အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
အပိုင်း (၈၃) ပဲငံပြာရည် တို့ဟူးခြောက်
ရှန်းအန်းနှင့်ရှန်းနဉ်ဆီမှ သကြားရည်ဝါးကျည်တောက်ကို လက်ခံရရှိတော့ ရှန်းကျင့်က သူ့ဝမ်းကွဲများနှင့် ပြန်ပြေလည်သလိုခံစားလိုက်ရသည်။ ရှန်းအန်းအိမ်သို့ ရက်ပေါင်းများစွာကြာမသွားရောက်ဘဲ ဤဝါးကျည်တောက်အား လက်ခံရရှိခြင်းသည် လွတ်မြောက်မှုတစ်ခုနှင့်တူ၏။ နေ့လည်ရောက်တော့ ရှန်းထျန်းကိုကြည့်ရှုရန် ရှန်းထျယ်ကို အိမ်၌ချန်ထားခဲ့ပြီး လျှော်နှစ်စည်းထပ်ခုတ်ရန် ရှန်းယင်ကိုခေါ်သွားလေသည်။ ထို့နောက် ပျော်ရွှင်စွာဖြင့် ထိုအရာများကို တောင်ပေါ်သို့သယ်သွားတော့သည်။
သေချာပေါက်၊ သူသည် ဆေးပြီးသားဝါးကျည်တောက်ကိုပါ ယူသွားလေ၏။
ရှန်းအန်းကို ရှာမတွေ့ဘဲ အပြင်၌ထိုင်ကာလျှော်ခြစ်နေသည့် ရှန်းနဉ်ကိုသာတွေ့တော့ ရှန်းကျင့်သည် အနည်းငယ် ကသိကအောက်ဖြစ်သွား၏။ သူမကို ရှန်းအန်းရှိမည့်နေရာနှင့် ပတ်သတ်ပြီး မေးလိုက်လေသည်။
"ထုံးစံအတိုင်းပဲ၊ သူဒီမှာ မရှိဘူး"
"ငါ့ယောင်းမနဲ့တောင်တွေဆီကို သွားနေတယ်"
တောင်များတွင် သူတို့လုပ်သည့်အရာများအတွက်တော့
"ငါတို့မှာ ကိုယ်ပိုင်မြေမရှိဘူး။ အသက်မွေးဝမ်းကြောင်းပြုဖို့ တောင်ပေါ်ကိုသွားရတာကလွဲရင် တခြားဘာလုပ်စရာရှိလို့လဲ"ဟု ရှန်းနဥ်က ပြန်ခံပြောမည်ကိုသိသော ရှန်းကျင့်သည် မမေးရဲပေ။
သူသည် သေချာပေါက် ငြင်းဆိုခံရမည်ဖြစ်သောကြောင့် မမေးတော့ပေ။
ကျေးဇူးတင်စကားပြောရန် သတ္တိမရှိသောကြောင့် ဝါးကျည်တောက်ကို ရှန်းနဉ်ထံသို့ ပြန်ပေးလိုက်၏။ ရှန်းကျင့်သည် လျှော်ပင်များကို ချလိုက်ပြီး ကျောက်စရစ်လမ်းပေါ်တွင်ထိုင်ချကာ လျှော်ပင်များကို စတင်ခွာလေတော့သည်။
အမှန်ပင်။ နေ့လည်ဘက်လျှော်ခြစ်ရာတွင် ကူညီပေးသည့်ကလေးများသည် ရှန်းကျင့်နှင့်ရှန်းယင်တို့ထက် ပိုများ၏။ မနက်ခင်းက သကြားရည် သောက်ခဲ့ကြသည့်အုပ်စု အားလုံးပြန်ရောက်လာကြသည်။ ဝဥခြင်းတောင်းနှစ်လုံးဖြင့် စန်းလော့နှင့်ရှန်းအန်းတို့ပြန်ရောက်လာချိန်တွင် ကလေးများသည် ကျောက်တုံးများဖြင့်ဆောက်ထားသော စမ်းရေကန်၏ တစ်ခြားတစ်ဖက်ကို တစ်ဝက်ပိတ်ထားပြီးဖြစ်ပြီး ရေစိမ်ထားသောလျှော်ပင်များကို ရေစီးနှင့်မပါသွားစေရန် သေချာလုပ်ထားကြသည်။
လျှော်ပင်ခြစ်သည့်ဓားများက မရှားပါးပေ။ ကလေးများ၏ဆုလာဘ်ဖြစ်သော သကြားရည်တစ်ပန်းကန်ကိုသတိပြုမိသည့် အရွယ်ရောက်ပြီးသူများအနေဖြင့် သူတို့ကို မိသားစု၏လျှော်ခြစ်ဓားများအား သယ်သွားခွင့်ပြုကြ၏။
စီးဆင်းနေသောရေထဲတွင် လျှော်ပင်များကို တစ်နာရီ၊ နှစ်နာရီခန့်စိမ်ထားပြီးနောက် စန်းလော့နှင့်ရှန်းအန်းတို့ ဒုတိယအကြိမ်ပြန်ရောက်လာချိန်တွင် ကလေးများသည်လျှော်ခြစ်နေဆဲဖြစ်ပြီး အသက်ကြီးသူများက မြေပြင်ပေါ်ရှိလျှော်ပင်များကို ကျွမ်းကျင်သောလှုပ်ရှားမှုများဖြင့် ခွာယူနှင့်ပြီးဖြစ်သည်။
ခွာထားသောလျှော်ပင်များကို အခြောက်ခံဖို့လိုသည်။ စန်းလော့က ခြံဝင်းထဲရှိသစ်ပင်များကြားရှိ လျှော်ကြိုးများပေါ်တွင် လှန်းထားသောအဝတ်များကို သိမ်းပေးရန်စဉ်းစားနေသော်လည်း အားနျိုသည် ရွှင်မြူးစွာဖြင့်ပြောလိုက်၏။
"မရီး၊ ဘာမှမစိုးရိမ်နဲ့။ ကျွန်တော့် အဒေါ်ရယ် အဘွားလုနဲ့ အဘွားချန်းတို့က ပြောထားပြီးပြီ။ သမီးတို့က သူတို့ရဲ့ဝါးလုံးတွေကို ယူသုံးလို့ရတယ်တဲ့။ လျှော်ပင်တွေ အခြောက်ခံဖို့ကို သူတို့ ငှားပေးလိမ့်မယ်။ ခြံတံတိုင်းတစ်လျှောက် နေရာချရုံသက်သက်ပဲ"
ဤအရာက စန်းလော့ကို ဒုက္ခများခြင်းမှကယ်တင်ပေးလိုက်ကာ သူမက ပြုံးလိုက်၏။
"အရမ်းအဆင်ပြေတာပဲ၊ ကျေးဇူးပြုပြီး မင်းရဲ့အဒေါ်ကို ကျေးဇူးတင်စကား ပြောပေးပါဦး"
အားနျို၏အဒေါ်ဖြစ်သော ရှီအာ့လန်၏မိန်းမသည် စန်းလော့နှင့် အတူအကွ မှိုလိုက်ရှာစဉ်အချိန်ထဲက သူမနှင့်ရင်းနှီးသောဆက်ဆံမှုတစ်ခုကို ခံစားခဲ့ရသည်။ သူမသည် စန်းလော့ကို မကြာခဏကြည့်ရှုစောင့်ရှောက်ကာ ဟင်းရွက်များကို ပုံမှန်ပို့ပေးလေ့ရှိသည်။ ဟုတ်ပါသည်။ ချန်းမိသားစုအတွက် သီးသန့်ဖြစ်ခဲ့သော တို့ဟူးအနှစ်ကဲ့သို့အရာများကိုပင် ရှီနှင့်လုမိသားစုများကိုပါ မျှဝေပေးလေ၏။
အားနျိုသည် စန်းလော့၏ စကားကြောင့် ခေါင်းကုတ်ကာပြုံးလျက် အသိအမှတ်ပြုလိုက်သည်။ ထို့နောက် သူ့အလုပ်ကို ခေါင်းငုံ့ကာဆက်လုပ်လေ၏။
စန်းလော့က ဝဥများကို တတ်နိုင်သမျှစုဆောင်းပြီး စီမံနိုင်ရန်အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ထားရသောကြောင့် သူတို့ကို အာရုံမစိုက်နိုင်ပေ။ တစ်နေ့လျှင် ဝဥ နှစ်ကြိမ်တူးခြင်း၊ စွံပလွန်သီးများခူးခြင်းနှင့် အရာအားလုံးကို စီမံဆောင်ရွက်ခြင်းသည် သူမ၏အချိန်ဇယားကို အလွန်ပင်အလုပ်များနေတော့သည်။
……
ချန်းယိုထျန်းသည် နေ့လည်ခင်းတွင်အနားယူခြင်းမရှိဘဲ ချန်းအာ့ရှန်ကို နေ့လည်တွင် တို့ဟူးခြောက်ဖိရန်လိုအပ်သော သစ်သားပြား၁၅ချပ်ထဲမှ ၁၀ချပ်ကို သွားပို့ခိုင်းလိုက်သည်။ သူသည် စန်းလော့က ထိုအရာများကို ဘာကြောင့်လိုအပ်သည်ကို မသိသော်လည်း သူမက ဦးစားပေးရန် ပြောသည့်အတွက် စောစောစီးစီးပို့ပေးလိုက်ပါက စတင်အသုံးပြုနိုင်လိမ့်မည်။
တောင်တွေဆီမှပြန်ရောက်လာသော စန်းလော့သည် သစ်သားပြား၁၀ချပ် ရောက်နေသည်ကိုမြင်တော့ စိတ်ပျော်ရွှင်သွားလေသည်။ ရံဖန်ရံခါလှုပ်ရှားမှုဖြင့် သူမသည် နေ့လည်ပိုင်းတွင် ပဲများကိုရေစိမ်ပြီး သစ်သားပြားများနှင့် အရွယ်အစားတူသောကျောက်တုံး အများအပြားကိုရှန်းအန်းနှင့်အတူ သယ်လာ၏။
