အခန်း (၁၀၇-၁၀၈)
Vol. 11 Ch. 107-108
အပိုင်း(၁၀၇) နာကျင်ခဲ့ရသော လက်များ
ရှန်းလီ၏မျက်နှာပေါ်ရှိ အပြုံးသည် အထည်ဆိုင်မှထွက်သွားပြီးနောက် အချိန်အတော်ကြာသည်အထိ မှေးမှိန်သွားခြင်းမရှိပေ။ စန်းလော့သည် အစပိုင်းတွင် သတိမထားမိသော်လည်း သူမဘေးမှ လျှောက်လာသောရှန်းနဥ်က နောက်ပြန်လှည့်ကြည့်ပြီး ပြုံးနေသောကြောင့် သူမပါ ပြန်လှည့်ကြည့်ရန် အာရုံစိုက်မိသွားသည်။
သူတို့နောက်တွင် ဆေးဝါးအိတ်ကြီးနှစ်လုံးကိုသယ်ထားသော အစ်ကိုကြီးနဲ့ သူ့အစ်ကို၏သားမွေးအင်္ကျီကိုကိုင်ထားသည့် အငယ်လေးသည် ရှန်းလီထံမှ သိသာသော တောက်ပသည့်အပြုံးဖြင့် အတူတူလမ်းလျှောက်လာကြ၏။
စန်းလော့ လှည့်ကြည့်သည်ကို သိတော့ ရှန်းလီသည် အလိုအလျောက်ပင် ပိုပြီးပြုံးလိုက်မိပြီးနောက် ညီအစ်ကိုနှစ်ယောက်သည် ခြေလှမ်းခပ်သွက်သွက်ဖြင့် လျှောက်လာကြလေသည်။
စန်းလော့ အနည်းငယ်သတိထားမိသည်က သူမသည် သူ့အပြုံးကြောင့် အတော်လေး အံ့အားသင့်သွားမိ၏။
ရှန်းမိသားစုဝင်အားလုံးသည် အတော်လေး ကြည့်ကောင်းကြပြီး အထူးသဖြင့် မောင်နှမသုံးယောက်လုံးဖြစ်သည်။ စန်းလော့က သူတို့၏မိဘများသည် ထိုကဲ့သို့ကောင်းမွန်သော မျိုးရိုးဗီဇကိုပေးရန် အလွန်ဆွဲဆောင်မှုရှိရမည် ဟုတွေးလိုက်မိ၏။
အငယ်နှစ်ယောက်သည် သိပ်မထွားကြသေးဘဲ ချစ်ဖို့ကောင်းလောက်တောင် ချစ်စဖွယ်ဖြစ်နေသည်က အဆင်ပြေသေးသည်။ သို့သော် ရှန်းလီကတော့ အနည်းငယ် ဖြီးလိမ်းပြင်ဆင်ခြင်းကပင် သူ့ကို သိသိသာသာ ချောမောလာစေပြီး အထူးသဖြင့် သူ ပြုံးလိုက်သောအခါတွင် သူ၏မျက်ခုံးမွှေးထူထူများနှင့် မျက်လုံးကျယ်ကျယ်များသည် အသက်ဝင်လှုပ်ရှားလာ၏။
စန်းလော့သည် သူ၏ခုံးနေသောမျက်ခုံးများနှင့် မျက်လုံးများ သို့မဟုတ် တောက်ပဝင်းလက်သော သွားများကြောင့် ပိုပြီး ဖမ်းစားခံလိုက်ရလေသလားဟု သေချာပင် မသိတော့ချေ။
"သူက တစ်ကယ်ကို ပြုံးရတာကိုနှစ်သက်တာပဲ"
သူမသည် စိတ်ထဲတွင် ကျိတ်၍ရေရွတ်လိုက်ပြီး သူမမျက်နှာကို တစ်ဖက်သို့ အလျင်အမြန် လှည့်လိုက်လေသည်။
ရှန်းနဉ်က တီးတိုးပြောလိုက်၏။
"ယောင်းမ၊ အစ်ကိုကြီးက ဘာလို့ပျော်နေတာလဲဆိုတော့လေ၊ သူ့ကို တစ်ယောက်ယောက်က အဝတ်အစားတွေ၊ ဖိနပ်တွေ၊ ခြေအိတ်တွေ ဝယ်ပေးတာ ပထမဆုံးအကြိမ် မလို့လေ"
စန်းလော့က သူမကိုကြည့်လိုက်ပြီး အသံတိုးတိုးလေးဖြင့် မေးလိုက်လေသည်။
"အရင်က သူဘာတွေဝတ်လဲ"
"သမီးတို့ တတိယဦးလေးရဲ့ အဝတ်အစားအဟောင်းတွေလေ။ အမဲလိုက်တာကို သင်ပြီးတဲ့နောက်မှ အထည်တွေကိုဝယ်ခဲ့ပြီး အဒေါ်ချန်းက တစ်ချို့ကို ချုပ်ပေးခဲ့တယ်"
စန်းလော့သည် ထမင်းပူပူနွေးနွေးကျွေးသောအခါ ချိုချိုသာသာပြုံးပြပြီး အဝတ်အစားအသစ်များဖြင့် ပျော်နေမည်ကို အံ့ဩစရာမလိုကြောင်း တွေးလိုက်လေသည်။
သူမက ရှန်းအန်းအငယ်စားလေးကို တနည်းနည်းဖြင့် ဂရုစိုက်ပေးနေရသလိုခံစားရ၏။
သူမသည် ရှန်းနဉ်ခေါင်းက ဆံထုံးလေးကိုပုတ်လိုက်ပြီး
"သိပြီ။ ရွာကို ပြန်ရောက်တဲ့အခါကျရင် အထည်တွေပိုဝယ်ပြီး နောက်ထပ် အပေါ်ထပ်တစ်စုံလောက်နဲ့ ညီမတို့ အစ်ကိုအတွက် ဖိနပ်တစ်စုံလဲ လုပ်ပေးမယ်။ ဒါဆို သူ လဲဝတ်စရာတစ်ခုခုရပြီပေါ့"
အထည်ဆိုင်မှဝယ်ခဲ့သော အပေါ်ထပ်များမှာ အသုံးဝင်ပြီး အထပ်လိုက် သို့်မဟုတ် တစ်ထပ်ထဲ ဝတ်ဆင်နိုင်ရန်ပုံစံဖော်ထားပြီး အလဲအလှယ်ဝတ်ရန် အပိုတစ်ထည်ရှိခြင်းက အဆင်ပြေစေသည်။
သူ့ယောင်းမက သူ့အစ်ကိုအတွက် နောက်ထပ် တစ်စုံချုပ်ပေးမည်ကို ကြားတော့ ရှန်းနဉ်သည် မျက်လုံးများတွန့်သည်အထိ သိသိသာသာ ပြုံးလိုက်၏။
"ယောင်းမက အရမ်းကြင်နာတတ်တာပဲ"
စန်းလော့: ...
ဤမောင်နှမသုံးယောက်သည် တူညီသောအပြုံးနှင့် ရယ်လိုက်လျှင် သူတို့မျက်လုံးအောက်က လခြမ်းလေးလို မျက်အိတ်လေးများကပါ တစ်ကယ်ပင်တူ၏။
သူမက ကလေးသုံးယောက်ကို စောင့်ရှောက်နေတာနဲ့ မတူဘူးလား။
မည်သည့်အခါတုန်းကမှ ချစ်သံယောဇဉ်မရှိခဲ့ဖူးသော သူမက ရုတ်တရက် ဤသို့အဆင့်တက်သွားသည်လား။
ရှန်းလီကို ဖျစ်ညစ်လို့မရနိုင်သဖြင့် စန်းလော့သည် ရွှတ်နောက်နောက်ဖြင့် ကလေးမျက်နှာကို ဖျစ်ညှစ်ရသည့် ပျော်ရွှင်မှုကိုရရန် ရှန်းနဉ်၏ ပါးဖောင်းဖောင်းလေးများကို ဖျစ်ညစ်လိုက်ပြီးနောက် သူမ၏အားထုတ်မှုများမှာ အလဟသမဖြစ်ဟု ခံစားရလေသည်။
……
မိသားစုလေးယောက် ခရီးတိုလေတစ်ခု ထွက်ကြပြီး တုန်းဖူစားသောက်ဆိုင်သို့ ပြန်ရောက်သောအခါ ရှန်းလီသည် ခေါင်းအစခြေအဆုံး အဝတ်အစားသစ်များ ဝတ်ဆင်ထားသည်ကို မြင်တော့ ချန်းယိုထျန်းနှင့် အခြားသူများမှာ ပြုံးရွှင်သွားကြ၏။
သူတို့၏စကားဝိုင်းတွင် ပွင့်ပွင့်လင်းလင်းရှိသော အမျိုးသားများနှင့် အကြီးအကဲများအားလုံးသည် ရှန်းလီနှင့်စန်းလော့တို့အား ရယ်မောကြလေသည်။ ရှီသလန်က မှတ်ချက်ပေးလိုက်၏။
"အားလီက မိန်းမရပြီးသွားတော့ တစ်ကယ်ပြောင်းလဲသွားတာပဲ။ သူ့အဝတ်အစားတွေက အရမ်းကို သပ်ရပ်နေတာပဲ"
သူတို့ ထုတ်မပြောသည့်အရာကတော့ ရှန်းလီ၏ဇနီးက သူ့အပေါ်မှာ မည်မျှရက်ရောစွာ သုံးစွဲခဲ့သည့်အကြောင်းပင်။
စီရင်စုက အသင့်ချုပ်ထားသောဆိုင်မှ အဝတ်အထည်များမှာ အိမ်ချုပ်အထည်များထက် သိသိသာသာ ဈေးပိုကြီးပြီး ဖြစ်နိုင်သည်က ရှန်းလီ၏အဝတ်အစားဟောင်းများသည် အမှန်ပင် နွမ်းပါးနေသောကြောင့် ဖြစ်ဟန်တူသည်။
