အခန်း (၁၀၃-၁၀၄)
Vol. 11 Ch. 103-104
အပိုင်း (၁၀၃) ဆောင်းမျှစ်များတူးခြင်း / ဖိနပ်စိုစိုများ
ရှန်းလီသည် လေးနှင့်မြှားများသာမကဘဲ နေ့လည်က စန်းလော့ပေးခဲ့သော ဝါးကျည်တောက်ကိုပါ ကောင်းစွာသိမ်းဆည်းထား၏။ သူ့ပစ္စည်းများကို သိမ်းထားလိုက်ပြီးနောက် ဝါးကျည်တောက်ကို သေချာဆေးကြောပြီး ခြင်းတောင်းကိုပါ ဆေးကြောလိုက်ကာ ခြံဝင်းထဲတွင် အခြောက်ခံရန် ထားထားလိုက်လေသည်။
မီးဖိုချောင်ထဲသို့ ဝါးကျည်တောက်ဖြင့် ပြန်ရောက်လာတော့ စန်းလော့ မီးမွှေးနေသည်ကိုမြင်ပြီး ယခုအချိန်တွင် သူမ ချက်နေသည်များကို သိချင်စိတ်ကြောင့် စူးစမ်းလိုက်၏။
ညစာအတွက် ရစ်ငှက်ပြင်ဆင်မည်ဟု အစောပိုင်းကပြောခဲ့သည်ကို သတိရမိတော့ ရှန်းလီသည် သူမသည် ကြက်ပြုတ်ရန် ရေနွေးကျိုနေခြင်းဖြစ်ကြောင်း နားလည်လေသည်။
သူသည် ဝါးကျည်တောက်ကိုချလိုက်ကာ မီးမွှေးသည့်အလုပ်ကို ပြောင်းယူရန် ရှေ့သို့သွားရင်း ပြောလိုက်၏။
"ကျွန်တော် လုပ်ပေးပါရစေ"
အစားအသောက်မှာ သူ့အတွက်ရည်ရွယ်သည်ကိုသိသော စန်းလော့က ယဉ်ကျေးစွာဖြင့် ဘေးသို့ဖယ်ပေးလိုက်ကာ သူ့ကို မီးမွှေးခွင့်ပြုလိုက်၏။
ရှန်းလီသည် တောက်ခါစမီးတောက်များထဲသို့ ထင်းများကိုထပ်ထည့်ကာ ကျွမ်းကျင်စွာဖြင့် မီးထိုးလိုက်ပြီးနောက်တွင် စန်းလော့တစ်ယောက် ကြွေပေါင်းအိုးကို မီးဖိုပေါ်သို့တင်နေသည်ကို သတိထားမိလေသည်။
သူသည် ကြက်အတွက် ရေနွေးကျိုနေခြင်းဖြစ်မည်ဟု မျှော်လင့်ထားသောကြောင့် စိတ်ရှုပ်ထွေးစွာဖြင့် သူက မေးလိုက်၏။
"ရေနွေး ကျိုမလို့မဟုတ်ဘူးလား"
စန်းလော့က အပြုံးနှင့်ပြန်ဖြေလိုက်၏။
"ရေနွေးကို ဘာလို့ကျိုရမှာလဲ"
ထပ်တွေးနေရင်း သူက ခန့်မှန်းလိုက်၏။
"ကြက်သတ်ဖို့မဟုတ်ဘူးလား"
သူမ မေးခွန်းများကြောင့် အံ့အားသင့်သွားသော ရှန်းလီက အဖြေကို စမ်းတဝါးဝါးဖြစ်နေပြီး သားသတ်ရန်မဟုတ်ကြောင်းကို သေချာပေါက် နားလည်လေသည်။
စန်းလော့၏မျက်လုံးများသည် ရွှင်မြူးမှုကြောင့်ပြုံးသွား၏။
"အစောကြီးထဲက ကြက်ကို ပြင်စရာမလိုပါဘူး။ ရှင့်အတွက် နေ့လည်စာ ပြန်နွှေးပေးနေတာပါ"
သူမက သူ့ကိုကြည့်ပြီး ပြောလိုက်၏။
"ကျွန်မတို့အိမ်မှာ တစ်နေ့ကို ထမင်းသုံးနပ် ပုံမှန်စားတယ်။ ရှင့်အတွက် နေ့လည်စာချန်ထားပေးတယ်။ တောထဲမှာ နေ့တစ်ဝက်လောက် အချိန်ကုန်ခဲ့တော့ ဗိုက်မဆာဘူးလား"
"ဗိုက်လား"
အမှန်ပင် သူဗိုက်ဆာနေပါသည်။
မနက်ခင်းက ပန်ကိတ်များသည် အများအပြား မဟုတ်သည့်အပြင် ချန်းသရှန်ကိုပင် တစ်ဝက်ခွဲဝေကျွေးရသေး၏။ ယခုထိ ညစာစားချိန် မရောက်သေးသော်လည်း ရှန်းလီသည် အလွန်ဆာလောင်လုနီးပါး ဖြစ်နေသည်။
ကြက်အတွက် ရေနွေးကျိုနေသည်ဟုမျှော် လင့်ထားသော်လည်း ထို့အစား သူမသည် သူ့အတွက် အစာပြန်နွှေးပေးနေသည်ကို သိရှိသောကြောင့် ရှန်းလီသည် ထိန်းမထားနိုင်ဘဲ နွေးထွေးစွာ ပြုံးပြလိုက်တော့၏။
စန်းလော့သည် သူ့အားနောက်တစ်ချက် ကြည့်လိုက်မိလေသည်။ ငယ်ရွယ်ပြီး မကြာခဏပြုံးနေပြီး ဆွဲဆောင်မှုရှိတဲ့မျက်ခုံးမွှေးတွေနဲ့ မျက်တောင်ထူထူတွေ၊ သူရယ်လိုက်တဲ့အခါ ကွေးညွတ်သွားတဲ့ မျက်လုံးတွေ၊ မျက်လုံးအိတ်လေးတွေပါ နည်းနည်းလေး ပွင့်လာသေးတယ်။
စွဲမက်စရာပဲ။
သူမသည် မကြာခဏပြုံးနေပုံပေါ်၏။
သူမက အကြည့်လွှဲလိုက်ပြီး ပန်းကန်အကြီးနှစ်လုံး ပါဝင်သောပေါင်းအိုးကို တစ်ဖက်သို့ရွှေ့ပြီး အောက်တွင်ရှိသော မြေအိုးထဲသို့ ရေနှစ်ဇွန်းထပ်ထည့်လလိုက်ပြီးနောက် ပေါင်းအိုးကို ပြန်ထားကာ အဖုံးအုပ်လိုက်လေသည်။
"မီးကိုတော့ ကိုယ့်ဘာသာ ကြည့်ထားလိုက်ပါ။ ထင်းတွေအများကြီး မထည့်နဲ့။ အပူပေးပြီးတာနဲ့ စားလို့ရပြီ"
ပြောရင်းဖြင့် သူမက လမ်းလျှောက်ထွက်သွား၏။
ရှန်းလီက သူမ ထွက်သွားသည်ကို ခေါင်းငဲ့ကြည့်လိုက်ပြီးနောက် ပြန်လှည့်လာပြီး မအောင့်နိုင်ဘဲ ထပ်ကြည့်လိုက်မိလေသည်။ အိုးဆီသို့ သူ့အကြည့် ပြန်ရောက်လာတော့ ညင်သာစွာပြုံးလိုက်ရင်း သူ့မျက်လုံးများတွင် မျှော်လင့်စောင့်စားမှုများဖြင့် ပြည့်နေ၏။
နာရီဝက်မျှစောင့်ပြီးနောက် နောက်ဆုံးတွင် အိုးမှအငွေ့များ ထွက်လာလေသည်။ သူသည် အချိန်ကိုတွက်ပြီး ခဏမျှစောင့်ဆိုင်းပြီးနောက် အိုးအဖုံးကို မ မ ခင်တွင်မီးကို လျှော့လိုက်၏။
သူသည် အပူခံအဝတ်မလိုဘဲ လက်ဗလာဖြင့်အဖုံးကို မ လိုက်လေသည်။ စန်းလော့သာ ဤနေရာတွင်ရှိပါက သူ၏ အကြမ်းခံပြီး မတွန့်မဆုတ်သောလက်များကို စိတ်ထဲမှ ချီးကျူးနေလောက်၏။
အဖုံးကိုလှပ်လိုက်တော့ ရေနွေးငွေ့များမှာ တစ်လိပ်လိပ် ထွက်လာတော့သည်။ အငွေ့များပျောက်သွားပြီးနောက် ရှန်းလီသည် သူ့အတွက် ချန်ထားသောအရာများကို တွေ့လေ၏။
ထမင်းစုပုံထားသော ပန်းကန်လုံးတစ်လုံးနှင့် ဟင်းပန်းကန်အသေးတစ်လုံး - တို့ဟူးခြောက်နှင့်ကြက်သွန်မြိတ်ကြော်၊ မုန်လာဥပါးပါးကြော် တို့ဖြစ်သည်။
သူသည် ပန်းကန်နှစ်ခုလုံးကို ထုတ်လိုက်ပြီး အိမ်ထဲသို့မသွားတော့ဘဲ တူတစ်စုံကိုယူကာ မီးဖိုချောင်ထဲရှိ ဤနေရာ၌ပင် အားပါးတရစားလေ၏။
