← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အပိုင်း (၇၇) ဆီးသီးရိုင်းသကြားလုံး

"ကြက်က ဥ ဥပြီလား"

ရှန်းအန်း၏အသံမှာ အက်ကွဲကာ ရွှင်မြူးမှုများဖြင့် ပြည့်နှက်နေသည်။ သူကိုင်ထားသောဆီးသီးရိုင်းကိုင်းကို လှုပ်ခါနေခြင်းအား ရပ်လိုက်ကာ ရှန်းနဉ်ရှိသော တောင်ခါးပန်းဆီသို့ မြန်မြန်သွားလိုက်၏။

"ကြည့်ဦးမယ်"

ရှန်းနဉ်သည် အပြုံးဖြင့် သူမလက်ကို ဖွင့်လိုက်၏။ ရှန်းအန်း၏မျက်လုံးများမှာ လခြမ်းကဲ့သို့ကွေးသွားကာ ဥလေးကို ထိလိုက်လေသည်။

"ဒါလေးက တစ်ကယ်နွေးနေတာပဲ။ ဘယ်ကြက်က ဥတာလဲ"

ရှန်းနဉ်က ခေါင်းခါလိုက်၏။

"ညီမ မသိဘူး၊ ကြက်သုံးကောင်လုံး အသိုက်ထဲကထွက်လာကြတာ"

ယခုတော့ စန်းလော့လည်း သူတို့ထံသို့ရောက်ရှိလာပြီဖြစ်သည်။ ရှန်းနဉ်လက်ထဲရှိ အရွယ်အစားအသင့်အတင့်ရှိသောဥလေးအား ကြည့်ရင်း သူမက ပြုံးလိုက်၏။

"သူတို့က အရွယ်တူတဲ့ကြက်တွေ။ တစ်ကောင်က ဥ ဥတာနဲ့ နောက်ကြက်တွေလဲ သိပ်မကြာဘူး လိုက် ဥ လိမ့်မယ်။ ဒါက ယွင်ယင်းဥ(ပထမဆုံးဥ)ပဲ။ အရမ်းအာဟာရပြည့်ဝတယ်။ မနက်ဖြန်မနက်ကျ ကြက်ဥဆန်ပြုတ် လုပ်စားကြမယ်"

ဝင်ငွေရရန် ကြက်ဥများရောင်းခြင်းမှာ မဖြစ်နိုင်ပေ။ သူတို့သည် တစ်ခါတစ်ရံ အသိမိတ်ဆွေများထံမှ လက်ခံရရှိသော ခြံထွက်ဟင်းရွက်အချို့ ဝယ်ယူမှုများအတွက် အားထားကြရသည်။ ယခုတော့ ကြက်များမှာ ဥများဥနေပြီဖြစ်ပြီး ထိုအရာများမှာ သဘာဝအလျောက် သူတို့၏အာဟာရအတွက်ဖြစ်သည်။

ကြက်ဥဆန်ပြုတ် ပြုလုပ်မည့်အကြောင်းသည် မောင်နှမနှစ်ယောက်၏မျက်လုံးအား အရောင်လက်သွားစေသည်။ သူတို့သည် သူတို့အစ်ကိုကြီးအိမ်တွင်ရှိနေစဉ်က ထိုအရာအား စားခဲ့ဖူးသည်ကို အမှတ်ရလေ၏။ ဆူပွက်နေသောဆန်ပြုတ်ထဲသို့ ကြက်ဥခေါက်ထည့်ပြီး ဖြည်းဖြည်းချင်းမွှေပြီးနောက် အရသာရှိလှသောအမွှေးရနံ့ဖြင့် အဝါရောင်ကြက်ဥအနှစ်သည် ပေါ်လာလေသည်။

အရမ်းကြီးမအေးသွားစေရန် ဂရုစိုက်ဖို့လိုပြီး ထိုသို့မဟုတ်ပါက အရသာမှာ ညှီနိုင်သည်။

ထိုအရာကို သူတို့နောက်ဆုံးစားခဲ့ကြသည်မှာ အတော်လေးကြာနေပြီဖြစ်၏။

နောက်တစ်နေ့မနက်တွင် ထိုအရာကိုစားသုံးမည့်အစီအစဉ်နှင့်အတူ ရှန်းနဉ်လက်ထဲရှိဥမှာ ရုတ်တရက် တန်ဖိုးရှိလာပုံပေါ်သည်။

"ဒါကိုသိမ်းထားလိုက်မယ်"

သူမက ပြောရင်းအထဲသို့ ပြေးသွားလေ၏။

ရှန်းအန်းက သူမနောက်မှ ခုန်ပေါက်လိုက်သွားရင်း ဆီးသီးရိုင်းကိုင်းကို ရှန်းနဉ်၏လက်ဗလာထဲသို့ ထိုးပေးလိုက်လေသည်။

"နဉ်၊ ငါ ဘာရခဲ့တာလဲဆိုတာ ကြည့်ဦး"

သူတို့နောက်မှ စန်းလော့က ရှန်းန်၏အံ့ဩသွားသောအသံကို ကြားလိုက်ရလေသည်။

"ပျားလက်သည်း၊ ဒါကို ဘယ်ကတွေ့လာတာလဲ"

ရှန်းအန်းက ဆီးသီးရိုင်းကိုင်း ရှာတွေ့ခဲ့ပြီး ထို့နောက် ဆီးသီးရိုင်းအပင်မြင့်အား မည်သို့ရှာတွေ့ခဲ့ပုံကို စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောပြနေသည်။

"ခဏနေ မကြီးနဲ့အတူတူ ပြန်သွားဦးမယ်။ အဲ့မှာ အများကြီး ကျန်နေသေးတယ်။ ငါတို့တွေ အဲ့တာကို ငွေနဲ့လဲလို့ရတယ်လို့ မကြီးက ပြောတယ်"

ရှန်းနဉ်မှာစိတ်အားထက်သန်နေပုံပေါ်သည်။

သို့သော်ဤတစ်ကြိမ်တွင်တော့ ရှန်းအန်းသည် သူ့ညီမအား ပါဝင်ခွင့်မပြုတော့ပေ။

"အဲ့တာက နည်းနည်းဝေးတယ်။ ငါတို့တွေ တောင်ကုန်းတော်တော်များများကို ခြင်းတောင်းတွေနဲ့ တက်ဖို့လိုပြီး အဲ့တာတွေက လေးတယ်။ ညီမလေးက နေခဲ့ပြီး အိမ်ကို ကြည့်ထားလိုက်။ ဒီမှာရော့၊ ဒီကိုင်း‌လေးကို စားလိုက်"

"တစ်ကယ်ပဲ ဒါတွေကိုရောင်းပြီး ငွေရှာလို့ရတာလား"

"ဟုတ်တယ်၊ မကြီးက အဲ့လိုပြောတာ။ ဒါတွေက အရမ်းချိုတာပဲ၊ လူတွေက ဒါကို ဝယ်ချင်ကြလိမ့်မယ်လို့ထင်တယ်"

မောင်နှမနှစ်ယောက်က ဘေးချင်းယှဉ်စကားပြောရင်း မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။ ရှန်းနဉ်သည် ဥကို စားပွဲပေါ်တွင်တင်လိုက်ပြီး သူ့အစ်ကိုဘက်သို့လှည့်ကာ ခြင်းတောင်းကူချပေးလိုက်၏။

စန်းလော့ အထဲသို့ဝင်လာချိန်တွင် ရှန်းနဉ်စေတနာဖြင့်ငှဲ့ပေးထားသော ရေတစ်ပန်းကန်လုံးကို လက်ခံရရှိလေသည်။

တောင်းနှစ်တောင်း၏အမျိုးအစားများကို ခွဲစီပြီးသည့်နောက် စန်းလော့နှင့်ရှန်းအန်းတို့သည် ခေတ္တအနားယူလိုက်ပြီး သူတို့၏ဖိနပ်နှင့် ဘောင်းဘီအဖျားများကို မြွေကာကွယ်ဆေးကိုဖြူးလိုက်ကာ ခြင်းတောင်းများဖြင့် ထွက်ခွာလာကြ၏။

ရှန်းအန်းပြောခဲ့သလိုပင် ခရီးစဉ်မှာ ရှည်လျားပြီး ကြမ်းတမ်းလှသည်။ ရွာသားများကို ရှောင်ရှားရင်း တောင်များကို ဖြတ်၍ကွေ့ပတ်သွားရန် ရည်ရွယ်ထားသည်။ သူတို့သည် ဆုလာဒ်များစွာနှင့်အတူ ပုံမှန်နေ့လည်စာ စားချိန်ပြီးမှသာ လုံးဝပင်ပန်းနွမ်းနယ်စွာဖြင့် အိမ်ပြန်ရောက်လာကြသည်။

အထူးသဖြင့်စန်းလော့သည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသည်။ အရုဏ်မတက်မီ အခွန်ပေးဆောင်ရန် စီရင်စုသို့ဆယ်မိုင်ခရီးသွားခဲ့ရပြီး နေ့လည်တွင်ပြန်ရောက်လာကာ တောင်ပေါ်သို့နှစ်ကြိမ်မသွားခင်အထိ အနားယူခြင်းမရှိဟု ယူဆရ၏။ သူမက အလွန်မောပန်းနွမ်းနယ်နေပြီး တုံးလုံးလှဲခြင်းထက် မည်သည့်အရာကိုမျှ မလိုချင်တော့ပေ။