ကျေးလက်က လူအားလုံးတွင် အိမ်နေ အဝတ်အစားနှင့် ဖိနပ်များရှိကြသည်။ အဖေနှင့် အဘိုးတို့၏ အဝတ်အစားများဖြင့် မတော်တော့သော ချန်းသရှန်ကဲ့သို့ တစ်ယောက်ယောက်ပင်လျှင် အဆင်ပြေအောင် လုပ်နိုင်သော်လည်း ရှန်းလီကတော့ အိမ်ပြန်ရောက်လာသည်တွင် ဝတ်စားဖို့ရန်က သူ၏ဆောင်းဦးအဝတ်အစားနှင့် သားမွှေးသာ ရှိလေသည်။
လုအာ့လန်က ရယ်မောလိုက်၏။
"အားလီရဲ့မိန်းမက တစ်ကယ်ဂရုစိုက်တာပဲ"
ဤမှတ်ချက်များကိုကြားတော့ ရှန်းလီသည် အလွန်ပျော်ရွှင်သွားလေသည်။ သူက စန်းလော့ကို ကြည့်လိုက်ပြီး ဝမ်းသာအားရဖြစ်နေသော်လည်း သူမ ရှက်သွားမည်ကို စိုးရိမ်နေမိသည်။ သူသည် ဆေးအိတ်အသေးလေးတစ်လုံးကို ကျိုးသလန်ဆီသို့ ပေးကာ ပြောလိုက်၏။
"ဒါက ဦးလေးတို့ မိသားစုအတွက် ဝယ်လာတဲ့ဆေးဝါးပဲ။ စန်းလော့က ရောဂါလက္ခဏာတွေနဲ့ တစ်ခုချင်းရဲ့အသုံးပြုပုံကို ဆေးဆရာကို ချရေးခိုင်းထားတာ။ ဦးလေးကျိုး၊ ကြည့်လိုက်ပါဦး။ တစ်ခုခုလိုနေတယ်ဆိုရင် စီရင်စုကနေ ထပ်ဝယ်သွားဖို့အချိန်ရှိသေးတယ်"
လက္ခဏာများနှင့် ညွှန်ကြားချက်များကို သီးသန့်ရေးပေးထားသည်ဟု ကြားတော့ ဝမ်းသာသွားပြီး ကျိုးသလန်သည် ကျေးဇူးတင်စွာဖြင့် ရှန်းလီဆီမှ ဆေးအိတ်ကို လက်ခံလိုက်လေသည်။
"စဉ်းစားပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် နောင်ကြီး"
ကျိုးသလန်သည် အိတ်ကိုဖွင့်လိုက်ပြီး အထဲသို့ချောင်းကြည့်လိုက်၏။ ရေးတတ်ဖတ်တတ်သဖြင့် ဒါတွေက လက်တွေ့အသုံးဝင်သည့် ဆေးညွှန်းများဖြစ်မှန်း သိလိုက်၏။ အထူးသဖြင့် သူသည် အားလီမိန်းမ၏ အကြံပြုချက်များကို လိုက်နာရန် သူ့အဖေ၏ မည်မျှတွေးခေါ်တတ်ပုံကို စဉ်းစားရင်း မြွေအဆိပ်အတွက် ဆေးကို တွေ့လိုက်ရတော့ အထင်ကြီးသွားတော့သည်။
သူသည် သူတို့အား ကျေးဇူးအများကြီးတင်လေသည်။
စန်းလော့က ပြုံးလိုက်ပြီး ယဥ်ကျေးနေစရာ မလိုအပ်ကြောင်းကို သေချာပြောလိုက်၏။ ထို့နောက် သူမသည် ချန်းယိုထျန်းနှင့် အခြားသူများဘက်သို့ လှည့်ကာပြောလေသည်။
"ဦးလေးချန်း၊ နောက်ပိုင်း ဆေးဝါးလိုအပ်တယ်ဆိုရင် ကျွန်မဆီက ဆေးစာကိုကူးယူပြီး ဆေးဆိုင်ကို တိုက်ရိုက်သွားလို့ရပါတယ်။ သမားတော် ဆွေးနွေးခ သက်သာတာပေါ့"
အထူးသဖြင့် သူတို့အများကြီးနှင့် သမားတော်၏ဆေးစာများမှာ ဈေးမသက်သာပေ။ ချန်းယိုထျန်းနှင့် အခြားသူများသည် အလွန်ဝမ်းသာကာ သူမကို ထပ်ခါထပ်ခါ ကျေးဇူးတင်ကြလေသည်။
သူတို့စကားပြောနေစဉ်တွင် တုန်းကဲအာ ထွက်လာပြီး ပတ်ပတ်လည်ကို ကြည့်လိုက်ကာ စန်းလော့ဆီသို့ တည့်တည့်သွားလိုက်၏။
"စန်းရှီ၊ ကျွန်တော်တို့ရဲ့တာဝန်ခံရွှီ ပြန်ရောက်ပြီ။ သူက မင်းတို့ ဘယ်လောက် လိုအပ်လဲဆိုတာကို အတိအကျ မေးခိုင်းထားတယ်။ ဒါမှ ကျွန်တော်တို့က ကြိုတင်ပြင်ဆင်ပေးလို့ရမှာ။ စပါးဆိုင်အကူက မကြာခင် စပါးတွေသယ်လာပါလိမ့်မယ်"
သူက လမ်းကြားထဲရှိ လှည်းများကို ကြည့်ရင်းအကြံပေးလိုက်၏။
"ဒီလှည်းတွေကို ကျွန်တော်တို့ရဲ့ကုန်လှောင်ရုံကို အရင်ပို့ထားသင့်တယ်။ ဒါတွေကို ဒီနေရာမှာထားတာက အရမ်းသိသာလွန်းနေတယ်"
သူဆိုလိုသည်က စပါးဆိုင်အကူများ ရောက်လာပြီး ဤစပါးလှည်းများ အားလုံးကို မြင်သွားပါက အမှန်ပင် အာရုံစူးစိုက်သွားကြနိုင်သည်။
စန်းလော့က ခေါင်းညိတ်ပြလိုက်၏။
"ဒါဆိုလဲ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး မောင်လေး"
တုန်းကဲအာက ပြုံးလိုက်၏။
"ရတာပေါ့"
ထို့နောက် သူသည်ချန်းယိုထျန်းနှင့်အခြားသူများကို သူဦးဆောင်သည့်လမ်းမှ လိုက်ပါရန် ဖိတ်ခေါ်လိုက်လေသည်။
အမှန်တော့ ကုန်လှောင်ခန်းနှင့် တုန်းဖူစားသောက်ဆိုင်၏ မီးဖိုချောင်သည် ဘေးချင်းကပ်ဖြစ်သည်။ တံခါးကိုဖွင့်လိုက်သည်နှင့် သူတို့လှည်းများအားလုံး ရပ်ထားသည့် အတော်အသင့် ကျယ်သော ခြံဝင်းကျယ်ကြီးတစ်ခု ပေါ်လာလေသည်။
စန်းလော့နှင့် ကျိုးမိသားစုအတွက် လိုအပ်သည့်တိကျသော စပါးပမာဏကို ရှင်းရှင်းလင်းလင်း သိသော်လည်း ချန်း၊ ရှီနှင့် လုမိသားစုများနှင့် အတည်ပြုရန်လိုသေးသည်။ မေးမြန်းပြီးနောက် အစောပိုင်းက အကြောင်းကြားထားသော ပမာဏ၏တစ်ဝက်သာ လိုအပ်သည်ကို သိရ၏။ ထို့ကြောင့်စုစုပေါင်းအနေဖြင့် မိသားစုငါးစုအတွက် စပါး ၁၅တင်းနှင့်တစ်ဝက်ကို လိုအပ်လေသည်။
စန်းလော့က တုန်းကဲအာကို မေးလိုက်၏။
"တာဝန်ခံရွှီက စပါးဈေး ပြောလိုက်သေးလား"
တုန်းကဲအာက ပြုံးလိုက်ကာ
"တစ်ပြည်ကို ဝမ် ၃၅၀ပဲ ရှိပါသေးတယ်"
ဤသည်ကိုကြားတော့ စပါးဈေးမြင့်တက်မည်ကို စိုးရိမ်နေကြသည့် လူတိုင်းက အမှန်ပင် စိတ်အေးသွားကာ သက်ပြင်းချလိုက်ကြတော့၏။
သူတို့အသီးသီးက စန်းလော့ကို ငွေပေးလိုက်ကြလေသည်။ ရှန်းလီ အလှည့်ရောက်တောာ့ သူသည် ဂျင်ဆင်းရောင်းချခြင်းမှရလာသော အပိုဝင်ငွေတစ်အိတ်လုံးကို သူမအား စီမံခန့်ခွဲရန် လွှဲပေးလိုက်၏။
စန်းလော့က အပြုံးဖြင့်လက်ခံလိုက်ပြီး တာဝန်ခံရွှီနှင့် ငွေစာရင်းများရှင်းရန် တုန်းကဲအာနှင့် အတူဆိုင်ထဲသို့ ဝင်သွားလိုက်လေသည်။ နောက်ပိုင်းတွင် သူတို့သည် စပါးဆိုင်နှင့် တိုက်ရိုက်ဆက်သွယ်ရန် မလိုတော့ဘဲ စပါးဆိုင်၏ပို့ဆောင်မှုကို စောင့်ရန်နှင့် သယ်ယူရန်သာလိုအပ်တော့သည်။
စပါးဝယ်ယူမှုမှာ ချောမွေ့သော်လည်း တာဝန်ခံရွှီနှင့်ဆွေးနွေးပြီးနောက် တစ်နေ့ထဲ စပါးအားလုံးကို သယ်သွားမည့်အစား တုန်းဖူစားသောက်ဆိုင်၏ သိုလှောင်ရုံတွင် ယာယီသို လှောင်ထားရန် ဆုံးဖြတ်လိုက်ကြ၏။
