← Chapters

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အပိုင်း(၇၉) တုံ့ဆိုင်းမှုများနှင့် ပူးပေါင်းဆောင်ရွက်မှု အသစ်များ

ခဏကြာတော့ ဆိုင်ရှင်ယန်က အိုးနှစ်လုံးသာရှိသည်ကိုတွေးရင်း ဦးနှောက်ရှုပ်နေဆဲဖြစ်သည်။ ဒါက ရောင်းဖို့ ဘယ်လိုလုပ်လောက်မှာလဲ။

သို့သော် နောက်ထပ်ခဏကြာတော့ သူ့အာရုံပြောင်းသွားလေသည်။ ကိုယ်ကိုစောင်းကာ ကြည့်လိုက်သည်တွင် သူသည် ဈေးဆိုင်ရှိ ကောင်မလေးများကဲ့သို့ လုံးဝတူညီသော စပ်စုသည့်အသံဖြင့် ရေရွတ်မိတော့သည်။

"ဟမ်"

အချိုပွဲများပြုလုပ်ရာတွင် အရည်အချင်းရှိသူတစ်ယောက်အနေဖြင့် ဆိုင်တာဝန်ခံယန်တွင် အစားအစာကို အထူးရသခံစားတတ်မှုရှိ၏။ အိုးထဲရှိပါဝင်ပစ္စည်းများမှာ မည်းမှောင်နေပြီး အမည်မဖော်နိုင်သော်လည်း အဓိကအချက်သည် ထိုအရာကို သူမ တစ်ခါမျှမမြင်ဖူးခြင်းဖြစ်သည်။

စူးရှသောအနံ့ခံအာရုံဖြင့် ဆိုင်ရှင်ယန်သည် အဝေးမှပင်လျှင် နူးညံ့သောမွှေးရနံ့ကို ယဲ့ယဲ့လေးသတိပြုမိလေသည်။

စန်းလော့သည် အမှန်တကယ်ပင် သူမခေါင်းကို နှိပ်နှယ်ပေးနေသလို ခံစားရ၏။

သူမက အတွက်မှားလေသည်။ တောဇီးသီးသကြား တစ်အိုးက နှုတ်ခမ်းနားအထိ ဖြည့်ထားမိသဖြင့် သူမက အဖုံးကို တင်းနေအောင် မပိတ်ထားရချေ။ နောက်ဆုံးမှာတော့ အောက်ခြေတွင် စွံပလွန်ကိတ်များထားထားပြီး အပေါ်မှ ထိုအရာအား တင်ထားလိုက်၏။

သူမသည် ရိုးရှင်းသောနေရာ ပြောင်းရွှေ့ရန်သာရည်ရွယ်ပြီး ယုံဖန်းကျိုင်တွင်သူမ၏ တောဇီးသီးသကြား များရောင်းထွက်မည်ဟု မည်သည့်အခါမှ မျှော်လင့်ထားခြင်းမရှိဘဲ ယန်ဆိုင်ရှင်နှင့် ဆိုင်ရှိကောင်မလေးများက သူမ၏ထုတ်ကုန်ကိုမြင်သောအခါ စိတ်လှုပ်ရှားစွာတုံ့ပြန်ကြလေသည်။

သူတို့၏တုံ့ပြန်မှုမှာ မြန်ဆန်လွန်းသောကြောင့် သူမပင် တုံ့ပြန်ဖို့အခွင့်အရေး မရလိုက်ပေ။

"မိန်းကလေးစန်း၊ ဒါကရော မင်းရဲ့ စားစရာထုတ်ကုန်တွေထဲက တစ်ခုလား"

ယန်ဆိုင်ရှင်က ချိုမြိန်သောရနံ့မှာ ပိုမိုပြင်းထန်လာသောကြောင့် စစ်ဆေးကြည့်ရန် ငုံ့ကိုင်းလိုက်လေသည်။

စန်းလော့က ဒါကိုတစ်ကယ်ပဲ ငြင်းဆိုနိုင်ပါ့မလား။

စီရင်စု၏လမ်းကြိုလမ်းကြားများနှင့် လမ်းများတွင် ရောင်းချရန် စီစဥ်ထားသောကြောင့် ယခုငြင်းဆိုခြင်းမှာ ပြဿနာရှိနိုင်သည်။ ထိုအရာမှာ သူမ ဖုံးကွယ်ထားနိုင်သည့်အရာမဟုတ်ဘဲ နောက်ပိုင်းတွင် ယန်ဆိုင်ပိုင်ရှင်သာသိသွားပါက သူတို့၏အပြန်အလှန်ဆက်ဆံရေးကို မည်သို့ဆက်သွားကြမည်နည်း။ သူတို့၏ဆက်ဆံရေးကို မည်သို့ ဆက်သွားကြမည်နည်း။

သူမတွင် ခေါင်းညိတ်ရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။

ယန်ဆိုင်ပိုင်ရှင်၏မျက်လုံးများမှာ လင်းလက်သွားပြီး အပြုံးဖြင့် မေးလိုက်၏။

"မြည်းကြည့်ဖို့ နည်းနည်းလောက်ခပ်လို့ရမလား"

စန်းလော့တစ်ယောက် အခြားဘာများတတ်နိုင်မည်နည်း။ အပြုံးဖြင့်သာ ခေါင်းညိတ်ပြလိုက်၏။

"ရတာပေါ့ရှင်"

အမြဲသွက်သွက်လက်လက်ရှိသော ဆိုင်အကူကောင်မလေးသည် ပန်းကန်အသေးတစ်လုံးနှင့်ဇွန်းယူရန် အထဲသို့ဝင်သွားနှင့်ပြီဖြစ်ပြီး ခဏလေးအတွင်းပြန်ရောက်လာကာ ယန်ဆိုင်ရှင်ထံသို့ ပေးလိုက်လေသည်။

စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးအနေဖြင့် သန့်ရှင်းသပ်ရပ်မှုကို အထူးဂရုပြုကြပြီး ဇွန်းတွင်ရေတစ်စက်မျှပင်မရှိဘဲ ခြောက်သွေ့ပြီး သန့်ရှင်းသပ်ရပ်နေ၏။

ယန်ဆိုင်ရှင်သည် အများကြီးမခပ်ယူဘဲ နည်းနည်းလေးသာ ခပ်ယူနေစဉ်အတွင်း စန်းလော့ကို မေးမြန်းလေသည်။

"ဒါကို ဒီတိုင်းစားရမှာလား ဒါမှမဟုတ် ဒါကိုစားသုံးဖို့ အထူးနည်းလမ်း ရှိသေးလား"

"ဒါကို ဒီတိုင်းလဲ စားလို့ရတယ်၊ ဒါမှမဟုတ်လည်း ရေနဲ့ရောပြီး ဖျော်လို့ရပါတယ်"

ယန်ဆိုင်ရှင်က မျက်ခုံးပင့်လိုက်ပြီး အညိုရင့်ရောင်အရာပါသည့် ပန်းကန်လုံးကိုကိုင်ထားကာ ထိုအရာ၏အရောင်နှင့် ပုံပန်းသွင်ပြင်ကို စစ်ဆေးလိုက်၏။ စွဲမက်ဖွယ်ကောင်းသော မွှေးကြိုင်သည့်ရနံ့ကို အနီးကပ်ကြည့်ပြီးနောက် အနည်းငယ်အရသာခံပြီးနောက် စန်းလော့ထံသို့ ချက်ချင်းလှည့်ကြည့်လိုက်လေသည်။

"ဒါက သကြားလား"

အံ့ဩမှုနှင့်စိတ်လှုပ်ရှားဖြင့် ပြည့်နေသည့် သူ့အသံမှာ စန်းလော့ကို သက်ပြင်းချလုနီးပါးဖြစ်စေ၏။

သူမက ဤပစ္စည်းကို ယုံဖန်းကျိုင်သို့ ရောင်းချရန် ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပေ။

သကြားသည် ဤခေတ်ကာလတွင် အလွန့်အလွန်တန်းဖိုးရှိလှသည်။ သကြားဖြူကဲ့သို့ အခြားအရာများမရှိဘဲ သကြားညိုနှင့်ပျားရည်သာရှိပြီး နောက်မှသာ ကြံရည်ရှိလာသည်။

ဟုတ်ပါတယ်၊ ကြံရည်ပါ။

သချန်မင်းဆက်တွင် ကြံပင်ရှိသော်လည်း ထိုအပင်မှ မည်သို့သကြား လုပ်ရသည်ကို မည်သူတစ်ဦးတစ်ယောက်မျှမသိကြပေ။ ထိုအရာကို အတော်လေးဈေးကြီးသည့် အသီးအနှံအဖြစ် စားသုံးကြပါသည်။

ယခုတော့ တစ်ခြားသူများ မမြင်ဖူးသည့်အမျိုးအစားဖြစ်သော သကြားပြုလုပ်နည်းကို သူမ သိလေ၏။

သူမက တောဇီးသီးပင်ကိုသာတွေ့ခဲ့ရပြီး ထိုအပင်မှ သကြားအနည်းငယ် ပြုလုပ်နိုင်ပြီး အများကြီးတော့မဟုတ်ပေ။ ပမာဏအနည်းငယ်ကို လမ်းပေါ်တွင် သာမန်လူများအား ရောင်းချခြင်းက စန်းလော့အတွက် အဆင်ပြေဟန်တူသည်။ သူတို့သည် သည်ပစ္စည်းအကြောင်းကို အတွေးလွန်ကြလိမ့်မည် မဟုတ်သောကြောင့်ပင်။

သို့သော်ယုံဖန်းကျိုင်ကဲ့သို့ ကောင်းစွာအခြေကျပြီးသော စီးပွားရေးအတွက်တော့ သူတို့သည် သေချာပေါက် မုန့်တန်ဖိုးကို ကြည့်မဟုတ်ဘဲ သကြားလုပ်နည်းကိုသာ တန်ဖိုးထားလိမ့်မည်။

စန်းလော့သည် ငွေအနည်းငယ်ရှာချင်သော်လည်း ဒုက္ခကိုဖိတ်ခေါ်မည့် တန်ကြေးတော့ လုပ်မည်မဟုတ်ပေ။