ထမင်းကို အရသာရှိစွာပေါင်းထားပြီး ဟင်းပွဲများ၏ရနံ့မှာလည်း စွဲမက်ဖွယ်ကောင်းလေသည်။ ရှန်းလီသည် တစ်ကိုက်ချင်းဆီတိုင်းကို အရသာခံရင်း မြတ်နိုးမှုနှင့်ပျော်ရွှင်မှုကိုခံစားရပြီး
ပျော်ရွှင်မှုနှင့် အားရကျေနပ်ခြင်း၏ အရိပ်အမြွက်ကိုပင် အရသာခံစားနိုင်လေသည်။
စန်းလော့သည် မီးဖိုချောင်မှထွက်လာပြီးနောက် ခြံထဲရှိမပျော်တပျော် ဖြစ်နေသောနှင်းများကို ကြည့်လိုက်ပြီး အပြင်ဘက်ရှိ ပေါက်ပြားအသေးတစ်ခုနှင့် ခြင်းတောင်းတစ်ခုကိုယူဖို့ ဆုံးဖြတ်လိုက်၏။
အပြင်ဘက်တွင် ရှန်းအန်းနှင့်ရှန်းနဉ်တို့က သူမကိုပေါက်တူးနှင့်မြင်တော့ သူမသွားမည့်နေရာကို မေးလိုက်ကြသည်။ ကြက်များနှင့်ဘဲများကို အစာကျွေးနေဆဲဖြစ်သောကလေးနှစ်ယောက်ကို သတိထားမိတော့ စန်းလော့က ပြုံးပြီးပြောလိုက်၏။
"ဒီည ကြက်သားနဲ့ချက်ဖို့ ဆောင်းမျှစ်တစ်ချို့များ တူးလို့ရနိုင်မလားလို့ သွားကြည့်မလို့ပါ"
ဆောင်းမျှစ်များ တူးမည်ကိုကြားတော့ ကလေးနှစ်ယောက်သည် အတူတူလိုက်ချင်ကြသော်လည်း စန်းလော့က သူတို့ကို လက်ကာပြလိုက်လေသည်။
"လိုက်စရာမလိုဘူးလေ ဖိနပ်တွေညစ်ပတ်ကုန်လိမ့်မယ်။ ဖိနပ်အထူအပိုမရှိဘူး။ အစ်မတစ်ယောက်ထဲ သွားလိုက်မယ်"
မဟုတ်လျှင် သူတို့အားလုံးသည် နောက်ပိုင်းတွင် ဖိနပ်အခြောက်ခံခြင်းနှင့် အဆုံးသတ်သွားလိမ့်မည်။
ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် အနည်းငယ် စိတ်ပျက်သွားသလို ခံစားရသော်လည်း သူမပြောသည်မှာ မှန်သည်ကို သိရှိကြလေသည်။ အထူးသဖြင့် လူတိုင်းသည် ဆီးနှင်းကျပြီးသောအခါတွင် အိမ်ထဲ၌သာနေထိုင်ကြ၏။
"ဒါဆိုလဲ ဂရုစိုက်ပါ မကြီး"
သူတို့က ပြောလိုက်၏။
သူတို့သည် ဝါးတောအုပ်လေးရှိသော တောင်စောင်းဆီသို့ စန်းလော့ ဦးတည်သွားသည်ကိုသာ ကြည့်နိုင်တော့သည်။
……
စားသောက်ပြီး ပန်းကန်ဆေးပြီးသောအခါ ရှန်းလီသည် လက်ရေးလက်သားလှစေရန် လေ့ကျင့်နေနှင့် ပြီဖြစ်ကြသည့် ရှန်းအန်းနှင့်ရှန်းနဉ်တို့ကိုရှာရန် အခန်းထဲသို့ ပြန်ဝင်လာလိုက်၏။ သူသည် ခဏမျှကြည့်ပြီးနောက် စာလုံးအနည်းငယ်၏ အသံထွက်နှင့် ပတ်သက်ပြီးမေးမြန်းလေသည်။ မကြာခင်တွင် သူသည်မနေနိုင်ဘဲ မေးလိုက်တော့၏။
"မင်းတို့ မကြီးရော"
သူမကို ခြံဝင်းအပြင်၊ အတွင်း မည်သည့်နေရာတွင်မျှ တွေ့ပုံမပေါ်ပေ။
ရှန်းအန်း : "မကြီးက ဝါးတောအုပ်ထဲကို မျှစ်တူးဖို့သွားတယ်။ သူသာ တစ်ခုခုကိုတွေ့ရင် ညစာအတွက် ကြက်သားနဲ့မျှစ်ချက်တာ စားရမယ်လို့ပြောတယ်"
"မျှစ်သွားတူးတာ ဟုတ်လား" ဆောင်းရာသီမျှစ်များသည် ရှာတွေ့ရန်ခက်ခဲ၏။ သူသည် အိမ်အပြင်ဘက်ရှိ ဝါးတောအုပ်လေးဆီသို့ ကြည့်လိုက်မိတော့သည်။
"ငါ လိုက်သွားကြည့်ဦးမယ်"
စာရေးခြင်းတွင်အာရုံစိုက်နေသောရှန်းအန်းက သူ့အစ်ကိုကို ကြည့်လိုက်လေသည်။
"မကြီးက သားတို့ကိုမသွားဖို့နဲ့ သားတို့ဖိနပ်တွေစိုသွားရင် လဲဝတ်စရာဖိနပ်မရှိဘူးလို့ ပြောတယ်"
ရှန်းလီသည် သူ့ခြေဖဝါးများကို ရွှေ့ပြောင်းလိုက်၏။
"ငါ့ဖိနပ်တွေက စိုပြီးသားဆိုတော့ ကိစ္စမရှိဘူး"
ရှန်းအန်းနှင့်ရှန်းနဉ်တို့က ငုံ့ကြည့်လိုက်တော့ သူတို့အစ်ကိုသည် တစ်နေ့လုံးအပြင်တွင်ရှိနေပြီး စိုစွတ်နေနှင့်သော ကောက်ရိုးကြိုးသိုင်းဖိနပ်ကို တွေ့လေသည်။
ရှန်းနဉ်သည် စိုးရိမ်လာ၏။
"အစ်ကိုကြီး၊ ဖိနပ်ကို ချွတ်ပြီး အခြောက်ခံလိုက်ပါလား။ ခြေထောက်စိုနေရင် အရမ်းအေးတယ်"
သို့သော် ရှန်းလီသည် ဂရုမစိုက်ပေ။ လွန်ခဲ့သောနှစ်နှစ်အတွင်း သူ နေထိုင်ခဲ့သောနေရာများသည် ပို၍အေးပြီး အခြားသူများထက် အအေးဒဏ်ကို ပို၍ခံနိုင်လေသည်။
"ခဏလေးပဲဆိုတော့ ကိစ္စမရှိပါဘူး။ မင်းတို့နှစ်ယောက်က စာဆက်ရေးနှင့်။ ဆောင်းမျှစ်က ရှာရတာမလွယ်ဘူး။ ငါ သွားပြီး ကူညီပေးလိုက်ဦးမယ်"
သူသည် အစောပိုင်းက စန်းလော့ပြုလုပ်ထားသော ကျောက်ပေါက်ပြားကို ကောက်ယူကာ အိမ်မှ ထွက်သွားလေသည်။
အမှန်ပင် ဆောင်းမျှစ်များသည် ရှာရခက်၏။ ဆောင်းဦးမျှစ်စို့များသည် မြေပြင်အထက်တွင် ပေါက်နေသော်လည်း ဆောင်းမျှစ်များမှာ လုံးလုံးမြေအောက်ထဲတွင် ပေါက်နေပြီး ယခုတော့ နှင်းများကျန်ရှိနေသောစိန်ခေါ်မှု ထပ်တိုးလာပြီဖြစ်သည်။
သို့သော် ထိုအရာသည် အခြားသူများအတွက်သာဖြစ်၏။
တောင်များတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့သော စန်းလော့အတွက်တော့ အင်တာနက်ဗီဒီယိုများ အတွက်သာမဟုတ်ဘဲ ထိုကဲ့သို့ စားကောင်းသောက်ဖွယ်ကို လက်လွတ်ခံမည် မဟုတ်ပေ။ ရှုံးနိမ့်မှုများရှိခဲ့သည်မှာ မှန်သော်လည်း သင်ယူမှုနှင့်သုတေသနအတွက် အင်တာနက်နှင့် Baidu ကို ကျေးဇူးတင်ရမည်။
အချိန်ကြာလာသည်နှင့်အမျှ သူမသည် အားစိုက်ထုတ်ပြီး ဆောင်းမျှစ်များပေါက်ရာနေရာကို တဖြည်းဖြည်း ချင်းသင်ယူခဲ့၏။
ရှန်းလီရောက်သွားသောအခါ စန်းလော့၏ခြင်းတောင်းထဲတွင် မျှစ်နှစ်ခု ရှိနေပြီဖြစ်သည်။
