အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
အပိုင်း (၈၇) ညသူခိုး
စန်းလော့တစ်ယောက် စီရင်စုတွင် ဈေးဝယ်ထွက်ရင်း အလုပ်ရှုပ်သည့်နေ့တွင် လီရှီသည် အဝတ်လျှော်စရာ ခြင်းတောင်းတစ်လုံးကို သယ်ထားပြီး မြစ်ကမ်းဘေးတွင် သူ့သားသုံးယောက်နှင့်ဆင်တူသော ကောင်လေးတော်တော်များများကို အဝေးမှတွေ့လိုက်လေသည်။
ရှင်းရှင်းလင်းလင်းမြင်ရန်ဝေးလွန်းသောကြောင့် သူမက နေ့လည်ဘက်တွင် ကလေးများအိမ်ပြန်မရောက်မချင်းစောင့်ကာ သူတို့ကို အနားသို့ခေါ်လိုက်၏။
"ဒီနေ့ ရှန်းအန်းနဲ့ရှန်းနဉ်တို့ဆီမှာ ဆော့ခဲ့တာလား"
ရှန်းကျင့်က မစဉ်းစားပဲဖြေလိုက်လေသည်။
"ဟုတ်၊ ဆော့ခဲ့တယ်"
လီရှီက သူမကိုစေ့စေ့စပ်စပ်ကြည့်ပြီးနောက် မေးလိုက်၏။
"ဒီနေ့ သူတို့ခြံထဲကိုကော ဝင်ခဲ့ရသေးလား"
ရှန်းကျင့်က သူ့နှုတ်ခမ်းများကိုဖိလိုက်ပြီး တုံ့ပြန်လိုက်လေသည်။
"အဲ့လောက်မလွယ်ဘူး။ ရှန်းအန်းနဲ့ရှန်းနဉ်တို့က သတိဝီရိယရှိတယ်။ ပြီးတော့ အနားမှာ ကလေးတွေကလဲ အများကြီးပဲ။ သူတို့သတိမထားဖို့က ခက်တယ်"
"ဒါကြောင့် အမေနဲ့အဖေတို့ စိတ်ကူးကိုစွန့်လွှတ်သင့်တယ်"
ရှန်းယင်ဘက်ကိုလှည့်ကာ လီရှီက မေးလိုက်၏။
"ရှောင်ယင် နင်ရော... ဒီမနက်တုန်းက ဘယ်မှာရှိနေတာလဲ"
အံ့ဩသွားသည့် ရှန်းယင်၏နှလုံးခုန်မြန်လာပြီး ရှန်းကျင့်ကို မကြည့်မိအောင် ကြိုးစားကာ အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်လေသည်။
"ဒုတိယ....ဒုတိယအစ်ကိုရဲ့အိမ်ကိုသွားခဲ့တာ"
ထို့နောက် လီရှီသည် ချက်ခြင်းခေါင်းငုံ့သွားသော ရှန်းထျယ်ကိုကြည့်လိုက်၏။
သူတို့၏နေ့လည်အနားယူချိန်အတွင်း လီရှီသည် ရှန်းစန်းနှင့်ဆွေးနွေးပြီး သရော်တော့သည်။
"ကျွန်မတို့က ကျွန်မတို့ထက် သူများတွေကိုပိုဂရုစိုက်တဲ့ သားကောင်းသုံးယောက်ကို မွေးထားတာပဲ"
ရှန်းစန်းကသူမကိုတစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။
"သူတို့က ကလေးတွေလေကွာ။ မင်းက သူတို့တွေ အသုံးဝင်တာတစ်ခုခုကို ပြန်သယ်လာမယ်လို့ တစ်ကယ်မျှော်လင့်နေတာလား။ သူတို့တွေ ခြံဝင်းထဲကို ချောင်းကြည့်နိုင်ရင်တောင် ဘယ်လိုလုပ် အဖြေရှာနိုင်မှာလဲ"
လီရှီက ပြန်ပြီးခွန်းတုံ့ပြန်လိုက်၏။
"ကျွန်မသားတွေကို အားကိုးလို့မရနိုင်ရင် ရှင့်ဆီကနေရော တစ်ခုခုမျှော်လင့်လို့ရလား"
ရှန်းစန်းက ရယ်မောလေသည်။
သူ့အမူအရာကိုတွေ့တော့ လီရှီက ရွှင်ပြလာ၏။
"ရှင့်မှာ အစီအစဉ်ရှိလား"
ရှန်းစန်းက ပြုံးလိုက်၏။
"ဒါကို မနေ့ကတော့ မတွေးမိဘူး။ ဒါပေမယ့် ဒီနေ့တော့ လှည့်ကွက်တစ်ခု ပေါ်လာပြီ"
သူက လီရှီကို အနားသို့လာရန် လက်ယပ်ခေါ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ ရှန်းစန်းကို ကျီစယ်ရင်းတွန်းဖယ်လိုက်ကာ လီရှီ၏မျက်နှာသည်လည်း ပျော်ရွှင်မှုကြောင့် ချက်ခြင်းတောက်ပလာတော့၏။
"ရှင်က တစ်ကယ်ဉာဏ်ကောင်းတာပဲ"
ရှန်းစန်းက ဂုဏ်ယူစွာဖြင့်ပြောလိုက်၏။
"စောင့်ကြည့်လိုက်ပါ။ အဲ့ဒီ့မိသားစုတွေက အရုဏ်မတက်ခင် ပစ္စည်းတွေယူဖို့ ထွက်ကြမှာ။ အဲ့တာကို ညထဲက ပြင်ဆင်တာဖြစ်ရမယ်။ ဘာလဲဆိုတာသိရအောင် သွားခိုးကြည့်ရအောင်။ ငါတို့ ပုံတူကူးလို့ရနိုင်တယ်။ နောက်ဆုံးတော့ ပိုက်ဆံရှာဖို့ဘယ်သူမှ လက်ဝါးကြီးအုပ်နိုင်မှာမဟုတ်ဘူး"
သူ့ကိုယ်ပိုင်ဉာဏ်ကို အားရနေပြီး သူ့မျက်နှာသည်လည်း ကျေနပ်အားရမှုဖြင့် ပြုံးနေတော့သည်။
သူတို့လင်မယားနှစ်ယောက်သည် မိသားစုသုံးစုဆီသို့ ရောင်းရန်ပြုလုပ်ပေးသည့်အရာများနှင့် ပတ်သတ်ပြီး အောင်မြင်နိုင်မည့် မျှော်လင့်ချက်လေးအား စိတ်ကူးယဉ်ရင်း သူတို့၏အနာဂတ်အိပ်မက်များတွင် မွေ့လျော်နေ၏။
စီရင်စုမြို့တွင် စန်းလော့သည် သော့ခလောက်အကြီးလေးခု၊ အိုးလေးလုံး၊ စပါးတစ်စတုန်(၁၄ပေါင်)၊ ဝါဂွမ်း နှစ်ပေါင်၊ ဆား ငါးလီတာတို့ကို ဝယ်ယူပြီးဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင်တချို့ကို အိုးတလုံးထဲတွင် ဂျုံမှုန့်တစ်ထုပ်နှင့်အတူ တိတ်တဆိတ်ဝယ်ပြီး သိမ်းထားသေးသည်။ ယခုတော့ ဤအရာအားလုံးကို ချင်ဖန်းညန်၏လှည်းပေါ်တွင် စုပုံထားပြီးဖြစ်သည်။
နေ့လည်ရောက်တော့ သူမသည် ဒေသစားသောက်ဆိုင်တစ်ခုတွင် ဖက်ထုပ်တစ်ပန်းကန် ဝယ်စားရန်ဆုံးဖြတ်လိုက်၏။
မိသားစုများ၏ ဝင်ငွေမှာ ယခုအချိန်တွင် တော်တော်များနေပြီဖြစ်သည်။ နေ့လည်စာအတွက် တစ်ခုခုဝယ်ရန်တုံ့ဆိုင်းနေရသည့်နေ့ရက်များ ကုန်ဆုံးသွားလေပြီ။ မနက်စာနောက်ကျပြီး ညစာစောစောစားသည့် ရွာသူရွာသားများနှင့် မတူသောသူတို့သည် နာရီပေါင်းများစွာ ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးနောက် နေ့လည်စာကို မကျော်နိုင်ကြပေ။
ဖက်ထုပ်များကိုစောင့်ဆိုင်းနေစဉ် ချင်ဖန်းညန်သည် အပြင်ဘက်ရှိလှည်းကို ကြည့်လိုက်ရင်း စန်းလော့ကို တိုးတိုးလေးပြောလိုက်၏။
"စပါးက အခုဆို တစ်ပြည်ကို ဝမ်၁၅၀တဲ့၊ အဲ့တာကို ဝယ်ဦးမှာလား"
ဈေးနှုန်းမြင့်မားမှုကြောင့်သာမဟုတ်ပါက စန်းလော့၏စီရင်စုသို့ လာရောက်လည်ပတ်မှုသည် စပါးအလွယ်တကူ ရရှိရန်ပင်အာမမခံနိုင်ပေ။
