နှစ်ရက်
Vol. 15 Ch. 207
ညအချိန်မှာပင် ဟန်တောင်တန်း မြို့တော်အတွင်း၌ မှိန်ဖျော့ဖျော့ မီးအလင်းရောင်များ ရှိနေဆဲဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည်သာ ထိုအလင်းရောင်များ ထွက်ပေါ်နေရာ အရင်းအမြစ်ထံ လျှောက်လှမ်းသွား ခဲ့မည်ဆိုလျှင် ညအချိန်မှာပင် လူတို့ဖြင့် သက်ဝင် လှုပ်ရှားနေသည့် တည်းခိုခန်းများကို တွေ့ရပေလိမ့်မည်။
ဟန်တောင်တန်း မြို့တော်၏ လမ်းမများပေါ်တွင် စုမင် လျှောက်လှမ်းလာခဲ့သည်။ သူ့ပတ်ဝန်းကျင်မှ ရင်းနှီးကျွမ်းဝင်နေသည့် အိမ်များကို ကြည့်ရှုရင်းဖြင့် ၎င်းတို့ကို တိတ်ဆိတ်စွာ ဖြတ်လျှောက်ခဲ့သည်။
“ငါ ဒီကိုရောက်ခဲ့တာတောင် နှစ်တွေအများကြီး ကြာသွားခဲ့ပြီ”
သူ့အရှေ့၌ တည်းခိုခန်းတစ်ခုကို မြင်လိုက်ချိန်တွင် စုမင်ခြေလှမ်းတို့ ရပ်တန့်သွားခဲ့သည်။ ညအချိန်ဖြစ်၍ အတွင်း၌ ဧည့်သည်များ အများကြီးမရှိပေ။ သူတို့ထဲမှအများစုသည် တစ်ဦးတည်း အရက်သောက် နေကြသူများ ဖြစ်သည်။ ရံဖန်ရံခါတွင် သူတို့က အချင်းချင်း တီးတိုးပြောဆို တတ်ကြသည်။
တံခါးဘေးတွင် စားပွဲတစ်လုံး ရှိနေခဲ့သည်။ တည်းခိုခန်း မန်နေဂျာသည် အသက်နှစ်ဆယ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး သူသည် လက်ပေါ်သို့ မေးတင်၍ အိပ်ငိုက်နေခဲ့သည်။
ဖော်ပြ၍မရနိုင်သည့် ခံစားချက် တစ်မျိုးသည် ဟန်တောင်တန်း မြို့တော်ကို လွှမ်းခြုံထားခဲ့သည်။ ထိုခံစားချက်သည် စိတ်ဓာတ်ကျမှုအဖြစ် ပြောင်းလဲလျက် မြို့တော်အတွင်းမှ လူအားလုံး၏ နှလုံးသားတို့ကို လွှမ်းမိုးထားခဲ့၏။ ထို့ကြောင့်ပင် တည်းခိုခန်းများထဲတွင် ညအချိန် ရောက်သည်အထိ အရက်သောက်နေသူ အများစု ရှိနေခဲ့ကြခြင်း ဖြစ်သည်။
‘ငါ ဒီကို နောက်တစ်ခေါက် ပြန်ရောက်လာပြီ’
စုမင် တည်းခိုခန်းကို ကြည့်လိုက်သည်။ ဟန်တောင်တန်း မြို့တော်သို့ သူ ပထမဆုံး အကြိမ်အဖြစ် ရောက်ရှိခဲ့ချိန်တွင် ဤတည်းခိုခန်း အတွင်း၌ ဟယ်ဖုန်း၊ ဟန်ဖေးကျစ်တို့နှင့် သူတွေ့ဆုံခဲ့ရခြင်းကို ပြန်လည် အမှတ်ရမိသည်။
‘ငါဒီကို ပထမဆုံးအကြိမ် ရောက်ခဲ့တုန်းက ဒီတည်းခိုခန်းကို ငါရောက်ခဲ့တယ်။ အခု ငါ ဒီနေရာကနေ ထွက်သွားတော့မှာမို့ ဒီတည်းခိုခန်းကို နောက်တစ်ကြိမ် လာလည်ပတ်တာပဲ...’
