်နှမနှစ်ယောက်လုံးသည် အဝတ်အစားသစ်များ ဝတ်ဆင်ကြရ၏။ အထည်သည် သူတို့ဝတ်ဆင်ထားသော ဟောင်းနွမ်းနေသည့် နွေရာသီအဝတ်အစားများထက် များစွာပိုထူသည်။ အရေးအကြီးဆုံးမှာ ထိုအရာသည် သူတို့၏ခြေကျင်းဝတ်များကို ကောင်းစွာဖုံးအုပ်ထားပေးသည်။
ခြေချောင်းများပေါ်နေသော ဖာထေးထားသည့်ဖိနပ်ကိုသာ တစ်ယောက်ယောက်က သတိမမူမိပါက သူတို့မှာ သိသိသာသာ သပ်ရပ်ပုံပေါ်သည်။
အမှန်ပင်။ မောင်နှမနှစ်ယောက်၏ ဖာထေးထားသောဖိနပ်များကို မည်သူမျှ အာရုံစိုက်လေ့မရှိပေ။ ဖာထေးထားသည်ဆိုလျှင်ပင် ခြေဗလာဖြင့်သွားလာနေကြသော ရွာရှိကလေးများနှင့်နှိုင်းယှဉ်ကြည့်ပါက သူတို့ခြေချောင်းများပေါ်နေသည့် ပေါက်ပြဲနေသောဖိနပ်များမှာ သင့်တော်သည့်ဖိနပ်များဖြစ်နေဆဲပင်။
ကလေးများသာမက စန်းလော့နှင့် ချင်ဖန်းညန်ကဲ့သို့သောသူများသည်လည်း နေ့တိုင်း တောင်များကိုဖြတ်၍ ၂၀လီလောက် လမ်းလျှောက်ကြရပြီး အဖာအထေးများစွာနှင့်ဖိနပ်ကို ဝတ်ဆင်ကြရသည်။ သူတို့သည် အနီးကပ်မကြည့်ပါက မထင်ရှားစေမည့် အရောင်ဆင်တူသည့်အထည်များကို အသုံးပြုကြ၏။
အဝတ်အစားအသစ်များဖြင့် ရင့်ကျက်သလိုပြုမူလေ့ရှိသည့် ရှန်းအန်းပင်လျှင် အနည်းငယ် ထုတ်ကြွားခြင်းကို မခုခံနိုင်ပေ။ သူ့အစ်မ အိမ်တွင်ရှိနေသည်ကို အခွင့်ကောင်းယူပြီး သူနှင့်ရှန်းနဉ်တို့သည် ရွာကို သုံးပတ်ပတ်လိုက်ကြသေး၏။
သူတို့အဝတ်အစားအသစ် မဝတ်ရသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး ယခုအချိန်တွင် လူတိုင်းအား သူတို့ကို ကြည့်စေချင်နေကြသည်။
ဤသည်မှာ သူတို့၏မကြီးမှာ သူတို့ကို မည်မျှဂရုစိုက်ကြောင်းပြသသည့် နည်းလမ်းတစ်ခုလည်းဖြစ်သည်။
ဤသိမ်မွေ့သောဂုဏ်ယူခြင်းကို အခြားသူများမသိကြသော်လည်း မောင်နှမနှစ်ယောက်၏ အသွင်အပြင်မှာ ရွာရှိကလေးများကြားတွင် အားကျစဖွယ်ဖြစ်နေသည်။ အထူးသဖြင့် အေးစပြုထဲက ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် သူတို့၏ဝတ်စုံအသစ်များကို ဝတ်ဆင်နှင့်ပြီးဖြစ်သည်။
ယခင်က ရှန်းအန်းနှင့်ရှန်းနဥ်တို့သည် ရွာတွင် သနားစရာအကောင်းဆုံး ကလေးများအဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း ယခုအချိန်တွင် သူတို့ကို အခြားကလေးများအားလုံးက အားကျနေကြရသည်။
သူတို့၏အပန်းဖြေလမ်းလျှောက်ခြင်းဖြင့် စိတ်ကျေနပ်နေကြသော ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် အိမ်သို့ ပျော်ရွှင်စွာပြန်လာကြလေသည်။
ရယ်မောပြီး စန်းလော့က သူတို့ကို ညွှန်ကြားလိုက်၏။
"ဒီအဝတ်အစားတွေနဲ့ အခုတော့ နွေးနွေးထွေးထွေးနေသင့်တယ်။ ပိုအေးလာရင် အဝတ်ဟောင်းတွေကိုအထဲက ခံဝတ်ပြီး အပြင်ကနေ အသစ်ကိုဝတ်လိုက်။ အဲ့လိုနှစ်ထပ်ဝတ်တာက ပိုနွေးနေစေလိမ့်မယ်"
ရှန်းနဉ်က မှတ်သားထားလိုက်၏။
"အဝတ်ဟောင်းကို အပြင်မှာ ဝတ်ထားရင် အသစ်က မြန်မြန် ဟောင်းနွမ်းမှာ မဟုတ်ဘူး"
ရှန်းနဉ်သည် သူတို့၏အဝတ်အစားသစ်များကို သူတို့အဒေါ်အပါအဝင် လူတိုင်းက စေ့စေ့စပ်စပ် ကြည့်ရှုကြသည်ကို သိသောကြောင့် တိတ်တဆိတ်ကျေနပ်နေမိသည်။
ရှန်းနဉ်သည် စိတ်ထဲတွင် အားရကျေနပ်နေ၏။
"တော်တော်လေး စဉ်းစားတတ်တာပဲ"
စန်းလော့က အပြုံးနှင့်ပြောလိုက်၏။
"စိတ်ချမ်းသာတယ်ဆို ကြိုက်သလိုသာလုပ်"
စွံပလွန်သီးများခူးခြင်းနှင့် ဝဥတူးခြင်းကြားတွင် စန်းလော့သည် သူမ၏ ကိုယ်ပိုင်ဆောင်းတွင်း အဝတ်အထည်များကို စတင်လုပ်လေ၏။ နေ့လည်စောင်းနေအခါ သူမသည် တောင်းများမှ ပြန်ရောက်လာလေသည်။ အဘိုးချန်းနှင့်ချန်းယိုထျန်းတို့သည် ကျိုးချွန်းကျန့်အိမ်မှငှားလာသော ဆန်ချင်တွယ်မည့်သစ်သားပုံးတစ်ခုဖြင့် ရောက်နေကြ၏။
"ဆောင်းဦးအခွန်အတွက်နင့်ရဲ့စပါးတွေကို ချိန်တွယ်ကြည့်ရအောင်။ ၁၅ရက်နေ့ကျ လူတန်းရှည်ကြီးကို ရှောင်လို့ရအောင် မနက်ဖြန်ပေးတာက ပိုကောင်းမယ်။ စီရင်စုက မိသားစုတစ်ချို့ဆိုရင် စပါးဆိုင်တွေက ဝယ်ယူမှုကန့်သတ်ထားလို့ စပါးအလုံအလောက် သိုလှောင်ဖို့ ရုန်းကန်နေကြရတာကို သိပ်မကြာသေးခင်ကမှ သတိထားမိတယ်။ စပါးဝယ်ဖို့ မိသားစုတစ်စုလုံး တန်းစီနေကြရပြီး သူတို့လဲ အထိတ်တလန့် ဖြစ်နေကြတယ်။ ဒါတောင်မှ အလုံအလောက်ရဖို့ နောက်ဆုံးနှစ်ရက်လောက်အထိ စောင့်ရလိမ့်မယ်"
ထို့ကြောင့် စီရင်စုအစိုးရရုံးသည် ၁၄ရက်နှင့် ၁၅ရက်နေ့တွင် လူအုပ်ကြီးဖြင့် အလွန်အမင်း ပြည့်ကျပ်နေလိမ့်မည်။
စန်းလော့သည် အမျိုးသားနှစ်ဦးအား ခြံဝင်းထဲသို့ မြန်မြန်ဖိတ်ခေါ်လိုက်ပြီး ခြင်းတောင်းများကို မီးဖိုချောင်ထဲသို့ သယ်သွားကာ ပင်မအိမ်မှ စပါးများကို ကူရွှေ့ပေးရန် အကူအညီတောင်းလေသည်။
အိတ်ထဲမထည့်ရသေးသော စပါးလေးတင်းနှင့်လေးပြည်ကိုတိုင်းတာရင်း ထိုအရာကိုပြန်မထုပ်ပိုးမီ အပေါ်ယံတိုင်းတာခြင်းအတွက် အချိန်အတော်ကြာ ပေးလိုက်ရသည်။
အဆုံးမှာတော့ အဘိုးချန်းက စန်းလော့အား အရံသင့်အနေဖြင့် စပါးနှစ်ပြည်ကို တစ်အိတ်ထပ်ဆောင်းပြီး ပြင်ဆင်ရန်အကြံပြုလ်ုက်၏။
"စပါး စာရေးတွေကို သဒ္ဓါကြေးပေးရအောင် ဝမ် နည်းနည်းလောက် ယူလာလိုက်အုံး။ ဒါဆို ဒီအရံစပါးတွေကို သုံးစရာမလိုတော့ဘူးလို့ မျှော်လင့်ရတာပဲ"
သူတို့သည် ဆန်ချိန်သည့်ပုံးအား တချက်နှစ်ချက် ကန်လိုက်သည်ဖြစ်စေ ခါလိုက်သည်ဖြစ်စေ ဤအရာမှာ မသိလိုက်မသိဘာသာ ကိုယ့်သွေးကို ပြန်စုပ်မိသွားမည့်သဘောဖြစ်၏။