သူသည် အတော်လေးအံ့ဩသွားပြီး ကံကောင်းမှုမဖြစ်နိုင်ကြောင်း တွေးနေမိ၏။ လူတော်တော်များများသည် တောအုပ်ထဲတွင် မနက်တစ်ပိုင်းလုံး အချိန်ကုန်ဆုံးကြပြီး လက်ဗလာဖြင့် ထွက်လာဆဲ။
စန်းလော့တစ်ယောက် ကွက်တိငုံ့လိုက်ပြီး ဝါးပင်၏အခြေရှိ အရွက်များကို ခြေရာလက်ရာမပျက် စစ်ဆေးလိုက်သည်ကို မြင်တော့ ရှန်းလီမှာ အံ့အားသင့်စွာဖြင့် သူမကို စိုက်ကြည့်မိလေ၏။
ငွေလိုအပ်ခြင်းနှင့် ရှန်းအန်းနှင့်ရှန်းနဉ်တို့အတွက် အစားအစာများကို လျှို့ဝှက်စွာဖြင့် ပိုမိုထောက်ပံ့လိုသောဆန္ဒကြောင့် သူ၏ဆယ်ကျော်သက်ဘဝတွင် တောထဲ၌ ထိုအရာများကို စေ့စေ့စပ်စပ် ရှာဖွေခဲ့ရလေသည်။ တောင်များကို မှီခိုခြင်းသည် ဝင်ငွေအပို အနည်းငယ်ရရန် ဆိုလိုခြင်းဖြစ်၏။
အစပိုင်းတွင်တော့ လူအများစုကဲ့သို့ပင် တောထဲတွင် မျှစ်များရှာဖွေရှာ၌ ကံကိုသာ အားကိုးခဲ့သော်လည်း ကံတရားသည် သူ့ဘက်တွင် အမြဲတမ်းရှိ မနေနိုင်ပေ။ တစ်ချိန်က သူသည် ဝါးတောအုပ်တစ်ခုလုံးကို ကသုတ်ကရက် တူးခဲ့ဖူးလေသည်။
တဖြည်းဖြည်းဖြင့် သူသည် ပုံစံများကို စတင်ရှာတွေ့ခဲ့ပြီး ဆောင်းမျှစ်များကြီးထွားသည့်အလေ့အထကိုလေ့လာကာ ဝါးအမြစ်၏တည်နေရာကို ခြေရာခံခြင်းကဲ့သို့ နည်းလမ်းငယ်များကို သိရှိထား၏။
ဒါပေမယ့် ဒီလိုကျွမ်းကျင်မှုမျိုးကို စန်းလော့က ဘယ်လိုသိနေတာလဲ။
သူရောက်လာသည်ကို သတိထားမိသည်တွင် စန်းလော့က သူ့ကို တွေ့သော်လည်း သူမ ရှာတွေ့ထားသောမျှစ်အသစ်ကိုသာ အာရုံစိုက်ထားလေသည်။ ယခုမှသာ သူမက မေးလိုက်၏။
"ရှင် ဘာလို့လိုက်လာတာလဲ"
ရှန်းလီ : "ကျွန်တော်က ကူညီဖို့လာခဲ့တာ။ မင်းကို ကြည့်ရတာ ဆောင်းမျှစ်တွေကို ဘယ်လိုရှာရမလဲဆိုတာ သိတဲ့ပုံပဲ"
သူမသည် သူနှင့်ခဏလေးသာ ရှိသေးသော်လည်း နားလည်နေပြီ ဖြစ်သည်။
အမှန်ပင် သူမသည် ပညာရှင်တစ်ယောက်ဖြစ်၏။
စန်းလော့သည် သူမ၏ပေါက်ပြားအသေးဖြင့် နှင်းများကို စတင်ရှင်းလင်းပြီး ရှန်းအန်းနှင့်ရှန်းနဉ်တို့ကို ပြသခဲ့သည့် တူညီသောချဉ်းကပ်နည်းကို သုံးရင်း ရှင်းပြလိုက်၏။
"ကျွန်မတို့အိမ်မှာ ကောက်ရိတ်သိမ်းတဲ့နည်းလမ်းတွေနဲ့ ပြင်ဆင်မှုတွေအပါအဝင် တောင်တွေဆီက ရနိုင်တဲ့ စားလို့ရတဲ့အရာအမျိုးမျိုးကို အသေးစိတ်ရေးထားတဲ့ စာအုပ်တစ်အုပ်ရှိတယ်"
ဤသည်ကိုကြားတော့ ရှန်းလီက ဆောင်းတွင်းတစ်တွင်းလုံး သူသင်ယူထားသမျှအရာများသည် စာအုပ်များထဲတွင် မှတ်တမ်းတင်ထားပြီးသားဖြစ်သည်ကို သဘောပေါက်သွားတော့၏။ သူသည် အားမကျဘဲမနေနိုင်တော့ဘဲ တမ်းတရင်း မှတ်ချက်ပေးမိလေသည်။
"စာဖတ်တတ်တာက တစ်ကယ်ကို အံ့ဩစရာကောင်းတာပဲ"
စန်းလော့သည် သူ့ကို အပြုံးဖြင့် လှည့်ကြည့်လိုက်လေသည်။
ရှန်းလီက သူမကို ပဟေဠိဖြစ်စွာဖြင့်ကြည့်ရင်း မေးလိုက်၏။
"ဘာလို့ပြုံးနေတာလဲ"
စန်းလော့၏မျက်လုံးများမှာ သဘောကျစိတ်ဖြင့် ကွေးညွတ်သွားလေသည်။
"ကျွန်မ ပြုံးတာက ရှင်နဲ့ရှန်းအန်းက ညီအစ်ကိုတွေလို့ မပြောရဘူး၊ တုံ့ပြန်မှုတွေက တစ်ပုံစံထဲပဲရယ်"
ရှန်းအန်းကို သူမ၏ဆေးဖက်ဝင်နည်းလမ်းများ အားလုံးသည် မိသားစုစာအုပ်များမှဖြစ်သည်ကို ပြောပြသည့်အခါတွင် ဖြစ်သွားသော လေသံနှင့်အမူအရာမှာ ရှန်းလီနှင့်တစ်ပုံစံထဲ တူညီလေ၏။
"ဒါက ဘာလို့လဲဆိုတော့ ကျွန်မ နှလုံးသားထဲက ပြောတာကြောင့်ပါ။ ဒါပေမယ့် စာအုပ်တွေကနေသင်ယူပြီး အဲဒီ့အသိပညာကို ထိထိရောက်ရောက် အသုံးချနိုင်တာက အတော်လေးကို အံ့သြစရာကောင်းပါတယ်"
သူမက တုံ့ပြန်လိုက်လေသည်။
အပြုံးဖြင့် သူက ထပ်ပြောလိုက်၏။
"အဲ့တာကို ငါ ကူညီပေးပါရစေ။ ပိုပြီးမြန်သွားတာပေါ့"
ကျောက်ပေါက်ပြားကို ကောက်ယူလိုက်ပြီး သူသည်လည်း ဝါးတောအုပ်လေးတွင် ဆောင်းမျှစ်များထွက်မည့် အလားအလာရှိသော နေရာများကို အလျင်အမြန်ခွဲခြားရင်း ပေါက်ပြားဖြင့်တူးကာ အလုပ်စလုပ်လေသည်။
ကျောက်ပေါက်ပြားသည် သံလောက် ခရီးမရောက်သော်လည်း ရှန်းလီ၏မျှစ်များ တူးဖော်နိုင်စွမ်းကို မဟန့်တားနိုင်ပေ။ ထိုအရာများကို ရှာနေရင်း စန်းလော့ကိုခေါ်လိုက်လေသည်။
"ဒီမှာ သုံးခုမကဘူး"
ထို့နောက် သူသည် အခြားနေရာသို့ရွှေ့လေသည်။
ဤတစ်ကြိမ်တွင် စန်းလော့သည် သူ၏ကျယ်ပြန့်သောဗဟုသုတကို အမှန်ပင်အထင်ကြီးမိတော့သည်။
ရှန်းလီသည် ဆောင်းမျှစ်များစွာကိုတွေ့ရှိပြီး တစ်နေရာထဲတွင် ၆ခုထွက်ရှိပြီး ငါးခုမှာ အတော်လေးကြီးမားပြီး တုတ်၏။
စန်းလော့၏ခြင်းကိုမြင်တော့ နောက်ထပ်ထပ် မရှာဖို့ဆုံးဖြတ်လိုက်တော့သည်။ သူမတူးနေသော နေရာသို့ချဉ်းကပ်သွားရင်း သူက အကြံပြုလိုက်၏။
"မင်း အခုအနားယူလို့ရပြီ၊ ကျွန်တော် ဆက်လုပ်လိုက်မယ်"
ဆောင်းမျှစ်များကို တူးဖော်ရာတွင် အမြစ်ကိုဖဲ့ရန်လိုအပ်ပြီး ရှန်းလီ၏ခွန်အားနှင့် တိကျမှုကြောင့် အလုပ်မှာပိုမိုလွယ်ကူသွား၏။ စန်းလော့သည် ကန့်ကွက်ခြင်းမရှိဘဲ သံပေါက်ပြားကို လွှဲပြောင်းပေးလိုက်လေသည်။