စုမင် ပြုံးလျက် ရှေ့ဆက်မသွားတော့ရန် ဆုံးဖြတ်လိုက်ပြီး တည်းခိုခန်းထဲသို့ လှမ်းဝင်လိုက်သည်။ အတွင်းထဲမှ အပြင်အဆင်သည် သူ မှတ်မိနေသည့် ပုံစံအတိုင်းပင် ဖြစ်သည်။
သူ၏ရောက်ရှိလာမှုသည် အရမ်းအာရုံစိုက် မခံလိုက်ရပေ။ အိပ်ငိုက်နေသော တည်းခိုခန်း မန်နေဂျာသည်သာ စုမင် လျှောက်လှမ်းလာစဉ် ဖြစ်ပေါ်လာသည့် လေကြောင့် နိုးသွားဟန်ဖြင့် မျက်လုံးကို အနည်းငယ်ဖွင့်လိုက်ရင်း စုမင်အားတစ်ချက် လှမ်းကြည့်လိုက်သည်။
ယခုတော့ စုမင်သည် သူ၏ ပုံစံအစစ်အမှန်နှင့်ပင် လျှောက်သွားနေခဲ့ခြင်း ဖြစ်သည်။ ဟန်တောင်တန်း မြို့တော်အတွင်းမှ အလွန်နည်းပါးသည့် လူအချို့သာ သူ့မျက်နှာကို ယခင်က မြင်ဖူးခဲ့ခြင်း ဖြစ်သည်။ သူတို့မြင်ဖူးခဲ့လျှင်ပင် ဟန်တောင်တန်းတွင် သွေးကြောကျောက်သား နယ်ပယ် ကြီးမြတ်သော ပြည့်စုံဆင့်မှ ရုပ်နယ်လွန်ခဲ့သည့် ကျော်ကြားသော မာန်စွမ်းအားရှင်နှင့် သော်လည်းကောင်း၊ အလားတူ ကျော်ကြားသည့် မော့စုနှင့် သော်လည်းကောင်း သူ့အားဆက်စပ်၍ တွဲသိရန် အလွန်ခက်ခဲပေ လိမ့်မည်။
တည်းခိုခန်းအတွင်းသို့ စုမင် လျှောက်ဝင်သွားလိုက်ပြီး အတိတ်တုန်းက သူထိုင်ခဲ့သည့် စားပွဲသို့သာသွား၍ ထိုင်ချလိုက်သည်။
ခဏအကြာတွင် တည်းခိုခန်း မန်နေဂျာသည် သူ့ထံ လျှောက်လာခဲ့သည်။ စုမင် ဘာမှမမှာခဲ့သော်လည်း သူသည် ဝိုင်နှစ်အိုးနှင့် ဟင်းပွဲအချို့တို့ကို စားပွဲပေါ် တင်ပေးခဲ့သည်။ ထို့နောက် တံခါးဘေးမှ စားပွဲထံသို့ ပြန်လျှောက်သွားပြီး လက်ပေါ်မေးတင်၍ ပြန်လည် ငိုက်မြည်းနေ လိုက်ချေသည်။
စုမင် ဝိုင်အိုးကိုကောက်ကိုင်ပြီး တစ်ငုံ မော့သောက်လိုက်သည်။ ဤအရာသည် သူအတိတ်က သောက်ခဲ့ဖူးသည့် ဝိုင်ပင်ဖြစ်သည်။ ဝိုင်များသည် သူ့လျှာကိုပင် လောင်ကျွမ်းသွားစေပြီး လည်ပင်းတစ်လျှောက်တွင် မီးစတစ်ခုသဖွယ် ပူလောင်ကာ စီးကျသွားခဲ့သည်။
သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးက ငြိမ်သက်နေခဲ့ပြီး တည်းခိုခန်း အတွင်းတွင် ဟောက်သံများသည်သာ တိုးလိုက်ကျယ်လိုက်နှင့် ထွက်ပေါ်နေခဲ့သည်။ စုမင်အပါအဝင် ကျန်လူများသည်တော့ သူတို့၏ဝိုင်များကိုသာ တိတ်တိတ်ဆိတ်ဆိတ် သောက်သုံးနေခဲ့ကြ၏။ သူတို့ထဲမှအချို့သည် ကြိတ်မနိုင်ခဲမရ ဒေါသထွက်နေဟန်ဖြင့် မျက်မှောင်များကို ကြုတ်ထားလျက် ရှိသည်။
