အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
အပိုင်း(၉၁) ဒုက္ခသည်များ
သူတို့နောက်ထပ်ဝင်မည့်နေရာသည် ယုံဖန်းကျိုင်ဖြစ်သည်။ မုန့်ရေကြည်၏ ရေပန်းစားမှုကြောင့် စန်းလော့ပို့ပေးထားသော ကျောက်သကြားမုန့်များကိုလည်း ကောင်းစွာလက်ခံရရှိပြီး သူမသည် ယန်ဆိုင်ရှင်၏ မျက်နှာသာပေးခံရသည့်ဧည့်သည် ဖြစ်လာတော့သည်။
အမြဲတမ်းရည်မွန်သော ယန်ဆိုင်ရှင်က စန်းလော့လာရောက်သည့်အခါတိုင်း အစားအသောက်များကို ပေးသော်လည်း သူမ၏စီးပွားရေးကြောင့် ချဉ်းကပ်မှုမျိုးမဖြစ်ရန် အလည်လာသည်က ရှားပါးလေသည်။
ဤတစ်ကြိမ်တွင် သူမနှင့်အတူ ကလေးများလိုက်ပါလာပြီး ဧည့်ဝတ်ကျေပွန်မှုကို ထပ်တိုးလိုက်လေသည်။ တည်ခင်းထားသော စားသောက်ဖွယ်များမှာ ပို၍စုံလင်ပြီး ထင်ရှားသည့်မုန့်အများစုမှာ ကလေးများ၏အရသာအတွက် ရည်ရွယ်ထားခြင်းဖြစ်၏။
ယန်ဆိုင်ရှင်က ကလေးများကို မုန့်များစားရန် ထပ်ခါထပ်ခါ တိုက်တွန်းနေတော့သည်။ စန်းလော့၏ဦးဆောင်မှုနှင့် သူမက ခေါင်းညိတ် ခွင့်ပြုသည်ကိုမြင်မှသာ ကလေးတစ်ဦးစီသည် မုန့်တစ်ခုကို ယူစားလိုက်ကြ၏။
သူတို့က တုန်းဖူစားသောက်ဆိုင်တွင် စားပြီးသောအခါ ဗိုက်ပြည့်သွားကြပြီး ထို့အပြင် သူတို့က အိန္ဒြေကိုလည်း ထိန်းသိမ်းချင်ကြသည်။
ကလေးများက တုန်းဖူစားသောက်ဆိုင်တွင် ထမင်းစားပြီးနှင့်သည်ကို သတိမထားမိသော ယန်ဆိုင်ရှင်က စန်းလော့၏ ပြုစုပျိုးထောင်ပေးနိုင်သည့် အရည်အချင်းကို ချီးကျူးနေ၏။ သူမ၏ယောင်းမနှင့်မတ်ကို ကောင်းစွာသင်ကြားပေးခြင်းကိုယုံကြည်ရင်း သူမအပေါ်ရှိလေးစားမှုကို ပို၍ကြီးမားလာစေသည်။
မထွက်ခွာခင် မုန့်အားလုံးကို ဆီစိမ်စက္ကူဖြင့်ထုတ်ပိုးကာ ကလေးများစားရန်အတွက် စန်းလော့ကို ပြန်ယူသွားစေ၏။
ကလေးများနှင့်ထွက်လည်သည့်အချိန်အတွင်း စန်းလော့သည် ရုပ်ရှင်ထဲတွင် မကြာခဏ သရုပ်ဖော်တတ်သည်နှင့် ဆင်တူသောအရာများကို မမျှော်လင့်ဘဲ တွေ့ကြုံရလေသည်။ ကလေးများကို နှစ်သစ်တွင် လက်ဆောင်များပေးရန် အလည်အပတ် ခေါ်သွားပေးသည့် ခံစားချက်မျိုးဖြစ်သည်။
ယုံဖန်းကျိုင်မှ ထွက်လာတော့ စန်းလော့သည်သူမကိုယ်သူမ သဘောကျနေ၏။ သူမက ထိုကဲ့သို့သော အရာများကို ဘယ်တုန်းကမှ အတွေ့အကြုံမရှိခဲ့သော်လည်း ယခုအချိန်တွင် မိဘနေရာမှနေ၍ ဤအခိုက်အတန့်များကို ရှန်းအန်းနှင့်ရှန်းနဉ်တို့ဖြင့် မျှဝေလေသည်။
သူတို့၏အဓိကကိစ္စရပ်များကို ပြီးမြောက်တော့ စန်းလော့က စီရင်စုမြို့ကို လေ့လာစူးစမ်းရန် ကလေးနှစ်ယောက်ကို ခေါ်သွားလိုက်၏။
အစားအစာများကို ကြည့်ရန်မလိုပေ။ ကလေးများကို ကောင်းစွာကျွေးမွေးထားရုံမကဘဲ သူတို့တွင် အိမ်ပြန်သယ်ဖို့ ထုပ်ပိုးထားသည့် အစားအသောက်ကောင်းများ အလျှံအပယ်ရှိပြီး အားလုံးကိုလည်း သူမသယ်လာသည့်ခြင်းတောင်းထဲတွင် ကောင်းစွာထည့်ထားလေသည်။
ရှန်းအန်းနှင့်ရှန်းနဉ်တို့က မုန့်များနှင့်စားစရာများနှင့်အတူ အချို့မှာ ခဏမျှအထားခံနိုင်ပြီး ထပ်ဝယ်ရန် အကြောင်းပြချက် မရှိပုံပေါ်သောကြောင့် တစ်ခြားဘာမှ ထပ်ဝယ်စရာမလိုတော့ဟု တွေးထားကြသည်။
စန်းလော့က ဤစိတ်ကူးကို သဘောတူလိုက်၏။ သူမက ကလေးများကို ကြည့်လိုက်တော့ သူတို့သည် ခေါင်းအစခြေအဆုံး အဝတ်အစားသစ်များ ဝတ်ဆင်ထားကြသည် မဟုတ်ပေလော။
အင်း၊ အတော်အသင့်တော့ မဟုတ်ပါဘူး။
စန်းလော့၏အကြည့်မှာ ရှန်းနဉ်၏ နှစ်ဖက်ထုံးထားသည့်ဆံပင်အပေါ်သို့ ကျရောက်သွားတော့သည်။
"အဝတ်အထည်ဆိုင်ကို သွားကြရအောင်"
ရှန်းနဉ်က ခေါင်းယမ်းလိုက်၏။
"မကြီး၊ သမီးတို့မှာ အဝတ်အစားအသစ်တွေရှိတယ်လေ"
စန်းလော့ ပြုံးလိုက်၏။
"အဝတ်အစားဝယ်ဖို့ မဟုတ်ပါဘူး။ ညီမလေးအတွက် ဖဲကြိုးလေးဝယ်ဖို့လေ"
အငယ်လေး၏ဆံပင်ရှိဖဲပြားမှာ အရောင်မှိန်နေပြီး အချိန်အတော်ကြာ အသုံးပြုထားခြင်းကြောင့် စုတ်ပြဲနေပြီဖြစ်သည်။
ရှန်းနဉ်သည် ယခုထိအသုံးပြုလို့ရပုံပေါ်နေဆဲဖြစ်သည့် သူမခေါင်းပေါ်ရှိ ဖဲပြားလေးကို ထိလိုက်လေ၏။ သို့တိုင် ဖဲပြားအနီတောက်တောက် အသစ်တစ်ခု၏အတွေးမှာ အလွန်ဆွဲဆောင်မှုရှိပုံပေါ်သည်။
ဤအတွေးဖြင့် သူမမျက်လုံးမှာ ပျော်ရွှင်မှုကြောင့် အရောင်လက်လာပြီး စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြလိုက်၏။
စန်းလော့က ပြုံးပြီး ကလေးနှစ်ယောက်ကို အဝတ်အထည်ဆိုင်ဆီသို့ တိုက်ရိုက်ဦးဆောင်ခေါ်သွားတော့သည်။
အဝတ်အထည်ဆိုင်သည် အသင့်ချုပ်ထားသော အဝတ်အစားများကိုသာ ရောင်းသည်မဟုတ်ပေ။ ထိုဆိုင်တွင် ဖဲပြားများ၊ ခေါင်းစည်းများနှင့် ပန်းပွင့်လည်ဆွဲများလည်း ရနိုင်သည်။ ကိုးနှစ်အရွယ်ရှန်းနဉ်သည် ကလေးမလေးတစ်ယောက်ဖြစ်သော်လည်း အခြားကလေးမများကဲ့သို့ အလှတရားကို နှစ်သက်လေသည်။
ဆိုင်ရှင်က ရောင်စုံဖဲကြိုးများ၊ ခေါင်းစည်းများနှင့် ပန်းပွင့်လည်ဆွဲများပါသော ဗန်းသုံးဗန်းကိုယူလာသောအခါ ရှန်းနဉ်၏မျက်လုံးများမှာ စိတ်လှုပ်ရှားစွာဖြင့် တစ်ခုမှနောက်တစ်ခုသို့ ကြည့်နေပြီး သူမယခင်က တစ်ခါမျှမမြင်ဖူးခဲ့သော လှပသည့်ပစ္စည်းများကြောင့် လှစ်ကနဲ ဖမ်းစားခံလိုက်ရလေသည်။
