← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အပိုင်း (၁၁၁) သတင်းပေးခံရခြင်း

နေ့လည်စာစားချိန်တွင် ရှန်းလီသည် ကလေးနှစ်ယောက်နှင့် ပြန်ရောက်လာပြီး စန်းလော့ လေးခွဟုခေါ်သောအရာကို ရိပ်ခနဲမြင်လိုက်ရလေသည်။

သူမသည် လေးခွတစ်ခုကို ခွဆုံတစ်ခုနှင့်အကိုင်းအခက်ကို အစွန်းနှစ်ဖက်တွင် သားရေကြိုးဖြင့်ချည်ထားပြီး ကျောက်ခဲအတွက် သားရေအပိုင်းတစ်ခုဖြင့်ထိန်းထားရသည့်ဟာဟု စိတ်ကူးကြည့်သည်။ ဟုတ်ပါသည်။ ဤနေရာတွင် သားရေကြိုးမရနိုင်သောကြောင့် အလားတူပစ္စည်းများဖြင့် ပြုလုပ်ရမည်။

သို့သော် ပျော်ရွှင်နေသောရှန်းအန်းမှ လှမ်းပေးလာသည့် တစ်ကယ့် လေးခွတစ်ခုသည် စန်းလော့၏မျက်လုံးထဲတွင် လေးတစ်ချောင်း၊ မြှားတစ်စင်းနှင့် လုံးဝမကွာခြားပေ။

ထိုအရာသည် အမှန်ပင် လေးတစ်ချောင်းဖြစ်သည်။

ဝါးဖြင့်ပြုလုပ်ထားပြီး လေးခွတွင် လေးတစ်ခုနှင့်ကြိုးတစ်ချောင်းရှိ၏။ လေးနှင့်မြှား၏ တစ်ခုထဲသောကွဲပြားမှုမှာ မြှားတံများအစား တပ်ဆင်ထားသောကြိုး၏အလယ်တွင် ကျောက်တုံးများကိုထည့်ရန် သားရေပိုင်းလေးတစ်ခုတပ်ဆင်ထားသည်။ ထိုအရာသည် သေးငယ်ပြီး ရှန်းအန်းလိုကလေးတစ်ယောက်အရွယ်အတွက်တော့ ကွက်တိပင်။

ရှန်းအန်းသည် သူ၏လေးခွအသစ်ကို မြတ်နိုးပြီး ကလေးမလေးရှန်းနဉ်သည် သိပ်ပြီး စိတ်မဝင်စားသော်လည်း သူ့အစ်ကိုရွှင်မြူးနေသည်ကို ပြုံးပြီးကြည့်နေတော့၏။

ဟင်းရနံ့၏ဆွဲဆောင်မှုကိုခံနေရပြီးဖြစ်သည့် မောင်နှမနှစ်ယောက်သည် လေးခွကိုဘေးသို့ချလိုက်ပြီး သူတို့လက်များကို ဆေးကြောရန် ထွက်သွားကြလေသည်။ ထို့နောက် ရှန်းလီသည် စန်းလော့ဆီ ငုံ့ကာပြောလိုက်၏။

"မင်းဟာက ရှန်းအန်းနဲ့ရှန်းနဉ်တို့ သုံးနေတာထက် ပိုပြီးကြီးဖို့လိုတယ်။ နေ့လည်ကျရင် မင်းအတွက် အသစ်တစ်ခုလုပ်ပေးမယ်။ ကျွန်တော်တို့အိမ်ဘေးမှာ သစ်ရွက်တစ်ချို့ကို ချိတ်ပေးထားမယ်။ ဒါဆိုရင် အိမ်မှာလေ့ကျင့်လို့ရပြီ။ လေးခွကို ကျွမ်းကျွမ်းကျင်ကျင် ပစ်တတ်သွားတာနဲ့ လေးနဲ့မြှားတစ်ခု လုပ်ပေးမယ်"

စန်းလော့သည် ရှန်းလီ၏အကြည့်နှင့် ဆုံရန် မော့ကြည့်လိုက်ပြီး ထိုအချိန်တွင် သူမသည် ၂၈နှစ်ဆိုသော်ငြားလည်း လက်ရှိတွင် ၁၆နှစ်သမီး မဟုတ်တော့ကြောင့် ခံစားလိုက်ရသည်။ သူ့မျက်လုံးများတွင် သူမ၏ပုံရိပ်ကို မြင်ရခြင်း ကြောင့်လား၊ လူငယ်လေးတစ်ယောက်၏ စူးရှသော်လည်း ကြင်နာယုယသော အကြည့်ကြောင့်လားတော့ မသိပေ။ သူမ၏ နှလုံးခုန်သံက မြန်လာပြီး ပုံမှန်မဟုတ်သလိုခံစားရ၏။

သူမသည် မြန်မြန်ပြုံးပြကာ ပြန်ထွက်လာလိုက်၏။

"အင်းပါ၊ လက်ဆေးပြီး စားကြရအောင်"

ကိုယ်ကိုလှည့်လိုက်ပြီး သူမသည် တိတ်တိတ်လေး အသက်ရှု ထုတ်လိုက်လေသည်။

၁၈နှစ်အရွယ်သူမသည် နောက်တစ်ကြိမ်တွင် အရမ်းနီးနီးကပ်ကပ် မရပ်ရန် သူမကိုယ်သူမ သတိပေးလိုက်၏။

ဤအတွေးသည် မလိုအပ်ဟုထင်ရ၏။ နေ့လည်ရောက်တော့ ရှန်းလီသည် သူမ၏လေးခွလုပ်ပြီးပြီဖြစ်ပြီး အိမ်ဘေးတွင်သစ်ရွက်များကို ဆွဲထားကာ ထိုအရာကို မည်သို့သုံးရမည်ကို ကိုယ်တိုင်သင်ကြားပေးလေသည်။

ဆန့်ကျင်ဘက်လိင်တစ်ယောက်၏ အနောက်မှနေ၍ လုံးဝသိုင်းဖက်ထားလုနီးပါးဖြစ်ပါက မည်သို့ခံစားရပါသနည်း...

စန်းလော့သည် သူမ၏ယခင်ဘဝတွင် မသိခဲ့သော်လည်း ယခုဘဝတွင် ထိုအရာကို အသေအချာမဖော်ပြတတ်ပေ။ - ကိုးရိုးကားယား၊ နေရခက်သလိုလို၊ ဒါမှ တစ်ခြားတစ်ခုခုလားပဲ။ ဖြစ်နိုင်သည်က ရှန်းလီသည် သူမ၏မျက်လုံးထဲတွင် အလွန်မှငယ်ငယ် သယောင်ထင်ရသော်လည်း လက်တွေ့တွင် သူသည် အရပ်မြင့်မြင့် ခြေတံရှည်ရှည် သူမထက် ခေါင်းတစ်လုံးပိုမြင့်ကာ သူမကို အုပ်မိုးထားသောကြောင့် ဖြစ်နိုင်သည်။

ရှန်းလီသည် အလွန်သတိထားကာ အကွာအဝေးကို ထိန်းသိမ်းရင်း သူမကို ထိရုံမျှဖြင့် နည်းပညာများကို စိတ်အားထက်သန်စွာရှင်းပြနေသည့် ထူးထူးဆန်းဆန်း ခံစားနေရသည်။ သို့သော် အရမ်းနီးကပ်လွန်းနေပြီး သူ၏မြင့်မားသည့်ကိုယ်ထည်က သူမကိုလွှမ်းခြုံထားတော့မလို ဖြစ်နေသဖြင့် သူ့အသက်ရှူသံများ ချင်းနင်းဝင်ရောက်လာသည်ကိုပင် ခံစားရလေသည်။

ထိုအခါမှ စန်းလော့က ရှန်းလီသည် ရှန်းအန်းနှင့်ရှန်းနဉ်တို့လို မဟုတ်သည်ကို နားလည်သွားပြီး ထိုအရာသည် လုံးဝ မတူညီသောကိစ္စဖြစ်၏။

လေးခွအသုံးပြုပုံကို သင်ယူခြင်းသည် စန်းလော့အတွက် ဆယ်မိုင်ခရီးကို လမ်းလျှောက်ရခြင်းထက်ပင် ပို၍ပင်ပန်းနွမ်းနယ်စေပြီး သူသည် ၁၈နှစ်အရွယ် အထက်တန်းကျောင်းသားတစ်ယောက်သာဖြစ်ကြောင်း သူမကိုယ်သူမ ဆက်တိုက်သတိပေးနေရသည်။

ကံကောင်းစွာဖြင့် သူမသည် သင်ယူတတ်မြောက်မြန်ပြီး နည်းလမ်းများကို မှတ်ထာလိုက်ကာ ဖြည်းဖြည်းချင်း ရင်းနှီး‌အောင် လုပ်လိုက်ပြီး ကျွမ်းကျင်လာပြီဟု ခံစားရပြီးနောက်တွင်တော့ တဖြည်းဖြည်းချင်း သူ့ကို အဝေးသို့ အမြန်လွှတ်လိုက်၏။

ရှန်းလီသည်လည်း ထွက်ပေါက်တစ်ခုကို အလျင်အမြန်ပြုလုပ်ရင်း အစွမ်းကုန် ပူးပေါင်းလေသည်။

စန်းလော့သည် နေရခက်ပြီး စိတ်မသက်မသာဖြစ်ရုံမျှသာ ခံစားရပါက ဤသည်မှာ ရှန်းလီအတွက်တော့ သူ့နှလုံးသားထဲတွင် ဗုံတီးနေသကဲ့သို့ဖြစ်ပြီး ပထမဆုံးအတွေ့အကြုံတစ်ခုဖြစ်၏။ စန်းလော့သည် သူရှိနေသည့်အတွက် သက်ရောက်မှုမရှိဘဲ လေးခွပစ်ခြင်းအပေါ် အာရုံစိုက်မှုအပြည့်ရှိနေခြင်း မဟုတ်ခဲ့လျှင် သူသည်လည်း တည်ငြိမ်မှုကို ထိန်းထားနိုင်မည်မဟုတ်ပေ။

သူသည် တောင်အောက်ကို မရောက်ခင်အထိ မနားတမ်းလျှောက်လာပြီးမှ ခဏလောက် ရပ်လိုက်ကာ ထူထဲသောသူ့အင်္ကျီအောက်ထဲကပင် သိသာအောင် လွန်လွန်ကဲကဲခုန်နေသော သူ့နှလုံးခုန်သံကို ပုံမှန်ဖြစ်အောင် လုပ်နေရသည်။

သူသည် တောနက်များထဲတွင် ဝံပုလွေအုပ်စုငယ်နှင့် ထိပ်တိုက်တွေ့သောအခါတွင် နှလုံးခုန်သကဲ့သို့ ခံစားရလေသည်။ သို့သော် ဒါကတော့ ခံစားချက်အားလုံးပေါင်းထားသည့် မတူညီသည့်ခံစားချက်တစ်ခုပင်။ - အနီးကပ် ရပ်ရုံမျှဖြင့် ပျော်စရာကောင်းခြင်း၊ ပီတိဖြစ်ခြင်း၊ စိတ်လှုပ်ရှားမှု၊ အလွန်အမင်း ရွှင်မြူးမှုတို့ဖြင့် ကွဲပြားသောခံစားမှုများကိုရလေ၏။

ရှန်းလီသည် ရှန်းအန်းနှင့်အခြားသူများ လေးခွပစ်လေ့ကျင့်နေသော တောင်ကုန်းဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်မသွားခင် သူ့နှလုံးခုန်သံကို တည်ငြိမ်စေရန် ခဏမျှမတ်တပ်ရပ်ရင်း တောင်တစ်ဝက်တွင်ရှိသော ခြံဝင်းငယ်လေးကို လှည့်ကြည့်လိုက်လေသည်။

