← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အပိုင်း(၁၀၅) တိတ်တဆိတ်စပါးဝယ်ယူခြင်း

သူတို့နှစ်ယောက်ကြားတွင် တဒင်္ဂ အကြည့်ချင်းဖလှယ်မှုမှာ ခေတ္တမျှသာဖြစ်ပြီး သူတို့နှစ်ယောက်သာ သိလိုက်သည်။

ရှန်းလီ၏စကားများကိုကြားလိုက်ပြီးနောက် စားဖိုမှူးယွီသည် ရုတ်တရက် ထရယ်မောလိုက်၏။

"ဒါဆို မင်းတို့က မိသားစုပေါ့။ သခင်လေးရှန်း၊ မင်းက တကယ်ကို ကံကောင်းတာပဲ။ စန်းရှီက ချီးကျူးစရာကောင်းတာထက်ကို ပိုတယ်"

စားဖိုမှူးယွီက ရှန်းလီကို နှစ်အတော်ကြာစစ်မှုထမ်းပြီး အဝေးမှနေ၍ ဇနီးသည်ကို မည်သို့လက်ထပ်ခဲ့သနည်းဟု မေးချင်နေ၏။ စန်းလော့ရှိနေသည်ကိုမြင်တော့ သူ၏သိချင်စိတ်ကို ထိန်းထားလိုက်ပြီး မေးခွန်းကို ချုပ်တီးထားလိုက်၏။ ထို့အစား လာပို့သည့်ပစ္စည်းများကို စာရင်းမလုပ်မီ သူ၏အလုပ်သင်တစ်ဦးအား ရှန်းအန်းနှင့်ရှန်းနဉ်တို့အတွက် သရေစာ ပန်းကန်ပြားအသေးတစ်ချပ်ကို ပြင်ဆင်ခိုင်းလိုက်၏။

အိမ်ကြက်များနှင့်နှိုင်းယှဉ်ပါက ရှားပါးသော စားကောင်းသောက်ဖွယ်ဖြစ်သည့် ရစ်ငှက်ကလေးများသည် ဈေးပိုကြီးလေသည်။ ရစ်ငှက်လေးကောင်နှင့် ဆောင်းမျှစ်ခြင်းတစ်ဝက်အတွက် စားဖိုမှူးယွီသည် စုစုပေါင်း ဝမ်၄၅၀ကျော်ကို ခန့်မှန်းထားလေသည်။ သူသည် မနေ့က ချင်ဖန်းညန်မှတစ်ဆင့် စန်းလော့ထံမှ မှာယူထားသော ဝဥ ၁၂ ပေါင်ကိုပါ လက်ခံရရှိထား၏။ ချန်းသရှန်ယူလာသော ရစ်ငှက်လေးကောင်ကို ချိန်တွယ်ပြီးနောက် သူသည် သူတို့၏ငွေပေးချေမှုကို စုဆောင်းရန် လူအုပ်စုကို ကောင်တာဆီသို့ ခေါ်သွားလိုက်လေသည်။

မီးဖိုချောင်နှင့်ရင်းနှီးနေကြသည့် ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် ထိုနေရာတွင် သူတို့အစ်ကိုကြီးနှင့်မကြီးတို့ကိုစောင့်ပြီး မုန်းစားနေရန်ဆုံးဖြတ်ထား၏။

~

ဆိုင်ရှင်ရွှီသည် များသောအားဖြင့် ထိုအချိန်တွင်ရှိနေတတ်ပြီး သူမ ရောက်လာသည်နှင့် စန်းလော့အား အပြုံးဖြင့်နှုတ်ဆက်လေ့ရှိသည်။ သူမနှင့်လိုက်လာသော လူငယ်နှစ်ယောက်ကိုမြင်တော့ ရင်းနှီသလိုခံစားရသော်လည်း သူတို့ကို ယခင်က မည်သည့်နေရာတွင် မြင်ဖူးသည်ကို မမှတ်မိဘဲ သိချင်စိတ်ဖြင့်ကြည့်နေ၏။

လမ်းလျှောက်ရင်း ရှင်းပြနေသည့် စားဖိုမှူးယွီက လွန်ခဲ့သောနှစ်များက စားသောက်ဆိုင်ကို တောကောင်များ လာပို့ပေးကြသည့် လူငယ်များအဖြစ် မိတ်ဆက်ပေးလေသည်။ ထို့နောက်မှသာ ဆိုင်ရှင်ရွှီသည် သူတို့အား ယခင်က အကြိမ်အနည်းမျှမြင်ဖူးသည်ကို ပြန်စဉ်းစားရင်း ရင်းနှီးပုံပေါ်သည့် အကြောင်းအရင်းကို သဘောပေါက်သွား၏။ သူတို့ထဲမှတစ်ယောက်သည် စန်းလော့၏ယောက်ျားဖြစ်သည်ကို သိရတော့ သူ့မျက်လုံးများ ပြူးကျယ်သွားလေသည်။

စန်းလော့နှင့် အချိန်အတော်ကြာဆက်ဆံလာသော ဆိုင်ရှင်ရွှီသည် သူမခင်ပွန်းမှာ စစ်ပွဲအတွင်းပါသွားကာ သေဆုံးသွားပြီဟု သိထား၏။ နှစ်များစွာ ကုန်ဆုံးသွားပြီးနောက်တွင် သူ ပြန်ရောက်လာမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ဖူးပေ။

သူသည် ရှန်းလီနှင့်ချန်းသရှန်တို့အား ဖော်ရွေပျူငှာစွာဆက်ဆံခဲ့ပြီး တစ်ယောက်မှာ စန်းလော့၏ယောက်ျားနှင့် အခြားတစ်ယောက်မှာ ရင်းနှီးသောရွာသားတစ်ဦး ဖြစ်ကြောင်းသိလေသည်။ သူသည်လည်း ပြင်ပအခြေအနေများနှင့် ပတ်သက်ပြီး စိတ်အားထက်သန်စွာ မေးမြန်းလေသည်။

စန်းလော့သည် ဆိုင်ရှင်ရွှီနှင့် ကောင်းစွာအစေးကပ်သည်ကိုမြင်တော့ ရှန်းလီက စပါးဝယ်ခြင်းအတွက် သူ့ကိုအားထားနေရသည်ဟု ခန့်မှန်းလိုက်လေသည်။ အပြင်ဘက်ရှိအခြေအနေများကို မေးမြန်းသောအခါ မနက်စာစားနေသောဧည့်သည်များကို သတိထားကာ ခေါင်းခါပြီး တိုးတိုးလေးပြောလိုက်၏။

"အခြေအနေကတော့ တော်တော်ဆိုးတယ်။ ယခု အကုန်လုံး ဖရိုဖရဲတွေ ဖြစ်နေပြီ"

နားထောင်နေစဉ်တွင် ဆိုင်ရှင်ရွှီ၏မျက်နှာထက်ရှိအပြုံးမှာ မှင်တက်သွားကာ သူ့အမူအရာမှာလည်း အလေးအနက် ဖြစ်သွားလေသည်။ ခေါင်းစဉ်က အထိခိုက်မခံနိုင်သည်ကို နားလည်တော့ သူသည် ဆက်ပြီး မစူးစမ်းတော့သော်လည်း အကြံပြုလိုက်၏။

"သီးသန့်အခန်းထဲမှာ ဆွေးနွေးကြရအောင်။ ဒီနေရာမှာ ပွင့်ပွင့်လင်းလင်း ပြောဖို့မသင့်တော်ဘူး"

ရှန်းလီနှင့်ချန်းသရှန်က စန်းလော့သည် ဆိုင်ရှင်နှင့် အရင်းနှီး‌ဆုံးဆက်ဆံရေး ရှိသည်ကိုသိသောကြောင့် သူမကို ကြည့်လိုက်ကြ၏။

ထို့နောက် ဆိုင်ရှင်ရွှီသည် စန်းလော့ကို ပြောလိုက်လေသည်။

"စန်းရှီ၊ ဒါကို လူကြားထဲမှာ ဆွေးနွေးဖို့မသင့်တော်ဘူး"

စန်းလော့ကခေါင်းညိတ်ပြလိုက်၏။

"ဒါဆိုလဲ သီးသန့်အခန်းထဲမှာ ပြောကြရအောင်။ ဘာမှကျွေးဖို့မလိုပါဘူး။ ဒီနေ့ ရှင့်ကို အကူအညီတောင်းစရာ ကိစ္စလေးရှိလို့ပါ"

စားချင်စိတ်ပျောက်ဆုံးနေသော ဆိုင်ရှင်ရွှီကိုယ်တိုင်က သဘောတူလိုက်၏။

"ရတယ်လေ၊ ကျွန်တော်တို့အတွက် တစ်ယောက်ယောက်ကို လက်ဖက်ရည် နည်းနည်းယူလာခိုင်းလိုက်မယ်"

စားပွဲထိုးကို ညွှန်ကြားလိုက်ပြီးနောက် သူသည် နောက်မှ နီးကပ်စွာလိုက်ပါလာသည့် စားဖိုမှူးယွီနှင့်အတူ စန်းလော့နှင့်အခြားသူများကို ချောင်ကျသော သီးသန့်အခန်းတစ်ခုဆီသို့ ခေါ်သွားလိုက်၏။

စားသောက်ဆိုင်တွင် မနက်စာကို ကြိုတင်ပြင်ဆင်ထားသည့် အသား‌ပေါင်းများကို အဓိက တည်ခင်းလေသည်။ စားဖိုမှူးယွီက ခဏလောက် ပျောက်နေလည်း ကိစ္စတော့မရှိချေ။

အခြေအနေကို သိချင်နေသောစာရင်းကိုင်သည် သူ့တာဝန်ကို ချန်လှပ်မထားနိုင်သောကြောင့် နောက်မှသာ ဆိုင်ရှင်ရွှီထံမှ သတင်းနားထောင်ရန် စောင့်ရပေလိမ့်မည်။