အကုန်လုံးက လှပပြီး ဆွဲဆောင်မှုရှိပုံပေါ်သောကြောင့် သူမကို ရွေးချယ်ရခက်စေ၏။
သို့သော် စစချင်းအမြင်အာရုံသက်ရောက်မှုသည် အသားကျသွားပြီး သူမ၏ရွေးချယ်မှုနှင့်ပတ်သတ်ပြီး ပို၍စဉ်းစားတတ်ပြီး ကောင်းကောင်းနားလည်လာလေသည်။
စီရင်စုဈေးဆိုင်ရှိ လက်ရာမြောက်သောပစ္စည်းများမှာ ဈေးမသက်သာသည်ကို သိနေသည့်ရှန်းနဉ်က ပန်းပွင့်လည်ဆွဲနှင့် ခေါင်းစည်းများကို ရှောင်လိုက်ပြီး ထိုအစား ဖဲကြိုးများပေါ်တွင်သာ အာရုံစိုက်လိုက်၏။
တစ်ဒါဇင်ကျော်ရှိသည့်အထဲမှ ရွေးချယ်စရာအရောင်များစွာရှိ၏။ နှစ်ခါမျှကြည့်ပြီးနောက် နောက်ဆုံးတွင် ရှန်းနဉ်သည် အနီရောင်တောက်တောက်ဖဲပြားလေးကို ညွှန်ပြလိုက်တော့သည်။
"မကြီး၊ သမီး ဒါလေးကြိုက်တယ်"
သူမက ပြောလိုက်၏။
စန်းလော့က အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ငွေမရှင်းခင်တွင် ထိုအရာနှင့်အတူ ပန်းရောင်ခေါင်းစည်းတစ်ခုကိုပါ ထုပ်ပေးရန်ပြောလိုက်ကာ ဆိုင်မှ ထွက်ခွာလာကြသည်။
သူမနှင့်ရှန်းအန်းအတွက်တော့ စန်းလော့က အနီရောင်တောက်တောက်သည် အလွန်သိသာသည်ဟုခံစားရပြီး ထင်းလွန်းသောအရောင်များမှာလည်း မလိုအပ်ပေ။ သူတို့၏အင်္ကျီပြောင်နှင့် ကောင်းစွာလိုက်ဖက်သည့်ခေါင်းစည်းကို တူညီသည့်ပိတ်စမှ ဖြတ်နိုင်သည်။
ဖဲပြားလေးနှင့် ခေါင်းစည်းကိုဝယ်ပြီးသောအခါ စန်းလော့က နောက်ပစ္စည်းတစ်ခုကိုသတိရကာ မှင်နှင့်စုတ်တံများကို ဝယ်လို့ရသည့်နေရာကို ဆိုင်ရှင်ကိုမေး လိုက်လေသည်။
ဆိုင်ရှင်က သူမ၏မေးခွန်းနှင့် ပတ်သတ်ပြီး အနည်းငယ် အံ့ဩသွားသော်လည်း ယခင်စီရင်စုကျောင်းအနီးရှိ မှင်နှင့်စုတ်တံများ ရောင်းချသည့် ဆိုင်ကို လမ်းညွှန်ပေးလိုက်၏။
"ယခင်စီရင်စုကျောင်း" ဝေါဟာရကိုသုံးခြင်းမှာ ချီယန်စုရင်စုကျောင်းများကို ဖွင့်ခဲ့ပြီးနောက် ယခင်ဧကရာဇ်၏ အမိန့်များကြောင့် ပိတ်ခဲ့ရလေသည်။ လက်ရှိဧကရာဇ်သည် ပြည်နယ်နှင့် စီရင်စုကျောင်းများကို ပြန်ဖွင့်ရန် အမိန့်ချမှတ်ထားသော်လည်း ချီယန်စီရင်စုတွင် အမိန့်ကို အကောင်အထည်မဖော်ကြပေ။
ထို့ကြောင့် စီရင်စုရှိ ကြွယ်ဝသောမိသားစုများမှ ကလေးများသည် အိမ်တွင်ပညာသင်ကြားခြင်း သို့မဟုတ် သူတို့၏ကျောင်းပညာအတွက် သီးသန့်ဆရာများငှားခြင်းအပေါ်တွင် အားထားကြရသည်။
ဆိုင်ရှင်ကိုကျေးဇူးတင်ရင်း စန်းလော့က ကလေးများနှင့်အတူ အဝတ်ဆိုင်မှထွက်လာပြီး စီရင်စုကျောင်းဟောင်းတည်နေရာဆီသို့ ဦးတည်သွားလိုက်၏။
မူလခန္ဓာကိုယ်၏ မှတ်ဉာဏ်များရှိသည့် စန်းလော့က သူ့မူလအဆင့်အတန်းအရ တစ်စုံတစ်ယောက်သည် ထုံးစံအတိုင်း မှင်နှင့်စုတ်တံများကိုကို ယ်တိုင်ဝယ်စရာမလိုသည်ကို သိလေသည်။ ထိုအရာကို အများအားဖြင့် အစေခံများနှင့် ယောက်ျားလေး မိသားစုဝင်များသာ ကိုင်တွယ်ကြ၏။ သို့သော် သူမက ပုံမှန်အသိတော့ ရှိသေးသည်။ ဆိုင်ငယ်များတွင်လည်း မှင်နှင့်စုတ်တံများရောင်းချပြီး တစ်ခါတစ်ရံ အမွှေးတိုင်နှင့်ဖယောင်းတိုင်များ၊ ကုန်ပစ္စည်းအမျိုးမျိုးကိုပါ ရောင်းချသည်ကို သတိထားမိလေသည်။
အမှန်ပင် သချန်မင်းဆက်ကြီးမတိုင်မီတွင် လူတန်းစားများကို တင်းတင်းကျပ်ကျပ် ခွဲခြားထားပြီး စာတတ်သည့်သူများသာလျှင် အထက်တန်းစားအဖြစ် ပေါ်ပေါက်လာသည်။ သာမန်ပြည်သူများက စာရေး၊စာဖတ်သင်သည်မှာ ရှားပါးလှ၏။ သချန်မင်းဆက်ကြီးက အချိန်တိုအတွင်း ကျောင်းများတည်ထောင်ရန် အမိန့်ချမှတ်သော်လည်း နောက်ဆုံးတွင် ဤမူဝါဒကို ဆက်လက်လုပ်ဆောင်ခြင်းမရှိခြင်းသည် အခြေအနေမှာ အများကြီးမတိုးတက်လာခြင်းကို ဆိုလိုလေသည်။
ထို့ကြောင့် စီရင်စုမြို့တော်များနှင့် စီရင်စုမြို့ပြမှလွဲ၍ စီရင်စုငယ်များနှင့်မြို့များမှ သာမန်ပြည်သူများကြားတွင် စုတ်တံများ၊ မှင်၊ စာရွက်နှင့်မှင်တုန်းများကို အသုံးပြုခြင်းသည် အနည်းအကျဉ်း မျှသာရှိသည်။ အထူးသဖြင့် ထိုသို့သောပစ္စည်းများအတွက် ဆိုင်များနှင့် စာအုပ်ဆိုင်များလည်း မရှိပေ။
ထိုအချိန်က စာအုပ်များကို အများအားဖြင့် ပုဂ္ဂလိကပိုင်ဆိုင်ကြပြီး လက်ဖြင့်ကူးရေးကြ၏။ တစ်ယောက်ယောက်က စာအုပ်များဝယ်လိုပါက သတ်မှတ်ထားသော စာအုပ်ဈေးများရှိသည့် မြို့တော် သို့မဟုတ် စီရင်စုမြို့ပြများကဲ့သို့ နေရာကြီးများတွင် ရှာဖွေရန်လိုအပ်ပေသည်။ စီရင်စုအဆင့်ဒေသတွင် စားအုပ်များသည် ရေပန်းစားသော အသုံးအဆောင် မဟုတ်ပေ။ စီရင်စုကျောင်းများဖွင့်နေစဉ်တွင် ရောင်းသူတစ်ချို့ရှိနိုင်သော်လည်း လွန်ခဲ့သောနှစ်များက ပိတ်ထားပြီးချိန်ထဲက မသေချာတော့ပေ။
မရီးဖြစ်သူက စုတ်တံနှင့်မှင်ဆိုင်နှင့်ပတ်သတ်ပြီး မေးမြန်းသည်ကို ကြားသည့်အချိန်ထဲက ရှန်းအန်းက စိတ်လှုပ်ရှားနေလေသည်။ သူသည် စာရေးခြင်းကိုသင်ယူနေပြီး ယခင်က စာအုပ်များကိုမြင်ဖူးထား၏။ ထို့ကြောင့် စုတ်တံများနှင့်မှင်ကို ဘာအတွက်သုံးသည်ကို နားလည်လေသည်။