လွန်ခဲ့သည့်ကာလများက သူမနှင့်သူတို့၏ဆက်ဆံရေးသည် ယုံဖန်းကျိုင်၏ ငွေကြေးထောက်ပံ့သူများမှာ ဟင်းချက်နည်းတစ်ခုအတွက် ဥပဒေကိုလျစ်လျူရှုပြီး အပြစ်ကျူးလွန်မည့် အမျိုးအစားမျိုးမဟုတ်ကြောင်းကို နားလည်စေလေသည်။

သို့သော် တားဆီးနိုင်ပါက အဘယ်ကြောင့်ဒုက္ခကို ဖိတ်ခေါ်ရမည်နည်း။

ဒါဟာ သူမကိုယ်တိုင်ကြီးကြပ်မှုပင်။

ယန်ဆိုင်ရှင်က မေးခွန်းမေးနေစဉ် စန်းလော့၏တုံ့ပြန်မှုကို စောင့်ကြည့်နေ၏။ ဆိုင်အကူကောင်မလေးများက စင်ပေါ်သို့ မမျှော်လင့်ဘဲ သကြားယူလာစဉ်တွင် သူမ၏အလိုအလျောက် တုံ့ပြန်မှုကို ပြန်စဉ်းစားကြည့်တော့ တစ်စုံတစ်ခုကို နားလည်သွားလေသည်။

သူသည် ပန်းကန်လုံးကိုချလိုက်ပြီး စန်းလော့ကိုကြည့်ကာ ရုတ်တရက် ပြုံးလိုက်၏။

"မိန်းကလေးစန်း၊ ငါတို့အနောက်ဘက်မှာ စကားသွားပြောကြရင်ရော မကောင်းဘူးလား"

ဤအချိန်တွင် စန်းလော့သည် ငြင်းဆန်မည်မဟုတ်သည်က သဘာဝပင်။ ယန်ဆိုင်ရှင်၏ ပါးနပ်သောအချက်ပြမှုကြောင့် အိမ်အကူနှစ်ယောက်သည် ဖျော်ရည်အိုးပေါ်ရှိ အဖုံးများကို ချက်ခြင်းဖုံးလိုက်ကာ ထိုအရာများကို ဧည့်သည်များအတွက် နောက်ဘက်ရှိ ခန်းမငယ်တစ်ခုထဲသို့ သယ်ဆောင်သွားကြ၏။

မုန့်ရေကြည်များနှင့်ပတ်သတ်၍စန်းလော့က ပြောကြားလိုက်လေသည်။

"စုစုပေါင်း ၃၆၈တုံးပါပါတယ်။ လွတ်လွတ်လပ်လပ် ရေတွက်ပြီးရင် အိုးတွေကိုယူပြီး ထည့်ထားလိုက်ပါ"

သူမသည် အလုပ်များကို အိမ်အကူနှစ်ယောက်ထံ အပ်နှံထားလိုက်လေသည်။

ယဉ်ကျေးသော အိမ်အကူများသည် သူတို့၏တာဝန်များကို ထမ်းဆောင်ကြ၏။ တစ်ဦးသည် မုန့်ရေကြည်များကို ထုပ်ပိုးရန်နေခဲ့ပြီး ကျန်တစ်ဦးမှာ မထွက်ခွာမီတွင် စန်းလော့နှင့်ယန်ဆိုင်ရှင်အား လက်ဖက်ရည်ဖြင့်ဧည့်ခံလေသည်။

တစ်ယောက်ထဲရှိနေစဉ် ယန်ဆိုင်ရှင်က စန်းလော့ကို ပြုံးပြလိုက်၏။

"မိန်းကလေးစန်း၊ ရှင့်ရဲ့သကြားချက်တဲ့ချက်နည်းကို လိုချင်မှာ စိုးရိမ်လို့လား"

ထက်ထက်မြက်မြက်ပဲ။

စန်းလော့က သက်ပြင်းချလိုက်၏။

"ကျွန်မ ရှင့်ကို ဖုံးကွယ်မထားပါဘူး။ ဒီထုတ်ကုန်ကို အများကြီး မထောက်ပံ့ပေးနိုင်ဘူး။ ပမာဏအများကြီးထုတ်လုပ်ဖို့က အရမ်းခက်ခဲလွန်းတယ်။ ဒါကြောင့် အကြိမ်ရေအနည်းငယ်လောက် လမ်းတွေပေါ်မှာရောင်းချဖို့ စီစဉ်ထားပြီး အဲ့လောက်နဲ့ပဲ ချန်ထားလိုက်တော့မလို့ပါ"

သူမက ယန်ဆိုင်ရှင်၏အစောပိုင်းယူဆချက်ကို မငြင်းပယ်နိုင်ပေ။

ယန်ဆိုင်ရှင်က အသံထွက်ရယ်လိုက်၏။

"သကြားပြုလုပ်တဲ့နည်းလမ်းက တကယ်ကိုသွားရည်ကျစရာပဲ။ လမ်းမတွေပေါ်မှာ ရောင်းတာကရော အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်မယ်လို့ မထင်မိဘူးလား"

တစ်ခြားဘာလုပ်ရမလဲ။ မျက်စိရှေ့ကငွေရှာဖို့ အခွင့်အရေးကို လစ်လျူရှုထားရမှာလား"

အမြဲတမ်းပွင့်လင်းသောစန်းလော့က အပြုံးဖြင့်ပြန်ပြောလိုက်၏။

"လိုအပ်မှုကြောင့် တွန်းအားပေးရတာပါ"

သူတို့၏စကားဝိုင်းသည် ပထမတစ်ချက်တွင် အဆက်ပြတ်သွားပုံရပြီး အမှန်တကယ် ရည်ရွယ်ထားသော အကြောင်းအရာများကို အတော်လေး ရှင်းလင်းလာသည်။

စန်းလော့က ဟင်းချက်နည်းကိုရောင်းချရန်ဆန္ဒမရှိသော်လည်း ငွေလိုအပ်နေလေသည်။

ယန်ဆိုင်ရှင်က ပြုံးလိုက်၏။

"မိန်းကလေးစန်း၊ စီရင်စုရဲ့အခြေအနေကို အပြည့်အဝ သတိမထားမိသေးဘူး ထင်တယ်"

စန်းလော့က မျက်ခုံးပင့်လိုက်ပြီး

"ရှင့်အလုပ်ရှင်ရဲ့အခြေအနေကို ရည်ရွယ်ပြီးပြောချင်တာလား"

ယန်ဆိုင်ရှင်က ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်တယ်၊ ယုံဖန်းကျိုင်က ကောင်းကောင်းအခြေကျနေပြီးသား အမှတ်တံဆိပ်ဆိုပေမယ့်လည်း ငါတို့အလုပ်ရှင်က သာမန်ချမ်းသာတဲ့မိသားစုတစ်ခုကပါ။ ဒီစီရင်စုမှာ သူတို့က လုံးဝအာဏာရှိတာ ဒါမှမဟုတ် မင်း စိတ်ကူးနိုင်တဲ့ အတိုင်းအတာအထိ ရောက်ရှိဖို့ဆိုတာ အဝေးကြီးမှာပါပဲ"

သူမ၏စကားများက စန်းလော့၏စိတ်ထဲတွင် အလွန်စိုးရိမ်မှုများဖြင့် ရစ်ဝဲနေသည်ကို အရိပ်အမြွက်ပြနေသည်။

စန်းလော့က ဖြည်းဖြည်းချင်း မျက်ခုံးပင့်လိုက်၏။ ယန်ဆိုင်ရှင်က ထပ်ပြောလိုက်လေသည်။

"ဒါ့အပြင်၊ မိန်းကလေးစန်း၊ မင်းက ငါတို့အလုပ်ရှင်နဲ့ လူချင်းမတွေ့ဖူးသေးပေမယ့် တစ်ကယ်တော့ မင်းက ငါတို့နဲ့ စီးပွားရေးကို စီမံခန့်ခွဲနေတာပဲ။ ငါတို့ရဲ့အလုပ်ရှင်က နာမည်ကောင်းရှိတဲ့သူတစ်ဦးပါ။ ယုတ်မာတဲ့နည်းနဲ့ အကျိုးအမြတ်အတွက် အားကိုးအားထားပြုသူ မဟုတ်ကြောင်းအာမခံပါရစေ။ ဒီတော့ ရှင်ပြောသလိုပဲ ဒီသကြားကို အကန့်အသတ်နဲ့ ထုတ်နိုင်ရင် ငါတို့ကို သီးသန့်ရောင်းဖို့ ဘာလို့မစဉ်းစားတာလဲ"

စန်းလော့၏မျက်လုံးများမှာတဖြည်းဖြည်းမှေးလာ၏။

"ဘယ်လိုမျိုးလဲ"

ယန်ဆိုင်ရှင်က ရှင်းပြလိုက်၏။

"ဘာလို့လဲဆိုတော့ ရှင့်ရဲ့အေစာပိုင်းက စိုးရိမ်ပူပန်မှုတွေက ကျိုးကြောင်းညီညွှတ်ပါတယ်။ သကြားချက်နည်းက အမှန်တကယ်ပဲ မလိုလားအပ်တဲ့အာရုံတွေကို ဆွဲဆောင်နိုင်တယ်။ ငါတို့ရဲ့အလုပ်ရှင်က အဲ့တာကို ငမ်းငမ်းတက်မလိုချင်ပေမယ့် အခြားသူတွေက မလိုချင်ဘူးလို့လဲ မဆိုလိုဘူး။ ငါတို့အလုပ်ရှင်ရဲ့ ဂုဏ်သိက္ခာကို အာမခံပေးနိုင်တယ်။ ဒါပေမယ့် ငါ့စကားသက်သက်ဆိုတော့ ငါ့ကိုအကြွင်းမဲ့ယုံကြည်ဖို့ ရှင့် အတွက်ခက်ခဲလိမ့်မယ်"

"ဒါဆို ဘာကို အကြံပေးချင်တာလဲ"