သူမက ချန်းမိသားစုထံမှ ဓားကောက်နှင့်ကတ်ကြေးငှားရန် ရှန်းအန်းကို လွှတ်လိုက်ပြီးနောက် အခြောက်လှန်းစင်ပြုလုပ်ရာမှ ကျန်ရှိသောဝါးများကို ခြံဝင်းထဲသို့ ရွှေ့လိုက်လေသည်။ သူမသည် မီးဖိုနေသမျှကာလပတ်လုံး ထိုအရာများကို လက်တစ်လုံးမျှထူသော ဝါးခြမ်းများအဖြစ်ခွဲထားပြီး ပဲ့ထွက်နေသည့်အစများကို ဂရုတစိုက်ဖယ်ရှားကာ နောက်ပိုင်းတွင် အသုံးပြုရန်အတွက် ဆေးကြောလိုက်၏။
ထိုကိစ္စပြီးသွားသည့်နောက်တွင် သူမက တံခါးကိုပိတ်လိုက်ပြီး နတ်သမီးတို့ဟူးထုတ်လုပ်မှုကိုရပ်တန့်ပြီးနောက် သူမသိမ်းထားသည့် သန့်ရှင်းပြီးနေလှန်းထားသည့် ရေစစ်အဝတ်စကို ပြန်ထုတ်လာလိုက်လေသည်။ သူမက ထိုအရာများကို လက်ဖဝါးထက် အနည်းငယ်ကြီးသည့် ကြည့်ကောင်းရုံစတုရန်းပုံများအဖြစ် ညှပ်လိုက်၏။
ပိတ်စတစ်ခုလုံးညှပ်ပြီးသွားသည့်အချိန်တွင်ပင် သူမ၌ အလုံအလောက်မရှိသေးပေ။ ထို့ကြောင့် မသုံးရသေးသောပိတ်စအသစ်ကို ရှာကာ သူမတွင် ပိတ်စအပိုင်း တစ်ရာကျော်မရမချင်း ဆက်ညှပ်လေသည်။
ရှန်းနဉ်က သူမဆက်တိုက်ညှပ်နေသည်ကို စောင့်ကြည့်ပြီး အဝတ်စတော်တော်များများမှာ ဖြတ်စညှပ်စများအဖြစ်သို့ ပြောင်းသွားသည်ကိုမြင်တော့ သူမမှာ ရင်နာနေတော့သည်။
စန်းလော့က ပြုံးလိုက်၏။
"ဒါတွေက အရေးကြီးတဲ့ အသုံးပြုစရာတစ်ခုအတွက်လေ၊ ညကျ သိရလိမ့်မယ်"
သိသိသာသာပင်၊ သူမ၏ အသေးစိတ်ပြင်ဆင်မှုများသည် ရှန်းအန်းနှင့်ရှန်းနဉ်တို့၏ သိချင်စိတ်များကို အပြည့်အဝ ထိုးတက်သွားစေတော့သည်။
နောက်နေ့တွင်တုန်းဖူစားသောက်ဆိုင်သို့ပို့ပေးရမည့် သတ်သတ်လွတ်အူကြမ်းနှင့် စွံပလွန်ကိတ်မုန့်များကို ပြုလုပ်ပြီးနောက် ထိုအရာများကို စီစဉ်ရန်စောင့်ဆိုင်းရင်း စန်းလော့သည် ညနေက ပဲစေ့ပြုတ်ထားသည်ကို စစ်ဆေးကြည့်လိုက်၏။ အဆင်သင့်ဖြစ်နေသည်ကိုမြင်တော့ ထိုအရာများကို စတင် ကျိတ်ချေတော့သည်။
သူတို့၏မရီးက ယနေ့တွင် ဟင်းပွဲအသစ်တစ်ပွဲ ပြင်ဆင်နေသည်ကို သိနေကြသည့် ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် အတော်လေး စိတ်လှုပ်ရှားနေကြပြီး လုပ်ငန်းစဉ်၏အဆင့်တိုင်းကို ကူညီပေးရင်း အနည်းငယ် ပဟေဠိဖြစ်နေကြသည်။
"မရီး၊ ဒါက တို့ဟူးပဲမဟုတ်လား"
စန်းလော့က ပြုံးလိုက်၏။
စန်းလော့သည် ခဲသည့်အဆင့်အထိမရောက်သေးသော ထိုနေ့ကဝယ်ခဲ့သည့် ကျောက်မှုန့်အတုံးသေးလေးတစ်ခုအား ညပ်ညပ်ကြေသွားသည်အထိ မကျိတ်ချေခင် အတုံးအသေးလေးများဖြစ်အောင် ချေမွပစ်လိုက်သည်။ ရှန်းအန်းနှင့် ရှန်းနဉ်တို့၏မျက်လုံးများ ပြူးကျယ်သွားတော့၏။
"မရီး၊ တို့ဟူးလုပ်ဖို့ မတူတဲ့တစ်ခြားတစ်ခုကို သုံးနေတာလား"
မောင်နှမနှစ်ယောက်သည် ကျောက်မှုန့်ကို မမှတ်မိသော်လည်း စန်းလော့သည် အခဲလုပ်သည့်အမှုန့်ကို အမြဲတမ်းအသုံးပြုသည်ကို မြင်သောကြောင့် ကွဲပြားမှုကို ပြောနိုင်ကြသည်။
"ဟုတ်တယ်၊ ဒါကို ကျောက်မှုန့်လို့ခေါ်တယ်။ ဒါကိုသုံးတာက တို့ဟူးကို မတူညီတဲ့ပုံစံနဲ့ ခဲသွားစေပြီး ခဲ့သွားတဲ့ဟာကို တို့ဟူးမာလို့ခေါ်တယ်။ ဒါပေမယ့် ငါတို့မှာ တို့ဟူးပုံစံခွက်အနည်းငယ်ပဲရှိပြီး မနက်ဖြန်မနက်မှာ အရေအတွက် တစ်စုံထုတ်လုပ်ဖို့လိုတယ်။ ဒါကြောင့် ဒီညမှာ တို့ဟူးမာကို မလုပ်ဘူး။ ဒါပေမယ့် အဲ့အစား တို့ဟူးခြောက်ကို ပဲငံပြာနဲ့နှပ်မယ်"
အမှန်ပင်။ အခဲလုပ်သည့်အမှုန့်ဖြင့် လုပ်ထားသောတို့ဟူးကို တို့ဟူးခြောက်လုပ်ရတွင်လည်း အသုံးပြုနိုင်ပါသည်။ သို့သော် အနေအထားမှာ နည်းနည်းကွဲပြားနိုင်၏။ စန်းလော့သည် တို့ဟူးမာပြုလုပ်ရန် ရည်ရွယ်ထားသောကြောင့် ကျောက်မှုန့်ကို ဝယ်ခဲ့လေသည်။
ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် စိတ်အားထက်သန်စွာစောင့်ကြည့်နေကြပြီး "ပဲငံပြာရည်စိမ်ထားသောတို့ဟူးခြောက်"ဟုခေါ်သည့် ဟင်းပွဲအသစ်နဲ့ပတ်သက်ပြီး သိချင်နေကြသည်။
အခဲပြုလုပ်ခြင်းကိုပြောရလျှင် အခဲလုပ်ခြင်းမှလွဲ၍ တို့ဟူးပြုလုပ်ခြင်းလုပ်ငန်းစဉ်နှင့် မကွဲပြားပေ။ ခဲထားသောတို့ဟူးအတုံးများကို တန်းစီပြီး ပိတ်ပါးဖြင့်ပုံစံခွက်ထဲသို့ဖိထည့်မည့်အစား ပုံစံခွက်များကို ယာယီရေစစ်အဖြစ်သာ အသုံးပြုလိုက်၏။
အစောပိုင်းကဖြတ်ထားသော ပိတ်ပါးကို ယခု အသုံးပြုလိုက်၏။ လက်ဆေးပြီးသွားသည့် ကူညီပေးသူနှစ်ယောက်သည် စန်လော့၏ဦးဆောင်မှုနောက်မှ လိုက်ပါကာ ခဲနေသောတို့ဟူးကို အဝတ်စထဲသို့ခပ်ထည့်ကာ တင်းကျပ်သော လေးထောင့်တုံးလေးများဖြစ်စေရန် ထုပ်ပိုးထားလေသည်။
ယခုတော့ သစ်သားပြားအသစ်များကို စတင်အသုံးပြုလာပြီး ထိုအပေါ်တွင် သပ်သပ်ရပ်ရပ် ထုပ်ပိုးထားသောအတုံးများကို တင်ရန်စီစဉ်ထား၏။ နောက်ဆုံးတွင် သစ်သားပြားအကြီး နှစ်ချပ်အပြည့်ဖြည့်ထားပြီး တစ်ချပ်လျှင် ၆၄တုံးဖြင့် စုစုပေါင်း ၁၂၈တုံးရှိလေသည်။
ထို့နောက် ရှန်းအန်းနှင့်ရှန်းနဉ်တို့၏ ပဟေဠိဖြစ်နေသောအကြည့်အောက်တွင် စန်းလော့သည် တို့ဟူးများအပြည့်စီထားသည့် သစ်သားပြားနှစ်ချပ်ပေါ်သို့ သစ်သားပြားတော်တော်များကို ထပ်လိုက်ပြီး စုစုပေါင်းလေးခု ထပ်လိုက်ပြီးမှ အပေါ်မှနေ၍ သန့်ရှင်းပြီးသား ကျောက်ပြားများကို တင်ထားလိုက်သည်။
"ကျောက်ပြားများ" သည် အမှန်တကယ်ကြီးမားပြီး သစ်သားပြားများနှင့် ဆင်တူကာ တော်တော်လေး အနားညီကြသည့်ကျောက်များဖြစ်ပြီး ဖိအားကို သေချာဖြန့်ပေးလေသည်။