သီးသန့်အခန်းထဲတွင် လက်ဖက်ရည် ချပေးပြီးသည်နှင့် တံခါးကို ပိတ်လိုက်ကာ ဆိုင်ရှင်ရွှီက မေးလိုက်၏။

"ရှန်းသခင်လေး၊ ချန်းသခင်လေး၊ အပြင်က အခြေအနေတွေနဲ့ ပတ်သက်ပြီး ထပ်ပြောပြပါလား"

ရှန်းလီက ဆိုးရွားသောအခြေအနေကို အကျဉ်းချုပ်ဖော်ပြလိုက်ပြီး ပွင့်ပွင့်လင်းလင်း မျှဝေလိုက်တော့သည်။

"တစ်ခြားနေရာတွေနဲ့ ပတ်သက်ပြီးတော့တော့ သိပ်မသေချာဘူး။ ဒါပေမယ့် ကျွန်တော်တို့ အပြန်လမ်းတစ်လျှောက်က ဟဲပေနဲ့ ဟဲတုန်းပြည်နယ်တွေက ဖရိုဖရဲဖြစ်နေပြီ။ စီရင်စုမြို့တော်တော်များများမှာလဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ခိုးယူလုယက်မှုတွေ များနေတယ်။ သူပုန်တပ်တွေက မြို့ထဲကိုဝင်လာပြီး လုယက်မှုတွေ၊ ထွက်ပြေးတာတွေနဲ့ စီရင်စုတရားရုံးက သူတို့ကို တားနိုင်တဲ့အာဏာ မရှိအောင်လုပ်နေတာ။ တော်တော်လေး အေးချမ်းနေသေးတာက ဟဲနန်ပြည်နယ်ကစပြီး ကျွန်တော်တို့ ဟွိုင်နန်ပြည်နယ်ဘက်ပဲ"

ချန်းသရှန်က ထပ်ပြောလိုက်၏။

"အဲ့တာက ဆက်စပ်မှုသက်သက်ပဲ။ ဟဲနန်ပြည်နယ်မှာတောင် ဓားပြအဖွဲ့အနည်းငယ်က အဖွဲ့ကြီးတွေ မဟုတ်သေးပေမဲ့ တောင်တွေပေါ်မှာ ပုန်းနေကြတာ"

နားထောင်ပြီးတဲ့နောက် ဆိုင်ရှင်ရွှီသည် ခဏမျှစဉ်းစားပြီးမှ တုံ့ပြန်လိုက်၏။

"ဟဲနန်ပြည်နယ်က ကျွန်တော်တို့ သချန်မင်းဆက်ရဲ့ စပါးကျီပါပဲ။ ဖြစ်နိုင်တာက တရားရုံးတော်က ဒါကို လွယ်လွယ်အဆုံးရှူံးခံမှာ မဟုတ်ဘူး။ ဟဲနန်က ရှေ့တန်းကို ကာကွယ်ပေးထားလို့ ကျွန်တော်တို့ရဲ့ ဟွိုင်နန်ပြည်နယ်က တော်တ်ေလေး လုံခြုံပါတယ်။ အထူးသဖြင့် ရွှီကျိုးက ကျန်းနန်ပြည်နယ်နဲ့နီးလို့လေ။ ဒီမှာ ဖရိုဖရဲ ဖြစ်မလာနိုင်ဘူးမလား"

ရှန်းလီနှင့်ချန်းသရှန်တို့က နှုတ်ဆိတ်နေလိုက်ကြပြီး ဟဲပေနှင့်ဟဲတုန်းတွင်က လူများ၏အကြပ်အတည်းကိုသာသိပါက ဆိုင်ရှင်ရွှီသည် ထိုကဲ့သို့မျှော်လင့်ချက်ကို ထားနိုင်မည်မဟုတ်သည်ကို သိထား၏။ ဟဲနန်သည် သချန်၏စပါးကျီဖြစ်သော်လည်း အငတ်ဘေးဒဏ်ခံကြရသော ဟဲပေနှင့်ဟဲတုန်းဒေသများအတွက် အစိုးရက စပါးကျီများကို ဖွင့်ပေးရန်ငြင်းဆိုထားသောကြောင့် စိတ်မအေးးရပေ။

ဟဲပေနှင့် ဟဲတုန်းပြည်နယ်နှစ်ခုလုံးတွင် စပါးကျီများရှိနေသော်လည်း အထက်မှအမိန့်မရှိဘဲ စပါးဝေငှခြင်းမရှိသဖြင့် ငတ်မွတ်ခေါင်းပါးသော ပြည်သူများကြားတွင် မလွှဲမရှောင်သာဘဲ အုံကြွမှုများကို ဖြစ်စေသည်။

ရှန်းလီသည် ခေါင်းသာ‌ ခါနိုင်တော့သည်။

"ပြောဖို့က ခက်တယ်။ အုံကြွမှုတွေကို မြန်မြန်နှိမ်နှင်းနိုင်ရင် အဆင်ပြေတယ်။ အဲ့လိုမှမဟုတ်ရင် သူပုန်တွေက မြန်မြန်ပြန့်သွားမှာ။ စောစောပြင်ဆင်တာ အကောင်းဆုံးပဲ"

ဆိုင်ရှင်ရွှီနှင့် စားဖိုမှူးယွီတို့၏မျက်နှာများမှာ သုန်မှုန်သွားလေသည်။ သူတို့သည် စပါးဈေးများတက်ခြင်းကြောင့် စိုးရိမ်နေကြပြီး မြောက်ပိုင်းက သဘာဝဘေးအန္တရာယ်များနှင့် အခွန်နှစ်ကြိမ်ကောက်ခံ‌ခြင်း‌ကြောင့်ဟု ပိုဆိုးနေခြင်းဖြစ်မည်ဟု မှတ်ယူကာ အခြေအနေမှာ အများကြီးပိုပြီး ဖရိုဖရဲဖြစ်နေသည်ကို သတိမထားမိပေ။

စားပွဲပေါ်ကို လက်ချောင်းများဖြင့်ခေါက်နေလိုက်ပြီးနောက် ဆိုင်ရှင်ရွှီသည် စန်းလော့ကို ကြည့်လိုက်၏။

"စန်းရှီ၊ မင်းအတွက် စပါး ပိုပြီး ဝယ်ပေးစေချင်သေးလား"

ရှန်းလီနှင့်အခြားသူများ ယူဆောင်လာသောသတင်းကြောင့် စန်းလော့ရောက်လာခြင်းမှာ ခန့်မှန်းရလွယ်ကူသွားလေသည်။

စန်းလော့က ခေါင်းညိတ်ပြလိုက်၏။

"အမှန်ပါပဲ။ ကျွန်မအတွက်ပဲ မဟုတ်ဘဲ တို့ဟူးကူရောင်းပေးတဲ့ အဒေါ်တွေအတွက်ရောပါ။ စပါးဆိုင်တွေက လက်ရှိ ခွဲတမ်းစနစ်နဲ့က လုံလောက်အောင် ဝယ်ဖို့ခက်တယ်။ ကူးစက်ရောဂါတွေကြောင့် ထိန်းချုပ်ထားတဲ့ စစ်ပွဲသတင်းက မကြာခင်ပျံ့နှံ့လာတော့မှာ။ အဲ့လိုနဲ့ စပါးဈေး မြင့်တက်လာရင် ကျွန်မတို့လဲ မတတ်နိုင်တော့ဘူး။ ဒါကြောင့် ရှင့်ဆီက အကူအညီတောင်းဖို့ ရောက်လာတာပါ"

ဆိုင်ရှင်ရွှီက ခေတ္တစဉ်းစားနေ၏။ မြို့စပါးဆိုင်ပိုင်ရှင်များနှင့် သူ့၏ဆက်ဆံရေးကို အသုံးချခြင်းသည် ယခုအချိန်တွင် လွယ်ကူမည်မဟုတ်သော်လည်း ယခင်က စန်းလော့သည် သူ့အကူအညီကို မည်သည့်အခါမျှ မတောင်းခံဖူးဘဲ ဤသေရေးရှင်ရေး အချိန်တွင်သာ သူ့အား ချဉ်းကပ်သည်ကို စဉ်းစားမိတော့ မငြင်းနိုင်ဘဲ ခေါင်းညိတ်ပြလိုက်လေသည်။

"ကျွန်တော့်မှာ စပါးပိုင်ရှင်အနည်းငယ်နဲ့ အဆက်အသွယ်တစ်ချို့ရှိတယ်။ ပမာဏအများကြီး မဟုတ်ဘူးဆိုရင် ကျွန်တော် ဝယ်ပေးနိုင်ပါတယ်"

သုံးယောက်လုံး၏မျက်နှာတွင် ပျော်ရွှင်မှုပေါ်လာပြီးနောက် စန်းလော့က အလျင်အမြန် ထပ်ပြောလိုက်၏။

"ပမာဏ အများကြီး မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ငွေကြေးက အကန့်သတ်နဲ့လေ၊ လက်ရှိစပါးဈေးတွေကလဲ မခံမရပ်နိုင်လောက်အောင်ပဲ။ ကျွန်မတို့က စပါးအမျိုးမျိုးကို စုစုပေါင်း ဆယ်တင်းကနေ တင်းနှစ်ဆယ်အထိ သိုလှောင်ဖို့ရည်ရွယ်ထားပါတယ်"

ရှစ်တင်းသည် စန်းလော့အတွက်ဖြစ်ပြီး လက်ရှိစပါးဈေးနှင့်ဆိုလျှင် ၂၃ လျန် ကျသင့်မည်ပေမည်။