အဝတ်အထည်ဆိုင်မှ ထွက်လာသည်နှင့် ရှန်းအန်းကမေးလိုက်၏။
"မကြီး၊ သားတို့အတွက် စုတ်တံနဲ့မှင်ဝယ်ပေးမလို့မလား။ အဲ့တာတွေက အရမ်းဈေးကြီးတယ်မလား။ သဲဗန်းကို သုံးတာလည်း ကောင်းတယ်လို့ ထင်ပါတယ်။ အဲ့တာနဲ့လဲ ကောင်းကောင်းရေးလို့ရပြီး ဘာမှ မကုန်ကျဘူးလေ"
ရှန်းနဉ်က သဘောတူညီချက်ဖြင့် ခေါင်းညိတ်လိုက်၏။
"သဲဗန်းနဲ့စာရေးတာက ကောင်းတယ်လို့ ညီမလဲ ထင်တယ်"
ရှန်းနဉ်က စုတ်တံနှင့်မှင်များမှာ ဈေးကြီးသည်ကို မသိသော်လည်း တစ်ခုခုကသာ ပိုက်ဆံသုံးစွဲခြင်းမရှိဘဲ အဆင်ပြေပါက ဘာကြောင့် သုံးစွဲရမည်နည်း။ သူမ၏ယောင်းမမှာ သူမကိုယ်တိုင်အတွက် တစ်ခုမှမဝယ်ဘဲ သူမအတွက် ဖဲပြားဝယ်ပေးသည်ကိုမြင်ခဲ့ရပြီးဖြစ်ပြီး ယခုတော့ ငွေသုံးစွဲခြင်းနဲ့ပတ်သက်ပြီး အနည်းငယ်မျှ စိတ်မကောင်းဖြစ်မိသည်။
ဖဲပြားနှစ်ခုနှင့် ခေါင်းစည်းနှစ်ခု၏ ကုန်ကျစရိတ်ပမာဏသည် ၆ ဝမ်ရှိပြီး တို့ဟူးပြုလုပ်သည့်ဇကာစ ဝယ်ရန်ပင် လုံလောက်လေသည်။
စန်းလော့က ရယ်မောလိုက်၏။
"သူတို့အတွက် ငါ့မှာ နောက်ထပ်သုံးနည်းတစ်ခုရှိတယ်။ ငါတို့ပြန်ရောက်တဲ့အခါ သိရလိမ့်မယ်"
တစ်နာရီခွဲကြာ လမ်းလျှောက်ပြီးသောအခါ ယခင်က စီရင်စုစာသင်ကျောင်းရှိရာ လမ်းသို့ရောက်သွားလေသည်။ သာမန်ကာလျှံကာ ကြည့်လိုက်တော့ သူတို့သည် အမွှေးတိုင်၊ဖယောင်းတိုင်များနှင့် အမျိုးမျိုးသောပစ္စည်းများ ရောင်းချသည့်ဆိုင်ကို တွေ့ရှိကြ၏။
"သွားကြမယ်"
သူမက မောင်နှမနှစ်ယောက်ကိုဆိုင်သို့ဦးဆောင်ခေါ်သွားလေသည်။
စန်းလော့နောက်မှလိုက်ပါလာသော ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် အမွှေးတိုင်၊ဖယောင်းတိုင်ဆိုင်ရှေ့တွင် ရပ်လိုက်ပြီး သူတို့၏မျက်နှာများမှာလည်း မေးခွန်းများဖြင့် ပြည့်နှက်နေသည်။
"သမီးတို့က စုတ်တံနဲ့မှင်ကို ဝယ်သင့်တာ မဟုတ်ဘူးလား။ ဒါက အမွှေးတိုင်နဲ့ဖယောင်းတိုင်တွေ ရောင်းတဲ့ဆိုင်လေ"
စန်းလော့ကရယ်မောလိုက်၏။
"ဒါက နေရာအမှန်ပဲ"
ကလေးနှစ်ယောက်ကို အထဲသို့ဦးဆောင်သွားလိုက်လေသည်။
ဆိုင်ရှင်က သူတို့ဝင်လာသည်နှင့် သုံးယောက်လုံးကိုကြည့်လိုက်ပြီး အပြုံးဖြင့်မေးလေသည်။
"ဒီက မိန်းမပျိုလေးက ဘာများ ဝယ်ယူလိုတဲ့ဆန္ဒရှိပါသလဲခင်ဗျာ"
"စုတ်တံတွေနဲ့မှင်ရှိလား"
ဆိုင်ရှင်ကမျက်ခုံးပင့်ပြီးနောက် ပြုံးလိုက်၏။
"ရှိပါတယ်"
သူကပြောရင်း ငုံ့လိုက်ကာ သေတ္တာထဲကို မွှေနှောက်ရှာဖွေလိုက်ပြီး မကြာမီတွင် စုတ်တံတစ်ခုနှင့်မှင်တုံးကိုကိုင်လာလေသည်။
"ကြည့်ကြည့်ပါဦး၊ မိန်းကလေး"
ဟုတ်ပါသည်။ သူမ ရွေးချယ်နိုင်ရန် အမျိုးအသား များစွားကို ခင်းကျင်းမပြသထားသည်မှာ အံ့ဩစရာမဟုတ်ပေ။ ရောင်းချရန်အတွက် ဤပစ္စည်းများရှိနေခြင်းကပင် လုံလောက်အောင် ကောင်းမွန်နေသည်။ ရွေးချယ်မှုလား။ အဲ့တာက တောင်းဖို့အတွက် အရမ်းများလွန်းတယ်။ ဆိုင်ရှင်၏ကန့်သတ်ထားသည့်ပစ္စည်းနှင့် သူမ ပိုက်ဆံအိတ်မှာလဲ ကံဆိုးလှသည်။
စန်းလော့က ပစ္စည်းများကို သူမကိုယ်ပိုင် အသိတရားအကန့်အသတ်ဖြင့် စစ်ဆေးကြည့်လိုက်ပြီး မူလခန္ဓာကိုယ်ပိုင်ရှင်သည် ထိုအရာများကို ဈေးသက်သာသည့် ဆိတ်မွှေးစုတ်တံများနှင့် အရည်အသွေးနိမ့် မှင်များကိုသာ မှတ်မိလေသည်။
ဆိုင်ရှင်ကိုဈေးနှုန်းမေးလိုက်တော့ သူက အပြုံးဖြင့်ပြန်ပြောလိုက်၏။
"စုတ်တံက ၃၅ ဝမ်၊ မှင်ချောင်းက ဝမ် ၁၅၀ပါ"
စန်းလော့က ခန္ဓာကိုယ်၏မူလပိုင်ရှင်သည် စာအုပ်များနှင့် စာရေးကိရိယာ ပစ္စည်းများအပေါ်တွင် တော်တော်သုံးစွဲခဲ့ရမည်ဟု သတိထားမိတော့ စုပ်သပ်လိုက်မိသည်။
သူမက ပိုက်ဆံအိတ်ထဲမှ ဝမ်တစ်ရာငွေနှစ်တွဲကို ဆွဲထုတ်ပြီး ဆိုင်ရှင်ဆီသို့ ၁၈၅ ဝမ်ကိုလွှဲပေးလိုက်၏။ ဆိုင်ရှင်က ပြုံးရင်းလက်ခံလိုက်ပြီး ရေတွက်နေစဉ် စန်းလော့တစ်ယောက် စက္ကူနှင့်မှင်တုံးများလို အပ်သေးလားဟု မေးမြန်းလိုက်၏။
စန်းလော့က ငြင်းဆန်လိုသောကြောင့် အလျင်အမြန်ခေါင်းခါလိုက်၏။
သူမတွေးလိုက်သည်က မှင်တုံးများသည် ထူးထူးခြားခြား မဟုတ်ပါက အခြားယာယီသုံးများဖြင့် အစားထိုးနိုင်ပြီး စက္ကူများမှာရနိုင်သော်လည်း ရှားပါးပြီးဈေးကြီးသောကြောင့် အရာရှိများသည် သာမန်လူများထက် ပိုအသုံးများကြသည်။
ဥပမာအားဖြင့် ကျိုးလီကျန့်သည် ရုံးစာရွက်ကိုအသုံးပြုပြီး တုန်းဖူစားသောက်ဆိုင်ကဲ့သို့ လုပ်ငန်းများတွင် အချို့သော စာချုပ်များ သို့မဟုတ် ပြေစာများအတွက် လျော့သုံးကာ စာရွက်ချွေတာရန် အပိုင်းငယ်လေးများအဖြစ် ဖြတ်တောက်လေ့ရှိသည်။ ပြေစာများကို စစ်ဆေးရေးဂိတ်ဖြတ်ကျော်ခြင်းကဲ့သို့ လုပ်ငန်းများအတွက် အသုံးပြုနေဆဲဖြစ်၏။
ထမင်းဆိုင်များရှိ စာရင်းကိုင်များပင် စက္ကူအသုံးပြုခြင်းကို ချွေတာသောကြောင့် တောင်ပေါ်မှ ရှာဖွေသူတစ်ယောက်ဖြစ်သည့် သူမက ဘယ်လိုလုပ်ပြီး ထိုကုန်ကျစရိတ်ကို လုံလောက်မည်နည်း။