"ယုံဖန်းကျိုင်က ဒီမုန့်တွေကို လူပုံအလယ်မှာရောင်းမယ်ဆိုရင် ငါတို့ အလုပ်ရှင်တွေက ချက်နည်းကိုလည်း ကာကွယ်နိုင်မှာ မဟုတ်ဘူး။ ငါတို့တစ်ယောက်မှ အဲ့တာကိုမကာကွယ်နိုင်လို့ ငါတို့တွေပူးပေါင်းလို့ ရနိုင်တယ်လေ"

စန်းလော့၏မျက်လုံးများမှာတဖြည်းဖြည်းအရောင်လက်လာ၏။

"မုန့်တွေမှာ အသုံးပြုဖို့ အကြံပေးနေတာလား"

ဆိုင်ရှင်ယန်သည် သဘောကျစွာဖြင့်ပွင့်ပွင့်လင်းလင်းပြုံးလိုက်၏။

"မိန်းကလေးစန်း၊ မင်းက တစ်ကယ်ကို လာဘ်မြင်တတ်တာပဲ"

"အဲ့တာကို မုန့်လုပ်ရာမှာအသုံးပြုလိုက်ရင် ပြင်ပလူတွေက ငါတို့ ဘယ်လိုပြုလုပ်တယ်ဆိုတာကို ရိပ်စားမိမှာမဟုတ်သလို ထူးခြားတဲ့သကြားအရင်းအမြစ်ကြောင့်ဆိုတာကိုလည်း သံသယရှိမှာမဟုတ်ဘူး။ ငါတို့ဆိုင်အတွက်တော့ ဒါက တစ်ခြားသူတွေ ပုံတူကူးဖို့ခက်တဲ့အချိုပွဲတွေလို့ သက်ရောက်တာပဲ။ မိန်းကလေးစန်း၊ ရှင့်အတွက်ကတော့ ငါတို့ကိုရောင်းတာက ဗျာမများရဘဲ လုံခြုံစေမှာပါ။ ဒါက ရှင်နဲ့ယုံဖန်းကျိုင်၊ နှစ်ဦးနှစ်ဖက်လုံးအတွက် အပြန်အလှန်အကျိုးရှိစေတဲ့ အစီအစဉ်တစ်ခုပါ"

သူမ၏ကမ်းလှမ်းမှုပြီးသွားတော့ စန်းလော့ကို အပြုံးဖြင့်ကြည့်လိုက်၏။

"မိန်းကလေးစန်း၊ ဒါကလမ်းတွေမှာ ရောင်းတာထက်စာရင် ရှုပ်ထွေးမှုအန္တရာယ်နည်းပါးစေပြီး ပိုလုံခြုံတဲ့ရွေးချယ်စရာတစ်ခုလို့ မထင်ဘူးလား"

စန်းလော့က စဉ်းစားချင့်ချိန်ပြီးနောက် ထိုစကားများမှာ မှန်ကန်သည်ကို နားလည်လေသည်။

ထိုင်ခုံလက်ရန်းပေါ်ရှိလက်ချောင်းများကို မသိစိတ်ဖြင့်ပုတ်နေတဲ့ စန်းလော့က မတုံ့ပြန်မီခေတ္တမျှအချိန်ယူနေ၏။

"ဆက်တိုက်ထောက်ပံ့ပေးမယ်လို့တော့ အာမမခံနိုင်ဘူး။ ပြီးတော့ ကျွန်မထုတ်လုပ်နိုင်တဲ့ပမာဏက အကန့်အသတ်နဲ့မလို့ပါ။ အဲ့တာရော အဆင်ပြေရဲ့လား"

ယန်ဆိုင်ရှင်က ခေါင်းခါလိုက်၏။

"နည်းနည်းတော့ နှမြောစရာကောင်းပေမယ့် ပြဿနာမဟုတ်ပါဘူး။ ငါတို့ရဲ့မုန့်အားလုံးကိုလည်း တစ်နှစ်ပတ်လုံးရနိုင်မှာမဟုတ်ဘူးလေ"

ဤကန့်သတ်ချက်သည် မကြာခဏဆိုသလို နားလည်နိုင်သောကုန်ကြမ်းများ၏ ရာသီအလိုက် သဘာဝကြောင့်ဖြစ်သည်။

စန်းလော့က သဘောတူခေါင်းညိတ်လိုက်၏။

"ဒါဆိုလဲ ကောင်းပါပြီ၊ နောက်ကျရင် ဒီသကြားကို ရှင်တို့ဆိုင်ကို တိုက်ရိုက်ပို့ပေးပါ့မယ်"

ယန်ဆိုင်ရှင်လည်း ပြုံးပြလိုက်၏။

"ဈေးကရော"

စန်းလော့က အပြုံးဖြင့်ပြန်ဖြေလိုက်၏။

"အမှန်တိုင်းပြောရရင် ဒီကိုမလာခင်က ယမကာအတွက် ဦးချိုချိန်ခွင်တစ်ခုကို ဝယ်ခဲ့တယ်။ ဒီသကြားရဲ့ မြင့်မားတဲ့ပစ္စည်းတန်ဖိုးကြောင့် ပျားရည်နဲ့တူတဲ့ စျေးနှုန်း၊ တစ်ခွက်ကို ဝမ်၄၀အဖြစ် အစကတည်းက သတ်မှတ်ထားပြီးသားပါ။ ဒါပေမယ့် ဒီလိုအကြီးစား ပူးပေါင်းဆောင်ရွက်မှုအတွက် ကျွန်မက အများကြီးယူမှာ မဟုတ်ပါဘူး။ တစ်ခွက်ကို ဝမ်၃၀ဆိုရင်ရော ဘယ်လိုလဲ"

အသေးစားနှင့်အကြီးစား ဝယ်ယူမှုများ၏ဈေးနှုန်း ကွာခြားချက်ကို ကောင်းစွာသတိထားမိသော ယန်ဆိုင်ရှင်က စန်းလော့၏ဈေးနှုန်းမှာ သင့်လျော်သည်ကို သိသောကြောင့်ခေါင်းညိတ်ပြလိုက်၏။

"ဒါကို လက်ခံနိုင်ပါတယ်။ ဒီသကြားက ဘယ်လောက်အထားခံလဲ"

စန်းလော့က ထားသိုနိုင်သည့်သက်တမ်း ခန့်မှန်းခြေနှင့် သိုလှောင်ရာတွင် ကြိုတင်ကာကွယ်ရမည်များကို ရှင်းပြလိုက်၏။ ထို့နောက် ယန်ဆိုင်ရှင်က သန့်ရှင်းသောအိုးများနှင့် ဦးချိုချိန်ခွင်တစ်ခုအား ယူလာရန် တစ်စုံတစ်ယောက်ကို ခေါ်လိုက်လေသည်။

ထို့နောက် သူမက စန်းလော့ကို အပြုံးဖြင့်ပြောလိုက်၏။

"ငါတို့ဆိုင်က ဦးချိုချိန်ခွင်ကို အသုံးပြုရအောင်။ အဲ့ဒါက ရှင့်ရဲ့ဟာနဲ့ အတူတူလောက်ပါပဲ။ ငါတို့က ဒါကို ပုံမှန်အသုံးပြုပြီး သန့်သန့်ရှင်းရှင်း သိမ်းထားမလို့ နောက်ထပ်ဆေးကြော စရာမလိုတော့ပါဘူး"

စန်းလော့သည် ဤအစီအစဉ်အား ကန့်ကွက်ခြင်းမရှိပေ။

စန်းလော့သည် ဇီးသီးအနှစ်တစ်အိုးခွဲမှ ၂၁၉၀ ဝမ်နှင့် မုန့်ရေကြည်ရောင်းရာမှ ၃၆၈ ဝမ်ရရှိပြီး စုစုပေါင်း ၂၅၅၈ဝမ်အထိ ရရှိလေသည်။

ယန်ဆိုင်ရှင်သည် ငွေနှစ်လျန်နှင့် နောက်ထပ် ကြေးနီဒင်္ဂါး ၁၅၈ဝမ်ကို သူမထံသို့ တိုက်ရိုက်ပေးလိုက်၏။

စန်းလော့ ငွေတုံးလက်ခံရရှိသည်မှာ ဒုတိယအကြိမ်ဖြစ်သည်။ ထိုအရာသည် ဝမ်များထက် အများကြီးပို၍အဆင်ပြေသည်။ သို့သော် ကံဆိုးချင်တော့ ထိုအရာကိုကြာကြာသိမ်းမထားနိုင်ဘဲ ထိုနေ့တွင်စီရင်စုမှ မထွက်ခွာမီကပင် အကုန်လုံးကိုသုံးစွဲရမည်ဖြစ်သည်။

မထွက်ခွာမီတွင် ယန်ဆိုင်ရှင်က စန်းလော့ကို မုန့်ရေကြည်များ ပိုယူလာရန် ထပ်ခါထပ်ခါပြောနေလေသည်။

စန်းလော့ကအကြံပြုလိုက်၏။

"မုန့်ရေကြည်လုပ်ရတာက အတော်လေးလက်ဝင်တယ်။ ပမာဏအများကြီးမထုတ်လုပ်နိုင်ဘူး။ မကြာသေးမီကမှ အိမ်မှာငွေလိုအပ်တာကြောင့် အများကြီးလုပ်ခဲ့ရတာ။ နောက်တစ်သုတ်၊ နှစ်သုတ်လောက်မှာလဲ ဒီထောက်ပံ့မှုအဆင့်ကိုထိန်းထားမှာ။ ဒါပေမယ့် အဲ့နောက်တော့ တူညီတဲ့ပမာဏကို ကတိမပေးနိုင်ပါဘူးရှင်။ အဲ့တာက အရမ်းခက်ခဲပင်ပန်းလွန်းတယ်။ တစ်သုတ်စီအတွက် ရောင်းချတဲ့ကာလကို တိုးမြှင့်ဖို့က နေ့တိုင်းအရေအတွက် အကန့်အသတ်နဲ့ရောင်းချဖို့ပဲ ဆိုင်ကို အကြံပေးချင်ပါတယ်"

စွံပလွန်ကိတ်များ ထောက်ပံ့မှုသည် အကန့်အသတ်ဖြင့်ဖြစ်သည်။ စန်းလော့သည် နေရာအများအပြားကို စူးစမ်းရှာဖွေနိုင်သော်လည်း လူတို့အခြေချနေထိုင်ရာအနီးရှိ ဝေးလံခေါင်ဖျားသော တောင်တန်းများတွင်ပင် စွံပလွန်သီးများကို အမြဲတမ်းမရရှိနိုင်ပေ။ အချိန်နှင့်အမျှ ထောက်ပံ့မှုကိုစီမံရန် သူမအတွက်တစ်ချို့ကို စုဆောင်းထားဖို့လိုအပ်ပါသည်။

စွန်ပလွန်ကိတ်မုန့်များ၏ ရာသီအလိုက်ရရှိမှုကို အမှန်ပင် မရေရာချေ။ ထို့ကြောင့် သူမသည် ငွေအရေးတကြီးမလိုအပ်တော့သည်နှင့် သူမ၏ထုတ်လုပ်မှုတစ်ဝက်ကိုသာ ပေးပို့ရန်စီစဉ်ထားပြီး အတုံးရေ ၂၀၀မှ ၄၀၀ ခန့်ကိုသာ ယန်ဆိုင်ရှင်ထံ ကြိုပေးထားရန်အကြောင်းလိုက်၏။

ယန်ဆိုင်ရှင်: "..."