……

ရှန်းကျင့်သည် သူ့အလှည့်တွင် လေးခွပစ်ပြီးနောက် ရှန်းအန်းနှင့်ရှန်းနဉ်တို့နှင့် တလှည့်စီလုပ်ကြသည်။ အစ်ကိုဝမ်းကွဲသည် သူရောက်လာသည်ကို ဘာမျှမပြောဘဲ ပြုံးရင်းဖြင့် သီးခြား ညွှန်ကြားချက်တစ်ချို့ကိုပင် ပေးလိုက်သေးသည်။

ရှန်းကျင့်သည် အလွန်ပျော်ရွှင်သောကြောင့် ပါးစပ်မစေ့နိုင်အောင်ပင် အားရပါးရပြုံးနေ၏။

ရှန်းယင်နှင့်ရှန်းထျယ်တို့သည် လေးခွကိုအသုံးပြုရန် ငယ်လွန်းသေးရာ ကြည့်နေရုံနှင့်ပင် ကျေနပ်နေကြပြီး တစ်ခါတစ်ရံ သူတို့၏ဝမ်းကွဲများ ခွင့်ပြုသောအခါတွင် ထိကိုင်ကြည့်ကြပြီး စိတ်ဝင်စားစရာကောင်းသည်ကို သိရှိကြလေသည်။

ကလေးများသည် ခဲယမ်းအဖြစ် အသုံးပြုရန်သင့်တော်သော ကျောက်တုံးများကို စုဆောင်းရာတွင် စိတ်လှုပ်ရှားလာကြပြီး တစ်ခုချင်းဆီကို ရတနာအဖြစ် မှတ်ယူကြ၏။

ညနေခင်းတွင် စန်းလော့သည် ကျောက်ခဲအိတ်အပြည့်တစ်လုံးနှင့် ဝမ်းသာအားရ ပြန်လာ‌ကြသောကလေးများကို တွေ့လေသည်။ သူမက အထူးသဖြင့် ကျောက်ခဲသယ်ရန်အတွက် သိုင်းလွယ်လို့ရသည့် အိတ်အသေးနှစ်လုံးကို ရှန်းလီ၏အဝတ်အစား အဟောင်းများကို ပြန်သုံးကာ ချုပ်ပေးနေသည်ကို ခဏရပ်ထားလိုက်သည်။

ကလေးများသည် သူတို့၏အိတ်အသစ်များကြောင့် စိတ်လှုပ်ရှားနေကြပြီး သူတို့ရှာဖွေလာသော ကျောက်တုံးများကို ဂရုတစိုက်ဆေးကြောကာ အခြောက်ခံလိုက်ပြီး နောက်တစ်နေ့တွင် သူတို့၏လေးခွများဖြင့် အသုံးပြုရန် အဆင်သင့်ပြင်ထားကြလေသည်။

နှစ်ရက်အတွင်း အခြားမိသားစုလေးစုမှ ကလေးများတွင် ရှန်းအန်းနှင့်ရှန်းနဉ်၏ အိတ်ပုံစံများကို နမူနာယူထားသော အိတ်ဆင်တူတစ်လုံးစီ ရှိနေပြီဖြစ်သည်။ ရှန်းကျင့်တွင် တစ်ခုတောင်မရှိသော်လည်း သူ့အင်္ကျီတွင် အိတ်ကပ်များရှိသောကြောင့် မမှုပေ။ သူ့အမေသည် အဝေးတွင်ရှိနေပြီး သတိမထားမအောင် ကျောက်ခဲများကို ထိုအထဲသို့ထည့်နိုင်ပြီး လေ့ကျင့်ရန် လေးခွလေးတစ်ခုသာ လိုတော့သဖြင့် ဝမ်းသာနေရသည်။

ရှန်းကျင့်သည် ရှန်းအန်း၏မနက်ခင်း လုပ်နေကျလေ့ကျင့်ခန်းကိုပင် မေးမြန်းပြီး မနက်ခင်း စောစောပြေးခြင်းနှင့် လေ့ကျင့်ခန်းများအတွက် အုပ်စုနှင့်အတူ တိတ်တဆိတ်ပါဝင်လေသည်။

ပြည်သူ့စစ်သင်တန်းလေးကို ပိုပြီး ဖွဲ့စည်းလာနိုင်သည်တွင် နောက်ထပ် ပြဿနာတစ်ခု ပေါ်ပေါက်လာ၏။ ငါးရက်မြောက်နေ့တွင် ကျိုးလီကျန့်သည် ကြေညာချက်မပါ၊ မောင်းလဲမတီးဘဲ ထူးထူးခြားခြား ရွာသို့လာပြီး ကျိုးရွာသူကြီး၏အိမ်တည့်တည့်ကို ဦးတည်သွားလေသည်။

ကျိုးဝူလန်သည် တောင်တက်လမ်းတစ်ဝက်ရှိ ရှန်းလီနှင့်စန်းလော့တို့ကို အကြောင်းကြားရန် အလောတကြီးရောက်လာချိန်တွင် သူတို့သည် သူတို့၏မိသားစုများသည် ရွာ၏လုပ်ပိုင်ခွင့်ရှိသူထံ တိုးတိုးတိတ်တိတ် တိုင်ကြားခံလိုက်ရသည်ကို သိလိုက်ရလေသည်။

တိုင်ကြားချက်မှာ မသင်္ကာဖွယ် လုပ်ဆောင်နေပြီး မကောင်းသည့် ရည်ရွယ်ချက်များ ရှိနေသည်ဟု သူတို့ကို စွပ်စွဲထားသည်။

ကျိုးဝူလန်က ပြောလိုက်၏။

"အဖေက အစ်ကိုလီကို ကျွန်တော်တို့အိမ်ကိုဆင်းလာဖို့ ပြောလိုက်တယ်။ ဦးလေး၇(ကျိုးလီကျန့်) ကလဲ မေးစရာရှိလို့ ရောက်နေတယ်၊ မိသားစုတစ်စုကို လူတစ်ဦးလာရင် အခြေအနေကို ရှင်းပြဖို့ လုံလောက်ပါတယ်"

အမှာစကားကို ပြောပြပြီးနောက် ကျိုးဝူလန်သည် အမြန်ထွက်သွားတော့သည်။

ရှန်းလီနှင့်စန်းလော့တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး အကြောင်းအရာတစ်ခုတည်းကို စဉ်းစားမိလိုက်ကြသည်။ ရှန်းလီက အိပ်ယာအောက်တွင် ဖွက်ထားသော အထုပ်တစ်ခုကို ပြန်ထုတ်ယူကာ ထွက်သွားပြီး မကြာမီတွင် လက်ဗလာဖြင့် ပြန်ရောက်လာလေသည်။

"တောင်အောက်ကို ခဏလောက်သွားလိုက်ဦးမယ်"

အထိမခံနိုင်သောပစ္စည်းများကို ဖွက်ထားပြီးသဖြင့် စန်းလော့သည် စိုးရိမ်မှုမရှိဘဲ ခေါင်းညိတ်သဘောတူလိုက်လေသည်။

……

ကျိုးမိသားစုအိမ်တွင် ကျိုးလီကျန့်ဘေးရှိစားပွဲပေါ်၌ ဝါးလေးခွနှစ်ခုကို တင်ထားလေသည်။

ကျိုးလီကျန့်က သရော်ပြုံးပြုံးလိုက်၏။

"မိသားစုထဲက ကလေးတွေအတွက် လုပ်ထားတဲ့ ကစားစရာ အရုပ်သက်သက်ပဲလေ၊ အခုတော့ တစ်ယောက်ယောက်က ငါတို့ကို ဒီလိုလာစွပ်စွဲနေတာလား။ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ဆို ကြေညာနေတယ်၊ ဘယ်လိုမကောင်းတဲ့ ရည်ရွယ်ချက်မျိုး ဖြစ်နိုင်မှာလဲ။ သူတို့က ပြင်းထန်တဲ့ပြစ်မှုတစ်ချို့ကို ချဲ့ကားပြောဆိုပြီး ငါတို့အပေါ်ကို ခေါင်းပုံချရင် ကျိုးမိသားစုတစ်ခုလုံးက တာဝန်ယူနိုင်မှာ မဟုတ်ဘူး"

‘ကျိုးမိသားစု’ဟုပြောလိုက်သည်တွင် ကျိုးလီကျန့်ကို စိတ်ထဲတွင် တုန်ယင်သွား၏။

"ကျိုးကျန့်၊ အခြေအမြစ်မရှိတဲ့ တောင်းဆို‌မှုတွေကို မလုပ်ရင် ပိုကောင်းမယ်။ ငါတို့က အဲ့လောက်အရေးကြီးတဲ့ကိစ္စတစ်ခုမှာမှ ပါဝင်ပတ်သက်နေတာမရှိဘူး"

ကျိုးလီကျန့်က သရော်လိုက်၏။

"ဘာလို့လဲဆိုတော့ မင်းက ရွာသူကြီးဖြစ်နေလို့ပဲ ကျိုးကျန့်။ ငါတို့ကို ဆန့်ကျင်တဲ့အကြီးအကဲဖြစ်နေခဲ့ရင် ဘာဖြစ်မလဲ။ သူတို့က ဒါကိုအသုံးချပြီး ပြဿနာ ရှာနိုင်တယ်မလား၊ ငါတို့မိသားစု ကြီးပွားနေတာကို ဘယ်သူက မရှုစိမ့်နိုင်တာလဲဆိုတာ ငါ ဖော်ထုတ်ဖို့လိုတယ်"

ကျိုးလီကျန့်သည် အကြည့်ကို အောက်ချပြီး ငြိမ်နေလိုက်၏။

ထို့နောက် ရှန်းလီ၊ ချန်းသရှန်၊ ရှီသလန်နှင့် လုအာ့လန်တို့ ရောက်လာကြလေသည်။ ကျိုးလီကျန့်က ကြည့်ပြီး ပြောလိုက်၏။

"ငါ ဘာလို့ခေါ်ရလဲဆိုတာ မင်းတို့အားလုံးသိတယ်မလား။ ထုတ်ပြောကြ"

အကြီးဆုံးဖြစ်သည့် ရှီသလန်သည် ကြားဝင်ပြီး ဒေါသတကြီးဖြင့် ပြတ်ပြတ်သားသားပြောလိုက်၏။

"သူများကောင်းစားနေတာကို ဘယ်သူက သည်းမခံနိုင်တာလဲ"

သူသည် ဆုံးရှူံးသွားသော ညာဘက်လက်ကိုပြရင်း ဒေါသတကြီး ပြောလိုက်၏။

"ငါ့လက်မောင်းကို ကြည့်လိုက်၊ စစ်မြေပြင်မှာ ဆုံးရှုံးသွားတာမဟုတ်ဘူး။ ငါတို့ရွာထဲက ဘယ်နှစ်ယောက်လောက် စစ်ပွဲကို ထွက်ခဲ့ရလဲ၊ အားလီနဲ့သရှန်တို့ရဲ့ကျွမ်းကျင်မှုနဲ့ ငါတို့ရဲ့အမဲလိုက်စွမ်းရည်ကို ကျေးဇူးကြောင့် ငါတို့လေးယောက်ပဲ အသက်ရှင်ခဲ့တာ၊ အဲ့လိုပြင်းထန်တဲ့ သင်ခန်းစာကို သင်ယူခဲ့ရတာ ငါတို့သားသမီးတွေနဲ့တူတွေကို လေ့ကျင့်ပေးလို့ မရဘူးလား။ ရုံးတော်ကရော စစ်မှုထမ်း မခေါ်တော့ဘူးလား၊ ဒါမှမဟုတ် နောက်တစ်ကြိမ်ကျရင် ငါတို့မိသားစုက ကလေးတွေနဲ့တူတွေက ကင်းလွှတ်ခွင့် ရမှာမလို့လား။ စစ်မြေပြင်မှာ သူတို့ရဲ့ ဘဝတွေ၊ ခြေတွေလက်တွေ ဆုံးရှုံးသွားတာကိုရော ငါက ကြည့်နေရမှာလား"