ကံကောင်းထောက်မစွာဖြင့် ရှန်းနဉ်သည် အမှန်တကယ် တွေးခေါ်တတ်သူဖြစ်သည်။ သူမက အဘွားချန်းဆီမှ ဟင်းရွက်များကို ရေလောင်းခြင်းကဲ့သို့ နေ့စဉ်အိမ်မှုကိစ္စများကိုသင်ယူခဲ့၏။ တစ်ခါတစ်ရံ သူမအား လက်ထက်သင်ပေးရန်ဆွဲခေါ်ပြီး ကြက်များနှင့်ဘဲများကို အထူးဂရုစိုက်လေသည်။ စန်းလော့နှင့်ရှန်းအန်းတို့ ထွက်သွားလျှင်လည်း ဤမိန်းကလေးသည် မီးဖိုကိုမှီရန် သစ်သားခုံတစ်လုံးပေါ်မှရပ်ကာ ထင်းမီးဖြင့်ချက်ပြုတ်ရင်း အိမ်မှုကိစ္စများကို စီမံနိုင်လေသည်။

အိပ်ယာထဲတွင်မလှဲခင် သူတို့၏လက်များကိုပင် မဆေးကြောနိုင်လောက်အောင် အရမ်းပင်ပန်းနေကြသော သူမ၏ယောင်းမနှင့်အစ်ကိုတို့ကိုမြင်တော့ ရှန်းနဉ်သည် ဟိုဆွဲ ဒီဆွဲဖြင့် ပြေးရင်းအလုပ်ရှုပ်နေလေသည်။

"အရင်စားပါဦး၊ စားပြီးမှအနားယူလို့ရတာပဲ"

စန်းလော့သည် ရှားရှားပါးပါး ပျင်းရိငြီးငွေ့သော အခိုက်အတန့်တွင် မွေ့လျော်နေပြီး ညည်းညူလိုက်၏။

"ခဏနေမှ ထလိုက်မယ်"

ရှန်းအန်းသည် သူ့ညီမ၏ဆွဲထူခြင်းကို ခံရခါနီးဖြစ်သော်လည်း သူ့မရီး မထသည်ကိုမြင်တော့ သူလဲ ပြန်လှဲချလိုက်လေသည်။

စိုးရိမ်နေသည့် ရှန်းနဉ်က မီးဖိုချောင်ထဲသို့ပြေးဝင်သွားပြီး အစားအစာများကို ပန်းကန်လုံးထဲသို့ခပ်ထည့်ကာ သူမလက်ဖဝါးတစ်ဖက်စီတွင် တူကိုဆုပ်ကိုင်လိုက်ပြီး ယူလာလိုက်၏။

"ထစားလိုက်ပါ၊ ဒီမှာ ကုတင်အစွန်းမှာပဲစား၊ အဲ့တာဆိုရင် အိပ်လို့ရပြီ"

စန်းလော့သည်သူမအား အမှန်ပင်ပွေ့ဖက်ချင်မိသည်။ ဤမိန်းကလေးမှာ အလွန်ညှာတာတတ်သူဖြစ်၏။

"ချည်သားအနွေးထည်လေး" ၏ သင်္ကေတသည် ရှန်းနဉ်ကဲ့သို့ မိန်းကလေးတစ်ဦးဖြစ်သည်။

နောက်ဆုံးတော့ ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် သူတို့၏ကုတင်အစွန်းတစ်ဖက်စီတွင် အသီးသီးထိုင်ရင်း ရှန်းနဉ်သယ်လာသော အစာကို စားကြလေသည်။ အိမ်တွင်ရှိသော ခုံများမှာ အစားအသောက်စင်များအဖြစ်အသုံးပြုရာတွင် ထောက်ပံ့ပေးခြင်းသည် သူတို့၏တစ်ခုထဲသော ရွေးချယ်မှုဖြစ်သည်။ တစ်ခုံထဲသာကျန်သောကြောင့် မည်သူထိုင်သင့်သနည်း။

ခြေထောက်များညောင်းညာနေသောကြောင့် သူတို့အားလုံးထိုင်ချင်ကြ၏။ ရွေးချယ်စရာမရှိသောကြောင့် အနည်းငယ်သက်တောင့်သက်သာရှိမှုကိုပင် ကျေးဇူးတင်လျက် ကုတင်စွန်းတွင်ထိုင်လိုက်ရသည်။

စန်းလော့က သူမ ဒီပုံစံအတိုင်းသာဆက်နေထိုင်သွားပါက သူမကိုယ်သူမ အပင်ပန်းမခံသ၍ ကျန်းမာရေးသည် ကိုယ်ကာယလှုပ်ရှားမှုအားလုံးမှ ကြံ့ခိုင်လာမည်ဟု တွေးလိုက်၏။

နေ့လည်စာစားပြီးနောက် သူတို့သည် ချက်ချင်းအနားမယူကြပေ။ သူတို့သည် ထမင်းစားပြီးချက်ခြင်း မည်သို့လဲလျောင်းနိုင်မည်နည်း။ သူတို့က တစ်နာရီ၏လေးပုံတစ်ပုံခန့် ထိုင်ပြီးနောက် မတ်တပ်ရပ်လိုက်ကြပြီး နောက်ဆုံး၌ ရှန်းနဉ်တံခါးကို သော့ခတ်သွားခိုင်းလိုက်ပြီး အားလုံးက တစ်ရေးအိပ်ရန်အိပ်ယာထဲသို့ လှဲလိုက်ကြလေသည်။

လုံးဝလန်းဆန်းစွာဖြင့်နိုးထလာသော စန်းလော့က နတ်သမီးတို့ဟူးပြုလုပ်ခြင်းနှင့် စွံပလွန်ကိတ်မုန့်များကို တတ်နိုင်သမျှအခြောက်ခံရန် နေရောင်ခြည်ရသည်ကို အခွင့်ကောင်းယူကာ လုပ်ဆောင်နေခြင်းဖြင့် အလုပ်များနေ၏။

အဆုံးသတ်တွင်တော့ စွံပလွန်ကိတ်မုန့်များမှာ အပြီးသတ်သွားပြီး ပုံစံခွက်များဖြင့် ပုံသွင်းပြီးနောက် အိမ်နောက်ဖေးရှိ အခြောက်လှမ်းသည့်စင်ပေါ်တွင် တင်လိုက်ပြီးနောက် နတ်သမီးတို့ဟူးကိုလည်း သပ်သပ်ရပ်ရပ် ပြင်ဆင်ထားလိုက်၏။

ပမာဏမှာ မကြီးမားသော်လည်း ဖြတ်တောက်ပြီးနောက်တွင် ရှစ်တုံးထွက်ရှိလာ‌လေသည်။ စန်းလော့က မြေပန်းကန်လုံးထဲတွင် ထိုအရာများကို ထုပ်ပိုးလိုက်ပြီး ရှန်းနဉ်ကို သူမနှင့်အတူခေါ်ပြီး ချန်း၊ ရှီနှင့် လုမိသားစုများနှင့် ကျိုးရွာသူကြီးအိမ်သို့သွားရာလမ်းတွင် အဘွားချန်းဆီမှ ကတ်ကြေးကိုငှားယူကာ ဝေပေးလိုက်၏။

ချန်း၊ ရှီနှင့် လုမိသားစုများသည် မကြာခဏ လာရောက်လည်ပတ်သူများ ဖြစ်သောကြောင့် စန်းလော့အတွက်တော့ သူတို့၏ ရံဖန်ရံခါ အစားအစာတစ်ချို့နှင့် ဟင်းရွက်လက်ဆောင်များဖြင့်တုံ့ပြန်ခြင်းမှာ အထူးအဆန်း မဟုတ်တော့ပေ။

သို့သော် ဤအရာကို ကျိုးရွာသူကြီးအိမ်သို့ ပို့ပေးလိုက်ခြင်းက သူ့ဇနီးအား သတိလက်လွတ်ဖြစ်သွားပြီး နောက်မှသာ သူမက အလွန်ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်၏။ ထို့နောက်သူမက အထဲသို့ဝင်သွားပြီး ဆီစိမ်းက္ကူဖြင့်ထုတ်ပိုးထားသော အထုတ်အသေးလေးတစ်ခုဖြင့် ပြန်ရောက်လာပြီး ရှန်းနဉ်ထံသို့ လှမ်းပေးလိုက်၏။

"စီရင်စုဈေးကနေ ပဲစိမ်းကိတ် နည်းနည်းဝယ်လာတယ်။ ရော့... သမီးရဲ့အစ်ကိုရယ်၊ မကြီးရယ်နဲ့ သမီးတို့ စမ်းစားကြည့်ဖို့ ယူလိုက်ပါ"

ရှန်းနဉ်က ဤမုန့်သည် စီရင်စုမှ စားကောင်းသောက်ဖွယ်တစ်ခု ဖြစ်သည်ကိုကြားတော့ လက်ခံရန် တုံ့ဆိုင်းနေပြီး ကျိုးရွာသူကြီးမိန်းမက အခိုင်အမာ‌ တောင်းဆိုနေသောကြောင့် သူ့ယောင်းမကြီးအား မကြာခဏ စိုက်‌ကြည့်နေလေသည်။

စန်းလော့ ကျိုးရွာသူကြီးမိန်းမအားပြုံးရင်း ပြောလိုက်၏။

"အဒေါ်က အရမ်းကြင်နာတတ်တာပဲ"