ယနေ့တွင် သူမအိမ်တွင်ရှိသောငွေအားလုံးကို ယူလာခဲ့ပြီး လျန်နှင့်ဝမ်နှစ်ခု စုစုပေါင်းသည် ၁၆ လျန်သာရှိ၏။ ဇီးသီးရိုင်းမုန့်တစ်အိုးနှင့် မုန့်ရေကြည်နှစ်အိုးအပါအဝင် ပစ္စည်းများကို ယုံဖန်းကျိုင်သို့ ပို့ဆောင်ပြီးနောက် သူမသည် နောက်ထပ်၂လျန်နီးပါး ရှာနိုင်လေသည်။ ဂျင်ဆင်းရောင်းခြင်းမှရသောငွေများဖြင့် စန်းလော့သည် စပါးရှစ်တင်း တတ်နိုင်ပြီး ဆား၊ ဆေးဝါးနှင့် ကောက်နှံကြမ်းမျိုးစုံကို သိုလှောင်ထားရန်စီစဉ်ထား၏။

တစ်ကယ်တော့ ဖရိုဖရဲအခြေအနေများမှာ မည်မျှကြာနိုင်သည်ကို မည်သူမျှမသိပေ။

သူမအတွက် ရှစ်တင်း၊ ကျိုးရွာသူကြီးအတွက်လေးတင်း၊ ချန်း၊ ရှီနှင့် လုမိသားစုများမှ မှာကြားထားသော ခုနစ်တင်းနှင့်အတူ ထိုအရာများ၏ ဈေးနှုန်းများမတက်မီက ကောက်နှံအမျိုးမျိုးကို သိုလှောင်ရန် သူမ၏အကြံပြုချက်သည် ယခုအခါတွင် ထက်ဝက်ခန့် လိုအပ်နိုင်သည်ဟုဆိုလိုပြီး စုစုပေါင်း ဆယ်တင်းခန့်လိုအပ်နေ၏။

စပါးဆယ်တင်းခန့်ဟုကြားတော့ ဆိုင်ရှင်ရွှီက ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်ပြီ၊ ခဏနေ ကျွန်တော် ကိုယ်တိုင်စုံစမ်းပြီး အကြောင်းပြန်ပေးမယ်"

သူ့သဘောတူညီချက်ကြောင့် စိတ်သက်သာရာရသွားသော စန်းလော့က မတ်တပ်ရပ်လိုက်ပြီး ကိုယ်ညွတ်ကိုင်းကာ ကျေးဇူးတင်လိုက်၏။

"ကျွန်မ ဘယ်လိုတောင် ကျေးဇူးတင်ရမလဲ မသိပါဘူး ဆိုင်ရှင်ရွှီရယ်။ နောက်ပိုင်း ကျွန်မတို့ဆီက အကူအညီ လိုအပ်လာရင်လဲပြောပါ"

ရှန်းလီနှင့်ချန်းသရှန်တို့သည်လည်း အလျင်အမြန် ခန္ဓာကိုယ်ကို ကွေးညွတ်ကာ ကျေးဇူးတင်စကား ပြောလိုက်ကြလေသည်။

ဆိုင်ရှင်ရွှီက စန်းလော့၏ စိတ်သဘောထားကိုသဘောကျပြီး ပြုံးလိုက်၏။

"မင်းကအရမ်း ကြင်နာတတ်တာပဲ။ ပြီးတော့ ဒီသတင်းကို အချိန်မီဝေမျှပေးလို့ ကျေးဇူးတင်ပါတယ်။ ကောက်နှံမျိုးစုံကို ဝယ်ချင်တယ်ဆိုရင်တော့ မြန်မြန်သွားသင့်တယ်။ ကျွန်တော်တို့ဆိုင်ဝန်ထမ်းတွေကိုလည်း ကြိုတင်ပြင်ဆင်ဖို့ တိတ်တိတ်လေး အသိပေးထားလိုက်မယ်"

စန်းလော့သည် အမှန်ပင်လောနေသောကြောင့် အချိန်မဆွဲပေ။ ရှန်းလီ၊ ချန်းသရှန်တို့နှင့်အတူ သူမသည် ခါးညွတ်ပြီးနှုတ်ဆက်လိုက်ကာ ထွက်ခွာလာလေသည်။

သူတို့ထွက်သွားသည်နှင့် ဆိုင်ရှင်ရွှီသည် စားဖိုမှုးယွီအား ပြောလိုက်၏။

"ဌာနအသီးသီးက ဝန်ထမ်းတွေကို ဒီကိုလာဖို့ခေါ်လိုက်ပါ။ စပါး ဝယ်ဖို့ လိုနေတဲ့သူ ရှိသေးလား မေးရအုံးမယ်၊ မင်းလည်း စပါးတွေကို ဘယ်နေရာမှာ ပိုပြီးသိုလှောင်ရမလဲဆိုတာကို စဉ်းစားသင့်တယ်။ အဲ့တာက ဆန်ကြမ်းဆိုရင် ဝယ်ယူဖို့ မင်းရဲ့တပည့်ကို ချက်ခြင်းအကြောင်းကြားလိုက်။ ဆန်ဆိုရင် ငါ့ကို ပမာဏပြောပေး။ ဒီနေ့ အကုန်လုံး ဝယ်မယ်"

စားဖိုမှူးယွီသည် ထိုအရာနှင့်ပတ်သက်ပြီး စဉ်းစားရန်ပင်မလိုအပ်ဘဲ ဆိုင်ရှင်ရွှီနှင့် သဘောတူလိုက်လေသည်။

"ဟုတ်တယ်၊ ကျေးဇူးပြုပြီး သုံးတင်းဝယ်ပေးပါ"

သူ့မိသားစုသည် ပထမအကြိမ်ဈေးတက်ချိန်ထဲက စပါးတစ်ချို့ကို စုဆောင်းပြီးပြီဖြစ်သော်လည်း စစ်ပွဲစစ်ပူမှုကိုကြားတော့ သူသည် စိုးရိမ်နေပြီး နောက်ထပ်စပါး၃တင်းဝယ် ရန်ဆုံးဖြတ်လိုက်၏။

ဆိုင်ရှင်ရွှီက ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်ပြီ၊ သူတို့ကို သွားခေါ်လိုက်။ ဒါပေမယ့် အပြင်ကို စကားတွေ မပျံ့အောင် သူတို့ကို သတိပေးရမယ်။ အဲ့လိုမှမဟုတ်ရင် ဒီနေ့ ငါတို့စပါးဝယ်ဖို့ အဆင်ပြေမှာ မဟုတ်ဘူး။ စပါးဈေးကလဲ ထိုးတက်သွားနိုင်တယ်"

"နားလည်ပြီ၊ နားလည်ပြီ"

စားဖိုမှူးယွီက ထပ်ခါထပ်ခါအာမခံပြီးနောက် ဝန်ထမ်းများကို ခေါ်ရန် သီးသန့်အခန်းထဲမှ ထွက်ခွာသွားလေသည်။

~

တုန်းဖူစားသောက်ဆိုင် အနောက်ဘက်ရှိ လမ်းကြားလေးထဲတွင် စန်းလော့နှင့်ရှန်းလီတို့ ထွက်လာသည်နှင့် တွေ့ရန်စောင့်ဆိုင်းနေကြသော ချန်းယိုထျန်းနှင့် အခြားသူများက မေးမြန်းလိုက်ကြ၏။

"အခြေအနေဘယ်လိုလဲ။ သူ ကူညီနိုင်လား"

စန်းလော့က အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်၏။

"အဆင်ပြေလောက်တယ်။ ခဏနေ သူ ကျွန်မတို့အတွက် သွားမေးပေးလိမ့်မယ်။ ဦးလေးယိုထျန်း၊ သတင်းတွေမပျံ့ခင် အခုထဲက လိုအပ်တဲ့စပါးကို ဝယ်ထားသင့်တယ်နော်။ ကျွန်မတို့စောင့်နေရင် စီရင်စုမှာ ဘယ်ဟာမဆို ဝယ်ဖို့ခက်ခဲသွားနိုင်တယ်"

ချန်းယိုထျန်းနှင့်အခြားသူများက အလျင်အမြန်သဘောတူလိုက်၏။ သူတို့သည် ဆန်ကြမ်း ဝယ်ယူမည့်ပမာဏကို ဆုံးဖြတ်ရန် စပါးရနိုင်၊ မရနိုငကို အတည်ပြုဖို့ အစောကြီးကတည်းက စောင့်ဆိုင်းနေကြခြင်းပင်။ ယခုအချိန်တွင် သူတို့ထံ၌ အဖြေရလာပြီဖြစ်သဖြင့် ဆန်ကြမ်းများဝယ်ယူပြီးပါက တုန်းဖူစားသောက်ဆိုင် နောက်ဖေးလမ်းကြားတွင် ပြန်ဆုံကြပြီးမှ အတူတူပြန်ရန် သဘောတူလိုက်ကြသည်။

စန်းလော့သည် ရှန်းလီကို ငွေ ၃လျန်ကိုပေးရင်း ပြောလိုက်လေသည်။

"ကျွန်မ ယုံဖန်းကျိုင်ကို သွားဖို့လိုတယ်။ ရှင်က ဆန်ကြမ်းတွေဝယ်ဖို့ ဦးလေးယိုထျန်းနဲ့လိုက်သွားလိုက်ပါ။ တစ်ခုမှမချန်ထားဘဲ ဒီငွေတွေနဲ့ ရသလောက်ဝယ်ခဲ့ပါ။ ပြီးရင် သူတို့လှည်းတွေကို သုံးပြီး ဒီကိုသယ်လာလို့ရတယ်။ ပြန်တဲ့အခါ လှည်းထဲမှာ အကုန်လုံးမဆံ့ရင် တုန်းဖူစားသောက်ဆိုင်ကနေ တစ်စီးငှားလို့ရတယ်"