မှင်ဝယ်ယူပြီးနောက် စန်းလော့က အိမ်တွင် သူမ၏နေ့စဉ် မွှေးကြိုင်သည့် တို့ဟူးခြောက်ပြင်ဆင်မှုအတွက် မရှိမဖြစ်လိုအပ်သော စမုန်စပါးနှင့်အတူ သိုလှောင်ထားသည့် ကျောက်မှုန့်ကုန်ကြမ်းမှာ တစ်တိတစ်တိ လျော့ပါးလာသည်ကို သတိရသောကြောင့် ဆေးဆိုင်တစ်ဆိုင်တွ င်ရပ်လိုက်၏။ စမုန်စပါးကို အလွယ်တကူသုံးနိုင်သည်။
သို့သော် စမုန်စပါး၊ တို့ဟူးခြောက်နှင့် ကျောက်မှုန့်တို့ကြားရှိ ချိတ်ဆက်မှုကို ရှောင်ရှားရန် သူမသည် စမုန်စပါးကို တစ်ခြားဆေးဆိုင်မှ တမင်ဝယ်ယူလိုက်၏။
သူတို့၏မူလအလုပ်များပြီး မြောက်သွားတော့ စန်းလော့သည် အရှေ့ဘက်နှင့် အနောက်ဘက်ဈေးတွင် အပန်းဖြေလမ်းလျှောက်ရန်နှင့် တစ်စိတ်တစ်ဒေသအားဖြင့် ချင်ဖန်းညန်နှင့်အခြားသူများ၏ဆိုင်များ ပြင်ဆင်နေသည်ကို စစ်ဆေးရန် အငယ်လေးနှစ်ယောက်ကို ခေါ်ကာသွားလေသည်။
အထုတ်ကို သယ်ဆောင်ရင်း အစပိုင်းတွင် စန်းလော့သည် ဈေးသည်တစ်ဦးဟု အထင်လွဲခံရကာ ဈေးထဲသို့ဝင်ရောက်ခြင်းကို ရပ်လိုက်ရ၏။ သို့သော် သူမ၏အိုးအလွတ်များနှင့် အမျိုးမျိုးသော ဝယ်ယူမှုအသေးစားများကို တစ်ချက်ကြည့်ပြီးနောက် သူမသည် ကိုယ်တိုင်အသုံးပြုရန် ဝယ်ယူနေသည်မှာ ရှင်းလင်းသောကြောင့် သူတို့က ဈေးအခွန်မလိုဘဲ သူမကို ဖြတ်သန်းခွင့်ပေးလိုက်သည်။
စီရင်စု၏အဓိကလမ်းမများ၊ ထမင်းဆိုင်၊ အရက်ဆိုင်များ၊ မုန့်ဆိုင်များနှင့် အဝတ်အထည်ဆိုင်များကို စူးစမ်းရင်း မနက်ပိုင်းအချိန်ကုန်ဆုံးခဲ့ကြသော မောင်နှမနှစ်ယောက်သည် ယခုတော့ အမျိုးအစားစုံလင်သော ဈေးဆိုင်ငယ်များနှင့်အတူ အရှေ့ဘက်ဈေး၏ ကွဲပြားသည့်ဝန်းကျင်ကြောင့် နှစ်သက်ကြည်နူးနေကြသည်။
သူတို့၏ပုံမှန်ဈေးနေ့များနှင့်မတူဘဲ ဤဈေးတွင် အမျိုးမျိုးကွဲပြားသည့် အဆင့်မြင့်ကုန်ပစ္စည်းအမျိုးမျိုးကို ရနိုင်ပြီး မောင်နှမနှစ်ယောက်သည် နောက်တစ်ကြိမ် ဖမ်းစားခံရတော့သည်။
စန်းလော့က မောင်နှမနှစ်ယောက်၏ဈေးရှိဆိုင်ခန်းများအား စူးစမ်းချင်စိတ်ကို ရွှင်မြူးစွာရှာတွေ့လေသည်။ အစားအသောက်ဆိုင်ရှေ့တွင် သူတို့ အချိန်ကြာကြာနေသည့်အခါတိုင်း စားဖို့တစ်ခုခု ဝယ်ချင်လားဟုမေး၏။ သို့တိုင် သူမ ကမ်းလှမ်းသည့် အခါတိုင်း သူတို့က ပြင်းပြင်းထန်ထန် ခေါင်းခါကာ ငြင်းပယ်ကြလေသည်။
"ရပါတယ်"
ခြင်းတောင်းက သရေစာတွေနဲ့ပြည့်နေပြီလေ။
နောက်တစ်ပတ် သို့မဟုတ် ထို့ထက်ပိုသည်အထိ စားစရာများ မပြတ်လပ်သည်ကိုသိသော စန်းလော့က အတင်းမတိုက်တွန်းတော့ပေ။
"ကောင်းပါပြီ၊ တစ်ခုခုစားချင်တာ၊ ဝယ်ချင်တာမျိုးရှိရင် ငါ့ကို အသိပေးနော်"
တစ်ပတ်ပတ်ပြီးသောအခါ သူတို့သည် စကားစမြည်ပြောရန် ချင်ဖန်းညန်၏ဆိုင်ရှေ့တွ င်ရပ်လိုက်၏။
မောင်နှမနှစ်ယောက်သည် လူများစည်ကားနေသည့် အရှေ့ဘက်ဈေးရှိအရာအားလုံးသည် စိတ်ဝင်စားစရာ ကောင်းသည်ကို တွေ့ရှိကြပြီး ချင်ဖန်းညန်ကဲ့သို့ပုံမှန်ဆိုင်ဖွင့်သူနှင့် မကြာခဏ လည်ပတ်သူစန်းလော့တို့က ယခင်ကထက် အသက်ဝင် လှုပ်ရှားမှုနည်းသည်ကို သတိမထားမိကြပေ။
စန်းလော့က စားသောက်ဆိုင်ကြီးများနှင့် စားသောက်ဆိုင်လေးများတွင် ဈေးအတွက် ကျန်ရှိနေသည်များနှင့်အတူ သူတို့၏ကုန်ပစ္စည်းတစ်ဝက်ကို ကြိုတင်ရောင်းချနိုင်ပြီး ကောင်းစွာအလုပ်ဖြစ်သောကြောင့် ကံကောင်းသည်ဟု ခံစားရ၏။
ချင်ဖန်းညန်က စန်းလော့ကို ရှန်းအန်း၊ ရှန်းနဉ်တို့နှင့်တွေ့သောအခါ ထုံစံအတိုင်း ကလေးများကို မုန့်ကျွေးချင်သော်လည်း စန်းလော့က သူတို့ဗိုက်များပြည့်နေပြီဖြစ်ကြောင်း ထောက်ပြလိုက်ပြီး တားလိုက်၏။
စိတ်ပေါ့ပါးစေသည့် စကားတစ်ချို့ပြောပြီးနောက် အနောက်ဘက်ဈေးသို့ သွားကြလေသည်။ ချင်ဖန်းညန်နှင့် အခြားသူများက အရှေ့ဘက်ဈေးတွင် သူတို့ကုန်ပစ္စည်းများ အားလုံးရောင်းချပြီးသည်နှင့် လူပြန်စုလိုက်ကြပြီး စန်းလော့က ချင်ဖန်းညန်၏ လှည်းဖြင့်နောက်ထပ်အိုးနှစ်လုံးကို ယူလာလိုက်၏။
သူတို့စီရင်စုမြို့မှ ထွက်ခွာလာပြီး သိပ်မဝေးသေးခင်တွင် စန်းလော့က တောင်ပေါ်လမ်းတွင် စုတ်ပြတ်ပုံပေါ်သော လူနည်းစုကို တွေ့ရှိလေသည်။ သူတို့နီးကပ်လာသည်နှင့် စန်းလော့၏ မျက်လုံးအိမ်များက ကျုံ့သွားတော့သည်။
"ခဏလေး"
သူမက အစပိုင်းတွင် ရှုပ်ထွေးနေဟန်တူသည့် ချင်ဖန်းညန်ကို လှမ်းတားလိုက်၏။ သို့သော် အရှေ့ရှိလူလေးယောက် ငါးယောက်အုပ်စုကို မြင်တော့ သူမသည် တောင့်တင်းသွားပြီး စိတ်မှာ ဗလာအတိ ဖြစ်သွားတော့သည်။
ဒုက္ခသည်တွေလား။
သဘာဝဘေးအန္တရာယ်များမှ သီသီလေးလွတ်မြောက်ခဲ့ရသော ချင်ဖန်းညန်နှင့်စန်းလော့တို့က ဒုက္ခသည်များ၏ မျက်လုံးများနှင့် အမူအရာများကို ကောင်းစွာမှတ်မိကြ၏။
ကလေးတစ်ယောက်စီကို လက်တစ်ဖက်စီတွင်ကိုင်ထားရင်း စန်းလော့က မြန်မြန်ပြောလိုက်၏။
"အရင်ဆုံး စီရင်စုမြို့ထဲကို ပြန်သွားကြရအောင်"
ချင်ဖန်းညန်က မြန်မြန်ခေါင်းညိတ်ပြလိုက်ပြီး သူမလှည်းကို လှည့်လိုက်၏။ ထို့နောက် သူတို့အားလုံးသည် မြို့တံခါးများသို့ အလျင်အမြန် သွားကြလေသည်။
...