"ဒါက အတော်လေးဈေးကြီးပေမယ့်လည်း ကျွန်မတို့မှာကိုယ်ပိုင်မြေမရှိတော့ စိတ်အေးရအောင် နည်းနည်းတော့စုဆောင်းဖို့လိုတယ်။ အများကြီးတော့ မဝယ်နိုင်ပါဘူး။ ပိုက်ဆံအပိုရှိတဲ့အခါ နည်းနည်းလေးပဲ သိုလှောင်ထားရုံပါ"
အခြားသူများကလည်း ကိုယ်ပိုင်မြေမရှိသူများ၏လိုအပ်ချက်ကို နားလည်သောကြောင့် သဘောတူလိုက်ကြ၏
စားပြီးသောအခါ သူတို့က ခေတ္တအနားယူလိုက်ကြပြီးနောက် ခရီးကိုဆက်လာသည်တွင် စန်းလီရွာကို ဖြတ်လာချိန်၌ စန်းလော့က ချင်ဖန်းညန်နှင့်တခြားသူများကို ခဏစောင့်ခိုင်းလိုက်သည်။
ချင်ဖန်းညန်နှင့်အခြားသူများက မတုံ့ဆိုင်းပေ။ သူတို့က ရွာသားတစ်ယောက်၏ အိမ်အပြင်ဘက်တွင်လှည်းကို ရပ်ကာ အနားယူရန် ခုံတန်းရှည်တစ်လုံးငှားလိုက်ပြီးနောက် ရွာသားများသည် ကြင်နာစွာဖြင့် ရေတိုက်လိုက်ကြ၏။
ထိုအချိန်အတောအတွင်း စန်းလော့က တစ်ခုခုနှင့်ပတ်သက်ပြီး အသားဆိုင်ပိုင်ရှင်ကို မေးမြန်းရန်အတွက် ရွာထဲသို့ဝင်သွားလေသည်။
ချင်ဖန်းညန်နှင့်အခြားသူများက မိနစ်သုံးဆယ်ကြာစောင့်ပြီးသောအခါ တဖြည်းဖြည်း စိုးရိမ်စပြုလာပြီး ရွာဘက်ဆီသို့ မကြာခဏကြည့်နေကြကာ လူနှစ်ယောက်နှင့်အတူ စန်းလော့သည် သစ်သားလှောင်အိမ် အကြီးတစ်ခုကိုသယ်ကာ ပြန်လာနေသည်ကို တွေ့လိုက်ရ၏။
အမျိုးသမီးများသည် လည်ပင်းဆန့်ကာစပ်စုလိုက်ကြပြီး စန်းလော့ နီးကပ်လာသည်နှင့် လှောင်အိမ်အတွင်းမှ ကျယ်လောင်သောဘဲငန်းအော်သံကြောင့် သူမ လုပ်နေသည့်အရာများကို သဘောပေါက်ကြလေသည်။
"ဘဲငန်းတွေ ဝယ်ခဲ့တာလား"
စန်းလော့က ခေါင်းညိတ်ပြလိုက်ပြီးနောက် ချင်ဖန်းညန်သည် သူမကို အံ့ဩသွားစေသည့် ဘဲငန်းအထီးသုံးကောင်ပါဝင်သည့် သစ်သားလှောင်အိမ်ကြီးအတွက် လှည်းပေါ်တွင် နေရာမြန်မြန် ပြုလုပ်ပေးလိုက်လေသည်။
သူမက စန်းလော့ကို မေးလိုက်၏။
"ဘာလို့အကောင်အကြီးကြီးတွေ ဝယ်ခဲ့တာလဲ။ ပြီးတော့ အကုန်လုံး ငန်းဖိုတွေကြီးပဲ"
စန်းလော့က အပြုံးဖြင့်ဖြေလိုက်လေသည်။
"အိမ်ကို စောင့်ရှောက်ပေးဖို့အတွက်ပါ"
သူမသည် အထူးသဖြင့် အကြမ်းကြုတ်ဆုံးနှင့် ရန်အလိုဆုံး အကောင်များကို ရွေးချယ်ထားခြင်းဖြစ်သည်။
ချင်ဖန်းညန်က သတိပေးလိုက်၏။
"သူတို့က နင်နဲ့အသားမကျခင်အထိ ဂရုစိုက်ဦးနော်၊ ကိုက်လိမ့်မယ်"
ငန်းထီးအကိုက်ခံရခြင်းသည် အလွန်ပြင်းထန်ပြီး ဆွဲလိမ်လိုက်လျှင် သွေးပါထွက်နိုင်သည်။
စန်းလော့က ပြုံးရင်းဖြင့်တုံ့ပြန်လိုက်၏။
"အစပိုင်းတော့ လှောင်အိမ်ထဲမှာပဲ ထားဦးမှာပါ။ သူတို့ကို ခြံခတ်ထားဖို့အတွက် အဒေါ့်ဆီကနေ လွှနဲ့တံစဉ် ငှားဖို့လိုတယ်။ သူတို့အသားကျသွားမှ လွှတ်ထားပေးမယ်"
ချင်ဖန်းညန်က နေ့လည်ဘက်တွင် ကူညီပေးရန်သဘောတူလိုက်၏။
ကန်းရှီနှင့်ဖန်းလျိုညန်တို့သည်လည်း ကူညီပေးရန်ကမ်းလှမ်းကြလေသည်။
ငန်းထီးများသည် ကျားကိုပင်စိန်ခေါ်ဝံ့ပြီး ကျူးကျော်သူတိုင်းကို မကြောက်မရွံ့ ရင်ဆိုင်ရသောကြောင့် အထူးသဖြင့် မြွေများနှင့်အခြားခြိမ်းခြောက်မှုများမှ အကာအကွယ်ပေးရာတွင် အထူးကောင်းမွန်လေသည်။
တောင်ပေါ်တွင် ကလေးနှစ်ယောက်ဖြင့် အတူနေထိုင်သော စန်းလော့ကဲ့သို့ အမျိုးသမီးငယ်တစ်ယောက်အတွက် ကာကွယ်ပေးရန် ငန်းများမွေးမြူခြင်းသည် အတော်လေးသင့်တော်၏။
နေ့လည်ခင်းတွင် ချင်ဖန်းညန်နှင့်အခြားသူများသည် ပစ္စည်းကိရိယာများ ယူဆောင်လာကြသည့် သူတို့၏လူများနှင့်အတူ စန်းလော့၏အိမ်တစ်ဝိုက်တွင် ငန်းအကြီးများအတွက် လှုပ်ရှားနိုင်မည့်နေရာ ပြုလုပ်ရာတွင် ကူဆောက်ပေးကြလေသည်။ အိမ်ရှေ့တံခါးဝမှလွဲ၍ ငန်းများသည် အိမ်အပြင်ဘက်တွင် ဟိုဟိုဒီဒီသွားနိုင်သည်။
ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် မယုံကြည်နိုင်လောက်အောင် စွဲလမ်းသွားကြပြီး ငန်းများကို ကိုယ်တိုင်ကိုယ်ကျ အစာကျွေးပြီး ရေထဲသို့လွှတ်ပေးရန် အခိုင်အမာ တောင်းဆိုကာ ငန်းကြီးသုံးကောင်နှင့် ရင်းနှီးအောင်လုပ်ရန်ဆုံးဖြတ်ပြီး ထိုကောင်များ၏ အသိအမှတ်ပြုမှုကိုရယူရန် စိတ်ပိုင်းဖြတ်ထားကြသည်။
စန်းလော့သည် ယနေ့တွင် စပါးများ၊ ဆား၊ ဂျုံမှုန့်၊ အိုးများနှင့် ငန်းအကြီးများအပါအဝင် သိသာသောပစ္စည်းပမာဏတစ်ခုကို ဝယ်ယူပြီး တောင်ပေါ်လမ်းတစ်လျှောက်မှ သယ်လာလိုက်သည်။ သူမ၏မိသားစုနှင့်၊ ချန်း၊ ရှီနှင့် လုမိသားစုများသာ ရက်စက်သည့် အဖြူရောင်ငန်းများ တိုးလာခြင်းအကြောင်းကို သိကြ၏။
……
ရွာရှိလူတိုင်း အိပ်မောကျနေချိန်ဖြစ်သော ည၏တိတ်ဆိတ်ချိန်တွင် အိပ်ယာမဝင်ခင် ပဲပိစပ်ထုတ်ကုန် တော်တော်များများကိုပြုလုပ်လေ့ရှိသော စန်းလော့အပါအဝင် ကလေးနှစ်ယောက်သည်လည်း သူတို့၏စောင်အသစ်အောက်တွင် ကောင်းစွာအိပ်ပျော်နေကြသည်။
တောင်ပေါ်သို့တက်သောလမ်းတွင် ပုံရိပ်လေးနှစ်ခုသည် အမှောင်ထဲ၌ တစ်စုံတစ်ခုကို သယ်ဆောင်ရင်း တောင်ပေါ်သို့ ခိုးကြောင်ခိုးဝှက် ရွေ့လျားသွားကြ၏။
သူတို့သည် လျှို့ဝှက်ထားရမည်။ ထောက်လှမ်းခြင်းကိုပူပန်ကာ မီးတုတ်မထွန်းညှိရဲပေ။ လပြက္ခဒိန်၏၂၅ရက်မြောက်နေ့တွင် ကောင်းကင်၌ တိမ်များဖုံးလွှမ်းနေပြီး လခြမ်းကိုမမြင်နိုင်လောက်အောင်ပင် အမှောင်ဖုံးနေပြီး မြင်ကွင်းက မျက်မမြင်လို ဆိုးရွားလွန်းလှသည်။