မြေကြီးပေါ်သို့ ကျသွားသည့် ရေများက စိတ်ပျော်ရွှင်စရာအမှိုက်တစ်ခု မဟုတ်လေရာ ရေများကို မြေကြီးပေါ်မကျစေရန် သူမက ပုံးအလွတ်နှင့်အိုးအလွတ်တော်တော်များကို တစ်စက်စက်ကျနေသော ရေများကိုခံရန် အောက်ခြေသစ်သားပြား၏အစွန်းတွင် နေရာချထားလိုက်၏။
အရာအားလုံးအစီအစဉ်ကျသည်နှင့် စန်းလော့က ပြုံးလိုက်၏။
"အားလုံးပြီးပြီ၊ အခုတော့ ၄၅မိနစ်လောက်စောင့်ရမယ်"
သူမက ၄၅မိနစ်ဟုပြောသော်လည်း တိကျသောအချိန်တိုင်းကိရိယာမရှိပေ။ ထိုအရာအားလုံးမှာ အတွေ့အကြုံဖြင့်ဆုံးဖြတ်ကြခြင်းသာဖြစ်သည်။
ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် အနီးနားတွင်ထိုင်ချပြီး ပိတ်ပါးဖြင့်ထုပ်ထားသော လေးထောင့်တုံးတို့ဟူးများကို ပဲငံပြာရည်ကို ဖြည်းဖြည်းချင်းညှစ်ကာ သစ်သားသစ်သားပြားများပေါ်သို့ ပုံမှန်ကျဆင်းလာပြီးနောက် ပုံးအလွတ်များထဲသို့ရောက်သွားသည်ကို ကြည့်နေကြသည်။
အိမ်ထောင်စုကိစ္စများတွင် အမြဲတမ်းသတိရှိသော ရှန်းနဉ်သည် တို့ဟူးပြုလုပ်ခြင်းလုပ်ငန်းစဉ်ကို လေ့လာပြီးနောက် ထွက်လာသောပဲအရည်သည် ပဲနို့ကဲ့သို့ သောက်လို့ရနိုင်မည်လားဟု မေးလိုက်လေသည်။ နောက်ဆုံး တို့ဟူးတုံးများ အပါအဝင် အရာအားလုံးကို ပြုတ်ထားခြင်းပင်။ သို့သော် စန်းလော့ကတော့ မလုပ်ဖို့ အကြံပေးလေသည်။
"အဲ့တာက အရသာမရှိဘူး။ ကျောက်မှုန့်အကျန်တွေပါဝင်နေနိုင်တာမလို့ သောက်ဖို့ မသင့်တော်ဘူး"
နောက်ဆုံးတော့ ဤအရည်ကို ရိုးရှင်းစွာပင်လွှင့်ပစ်လိုက်၏။ အစပိုင်းတွင် ရှန်းနဉ်သည် ကြက်များနှင့်ဘဲများသောက်မိမည်ကိုစိုးရိမ်သော်လည်း စန်းလော့နှင့်ဆွေးနွေးပြီးနောက် အန္တရာယ်မရှိသဖြင့်စိတ်ချသွားလေသည်။
အဝတ်ဖြင့်ထုပ်ထားသောအတုံးများက ပိုသေးလာပြီး သတ်မှတ်ထားသောအချိန် ရောက်လာသည်ဟု ထင်ရသည်တွင် မောင်နှမနှစ်ယောက်သည် စန်းလော့ကို စစ်ဆေးပေးဖို့ ခေါ်လိုက်လေ၏။
အချိန်ကျပြီဟုခံစားရသဖြင့် စန်းလော့သည် ကျောက်တုံးများနှင့် သစ်သားပြားအလွှာများကို ဖယ်ရှားလိုက်ပြီးနောက် ထုပ်ပိုးထားသည့် အစကို ဖယ်လိုက်သည်တွင် တို့ဟူးနှင့်လုံးဝကွဲပြားသည့် အသွင်အပြင်ကို အံ့အားသင့်နေကြသည့် မောင်နှမနှစ်ယောက်အား လှစ်ပြလိုက်တော့သည်။
"ဒါဆို ဒါက တို့ဟူးခြောက်ကို ပဲငံပြာရည်နဲ့စိမ်ထားတာပေါ့"
"ဒါက အရသာရှိလား"
စန်းလော့က ပြုံးလိုက်၏။
"ဒါက တို့ဟူးခြောက်အလွတ်လေ၊ အခုထိ ပဲငံပြာရည်မစိမ်ရသေးဘူး"
ပိတ်စများဖယ်သည့်တာဝန်ကို ရှန်းနဉ်ထံသို့လွှဲပေးလိုက်ရင်း စန်းလော့က ရှန်းအန်းကို မီး ကူမွှေးပေးရန်ခေါ်လိုက်၏။ ထို့နောက် ထိုနေ့က မြို့မှဝယ်ခဲ့သော ပါဝင်ပစ္စည်းများနှင့်အတူ ဟင်းခတ်အနှစ်ကို စတင်ပြင်ဆင်လေသည်။
ယခင်က နှပ်ထားသောအသားကို စားဖူးသည့် ရှန်းအန်းသည် မည်မျှမွှေးသည်ကိုသိသောကြောင့် သူ၏အတွေးများများ လင်းလက်သွားတော့သည်။
"မရီး၊ ဒီတို့ဟူးခြောက်က အသားနှပ်ထားတဲ့အရသာလိုပဲလား"
ထိုအရာသည် တူညီသောရနံ့ရှိသော်လည်း အရသာမှာမတူညီနိုင်ပေ။
အရေးအကြီးဆုံးမှာ အသားက အသားဖြစ်ပြီး နှပ်ထားသည့်တို့ဟူးသည် အမှန်ပင် အစားမထိုးနိုင်ပေ။
သို့သော် အရသာရှိနေဆဲပင်။
ညရောက်လာသောအခါ စွဲမက်ဖွယ်ကောင်းသောအနံ့သည် သူတို့မီးဖိုချောင်မှ ခြံဝင်းကိုဖြတ်၍ လေထဲသို့ စတင်ပျံ့နှံ့လာ၏။ သူတို့သည်အခြားသူများရနံ့ရရန် ရွာဖြင့်ဝေးလွန်းသောနေရာတွင် နေထိုင်သောကြောင့် ရှန်းအန်းနှင်းရှန်းနဉ်တို့ကိုသာ ဆွဲဆောင်နေသည်။
ရှန်းနဉ်တစ်ယောက် အဝတ်စများကိုဖယ်ရှားပြီးသောအခါ အောက်ခြေသစ်သားပြားပေါ်တွင် တို့ဟူးအဖြူတုံးလေးများ အစီလိုက်ရှိနေ၏။ ဟင်းခတ်အနှစ် အဆင်သင့်ဖြစ်မှသာ စန်းလော့က စတင် ပြုတ်လေသည်။
အိုးတစ်လုံးထဲဖြင့် ထိုအရာအားလုံးကို တစ်ကြိမ်ထဲမပြုတ်နိုင်ပေ။ ထို့ကြောင့် ပထမတစ်သုတ် ချက်နေစဉ်တွင် စန်းလော့သည် ရှန်းနဉ်အားနောက်ထပ် မီးမွှေးခိုင်းလိုက်ကာ မီးသွေးထက် အနည်းငယ်အားကောင်းသော မီးအေးအေးကို ထိန်းထားလိုက်သည်။
နေ့လည်က ဆေးကြောအခြောက်ခံထားသော ဝါးခြမ်းများကို ယခု အသုံးပြုတော့မည်ဖြစ်သည်။ စန်းလော့သည် ထိုအရာများကို အထဲသို့ယူလာပြီး မီးဖိုပေါ်တွင် စီထားလိုက်လေသည်။ တို့ဟူးခြောက် ပထမအသုတ်ကို ကောင်းစွာစိမ်ပြီးသည်နှင့် သူမက ထိုအရာများကိုထုတ်လိုက်ပြီး မီးကင်ရန် မီးအေးအေးပေါ်ရှိ ဝါးခြမ်းများပေါ်တွင် တစ်ခုခုချင်းဆီတင်လိုက်၏။
စိမ်ထားသောတို့ဟူးခြောက်၏အရသာသည် ပထမအနေဖြင့် ပြုတ်ခြင်း၊ ဒုတိယအနေဖြင့် မီးကင်သည့်ကျွမ်းကျင်မှုပေါ်တွင် မူတည်သည်။
ဤဟင်းပွဲပြင်ဆင်မှုကို နောက်ဆုံးအပြီးမသတ်ခင်အချိန်အထိ တိတ်ဆိတ်သောညတွင် အလုပ်လုပ်ကြရ၏။
မောင်နှမနှစ်ယောက်သည် ပဲငံပြာရည်စိမ်ထားသော တို့ဟူးခြောက်ကင်နေသည်ကို အံ့ဩစွာဖြင့် ကြည့်နေပြီး တစ်တုံးမျှ မြည်းစမ်းကြည့်လိုကြသည်။
သဘောကျမိသည့်စန်းလော့က တစ်ယောက်လျှင် အတုံးသေးလေးတစ်တုံးစီ လှီးပေးလိုက်ပြီး ရယ်မောလိုက်၏။
"နင်တို့တွေ စားကြည့်လို့ရပါတယ်။ ဒါပေမယ့် ဒါကို ကြက်သွန်မြိတ်နဲ့ မွှေကြော်တာက အကောင်းဆုံးပဲ"
ရှန်းအန်းက ရယ်မောလိုက်၏။
"သားတို့က သိချင်ရုံပါ။ မရီး၊ သားတို့အိမ်ထောင်စုမှာ နောက်ထပ်ဝင်ငွေအရင်းမြစ်တစ်ခု တိုးလာတာမဟုတ်လား"
အမှန်ပင် အခြားဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်သည်။
စန်းလော့က ခေါင်းညိတ်ပြလိုက်၏။
သို့သော် ရှန်းနဉ်က ထောက်ပြလိုက်၏။