ရှန်းလီသည် အမှန်တကယ်ပင် လျင်မြန်ပြီး ကျွမ်းကျင်၏။ သူ လုပ်ဆောင်နေသည်ကို ကြည့်ရင်း စန်းလော့က သူ၏နည်းလမ်းများမှာ သူမထက် အများကြီး ပိုပြီးထိရောက်သည်ကို သိရှိလေသည်။ တူညီသောကိရိယာသည် သူတို့၏လက်ထဲတွင် အလွန်ကွဲပြားသော ရလဒ်များရလေ၏။ ကျောက်ပေါက်ပြားဖြင့် သူ၏ကြိုတင်ပြင်ဆင်မှုသည် သံပေါက်ပြားဖြင့်လုပ်ခြင်းအား သက်တောင့်သက်သာ ဖြစ်စေပုံပေါ်သည်။ သူအလုပ်လုပ်နေသည်ကို စောင့်ကြည့်ခြင်းက သူမကို အံ့အားသင့်စွာဖြင့် စိတ်ကျေနပ်ရစေလေသည်။
ရှန်းလီတစ်ယောက် မျှစ်များကိုတူးနေစဉ်တွင် ဘာမှလုပ်စရာမရှိသောစန်းလော့က လက်ထဲတွင် ကျောက်ပေါက်ပြားတစ်ခုနှင့် ပုခုံးထက်တွင် ခြင်းတောင်းတစ်ခုတင်ကာ သူ့နောက်မှ လိုက်သွားပြီး နောက်ဆုံးတွင် လေးလံသောခြင်းတောင်းကို သူမကိုယ်တိုင်သယ်စရာမလိုဘဲ ရှန်းလီကို တိုက်ရိုက်ပေးလိုက်တော့၏။
ဆောင်းတွင်းမျှစ်ကြီး ၂၂ခုဖြင့် ခြင်းတောင်းအပြည့်တစ်လုံးသည် ပေါများလှသောအသီးအနှံများဟု ထင်မှတ်ရလေသည်။
ရှန်းလီက မေးလိုက်၏။
"ဒါက လုံလောက်ပြီလား။ မဟုတ်ရင်လည်း ဒါတွေကို အရင်သွားပို့လိုက်ပြီးမှ ထပ်ရှာဖို့ ပြန်လာလိုက်မယ်လေ"
စန်းလော့က အရေအတွက်ကို ခန့်မှန်းလိုက်၏။
"နည်းနည်းလောက် ထပ်ရှာကြရအောင်။ နောက်ထပ်တစ်ခြင်းလောက် ရှာပြီးရင် အဲ့တာတွေအကုန်လုံးကို မနက်ဖြန်စီရင်စုမှာ ရောင်းလို့ရနိုင်တယ်"
ဆောင်းရာသီတွင် ဟင်းသီးဟင်းရွက်များ ရှားပါးလာသောအခါ အထူးသဖြင့် တောကြက်များနှင့်အတူ လတ်ဆတ်သောမျှစ်များကို တုန်းဖူစားသောက်ဆိုင်မှ စိတ်အားထက်သန်စွာဖြင့် ဝယ်ယူလေသည်။
ရှန်းလီက အပြုံးနှင့်သဘောတူလိုက်၏။
"ကောင်းပါပြီ"
အတူတူပြန်လာပြီး အိမ်ထဲသို့ဝင်သောအခါ စန်းလော့သည် ဖိနပ်အပါးများကို ပြောင်းစီးလိုက်ပြီး ကြက်သားချက်ရန်အတွက် ရေနွေးကြိုဖို့ပြင်ဆင်နေစဉ် မီးဖိုနားတွင် သူမ၏စိုနေသောဖိနပ်များကို အခြောက်ခံထားလိုက်၏။
ရှန်းလီတစ်ယောက်ကတော့ မီးဖိုချောင်ထဲသို့ မျှစ်များသယ်လာရင်း စန်းလော့နှင့် မျက်နှာချင်းဆိုင် ဖြတ်သွားစဉ်တွင် သူမသည် သူ၏စိုနေဆဲဖြစ်သော ကောက်ရိုးဖိနပ်များကို သတိထားမိပြီး သူမသည် တောင်ပေါ်၌ နေ့တစ်ဝက်လောက် အချိန်ကုန်ဆုံးပြီးနောက် သူ၏သက်တောင့်သက်သာရှိမှုကို မစဥ်းစားမိသောကြောင့် အပြစ်ရှိသလို ခံစားရလေသည်။
ထိုအရာကို ပြန်တွေးကြည့်တော့ သူမဖက်ကိုသာ ကြည့်ခဲ့မိသည်ဟု ခံစားရပြီး တောအုပ်ထဲတွင် အချိန်ကြာကြီးထိ နေခဲ့ရသော တစ်စုံတစ်ယောက်အနေဖြင့် အလွယ်တကူပင် သူတို့၏သက်တောင့်သက်သာရှိမှုကို လျစ်လျူရှုနိုင်ကြသည်။
အနည်းငယ်ရှက်ရွံသလိုခံစားရသော သူမက ရှန်းလီ အပြင်သို့ ထပ်ပြီးထွက်သွားခါနီးတွင် လှမ်းခေါ်လိုက်လေသည်။
"ရှန်းလီ"
ဤသည်မှာ သူမက ရှန်းလီကို ပထမဆုံးအကြိမ် နာမည်တပ်ခေါ်ခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် သူ့ကို တိုက်ရိုက်စကားပြောရာတွင် "ရှင်"ဟုသာ ရိုးရိုးရှင်းရှင်းသုံးလေ့ရှိသည်။ သူက ရပ်ပြီး လှည့်ကြည့်လိုက်၏။
"ဘာလို့လဲ"
စန်းလော့က အကြံပြုလိုက်၏။
"ကျွန်မ စဉ်းစားနေတာ၊ မနက်ဖြန်ကျရင် ကျွန်မတို့ တောကြက်လေးကောင်နဲ့ မျှစ်တွေကို ရောင်းသင့်တယ်။ နောက်ပိုင်း ကြက်တွေပိုဖမ်းမိရင် အဲ့တာတွေကို မျှစ်တွေနဲ့ထပ်ပေါင်းပြီး ရောင်းသင့်တယ်"
ရှန်းလီက မေးခွန်းထုတ်လိုက်၏။
"မျှစ်တွေ ထပ်တူးစရာမလိုတော့ဘူးလား"
စန်းလော့က ခေါင်းခါလိုက်လေသည်။
"မလိုတော့ဘူး။ ကြက်သတ်ဖို့အတွက် ရေတစ်အိုးလောက်ပဲ ကူပြီး ကျိုပေးပါလား"
ရှန်းလီအတွက်တော့ အလုပ်၏သဘောသဘာဝသည် အရေးမကြီးပေ။ သူသည် ကူညီပေးချင်သောကြောင့် ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီ၊ လုပ်ပေးနိုင်ပါတယ်"
ရှန်းလီသည် မီးဖိုချောင်ထောင့်သို့ ခြင်းတောင်းအလွတ်ဖြင့် ပြန်လာပြီးနောက် မီးဖိုပေါ်သို့ မြေအိုးတင်ရန်မပြင်ဆင်မီ လက်ကိုဆေးကြောပြီး ထိုထဲသို့ရေဖြည့်ကာ ထင်းတဲထဲမှ ထင်းကိုယူလိုက်လေသည်။
ထင်းများဖြင့်ပြန်ရောက်လာတော့ သူသည် မီးဖိုအနီးရှိနံရံနားက သစ်သားထိုင်ခုံလေးတွင် စန်းလော့၏ဖိနပ်ဟုထင်ရှားသည့် သေသေသပ်သပ် လုပ်ထားသည့် ဖိနပ်လေးတစ်ရံ တင်ထားသည်ကို သတိပြုမိလေသည်။
ဖိနပ်များသည် နှင်းကြောင့် အနည်းငယ်စိုစွတ်လာပြီး သုတ်ထားပုံပေါ်၏။
မီးဖိုနှင့်အရမ်းမနီးသော နေရာတွင်ထားပြီး သူတို့ကို မီးအပူရှိန်ဖြင့် အခြောက်ခံထားပုံပေါ်သည်။
သူ့ကိုယ်ပိုင်ကောက်ရိုးဖိနပ်များကို ကြည့်ရင်း ရှန်းလီသည် စန်းလော့အဘယ်ကြောင့် စိတ်ပြောင်းသွားပြီး မျှစ်များထပ်မတူးရန် ပြောသည်ကို နားလည်လေသည်။
သူ့နှလုံးသားထဲသို့ ထူးဆန်းပြီး မဖော်ပြနိုင်သောခံစားချက်တစ်ခုကို ယူဆောင်လာပြီး ထိုအရာကို အလျင်အမြန် လက်လွတ်ဆုံးရှုံးလိုက်ရကာ ရှာရခက်ပြီး နိုးထလာသောအခါတွင်လည်း နှလုံးတလှပ်လှပ် တုန်ခြင်းသာကျန်ရှိနေ၏။
သူသည် တဒင်္ဂခံစားချက်ကို ဆုပ်ကိုင်ရန်ကြိုးစားပြီး သူ့ရင်ဘတ်ပေါ်သို့ လက်ကို တင်လိုက်သော်လည်း ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည့် ထိုအရာ၏ တည်ရှိမှု ခြေရာတစ်ခုသာ ကျန်ရစ်လေတော့သည်။
...