စန်းလော့က ခေါင်းညိတ်လိုက်ပြီး သဒ္ဓါကြေးအတွက် ၁၂ဝမ် သို့မဟုတ် ထို့ထက်ပိုသောဝမ်များကို ယူလာရန်စီစဉ်ထား၏။ ဆန်နှစ်ဘူးနီးပါး ဝယ်နိုင်သည့်ပမာဏဖြစ်သည်။ သူမသည် ဤငွေကို မသုံးချင်သော်လည်း နို့ဆီဘူးနှစ်ဘူးစာသည် ကြီးမားသော ခြားနားမှုကို ဖြစ်စေနိုင်သောကြောင့် ထိုအရာကို လိုအပ်လေသည်။
စပါးချိန်တွယ်ပြီးသည်နှင့် စန်းလော့သည် နောက်တစ်နေ့ မနက်စောစောတွင် စီရင်စုသို့ အခွန်သွားပေးရာတွင်သယ်ရန် သူတို့လှည်းကို ငှားရန်လိုအပ်ကြောင်းကို မိသားစုအား အသိပေးရန် သွားလိုက်သည်။
စန်းလော့၏အိမ်သည် တောင်ပေါ်တွင်ရှိပြီး လှည်းကိုထိုနေရာသို့ ဆွဲသွားရန်က မဖြစ်နိုင်ပေ။ ထို့ကြောင့် လုသလန်သည် နောက်တစ်နေ့ မနက်စောစောတွင် တောင်ခြေသို့ လှည်းယူလာပေးမည်ဖြစ်ကြောင်းနှင့် စပါးများကို အောက်သို့သယ်ရာတွင် ကူညီပေးမည်ဖြစ်ကြောင်း ပြောလိုက်၏။
နောက်တစ်နေ့အရုဏ်မတက်မီတွင် ချင်ဖန်းညန်နှင့် အခြားသူများသည် တို့ဟူးယူရန် ရောက်လာကြပြီး စီရင်စုသို့သွားမည့် လုသလန်၊ ရှီအာ့လန်နှင့် ချန်းယိုထျန်းတို့သည်လည်း စပါးသယ်ရာတွင် ကူညီပေးဖို့ ရောက်လာကြလေသည်။
ပင်မအိမ်တွင် မီးအိမ်လေးထွန်းထားပြီး ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် ရက်ပေါင်းများစွာ စုဆောင်းထားသော စပါးတစ်ဝက်နီးပါး ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေကြ၏။
ထိုမြင်ကွင်းသည် ကလေးငယ်နှစ်ယောက်ကို အလွန်စိတ်မကောင်း ဖြစ်စေတော့သည်။
တစ်ရွာလုံး အိပ်မောကျနေဆဲအချိန်တွင် လှည်းနှစ်စီးသည် ရွာမှ တိတ်ဆိတ်စွာ ထွက်ခွာသွားတော့သည်။
ကျိုးချွန်းကျန့်နှင့် သူ့သားသည် စပါးအပြည့်ပါသည့်လှည်းတစ်စီးကို ဆွဲလာသော လုသလန်ကိုမြင်တော့ စန်းလော့က အခွန်ပေးဆောင်ရန် သွားခြင်းဖြစ်သည်ကို သဘောပေါက်လေ၏။
ကျိုးချွန်းကျန့်သည် စန်းလော့အား စပါးအလုံအလောက်ရရန် မည်သို့စုဆောင်းသည်ကို မမေးတော့ဘဲ ရိုးရိုးသာမေးလိုက်၏။
"အိမ်ထောင်စုစာရင်း စာရွက်စာတမ်းတွေအကုန် ယူလာခဲ့လား"
စန်းလော့က သူတို့၏ထင်မြင်ချက်ကို အသိအမှတ်ပြုကာ ခေါင်းညိတ်ပြလိုက်၏။
ကျိုးရွာသူကြီးလည်း တစ်ခုမှ ထပ်မပြောတော့ဘဲ သူတို့နှင့်အတူ စီရင်စုသို့ လိုက်ပါသွားလေသည်။
အဖွဲ့လိုက်ရောက်လာချိန်တွင် မြို့တံခါးများမှာ ပိတ်ထားဆဲဖြစ်သော်လည်း အပြင်ဘက်တွင် တန်းစီနေသောလူတန်း ဖြစ်ပေါ်နေပြီဖြစ်သည်။ စန်းလော့ကဲ့သို့ စပါးလှည်းများယူဆောင်လာသည်မှာ တစ်ဒါဇင်ကျော်ရှိပြီး မီးတုတ်ကိုင်ထားသော တစ်စုံတစ်ယောက်သည် မကြာခဏပေါ်လာပြီး တန်းစီနေသည့် အခြားသူများကို အလင်းရောင်ပေးနေသည်။
ဤပုဂ္ဂိုလ်များမှာ သာမန်လက္ခဏာတစ်ခုအဖြစ်ထင်ရှားသည်။ ထင်ရှားပြတ်သားသည့်အထောက်အထားက ဆင်းရဲမှုပင်။
ဆောင်းဦးရာသီ ရိတ်သိမ်းပြီးသည့်နောက်တွင် ပုံမှန်လယ်ယာစိုက်ပျိုးသည့် ကျေးလက်ဒေသတွင် ယခုအချိန်တွင် ဆောင်းဦးခွန်ကို ပေးဆောင်နိုင်ခြင်းမရှိသူမှာ ရှားပါးလှပါသည်။ ရုန်းကန်နေရသူများသည် နွမ်းပါးစွာနေထိုင်ရသူများ သို့မဟုတ် မြေယာမပိုင်ဆိုင်သောကြောင့် မြေငှားစိုက်ပျိုးခြင်းအပေါ် မှီခိုနေထိုင်ရသူများ ဖြစ်နိုင်သည်။ အထူးသဖြင့် မြေအရည်အသွေးညံ့ဖျင်းပါက အခွန်ပေးဆောင်ခြင်းသည် အမှန်တကယ် ပင်ခက်ခဲနိုင်၏။
ရှီလီကဲ့သို့ရွာများတွင် ထိုကိစ္စများမှာ ရှားပါးသည်။ အဆင်းရဲဆုံးအိမ်ထောင်စုဖြစ်သည့် ကျိုးလိုင်ကျီ၏မိသားစုပင်လျှင် လွန်ခဲ့သောရက်အနည်းငယ်ထဲက သူတို့၏အခွန်ပေးဆောင်ရန် စီစဉ်နိုင်လေ၏။ သူတို့၏စိန်ခေါ်မှုသည် နောက်နှစ်ဆောင်းဦးရာသီ ရိတ်သိမ်းချိန်မတိုင်မီအထိ သူတို့၏စပါးထောက်ပံ့မှုအပေါ်တွင် မှီတည်နေသည်။
စန်းလော့သည် ခေတ္တမျှ စိုက်ကြည့်လိုက်ပြီးနောက် ထိုနေရာတွင် မနေတော့ရန် ရွေးချယ်လိုက်၏။ လူတိုင်းတွင် သူတို့၏ကိုယ်ပိုင် အခက်အခဲများနှင့် ရုန်းကန်နေရမှုများရှိနေသည်။ သူမသာ ဤခေတ်ကို မဖြတ်ကျော်ခဲ့ပါက သူမ၏မူလကိုယ်သည်သေသွားလိမ့်မည်ဖြစ်ပြီး ရှန်းအန်းနှင့်ရှန်းနဉ်တို့၏ကံကြမ္မာကိုလည်း မသိနိုင်တော့ပေ။
ဤအချိန်များတွင် ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းသည်ပင် ခက်ခဲလှ၏။
မနက်လင်းလာသည်နှင့်အမျှ လူများသည် အခွန်ပေးဆောင်ရန် သို့မဟုတ် ဈေးဆိုင်များဖွင့်လှစ်ခြင်းမပြုဘဲ အများစုမှာ စပါးအိတ်များ ကိုင်ဆောင်ထားရင်း တဖွဲဖွဲ ရောက်ရှိလာကြ၏။ သူတို့သည် မြို့ထဲ၌ စပါးဝယ်ရန် လာကြခြင်းဖြစ်သည်။
စန်းလော့သည် သူမ၏ယခင်က စီရင်စုသို့လည်ပတ်ခြင်းနှင့် နှိုင်းယှဉ်သောအခါ စပါးဝယ်ရန်လာသည့် လူအရေအတွက်မှာ အနည်းငယ် မြင့်တက်လာသည်ကို သိရှိလေ၏။
ပြည်နယ်အသီးသီးရှိ သဘာဝဘေးအန္တရာယ် ကောလဟာလများနှင့် ပူးတွဲနေသော ဤစိုးရိမ်မှုများသည် ရွာများသို့ပျံ့နှံ့သွားပုံပေါ်သည်။ ပိုကောင်းသည့်အခြေအနေ ရှိသောမိသားစုများသည် သတိရှိရှိ စတင်ပြင်ဆင်ကြလေ၏။
ယနေ့တွင် မြို့တံခါးများသည် ပုံမှန်ထက်နောက်ကျပြီးမှ ဖွင့်လေသည်။ သူတို့ဖွင့်လိုက်သည်နှင့် လူအုပ်ကြီးသည် ဒရဟောတိုးကြ၏။ စောစောရောက်နှင့်နေသော သူမနှင့်အဖွဲ့သည် မြို့ထဲသို့ပထမဆုံး ဝင်ရောက်လာသည့်သူများထဲတွင် ပါဝင်၏။ လုသလန်တစ်ယောက် စပါးဝယ်ရန် တန်းစီနေစဉ်တွင် စန်းလော့သည် သူ့အားဒုက္ခမပေးတော့ဘဲ လှည်းကိုတစ်ယောက်ထဲ ဆွဲသွားရန် ဆုံးဖြတ်လိုက်လေသည်။
သို့သော် ဖန်းလျိုညန်နှင့်ကန်းရှီတို့သည် လှည်းကိုကူတွန်းရင်း အခွန်ပေးရမည့် စီရင်စုအစိုးရရုံးသို့ စန်းလော့နှင့်အတူ လိုက်ပါသွားကြသည်။