သူမ၏စကားအရ အကုန်လုံးကို တစ်ကြိမ်ထဲရွှေ့ခြင်းသည် အလွန်သိသာလွန်းလေသည်။
ဆန်ကြမ်းများမှာ ဈေးမကြီးသော်လည်း ထိုအရာအားလုံးကို တစ်ကြိမ်ထဲသယ်ယူခြင်းသည် တာဝန်ခံရွှီထံမှ လှည်းတစ်စည်းကို ငှားယူခြင်းဖြစ်ပြီး လှည်းတန်းကြီးများ ဖြစ်နေမည်ကိုတော့ ပြောရန်ပင်မလိုချေ။ ထိုအရာမှာ လေးလံပြီး ရွာကိုပြန်ရောက်သည်နှင့် မနာလိုမှုနှင့် မလိုလားအပ်သောအာရုံစိုက်မှုကို ဆွဲဆောင်နိုင်မည့်ပုံပေါ်၏။
တာဝန်ခံရွှီက သဘောပေါက်ပြီး စန်းလော့တို့အုပ်စုအတွက် သိုလှောင်ရုံတွင် နေရာဖယ်ထားပေးရန် တုန်းကဲအာနှင့် လူကြီးတစ်ယောက်ကို စီစဉ်စေ၏။ သူတို့အား စပါးကို ရက်အတော်ကြာအောင် ဖြည်းဖြည်းချင်း ပြန်သယ်စေလေသည်။
ထို့ကြောင့် အဆုံးသတ်တွင် သူတို့သည် တုန်းဖူစားသောက်ဆိုင်မှလှည်းကို မငှားတော့ပေ။ ချန်းယိုထျန်းနှင့်သူ့အဖွဲ့သည် ချင်ဖန်းညန်နှင့် ရွာရှိအခြားသူများက ပူးပေါင်းပြီး လှည်းသုံးစည်းကိုအတူတူအသုံးပြုကာ ပဲတစ်ချို့ကို ပြန်သယ်သွားကြလေသည်။
ရွာတွင် ပဲများ ပေါများပြီး အိမ်ထောင်စုတိုင်းတွင် ရှိသောကြောင့် အိတ်အနည်းငယ်ကို သံသယမဝင်ဘဲ သိမ်းဆည်းထားနိုင်ကြ၏။
အိမ်အပြန်လမ်းတွင် သူတို့သည် ရှီလီရွာရှိ ကျိုးမိသားစုမှ အသိမိတ်ဆွေများနှင့် မမျှော်လင့်ဘဲ တွေ့ခဲ့ရသည်။ သာမန်စကားစမြည်များကို ဖလှယ်ကြပြီး သူတို့က ပဲစေ့များကို မိသားစု၅စုအတွက် လှည်းသုံးစည်းဖြင့် ဝယ်ယူလာသည်ကို လေ့လာမိတော့ စကားဝိုင်းမှာ ဈေးနှုန်းများနှင့် ပတ်သတ်ပြီး ဆွေးနွေးခြင်းသို့ ရောက်သွားလေသည်။
ဤခရီးစဉ်ပြီးနောက် ရှီသလန်၊ လုအာ့လန်နှင့် ချန်းသရှန်တို့သည် စန်းလော့ကို လုံးဝအထင်ကြီးသွားကြတော့၏။ အရေးကြီးသောကိစ္စများတွင် လူတိုင်းက ငယ်ရွယ်သော ဇနီးတစ်ယောက်ဖြစ်သည့် စန်းလော့ကို ခေါင်းဆောင်အဖြစ် မသိမသာ အလေးထားကြခြင်းမှာ အံ့ဩစရာမရှိပေ။ သူမတွင် အမှန်တကယ်ပင် လုပ်နိုင်စွမ်းရှိ၏။
သူမသည် စေ့စပ်တိကျပြီး လုပ်နိုင်စွမ်းရှိရုံသာမကဘဲ တာဝန်ခံရွှီကဲ့သို့လူများကိုပင် လွှမ်းမိုးနိုင်သည့် ဆွဲဆောင်မှုရှိသည်။ သူမက စပါးဝယ်ယူရာတွင် သူ့အကူအညီကို ရရန်စီမံနိုင်ပြီး တုန်းဖူစားသောက်ဆိုင်တွင် သိုလှောင်ရုံကိုပါ ငှားရမ်းလိုက်သေး၏။
ယခင်က ဤအမျိုးသားများသည် စီရင်စုရှိစားသောက်ဆိုင် တစ်ခုခု၏ မီးဖိုချောင်တွင် မတ်တပ်ရပ်နေခြင်းကိုပင် မလိုလားခြင်းခံခဲ့ရသော်လည်း ယခု တုန်းဖူစားသောက်ဆိုင်တွင် သူတို့ကို နေရာထိုင်ခင်းပေးရုံသာမကဘဲ ပေါ့ပေါ့ပါးပါးဖြင့် စကားစမြည်ပင် ပြောဆိုနေကြသေးသည်။ တုန်းကဲအာအမည်ရှိသော ကောင်လေးနှင့် အလုပ်သင် စာဖိုမှူးနှစ်ယောက်သည် အလွန်ပျူငှာပြီး သူတို့အတွက် ရေနွေးအိုးများစွာကိုပင် ယူဆောင်လာပေး၏။
ဒီလူတွေက သူတို့ဘယ်သူလဲဆိုတာကို သိလို့လား။
ဤလောကဝတ်အားလုံးသည် စန်းလော့၏အရှိန်အဝါကို လုံးလုံးလျားလျား ကျေးဇူးတင်ရမည်ဖြစ်သည်။
ရွာထဲတွင် ရှန်းလီနှင့်စန်းလော့တို့ သယ်လာသောစပါးများအားလုံးကို လမ်းကျဉ်းလေးထဲတဆင့် မိသားစုများက ဦးစွာကူသယ်ကြရ၏။ စန်းလော့သည် လက်တစ်ချောင်းကိုပင် မရန် မလိုအပ်ပေ။ စပါးအိတ်များနှင့်အတူ ရှန်းလီသည် ဆေးဝါးအိတ်ကို ပင်သယ်ဆောင်သွားလေသည်။
ချင်ဖန်းညန်က ဟာသပြောလိုက်၏။
"ယောက်ျားသားတွေနဲ့ ကောင်လေးတွေအများကြီးရှိနေတာ ငါတို့လက်တွေ ညစ်ပတ်ဖို့တောင် လိုသေးရဲ့လား။ နင်က ရှန်းအန်းနှင့်ရှန်းနဉ်တို့ကို အိမ်ကို ခေါ်သွားပြီး ငါတို့အတွက် တံခါးပဲဖွင့်ပေးပါ"
သူတို့အိမ်သို့ရောက်သည်နှင့် ရှန်းလီနှင့် ချန်းယိုထျန်းတို့အုပ်စုသည် စပါးများအားလုံးကို သယ်ရန် နှစ်ကြိမ်လောက် အသွားအပြန်လုပ်ရန်သာ လိုအပ်တော့၏။ ထို့နောက် ချန်းယိုထျန်းနှင့်အခြားသူများက သူတို့လှည်းများ ရပ်ထားရာဆီသို့ သွားကြပြီးနောက် ရွာထဲသို့ ပြန်သွားကြစဉ်တွင် ရှန်းလီလည်း အိမ်ပြန်သွားလေသည်။
ရွာထဲတွင် စုံစမ်းမေးမြန်းခြင်းများနှင့် အတော်လေး ဆူဆူညံညံဖြစ်သွားတော့၏။ ကောင်းပြီလေ၊ သူတို့တွေ ကြည့်ကြပါစေ။ ငါတို့က အခု စပါးမလိုတော့ဘူး။ ငါတို့ ဝယ်ခဲ့သမျှအကုန်လုံးက ပဲစေ့တွေပဲ။
စပါးနှင့်ပဲစေ့ကို ရိုးရိုးလေးဖိကြည့်ရုံနှင့်ပင် ခွဲခြားနိုင်သည်။
ရွာသူရွာသားများကို ပိုမတွက်လေနှင့်။ အစေ့အဆန်များကို ထိတွေ့ရုံနှင့် ဖော်ထုတ်နိုင်သူမှာ မရှိသလောက်ပင်။
သူတို့ကို ဖိပြီးကြည့်ခိုင်းလိုက်ပါလေ။ ရောထားသောကောက်နှံများကို စုဆောင်းရန် လိုအပ်သူများသည် ချက်ခြင်းလုပ်ဆောင်ပါလိမ့်မည်။ မလုပ်သူများအတွက်လည်း ထိုအရာမှာ သူတို့၏ကံကြမ္မာသာဖြစ်ပြီး စန်းလော့နှင့်အခြားသူများအတွက် စိုးရိမ်စရာထပ်မလိုတော့ပေ။
……
အိမ်တွင်ရှိသော သိုလှောင်စရာစင်များသည် ပြည့်နေပြီဖြစ်သောကြောင့် ရှန်းလီသည် တံဇဉ်ဖြင့်ဝါးကိုဖြတ်ပြီး ရှန်းအန်း၏စိတ်အားထက်သန်စွာ ကူညီပေးလိုမှုနှင့်အတူ သူကိုယ်တိုင် စင်နှစ်ခုထပ်လုပ်ရန် စီစဉ်ထားလေသည်။
ဤတစ်ကြိမ်တွင် စန်းလော့သည် ဘာကိုမျှ စိုးရိမ်စရာမလိုတော့ပေ။ သူမနှင့်ရှန်းနဉ်သည် ညနေပိုင်းတွင် ကြက်များ၊ ဘဲများနှင့် ငန်းများကို အစာကျွေးပြီး ပဲစေ့များကို ရေစိမ်လေသည်။ ထို့နောက် ပေါက်ပြားကို ကောက်ယူကာ ရှန်းနဉ်ကို ခေါ်လိုက်၏။