"ဒါက တို့ဟူးလုပ်ရတာထက် အများကြီးပိုပြီး လက်ဝင်မယ့်ပုံပဲ။ ပစ္စည်းတွေလဲ ပိုလိုအပ်ပြီး နှပ်ဖို့အတွက်လဲ ဈေးကြီးတဲ့အမွှေးအကြိုင်ကို အသုံးပြုထားတယ်။ ဒါကို ဘယ်လောက်နဲ့ရောင်းကြမလဲ"
မှန်ကန်သည့် စိုးရိမ်မှုတစ်ခုပင်။
စန်းလော့က ဈေးနှုန်းကိုတွက်ချက်ရင်း ပြန်ပြောလိုက်၏။
"ငါတို့ ဒါကို မချိန်ကြည့်ရသေးဘူး။ ဒါကြောင့် အတုံးရေနဲ့ပဲရောင်းရအောင်။ အထူးသဖြင့် ဆန်ဈေးတွေတက်နေတာကြောင့် ဈေးနှုန်းက တို့ဟူးထက်တော့ ပိုမြင့်တယ်။ ဒါကို ဈေးသက်သက်သာသာနဲ့ မရောင်းနိုင်ဘူး"
သူမက ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်၏။
"ငါတို့က အဒေါ်တွေကို ဆယ်တုံးကို ဆယ်ဝမ်နဲ့ပေးတယ်ဆိုရင် ငါတို့က ဒါကို ဈေးထဲမှာ တစ်တုံးကို နှစ်ဝမ်နဲ့ရောင်းလို့ရတာပဲ"
ဆယ်တုံးရောင်းချခြင်းသည် ငါးဝမ်အမြတ်ရစေပြီး တို့ဟူးနှင့်ဆင်တူပုံပေါ်သည်။ သို့သော် လက်တွေ့တွင် တို့ဟူးတစ်တုံးသည် ဟင်းပွဲတစ်ပွဲအတွက် လုံလောက်စေပြီး ပဲငံပြာရည်စိမ်ထားသော တို့ဟူးခြောက်အတွက်တော့ မတူပေ။ ချွေတာလိုသော အိမ်ထောင်စုများသည် ဟင်းပွဲတစ်ပွဲအတွက် ကြက်သွန်မြိတ်နှင့် နှစ်တုံး၊ သုံးတုံးကိုသုံးနိုင်သော်လည်း မိသားစုကြီးများသည် လေးတုံး၊ ငါးတုံးသုံးနိုင်၏။
လူများက တစ်ကြိမ်လျှင် နှစ်တုံး၊ သုံးတုံးဝယ်သည်ဖြစ်စေ၊ လေးတုံး၊ ငါးတုံးဝယ်သည်ဖြစ်စေ တို့ဟူးခြောက်သည် တို့ဟူးထက်ရောင်းကောင်းမည်မှာ သေချာသည်။
စီရင်စုနေထိုင်သူများအတွက်တော့ ဟင်းပွဲတစ်ပွဲတွင် လေးဝမ်၊ ခြောက်ဝမ်၊ ရှစ်ဝမ်သုံးစွဲခြင်းသည် အနည်းငယ်တန်ဖိုးကြီးပုံပေါ်သော်လည်း ပုံမှန်အိမ်ထောင်စု၏ ထက်ဝက်နီးပါးအတွက်တော့ တတ်နိုင်လေသည်။
ဤအရာကိုတွေးကြည့်ရင်း စန်းလော့ စိတ်သက်သာရာရသွားလေသည်။
"ဒါဆို ဒီလို သတ်မှတ်လိုက်ပြီ၊ ဒီထုတ်ကုန်က အရမ်းအားစိုက်ရပြီး ပြုလုပ်ဖို့ အခက်အခဲရှိတယ်။ ဒါတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းချတာက ငါတို့ကြိုးစားအားထုတ်မှုတွေနဲ့ မတန်ဘူး။ ငါတို့ရဲ့ကျွမ်းကျင်မှု၊ အချိန်နဲ့ အားအင်တွေကလဲ ကုန်ကျစရိတ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ"
တို့ဟူးခြောက်၁၀တုံးရောင်းခြင်းက ၁၅ဝမ် ယူလာပေးနိုင်သည်ကိုကြားတော့ ရှန်းနဉ်၏မျက်လုံးများမှာ လင်းလက်လာ၏။
"သစ်သားပြားနှစ်ချပ်ပေါ်မှာ ၁၂၈တုံးရှိတယ်။ ညီမတို့ တစ်တုံးစားလိုက်တယ်။ ၁၂၇တုံး၊ ၁၂၇တုံး..."
ရှန်းနဉ်က တိုးတိုးလေးဆက်ပြီးရေရွတ်နေလေသည်။
"ယောင်းမ၊ ၁၂၇တုံးက ဘယ်လောက်တန်လဲ"
ရှန်းအန်းလည်း တိတ်တဆိတ်တွက်ချက်ပြီး သူ့ညီမ၏မေးခွန်းကို ကြားသောအခါ ပြန်ဖြေလိုက်၏။ “ဆယ်လီစိတ်နဲ့ဆိုရင် အတုံး၁၂၀က တစ်ဆယ် ဆယ့်နှစ်ခါ၊ ဒါဆို တစ်ဆယ် ဆယ့်နှစ်ခါက..."
သို့သော် သူသည် အဖြေမရှာနိုင်သေးပေ။
စိတ်ရှုပ်နေကြသော မောင်နှမနှစ်ယောက်သည် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် စန်းလော့အား ကြည့်လိုက်ကြလေသည်။
စန်းလော့: “..."
စာရေးတာအပြင် သင်္ချာသင်ခန်းစာကိုလည်း ထပ်ထည့်ရမယ်ထင်တယ်။ မအိပ်ခင် အလီဇယားနဲ့ စလိုက်ရင် ကောင်းမလား။
...
အပိုင်း (၈၄) စန်းမိသားစုက တကယ်ပဲ ချမ်းသာသွားတာလား
အရသာသွင်းပြီးသား တို့ဟူးခြောက်၁၂၇တုံးကို စန်းလော့က အားလုံးကို မရောင်းလိုက်ချေ။
ပထမဦးဆုံး ထုတ်ကုန်အသုတ်အတွက် မိသားစုသုံးခုက ရောင်းအားကို စမ်းကြည့်ရလေသည်။ တစ်ခြားသူများနှင့် တိုင်ပင်ပြီးနောက်တွင် စန်းလော့က တို့ဟူး၁၂၀တုံးကို မိသားစုသုံးခုကြားတွင် အညီအမျှ ခွဲပေးလိုက်ကာ၊ မိသားစုတစ်ခုကို အတုံး၄၀ဆီဖြင့် နောက်တနေ့တွင် အမှာစာအတိုင်း စတင်ရောင်းချပေလိမ့်မည်။
မပြန်ခင်တွင် စန်းလော့က ချင်ဖန်းညန်ကို တုန်းဖူစားသောက်ဆိုင်သို့ သတ်သတ်လွတ်အူကြမ်းများ ရောင်းရာမှ ဒီနေ့ အတွက် ရလာမည့်ငွေကို သုံးပြီး စည်ကြီးတစ်လုံးနှင့် အိမ်တွင်သုံးနေကြအရွယ်အစား ဇကောအဝိုင်း၂ချပ်ကို ဝယ်လာပေးဖို့မှာလိုက်လေသည်။
အသီးအရွက်များကို အခြောက်လှမ်းရမည့် ရာသီ ရောက်နေပြီဖြစ်ရာ သူမက တစ်ခြားသူများဆီမှ ခြင်းများကို အမြဲတမ်း ငှားယူနေလို့ မဖြစ်ပေ။ စည်ကတော့ ရေထည့်ရန်မဟုတ်ဘဲ အခြောက်လှမ်းထားသည့်ဝဥအတုံးများ အစိုပြန်ခြင်းမှ ကာကွယ်ရန်ဖြစ်လေသည်။ သူမက အကျယ်ချဲ့မရှင်းပြနေတော့ဘဲ အရွယ်အစားနှင့် အသုံးပြုမည့် ရည်ရွယ်ချက်ကို ပစ္စည်းဝယ်လာပေးမည့် ချင်ဖန်းညန်အား ဒီအတိုင်း ရှင်းပြလိုက်လေသည်။
ကျန်သည့် နှပ်ထားပြီးသား တို့ဟူးခြောက်ထဲက ၇တုံးတွင် စန်းလော့က သုံးတုံးကို နေ့လည်စာအတွက် ချန်ထားလိုက်ပြီး ကျန်သည့်လေးတုံးကိုတော့ နောက်တစ်မနက်ခင်း အစောပိုင်းတွင် ရှန်းအန်းနှင့်အတူ စန်းလီရွာဘက်က တောင်များတွင် စွန်ပလွန်သီးများကို ခူးရင်း လေးတုံးကို အသားဆိုင်ရှင်ဆီ အောင်အောင်မြင်မြင် ရောင်းချနိုင်ခဲ့လေသည်။
အခွန်ကောက်ခံခြင်း ပြီးသည့်နောက်တွင် နှပ်ထားပြီးသား တို့ဟူးခြောက်ကိုဝယ်ယူရန် တတ်နိုင်သည့် ရွာထဲကလူများက နည်းပါးသွားတော့သည်။ အခုတော့ ချန်းယိုထျန်းက စျေးနေ့တွင် ရောင်းချရန်အတွက် တို့ဟူးကို နည်းနည်းပါးပါးသာ ဝယ်တော့သည်။
သို့သော်ငြားလည်း သည်လူများထဲတွင် တတ်နိုင်သေးသည့် အသားဆိုင်ရှင်တော့ မပါချေ။ တို့ဟူးခြောက်လေးတုံးသာ ကျန်ရာ စန်းလော့က စွန်ပလွန်သီးသွားခူးသည့် ခရီးအတောအတွင်းတွင် အသားဆိုင်ရှင်ကို အတိအကျ ပစ်မှတ်ထားလိုက်ပြီး သူ့ကို နှပ်ထားသည့် တို့ဟူးခြောက်များ ရောင်းချလိုက်ကာ အလဲအလှယ်အနေဖြင့် သူတို့၏ အစားအသောက်တွင် အသားပမာဏ အနည်းငယ် ရရှိလာတော့သည်။