လုအာ့လန်သည်လည်း ဒေါသဖြင့်ပြောလိုက်၏။

"ဟုတ်တယ် ရွာအုပ်ချုပ်ရေးမှူး၊ ဘယ်သူက ကျွန်တော်တို့ကို အငြှိုးနဲ့စွပ်စွဲနေတာလဲ"

ကျိုးလီကျန့်သည် ဘာပြောရမှန်းမသိဖြစ်သွားလေသည်။

သကန်မင်းဆက်သည် အိမ်နီးချင်းများကို တစ်ဦးနှင့်တစ်ဦး သတင်းပေးကြရန်တွန်း‌အားပေးပြီး သတင်းပေးသူများကို ကာကွယ်ပေးထား၏။ သူသည် ရန်သူ့နယ်မြေတွင် အဓိကတပ်၏ စွန့်ပစ်ခြင်းကိုခံရသော ရှီသလန်နှင့်အခြားသူများ၏ ဒုက္ခသုက္ခများကို သိလေသည်။ တပ်မှူးသည် သူတို့အား စွန့်ပစ်ခံ နယ်ရုပ်များအဖြစ်ချန်ထားခဲ့ပြီး သူ့အလိုတော်ရိများနှင့် ဆုတ်ခွာသွား‌ခဲ့၏။

သူတို့သည် မကျေနပ်ချက်များကို တေးထားမည်မှာ စိုးရိမ်ရိမ်သဖြင့် သူက လျို့ဝှက်တိုင်ကြားမှုကိုကြားတော့ လာရောက်စုံစမ်းလေသည်။ ယခုတော့ သူသည် ကလေးများ၏လေးခွများကိုမြင်တော့ စွပ်စွဲသူများ၏ တိတ်တဆိတ် လက်နက်များပြုလုပ်နေသည်ဟူသော တိုင်ကြားချက်ကို ခံပြင်းမိ၏။

အမှန်ပင်။ ရှီသလန်၏စကားများသည် အမှန်တရားများပါဝင်ပါသည်။ သူတို့၏အသက်ဘေးမှ ခက်ခက်ခဲခဲလွတ်မြောက်ခဲ့ရပြီး စစ်မြေပြင်တွင်ရခဲ့သော စွန့်စားမှုများကို အမှတ်ရစေသည့် လက်အပြတ်ကို သာကြည့်နိုင်လေသည်။ သူတို့သည် သူတို့၏ကလေးများနှင့်တူများကို အသက်ရှင်နေထိုင်မှုစွမ်းရည်များအား တတ်မြောက်စေချင်ကြသည်က သဘာဝပင်။

သူသည် အရေးမထားဘဲ လက်ကာပြလိုက်လေသည်။

"ကောင်းပြီ၊ ငါက ဒီအတိုင်းလာ ကြည့်တာ၊ မင်းရဲ့ကလေးတွေနဲ့တူတွေကို လေ့ကျင့်ပေးတာက ကောင်းပါတယ်၊ ဒါပေမယ့် အလွန်အကျွံ မဖြစ်အောင်တော့ သတိထားပေါ့"

သူသည် ဤစကားများကို ကျိုးချွမ်ကျန့်သို့ တိုက်ရိုက်ပြောလိုက်လေသည်။

အဆုံးတွင်တော့ သူတို့သည် တူညီသောမျိုးနွယ်စုနှင့် မိသားစုမှဖြစ်ပြီး မည်သည့်လေးနက်သောကိစ္စမဆို ကျိုးချွမ်ကျန့်မိသားစုတစ်စုနှင့်သာ မသက်ဆိုင်ပေ။

သူ့မျိုးနွယ်အကြီးအကဲ၏သတိပေးသည့်အကြည့်ကို နားလည်တော့ ကျိုးရွာသူကြီးသည် ရယ်မောလိုက်၏။

"ချီအစ်ကို၊ စိတ်ချပါ၊ ကျွန်တော်က အဲ့လိုကိစ္စမျိုးတွေကို သတိမထားမိမယ့်သူလား"

ကျိုးလီကျန့်က ခေါင်းညိတ်ပြလိုက်၏။

"မင်း နားလည်သရွေ့ ကောင်းတာပဲ။ တစ်ခြားဘာမှမရှိတော့ဘူး။ ကိုယ့်အလုပ်ကိုယ် ပြန်လုပ်လို့ရပြီ"

ဤသည်ကိုပြောရင်း လှည့်ကာ ထွက်ခွာသွားတော့၏။

"အစ်ကိုချီ"

ကျိုးရွာသူကြီးက သူ့နောက်မှ ခြေလှမ်းအနည်းငယ်လိုက်ကာ လိုက်ပါပို့ဆောင်ပေးလေသည်။

"အနည်းဆုံးတော့ ပြဿနာရှာတယ်လို့ ယူဆရတဲ့သူတွေကို ငါ့ကို ပေးသိသင့်တယ်မလား"

သူသည် တိတ်တဆိတ်ခန့်မှန်းပြီး နာမည်တစ်ခုကိုပြောလိုက်လေသည်။

ကျိုးလီကျန့်က သူ့ကိုကြည့်ပြီး ခေါင်းခါလိုက်၏။

"ရပြီ၊ သူမဟုတ်ဘူး။ အရမ်းကြီး သိနေစရာလဲမလိုဘူး။ အခုနောက်ပိုင်း မင်း မိသားစုက ကောင်းစားနေတာပဲ၊ မနာလိုမှုတစ်ချို့ကို ဆွဲဆောင်ခံရမှာပဲ"

သူသည် သူတို့၏ဖြတ်သန်းခွင့်များကို လုပ်ပေးနေရသဖြင့် သူတို့၏ကိစ္စများကို အနည်းအကျဉ်းသိထားလေသည်။

လာလည်သူပြန်သွားသည်နှင့် ကျိုးရွာသူကြီးသည် ပင်မဆောင်ထဲသို့ ပြန်ဝင်လာ၏။ ရှန်းလီက မေးမြန်းလိုက်လေသည်။

"ကျွန်တော်တို့အိမ်နဲ့ တစ်ခုခု ပတ်သက်နေတာလား"

မကြာသေးမီက ရန်လိုမှုနှင့်ပတ်သက်ပြီး သူ အလွန်ဆုံးလုပ်ခဲ့သည်မှာ အဆင့်အတန်းမရှိသောသူ့ဦးလေးကို ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

ကျိုးရွာသူကြီးက ခေါင်းခါလိုက်၏။

"မဟုတ်ဘူး။ ဒါက တစ်ခြားမိသားစုကနဲ့တူတယ်"

အစပိုင်းတွင် ရှန်းစန်းကို သံသယရှိသော်လည်း သူ့အစ်ကိုက ငြင်းလိုက်သောကြောင့် သူ မဖြစ်နိုင်ပေ။ ဤကိစ္စများတွင် တစ်ချို့သော စံနှုန်းများဖြင့် စည်းသားထားတတ်သည့် သူ့အစ်ကိုသည် အရာအားလုံးကို ထုတ်မပြောနိုင်သော်လည်း ကျိုးမိသားစု၏ဂုဏ်သတင်းကို လောင်းကြေးထပ်ခြင်းနှင့် တိုက်ရိုက်မေးမြန်းခြင်းတွင် သူသာ လူအမှန်ကို ဖော်ထုတ်နိုင်ပါက သူ့အစ်ကိုကလည်း သူတို့ကို ဖုံးကွယ်ပေးနိုင်မဟုတ်ပေ။

"စီရင်စုမှာ မင်းတို့မိသားစု လုပ်ငန်းတွေ အောင်မြင်နေတာရယ်၊ သိပ်မကြာခင်က စပါးတွေ အများကြီး ဝယ်ထားကိုပါ ပေါင်းလိုက်တော့ နည်းနည်းအာရုံစိုက်ခံနေရတာဖြစ်မယ်။ ဒါပေမယ့် အဆင်ပြေပါတယ်။ ငါတို့က ငါတို့အတိုင်းပဲဆက်ပြီး သတိရှိဖို့ပဲ လိုအပ်တယ်"

ကျိုးရွာသူကြီးပါဝင်သောကြောင့် ကျိုးလီကျန့်သည် ထိုကဲ့သို့ အတော်လေး ထိခိုက်မခံသည့်ကိစ္စများအတွက် သူတို့အား ဒုက္ခရောက်စေမည် မဟုတ်ပေ။

ရှန်းလီက ခေါင်းညိတ်ကာ ပြောလိုက်၏။

"ဦးလေးကျိုး၊ ဒီနေရာမှာ ကျွန်တော်တို့ ဦးလေး အာရုံစိုက်ပေးဖို့ လိုတယ်။ မနက်ဖြန်မနက်မှာ သရှန်နဲ့ကျွန်တော် တောထဲကိုသွားရမယ်။ ဒီအချိန်က အတိမ်းအစောင်းမခံဘူး။ ကျွန်တော်တို့ ရက်ပေါင်းများစွာသွားရနိုင်တယ်"

တောထဲသို့ဦးတည်သွားခြင်းက အရန်အစီအစဉ်အတွက် တောနက်ထဲတွင် ကင်းထောက်ခြင်းဖြစ်သည်။ အစက လွန်ခဲ့သောနှစ်ရက်ထဲက စီစဉ်ထားခဲ့သော်လည်း သူတို့သည် အဆိပ်မြှားများ ပြင်ဆင်ရသေး၏။ ဤကြိုတင်ပြင်ဆင်မှုများဖြင့် တောနက်ထဲသို့ စွန့်စားသွားလာခြင်းသည် ပိုလုံခြုံသောခရီးတစ်ခုကို ဆိုလိုသော်လည်း အဆိပ်များကို ပြင်ဆင်ခြင်းသည် ၅ရက် ၆ရက် ကြာသောကြောင့် နှောင့်နှေး‌သွားခြင်းဖြစ်သည်။

ဖြစ်မလာနိုင်သော်လည်း သူတို့မရှိချိန်၌ ဖြစ်လာနိုင်သည့် ဆူပူမှုအတွက်လည်း ပြင်ဆင်ထားရ၏။

ဤသည်ကိုကြားတော့ ကျိုးရွာသူကြီး၏မျက်လုံးများ အရောင်လက်သွားတော့သည်။

"ကောင်းတယ်၊ ကောင်းတယ်။ ဒါက မင်းတို့နှစ်ယောက်လုံးအတွက် ခက်ခဲတယ်။ ဒီက ကိစ္စတွေအတွက်တော့ စိတ်မပူပါနဲ့။ ငါ စောင့်ကြည့်ထားလိုက်မယ်။ အခုထိ စီရင်စုက ဘာသတင်းမှမရသေးဘူး။ ဝမ်မိသားစုကို ငါ မေးပြီးပြီ။ ဒါက ငါတို့ဟွိုင်နန်လမ်းမကြီးအထိ မရောက်သေးပုံပဲ"

သူတို့၏အစီအစဉ်များကို အပြီးသတ်ပြီးသောအခါ အားလုံးက အိမ်ပြန်သွားကြ၏။

အိမ်ပြန်ရောက်တော့ စန်းလော့က အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းသောကြောင့် ရှန်းလီက အတိုချုပ်ရှင်းပြလိုက်လေသည်။

စန်းလော့သည် သက်ပြင်းချလိုက်ပြီး ထိုအရာမှာ စနစ်၏ အကျိုးဆက်တစ်ခုဖြစ်သည်ကို နားလည်ပြီး ရွာသားများကြားရှိ ယုံကြည်မှုကို ပင်စိန်ခေါ်လာစေ၏။

သူမ၏အမူအရာကိုမြင်တော့ ရှန်းလီသည် စိတ်ချလက်ချနေရန် ပြောလိုက်လေသည်။

"ဒါက ကလေးတွေရဲ့လေးခွပါပဲလေ။ ဦးလေးကျိုးလဲပါဝင်နေတာမလို့ တအားစိုးရိမ်နေစရာ မလိုပါဘူး"