ယန်ဆိုင်ရှင်သည် ခဏမျှတွေဝေသွား၏။ ဝယ်ယူသူအနေဖြင့် သူမ၏ရှုထောင့်မှကြည့်လျှင် ပေးသွင်းသူက လျော့ဝယ်စေရန်အကြံပြုခြင်းမှာ အထူးအဆန်းဖြစ်နေသည်။

ကုန်ကြမ်းကြောင့် ကန့်သတ်ချက်ရှိနိုင်သည်ဟု သူမက ထင်မြင်‌လေသည်။ စန်းလော့တစ်ယောက် တို့ဟူးရောင်းချခြင်းနှင့် သကြားပြုလုပ်သည်ကိုတွေ့တော့ မကြာသေးမီက တုန်းဖူစားသောက်ဆိုင်၏ ထူးခြားသောဟင်းလျာဖြစ်သည့် သတ်သတ်လွတ်အူကြမ်းဟင်းလျာကို မိတ်ဆက်သည်ကို ထည့်သွင်းစဉ်းစားရင်း ထိုအရာမှာ စန်းလော့၏ထောက်ပံ့မှု ဖြစ်နိုင်သည်ဟု သံသယရှိနေသည်။

ဤသို့ဆိုပါက စန်းလော့သည် အလုပ်များစွာကို အမှန်ပင် မဖြစ်ဖြစ်အောင် စီစဉ်နေခြင်းဖြစ်ပေသည်။

မိသားစုငယ်ဖြင့် အရာအားလုံးကိုစီမံခန့်ခွဲရန်မှာ အမှန်ပင် ခက်ခဲပေလိမ့်မည်။

ခေါင်းညိတ်ရင်း သူမကပြောလိုက်၏။

"ကောင်းပါပြီ၊ ရှင်တို့မိသားစုက အလုပ်များတယ်ဆိုတာကို ငါ နားလည်ပါတယ်။ ငါတို့အတွက် ရှင်လုပ်နိုင်သလောက်လေးပဲ ကြိုးစားပြီးလုပ်ပေးပါ"

သူမက စန်းလော့နှင့်သူတို့၏ဆက်ဆံရေးကို ခိုင်မာစေရန် ရင်းရင်းနှီးနှီးစကားပြောရင်း သူမကို လိုက်ပါပို့ဆောင်ပေးလေသည်။

ဤအရာအားလုံးအတွက် စန်းလော့က အပြုံးဖြင့်တုံ့ပြန်လိုက်၏။

သူမ၏ခြင်းတောင်းအလွတ်ဖြင့် ယုံဖန်းကျိုင်မှထွက်လာတော့ သူမဝယ်ထားသည့် မသုံးရသေးသော ဆီချင်ခွက်ကိုကြည့်ရင်း မထိန်းနိုင်ဘဲ ရယ်လိုက်မိလေသည်။

အရှေ့‌ဈေးဆီသို့ ခပ်သွက်သွက် လမ်းလျှောက်ရင်း သူမသည် ထိုမနက်က တုန်းဖူစားသောက်ဆိုင်သို့ ပို့သည့်တို့ဟူးအတွက် ချင်ဖန်းညန်ထံမှ ပြေစာများကို ယူလိုက်၏။ စောနေသေးသဖြင့် သူမ၏တောက်တိုမယ်ရ အလုပ်များပြီးပါက အိမ်ပြန်မည်ဖြစ်ကြောင်း ချင်ဖန်ညန်ကို ပြောလိုက်လေသည်။ ထို့နောက် တုန်းဖူစားသောက်ဆိုင်ဆီသို့ ခရီးဆက်လေ၏။

စန်းလော့သည် တာဝန်ခံရွှီနှင့်စာရင်းကိုင်၏ လေးစားအားကျမှုကို ရရှိပြီး တစ်လခွဲအတွင်း ငွေခြောက်လျန်ကို ပေးချေနိုင်ခဲ့သည်။

အမှန်မှာ စန်းလော့ကို အဝတ်အစားအသစ်ဖြင့်မြင်ရပြီး ဒုက္ခသည်ဖြစ်ပြီးနောက် ဤနေရာတွင် အခြေချနေထိုင်ခဲ့ရကြောင်းကို သိလိုက်ရသောကြောင့် တာဝန်ခံရွှီက သူမသည်မကြာသေးမီက ရှက်စိတ်ဖြင့် အဝတ်အစားသစ်များ ဝယ်ခဲ့ခြင်းဖြစ်ကြောင်း ခန့်မှန်းထား၏။

ဤအသုံးစရိတ်များကြားမှ သူမသည် ငွေကိုမြန်မြန်ပြန်ဆပ်နိုင်လေသည်။

သူတို့သည် အမှန်တစ်ကယ်ပင် အထင်ကြီးသွားကြ၏။

ငွေပေးချေသည့်ကတိစာချုပ်ကို အတည်ပြုဖျက်ပြီးနောက် စန်းလော့သည် သူမပုခုံးပေါ်ရှိဝန်များလျော့ကျသွားသည်ကို ခံစားလိုက်ရ၏။ သူမက တာဝန်ခံရွှီကို ကျေးဇူးတင်စကားပြောပြီးနောက် သူမ မထွက်ခွာမီ စပါးဆိုင်၏ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းလေသည်။

မနေ့က မြေခွန်ပေးဆောင်ရန် နောက်ဆုံးရက်ဖြစ်ပြီး ၁၅ ရက်နေ့ နောက်ပိုင်းတွင် စပါးဆိုင်များက လူတစ်ဦးလျှင် ဝယ်ယူခွင့် ၅ လီတာသာ ကန့်သတ်ထားသည်။

သက်ပြင်းချရင်း စန်းလော့သည် အထည်ဆိုင်သို့ဝင်သွားကာ ဝါချည်ပေါ်တွင် ငွေ၂လျန်ကိုသုံးစွဲလိုက်ပြီး အိတ်ကြီးနှစ်လုံးကို ရခဲ့သည်မှာ အထင်ကြီးလောက်သော မြင်ကွင်းတစ်ခု ဖြစ်သည်။ သူမသည် ထိုအရာများကို ခြင်းတောင်းထဲတွင်လုံခြုံစေရန် ပိတ်ဖြတ်စတစ်ချို့ကို ဈေးဆိုင်စာရေးထံမှ တောင်းလိုက်၏။

လေးလံသည်ထက်ပို၍ အထင်ကြီးစရာကောင်းပုံပေါ်သည့် ခြင်းတောင်းကိုသယ်ရင်း စန်းလော့သည် ဆားဆိုင်ဆီသို့ နောက်ထပ် သွားရောက်လေသည်။

ဈေးဆိုင်ပိုင်ရှင်သည် ပစ္စည်းများတနင့်တပိုးဖြင့် သူမကိုမြင်တော့ အရေးပါသောဝယ်ယူသူဖြစ်သည်ဟု ယူဆလိုက်၏။ သို့သော် စန်းလော့သည် ချီတုံချတုံဖြစ်နေပြီး လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားသလိုမျိုး အသံကိုလျှော့ကာ ပိုင်ရှင်ကို မေးလိုက်သည်။

"ဒီမှာ ဆားခါးရောင်းလားရှင့်"

သို့သော် ပုံမှန်ဆားဆိုင်တွင် အဘယ်ကြောင့် ဆားခါးရောင်းရန် ရှိပါမည်နည်း။

အမှန်တော့ဤခေတ်တွင် ဆင်းရဲသောသူသည် ချမ်းသာသူထက် ပိုများပြား၏။ ဆားမတတ်နိုင်သောသူများက ဆားခါးကို အားကိုးနေရသည်မှာ မထူးဆန်းပေ။

ထို့နောက်ဆိုင်ရှင်က စန်းလော့၏ပါးလွှာသောအဝတ်အစားများနှင့် သူမသယ်လာသောခြင်းတောင်းကို ကြည့်လိုက်၏။ ခြင်းတောင်းမှာ များများစားစား လှစ်ဟမထားသော်လည်း သူ့မျက်လုံးများမှာ အောက်သို့ဆင်းသွားပြီးနောက် အကြိမ်ပေါင်းများစွာ ဖာထေးထားသော စန်းလော့၏ဖိနပ်ကို သတိပြုမိလေသည်။ ပတ်ပတ်လည်ကို အမြန်ကြည့်ပြီးနောက် သူသည် ခေါင်းညိတ်လိုက်တော့သည်။

...