အပိုင်း (၁၀၄) သူက ကျွန်တော့်မိန်းမပါ
ရှန်းလီက မီးဖိုဆောင်ထဲတွင် ရောက်နေစဥ် ကျိုးချွမ်ကျန့်က ရောက်လာလေသည်။
သူသည် ရှန်းလီ၏ ဖြတ်သန်းခွင့်ကို လာပေးခြင်းပင်။ မြောက်ပိုင်းက ဝရုန်းသုံးကားဖြစ်နေသည့် သတင်းကို ယူလာပေးသည့် ကျေးဇူးဖြင့် ကျိုးမိသားစုဝင်များ၏ စပါးဝယ်မည့် အရေးပေါ်ကိစ္စနှင့်အတူ ကျိုးချွမ်ကျန်၏ နားချမှုကြောင့် ကျိုးလီကျန့်မှာ မနက်စောစောတွင် ဖြတ်သန်းခွင့်ကို ရအောင်လုပ်ပေးခဲ့လေသည်။
သည်ထဲတွင် ရှီလီရွာက ရွာသားအများစုအတွက်လဲ ပါဝင်လေသည်။
ကျိုးချွမ်ကျန့်က ပြောလိုက်သည်။
"မနေ့ညက မြောက်ပိုင်းက ဝရုန်းသုံးကားဖြစ်နေတဲ့ သတင်းကို ကြားလိုက်ရတော့ ဒီတခါတော့ ပိုပြီးလှုပ်လှုပ်ရှားရှားလုပ်ဖို့ တိုက်တွန်းရမယ်။ တချို့မိသားစုတွေက ဖြတ်သန်းခွင့်အတွက် ငါ့ဆီက အကူအညီကို ချက်ခြင်းလာတောင်းကြပြီး နောက်တရက် နှစ်ရက်လောက်နေရင် စပါးဝယ်ဖို့ သွားကြမယ်ထင်တယ်"
အတိတ်က ဝရုန်းသုံးကားအခြေအနေကို ရင်ဆိုင်ခဲ့ရဖူးသည့် အကြီးအကဲများရှိကြသည့် မိသားစုအများစုက စပါး၁ပြည်ဝမ်၈၀တုန်းက ဝယ်ဖို့တွန့်ဆုတ်နေကြသော်လည်း အခုတော့ စပါး၁ပြည်ကို ဝမ်၃၅၀ပေးဝယ်ရမည့် အဖြစ် ရှိနေရာ မြင့်မားသည့်ကုန်ကျစရိတ်နှင့် ရှားပါးမှုကို နာနာကျင်ကျင် သတိထားမိခဲ့ကြသဖြင့် ထို့အစား ပဲပိစပ်ကို ဝယ်လာကြဖို့သာ စီစဥ်လိုက်ကြလေသည်။
ကျိုးချွမ်ကျန့်က အသေးစိတ်အကြောင်းအရာကို စန်းလော့နှင့် မတိုင်ပင်ခဲ့သော်လည်း လူများကို စပါးသိုလှောင်ဖို့ အကြံပေးခဲ့သည့် သူမ၏ သတိပေးစကားကြောင့် ရှန်းလီ၊ ကျိုးချွမ်ကျန့်နှင့်တခြားသူများ၏ အားထုတ်မှုကို ထိုက်တန်သွားစေလေသည်။
ဖြတ်သန်းခွင့်လက်မှတ်ကို ရွေးထုတ်ပေးလိုက်ပြီးနောက် ကျိုးချွမ်ကျန့်က စန်းလော့သည် နောက်တနေ့တွင် စီရင်စုသို့သွားမည့်အစီအစဥ် ရှိမရှိ မေးမြန်းလိုက်လေသည်။
နောက်တနေ့တွင် ယုံဖန်းကျိုင်သို့ တောဇီးသီးသကြားနှင့် စွန်ပလွန်မုန့်များကို သွားပို့ပေးရမည့် အစီအစဥ်ရှိကြောင်း စန်းလော့က ခေါင်းညိတ်ပြလိုက်လေသည်။
ကျိုးချွမ်ကျန့်က ပြောလိုက်၏။
"တကယ်လို့များ စပါးစျေးက အများကြီး မပြောင်းလဲသွားဘူးဆိုရင် ငါ့မိသားစုက စပါး၄တင်းတော့ ဝယ်နိုင်သေးတယ်။ မနက်ဖြန်မနက်ကျရင် ငါက ငါ့အကြီးဆုံးသားကိုခေါ်ပြီး တောင်ခြေမှာ မင်းတို့နဲ့လာတွေ့မယ်။ ငါတို့တွေ စီရင်စုကို အတူတူသွားကြတာပေါ့။ ဒီလိုဆိုရင်ကော မင်းအတွက် အဆင်ပြေမလား"
စန်းလော့က ပြုံးပြလိုက်ပြီး
"ကိစ္စမရှိပါဘူး၊ ဦးလေးကျိုးက တတိယနာရီ အချိန်ကို အမှီထွက်လာရင် ရပါတယ်"
စန်းလော့က လက်ခံပေးသဖြင့် ကျိုးချွမ်ကျန့်က ပြုံးပြီး ထွက်သွားလေသည်။ သိပ်မကြာမှီတွင် ချင်ဖန်းညန်နှင့် တစ်ခြားသူများက တို့ဟူးသယ်သည့်ဗန်းများနှင့် ဒီနေ့အတွက် အမှာစာအတွက် လိုအပ်သည့်ပဲပိစပ်များကို ယူလာပေးလေသည်။
ရှန်းလီက ရှီသလန်နှင့်လုအာ့လန်တို့နှင့် စကားပြောနေစဥ် စန်းလော့က မနက်ဖြန် ကျိုးမိသားစုနှင့်အတူ စီရင်စုသို့အတူတူ ခရီးသွားမည့်အကြောင်း တိုင်ပင်လိုက်ပြီး အဒေါ်များကိုလဲ မေးလိုက်လေသည်။
စပါးကိုဝယ်ယူမည့် ပမာဏနှင့်ပတ်သတ်ပြီး အဒေါ်တို့မိသားစုမှာ အစီအစဥ်များ ရှိသလား။
အမှန်ပင် အစီအစဥ်များ ရှိပေသည်။
ချင်ဖန်းညန်က ပြန်ဖြေလိုက်၏။
"ငါတို့မိသားစုကတော့ စပါး၂တင်းဝယ်ဖို့ စီစဥ်ထားတယ်၊ ငါတို့တွေရဲ့ ရိက္ခာတွေအားလုံးကိုလဲ ဒီပေါ်မှာပဲသေချာလုပ်ထားတာ၊ ဆားနဲ့ဆီဝယ်ဖို့ ပမာဏလောက်ပဲ ချန်ထားတယ်"
၁၀လပိုင်းလလယ်ကတည်းက စီရင်စုမြို့ထဲက လုပ်ငန်းသည် ပုံမှန်တဖြည်းဖြည်း ကျဆင်းလာပြီး စပါးစျေးမှာ ပုံမှန်တက်နေလေသည်။မြို့နေလူထုများက စိုးရိမ်စိတ်ကို နားလည်နိုင်ကြသည့်တိုင် ရွာထဲတွင် နေကြသူများကတော့ သူတို့သည် စပါးစျေးကို နေ့စဥ် အလွယ်တကူ သိနိုင်လေသည်။
ပြီးခဲ့သည့်လများကတည်းက ချင်ဖန်းညန်နှင့်သူမ၏ မိသားစုလုပ်ငန်းသည် စျေးဆိုင်ခင်းခြင်းအပေါ် အဓိကအားကိုးနေရပြီး အထောက်အပံ့အတွက် မိသားစုက နည်းနည်းလေး ပိုပြီးငွေရှိလာသည်။
ကန်းရှီကလဲ ပြောလိုက်၏။
"ငါတို့ အခြေအနေကလဲ အတူတူပါပဲ ငါတို့တွေက စပါး၂တင်းဝယ်ဖို့ပဲငွေ ရှိတယ်"
လုမိသားစုကတော့ နည်းနည်းလေး ပိုပြီးချမ်းသာလေသည်။ ဖန်းလျိုညန်က သူတို့သည် စပါး၃တင်းဝယ်နိုင်သည်ဟု ဆိုသည်။ သူတို့၏မိသားစုက ရှီမိသားစုနှင့်ချန်းမိသားစုတို့ထက် မိသားစုဝင် ပိုများသော်ငြားလည်း အချိုးကျတွက်ကြည့်လိုက်လျှင် သူတို့၏ အခြေအနေကလဲ အများကြီး ပိုကောင်းနေသည့်တော့ မဟုတ်ပေ။
သူတို့၏စျေးဆိုင်များကို ၃လအထိ မဖွင့်ခဲ့ရသဖြင့် မိသားစုသုံးစုလုံးကလဲ ထိုစုဆောင်းထားသည့် ငွေနည်းနည်းလေးဖြင့် ရိက္ခာက အကန့်အသတ်ဖြစ်နေမှန်း စန်းလော့က သုံးသပ်မိလိုက်သည်။ ဆောင်းဦးအခွန်ပေးချေပြီးနောက်တွင် စပါးတစ်ချို့ ကျန်နေသော်ငြားလည်း ဒါက ကြာရှည်ခံလိမ့်မည် မဟုတ်ပေ။ သူမက အကြံပေးလိုက်၏။
"မြောက်ပိုင်းက ပဋိပက္ခဖြစ်နေတဲ့သတင်း ဒီဖက်ကိုမပြန့်လာသေးတဲ့ လက်ရှိအချိန်ကို အခွင့်ကောင်းယူပြီး စပါးကိုလျှော့ဝယ်ပြီးတော့ ပဲစျေးမတက်ခင် ပဲအိတ်တချို့ကို လှောင်ထားမယ်လို့ရော စဥ်းစားမိသလား"