"သရှန်က ဆေးက အဆင်သင့်ဖြစ်တော့မယ်လို့ ပြောတယ်။ ဒါကြောင့် မနက်ဖြန်မနက်စောစော ကျွန်တော်တို့တွေတောထဲကို သွားရမယ်"

ဆေးအဆင်သင့်ဖြစ်ရန် ရက်အနည်းငယ် ထပ်မံစောင့်ဆိုင်းနေရပြီး သွားရမည့်အချိန်ရောက်သော်လည်း အံ့ဩစရာကောင်းလောက်အောင်ပင် ထွက်ခွာရန်ခက်ခဲနေလေသည်။

ရှန်းလီ၏ နောက်တစ်နေ့မနက်တွင် တောထဲသို့သွားမည့်အကြောင်းကို ကြားတော့ စန်းလော့က ရပ်လိုက်ပြီးနောက် ပြောလိုက်၏။

"ကောင်းသားပဲ။ ရှင့်အတွက်အဝတ်အစားလဲ ချုပ်ပြီးပြီ။ အဲ့တာတွေကို အိပ်ယာပေါ်မှာ ခေါက်တင်ထားတယ်။ အတော်ပဲလားဆိုတာ စမ်းဝတ်ကြည့်ပါဦး။ ဒါမှ လိုအပ်တဲ့ပြင်ဆင်မှုလေးတွေကို လုပ်လို့ရမှာ"

သူမသည် မကြာသေးမီက လေးခွပစ်လေ့ကျင့်ရာတွင် အလွန်စိတ်ဝင်စားနေသောကြောင့် သူမ၏ချုပ်လုပ်ခြင်းကို မေ့ထားမိ၏။ ကံကောင်းစွာဖြင့် ရှန်လီ၏အဝတ်အစားမှာ အချိန်မီပြီးသွားလေသည်။

စန်းလော့တစ်ယောက် သူ့အဝတ်များကို ချုပ်လုပ်ပြီးသည်ကိုကြားတော့ ရှန်းလီသည် ပြုံးလိုက်၏။

"ကျွန်တော် သွားဝတ်ကြည့်လိုက်မယ်"

သူသည် ဖျတ်လတ်စွာဖြင့် အခန်းထဲဝင်သွားပြီး လွန်ခဲ့သောရက်အနည်းငယ်က စန်းလော့ ချုပ်လုပ်ပေးထားသည့် အဝတ်အစားများကို ရှန်းအန်းနှင့်သူ အတူတူအိပ်သောအိပ်ရာပေါ်တွင် သေသပ်စွာခေါက်ထားသည်ကို တွေ့လိုက်ရ၏။

ပစ္စည်းမှာ သာမန်ဖြစ်သော်လည်း ရှန်းလီသည် စီရင်စုရှိအဝတ်အထည်ဆိုင်မှ အဝတ်အစား အသစ်ဝယ်ပေးသည့် အချိန်ကထက်ပင် ပို၍စိတ်ကြည်‌နူးနေလေသည်။

အဝတ်အစားများကို စမ်းဝတ်ကြည့်ပြီးနောက် ထိုအရာများမှာ ကောင်းစွာလိုက်ဖက်ညီပြီး စေ့စေ့စပ်စပ် ချုပ်ထားသည်ကို တွေ့ရလေသည်။

အငတ်ဘေးမှ သူတို့လွတ်‌မြောက်လာသည့်နှစ်ကတည်းက တစ်‌ယောက်ယောက်သည် တစ်ကိုယ်ကောင်းမဆန်ဘဲ ဂရုတစိုက်ဖြင့် အဝတ်အစားချုပ်ပေးပြီး သူ၏သက်တောင့်သက်သာရှိမှုအတွက် အမှန်တကယ် ဂရုစိုက်ပေးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

အစပိုင်းတွင် စမ်းဝတ်ကြည့်ရုံမျှသာ ရည်ရွယ်ထားသော်လည်း ရှန်းလီသည် ထိုအရာများကို မချွတ်ချင်တော့ပေ။

မီးဖိုချောင်ထဲ၌ ပဲစေ့ရေစိမ်ရင်း အလုပ်များနေသော စန်းလာ့က မကြာမီတွင် ရှန်းလီသည် အဝတ်အစားအသစ်များကို ဝတ်ထားပြီး အနီးကပ် ကြည့်ရှုစစ်ဆေးနေသည်ကို တွေ့လိုက်ရ၏။

" ကြည့်ကောင်းပြီး လိုက်ဖက်လိုက်တာ"

ရှန်းလီသည် ပြုံးပြီး စိတ်ကြည်နူးနေ၏။

"ကွက်တိပဲ။ ကျွန်တော် တစ်ကယ်သဘောကျတယ်။‌ ကျေးဇူးတင်ပါတယ်"

စန်းလော့က အမှုမထားသလိုပြန်ဖြေလိုက်၏။

"ရပါတယ်၊ နောက်ဆုံးတော့ ကျွန်မတို့က တစ်ဖွဲ့ထဲပဲလေ"

လွန်ခဲ့သောရက်အနည်းငယ်က ရှန်းလီသည် တောထဲသို့ မကြာခဏ စွန့်စားသွားပြီး တောကြက် ၁၃ကောင်ကို ပြန်သယ်လာလေသည်။ စီရင်စုသို့ စပါးသွားဝယ်သည့်ခရီးအတွင်း ၁၂ကောင်ကို တုန်းဖူစားသောက်ဆိုင်တွင် ငွေဖြင့်လဲလှယ်ခဲ့ပြီး တစ်ကောင်မှာ သူတို့မိသားစု၏ အစာအိမ်ထဲတွင် အဆုံးသတ်သွားလေသည်။

ရှန်းလီသည် စန်းလော့ထံမှ "လုပ်အားခွဲဝေမှုနှင့် ပူးပေါင်းဆောင်ရွက်မှု" ဟူသော စကားစုအသစ်ကို ကြားလိုက်ရ၏။

မသိမသာငုံ့ကြည့်ရင်း စန်းလော့၏ရွှင်မြူးနေသည့် အပြုံးကို လေ့လာကြည့်လိုက်ပြီး သူတို့၏ပူးပေါင်းဆောင်ရွက်မှုကို သည်လိုဆက်ဖြစ်နေအောင် မည်သို့လုပ်ဆောင်ပါမည်းနည်းဟု သူ့ဟာသူ စဉ်းစားမိလေသည်။

နွေးထွေးသောအပြုံးဖြင့် သူက ပြောလိုက်၏။

"ငါ အဝတ်အစားပြန်လဲပြီးရင် သရှန်နဲ့အတူတူ တောကြက်တစ်ချို့ ထပ်ဖမ်းဖို့ တောထဲကိုသွားမယ်။ ဒီခရီးက တစ်ကယ်တော့ ပုန်းလို့ရမယ့်နေရာတစ်ခုကို ရှာနေတာပဲ။ ဘယ်နှစ်ရက်ကြာမှ ရှာတွေ့မလဲဆို‌တာတော့ ငါလဲ မသေချာဘူး။ ဒါက ဆယ်ရက် ဒါမှမဟုတ် လတစ်ဝက်လောက် ကြာနိုင်တယ်။ ဒီကြက်တွေကိုမရောင်းဘဲ အကုန်လုံးကို အိမ်မှာပဲ ထားထားလိုက်ပါ။ ရက်အနည်းငယ်ကြာတိုင်း တစ်ကောင်ကို စားလို့ရတယ်"

အိမ်တွင်ရှိသူများအတွက် စားစရာများစီစဉ်ပေးနေသည်ကို နားထောင်ရင်း စန်းလော့သည် သူမ၏ နှလုံးသားထဲတွင် နွေးထွေးမှုကိုခံစားရလေသည်။ နှိုင်းယှဉ်ကြည့်ပါက သူမသည် သူနှင့်ပတ်သတ်ပြီး ဂရုစိုက်မှု နည်းပါးကြောင်းကို နားလည်လိုက်၏။

ဤအတွေးဖြင့် သူမက အကြံပေးလိုက်၏။

"ဒီနေ့လည် စီရင်စုကို စပါးသွားဝယ်ရင် ဆန်အရက်အချိုတစ်အိုး လောက်ဝယ်ခဲ့နော်"

"ဆန်အရက်အချိုကို ဝယ်ရမှာလား"

စန်းလော့က ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်တယ်၊ ကျွန်မတို့အိမ်မှာ ကောက်ညှင်းဆန်ရှိတယ်။ ပြီးတော့ အဲ့တာကို ဘယ်လိုလုပ်ရမလဲဆိုတာ သိပေမယ့် ကျွန်မတို့မှာ အချိန်သိပ်မရဘူး။ အိုးပါ ဝယ်လာနော်၊ အဲ့တာကိုလိုတယ်"

...

အပိုင်း(၁၁၂) လခြမ်း‌လေးလို ကွေးနေသည့်မျက်ဝန်းများ

စန်းလော့က တစ်ခုခုလိုအပ်သည်ဟု ပြောလိုက်ချိန်တွင် ရှန်းလီက မေးခွန်းထပ်ထုတ်မနေဘဲ သူမ၏တောင်းဆိုချက်ကို ဒီအတိုင်း လက်ခံပေးလေသည်။

မနက်ခင်းတွင် ရှန်းလီနှင့်ချန်းသရှန်တို့က တောင်ထဲသို့ဝင်ရောက်သွားကာ တောကြက်၄ကောင်နှင့် ယုန်၁ကောင်တို့ဖြင့် ပြန်လာကြသည်။

သည်တိရိစ္ဆာန်လေးများသည် အစားအသောက်အဖြစ် ဇာတ်သိမ်းရမည်မှာရှောင်လွှဲရန် ကိစ္စမဟုတ်သော်ငြားလည်း ယုန်ကလေးများကိုတော့ ကလေးများက အထူးတလည် ချစ်ခင်ကြလေသည်။ ရှန်းအန်း၊ ရှန်းနဥ်နှင့် ခိုးဝင်လာသည့် ရှန်းကျင့်တို့သည် ရှန်းလီ ဆောက်ပေးထားသည့် ယာယီလှောင်အိမ်လေးထဲက ယုန်ကလေးများကို ကြည့်လို့မဝနိုင်အောင် ဖြစ်နေတော့သည်။

ရှန်းလီနှင့်ချန်းသရှန်တို့က ညနေပိုင်းတွင်စီရင်စုသို့ တိုးတိုးတိတ်တိတ် သွားလိုက်ကြပြီး မိုးချုပ်မှအိမ်ပြန်လာကြလေသည်။ သူတို့နှစ်ယောက်က တုန်းဖူစားသောက်ဆိုင်တွင် လှောင်ထားသည့် စပါးများကို အတူတူ သယ်ပြန်လာကြသည်။ ထို့နောက်တွင်တော့ အားလုံးက လှည်းကိုယ်စီဖြင့်တောင်ခြေသို့ ဆင်းလာကြလေသည်။ စန်းလော့မိသားစုက ဝယ်ယူထားသည့်စပါးမှာ အခုတော့ တုန်းဖူစားသောက်ဆိုင်၏ ဂိုထောင်မှ လုံးဝပြောင်းရွှေ့ခဲ့ပြီဖြစ်သည်။

စန်းလော့မှာလိုက်သည့် ဆန်ချိုအရက်တအိုးကိုလဲ ဝယ်ယူလာပေးလေသည်။

စပါးများကို ပြောင်းရွှေ့ပြီးနောက်တွင် မောင်နှမ၃ယောက်က ဆန်အရက်အိုးကို သိလိုစိတ်ဖြင့် လေ့လာနေကြသည်။ ချိုမြမြမွေးရနံ့လေးက ဆွဲဆောင်လို့နေသည်။ ဧကန္တ ယမကာအနံ့များလား။

သူတို့၏သိလိုစိတ်ကို မြင်လိုက်ရသည်တွင် စန်းလော့က ပြုံးကာမေးလိုက်၏။

နင်တို့တွေ အရင်တုန်းက ဒါကို မြည်းကြည့်ဖူးလား။

အံ့သြစရာကောင်းသည်က ရှန်းအန်းနှင့်ရှန်းနဥ်တို့သာမကဘဲ ရှန်းလီကလဲ ခေါင်းကိုခါပြလိုက်ကာ သူတို့သည် တခါမှ မမြည်းစမ်းကြည့်ခဲ့ဘူးကြချေ။

စန်းလော့: ...