"ဆောင်းမျှစ်နည်းနည်းလောက် ထပ်ပြီး သွားတူးကြရအောင်"
ဤသည်ကိုကြားတော့ ရှန်းနဉ်သည် စိတ်လှုပ်ရှားသွားလေသည်။ သူမသည် ယခင်ထဲက ယောင်းမနှင့် မျှစ်များတူးရာတွင် ပါဝင်ချင်ခဲ့သော်လည်း အရည်မပျော်သေးသော နှင်းများကြောင့် ခွင့်ပြုချက် မရခဲ့ပေ။
စန်းလော့ခေါ်သည်ကိုကြားတော့ ကလေးမလေးသည် ကြက်များ၊ ဘဲများ၊ငန်းများနှင့် ဆော့နေသည်ကို ချက်ခြင်းရပ်လိုက်ပြီး သူမကိုင်ထားသော တောဟင်းရွက်များကို ပစ်လိုက်ကာ ခြင်းတောင်းကိုဆွဲယူပြီး စောင့်ဆိုင်းရန် ဝန်းတံခါးပေါက်ဆီသို့ စိတ်လှုပ်ရှားစွာဖြင့် ပြေးသွားလေသည်။
တံခါးပိတ်လိုက်ပြီး စန်းလော့သည် ရှန်းနဉ်ကို ဝါးတောအုပ်လေးသို့ ခေါ်သွားလိုက်၏။
သူတို့အိမ်မှာရှိနေစဉ်တွင် ရှန်းလီသည် အသားထူးသည့် ဝါးနှစပင်ကို ခုတ်လှဲခဲ့ပြီး အကိုင်းအခက်များကို ဖယ်လိုက်ကာ တရွတ်တိုက်ဆွဲသွားရန် ပြင်ဆင်နေလေသည်။
စန်းလော့နှင့် သူမ၏ ပေါက်တူးကို မြင်လိုက်သည်တွင် သူမက မျှစ်သွားတူတော့မည်ဟု သိလိုက်သဖြင့် ရှန်းလီက မေးလိုက်၏။
"အကူအညီလိုသေးလား"
စန်းလော့က လက်ကာပြလိုက်၏။
"ရပါတယ်၊ ကျွန်မက ရှန်းနဉ်ကို သင်ပေးမလို့ပါ"
အသက်ရှင်နေထိုင်မှုစွမ်းရည်များကို သင်ယူခြင်းသည် အမြဲတမ်းအကျိုးရှိပြီး သူမကိုယ်တိုင်က သက်ရှိဥပမာတစ်ခုပင်။ ကံကြမ္မာအလှည့်အပြောင်းကြောင့် ကျွမ်းကျင်မှုအမျိူးမျိုးကို သင်ယူရင်း တောင်တန်းများပေါ်တွင် နှစ်အနည်းငယ်ကြာ နေထိုင်ခဲ့ရခြင်းမရှိပါက အချိန်ခရီးသွားပြီးနောက် သူမ၏သက်တောင့်သက်သာရှိသောဘဝကို ခံစားနိုင်မည်မဟုတ်ပေ။ ထို့အပြင် သူမသည် ဤကျွမ်းကျင်မှုများကို ကလေးများအား သင်ကြားပေးရန် တက်ကြွလေသည်။
ဤသည်ကိုကြားတော့ ရှန်းလီသည် ခေါင်းညိတ်ပြလိုက်ပြီး စန်းလော့က သူ့ကို သော့များ ပေးအလာကို စောင့်ယူလိုက်ပြီး ရှန်းအန်းနှင့်အတူ သူတို့အနောက်မှ ဝါးကို ဆွဲယူရန်ထွက်ခွာလိုက်၏။
သယ်ယူလာဖို့ရန်တော့ မဖြစ်နိုင်ပေ။ သူသည် အဝတ်အစားသစ်များကို ဝတ်ဆင်ထားသည်။ စန်းလော့သာ သူ့အား ထိုအရာများနှင့် အထူးလိုက်ဖက်သည်ဟု မပြောပါက ရှန်းလီသည် အလုပ်အတွက် သူ၏သားမွှေးထည်အဟောင်းများကို လဲဝတ်မည်ဖြစ်သည်။ ယနေ့တာဝန်များကြောင့် အဝတ်အစားများ မစုတ်ပြဲ၊ မပျက်စီးလျှင် အဆင်ပြေနိုင်ပါသည်။
စန်းလော့သည် ရှန်းနဉ်ကို ဆောင်းမျှစ်များမည်သို့ရှာရသည်ကို သင်ကြားနေစဉ် ရှန်းအန်းသည် သူ့အစ်ကိုကြီးနှင့်အတူ ခြံအပြင်ဘက်သို့ လိုက်သွားလေ၏။
ချန်းယိုထျန်းက ဤနေရာတွင် မကြာခဏဆိုသလို လက်သမားလုပ်သောကြောင့် လိုအပ်သော ဘောင်နှင့် ပစ္စည်းကိရိယာများကို အဆင်သင့် ရနိုင်လေသည်။ ပစ္စည်းတစ်ချို့ကို ယူရန် တောင်အောက်သို့ မြန်မြန်ဆင်းလိုက်ရုံဖြင့် သူတို့၏အလုပ်ကို ဆက်လုပ်နိုင်ကြ၏။
သူတို့ ဝါးကို မြင်သည်နှင့် ရှန်းအန်းသည် စကားကို အမျှင်မပြတ်ပြောတော့သည်။
"အစ်ကိုကြီး ပြန်ရောက်လာတာ အရမ်းကောင်းတာပဲ။ အစ်ကိုကြီး မသိပါဘူး၊ အရင်ကဆိုရင် ဒီလိုအလုပ်တွေအကုန်လုံးကို မရီးကိုယ်တိုင်လုပ်ရတာ"
ရှန်းလီသည် သူ့လွှကို ရပ်ထားလိုက်ပြီး ရှန်းအန်းကို ကြည့်လိုက်လေသည်။
ရှန်းအန်းက ကြက်ခြံကို ညွှန်ပြကာ
"အဲ့မှာလေ အဲဒီ့ကြက်ခြံက မရီးတစ်ယောက်ထဲ ဆောက်ထားတာ။ အဲ့နေ့တုန်းကဆို သူ့လက်ကို ရှ မိပြီး ဝါးစတွေလဲ အများကြီးစူးခဲ့တာ။ နောက်မှ အပ်တစ်ချောင်းနဲ့ တစ်ခုချင်း ပြန်နှုတ်ရတာ"
ဆယ်ကျော်သက်ဘဝထဲက ချန်းယိုထျန်း၏လက်အောက်တွင် ချန်းသရှန်နှင့်အတူ လက်သမားပညာကို သင်ယူခဲ့သောရှန်းလီသည် အကြိမ်များစွာ စူးခဲ့ဖူးသည်။ ရုတ်တရက် သူ့လက်များတွင် စူးရှသောဝေဒနာကို ခံစားလိုက်ရလေသည်။
...
အပိုင်း (၁၀၈)
"မင်းတို့တွေ ဦးလေးယိုထျန်းဆီကရော အကူအညီ မတောင်းကြဘူးလား"
"ဒါပေါ့၊ ကျွန်တော်တို့ အကူအညီ တောင်းကြပါတယ်၊ ဒါပေမဲ့လည်း တကယ်ခက်ခဲတဲ့ အလုပ်တွေကိုပဲ အကူအညီ တောင်းခဲ့တာ၊ မရီးက သူကိုယ်တိုင်လုပ်တတ်တဲ့ဟာတွေကို ကိုယ်တိုင်လုပ်တယ်လေ။ အကူအညီဆိုတာ အရေးကြီးတဲ့အချိန်အတွက် ချန်ထားသင့်တယ်တဲ့ သေးသေးမွှားမွှားလေးအတွက်တော့ အကူအညီ မတောင်းသင့်ဘူးလို့ ပြောတယ်လေ"
အင်း အဓိပ္ပါယ်ရှိတာပဲ။ ဒါပေမဲ့ သူက အရမ်းငယ်သေးတာပဲ။ သူ့လို မိန်းမငယ်လေးတစ်ယောက်က ကိုယ့်ဟာကိုယ် အဲလောက်အများကြီး သက်သေပြနေဖို့ မလိုပါဘူး။
ဒါပေမဲ့လည်း ပြန်တွေးကြည့်လိုက်တော့ သူ ရှောင်အန်းနဲ့အားနဥ်တို့ဆီ ပထမဦးဆုံး ရောက်လာတဲ့အချိန်တုန်းက တကယ့်ကို ခက်ခဲခဲ့မှာပဲ။ ဦးလေးနဲ့အဒေါ်တို့ဆိုတာကလည်း ရွာထဲမှာ တကယ်တမ်း အားကိုးရတဲ့သူ မဟုတ်ဘူး။ တခြားသူတွေနဲ့ မိတ်ဆွေဖွဲ့ရမဲ့အစား မကြာခဏဆိုသလို ရန်ဖြစ်နေကြတာပဲရှိတယ်။ ငါတောင် အခု ဒီလောက်အထိ ဖြစ်လာတာက ချန်းသရှန်နဲ့ တတွဲတွဲ ဖြစ်နေခဲ့လို့။ ဟိုတုန်းကဆိုရင် ငါတို့မိသားစုတွေက ရင်းနှီးခဲ့တာတောင် မဟုတ်ဘူး။
ဒီနေ့ မိသားစုလေးခုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ရှိတယ်ဆိုတာကလဲ အားလုံးက စန်လော့ရဲ့ ကိုယ်ပိုင်အားထုတ်မှု ကျေးဇူးကြောင့်ပဲ။ တို့ဟူးလုပ်တဲ့လုပ်ငန်းက တစိတ်တပိုင်း ပါဝင်တယ်ဆိုပေမဲ့လည်း ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းတတ်တဲ့သူရဲ့ အပြုအမူက အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်မယ်ဆိုတာ သံသယဖြစ်စရာ မလိုဘူး။