ငွေ၃လျန်ဖြင့် သူတို့သည် ဆန်ကြမ်း ၇တင်း၊ ၈တင်းမျှ အကြမ်းဖျင်းဝယ်နိုင်လေသည်။

ရှန်းလီသည် အရေးပေါ်အခြေအနေကို သတိထားမိသည်။ ကျိုးမိသားစုက သတင်းသဲ့သဲ့ရပြီးသည်နှင့် ဆယ်မိုင်ရွာမှ ရွာသူရွာသားများသည်လည်း သိသွားလိမ့်မည်။ သူက ဆိုင်ရှင်ရွှီသည် တုန်းဖူစားသောက်ဆိုင်ရှိ ဝန်ထမ်းများကို အသိပေးထားနိုင်ပြီး သူတို့၏မိသားစုများကိုပါ အကြောင်းကြားထားပုံပေါ်သည်ကို ခန့်မှန်းမိလေသည်။ မနက်ဖြန် သို့မဟုတ် မနက်ဖြန်ကို နောက်ဆုံးထားပြီး စပါးဆိုင်များသည် တစ်ခုခုလွဲနေသည်ကို သိသွားလိမ့်မည်။

ငွေကိုလက်ခံရင်း သူက ပြောလိုက်၏။

"ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ယုံဖန်းကျိုင်မှာ ပြီးသွားတာနဲ့ ကျွန်တော့်ကို တုန်းဖူစားသောက်ဆိုင်မှာ စောင့်ပါ။ ကျွန်တော် မင်းနဲ့ဆေးဆိုင်ကို အတူတူလိုက်ပေးပါ့မယ်"

သူမသည် ငွေအများအပြားနှင့် ဂျင်ဆင်းကို သယ်ထားရဖြင့် သူက သူမ၏လုံခြုံမှုအား စိတ်ပူနေသည်ကို စန်းလော့က နားလည်လေသည်။ သူမက ခေါင်းညိတ်ပြလိုက်၏။

"ကောင်းပါပြီ၊ ဆေးဆိုင်ကို သွားဖို့ ရှင့်ကို စောင့်နေပါ့မယ်"

သူမ သဘောတူသည်ကိုမြင်ပြီးနောက် ရှန်းလီသည် ချန်းယိုထျန်းနှင့် အခြားသူများဖြင့် ထွက်သွားလေတော့သည်။

...

အပိုင်း (၁၀၆) ထူးထူးခြားခြား ချောမောလို့နေတယ်

ယုံဖန်းကျိုင်၏ လုပ်ငန်းများက မရှုပ်ထွေးချေ။ ရှန်းအန်းနှင့်ရှန်းနဥ်တို့ အဖော်ပါလာသည့် စန်းလော့က အလုပ်ကိစ္စဖြေရှင်းရန် ၁နာရီခွဲလောက် အချိန်သုံးလိုက်ပြီး ငွေချေလိုက်လေသည်။

ဆိုင်တာဝန်ခံယန်နှင့် အချိန်အတော်ကြာအောင် သိလာသည်ဖြစ်ရာ စန်းလော့က ဒီရက်ပိုင်းအတွင်းတွင် ကောလဟာလများကြောင့် စီရင်စုက လှုပ်လှုပ်ရှားရှား ဖြစ်ဖွယ်ရာရှိသည်ဟု မပြန်ခင်တွင် သူမကို တိုးတိုးတိတ်တိတ် သတိပေးခဲ့လေသည်။ သူမက ဆိုင်တာဝန်ခံယန်ကို ကြိုတင်သတိပေးရလဲ စိတ်မရှိချေ။ ဆိုင်ထဲက အမျိုးသမီးအလုပ်သမား နှစ်ယောက်အတွက်တော့ သူတို့သည် ယုံဖန်းကျိုင်နှင့် စာချုပ်ချုပ်ထားသည်ဖြစ်ရာ သူတို့၏ အထောက်အပံ့အတွက် စိတ်ပူစရာမလိုပေ။

တုန်းဖူစားသောက်ဆိုင်သို့ ပြန်ရောက်လာသည်တွင် ဆိုင်တာဝန်ခံရွှီက မထွက်လာရသေးချေ။ ရင်းနှီးလှသည့် လူငယ်လေးတစ်ယောက်က အိမ်မှ အခုလေးတင်ပြန်လာပြီး မီးဖိုချောင်အနောက်ဖက်က လမ်းကြားလေးတွင် ကလေးနှစ်ယောက်နှင့်အတူ ထိုင်နေသည့် စန်းလော့ကို မြင်လိုက်လေသည်။ သူက မြောက်ပိုင်းကအခြေအနေနဲ့ ပတ်သတ်ပြီး စုံစမ်းရန် တိုးတိုးတိတ်တိတ် ချဥ်းကပ်လာသည်။

ဆိုင်တာဝန်ခံရွှီက ဝန်ထမ်းများကို အကြောင်းကြားပြီးမှန်း သိလိုက်သဖြင့် စန်းလော့က ဘာတစ်ခုမှ ဖုံးကွယ်မထားပဲ အကြောင်းအရာကို အသေးစိတ် တိုးတိုးတိတ်တိတ် ပြောပြလိုက်လေသည်။

ထိုစကားကို နားထောင်ပြီးနောက်တွင် လူငယ်လေးက မျှော်လင့်ချက်မဲ့စွာဖြင့် သက်ပြင်းချလိုက်လေသည်။

"အခြေအနေတွေ ဝရုန်းသုန်းကားမဖြစ်ဖို့ပဲ မျှော်လင့်ရမှာပဲ၊ စပါးစျေးတက်လာတာကို သီးခံနိုင်သေးတယ်။ အလွန်ဆုံးတော့ ကျွန်တော်တို့ရဲ့ စုဆောင်းထားတဲ့ငွေတွေ ကုန်သွားရုံပဲပေါ့၊ အစားအသောက်တွေ ဆင်းရဲလာမယ်၊ ဒါပေမဲ့လည်း တကယ်ပဲ ဗရမ်းဗတာအခြေအနေ ဖြစ်လာရင်တော့ စီရင်စုမြို့ကို တောပုန်းအဖွဲ့တွေက ဝင်တိုက်ခိုက်လာနိုင်တယ်၊ ကျွန်တော်တို့ရဲ့အသက်တွေ ဆုံးရှုံးသွားခဲ့ရင် စပါးရှိနေတော့ရော ဘာအသုံးဝင်မှာလဲ"

စန်းလော့က ထောက်ခံလိုက်သည်။

"အမှန်ပါပဲ"

ဗရမ်းဗတာဖြစ်နေသည့် အချိန်ကာလတွင် လူသားတို့၏အသက်က မကြာခဏဆိုသလို မြက်ပင်လိုပင် အဖိုးမဲ့လှသည်။

ကောင်လေးက စိုးရိမ်စိတ်ဖြင့် လွှမ်းမိုးခံရဟန် တူသည်။ သူရဲ့ပါးကို ဖောင်းထားလိုက်ပြီး လေများကို မှုတ်ထုတ်လိုက်သည်။

"ကောင်းပါပြီ စန်းရှီ၊ ကျေးဇူးပြုပြီး ထိုင်ပါအုံး၊ ကျွန်တော်ဆိုင်တာဝန်ခံကို မင်းပြောတဲ့သတင်း သွားပို့လိုက်ပါအုံးမယ်"

သူ့မိသားစုက ဆန်တစ်ပြည်သာလိုအပ်ပြီး ထို့ထက်လဲ ပိုမတတ်နိုင်ချေ။ သူ့အဖေက ဆန်ကြမ်းကိုသွားဝယ်ရန် ထွက်သွားနှင့်ပြီ ဖြစ်လေသည်။

စန်းလော့က ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ့ကို လှမ်းခေါ်လိုက်၏။

"တုန်းကဲအာ"

လူငယ်လေး၏နာမည်က တုန်းကဲအာဟု ခေါ်လေသည်။ သူနှင့်သူ့ညီအစ်ကိုက စန်းလော့ဆီသို့ တကာက ပစ္စည်းလိုက်ပို့ပေးခဲ့ဖူးရာ သူမက သူ့နာမည်ကို မှတ်မိနေသည်။

သူက ရပ်လိုက်ပြီး သူမကို လှည့်ကြည့်လိုက်၏။

စန်းလော့က တိုးတိုးလေး ပြောလိုက်သည်။

"ရှင့်မိသားစုနဲ့ ဆွေးနွေးပြီးတော့ ဥမင်တစ်ခုခု ဒါမှမဟုတ် ပုန်းခိုလို့ရတဲ့နေရာတစ်ခုခု တူးဖို့အတွက် လျှို့ဝှက်ပြီး မသိသာတဲ့ နေရာတစ်ခုကို ရှိမလားဆိုတာကို စဥ်းစားကြည့်လိုက်ပါ။ ကောင်းကောင်းလေး ဖုံးကွယ်ထားနိုင်ပြီးတော့ ထင်မထားတဲ့ နေရာတစ်ခု ဖြစ်မယ်ဆိုရင် တကယ်လို့များ ဗရမ်းဗတာအခြေအနေတွေ ဖြစ်လာခဲ့ရင် အထဲမှာ အစားအသောက်နဲ့ရေကို သိုလှောင်ထားပြီးတော့ ကပ်ဘေးခိုလို့ရတယ်"

"တကယ်လို့ စီရင်စုမြို့က ထိုးဖောက်မခံရဘဲ ရှိနေသေးတယ်ဆိုရင်တော့ ကောင်းတာပေါ့၊ ဒါပေမဲ့ မြို့ကကျသွားပြီဆိုရင်တော့ ကျွန်မတို့တွေက အသက်ရှင်ဖို့အတွက် ဒီလိုနည်းလမ်းကိုပဲ အားကိုးနိုင်တော့မယ်” သူမက ထပ်ပြောလိုက်လေသည်။ "ဟုတ်တာပေါ့၊ ဒါက လုံလောက်အောင် ဖုံးကွယ်ထားနိုင်မှဖြစ်မှာ၊ မဟုတ်ဘူးဆိုရင် ဒါကလဲ ပြသာနာကို ဖြစ်လာစေနိုင်တယ်။ တကယ်လို့ တောပုန်းအုပ်စုက မြို့ထဲကို တကယ်ပဲ ထိုးဖောက်ဝင်လာပြီဆိုရင် သူတို့တွေက အိမ်တွေကို လုယက်တိုက်ခိုက်တာက အကျင့်ဖြစ်နေပြီလေ။ ရှင့်မိသားစုတစ်ခုလုံးကို မတွေ့အောင် ပေါ်ပေါက်မသွားအောင်ပဲ လုပ်ထားမှဖြစ်မှာ"