ရှန်းအန်းသည် အသားကိုမြင်လိုက်သည်တွင် စိတ်လှုပ်ရှားလာပြီး သူ့မျက်နှာက အထူးတလည် ဝင်းပလာတော့သည်။
ရုတ်တရက် အခွန်ကောက်ခံခြင်းနှင့် အနွေးထည်နှင့်အိပ်ယာခင်းများ လိုအပ်ချက်ကြောင့် သူတို့မိသားစုသည် အသားမစားရသည်မှာ တော်တော်လေး ကြာခဲ့ပြီဖြစ်သည်။ သူတို့ နောက်ဆုံးစားခဲ့သည့်အသားက ရှန်းကျင့်ယူလာပေးသည့် ဝက်ဆီဖတ်သာဖြစ်သည်။ ထိုမတိုင်ခင်က လွန်ခဲ့သည့် ရက်ပေါင်း၂၀လောက်က သူတို့၏ အိမ်သစ်တက်ပွဲ အခမ်းအနားတွင်သာ ဖြစ်လေသည်။
အသားမစားရခြင်းကတစ်ကိစ္စပင်။ သို့သော်ငြားလည်း အရသာခံကြည့်ပြီး အသားအတွက် တတ်နိုင်နေလျှင်တော့ ဘယ်ကလေးက မမက်မောဘဲ ရှိပါမည်နည်း။ စန်းလော့သည်လဲ အသားကို တောင့်တလေသည်။
အပြန်လမ်းတွင် သူတို့က မည်သည့်ရွာနှင့်မှ မနီးသည့်နေရာကို အနည်းငယ်ဝင်သွားလိုက်ပြီး သူတို့မှိုကောက်ခဲ့သည့် အချိန်အတောအတွင်း မသွားခဲ့ရသည့် နေရာများကို သွားလိုက်လေသည်။ ထိုနေရာတွင် စန်းလော့က စွန်ပလွန်သီးနှစ်ပင်ကို အံသြစရာကောင်းလောက်အောင် တွေ့လိုက်ရပြီး ထိုအရာက ဝမ်းမြောက်ဖွယ်ရာ ရှာဖွေတွေ့ရှိမှုပင်။
သို့သော်ငြားလည်း ဒီလမ်းက သွားလာလေ့မရှိရာ သူတို့သည်လဲ စွန်ပလွန်သီးအနည်းငယ်ကို ကောက်လာခဲ့ပြီးဖြစ်ရာ အခုတော့ ခြင်းနှစ်ခုစလုံးက ပြည့်နှက်နေပြီး အပေါ်မှ တောဟင်းရွက်များဖြင့် ဖုံးအုပ်ထားရလေသည်။
စန်းလော့က နေရာကို စိတ်ထဲတွင်မှတ်ထားလိုက်ပြီး ရှန်းအန်းနှင့်ပြန်လာပြီး သူတို့၏ခြင်းများကို အလွတ်ထားပြီးမှ ချက်ခြင်းပြန်လာမည်ဟု စဥ်းစားထားလိုက်သည်။
မနက်ပိုင်း၏ အချိန်တစ်ဝက်လောက် အလုပ်များခဲ့ပြီးသည့်နောက်တွင် သူတို့အိမ်ပြန်ရောက်လာစဥ်တွင်တော့ နေ့လည်စာအတွက် ပြင်ဆင်ရမည့်အချိန် ဖြစ်နေသည်။ နှပ်ထားသည့် တို့ဟူးခြောက်နှင့်အသားကို မှန်မှန်ကန်ကန် ချက်ပြုတ်ရမည့် နည်းလမ်းကို မသိသေးရာ ရှန်းနဥ်က စပြီး မချက်ပြုတ်ရဲချေ။ ဒီဟင်းလျာနှစ်ခုကို တာဝန်ယူပေးမည့် စန်းလော့ကိုသာ စောင့်နေလိုက်တော့သည်။
အရသာရှိသည့် အစားအသောက်က အမြဲတမ်း ရှိနေမည် မဟုတ်ချေ။ တစ်နပ်ကလေးတောင် လွတ်သွားလို့မဖြစ်ပေ။
နေ့လည်စာအတွက် စန်းလော့က ကျူချိုင်တစ်စည်း ရရှိရန်အတွက် ရှီအာ့လန်၏မိန်းမနဲ့ တို့ဟူးအနှစ်များကို အလဲအလှယ် လုပ်ခဲ့လေသည်။ သူတို့သည် ထမင်းဖြူ ကြက်သွန်မြိတ်နှင့် နှပ်ထားသည့် တို့ဟူးခြောက်မွှေကြော်တို့ကို စားလိုက်လေသည်။ အသားလဲပါဝင်သည်။ နှစ်ပြန်ပြုတ်ထားသည့် ကြက်ဥစွပ်ပြုတ်နှင့် အသားစဉ်းကောများ ပါလေသည်။
ဒီဟင်းလျာနှစ်ခုက ရှန်းအန်းနှင့်ရှန်းနဥ်တို့အတွက် အသစ်ဖြစ်နေသည်။ အသားစဉ်းကောဟင်းရည်က အလွန်မှ အရသာရှိပေရာ သူတို့သည် သူတို့၏ပန်းကန်လုံးများကို ပြောင်စင်လုနီးပါး ဖြစ်သည်အထိ လျက်လိုက်ကြပြီး ကြက်သွန်မိတ်နှင့်နှပ်ထားသည့် တို့ဟူးခြောက်မွှေကြော်က ပို၍ပင် မလွန်ဆန်နိုင်ဖြစ်ပေရာ ပါဝင်ပစ္စည်းတစ်ခုစီက ကိုယ်ပိုင်ရနံများဖြင့် လွှမ်းခြုံနေတော့သည်။
ညနေပိုင်းတွင် သူတို့သည် ဝဥကို နှစ်ကြိမ်လောက် သွားတူးလိုက်ကြပြီး အစောပိုင်းကတည်းက စီစဥ်ထားသည့်အတိုင်း နောက်တစ်ခေါက် ပြန်ရောက်လာချိန်တွင် စွန်ပလွန်မုန့်များကို ပြုလုပ်လိုက်လေသည်။
သို့သော်ငြားလည်း ချင်ဖန်းညန်နှင့်တစ်ခြားသူများက အံသြစရာကောင်းလောက်အောင် စောစောစီးစီး ပြန်ရောက်လာကြပြီး စန်းလော့၏အိမ်သို့ ဝင်လာကြလေသည်။
နှပ်ထားသည့် တို့ဟူးခြောက်က နည်းနည်းလေး နာမည်ကြီးပေသည်။
မနက်ခင်းတွင် ချင်ဖန်းညန်က တုန်းဖူစားသောက်ဆိုင်သို့ တို့ဟူးနှင့်သတ်သတ်လွတ်အူကြမ်းကို အရင်ဆုံး သွားပို့ပေးလိုက်ပြီး စားဖိုမှူးယွီကို ဟင်းလျာအသစ် ထောက်ခံပေးလိုက်သည်က သဘာဝပင်။
စားသောက်ဆိုင်သည် တို့ဟူးနှင့်သတ်သတ်လွတ်အူကြမ်းတို့၏ ကျေးဇူးကြောင့် နောက်ပိုင်းတွင် တော်တော်လေး ရောင်းရပေသည်။ စန်းလော့ထံမှ ဟင်းလျာအသစ်ဖြစ်သည်ဟု မြင်ရသည်တွင် စားဖိုမှူးယွီက ချက်ပြုတ်နည်းကို မေးမြန်းလိုက်ပြီး ချင်ဖန်းညန်ယူလာသည့် အတုံး၄၀လုံးကို ဝယ်ထားလိုက်လေသည်။
ထို့အပြင် ချင်ဖန်းညန် ပြန်သွားပြီးနောက်တွင်တော့ စားဖိုမှူးယွီက ထို့နေ့ မနက်ခင်းစောစောတွင် ဟင်းလျာကို စတင်စမ်းသပ်လေတော့သည်။ ဆိုင်တာဝန်ခံရွှီနှင့် တစ်ခြားသူများနှင့်အတူ စမ်းကြည့်ကြပြီးနောက် သူတို့သည် ဝမ်းသာသွားကာ အရှေ့စျေးသို့ ကိုယ်တိုင်ရောက်လာပြီး ချင်ဖန်းညန်ဆီက အတုံး၆၀ကို နေ့စဥ်ပို့ပေးဖို့ မှာလိုက်လေသည်။
ချင်ဖန်းညန်က အမှာစာကို အတည်ပြုပြီးရုံရှိသေး အနောက်စျေးတွင် ရောင်းနေသည့် ကန်းမိသားစုကလဲ တုန်းဖူစားသောက်ဆိုင်၏ မျက်စောင်းထိုးက ဟုန်ယွင်စားသောက်ဆိုင်ဆီမှ အမှာစာတစ်ခု လက်ခံရရှိခဲ့သည်။
အမှန်တွင်တော့ ထိုဆိုင်က စန်းလော့သည် သူမ၏ သတ်သတ်လွတ်အူကြမ်း ပထမဦးဆုံးရောင်းချရန် သွားခဲ့သည့်ဆိုင်ဖြစ်ပြီး ထိုဆိုင်၏ထူးခြားသည့် စားဖိုမှူးကြောင့် နာမည်တော်တော်ကြီးပေသည်။
ကန်းမိသားစု၏အမှာစာကို နားလည်ရန်အတွက်တော့ တုန်းဖူစားသောက်ဆိုင်နှင့် ဟုန်ယွင်စားသောက်ဆိုင်ကြားက ယှဥ်ပြိုင်မှုအကြောင်းကို အရင်ဆုံး သိထားရပေမည်။ စီရင်စုထဲတွင်ရှိသည့် အကြီးဆုံး စားသောက်ဆိုင်များအနေဖြင့် သူတို့သည် အစကတည်းက ပြိုင်ဘက်များဖြစ်လာကြသည်။ နှစ်ပေါင်းများစွာ ယှဥ်ပြိုင်လာကြသော်လည်း သူတို့သည် လက်ရည်တူအဖြစ်သာ တည်ရှိနေပြီး ဘယ်သူကမှ အချင်းချင်းထက် သိသိသာသာ ကွာခြားသွားခြင်းမရှိပေ။