စီရင်စုရုံးသို့သွားရာလမ်းတွင် စပါးဆိုင်များမှဖြတ်သွားရင်း အပြင်ဘက်တွင် လူတန်းရှည်ကြီးဖြစ်ပေါ်နေသည်ကို သတိထားမိကြ၏။ သူတို့၏အဝတ်အစားများနှင့် မြို့တံခါးဖွင့်ချိန်ကို အကဲဖြတ်ကြည့်တော့ သူတို့အားလုံးသည် စီရင်စုတွင်နေထိုင်သူများ ဖြစ်ကြသည်။
ထိုအချိန်တွင် စန်းလော့သည် စိုးရိမ်ပူပန်မှုတစ်ခုကို ခံစားလိုက်ရသည်။ ချန်းယိုထျန်းနှင့်သူ့အဖွဲ့သည် ယနေ့ စပါးဝယ်နိုင်ပါမည်လား။
သူမသည်ထိုအရာကို ဆက်မတွေးနိုင်တော့ဘဲ စီရင်စုရုံးသို့ ဆက်သွားလိုက်၏။ ထိုနေရာသို့ရောက်တော့ စပါးသိုလှောင်ရုံ၏ တည်နေရာအား မေးရန်မလိုပေ။ ရုံးတော်အရှေ့ဘက်နှင့် သိပ်မဝေးသည့် သီးခြားခြံဝင်းတစ်ခုဘေးရှိ လမ်းကြားတွင် ထင်ရှားသည့် ရှည်လျားသော လူတန်းကြီးဖြစ်ပေါ်နေသည်။ စပါးအလုံအလောက်ရှိသော မြို့တွင်နေထိုင်သူများသည် လွန်ခဲ့သောရက်အနည်းအတွင်း သူတို့၏အခွန်များကို တဖြည်းဖြည်း ပေးဆောင်ခဲ့ကြသည်။
စန်းလော့သည် လှည်းကိုဆွဲရင်း တန်းစီလိုက်ပြီး ဖန်းလျိုညန်နှင့် ကန်းရှီတို့ကို သူတို့၏ကိစ္စများကို လုပ်ဆောင်စေကာ ရုံးစာရေးများ၏ အလုပ်စမည့်အချိန်ကို စောင့်နေလိုက်သည်။
အမှန်တော့ မြို့တံခါးအစောင့်များမှလွဲ၍ ရုံးတော်ရှိအခြားစာရေးများသည် စောစောမရောက်ကြပေ။ ပြည်သူများသည် တန်းစီရာတွင်နေရာရရန် စောစောလာကြ၏။ ပထမဆုံးတန်းစီရသော်လည်း စောင့်ဆိုင်းနေရဆဲပင်။
နေ့အလင်းရောင် တောက်ပလာသည်နှင့်အမျှ နောက်ထပ် မိနစ်(၃၀)မှ (၄၀)အထိ စောင့်ဆိုင်းပြီးနောက် ရုံးတော်၏ အရှေ့ဘက်ဝင်းတံခါးများ သည် နောက်ဆုံးတွင် လှုပ်ရှားမှုလက္ခဏာများ ပြသလာ၏။
လူတန်းသည် ချက်ချင်းပင် ဂနာမငြိမ်ဖြစ်သွားသည်။
ခြေဖျားထောက် မတ်တပ်ရပ်နေသည့်စန်းလော့က အရှေ့တွင် ဖြစ်ပျက်နေသည်ကို ကြည့်ရန်ကြိုးစားနေ၏။ ပထမနှစ်ယောက်သည် ခြံဝင်းထဲသို့ သူတို့၏လှည်းပေါ်မှ စပါးအိတ်များချရန် စတင်တန်းစီနေသည်ကို တွေ့ရှိပြီး သူမအလှည့်ရောက်ရန် လှည်းမည်မျှလိုသေးသည်ကို တိတ်တဆိတ် ရေတွက်လိုက်၏။
အရှေ့တွင် အသက်နှစ်ဆယ်ဝန်းကျင်လူငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ တီးတိုးပြောနေကြသည်။
"စာရေးအတွက် ပိုက်ဆံပြင်ခဲ့သေးလား"
လူငယ်က သူ့အင်္ကျီလက်ကျဉ်းကျဉ်းလေးကို ပုတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။
ထို့နောက်အမျိုးသမီးက သက်ပြင်းတစ်ချက်ချကာ ကြိတ်မှိတ်သည်းခံနေပုံပေါ်သည်။
စပါးရရှိသည့် လုပ်ငန်းစဉ်သည် မမြန်ဆန်ပေ။ အိတ်တစ်လုံးစီကို ဖွင့်၍ ချင်တွယ်ရမည်။ စန်းလော့အလှည့် မရောက်မှီတွင် တစ်နာရီခွဲနီးပါး ကြာနိုင်သည်။ ထို့နောက်မှသာ စပါးအိတ်တစ်အိတ်ကို သူမကိုယ်တိုင်သယ်ရမည့်စိန်ခေါ်မှုမှာ တုန်လှုပ်စရာကောင်းသော တာဝန်တစ်ခုဖြစ်ကြောင်း နားလည်သွားလေသည်။
အိတ်တစ်လုံးထဲသာမကဘဲ လှည်းတစ်ခုလုံးဖြစ်၏။
ခြံဝင်းထဲရှိရုံးတော် စာရေးသည် သူတို့အား သတိပေးနှိုးဆော်နေသည်။ စန်းလော့သည် အသက်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့်ရှိသည့် သန်မာသောအမျိုးသားနှစ်ယောက် ရပ်နေကြပြီး သူ့နောက်မှ လှည်းကို တစ်ချက်ကြည့်လိုက်သည်။
အကူအညီတောင်းရမည့် အချိန်ကိုသိသောစန်းလော့က ယဉ်ယဉ်ကျေးကျေး မေတ္တာရပ်ခံလိုက်၏။
"တစ်ဆိတ်လောက်ပါ အစ်ကိုတို့၊ ဒီစပါးအိတ်လေးက ကျွန်မအတွက် မ တင်ဖို့ လေးလွန်းနေတယ်။ အကူအညီလေးပေးနိုင်မလား"
ထိုသို့သောတောင်းဆိုမှုများသည် စပါးပို့ဆောင်စဉ်တွင် မကြာခဏ ဖြစ်လေ့ရှိသည်။ နူးညံ့သိမ်မွေ့သော မိန်းမပျိုလေးစန်းလော့ ရုန်းကန်နေရသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့ သူတို့နှစ်ဦးမှာ သူမသည် အမှန်တကယ် အကူအညီ လိုအပ်နေကြောင်းသိလေသည်။
သူတို့ထဲမှတစ်ယောက်ကပြောလိုက်၏။
"မင်းတို့မိသားစုက ဘာလို့ ဒီလိုမိန်းမငယ်လေးတစ်ယောက်ကို စပါးသယ်ဖို့ လွှတ်လိုက်တာလဲ"
ဤသည်မှာ အဖြေမလိုအပ်သည့် မေးခွန်းမျှသာဖြစ်သည်။ စန်းလော့က အပြုံးဖြင့်သာ တုံ့ပြန်လိုက်၏။ သူမ လက်ညိုးထိုးပြသည်ကိုမစောင့်ဘဲ နှစ်ယောက်သား အတိုင်ဖောက်ညီညီဖြင့် တစ်ယောက်လျှင် အိတ်တစ်လုံးစီ ထမ်းကာ ခြံဝင်းထဲသို့ သယ်သွားကြလေသည်။
မတ်တပ်ရပ်အချောင်မခိုလိုသော စန်းလော့က သူမကိုယ်တိုင် တစ်အိတ်မရန် ကြိုးပမ်းလိုက်သော်လည်း ဤအရာမှာ မ တင်ခြင်းထက် ပိုခက်၏။
အိတ်သယ်ပြီး ပြန်ရောက်လာသည့်ယောက်ျားက အသံဆူဆူဖြင့် ပြောလိုက်၏။
"ဒီအလုပ်က မင်းနဲ့မသင့်တော်ပါဘူး မိန်းကလေးရယ်။ ဘေးမှာသာရပ်နေပါ။ ငါတို့တွေ မင်းအတွက် သယ်ပေးပါ့မယ်"
ပြောရင်းဖြင့်ပင် သူသည် စန်းလော့ အားစိုက်ထုတ်နေသောအိတ်အား သက်တောင့်သက်သာ ပင့်တင်လိုက်ပြီး အထဲသို့သယ်သွားလေသည်။
စန်းလော့က သူမသည် ကြင်နာတတ်သော စိတ်ထားရှိသူများနှင့် တွေ့ဆုံခဲ့ရခြင်းဖြစ်သည်ဟု တွေးမိ၏။
ထိုနှစ်ဦးသည် စပါးလှည်းတစ်ဝက်ကို သယ်ယူလိုက်ပြီး စန်းလော့သည်လည်း ကျေးဇူးတင်ကြောင်းကို ထပ်ခါထပ်ခါ ပြောနေလေသည်။ သူတို့က သူမ၏ကျေးဇူးတင်စကားကို လက်ကာရင်းဖြင့် ငြင်းပယ်ကြ၏။
"ကျေးဇူးတင်စရာမလိုပါဘူး။ အထဲကိုသာ သွားနှင့်ပါ"
စန်းလော့အထဲကိုရောက်တော့ ရုံးတော်စပါးကျီမှာ သီးသန့်ခြံဝင်းတစ်ခုဖြစ်ပြီး သုံးဘက်တွင် မြင့်မားသောနံရံများဖြင့် ဝန်းရံထားပြီး တံခါးပေါက်သာရှိပြီး ပြတင်းပေါက်များမရှိပေ။
စပါးစုဆောင်းခြင်းကို အပြင်ဘက်ခြံဝင်းတွင် စီမံခန့်ခွဲနေသည်။ စန်းလော့သည် အတွင်း၌ရှိသောအရာများကို မမြင်နိုင်သည့်အပြင် ကြည့်ရန်အချိန်လည်း မရှိပေ။ သူမက အလျင်အမြန် ချဉ်းကပ်သွားလိုက်ပြီး စပါးစုဆောင်းခြင်းအတွက် တာဝန်ရှိစာရေးများအား ပြုံးပြလိုက်၏။