သူတို့သည် သတိကြီးစွာဖြင့်တောင်၏ လမ်းတစ်ဝက်သို့ရောက်လာ၏။ ကျောက်တုံးလမ်းကို အရင်ဆုံးနင်းလိုက်ပြီး နောက်ဆုံးတော့ ခြံဝင်းနံရံကို ရောက်သွားတော့ သူတို့လမ်းကိုပိတ်ဆို့နေသော ဝါးခြံစည်းရိုးတစ်ခုကို တွေ့လိုရသည်။
ရှန်းစန်းက ပဟေဠိဖြစ်သွားလေသည်။
သူက လီရှီကို တီးတိုးပြောလိုက်၏။
"ဒီခြံစည်းရိုးက ဘာအတွက်လဲ"
လီရှီက တိုးတိုးလေးသရော်လိုက်၏။
"စန်းလော့ ဘာတွေလုပ်နေလဲဆိုတာ ဘယ်သူသိမှာလဲ။ သူက အမြဲတမူထူးနေတာလေ။ သူက ကောင်းတဲ့မြက်ခင်းကိုတောင် ကျောက်ခင်းတဲ့နေရာ ဖြစ်အောင်ပြောင်းထားတာ။ သာမန်စမ်းပေါက်လေးကိုလဲ ရေအိုကြီးတစ်ခုလို ပြောင်းလဲထားတာလေ"
"ဟန်ဆောင်ပြီး သူ့အစွမ်းအစတွေကိုထုတ်ပြနေရုံပါပဲ"
သူမက တိုးတိုးလေးပြောလိုက်၏။
"အထဲကိုဝင်ပြီး အထဲရောက်မှ ဆက်ပြောကြရအောင်"
သူတို့၏ ချမ်းသာဖို့နည်းလမ်းရှာဖွေရန် စိတ်ပိုင်းဖြတ်ထားခြင်းနှင့်အတူ အတွေးမလွန်တော့ဘဲ ခြံနံရံကိုကျော်ရန်သာ အာရုံစိုက်ထားကြတော့သည်။
ဝါးခြံစည်းရိုးသည် လူတစ်ရပ်၏တစ်ဝက်မျှရှိ၏။ ရှန်းစန်းသည် ရုန်းကန်ကာ ကျော်ခွလိုက်ပြီး တည်ငြိမ်စေရန် သစ်သားလှေကားကို အတွင်းနံရံနှင့် ကပ်ထားလိုက်လေသည်။ သူက လီရှီကျော်လာရန်ပါကူညီပေးပြီး သူမအတွက် လှေကားကို ထိန်းထားပေးလိုက်၏။
လင်မယားနှစ်ယောက်သည် အိပ်ပျော်နေသောငန်းများကို သတိမထားမိဘဲ ခိုးကြောင်ခိုးဝှက်အလုပ်ကို စိတ်အားပြင်းပြစွာဖြင့် တိတ်တိတ်လေး ရွေ့လျားနေသည်။ အခုတော့ ငန်းများက သူတို့၏လည်ပင်းကိုဆန့်ပြီး သူတို့၏ဦးတည်ရာဆီသို့ အန္တရာယ်ရှိသောမျက်လုံးများက ဝင်းလက်လာ၏။
ရုတ်တရက်ဆိုသလို ညနက်ကြီးတွင် လေများပိုတိုက်လာပြီး အဖြူရောင် ပုံရိပ်တော်တော်များများကလဲ တစ်ဖျပ်ဖျပ်ခပ်ရင်း သူတို့ဆီသို့လာလေသည်။ နားကွဲလုနီးပါးကျယ်လောင်သော စူးစူးရှရှမည်တွန်သံနှင့်အတူ ငန်းများသည် စတင်တိုက်ခိုက်တော့သည်။
ရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့် စန်းလော့မှာ လန့်နိုးလာသောအခါ အပြင်ဘက်ရှိငန်းများ အော်မြည်နေသံသက်သက်မဟုတ်ဘဲ ဝက်သတ်ခံရသည့်အသံများနှင့် ဆင်တူသော လူအော်သံများသည် ပို၍ မချိတင်ကဲဖြစ်နေ၏။
တင်ပါးများကို ဆိုးဆိုးရွားရွား အကိုက်ခံနေရသောရှန်းစန်းသည် ဖရိုဖရဲ ပြေးလွှားနေရသည်။ လှေကားက လဲကျသွားသည်။ မြင့်မားပြီးခိုင်ခံ့သည့် ခြံစည်းရိုးကို ကျော်ပြီးထွက်ပြေးရန် ကြိုးစားသော်လည်း တစ်ဖက်စီတွင် ငန်းတစ်ကောင်စီဖြင့် ကြားတွင်ပိတ်မိနေ၏။
လီရှီသည် ပိုမကောင်းလာပေ။ ငန်းတစ်ကောင်ကသာ သူမကို တိုက်ခိုက်ခဲ့သော်လည်း ကိုက်ချက်များမှာ ရက်စက်ကြမ်းကြုတ်လွန်းလှသည်။ ငန်းက သူမအင်္ကျီကိုပေါက်အောင်ကိုက်လိုက်သောကြောင့် နာကျင်မှုဖြင့် အော်ဟစ်နေပြီး သူမအရေပြားများ စုတ်ပြဲသွားသလိုခံစားရလေသည်။
"စန်းလော့၊ စန်းလော့၊ နင့်ရဲ့ငန်းတွေကို ထိန်းပါဦး၊ အားးး"
"ကယ်ကြပါဦး၊ အ့ ၊ ကယ်ကြပါဦး၊ တစ်ယောက်ယောက်ရှိလား၊ အားး"
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် အိပ်မက်ဆိုးမက်စေသော အော်သံများကြောင့် လန့်ဖျပ်နိုးလာပြီး သူတို့မည်သည့်နေရာသို့ရောက်နေသည်ကိုပင် နားလည်ရန် ကြောက်လန့်လွန်းနေတော့သည်။
စန်းလော့က သေချာဂရုစိုက်နားထောင်ပြီးတဲ့နောက် ရှန်းစန်းနှင့်လီရှီတို့၏ အသံများကို မမှတ်မိသွားပြီး ခေါင်းအုံးကိုမျက်နှာအပ်ကာ မရယ်ဘဲမနေနိုင်တော့ပေ။
အူနှိပ်ရမတတ်ပင် ရီစရာကောင်းလှသည်။
သူမ ဝယ်ခဲ့သောငန်းများသည် အစပိုင်းတွင် ကြိုတင်ကာကွယ်မှုတစ်ခုသာဖြစ်ပြီး သူတို့၏ပထမညတွင်ပင် မမျှော်လင့်ဘဲ ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။
အပြင်ဘက်တွင် လီရှီနှင့်ရှန်းစန်းတို့သည်အသတ်ခံရသည့် ဝက်တစ်ကောင်၏ပုံစံမျိုးဖြင့် ဝက်သတ်ခံရသလိုအော်သံများကို ဆက်တိုက်အော်နေကြလေသည်။
"စန်းလော့၊ စန်းလော့၊ မြန်မြန်လာ။ ငန်းတွေက တစ်ယောက်ယောက်ကို သတ်တော့မယ်၊ အားးးး"
နောက်ဆုံးတွင် ရှန်းအန်းသည် မှင်တက်နေပြီး စောင်ဖြင့်ထထိုင်ကာ အနီးကပ်နားထောင်လိုက်၏။
"ငါ့အဒေါ်လား"
ရှန်းနဉ်က ထပ်ပြောလိုက်၏။
"ပြီးတော့ ဦးလေးရောပဲ"
စန်းလော့က ရယ်မောလိုက်၏။
"ဘာ အဒေါ်နဲ့ဦးလေးလဲ။ သူခိုးတစ်ချို့က နံရံပေါ်တက်ဖို့ကြိုးစားရုံပါပဲ"
ရှန်းနဉ်တစ်ယောက် လိုက်ရယ်မောချင်သော်လည်း အပြင်ဘက်ရှိငိုသံများမှာ အလွန်သနားစရာကောင်းနေပြီး ရံဖန်ရံခါ သူမကိုကျောချမ်းစေသည်။
"မကြီး၊ သမီးတို့ တစ်ခုခုမလုပ်သင့်ဘူးလား"
စန်းလော့က ပုခုံးတွန့်လိုက်၏။
"ငါတို့ ဘာမှမလုပ်နိုင်ဘူးလေ။ ငန်းတွေက အသစ်တွေဆိုတော့ ငါတို့ကိုလဲ မမှတ်မိသေးဘူး။ အခု အပြင်ထွက်သွားရင် ငါတို့ကိုပါ တိုက်ခိုက်လိမ့်မယ်"
"ညသန်းခေါင်မှာ သူခိုး ခိုးလို့အကိုက်ခံရတာက ထိုက်တန်ပါတယ်"
သူမသည် ဝင်ရောက်မစွက်ဖက်လိုပေ။