တုန်းကဲအာက မျက်တောင်လေးခတ်လိုက်ပြီး စိတ်ပျက်နေသည့်ကြားက မျှော်လင့်ချက် အလင်းတန်းတစ်ခု တွေ့ရှိသွားသယောင် ဖြစ်သွားလေသည်။ သူ့မျက်လုံးများက တောက်ပလာ၏။ သူက ခပ်ရဲ့ရဲ့အပြုံးလေးတစ်ခုပင် ဖြစ်ပေါ်လာသည်။

"ကျေးဇူးတင်ပါတယ် စန်းရှီ၊ အလုပ်ပြီးသွားရင် ကျွန်တော် ကျွန်တော့မိဘတွေနဲ့ ဒီကိစ္စကို တိုင်ပင်ထားလိုက်ပါ့မယ်။ မင်းက ကျွန်တော်တို့အတွက် တကယ်ကို အသက်ကယ်တင်ပေးတဲ့ ကျေးဇူးရှင်ပါပဲ"

စန်းလော့က နှိမ့်နှိမ့်ချချ ပြုံးလိုက်၏။

"ဘာမှတော့ မဟုတ်ပါဘူး၊ ရှင့်မိသားစုကလဲ ဒီကိစ္စကို ကိုယ့်ဟာကိုယ် စဥ်းစားထားချင်လဲ စဥ်းစားထားမှာပေါ့"

"လူတွေက အသက်ရှင်သန်ရေးနှင့် ပတ်သတ်လာရင် လုပ်နိုင်သမျှ အရာအားလုံးကို လုပ်နိုင်လာတယ်"

သူမက လက်ဝှေ့ရမ်းပြလိုက်ပြီး ကောင်လေးကို သူ့အလုပ်ဆက်လုပ်ဖို့ အချက်ပြလိုက်လေသည်။

ခေါင်းညိတ်ပြလိုက်ပြီး ကောင်လေးက ထွက်သွားကာ သူ့ခြေလှမ်းများက အရင်ကထက် သိသိသာသာ ပေါ့ပါးနေတော့သည်။

တုန်းကဲအာ ထွက်သွားသည်ကို စောင့်ကြည့်နေသည့် ရှန်းအန်းက သူ့မရီးဖြစ်သူကို မေးလိုက်၏။

"စစ်ပွဲက အဲလောက်တောင်ပဲ ကြောက်စရာကောင်းတာလား"

ရှန်းနဥ်ကလဲ စန်းလော့၏အဖြေကို မျှော်လင့်နေလေသည်။

မောင်နှမနှစ်ယောက်မှာ စစ်ပွဲအပေါ် နားလည်မှုက အကန့်အသတ် ဖြစ်နေသည်။ စန်းလော့နှင့်ရှန်းလီတို့က အိမ်တွင် ဒီကိစ္စကို တိုင်ပင်လေ့မရှိချေ။ ကလေးများက သူတို့၏အစ်ကိုနှင့်မရီးက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ကို သိထားသော်လည်း တုန်းကဲ၏တုံ့ပြန်မှုကို မမြင်ရသေးခင်အထိ တကယ်ကြောက်စရာကောင်းသည်ဟု မခံစားခဲ့မိချေ။

စန်းလော့က ရှန်းနဥ်၏ ခေါင်းကို အသာအယာ ပုတ်ပေးလိုက်ပြီး နှစ်သိမ့်လိုက်လေသည်။

"တကယ်လို့ ငါတို့တွေ ကောင်းကောင်းလေး ပြင်ဆင်ထားမယ်ဆိုရင် ကိစ္စတွေက အဆင်ပြေသွားမှာပါ"

"ငါတို့တွေက ငါတို့လုပ်နိုင်တာ လုပ်ထားပြီးပြီ၊ ကျန်တာကတော့ ငါတို့ရဲ့ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သွားပြီ၊ ကံကိုပဲ အားကိုးရတော့မှာပေါ့"

မောင်နှစ်မနှစ်ယောက်က နားလည်သွားဟန် တူသော်ငြားလည်း သူတို့၏စိုးရိမ်ပူပန်စိတ်က ကြာရှည်မခံခဲ့ချေ။ သူတို့သည် လမ်းကြားလေးတွင်ထိုင်ပြီး သိပ်မကြာခင်မှာပင် ရှန်းလီနှင့် တခြားသူများက စပါးလှည်းများဖြင့် ပြန်လာသည်ကို တွေ့လိုက်ရသည်။

ကလေးနှစ်ယောက်နှင့် အဖော်ပြုနေသည့်စန်းလော့က ထရပ်ကာ သူတို့ကိုတွေ့လိုက်ပြီး အံ့သြသွားလေသည်။

"အဲလောက်တောင် မြန်သလား"

သူတို့၏ မျက်နှာပေါ်တွင် အပြုံးများဖြင့် ချန်းယိုထျန်းနှင့်တခြားသူများက ရှင်းပြလိုက်ပြီး ရှန်းလီက ထပ်ဖြည့်ပြောလိုက်လေသည်။

"စပါးဆိုင်မှာ ကူညီပေးတဲ့သူတွေ အများကြီးရှိတယ်။ ကျွန်တော်တို့က ပမာဏနဲ့စပါးကို ဝယ်တာဆိုတော့ လှည်းပေါ်မြန်မြန်တင်ရတာ လွယ်တယ်လေ"

"တကယ်တော့ ဒီနေ့ စပါးကို ပမာဏအများကြီးဝယ်တာ ကျွန်တော်တို့က ပထမဦးဆုံးအဖွဲ့ပဲ၊ ရွာကတခြားသူတွေနဲ့ ကျိုးမျိုးနွယ်တွေကလဲ အခုလေးတင်ပဲ ထွက်လာကြမယ် ထင်တယ်။ ပိုပြီးပျင်းရိတဲ့သူတွေကတော့ မနက်စာစားနေကြတုန်းပဲ။ တုန်းဖူစားသောက်ဆိုင်ရဲ့ ဝန်ထမ်းတွေက သူတို့ရဲ့ မိသားစုအကြား သတင်းပေးဖို့ အချိန်လိုသေးတယ်လေ"

ထို့ကြောင့်ပင် စပါးကို ပမာဏအများကြီး ဝယ်ယူမည့် အဖွဲ့ ၅ယောက်၆ယောက်ရှိသော်ငြားလည်း ဆိုင်တာဝန်ခံများက ချန်းယိုထျန်းနှင့်တခြားသူများကို ရိုးရှင်းပြီး တောဆန်ဆန်ဝတ်စားထားကာ ရှန်းလီတို့အဖွဲ့က ဆွေးနေသည့် ကောက်ရိုးဖိနပ်ဟောင်းကို ဝတ်ထားသည်ကို မြင်လိုက်ရသည်တွင် သူတို့ကို ဒေသတွင်းက ရွာသားများဟု မှတ်မိလိုက်လေသည်။

"ဒီနှစ် အခွန်ကိုနှစ်ကြိမ်ပေးလိုက်ပြီး စပါးစျေးကလဲ ထိုးတက်နေတာဆိုတော့ ဒေသတွင်းက လယ်သမားတွေက ပုံမှန်ဆန်ကိုစားမဲ့အစား ပဲဆန်ကိုပြောင်းစားတာလဲ အံ့သြစရာမရှိဘူးလေ၊ ဒီတော့ စပါးဆိုင်က အလုပ်ရှုပ်ခံပြီး အများကြီး မမေးတော့ဘဲ ကျွန်တော်တို့တောင်းသလောက် ထုတ်ပေးလိုက်တယ်"

"နောက်ဆုံး ပဲတွေက ဒီနေရာမှာ မရှားဘူးလေ၊ ဒီတော့ ဘယ်သူကမှ စိတ်မဝင်စားကြဘူးပေါ့"

စန်းလော့က လှည်းများပေါ်က စပါးအိတ်ကို လှမ်းကြည့်လိုက်ပြီး အရာအားလုံးက ချောချောမွေ့မွေ့ ဖြစ်သွားသဖြင့် စိတ်အေးသွားသည့် ခံစားချက်တစ်ခု ဖြစ်သွားတော့သည်။

"ကျွန်မတို့တွေ ဆိုင်တာဝန်ခံရွှီကို နည်းနည်းလောက် ထပ်စောင့်ရအုံးမယ်။ ရှင်တို့အားလုံး ဒီမှာ ခဏလောက် ထိုင်လိုက်ကြပါအုံးလား။ ရှန်းလီနဲ့ကျွန်မက တချို့ဆေးဝါးတွေအတွက် ဆေးဆိုင်ကိုသွားဖို့ လိုတယ်။ ရှင်တို့တွေရော ဆေးတွေကိုပြင်ဆင်ဖို့ လိုသေးသလား"

တခြားသူများက ခေါင်းကာပြလိုက်သည်။

"ဆေးက အရမ်းစျေးကြီးတယ်လေ၊ ကျွန်တော်တို့ အခုလောလောဆယ် မတတ်နိုင်သေးပါဘူး” ချန်းယိုထျန်းက ပြောလိုက်သည်။ "ငါလဲငွေ မရှိတော့ဘူး နည်းနည်းထပ်ပြီးစုဖို့ လိုသေးတယ်"

သို့သော်ငြားလည်း ကျိုးသလန်က တာဝန်တစ်ခုယူထားကာ ငွေ၂လျန်ကို ဆွဲထုတ်လိုက်ပြီး ရှန်းလီထံသို့ ကမ်းပေးလိုက်ကာ ပြောလိုက်လေသည်။