အလုပ်ကိုယ်စီရှိကြသည့်အရာရှိများက မေးလိုက်၏။
"ကျေးဇူးပြုပြီး မင်းရဲ့အိမ်ထောင်စုစာရင်းကိုပြပေးပါ"
စန်းလော့သည် မနက်ခင်းက သူမပြင်ဆင်ခဲ့သော အိမ်ထောင်စုစာရင်းကို လွှဲပြောင်းပေးရင်း စာရွက်အောက်မှ စာရေး၏လက်ထဲသို့ ရှစ်ဝမ်ကို မသိမသာလေး လျှိုပေးလိုက်၏။
"ရှင့်ရဲ့ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်"
စာရေးသည် မျက်ခုံးပင့်လိုက်ကာ ငွေနှင့်မှတ်ပုံတင်စာရင်းကို လက်ခံပြီး အခွန်စာရင်းကို စတင်စစ်ဆေးစဉ် သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာလေသည်။
စန်းလော့က သူမအနောက်ရှိစပါးအိတ်များကိုလွှဲပြောင်းပေးချိန်တွင် အခြားစာရေးအားလဲ မမေ့ဘဲ လူအုပ်ကိုကျောပေးကာ ဝမ်၈ ဝမ်ကိုမသိမသာလေး ကမ်းပေးလိုက်၏။
"ကြိုးစားအားထုတ်မှုတွေ အတွက်ကျေးဇူးတင်ပါတယ်"
"ရပါတယ်"
စာရေးက ပြန်ပြောလိုက်ပြီး ငွေကို ဟန်မပျက်လက်ခံလိုက်လေသည်။ သူ့ခါးပတ်ထဲရှိဝှက်ထားသောအိတ်ကပ်ထဲသို့မထည့်မီ သူ့လက်ထဲတွင် ချိန်ကြည့်လိုက်၏။ ထို့နောက် သူ၏လုပ်ဖော်ကိုင်ဖက်ဘက်သို့ လှည့်ကာမေးလိုက်လေသည်။
"တွေ့ပြီလား။ သူက ဘယ်လောက်ပေးရမှာလဲ"
တစ်ခြားစာရေးက စာရွက်စာတမ်းကို မြန်မြန်ကြည့်လိုက်ပြီး ပြောဆိုလိုက်၏။
"လေးတင်းနဲ့လေးပြည်"
"ဒါဆိုလည်း ကောင်းပါပြီ"
အခြားစာရေးတစ်ယောက်သည် စပါးအိတ်များကိုဖြည်ပြီး သွန်ချလိုက်ကာ ကျွမ်းကျင်စွာဖြင့် အလုပ်စလုပ်လေသည်။ တံစိုးလက်ဆောင်များ လုံလုံလောက်လောက်ရရှိခဲ့သဖြင့် ဘေးတွင် ပြန့်ကျဲပြီးကျသွားသည်များ မရှိတော့ပေ။ စန်းလော့၏အခွန်မှာ ချောချောမွေ့မွေ့ပင် ပေးဆောင်ခဲ့ပြီးဖြစ်သည်။ အခွန်ပေးဆောင်ပြီး ကြောင်းအထောက်အထားကို လက်ခံပြီးနောက် ထိုအရာကို ဂရုတစိုက် ခေါက်လိုက်ကာ စပါးအိတ်အခွံထဲသို့သိမ်းလိုက်၏။ သူမ မထွက်ခွာမီတွင် လှည်းထဲ၌ အိုးနှစ်အိုး၊ စပါးအပိုနှစ်ပြည်သာ ကျန်တော့သည်။
သူမ၏ပထမမှတ်တိုင်မှာ ထုံးစံအတိုင်း ယုံဖန်းကျိုင်ဖြစ်သည်။ ယခုအကြိမ်တွင်တော့ ငွေအရေးတကြီးလိုသောကြောင့် မုန့်ရေကြည်အတုံး ၃၆၀ကို သယ်လာလိုက်၏။
ယုံဖန်းကျိုင်မှထွက်လာတော့ တာဝန်ခံယန်ဆီမှ ၃၆၅ဝမ်ကို လက်ခံရရှိပြီး သူမတွင်ရှိနေသော ဝမ်၇၀၀နှင့်ပေါင်းလိုက်သောကြောင့် ယခုအချိန်တွင် သူမ၌ ဝမ်၁၀၀၀ကျော်ရှိနေပြီဖြစ်သည်။
ထိုအရာဖြင့် သူမအနောက်မှလှည်းကိုဆွဲရင်း အထည်ဆိုင်သို့ ဦးတည်သွားလိုက်၏။
သူမ၏မူလမှတ်ညဏ်ကို သတိရသောစန်းလော့က သူ့အမေနှင့်အထည်ဆိုင်တွင် အထည်များကို ရွေးခဲ့ကြဖူးသည်။ သို့သော် သူတို့သည် ကောင်းမွန်သောအထည်များကို အမြဲရွေးချယ်ကြပြီး ငွေပေးချေမှုများကို သူမ မကိုင်တွယ်ခဲ့ဖူးသောကြောင့် ချည်ထည်ဈေးနှုန်းများကို သတိမထားမိပေ။
အထည်ဆိုင်တွင် မေးမြန်းရင်း သူမသည် သက်ပြင်းချလိုက်လေ၏။
ထိုအချိန်တွင် ဈေးဆိုင်က ချည်အပေါ်ထပ် သို့မဟုတ် ဂွမ်းစောင်အတွက် အမျိုးအစားနှစ်မျိုးကို ပေးလိုက်၏။ စန်းလော့သည် သူမ ရည်ရွယ်ထားသည်ထက် ကျော်လွန်နေသောကြောင့် ဈေးကြီးသောပိုးထည် သို့မဟုတ် ပိုးချည်၏ဈေးနှုန်းကိုမေးရန်ပင် မစဉ်းစားခဲ့ပေ။
ဈေးသက်သာသောရွေးချယ်မှုသည် ခေတ်သစ်ကာလတွင် လဲမှို့ဟုသိကြသည့် ချည်ထည်ဖြစ်ပြီး အပြင်မြင့်မြင့် ပန်းပွင့်အပင်မှ ရရှိသည်။ ဤခေတ်တွင် ချည်ဟု ရိုးရှင်းစွာခေါ်ဆိုကြ၏။
ဈေးနှုန်းအရ ချည် ၂အောင်စလျှင် ဝမ် ၁၀၀ ကုန်ကျမည်ဖြစ်သည်။
စန်းလော့သည် ပိုဆင်းရဲကြသည့်မိသားစုများက သူတို့၏ ဂွမ်းစောင်နှင့် အနွေးထည်များကို ကြောင်မြီးသစ်ခွနှင့် ကျူပင်အဖူးများ ထည့်သုံးရသည့် အကြောင်းအရင်းမှာ ဝါချည်စစ်စစ်မှာ သည်အတိုင်းကို မတတ်နိုင်ခြင်းဖြစ်ကြောင်း နောက်ဆုံးတွင် နားလည်သွားလေသည်။
ထိုအရာမှာ အလွန်ဈေးကြီးလွန်းသည်။
ရှန်းအန်းနှင့်ရှန်းနဉ်ကဲ့သို့သော ကလေးများအတွက် အပေါ်အင်္ကျီနှင့် ဘောင်းဘီအတွက် အနည်းဆုံး ဝါဂွမ်းတစ်ပိဿာ လိုအပ်ပြီး ဝမ်တစ်ရာရှိသော ငွေတစ်တွဲလုံး ကျသင့်မည်ဖြစ်သည်။
ကလေးနှစ်ယောက်အတွက် ၂ ပိဿာနှင့် အရွယ်ရောက်ပြီးသူ တစ်ယောက်ဖြစ်သော သူမ၏အရပ်အတွက် အနည်းဆုံး ၁ပိဿာခွဲလိုအပ်ပေသည်။
သူတို့သုံးယောက်တွင် ချည်ထည်ဝတ်စုံတစ်စုံစီရရှိရန် ဝမ် ၃၅၀၀ကုန်ကျမည်ဖြစ်သည်။
ဂွမ်းစောင်များအတွက် ထိုအရာသည် ပိုသိသာသည့်အသုံးစရိတ်ကိုပင် မဖူလုံစေပေ။
တောင်ပိုင်းတွင်ပင် ဆောင်းဦးနှောင်းနှင့် ဆောင်းရာသီအစောပိုင်းအတွင်း ဂွမ်းစောင်တစ်ထည်လျှင် ဝါဂွမ်း ၄ ပိဿာမှ ၆ ပိဿာအထိလို အပ်နိုင်သည်။ ချွေတာရန်ရည်ရွယ်ထားသော စောင်တစ်ထည်လျှင် အနည်းဆုံး ဝါဂွမ်း ၄ ပိဿာဖြည့်ရန်လိုအပ်ပေသည်။
ဆောင်းတွင်းကို ခံနိုင်ရည်ရှိဖို့ဆိုရင် ၈ ပိဿာလား။
အပေါ်မှဖြန့်ခင်းရန်အပေါ်ထပ်များနှင့် ပါးလွှာသောစောင်များကို အသုံးပြုဖို့စီစဉ်ထားလျှင်ပင် သူမသည် ဝါ ၆ ပိဿာခန့် လိုအပ်နေသေးသည်။
စန်းလော့သည်တွေးတောရင်း အခြေအနေ၏ခက်ခဲမှုကို အမှန်တကယ် သဘောပေါက်ကာ စကားစုကိုလည်း နားလည်သွားတော့သည်။
"မိသားစုတစ်ခု ခွဲထွက်ရတာဟာ ပေးရတဲ့တန်ကြေးကြီးမားတယ်"တဲ့။
မိသားစုများစွာ၏ ပစ္စည်းဥစ္စာများသည် ယခု သူမကဲ့သို့ပင် နည်းနည်း၊ နည်းနည်းဖြင့် စုဆောင်းတည်ဆောက်ထားကြခြင်းဖြစ်သည်။
ဒီလိုဆိုတော့လည်း ဆက်ပြီး စုလိုက်အုံးပေါ့။
သူမက ဝမ်ငွေ၁၀တွဲကို ထုတ်ယူလိုက်ပြီး မေတ္တာရပ်ခံလိုက်၏။
"ကျေးဇူးပြုပြီး တစ်ပိဿာ (500 ဂရမ်) ချိန်ပေးလို့ရမလား"
...