တည်းခိုခန်း အတွင်း၌လည်း ဟန်တောင်တန်း မြို့တော်မှ လေထုကဲ့သို့ အလားတူလေထုမျိုး လွှမ်းခြုံလျက်ရှိ၏။ လေထုထဲတွင် နေရထိုက်ရခက်ခဲသည့် ခံစားချက်တစ်မျိုး ပျံ့နှံ့လျက်ရှိသည်။
စုမင် ဝိုင်ကိုသာ ငုံ့သောက်နေခဲ့ပြီး အခြားမည်သူ့ကိုမှ လိုက်ကြည့် မနေခဲ့ချေ။ ညအချိန်တွင် တည်းခိုခန်းအတွင်းရှိ ဘယ်သူကမှလည်း သူ့ကို စောင့်ကြည့်နေလိမ့်မည် မဟုတ်ပေ။ သူတို့အားလုံးသည် သူတို့ကိုယ်ပိုင် အတွေးများဖြင့်သာ ဒုက္ခရောက်နေခဲ့ကြခြင်း ဖြစ်သည်။
အချိန်တို့ ကုန်လွန်သွားခဲ့ပြီးနောက် ... အတိအကျဆိုလျှင် အမွှေးတိုင်တစ်တိုင် ထွန်းစာခန့်အချိန် ကုန်သွားပြီးနောက်တွင် တည်းခိုခန်းအတွင်းသို့ ခြေသံများ ချဉ်းနင်း ဝင်ရောက်လာခဲ့သည်။ တည်းခိုခန်း အတွင်းသို့ စိမ်းပြာရာင်ဝတ်ရုံများ ဝတ်ဆင်ထားသည့် လူနှစ်ဦး ဝင်ရောက်လာပြီး လေးနက်နေသည့် မျက်နှာအမူအရာဖြင့် ဘေးအနားရှိ စားပွဲတစ်လုံးကို ရွေးထိုင်ချလိုက်ပြီး မည်သည့်စကားမှ မဆိုခဲ့ပေ။
“သူ့ရဲ့ စိတ်မကျေနပ်မှုတွေကို ဝိုင်နဲ့မျှောချပစ်မယ့် တခြားတစ်ယောက် ရောက်လာပြန်ပြီ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကစလို့ ဟန်တောင်တန်း မြို့တော်က တော်တော် ပြောင်းလဲနေခဲ့တာပဲ”
စုမင်နှင့် သိပ်မဝေးသည့်နေရာတွင် ထိုင်နေသည့် သက်လတ်ပိုင်းအရွယ် အပြာရောင် ဝတ်ရုံနှင့်လူသည် သူ့ဝိုင်အိုးကို ကောက်ကိုင်ပြီး သောက်ချလိုက်သည်။ သူသည် ခပ်တိုးတိုး ရယ်မောလိုက်သော်လည်း ထိုရယ်သံကို ကြားလိုက်ရသူများ သည်တော့ ၎င်းအသံသည် သူ၏မနှစ်မြို့မှုများကို ထုတ်ဖော်နေခြင်း ဖြစ်ကြောင်း သိလိုက်ကြသည်။
“ဒီတစ်ကြိမ်တော့ အေးခဲကောင်းကင် ကလန်ကြောင့် လူတိုင်း စိတ်ပျက်သွားခဲ့တာပဲ။ ဘယ်သူသိနိုင်မှာလဲ...”
အဆုံးတွင် လေထုအတွင်းမှ တိတ်ဆိတ်မှုသည် ချိုးဖျက်ခံလိုက် ရတော့သည်။
“ငါတို့ စိတ်ပျက်နေလည်း လုပ်နိုင်တဲ့အရာမှ မရှိတာ။ ဒီတစ်ခေါက်တော့၊ သူတို့က အရောင်စုံရေကန် မျိုးနွယ်စုက ဟန်ဖေးကျစ်ကိုပဲ တပည့်အဖြစ် ခေါ်မယ်လို့ အေးခဲကောင်းကင် ကလန်က သံတမန်တွေက ပြောခဲ့တာပဲလေ...”