ရှန်းနဉ်ထံသို့ ထပ်တလဲလဲပေးကမ်းနေသော သူမ၏လက်ဆောင်ကို မြင်တော့ စန်းလော့က ရှန်းနဉ်ကို ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သတိဖြင့်လက်ခံပြီး ကျေးဇူးတင်စကားပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ်၊ အဒေါ်ကျိုး"

ရှန်းနဉ်၏ချိုမြိန်သောအသံကြောင့် နှစ်သက်နေသော ကျိုးရွာသူကြီးမိန်းမက သူမ၏အဝတ်အစားအသစ်ကိုတွေ့တော့ စန်းလော့အား စိတ်ရင်းအမှန်ဖြင့် ချီးကျူးလိုက်၏။

"နင်က တစ်ကယ်ပဲ ရှန်းအန်းနဲ့ရှန်းနဉ်တို့ကို ကောင်းကောင်း ပြုစု‌ပျိုးထောင်ပေးခဲ့တာပဲ"

အစထဲက သူတို့၏ဆိုးရွားလှသောအခြေအနေများမှ ယခုအခြေအနေထိ ရောက်လာသည်မှာ သူမယောက်ျား မှန်၏။ အမျိုးသမီးစန်းသည် အမှန်ပင် စွမ်းဆောင်နိုင်လေသည်။

အရေးအကြီးဆုံးမှာ သူမတွင် ကြင်နာတတ်သော နှလုံးသားတစ်စုံရှိခြင်းပင်။

စန်းလော့သည် လုပ်ထုံးလုပ်နည်းအရသာ ရှန်းလီနှင့်လက်ထပ်ခဲ့သော်လည်း လက်တွေ့တွင် သူနှင့်တစ်ခါမျှပင်မဆုံဖူးပေ။ သူမက သမားရိုးကျ မင်္ဂလာဆောင်တစ်ခုပင်မရှိဘဲ ရှန်းမိသားစုထဲသို့ ရောက်လာပြီး မမျှော်လင့်ဘဲ ရှန်းအန်းနှင့်ရှန်းနဉ်တို့၏ ယောင်းမဖြစ်လာကာ သူတို့အား မောင်နှမအရင်းအချာကဲ့သို့ ဂရုစိုက်ရလေသည်။

ဤအတွေးဖြင့် ကျိုးရွာသူကြီးဇနီး၏မျက်လုံးများမှာ တဖျပ်ဖျပ်လှုပ်နေ၏။

သူမ၏သားတော်တော်များများမှာ လက်ထပ်ပြီးကြသော်လည်း တတိယတစ်ယောက်မှာ လူပျိုဖြစ်နေသေးသည်။

သို့သော် ရှန်းနဉ်ကို သူမ ကြည့်လိုက်သောအခါ အလိုအလျောက် ဖြစ်ပေါ်လာသောအကြံကို ချက်ခြင်းထုတ်ပစ်လိုက်၏။

စန်းလော့နှင့်ပတ်သက်သည့် ဤထိုအတွေးများကြောင့် ကျိုးရွာသူကြီးဇနီး၏မျက်လုံးများသည် ပိုလို့ပင်နှစ်သက်လာလေသည်။ ဇွဲလုံ့လရှိမှု၊ စွမ်းဆောင်နိုင်မှု၊ တည်ငြိမ်မှု၊ ကြင်နာတတ်မှု၊နှင့် ပေါင်းသင်းဆက်ဆံတတ်မှု ကဏ္ဍတိုင်းတွင် တစ်ကယ်ကို လေးစားစရာပင်။

သူမကိုယ်သူမ မထိန်းသိမ်းနိုင်တော့ဘဲ ညနေပိုင်းတွင် ထိုအတွေးများကို သူမခင်ပွန်းနှင့် သိုသိုသိပ်သိပ် မျှဝေလိုက်လေသည်။

ထိုအရာကို ချင့်ချိန်ရင်း ထိုက်တန်ခြင်းမရှိသောအကြံကို သိလေ၏။

သို့သော် မကြာမီမှာပင် ခေါင်းယမ်းကာ သတိပေးလိုက်လေသည်။

"ဒါကို ဘယ်တော့မှပြောဖို့ စိတ်မကူးနဲ့။ သူက ကလေးနှစ်ယောက်ဖြစ်တဲ့ ရှန်းအန်းနဲ့ရှန်းနဉ်တို့ကို စောင့်ရှောက်နေရတာ။ ဒီလိုအရာမျိုးကို ငါတို့က ဘယ်လိုအကြံပေးကြမလဲ။ ဒါ့အပြင် စန်းလော့ကလဲ စိတ်တောင်ဝင်စားမှာ မဟုတ်ဘူး။ အဲ့လိုပြောတာက အနာဂတ်မှာ အပြန်အလှန် ဆက်ဆံရေးကို အဆင်မပြေဖြစ်စေလိမ့်မယ်"

ဝမ်းနည်းစွာဖြင့် ကျိုးရွာကြီး၏မိန်းမက လက်ခံသဘောတူလိုက်လေသည်။

"ကျွန်မသိပါတယ်။ ဒါက အတွေးတစ်ခုပါပဲ။ သူက နှစ်လိုဖွယ်ကောင်းတဲ့ မိန်းမငယ်လေးပါ။ ဘယ်သူမဆို အားကျနိုင်တာပဲ"

ကံကောင်းထောက်မစွာဖြင့် သူမအတွက်တော့ ကျိုးရွာသူကြီးသည် သဘောပေါက်လွယ်၏။ သူသာ ပံ့ပိုးပေးပါက သူမ၏စိတ်အားထက်သန်မှုကို ထိန်းချုပ်ရန် ရုန်းကန်ရပေမည်။

……

ချွေးမဖြစ်လာမည့် အနီးစပ်ဆုံးကိစ္စကို သတိမထားမိဘဲ စန်းလော့သည် ပျော်ရွှင်စွာဖြင့် မသိနားမလည်ဘဲနေရစ်လေ၏။

သူမ သိသွားလျှင်ပင် လုံးဝယုတ္တိမရှိသည်ကို တွေ့ရှိပေလိမ့်မည်။

သူမ၏ယခင်ဘဝတွင် ရှင်သန်မှုလိုအပ်ချက်များနှင့် ကျန်းမာရေးပြဿနာများကြောင့် သူမသည် အသက် ၂၈အထိ တစ်ယောက်ထဲ နေထိုင်ခဲ့ရသည်။ ဤတစ်ကြိမ်တွင်တော့ အိမ်ထောင်ရေးအယူအဆသည် သူမစိတ်နှင့် ဝေးသွား၏။

သူမ ဤလောကသို့ မုဆိုးမတစ်ဦးအဖြစ် ရောက်ရှိလာချိန်တွင် ချက်ခြင်းအသိမှတ်ပြုခံရသောကြောင့် အလွန်သင့်တော်ပြီး အံ့ဩစရာကောင်းလောက်အောင်ပင် အခက်အခဲမရှိဘဲ လိုက်လျောညီထွေရှိသည်ကို အမှန်တကယ် တွေ့ရှိရလေသည်။

ရှန်းအန်းနှင့် ရှန်းနဉ်တို့ကဲ့သို့ အလွန်ချစ်စရာကောင်းသော ကလေးနှစ်ယောက်အစား အရွယ်ရောက်ပြီးသူနှင့်သာ အတူနေထိုင်နေရပါက သူမ၏ပထမဆုံးအသိစိတ်မှာ အေးအေးသက်သာနေရန်မဟုတ်ဘဲ ထွက်ပြေးရန်သာရှိတော့သည်။

လုသလန်၏ဘယ်ဆီဘယ်ဝယ်ကို သတိမထားမိသောစန်းလော့က နတ်သမီးတို့ဟူးကို ဆက်မလုပ်တော့မည့်အကြောင်းအား အိမ်ထောင်စုသုံးစုလုံးကို အသိပေးခဲ့ပြီးဖြစ်သည်။ သူမသည် ချင်ဖန်းညန်ဆီမှ နတ်သမီးတို့ဟူးနှင့် သတ်သတ်လွတ်အူကြမ်း အမှာစာများနှင့် တုန်းဖူစားသောက်ဆိုင်ကို ရောင်းချသော သတ်သတ်လွတ်အူကြမ်း၏ငွေပေးချေမှုပြေစာကိုလည်း ယူလိုက်၏။ အိမ်ပြန်ရောက်ပြီး ပစ္စည်းအားလုံးကို ချပြီးနောက် ရှန်းနဉ်ပြင်ဆင်ပေးထားသည့် ပဲစိမ်းကိတ်တစ်တုံးကို မြည်းကြည့်လိုက်ပြီး သူမတာဝန်များဖြင့် အလုပ်ရှုပ်နေလေသည်။

အခြားအရာအားလုံးမှာ ပုံမှန်ဖြစ်သော်လည်း စန်းလော့က စားပွဲပေါ်တွင် တောဇီးရိုင်းသီးများကို စတင်ခွဲနေချိန်တွင် ရှန်းအန်းနှင့်ရှန်းနဉ်တို့မှာ စူးစမ်းနေကြသည်။

အစပိုင်းတွင် ပင်စည်များကို ပိုကောင်းစေရန်ခုတ်သည်ဟု သူတို့က တွေးလိုက်သော်လည်း ပင်စည်အားလုံးကို ခုတ်ထွင်ပြီးသည်နှင့် မောင်နှမနှစ်ယောက်သည် အစောပိုင်းက ဝယ်ခဲ့‌သောကျောက်ကြိတ်စက်ကို သယ်လာရန် သူတို့ကိုညွှန်ကြားရင်း ဆီးသီးရိုင်းများကိုဆေးနေသည့် သူတို့မရီးကို တွေ့ကြလေသည်။