အပိုင်း(၇၆) ပျားလက်သည်း
အဝတ်အစားချုပ်လုပ်ရန် လိုအပ်သည့် ဝါဂွမ်းပမာဏအတွက် စန်လော့၏ ခန့်မှန်းချေတွက်ချက်မှုသည် သူမ၏ မူလခန္ဓာကိုယ် မှတ်ဉာဏ်ကို အခြေခံထားခြင်း ဖြစ်လေသည်။
အဝတ်အစားများကို ဝယ်ယူရပြီး ပြုလုပ်ရသည့် ခေတ်မဟုတ်သည့် ခေတ်သစ်တွင် ကြီးပြင်းလာသည်တွင် ဝါဂွမ်း၁ကျင်းပမာဏကို သိလိုက်ရသည့် ပမထဆုံးအကြိမ် ဖြစ်လေသည်။
ဝယ်ယူပြီးနောက် အဝတ်အစားဆိုင်က ထွက်လာအပြီးတွင် သူမက ဝါဂွမ်းများကို လှည်းထဲတွင်ထည့်လိုက်ပြီး ဆန်ဆိုင်တွင်ရှိနေသည့် ချန်းယိုထျန်းနှင့် တခြားသူများကို သွားရှာလိုက်တော့သည်။
ဒီနေ့တော့ သူမသည် စပါးဖိုး မတတ်နိုင်တော့ချေ။ ဝမ်၇၀ ကျော်သာကျန်သဖြင့် သူမက ထိုပိုက်ဆံကိုသိမ်းထားဖို့ ဆုံးဖြတ်လိုက်ပြီး နောက်တစ်ခေါက် ဝါချည်ဝယ်ဖို့အတွက် ဆက်စုဆောင်းလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။
ဆန်ဆိုင်သို့နီးကပ်လာသည်တွင် အစောပိုင်းက တန်းစီနေကြသည့် လူအုပ်ကြီးသည် စိတ်ပျက်ပျက်နှင့် လူစုခွဲသွားကြသည်ကို တွေ့လိုက်ရတော့သည်။ စိတ်ပျက်လက်ပျက်ဖြစ်နေသည့် ချန်းယိုထျန်းနှင့် ရွာသူကြီးအုပ်စုကိုလဲ တွေ့လိုက်ရသည်။
"ဦးလေး ယိုထျန်း ဘာဖြစ်တာလဲ"
ချန်းယိုထျန်းက အကြပ်ရိုက်နေပုံပေါ်ကာ ပြောလိုက်သည်။
"စပါးဆိုင်က ဒီနေ့ ငါတို့ အလှည့် မရောက်ခင်မှာဘဲ စပါးကုန်သွားတယ်လေ"
စပါးဆိုင်ဘက်သို့ ကြည့်လိုက်ပြီး ဆိုင်၏ လက်ထောက်ကလေးက ဒီနေ့အတွက် ဆန်ကုန်သွားပြီဟူသည့် ဆိုင်းဘုတ်ကိုချိတ်ဆွဲကာ တံခါးကိုပိတ်နေသည်ကို တွေ့လိုက်လေသည်။
လုသလန်ကို မတွေ့ရသဖြင့် သူမက ထပ်ပြီးမေးလိုက်သည်။
"ဦးလေးလုရော ဘယ်သွားလဲ"
ချန်းယိုထျန်းက ရှင်းပြလိုက်သည်။
"သူက တစ်ခြားဆိုင်မှာ တန်းသွားစီနေတယ် ဒါပေမဲ့ ဘယ်လိုဖြစ်လာမလဲတော့ မသိပါဘူး"
သူ့စကားဆုံးရုံသာ ရှိသေးသည် လုသလန်က ပြန်ရောက်လာပြီး သူတန်းစီခဲ့သည့် ဆိုင်တွင်လဲ စပါးမဝယ်ခဲ့ရချေ။
ကျိုးချွမ်ကျန့်(ကျိုးသူကြီး)က ခေါင်းကာလိုက်သည်။
"နောက်လာမဲ့ ရက်တွေမှာတော့ စပါးနည်းနည်းလေး ဝယ်ဖို့တောင် ခက်တော့မှာဘဲ၊ မြို့တံခါးက ဒီမနက်တုန်းက အထဲကမြို့ခံတွေ တန်းစီဖို့ဆိုပြီး ဦးစားပေးလိုက်ပြီးတော့ တံခါးကို တမင်နောက်ကျမှ ဖွင့်ပေးတယ်လေ"
ယခုအချိန်တွင် စပါးဝယ်ကြသည့် မြို့ခံများကလဲ သတင်းကြားသူများဖြစ်ပြီး စပါးသိုလှောင်ကြသူများ ဖြစ်သည်။ တစ်ချို့ကတော့ သူတို့၏အခွန်အတွက် လုံလောက်အောင် စပါး မစုဆောင်းရသေးသူများဖြစ်သည်။ သူတို့ကို သေချာပေါက် ဦးစားပေးရပေလိမ့်မည်။
အမှန်တွင်တော့ တံခါးက နောက်ကျမှ မဖွင့်သည့်တိုင် အခွန်အတွက် မစုဆောင်းရသေးသူများက မိုးမလင်းခင် ကတည်းက ဆန်ဆိုင်အပြင်ဘက်တွင် တန်းစီနေပြီးသား ဖြစ်လိမ့်မည်။ သူတို့လို ရွာသားများက ညတွင်းချင်း သွားရောက်ကြသည် ဆိုလျှင်တောင် မြို့တံခါးက စောစောစီးစီး ဖွင့်ပေးမည်မဟုတ်သဖြင့် မြို့တွင်းကလူများနှင့် ယှဥ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။
စပါးကို မဝယ်ယူနိုင်တော့ရာ မြို့ထဲတွင် လျှောက်ပတ်သွားနေဖို့ မလိုတော့ပေ။ အားလုံးက အလုပ်လုပ်ဖို့ရန်အတွက် ရွာပြန်ဖို့လိုလေသည်။ ထို့ကြောင့် သူတို့က အိမ်ပြန်ဖို့ရန် မြို့တံခါးဆီသို့ ဦးတည်လာကြတော့သည်။
လုသလန်က စန်းလော့၏လှည်းကို တာဝန်ယူကာ တွန်းလာပေးသည်။
"ဦးလေးကျိုး နောက်ရက်တွေကျရင် ကျွန်တော့တို့တွေ တကယ်ဘဲ မလာတော့ဘူးလား၊ ဒီနေ့တောင်မှ စပါးတစ်ပြည်ကို ၉၈ဝမ်အထိ တက်သွားပြီလေ ကျိုးလိုင်ကျီ၏သားက မေးလေသည်။
ကျိုးချွမ်ကျန့်က သက်ပြင်း ချလိုက်သည်။
"ငါတို့တွေ လာခဲ့ရင်တောင် စပါးကိုဝယ်ရမှာ မဟုတ်ဘူး"
အခွန်အတွက် စုဆောင်းတာ မပြီးသေးသ၍ မြို့တံခါးကလဲ အချိန်ကိုထိန်းချုပ်ပြီး ဖွင့်မှာ သေချာတယ်။
စီရင်စုရုံးတော်က ဒီလောက် လုပ်နိုင်စွမ်းရှိပါရက်နှင့် စပါးစျေးများကို တည်ငြိမ်အောင်ထားရန် ဆန်ကုန်သည်များနှင့် မညှိနှိုင်းရသည့် အကြောင်းအရင်းကို ကျိုးချွမ်ကျန့်မှာ နားမလည်တော့ချေ။
မကြာခင်မှာတွင် သူသည် အလွန်အကျွံ မျှော်လင့်နေမိမှန်း ကိုယ်ဟာ့ကိုယ် သဘောပေါက်သွားတော့သည်။ စီရင်စုတရားသူကြီးက ဆန်ကုန်သည်များကို အလွယ်တကူ လွှမ်းမိုးချုပ်ကိုင်နိုင်လျှင် ဆန်စျေးက ဒီနေ့လို အတက်အကျ ဖြစ်နေလိမ့်မည် မဟုတ်ပေ။
စီရင်စုအရာရှိများက စပါးကုန်သည်များနှင့်ထိုင်ပြီး ညှိနှိုင်းဆွေးနွေးခဲ့လျှင်ပင် ဖြစ်လာနိုင်သည့် ပွတ်တိုက်မှုများက ပိုပြီး ကြီးမားလိမ့်မည်ဟု ကျိုးချွမ်ကျန့်က စဥ်းစားမိလေသည်။
စပါးစျေးကို တည်ငြိမ်အောင် လုပ်ဖို့တဲ့လား။
သူကြီးပြင်းလာတဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ဒီလို နိုင်နိုင်နင်းနင်းနဲ့ အုပ်ချုပ်နိုင်တာမျိုး တကာမှ မတွေ့ဘူးသေးပါဘူးလေ။
စန်းလော့က လမ်းသွယ်လေးမှ ရွာသို့ တိတ်တိတ်လေး ပြန်ရောက်လာချိန်တွင် ကျိုးချွမ်ကျန့်နှင့်သူလူများသည် ရွာသားများ၏ ချက်ခြင်း ဝိုင်းရံထားခံလိုက်ရပြီး စပါးစျေးနှင့်ပတ်သတ်သည့်အကြောင်း မေးမြန်းကြပြီးနောက် သူတို့က ရွာသို့ ဝင်သွားကြလေသည်။