ရှန်းလီ၏မျက်နှာပေါ်တွင် တချိန်လုံးပေါ်ထွက်နေသည့် အပြုံးက နောက်ဆုံးတော့ ပျောက်ပြယ်သွားပြီး သူက ရှန်းအန်းကို မေးလိုက်လေသည်။
"အိမ်ပတ်ဝန်းကျင်မှာ မင်းရဲ့မရီးက သူ့ဟာသူ လုပ်ထားတဲ့ကိစ္စ တခြားဘာတွေရှိသေးလဲ"
"အများကြီးပဲ"
ရှန်းအန်းက တခုပြီးတခု ရွတ်ပြလေသည်။ ချန်းယိုထျန်း၏ မိသားစု အကူအညီဖြင့် လုပ်ထားသည့်အရာများနှင့် သူတို့ ကလေးငယ်လေးများအဖွဲ့ လုပ်ဆောင်ပေးခဲ့သည့် အရာများကြားတွင် သိသာထင်ရှားအောင် ပြောပြလေသည်။
ရှန်းလီက အလုပ်လုပ်နေရင်းက သူ့ညီလေးပြောပြသည့် အကြောင်းအရာများကို နားထောင်ပြီး သူ အထူးတလည် သိချင်သည့် အကြောင်းအရာများကိုလဲ မေးမြန်းလိုက်လေသည်။
ဝါးစင်များပြုလုပ်လို့ မပြီးသေးခင်မှာပင် ရှန်းလီသည် လွန်ခဲ့သည့်၆လက ရွာထဲတွင် နေရသည့် စန်းလော့နှင့် သူ့ညီလေးညီမလေးများအတွက် ဘဝဟူသည့် အကြောင်းအရာအပေါ် အခြေခံ နားလည်မှုကို ရသွားတော့သည်။
မည်သည့်အတိုင်းအတာအထိ ဖြစ်ပါမည်နည်း။ သူသည် အိမ်ခွဲပြီးနောက်ပိုင်း သူတို့၏ အစောကတည်းက ရုန်းကန်ခဲ့ရသည့်အကြောင်းကို သိလိုက်ရပြီး ဆာလောင်မှုကြောင့် အဆိုးရွားဆုံးဖြစ်ခဲ့ရကာ ပထမဦးဆုံး ငါးမြားသွားသည့်ခရီး၊ ပထမဦးဆုံး နတ်သမီးတို့ဟူး၁တုံးလုပ်ခြင်း၊ ဆိုင်တည်ခြင်း၊ မြေရှင်းလင်းခြင်း၊ အိမ်ဆောက်ခြင်းနှင့် ရှန်းကျင့်က အိမ်ကိုသတင်းလာပို့သည့် အကြောင်းအပြင် သူတို့၏ ဦးလေးနှင့်အဒေါ်တို့က ညကြီးသန်းခေါင် ခြံစည်းရိုးကို ကျော်ဝင်ဖို့ကြိုးစားကာ ဘဲငန်းများ၏ ကိုက်ခံရသည့်အကြောင်းအထိ သိလိုက်ရလေသည်။
ရှန်းအန်းက စိတ်ပျက်ခြင်း၊ ပျော်ရွှင်ခြင်းနှင့် ဝေဝေဆာဆာ မြင်သာအောင် ပြန်ပြောပြလေသည်။ သူစကားကိုနားထောင်ရင်း ရှန်းလီက ဒီကိစ္စများကို သူကိုယ်တိုင်ကြုံတွေ့ခဲ့ရသလို ခံစားလိုက်ရလေသည်။
စကားဝိုင်းအဆုံးတွင် ရှန်းအန်း၏မျက်နှာက ဆွံ့အပြီး စိုးရိမ်သည့် အရိပ်အယောင်တစ်ခု ဖြစ်လာတော့သည်။
"အစ်ကိုကြီး ဒီမှာတကယ်ပဲ စစ်ပွဲဖြစ်တော့မှာလား၊ စစ်ပွဲဆိုတဲ့အဓိပ္ပါယ်က လူအများကြီး သေဆုံးရမယ်ဆိုတဲ့ သဘောလား"
ရှန်းလီက အခိုက်အတန့် နှုတ်ဆိတ်သွားလေသည်။ သူက ညီဖြစ်သူကို စိတ်ချရစေချင်သော်ငြားလည်း နောက်ဆုံးတော့ အမှန်တရားကို ပြောပြဖို့သာ ရွေးချယ်လိုက်တော့သည်။
"ဖြစ်နိုင်ခြေ အရမ်းများတယ်၊ ဒီတော့ ငါတို့တွေက ကောင်းကောင်းလေး ပြင်ဆင်ထားဖို့လိုတယ်။ တကယ်လို့များ စစ်ပွဲအခြေအနေ ဖြစ်ပျက်လာတယ်ဆိုရင် ငါတို့တွေက အချိန်တစ်ခုအထိ တောင်အတွင်းပိုင်းမှာ သွားနေရလိမ့်မယ်”
ရှန်းအန်းက မခွဲခွာချင်သလို ခံစားရလေသည်။ ခြံဝန်းငယ်လေးက သူ့မျက်စိအောက်မှာတင် တဖြည်းဖြည်း တည်ဆောက်ခဲ့ရခြင်းဖြစ်ကာ သူ၏ ကိုယ်ပိုင်အားထုတ်မှု အများအပြားပါရှိလေသည်။ သို့သော်ငြားလည်း သူတို့က လုံးဝမလိုအပ်ပါဘဲနှင့်တော့ တောင်ထဲသို့ ထွက်ပြေးရမည် မဟုတ်ကိုလည်း နားလည်မိလေသည်။ တကယ်တမ်းဖြစ်လာခဲ့လျှင် အိမ်တစ်ခုဆုံးရှုံးခြင်းက သူတို့၏ ပူပင်စရာအနည်းဆုံးကိစ္စ ဖြစ်လာလိမ့်မည်။
"အစ်ကိုကြီး တောင်တွေထဲမှာ တောရိုင်းတိရိစ္ဆာန်တွေ အများကြီးပဲလား"
အစောပိုင်းက သူ့အစ်ကိုနှင့်မရီးတို့သည် သူနှင့်အားနဥ်ကို တောင်အတွင်းပိုင်းအထိ သွားလာခြင်းကို တားမြစ်ထားပြီး တောင်အစပ်တွင်သာ သွားလာဖို့ ခွင့်ပြုထားခဲ့လေသည်။ ပိုနက်သည့် တောင်အတွင်းသို့ သွားသည်က ရွာသားများ သွားရဲကြသည့်နေရာထက် နည်းနည်းလေးသာ ဝေးသည်ဟု ပြောနေကြသည်။
ရှန်းလီက ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ် အများကြီးပဲ၊ ဒါကြောင့်မလို့ မင်းတို့တွေက မင်းတို့ကိုယ်တိုင်ကာကွယ်ဖို့ မင်းရဲ့မရီးနဲ့အားနဥ်ကို ကာကွယ်ဖို့ သိုင်းပညာတွေကို သင်ထားဖို့ လိုအပ်တယ်။ ငါတို့တွေ မနက်ဖြန် ဒါမှမဟုတ် သဘက်ခါလောက်ကျရင် စရလိမ့်မယ်၊ ချန်းသရှန်၊ လုအာ့လန်၊ ရှီသလန်နဲ့ငါက မင်းရယ်၊ အားနဥ်ရယ်၊ အာ့ရှန်၊ သနျို၊ အာ့နျို၊ ရွှမ်းကျူး၊ ထျယ်ကျူး၊ သနွီ၊ ဟူကျီနဲ့ ကျိုးဦးလေးမိသားစုက စန်းလန်၊ စစ်လန်၊ ဝူလန်တို့ကို တစ်လှည့်စီ တာဝန်ယူပြီး သင်ပေးသွားမှာ၊ မင်းတို့ အသက်ကြီးတဲ့ကလေးတွေကလဲ သင်ယူဖို့လိုအပ်တယ်"
သူနှင့်ချန်းသရှန်တို့ အတိတ်တုန်းက သင်ကြားခဲ့ရသည့် နည်းလမ်းသည် ဒီကလေးများကို သင်ပေးရမည့်နည်းလမ်း ဖြစ်လေသည်။ ပိုပြီး ပြင်းထန်တာတောင် ဖြစ်နိုင်သည်။ ပညာရပ်တစ်ခုစီတိုင်းက တစ်ဦးချင်းစီအတွက်၊ အဖွဲ့လိုက်အတွက်၊ အန္တရာယ်ကို လျှော့ချပေးနိုင်သည်။
အစ်ကိုကြီးဖြစ်သူက သူတို့ကို တောတောင်ထဲတွင် အသက်ရှင်နိုင်မည့် နည်းလမ်းကို သင်ကြားပေးမည့်အစီအစဥ်ကို ကြားလိုက်သည်တွင် ရှန်းအန်း၏ မျက်လုံးများက လင်းလက်သွားတော့သည်။
"အစ်ကိုကြီး တကယ်လား၊ အစ်ကိုကြီးက ကျွန်တော့်ကို မြားပစ်သင်ပေးမှာလား"
ယောကျ်ားလေးအများစုနည်းတူ ရှန်းအန်းကလဲ သိုင်းပညာ ကျွမ်းကျင်မှု၏ ဆွဲဆောင်ခြင်းကို ခံစားရသည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။
ရှန်းလီက ပြုံးပြလိုက်၏။