တည်းခိုခန်းထဲသို့ နောက်ပိုင်းမှ ဝင်လာသည့် လူနှစ်ဦးထဲမှ အစိမ်းရောင်ဝတ်ရုံနှင့် လူတစ်ဦးက ညာလက်ဖြင့် စားပွဲကို ရိုက်ချလိုက်သည်။
“ဆိုင်ရှင်၊ ငါတို့အတွက် ဝိုင်ယူလာခဲ့”
ထိုရိုက်ချက်နှင့် အော်သံသည် တည်းခိုခန်း မန်နေဂျာအား လန့်နိုးသွားစေ၏။ ထို့နောက် သူသည် အလျင်အမြန် ထလာခဲ့ပြီး အသစ်ဝင်လာသူ နှစ်ဦးထံသို့ အစားအစာနှင့်ဝိုင်များ သွားချပေးလိုက်သည်။
“ဘာလို့ တည်းခိုခန်း မန်နေဂျာကို ဒေါသထွက်နေရတာလဲ။ အဲဒီအစား အေးခဲကောင်းကင် ကလန်က သံတမန်တွေကို သွားရှာပါလား။ သူတို့က ဒီတစ်ကြိမ် တခြားဘယ်တပည့်မှ မခေါ်ဘူးလို့ အတိအလင်း ပြောခဲ့တာမှ မဟုတ်ပဲ”
“ဟမ့်၊ သူတို့က တကယ် မပြောခဲ့ပါဘူး။ ဒါပေမဲ့ ဟန်တောင်တန်း မြို့တော်ထဲက ဘယ်သူကများ ကျောင်းတော်ကို ဝင်ဖို့အတွက် သူတို့ပြောတဲ့ လိုအပ်ချက်တွေကို ပြည့်မီနိုင်မှာလဲ”
စားပွဲကို ရိုက်ချလိုက်သူသည် ကူကယ်ရာမဲ့နေဟန်ဖြင့် အေးစက်စက် ရယ်မောလိုက်သည်။ သို့သော် အဆုံးထိတိုင်အောင်ပင် သူ့ဘေးမှ လူသည်တော့ စကားတစ်ခွန်းမှ ဝင်ရောက်ပြောဆိုခြင်း မပြုခဲ့ပဲ ထိုင်ခုံတွင်သာ တိတ်ဆိတ်စွာ ထိုင်နေခဲ့ချေသည်။
“ပြီးတော့ ဒါက အရည်အချင်း စစ်ဆေးမှုတစ်ခုပဲ ရှိသေးတာ။ ငါတို့က အဲဒီစစ်ဆေးမှုကို အောင်မြင်ခဲ့ရင်တောင် အေးခဲကောင်းကင် ကလန်ကို မဝင်ခင် သူတို့စစ်မယ့် နောက်ဆက်တွဲ စမ်းသပ်မှုတွေထဲမှာ ပါဝင်ဖို့လိုသေးတယ်။ အဆုံးသတ်ကျတော့ သူတို့က ဒီတစ်ကြိမ် တပည့်တစ်ယောက်ပဲ ခေါ်မှာလို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်သလိုပဲလေ”
“အေးခဲကောင်းကင် ကလန်က အစွမ်းထက်လွန်းတယ်။ ငါတို့က ဝင်ရောက်ချင်ရင် သူတို့ဆန္ဒကို ဆန့်ကျင်လို့မှမရတာ။ ငါတို့က တခြား ဘာလုပ်နိုင်သေးလို့လဲ...”
စားပွဲတစ်လုံးပေါ်တွင် လဲလျောင်းနေသည့် အဝတ်အစားဗြောင်များ ဝတ်ဆင်ထားသော မူးနေသည့် အဘိုးအိုတစ်ဦးက ခေါင်းမော့လာခဲ့သည်။ ထို့နောက် မူးယစ်စွာဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