စိုးရိမ်စိတ်ကို သီးမခံနိုင်ကြတော့သည့် ရွာသားတစ်ချို့ကတော့ စျေးကြီးသည့် စပါးများကို ဝယ်ယူသိုလှောင်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ သိုသော်ငြားလည်း သွားလာရမည့်ခရီးနှင့် တရားဝင်အချက်အလက်များအတွက် လိုအပ်သည့်ငွေကုန်ကျစရိတ်ကို တွန့်တိုနေလေရာ ချန်းယိုထျန်းနှင့်တစ်ခြားသူများက သူတို့အတွက် စပါးအနည်းငယ်လောက် ယူပြန်လာပေးဖို့ မျှော်လင့်နေကြလေသည်။
တစ်မနက်လောက် အခြေအနေ စောင့်ဆိုင်းလိုက်ပြီးသည့်နောက်တွင် ချန်းယိုထျန်းနှင့်သူ့အဖွဲ့က လက်ဗလာနဲ့ ပြန်လာသည်ကို မြင်လိုက်ကြပြီး ချက်ခြင်းဆိုသလို မကျေနပ်ချက်များက တိုးပွားလာတော့သည်။
စန်းလော့ကတော့ ရွာသားများ၏ တုံ့ပြန်ပုံကို စိတ်မဝင်စားချေ။
အိမ်သို့ရောက်လာပြီးလျှင် သူမက ဝယ်ပြန်လာသည့် ဝါဂွမ်းများကို ဂရုတစိုက် သိမ်းဆည်းထားလိုက်သည်။
ရှန်းအန်းနှင့်ရှန်းနဥ်တို့က ဝိုင်းအုံလာပြီး ပစ္စည်းအသစ်ကို တအံ့တသြ ကြည့်နေကာ သူတို့အရင်က တခါမှ မမြင်ခဲ့ဘူးသည့် အဖြူရောင် ဝါဂွမ်းများကို ကြည့်နေလေသည်။ ပွယောင်းယောင်းနှင့် ပျော့အိအိလေး ဖြစ်လေသည်။ ရှန်းအန်းက သိလိုစိတ်ဖြင့် ဝါဂွမ်းကို ညှစ်ကြည့်လိုက်၏။
"မကြီး ဒါတွေကို ဂွမ်းဆောင်လုပ်ဖို့ သုံးမှာလား” ရှန်းနဥ်က မေးလိုက်သည်။
စန်းလော့က ခေါင်းငြိမ့်ပြလိုက်၏။
"ဟုတ်တယ် ငါတို့တွေ နောက်ထပ် သုံးလေးကျင်းလောက် စုပြီးသွားတာနဲ့ လုပ်တော့မှာ၊ အခုလောလောဆယ်တော့ ငါတို့သုံးယောက်က စောင်လေးနှစ်ခုအောက်မှာ အတူတူ ပူးကပ်ပြီးအိပ်ကြတာပေါ့၊ ပိုပြီးထူသွားအောင်တော့ ရှိနေတဲ့ အထည်တွေကို သုံးလို့ရတယ်"
၉လပိုင်း၏ နေ့ရက်များသည် ဆောင်းဦးရာသီအဝတ်အသစ်ဖြင့် သီးခံနိုင်သည်။ ၁၀လပိုင်းရောက်လျှင်တော့ ဆောင်းဦးတုန်းက ချုပ်ထားသည့်အဝတ်အဟောင်းနှင့် အပေါ်ကအလွှာတစ်ထပ် ဝတ်လိုက်လျှင် လုံလောက်ပေလိမ့်မည်။
နှစ်တစ်နှစ်၏ ဒီလိုအချိန်မျိုးတွင် တောင်ပေါ်၌ ညအချိန်က အေးတတ်လေသည်။ ထို့ကြောင့် ဂွမ်းစောင်များကို ဝါချည်ဖြင့် လုပ်ထားသည့် အနွေးထည်ထက် ဦးစားပေးရသည်။
သို့သော်ငြားလည်း ဂွမ်းစောင်တစ်ထည် လုပ်ဖို့ရန်က ဝါချည်၁ကျင်းထဲနှင့် မလုံလောက်ချေ။
ကံအားလျော်စွာ မိသားစုသုံးစုထံမှ အလဲအလှယ်လုပ်ထားသည့် ရက်ထည်က အဝတ်အစား နှစ်စုံသုံးစုံအတွက် လုံလောက်နေသည်။ ထိုရက်ထည်များကို စောင်နှစ်ထည်အပေါ်က ထပ်လိုက်လျှင် ၉လပိုင်းတစ်လျှောက်လုံး လုံလုံလောက်လောက် နွေးထွေးအောင် လုပ်ပေးနိုင်လိမ့်မည်။
ဂွမ်းစောင်တစ်ထည် လုပ်ဖို့ရန်အတွက် ဝါဂွမ်းသုံးလေးကျင်းကို ထပ်စုအုံးမည်ဟု ကြားလိုက်သည်တွင် ကလေးများ၏ မျက်လုံးကလဲ လင်းလက်လာတော့သည်။
သူတို့ရဲ့ အစ်ကိုကြီးရှိနေတုန်းကပဲ သူတို့မှာ ဝါဂွမ်းအင်္ကျီနဲ့ ဂွမ်းစောင်လေးတွေကို သုံးရတယ်။ ဒါပေမဲ့ သူထွက်သွားပြီးတဲ့ နောက်မှာတော့ သူတို့တွေက ဒီလို သက်တောင့်သက်သာ ခံစားချက်ကို ဆုံးရှုံးခဲ့ရတယ်။ အကောင်းဆုံး ဝါဂွမ်းတွေကို အဒေါ်ဖြစ်သူက ယူသွားပြီး အလဲအလှယ် လုပ်ပစ်လိုက်တယ်လေ။ ဝါဂွမ်းအဟောင်းနဲ့ ကျုပင်ကြီးတွေထည့်ထားတဲ့ အနွေးထည်နဲ့စောင်တွေကိုဘဲ သူတို့အတွက် ချန်ထားပေးခဲ့တယ်။
ထိုပစ္စည်းများသည် ဝါဂွမ်းနှင့်ဆင်တူသော်လဲ နွေးထွေးမှုက အနည်းငယ်သာ ပေးစွမ်းလေရာ ဆောင်းတွင်းသည် ခါးသက်လှအောင် အေးစက်လှလေသည်။
ဝါဂွမ်းများကို သိမ်းဆည်းလိုက်ပြီးနောက် စန်းလော့က လက်ဆေးလိုက်ပြီး စပါးအိတ်ကို အခြောက်ခံဖို့ ချိတ်ဆွဲထားလိုက်သည်။ ထိုအရာများက ပမာဏအမြောက်အမြားကြီး ဝယ်ယူသည့်အခါကြမှ ဆန်ဆိုင်ကပေးသည့် အဖိုးတန်ပစ္စည်းများဖြစ်သည်။ ပမာဏအနည်းငယ် ဝယ်ယူသူများကတော့ ကိုယ်ပိုင်အိတ်ကို ယူသွားဖို့ရန် လိုအပ်သည်။
စန်းလော့သည် သူမ၏ ဝေရာဝစ္စများကို လုပ်ပြီးသွားသည့်နောက်တွင် အနားမယူသေးချေ။သူမက ရေတစ်ခွက်ကို ကိုယ်တိုင် လောင်းထည့်လိုက်ပြီး မြန်မြန်သောက်လိုက်ကာ စွန်ပလွန်သီးမုန့်နှင့် နတ်သမီးသစ်ရွက်များကို ပြင်ဆင်လိုက်တော့သည်။ ဒီအရာတွေအားလုံးက ဂွမ်းစောင်လုပ်ဖို့ရန်အတွက် ဝါဂွမ်းဝယ်ယူရမည့် ငွေများ ဖြစ်လေသည်။
လတ်တလောတွင် စွန်ပလွန်သီး ပြုလုပ်ရမည့်ပစ္စည်းများက ပုံမှန်ရနေသည်။ စွန်ပလွန်သီးများက အပင်ပေါ်မှာ မကြာခဏ ကြွေကျတတ်ကြပြီး အမြဲတမ်း နေရာတစ်ခုထဲက ဖြစ်နေသည်။ သို့သော်ငြားလည်း နတ်သမီးသစ်ရွက်ကို ရှာဖွေရခြင်းက ပိုပြီးခက်ခဲလာကာ လမ်းလျှောက်ရသည့် အချိန်ကလဲ ပိုကြာလာသည်။ ထို့ကြောင့် တောထဲသို့သွားရသည့် ခရီးများတွင် အမောဒဏ် ပိုခံနိုင်ကြသည့် စန်းလော့နှင့်ရှန်းအန်းတို့သာ သွားကြပြီး ရှန်းနဥ်ကတော့ အိမ်တွင်နေခဲ့ရသည်။
ဒီနေ့တွင်လဲ မကွာခြားပေ။ နှစ်ယောက်သားက တောထဲတွင် ဟိုဟိုဒီဒီ လျှောက်လာကြပြီး ရွာ၏တခြားဘက်က သွားနေကြနေရာ မဟုတ်သည့် နေရာသို့ ဝင်ခဲ့ကြသည်။ သူတို့သည် စွန်ပလွန်သီးများကို အများအပြား တွေ့ခဲ့ကြသော်လဲ နတ်သမီးသစ်ရွက်များကတော့ ရှားပါးနေဆဲပင်။
ရှန်းအန်းက စိုးရိမ်တကြီး ပြောလေသည်။
"မကြီး ကျွန်တော်တို့ ဒီနေ့ နတ်သမီးတို့ဟူး လုပ်နိုင်ပါ့မလား"
အမှန်တွင်တော့ ရှန်းအန်း၏ ပူပင်မှုက ဒီနေ့ တစ်ရက်ထဲတွင် မဟုတ်ချေ။ ဒီနှစ်တွင် သူတို့သည် နတ်သမီးတို့ဟူး ဆက်ပြီး ရောင်းဖို့မဖြစ်နိုင်မှန်း နားလည်လိုက်လေသည်။