အငတ်ဘေးကာလ အတောအတွင်းတွင် ပဲများကလဲ အခြေခံ စားသောက်ကုန်တစ်ခု ဖြစ်လေသည်။ မိသားစုသုံးစုက ပုံမှန်ဆိုလျှင် ပဲများကို သိုလှောင်ထားတတ်ကြသော်လည်း သူတို့သည် ပြီးခဲ့သည့်လများတွင် ကုန်ပစ္စည်းနှင့်အလဲအလှယ် လုပ်ဖို့ရန်အတွက် စန်းလော့ကို ပဲများ အများအပြား ပေးခဲ့ရသည်။ ထို့ကြောင့် သူတို့တွင် လက်ကျန်က အခုတော့ နည်းပါးနေလေသည်။
ချင်ဖန်းညန်နှင့်တခြားသူများက အကြည့်ချင်းဖလှယ်လိုက်ကြ၏။ မှန်ပါသည်။ သူတို့သည် ပဲများကိုလဲ ဝယ်ဖို့ ရည်ရွယ်ထားခဲ့ကြသည်။ သို့သော် သူတို့၏ ငွေများကို ဆိုင်တာဝန်ခံရွှီထံမှ စပါးကိုဝယ်ယူရန် အရင်ဆုံးသုံးရမည်ဖြစ်ပြီး နောက်ပိုင်း ပဲများဝယ်ဖို့ကိုတော့ နောက်လာမည့်ဝင်ငွေကို သုံးရလိမ့်မည်။ သို့သော် မြောက်ပိုင်းက အခြေအနေအမှန်က သည်နေရာသို့ ကျယ်ကျယ်ပြန့်ပြန့် သိလာခဲ့လျှင် ပဲစျေးကလဲ မူလအတိုင်း ရှိနိုင်ပါမည်လား။
စပါးစျေးက ထိုးတက်နေချိန်တွင် ပဲစျေးကလဲ တက်နေ၏။ သို့သော်ငြားလည်း သင့်တင့်လျောက် ပတ်သည့်ပမာဏ ဖြစ်နေသည်။ အကြောင်းမှာ ဒေသခံလူအများစုက ကိုယ်တိုင်ပဲများကို စိုက်ပျိုးကြပြီး ပဲအတွက် အခွန်လဲမပေးရချေ။ ထို့ကြောင့် စျေးကတက်နေသည့်တိုင် ပဲစျေးသည် သိသိသာသာ တက်မသွားပဲ တည်ငြိမ်သည့်စျေးကွက်တစ်ခု ဖြစ်နေလေသည်။
ထို့ကြောင့် တို့ဟူးလုပ်ရာတွင် ပဲကို အခြေခံအသုံးပြုနေရသည့် စန်းလော့အတွက်ပင် စျေးအတိအကျကို မခန့်မှန်းနိုင်ချေ။ သူမက မကြာခဏဆိုသလို ပဲကို ပမာဏအများကြီး ဝယ်ထားတတ်ပြီး မီးဖိုခန်းထဲတွင် အိတ်ကြီးများဖြင့် သိုလှောင်ထားတတ်သည်။
အရင်က ပဲစျေးက သိသိသာသာ တက်မသွားသည်က သူတို့သည် လက်ရှိအခြေအနေကို ကြုံရမည်မဟုတ်ဟူသည့် အဓိပ္ပာယ်တော့ မဟုတ်ချေ။ ဒီအကြောင်းကို သိလိုက်သည်တွင် သူတို့က သူတို့၏မိသားစုများဖြင့် ထိုကိစ္စကိုတိုင်ပင်ဖို့ သဘောတူလိုက်ကြသည်။
စန်းလော့က ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပါပြီ၊ ဒါဆိုရင် မနက်ဖြန်ကျရင် ငွေယူခဲ့ကြပါ။ ကျိုးမိသားစုက လှည်းတစ်စည်း ယူလာမယ်၊ ကန်းရှီကလဲ နောက်ထပ်လှည်းတစ်စီး ရှိတယ်။ တွက်ကြည့်ရင်တော့ ကျွန်မတို့မှာ နောက်ထပ်လှည်းတစ်စီး ရှိသင့်တယ်။ လိုလိုမယ်မယ်ပေါ့၊ ကျွန်မတို့တွေက စပါးကို မဝယ်နိုင်ခဲ့ရင်တောင် ပဲကိုတော့ ဝယ်နိုင်သေးတယ်လေ"
ဖန်းလျိုညန်က ထောက်ခံလိုက်သည်။
"ကျွန်မတို့မိသားစုမှာလဲ လှည်းတစ်စည်း ရှိတယ်။ မနက်ဖြန်ကျရင် ကျွန်မ လှည်းကို ယူလာခဲ့မယ်"
သူတို့၏ အစီအစဥ်ကို အဆုံးသတ်လိုက်ပြီး နောက်တနေ့လိုအပ်ချက်ကို တိုင်ပင်လိုက်ပြီးနောက်တွင် ချင်ဖန်းညန်နှင့်တခြားသူများက ပြန်သွားကြလေသည်။
အားလုံးက ပြန်သွားသည်နှင့်တပြိုင်နက် ရှန်းလီက ကြက်ကိုသတ်ဖို့ ပြင်ဆင်လိုက်သည်။
ရှန်းအန်းနှင့်ရှန်းနဥ်တို့က လက်ရေးလှလေ့ကျင့်နေသည်ကို ရပ်လိုက်ပြီး ဆူညံသံကို ကြည့်ရှုရန် ပြေးထွက်လာကြသည်။
ရစ်ငှက်များ၏ လှပသည့်အမွှေးအတောင်များကို မြင်လိုက်သည်တွင် ရှန်းနဥ်က ဆားရည်ပြင်ဆင်နေသည့် စန်းလော့ထံသို့ စိတ်အားတက်ကြွစွာ ချဥ်းကပ်သွားပြီး မေးလိုက်လေသည်။
"ယောင်းမ ဒီငှက်မွှေးတွေကို ကြက်မွှေးလုပ်ဖို့ သုံးမှာလား "
စန်းလော့က အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"ငါတို့တွေ အိမ်မှာ တစ်ခုရှိပြီးသားလေ ဟုတ်တယ်မလား။ ငါတို့တွေက ဒီလောက်အများကြီး မလိုဘူး။ ပြီးခဲ့တဲ့တခေါက်တုန်းကလိုပဲ ဆီတွေပေနေတာကို စင်အောင်လုပ်ပြီး အခြောက်ခံပြီး သေသေချာချာ သိမ်းထားကြမယ်"
ဝမ်းသာအားရဖြင့် ရှန်းနဥ်က ငှက်မွှေးများကို ရေစိမ်ဖို့ရန်အတွက် ပြာများကို စတင်ပြင်ဆင်လိုက်ပြီး သူမ၏အစ်ကိုကို အကူအညီပေးရန် ထွက်သွားလိုက်လေသည်။
ညစာတွင် ဆောင်းတွင်းထွက်သည့်မျှစ်နှင့် ရစ်ငှက်အသားကို စတူးလုပ်ထားသည့် ဟင်းတစ်ပွဲနှင့် ကြက်ကလီစာဟင်းတစ်ပွဲ ပါရှိလေသည်။ နူးညံ့လှသည့် ရစ်ငှက်အသားနှင့်မျှစ်တို့၏ ပေါင်းစပ်မှုက အလွန်မှအရသာရှိလေရာ လျှာဖျားပေါ်တွင် ချက်ခြင်း အရည်ပျော်သွားသယောင်။
အခုတော့ စန်းလော့သည် ငွေတချို့ရှိလာပြီဖြစ်သဖြင့် သူမက ကိုယ့်ဟာကိုယ် ကောင်းကောင်းစားသောက်ဖို့ရန် မတွန့်တိုတော့ချေ။ ၁၀ရက်တခါ သို့မဟုတ် ထိုရက်နည်းပါး သူမက ဝက်သားတချို့ သို့မဟုတ် သိုးသားတချို့ကို ဝယ်ယူပြီး သူတို့၏အဟာရကို ဖြည့်တင်းပေးလေသည်။
သို့သော်ငြားလည်း ရစ်ငှက်အသားကတော့ တမူထူးခြားသည့် ဟင်းပွဲတစ်ခုပင်။ စန်းလော့သည် အရင်က ဒီလိုအရသာရှိသည့် ဟင်းလျာမျိုးကို မြည်းစမ်းဖို့ရန် အခွင့်အရေး တခါမှ မရခဲ့ချေ။ ဒါသည် ရှန်းအန်းနှင့်ရှန်းနဥ်တို့အတွက်လဲ ပထမဦးဆုံးအကြိမ် ဖြစ်လေသည်။ ရှန်းလီကတော့ အရင်က ရစ်ငှက်သားကို စားဖူးသော်လည်း အစာပလာအတွက် ဆားလေးနည်းနည်းပါးပါးဖြူးကာ တောင်ထဲတွင် တကောင်လုံးကိုကင်သည်ကိုသာ စားဖူးခဲ့သည်။ ဒါက စန်းလော့၏ ဟင်းချက်လက်ရာနှင့်တော့ မယှဥ်နိုင်ပေ။
ထို့ကြောင့် မောင်နှမသုံးယောက်လုံးက မြိန်ရည်ယှက်ရည် စားသောက်လိုက်ကြပြီး အသင့်အတင့်သာ စားလေ့ရှိသည့် စန်းလော့ကပင် မတော်တဆ ကိုယ့်ဟာကိုယ် အလိုလိုက်မိသွားတော့သည်။