ထိုခေတ်အခါတွင် ယမကာက စျေးကြီးလှသည့်အပန်းဖြေ ပစ္စည်းတစ်ခု ဖြစ်သည်ကို နားလည်လိုက်လေသည်။ ဆန်အရက်သည် ယမကာအမျိုးအစား ဖြစ်သည့်တိုင်အောင် အတိတ်က သူတို့လက်လှမ်းမမှီနိုင်သည့် အရာပင်ဖြစ်သည်။

စန်းလော့က မျက်ခုံးများကို ပင့်ပြလိုက်ပြီး နည်းနည်းလောက် ဝေမျှပေးဖို့ သဘောထားကြီးကြီးဖြင့် ဆုံးဖြတ်လိုက်သည်။ ရှန်းလီအတွက် ထမင်းတစ်နပ်ကို အိုးထဲတွင် ပြန်ပေါင်းပေးနေစဥ် သူမက ပန်းကန်လုံးလေးတစ်ခုထဲသို့ ဆန်အရက် သုံးဇွန်းလောက်ကို ထပ်ထည့်ပေးလိုက်သည်။ ရှန်းအန်းနှင့်ရှန်းနဥ်တို့မှာ ကလေးများ ဖြစ်ကြသေးသည်ကို စဥ်းစားမိသဖြင့် သူမက ဆန်အရက်ကို ရေနွေးဖြင့် ရောပေးလိုက်သည်။ ကျောက်သကြားမရှိတော့သဖြင့် သူမက ဆန်အရက်ထဲသို့ သကြားညိုကိုဖျော်ပြီး ထည့်ပေးလိုက်ကာ ပန်းကန် လုံးထဲတွင် ကြက်ဥ၂လုံးကိုလဲ ခွဲထည့်ပေးလိုက်သည်။

ထမင်းစားဖို့ရန် အဆင်သင့်ဖြစ်လာသည်။ ထို့ကြောင့် သူမက အိုးအဖုံးကို ဖွင့်လိုက်ပြီး ပြင်ဆင်ပေးလိုက်ကာ ပေါင်းဖိုထဲတွင် ကြက်ဥနှင့် ဆန်အရက်ပန်းကန်လုံးကို ထည့်ထားလိုက်သည်။

"ဆန်အရက်နဲ့ကြက်ဥကို ယမကာကြက်ဥပေါင်းလို့လဲ ခေါ်တယ်။ ငါက နင်တို့တွေ မြည်းကြည့်လို့ရအောင် တစ်ပန်းကန်လုပ်ပေးထားတာ"

ဟုတ်ပါတယ်။ သူမကလဲ ဆန်အရက်နည်းနည်းလောက်ကို တောင့်တနေတာကိုတော့ ဝန်မခံနိုင်ဘူးပေါ့လေ။

ဆောင်းတွင်းတွင် ယမကာကြက်ဥပေါင်း တစ်ပန်းကန်စားရခြင်းက အရသာရှိသည့်အပြင် ခန္ဓာကိုယ်တစ်ခုလုံးကိုလဲ နွေးထွေးစေသည်။

ညစာစားသည့်အချိန်တွင် ရှန်းလီက စန်းလော့ သူ့အတွက် ချန်ထားပေးသည့် ထမင်းဟင်းများအပြင် စားပွဲငယ်လေးပေါ်တွင် တင်ထားပေးသည့် မွှေးပြန့်နေသည့် ဆန်အရက်ကြက်ဥပေါင်း တပန်းကန်ကိုလဲ စားလိုက်ရသည်။

စန်းလော့က ရှန်းအန်းနှင့်ရှန်းနဥ်တို့ကို ကြက်ဥတစ်လုံး စီပေးလိုက်ပြီး ဆန်အရက်ကိုတော့ တစ်ယောက်စီကို ဇွန်းလေးတစ်ဇွန်းစာသာ ပေးလိုက်သည်။

"ကလေးတွေက ယမကာ မသောက်သင့်သေးဘူး။ ဒီတော့ နည်းနည်းလောက်ဘဲ မြည်းကြ"

သူမက ကိုယ်တိုင်မြည်းစမ်းကြည့်ဖို့ရန် သုံးပုံတစ်ပုံလောက်သာ ယူထားလိုက်ပြီး ကျန်သည့်တဝက်ကိုတော့ အပြုံးလေးဖြင့် ရှန်းလီကို လှမ်းပေးလိုက်သည်။

"ဆောင်းတွင်းမှာ ကြက်တွေက ဥဥတာပိုနည်းသွားတယ်။ ဒီတော့ ကျွန်မက ရှန်းအန်းနဲံအားနဥ်ကိုဘဲ ကြက်ဥတွေကို ပေးလိုက်တယ်။ ဒီ ယမကာကို မြည်းကြည့်၊ ချိုပြီးတော့ အရမ်းအရသာရှိတယ်"

ရှန်းလီသည် ချိုမွှေးနေသည့်ဆန်အရက်ကို မမြည်းကြည့်ရသေးသော်ငြားလည်း စန်းလော့၏ ထိုအရာအပေါ် နှစ်သက်မြတ်နိုးပုံကို သတိထားမိလေသည်။ သူက ပန်းကန်လုံးကိုလဲလိုက်ပြီး ပြောလိုက်၏။

"ဒါကို ကျွန်တော် ပထမဦးဆုံး မြည်းကြည့်တာပဲ။ ကျွန်တော် တပန်းကန်ပဲ သောက်ပါမယ် ကျန်တာကိုတော့ မင်းအတွက် ချန်ထားပေးပါ့မယ်"

စန်းလော့က သူမရှေ့တွင်ချထားပေးသည့် ချိုမြမြ ဆန်အရက်ပန်းကန်လုံး တဝက်လေးကို ကြည့်လိုက်ကာ တခစ်ခစ် ရယ်မောလိုက်လေသည်။

"ဒါဆိုလဲ ကောင်းပါပြီ"

သူမက ပန်းကန်လုံးလေးကို နည်းနည်းလောက်ဝေ့လိုက်ပြီး အငွေ့များကို အသာအယာ မှုတ်ထုတ်လိုက်ကာ သတိဖြင့် တစ်ငုံ သောက်လိုက်သည်တွင် သူမ၏ မျက်လုံးများက ကျေနပ်စိတ်ဖြင့် ကွေးညွှတ်သွားတော့သည်။

ရှန်းအန်းနှင့်ရှန်းနဥ်တို့ကလဲ သူတို့၏ချိုမြမြဆန်အရက်ကို ပထမဦးဆုံး အရသာခံရသည်ဖြစ်ရာ သူတို့၏မျက်လုံးများကလဲ ဝမ်းသာကြည်နူးရသည့်အရသာကြောင့် လင်းလက်သွားလေသည်။

ရှန်းနဥ်က ကြေညာလိုက်သည်။

"မကြီး ဒီယမကာက အရမ်းအရသာရှိတာပဲ"

ရှန်းအန်းကလဲ အားတက်သရော ခေါင်းငြိမ့်ပြလိုက်ပြီး ရှန်းလီကို တိုက်တွန်းလေသည်။

"အစ်ကိုကြီး မြည်းကြည့်စမ်းပါ၊ တကယ်အရသာရှိတယ်"

စန်းလော့က ပြုံးလိုက်သည်။

"ဒါက အရသာရှိတဲ့ ယမကာအချိုမျိုးလေ တချို့အသီးအနှံယမကာတွေလဲ သောက်လို့ကောင်းတယ်။ ဒါပေမဲ့ တခြားယမကာတွေကတော့ မတူဘူး။ ဒီအရသာချိုတဲ့ယမကာကို ရေနဲ့ပျော့အောင်လုပ်ထားတာ နင်တို့လေးတွေက ငယ်သေးတယ်လေ။ ဒီတော့ ယမကာကို မသောက်နိုင်ဘူး"

သူမက ကလေးများကို လမ်းမလွဲစေချင်ပေ။

ရှန်းအန်းနှင့်ရှန်းနဥ်တို့၏ တဖျတ်ဖျတ်လင်းလက်နေသည့် မျက်လုံးများကို ကြည့်လိုက်ပြီး စန်းလော့က မြန်မြန်ထပ်ပြောလိုက်လေသည်။

"ပြောကြတာကတော့ ယမကာကို အများကြီးသောက်တယ်ဆိုရင် ဉာဏ်ထိုင်းသွားတတ်တယ်တဲ့"

အင်း... ဒီလိုပဲ ပြောရမှာပဲ။

မှန်တာလား မှားတာလားတော့ သူမလဲ တကယ်မသိပါဘူး။ ဒါက သူမရဲ့တာဝန်လဲ မဟုတ်ဘူးလေ။

ဇွန်းကိုကိုင်ထားသည့် ရှန်အန်း၏လက်မှာ တောင့်တင်းသွားတော့သည်။

စန်းလော့က တခစ်ခစ် ရယ်မောလိုက်ပြီး

"ဒါက ယမကာအချိုလေးပါပဲ။ ပျော့အောင်လုပ်ထားပြီး ရေနွေးနဲ့တည်ထားပေးတာလေ၊ အန္တရာယ်ကင်းတယ်"

စိတ်အေးသွားရသဖြင့် ရှန်းအန်းက ဒုတိယအကြိမ် အားတက်သရော မြည်းကြည့်လေသည်။

ရှန်းလီသည် ၃ယောက်သားက ကျီစယ်သလို အကြည့်ချင်း ဖလှယ်နေကြသည်ကို စောင့်ကြည့်နေလိုက်ပြီး သူ့မျက်လုံးများကလဲ ရယ်ချင်စိတ်ဖြင့် ကွေးတက်သွားတော့သည်။ သူက သူ့ပန်းကန်လုံးကို တစ်ငုံလောက် သောက်လိုက်ပြီးနောက်တွင် အလွန်မှချိုမြနေသည်ကို တွေ့လိုက်ရလေသည်။

သူ့ပန်းကန်လုံးကို ပြန်ချထားလိုက်သည်တွင် စန်းလော့က သူ့ကိုစောင့်ကြည့်နေသည်ကို သတိထားမိလိုက်၏။

"ဘယ်လိုနေလဲ"

သူက သူ့အိန္ဒြေကို ထိန်းသိမ်းထားဖိုရန် မမေ့မလျော့ဘဲ အပြုံးတစ်ခုဖြင့် မြန်မြန် ခေါင်းငြိမ့်ပြလိုက်လေသည်။

"အရသာရှိတယ်"

ရှန်းလီတစ်ယောက်ထဲစားရသည့် ညစာ၏အဓိပ္ပါယ်မှာ ချိုမြမြဆန်အရက် ကြက်ဥပေါင်းလေးထပ်ဖြည့် ပေးထားသဖြင့် ပိုပြီးဇိမ်ကျနေတော့သည်။ လှုပ်ခတ်နေသည့် ဆီမီးအိမ်လေးကပင် ဆောင်းတွင်း၏ အေးစိမ့်မှုထဲတွင် နွေးထွေးသည့်အရောင်တစ်ခုကို ပေးစွမ်းနေလေသည်။

...