“ငါ ကြားခဲ့တာတော့ အေးခဲကောင်းကင် ကလန်က သံတမန်တွေဆီကို ဆရာနန်ထျန်းနဲ့ တခြား အစွမ်းထက်တဲ့ ရုပ်နယ်လွန် မာန်စွမ်းအားရှင်တွေ အတူတူ စုသွားခဲ့ကြတာတောင် သူတို့ စိတ်ပျက်လက်ပျက်နဲ့ ပြန်ခဲ့ရတယ်တဲ့။ ဆရာ ခဲ့ကျူးစစ်ဆိုရင် ဟန်တောင်တန်း မြို့နယ်ကနေတောင် ဒေါသတကြီးနဲ့ ထွက်သွားပြီ။ အခုဆိုရင် မြို့တော်ထဲမှာ အစွမ်းထက်တဲ့ ရုပ်နယ်လွန် မာန်စွမ်းအရှင်တွေဆိုလို့ ဆရာနန်ထျန်းနဲ့ ဆရာလန်ယင်တို့ပဲ ကျန်တော့တယ်”
“အေးခဲကောင်းကင် ကလန်ရဲ့ သံတမန်တွေက ရုပ်နယ်လွန် မာန်စွမ်းအားရှင်တွေ ကိုတောင်မှ အသိအမှတ်မပြုတာ။ ငါတို့ဆို ဘာလုပ်နိုင်မှာလဲ”
တည်းခိုခန်းအတွင်းမှ လေထဲတွင် ဆွေးနွေးသံများ ပြည့်လာခဲ့သည်။ အေးခဲကောင်းကင် ကလန်နှင့် ဆက်စပ်နေသည့် ဘယ်လိုအရာမျိုးမဆို လူစုကို လှုတ်ခတ်စေ နိုင်ဟန်ရသည်။ သူတို့ထံမှ ဒေါသထွက်မှု၊ ကူကယ်ရာမဲ့မှုနှင့် စိတ်ဓာတ်ကျမှုများက ပိုမိုပြင်းထန် လာခဲ့သည်။
စုမင်သည် ထောင့်ရှိစားပွဲတွင် ထိုင်၍ ဝိုင်သောက်ရင်း ထိုစကားတို့ကို နားထောင်နေခဲ့သည်။
‘ငါသိပြီ။ ငါမာန်အမှတ်အသားကို ဆွဲနေတဲ့အချိန်မှာ ကိစ္စတွေအများကြီး ဖြစ်ခဲ့တာပဲ။ ဒါပေမဲ့ ကိစ္စတော့မရှိပါဘူး။ အေးခဲကောင်းကင် ကလန်က အဲဒီလို လုပ်လိမ့်မယ်ဆိုတာ ငါအရင်တည်းက ခန့်မှန်းခဲ့ပြီးသားပဲ’
ဆွေးနွေးနေသူများကို စုမင် မော့ကြည့်လိုက်သည်။ ထို့နောက် ဝိုင်အိုးကို ကောက်ကိုင်၍ ထရပ်လိုက်ပြီး ထိုသူများထံ လျှောက်သွားလိုက်သည်။
အစိမ်းရောင်ဝတ်ရုံနှင့် လူနှစ်ဦး၏ စားပွဲပေါ်သို့ သူ့ဝိုင်အိုးကို တင်လိုက်သည်။ ထိုလူနှစ်ဦး၏ အာရုံတို့ သူ့ထံရောက်လာချိန်တွင် တိတ်ဆိတ်နေဆဲ ဖြစ်သည့်လူထံသို့ စုမင် အရင်လှမ်းကြည့် လိုက်ပြီးမှ စားပွဲခုံကို ရိုက်ချခဲ့သည့်လူကို ပြန်ကြည့်လိုက်သည်။
“ဒီက ညီနောင်၊ ငါ ဒီနေရာမှာ ထိုင်လို့ရမလား”
ထိုလူသည် မျက်မှောင် ကြုတ်သွားခဲ့ပြီး စုမင်ကိုအကြိမ်ကြိမ် လေ့လာကြည့်ရှု လိုက်သည်။ ထိုအချိန်တွင် သူစိတ်တိုနေခဲ့ခြင်း ဖြစ်ပြီး သူ ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် တိတ်ဆိတ်နေသည့် သူ့အဖော်က ခေါင်းညိတ်ပြ လိုက်သည်ကို သူမြင်လိုက်ရ၏။
ထိုကဲ့သို့ သူ့အဖော်က ခေါင်းညိတ်ပြခြင်းကို မြင်လိုက်သောအခါ သူ ခဏတာ အံ့အားသင့်သွားမိပြီး ပြောစရာစကားမရှိ ဖြစ်သွားခဲ့ရသည်။
စုမင် ပြုံးပြပြီး ထိုင်ချလိုက်သည်။ ထို့နောက် သူ့ဝိုင်အိုးကို ကောက်ကိုင်ပြီး တစ်ငုံ မော့သောက်လိုက်သည်။