နောက်တနေ့တွင် စီရင်စုသို့သွားမည့် ခရီးတစ်ခုရှိလေရာ ပြင်ဆင်မှုတချို့ကို ထိုနေ့ညတွင် မဖြစ်မနေ လုပ်ဆောင်ရသည်။ ရောင်းမည့်ပစ္စည်းများကလွဲလျှင် ငွေကိုပြင်ဆင်ထားခြင်းက အရေးကြီးဆုံးကိစ္စပင်။
ရှန်းအန်းက ထိုအရာကို အတွေ့အကြုံ အရှိဆုံးသူ ဖြစ်သည်။ သူက ကုတင်အစွန်းကိုမှီလိုက်ပြီး ကုတင်အောက်သို့ လက်ကိုဆန့်လိုက်ကာ သူ့လက်ထဲတွင် တော်တော်လေးလေးလံသည့်ဟု ခံစားနေရသည့် အိုးလေးတစ်လုံးကို ဆွဲထုတ်လာခဲ့သည်။
၁၀လပိုင်းကတည်းက တို့ဟူးနှင့်သတ်သတ်လွတ်အူကြမ်းမှ ရောင်းရသည့်ငွေများတွင် စန်းလော့သည် ဓား၊ ပေါက်ပြား၊ ကတ်ကြေးစသည့် အရေးကြီးသည့် ပစ္စည်းများအတွက် သုံးသည်ကလွဲလျှင် ကျန်သည့်ငွေများကို စပါးနှင့်ပဲပိစပ်အတွက်သာ အများဆုံးသုံးလေသည်။
ပဲပိစပ်က ဝယ်ယူရန် လွယ်ကူသော်လည်း စပါးကတော့ ရှားပါးလေသည်။ စန်းလော့က တစ်လလျှင် စီရင်စုသို့ ၆အကြိမ်၇ကြိမ်လောက် သွားတတ်ခဲ့ပြီး ဝေစုတစ်ခုကို သေချာအောင်ရဖို့ရန် ရှန်းအန်းနှင့်ရှန်းနဥ်တို့ကိုလဲ ခေါ်သွားတတ်သည်။ သည်လောက်အားထုတ်မှု ရှိခဲ့သော်ငြားလည်း သူတို့သည် ကန့်သတ်ထားသည့်ပမာဏ အနည်းငယ်ကိုသာ ရနိုင်ပြီး စပါး၁တင်းခွဲကိုသာ ရခဲ့လေသည်။
အစပိုင်းတွင် အိမ်ထောင်စု၏ စပါးရိက္ခာက တစ်နှစ်လောက်ခံလိမ့်မည်ဟု စဥ်းစားထားသဖြင့် စန်းလော့က ရွှီတာဝန်ခံ၏ အဆက်အသွယ်ကို သုံးဖို့မစဥ်းစားခဲ့ချေ။ ထို့ကြောင့် သုံးရမည့်ငွေပမာဏက မယ်မယ်ရရ မရှိပေ။ တဆက်တည်းတွင် ၁၀လပိုင်းနှင့်၁၁ပိုင်းတွင် ကြီးကြီးမားမားကုန်ကျစရိတ် နည်းနည်းပါးပါးကလွဲလျှင် ကျန်သည်က အိမ်ထောင်စု၏ လိုအပ်ချက်အတွက် အသုံးပြုခဲ့ခြင်းပင်။ ထို့ကြောင့် အိုးကို ဆွဲထုတ်လာသည့်အချိန်တွင် လတ်တလောက ရှာဖွေထားသည့် ငွေတွဲ၃တွဲအပါအဝင် ယုံဖန်းကျိုင်နှင့်တုန်းဖူစားသောက်ဆိုင်က တဖြည်းဖြည်း လဲလှယ်ထားသည့် ငွေတုံးများ တော်တော်များများ ပါလေသည်။
ရှန်းအန်းနှင့်ရှန်းနဥ်တို့က ငွေများကို ရေတွက်နေကြဖြစ်ကာ အိုးထဲတွင်ရှိသည့် ငွေပမာဏအတိအကျကို သိလေသည်။ တဖက်တွင်တော့ ရှန်းလီက သေးငယ်သည့် ငွေတုံးအပုံလေးများကို မြင်လိုက်သည်တွင် တအံ့တသြ ဖြစ်သွားတော့သည်။
စန်းလော့၏ တိုဟူးလုပ်ငန်းက သူတို့၏စားဝတ်နေရေးကို လုံလောက်လိမ့်မည်ဟု သိထားသော်လည်း ဒီလောက်များပြားသည့်ငွေကို စုဆောင်းနိုင်လိမ့်မည်ဟုတော့ မျှော်လင့်မထားခဲ့ချေ။
ရှန်းအန်းနှင့်ရှန်းနဥ်တို့က ငွေများကို ကြိုးဖြင့်တွဲနေကြသည်။
"မရီး စုစုပေါင်း ၁၄လျန်ရှိတယ်"
စန်းလော့က ခေါင်းညိတ်ပြလိုက်ပြီး ရှန်းလီ၏ တအံ့တသြ အမူအရာကို သတိထားလိုက်မိသည်တွင် သူမက ရှင်းပြလိုက်လေသည်။
"တို့ဟူးရောင်းတာနဲ့ တို့ဟူးခြောက်ရောင်းတာအပြင် ကျွန်မတို့တွေက တော်တော်လေးကို အမြတ်များတဲ့ တခြားပစ္စည်းတွေကိုလဲ လုပ်ပြီး ရောင်းကြသေးတယ်လေ"
တခုခုကိုသတိရသွားပြီး သူမက ပြုံးခါ မေးလိုက်လေသည်။
"ကျွန်မတို့တွေ အိမ်မှာ ချိုချိုချဥ်ချဥ် အရသာနဲ့ မုန့်ရေကြည် ရှိသေးတယ်။ ဒါက ရှန်းအန်းနဲ့ရှန်းနဥ်တို့အတွက် သရေစာအဖြစ် သိမ်းထားတာလေ။ ရှင် နည်းနည်းလောက် မြည်းကြည့်ချင်လား"
တွေဝေမနေဘဲ ရှန်းလီက ခေါင်းခါပြလိုက်သည်။ တစ်ရက်လောက် အပြန်အလှန် ဆက်ဆံပြီးနောက်တွင် စန်းလော့က သူ့ကို ဆက်ဆံပုံက ရှန်းအန်းနှင့်ရှန်းနဥ်တို့ကို ဆက်ဆံပုံအတိုင်းပဲဖြစ်သည့် ခံစားချက်ကို ငြင်းပယ်လို့မရနိုင်ပေ။
အမှန်တွင်တော့ သူမက သူ့ထက်ပင် ပို၍ငယ်သေးသည်။
ငွေတွဲ၃တွဲ၊ ရှန်းလီယူပြန်လာသည့် ဂျင်ဆင်းဘူးနှင့် ငွေ၁၄လျန်ကို စန်းလော့က ဂရုတစိုက်ဖြင့် သိမ်းဆည်းထားလိုက်သည်။
နောက်တနေ့ မနက်ခင်းမိုးသောက်ယံမရောက်ခင် မိသားစုလေးစုက သူတို့၏ တခြားအိမ်ထောင်စုများနှင့်အတူ စီရင်စုသို့ထွက်လာခဲ့ကြသည်။
ဒီတကြိမ်တွင်တော့ ရှန်းအန်းနှင့်ရှန်းနဥ်တို့ကို ခေါ်လာခြင်းက စပါးဝယ်ယူဖို့ရန်အတွက် မဟုတ်ဘဲ ရှန်းလီက သူ၏ ညီလေးနှင့်ညီမလေးကို အိမ်တွင်ထားခဲ့ရမည်မှာ စိတ်မချသောကြောင့်ပင်။ မြောက်ပိုင်းကခရီးတွင် အများအပြား မြင်တွေ့ခဲ့ပြီးသည့်နောက်တွင် သူသည် သူတို့ကိုမျက်စိအောက်တွင်ထားမှသာ စိတ်ချသလို ခံစားရလေသည်။ အထူးသဖြင့် တလောက စီရင်စုသို့သွားခဲ့သည့် သူတို့၏ အတွေ့အကြုံကြောင့်ပင်။
ကံအားလျော်စွာ ဒီနေ့ လှည်းက နေရာအများကြီးရှိနေသည်။ ရှန်းအန်းနှင့်ရှန်းနဥ်တို့က ခရီးတစ်လျှောက်လုံး လမ်းဆင်းလျှောက်စရာမလိုဘဲ လိုက်ပါလာနိုင်ခဲ့သည်။
မြို့တံခါးရဲမက်များက ချင်ဖန်းညန်နှင့်သူမ၏အဖွဲ့ကို အလွန်မှရင်းနှီးလာသည်။ သူတို့သည် နှစ်လကျော်အတွင်း မိုးရွာရွာ နေပူပူ နေ့တိုင်းနီးပါး မြို့ထဲသို့လာခဲ့ခြင်းကြောင့်ပင်။ ရဲမက်များက စန်းလော့နှင့် ရှန်းမောင်နှမကိုပင် မှတ်မိနေကြသည်။ ထို့ကြောင့်ဖြတ်သန်းခွင့်ကို အပေါ်ယံ၌ စစ်ဆေးပေးလိုက်ပြီး တချက်လောက်ကြည့်လိုက်ပြီးနောက် ဝင်ကြေးကိုယူကာ သူတို့ကို လက်ဝှေ့ရမ်းပြလိုက်သည်။
သို့သော်ငြားလည်း ရှန်းလီနှင့်တခြားသူများက မျက်နှာသစ်များဖြစ်နေရာ သူတို့၏ ဖြတ်သန်းခွင့်ကို ပြသလိုက်ပြီး ပေးမဝင်ခင် သေသေချာချာ စစ်ဆေးခံရလေသည်။