အပိုင်း (၉၂) သူခိုးရဲ့သား
ချင်ဖန်းညန်သည် အတိုင်းအတာတစ်ခုအထိ ပျာယာခပ်သွားတော့သည်။
"ခုနတုန်းက အဲဒီ့လူတွေက ကပ်ဘေးဒုက္ခသည်တွေ နေမှာပါနော်၊ ဟုတ်တယ်မလား။ အဲဒီ့ ကပ်ဘေးဒုက္ခသည်တွေက တားမြစ်ထားတာ မဟုတ်ဘူးလား၊ ကပ်ဘေးဒက္ခသည်တွေက ဘယ်လိုဖြစ်ပြီး ဒီနေရာကို ရောက်လာကြတာလဲ"
စန်းလော့က ခေါင်းကာပြသည်။
"ကျွန်မလဲ သေချာမသိဘူး၊ ပြန်လှည့်ပြီးတော့ ဆိုင်တာဝန်ခံရွှီကို အကူအညီတောင်းပြီး အခြေအနေကို စစ်ဆေးခိုင်းကြည့်မယ်၊ ကျွန်မတို့ အမျိုးသမီးတွေနဲ့ ကလေးတွေပဲ ဒီလို ၁၀မိုင်လောက် တောင်တန်းခရီးကိုသွားဖို့ရာက လုံးဝအန္တရာယ်မကင်းဘူး"
ထိုလူနည်းစုများသည် ကပ်ဘေးဒုက္ခသည်များ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူတို့သည် အချိန်တော်တော်ကြာအောင် သွားလာနေခဲ့ပြီးဖြစ်ရာ အင်မတန်မှ ဆာလောင်မွတ်သိပ်နေကြပြီး အရိုးပေါ်အရေတင်ဖြစ်နေပြီး လမ်းလျှောက်လျှင်ပင် ဒယိမ်းဒယိုင်ဖြစ်လုနီးနီး ဖြစ်နေကြလေသည်။
အင်မတန်မှ ဆာလောင်မွတ်သိပ်နေကြသည့် လူများသည် အလွန်မှ အန္တရာယ်များလေသည်။ သူတို့က ဒီလို အမှန်ပင်ပြန်သွားခဲ့လျှင် အလွယ်တကူ ပစ်မှတ်ဖြစ်သွားနိုင်လေသည်။
အခုလေးတင်မှ မြို့တံခါးက ထွက်လာပြီး စန်းလော့နှင့် သူမ၏အဖွဲ့များသည် ပြန်လှည့်သွားကြတော့သည်။ မြို့တံခါးတွင် စောင့်ကြပ်နေသည့်ရဲမက်က မျက်လုံးများကို ကျုံ့ထားလိုက်ပြီး သူက မမေးလိုက်ခင်မှာပင် ချင်ဖန်းညန်က အရင်ဆုံး ပြောလိုက်တော့သည်။
"ကျွန်မတို့တွေ ရှေ့နားမှာ ကပ်ဘေးဒုက္ခသည်တွေနဲ့တူတဲ့ လူတစ်ချို့ကိုတွေ့ခဲ့တယ်၊ နောက်ပြီး ကျွန်မတို့တွေက အမျိုးသမီးနဲ့ ကလေးတွေကြီးပဲဆိုတော့ လုံခြုံရေးအတွက် မြို့ထဲကိုပြန်ဝင်ဖို့ ဆုံးဖြတ်လိုက်ကြတာ"
မြို့တံခါးတွင် စောင့်ကြပ်နေကြသည့် ရဲမက်သုံးယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထူးထူးခြားခြားပင် သူတို့သည် မြို့ထဲပြန်ဝင်ဖို့ အခကြေးငွေပေးစရာမလိုပဲ စန်းလော့နှင့်သူမ၏အဖွဲ့ကို မြို့ထဲပြန်ဝင်ဖို့ လက်ရမ်းပြလိုက်သည်။ ရဲမက်တစ်ယောက်က မြို့တံခါးမှာ မြန်မြန်ဆန်ဆန် ထွက်လာပြီး သူတို့၏အထက်လူကြီးကို သတင်းပို့ရန်ထွက်လာကာ ကျန်နှစ်ယောက်က သူတို့၏နေရာတွင် နေခဲ့ပြီး ခါးပေါ်က သူတို့၏ဓားများကို ဆွဲထုတ်ထားလိုက်ပြီး အဟန့်အတားဖြစ်စေမည့် ကိုယ်ဟန်အမူအယာတစ်ခုကို ထုတ်ပြထားလိုက်လေသည်။
အချိန်ဆွဲမနေတော့ဘဲ စန်းလော့က ချင်ဖန်းညန်နှင့်တစ်ခြားသူများကို တုန်းဟူစားသောက်ဆိုင်၏ အနောက်ဘက်တံခါးသို့ ချက်ခြင်း ခေါ်လာခဲ့တော့သည်။
ဒီအချိန်တွင် နေ့လည်ကျော်နေပြီဖြစ်ရာ တုန်းဖူစားသောက်ဆိုင်၏ မီးဖိုခန်းက တနေ့တာအတွက် ပိတ်ဖို့ရန် ပြင်ဆင်နေလေသည်။ သို့သော်ငြားလည်း စန်းလော့နှင့်ပထမဦးဆုံး တွေခဲ့သည့်ကောင်ကလေးက ပန်းကန်များကို ဆေးကြောနေသည်။ အပြုံးတစ်ခုဖြင့် သူတို့ကို နှုတ်ဆက်လိုက်ကာ သိလိုစိတ်ဖြင့် မေးမြန်းလိုက်လေသည်။
"အစ်မတို့တွေ ဒီနေ့အိမ်ကို မပြန်ကြသေးတာလား"
စန်းလော့က အားတင်းကာ ပြုံးလိုက်ပြီး ပြောလိုက်၏။
"ကျွန်မတို့တွေ ပြသနာနည်းနည်းတက်ခဲ့လို့၊ ဆိုင်တာဝန်ခဲရွီကို တွေ့ဖို့လိုတယ်၊ သူ အားမလားသွားကြည့်ပေးလို့ ရမလား"
သူမက သွားကြည့်ပေးဖို့ရန် ပြောသော်ငြားလည်း အမှန်တွင်တော့ ကောင်လေးကို သူမ၏ တောင်းဆိုချက်အား သွားပြောပေးရန် ဖြစ်လေသည်။
ဆိုင်တာဝန်ခံက စန်းလော့အပေါ် တလေးတစားရှိသည်ကို သတိထားမိသဖြင့် အလုပ်သမားကောင်လေးက တာဝန်ကို မရှောင်ဖယ်ခဲ့ချေ။ သူလက်ကို သုတ်လိုက်ပြီး သူမကို ခဏလောက်စောင့်ဖို့ ပြောလိုက်ကာ စကားသွားပါးပေးဖို့ အရှေ့သို့မြန်မြန် သွားလိုက်လေသည်။ မကြာခင်မှာပင် ဆိုင်တာဝန်ခံရွှီက ကောင်လေးနောက်သို့ လိုက်လာကာ စန်းလော့နှင့်သူမ၏အဖွဲ့ကို တွေ့ဖို့ရန် မီးဖိုချောင်အနောက်ဘက်သို့ ရောက်လာပြီး သူက မေးလိုက်လေသည်။
"မင်းတို့ ပြဿနာနည်းနည်း တက်ခဲ့တယ်လို့ ကျွန်တော်ကြားလိုက်တယ်၊ ဘာဖြစ်ခဲ့တာလဲ၊ ဘာပြဿနာများလဲ"
စန်းလော့က ခေါင်းငြိမ့်ပြလိုက်သည်။ မြို့တံခါးအပြင်ဘက်က သံသယဖြစ်ဖွယ် အိမ်ခြေမဲ့တစ်စုနှင့် တွေ့ဆုံခဲ့ရပြီး အမျိုးသမီးအနည်းငယ်နဲ့ ကလေးများနှင့်အတူ ခရီးပြန်ဖို့အတွက် စိုးရိမ်ခဲ့ကြောင်း ပြောပြလေသည်။သူမက ကိုယ်စားသွားရောက် ကြည့်ရှုပေးသည့် ဆိုင်မှဝန်ထမ်းတစ်ချို့ကို စောင့်ကြပ်ပေးနိုင်မလားဟု အကြံပြုလေသည်။
အိမ်ခြေမဲ့များအကြောင်းကို ကြားလိုက်သည်တွင် ဆိုင်တာဝန်ခံရွှီ၏ မျက်နှာအမူအယာက တင်းကျပ်သွားတော့သည်။ စန်းလော့၏ အစောပိုင်းက အစောင့်အကြပ်များ စီစဥ်ထားသည့်အကြောင်းကို သိရသည်တွင် သူက အခကြေးငွေအကြောင်းကို မပြောတော့ဘဲ သူ့တို့ကို အထဲသို့ဖိတ်ခေါ်လိုက်ပြီး သူကတော့ စုံစမ်းပေးဖို့ရန်အတွက် စီစဥ်လိုက်လေသည်။ ဆိုင်တာဝန်ခံရွှီက ယုံကြည်အားကိုးရသည့် ဝန်ထမ်းနှစ်ယောက်ကို လွှတ်လိုက်ပြီး နာရီဝက်ကျော်ကြာပြီးနောက်တွင် သူတို့သည် ပြန်လာကြသည်။ တစ်ယောက်က မြို့အပြင်သို့ထွက်ကာ သွားရောက်စစ်ဆေးလိုက်ပြီး ကျန်နေသည့်တစ်ယောက်က ရုံးတော်သို့သွားပြီး စုံးစမ်းလေသည်။