“ငါ မေးချင်တဲ့ မေးခွန်းလေး နည်းနည်းရှိလို့ပါ”
“မေးပါ”
စကားပြောလိုက်သူသည် ယခုလေးတင် ခေါင်းညိတ်ပြ လိုက်သော တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သူပင် ဖြစ်သည်။ သူ့အသံက အက်ကွဲနေခဲ့သည်။ ဤတစ်ကြိမ်သည် သူတို့ ရောက်လာချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် သူစကားပြောလိုက်ခြင်း ဖြစ်သည်။ အခြားသူများသည် ထိုအကြောင်းနှင့် ပတ်သက်၍ အများကြီး စဉ်းစားနေလိမ့်မည် မဟုတ်သော်လည်း စားပွဲခုံကို ရိုက်ချခဲ့သည့် သူ့အဖော်၏ မျက်နှာထက်တွင်တော့ ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူ့အဖော်သည် အဆင့်အတန်း မြင့်မားပြီး စကားပြောရသည်ကို သဘောမကျပဲ တိတ်ဆိတ်စွာ နေတတ်ကြောင်း သူသိ၏။ သူ့ထံတွင် အရိုးစွဲနေသည့် မာနထောင်လွှားမှုလည်း ရှိပြီး အများအားဖြင့် သူ့ပတ်ဝန်းမှလူများကို လျစ်လျူရှုထား တတ်သေးသည်။ ယခုအချိန်တွင် သူတို့နှစ်ဦးလုံး ကူကယ်ရာမဲ့စွာ ခံစားနေရခြင်းကြောင့်သာ မဟုတ်လျှင်၊ သူ့အဖော်သည် ဤနေရာကိုပင် သူနှင့်အတူ သောက်ရအောင် လိုက်လာခဲ့မည် မဟုတ်ပေ။
“အေးခဲကောင်းကင် ကလန်က ပြောဆိုခဲ့တဲ့ လိုအပ်ချက်က ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို စိန်ခေါ်ဖို့လား”
အသံအက်အက်ဖြင့် ပြောလိုက်သည့် လူကိုကြည့်ရင်း စုမင်ဖြည်းညင်းစွာ မေးမြန်းလိုက်သည်။
“မဟုတ်ဘူး။ ဟန်တောင်တန်းရဲ့ သံကြိုးတွေကို စစ်နတ်ဘုရားအရှင် ကျော်ဖြတ်ပြီးတည်းက ကျောင်းတော်ကို ဝင်ရောက်ဖို့ သံကြိုးတွေကို စိန်ခေါ်စရာ မလိုတော့ဘူးလို့ အေးခဲကောင်းကင် ကလန်ရဲ့ သံတမန်တွေက ကြေညာခဲ့တာ”
ထိုယောက်ျားကပင် အသံခပ်အက်အက်ဖြင့် ပြန်ဖြေလိုက်ပြီး စုမင်ကို လှမ်းကြည့်လိုက်ချိန်၌ သူ့မျက်လုံးများထဲတွင် တွန့်ဆုတ်မှုနှင့် လေးစားမှု အရိပ်အယောင်များ ရှိနေခဲ့သည်။
“ဆရာ၊ ဟန်တောင်တန်း မြို့တော်ကို မင်းအခုမှ ရောက်တာလား။ ဒီအကြောင်းကို ဘယ်လိုများ မသိရတာလဲ။ ကျောင်းတော်ကို ဝင်ရောက်ဖို့ ဟန်တောင်တန်းရဲ့ သံကြိုးတန်းတွေကို စိန်ခေါ်ရမယ် ဆိုတာက သတင်းအဟောင်းတွေ။ အခု လိုအပ်ချက်အသစ်တွေ သတ်မှတ်ထားတယ်”
“ကျောင်းကိုဝင်ချင်ရင် တစ်ခုပဲ လုပ်စရာလိုတယ်။ အဲဒါက ... ဟားဟား...”