မြို့ထဲသို့ဝင်လာသည်နှင့် ချင်ဖန်းညန်နှင့်သူမ၏အဖွဲ့က လမ်းခွဲသွားကြသည်။ ချန်းယိုထန်း၊ ရှီသလန်၊ လုအာ့လန်နှင့် ကျိုးသလန်တို့က စန်းလော့နောက်လိုက်လာပြီး ချန်းသရှန်ကတော့ ရစ်ငှက်များကို ရောင်းမည်ဟုဆိုကာ အရင်ဆုံးထွက်သွားလိုက်သည်။
လမ်းတွင် စန်းလော့က သူမက ရောင်းကူရမည်လားဟု မေးလိုက်သော်လည်း ချန်းသာ့ရှန်က ငြင်းပယ်လိုက်ပြီး သူ့တွင် အဆက်အသွယ်ရှိသည်ဟု ဆိုလေသည်။ သို့သော်ငြားလည်း သူတို့က ဆက်လျှောက်လာကြသည်တွင် သူတို့၏ သွားမည့်နေရာက တခုတည်းဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်။
သူတို့က ဒါကို တိုက်ဆိုင်သည်ဟု ထင်လိုက်မိသော်လည်း တုန်းဖူစားသောက်ဆိုင်၏ အနောက်ဘက်တံခါး အရောက်တွင် ချန်းသရှန်နှင့်ရှန်းလီတို့က အချင်းချင်း ကြည့်လိုက်ကြပြီး စန်းလော့ကို လှည့်ကြည့်လိုက်ကြလေသည်။
ရှန်းလီက မေးလိုက်၏။
"မင်းရဲ့ရစ်ငှက်တွေကို တုန်းဖူစားသောက်ဆိုင်မှာ ရောင်းမလို့လား"
စန်းလော့က ရှန်းလီနှင့်ချန်းသာ့ရှန်တို့ကို ကြည့်လိုက်သည်။
"ရှင်တို့တွေ အရင်တုန်းက အမဲလိုက်ထားတဲ့ အမဲကောင်တွေကို တုန်းဖူစားသောက်ဆိုင်မှာ ရောင်းကြတာလား"
ရှန်းလီနှင့်ချန်းသာ့ရှန်တို့ နှစ်ယောက်စလုံးက ရယ်မောလိုက်ကြသည်။ စန်းလော့ကလဲ ရယ်မောပြီး ပြောလိုက်သည်။
"ဒါဆိုရင်လဲ အတူတူ ဝင်သွားကြတာပေါ့"
အတူတူဟူသည့်စကားတွင် ရှန်းလီနှင့်ချန်းသရှန်တို့က အလိုလိုပါဝင်ပြီးသားပင်။ ချန်းယိုထန်းနှင့်တခြားသူများက အပြင်ဘက်တွင်နေခဲ့ကာ သတင်းကိုစောင့်နေလိုက်ပြီး ရှန်းအန်းနှင့်ရှန်းနဥ်တို့ကတော့ တုန်းဖူစားသောက်ဆိုင်၏ မီးဖိုဆောင်နှင့်ရင်းနှီးပြီးသားဖြစ်ရာ သူတို့၏အစ်ကိုနှင့်မရီးများနောက် လိုက်သွားလေသည်။
မီးဖိုချောင်ထဲက စားဖိူမှုးငယ်လေးက စန်းလော့ကို မှတ်မိသွားပြီး သူမကို စန်းရှီဟု နွေးနွေးထွေးထွေး နှုတ်ဆက်လိုက်ပြီး ရှန်းအန်းနှင့်ရှန်းနဥ်တို့ကိုလဲ အသိအမှတ်ပြုလိုက်ပြီး သူတို့ကို အထဲဝင်ဖို့ တိုက်တွန်းလိုက်လေသည်။
စားဖိုမှူးယွီက စန်းလော့နောက်တွင် ခြေတစ်လှမ်းခွာပြီး ရပ်နေသည့် ရှန်းလီနှင့်ချန်းသရှန်တို့ကို ကြည့်လိုက်ပြီး အချိန်ခဏလောက် သေသေချာချာ စဥ်းစားကြည့်ပြီးသည့်နောက်မှ သူက မှတ်မိသွားကာ သူ့အလုပ်များကို ဘေးချထားလိုက်ပြီး သူတို့ထံသို့ ချဥ်းကပ်လာလေသည်။
"သခင်လေးရှန်နှင့်သခင်လေးချန်းတို့ မဟုတ်လား"
အစပိုင်းတွင် မရေမရာဖြစ်နေသည့် စားဖိုမှူးယွီ၏ သံသယများက ရှန်းလီနှင့်ချန်းသရှန်တို့နှစ်ယောက်စလုံးက ပြုံးပြီး သူ့ကို ဦးလေးယွီဟု နှုတ်ဆက်လိုက်သည်တွင် ကွယ်ပျောက်သွားပြီး စားဖိုမှူးယွီက ဝမ်းသာအားရ ပြောလိုက်လေသည်။
"တကယ်ပဲ မင်းတို့ပါလား၊ မင်းတို့တွေ ဒီနှစ်တွေထဲမှာ ဘယ်တွေရောက်နေကြတာလဲ၊ စစ်မှုထမ်းသွားလိုက်ရတာလား"
ရှန်းလီက ခေါင်းညိတ်ခါ ပြုံးပြလိုက်သည်။
"အခုလေးတင်ပဲ ပြန်ရောက်ပါတယ် ဦးလေးကျိုး၊ ဦးလေးရော နေကောင်းရဲ့လား"
စားဖိုမှူးယွီက နေကောင်းကြောင်း အဖန်ဖန် အတည်ပြုပေးလိုက်ပြီးနောက် သူတို့၏ အတွေ့အကြုံကို မေးမြန်းကာ သတင်းကို မေးမြန်းဖို့ရန် ရည်ရွယ်လိုက်သော်ငြားလည်း စန်းလော့ရှိနေသည်ကို မြင်လိုက်သဖြင့် မရိုမသေမပြုလုပ်လိုရာ ရှန်းလီနှင့်ချန်းသရှန်တို့ကို ပြောလိုက်လေသည်။
“ခဏစောင့်အုံးနော် ငါ စန်းရှီရဲ့ပစ္စည်းတွေကို အရင်ဆုံး လုပ်ပေးလိုက်အုံးမယ်”
ထို့နောက်တွင် သူက စန်းလော့ကို ကူညီပေးဖို့ လှည့်လိုက်လေသည်။
စန်းလော့က သူမယူလာခဲ့သည့် သတ်သတ်လွတ်အူကြမ်းနှင့် ဆောင်းတွင်းမျှစ်နှင့် ရစ်ငှက်များကို တရင်းတနှီး ပေးလိုက်လေသည်။
စားဖိုမှူးယွီ၏ မျက်လုံးများက မျှစ်နှင့်ရစ်ငှက်များကို မြင်လိုက်သည်တွင် လင်းလက်သွားတော့သည်။
"ဒါတွေက တကယ်ကောင်းတဲ့ ပါဝင်ပစ္စည်းတွေပဲ ဒါပေမဲ့..."
သူက စန်းလော့ကို ကြည့်လိုက်၏။
"စန်းရှီ မင်းက ရစ်ငှက်တွေကိုရော ထောင်ဖမ်းတတ်သတဲ့လား"
ဒါသည် အလွန်မှ စွယ်စုံရဟန် တူနေတော့သည်။
စန်းလော့သည် ရစ်ငှက်ထောင်ဖမ်းသည်ကို မသိပေ။ သို့သော်ငြားလည်း သူမက ထုတ်မပြောရသေးခင်မှာပင် ရှန်းလီက အပြုံးဖြင့် ဝင်ပြောလိုက်သည်။
"ရစ်ငှက်တွေကို ကျွန်တော်က ဖမ်းခဲ့တာပါ"
ထို့နောက် သူက စန်းလော့ကိုလှမ်းကြည့်လိုက်ပြီး ပြုံးခါ စားဖိုမှူးယွီကို ပြောပြလိုက်၏။
"အားလော့က ကျွန်တော့မိန်းမလေ"
စားဖိုမှူးယွီ၏ မျက်လုံးများက မေးခွန်းများ တန်းစီနေသည့်ဟန်တစ်ခုဖြင့် တွန့်ချိုးသွားပြီး သူက စန်းလော့နှင့်ရှန်းလီတို့ကို အပြန်ပြန်အလှန်လှန် ကြည့်လိုက်ကာ သူ့မျက်လုံးများက အံ့သြမှုအပြည့် ဖြစ်သွားတော့သည်။
ရှန်းလီ၏အပြုံးက ပိုပြီးသိသာလာ၏။ မျက်လုံးများက ကွေးညွှတ်နေပြီး သူက စန်းလော့ကို တဖန်ကြည့်လိုက်ပြီးနောက်တွင် သူ့စကားကိုကြားလိုက်ရသည်တွင် သူ့ကို လှည့်ကြည့်လိုက်သည့် သူမ၏အကြည့်နှင့် ဆုံသွားတော့သည်။ မြန်မြန်ဆန်ဆန်ပင် ရှန်းလီက သူ့အပြုံးကို ပြန်ထိန်းထားလိုက်ပြီး အကြည့်လွှဲလိုက်ကာ သူ့ကိုယ်သူ ကြိုးစားပြီး အိန္ဒြေဆည်ထားလိုက် လေသည်။
စန်းလော့: ....
သူက ဒါကို တကယ့်ကို ရှောရှောရှူရှူ ပြောခဲ့တာပဲ။
...