အပိုင်း(၈၀) ငါတို့ကို ဘာလို့မခေါ်တာလဲ

ဆားခါးဆိုတာ ဘာလဲ။

ဆားခါးသို့မဟုတ် အယ်ကာလီ ဟုလည်း သိကြပြီး ဆားထုတ်လုပ်ပြီးနောက်တွင် ဆားကန်ထဲတွင် ကျန်ခဲ့သည့် အကြွင်းအကျန် အရည်များဖြစ်ကာ အအေးခံခြင်းနှင့် အငွေ့ပြန်ခြင်းမှ အခဲဖြစ်လာသည့် အရာများဖြစ်သည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် ရိုးရာဆားလုပ်ခြင်းနည်းလမ်းမှာ အလေ့အလွင့် ပစ္စည်းများမှ ထုတ်လုပ်ထားသည့် ဘေးထွက်ပစ္စည်း တစ်ခုဖြစ်သည်။

သချန်မင်းဆက်တွင် သို့မဟုတ် စန်းလော့၏မူလခေတ်တွင်ပင် ဆင်းရဲလှသည့် မိသားစုများအတွက် ဆားကို တတ်နိုင်သည်က ရှားပါးသည်။ အထူးသဖြင့် စစ်မက်ကာလအချိန်၊ အခွန်များစွာ ကောက်ခံသည့်အချိန်၊ အခြေခံအစားအသောက်များ ရှားပါးချိန်တွင် ဖြစ်လေသည်။ ဒီလိုအချိန်မျိုးတွင် အနိမ့်တန်းစားလူများကြားတွင် ဆားခါး၏ဝယ်လိုအားက သိသိသာသာ မြင့်တက်လေသည်။

လူသားတွေက ဆားမရှိလျှင် အသက်မရှင်နိုင်ဘူးလေ။ ဒီတော့ လူတွေက ဆားကို မတတ်နိုင်တဲ့အခါ အစားထိုးအနေနဲ့ ဘာကို စားသောက်ကြတယ်ထင်လဲ။

အစားထိုးသုံးခုရှိတယ်။ နိုက်ထရိတ်ဆား၊ ပိုတက်ဆီယမ်ဆားနဲ့ ဆားခါးတို့ပေါ့။

အသက်ရှင်ရုန်းကန်ရသည်တွင် လူများက ဒီအစားထိုးပစ္စည်းများကို ပြုလုပ်ရန် နည်းလမ်းအမျိုးမျိုးကို စဥ်းစားလာခဲ့ကြသည်။ ပထမတစ်ခု နိုက်ထရိတ်ဆားသည် တော်တော်လေး မဖွယ်ရာသည့် နည်းလမ်းတစ်ခုမှ ရရှိလေသည်။ ရှေးခေတ် အခြောက်ခံ ရေအိမ်ခန်းတွင်သုံးသည့် ကျောက်တုံးများဆီမှ ထုတ်ထားခြင်းပင်။

ဒုတိယတစ်ခု ပိုတက်ဆီယမ်ဆားက အတိုင်းအတာတစ်ခုအထိ နည်းနည်းလေး ပိုကောင်းသည်။ သူ့ကို ရေထဲတွင် သစ်သားပြာများကို စိမ်ထားပြီး ပိုတက်ဆီယမ်ဆား ပြုလုပ်ရန် ထိုစိမ်ထားသည့်ရေကို ဆူပွက်အောင် တည်ရသည်။ သူ့အရသာက ဆိုဒီယမ်ဆားဖြင့် ဆင်တူသည်။ ဆိုဒီယမ်ဆားမှာ ယနေ့ခေတ် အိမ်သုံးဆားဖြစ်သည်။

ပုံမှန်အကျဆုံး နောက်တစ်နည်းမှာ ဆားခါးဖြစ်သည်။

ဆားခါးကို ရရှိနိုင်သည့် နည်လမ်းနှစ်ခုရှိသည်။ တစ်ခုက တောထဲကတိရိစ္ဆာန်လေးများ လျက်ထားသည့် ကျောက်တုံးကို ရှာဖွေရပြီး ထိုကျောက်တုံးသည် ပုံမှန်အားဖြင့် ဆားများပါရှိလေသည်။ ထိုကျောက်တုံးများကို ဆားခါးပြုလုပ်ရန် ကြိုချက်ရသည်။ စန်းလော့သည် ထိုနည်းလမ်းကိုတော့ တစ်ခါမှ မမြင်ဘူးချေ။ အကြောင်းမှာ သူမက တောထဲသို့ နက်သည်အထိ မဝင်ရဲသောကြောင့်ပင်။ သူမ၏ ပုံမှန်သွားလာနေသည့်နေရာက တိရိစ္တာန်ငယ်လေးများဖြစ်သည့် ယုန်၊ ရှဥ့်၊ ငှက် မြွေနှင့် ပိုးမွှားများသာဖြစ်ပြီး ပိုပြီးကြီးမားသည့် တိရိစ္ဆာန်များ သို့မဟုတ် ထိုကျောက်တုံးမျိုးကို တစ်ခါမှ မတွေ့ခဲ့ဘူးချေ။

တစ်ခြားရင်းမြစ်တစ်ခုကတော့ ထိုအရာကို ဝယ်ယူခြင်းပင်။ ဆားဆိုင်ရှင်များတွင် ပုံမှန်အားဖြင့် ဆားခါးတစ်ချို့ရှိလေသည်။ ဆားထုတ်လုပ်ခြင်းမှ ဘေးထွက်လာသည့် ပစ္စည်းတစ်ခုက ကုန်ကျစရိတ် လုံးဝမရှိသလို သူတို့ကို စျေးနိမ့်နိမ့်ဖြင့် ရောင်းချပေးသည်။

စားပွဲတင်ဆားနှင့်ယှဥ်လျှင် ဒီဆားခါးက အလွန်မှ စျေးချိုသည်။ ဝမ်လေးနည်းနည်းပါးပါး သုံးလိုက်ရုံဖြင့် အတုံးကြီးနှစ်တုံးကို ဝယ်လာခဲ့နိုင်သည်။ ဟုတ်ပါသည်။ ဆားခါးကို အများအပြား သုံးစွဲလျှင်တော့ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်သည်။ သင့်လျော်သလို စားသုံးခြင်းက အဓိကအချက်ပင်။

စန်းလော့ဆိုသည့်သူမကတော့ ဆားကိုဝယ်ယူဖို့ မတတ်နိုင်သည်အထိ မဆင်းရဲသေးသည်ကား ကံကောင်းပေသည်။ လူအများကြားထဲတွင် လူသိများသည့် ဆိုရိုးစကားတစ်ခု ရှိသည်။ "တို့ဟူးကိုအခဲလုပ်ဖို့ ဆားခါးကိုသုံး တစ်ခုချင်းစီက အပြန်အလှန် လိုက်ဖက်တယ်တဲ့"

ဒီဆားအခဲများကို ရေဖြင့်ဖျော်ခြင်းမှ ရရှိလေသည်။ ၎င်းကို တို့ဟူးလုပ်ရာတွင် အခဲခံဖို့ အကောင်းဆုံး ပစ္စည်းတစ်ခုဖြစ်သည်။ ပမာဏနည်းနည်းလေးတစ်ခုကို သုံးပြီး တို့ဟူးအိုးကြီးတစ်ခုကို ပြုလုပ်နိုင်သည်။

တို့ဟူးကလဲ ၂မျိုးနှစ်စားရှိသည်။ တို့ဟူးပျော့ (တောင်ပိုင်းတို့ဟူး)နှင့် တို့ဟူးမာ (မြောက်ပိုင်းတို့ဟူး)တို့ဖြစ်သည်။ အစောပိုင်းတွင် စန်းလော့က ကျောက်မှုန့်ဖြင့်ပြုလုပ်သည့် တို့ဟူးပျော့မှာ တောင်ပိုင်းတို့ဟူးဟု လူသိများသည်။ ဒီနေ့ သူမဝယ်လာသည့်ဆားခါးကိုတော့ မြောက်ပိုင်းတို့ဟူးဟု လူသိများသည် ။တို့ဟူးမာကို ပြုလုပ်ရာတွင် သုံးသည်။

အစောပိုင်းတုန်းက ရှန်းအန်းက သူတို့အိမ်မှာ နတ်သမီးတို့ဟူးအတွက် ဝင်ငွေကျသွားလို့ စိုးရိမ်နေတာ။

ဟုတ်ပါတယ်။ ပုံမှန်တို့ဟူးအတွက် ဝယ်လိုအားက နတ်သမီးတို့ဟူးမရှိလို့ နည်းနည်းလေး တိုးလာတယ်ဆိုပေမဲ့လည်း စုစုပေါင်းရောင်းရတဲ့ အရေအတွက်ကတော့ အမျိုးအစားနှစ်ခုကနေ ရရှိတဲ့ဝင်ငွေကို မယှဥ်နိုင်ဘူးလေ။ ပြီးခဲ့တဲ့ ဒီရက်ပိုင်းမှာ အိမ်ထောင်စုသုံးခုက အရင်ကထက် တို့ဟူးအရေအတွက်ကို သိသိသာသာ လျော့ပြီး ဝယ်လာကြတယ်။

ရှန်းအန်းနဲ့ နတ်သမီးတို့ဟူးအတွက် သစ်ရွက်သွားခူးတုန်းက သူမမှာ အစီအစဥ်တစ်ခုရှိတယ်လို့ ပြောခဲ့သေးတယ်။ ဟုတ်တာပေါ့ ဒီအစီအစဥ်က တောဇီးသီးရှာတွေ့တဲ့ အစီအစဥ်မဟုတ်ဘူး။ အဲဒီ့အစား သူတို့ရဲ့ တို့ဟူးအမျိုးအစားကို ခွဲခြားလိုက်ဖို့ပဲ။

သူတို့မှာ တို့ဟူးပျော့ရှိနေပြီးသားဆိုတော့ လက်လှမ်းမီတဲ့ ပမာဏလောက်မှာ တိုဟူးမာနဲ့ပဲဖတ်ကို ထပ်ထည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဆားခါးအတုံးကြီးနှစ်တုံးက အချိန်တော်တော်ကြာအောင် ခံလိမ့်မယ်လို့ထင်တယ်။

ဒါပြီးရင်တော့ စီရင်စုထဲက စျေးဆိုင်တွေကို သွားကြည့်ရမယ်။ စုစုပေါင်း ဆိုင်သုံးခုရှိတယ်။ ဆိုင်တစ်ခုချင်းစီကို သွားပြီး ပဲဖတ်ချဥ်လုပ်ဖို့အတွက် လိုအပ်တဲ့ အစာပလာတွေကို သွားဝယ်ရမယ်။ ဒါပြီးရင် စီရင်စုက အလုပ်တွေက ပြီးသွားပြီ အိမ်ပြန်လို့ရပြီ။