"မြားပစ်တာက တစိတ်တပိုင်းပဲ၊ မင်းက တိရိစ္ဆာန်တွေရဲ့လမ်းကြောင်းနဲ့ ဘယ်လိုသင့်တော်အောင် တုံ့ပြန်ရမလဲဆိုတာကို ခွဲခြားတတ်ဖို့ နည်းလမ်းကို သင်ဖို့လဲ လိုသေးတယ်။ ဒါပေါ့ ရုပ်ပိုင်းဆိုင်ရာခွန်အား တိုးတက်ဖို့နဲ့ ပြေးတဲ့အမြန်နှုန်းကလဲ အရေးကြီးတယ်။ သစ်ပင်ပေါ်တက်တာ၊ ရေကူးတာကလဲ အရေးကြီးတယ်။ တကယ်လို့ မင်းက မတိုက်ခိုက်နိုင်ဘူးဆိုရင် အနည်းဆုံးတော့ ထွက်ပြေးနိုင်သင့်တာပေါ့"
ကုန်းမြေပေါ်တွင်ဖြစ်စေ၊ ရေထဲတွင်ဖြစ်စေ၊ အနှောက်အယှက်မရှိဘဲ ထွက်ပြေးနိုင်သည့် ပညာကလဲ အရေးကြီးပေသည်။ ရှန်းအန်း၏မျက်လုံးများက ပိုလို့ပင် တလက်လက် တောက်ပလာတော့သည်။
"ကိုကြီး ကျွန်တော်တို့တွေ လေးနဲ့မြားကို ဘယ်ကနေရမှာလဲ"
အိမ်တွင် မြားများကိုသိမ်းထားခြင်းကို တားမြစ်ထားမှန်း ကလေးများက သိကြသည်။ မြားပစ်ခြင်းနှင့်ပတ်သတ်သည့် ရှန်းအန်း၏မေးခွန်းက သူ့အစ်ကိုနှင့်ချန်းသရှန်တို့က သူတို့၏ လက်လုပ်လေးနှင့်မြားများကို တောင်ပေါ်တွင် ဝှက်ထားသည်ကို သိထားသဖြင့် ထွက်လာခြင်းပင်။
ရှန်းလီက သူ့ညီလေး၏နဖူးကို တောက်လိုက်သည်။
"မင်းက ဘာတွေ အိမ်မက်မက်နေတာလဲ၊ ငါတို့တွေက ပစ်မှတ်ကို သေချာချိန်နိုင်အောင် လေးခွကို သုံးနည်း အရင်ဆုံး သင်ပေးမှာ၊ နောက်ပြီးတော့ မှတ်ထား၊ ဒီကိစ္စကို မင်းက ထုတ်ပြောလို့ မသင့်ဘူးနော်"
လေးနှင့်မြားကိစ္စကိုတော့ သူတို့သည် သိုသိုသိပ်သိပ် လုပ်ဆောင်ပြီး ကလေးများက လေးခွပစ်ခြင်း ကျွမ်းကျင်မှ အရည်အချင်းရှိသူ တစ်ချို့ကိုသာ နောက်ပိုင်း လေ့ကျင့်ခြင်းအတွက် တောင်ထဲသို့ ခေါ်သွားကာ မိတ်ဆက်ပေးရလိမ့်မည်။
ရှန်းအန်းက တခစ်ခစ် ရယ်မောလိုက်ပြီး "ကျွန်တော်က ဒီအကြောင်းကို အားလုံး သိပါတယ်"
စန်းလော့အတွက် အခက်အခဲတစ်ခု ဖြစ်ခဲ့ရသည့် ဝါးစင်များကို ပြုလုပ်ခြင်းက ရှန်းလီ၏ လက်ထဲအရောက်တွင် ဘာမှ အားစိုက်မထုတ်လိုက်ရ သယောင်။ စန်းလော့က ရှန်းနဥ်ဘက် လှည့်လိုက်ချိန်တွင် ရှန်းလီက ဝါးများကို ကျွန်းကျွမ်းကျင်ကျင် ကိုင်တွယ်နေသည်ကို မြင်လိုက်ရလေသည်။ သူမနှင့်ရှန်းနဥ်တို့ နေ့လယ်စာပြင်ဆင်ပြီး တရေးအိပ်တော့မည့်အချိန်တွင် စင်နှစ်ခုကို ပြုလုပ်ပြီးစီးသွားခဲ့လေသည်။
တော်လိုက်တာ။
ပိုအရေးကြီးသည်က စင်များကို သေသေချာချာ လုပ်ထားသည့်အပြင် ထူးထူးခြားခြား ဆွဲဆောင်မှုတစ်ခု ရှိနေလေသည်။ သူမ၏ ကိုယ်ပိုင်ဖန်တီးမှုများနှင့် ယှဥ်လိုက်လျှင် သူမ၏ လုပ်ထားသည့်အရာများက မှေးမှိန်သွားတော့သည်။
ရှန်းလီက ဒီလိုအရာများကို ပြုလုပ်ရာတွင် အရည်အချင်းရှိသည်ဟု ချန်းယိုထျန်း အမြဲတမ်း ပြောနေသည့် အကြောင်းအရင်းကို စန်လော့မှာ အခုတော့ နားလည်သွားတော့သည်။ တချို့လူများသည် ဒီလိုအရာများအတွက် သဘာဝက ပေးသည့် အရည်အချင်းတစ်ခု ပိုင်ဆိုင်ထားပြီးသားပင်။
စန်းလော့က ဝါးစင်လေးများကို စစ်ဆေးကြည့်ရှုလိုက်ပြီး သူမ အစောပိုင်းလုပ်ထားသည့် အခြောက်ခံစင်များက တော်တော်လေး အကြမ်းဖျင်းဖြစ်နေသည်ကို တွေ့ရသည်တွင် သည်ဝါးစင်လေးများ၏ အလှအပကို သဘောကျနေမိတော့သည်။
စန်းလော့က အကူအညီပေးလိုက်ပြီး သူတို့သည် စင်များကို ပင်မအိမ်ထဲသို့ အတူတူ သယ်လာခဲ့ကြလေသည်။
အခုတော့အိပ်ယာနှစ်ခု၊ စပါးစင်တစ်ခု၊ စားပွဲတစ်လုံး၊ သည်စင်နှစ်ခုကို ထည့်ပေါင်းလိုက်သည်တွင် နဂို အိမ်သေးသေးလေးက တော်တော်လေးကို ပြည့်ကြပ်သွားသလို ခံစားလိုက်ရတော့သည်။
ရှန်းလီက. ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ပြောလိုက်၏။
"ကျွန်တော်တို့တွေ အခုလောလောဆယ်တော့ ဖြစ်သလိုနေရမှာပဲ၊ ရက်အနည်းငယ်လောက်နေရင် နေရာတစ်ခုရှာဖို့ ကျွန်တော်က ခရီး ထွက်ရမယ်၊ ကျွန်တော်တို့တွေ နေရာတခုခုကို ရှာတွေ့ပြီဆိုတာနဲ့ ဒီပစ္စည်းတွေကို ရွှေ့လိုက်လို့ရပြီ"
စန်းလော့က ပြုံးလိုက်၏။
"ဒါက ဖြစ်သလိုလေး မဟုတ်ပါဘူး။ ဒီလောက်စပါးတွေ အများကြီး ရှိတယ်ဆိုတာက စိတ်လုံခြုံမှုကို ပေးနိုင်တယ်လေ၊ ဒါပေမဲ့ ကျွန်မတို့တွေက ဒီကုန်ခြောက်တွေကို ရွှေ့ပြောင်းဖို့ သင့်တော်တဲ့နေရာတစ်ခုကိုတော့ ရှာဖို့လိုအပ်လိမ့်မယ်။ သူတို့ကို ဒီနေရာမှာ ဆက်ပြီး သိမ်းထားတာက မလုံခြုံဘူး"
ရှန်းလီက ခေါင်းညိတ်ပြလိုက်ပြီး စပါးအိတ်များကို မီးဖိုချောင်ထဲတွင် ယာယီသိမ်းဆည်းဖို့ရန်အတွက် ရွှေ့ပြောင်းဖို့ သွားလိုက်လေသည်။ သူက အစောပိုင်းက စန်းလော့နှင့်ကလေးများက အတူတူမ,ရသည့် ပစ္စည်းများကို အလွယ်တကူ မ,လိုက်သည်။ သူ၏ အဝတ်အစားအသစ်များကို သတိထားမိဟန်တူသည်။ သူက ပစ္စည်းများကို ပုခုံးပေါ်မ,မတင်လိုက်ဘဲ စပါးနှင့်ပဲ စုစုပေါင်း၉အိတ်လုံးကို လက်မောင်းအားဖြင့်သာ အားကိုးပြီး သယ်သွားလိုက်လေသည်။
စန်းလော့သည် နောက်ဆုံးတော့ ရှန်းလီ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို တကယ်ပဲ ခံစားမိလေသည်။
သူက ကြွားနေတာလဲမဟုတ်သလို မျက်နှာဆယ်ဖို့ ကြိုးစားနေတာလဲ မဟုတ်ဘူးကိုး။
အလုပ်ပြီးသွားသည့်နောက်တွင် ရှန်းလီက အပြင်ထွက်လာတော့မည် ပြင်လိုက်စဥ်တွင် စန်းလော့က သူ့ကို မြန်မြန်လေး လှမ်းအော်လိုက်လေသည်။
"ခဏလေး စောင့်ပါအုံး"
ရှန်းလီက ပြောသည့်အတိုင်းရပ်လိုက်ပြီး သူမက သူ့ကို ခိုင်းစရာ နောက်ထပ်အလုပ်များ ရှိသေးသလားဟု စဥ်းစားမိလိုက်၏။ သို့သော်ငြားလည်း သူမက ခေါင်းအုံးအောက်က ပိုက်ဆံအိတ်ကို ယူထုတ်လိုက်သည်ကို မြင်လိုက်ရလေသည်။