ရုံးတော်သို့သွားလိုက်သည့် တစ်ယောက်က စီရင်စုအုပ်ချုပ်ရေးပိုင်းကို စုံစမ်းဖို့ရန် လွှတ်လိုက်သည်ဟု ကြားသိရသည်။ ရုံးတော်မှ လူသန်ကြီးများ ရောက်သွားသည့်အချိန်တွင် အိမ်ခြေမဲ့များက မရှိတော့ချေ။ အနီးအနားသစ်တောများတွင် ရှာဖွေကြတော့လဲ သူတို့သည် အရိပ်အယောင်မှ မတွေ့ခဲ့ရချေ။
တစ်ခုတည်းသော သေချာပြောနိုင်သည့်ကိစ္စမှာ လူနည်းစုသာ သီခြား သေချာပြန်နှံနေပြီး အိမ်ခြေမဲ့လူအုပ်စုကြီး မဟုတ်ကြောင်းပင်။
စန်းလော့က အနည်းငယ် စိတ်အေးရသော်လည်း အပြည့်အဝတော့ စိတ်မချနိုင်သေးချေ။
စန်းလော့၏ စိုးရိမ်စိတ်ကို သတိထားမိသည့် ဆိုင်တာဝန်ခံရွှီက အကူအညီ ပေးလိုက်လေသည်။ “ကျွန်တော်က ဒီနေ့ မင်းတို့အတွက် အလုပ်သမား လေးငါးယောက်လောက် ထည့်ပေးလိုက်မယ်လေ။ ကျွန်တော်က အခြေအနေကို ဆက်ပြီးစုံးစမ်းထားလိုက်မယ်။ တကယ်လို့များ တစ်ခုခုအပြောင်းအလဲ ဖြစ်တယ်ဆိုရင် ကျွန်တော်က မင်းတို့ရွာကို သတင်းစကားပို့ပေးပါ့မယ်”
တစ်ခြားရွေးချယ်စရာ မရှိတော့လေရာ စန်းလော့က မတ်တပ်ရပ်လိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်လေသည်။ ဆိုင်တာဝန်ခံရွှီက ဆက်ပြီး မေးမြန်းလိုက်သည်။
"မနက်ဖြန် တို့ဟူးနဲ့ သတ်သတ်လွတ်အူကြမ်းကို ဘယ်လိုပို့ပေးမှာလဲ၊ စီစဥ်ပေးဖို့ရော အဆင်ပြေပါ့မလား"
သူက စီးပွားရေးကို မနှောင့်နှေးစေချင်ရာ လိုအပ်လျှင် အလုပ်သမားများကို လွှတ်ပြီး ပစ္စည်းများကို ယူခိုင်းဖို့ ပြင်ဆင်ထားလေသည်။
ဆုံးဖြတ်ချက်က ချင်ဖန်းညန်နှင့်တခြားသူများ အပေါ်တွင်လဲ မူတည်လေသည်။ တိုင်ပင်လိုက်ပြီးကြနောက်တွင် သူတို့က အခြေအနေ ပိုမဆိုးရွားခဲ့လျှင် တို့ဟူး၊ ပဲဖတ်နှင့် သတ်သတ်လွတ်အူကြမ်းများကို ဆက်ပြီးရောင်းမည်ဟု တပြိုင်တည်း သဘောတူလိုက်ကြသည်။
သူတို့သည် အိမ်ခြေရာမဲ့ အနည်းငယ်လောက်ကို မြင်လိုက်ရပြီးနောက် ပျောက်ကွယ်သွားသည်က သူတို့၏ဝမ်းရေးကိုတော့ မစွန်လွှတ်နိုင်ပေ။
စိတ်အေးသွားပြီး ဆိုင်တာဝန်ခံရွှီက စန်းလော့နှင့်သူမအဖွဲ့တို့ကို အပြန်လမ်းကို စောင့်ကြပ်ပေးရန်အတွက် အရပ်မြင့်မြင့် ထွားထွားကြိုင်းကြိုင်း အလုပ်သမားတစ်ချို့ကို ဂရုတစိုက် ရွေးချယ်ပေးခဲ့သည်။
အပြန်ခရီးတွင် အိမ်ခြေရာမဲ့နှင့်ဆင်တူသည့် တစ်ယောက်ကိုမျှ မတွေ့ခဲ့ရပဲ အခက်အခဲမရှိ ပြန်လာခဲ့နိုင်သည်။ အနည်းငယ် စိတ်အေးသွားသလို ခံစားလိုက်ရသည့် စန်းလော့က အလုပ်သမားများကို သူတို့၏ အားထုတ်မှုအတွက် ကျေးဇူးတင်သည့်အနေဖြင့် ဝမ်၅၀ကို ပေးလိုက်ပြီး လက်ဖက်ရည်သောက်ဖို့ ပြောလိုက်လေသည်။
ဝမ်၁၅၀။
လူငါးယောက်ကို ခွဲလိုက်လျှင် တစ်ယောက်ကို၁၀ ဝမ်စီ ရရှိမည်။
အလုပ်သမားများက တော်တော်လေး ဝမ်းသာသွားကြပြီး သူမကို အထပ်ထပ်ဦးညွှတ်ကာ ကျေးဇူးတင်စကား ပြောလိုက်ကြသည်။
စန်းလော့က ဒီပမာဏကို ကြီးကျယ်ခမ်းနားသည်ဟု မတွေးချေ။ ဝမ်၅၀သည် သိသာကောင်းသိသာနိုင်သည် ဖြစ်သော်ငြားလည်း ငါးယောက်အကြားတွင် ခွဲဝေလိုက်လျှင် တစ်ယောက်ကို၁၀ ဝမ်စီသာ ရပေလိမ့်မည်။ သူတို့သည် သူမတို့ကိုစောင့်ကြပ်ပြီး လာခဲ့ပေးရာ အန္တရာယ်ကို ရင်ဆိုင်ရနိုင်ပေသည်။ အိမ်ခြေရာမဲ့များနှင့် တွေဆုံမိလျှင် ပြဿနာက သေချာပေါက် ဖြစ်ပေလိမ့်မည်။
သူမက သူတို့၏လုံခြုံရေးကို သတိထားဖို့ပြောပြီး လိုက်ပို့ပေးလိုက်ရင်းက သူတို့ကိုမြင်ကွင်းမှ ကွယ်ပျောက်သွားသည့်အချိန်မှ ပြန်ဝင်လာခဲ့လိုက်လေသည်။
ချင်ဖန်းညန်နှင့်တစ်ခြားသူများက တစ်ယောက်ကို ၁၀ ဝမ်စီ အလျင်စလို ပေးလိုက်ကြသော်လည်း စန်းလော့က ငြင်းပယ်လိုက်ပြီး ပြောလိုက်သည်။
"မလိုပါဘူး၊ တကယ်တမ်း ကျေးဇူးတင်သင့်တာက ကျွန်မပါ၊ သူတို့တွေ အခုပဲပြန်သွားကြပြီ၊ ရှင်တို့တွေ ဒါကို ပေးစရာမလိုပါဘူး၊ ဒါပေမဲ့ မနက်ဖြန် စီရင်စုကိုသွားဖို့အတွက် ခရီးကိုတော့ အစီအစဥ်တစ်ခု ချထားဖို့တော့လိုလိမ့်မယ်။ ကျွန်မတို့က ငွေကို သေချာပေါက်ရှာရမှာ ဆိုပေမဲ့လဲ ကျွန်မတို့ရဲ့ လုံခြုံရေးကို သေချာအောင်လုပ်ဖို့လိုတယ်”
"ကပ်ဘေးဒုက္ခသည်တွေရဲ့ အခက်အခဲကို စဥ်းစားကြည့်မယ်ဆိုရင် ကျွန်မတို့တွေက ရွာသူကြီးကျိုးကို အကြောင်းကြားဖို့ လိုလိမ့်မယ်၊ ရွာသားတွေကလဲ ပိုပြီးသတိရှိရှိနဲ့ နေသင့်တယ်"
"ကပ်ဘေးဒုက္ခသည်တွေက စီရင်စုထဲကို ဝင်ချင်မှဝင်မယ်ဆိုပေမဲ့လဲ သူတို့တွေက ပတ်ဝန်းကျင်က ရွာတွေဆီကို မလာဘူးလို့တော့ မဆိုလိုဘူးလေ"
ရွာသူကြီးကျိုးက ဒီကိစ္စကို အလေးအနက်ထားလေသည်။ သူသည် ဝမ်မိသားစု၏ အမျိုးဝေးသူတစ်ယောက်နှင့် အတိုင်းအတာတစ်ခုအထိ မိတ်ဆွေဖြစ်လေရာ မသေမချာသည့် သတင်းစကားကို ကြားခဲ့သဖြင့် သူ့မှာ စိတ်မသက်မသာ ဖြစ်နေရတော့သည်။