ယခုတော့ သူတို့နေ့စဉ်ဆန်ကြိတ်ရန် ချန်းမိသားစုထံသို့ သွားစရာမလိုတော့ချိန်မှစ၍ ဤကြိတ်ခွဲစက်ကို မောင်နှမနှစ်ယောက်က မကြာခဏအသုံးပြုကြသည်။ ကျောက်ကြိတ်ခွဲစက်အသေးသည် လူသုံးယောက်ရှိသော အိမ်ထောင်စုအတွက်တော့ လုံလောက်ပါသည်။

တောဆီးသီးရိုင်းများစီမံရာတွင် အဘယ်ကြောင့် ကြိတ်ခွဲစက်လိုအပ်သည်နှင့်ပတ်သက်၍ ရှုပ်ထွေးနေသော်လည်း မောင်နှမနှစ်ယောက်သည် သူတို့မရီး၏လုပ်နိုင်စွမ်းကို အချိန်နှင့်အမျှ သိရှိလာကြလေ၏။ ကျောက်ကြိတ်ခွဲစက်ကို မေးသည်ဆိုထဲက အကြောင်းပြချက်တစ်ခု ရှိရမည်။

ကြိတ်ခွဲစက်ကိုယူလာသောအခါ စန်းလော့က ဆေးထားသောတောဆီးသီးရိုင်း လက်နှစ်ဆုပ်စာကိုဆုပ်ကိုင်ကာ စတင်ထောင်းလေသည်။

ထိုအချိန်တွင် ရှန်းအန်းက သဘောပေါက်သွား၏။ သူ့မရီးသည် တောအသီးအနှံများကို ရောင်းချရုံမျှမက အစားအစာပြုလုပ်ရန် တောဆီးသီးရိုင်းများကို အသုံးပြုခြင်းက သူ့မျက်လုံးများကို တောက်ပသွားစေလေသည်။

"မကြီး၊ ဒါတွေကို ကြိတ်ပြီး ဘာလုပ်မှာလဲ"

သူသည် အရမ်းသိချင်နေသည်။

စန်းလော့က ပြုံးလိုက်၏။

"အဲ့တာတွေနဲ့သကြားခဲလုပ်လို့ရတယ်။ တောဆီးသီးရိုင်းမုန့်က အရသာရှိတယ်။ ချိုရုံတင်မဟုတ်ဘဲ အနံ့ကပါ ‌မွှေးနေတာပဲ။ ဒါ့အပြင် အမှန်တော့ ဒီအသီးက ရိုးရာဆေးနည်းတစ်မျိုးဖြစ်ပြီး သာမန်အခေါ်က "ကျစ်ကျီ"လို့ခေါ်တယ်။ ယမကာချက်တာနဲ့ သကြားကျိုတာတို့လို စားသုံးရာမှာလဲ အကျိုးရှိတယ်။ အဲ့တာက အရသာချိုမြိန်ပြီး သဘာဝအတိုင်းဆိုရင် ဘယ်ဘက်မှမပါဘူး။ အပူကျစေတယ်။ အာရုံငါးပါးကိုလည်း အာဟာရဖြည့်ပေးတယ်။ အစာခြေတဲ့နေရာမှာလဲ ကူညီပေးတယ်။ သူ့အကျိုးကျေးဇူးတွေက ပျားရည်နဲ့ဆင်တူတယ်"

သူမက ပြန်စဉ်းစားရင်း ဖြည်းဖြည်းချင်း ရှင်းပြလေသည်။

စန်းလော့သည် မှတ်မိနေပြီး တစ်ပြိုင်နက်ထဲစကားပြောနေသောကြောင့် သူမ၏ရှင်းပြချက်မှာ နှေးသွား၏။ ရှန်းအန်းနှင့်ရှန်းနဉ်တို့မှာ မမှိတ်မသုန်နားထောင်နေကြပြီး "ချိုမြိန်တဲ့အရသာ၊ သဘာဝအတိုင်းဆိုရင် ဘယ်ဘက်မှမပါ" သည့် စကားလုံးများကို သိပ်နားမလည်သော်လည်း ပျားရည်နှင့်ယှဉ်နိုင်သည်ကိုတော့ နားလည်ကြလေသည်။

ပျားရည်သည် အဖိုးတန်ပြီး စျေးကြီးသည့်ပစ္စည်းဖြစ်ပြီး သကြားညိုထက် စျေးပိုကြီးသည်။

"ဒါက ပျားရည်လိုပဲလား"

ရှန်းနဉ်သည် စပြီးသွားရည်ယိုလာ၏။

စန်းလော့က ကလေးမကို ကြည့်လိုက်ပြီး ပြုံးလိုက်၏။

"ဟုတ်တယ်။ ဒီဟာမှာ ပျားရည်မပါပေမယ့် ထူးခြားတဲ့အနံ့ရှိတယ်။ မနက်ဖြန်ကျရင် ဒီသကြားကို စီရင်စုမှာရောင်းပြီးတော့ ပြန်သယ်လာဖို့ အိုးသေးတစ်လုံး ဝယ်လိုက်မယ်။ အိုးတစ်လုံးကိုတော့ အစ်မတို့စားဖို့ သိမ်းထားလိုက်ကြမယ်လေ။ အဲ့ဒါကို တိုက်ရိုက်စားလို့လဲရတယ်။ ဒါမှမဟုတ် ရေထဲထည့်ဖျော်ပြီး သောက်လို့ရတယ်။ သကြားခပ်ဖို့ သုံးတဲ့ဇွန်းက ခြောက်နေသရွေ့ အဲ့တာက လပေါင်းများစွာအထားခံတယ်"

အိုးတစ်လုံးအား သူတို့ကိုယ်တိုင်စားရန်ထားမည်ဟုကြားတော့ ရှန်းအန်းနှင့်ရှန်းနဉ်တို့၏ ပထမတုံ့ပြန်မှုမှာ "အဲ့တာက ဈေးကြီးလား"

စန်းလော့က ခဏလောက်တွေးတောနေ၏။

"ဒါကို ‌ပျားရည်ဈေးနှုန်းနဲ့အတူတူပဲ ရောင်းမလို့စီစဉ်ထားတယ်"

တောဆီးသီးရိုင်းအပင်များ များများစားစားမရှိဘဲ ဝေးလံလွန်းလှသည်။ သူမရှာဖွေရဲသောဒေသအတွင်း၌သာ ဤတစ်ပင်ကို ရှာတွေ့ခဲ့၏။ ရှားပါးပြီး တောထဲအထိနက်ရှိုင်းစွာ မစွန့်စားနိုင်သောကြောင့် ထိုအရာကို စျေးပိုပေးရသည်။

ထိုကာလက သကြားသည် ဇိမ်ခံပစ္စည်းတစ်ခုဖြစ်သည်။

ပြည်သူများသည် အများအားဖြင့် သကြားညိုနှင့်ပျားရည်ကိုသာ စားသုံးကြသောကြောင့် စန်းလော့တွင် တောဆီးသီးရိုင်းမုန့်ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချရန် ရည်ရွယ်ချက်မရှိပေ။

ပျားရည်ဈေးနှုန်းဖြင့် ရောင်းသင့်သည်ကိုကြားတော့ မောင်နှမနှစ်ယောက်သည် ချက်ခြင်းပင် ခေါင်းခါလိုက်ကြ၏။

"ဒါဆို ဒါကို အိမ်မှာ မထားကြရအောင်။ သမီးတို့ သကြားစားဖို့ မလိုတော့ဘူး"

စန်းလော့က ပြုံးလိုက်၏။

"အစ်မ စားပါ့မယ်"

သူမတွေးလိုက်သည်မှာ သူမလုပ်အား၏ အသီးအပွင့်ကို ကိုယ်တိုင်ခံစားခွင့်မပြုပါက ကြိုးစားအားထုတ်မှုအားလုံး၏ အဓိပ္ပာယ်မှာ အဘယ်နည်း။

စန်းလော့က တာရှည်ခံသောစားစရာအဖြစ် တောဆီးသီးရိုင်းမုန့်သာမက သရေစာအဖြစ်စွံပလွန်ကိတ် အိုးသေးတစ်လုံးကိုပါ အိမ်အတွက် သိမ်းဆည်းထားရန် စီစဉ်ထားလေသည်။

"စားလိုက်ပါ့မယ်" ဟူသော စန်းလော့၏ရယ်ရယ်မောမော တုံ့ပြန်မှုကိုကြားတော့ မောင်နှမနှစ်ယောက်သည် ချက်ခြင်း တိတ်ဆိတ်သွားပြီး သူတို့၏မျက်လုံးများမှာလဲ ပြုံးလာကြလေသည်။

မောင်နှမနှစ်ယောက်က သူတို့ဘာသာသူတို့ စဉ်းစားလိုက်ကြ၏။ မကြီးက အရမ်းသဘောကောင်းတယ်။ သူက ငါတို့ကို တကယ် ဂရုစိုက်တာပဲ။

...