စန်းလော့က တရေးမအိပ်ခင် ပိုက်ဆံအိတ်ကို ထိုနေရာတွင် ထည့်ထားခဲ့ခြင်းပင်။ အခုတော့ သူမက ရှန်းလီကို စားပွဲနားတွင် လာထိုင်ဖို့ လက်ဟန်ပြလိုက်သည်။
"အခု ကျွန်မတို့တွေက အတူတူနေကြတာဆိုတော့ ရှင်လဲ ကျွန်မတို့ရဲ့ ငွေကြေးအခြေအနေကို သိထားသင့်တာပေါ့၊ ဒီနေ့ဝယ်ယူတဲ့ ပစ္စည်းတွေမှာ စပါး၊ ဆေးဝါးနဲ့ ရှင့်အဝတ်အစား ဖိနပ်တွေပါတယ်၊ ဒီမှာ ဒါက ကျွန်မဆီမှာ ကျန်တဲ့လက်ကျန်ပဲ၊ တချက်လောက် ကြည့်လိုက်ပါအုံး"
အတူတူ နေထိုင်ကြသည်ဆိုသည့်သဘောက တာဝန်များကို မျှဝေခြင်းဖြစ်သည်ဟု မှတ်ယူထားပေသည်။ စန်းလော့က ဒီကိစ္စနှင့်ပတ်သတ်ပြီး အလွန်မှ သတိရှိကာ ပိုက်ဆံအိတ်က နှစ်ယောက်စလုံး ရှာဖွေထားသည့် ဝင်ငွေမှန်း သိလေသည်။ ရှန်းလီက သူတို့၏ ငွေရေးကြေးရေး အခြေအနေကိုသိထားဖို့ရန် အရေးကြီးလေသည်။
ရှန်းလီက အတိုင်းအတာတခုအထိ အံ့သြသွားပြီးနောက် ပြောလိုက်၏။
"ဒါတွေကို ကျွန်တော့ကို ပြဖို့မလိုပါဘူး၊ မင်းကပဲ ဒါကို စီမံလိုက်ပါ"
သူ၏ ရိုးသားမှုက စိတ်ထဲခံစားမိချင်စရာပင်။ ငြိမ်းချမ်းသည့် အခြေအနေ ဘယ်တော့ရောက်လာမည်။ သူမ ဘယ်တော့ထွက်သွားမည်ဆိုသည့် အနာဂတ်ကို စိုးရိမ်ခြင်းမရှိပေ။ သူသည် လက်ဖွဲ့ပစ္စည်းတစ်ခုပင် မရလိုက်ဘဲ ချန်ထားခဲ့ရမည်ကိုလည်း စိုးရိမ်ခြင်းမရှိပေ။
စန်းလော့က စားပွဲပေါ်တွင် ပိုက်ဆံအိတ်ကို သွန်ချလိုက်ပြီး ငွေကို မြန်မြန် ရေတွက်လိုက်၏။
"၁၉လျန်၊ ဝမ်၁တွဲက ဝမ်၁၀၀ရှိတယ်။ ဝမ်၅၀၀ ကျော်ကျော်လောက် ကျန်အုံးမယ်"
ရှန်းလီ၏ အဝတ်အစားများကို ကြည့်လိုက်ပြီး သူမက ပြောလိုက်လေသည်။
"ရှင့်အတွက် နောက်ထပ် အဝတ်အစားတစ်စုံနဲ့ဖိနပ်တစ်စုံ လုပ်ပေးဖို့ ခဏနေကြရင် ရွာထဲသွားပြီး ချည်ထည်တွေကို သွားဝယ်လိုက်မယ်။ ဒီလိုဆိုရင်ရှင် အခုဝတ်ထားတဲ့ဟာတွေနဲ့ အလဲအလှယ်လုပ်ပြီး ဝတ်လို့ရတာပေါ့။ ကျွန်မတို့တွေက ပိုတဲ့ချည်ထည်တွေကိုတော့ သိမ်းထားလိုက်မယ်လေ။ တကယ်လို့ ကျွန်မတို့ ထွက်သွားရမယ်ဆိုရင် ဘယ်လောက်ကြာမယ်မှန်း မသိရဘူး။ အားလုံးကို ပြင်ဆင်ထားဖို့က ခက်ခဲလိမ့်မယ်။အပိုပစ္စည်း နည်းနည်းပါးပါးလောက် သိမ်းထားတာက ဉာဏ်ရှိတဲ့ အပြုအမူပဲ"
ရှန်းလီ၏မျက်နှာမှာ စန်းလော့က သူ့အတွက်အဝတ်အစားနှင့်ဖိနပ်များ လုပ်ပေးမည်ဟု ကြားလိုက်သည်တွင် ထပ်ပြီး နီရဲလာတော့သည်။ သို့သော်ငြားလည်း ထိုခံစားချက်ကို အတိုင်းအတာတခုအထိ ချိုးနှိမ်ထားလိုက်သည်။ သူက သူတို့၏ ကြိုတင်ပြင်ဆင်မှုများကို လေးလေးနက်နက် နားထောင်နေလိုက်သည်။ သူက သူမကို ခေါင်းညိတ်ပြီး ကျေးဇူးတင်စကား ပြောလိုက်၏။
စန်းလော့က တော်တော်လေး အိန္ဒြေရဟန်တူသည်။ သူမအတွက်တော့ ရှန်းလီအတွက် အဝတ်အစားနှင့်ဖိနပ်လုပ်ပေးခြင်းက လုပ်အားကုန်ကျစရိတ်ကို သက်သာစေမည့် ကိစ္စတစ်ခုပင်။ ရှန်းအန်းနှင့်ရှန်းနဥ်တို့အတွက် ချုပ်လုပ်ပေးခြင်းနှင့် ဘာမှမကွာခြားပေ။ အတွေးမလွန်မိဘဲ ရှန်းလီက မငြင်းပယ်သည်ကို မြင်လိုက်သည်တွင် သူမက ထပ်ပြောလိုက်သည်။
"ကျန်နေတဲ့ ၁၉လျန်နဲ့ဆိုရင်ကျွန်မတို့တွေ စပါးထပ်ဝယ်စရာ မလိုတော့ဘူး။ အဓိက ပြသာနာက ကျွန်မတို့တွေ ထွက်ခွာတဲ့အခါကြရင် ဒါတွေကို ကျွန်မတို့နဲ့ သယ်သွားဖို့ အခက်အခဲ ဖြစ်လိမ့်မယ်” သူမက သိုလှောင်ထားသည့် စပါးစင်ကို လှမ်းကြည့်လိုက်၏။ မီးဖိုချောင်ထဲတွင် ရှိနေသေးသည့် ပဲအိတ်တော်တော်များများနှင့် တုန်းဖူစားသောက်ဆိုင်တွင် သိုလှောင်ထားသည့် အိတ်များကို စဥ်းစားလိုက်မိလေသည်။ သူတို့၏မိသားစု ၄ယောက်အတွက် ဆန်ကြမ်းနှင့်ဆန်ချောများကို ရောလိုက်လျှင် သူတို့သည် တစ်နှစ်ခွဲလောက် လုံလောက်ပေမည်။
အန္တရာယ်ကို ထိထိရောက်ရောက် ရှောင်ရှားနိုင်ရန် သူတို့သည် ပိုဝေးသည့်နေရာများကို သွားရမည်ဖြစ်ကာ မိသားစုထဲမှာ ယောက်ျားသား အားလုံးက ပါဝင်ကြလျှင်တောင် သူတို့၏ စပါးများကို တောင်အတွင်းပိုင်းသို့ လျင်လျင်မြန်မြန် သယ်ယူနိုင်လိမ့်မည် မဟုတ်မှန်း ရှန်းလီကလဲ သိနေသည်။
လေးနက်ပြီး တိုင်ပင်သည့်စကားကို ကြားလိုက်ရသည်တွင် ရှန်းလီက နောက်ဆုံးတော့ အစောပိုင်းက ခံစားနေရသည့် မူမမှန်သည့် ခံစားချက်များကို ဘေးဖယ်ထားလိုက်တော့သည်။ သူက ခေါင်းညိတ်ပြလိုက်၏။
"သယ်ယူပို့ဆောင်ဖို့က တကယ်ပဲ ခက်ခဲတယ်။ ကျွန်တော်တို့တွေ အပြန်လမ်းမှာတုန်းက အကာအကွယ်လုပ်ဖို့ နေရာတချို့ကို သတိထားမိခဲ့တယ်။ အဲဒါတွေက တောင်အတွင်းပိုင်းထဲမှာ၊ လူသွားလမ်းနဲ့ တော်တော်လေး ဝေးတယ်။ ဒါပေမဲ့လည်း လုံးဝ စိတ်ချရတာမျိုးတော့လဲ မဟုတ်ဘူး။ ကျွန်တော်တို့တွေ ဆက်ပြီး ရှာဖွေဖို့လိုသေးတယ်။ အခု ကျွန်တော်တို့မှာရှိတဲ့ စပါးတွေက လုံလောက်နေပြီ။ တကယ်လို့ ကြီးကြီးမားမား မိုးခေါင်တာမျိုး၊ အစားအသောက် ရှားပါးတာမျိုး မဖြစ်ခဲ့ဘူးဆိုရင်တော့ တောင်အတွင်းပိုင်းထဲမှာ အစားအသောက်တွေ အများကြီး ရနိုင်ပါသေးတယ်"
နှစ်ယောက်သားက ဒီကိစ္စနှင့်ပတ်သတ်ပြီး တူညီသည့်သဘောထားများ ရှိလေသည်။ စန်လော့က အကြံပြုလိုက်၏။
"ဒါဆိုရင် ကျွန်မတို့တွေက ဒီ၁၉လျန်ကို အိမ်ထောင်စုအတွက် သီးသန့် သိမ်းထားကြမလား။ တကယ်လို့ နောက်ပိုင်း လိုအပ်ချက်တွေရှိလာရင် ဒါကို သုံးလို့ရတာပေါ့."