"ရှန်းလီ မင်းတို့ဝယ်မဲ့ဆေးအတိုင်းပဲ ငါ့ကိုဝယ်လာပေးလို့ ရမလား၊ ဒီငွေ၂လျန်က အဖေက သီးသန့်ထုတ်ပေးထားတာ၊ မင်းနဲ့မင်းမောင်နှမတွေက ဝယ်မဲ့ပစ္စည်းကို ဆုံးဖြတ်လို့ရတယ်။ ငါတို့တွေက ဆွေးနွေးခကို တဝက်စိုက်ပေးမယ်"

ဘယ်ဆေးဝါးကို ဝယ်ယူမည့်အကြောင်းအရာက စန်းလော့၏ အကြံဉာဏ်ကိုလိုက်နာရန် သူ့အဖေ၏ မှာကြားချက်ပင်။ ကျိုးသလန်က ငွေကို စန်းလော့ထံသို့ တိုက်ရိုက်ပေးဖို့ရန် သက်တောင့်သက်သာ ဖြစ်သည်ဟု မခံစားရသဖြင့် သူက ရှန်းလီကိုသာ ပေးလိုက်လေသည်။

ရှန်းလီသည် ကျိုးချွမ်ကျန့်က စန်းလော့အပေါ် အထင်ကြီးလေးစားသည်ကို သတိရလိုက်သဖြင့် ကန့်ကွက်မနေဘဲ တာဝန်ကို လက်ခံလိုက်ကာ ငွေကို စန်းလော့ထံ လှမ်းပေးလိုက်လေသည်။

ချန်းယိုထျန်းနှင့်တခြားသူများက စပါးကို စောင့်ကြည့်ပေးနေကြစဥ် စန်းလော့က မီးဖိုခန်းထဲက ဝန်ထမ်းကို အသိပေးလိုက်ပြီး အားလုံးအတွက် ထိုင်စရာခွေးခြေခုံလေးများကို ယူထုတ်လာပေးလိုက်သည်။ ထို့နောက်တွင် ရှန်းအန်းနှင့်ရှန်းနဥ်တို့ အပါအဝင် သူမနှင့်ရှန်းလီတို့က ဆေးဆိုင်သို့ ထွက်လာခဲ့ကြတော့သည်။

သက်တမ်းတော်တော်လေး ရင့်နေပြီဖြစ်သည့် ဂျင်ဆင်းက စျေးဆိုင်များတွင် အမြဲတမ်း ဝယ်လိုအားများသည်။ အကောင်းဆုံး စျေးပေးမည့်သူကို ရှာဖွေရမည့်ကိစ္စတစ်ခုသာ။

နှစ်ယောက်သားက ဂျင်ဆင်းကိုယူကာ ဆေးဆိုင်တိုင်းနှင့် ဆေးပေးခန်းတိုင်းကို သွားလိုက်ကြသည်။ နောက်ဆုံးတွင်တော့ စျေးအမြင့်ဆုံး ၃၉လျန်ပေးသည့် ဆေးပေးခန်းတစ်ခုကို တွေ့ခဲ့သည်။

စန်းလော့နှင့်ရှန်းလီတို့ နှစ်ယောက်စလုံးက ဂျင်ဆင်း စျေးကွက်အကြောင်းကို မသိလေရာ ငွေကလည်းအလောတကြီး လိုနေသည်။ အခုလောလောဆယ်တွင် တခြားဝယ်ယူသူမရှိသဖြင့် သူတို့တွေက သက်တမ်း၃၀ကျော် ဂျင်ဆင်းတစ်ခု၏စျေးကို ကျေနပ်လိုက်ရတော့သည်။

ဆေးပေးခန်းပိုင်ရှင်က ရှန်းလီကို ငွေလှမ်းပေးလိုက်သည်။ ရှန်းလီကလည်း အစောပိုင်းတွင် စန်းလော့ကို ငွေပေးမည်ဟု ကတိပေးထားသည်ကို သတိရသဖြင့် ပြောလိုက်လေသည်။

"အခုတော့ ဒီငွေကို ကျွန်တော် ကိုင်ထားပေးပါ့မယ်"

စန်းလော့က အော်ရယ်လုနီးပါး ဖြစ်သွားပြီး သူ့ကို ထိုသို့လုပ်ဖို့ ခေါင်းညိတ်သဘောတူလိုက်သည်။

ဂျင်ဆင်းရောင်းလိုက်ပြီးနောက်တွင် နှစ်ယောက်သားက အလျင်စလိုဖြင့် ထွက်မလာကြချေ။ ထိုအစား ဆိုင်ရှင်ကို မေးမြန်းလိုက်ပြီး သမားတော်ရုံးခန်းတွင် တန်းစီဖို့ ဝင်လိုက်လေသည်။

အများကြီး မစောင့်လိုက်ရချေ။ သူတို့၏ ရှေ့တွင် အမျိုးသမီးတစ်ဦးသာ ရှိသည်။မကြာခင် သူတို့အလှည့် ရောက်လာတော့သည်။

သမားတော်က စန်းလော့နှင့်သူမအဖွဲ့ကို ကြည့်လိုက်၏။ နေမကောင်းသူကို မေးလိုက်လေသည်။ စန်းလော့က ပြုံးကာ ခေါင်းကာပြလိုက်၏။

"ကျွန်မတို့အားလုံး နေကောင်းကြပါတယ်၊ ကျေးဇူးတင်ပါတယ်၊ ကျွန်မတို့က တောင်ပေါ်နဲ့တောထဲကို ခရီးရှည်ထွက်ဖို့ ပြင်ဆင်နေတာမလို့ ခရီးအတွက် ဆေးတွေကို ဝယ်ယူချင်လို့ပါ"

"ဪ"

သမားတော်က နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။ ခရီးထွက်လျှင် ဆေးဝါးများပြင်ဆင်သည်က ချမ်းသာသည့် မိသားစုကြားတွင် ပုံမှန်ဖြစ်သော်ငြားလည်း ဆင်းရဲသားများတွင်တော့ ရှားပါးလေသည်။ သချန်မင်းဆက်တွင် စီရင်စုများကြားက အကွာအဝေးသည် တော်တော်လေးသိသာပြီး ခရီးသွားရခြင်းက စိန်ခေါ်မှုတစ်ခုပင်။ ဒီလောက်ရှည်လျားသည့် လမ်းခရီးတွင် ဆေးမပါဘဲဖျားနာလျှင် တကယ်ပင်စိတ်ပူစရာ ဖြစ်လေသည်။

သူတို့၏ ပုံမှန်အဝတ်အစားများကို လေ့လာလိုက်ပြီး သမားတော်က သူတို့သည် ချမ်းသာသည်မဟုတ်ဟု ခန့်မှန်းမိလေသည်။ သူက တာဝန်ခံဟု ထင်ရသည့် စန်းလော့ကို ရောဂါစမ်းသပ်သည့်စားပွဲတွင် ထိုင်ခိုင်းလိုက်ပြီး သူတို့လိုချင်သည့် ဆေးအမျိုးအစားများကို မေးလိုက်သည်။

စန်းလော့က ခဏလောက်စဥ်းစားလိုက်ပြီး သူမ၏ ခေတ်သစ်လောကက ပုံမှန်အိမ်သုံးဆေးဝါးများကို စဥ်းစားလိုက်ကာ သူမ၏ လိုအပ်ချက်ကို စာရင်းလုပ်လိုက်လေသည်။ အအေးမိခြင်းနှင့် ဖျာနာခြင်းအတွက် ကုသဆေး၊ အဖျားကျဆေး၊ ဗိုက်အောင့်ပျောက်ဆေး၊ ဝမ်းလျှောလျှင်ကုသဆေး၊ ဒဏ်ရာပျောက်ဆေး၊ ပိုးမွှားနှင့်မြွေကိုက်ခြင်းအတွက် ဖြေဆေး၊ နောက်ဆုံးတွင် ဒဏ်ရာများကို သက်သာစေသည့်ဆေးများကို ထည့်လိုက်လေသည်။

သူတို့၏ များပြားလှသည့် စာရင်းကြောင့် သမားတော်မှာ အံ့သြသွားတော့သည်။ သူတို့သည် အဖိုးတန်လှသည့် ဂျင်းဆင်းကို ရောင်းထားခြင်းကို မမြင်ခဲ့လျှင် သူက ဆေးညွှန်းတစ်ခုထဲအတွက် သူတို့၏ တတ်နိုင်မည့်ပမာဏကို သံသယဖြစ်မိပေမည်။

သမားတော်က ဖြတ်မပြောဘဒ နားထောင်လိုက်ပြီးနောက်တွင် အကြံပေးလိုက်လေသည်။

စန်းလော့၏ လိုအပ်ချက်များကို သမားတော်က ဆေးဖက်အခေါ်အဝေါ်များဖြင့် ပြန်စီပြီး ဘာသာပြန်လိုက်လေရာ သူမမှာ သူတို့၏ ရှုပ်ထွေးမှုကြောင့် ဇဝေဇဝါ ဖြစ်သွားတော့သည်။

သို့သော်ငြားလည်း ပြသာနာတော့မဟုတ်ချေ။ သူမက ဆေးညွှန်း တစ်ခုစီအတွက် သက်ဆိုင်သည့် ရောဂါလက္ခဏာများကို သမားတော်အား မေးမြန်းလိုက်ပြီး ခေတ်သစ်ဆေးဝါးအကူအညီဖြင့် ရင်းနှီးအောင် လုပ်လိုက်လေသည်။ ဆေးက မိသားစုနှစ်ခုအတွက် ဖြစ်သဖြင့် သူမက ဆေးညွှန်းနှစ်ခုကို တောင်းဆိုလိုက်သည်။