ပစ္စည်းတစ်ခုကုန်သွားခြင်းက ဝင်ငွေရင်းမြစ်တစ်ခု လျော့သွားသည့် သဘောပင်။ သူတို့၏ အိမ်ထောင်စုက ငွေလိုအပ်နေသေးသည်။ သတ်သတ်လွတ်အူကြမ်း ရောင်းချခြင်းက အမြဲလိုလို ငွေများရနိုင်သော်လဲ သူတို့သည် တုန်းဖူစားသောက်ဆိုင်ကို အကြွေးတင်နေသေးသည်။ လတ်တလောတွင် သူတို့သည် တိုဟူးရောင်းခြင်းမှလဲ အများကြီးမရှာနိုင်ခဲ့ချေ။ အဝတ်အစား ချုပ်ဖို့ရန်အတွက် ရက်ထည်များကို အလဲအလှယ်လုပ်ရပြီး ပိုပြီးအေးသည့်ရာသီ ချဥ်းကပ်လာသည်နှင့်အမျှ သူတို့သည် အနွေးထည်နှင့် ဂွမ်းစောင်များအတွက် ဝါဂွမ်းများကိုလဲ လိုအပ်နေသည်။
ရှန်းအန်းသည် လက်ရှိ ဝါဂွမ်း၏စျေးကို မသိသော်လည်း သူ့အစ်ကိုကြီး အရင်ကဝယ်ခဲ့သည့် စျေးကိုတော့ မှတ်မိနေသေးသည်။ သူ့အစ်ကိုနှင့်သရှန်းတို့က ရက်တော်တော်ကြာအောင် အမဲလိုက်ပြီး သူတို့၏ အမဲကောင်များကို စီရင်စုတွင်ရောင်းချလိုက်ပြီးမှ ဝါဂွမ်းဖိုးအတွက် တတ်နိုင်ခဲ့သည်ကို မှတ်မိနေသေးသည်။
သူတို့သည် ကြီးမားသည့် အမဲကောင်များကို အမဲလိုက်ခဲ့ရသည်။
အစ်ကိုနှင့်သရှန်းတို့ နှစ်ယောက်စလုံးက အမဲလိုက်သည့်ခရီးတွင် ဒဏ်ရာရခဲ့ကြသည်။
ဒီလောက် ကြီးမားသည့်အမဲကောင်နှင့် အလဲအလှယ် လုပ်ခဲ့ရသည့် ဝါဂွမ်းက သေချာပေါက် အလွန်မှ စျေးကြီးပေလိမ့်မည်။
သူ့အစ်ကိုကြီးက ဝါဂွမ်းအမြောက်အမြားကို ဝယ်ပြန်လာသည့်အကာ သူ့တို့၏ အဒေါ်ဖြစ်သူမျက်လုံးက အားကျစိတ်ဖြင့် နီရဲသွားလေသည်။ သူက ရှန်းကျင့်နှင့်တစ်ခြားသူများအတွက် တစ်ဝက်လောက် ခွဲပေးလိုက်မှသာ သူ့ဦးလေးနှင့်အဒေါ်တို့က နောက်ဆုံးမှ ပြုံးနိုင်သွားကြသည်။
ရှန်းကျင့်အတွက်တော့ ဝါဂွမ်းက စပါးကဲ့သို့ပင် အဖိုးတန်လေသည်။ သူတို့သည် လယ်ကွင်းထဲတွင် စပါးကို စိုက်ပျိုးနိုင်ကြသော်လည်း ဝါဂွမ်းကိုတော့ မထုတ်လုပ်နိုင်ပေ။ သည်ခေတ်တွင် ဘယ်သူကမှ ဝါဂွမ်းကို မစိုက်ပျိုးကြချေ။ မြစ်တစ်ဘက်ကမ်းရှိ အနီးအနားက စီရင်စုတစ်ခုကတော့ ပိုမိုနွေးထွေးသည့် ရာသီဥတုရှိလေရာ ဝါဂွမ်းများကို စိုက်ပျိုးမည်ထင်သည်။
ထို့ကြောင့် နေရာတိုင်းတွင် စျေးကြီးပေးနေရပြီး ဝင်ငွေရလမ်းတစ်ခုက လျော့သွားသည်တွင် သူက စိတ်မပူဘဲ အဘယ်မှာ နေနိုင်ပါ့မည်နည်း။
တစ်နာရီကျော် ကြာသွားပြီးနောက်တွင် သူမခူးလာခဲ့သည့် နတ်သမီးသစ်ရွက်ပမာဏကို မြင်လိုက်သည်တွင် စန်းလော့သည် ဒီနေ့၏ နတ်သမီးတို့ဟူးကုန်ကြမ်းက အဆုံးသတ်သွားပြီဟု နားလည်လိုက်လေသည်။ ရှန်းအန်း၏ ပူပင်နေသည့် အမူအယာကို မြင်လိုက်သည်တွင် သူမက ပြုံးလိုက်၏။
"ဟုတ်ပါပြီ စိတ်မပူပါနဲ့ ငါ့ဆီမှာ ငွေရှာဖို့နည်းလမ်းတွေရှိပါတယ်"
ထို့နောက်တွင်တော့ တော၏ အနက်ပိုင်းသို့ ဆက်သွားဖို့ သူမက အကြံပြုလိုက်သည်။
"နည်းနည်းလောက် ဝေးတဲ့နေရာကို သွားရအောင် နတ်သမီးသစ်ရွက်တွေကို နည်းနည်းလောက် ထပ်ရှာလိုက်မယ်၊ ငါတို့တွေ ခူးထားတဲ့ဟာတွေကို ပေါင်းပြီး နည်းနည်းပါးပါးလောက် လုပ်လိုက်မယ်၊ ငါတို့တွေ ဒါကို ဒီနှစ်အတွက်တော့ မရောင်းတော့ဘူး၊ ကိုယ့်ဟာကိုယ် စားဖို့အတွက်နဲ့ ရင်နှီးတဲ့မိသားစုတွေကို ပေးဖို့ ချန်ထားလိုက်မယ်၊ ဒါကလဲ ဒီအလုပ်များတဲ့ ရာသီကို နှုတ်ဆက်တဲ့ ကောင်းတဲ့နည်းလမ်း တစ်ခုဘဲ၊ မိသားစုတစ်စုစီကလဲ နောက်ဆုံးအရသာကို မြည်းစမ်းလို့ရတာပေါ့"
ရှန်းအန်းက ခေါင်းငြိမ့်ပြလိုက်ပြီး သူ့မရီးသွားလိုက်သည့် နောက်ထပ် တောင်ကုန်းတစ်ခု နောက်သို့ လိုက်သွားလေသည်။
အတွင်းနက်သည်အထိ ရှာဖွေလာသည်တွင် စန်းလော့သည် အမှန်ပင် နောက်ထပ် နတ်သမီးသစ်ပင် နည်းနည်းပါးပါး တွေ့လိုက်ရသည်။ သူမက သစ်ရွက်ကို လှမ်းအခူးတွင် ရှန်းအန်း၏ ဝမ်းသာအားရ အသံက နောက်မှ ရောက်လာလေသည်။
"မကြီး ကျွန်တော် ဘာတွေ့လိုက်လဲ ကြည့်စမ်းပါအုံး"
စန်းလော့က ကိုယ်ကိုလှည့်လိုက်သည်တွင် ရှန်းအန်းသည် သစ်ကိုင်းခြောက်လေးတစ်ခုကို ကိုင်ထားသည်ကို မြင်လိုက်လေသည်။ ဝမ်းသာအားရဖြင့် ပြုံးရွှင်နေသည့် ရှန်းအန်းက သူ ရှာဖွေတွေ့ရှိထားသည့် ပစ္စည်းကိုကိုင်ရင်း စန်းလော့နားသို့ ရောက်လာသည်။
"မကြီး ပျားလက်သည်းလေ၊ ဒါတွေက အရမ်းချိုတယ်"
ပျားလက်သည်းဟု ပြောလိုက်သည်တွင် စန်းလော့က မျက်တောင်လေး ခပ်လိုက်ပြီး အပြုံးတစ်ခု ဖြစ်သွားကာ ရှန်းအန်းနားသို့ ရောက်သွားလေသည်။
"ဇီးသီးရိုင်း တွေဘဲ"
ရှန်းအန်းကမ်းပေးလာသည့် ပစ္စည်းကို ယူလိုက်တော့ အမှန်ပင် ဇီးသီးအရိုင်းများ ဖြစ်နေသည်။ ရှန်းအန်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။
"မကြီး ဒါတွေကို မှတ်မိလား ဒီနေရာမှာတော့ ကျွန်တော်တို့က ပျားလက်သည်းလို့ ခေါ်တယ် အစ်ကိုကြီးက သူတောထဲဝင်တဲ့ အချိန်တိုင်း ကျွန်တော်နဲ့အန်းနဥ်အတွက် ဒါတွေကို ယူလာပေးတတ်တယ်"
စန်းလော့က တခစ်ခစ် ရယ်မောလိုက်သည်။
"အင်း သိတာပေါ့ ငါတို့တွေက ဒါကို ဇီးသီးအရိုင်းလို့ ခေါ်တာ"
သူမ၏ မူလခန္ဓာကိုယ်ပိုင်ရှင် မိသားစု၏ ဇာတိမြို့ကို ပြန်စဥ်းစားမိလိုက်တော့ သူတို့က နာမည်ကွဲနေ တာကို တွေ့လိုက်ရသည်။
သူမက ထပ်ပြောလိုက်၏။
"အရင်တုန်းက ငါတို့အိမ်မှာ တောင်ပေါ်ကို တက်သွားရတာကိုကြိုက်တဲ့ အစေခံတစ်ယောက်ရှိတယ်လေ၊ သူက တခါတုန်းက ဒါတွေကို ယူလာပေးခဲ့ပြီးတော့ ဒါကို ဇီးသီးရိုင်းလို့ ခေါ်တယ်လို့ ပြောခဲ့ဖူးတယ်"
ရှန်းအန်းကတော့ အလွန်အကျွံ တွေးမနေတော့ဘဲ ထင်ထင်ရှားရှား ပြုံးရယ်လိုက်ကာ တစ်ခုကို အခွံခွာလိုက်ပြီး စားလို့ရသည့်အပိုင်းကို ချန်ထားလိုက်ပြီး သူ့လက်ဖြင့် အသီးကိုပွတ်ပြီး သန့်ရှင်းအောင်လုပ် ပေးလိုက်ကာ စန်းလော့ကို လှမ်းပေးလိုက်လေသည်။