အပိုင်း (၇၈)

တောဇီးသီးသကြား ပြုလုပ်သည်က မခက်ခဲချေ။ လုပ်ရသည့်အဆင့်ဆင့်တွင် အကိုင်းကိုဖယ်ရှားခြင်း၊ ရေဆေးခြင်း၊ ကြိတ်ခြင်း၊ ရေထည့်ခြင်း၊ ဖျော်ရည်ကိုညှစ်ထုတ်ခြင်းနှင့် ကျိုချက်ခြင်းတို့ ဖြစ်လေသည်။ လိုအပ်သည့် ပစ္စည်းကိရိယာမှာ ကျောက်ဆုံတစ်ခု၊ ရေစစ်အဝတ်စတစ်ခု၊ အိုးတစ်လုံး၊ ရေနွေးကိုပူအောင်တည်မည့် အိုးတစ်လုံးနှင့် အနှစ်အရည်ကိုသိုလှောင်ပြီး အခြောက်ခံမည့် အိုးတစ်လုံးသာ လိုအပ်လေသည်။

စိန်ခေါ်မှုက သူတို့ စုဆောင်းထားသည့် ပမာဏအပေါ် မူတည်သည်။ စုစုပေါင်း ခြင်းသုံးခု အပြည့်နီးပါးရှိသည်။ အကိုင်းများကို ဖယ်ရှားလိုက်ပြီးနောက်တွင် ခြင်းတစ်လုံးနီးပါး အပြည့်ရပြီး လုပ်ရသည့် အဆင့်တစ်ခုစီတိုင်းက အချိန်ပေးရလေသည်။ အကိုင်းဖယ်ရှားခြင်းနှင့် ကြိတ်ခြေခြင်းတို့နှင့်ပင် အချိန်အများကြီးကုန်လေသည်။

သကြားကို ကျိုရာတွင်တော့ ကျွမ်းကျင်မှုအများအပြား မလိုအပ်ပေ။ အဓိကအချက်မှာ အပူချိန်ကိုထိန်းညှိပြီး မကြာခဏဆိုသလို မွှေပေးရခြင်းဖြစ်သည်။ အထူးသဖြင့် ပြီးခါးနီးအချိန်တွင် ဖြစ်သည်။

ရှန်းနဥ်က လုပ်ငန်းစဥ်ကို တစ်ခါလောက် ကြည့်ရှုပြီးသည့်နောက်တွင် နောက်တစ်ကြိမ် ဒီအလုပ်များကိုလုပ်လျှင် သူမက ကိုင်တွယ်နိုင်လိမ့်မည်ဟု ခံစားမိလေသည်။

မောင်နှမနှစ်ယောက်က အစပိုင်းတွင် စိမ်းဝါရောင်ဖျော်ရည်လေးက တဖြည်းဖြည်း ကျိုချက်ပြီးသည့်အချိန်တွင် အနီရောင်ပြောင်းသွားသည်ကို ကြည့်ရင်း ပျော်ရွှင်နေကြလေသည်။ နောက်ဆုံးတော့ စွဲမက်ဖွယ်ကောင်းသည့် အညိုရင့်ရောင် ဖျော်ရည်အဆီ ရလာတော့သည်။ ကြည့်ရသည်မှာ မျက်လှည့်ဆန်လုနီးပါးပင်။

အိုးထဲသို့ ဖြည့်ရမည့်အချိန်သို့ ရောက်လာသည်တွင် သူတို့သည် စိတ်လှုပ်ရှားနေကြလေသည်။ သူတို့က အခြောက်ခံထားသည့်အိုးကို အတူတူသယ်လာကြပြီး စန်းလော့က အိုးထဲမှ သကာရည်အဆီများကို ခရားအိုးထဲသို့ ဇွန်းဖြင့် ခပ်ထည့်နေသည်ကို ကြည့်နေရင်း ချိုမြသည့်ရနံ့က သူတို့ကို သရေများကျလာစေတော့သည်။

ခရားအိုးက ပြည့်လုနီးနီး အချိန်ရောက်လာသည်တွင် အိုး၏နံရံများကိုလဲ ပြောင်စင်နေအောင် ခြစ်ထားကာ ခရားအိုးထဲတွင် ပြီးပြည့်စုံနေအောင် ဖြည့်ထားလိုက်တော့သည်။

ဇီးသီးသကြား အပြည့်ထည့်ထားသည့် ခရားအိုးကိုကြည့်ရင်း မောင်နှမနှစ်ယောက်၏ အမူအယာက လုံးဝ ညှို့ယူခြင်းခံထားသည့်နှယ်။ သူတို့သည် ပျားရည်အိုးလေးတစ်ခုလို ထိုခရားအိုးကို အရသာခံပြီး ပွေ့ဖက်ထားချင်စိတ်များ ဖြစ်နေတော့သည်။

သူတို့၏ အမူအယာများကို သဘောကျသွားပြီး စန်းလော့က သူတို့နှစ်ယောက်ကို ညွှန်ကြားလိုက်လေသည်။

"ပန်းကန်တစ်လုံးနဲ့ တူနှစ်စုံသွားယူလာခဲ့"

သူတို့၏ မျက်လုံးများသည် ရုတ်ခြည်းဆိုသလို လင်းလက်သွားတော့သည်။ မီးဖိုဘေးနားက အိုးလေးကို မေ့ထားလိုက်ပြီး သူတို့က ပန်းကန်တစ်လုံးနှင့် တူသုံးစုံကို မြန်မြန်သွားယူလိုက်ကြပြီး ပန်းကန်လုံးကို စန်လော့ဆီသို့ စိတ်လှုပ်ရှားကာဖြင့် လှမ်းပေးလိုက်သည်။

စန်းလော့က သစ်သားဇွန်းလေးနှင့် အိုးအောက်ခြေကို သေချာကုန်စင်အောင် ကုတ်ခြစ်လိုက်သည်။ လေးငါးခါလောက် ခြစ်လိုက်ပြီးနောက်တွင် သူမက ဇွန်းကိုမလိုက်ကာ အညိုရင့်ရောင်သန်းနေသည့် သကာရည်က ဇွန်းတစ်ဝက်အပြည့် ပေါ်လာသည်။

ကလေးနှစ်ယောက်က ခြေဖျားထောက်ထားပြီး သူတို့၏ လည်ပင်းများကို ဆွဲဆန့်ထားကာ သူတို့၏ မျက်လုံးများကလဲ တလက်လက် တောက်နေရင်းက ပန်းကန်လုံးထဲသို့ ဖြည်းဖြည်းချင်း လောင်းချနေသည်ကို ကြည့်လိုက်ပြီး ရှဥ့်ကလေးများလို စိတ်လှုပ်ရှားနေတော့သည်။ စန်းလော့က ဇွန်းကိုအပြည့်နီးပါး ဖြည့်လိုက်ပြီးနောက်တွင် အိုးကို နောက်တစ်ခေါက် ပြန်ပြီး ကုတ်ခြစ်လိုက်လေသည်။ ဒုတိယအကြိမ်ဇွန်းကတော့ သိပ်မများချေ။ သို့သော်လည်း ကလေးများကို ဝမ်းသာအောင်တော့ ပြုလုပ်ပေးနိုင်လေသည်။

"ရပြီ ဒါကို တူလေးနဲ့ရစ်ပြီးရင် စားလိုက်"

တူတစ်စုံကို စန်းလော့ဆီ ကမ်းပေးလိုက်သည်။

"မကြီး မကြီးလဲစား"

စန်းလော့က ရှက်မနေပဲ တူကို ဝမ်းသာအားရ လက်ခံလိုက်ပြီး တူများကို သကာရည်ထဲ နှစ်လိုက်ပြီးနောက်တွင် ရစ်ကာ ရစ်ကာ နောက်တစ်ချက် ထပ်ရစ်လိုက်လေသည်။ အခုချိန်တွင်တော့ သကာရည်က အေးလုနီးပါးဖြစ်နေကာ မခဲတခဲ အခြေအနေတွင် ရှိနေလေသည်။ အလွယ်တကူ ရစ်ပတ်လို့ ရနေ၏။ တစ်ခေါက်နှစ်ခေါက်လောက် ထပ်ပြီးရစ်လိုက်သည်တွင် သူမ၏ တူတွေက တုတ်ထိုးချိုချဥ်လေးလို ဖြစ်သွားတော့သည်။

ကလေးများက သူမ၏ဥပမာအတိုင်း အားတက်သရော လိုက်လုပ်လိုက်ကာ စိတ်လှုပ်ရှားကာဖြင့် ရစ်လိုက်လေသည်။ အငယ်နှစ်ယောက်နှင့် အကြီးတစ်ယောက် သုံးယောက်ပေါင်းကာ သူတို့၏ တူများကို အတူတူမလိုက်ပြီး နောက်ကိုမှီ၍ မုန့်ကို ဝမ်းသာအားရ စားသောက်လိုက်ကြသည်။

ချိုလိုက်တာ။ မွှေးနေတာပဲ။ ချောချောမွေ့မွေ့လေး။

ဒီတစ်လုတ်စာက သူတို့၏ ခက်ခက်ခဲခဲ ကြိုးစားထားသည့်အလုပ်အတွက် စိတ်ကျေနပ်ဖွယ် ဆုလာဒ်တစ်ခု အမှန်ပင်ဖြစ်လေသည်။