ထို့အပြင် သူတို့သည် သေလောက်သည်အထိ အကိုက်မခံရနိုင်ပေ။ ငန်းများ၏ပျော်ရွှင်မှုကို သေချာစေရန် ချောင်းဟန့်လိုက်ပြီး အမှန်တော့ ထိရောက်စွာစောင့်ကြည့်စေရန် ဝါးခြံစည်းရိုးပြေးလမ်းသည် အထင်ကြီးလောက်စရာကောင်းအောင်ပင် ရှည်လျားလှသည်။ ထိုအရာသည် ရှန်းစန်းနှင့်လီရှီတို့ ပြေးရန်လုံလောက်သောနေရာကိုပေးထားပြီး တစ်အိမ်လုံး၏အပြင်ဘက်ကိုကာရန် လူကြီးရှစ်ယောက်ကို နေ့တစ်ဝက်မျှအချိန်ယူစေသည်။
ထိုနှစ်ဦးက ညနက်နက်တွင် ထိုကဲ့သို့သောဝါးခြံစည်းရိုးအမြင့်ကိုသာ တိုင်းတာနိုင်ပါက စန်းလော့၏ငန်းများလွှတ်ပေးထားခြင်းအပေါ် ရွာရှိမည်သူမျှ အပြစ်တင်နိုင်မည်မဟုတ်ပေ။
ထို့အပြင် လီရှီနှင့်ရှန်းစန်းတို့၏ စူးရှသောအော်သံများကြောင့် စန်းလော့သည် တောင်နှစ်လုံး၊သုံးလုံးခြားသည့် ရွာနှင့်ဝေးဝေးတွင်နေသော်လည်း ထိုကဲ့သောရုန်းရင်းဆန်ခတ်မှုကြောင့် ရွာသားများ မကြာခင်ရောက်ရှိလာနိုင်သည်။
အမှန်စင်စစ် စန်းလော့ခန့်မှန်းထားသလိုပင် ရှန်းစန်းနှင့်လီရှီတို့၏ ထိတ်လန့်စရာအော်သံများကြောင့် ဓားပြများ ချင်းနင်းဝင်ရောက်လာသည်ဟု ထင်မိသောရွာသားများကနိုးလာကာ မိသားစုတစ်စုသည် သုတ်သင်ခံရတော့မည်ဟု ထင်ကြေးပေးနေကြ၏။ ငန်းများအော်သံကြားမှသာ ဓားပြများမဖြစ်နိုင်ကြောင်းကို သိရှိကြလေသည်။
အိမ်ထောင်စုအသီးသီးရှိအမျိုးသားများသည် အလျင်အမြန်ဝတ်ဆင်ကာ တုတ်ချောင်းများကိုဆွဲယူပြီး တောင်များဆီမှ ဆူညံသံဆီသို့ ဦးတည်ထွက်ခွာလာကြသည်။
ထိုလူများထဲတွင် ချန်းယိုထျန်းနှင့် အခြားသူများလည်း အပါအဝင်ဖြစ်သည်။ တောင်တန်းပေါ်ရှိ စန်းလော့အိမ်တည်နေရာမှ ထွက်ပေါ်လာသောဆူညံသံကို ကြားတော့ သူတို့သည် သူတို့၏ခြေလှမ်းကို အရှိန်မြှင့်လာကြ၏။
အဝတ်အစားများကို ဝတ်လိုက်ပြီး စန်းလော့က ဆီမီးအိမ်ကိုမီးညှိလိုက်ပြီး အဝေးမှအသံများကိုကြားသောကြောင့် မင်းတုန်းကိုဖြုတ်ကာ တံခါးဖွင့်လိုက်လေသည်။ သူမသည် တစ်ယောက်ပြီးတစ်ယောက် ရောက်လာသော ရွာသားများနှင့်အတူ ခြံအပြင်ဘက်သို့ရောက်လာ၏။
သူမ၏ဆီမီးအိမ်မှာ မှိန်နေပြီး တောင်လေကြောင့်မီးမငြိမ်းသွားစေရန် အကာအကွယ်လိုအပ်နေပြီး တစ်ဖျပ်ဖျပ်အလင်းရောင်ကြားတွင် လူတိုင်းကို မြင်ကွင်းမြင်စေရန်တော့ လုံလောက်သည့်အလင်းရောင်ကို ဖြည့်ဆည်းပေးနေဆဲပင်။
အဝတ်အစားများနှင့် ဆံပင်များ ဖရိုဖရဲဖြစ်နေကြသည့် ရှန်းစန်းနှင့်လီရှီတို့သည် ငန်းခြံပတ်လည်တွင် ရန်လိုသောငန်းထီးသုံးကောင်၏ တရွတ်တိုက်ဆွဲခံရပြီး ဖရိုဖရဲဖြင့် အော်ဟစ်ထွက်ပြေးနေကြ၏။ သစ်သားလှေကားတစ်ခုသည် ခြံနံရံဘေးရှိ ငန်းလှောင်ခြံတွင် သိသာစွာမှောက်ကျနေသည်။
ကောင်းရောလေ၊ ဘာတတ်နိုင်သေးလဲ - ညနက်သန်းခေါင်မှာ တူအရင်းရဲ့အိမ်ကို ဝင်ခိုးတာကို လက်ပူးလက်ကြပ်ဖမ်းမိတာ။
ကျိုးရွာသူကြီးက လေးနက်သောအမူအရာဖြင့် အခြားသူများကိုညွှန်ကြားလိုက်၏။
"ပထမဆုံး သူတို့ကို ဒီကနေ ဆွဲထုတ်ရအောင်"
လူတိုင်း၏လက်ထဲတွင် တုတ်ချောင်းများရှိသည်ကို သတိထားမိတော့ စန်းလော့က မြန်မြန်ပြောလိုက်၏။
"ဦးလေးတို့၊ ကျေးဇူးပြုပြီး တုတ်တွေကိုမသုံးကြပါနဲ့ရှင်။ ကျွန်မက ဒီငန်းတွေကို အိမ်ကို စောင့်ရှောက်ပြီး ကာကွယ်ပေးဖို့အတွက် အထူးငှားလာတာပါ။ သူတို့ဒဏ်ရာရရင် ကျွန်မ ပြန်အလျော်ပေးဖို့မတတ်နိုင်ပါဘူးရှင်"
စောင့်ရှောက်ခြင်းနှင့်ကာကွယ်ခြင်း၊ ဟုတ်ပါတယ်၊ သဘာဝကျတဲ့ခုခံမှုပါပဲ။
ထိုငန်းများ၏အရွယ်အစားကိုကြည့်လိုက်တော့ တစ်ကောင်လျှင် အနည်းဆုံးဆယ်ပေါင်ခန့် လေးလောက်ပြီး သူတို့သုံးယောက်သည်....
ဤပြောကြားချက်ကြောင့် တုတ်ချောင်းများကို ဆုပ်ကိုင်ထားကြသည့်လက်များမှာ ပြေလျော့သွားကြ၏။ သူတို့ကို ရိုက်နှက်ခြင်းသည် စားရိတ်စကများပြီး တစ်ကောင်ကောင်ကို ထိခိုက်ဒဏ်ရာရစေခြင်း သို့မဟုတ် သတ်မိခြင်းသည် ဝမ်၃၀၀ကျော် ကုန်ကျစေနိုင်သည်။ သူတို့သည် လက်ထဲရှိတုတ်ချောင်းများကို မြေပြင်ပေါ်သို့ ချက်ခြင်းလွှတ်ချလိုက်ပြီး ခြံစည်းရိုးအပြင်ဘက်တွင်ရပ်ကာ ငန်းများကို မောင်းထုတ်ရန်ကြိုးစားနေကြပြီး လူများကို လက်ဗလာဖြင့် ဖမ်းဆွဲလိုက်ကြ၏။
မချိမဆန့်ဖြစ်နေသောရှန်းစန်းက လီရှီကို တွန်းထုတ်ပြီး အပြင်သို့ထွက်ရန် ရွာသားများ၏လက်များကို အသည်းအသန်တွယ်ဖက်ထား၏။
"ဆွဲထုတ်ပေးပါဦး၊ ထုတ်ပေးပါဦး"
ထိုနည်းတူ ထိတ်ထိတ်ပြာပြာ ဖြစ်နေသည့်လီရှီလည်း သူမဖမ်းဆုပ်ထားသောလက်များမှာ ယောက်ျားများ၏လက်ဖြစ်သည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သူမအရှေ့ကိုတိုးစဉ် ရှန်းစန်းကိုအနောက်သို့ဆွဲချလိုက်ကာ ငိုကြွေးမြည်တမ်းနေသည်။
လက်ထဲတွင် ဆီမီးခွက်တစ်ခုကိုင်လျက် စန်းလော့သည် သူမကိုကြည့်ရင်း ပြုံးကာ မတ်တပ်ရပ်နေသည်။
ဤငတုံးနှစ်ယောက်ကိုသာ ကြည့်နေလိုက်၏။
စန်းလော့သည် ဤကမ္ဘာတွင် ဝိညာဉ်များ အမှန်တကယ်ရှိမရှိကို မသိပါ။ သို့သော် ရှိနေခဲ့ပါလျှင် သူမသည် မူလစန်းလော့နှင့် ရှန်းအန်း၊ အားနဉ်တို့၏ ကွယ်လွန်ပြီးဖြစ်သောမိဘများနှင့် မောင်နှမများသာ ဤမြင်ကွင်းအားမြင်ပါက စိတ်သက်သာရာ ရမည်လားဟု အမှန်တကယ်မေးချင်မိပါသည်။
...