ပြီးခဲ့သည့်ရက်အနည်းငယ်က ဟုန်ယွင်စားသောက်ဆိုင်၏ အမာခံဧည့်သည်များသည် ရုတ်တရက် နည်းပါးသွားလေသည်။ အစပိုင်းတွင်တော့ သူတို့က လတ်တလောက အခွန်ကိစ္စနှင့် ပြည်နယ်တော်တော်များများက ကပ်ဆိုးကြောင့်ဟု ထင်ထားလိုက်ပြီး လူအများက စိတ်ဓာတ်ကျနေသည်ဟု မှတ်ယူခဲ့သည်။ သို့သော်ငြားလည်း ပြသာနာကို အာရုံစိုက်ကြည့်လိုက်သည်တွင် ဆိုင်ရှင်က ဒုတိယအထပ်မှ လေ့လာကြည့်လိုက်ပြီး မကြာမှီတွင် တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိလိုက်တော့သည်။
"စိတ်ဓာတ်ကြနေကြတယ်တဲ့လား၊ ဒီလိုစိတ်ပူတယ်ဆိုတာက အနိမ့်တန်းစား လူအဖွဲ့အစည်းတွေကိုဘဲ ပုံမှန်အားဖြင့် သက်ရောက်တာလေ၊ အရမ်းကို ချမ်းသာကြွယ်ဝကြသူတွေကတော့ ပိုးထည်ကိုဝတ်ဆင်ပြီး သူတို့တွေ ပုံမှန်စားသောက်နေကျအတိုင် ဆက်လုပ်နေတာပဲ၊ သူတို့ စိတ်ပူရမယ်ဆိုရင်တောင့် အစားအသောက်ထဲမှာ အသားနဲ့ အကင်နဲ့ ယမကာတို့ မပါမှာကိုပဲပေါ့၊ မျက်နှာချင်းဆိုင်က တုန်းဖူစားသောက်ဆိုင် လုပ်ငန်းကတော့ လုံးဝကိုအထိအခိုက်မရှိတာပဲ”
အမှန်တွင်တော့ အရင်ကထက်ပင် ပိုပြီး စည်းကားနေသယောင် ထင်ရလေသည်။
တစ်ရက်လောက် လေ့လာပြီးနောက်တွင် ဟုန်ယွင်စားသောက်ဆိုင်၏ ပိုင်ရှင်က သေချာသိသွားတော့သည်။ အထူးသဖြင့် သူ၏ ပုံမှန်ဧည့်သည်များက ပြိုင်ဘက်စားသောက်ဆိုင်သို့ ဦးတည်သွားနေသည်ကို မြင်လိုက်ရသောကြောင့်ပင်။
အောင်မြင်သည့် စားသောက်ဆိုင်ပိုင်ရှင်တိုင်းတွင် သူတို့၏ ကိုယ်ပိုင်နည်းလမ်းများ ရှိပေသည်။ သူက စားပွဲထိုးတစ်ယောက်ကို ခေါ်လိုက်ပြီး အနည်းငယ် မှာကြားလိုက်သည်။ မကြာမှီတွင်တော့ ထိုလူကို တုန်းဖူစားသောက်ဆိုင်ဆီသို့ လွှတ်လိုက်လေသည်။
တစ်နာရီမပြည့်ခင်မှာပင် တုန်းဖူစားသောက်ဆိုင်၏ ဟင်းလျာအသစ်ကို ဟုန်ယွင်စားသောက်ဆိုင်၏ သီးသန့်ခန်းဆီသို့ အနောက်ဘက်တံခါးမှ တိုက်ရိုက်သယ်လာကာ ထိုနေရာတွင် စားသောက်ဆိုင်ပိုင်ရှင်နှင့် စားဖိုမှူးခေါင်းဆောင်တို့က ဟင်းလျာကို လေ့လာကြတော့သည်။
ဟင်းလျာအားလုံးက မီးဖိုချောင်ထဲသို့ တစ်ဦးတစ်ယောက်စီ၏ တိုက်ရိုက် သယ်ယူလာပေးပြီးသည့်နောက်တွင် စျေးတွင်လဲရှားပါးသည်ကို မြင်လိုက်ရပြီး ဟုန်ယွင်စားသောက်ဆိုင်ပိုင်ရှင်က မသင်္ကာ ဖြစ်သွားတော့သည်။
တစ်ဘက်ဆိုင်က ထူးခြားတဲ့အကွက်တစ်ခုကို ရွှေ့လိုက်တာပဲ။
သူက နောက်တစ်နေ့ မနက်ခင်းတွင် သူ့လက်ထောက်ကို တို့ဟူးရောင်းသမားကို ရှာဖွေဖို့ ချက်ခြင်း ညွှန်ကြားလိုက်တော့သည်။
အနောက်ဘက်စျေးနားတွင် နေထိုင်သည့် လက်ထောက်က ဖန်းလျိုညန်၏တည်နေရာမှ ထိုဘက်သို့ မကြာခင်ကမှ ပြောင်းရွှေ့လာခဲ့သည့် ကန်းမိသားစု၏ဆိုင်ကို မတော်တဆ တွေ့မိသွားလေသည်။
သူသည် တို့ဟူးကို တွေ့သွားပြီး အတုံး၂၀လောက်ဝယ်ပြန်လာခဲ့လိုက်သည်။
ထိုနေ့တွင် ဟုန်ယွင်စားသောက်ဆိုင်က သူတို့၏ အစားအသောက်စာရင်းထဲတွင် ဟင်းလျာအသစ်များကို စတင်မိတ်ဆက်လိုက်လေသည်။
သို့သော်ငြားလည်း ကိစ္စက ထိုနေရာတွင် မပြီးသွားသေးချေ။ ဟုန်ယွင်စားသောက်ဆိုင်၏ ပိုင်ရှင်က တုန်းဖူစားသောက်ဆိုင်ကို မျက်စိဒေါက်ထောက်ကြည့်နေပြီး လက်ထောက်တစ်ယောက်ကို မေးလိုက်လေသည်။
"အဲဒီ့ သတ်သတ်လွတ်အူကြမ်းကို ရောင်းတဲ့သူ တစ်ယောက်ယောက်ကိုများ မတွေ့မိဘူးလား"
တွေ့လိမ့်မည်မဟုတ်ချေ။ စန်းလော့က ထိုပစ္စည်းကို အများအပြား မထောက်ပံ့ပေးနိုင်ပေ။ ထို့ကြောင့်လည်း ဆိုင်တာဝန်ခံရွှီကိုသာ သီးသန့်အခွင့်အရေးအဖြစ် ရောင်းချခွင့်ပေးထားခြင်းပင်။ အပြင်ဘက်တွင် ထို သတ်သတ်လွတ်အူကြမ်းကို ဘယ်မှာတွေ့နိုင်ပါမည်နည်း။
အစောပိုင်းက စန်းလော့သည် ဟုန်ယွင်စားသောက်ဆိုင်ကို ချဥ်းကပ်ခဲ့ပါသော်လည်း စားဖိုမှူးများက သူမရောင်းသည့်အရာကို နားမထောင်ဘဲ သူမကို ငြင်းပယ်ခဲ့ကြသည်။ ထို့ကြောင့် သတ်သတ်လွတ်အူကြမ်းကို သူတို့ထံ အရင်ဆုံး ကမ်းလှမ်းခဲ့သည့်အကြောင်းကို မည်သို့သိနိုင်ပါမည်နည်း။
စီရင်စုထဲတွင် နှစ်ရက်လောက် ရှာဖွေပြီးနောက်တွင် ဒီသတ်သတ်လွတ်အူကြမ်းကို ရှာမတွေ့ခဲ့ရာ ဟုန်ယွင်စားသောက်ဆိုင်က တုန်းဖူစားသောက်ဆိုင်မှ ဝန်ထမ်းတစ်ယောက်ကို စတင်လာဘ်ပေးပြီး လုံးဝမသိသာသည့် ပစ္စည်းများကို ရွေးထည့်ခိုင်းခဲ့လေသည်။
လာဘ်ယူထားသည့် ဆိုင်ဝန်ထမ်းက မီးဖိုချောင်ထဲတွင် တာဝန်မယူရလေရာ သတ်သတ်လွတ်အူကြမ်းကို လာပို့ပေးသည့်လူကို သေချာမသိလိုက်ချေ။ တုန်းဖူစားသောက်ဆိုင်က အရသာသွင်းပြီးသား တို့ဟူးခြောက်ကို လုပ်နေကြောင်း သိလိုက်ရသည်တွင် ထိုသတင်းက သူတို့၏ သတင်းပေးမှတစ်ဆင့် ဟုန်ယွင်စားသောက်ဆိုင်ဆီသို့ မြန်မြန် ရောက်ရှိသွားတော့သည်။
ဒီအဖြစ်က တုန်းဖူစားသောက်ဆိုင်က မနက်ခင်းတွင် ဟင်းလျာများကို စတင်မိတ်ဆက်လိုက်ပြီး မကြာမှီတွင် နေ့လည်ပိုင်း၌ ကန်းမိသားစုက အမှာစာကို ရလာခြင်းပင်။
သည် စားသောက်ဆိုင်နှစ်ခုထဲနှင့်ပင် သူတို့သည် နေ့စဥ် အရသာသွင်းပြီးသား တို့ဟူးခြောက် အမှာစာ၁၂၀တုံးကို ရနှင့်နေပြီဖြစ်ရာ စန်းလော့က ချန်းယိုထျန်းကို လုပ်ခိုင်းထားသည့် သစ်သားပြား၁၅ ခုမှာ လိုအပ်ချက်နှင့် ကွာဝေးနေသေးလေသည်။
ချန်းယိုထျန်းက ငြင်းဆန်လိမ့်မည် မဟုတ်ဘဲ နောက်ထပ်ပြုလုပ်ပေးဖို့ ချက်ခြင်း သဘောတူလိုက်လေသည်။
စန်းလော့: “....”