“လတ်တလော အခွန်ကောက်ခံခြင်းနဲ့ စပါးစျေးတွေ မိုးထိုးတက်သွားတော့ မြေက်ပိုင်းက ကပ်ဘေးဒုက္ခတွေနဲ့ ရောဂါတွေက ညညဆိုရင် ငါ့ကိုနိုးလာအောင် လုပ်နေတယ်၊ ကပ်ဘေးဒုက္ခသည်တွေ ပေါ်လာတယ်ဆိုတာကလဲ နောက်ထပ် ရောက်လာတော့မဲ့ ပြဿနာတစ်ခုလို ခံစားရတော့တယ်”
"ပြဿနာတွေ ပိုပြီး ပါလာမှာကို စိုးရိမ်မိတယ်"
အခုလောလောဆယ် ရွာထဲမှာ လူငယ်တွေအားလုံးကလဲ သူတို့ရဲ့ လူမှုဝန်ထမ်းတာဝန်အတွက် အပြင်ထွက်သွားကြတယ်။ သီးခြားအိမ်ထောင်တစ်ခုကို ယောက်ကျားတစ်ယောက်လို့ သတ်မှတ်ထားတာမလို့ မိသားစုတိုင်းမှာ လုပ်နိုင်ကိုင်နိုင်တဲ့ ယောက်ျားတွေက အဝေးကိုရောက်နေပြီး ရွာထဲမှာ အနည်းငယ်လောက်ပဲ ကျန်ခဲ့တယ်။
လူမှုဝန်ထမ်းသွားနေကြတဲ့ သားပိုင်ရှင်တွေဖြစ်တဲ့ ကျုပ်လို ဒါမှမဟုတ် ကျုပ်ရဲ့တတိယသားလို လုအိမ်ကတတိယသားလိုပေါ့။ ငါတို့တွေဆီမှာ ခုခံကာကွယ်ဖို့အတွက် အရမ်းကို လူအင်အားနည်းပါးနေတယ်။
သူ၏လုပ်ပိုင်ခွင့် ရှားရှားပါးပါး ဆောင်ရွက်မှုတစ်ခုတွင် ရွာသူကြီးတစ်ယောက်အနေဖြင့် ကျိုးရွာသူကြီးက သူ၏ အငယ်ဆုံးသား သုံးယောက်ကို ရွာထဲကလူများကို သူ့အိမ်သို့လာပြီး ဆွေးနွေးတိုင်ပင်ဖို့ရန် ဖိတ်ခေါ်ခိုင်းလိုက်လေသည်။
တစ်ချိန်တည်းတွင် ချန်းမိသားစု၏ ခြံဝန်းထဲအတွင်း၌ ချွေးမဖြစ်သူ ယူလာပေးသည့် သတင်းစကားကို ကြားလိုက်ရသည်တွင် အဘွားချန်း၏ ပထမဦးဆုံးတုံ့ပြန်မှုမှာ စိုးရိမ်စိတ်ပင်။ တစ်ခြားမိသားစုတစ်စုနှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် အဘိုးချန်း၊ အဘိုးလုနှင့် လုစန်းလန်တို့က စျေးဆိုင်သွားခင်းကြမည့် သူတို့၏အမျိုးသမီးများကို ကာကွယ်ပေးရန် အတူလိုက်ပါမည်ဟု သဘောတူလိုက်ကြပြီး အဘွားချန်းကတော့ စန်းလော့ဘက်သို့ လှည့်လိုက်သည်။
"နင်လဲ ညပိုင်းဆိုရင် တောင်ပေါ်ကဆင်းလာပြီး ဒီမှာ လာနေသင့်တယ်၊ အခုလောလောဆယ်တော့ တောင်ပေါ်မှာ မနေသေးနဲ့အုံး၊ ရွာနဲ့အရမ်းကို ဝေးနေတယ်၊ တကယ်လို့ တစ်ခုခုသာဖြစ်ရင် ရွာသားတွေက ကြားမှာမဟုတ်လောက်ဘူး။ နောက်ပြီးတော့ နင့်ရဲ့ဦးလေးယိုထျန်းကလဲ အိမ်မှာမရှိဘူး။ နင်နဲ့အားနဥ်တို့က စန်းညန်ဆီမှာ တိုးအိပ်ကြပြီးတော့ ရှောင်ယာက ငါနဲ့လာအိပ်လို့ရတယ်။ရှော င်အန်းကတော့ အာ့ရှန်နဲ့ အတူတူအိပ်လို့ရတယ်"
စန်းလော့က ငြင်းပယ်မည်မဟုတ်သည်က သဘာဝပင်။ သူမက သူ့မ၏အသက်ကို အမှန်ပင် တန်ဖိုးထားလေသည်။ သို့မဟုတ်လျှင် သူမသည် စီရင်စုမြို့မှနေ၍ ဤမျှလောက် လျင်လျင်မြန်မြန် ထွက်ခွာလာမည် မဟုတ်ချေ။ သူမက နေရေးထိုင်ရေးအတွက် ကျေးဇူးတင်စကားပြောလိုက်ပြီး အိမ်တွင် ထုပ်ပိုးစရာရှိသည်များကို မြန်မြန် ထုပ်ပိုးလိုက်ပြီးနောက် သူမ၏ကလေးနှစ်ယောက်နှင့်အတူ ချန်းမိသားစုအိမ်သို့ ပြောင်းရွှေ့လာခဲ့လေသည်။
ရွာသူကြီးကျိုးကတော့ သူ၏အပိုင်းတွင် ရွာသားများနှင့်လူငယ်များကို စုစည်းလိုက်ကာ ညပိုင်းတွင် တလှည့်စီစောင့်ကြပ်ကြဖို့ ဆုံးဖြတ်လိုက်လေသည်။
ရွာထဲက တခြားကလေးများက မသိကြသေးသည့်တိုင် ရှန်းအန်းနှင့်ရှန်းနဥ်တို့က ကပ်ဘေးဒုက္ခသည်များကို ကိုယ်တိုင်မျက်မြင် တွေလာခဲ့ကြသည်ဖြစ်ရာ အတိုင်းအတာတစ်ခုအထိ စိုးရိမ်နေကြလေသည်။ သည်စိုးရိမ်စိတ်က ရှောင်ယာက စီရင်စုမြို့သို့သွားသည့် သူတို့၏ အတွေ့အကြုံအကြောင်းကို လာရောက်မေးမြန်းသည့် အချိန်မှသာ ပျောက်ကွယ်သွားလေတော့သည်။
စီရင်စုမြို့သို့သွားသည့် သူတို့၏ အတွေ့အကြုံကိုပြောရင်း ရှန်းနဥ်က သူမဝယ်လာခဲ့သည့် သွားရေစာများကို သတိရသွားပြီး သူမ၏အိတ်ထဲက အထားမခံသည့်ပစ္စည်းနှစ်ခုကို ထုတ်လိုက်ပြီးနောက် ရှောင်ယာနှင့် ချန်းအာ့ရှန်တို့ကို တစ်ယောက်တစ်ခုစီ ပေးလိုက်လေသည်။
ပေါက်စီသုံးလုံး ကျန်နေသေးသည်။
မောင်နှမနှစ်ယောက်က အချင်းချင်း ကြည့်လိုက်ကြပြီး ကိုယ့်ဟာကိုယ် မစားတော့ဖို့ဆုံးဖြတ်လိုက်ကာ ပေါက်စီများကို ဆီစိမ်စက္ကူအိတ်ထဲတွင် ဂရုတစိုက် ပြန်လည် ထုတ်ပိုးထားလိုက်လေသည်။
ရှောင်ယာက စားသောက်ပြီးစီးသွားသည့်နောက်တွင် ရှန်းနဥ်က သူမကို ဘေးသို့ဆွဲလိုက်ကာ နားနားတွင် တိုးတိုးလေးပြောလိုက်ပြီး မကြာခင်မှာပင် ရှောင်ယာက ဆီစိမ်စက္ကူအိတ်လေးနှင့်အတူ ပြေးထွက်သွားတော့သည်။
ရွာထဲက စမ်းချောင်းနံဘေးတွင် လတ်တလော၌ ရှန်းကျင့်နှင့် သူညီအစ်ကိုနှစ်ယောက်တို့၏ ကစားစရာအကြိုက်ဆုံး နေရာတစ်ခု ဖြစ်လာလေသည်။
ရှောင်ယာက ညီအစ်ကိုသုံးယောက်ကို ထိုနေရာတွင် သွားရှာလိုက်ပြီး အဝေးမှနေ၍ သူတို့ကိုမြင်လိုက်သည်တွင် သူတို့ဆီသို့ အပြေးအလွှား ရောက်လာပြီး လှမ်းခေါ်လိုက်လေသည်။
"ရှန်းကျင့်၊ ရှန်းကျင့်"
ရှန်းကျင့်က လှမ်းကြည့်လိုက်ရာ ချန်းရှောင်ယာဖြစ်နေပြီး ပြန်မပြောပဲ သူ့နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားလိုက်တော့သည်။
အခုနောက်ပိုင်းတွင် ရွာထဲက ကလေးများက သူတို့ကို စနောက်ရယ်မောကြပြီး သူတို့၏မိဘများကို သူခိုးဟုခေါ်ဝေါ်ကြကာ ထိုအဖြစ်အပျက်က ရှန်းကျင့်ကို ရွာထဲကကလေးများနှင့် အတူတူကစားဖို့ရန် တွန့်ဆုတ်နေစေလေသည်။