အမှန်တွင်တော့ သူတို့တွင် ပုံဖော်ပစ္စည်းနှင့် ဝါးဒုတ်ကလေး နည်းနည်းပါးပါးရှိလျှင် ဒီသကာရည်များကို တုတ်ထိုးချိုချဥ်လေးအဖြစ် ပုံသွင်းနိုင်ပေသည်။ ဒါကို ရောင်းလို့ပင် ရနိုင်ပေသည်။ သိုသော်ငြားလည်း ပိုပြီးအေးသည့် ရာသီဥတုတစ်ခုနှင့် လွယ်လွယ်ကူကူ ထုတ်ယူလို့ရသည့် ပျော့ပြောင်းသည့် ပုံစံခွက်လေးတစ်ခု လိုအပ်လေရာ စန်းလော့က ဒါအတွက် အလုပ်ရှုပ်ခံ မနေတော့ချေ။

ရှန်းအန်းနှင့်ရှန်းနဥ်တို့ကတော့ ပီတိဖြစ်နေကြပြီး သူတို့သည် ပျားရည်အိုးထဲ ကျသွားသည့်နှယ် လုံးဝကို ကျေနပ်နေကြတော့သည်။

"မကြီး ဒါက အရမ်းကို အရသာရှိတာပဲ"

"ဒါက ပျားရည်ထက်တောင် ပိုကောင်းသေးတယ်"

ရှန်းနဥ်သည် ဒီမုန့်လေးက သူတို့ငယ်ငယ်တုန်းက စားခဲ့ဖူးသည့် ပျားရည်ထက်ပင် သာလွန်သည်ဟု ခံစားမိလေသည်။ ထိုအရသာ၏ မှတ်ဉာဏ်ကရှိနေသေးသော်လဲ ဒီ ဇီးသီးအနှစ်ရည်က ပိုပြီးချိုမြကာ ပိုပြီး လန်းဆန်းစေသည်ဟု ခံစားမိသည်။

စန်းလော့က အပြုံးလေးဖြင့် မေးလိုက်၏။

"ငါတို့တွေ ငါတို့အတွက် နည်းနည်းလောက် သိမ်းထားကြမလား"

မောင်နှမနှစ်ယောက်က ရှက်ရှက်ဖြင့် ပြုံးလိုက်ပြီးနောက်တွင် အတူတူ ခေါင်းငြိမ့်ပြလေသည်။

ရှန်းအန်းက ကြေငြာလိုက်သည်။

"ကျွန်တော်က မကြီးနောက်နေ့တိုင်းလိုက်ပြီး တောဇီးသီးတွေကို ခူးပေးမယ်။ တောတောင်ထဲမှာ အများကြီး ရှိလောက်သေးတယ် ဟုတ်တယ်မလား။ ထပ်ပြီးတော့ သွားရှာကြမယ်"

စန်းလော့က ခေါင်းခါပြလေသည်။

"ငါတို့တွေက အဲဟာတွေကို လမ်းကြုံမှပဲခူးကြမယ်။ ဒါပေမဲ့ တောအနက်ထဲသွားပြီးတော့ တမင်မခူးဘူး၊ ဒါက တောလဲနက်သလို အန္တရာယ်လဲများတယ်။ တောရိုင်းကောင်တွေနဲ့ တွေ့နိုင်ချေရှိတယ်။ ငါတို့က ဒါကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး"

ရှန်းအန်းက သူ့ဟာသူ ပြန်စဥ်းစားလိုက်လေသည်။ သူ့အစ်ကိုကြီးသာ ရှိလျှင်တော့ ဒါက အကြောင်းအရာတစ်ခု ဖြစ်သွားမှာ။ သူ့အစ်ကိုနဲ့သာ့ရှန်းတို့က တောထဲအနက်ထဲထိဝင်ဖို့ သတ္တိရှိကြတယ်လေ။

သို့သော်ငြားလည်း သူက ထိုအတွေးကို မြန်မြန်ဆန်ဆန်ပင် ပယ်ဖျက်လိုက်လေသည်။ နောက်ပိုင်းတွင် ရွာထဲရှိ အခွန်ကောက်ထားသည့်ကိစ္စကြောင့် သူ့အစ်ကိုထွက်သွားသည့် တစ်နှစ်ထဲတွင်ပင် ပြန်လာကြသူများ မရှိကြပေ။ မိသားစုများစွာက ကြိမ်ဆဲကြပြီး ရှန်းအန်းက တချို့သော မပြေလည်သည့် အကြောင်းအရာကိုလဲ ကြားခဲ့လေသည်။

သူက ထိုအတွေးများကို မသိမ်းဆည်းထားရဲချေ။ သူတို့အကြောင်းကို မတွေးခြင်းကပင် မျှော်လင့်ချက်ကိုထိန်းသိမ့်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်လေသည်။

ထို့ကြောင့် သူ၏အမကြီးက တောအနက်ထဲသို့မသွားပါဟု ပြောလာသည့်အချိန်တွင် သူက လိမ်လိမ်မာမာဖြင့် လက်ခံလိုက်တော့သည်။

တစ်ယောက်ချင်းစီက တူတစ်ချောင်းစီဖြင့် သကြားများကို စားကြည့်ပြီးနောက်တွင် ရှန်းနဥ်က အိုးထဲတွင် ကျန်နေသည့် သကာရည်များကို ပန်းကန်တစ်ချပ်ဖြင့် ဖုံးထားလိုက်ပြီး နောက်ပိုင်းအတွက် သရေစာတစ်ခုအဖြစ် ချန်ထားလိုက်လေသည်။ သူမကလည်း အကြံပြုလိုက်သေးသည်။

"မနက်ဖြန်မနက်ကျရင် သမီးတို့ရဲ့ ကြက်ဥဆန်ပြုတ်ထဲကို သကြားနည်းနည်းလေး ထည့်လို့ရမလား၊ ကြက်ဥဆန်ပြုတ်အချိုကို တစ်ခါမှ မစားဘူးသေးဘူး"

ထိုအကြောင်းကို စဥ်းစားလိုက်ရုံဖြင့် ဒါက သေချာပေါက် အရသာရှိမည်ဟု သူမသည် သိထားနှင့်လေသည်။

အိုးထဲတွင် သကာရည် အကြွင်းအကျန်တစ်ချို့က ရှိနေသေးပြီး ခြစ်ထုတ်ဖို့ရန် မလွယ်တော့ချေ။ အိုးက အေးသွားပြီးသည့်နောက်တွင် ရှန်းနဥ်က ရေနည်းနည်းလောက် ထပ်ထည့်လိုက်ပြီး အိုးကို ထပ်တည်ထားလိုက်ကာ သစ်သားဇွန်းလေးကိုသုံးပြီး သကာရည်များကျန်နေသည့် အိုးနံရံကို မကြာခဏ ခြစ်ချလိုက်လေသည်။ သူမက ဟင်းရည်ပန်းကန်လုံးတစ်ခုထဲတွင် သေသေချာချာ သိမ်းထားလိုက်သည်။ သကြားရည် တော်တော်များများကို ပြုလုပ်နိုင်ခဲ့သည်။

နောက်ပိုင်း ရက်အနည်းငယ်အတွင်းတွင် သူတို့သည် သကာရည်များကို တိုက်ရိုက်သောက်နိုင်ပြီး သူမက သကာရည်များကိုရှောင်ယာတို့ လာကစားလျှင် သူမနှင့် ဝေမျှပြီးသောက်မည်ဟု စဥ်းစားထားလိုက်သည်။

အိုးထဲက တောဇီးသီးအနှစ်ရည်များကို လုံးဝအေးခဲသွားအောင် ထားလိုက်ပြီးလျှင် စန်းလော့က နောက်ဆုံးတော့ အိုးကို အဖုံးဖြင့် ပိတ်ထားလိုက်သည်။

နှစ်ရက်ဆက်တိုက် စန်းလောနှင့်ရှန်းအန်းတို့က တောထဲကိုဝင်ကာ စွန်ပလွန်သီးနှင့်ဝဥများကို တူးလိုက်လေသည်။ သူတို့က တောဇီးသီးပင်များရှိရာဘက်သို့လဲ နေ့စဥ် သွားလိုက်ကြသေးသည်။

သူတို့သည် ပထမဦးဆုံးနေ့ကလောက် အများအပြား မရနိုင်ခဲ့ကြသော်လဲ တောဇီးသီး သစ်ပင်ဘေးက ဝါးပင်အမြင့်တွင် အပေါ်ပိုင်းက သစ်ကိုင်းများဖြင့် တွယ်ငြိနေကာ ဝါးပင်ကို လှုပ်ယမ်းလိုက်ပြီး တောဇီးသီး အမှည့်များကို ခါချနိုင်ခဲ့လေသည်။

နှစ်ရက်လောက် ဆက်တိုက်သွားခဲ့ပြီးသည့်နောက်တွင် သူတို့သည် တောဇီးသီးသကာရည်ကို အိုးတစ်ဝက်လောက် ထပ်လုပ်နိုင်ခဲ့သည်။ အခြောက်ခံထားသည့် စွန်ပလွန်သီးမုန့် အခု၂၀၀ကျော်လာသည်တွင် စန်းလော့က ချင်ဖန်းညန် နှင့်တစ်ခြားသူများနှင့်အတူ နောက်တစ်နေ့တွင် စီရင်စုသို့ သွားမည်ဟု ဆုံးဖြတ်လိုက်လေသည်။

ညနေခင်းတွင် သူမက အိပ်ယာအောက်က ပဲ့နေသည့်အိုးဟောင်းလေးကို ဆွဲထုတ်လာခဲ့သည်။ အခုတော့ တချိန်က အပြည့်ရှိနေသည့် အိုးလေးက ဗလာအတိ ဖြစ်နေသယောင်။