"မကြီး စားကြည့်"
စန်းလော့က ယူလိုက်ပြီးနောက်တွင် သူကလဲ သူကိုယ်တိုင်အတွက် နောက်တစ်လုံးကို မြန်မြန်ယူလိုက်ပြီး သူ့ပါးစပ်ထဲသို့ ပစ်သွင်းလိုက်တော့သည်။
"ကျွန်တော် ဒါတွေကို ထပ်ရှာအုံးမယ်၊ အားနဥ်အတွက် ယူပြန်မလို့"
ရှန်းအန်းက သစ်ပင်ကို လိုက်ရှာနေစဥ်တွင် စန်းလော့က ခေါ်ယူပြီး အကြံပေးလိုက်လေသည်။
"ပိုပြီးနိမ့်တဲ့ သစ်ကိုင်းတွေနဲ့ မြေကြီးပေါ်ကို ကြည့်လေ ဒီသစ်ပင်တွေက အရမ်းမြင့်တယ် မှည့်ပြီးကြွေလာတဲ့ အသီးတွေက ပိုပြီးချိုတယ်"
ရှန်းအန်းသည် ထိုအသီးများကို အရင်ကစားဖူးသော်လည်း အပင်ကိုတော့ မမြင်ဘူးချေ။ သူ၏မရီးဖြစ်သူ၏ အကြံကိုလက်ခံလိုက်ပြီး သူက နည်းလမ်းကို ပြောင်းလိုက်သည်တွင် အနီးအနားရှိ သစ်ပင်နှင့် ခြုံပုတ်ပေါ်က ဇီးသီးရိုင်း အကိုင်းအခက်များကို အမှန်ပင် တွေ့ရှိသွားတော့သည်။
သူသည် ဝမ်းသာသွားတော့သည်။ အခိုက်အတန့်ဆိုသလို နတ်သမီးသစ်ရွက် အကြောင်းပင် မေ့လျော့သွားတော့သည်။
ရှန်းအန်း၏ စိတ်အားထက်သန်မှုကို စောင့်ကြည့်လိုက်ရင်း စန်းလော့က ရယ်မောလိုက်လေသည်။သူမက နတ်သမီးသစ်ပင်ကို ရှာနေခြင်းက သူမတွေ့လိုက်သည့် ဇီးသီးများကို ကောက်လိုက်ကာ သူမ၏ လက်ထဲတွင် ကိုင်ထားသည် မဟုတ်လျှင် ရှန်းအန်း၏ ခြင်းထဲတွင် ထည့်ပေးလိုက်လေသည်။
"ဒါတွေကို ထပ်ကောက်လိုက်အုံး ဒါတွေကိုလဲ ငွေနဲ့ ရောင်းလို့ရတယ်"
ရှန်းအန်းက တအံ့တသြ ဖြစ်သွားတော့သည်။
"ဒါတွေကို ငွေအတွက် ရောင်းလို့ရတယ် ဟုတ်လား"
အဓိပ္ပာယ်ရှိပါတယ်။ ဒီအသီးတွေရဲ့ ချိုမြပုံနဲ့ သူတို့တွေ ဘယ်လောက်ထိ လိုက်လဲဆိုတာကို စဥ်းစားကြည့်လို့ရတယ်လေ။
စန်းလော့က ပြံးပြလိုက်သည်။
"ဟုတ်တယ် ငါတို့တွေ ဒါကို ရောင်းလို့ရတယ်၊ နင်တတ်နိုင်သလောက် ကောက်ထားလိုက်၊ ငွေက ငါတို့တွေကို ဂွမ်းစောင်အတွက် ဝါဂွမ်း စုဆောင်းပေးဖို့ အကူအညီ ပေးနိုင်လိမ့်မယ်"
ဒီအဖြစ်က ရှန်းအန်းကို ပိုပြီးတော့ စိတ်အားထက်သန်စေတော့သည်။ နတ်သမီးတို့ဟူးထံမှ ဝင်ငွေရလမ်းတစ်ခု ဆုံးရှုံးသွားသော်လည်း ဇီးသီးရိုင်းက ထပ်ပေါ်လာသဖြင့် သူသည် ပျော်ရွှင်သွားတော့သည်။ သူ၏ မျက်လုံးများက လခြမ်းသဏ္ဠန် ကွေးသွားပြီး သူ့နှုတ်ခမ်းကလဲ သွားများပေါ်သည်အထိ ပြုံးသွားကာ ကောင်းကင်ဘုံက သူတို့ကို မျက်နှာသာပေးသည့် ခံစားချက်တစ်ခု ဖြစ်သွားလေသည်။
သူက ဇီးသီးများကို မြန်မြန်ဆန်ဆန် ကောက်ယူလိုက်သည်။ သူ့မျက်လုံးကလဲ အသက်ဝင်ခြင်းတို့ဖြင့် အားတက်သရော ရှိလေသည်။ သေသေချာချာ ရှာဖွေပြီးနောက်တွင် မြင့်မားသည့် ဇီးသီးကိုင်းပင်များကို တွေ့လိုက်တော့သည်။
ဒီတစ်ပင်ထဲကပင် မြင့်မားပြီး ပေါများကာ အသီးများကလဲ နေရာကျယ်ကျယ်ဝန်းဝန်းအထိ ကြွေကျနေသဖြင့် ရှန်းအန်းမှာ ဝမ်းသာအားရ အလုပ်များသွားတော့သည်။
သူတို့၏ ခြင်းနှစ်ခြင်းလုံး နှုတ်ခမ်းအထိ ပြည့်လာသည်တွင် ဇီးသီးရိုင်းများလဲ ထပ်ကောက်ဖို့မရှိတော့ပေ။
သူတို့သည် စွန်ပလွန်သီးများနှင့် နတ်သမီးသစ်ရွက် နည်းနည်းပါးပါးကို ခူးဆွတ်ပြီးသွားပြီဖြစ်ရာ သူတို့ခြင်းထဲတွင်လဲ နေရာအမြောက်အမြား မကျန်တော့ပေ။
"အိမ်ပြန်ကြရအောင် ငါတို့ခြင်းတွေကို အလွတ်ထားရမယ်၊ ပြီးရင် ချက်ခြင်း ပြန်လာကြမယ်” စန်းလော့က အကြံပေးလိုက်လေသည်။ "ငါတို့တွေ အနည်းဆုံးတော့ နောက်ထပ် နှစ်ခြင်းအပြည့် ကောက်မှရမယ်"
သူတို့က ပြန်လာအုံးမည်ဟု ကြားလိုက်သည်တွင် ရှန်းအန်း၏ စိတ်ပျက်မှုများက ကွယ်ပျောက်သွားတော့သည်။
"ဒါဆိုရင် မြန်မြန် ပြန်ရအောင်"
အပြန်ခရီးက ဝမ်းသာအားရစိတ်ဖြင့် ပြည့်နှက်နေ သည်။ သူတို့သည်အိမ်နှင့် ပိုပြီး နီးကပ်လာလေလေ သူက ပိုပြီး ပျော်ရွှင်လာလေလေပင်။ သူတို့အိမ်၏ တောင်ခြေနားရောက်သည်တွင် သူသည် ကြက်တဲဘေးနားတွင်ရှိသည့် ညီမဖြစ်သူ ရှန်းနဥ်ကိုပင် မြင်လိုက်ရသည်။ ရှန်းနဥ်ကတော့ တစ်ခုခုဖြင့် အလုပ်များနေတော့သည်။
ခြင်း၏ ကြိုးပြားလေးကို ဝမ်းသာအားရ ကိုင်ထားပြီး ရှန်းအန်းက တောင်ကုန်းဘေးနားက သူတို့အိမ်ဆီသို့ အပြေးသွားလိုက်ကာ ဇီးသီးအကိုင်းလေးကို ဝှေ့ရမ်းပြရင်း အဝေးကနေ လှမ်းခေါ်လိုက်လေသည်။
"အားနဥ် အားနဥ် ဒီမှာကြည့် ငါ နင့်အတွက် ဘာယူလာခဲ့သလဲ"
ရှန်းနဥ်ကတော့ ကြက်ခြံဘေးတွင် ဆောင့်ကြောင့်ထိုင်နေပြီး သူမ၏ ကျောကိုကုန်းထားကာ မြေကြီးနှင့်ထိလုမတတ် ဖြစ်နေပြီး အထဲသို့ ချောင်းကြည့်နေလေသည်။ သူမက အထဲကိုကြည့်ရင်း လက်ကိုလဲဆန့်ထည့်လိုက်ကာ ထိုနောက်တွင်တော့ ပြုံးလိုက်ပြီး သူမ၏ လက်ထဲတွင် အခုမှဥထားသည့် ဥနွေးနွေးလေးကိုကိုင်ကာ ပြန်ဆွဲထုတ်လိုက်လေသည်။
သူမကရယ်မောကာ ထရပ်လိုက်ပြီး ရှန်းအန်းထက်ပင် ပိုပြီးပျော်နေလေသည်။ စန်လော့နှင့်ရှန်းအန်းတို့က တောင်ပေါ်တက်သည့် လမ်းတစ်ဝက် မရောက်ခင်မှာပင် သူမက ဝမ်းသာအားရ လက်ဝှေ့ပြပြီး အော်လိုက်လေသည်။
"မကြီး အစ်ကိုလေး ညီမလေးတို့အိမ်က ကြက်ကဥပြီ၊ ကြည့်ပါအုံး၊ ဥကနွေးနွေးလေး"
ဥလေးကိုကိုင်ထားပြီး သူတို့ကိုပြဖို့ရန် ဝမ်းသာအားရ လက်ကို ခါပြချင်သော်လည်း ဥကွဲသွားမှာ စိုးရိမ်သည်။ သူမ၏ မျက်နှာပေါ်ကအပြုံးက ဆောင်းဦးရာသီ၏ နေရောင်ထက်ပင် ပိုပြီး တောက်ပနေသေးသည်။
စန်းလော့သည် မောင်နှမနှစ်ယောက်ကို ကြည့်ပြီးလျှင် အလွန်မှ ပျော်ရွှင်နေရာ သူမ၏ မျက်လုံးများက ရယ်သံနှင့်အတူ ကွေးညွတ်သွားလေတော့သည်။
...