ရှန်းအန်းနှင့်ရှန်းနဥ်တို့သည် ဒီနေ့တွင် ထူးထူးခြားခြား စိုးရိမ်နေကြလေသည်။ နတ်သမီးသစ်ရွက်ကို သွားမခူးရတော့သည့်အတွက် သူတို့သည် တောဟင်းရွက်များကို ရောင်းချဖို့အတွက် ပတ်ပြီးသွားနေစရာ မလိုတော့ချေ။ တောင်၏ နည်းနည်းပိုဝေးသည့်နေရာတွင် စွန်ပလွန်သီးနှင့်ဝဥများကို ရှာတွေ့နိုင်သည်။ သို့သော်ငြားလည်း သူမ၏ ဦးဆောင်မှုမပါလျှင်တော့ သူတို့သည် ထိုနေရာသို့ သွားရလိမ့်မည်မဟုတ်ချေ။ ထို့အပြင် သူတို့ထဲက အနည်းဆုံးတစ်ယောက်ကတော့ အိမ်စောင့်ဖို့ရန်အတွက် နေခဲ့ရပေမည်။

ထွက်လာသည့်အချိန်တွင် ရှန်းအန်းက သူ၏ ကိုယ်ပိုင်အလုပ်များကို ရှာဖွေတွေ့ရှိလိုက်သည်။ ရွာပတ်ဝန်းကျင်က နေရာများတွင် လျှော်ပင်များကို တတိယအကြိမ် ခုတ်ဖြတ်နေလေသည်။ သူက ပိုင်ရှင်မရှိသည့် လျှော်ရိုင်းပင်များကို ဖြတ်လိုက်ပြီး အိမ်သို့ အစည်းလိုက်သယ်လာခဲ့သည်။ ဒီအချိန်တွင် ရှန်းနဥ်ကတော့ အိမ်တွင်ထိုင်ခါ လျှော်ချည်မျှင်များကို ခြစ်နေလေသည်။

တစ်မနက်ခင်းလုံးနီးပါး လုံလောက်သည့် လျှော်များကို သယ်လာပြီးနောက်တွင် ရှန်းအန်းက ရပ်ထားလိုက်ပြီး ညီမဖြစ်သူနှင့်ပေါင်းကာ လျှော်မျှင်များကို ခြစ်ကူလိုက်သည်။ သူတို့က မကြာခဏဆိုသလို စီရင်စုက ပြန်လာသည့်လမ်းကို လှမ်းကြည့်နေလိုက်သည်။

သူတို့သည် ဒီနေ့တွင် စန်းလော့က တောဇီးသီးသကြားကို အားလုံးရောင်းချနိုင်ပါမလားလို့ စဥ်းစားနေလေသည်။

သူတို့၏ တမ်းတသည့်အကြည့်က ဆောင်ဦး၏လေကို ထိုးဖောက်သွားသယောင်။

ပစ္စည်းများကိုသယ်လာသည့် စန်းလော့သည် နောက်ဆုံးတော့ မောင်နှမနှစ်ယောက်၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။ ရှန်းအန်းနှင့်ရှန်းနဥ်တို့က ရုတ်ခြည်းဆိုသလို ခုန်ထလိုက်ပြီး သူတို့၏အစ်မကြီးကို မြင်လိုက်သည်တွင် အကူအညီပေးဖို့ အလောတကြီး ပြေးထွက်လာကြတော့သည်။

စန်းလော့နှင့်နီးကပ်လာပြီး စန်လော့ပြောလိုက်သည့် စကားကို ကြားလိုက်ချိန်မှ သူတို့သည် ခြင်းထဲတွင် ဝါဂွမ်းများ အပြည့်ဖြစ်နေသည်ကို သိလိုက်ရသည်။

အားလုံးက ဝါဂွမ်းတွေပဲ။

"မကြီး သကြားတွေအားလုံးကို ရောင်းခဲ့တာလား” ရှန်းအန်းက မေးလိုက်သည်။

ရှန်းအန်းနှင့်ရှန်းနဥ်တို့ စဥ်းစားလိုက်သည့် တစ်ခုတည်းသော အဖြေမှာ သူတို့၏အစ်မကြီးက ဝါများကို ထိုမျှလောက် အများကြီး ဝယ်နိုင်လောက် အောင် သကြားအားလုံးကို ရောင်းချခဲ့ရသည်ဘဲ ဖြစ်သည်ဟူ၍။

စန်းလော့က ပြုံးလိုက်၏။

"အားလုံးကို ရောင်းကုန်သွားတယ်၊ တစ်ရက်နှစ်ရက်လောက်နေပြီးရင် ငါတို့တွေ ဂွမ်းစောင်တစ်ခုတော့ စလုပ်နိုင်တော့မယ်"

ရှန်းအန်းနှင့်ရှန်းနဥ်တို့က နေရာမှာပင် အထူးအားရဝမ်းသာ ဖြစ်သွားပြီး သူတို့၏ အသစ်လုပ်ထားသည့် ဂွမ်းစောင်လေးနှင့် နွေးထွေးသည့် ဆောင်းတွင်းတစ်ခုကို ဖြတ်သန်းနိုင်တော့မည်ဟု စိတ်လှုပ်ရှားနေကြတော့သည်။

မောင်နှမနှစ်ယောက်က စန်းလော့ကို ကူညီပေးချင်ပါသော်လဲ ဝါဂွမ်းထည့်ထားသည့်အိတ်က သယ်လာသည့်တံပိုးနှင့် သေသေချာချာ ချည်နှောင်ထားသည်ကို တွေ့လိုက်သဖြင့် သူတို့က သူမနှင့်အတူ အိမ်သို့ အတူတူပျော်ရွှင်ကာ လမ်းလျှောက် ပြန်လာကြတော့သည်။

စန်းလော့က အိမ်သို့ပြန်ရောက်လာသည်တွင် သူတို့၏ ခြံအပြင်ဘက်က ကျောက်ခင်းလမ်းပေါ်တွင် လျှော်စည်းများ ၁၂စည်းမက ချထားသည်ကို မြင်လိုက်ရလေသည်။

တအံ့တသြဖြင့် သူမက မောင်နှမနှစ်ယောက်ကို မေးလိုက်၏။

"နင်တို့တွေ ဒါကို သွားဖြတ် လာတာလား"

ရှန်းနဥ်က ရှန်းအန်းကို လက်ညှိုးထိုးပြလိုက်ပြီး ပြုံးခါ ပြန်ဖြေလိုက်သည်။

"ကိုကြီးက သွားဖြတ်လာတာ"

ရှန်းအန်းက သူ၏ ညီမဖြစ်သူကို ချီးမွမ်းစကားပြောသည်။

"နောက်ပြီးတော့ အားနဥ်က အိမ်စောင့်ပြီး လျှော်တွေကို ကျစ်ထားပေးတာလေ"

"ကျွန်တော်တို့က ငယ်ပြီး အားအရမ်းမကြီးဘူးဆိုပေမဲ့ အိမ်မှုကိစ္စတွေကိုတော့ ကျွန်တော်တို့လုပ်နိုင်တာတွေ အကုန်လုံး လုပ်မှာ"

သူတို့၏ အားထုတ်မှုကို စိတ်လှုပ်ရှားသွားသည်တွင် စန်းလော့၏မျက်လုံးများက နွေးထွေးသည့် အကွေးလေးတစ်ခု ဖြစ်သွားပြီး ရှန်းနဥ်၏ ဆံပင်လေးကို အမြတ်တနိုး သပ်ပေးလိုက်သည်။

"နှစ်ယောက်စလုံးက တော်လိုက်ကြတာ"

သူမ၏ ပစ္စည်းများနှင့် ခြံထဲသို့ဝင်လာပြီးနောက်တွင် မောင်နှမနှစ်ယောက်က စကားတပြောပြောဖြင့် နောက်ကလိုက်လာပြီး သူမကို မေးခွန်းများ တရစပ်မေးတော့သည်။ အထူးသဖြင့် သကြားကို မည်သို့ မြန်မြန်ဆန်ဆန် ရောင်းချလိုက်သည့် အကြောင်းကိုပင်။

စန်းလော့က ငွေရှာသည့်အလုပ်ကို ကလေးများအပေါ်တွင် လျို့ဝှက်ချက်မထားချေ။ သကြားကို ယုံဖန်းကျိုင် သို့ ရောင်းချလိုက်ကြောင်း အကျဥ်းချုပ်ရှင်းပြလိုက်ပြီး ထပ်ပြောလိုက်သည်။

"အခုချိန်ကစပြီး ငါတို့ရဲ့မုန့်ရေကြည်နဲ့ သကြားကို အဲဒီနေရာကို ပို့ပေးရမှာ"

ရှန်းအန်းနှင့်ရှန်းနဥ်တို့သည် ငယ်ရွယ်သေးလေရာ သကြားပြုလုပ်သည့်နည်းလမ်းက မည်မျှ တပ်မက်ဖွယ်ကောင်းသည်ကို နားမလည်ကြချေ။ သူတို့အသီးသီးက သူတို့လုပ်ထားသည့် ပစ္စည်းများကို လူများကဝယ်ယူဖို့ရန် စောင့်နေပြီး သူတို့က ပစ္စည်းများကို ထုတ်လုပ်နိုင်သရွေ့ ငွေရှာလိုက်နိုင်ပြီဟူသည့် အကြောင်းပင်။ ဒါသည် သူတို့၏အစ်မကြီးက အိမ်မှ စောစောစီးစီးထွက်ပြီး နောက်ကျမှပြန်လာစရာ မလိုတော့သည့် အကြောင်းပင်။ သို့သော်ငြားလည်း လမ်းမကြီးနှင့်လမ်းကြားလေးထဲတွင် ပစ္စည်းများကို ပတ်ရောင်းရသည်က သူတို့အတွက် အလွန်ပျော်ရွှင်စရာ ဖြစ်ခဲ့လေသည်။

ရှန်းအန်းကတော့ သူ၏အစ်မကြီးဖြစ်သူက နည်းနည်းလောက် အနားရစေချင်သည်။ ထို့နောက်တွင်မှ စွန်ပလွန်သီးနှင့် တောဇီးသီးများကို သွားခူးဖို့ တောထဲသို့ သူ့ကို ခေါ်သွားစေချင်သည်။