ကျန်သည့်ပိုက်ဆံလေးက အကြွေးတစ်သုတ် ပြန်ဆပ်ပြီးနောက် ဝါဂွမ်းဝယ်ပြီးနောက်တွင် ကျန်နေသည့် ဝမ်၇၀သာဖြစ်တော့သည်။

စန်းလော့က အကြွေးစာရွက်အားလုံးကို ထုတ်လိုက်ပြီး ရှန်းအန်းကို သဲဗန်းတစ်ခု ယူလာခိုင်းလိုက်ကာ ဒုတ်လေးတစ်ချောင်းနှင့် သဲပေါ်တွင် စပြီးတွက်ချက်တော့သည်။

ဟုတ်ပါသည်။ သူမသည် အင်္ဂလိပ်အက္ခရာနံပါတ်ကို အသုံးမပြုနိုင်ပေ။ သူမက ချန်မင်းဆက်ခေတ်က မှတ်ဉာဏ်ထဲတွင်ရှိနေသည့် စာလုံးများကို အားကိုးရလေသည်။ ထိုအရာက ချရေးဖိုရန် အဆင်မပြေလှသော်လည်း တစ်ခြားနည်းလမ်းက မရှိချေ။

ပြေစာစုစုပေါင်းကို တွက်ချက်ပြီးလိုက်နောက်တွင် ပထမပိုင်းအကြွေးဝမ်၂၅၀၀ထဲမှ သူမသည် လဝက်မပြည့်ခင်မှာပင် မှိုနှင့်သတ်သတ်လွတ်အူကြမ်း ရောင်းချခြင်းဖြင့် ဝမ်၆၃၅၅ ဝမ်ကို ပြန်ဆပ်ပြီးမှန်း သိလိုက်ရလေသည်။

"၈၅၄ဝမ် အကြွေးကျန်နေသေးတယ်"

စန်းလော့က စဥ်းစားလိုက်သည်။

မနက်ဖြန်မနက်ကျရင် တုန်းဖူစားသောက်ဆိုင်ကို သွားပို့ပေးမဲ့ သတ်သတ်လွတ်အူကြမ်း ၂၀ကျင်းကနေ၃၄၀ ဝမ်ရလာမယ်။ ဒါဆိုရင် ၅၀၅ဝမ်ကျန်မယ်။

စွန်ပလွန်မုန့် ၃၆၈ခုက ၃၆၈ဝမ်ရမယ်။

ဒါဆိုရင် ၁၃၇ဝမ်ပဲ ကျန်မယ်။

တောဇီးသီးသကာရည်အနှစ် တစ်အိုးခွဲကို စဥ်းစားလိုက်မိသည်တွင် စန်းလော့သည် နောက်တနေ့တွင် တုန်းဖူစားသောက်ဆိုင်က သူမ၏ အကြွေးကိုဆပ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိသွားတော့သည်။ သူမက စိတ်အေးသွားကာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး တုန်းဖူစားသောက်ဆိုင်၏ ပြေစာများကို သပ်သပ်ရပ်ရပ် ပြန်ထပ်ထားလိုက်ကာ ဝမ်၇၀နှင့်အတူ သူမ၏ ပိုက်ဆံအိတ်ထဲသို့ ထည့်ထားလိုက်သည်။

အိုးအလွတ်ကို အိပ်ယာအောက်သို့ ပြန်ထည့်ထားလိုက်ပြီးနောက်တွင် သူမက ပြောလိုက်လေသည်။ "ဘယ်သူ့ဆီမှာ ဆီချင်ခွက်တစ်ခုလောက် ရှိမလဲမသိဘူး တချက်လောက် သွားကြည့်လိုက်အုံးမယ် တစ်ခုလောက် ငှားဖို့လိုတယ်"

မနက်ဖြန် သကာရည်အနှစ်ကို ရောင်းချဖို့ရန်အတွက် သူမသည် မခဲတခဲ အခြေအနေ ဖြစ်နေသည့် သကာရည်အနှစ်များကို အလေးချိန်ဖြင့် ရောင်းချလို့ မဖြစ်နိုင်ပေ။သကာရည်များကို ထုထည်ဖြင့် တိုင်းတာရပေမည်။ အိမ်လုပ်သစ်သားဇွန်းကို အသုံးပြုခြင်းကလဲ အဆင်ပြေလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရှာလကာရည်၊ ဟင်းအနှစ်၊ အရက်များကိုရောင်းရာတွင် အသုံးပြုသည့် ထည့်နေကျ ထည့်စရာခွက်တစ်ခုကို သုံးသည်က ပိုကောင်းပေလိမ့်မည်။

သို့သော်ငြားလည်း ရှာလကာရည်လုပ်ခြင်းနှင့် အရက်ချက်ခြင်းတို့နှင့် မသက်ဆိုင်သည့် စိုက်ပျိုးရေး အိမ်ထောင်စုများအတွက် အိမ်တွင် ချင်ခွက်တစ်ခုရှိမည့်အရေးက တော်တော်လေးနည်းပါးလေသည်။ သူမသည် တစ်ခုလောက် ရှာမတွေ့ခဲ့လျှင် မနက်ဖြန်ကျလျှင်တော့ ဝါးနှင့်လုပ်သည့် အသုံးအဆောင်ဆိုင်တွင် ဆီချင်ခွက်တစ်ခုကို ဝယ်ရပေလိမ့်မည်။

ရွာတစ်ပတ် ပတ်လိုက်ပြီး ရှာမတွေ့လိုက်သည်တွင် အဘွားချန်းက သူမကို သတိပေးလိုက်၏။

"ကျိုးချွမ်ကျန့်တို့အိမ်ကို သွားမေးကြည့်ပါလား၊ နင်ရဲ့အဒေါ်ကျိုးက အရက်ချက်ဖို့အတွက် ဆေးပစ္စည်းတွေ ဝယ်တတ်တယ်၊ သူတို့မှာ တစ်ခုလောက်တော့ ရှိမှာပါ"

ကျိုးချွမ်ကျန့်တို့အိမ်တွင် ချင်ခွက်တစ်ခု ရှိလောက်သည်ဟု ကြားလိုက်သည်တွင် စန်းလော့က တွေဝေသွားလေသည်။

သူမက ပစ္စည်းတွေကို ပြုလုပ်ပြီး ရောင်းချနိုင်တာ ချန်းမိသားစုတို့ အကြားမှာတော့ ဒါက လျှိုဝှက်ချက် မဟုတ်ဘူးလေ။ သူတို့နဲ့ လုပ်ငန်း လက်တွဲလုပ်ထားတဲ့အတွက်ကြောင့် သူတို့တွေက အချင်းချင်းရဲ့ ကိုယ်ရေးကိုယ်တာကို လေးစားကြပြီး လိုအပ်ရင် သူမအတွက်တောင်မှ ကူညီပြီး ဖုံးကွယ်ပေးထားတတ်သေးတယ်။

ဒါကြောင့်လည်း ဒီမိသားစုသုံးခုမှ ငှားစရာ ဆီချင်ခွက်လေးများ ရှိမလားလို့ မေးရတာပေါ့။

ကျိုးချွမ်ကျန့်တို့ မိသားစုကျတော့ သူတို့တွေက သူမရဲ့ အခြေအနေကို အတိုင်းအတာတစ်ခုထိ သိထားတယ်ဆိုပေမဲ့လဲ သူတို့တွေကို အပြည့်အဝတော့ မယုံကြည်နိုင်ဘူးလေ။

သကြားက ဒီခေတ်မှာ ချမ်းသာတဲ့မိသားစုရဲ့ အသုံးအဆောင် တစ်ခုဖြစ်တယ်။ သကြားညိုက သာမန်ဖြစ်ပြီး ထူးခြားတဲ့ လက်ရာတစ်ခုလို့ မစဥ်းစားကြဘူး။ သကြားညိုလုပ်တဲ့ နည်းလမ်းကလဲ ကျယ်ကျယ်ပြန့်ပြန့် သိထားကြပြီး ရှေးခေတ်က စာပိုဒ်တွေနဲ့ ကဗျာထဲမှာတောင် ထည့်ပြီးရေးကြတယ်။ မကြာခဏဆိုသလို ကျေးလက်ကအမျိုးသမီးတွေကလဲ လုပ်ကြတယ်။

ငါလုပ်ထားတဲ့ တောဇီးသီး သကြားကတော့ တကယ်လို့ ဆေးစာအုပ်ထဲမှာ မှတ်တမ်းတင်ထားတယ်ဆိုရင် တစ်ချို့ကတော့ သိချင်သိမှာပေါ့။ ဒါပေမဲ့ ငါ့ရဲ့ မူလခန္ဓာကိုရဲ့ မှတ်ဉာဏ်ထဲမှာတော့ မှတ်သားထားတာကို မတွေ့ရဘူး။

ထို့ကြောင့် စန်းလော့က ရွာထဲတွင် အာရုံစိုက်မှုမခံရတာကို ပိုပြီး သဘောကျလေသည်။

သူမက ခေါင်းခါလိုက်သည်။

"ကိစ္စမရှိပါဘူး မနက်ဖြန်မနက် ဆိုင်မှာပဲ တစ်ခုလောက် သွားဝယ်လိုက်ပါ့မယ်”

သူမ၏ ဆုံးဖြတ်ချက်ကို မြင်လိုက်သည်တွင် အဘွားချန်းက သူမက တစ်ခုခုရောင်းဖို့ စီစဥ်နေတာဖြစ်မည်ဟု ခန့်မှန်းမိလိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။