သူမက ချန်းယိုထျန်းကို အများကြီးမလုပ်ဖို့ အကြံပေးလိုက်ပြီး လုံလောက်ရုံပမာဏ အခု၂၀လောက်သာ လုပ်ပေးဖို့ ပြောလိုက်လေသည်။
သူမသည် လတ်တလောတွင် ထိုထက်ပိုပြီး ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။
ပဲပုတ်ကို ကြိတ်ရသည်က အမှန်ပင် ပင်ပန်းလှပေသည်။ သူမက တို့ဟူးလုပ်ဖို့ရန်အတွက် မြေအိုးများကို သုံးရသည်။သူမ၏ ခေတ်ကာလကလို ဒီမှာသည် သံအိုးများကို မသုံးရပေ။သူမက ရနိုင်သည့်အကြီးဆုံး အရွယ်အစားကိုဝယ်ထားသော်လည်း သူတို့၏ လုပ်ငန်းစဥ်က အကန့်အသတ် ဖြစ်နေလေသည်။ အိမ်တွင် လုပ်စရာ တစ်ခြားလုပ်ငန်းများလဲ ရှိနေသေးရာ စန်းလော့က ထိုထက်ပိုပြီး ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။
ငွေရှာသည်က အကြောင်းအရာတစ်ခုဖြစ်သော်လည်း အကျိုးအမြတ်အတွက် ကိုယ့်ဟာကိုယ် ပင်ပန်းအောင်လုပ်သည်က နောက်ထပ် အကြောင်းအရာ တစ်ခုပင်။ စန်းလော့က ထိုက်တန်သည်ထက် ပိုပြီး တန်ကြေးပေးရမည့် အားထုတ်မှုမျိုးကို လုပ်ဆောင်ရန် ငြင်းပယ်ရပေလိမ့်မည်။
...
စည်အိုးကြီးတစ်လုံးနဲ့ ဇကောဝိုင်းနှစ်ခုက သူတို့၏ အိမ်ထောင်စုပစ္စည်းများထဲတွင် ထပ်ရောက်လာခဲ့ပြီး ချန်းယိုထျန်းနှင့် တခြားသူများက ကျောက်သားကြိတ်စက်ကို မီးဖိုချောင်အပြင်ဘက်သို့ ကူရွှေ့ပေးလိုက်ကြပြီး စည်ကြီးနှင့်စင်တစ်ခုအတွက် နေရာလုပ်ပေးလိုက်လေသည်။
အစောပိုင်းက ကျယ်ဝန်းလှသည့် မီးဖိုချောင်က အခုတော့ ပြည့်ကြပ်နေသည်ဟု ခံစားနေရသည်။
ချန်းယိုထျန်းက တတိယနေ့တွင် သစ်သားစင်နှစ်ခုကို သယ်လာပေးခဲ့သည်။ တစ်ခုမှာ မီးဖိုချောင်ထဲတွင် ပဲအိတ်နှင့်အိုးအမျိုးမျိုးကို ချိတ်ဆွဲဖို့ရန်အတွက် ဖြစ်သည်။ ကျန်တစ်ခုကတော့ စန်းလော့က ဆန်များကို သိုလှောင်ရန်အတွက် ပင်မအိတ်ထဲသို ပြေင်းရွှေ့ထားလိုက်သည်။
ထိုအခါမှ ထိုင်ခုံသုံးခုံက နောက်ဆုံးတော့ သူတို့၏ နေရာဖြစ်သည့် စားပွဲနားသို့ ပြန်ရောက်လာတော့သည်။
ဒီကာလအတွင်းတွင် တုန်းဖူစားသောက်ဆိုင်၏ ဆိုင်တာဝန်ခံရွှီက ဟုန်ယွင်စားသောက်ဆိုင်၏ နှပ်ပြီးသားတို့ဟူးခြောက်ကို မြန်မြန် လိုက်လုပ်လိုက်သည်ကို တအံ့တသြ သိလိုက်ရသည်တွင် သတိထားပြီး တံခါးစောင့်အသစ်ကို ငှားရမ်းလိုက်တော့သည်။
ဟုတ်ပါသည်။ စန်းလော့က ဒီလိုတိုးတက်မှုမျိုးကို သတိမထားမိပေ။
၉လပိုင်း၂၀ရက်နေ့တွင် ၂ရက်ဆက်တိုက်မိုးရွာသွန်းပြီး လေထုထဲတွင် အအေးဓာတ်က သိသိသာသာ ပါလာလေသည်။ တောင်ပေါ်ရှိလေက ပါးပါးလျလျ ဝတ်ဆင်ထားသည့်လူများကို အမှတ်တမဲ့ ထွေးပွေ့လိုက်ပြီး အေးစိမ့်စိမ့် ညချမ်းများက စောင်အထပ်ထပ်ကို ထုတ်လာစေကာ အအေးဓာတ်ကို ကာကွယ်ဖို့ရန်အတွက် အဝတ်အစားနှင့်စောင်အလွှာများ ဖြစ်လာစေတော့သည်။ ဆောင်းဦးကိုကျော်သွားပြီး ဆောင်းရာသီအစောပိုင်း ရောက်လာသည့်နှယ်ပင်။
ဟုတ်ပါသည်။ ၁၀လပိုင်းစသည်နှင့် ဆောင်းတွင်းသိသိသာသာ ဝင်လာတော့သည်။
နွေရာသီမှဆောင်းဦးရာသီအထိ အကူးအပြောင်းက ဒီနေရာတွင် လုံးဝ မသိသာနေခြင်းပင်။
၉လပိုင်း၂၂ရက်နေ့တွင် စန်းလော့က သူမအသင့်လုပ်ထားသည့် တောဇီးသီးသကြားရည်နှင့် မုန့်ရေကြည်များကို ယုံဖန်းကျိုင်သို့ ယူသွားလိုက်ပြီး ယုံဖန်းကျိုင်မှရလာသည့် ဝင်ငွေကိုသုံးကာ ဝါ၃ကီလိုဂရမ်ကို သယ်လာပြီး သတ်သတ်လွတ်အူကြမ်း၊ တို့ဟူးနှင့် နှပ်ပြီးသားတို့ဟူးခြောက်တို့မှ ရလာသည့် သူမ၏ ပုံမှန်ဝင်ငွေကိုတော့ အိပ်ယာအောက်ကအိုးလေးထဲတွင် သိမ်းထားလိုက်တော့သည်။
စန်းလော့က ဝါဂွမ်းဖြင့်ပြုလုပ်ထားသည့် ဂွမ်းစောင်အတွက် စတင်ပြင်ဆင်တော့သည်။
ဝါဂွမ်း ၆ကီလိုဂရမ်ကျော် ရှိနေသည်တွင် သူမက ဂွမ်းစောင်နှစ်ခုကို ပြုလုပ်ပြီး ဂွမ်းစောင်တစ်ခုစီထဲတွင် ၃ကီလိုဂရမ်လောက် ထည့်မည်ဟု ပြင်ဆင်ထားလိုက်သည်။ ဒါက သူတို့တယောက်ချင်းစီအတွက် ကိုယ်ပိုင်ဂွမ်းစောင်များ ရလာပြီး ပိုပြီးအေးလာသည့် အချိန်တွင်တော့ အနွေးဓာတ်ကို ဂွမ်းစောင်များထံမှ နှစ်ဆပိုပြီး ရနိုင်ပေလိမ့်မည်။
မူလခန္ဓကိုယ်ပိုင်ရှင်ရော စန်းလော့ကပါ ဂွမ်းစောင်လုပ်နည်းကို မသိကြပေ။ ထို့ကြောင့် ဂွမ်းစောင်လုပ်သည့်အလုပ်ကို အဘွားချန်း၏ အကူအညီအောက်တွင် လုပ်ဆောင်ရလေသည်။
စန်းလော့သည် ရှေးခေတ်က အမျိုးသမီးကြီးတစ်ယောက်၏ အရည်အချင်း အမျိုးမျိုးကို ပထမဦးဆုံးအကြိမ် မျက်မြင်တွေ့လိုက်ရလေသည်။ သူမက ကျိုးမိသားစု၏ ကျိုးချွမ်ကျန့်ဆီမှာ ဝါခုတ်စက်ကို ယူလာလိုက်သည်။ သူတို့သည် စန်းလော့၏ ခြံဝန်းထဲသို့ ပစ္စည်းများကိုသယ်လာပြီး ထိုနေရာတွင် အဘွားချန်းက တာဝန်ယူပြီး စန်းလော့ ရှန်းနဥ် နှင့်ချန်းရှောင်ယာတို့ကို လုပ်နည်းအဆင့်ဆင့် သင်ကြားပေးလေသည်။