အပိုင်း (၈၈) အဖမ်းခံရခြင်း
ရှန်းစန်းနှင့်သူမိန်းမတို့ကို ရွာသားများက ငန်းများ၏ဆွဲဆိတ်ခြင်းမှ အတင်းကာရော ဆွဲထုတ်ထားရလေသည်။ တစ်ကိုယ်လုံး ကိုက်ခံထားရသည့် ရှန်းစန်းက နောက်ဆုံးတော့ အသက်ဘေးမှ လွတ်မြောက်လာသည်တွင် စိတ်အေးသွားကာ သက်ပြင်းတစ်ချက် ချနိုင်တော့သည်။ဝါးခြံထဲက ဘဲငန်းများကို လှမ်းကြည့်လိုက်ပြီး သူက မြေကြီးပေါ် မှ တုတ်ကြီးကြီးတစ်ချောင်းကို ကောက်ယူလိုက်ပြီး ငန်းများကို လက်စားချေဖို့ စိတ်အားထက်သန်နေတော့သည်။
သို့သော်ငြားလည်း သူ့ကိုဖမ်းဆွဲထားသည့် ရွာသူကြီးကျိုးက အော်ဟစ်ကာ ချက်ခြင်းတားမြစ်လိုက်သည်။
ရှန်းစန်၏ ရန်လိုကာပြုမှုနေဟန်နှင့် ခြံစည်းရိုးပေါ်ကလှေခါးကို ပြန်သတိရသွားသည်တွင် ရှီအာ့လန်က လင်မယားနှစ်ယောက်၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိလိုက်ပြီး ကြေငြာလိုက်တော့သည်။
"ကျိုးသူကြီး, ညသန်းခေါင်ကြီး ခြံစည်းရိုးပေါ်ခိုးတက်တယ်ဆိုတာ သူခိုးအလုပ်မဟုတ်ရင် ကိုယ်ထိလက်ရောက် ကျူးလွန်မှုပဲ၊ ဒါက ကြွက်သူခိုးတွေရဲ့ ခိုးကြောင်ခိုးဝှက် လုပ်ရပ်ဖြစ်သလို အလစ်သုတ်ဖို့ ခိုးဝှက်တဲ့အမှုပဲ ကျွန်တော်တို့ရွာမှာ ဒီလိုကိစ္စမျိုး တခါမှ ရှိခဲ့ဘူးတာ မဟုတ်ဘူး။ သူတို့တွေကို ကြိုးတွေနဲ့တုတ်ချည်ထားသင့်တယ် မဟုတ်လား”
ရွာထဲတွင် လူငယ်တစ်ယောက်အနေဖြင့် စန်းလော့က သည်အကြံပြုချက်ကို အစမဖော်နိုင်ချေ။ ရှီအာ့လန်က ရှန်းစန်းနှင့်လဲမရင်းနှီးပေ။
ချည်နှောင်ထားသင့်သည်ဟု ကြားလိုက်သည်တွင် ရှန်းစန်းက မှင်သက်အံ့သြသွားပြီး ရွာထဲက တစ်ခြားယောက်ကျားများကလဲ ချက်ခြင်းဆိုသလို မတုံ့ပြန်နိုင်ပဲ ဖြစ်သွားကြတော့သည်။ အပြင်လူ သို့မဟုတ် သူစိမ်းတယောက်ဖြစ်နေခဲ့လျှင် ချည်နှောင်ထားသည်က ဖြစ်သင့်ပေသည်။ သို့သော်ငြားလည်း ဒါက ရှန်းစန်းဖြစ်နေပြီး ဦးလေးတစ်ယောက်က သူ၏ တူလေးအိမ်ခြံစည်းရိုးကို ကျော်တက်ဖို့ကိစ္စ ဖြစ်နေသည်။ လူများက ဒါကို လွန်းလွန်းသည်ဟု ထင်ကြသော်လည်း သူတို့သည် မိသားစုကိစ္စရေးနှင့် ပတ်သတ်လာသည့် ထိုကိစ္စကို အလိုလို ထည့်သွင်းစဥ်းစားကြလေသည်။
လီရှီက ရုတ်တရက်ဆိုသလို ပေါက်ကွဲတော့သည်။
"ငါတို့ရဲ့ တူလေးအိမ်ကို ဝင်တာ ဘာမှားလို့လဲ၊ ငါတို့က မဝင်ရတော့ဘူးလား၊ ဘယ်ဥပဒေကို ချိုးဖောက်နေလို့လဲ"
သူမ၏ ရဲတင်းလွန်းပြီး ရန်လိုနေသည့်ဟန်ပန်က ရယ်စရာကောင်းကာ စန်းလော့ကို ဒေါသထွက်မိစေတော့သည်။
"မိသားစုက အိမ်ခွဲပြီးပြီလေ၊ ရှင့်အိမ်ကရှင့်အိမ်၊ ကျွန်မအိမ်ကတော့ ကျွန်မအိမ်ပဲ၊ ရှင်က ဘယ်လိုလုပ်ပြီး အရှက်မရှိ ကိုယ့်ရဲ့တူလေးအိမ်ကို အလည်လာတာလို့ ပြောရဲရသလဲ၊ နေ့ခင်းကြောင်တောင် တံခါးကို ရှောင်တိမ်းပြီးမှ ညသန်းခေါင် ခြံစည်းရိုးကနေကျော်ဝင်ရသလား"
"ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ ကိစ္စမှာတော့ တချန်မင်းဆက်ရဲ့ တရားဝင်ဥပဒေအရ ပိုင်ဆိုင်မှုချိုးဖောက်ခြင်းဆိုတဲ့ ဥပဒေကိုပြဋ္ဌာန်းထားပြီး အဲဒါတွေက ခိုးမှု၊ လုယက်မှု၊ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ပစ္စည်းကို ခိုးဝှက်မှုပဲ။ ခိုးမှုဆိုတာက တစ်စုံတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုကို တိတ်တိတ်ကလေး မသိမသာ ခိုးယူတာကို ရည်ညွှန်းတာ"
စန်းလော့က ရွာသူကြီးကျိုးဘက်သို့ လှည့်လိုက်ပြီး "ကျွန်မမေးပါရစေ၊ ညသန်းခေါင်ကြီး ခြံစည်းရိုးကိုကျော်ဝင်တဲ့လုပ်ရပ်က ခိုးမှုနှင့်မှောင်ရိပ်ခိုမှုထဲမှာ အကျုံးဝင်သလား"
ရွာသူကြီးကျိုးမှာ သူ့တာဝန်အရ ဥပဒေနှင့်ရင်းနှီးနေသည်တွင် စန်းလော့လို မိန်းမငယ်လေးတစ်ယောက်က သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်ကို ရေရွတ်သည်ကို ကြားလိုက်သည်တွင် တအံတသြ ဖြစ်သွားတော့သည်။
သူက ခေါင်းငြိမ့်ပြလိုက်၏။ "အကျုံးဝင်ပါတယ်"
အခုတော့ ရှန်းစန်းက ဘဲငန်းများအပေါ် လက်စားခြေဖို့ကို အာရုံမစိုက်နိုင်တော့ဘဲ အလျင်စလို သူ့ကိုယ်သူ ကာကွယ်ပြောဆိုတော့သည်။
"ဒါပေမဲ့ ငါတို့က ဘာမှ မခိုးရသေးဘူးလေ၊ ငါတို့က ခြံစည်းရိုးကိုတောင် အပြည့် မကျော်ရသေးဘူး"
ဒီအချိန်တွင်တော့ ကျိုးရွာသူကြီးက စန်းလော့ပြောစရာ မလိုဘဲ ပြောလိုက်တော့သည်။
"ဒါက ခိုးယူရန် ကြိုးပမ်းမှု ဖြစ်နေသေးတယ်"
သူက အဖော်လိုက်လာသည့် ရွာသားများကို ညွှန်ကြားလိုက်လေသည်။
"သူတို့ကို တောင်ပေါ်ကနေ ခေါ်ဆင်းသွားပြီး ကြိုးတုတ်ထားလိုက်၊ ငါက ဒီကစ္စကို မနက်ဖြန် မှန်ကန်တဲ့လမ်းကြောင်းကနေ သတင်းပို့ပြီး ဖြေရှင်းရလိမ့်မယ်"
ရွာသူကြီးတစ်ယောက်အနေဖြင့် သူသည် ဒီလိုကိစ္စများကို လွတ်လွတ်လပ်လပ် ကိုင်တွယ်ဖို့ရန် အာဏာတစ်ခု မပိုင်ဆိုင်ထားပေ။
ရှန်းစန်းနှင့်လီရှီတို့က ဆွံ့အသွားပြီးနောက်တွင်တော့ ပေါက်ကွဲတော့သည်။
"စန်းလော့၊ အသဲနှလုံး မရှိတဲ့ မိန်းမ၊ တစ်ခြားသူတွေကို ထည့်မစဥ်းစားပေးတတ်တဲ့ သွေးအေးတဲ့သတ္တဝါ၊ ကိုယ့်ရဲ့ အကြီးအကဲကိုတောင်မှ အသိအမှတ် မပြုဘူး"
စန်လော့၏ အမူအယာက ပြောင်းလဲမသွားသည်ကို ကြည့်လိုက်ပြီး လီရှီက အော်ဟစ်တော့သည်။
"ရှန်းအန်း၊ ရှန်းနဥ် နင်တို့တွေ သေနေကြတာလား၊ နင်တို့ရဲ့မရီးက ငါတို့ကို ကြိုးတုတ်မှာကို ဒီအတိုင်း ရပ်ကြည့်နေရသလား။ နင့်တို့ရဲ့ အသိတရားတွေ ဘယ်ရောက်ကုန်ပြီလဲ"