စကား ဝင်ပြောလိုက်သူသည် သူတို့နှင့် သိပ်မဝေးသည့် နေရာတွင် ထိုင်နေသည့် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့လက်ထဲတွင် ဝိုင်အိုးတစ်လုံးကို ကိုင်ထားပြီး တစ်ချက်တည်းနှင့် အပြောင်မော့ချ လိုက်လေသည်။
“အဲဒါက ပြောတာတော့ လွယ်ပါရဲ့။ မင်းလုပ်စရာ လိုတာဆိုလို့ ဟန်တောင်တန်းနဲ့ မျိုးနွယ်စုသုံးစုက ရုပ်နယ်လွန်နယ်ပယ် မာန်စွမ်းအားရှင်တွေကို စိန်ခေါ်ရုံပဲ။ ဒါပေမဲ့ မင်း သူတို့ကို စိန်ခေါ်တဲ့ အချိန်တိုင်းမှာ တိုက်ချက်တစ်ချက်ပဲ သုံးရမှာ။ မင်းစိန်ခေါ်တာ အောင်မြင်ရင် ကျောင်းတော်ကိုဝင်ဖို့ အရည်အချင်း မီသွားပြီ။ ဒါပေမဲ့ အရည်အချင်း မီရုံသက်သက်ပဲ။ အေးခဲကောင်းကင် ကလန်ကို မင်းဝင်နိုင်မဝင်နိုင် ဆိုတာတော့ သူတို့နောက်ထပ် ဆက်စစ်မယ့် စမ်းသပ်ချက်တွေပေါ်မှာ မူတည်တယ်”
“အဲဒါက စမ်းသပ်မှုတစ်ခု မဟုတ်ဘူး။ ဗြောင်ကျကျ ငြင်းလိုက်တာပဲလေ။ အေးခဲကောင်းကင် ကလန်က ဒီတစ်ကြိမ် စိတ်ဆုံးဖြတ်ထားတာပဲ။ သူတို့က လူတစ်ယောက်တည်းကိုပဲ ခေါ်သွားလိမ့်မယ်”
တည်းခိုခန်းအတွင်း ဆွေးနွေးသံများ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ ပြန်သည်။ သူတို့၏ မကျေနပ်ချက်များကို ဝိုင်နှင့် မျှောချပစ်သည်မှလွဲ၍ ထိုအရာကို ဆန့်ကျင်နိုင်ရန် သူတို့လုပ်နိုင်သည့် အရာမရှိပေ။
“နှစ်ရက်ပဲ လိုတော့တယ်။ နှစ်ရက်ပြီးရင် အေးခဲကောင်းကင် ကလန်ရဲ့ သံတမန်တွေက ဟန်ဖေးကျစ်ကို ခေါ်သွားလိမ့်မယ်။ ပြီးရင် ဟန်တောင်တန်းကို တပည့်လာခေါ်တဲ့ သူတို့ခရီးစဉ်က ပြီးပြီပဲ။ ငါတို့ အေးခဲကောင်းကင် ကလန်ကို ဝင်ချင်ရင်၊ နောက်ထပ် ၁၀ နှစ်စောင့်ရလိမ့်မယ်”
“အဲဒါကို ဘယ်သူမှ မလုပ်နိုင်တာတော့ မဟုတ်ဘူး”
စုမင်ဘေးတွင် ထိုင်နေသည့် တိတ်ဆိတ်နေသောလူက ထပြောလာသည်။
“စစ်နတ်ဘုရား အရှင်သာ ပြန်ရောက်လာရင်၊ သူဆိုရင်တော့ သေချာပေါက် အောင်မြင်နိုင်မှာပဲ”
“ဟန်တောင်တန်းရဲ့ သံကြိုးတန်းတွေကို လိုအပ်ချက်အဖြစ် သူတို့ အသုံးမပြုတော့ဘူးလို့ ကြေညာလိုက်တည်းက သူတို့ စစ်နတ်ဘုရား အရှင်ကို ဆန့်ကျင်နေတယ်ဆိုတာ အသိအသာပဲလေ။ စစ်နတ်ဘုရားအရှင် ပြန်လာခဲ့ရင်တောင်၊ အဲဒါက သူ့အတွက်လည်း လွယ်မှာမဟုတ်ဘူး”
“စစ်နတ်ဘုရား အရှင်အပြင် တံခါးပိတ်ကျင့်ကြံဖို့ ထွက်သွားခဲ့တဲ့ ဆရာ ယွမ်ကျန်းမှာလည်း အခွင့်အရေး ရှိနိုင်တာပဲ”
“မော့စုလည်း ကျန်သေးတယ်။ အဲဒီထူးခြား ဆန်းကြယ်တဲ့ ရုပ်နယ်လွန် မာန်စွမ်းအားရှင်သာ ပေါ်လာခဲ့ရင် သူ့မှာလည်း အခွင့်အရေး ရှိနိုင်တယ်။ အဲဒီသုံးယောက်ကလွဲရင် ဟန်တောင်တန်း မြို့တော်ထဲက ဘယ်သူမှ ဒါကိုလုပ်နိုင်မှာ မဟုတ်ဘူး”