သမားတော်က သူမ၏ စာတတ်သည့်အခြေအနေကို အံ့သြသွားပြီး သူမကို စာဖတ်တတ်သလားဟု မေးလေသည်။

စန်းလော့က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

"ကျွန်မက အသုံးများတဲ့ စာလုံးတွေကိုတော့ မှတ်မိနိုင်ပါတယ်"

"ဒါက တော်တော်လေးကို အထင်ကြီးစရာပါပဲ"

သမားတော်က ပြုံးကာ မှတ်ချက်ပေးလိုက်သည်။ သူက သူမ လိုအပ်သည့် ပမာဏကို မေးမြန်းလိုက်ပြီး သူမ တောင်းဆိုသည့်ပမာဏကို စဥ်းစားလိုက်ကာ စုစုပေါင်းကုန်ကျငွေ ၉လျန်နီးပါးဟု ခန့်မှန်းလိုက်လေသည်။ သူမကို ထူးခြားသည့် ဝယ်ယူသူတစ်ယောက်ဟု မှတ်ထားလိုက်ပြီး သူက သူမ၏ တောင်းဆိုချက်များကို လိုက်လျောပေးလိုက်ကာ ဆေးတစ်ခုခြင်းစီအတွက် အညွှန်းကို ချရေးပေးလိုက်ပြီး သက်ဆိုင်ရာ ဆေးထုတ်များပေါ်တွင် အညွှန်းများကို တွဲပေးလိုက်လေသည်။

စန်းလော့သည် အညွှန်းပေါ်က သမားတော်၏ လက်ရေးကို ကြိုးစားပြီး ဖတ်လိုက်ရသော်လည်း သူမအတွက် အထူးတလည် ရေးပေးထားသည့် ဆေးညွှန်းအသုံးပြုပုံနှင့် လက္ခဏာများကို နားလည်အောင် လုပ်ခဲ့လိုက်သည်။

ဆေးများကိုပြင်ဆင်ရသည်ကလဲ အချိန်ပေးရလေသည်။ အထူးသဖြင့် စန်းလော့က ပမာဏအများကြီး ကို မှာယူထားခြင်းကြောင့်ပင်။

ဆေးအကူကို ညွှန်ကြားလိုက်ပြီးနောက်တွင် စန်းလော့က ကျိုးမိသားစုနှင့် သူမ၏မိသားစုအတွက် ကုန်ကျစရိတ်ကို သီးသန့်တွက်လိုက်ပြီး ကျိုးမိသားစု၏ ၂လျန်ထဲတွင် ၁၉၀ ဝမ်ကုန်ကျသွားပြီး သူမ၏ အသုံးစရိတ်ကတော့ ၈လျန်လောက်ကျသွားလေသည်။

စျေးအကြီးဆုံးမှာ ဒဏ်ရာပျောက်ဆေးနှင့် ဖြေဆေးများ ဖြစ်လေသည်။ ပထမတစ်ခုအတွက် လိုအပ်ချက်ကတော့ တောရိုင်းတိရိစ္ဆာန်များနှင့် တောပုန်းဓားပြများ ရှိနိုင်သည့် အလားအလာကြောင့်ဖြစ်ကာ လိုအပ်သည့် ကြိုတင်ကာကွယ်မှုကို လုပ်ထားခြင်းပင်။

ဖြေဆေးများအတွက်ကတော့ သူတို့သည် သမားတော်အကြံပေးချက်အရ စန်းလော့ကနေရာတွင်ပင် ဆုံးဖြတ်ချက်ချလိုက်ခြင်းပင်။ သာမန်မြွေဆိပ်ဖြေဆေးကို ရိုးရှင်းသည့်ဆေးပင်များဖြင့် ပြုလုပ်နိုင်သည်။ ဆေးတစ်ဖုံကို ၃၉ဝမ်သာ ကျလေသည်။သို့ သော်ငြားလည်း အထူးဖြေဆေးကတော့ စျေးကြီးလေရာ ဆေးလုံးတစ်လုံးက ၁ ဝမ်ကျပြီး စီချွမ်းနှင့်ရှုတို့လို နယ်မြေများက ပြင်းထန်သည့်အဆိပ်များကိုပင် ကုသနိုင်ကာ အသက်ကယ်ဖို့ အလားအလာ များသည်။

ဒီလောက် ထိရောက်မှုရှိသည့် ဆေး၏တန်ဖိုးကို မြင်ရသဖြင့် စန်းလော့က အံကြိတ်လိုက်ပြီး ဆေး၃လုံးကို ဝယ်ခဲ့တော့သည်။

သူမ၏ အသုံးစရိတ်မှာ ဒီပစ္စည်းနှစ်ခုကြောင့်ပင် ကျိုးမိသားစုထက် ပိုသွားတော့သည်။ ဒဏ်ရာကုသခြင်းနှင့်ဖြေဆေးက နှစ်ခုပေါင်းလိုက်လျှင် ၅လျန်နီးပါးကျပြီး ကျန်သည်ကတော့ သာမန်အိမ်သုံးဆေးအတွက် ကုန်ကျခြင်းပင်။

ရှန်းလီက ဒဏ်ရာပျောက်ဆေးနှင့်ဖြေဆေး အသုံးစရိတ်ကို မှတ်ချက်ပေးဖို့ရန် တွန့်ဆုတ်နေသဖြင့် နောက်ဆုံးတော့ နှုတ်ဆိတ်နေဖို့သာ ရွေးချယ်လိုက်တော့သည်။

တောင်အတွင်းပိုင်းက မြေအနေအထား၏ အန္တရာယ်များကို စဥ်းစားမိလိုက်ပြီး သူနှင့်သရှန်တို့က အသေးစားဒဏ်ရာများအတွက် ရိုးရိုးရှင်းရှင်း ဆေးပင်များကို ရှာပေးနိုင်သော်လည်း ဒီသမားတော်ထုတ် ဆေးဝါးများက ပိုပြီးအားကိုးရမည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ကလေးများအပါအဝင် လူအများအပြားကို စောင့်ရှောက်ရမည်ဖြစ်သဖြင့် လုံလောက်သည့် ပြင်ဆင်မှုလုပ်ထားသည်က အမျှော်အမြင်ရှိပေသည်။

ဆေးပမာဏအများကြီးကို ပြင်ဆင်ပြီးသည်နှင့်ဆေးဆိုင်က ကျိုးမိသားစုနှင့် စန်းလော့၏မိသားစုအတွက် ဆေးများကို သီးသန့်ထုတ်ပိုးပေးရန် အဝတ်အိတ်ကြီး၂လုံးကို ပေးလေသည်။ အထူးသဖြင့် စန်းလော့၏ ဆေးပမာဏက သိသိသာသာ များပြားနေခြင်းကြောင့်ပင်။

ရှန်းလီက လက်တစ်ဖက်တွင် အိတ်တစ်လုံးကို သယ်လိုက်လေသည်။

သူက ဆေးကိုသယ်လိုက်ရင်း သူ့အကြည့်မှာ စန်းလော့ထံသို့ မကြာခဏဆိုသလို အလိုလိုရောက်ရှိသွားတော့သည်။

ကျိုးမိသားစုက ဆေးပမာဏကို အများကြီးဝယ်ယူခြင်းက သူတို့၏မိသားစု အရွယ်အစားကြောင့်ဖြစ်သော်လည်း သူတို့၏ ကိုယ်ပိုင်မိသားစုတွင် လူလေးယောက်သာ ရှိလေရာ စန်းလော့၏ များပြားလှသည့် ပြင်ဆင်မှုက တခြားမိသားစုက အရေးတကြီး ဆေးဝါးလိုအပ်လာသည့် ဖြစ်နိုင်ချေကို ထည့်သွင်း စဥ်းစားပေးထားဟန်တူသည်။

အမှန်ပင် ဆေးဝါးများက စျေးကြီးလှပေသည်။ ချန်းမိသားစုက သရှန်၏အမဲလိုက်ခြင်းကြောင့် တတ်နိုင်ပေသည်။ လုနှင့်ရှီမိသားစုတို့ကလဲ နည်းနည်းပါးပါး တတ်နိုင်သည်။ သူတို့က ဒီလို များပြားလှသည့်ပမာဏကို တတ်နိုင်နေသည်က သံသယဖြစ်ဖွယ်ရာပင်။

"အခုရော ဘယ်ကို သွားအုံးမှာလဲ။ တုန်းဖူနောက်ဘေးလမ်းကြားကို ပြန်မှာလား” ရှန်းလီက ဆေးဆိုင်ထဲမှထွက်လာသည်တွင် စန်းလော့ကို မေးလိုက်လေသည်။

တိရိစ္ဆာန်အရေခွံလေးတစ်ခုဖြင့်သာ ထပ်ထားသည့် ရှန်းလီ၏ ရိုးရှင်းလှသည့် ဆောင်းဦးအဝတ်အစားမှာ သူ၏လက်မောင်းကို အနွေးဓာတ်ပေးရုံမျှသာ ရှိမည်ကို သတိထားမိလိုက်သဖြင့် စန်းလော့က ခေါင်းခါပြလိုက်သည်။

"အဝတ်အစားဆိုင်ကို သွားမှာ"

ရှန်းလီက အဝတ်အစားဆိုင်သွားရသည့် ရည်ရွယ်ချက်ကို နားမလည်သေးခင်မှာပင် စန်းလော့က ရှေ့မှ စပြီးဦးဆောင်သွားကာ သူ ရှန်းအန်းနှင့်ရှန်းနဥ်တို့ကလဲ နောက်မှ မြန်မြန်လိုက်သွားလေသည်။

အဝတ်အစားဆိုင်က ဆေးဆိုင်မှ သိပ်မဝေးလှချေ။ စန်းလော့က အထဲသို့ဝင်သွားပြီး လှည့်ပတ်ကြည့်ရှုလိုက်ကာ ဆောင်းတွင်းအနွေးထည် အထူတစ်ခုကို လက်ညှိုးထိုးပြလိုက်ပြီး သူမဘေးကရပ်နေသည့် ရှန်းလီကို ထပ်ပြီး လက်ညှိုးထိုးပြလိုက်ကာ ဆိုင်ရှင်ကို မေးလိုက်လေသည်။