လာပြီးအကူအညီပေးကြသည့် ရွာသားအဖွဲ့က အချင်းချင်း ကြည့်လိုက်ကြပြီး ရှန်းစန်းကိုယ်စား ဝင်ကူပေးရမည်လား မသိတော့ပဲ ထိုအခိုက်အတန့်တွင် ဘယ်သူမှ မလှုပ်ရှားကြချေ။
သိက္ခာစောင့်စည်းကြသည့် ချန်းယိုထျန်း နှင့်တစ်ခြားသူများကတော့ ခြံစည်းရိုးပေါ်ကျော်တက်သည်ဆိုတာ ကောင်းမွန်သည့် ရည်ရွယ်ချက်မဟုတ်မှန်း ခံစားမိလေသည်။
သူတို့က စန်းလော့ဘက်တွင် အလိုလို ရပ်ပြီးသားပင် ရွာများက ချီတုံချတုံ ဖြစ်နေကြသည်ကို မြင်လိုက်သဖြင့် ချန်းယိုထျန်း၊ ရှီအာ့လန်၊ လုသလန် နှင့် လုစန်းလန်တို့က ရှေ့တက်လာပြီး ကျူးကျော်သူများကို ဖမ်းဆီးလိုက်တော့သည်။
စန်းလော့က ကျိုးရွာသူကြီးနှင့်ရွာသားများကို ဦးညွှတ်လိုက်ပြီး ကျေးဇူးတင်စကား ဖော်ပြလိုက်သည်။
"ညသန်းခေါင်မှာ အခုလို လာရောက်ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မက ခွင့်မလွှတ်ချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ အားနည်းတဲ့အမျိုးသမီးတစ်ယောက်က ဒီနေရာမှာ ကလေးနှစ်ယောက်နဲ့ နေရတာလေ၊ တကယ်လို့ ကျူးကျော်လာသူကို အပြစ်မပေးဘူးဆိုရင် ဒါက တစ်ခြားသူတွေကို ရဲတင်းလာစေပြီး ကျွန်မတို့ရဲ့ဘဝကိုလဲ မကာကွယ်ပေးနိုင်ဘဲ ဖြစ်လိမ့်မယ်”
သူမက စကားပြောလိုက်ပြီးနောက် ဦးညွှတ်လိုက်လေသည်။
အစပိုင်းတွင် ရွာသားများက စန်လော့သည် အလွန်မှ ရက်စက်သည်ဟု ခံစားမိကြလေသည်။ နောက်ဆုံးတွင် ကျူးကျော်သူများက သူမ၏ ဆွေမျိုးများပင်။ သူတို့ကို ရွာသူကြီးထံ ပို့ဆောင်သည်က လွန်လွန်းနေသယောင်ပင်။ ဒါကလဲ မည်မည်ရရ ဆုံးဖြတ်ချက်ချဖို့ရာ တရားဝင်အာဏာနှင့် လက်တစ်ကမ်း အကွာတွင် ရှိနေခြင်းကြောင့်ပင်။
သို့သော်လည်း စန်းလော့၏ ရှင်းပြချက်များက သူတို့ကို သူမ၏အခြေအနေကို နားလည်သွားစေတော့သည်။
တကယ်တော့လဲသူက ဝေးလံတဲ့တောင်ပေါ်တစ်မျာနေရာမှာ ကလေးနှစ်ယောက်နဲ့ နေနေရတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ပဲ။ ရှန်းစန်းနဲ့လီရှီတို့ရဲ့ ဒီနေ့ကိစ္စက သူတို့ရဲ့အော်သံကြောင့်သာ သတိထားမိခဲ့ပြီး အနီးအနားက အိမ်ထောင်စုတွေက သူတို့အသံကို မကြားရင် သတိထားမိလိမ့်မှာတောင် မဟုတ်ဘူး။ တကယ်လို့ တခုခု ပြင်းထန်တာဖြစ်သွားခဲ့မယ် ဆိုရင်တော့...
တကယ်လို့များ ရှန်းစန်းနဲ့လီရှီကို ဒီနေ့ နောက်ဆက်တွဲ အပြစ်မပေးနိုင်ခဲ့ဘူးဆိုရင် မနက်ဖြန်ကျရင် ဘယ်သူကဘယ်လို ဆိုးသွမ်းတဲ့အမှုတွေ လုပ်လိမ့်အုံးမယ်မသိဘူး။ ဒီအတွေးတစ်ခုနဲ့တင် စန်းလော့အတွက် ကျောချမ်းစရာ ဖြစ်နေပြီလေ။
သူတို့၏ အစောပိုင်းဝေဖန်ချက်ကို ရှက်ရွံ့မိသည်တွင် သူတို့က သူမကို အာမခံပေးလိုက်လေသည်။
"ကျုပ်တို့က အိမ်နီးချင်းတွေလေ၊ အချင်းချင်း ကူညီသင့်တာပေါ့၊ ဒီလိုအပြုအမူဆိုတာ ရွာမှာ သီးခံနိုင်စရာ မဟုတ်ဘူး။ စိတ်မပူပါနဲ့၊ အထဲပြန်ဝင်လိုက်ပါတော့၊ တောင်ပေါ်မှာက ညဘက်ဆို အေးကအေးနဲ့ ကျုပ်တို့တွေ သူတို့ကို စောင့်ရှောက်ထားလိုက်ပြီး မနက်ဖြန်မှ တိုင်ပင်ကြတာပေါ့"
ကျိုးရွာသူကြီးနှင့် တခြားရွာသူရွာသားများက သူတို့၏ သဘောထားများကို ထုတ်ပြလိုက်ပြီး အကြံပေးလိုက်လေသည်။
"အထဲဝင်တော့ ကလေးတွေကို သွားနှစ်သိမ့်ပေးလိုက်အုံး၊ သူတို့တွေလဲ ကြောက်နေကြမှာပဲ၊ မနက်ဖြန်မနက်ကျရင် ငါက ဒီကိစ္စကို ဒေသခံအရာရှိဆီ သွားပြီး ဖိတ်လိုက်မယ်၊ နင်လဲ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုကို ရလာမှာပါ"
အားလုံးကို ကျေးဇူးတင်လိုက်ပြီးနောက်တွင် စန်းလော့က အခုအချိန်အထိ ဆဲရေးတိုင်းထွာနေကြပြီး ရွာသားများ၏ စောင့်ကြပ်မှုနောက်က ပါသွားသည့် ရှန်းစန်းနှင့်လီရှီတို့ကို ကြည့်နေလိုက်လေသည်။ သူတို့က မြင်ကွင်းထဲက ပျောက်သွားသည်နှင့် သူမကသူမ၏ငန်းသုံးကောင်ကို သွားပြီး စစ်ဆေးလိုက်တော့သည်။
သည်ငန်းများသည် စန်းလော့ကို သူတို့၏သခင်အဖြစ် မှတ်ယူဖို့ရာ ကျင့်သားမရသေးလေရာ ခုနက လုံးထွေးသတ်ပုတ်ပြီးနောက်တွင် သူတို့၏ အောင်နိုင်သည့်အမူအယာကို ထုတ်ပြနေပြီး သူတို့၏ လည်ပင်းများကို ဝင့်ကြွားစွာ ဆန့်တန်းထားလေသည်။
ဝမ်းသာအားရဖြင့် စန်လော့က သူတို့ကို ချီးကျူးစကားပြောလိုက်သည်။
"တော်တယ်၊ ငါ မနက်ဖြန်ကျရင် နင်တို့ကို စားစရာ အပိုထပ်ကျွေးမယ်"
ငန်းများက တဂီဂီဖြင့်တုံ့ပြန်လိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် ဝင့်ဝင့်ကြွားကြွား လမ်းလျှောက်နေတော့သည်။
စန်းလော့က ဘဲငန်းများနှင့် ဝါးခြံစည်းရိုးတို့ကို အရာအားလုံး သေချာ စစ်လိုက်ပြီးနောက်တွင် သူမ၏ အိမ်ကို ပြန်လှည့်လာခဲ့တော့သည်။
ရှန်းအန်းနှင့်ရှန်းနဥ်တို့က နိုးနှင့်ပြီးသားဖြစ်နေသော်လည်း စန်းလော့၏အမိန့်အရ အိမ်ထဲတွင်သာနေခဲ့ကြသည်။ အခုတော့ အပြင်ဘက်က အခြေအနေက တည်ငြိမ်သွားပြီဖြစ်ရာ သူတို့က သူမကို ခြံဝန်းထဲတွင် စောင့်နေလိုက်ကြသည်။
သုံးယောက်သားသည် အိမ်သို့အတူတူ ပြန်လာခဲ့ကြပြီး ရှန်းနဥ်က လီရှီ၏ ဆဲရေးသံကို ခံစားချက်မရှိပဲ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေလေသည်။
"ငန်းတွေက တကယ်ပဲ အဲလောက်တောင် အားကိုးရတာလား"
သူတို့တွေက သူမကို တကယ်ပဲ စိတ်အေးရစေတယ်လေ။
စန်းလော့က အော်ရယ်လိုက်သည်။