ရှန်းလီက မငြင်းပယ်ပေ။
"မင်း သဘောအတိုင်းပါပဲ၊ ဒါကို သေသေချာချာလေး သိမ်းထားလိုက်ပါ"
သူသည် ငွေကို စီမံဖို့ရည်ရွယ်ချက် လုံးဝမရှိပေ။ စန်းလော့က သူ့သဘောထားနှင့်ပတ်သတ်ပြီး တော်တော်လေး သဘောကျမိကာ ငွေများကို အိတ်ထဲသို့ မြန်မြန်ပြန်ထည့်လိုက်ပြီး သိမ်းဆည်းထားလိုက်တော့သည်။
သူမကို စောင့်ကြည့်နေရင်းမှ ရှန်းလီ၏ မျက်လုံးများက သဘောကျသွားကာ ကွေးတက်သွားပြီးနောက် ပြောလိုက်လေသည်။
"ကျွန်တော် ခဏလောက် အပြင်သွားလိုက်အုံးမယ်၊ သရှန်နဲ့တခြားသူတွေနဲ့ တချို့ကိစ္စတွေကို တိုင်ပင်ဖို့ ရှိသေးတယ်"
စန်းလော့က ဘာမှမဖြစ်သလို တုံ့ပြန်လိုက်သည်။
"သွားလိုက်ပါ"
ရှန်းလီ ထွက်သွားပြီးနောက်တွင် စန်းလော့က သူမ၏ ဖိနပ်ချုပ်နေသည့် အလုပ်ကို ဆက်လုပ်လိုက်လေသည်။
သူမ နိုးလာကတည်းက မမြင်ရသေးသည့် ရှန်းအန်းနှင့်ရှန်းနဥ်တို့သည် အပြေးပြန်ရောက်လာပြီး နောက်မှ ဟူကျီနှင့်အာ့နျိုတို့က လိုက်ပါလာကြသည်။
ရှန်းနဥ်၏ စိတ်လှုပ်ရှားပုံက သိသာထင်ရှားနေသော်ငြားလည်း ကောင်လေး၃ယောက်က အထူးတလည် စိတ်လှုပ်ရှားနေကာ အချင်းချင်း ပွေ့ဖက်ထားကြပြီး တခုခုကို တီးတိုးပြောနေကြလေသည်။
နှင်းများအရည်ပျော်ပြီးကတည်းက ကလေးများရောက်လာသည့် ပထမဦးဆုံး အကြိမ်ပင်။ အချုပ်အလုပ်လုပ်ငန်းဖြင့် အလုပ်များနေသည့် စန်းလော့က ရှန်းနဥ်ကို လှမ်းခေါ်လိုက်၏။
"နင့်ရဲ့အစ်ကိုနဲ့ သူ့သူငယ်ချင်းတွေက ပိုက်ဆံများ ကောက်ရခဲ့လို့လား"
ရှန်းနဥ်က တခစ်ခစ် ရယ်မောသည်။
"မဟုတ်ပါဘူး၊ ပိုက်ဆံ ကောက်ရတာ မဟုတ်ဘူး၊ ကိုကြီးက ပြောတယ်။ သူက သူတို့တွေကို အမဲလိုက်နည်း သင်ပေးမှာတဲ့၊ အစ်ကိုလေးတစ်ယောက်ထဲကို မဟုတ်ဘူးတဲ့။ အာ့ရှန်၊ သနျို၊ အာ့နျို၊ ထျယ်ကျူး၊ ရွှမ်းကျူး၊ ဟူကျီတို့ရော ပါတယ်တဲ့။ အသက်ပိုကြီးတဲ့ ကလေးတွေအားလုံး ဆိုပါတော့၊ သူကပြောတယ် သမီးနဲ့သနွီတို့လဲ သင်ရလိမ့်မယ်တဲ့၊ ဒါပေမဲ့ ယောင်းမ မိန်းကလေးတွေကရော အမဲလိုက်နည်း သင်ရမှာလား"
သူမ၏ အသံက စိတ်လှုပ်ရှားမှုနှင့်စိုးရိမ်မှုတခု ရောနှောနေတော့သည်။
စန်းလော့က တအံ့တသြ ဖြစ်သွားပြီး မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခပ် လုပ်လိုက်လေသည်။ ဒါက အမဲလိုက်သင်တာပဲ မဟုတ်ဘူးလေ။ တောထဲမှာ အသက်ရှန်သန်ဖို့ လေ့ကျင့်တာနဲ့ ပိုပြီးတော့တောင် တူနေသေးတယ်။
သူမက ခေါင်းညိတ်လိုက်သည်။
"နင်တို့တွေကို သင်ပေးမဲ့သူရှိတာ ကောင်းတဲ့ကိစ္စပဲ မဟုတ်ဘူးလား။ နင်တို့ဆီမှာ ပိုပြီးတော့ အရည်အချင်းတွေ ရှိလေလေ ပိုကောင်းလေလေပဲ"
ထိုစကားက ရှန်းနဥ်ကို စိတ်အေးသွားရစေသည်။
စန်းလော့က အပြင်ဘက်တွင် သူငယ်ချင်းများနှင့် ပွေ့ဖက်နေသည့် ရှန်အန်းကို လှမ်းခေါ်လိုက်ပြီး သူဝင်လာသည့်အချိန်တွင် သူမက မေးလိုက်၏။
"အမဲလိုက်တဲ့အချိန်မှာ နင်တို့တွေကို သင်ပေးမဲ့အကြောင်းအရာကို နင်တို့ရဲ့အစ်ကိုကြီးက အသေးစိတ် ပြောပြပြီးပြီလား"
မျက်လုံးများ တလက်လက် ဖြစ်နေသည့် ရှန်းအန်းက သူ့အစ်ကိုကြီး ပြောခဲ့သည့်စကားကို ပြန်ပြောပြလိုက်လေသည်။
သေသေချာချာ နားထောင်လိုက်ပြီးနောက်တွင် စန်းလော့က ခေါင်းညိတ်ကာ မေးလိုက်လေသည်။
"နင့်အစ်ကိုကြီးပြောတဲ့ နာမည်စာရင်းထဲမှာ ငါရောပါလား"
ရှန်းအန်းက ဇဝေဇဝါ ဖြစ်သွားတော့သည်။
"..."
"မရီးက ဒါတွေကို သင်စရာ လိုလို့လား"
"ဒါက ကျွန်တော်တို့ကလေးတွေ သင်ရမဲ့ဟာ မဟုတ်ဘူးလား"
ရှန်းလီပြန်လာသည့်အချိန်တွင် စန်လော့ကလဲ သူ့ကို ထိုမေးခွန်းထပ်မေးလေသည်။ သူကလဲ အလွန်မှ အံ့သြသွားတော့သည်။
"မင်းကရော သင်ချင်တာလား"
စန်းလော့က ပြန်ဖြေလိုက်လေသည်။
"ကျွန်မက ဘာဖြစ်လို့ မသင်ချင်ရမှာလဲ၊ မြေခွေးတွေ ကျားသစ်တွေက ကျွန်မကို အလိုလို ရှောင်တိမ်းသွားမှာ မလို့လား"
.
ရှန်းလီက မျက်နှာနီရဲသွားပြီး သူ့စကားလုံးမှာလဲ အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားတော့သည်။
"ကျွန်တော်တို့တွေက ကျားတွေ၊ ကျားသစ်တွေနဲ့ တွေ့လိမ့်မယ်လို့တော့ မထင်ပါဘူး၊ ကျွန်တော်တို့တွေက မင်းတို့တွေကို ခေါ်မသွားရသေးခင် သတိဝီရိယ ရှိနေမှာပဲလေ"
စပါးများကို သယ်ယူပို့ဆောင်ရန်အတွက် ခရီးတစ်ဒါဇင်ထက် ပိုလိမ့်မယ်။ သူတို့သည် သားရိုင်းကောင်များ အလယ်တွင်တော့ သေချာပေါက် စခန်းချလိမ့်မည် မဟုတ်ချေ။
သူက ပြောရင်းဆိုရင်း စန်းလော့က သူ့ကို ကြည့်နေသေးသည်ကို မြင်လိုက်ရသည်တွင် သူ၏ ရှင်းပြချက်များက တဖြည်းဖြည်း တိမ်ဝင်သွားပြီး သူ့စကားလုံးများကို မြိုချလိုက်ကာ နောက်ဆုံးတော့ ပြောလိုက်ရတော့သည်။
"ဒါဆိုရင်လဲ ကျွန်တော် မင်းကို သင်ပေးပါ့မယ်"
သူမက သူ့ကို စိုက်ကြည့်နေချိန်တွင် ရှန်းလီ၏နားများက နီရဲသွားသည်ကို ပထမဦးဆုံး သတိထားမိလိုက်သည်တွင် စန်းလော့က တခစ်ခစ် ရယ်မောလိုက်တော့သည်။
သူမက ပြုံးလိုက်၏။
"တခြားဟာတွေဆိုရင်လဲ အဆင်ပြေပါတယ်၊ ဒါပေမဲ့ ကျွန်မကို သစ်ပင်တက်တဲ့နည်းနဲ့ မြားပစ်တဲ့နည်းကိုတော့ သင်ပေး"
ထို့နောက်တွင် မျက်လုံးထဲ၌ သိလိုသည့်အရိပ်အယောင်တစ်ခုဖြင့် စန်းလော့က မေးလိုက်လေသည်။
"ရှန်းလီ.. တကယ်လို့ ကျွန်မတို့တွေ ကြောက်စရာကောင်းတဲ့ သားရိုင်းကောင်တစ်ကောင်နဲ့ တွေ့ကြုံရမယ်ဆိုရင် မြားထိပ်မှာ သုတ်ထားလို့ရတဲ့ အဆိပ်တမျိုးမျိုးများ ရှိသလား။ ကျွန်မတို့က ဒါတွေကို အမြဲတမ်း သုံးနေမှာ မဟုတ်ဘူးလေ၊ အရေးကြီးတဲ့ အခြေအနေမှာ ကိုယ့်ဟာကိုယ် ကာကွယ်ဖို့အတွက်ပဲ သုံးမှာ"
ဒါသည် ကလေးအုပ်စုများအတွက် အရေးကြီးပေသည်။ သူတို့သည် မည်မျှပင် လေ့ကျင့်နေပါစေ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားက အကန့်အသတ် ဖြစ်နေလိမ့်မည်။ ရှန်းလီ၏ ရည်ရွယ်ချက်က အားလုံးကို တောရိုင်းထဲတွင် အသားကျလာစေမည့် ရည်ရွယ်ချက်ဖြစ်သည်။ သို့မှသာ လိုအပ်လာလျှင်သူတို့သည် လုံလုံခြုံခြုံ ထွက်ပြေးနိုင်ပေလိမ့်မည်။ တချိန်တည်းတွင် တိုက်ခိုက်ရေးစွမ်းရည် တစ်ချို့ကတော့ ရင်ဆိုင်တိုက်ခိုက်ရမည့် အခြေအနေတိုင်းတွင် အသုံးဝင်လိမ့်မည်။
သို့သော်ငြားလည်း အဆိပ်မြားသာရှိလျှင် မြားပစ်ကျွမ်းကျင်ကြသည့် ကလေးနှင့်အမျိုးသမီးများပင် တောင်ထဲတွင် လုပ်နိုင်စွမ်းရှိသည့် မုဆိုးများနှင့်ပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည်။
ရှန်းလီ၏ မျက်လုံးများက လင်းလက်သွား၏။
"ကျွန်တော် သရှန်ကို သွားမေးလိုက်မယ်"
တကယ်လို့များ တယောက်ယောက်က ဒီလိုကိစ္စကို သိရမည်ဆိုလျှင် ချန်းသရှန်ပဲ ဖြစ်လိမ့်မည်။ ချန်းသရှန်က ထိုအကြောင်းကို တခါမှ ထုတ်မပြောခဲ့ဘူးသလို သူတို့၏ အပြန်အလှန်ခရီးတွင်လဲ ထိုအရာများကို ပြင်ဆင်လာခဲ့ခြင်း မရှိသဖြင့် အခွင့်အရေးက နည်းပါးလေသည်။
ဒါကလဲ အဓိပ္ပါယ် ရှိပေသည်။ မိုးခေါင်သည့်ကာလအတွင်းတွင် သရှန်သည် သူ၏မိသားစုမှ ခွဲခွာလာချိန်က သူသည် ၁၁နှစ်သာ ရှိသေးသဖြင့် သူ၏ အသိပညာကလည်း အကန့်အသတ် ဖြစ်နေသည်။ သူ၏ အမဲလိုက်ပညာများကပင် ရှန်းလီနှင့်အတူတူ နှစ်အနည်းငယ်အတွင်း သင်ကြားထားသည့်ပညာများ ဖြစ်လေသည်။
...