ညစာစာပြီးနောက်တွင် စီရင်စုကကိစ္စများကို တိုင်ပင်ရာတွင် ရှန်းလီက ပြောလိုက်သည်။

"ဒီညနေခင်းမှာတော့ စစ်ပွဲသတင်းနဲ့ ဖရိုဖရဲသတင်းတွေက စီရင်စုတစ်ခုလုံးကို ပြန့်နှံ့နေပြီလေ။ အခုဆိုရင် အရာအားလုံးက စျေးတွေပိုကြီးသွားပြီ။ ဆန်ကြမ်းဆိုရင် ဒီမနက်ခင်းကတည်းက လေးဆလောက် တက်သွားတယ်။ အရှေ့စျေးထဲမှာ အသား အသီးအရွက် အသီးအနှံတွေလို အစားအသောက်တွေအားလုံးကလဲ စျေးတွေထိုးတက်သွားတာ တွေ့ရတယ်။ မန်ထိုပေါက်စီနဲ့ ပန်ကိတ်ကြော်ဆိုင် တော်တော်များများကတောင် မဖွင့်ကြတော့ဘူးလေ"

သူက ခဏလောက် ရပ်တန့်လိုက်ပြီး အကြံပြုလိုက်လေသည်။

"အဒေါ်ချင်နဲ့တခြားသူတွေကို အပြင်ဘက်မှာ တို့ဟူးရောင်းတဲ့ကိစ္စ ယာယီလောက်နားထားဖို့ တိုင်ပင်လိုက်ရင်ကော ဘယ်လိုလဲ။ တကယ်လို့ရောင်းမယ်ဆိုရင်တောင် ငွေအစား စပါးနဲ့ အလဲအလှယ်လုပ်ဖို့ စဥ်းစားသင့်တယ်"

တို့ဟူးလုပ်ခြင်းကလဲ လက်ရှိတွင် ရနိုင်ဖို့ရန်ခက်ခဲလှသည့် ပဲပုပ်ကို လိုအပ်လေသည်။ အခြေအနေများက ပိုပြီးဆိုးဝါးလာခဲ့လျှင် ဆန်ကြမ်းကပင် စီရင်စုတွင် ရိက္ခာခြောက်တစ်ခု ဖြစ်သွားနိုင်သည်။

စန်းလော့သည် ဆန်ကြမ်းစျေးက ညတွင်းချင်း လေးဆလောက် ထိုးတက်သွားသည်ကို ကြားလိုက်ရသည်တွင် တအံ့တသြဖြစ်သွားပြီး သူတို့က မြန်မြန်ဆန်ဆန် ဝယ်ယူခဲ့သည့်အတွက် ကျေးဇူးတင်မိတော့သည်။

သူမက သဘောတူလိုက်၏။

"ကောင်းပြီလေ၊ ကျွန်မ ဒီနေ့ပဲတွေကိုတော့ စိမ်ထားပြီးပြီ။ ဒါပေမဲ့ အဲဒါတွေကို လုပ်စရာတခြားနည်းလမ်းတွေ ရှိပါသေးတယ်။ အဓိက စိုးရိမ်ရမဲ့ဟာက တုန်းဖူစားသောက်ဆိုင်တို့လို စားသောက်ဆိုင်တွေက သူတို့ရဲ့ကုန်ကြမ်းပစ္စည်းတွေကို ဘယ်လိုစီမံမယ်ဆိုတာပဲ။ ကျွန်မ ဆင်းသွားပြီးတော့ မေးလိုက်ပါ့မယ်"

စန်းလော့ မသွားရသေးခင်မှာပင် ချင်ဖန်းညန်၊ ဖန်းလျိုညန်နှင့်ကန်းရှီတို့က ရောက်လာပြီး သူတို့ယောက်ကျားများ ယူလာပေးသည့်သတင်းကြောင့် အထိတ်တလန့် ဖြစ်သွားကြတော့သည်။

မိုးထိုးနေသည့်စပါးစျေးနှင့် ရင်ဆိုင်လိုက်ရသည်တွင် သူတို့သည် စိုးရိမ်ကြောင့်ကြမိလေတော့သည်။ စန်းလော့၏ တို့ဟူးနှင့် တို့ဟူးခြောက်များက ကုန်ကြမ်းပစ္စည်းများလိုအပ်ပြီး နောက်ပိုင်း ပစ္စည်းများရနိုင်ဖို့က မသေချာပေ။

နောက်ဆုံးတွင် သူတို့က နောက်တနေ့တွင် စီရင်စုက စားသောက်ဆိုင် အနည်းငယ်အတွက် ကုန်ကြမ်းပစ္စည်းများကို ပေးဖို့သာ သဘောတူလိုက်ပြီး ငွေပေးချေမှုအတွက် စျေးကိုတိုးလိုက်ခြင်း သို့မဟုတ် စပါးကိုသာ လက်ခံခြင်းကို သဘောတူလိုက်ကြသည်။ ထိုအရာက အဆင်မပြေလျှင်တော့ သူတို့သည် စီးပွားရေးကို ယာယီ ရပ်ဆိုင်းထားရပေလိမ့်မည်။

ချင်ဖန်းညန်က ပြောလိုက်၏။

"ကွက်တိပဲလေ ကျွန်မလဲ လေ့ကျင့်ဖို့အတွက် အားလုံးနဲ့လိုက်ပြီးတော့ ပါလို့ရတာပေါ့"

ကလေးများသည် ဝန်ကို လေ့ကျင့်ဖို့အတွက် ကျောပိုးအိတ်ဖြင့် စပြီးပြေးနေကြလေသည်။ သူတို့၏အိတ်ထဲတွင် သဲတစ်အိတ်နှစ်အိတ်လောက် ထည့်ဖြည့်ထားပြီး စပါးနှင့်ကုန်းကြမ်းပစ္စည်းများ သယ်ယူဖို့ရန်အတွက် ခရီးရှည်ကို လျှောက်သွားဖို့ရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လေ့ကျင့်နေကြလေသည်။

ချင်ဖန်းညန်နှင့် စီရင်စုသို့ မကြာခဏသွားဖို့ရန် လိုအပ်သည့် တခြားသူများကတော့ ဒီလိုလေ့ကျင့်ရေးကို ပါဝင်စရာမလိုချေ။ အမျိုးသမီးများဖြစ်သော်ငြားလည်း သူတို့၏ သည်းခံနိုင်စွမ်းက ထိုယောက်ကျားသားများနှင့် ယှဥ်ပြိုင်နိုင်လေသည်။ စန်လော့က အိမ်တွင် လေးခွပစ်ခြင်းကို လေ့ကျင့်နေသည်ကိုလဲ သူတို့က ကြားထားသည်။ အကယ်၍များ သူတို့က ဆိုင်ဖွင့်ခြင်းကို ရပ်နားလိုက်လျှင် သူတို့လဲ သင်ကြားဖို့ရန် စဥ်းစားထားပြီး သူတို့၏ယောက်ကျားများကို ကူညီပေးနိုင်ရန် မျှော်လင့်ကာ အရေးကြီးလှသည့်အချိန်တွင် သူတို့၏ ကိုယ်ပိုင်အသက်ကို ကယ်တင်ပေးနိုင်ဖို့လဲ မျှော်လင့်လေသည်။

တိုင်ပင်ဆွေးနွေးလိုက်ကြပြီးနောက်တွင် စန်းလော့သည် ထိုနေ့ညအတွက် တို့ဟူးနှင့်တို့ဟူးခြောက်များကို ပုံမှန်ထက် တဝက်လောက်သာ ပြင်ဆင်ပေးဖို့ လိုအပ်တော့သည်။ မိသားစုများက ကြိုတင်ပေးချေထားသည့်ငွေများကိုလဲ ပြန်အမ်းပေးလိုက်သည်။

အစောပိုင်းက ချက်ပြုတ်ရန်အတွက် မိသားစုများကြားတွင် ဝေမျှပေးမည်ဟု ရည်ရွယ်ထားသည့် ပိုနေသည့်ပဲများကို စန်းလော့က အကြံပေးလိုက်လေသည်။

"ကျွန်မက ဒါတွေကို ချက်ပြုတ်ဖို့ နည်းနည်းပါးပါးလောက်သုံးပြီး ကျန်တာကိုတော့ ပဲပင်ပေါက်ဖောက်ထားဖို့ စဥ်းစားတယ်။ တကယ်လို့ ရှင်တို့တွေက ပဲကိုနှပ်ချင်တယ်ဆိုရင်လဲ အဆင်ပြေတယ်။ ဒါမှမဟုတ် ရှင်တို့တွေက တစ်ခုခုကို လတ်လတ်ဆတ်ဆတ် လုပ်ချင်တယ်ဆိုရင်လဲ ကျွန်မက ရက်အနည်းငယ်လောက်နေရင် ပဲပင်ပေါက်တွေကို ယူလာပေးပါ့မယ်"

ပဲပင်ပေါက်သည် သူတို့ကြားတွင် လုပ်နေကြအလုပ်တစ်ခုဖြစ်ပြီး ဆောင်းတွင်းကာလတွင် လတ်လတ်ဆတ်ဆတ် အသီးအရွက်တစ်ခုအဖြစ် အထောက်အပံ့ ပေးလေသည်။ ဒါက ရက်အနည်းငယ်ကြာအောင် အချိန်ယူရသဖြင့် စန်းလော့ကလဲ အကူအညီပေးဖို့ရန် လိုလိုလားလား ကမ်းလှမ်းလိုက်ခြင်းပင်။

ကန်းရှီနှင့်တခြားသူများက အပြုံးဖြင့် သဘောတူလိုက်ကြသည်။

"ဒါဆိုရင်လဲ ပဲပင်ပေါက်တွေပဲ ယူကြတာပေါ့၊ ကျွန်မတို့တွေ ဒါကိုစားဖို့ စောင့်နေပါ့မယ်"

ဧည့်သည်များကို ပြန်ပို့ပြီးသည့်နောက်တွင် ညနေခင်းအတွက် အလုပ်တာဝန်က ပေါ့ပါးသွားလေသည်။ တို့ဟူးခြောက်နှင့် သတ်သတ်လွတ်အူကြမ်းများကို ပြုလုပ်ပြီးသွားသည်နှင့်တပြိုင်နက် မိသားစုက ဆေးကြောပြီး အိပ်ယာဝင်လိုက်ကြသည်။

နောက်တနေ့မနက်ခင်းတွင် ရှန်းလီက ကြက်ဖတွန်သံ ကြားသည့်အချိန်တွင် နိုးလာပြီး ပဲကြိတ်ဖို့ရန်အတွက် မီးဖိုချောင်ထဲသို့ တိတ်တိတ်လေး သွားလိုက်သည်။ သူက စပြီးပြင်ဆင်တော့မည် ပြင်လိုက်စဥ်မှာပင် စန်းလော့၏ခြေသံကို ကြားလိုက်ရပြီး သူမက မီးဖိုချောင်ထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသည်။

"ဘာဖြစ်လို့ အစောကြီးထနေတာလဲ၊ နည်းနည်းလောက်ပိုအိပ်လို့ မရလို့လား"

ရှန်းလီ ပြန်ရောက်လာကတည်းက စန်းလော့သည် ဒီလိုစောစောစီးစီး ထလေ့မရှိတတ်တော့ဘဲ ဒါကြောင့်ပင် သူက အံ့သြနေရခြင်းပင်။

စန်းလော့က ရယ်မောရင်း သူမ၏အင်္ကျီလက်ကို ခေါက်တင်လိုက်ကာ ပြောလိုက်လေသည်။

"ရှင်ဒီနေ့ တောင်ထဲကို သွားအုံးမှာမလား၊ ကျွန်မက ရှင်နဲ့ယူသွားဖို့ အစားအသောက်လေး နည်းနည်းပါးပါး ပြင်ဆင်ပေးမလို့လေ"

ရှန်းလီသည် ခဏလောက်တုံ့ဆိုင်းသွားပြီး သူက အစားစားချိန်အမှီ ပြန်မရောက်လာနိုင်သည့် အချိန်တိုင်း သူ သယ်သွားဖို့ရန် စန်းလော့က အစားအသောက်များ အမြဲတမ်းပြင်ဆင်ပေးတတ်သည်ကို ပြန်စဥ်းစားမိလေသည်။ သူ၏ရင်ထဲတွင် နွေးထွေးမှုတစ်ခု ခံစားလိုက်ရသည်။