"ဟုတ်တယ်၊ နောက်ဆိုရင် သူတို့ကို ကောင်းကောင်းကျွေးမွေးနော်၊ သူတို့တွေ ငါတို့နဲ့ရင်းနှီးသွားပြီး ငါတို့ကို မှတ်မိလာပြီဆိုတာနဲ့ သူတို့ကို အပြင်ဘက်မှာ လွှတ်ထားလို့ရပြီ၊ သူတို့တွေက ငါတို့ရဲ့ စောင့်ရှောက်သူတွေ ဖြစ်လာလိမ့်မယ်"
အခုဆိုရင် တံခါးအားလုံးကလဲ သော့ခတ်ထားပြီးပြီ မီးဖိုချောင်ကလဲ ကျယ်ဝန်းတယ်။ ပြတင်းပေါက်နားမှာ ရပ်နေရုံနဲ့ ဘာတစ်ခုမှ မြင်ရမှာမဟုတ်ဘူး။ ကလေးတွေကို ခြံအရှေ့ဘက်မှာ လာကစားခိုင်းလို့ရပြီ။
ရှန်းနဥ်က အားတက်သရော ခေါင်းငြိမ့်ပြလေသည်။
"ဟုတ်ကဲ့၊ ညီမလေးက သူတို့တွေကို သေချာစောင့်ရှောက်လိုက်ပါ့မယ်"
ရွာထဲသို့ဝင်လာသည်တွင် ရှန်းစန်းနှင့်လီရှီတို့ကို ကြိုးများဖြင့် တုတ်နှောင်ထားပြီး ယိုယွင်းနေသည့်အိမ်တစ်လုံးထဲတွင် ပိတ်လှောင်ထားလိုက်လေသည်။
အမှန်တွင်တော့ ရှီလီရွာထဲတွင် ဒီလို ရည်ရွယ်ချက်မျိုးအတွက် ကြီးမားသည့် ဘိုးဘွားခမ်းမရှိပေ။ ထို့ကြောင့် တစ်ခုတည်းသော ရွေးချယ်စရာရှိသည်က လွတ်နေသည့်အိမ်တစ်လုံးထဲတွင် သူတို့ကို ချုပ်နှောင်ထားလိုက်ခြင်းပင်။
အကူအညီပေးရန် ထွက်လာကြသည့် လူများက အိမ်သို့ပြန်ရောက်လာကြပြီး ထိုကိစ္စက ရွာထဲတွင် ပြောစရာ အလိုလို ဖြစ်လာတော့သည်။
အိမ်သို့ ပြန်ရောက်လာကြသည်တွင် ကျိုးသူကြီးက သူ့မိန်းမနှင့်ချွေးမတို့ကို တွေ့လိုက်ပြီး အားလုံးက အလျင်စလို အဝတ်အစားများကို ဝတ်ဆင်ထားကြကာ ကိစ္စကို မေးမြန်းတော့သည်။
ချွေးမနှစ်ယောက်ကို ကျိုးသာ့လန်နှင့်ကျိုးအာ့လန်တို့က ရှင်းပြလိုက်ကြသည်။ ကျိုးရွာသူကြီးကတော့ သူ့အခန်းထဲသို့ ပြန်ရောက်လာပြီးသူ့မိန်းမကို ပြောပြလိုက်သည်။
"ရှန်းစန်းနဲ့လီရှီတို့က စန်းလော့ရဲ့ တို့ဟူးလုပ်နည်းကို မျက်စိကျနေတဲ့ပုံပဲ"
သူက တောင်ပေါ်ကကိစ္စကို အသေးစိတ် ပြောပြလိုက်ပြီး ထပ်ပြောလိုက်လေသည်။
"တော်သေးတာပေါ့၊ စန်းလော့က တော်တော်လေး အရည်အချင်းရှိတယ်။ သူက ဒီကိစ္စကို ကြိုမြင်ထားမယ်လို့တောင် မထင်ဘူး။ ဒါပေမဲ့ သူက ခြံဝန်းရဲ့အပြင်ဘက်မှာ ငန်းထီးအကြီးတွေ တစ်ကောင်နှစ်ကောင်လောက် တိတ်တိတ်လေး မွေးထားတယ်လေ၊ ရှန်းစန်းနဲ့လီရှီတို့က ဒီနေ့ တကယ် ခံစားလိုက်ရတာပဲ။ သူတို့ရဲ့အဝတ်အစားတွေဆို သွေးတွေရွှဲနေတာပဲ"
ကျိုးရွာသူကြီး၏ မိန်းမက ရှုံ့ချတော့သည်။
"ကောင်းတယ်လေ၊ သူတို့တွေက ဒါနဲ့ပဲ တန်တယ်လေ"
ချမ်းသာခြင်းဆိုတာ တကယ်ပဲမက်မောစရာ ကောင်းပါတယ်။ ဒါပေမဲ့လဲ အဲဒီ့နှစ်ယောက်ကတော့ တကယ် မကောင်းဘူး။
ထို့နောက် သူမက မေးလိုက်သည်။
"အခု ဘာဖြစ်သွားလဲ၊ ကျွန်မတို့တွေ ဒီကိစ္စကို ဒီအတိုင်းထားလိုက်လို့ မရဘူးလေ ဟုတ်တယ်မလား။ ငန်းလေးတစ်ကောင် ကိုက်ခံရတာလောက်နဲ့ ကိစ္စကို အဆုံးမသတ်နိုင်ဘူး၊ တကယ်လို့ ကျွန်မတို့က သူတို့ကို လွယ်လွယ်ကူကူ လွှတ်ပေးလိုက်မယ်ဆိုရင် စန်းလော့ကလဲ တောင်ပေါ်မှာ အေးအေးချမ်းချမ်း နေရတော့မှာမဟုတ်ဘူး"
ကျိုးသူကြီးက တဟင်းဟင်း ရယ်မောလေသည်။
"စိတ်မပူပါနဲ့ ချန်းမိသားစု၊ ရှီမိသားစုနဲ့ လုမိသားစု သူတို့အားလုံးက သူ့နောက်မှာ ထောက်ပံ့ပေးထားတယ်လေ၊ သူက ရှုံးမှာမဟုတ်ဘူး ဒီ့အပြင် စန်းလော့ကိုယ်တိုင်ကလည်း တော်တော်လေးကို ဖြုံလောက်တယ်၊ သူက တချန်ရဲ့ သက်ဆိုင်ရာဥပဒေတွေကို တစ်လုံးမှ မမှားယွင်းပဲနဲ့ ပြန်ရွတ်ပြနိုင်တယ်လေ။ သူက လိုအပ်ရင် မာထန်တယ် ဒါပေမဲ့ ပညာသားပါပါ ဘယ်လိုလုပ်ရမယ်ဆိုတာလဲ သိတယ်၊ အစတုန်းက သူက ဒီအတိုင်းမာထန်ပြီး အေးတိအေးစက် နိုင်တယ်လို့ထင်တာ၊ အခု ငါတွေ့လိုက်ရတာကတော့ သူက လွယ်လွယ်နဲ့ အလွတ်ပေးမဲ့ပုံတော့ မပေါ်ဘူး"
"ရှန်းစန်းနဲ့လီရှီတို့ကို အခုလောလောဆယ် ကြိုးတုတ်ထားတယ်၊ မနက်ဖြန်ကျရင် ငါတို့တွေ အုပ်ချုပ်ရေးမှုးကို သွားခေါ်လာရမယ်။ ငါတို့တွေက ရွာထဲမှာ ဒီလူတွေကို ဥပမာပေးပြီး ကောင်းကောင်းလေး ပညာပြလိုက်ရမယ်"
"အခုလောလောဆယ်တော့ ရွာထဲမှာ တစ်ချို့လူတွေက စိတ်မအေးချမ်းနိုင် ဖြစ်နေကြတယ်။ အခုက အားလုံးမှာ စားသောက်စရာ လုံလုံလောက်လောက် ရှိနေသေးတယ်။ မိသားစုအများစုကလဲ အကြပ်အတည်း ဖြစ်ရလောက်တဲ့ အခြေအနေ မဟုတ်သေးဘူး။ ဒါပေမဲ့ နှစ်သစ်ကူးပြီးသွားရင်တော့ ကိစ္စက နောက်တစ်မျိုး ဖြစ်သွားနိုင်တယ်။ ငါတို့တွေက ဒီကိစ္စကို အခုကတည်းက သေချာ မကိုင်တွယ်နိုင်ခဲ့ရင် နောက်ပိုင်း ဒီထက်ပိုကြီးတဲ့ ပြသာနာတွေကို ရင်ဆိုင်ရနိုင်တယ်”
"ဒါပေမဲ့ ရှန်းစန်းရဲ့ကိစ္စက နည်းနည်းလက်ဝင်တယ်။ ခြံစည်းရိုးကိုတောင် မကျော်နိုင်ဘဲနဲ့ ခိုးယူရန် ကြိုးစားမှုတဲ့လေ၊ တကယ်တမ်းကြတော့ ဒီလိုကိစ္စကို အဓိပ္ပါယ်အများကြီး ဖွင့်လို့ရတယ်"
"တကယ်လို့များ သူတို့တွေက အင်အားကြီးမိသားစုတစ်ခု ဒါမှမဟုတ် မျိုးနွယ်စုကိုပစ်မှားမိတယ်ဆိုရင်အလုပ်ကြမ်း၃နှစ် ပြစ်ဒဏ်ချမှတ်တာက အံ့သြစရာမကောင်းဘူးလေ။ ဒါပေမဲ့ သာမန် ပြည်သူတစ်ယောက်အတွက်တော့ ဒီလိုကိစ္စမျိုးက တော်တော်လေးကို မကြာခဏဆိုသလို ဖော့ပေးလိုက်တာ သက်သာတယ်"
"ဒါတွေက ဒေသအုပ်ချုပ်ရေးမှုးရဲ့ သဘောထားနဲ့ စန်းလော့ရဲ့ လုပ်ရည်ကိုင်ရည်ပေါ် မူတည်သွားပြီ"
နောက်တနေ့ မနက်ခင်းတွင် ရွာသားများသည် မနက်စာ မစားရသေးခင်မှာပင် ရွာရိုးတစ်လျှောက် မောင်းသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရတော့သည်။