"သူနဲ့ အဆင်ပြေမဲ့ အင်္ကျီ တစ်ထည်လောက်များ ရှိသလား"

ဆိုင်ရှင်က ရှန်းလီ၏ကိုယ်ထည်ကို လှမ်းကြည့်လိုက်ပြီး ပြုံးလိုက်သည်။

"ဟုတ်ကဲ့ ရှိပါတယ်"

သူက ကိုယ်ကိုကုန်းလိုက်ပြီး ဘီဒိုကိုနှံ့နှံ့စပ်စပ် မွှေနှောက်လိုက်ပြီး သိပ်မကြာခင်မှာပင် စန်းလော့ကြည့်နေသည့် အဝတ်အစားနှင့်တူသည့် အနွေးထည်တစ်ခုကို ထုတ်လာလေသည်။

ရှန်းလီ၏လက်ထဲတွင် ဆေးအိတ်ဖြင့်ပြည့်နေသည်ကို မြင်လိုက်တော့ စန်းလော့က အရင်ဆုံးအင်္ကျီကိုယူလိုက်ကာ သူနှင့်အရွယ်အစား စတင်တိုင်းကြည့်လိုက်လေသည်။

သူမက ပုခုံးအကျယ် အင်္ကျီအရှည်နှင့် လက်အရှည်တို့ကို စစ်ဆေးလိုက်သည်။

ရှန်းလီ၏နားများမှာ တဖြည်းဖြည်း သိသိသာသာ နီရဲလာတော့သည်။

သို့သော်ငြားလည်း အင်္ကျီ၏အရွယ်အစားကိုသာ အာရုံစိုက်နေသည့် စန်းလော့ကတော့ အင်္ကျီလက်အရှည်နှင့်အရာအားလုံးက သင့်တော်သည်ကို တွေ့လိုက်ရပြီး ဝါဂွမ်းဘောင်းဘီတစ်ထည်ကို ကောက်ကိုင်လိုက်ပြီး သေသေချာချာ ကြည့်လိုက်ပြီးနောက် ရှန်းလီကို လက်ဟန်ပြလိုက်လေသည်။

"ဒါတွေကို ကိုယ့်ဟာကိုယ် စမ်းဝတ်ကြည့်မလား"

ရှန်းလီ၏မျက်နှာက ရုတ်ချည်းဆိုသလို နီရဲသွားတော့သည်။

"ကျွန်တော် ကိုယ့်ဟာကိုယ် လုပ်လိုက်ပါ့မယ်"

ယောက်ယက်ခပ်သွားပြီး သူက ဆေးအိတ်နှစ်အိတ်ကို ကောင်တာပေါ်သို့ တင်လိုက်ကာ စန်းလော့ထံမှ ဘောင်းဘီကို လှမ်းယူလိုက်ပြီး သူမနှင့်ပင် အကြည့်ချင်းမဆုံရဲပေ။

ကိုယ့်ဟာကိုယ် ဘောင်းဘီကိုတိုင်းတာလိုက်ပြီး သူက ကြိုးစားပြီး အိန္ဒြေဆည်ကာ ပြောလိုက်လေသည်။

"အဆင်ပြေပါတယ်"

ရွေးချယ်မှုကို ကျေနပ်သွားသည့် စန်းလော့က ဆိုင်ရှင်ဘက်လှည့်လိုက်ပြီး ပြောလိုက်လေသည်။

"သူ့အတွက် ဝါဂွမ်းနဲ့လုပ်ထားတဲ့ ဖိနပ်တစ်ရံလောက် ရှာပေးလို့ရမလား"

ရင်းနှီးဖော်ရွေလှသည့် အပြုံးတစ်ခုဖြင့် ဆိုင်ရှင်က သစ်သားပေတံတစ်ချောင်းကို ထုတ်လာကာ ရှန်းလီကို ခေါ်လိုက်လေသည်။

"လူလေး ဒီမှာ ကျေးဇူးပြုပြီး ထိုင်ပေး၊ မင်းရဲ့ဖိနပ်ကိုချွတ်လိုက်ပါ။ ဒါမှ ငါ မင်းရဲ့ခြေထောက်အတိုင်းကို တိုင်းလို့ရမှာ"

ရှန်းလီက ဆိုင်တာဝန်ခံ ညွှန်ပြလိုက်သည့် သစ်သားခုံလေးပေါ်တွင် အူကြောင်ကြောင်ဖြင့် ထိုင်ချလိုက်ပြီး ပေတံကိုလှမ်းတောင်းကာ ပြောလိုက်လေသည်။

"ကျွန်တော် ကိုယ့်ဟာကိုယ် လုပ်လိုက်ပါ့မယ်"

ဆိုင်ရှင်က ပေတံကို သူ့အားလိုလိုလားလား လှမ်းပေးလိုက်ပြီး တိုင်းတာရမည့်ပုံစံကို ရှင်းပြလိုက်လေသည်။

ရှန်းလီက စန်းလော့ကို ကျောပေးကာ သူ့ဖိနပ်ကို မြန်မြန်ဆန်ဆန် ချွတ်လိုက်ပြီး တိတ်တိတ်ကလေး ခြေထောက်ကို တိုင်းတာလိုက်ပြီး ဆိုင်ရှင်ကို အတိုင်းအတာ ပြောပြလိုက်ပြီးနောက်တွင် သူ၏ ကောက်ရိုးဖိနပ်ကို မြန်မြန်လေး ပြန်ဝတ်လိုက်လေသည်။

အတိုင်းအတာကို ကြားလိုက်ပြီးနောက်တွင် ဆိုင်ရှင်က ဘီဒိုထဲမှ ဖိနပ်တရံကို ယူထုတ်လာပြီး ရှန်းလီကို စမ်းဝတ်ခိုင်းလိုက်သည်။

ဖိနပ်က ကောင်းကောင်းလေး တော်နေသည်။

အသင့်ချုပ်လုပ်ထားသည့် အဝတ်အစားများကို ဝယ်ယူခြင်းသည် ပိတ်စကိုဝယ်ယူပြီး ကိုယ်တိုင်ချုပ်လုပ်သည်ထက် ပိုပြီးစျေးကြီးလေသည်။ ရှန်းလီ၏ မြင့်မားသည့်အရပ်၊ ကိုယ်လုံးကိုယ်ထည်နှင့် စန်းလော့ရွေးထားပေးသည့် အနွေးထည်ပုံစံတို့ကို စဥ်းစားကြည့်လိုက်လျှင် ခေါင်းအစခြေအဆုံး ဝတ်စုံတစ်ခုလုံးက ၂လျန်နှင့်ဝမ်၉၀၀ ကျသင့်လေသည်။

စန်းလော့နှင့်ဆိုင်ရှင်တို့က အပြန်အလှန်စျေးဆစ်လိုက်ကြပြီး နောက်ဆုံးတွင်တော့ သူမက ဆိုင်ရှင်ထံမှ အဝတ်ခြေအိတ်နှစ်စုံကို ရလိုက်ကာ အပေးအယူ ဖြစ်သွားတော့သည်။

သူတို့က ရှန်းလီ အဝတ်အစားလဲဖို့ရန်အတွက် ဆိုင်အနောက်ဖက်က အခန်းငယ်လေးတစ်ခုကို ငှားလိုက်သည်။ သူသည် ပြန်ပေါ်လာသည့်အချိန်တွင် လုံးဝကို ပြောင်းလဲသွားတော့သည်။

သူဝတ်ဆင်ထားခဲ့သည့် ဖရိုဖရဲ တိရိစ္ဆာန်အရေခွံများထက် အလွန်မှ သာလွန်လှသည့် အဝတ်အစားအသစ်လေးက ရိုးရှင်းသော်ငြားလည်း သူ၏ ချောမောသည့်ရုပ်သွင်ကို အင်မတန်ပေါ်လွင်စေကာ တင့်တယ်နေတော့သည်။

အဝတ်အစားအသစ်ဖြင့် ရှန်းလီမှာ အတိုင်းအတာတခုအထိ အနေရခက်နေ၏။ လက်တဖက်တွင် သူ၏ အဝတ်စားအဟောင်းကို ကိုင်ဆုပ်ထားပြီး သူက အဝတ်အစားကို ခဏခဏ ပြင်နေလေသည်။ သူက မော့ကြည့်လိုက်သည့်အချိန်တွင် စန်းလော့က သူ့ကို စေ့စေ့စပ်စပ် ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် သူ့နားများမှာ တဖန် ပူတက်လာတော့ လေသည်။

"ကျွန်တော် ကြည့်ရတာ အဆင်ပြေရဲ့လား"

စန်းလော့က ပြုံးပြလိုက်၏။

"ပြေတာပေါ့၊ ရှင် အရမ်းချောသွားပြီ"

သူမက ဆိုင်ရှင်ကို မြန်မြန်ငွေချေပေးရန် ခေါင်းငုံ့ပြီး ငွေကိုရေတွက်လိုက်သဖြင့် သူမ၏ ချီးကျူးစကားကြောင့် ရှန်းလီ၏ မျက်နှာပေါ်တွင် ပြန့်နှံသွားသည့် သိသာထင်ရှားသည့် အပြုံးလေးနှင့် လွဲချော်သွားတော့သည်။

သူ့ညီလေးနှင့်ညီမလေးများ ဖြစ်ကြသည့် ရှန်းအန်းနှင့်ရှန်းနဥ်တို့က သူတို့အစ်ကိုကြီး၏ တုံ့ပြန်ပုံကို စောင့်ကြည့်လိုက်ကြပြီး သူတို့၏ ရယ်သံလေးကို ဖုံးကွယ်ထားဖို့ရန် ပါးစပ်ကို အုပ်ထားလိုက်ကြလေသည်။

...

All Chapters