အာ့ညိုနှင့်ဟူစီတို့အဖွဲ့က ဒီလိုမလုပ်သော်ငြားလည်း သူတို့က အများအားဖြင့် ရှန်းအန်းနှင့်ရှန်းနဥ်တို့နှင့် အတူရှိနေလေရာ ရှန်းကျင့်က သူတို့နှင့်အတူကစားဖို့ တကယ်မဖြစ်နိုင်ပေ။
ချန်းရှောင်ယာက ရှန်းကျင့်ဆီ အပြေးရောက်လာပြီး ခြေလှမ်းနှစ်လမ်းလောက် အကွာအဝေးတွင် ရပ်လိုက်ပြီး မောဟိုက်နေလေသည်။ သူမက ဆီစိမ်စက္ကူအိတ်လေးကို သူ့လက်ထဲသို့ အတင်းထိုးပေးလိုက်သည်။
ရှန်းကျင့်က မေးလိုက်လေသည်။
"ဒါက ဘာလဲ"
သူက ပြောရင်းဆိုရင်း သူ့နှာခေါင်းက လေထဲတွင် တစ်ခုခုကို ရှူရှိုက်နေမိသည်။ အရသာရှိသည့် ရနံ့ခပ်ရေးရေးလေးကို ခံစားမိလေသည်။
ချန်းရှောင်ယာ ပြုံးလိုက်၏။
"အားနဥ်က ဒါတွေကို စီရင်စုမြို့ကနေ ယူလာပေးတာ၊ စားသောက်ဆိုင်ကြီးတစ်ခုက လုပ်ထားတဲ့ ပေါက်ဆီလေ၊ သူက ဒါတွေကို နင်တို့သုံးယောက်ကို တိတ်တိတ်လေးလာပေးဖို့ ငါ့ကိုပြောလိုက်တယ်”
ဆီစိမ်စက္ကူအိတ်လေးကို ဖွင့်တော့မည့် ရှန်းကျင့် ၏လက်များက တဒင်္ဂဆိုသလို တုံ့ဆိုင်းသွားတော့သည်။
သူ၏တုံ့ပြန်မှုကို မြင်လိုက်သည်တွင် ချန်းရှောင်ယာက ပြောလိုက်၏။
"ရှန်းအန်းနဲ့ရှန်းနဥ်တို့က သူတို့ပြန်လာကတည်းက တစ်ခုမှမစားရသေးဘူး၊ သုံးခုပဲရှိတာဆိုတော့ ဒါတွေအားလုံးက နင်တို့အတွက်တဲ့"
"ညကြီးသန်းခေါင် အားနဥ်တို့အိမ်ထဲကို ခိုးဝင်ပြီး အဖမ်းခံခဲ့ရတာက ဦးလေးရှန်းနဲ့ အဒေါ်ရှန်းတို့လေ၊ ရှန်းကျင့်နဲ့ရှန်းယင်တို့ရဲ့ အမှားမဟုတ်ပါဘူး။ အချိန်အကြာကြီးတော့ နည်းနည်းလေး နေရခက်မှာပေါ့”
ချန်းရှောင်ယာက သိပ်ပြီးတော့ နားမလည်နိုင်ပေ။
ပစ္စည်းများကို ပို့ပြီးသွားသည်တွင် သူမက သူ့ကို နောက်မှနေ၍ ပုတ်ပေးလိုက်ပြီး ပြေးထွက်သွားတော့သည်။
ရှန်းကျင့်: “….”
ရှန်းယင်နှင်ရှန်းထျယ်တို့က ရောက်လာပြီး
"အစ်ကိုကြီး၊ အစ်မက ငါတို့အတွက် ပေါက်စီပေးလိုက်တာလား"
ရှန်းကျင့်က အင်းဟု အတည်ပြုပေးလိုက်သည်။
ညီအစ်ကိုနှစ်ယောက်က သူ့ကို အားတက်သရော မေးလေကြသည်။
သူက ခဏလောက် ချီတုံချတုံ ဖြစ်သွားပြီးနောက်တွင် ဆီစိမ်စက္ကူကို ဖွင့်ကြည့်လိုက်လေသည်။
ပေါက်စီများက အေးသွားပြီဆိုသော်ငြားလည်း ပြင်းပြသည့်ရနံ့က ပျောက်မသွားသေးချေ။ သူ့နှာခေါင်းက အလွန်မှကောင်းသည်ဖြစ်ရာ အလွန်မှ ချိုမြိန်ဖွယ်ကောင်းသည့် ရနံ့တစ်ခုကို ရနိုင်နေသေးသည်။
သူက ပေါက်စီများကို တစ်ယောက်ချင်းစီအတွက် တစ်လုံးစီ ခွဲဝေပေးလိုက်သည်။
"ကုန်အောင်စားနော်၊ ဒါပေမဲ့ အိမ်ပြန်ရောက်သွားတဲ့ အချိန်ကြရင်တော့ ဒီအကြောင်းကို မပြောနဲ့"
သူတို့၏အမေက သူတို့သည် ရှန်းနဥ်ထံမှ တစ်ခုခုကို စားသောက်ခဲ့မှန်း သိသွားလျှင် သူမက သေချာပေါက် ဆူပူကြိမ်းမောင်းမည်မှန်း သိနေလေသည်။
ရှန်ယင်နှင့်ရှန်းထျယ်တို့က ပေါက်စီကို အကိုက်သေးလေး တစ်ကိုက်လောက် စားလိုက်ကြပြီး မုန့်ထဲကရနံက သူတို့၏နှာခေါင်းထဲသို့ တိုးဝင်လာကာ သူတို့၏ပါးစပ်ထဲက အရသာက ပိုပြီး ကောင်းမွန်လာတော့သည်။
"အရမ်းအရသာ ရှိတာပဲ"
အရသာအလွန်ရှိသည့်အကြောင်း သူ့ညီလေးများ၏ ပြောသံကို ကြားလိုက်ရသည်တွင် ရှန်းကျင့်ကလဲ တစ်ကိုက်လောက် ကိုက်လိုက်လေသည်။
အမှန်ပင် အရသာရှိလေသည်။ သူအရင်က တစ်ခါမှ မသားခဲ့ဘူးသည့် အရသာပင်။
ရှန်းယင်က စားရင်းသောက်ရင်း မေးလိုက်၏။
"အစ်ကိုကြီး၊ ကျွန်တော်တို့က ဘာဖြစ်လို့ အစ်မတို့အိမ်ကို အကြာကြီးနေတာတောင် မသွားခဲ့ကြတာလဲ"
ဘာလို့လဲ။ ဟုတ်ပါ့။
အစပိုင်းတွင်တော့ သူတို့၏အမေက သူ့ကို မကောင်းသည့်ကိစ္စ အတင်းလုပ်ခိုင်းမည်ကို စိုးရိမ်ခဲ့သည်။ ထို့နောက်တွင်တော့ သူ့မိဘတွေက ကိုယ်တိုင်သွားလုပ်ခဲ့ပြီး သူ့အဖေက လူမှုဝန်ထမ်းပြစ်ဒဏ် နှစ်လစာအထိ ခံစားလိုက်ရပြီး သူ့အမေက အိမ်မှာ တဆက်တည်းရှိနေကာ မရီး၊ ရှန်းအန်းနှင့် ရှန်းနဥ်တို့ကို ဆူပူကြိမ်းမောင်းနေလေသည်။
ရှန်းကျင့်က ပြန်ဖြေလိုက်သည်။
"အဖေနဲ့အမေက ငါတို့ကို အဲဒီ့သွားတာ မကြိုက်ဘူးလေ"
သူကိုယ်တိုင်ကလဲ ထိုကိစ္စနှင့်ပတ်သတ်ပြီး အတိုင်းအတာတစ်ခုအထိ အနေရခက်သလို ခံစားနေမိလေသည်။
ပိုအရေးကြီးသည်က ရှန်းကျင့်သည် သူ၏မိဘများက သူ့ကို ပြီးခဲ့သည့် အခေါက်တုန်းကလို ထပ်လုပ်ခိုင်းမည်မှန်း မသေချာသောကြောင့်ပင်။ ဖြစ်နိုင်ချေတစ်ခုရှိလျှင် မကြာခဏသွားမလည်သည်က ပိုကောင်းလေသည်။ အနည်းဆုံးတော့ သူ့မိဘထံမှ ဒီလိုစိတ်ကူးများကို ဆန့်ကျင်နိုင်ပေသည်။
သူခိုးဟူသည့် စကားက လုံးဝကို ကြားလို့မကောင်းချေ။ သူသည် ရွာထဲက တခြားကလေးများက ထိုကဲ့သို့ ခေါ်ခံရသည်ကို အမှန်ပင် မကြိုက်ချေ။
ဒီလိုကိစ္စများကို သူ့ညီငယ်လေးများအား ရှင်းပြဖို့ရန် ခက်ခဲလေသည်။ ထို့ကြောင့် သူက ပြောရလွယ်သည့် စကားကိုသာ ပြောလိုက်တော့လေသည်။
ရှန်းယင်က စူပုတ်နေလိုက်သည်။
“ငါလေ အစ်မတို့အိမ်ကို တကယ်ပဲ သွားကစားချင်တယ်။ ရှီထိုနဲ့ တခြားသူတွေက အဲ့ကို နေ့တိုင်းသွားနေကြတာလေ”
"ရှီထိုနဲ့သူတို့အစ်မတွေက သူတို့ကို သူခိုးလို့လဲ မခေါ်ကြဘူးလေ"
...