ရွာသားများသည် အခြောက်ခံကွင်းထဲမှ မောင်းသံသုံးခုကို ကြားလိုက်ရသည်တွင် သူတို့၏ ကျောရိုးများစိမ့်သွားသလို ခံစားလိုက်ရတော့သည်။ ဒါက အလိုလို တုံ့ပြန်မှုတစ်ခု နီးပါးပင်။ ပြီးခဲ့သည့် နှစ်နှစ်ကျော်လာသည့်တိုင် ဒီမောင်းသံက ဘယ်တော့မှ သတင်းကောင်းကို ယူမလာပေးခဲ့ချေ။
သို့သော်ငြားလည်း မနေ့က ရှန်းစန်းနှင့်သူ့မိန်းမ ဖြစ်ခဲ့သည့်ကိစ္စကို သတိရလိုက်သည်တွင် သူတို့က အနည်းငယ် စိတ်အေးသွားပြီး ရှန်းစန်းတို့လင်မယား အိမ်တစ်လုံးကို ထိုးဖောက်မှုကိစ္စကို ဖြေရှင်းရန်ဖြစ်ရမည်ဟု ခန့်မှန်းလိုက်ကြတော့သည်။ နောက်ဆုံး ရွာသူကြီးကျိုးက မနေ့ကပြောခဲ့သည် မဟုတ်ပါလား။ ဒီနေ့ ဒေသအုပ်ချုပ်ရေးမှုးကို သွားရောက်ဖိတ်ကြားလိမ့်မည်တဲ့။
တောင်ပေါ်တွင်ရှိနေသည့် စန်းလော့ကလဲ ဆူညံမှုကိုကြားလိုက်ရပြီး ထိုသို့ပင် တွေးလိုက်လေသည်။ သူမက အိမ်ကို သော့ခတ်လိုက်ပြီး ရှန်းအန်း၊ ရှန်းနဥ်တို့နှင့်အတူ တောင်ပေါ်မှ ဆင်းလာခဲ့သည်။
ရှန်းမိသားစု၏ တတိယအိမ်တွင်တော့ ရှန်းကျင့်၊ ရှန်းယင်နှင့်အတူ သူတို့၏ညီအစ်ကိုများက မနေ့ညက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ကြပြီး တောင်ပေါ်က ဆူညံသံကို မကြားခဲ့ကြချေ။ သူတို့မိဘများ၏ ထင်ရှားသည့်ပြသာနာကို သတိမထားမိကြသေးပဲ ရှိနေကြလေသည်။
ညီအစ်ကိုများမှာ မနက်ခင်းတွင် အိမ်၌ သူတို့၏မိဘများကို မတွေ့ရသည်တွင် ဇဝေဇဝါဖြစ်သွားကြပြီး သူတို့က လယ်ထဲသို့သွားကာ တခြားအလုပ်ကိစ္စများနှင့် အလုပ်များနေသည်ဟု မှတ်ယူလိုက်ကြလေသည်။
အခြောက်ခံကွင်းထဲက မောင်းသံကိုကြားလိုက်ရသည်တွင် သူတို့က ကောင်းကောင်း လမ်းမလျှောက်တတ်သေးသည့် ညီမငယ်ဖြစ်သူ ထျန်းယာကိုခေါ်ကာ လူအုပ်ထဲသို့ဝင်လာသည်။
လမ်းတစ်လျှောက်တွင် လူများက လက်ညှိုးထိုးကာ တီးတိုးပြောနေကြသဖြင့် ရှန်းကျင့်မှာ တယောက်ယောက်၏ ဟာသလုပ်ခြင်းခံရမှ ဇဝေဇဝါ စိတ်ရှုပ်သွားတော့သည်။
"ရှောင်ကျင့် နင့်မိဘတွေ ဘာလုပ်ခဲ့တယ်ဆိုတာ နင်မသိဘူးလား၊ သူတို့တွေက မနေ့ညတုန်းက နင့်အစ်ကိုအကြီးဆုံးရဲ့မိန်းမ အိမ်ကို ဝင်ဖို့ကြိုးစားခဲ့ကြပြီး ခိုးမှုနဲ့ ကြိုးတုတ်ခံထားရတယ်လေ၊ သူတို့တွေကို ရွာမြေက်ဘက်က အိမ်ပျက်လေးထဲမှာ ပိတ်ထားတယ်၊ နင်တို့ညီအစ်ကိုတွေ သွားမကြည့်ကြဘူးလား"
ရှန်းကျင့်နှင့်ရှန်းယင်တို့မှာ ဆွံ့အသွားကြတော့သည်။
"ဘာတွေပြောနေကြတာလဲ"
ချက်ခြင်းဆိုသလို ဦးတည်ဘက်ကိုပြောင်းလိုက်ပြီး သူတို့သည် ရွာမြောက်ဘက်သို့ ဦးတည်သွားလိုက်ကြသော်လည်း လူတစ်ယောက်က ရယ်စရာအဖြစ် ထပ်ပြောပြန်သည်။
"မသွားနဲ့လေ၊ အလျင်လိုစရာ မလိုပါဘူး၊ မင်း မောင်းသံကို မကြားလိုက်ဘူးလား၊ သူတို့တွေကို ခဏနေ အခြောက်ခံကွင်းထဲ ခေါ်လာကြလောက်တယ်"
ရှန်းကျင့်က ကြားနေရသည်ကို ထပ်ပြီး ဂရုမစိုက်တော့ဘဲ ညီမငယ်လေးထျန်းယာကို ရှန်းထျယ်လက်ထဲထည့်လိုက်ပြီး ရှန်းယင်နှင့်အတူ ရွာမြောက်ဘက်သို့ ပြေးသွားလိုက်တော့သည်။
ရွာသားများက ဝမ်းသာအားရ စကားပြောရင်းဖြင့် အခြောက်ခံကွင်းဘက်သို့ သွားလိုက်ကြသည်။ အမျိုးသား၊ အမျိုးသမီး၊ အပျို၊ အအိုအားလုံးက မြင်ကွင်းကို စောင့်ကြည့်ဖို့ရန် ပြင်ဆင်နေကြပြီး ဆူညံသည့် အတင်းစကားများက အလိုလို အဖော်ပါလာလေသည်။
မနေ့ညက စန်းလော့၏စကားများကို ကြားခဲ့ရသည့်တစ်ချို့က သူမ၏ တင်းမာမှုက အတိုင်းအတာတစ်ခုထိ နားလည်ပေးနိုင်သည်ဟု ခံစားရပြီး တစ်ချို့ကတော့ သူမက အလွန်မှ ရက်စက်ကာ အေးစက်သည့်နှလုံးသားရှိသည်ဟု ထင်ကြလေသည်။ မည့်သိုဆိုစေ။ ရွာထဲက မောင်းသံက သူတို့နှင့်တိုက်ရိုက်သက်ဆိုင်လိမ့်မည်ဟု မည်သူကမှ မခံစားမိလေရာ သူတို့အားလုံးက ဒါကို ဖျော်ဖြေရေးပုံစံ တစ်ခုလို့သာ မှတ်ထားလိုက်ကြလေသည်။
ကျိုးမိသားစုတစ်ခုထဲကသာ စိုးရိမ်နေသည့်ဟန် ပေါ်နေလေသည်။ သူတို့၏အဖေဖြစ်သူက လူသွားခေါ်ရန် အငယ်ဆုံးညီကို အခုလေးတင်မှ ပို့လိုက်ပြီးဖြစ်ရာ သူသည် အခုလေးတင်မှ ထွက်သွားခြင်းပင်။ ဒေသခံအုပ်ချုပ်ရေးမှုးနှင့် ခေါင်းဆောင်တို့က မည်သို့များ ဤမျှမြန်မြန်ဆန်ဆန် ရောက်လာနိုင်ပါမည်နည်း။
ထို့ကြောင့် မောင်းသံက ရှန်းမိသားစု၏ ကိစ္စနှင့် မပတ်သတ်ချေ။
ကျိုးသာ့လန်က အဖေဖြစ်သူကို ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
"အဖေ ဒါက နောက်ထပ် အခွန်တိုးမဲ့ကိစ္စတော့ မဟုတ်လောက်ပါဘူးနော်"
ကျိုးမိသားစုက လတ်တလောတွင် စီရင်စုသို့ မကြာခဏ သွားရလေရာ နေရာအသီးသီးမှ အခွန်တိုးကောက်မည့် သတင်းကို ကြားခဲ့ရလေသည်။
ကျိုးရွာသူကြီးက ခေါင်းကာပြလိုက်၏။
"နောက်ထပ် အခွန်တိုးကောက်ဖို့ မဖြစ်သင့်ပါဘူး၊ အဲလိုမှမဟုတ်ရင်တော့ နောက်လာမဲ့နွေဦးမှာ ငါတို့တွေ မြက်ပင်ကိုပဲ စားရလိမ့်မယ်"
ကျိုးသာ့လန်က လက်သီးကို တင်းနေအောင်ဆုပ်ထားပြီး ပြောလိုက်လေသည်။
"အခုတောင်မှ အလုပ်များတဲ့ စိုက်ပျိုးရေးရာသီ ပြီး စပဲရှိသေးတယ်၊ လုပ်အားထမ်းဆောင်ဖို့ လူခေါ်မှာတော့ မဟုတ်လောက်ပါဘူးနော်"
ဒါပေမဲ့လည်း သူတို့တွေက ဒီနှစ်အတွင်းမှာ လုပ်အားဝန်ဆောင်မှုကို သုံးခါတောင် လုပ်ပေးပြီးသွားပြီလေ။ စုစုပေါင်း ရက်၈၀။ သေချာနေပါပြီလေ။ လေးခေါက်မြောက်တော့ မခေါ်လောက်တော့ပါဘူး။
...