သို့တိုင် သူက ဆက်ပြီး တိုက်တွန်းလိုက်သေးသည်။

"ကိုယ့်ဟာကိုယ်ဒုက္ခခံဖို့ မလိုပါဘူးလေ၊ ကျွန်တော်တို့က လတဝက်လောက် ပြန်လာနိုင်အုံးမှာ မဟုတ်ဘူး။ ကျွန်တော်တို့က တောထဲမှာပဲ အစားအသောက်တွေကို ရှာဖွေနိုင်ပါတယ်"

စန်းလော့က သူ့ကို လှမ်းကြည့်လိုက်သည်။

" အသားကင်လား၊ ကျွန်မထင်ပါတယ်၊ ရှင်တို့တွေ အစားအသောက်ကို ရှာနိုင်တာ ကျွန်မသိပါတယ်။ ဒါပေမဲ့ အစားအသောက်တစ်ခုထဲကိုပဲ စားသေက်နေရရင် ငြီးငွေ့လာမှာလေ။ ဘာပဲဖြစ်ဖြစ် မနက်စာလဲ လုပ်ရအုံးမှာပဲ။ဒီတော့ ရှင့်အတွက် နည်းနည်းလောက်ပိုပြီး ပြင်ဆင်လိုက်တာက ဒုက္ခမများပါဘူး"

သူမက ဒုက္ခမများပါဟု ပြောခဲ့သော်ငြားလည်း ဆန်အရက်အချိုကို ပြင်ဆင်ပေးရသည့် အချိန်တွင်တော့ ရှန်းလီက မနေနိုင်ဘဲ အော်ရယ်မိတော့သည်။ "အဆင်ပြေသလို လုပ်လိုက်ပါ"

ထိုစကားလုံးများကို စိတ်ထဲတွင်သာ မြိုသိပ်ထားလိုက်ပြီး သူ့မျက်လုံးများက ရယ်မောသံကြောင့် ကွေးညွှတ်သွားလေသည်။ သူက စန်းလော့ဆီမှ သဘောကျသည့်ဟန်ကို ကြိုးစားဖုံးကွယ်ထားလိုက်ပြီး ပဲကြိတ်ဖို့ ပြန်လှည့်သွားလိုက်တော့သည်။

ရှန်းလီ၏ ကြိတ်ပြီးရယ်နေသည်ကို သတိမထားမိသည့် စန်းလော့ကတော့ ဂျုံများကိုခပ်ထုတ်ရင်း ကိုယ့်ဟာကိုယ် အလုပ်များနေကာ ဆန်အရက်ဖြင့် ဂျုံများကို အချဥ်ဖောက်လိုက်လေသည်။

ဆန်အရက်ကိုသုံးကာ အချဥ်ဖောက်ခြင်းက ရှေးခေတ်နည်းလမ်းတစ်ခု ဖြစ်သည်။ အဆင်သင့်ရနိုင်သည့် တစေးအမှုန့်များရှိသည့် ခေတ်သစ်အချိန်အခါကာလက လူအများစုက မသိကြပေ။ စန်းလော့က ထိုအကြောင်းကို သိနေသည်ဆိုတာကလဲ တစေးအမှုန့်မရှိသည့် တောင်ပေါ်တွင် နေခဲ့ရခြင်းကြောင့်ပင်။ မန်ထိုပေါက်စီများကိုလုပ်ချင်လျှင် သူမက အွန်လိုင်းပေါ်တွင် တခြားနည်းလမ်းများကို ရှာဖွေရလေသည်။

ထိုရှာဖွေမှုက သူမကိုနည်းလမ်းအမျိုးမျိုး ရရှိလာစေသည်။ အချဥ်ဖောက်ဖို့ရန်အတွက် ဆန်အရက်ချိုကို အသုံးပြုရသည့် နည်းလမ်းလဲပါဝင်သည်။ သူမက လိုင်းပေါ်တွင် တစေးအမှုန့်နှင့် ဆန်အရက်အချဥ်ဖောက်ထားသည့် ပစ္စည်းများကို မှာယူခဲ့သည်။ ထိုပစ္စည်းများကို ရလာပြီးနောက်တွင် သူမက တစေးနှင့်မန်ထိုပေါင်မုန့်များကိုလုပ်ပြီး ဆန်အရက်ချိုတစ်အိုးကိုလဲ နှပ်ထားလိုက်သည်။

နောက်ပိုင်းတွင် စန်းလော့က ဆန်အရက်ဖြင့် ဂျုံနယ်ခြင်းကို စမ်းကြည်လိုက်သည်။ နှစ်ခါသုံးခါလောက် ကြိုးစားပြီးနောက်တွင် သူမက အောင်မြင်သွားသည်။

မနေ့က ရှန်းလီက မကြာခဏ အသားစားသုံးနိုင်ရန်အတွက် အိမ်တွင် မွေးထားမည့် တောကြက်တချို့ကို သွားဖမ်းမည်ဟု ကြားလိုက်သည်တွင် သူမက စိတ်လှုပ်ရှားသွားသည်။ အိမ်တွင် ဂျုံမှုန့်ရှိနေသည်ကို သတိရလိုက်သဖြင့် သူမကစီရင်စုမှ ဆန်အရက်တအိုးလောက် ဝယ်လာပေးဖို့ ရှန်းလီကို တောင်းဆိုခဲ့သည်။ ထိုအဖြစ်က ဒီနေ့တွင် မနက်စောစောထလာမိပြီး ဂျုံများကိုနှပ်ကာ သူ့ခရီးအတွက် အစားအသောက် ရိက္ခာခြောက်လေးလုပ်ဖို့ပြင်ဆင် ပေးရလေသည်။

...

ရှန်းအန်းနှင့်ရှန်းနဥ်တို့က ယင်နာရီ အချိန်လောက်မှ အိပ်ယာထကြပြီး သူတို့၏အစ်ကိုကြီးနှင့် တို့ဟူးများကိုလာယူသည့် ချင်ဖန်းညန်တို့နှင့်အတူ လေးလံသည့် ကျောပိုးအိတ်များကို သယ်ဆောင်ရင်း အိမ်က ထွက်သွားကြသည်။

သူတို့ပြန်လာသည့်အချိန်တွင် ခြံဝန်းလေးထဲတွင် ပြည့်နှက်နေသည့် ချိုမြမြရနံ့လေး၏ ဆွဲဆောင်မှုကို ချက်ခြင်းခံလိုက်ရတော့သည်။

မောင်နှမနှစ်ယောက်က အချင်းချင်း ကြည့်လိုက်ကြပြီး စွဲမက်ဖွယ်အနံ့လေးကို ရှူရှိုက်လိုက်ကြသည်။

ရှန်းအန်း: "ဒါက စီရင်စုက မန်ထိုပေါက်စီအနံ့နဲံ မတူဘူးလား”

ရှန်းနှဥ်: "ရွှီဆိုင်တာဝန်ခံပေးလိုက်တဲ့ မန်ထိုပေါက်စီနဲ့တူတယ်"

ထို့နောက်တွင် ဝိုးကနဲ ကျယ်လောင်သည့် အာမေဋိတ်သံတစ်ခုနှင့်အတူ အိမ်ထဲသို့ ပြေးဝင်သွားကြတော့သည်။

ဒီနေ့ရှန်းမိသားစု၏ မနက်စာသည် အထူးတလည် အလျှံပယ်ဖြစ်နေကာ ချိုမြလှသည့်ပဲနို့နှင့် နူးအိမွှေးပြန့်ပြီး ဖြူလွှလွှ ပေါင်မုန့်လေးများအပြင် ဝိုင်းစက်စက် မန်ထိုပေါက်စီ၊ မှို၊ ကြက်သား၊ ဂျူးမြစ်၊ ကြက်ဥ၊ မုန့်လာဥဖြူ နုတ်နုတ်စင်းထားပြီး အစာများဖြည့်ထားသည့် ပေါက်စီနှင့် ကြက်သွန်မြိတ် ကြက်ဥ ပန်ကိတ်တို့လဲ ပါလေသည်။

"မကြီး ဒီနေ့ ဘာပွဲရှိလို့လဲ"

နှစ်သစ်ကူးတော့ သေချာပေါက်မဟုတ်ပါဘူး။ မရောက်သေးဘူးလေ။

စန်းလော့: "...."

အစားအသောက်တွေ ရှိလာတဲ့အချိန်ဆိုရင် ဘာဖြစ်လို့ ရက်စွဲကို မေးတတ်ကြတာလဲ။

"လပြက္ခဒိန်ရဲ့ ၁၂လမြောက် ပထမဦးဆုံးရက်လေ" သူမက ဘာမှမဖြစ်သလို ထိုနေ့၏ ရက်တွေကို ပြောပြလိုက်လေသည်။

ရှန်းအန်းနှင့်ရှန်းနဥ်တို့က အကြည့်ချင်းဖလှယ်လိုက် ကြပြီး ရှန်းနဥ်က သူမ၏ခေါင်းလေးကို စောင်းကာ မေးလိုက်လေသည်။

"ဒါက လပါးပွဲတော်လဲ မရောက်သေးဘူးမဟုတ်လား၊ လပြက္ခဒိန်ရဲ့ ၁၂လပိုင်း၈ရက်နေ့မှလေ"

လပါးပွဲတော်က ဆန်ပြုတ်ကြိုရတဲ့နေ့ မဟုတ်လား။

စန်းလော့: "...."

ရှန်းလီက ကြိတ်ပြီး တခစ်ခစ် ရယ်မောတော့သည်။

ဒါကိုမြင်လိုက်သည်တွင် စန်းလော့က ထပ်ပြီး ချဲ့ကာရှင်းပြမနေတော့ဘဲ ကလေးနှစ်ယောက်ကို ပုတ်ပေးလိုက်ကာ

""ဒီနေ့ မင်းတို့အစ်ကိုကြီးက တောင်ထဲသွားမှာလေ၊ လဝက်လောက် ပြန်လာသေးမှာ မဟုတ်ဘူး။ ငါက သူ့အတွက် အချိန်အကြာကြီး ယူသွားလို့ရအောင် အစားအသောက်တစ်ချို့ ပိုပြီး လုပ်ပေးလိုက်တာ၊ ကဲပါ လက်သွားဆေးပြီးတော့ မနက်စာလာစားတော့"

စားစရာနည်းနည်းပါးပါး ပိုလုပ်ပေးလိုက်တာပါဟူသည့်စကားကို ကြားလိုက်ချိန်တွင် ရှန်းလီက တဖန်ပြုံးမိသွားကာ သူ၏မျက်လုံးများကလဲ လခြမ်းသဏ္ဠန် ကွေးညွှတ်သွားတော့သည်။

"ကိုကြီးက တောထဲသွားမလို့လား"

ရှန်းအန်းနှင့်ရှန်းနဥ်တို့သည် သူတို့၏အစ်ကိုကြီးဖြစ်သူက မကြာခဏဆိုသလို တောထဲသို့သွားကြသည်ကို အမြဲတမ်းသိထားလေရာ ရုတ်တရက် ထိုစကားကိုကြားလိုက်သည်တွင် ခဏလောက် ရပ်တန့်သွားကြပြီး အကြံပေးလိုက်လေသည်။

"ကိုကြီး တောထဲသွားရင် သတိထားနော်"

သူတို့သည် လတ်တလောတွင် တောတွင်း အသက်ရှင်သန်ရှင်သန်ခြင်း သင်ခန်းစာများကို သင်ကြားခဲ့ရသည်ဖြစ်ရာ တောထဲကအန္တရာယ်များကို သိနေကြသည်။

ရှန်းလီက သူတို့၏ခေါင်းများကို ဖွပေးလိုက်ပြီး

"ဂရုစိုက်မှာပါ၊ ငါအိမ်မှာမရှိတုန်း မင်းတို့ရဲ့မကြီးစကားကို သေချာနားထောင်နော်"

ကလေးနှစ်ယောက်က ခေါင်းတွင်တွင် ငြိမ့်လိုက်လေသည်။

စန်းလော့: "...."