စုမင် ဘာစကားမှ ထပ်မပြောတော့ပဲ စားပွဲတွင်သာ ထိုင်လျက် ဝိုင်ကို တစ်ငုံပြီးတစ်ငုံ သောက်နေလိုက်သည်။ ကောင်းကင်သည် တဖြည်းဖြည်း လင်းလာချိန်တွင်တော့ တည်းခိုခန်းအတွင်းမှ လူအများစုသည် စကားပြောနေရာမှ ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။ သူတို့ထဲမှ အချို့ဆိုလျှင် ထွက်ခွာသွားရန်ပင် ရွေးချယ်လိုက်ကြပြီ ဖြစ်သည်။
စုမင်ဘေးမှ တိတ်ဆိတ်သည့်လူ၏ မျက်နှာမှ တွန့်ဆုတ်မှုများက ပိုမိုပြင်းထန် လာခဲ့သည်။ သူသည် စုမင်ကို ကြည့်လိုက်သည်။ ထို့နောက် ခဏတာတုံ့ဆိုင်းနေပြီး နောက်တွင်တော့ မတ်တတ်ထရပ်လျက် လက်သီးနှင့် လက်ဝါးထပ်ကာ နှုတ်ဆက်လိုက်ရင်း အံ့အားသင့်နေသည့် သူ့အဖော်နှင့်အတူ ထွက်သွားတော့သည်။
ထိုအချိန်တွင် တည်းခိုခန်း အတွင်း၌ စုမင်အပြင် လူသုံးဦးသာ ရှိတော့သည်။
သို့သော် ထိုသုံးဦးမှာ မူး၍ အိပ်ပျော်နေခဲ့ကြခြင်း ဖြစ်သည်။ သူတို့က စားပွဲပေါ်သို့ မှောက်အိပ်နေကြပြီး သူတို့ဟောက်သံများကို အပြင်ဘက်ကပင် ကြားနိုင်လေသည်။
“အဲဒီလူက ရုပ်နယ်လွန် နယ်ပယ်ကို ရောက်နေပြီ”
စုမင်အကြည့်က တည်းခိုခန်းမှ ထွက်ခွာသွားသည့် လူနှစ်ဦးထဲမှ တိတ်ဆိတ်သည့် လူအပေါ် ကျရောက်သွားခဲ့သည်။
စုမင် ငေးကြည့်နေသည့် တည်းခိုခန်းအပြင်မှ အမျိုးသားသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် သွားပြီးချိန်တွင် သူ့မျက်နှာပေါ်၌ လေးနက်သည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူ့မျက်လုံးများ အတွင်းမှ တွန့်ဆုတ်မှုများကတော့ ထိတ်လန့် တုန်လှုပ်မှုများအဖြစ် ပြောင်းလဲသွားခဲ့သည်။
“ညီနောင်ယွမ်၊ ဘာဖြစ်လို့လဲ။ အဲဒီလူနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတာ ရှိလို့လား”
သူ့အဖော်က ခပ်တိုးတိုး မေးသည်။
“တိတ်တိတ်နေ၊ ထပ်မပြောနဲ့တော့။ သူက ... အဲဒီလူက...”
တိတ်ဆိတ်သည့် အမျိုးသားသည် အသံအက်အက်ဖြင့် လျင်မြန်စွာ ပြောဆိုလိုက်သည်။ ထို့နောက် အသက်ပြင်းပြင်း ရှူရှိုက်မိရင်း သူ့နောက်မှ တည်းခိုခန်းကို လှည့်ကြည့် လိုက်မိသည်။ စုမင်ကို သူမမြင်နိုင်သော်လည်း သူ့မျက်လုံးထဲတွင် အလွန်အမင်း လေးစားမှုများ ရှိနေခဲ့သည်။
“သူ့အကြောင်းကို ငါတို့မပြောသင့်ဘူး။ သူက ငါတို့ သွားရှုပ်လို့ရတဲ့သူ မဟုတ်ဘူး။ အခုလေးတင် သူငါ့ကို တစ်ခုခု ပြောလိုက်တယ်။ အဲဒါက ငါ့နှလုံးကို အခုန်မြန်သွားစေတယ်။ ပြီးတော့ ငါ့ချီတွေတောင် မတည်မငြိမ် ဖြစ်သွားသေးတယ်”
“ဘာ ... ဒါဆို သူ့အဆင့်က ဘယ်လောက်လဲ”
သူ့အဖော်သည် ထိတ်လန့် တုပ်လှုပ်သွားပြီး အမူအရာများ ချက်ချင်း ပြောင်းသွားခဲ့သည်။
ယွမ်အမည် ရှိလူသည် ခဏတာ တိတ်ဆိတ်နေပြီးမှ ပြန်ဖြေလာသည်။
“မျိုးနွယ်စုသုံးစုရဲ့ အကြီးအကဲတွေတောင် ငါ့ကို စိတ်လှုပ်ရှားသွားအောင် မလုပ်နိုင်ဘူး။ သူ့ကျင့်ကြံဆင့်က ဘယ်လောက်လို့ မင်းထင်လဲ”
***