သိုသော်ငြားလည်း စန်းလော့က မြင်လိုက်ပြီး ပြုံးလိုက်ကာ

"အခုချက်ခြင်းတော့ တောထဲမသွားသေးပါဘူး၊ ငါတို့တွေ အစားအသောက် ပစ္စည်းတစ်ခုကို လုပ်ဖို့လိုသေးတယ်"

မောင်နှမနှစ်ယောက်က ဇဝေဇဝါ ဖြစ်သွားကြသည်။

"အစားအသောက် အသစ် ဟုတ်လား"

စန်းလော့ကအပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။

"တို့ဟူးပဲ၊ ဒါပေမဲ့ အမျိုးအစား မတူဘူး၊ နင်တို့တွေ ခဏနေကြရင် ပိုသိလာလိမ့်မယ် အခုတော့ ငါက အရင်ဆုံး အဘွားချန်းဆီ သွားလည်ဖို့လိုသေးတယ်”

အရသာထည့်ထားသည့် တို့ဟူးခြောက်နှင့်တို့ဟူးမာတို့ကို ပြုလုပ်ရန် ရှိနှင့်ပြီးသား တို့ဟူး ပုံစံခွက်နှင့် အပေါ်ကဖိရသည့် သစ်သားများက မလုံလောက်ချေ။ သည်လို ပိုပြီး အသေးစိတ်ကျသည့် လက်သမားအလုပ်က စန်းလော့၏ အရည်အချင်းထက် သာလွန်နေသည်။ သူမကို ချန်းမိသားစုအိမ်သို့ သွားပြီး ချန်းယိုထျန်း၏ အကူအညီတောင်းခံဖို့ ဖိအားပေးနေတော့သည်။

တို့ဟူးကို အရသာနဲ့ပုံစံအသစ် လုပ်မည်ဟု သတင်းကြားလိုက်သည်တွင် အဘိုးချန်းတို့လင်မယားက ဝမ်းသာသွားကြတော့သည်။

အစားအသောက်အသစ်။ အထူးသဖြင့် တို့ဟူးနဲ့ပတ်သတ်နေတာ။ စန်းလော့က ဒီပစ္စည်းတွေကိုရောင်းဖို့အတွက် သူတို့ကို ထည့်စဥ်းစားပေးမှာ သေချာသလောက်ပင်။ သဘောက တစ်နေ့ကို ငွေပိုရှာနိုင်မဲ့ အလားအလာ ရှိတာပေါ့။

အဘွားချန်း၏ မျက်လုံးများက ပျော်ရွှင်မှုကြောင့် ကွေးတက်နေပြီး သူမက စန်းလော့ကို ကူညီပေးဖို့ ချန်းယိုထျန်းကို သူ၏ပစ္စည်းများကို ထုတ်လာဖို့ မှာကြားလိုက်လေသည်။

တို့ဟူးမာအတွက် လိုအပ်သည့် ဘောင်နှင့် အပေါ်ကဖိသည့်သစ်သားပြားများသည် တို့ဟူးပျော့လုပ်သည့် ပစ္စည်းများနှင့် ဆင်တူလေသည်။ သို့သော်ငြားလည်း အရသာဖြည့်ရသည့် တို့ဟူးခြောက်ကတော့ ဘောင်မလိုချေ။ သို့သော်ငြားလည်း သစ်သားပြားများ များစွာလိုအပ်ပေသည်။

စန်လော့ပြုလုပ်ဖို့ စဥ်းစားထားသည့် ပမာဏကို ကြားလိုက်ရပြီးနောက်တွင် ချန်းယိုထျန်းက ရှီမိသားစုနှင့်လုမိသားစုဆီသို့ သွားပြီး တောထဲတွင် သစ်ပင်များကို ခုတ်လှဲဖို့ရန်အတွက် ရှီအာ့လန် လုသာ့လန်နှင့်လုစန်းလန်တို့ကို သူနဲ့လိုက်ခဲ့ဖို့ အကူအညီ တောင်းလိုက်လေသည်။

စန်းလော့က နောက်ပိုင်းလုပ်ရမည့် ကိစ္စအတွက် စိတ်ပူစရာ မလိုတော့ချေ။ သူမ၏မိသားစုက ပစ္စည်းအမျိုးမျိုး ပုံမှန်ဆိုလျှင် ပစ္စည်းအမျိုးမျိုး ပြုလုပ်နေကြဖြစ်သည်။ ဆင်တူရိုးမှားနှင့် မသင့်တော်သည့်ကိစ္စကို ရှောင်ကျဥ်ဖို့ရန်အတွက် ချန်းယိုထျန်းက စန်လော့၏အိမ်တွင် အလုပ်မလုပ်တော့ဖို့ပင် ဆုံးဖြတ်ထားလိုက်သည်။ ထိုအစား သူက သူ့အိမ်တွင်သာ ထိုအလုပ်များကို ပြီးအောင်လုပ်ပြီး စန်းလော့ဆီသီု့ ပို့ပေးလိုက်မည်ဟု ရွေးချယ်ထားလိုက်သည်။

နောက်ဆုံး သူသည် ဒီအလုပ်နှင့် ကောင်းကောင်းရင်းနှီးပြီးသားဖြစ်ရာ စန်းလော့အနေဖြင့် အတိုင်းအတာကို လာပြီး စစ်ဆေးပေးဖို့ရန် မလိုချေ။

သစ်ပင်ခုတ်လှဲဖို့ လိုအပ်သဖြင့် စန်းလော့က မီးဖိုခန်းထဲတွင် ပစ္စည်းများကို သိမ်းဆည်းဖို့ရန်အတွက် စင်နှစ်ခုကိုလဲ ပြုလုပ်ပေးဖို့ ချန်းယိုထျန်းကို ရှက်ရှက်နှင့်ပင် အကူအညီ တောင်းလိုက်လေသည်။

အတုံးတုံးထားသည့် ဝဥအခြောက်များကို တာရှည်ခံဖို့ရန်အတွက် အိုးထဲတွင်ထည့်ပြီး ပိတ်ထားဖို့ရန်လိုအပ်သည်။ ထို့အပြင် မိသားစုသုံးခုနှင့် နေ့စဥ် ကုန်ပစ္စည်းများ လဲလှယ်ခြင်းမှ ရရှိလာသည့် ပိုလျှံနေသည့် ပဲများကိုလဲ စန်းလော့က ကျန်နေသည့် စပါးအိတ်ထဲတွင် စုဆောင်းထားလေသည်။ သူမက အိတ်ကြီးနှစ်ခုကိုဘဲ သိမ်းဆည်းထားပြီးဖြစ်သည်။

ပဲများက ပိုးတက်လွယ်သည်။ ထို့ကြောင့် စန်းလော့က ပဲများကို စပါးနှင့်အတူ မသိမ်းထားရဲချေ။ လတ်တလောတွင် ပစ္စည်းနှစ်ခုစလုံးကို မီးဖိုချောင်၏ အဓိကမီးဖိုကြီးနှင့် အဝေးဆုံး နံရံတွင်ကပ်ပြီး ထောင်ထားရသည်။ ပစ္စည်းများကို ပိုပြီးစုဆောင်းမိလာလျှင် ဒီလို ကပ်ပြီးထောင်ထားရခြင်းက သင့်တော့သည်အဖြေတစ်ခု မဟုတ်ချေ။

ချန်းယိုထျန်းက ကူညီပေးဖို့ အလိုက်သင့်လက်ခံလိုက်ပြီး တစ်ခြားကိစ္စမပြောနှင့် တုန်းဖူစားသောက်ဆိုင်မှ တို့ဟူးပုံမှန်အမှာစာ တစ်ခုနဲ့တင် စန်းလော့ဆီမှ သူ့မိသားစုအတွက် အထူးတလည် လက်ဆောင်ဖြစ်ပေသည်။ သည်လို အသေးအဖွဲ အလုပ်လေးကို ကူညီရခြင်းက အနည်းဆုံးတော့ သူတတ်နိုင်သည့်အရာပင်။

သူက စန်းလော့တောင်းဆိုထားသည့်အတိုင်း ဘောင်၁၅ခု နှင့်သစ်သားပြား၁၅ခုကို အရင်ဆုံး လုပ်ပေးလိုက်သည်။ ဒီအရာများက တို့ဟူးခြောက်ကို ဖိပေးရန်အတွက် မရှိမဖြစ်လိုအပ်သည်။ တစ်သုတ်ချင်းစီက အောက်ခံဘုတ်ပြားတစ်ခုနှင့် အပေါ်ကဖိပေးသည့် သစ်သားပြားလေးခု လိုအပ်သည်။ သစ်သားပြား၁၅ခုက တို့ဟူးလုပ်ဖို့ရန်အတွက် သုံးသုတ်အတွက်သာ လုံလောက်ပေသည်။

ချန်းယိုထျန်းနှင့် လက်သမားအလုပ်ကိစ္စ တိုင်ပင်နေစဥ်တွင် ရှန်းနဥ်ကလဲ ချန်းမိသားစုအိမ်သို့ ရောက်လာပြီး သူမအိမ်တွင် သကြားရည်နည်းနည်း လာလိုက်သောက်ဖို့အတွက် ရှောင်အာကိုလာပြီးခေါ်ခြင်း ဖြစ်လေသည်။

စန်းလော့ယူပြန်လာသည့် အိုးနှစ်အိုးထဲက သကြားအကြွင်းအကျန်များကို မောင်နှမနှစ်ယောက်က သေသေချာချာ ခြစ်ထုတ်လိုက်ကြသည်။ သူတို့ ခြစ်ထုတ်လို့မရသည့် အပိုင်းကိုတော့ ခရားအိုးထဲသို့ ရေနွေးများကို လောင်းထည့်လိုက်ပြီး သေသေချာချာ မွှေနှောက်လိုက်ကာ သကြားရည်နှစ်အိုးခွဲ ရလာလေသည်။