တီဗွီဇာတ်လမ်းများထဲတွင်သာ ဒီလိုလုပ်နည်းကို မြင်ဖူးခဲ့သည့် စန်းလော့က အဘွားချန်း၏ နောက်သို့ အစမှအဆုံးလိုက်လုပ်ပြီး အဆင့်၁၂ဆင့် ကျော်ရှိသည်ကို တွေ့လိုက်ရလေသည်။
လေးလံသည့်ဂွမ်းစောင်နှစ်ခု လုပ်ပြီးဖို့အတွက် တစ်နေ့လည်ခင်းလုံး မနားတမ်း အလုပ်လုက်ဖို့ လိုအပ်ခဲ့သည်။ ရိုးရှင်းသည့် တစ်နပ်စာစားပြီးနောက်တွင် စန်းလော့က မမှောင်ခင်အထိ အလုပ်ဆက်လုပ်လိုက်ပြီးမှ ဂွမ်းစောင်နှစ်ခုစလုံးသည် နောက်ဆုံးတော့ ပြီးမြောက်သွားတော့သည်။
စန်းလော့က ပထမဆုံးဂွမ်းစောင်ကို ကိုယ်တိုင်ချုပ်လုပ်လိုက်ပြီး ညနေမှောင်ရီသန်းတော့မည်ဖြစ်ရာ အဘွားချန်းက သူမကို ဂွမ်းစောင်အလွှား ထုတ်လာခိုင်းပြီး ဒုတိယဂွမ်းစောင်အတွက် သူမက အတူတူ ချုပ်ကူလိုက်လေသည်။
ထိုခေတ်က ဂွမ်းစောင်တစ်ခုကို ထည်သွင်းဖို့ရာက ခေတ်သစ်နည်းလမ်းနှင့် မတူချေ။ ဂွမ်းစောင်အစွပ်ထဲကို ဒီအတိုင်း ထိုးထည့်လိုက်ပြီး ဇစ်ပိတ်လိုက်သည့်ကိစ္စ မဟုတ်ချေ။ ဂွမ်းစောင်အစွပ်ထဲတွင် သေသေချာချာ ခေါက်ထည့်ပြီး ပတ်ပတ်လည်ကို အပ်ဖြင့် ချုပ်ပေးရကာ လျှော်ဖွတ်ဖို့အတွက်ရန်လဲ ထုတ်မည့်အပေါက်နေရာ ချန်ထားပေးရသေးသည်။
အားလုံးအဆင်သင့်ဖြစ်သွားသည်နှင့် အဘွားချန်းက ကြေငြာလိုက်လေသည်။
“အားလုံးပြီးပြီ ဒီနေ့ညတော့ နင်တို့တွေ နွေးနွေးထွေးထွေးနဲ့ အိပ်လို့ရပြီ။ လာမဲ့နေ့တွေကြရင် ငွေတွေကိုဆက်စုပြီး ဆောင်းတွင်းအဝတ်အစားအတွက် အဆင်သင့် ပြင်ထားလိုက်ကြတော့၊ အဲဒါတွေအားလုံး ပြီးသွားရင်ပိုပြီးလဲ အေးလာတော့မှာ၊ ငါတို့တွေ မွှေ့ယာတစ်ခုလဲ လုပ်ရလိမ့်မယ်။ မွှေ့ယာနှင့်ဂွမ်းစောင်နဲ့ရှိနေရင် နင်တို့တွေ ဆောင်းတွင်းမှာ နွေးနွေးထွေးထွေး နေရလိမ့်မယ်”
စန်းလော့က ထောက်ခံလိုက်ပြီး အဘွားကြီးကို ညနေစာအတွက် စားသွားရန် ဖိတ်ခေါ်လိုက်သော်လည်း သူမက ငြင်းဆန်လေသည်။
"ဒုက္ခမရှာပါနဲ့၊ နင်တို့အဒေါ်က အိမ်မှာချက်ထားပြီးပြီ ဒီငှားလာတဲ့ ပစ္စည်းတွေကိုပဲ ကျိုးမိသားစုဆီ ကူပြီးတော့ ပြန်ပို့ပေးလိုက်"
ကျိုးမိသားစုအိမ်မှ ပြန်လာပြီးသည့်နောက်တွင် ရှန်းအန်းနှင့်ရှန်းနဥ်တို့က ဂွမ်းစောင်ပေါ်တွင် ဝမ်းသာအားရ လူးလှိမ့်နေကြပြီး စန်းလော့ကို မြင်လိုက်သည်တွင် ရှန်းနဥ်က အိပ်ယာပေါ်မှ ခုန်ဆင်းလာပြီး သူမထံသို တိုးဝှေ့လေသည်။
"မကြီး သမီးတို့ ဒီနေ့ည ဂွမ်းစောင်အသစ်လေးကို သုံးရတော့မယ် နောက်ဆိုရင် သမီးတို့တွေ အေးတော့မှာ မဟုတ်ဘူး"
စန်းလော့က ပြံးပြလိုက်ပြီး ကလေးမလေး၏ ခေါင်းကို ပုတ်ပေးလိုက်လေသည်။
"ဒါတွေအားလုံးက နေ့တိုင်း နင်တို့အလုပ်ကြိုးစားတဲ့ ရလဒ်ပေါ့၊ ထပ်ကြိုးစားပြီး မွှေ့ယာနဲ့အနွေးထည်အတွက် လုံလောက်အောင် ရှာဖွေကြမယ်"
ကလေးများက အားတက်သရော ခေါင်းညိတ် ထောက်ခံလိုက်ကြပြီး ဂွမ်းစောင်ပေါ်တွင် ဝမ်းသာအားရဖြင့် ပစ်လှဲလိုက်ကြလေသည်။
စန်းလော့မသိလိုက်သည်က သူမနှင့်အဘွားချန်းတို့ ကျိုးမိသားစုဆီသို့ ဂွမ်းစောင်လုပ်သည့်ပစ္စည်းများ ပြန်သွားပို့သည်တွင် အနီးအနား တောင်ကုန်းပေါ်တွင် ဟင်းသီးဟင်းရွက်များကို ခူးနေသည့်လီရှီက သူတို့ကို သေသေချာချာ မြင်သွားလိုက်ခြင်းပင်။
ရှန်းမိသားစု အိမ်ထောင်ခွဲကတည်းက ဒါသည် လီရှီအတွက် သူတို့ တစ်ချိန်ကနေခဲ့ဖူးသည့် တောင်ကုန်း၏ တစ်စိတ်တစ်ပိုင်းဆီသို့ ပထမဦးဆုံး သွားခဲ့ခြင်းပင်။
တောင်ခါးပန်းပေါ်က ယိုယွင်းနေသည့် မြက်တဲကလေးသည် အပြင်ဘက်တွင် ကြက်ခြံ ဘဲခြံတို့နှင့် ကြီးမားသည့် ခြံဝန်းတစ်ခုအတွင်းသို့ ပြောင်းလဲသွားပြီး အိမ်ကိုယ်တိုင်ကလဲ လုံးဝ မတူညီသည့်ပုံစံမျိုး ဖြစ်နေလေသည်။
သူမက အချိန်အကြာကြီး စောင့်ကြည့်လိုက်ပြီးနေအပြန်လမ်းတွင် စန်လော့ကို ရှောင်ရှားလိုက်ပြီးနောက် အိမ်သို့ တစ်ယောက်ထဲ ပြန်လာလိုက်လေသည်။ အချိန်တော်တော်ကြာအောင် စိတ်ထဲတွင် တနုံ့နုံ့ခံစားနေလိုက်ပြီးနောက် သူမက ညပိုင်းတွင် ယောက်ကျားဖြစ်သူကို တစ်တွတ်တွတ် ပြောပြလေတော့သည်။
"ကျွန်မ မျက်လုံးနဲ့ ကိုယ်တိုင်မြင်ခဲ့တာနော်၊ ကျူပင်အဖူးတွေနဲ့ပဲ လုပ်ထားတာဆိုရင် သူတို့တွေက ပစ္စည်းတွေကို လိုမှာမဟုတ်ဘူး။ အိမ်အသစ်တစ်လုံးနဲ့တင် မကသေးဘူး၊ သူတို့က ဒီတစ်နှစ်အေးတဲ့ရာသီမှာလဲ ဝါဂွမ်းနဲ့လုပ်ထားတဲ့ ဂွမ်းစောင်တွေကိုတောင် ပြင်ဆင်ပြီးသွားပြီတဲ့၊ ကျွန်မကိုပြောစမ်းပါ၊ အဲဒီ့ စန်းလော့က တကယ်ဘဲ ချမ်းသာသွားပြီလား။ သူတို့တွေက အဲဒီ့ ပိုက်ဆံတွေကို ဘယ်လိုများ လုပ်ခဲ့ကြတာလဲ”
...