"ဒါလဲ အဆင်ပြေပါတယ် အဲဒီ့ ချင်ခွက်တွေက စျေးမကြီးဘူးလေ"

နောက်တစ်နေ့ မနက်စောစောတွင် စန်းလော့က ချင်ဖန်းညန်နှင့် တခြားသူများနှင့်အတူ စီရင်စုသို့ ထွက်လာခဲ့လေသည်။

ဒီတစ်ကြိမ်တွင်တော့ ကျိုးချွမ်ကျန့်နှင့်တစ်ခြားသူများက သူတို့နှင့် လိုက်မလာကြတော့ချေ။ ထိုအစား သူတို့က လမ်းတွင် ပစ္စည်းကိုလှည့်ပတ်ရောင်းမည့် ဖန်းလျိုညန် ကို တောင်းဆိုလိုက်ကြလေသည်။ ဆန်ဆိုင်၏အခြေအနေကို စောင့်ကြည့်ရန်နှင့် စျေးကို စုံစမ်းပေးရန်ဖြစ်သည်။ မြို့ဝင်ကြေးနှင့်သွားရမည့် ခရီးကို အလကားမဖြစ်စေရန် ရှောင်ရှားခြင်းဖြစ်လေသည်။

စန်းလော့က သူမကိုယ်တိုင် စီရင်စုသို့ သွားခဲ့သော်လည်း ချင်ဖန်းညန်ကို သူမကိုယ်စား သတ်သတ်လွတ်အူကြမ်း သွားပို့ခိုင်းရသေးသည်။ သူမက သူမ၏ပစ္စည်းကို အရင်ရောင်းချပြီး လုံလောက်အောင် ငွေစုလိုက်ပြီးနောက်မှ ချင်ဖန်းညန်ထံမှ ဒီနေ့၏ဝင်ငွေများကို စုပြီးသည့်နောက်မှ သူမ၏အကြွေးကို ပြန်သွားဆပ်ရန် တုန်းဖူစားသောက်ဆိုင်သို့ သွားမည်ဟု စဥ်းစားထားလိုက်လေသည်။

ကန်းရှီနှင့်ဖန်းလျိုညန်တို့က စန်းလော့တွင် ရောင်းစရာ တခြားပစ္စည်းများရှိသည်ကို သိကြသော်လည်း တိတိကျကျတော့ သေချာမသိပေ။ ထို့ကြောင့် သူတို့က သူမကို သူတို့နှင့်လိုက်ခဲ့ဖို့ မခေါ်လိုက်သလို မေးလဲမမေးလိုက်ပေ။ မြို့သို့ရောက်သွားသည်တွင် အားလုံးက ကိုယ်စီတာဝန်များဖြင့် လမ်းခွဲလိုက်ကြလေသည်။

စန်းလော့၏ ပထမဦးဆုံး သွားသည့်နေရာမှာ သစ်သားနှင့်ဝါးများ ဖြင့်လုပ်ထားသည့် အသုံးအဆောင်ပစ္စည်းဆိုင် ဖြစ်သည်။ သူတို့တွင် ဝါးနှင့်လုပ်ထားသည့် အရက်ချင်ခွက် အမှန်ပင်စျေးမကြီးပေ။ ၂ဝမ်သာပေးရလေသည်။ သူတို့တွင် ဝါးနှင့်သစ်သားများဖြင့် ပြုလုပ်ထားသည့် ပစ္စည်းမျိုးစုံလဲရှိသည်။

အမှန်အတိုင်းပြောရလျှင် ရောင်းချဖို့အတွက် သကာရည်ကို တိုင်းတာဖို့ရန် လိုအပ်ချက်သာမရှိခဲ့လျှင် တိကျသည့် အတိုင်းအတာအတွက် ဒီလိုပစ္စည်းတစ်ခုကို လုပ်ရသည်က မခက်ခဲချေ။

အရက်ချင်ခွက်ကို ဝယ်ယူလိုက်ပြီးနောက်တွင် စန်းလော့က သူမ၏ ပစ္စည်းများကို ပိုပေါ့သွားစေရန် စွန်ပလွန်သီးများကို ရောင်းချဖို့အတွက် ယုံဖန်းကျိုင် ကို အရင်ဆုံး သွားဖို့ ဆုံးဖြတ်လိုက်သည်။

သူမရောက်သွားချိန်တွင် ယုံဖန်းကျိုင်ဆိုင်က ဆိုင်ဖွင့်စအချိန်ပဲ ရှိသေးသည်။

ကောင်တာကို သန့်ရှင်းရေးလုပ်နေသည့် ဆိုင်ကကောင်မလေးက စန်းလော့ကို မြင်လိုက်သည်တွင် လင်းလက်သွားပြီး ချက်ခြင်းဆိုသလို လှမ်းအော်လိုက်လေသည်။

"ဆိုင်တာဝန်ခံ စန်းရှီ ရောက်နေပါတယ်"

ဆိုင်တာဝန်ခံယန်က စန်းလော့ကိုမြင်လိုက်ပြီး လင်းဖြာနေသည့် အပြုံးတစ်ခုဖြင့် သူမကို ကြိုဆိုလိုက်ကာ ကောင်တာနောက်မှနေ၍ ရှေ့ကိုမြန်မြန် ထွက်လာလိုက်လေသည်။

"ကျွန်မတို့တွေ ရှင့်ကို အားတက်သရောနဲ့ စောင့်နေကြတာ"

သူမကပြောရင်းဆိုရင်း သူမ၏ မျက်လုံးများသည် စန်းလော့သယ်လာသည့် ခြင်းဆီသို့ ကျသွားတော့သည်။ ခြင်းထဲက သစ်သားပြားများကို မြင်လိုက်သည်တွင် အလွှာနှစ်ခုခွဲထားပြီး အိုးလေးခုကိုထိန်းထားရာ သူမ၏မျက်လုံးများက လင်းလက်သွားတော့သည်။

"ကျွန်မတို့တွေ ရှင့်ရဲ့မုန့်ရေကြည်ကို စောင့်နေတာ နောက်ဆုံးတစ်သုတ်က မနေ့မနက်ကပဲ ရောင်းလို့ကုန်သွားပြီ၊ ရှင်ဘယ်အချိန် ပေါ်လာမလဲလို့ ကျွန်မက စိုးရိမ်နေတာ၊ အချိန်ကိုက်ပဲ၊ အဲဒါတွေကို အိုးထဲထည့်ပြီး ချက်ခြင်း ခင်းထားလိုက်တော့မယ်"

ဒီလိုပြောလိုက်ပြီး ဆိုင်တာဝန်ခံယန်က ဆိုင်ကမိန်းကလေးနှစ်ယောက်ကို အိုးကိုရွှေ့ပြီး ပြန်လည်ထုတ်ပိုးဖို့ ချက်ခြင်း အချက်ပြလိုက်လေသည်။

ဆိုင်တာဝန်ခံယမ်က ပြောလိုက်သည်နှင့် ကောင်တာနားတွင် ရှိနေသည့် မိန်းကလေးနှစ်ယောက်က ပြီးခဲ့တဲ့အခေါက်တုန်းကလဲ လုပ်ခဲ့ဖူးသည်ဖြစ်ရာ ဒီအလုပ်နှင့် ရင်းနှီးလေသည်။ ဆိုင်က အခုလေးတင် ဖွင့်လိုက်ပြီး မကြာမှီတွင် ဧည့်သည်များ ရောက်လာတော့မည်ကို သတိထားမိလိုက်ပြီး သည်ရက်ပိုင်းတွင် မုန့်ရေကြည်က အထူးတလည် နာမည်ကြီးနေသည်ကို သိထားလေရာ သူတို့က ချက်ခြင်းဆိုသလို အိုးများကိုထုတ်လိုက်ပြီး ရေတွက်ဖို့ အသင့်ပြင်လိုက်ကာ ပြန်လည်ထုတ်ပိုးပြီး စင်ပေါ်တွင်တင်ဖို့ ပြင်ဆင်လိုက်ကြသည်။

စန်းလော့က သူတို့ကို အချိန်မှီ မတားလိုက်နိုင်ချေ။ ဆိုင်က မိန်းကလေးနှစ်ယောက်က အပေါ်တွင်တင်ထားသည့် တောဇီးသီးအနှစ်အိုးကို လှမ်းဆွဲလိုက်ကြသည်။

စန်းလော့က အလျင်စလို လှမ်းအော်လိုက်၏။

"ခဏလေး၊ အဲဒါ မဟုတ်ဘူး၊ အောက်က အိုးနှစ်ခုကမှ အဲဒီ့ ပစ္စည်းတွေ..."

သို့သော်ငြားလည်း ကောင်တာသို့ ရောက်သွားသည်နှင့် ချက်ခြင်း ဆိုင်ကကောင်မလေးက အိုးကိုချထားပြီး အဖုံးကိုလဲ တဝက် ဖွင့်ပြီးနှင့်လေသည်။ စန်းလော့မှာ ဖြတ်ပြောလိုက်ချိန်ပင် မရချေ။

တအံတသြနှင့် ဆိုင်ထဲက မိန်းကလေးနှစ်ယောက်ထဲက တစ်ယောက်က မေးလိုက်လေသည်။

"ဒါက ဘာလဲ"

စန်းလော့မှာ စကားစ ပျောက်ဆုံးသွားတော့သည်။

ဒီအခြေအနေကို ဒီလို ဖွင့်ချပြရလိမ့်မည်ဟု မျှော်လင့်မထားမိချေ။

...

All Chapters