ဒီလိုသကြားရည်က မြို့ထဲတွင်ပင် ဇိမ်ခံပစ္စည်းတစ်ခုဖြစ်ပြီး ကျေးလက်တွင်တော့ ပြောရန်ပင်မလိုချေ။ သို့သော်ငြား သူတို့၏အိမ်တွင်တော့ ပေါများလွန်းနေလေသည်။ ပေါများလွန်းသည့် အတွက်ကြောင့် မိသားစုသုံးယောက်လုံးက အတူတူသောက်ရသည့်အပြင် သူတို့သည် ထိုအရာကို တစ်ရက်ထဲနှင့်မကုန်ခဲ့ကြချေ။ သူတို့က သူတို့၏သူငယ်ချင်းများနှင့် ဝေမျှဖို့ရန် အတွေးက အလိုလိုရှိလေသည်။

ရှောင်ယာကို အကြောင်းကြားလိုက်ပြီးနောက်တွင် ရှန်းနဥ်က ချန်းအာ့ရှန်ကိုလဲ ခေါ်ရရင်ကောင်းမလားဟု စဥ်းစားလိုက်လေသည်။

အခုဆိုလျှင် ချန်းအာ့ရှန်က အရွယ်ရောက်လုနီးပါးဖြစ်လေသည်။ သူက မုန့်စားချင်ရုံသက်သက်နှင့်တော့ ကလေးများနောက် မလိုက်လာတော့ချေ။ ရှန်းနဥ်က သူ့ကို ခေါ်ပါသော်လည်း သူက မလာချေ။

သူတို့သည် သူမ၏အစ်ကိုနှင့်သူငယ်ချင်းကောင်းများ ဖြစ်ကြသည့် ဟူကျီ အာ့ညိုတို့ကိုလဲ အသိပေးဖို့ လိုအပ်သေးသည်။ ဟူကျီနှင့်အာ့ညိုက ညီအစ်ကိုများဖြစ်ကြကာ သူတို့ကိုချန်ထားလျှင် မျှတလိမ့်မည်မဟုတ်ချေ။

ရှန်းနဥ်သည် ကစားဖော်ကစားဘက်ဟူသည့် အခေါ်အဝေါ်ကို သေချာမသိသော်ငြားလည်း သူတို့က သူမ၏အိမ်ကို မကြာခဏ လာကူညီပေးတတ်ကြသည့် သူငယ်ချင်းများဖြစ်သည်ကိုတော့ ကောင်းကောင်း သတိထားမိလေသည်။ မုန့်များကို ညီတူညီမျှ ဝေမျှပေးရလိမ့်မည်။

ထို့ကြောင့် ချန်းယိုထျန်းနှင့် စန်းလော့တို့၏ မိသားစုက သစ်ပင်ခုတ်လှဲမည့်ကိစ္စနှင့် အလုပ်များနေကြချိန် ရှန်းနဥ်က ရှောင်ယာကို အဖော်ခေါ်လာပြီး အနီးအနားက ကလေးများကို သူတို့၏ အိမ်တွင် သကြားရည်လာသောက်ဖို့ သွားခေါ်လိုက်လေသည်။

သူမက သကြားမှာ အိမ်ကလုပ်သည့်ပစ္စည်းဟု မပြောလိုက်ချေ။ သူမ၏မရီးဖြစ်သူက သူမနှင့်သူမအစ်ကိုအတွက် နည်းနည်းပါးပါး ဝယ်လာသည်ဟုသာ ပြောလိုက်သည်။ သူမက ပြီးခဲ့သည့်တစ်ခေါက်က လမ်းခင်းရာတွင် အကူအညီပေးခဲ့သည့် အားလုံးကို ဝေမျှချင်သည့်အကြောင်း ပြောပြလိုက်သည်။

ကလေးများက အနီးအနားတွင် နေကြသည်။ ရှန်းနဥ်က တစ်အိမ်ပြီးတစ်အိမ် သွားခေါ်လိုက်သည်တွင် သူမသည် သူမ၏ တတိယဦးလေးအိမ်ကို မဖြစ်မနေ ဖြတ်လျှောက်ရလေသည်။ သကြားမုန့်ဟု ကြားလိုက်ရသည်တွင် ကလေးများက အပြင်ထွက်ကာ အော်မပြောလိုက်ကြသော်လဲ ဝမ်းသာအားရဖြင့် ထိုသတင်းကို အချင်းချင်း တီးတိုးပြောလိုက်ကြသည်။ ကလေးများကြားတွင်တော့ ပုံမှန်မြင်နေကြမြင်ကွင်းတစ်ခုပင်။

ရှန်းကျင့် ရှန်ယင်နှင့် ရန်းထျယ်သို့ကဲ့သို့ပင်။

ညီအစ်ကိုသုံးယောက်က ရှန်းနဥ်တွင် သေချာပေါက် အရသာရှိသည့်မုန့်များ ရှိလိမ့်မည်ဟု တွေးထားကြလေသည်။

ရှန်းကျင့်က နှုတ်ခမ်းကို တင်းနေအောင် စုထားလိုက်သည်။ ရှန်းနဥ်က အိမ်ပေါင်းများစွာကို လှည့်ပတ်သွားလာသော်လည်း သူတို့ရှိရာဘက်သို့ တစ်ချက်မှ လှည့်မကြည့်သည်ကို ကြည့်နေမိသည်။

ရှန်းယင်က သူတို့အိမ်ထဲကို ချောင်းကြည့်လိုက်ပြီး မိဘများမရှိသည်ကို မြင်လိုက်သည်တွင် တိတ်တိတ်လေး နေလိုက်၏။

"အစ်ကိုသုံး ပြီးခဲ့တဲ့အခေါက်တုန်းက ငါတို့ရဲ့ဒုတိယအစ်ကိုနဲ့အစ်မကို ဝက်ဆီဖတ် သွားကျွေးခဲ့သေးတယ် မဟုတ်လား၊ သူတို့တွေက သူတို့မှာ စားစရာရှိလာရင် ငါတို့ကိုခေါ်မယ်လို့ ပြောထားခဲ့တယ်မဟုတ်လား"

"ဒါဆိုရင် သူတို့က ငါတို့ကို ဘာလို့မခေါ်တာလဲ"

ရှန်းထျယ်က စဥ်းစားလိုက်လေသည်။

"ငါတို့တွေ သွားကြပြီး အပြင်မှာ သွားရပ်ကြမလား"

သူတို့၏ ဒုတိယအစ်ကိုနှင့်အစ်မက သူတို့၏အိမ်သို့မလာသည်မှာ အရမ်းကို ကြာသွားသယောင် ထင်ရလေသည်။

ရှန်းကျင့်က သူ့နှုတ်ခမ်းများကို ကိုက်ထားလိုက်ပြီး အချိန်အတော်ကြာအောင် ကြည့်နေလိုက်ပြီး နောက်မှ ရုတ်တရက် စကားထုတ်ပြောလိုက်သည်။

"အပြင်မထွက်တော့ဘူး၊ အထဲပြန်ဝင်ကြမယ်"

ရှန်းယင်နှင့်ရှန်းထျယ်တို့က ဇဝေဇဝါ ဖြစ်သွားကြသည်။

ရှန်းယင်က မေးခွန်း ထုတ်လိုက်၏။

"ဒီလိုဆိုရင် ငါတို့က စားစရာ ဘာမှမရတော့ဘူးဆိုတဲ့ အဓိပ္ပာယ် မဟုတ်လား"

သို့သော်ငြားလည်း မိသားစုခွဲပြီးကတည်းက ညီငယ်နှစ်ယောက်သည် အမြဲတမ်းဆိုသလို သူတို့၏ အစ်ကိုကြီးနောက်သို့ လိုက်ပါလာတတ်သည်။ ရှန်းကျင့်က ဘာကိုဘဲပြောပြော သူတို့သည် နားထောင်တတ်ကြရာ ရှန်းကျင့်နောက်မှနေ၍ အိမ်ထဲသို့ ချီတုံချတုံဖြင့် တန်းစီပြီး လိုက်ဝင်လာကြတော့သည်။

ရှန်းနဥ်က ရှန်းကျင့်ကို တွေ့လိုက်သော်လည်း သူမက တမင်တကာ မမြင်ချင်ယောင် ဆောင်ထားလိုက်တော့သည်။

သူမက ပြီးခဲ့သည့်အခေါက်က သူမ၏တတိယအဒေါ်က သူမကို ဆူပူကြိမ်းမောင်းလိုက်သည်ကို မမေ့သေးချေ။

ကလေးတစ်အုပ်က ဆူဆူညံညံဖြင့် တောင်ပေါ်တွင်ရှိသည့် ရှန်းမိသားစု၏ ပထမအိမ်ထောင်စီသို့ ပြေးသွားကြတော့သည်။သူတို့၏ အသံများက ကျယ်လောင်ပြီး စည်ကားကြလေသည်။

ရှန်းယင်နှင့်ရှန်းထျယ်တို့ကတော့ အတိုင်းအတာတစ်ခုထိ ငေးငေးငိုင်ငိုင် ဖြစ်သွားကြသည်။

ညီအစ်ကိုနှစ်ယောက်က ခွေးခြေခုံလေးပေါ်တွင် ထိုင်လိုက်ကြပြီး အချင်းချင်း ကြည့်လိုက်ကြပြီးနောက်တွင် သူတို့၏အစ်ကိုကို ပြန်ကြည့်လိုက်ကြလေသည်။ ရှန်းကျင့်က ဂျင်ပေါက်နေသည်ကိုသာ စိတ်နှစ်ထားပြီး သူတို့ကို လုံးဝ လစ်လျူရှုထားသည်။

သူတို့နှစ်ယောက်စလုံးမှာ စိတ်ပျက်ပျက်နှင့် ခေါင်းကိုငုံ့ထားလိုက်ရကာ ကြိတ်ကာအားကျမိနေရင်း အဝေးတစ်နေရာသို့ ပျောက်ကွယ်သွားသည့် ကလေးတစ်အုပ်ကို ကြည့်နေမိတော့သည်။

...

T/N: အရသာသွင်းထားတဲ့တို့ဟူးခြောက်ကလေ ခြောက်နေအောင် နေလှန်းထားတဲ့ဟာ မဟုတ်ပါဘူး။ ဆီမစိမ်ထားတဲ့ တို့ဟူးချဉ်၊ တို့ဟူးဆိမ့် လိုဟာမျိုးကို ပြောတာပါ။

All Chapters