အိမ်ထောင်သည်လင်မယားကြားက ထူးဆန်းတဲ့ခံစားချက်က ဘယ်ကနေလာတာပါလိမ့်။

...

သူတို့သည် အစ်ကိုကြီးဖြစ်သူအတွက် ရိက္ခာခြောက်များကို ပြင်ဆင်နေသည်ဟု ကြားလိုက်သည်တွင် မောင်နှမနှစ်ယောက်က လက်များကို ဆေးကြောလိုက်ကာ ပြန်လာခဲ့ကြပြီး ပေါက်စီများကို ကြည့်လိုက်ကြပြီးနောက်မှာ တပြိုင်တည်း မန်ထိုပေါက်စီကိုသာ လက်လှမ်းလိုက်ကြလေသည်။

ဒီလောက်ချစ်စရာကောင်းသည့် အပြုအမူပင်။

ဒါကို လေ့လာမိသည့်စန်းလော့က ခေါင်းကာပြလိုက်သည်။

"နင်တို့စားချင်တာကို ယူစားကြပါ၊ မီးဖိုချောင်ထဲမှာ နင်တို့အစ်ကိုကြီးအတွက် ဝေစုကို ခွဲထားပေးပြီးပြီ၊ ဒါတွေက ဘာပဲဖြစ်ဖြစ် အကြာကြီးအထားမခံဘူးလေ။ အများကြီးသိမ်းထားလဲ အသုံးမဝင်ဘူး"

အေးချမ်းလှသည့်ဆောင်းရာသီတွင် သူ့တို့အကြာဆုံးထားနိုင်လဲ ၆ရက် ၇ရက်သာပင်။ နောက်ဆုံးတွင် အစားအသောက်များက အရသာ ပေါ့သွားလိမ့်မည်။ သုံးလေးရက်လောက်ကြာပြီးလျှင်တော့ ကြက်သားကင်နှင့်ဘဲသားကင်များကို စားသည်က ပိုကောင်းမည်။

မီးဖိုခန်းထဲတွင် စားစရာများထပ်ရှိသေးသည်ဟု ကြားလိုက်သည်တွင် မောင်နှမနှစ်ယောက်၏ မျက်လုံးများက အပြုံးအသွင် ကွေးတက်သွားကာ သူတို့ကြိုက်သည့်ပေါက်စီကို မျှဝေစားလိုက်ကြပြီး မတူညီသည့် အရသာများကို မြည်းစမ်းလိုက်ကြလေသည်။

မနက်စာစားပြီးနောက်တွင် ရှန်းလီက သူ့ပစ္စည်းများကို စတင်ထုတ်ပိုးတော့သည်။

သူ့ပစ္စည်းများက ရိုးရှင်းလှသည်။ တောထဲသို့သွားရန်အတွက် လိုအပ်သည့် ပစ္စည်းအမျိုးမျိုးပါဝင်သည့် ကျောပိုးအိတ်တစ်လုံး၊ တိရိစ္ဆာန်အရည်ခွံအိပ်ရာလိပ်၊ ထိုပစ္စည်းများမှလွဲလျှင် လက်နက်များကို မပေါ်အောင် သိမ်းဆည်းထားလိုက်လေသည်။

သူက သူ့အဝတ်အစားများကို လဲဝတ်လိုက်ပြီးသော်လည်း အပေါ်က အနွေးထည်ဝတ်ထားသည့်တိုင် အောက်ကတော့အင်္ကျီဟောင်းများကို လဲဝတ်လိုက်လေသည်။

စန်းလော့က သူ့အဝတ်အစားများကို လှမ်းကြည့်နေသည်ကို မြင်လိုက်သည်တွင် ရှန်းလီက ရှင်းပြလေသည်။

"တောထဲကလမ်းတွေက လျှောက်ဖို့မလွယ်ဘူးလေ။ အဝတ်အစားအသစ်က ပျက်စီးသွားမှာစိုးရတယ်"

စန်းလော့က ပြုံးပြလိုက်ပြီး သူ့အတွက် သူမ ပြင်ဆင်ထားသည့် အစားအသောက်များကို ယူထုတ်လာကာ သူ့ကျောပိုးအိတ်ထဲသို့ ထည့်ပေးနေစဥ် ရှန်းအန်းနှင့်ရှန်းနဥ်တို့ကလဲ ပစ္စည်းများကို လက်ဆင့်ကမ်းပြီး ကူညီပေးကြလေသည်။

ပစ္စည်းများကို ထုတ်ပိုးနေစဥ်အတွင်း စန်းလော့က ရှန်းလီကို အကျဥ်းချုပ် ပြောပြလိုက်သည်။

"ကျွန်မ ရှင့်အတွက် အများကြီးမထည့်ပေးထားဘူး၊ ပေါက်စီတစ်ချို့နဲ့ မန်ထိုပေါက်စီလောက်ပဲ ထည့်ထားပေးတယ်။ ပေါက်စီကိုအရင်စားပေါ့၊ မန်ထိုပေါက်စီက ပိုပြီးတော့ ကြာကြာအထားခံတယ်။ ဒီဝါးကျည်တောက်နဲ့ အိုးကတော့ သောက်ရေအတွက်၊ ညပိုင်းနွေးထွေးနေအောင် ရေကို ကျိုချက်တာပဲဖြစ်ဖြစ် ဟင်းရည် လုပ်စားတာပဲဖြစ်ဖြစ် လုပ်စား၊ စာရွက်ဟောင်းလေးထဲမှာတော့ ဆားလေးကို ထည့်ထုပ်ပေးထားတယ်။ ကြာရွက်ထဲမှာတော့ မှိုခြောက်နည်းနည်းပါတယ်၊ ဒါက ဟင်းရည်ရဲ့အရသာကို ပိုပြီးတော့ လေးစေတယ်"

အားလုံးကို ထုပ်ပိုးပြီးနောက်တွင် သူမက အရပ်ပိုမြင့်သည့်လူငယ်လေးကို မော့ကြည့်လိုက်ကာ ထပ်ပြောလိုက်လေသည်။

"အပြင်ဘက်မှာ သတိထားပြီးသွားလာနော်၊ လောကကြီးက ဖရိုဖရဲဖြစ်လာပြီ၊ ကျွန်မရယ်၊ ရှန်းအန်းရယ်၊ ရှန်းနဥ်ရယ်က ကျွန်မတို့ကို ကာကွယ်ပေးဖို့ ရှင့်ကိုပဲ အားကိုးနေရတာ"

သူမသည် အကြောင်းအရင်းမရှိပါဘဲ လူတစ်ယောက်ကို ဘယ်တော့မှ မျက်နှာသာမပေးချေ။ သူမ၏စိတ်ကူးများမှာ ရှင်းလင်းပြီး ပွင့်လင်းလေသည်။

ရှန်းလီက ပြုံးကာ ခေါင်းငြိမ့်ပြလိုက်၏။

"ကောင်းပါပြီ၊ ကျွန်တော် တတ်နိုင်သလောက် စောစောပြန်လာပါမယ်"

သူက လေသံတိုးတိုးဖြင့် မှာကြားလိုက်သည်။

"သရှန်နဲ့ကျွန်တော် ခရီးထွက်နေတဲ့အချိန် ဦးလေးရှီနဲ့ဦးလေးလုတို့က အကူအညီအတွက် ရွာထဲမှာပတ်ပြီးတော့ ကင်းလှည့်လိမ့်မယ်။ အခြေအနေတွေက ဒီနေရာမှာတော့ ချက်ခြင်းကြီး ဖရိုဖရဲ ဖြစ်လာလိမ့်မယ်လို့တော့ မထင်ဘူး။ ဒါပေမဲ့ မင်းရယ်၊ ရှန်းအန်းရယ်၊ ရှန်းနဥ်ရယ်က ဦးလေးရှီ ဒါမှမဟုတ် ဦးလေးလုတို့နဲ့ နီးနီးကပ်ကပ်နေပြီး အန္တရာယ်ကို ကာကွယ်ထားသင့်တယ်"

စန်းလော့က ခေါင်းငြိမ့်ပြလိုက်သည်။

"ကျွန်မနားလည်ပါတယ်၊ ကျွန်မတို့ကို စိတ်မပူပါနဲ့"

ထို့နောက်တွင် ရှန်းလီက သူ့ညီလေးနှင့်ညီမလေးဘက်သို့ လှည့်လိုက်ကာ သူတို့၏ဆံပင်များကို ပွတ်သပ်ပေးလိုက်လေသည်။ သူက ထပ်ပြီး စကားမပြောရသေးခင်မှာပင် အပြင်ဘက်က ချန်းဘွားဘွား၏အသံက ဝင်လာလေသည်။ စန်းလော့က မြန်မြန်ဆန်ဆန် အပြင်သို့ ထွက်သွားလိုက်သည်တွင် ရှန်းလီကလဲ မောင်နှမနှစ်ယောက်နှင့်အတူ လိုက်ပါလာလေသည်။

ချန်းဘွားဘွားက ချန်းသရှန်ကို ကိုယ်တိုင် လာရောက်ပို့ဆောင်ခြင်းပင်။

ဘိုးဘွားများက မုဆိုးများဖြစ်ကြသည့်အတွက် အဘွားကြီးက သူ့မြေးကလေး တောထဲသို့ စွန့်စားသွားလာမည့်ကိစ္စကို အလွန်အကျွံ စိတ်မပူချေ။ သူမက သူတို့ကို သတိရှိဖို့နှင့် လွန်လွန်ကဲကဲမလုပ်ဘဲ လုံခြုံရေးကိုသာ ဦးစားပေးဖို့ သတိပေးလိုက်လေသည်။

ချန်းဘွားဘွားနှင့်စန်းလော့တို့၏ လွှမ်းမိုးမှုကြောင့် ရှန်းအန်းနှင့်ရှန်းနဥ်တို့က ပြီးခဲ့သည့်အခေါက်က သူတို့၏အစ်ကိုကြီး စစ်မှုထမ်းသွားရသည့် အချိန်ကလောက် မကြောက်တော့ပေ။ သူတို့အစ်ကိုကြီးတွင် အရည်အချင်းများရှိပြီး မကြာမှီပြန်လာလိမ့်မည်ဟု ယုံကြည်ကြလေသည်။

ချန်းအဘွားနှင့်သူတို့၏မရီးဘေးတွင် ရပ်နေပြီး သူတို့က ရှန်းလီနှင့်ချန်းသရှန်ကို လက်ဝေ့ရမ်းပြလိုက်သည်။

ရှန်းလီနှင့်ချန်းသရှန်တို့က တောင်ပေါ်ကဆင်းသွားကြရင်း ပြန်လှည့်ကြည့်ကာ သူတို့၏မိသားစုကို လက်ဝေ့ရမ်းပြလိုက်ပြီးနောက် တာရိုးကိုဖြတ်ကာ ထွက်သွားကြတော့သည်။

ချန်းသရှန်က တခစ်ခစ် ရယ်မောလေသည်။

"ဒီတခါတော့ ပိုပြီးစိတ်အေးရတယ်လို့ ခံစားရတယ်နော် ဟုတ်တယ်မလား"

ရှန်းလီ၏ မျက်နှာတစ်ခုလုံးက ပြုံးရွှင်လို့နေသည်။

ချန်းသရှန်က ရှန်းလီ၏ကျောပိုးအိတ်ကို သိလိုစိတ်ဖြင့် တောင်းကြည့်လိုက်သည်။

"ခယ်မလေးက မင်းအတွက် ဘာတွေထုပ်ပိုးပေးလိုက်တာလဲ၊ မင်းတို့ရဲ့ခြံဝန်းအပြင်ဘက်ကနေတောင် အရသာရှိတဲ့အနံ့တွေကို ရနေတယ်"

အရသာရှိသည့်အနံ့နောက် လိုက်နေစဥ်က ချန်းသရှန်သည် ကျောပိုးအိတ်၏အပေါ်ဆုံးက အဝတ်အိတ်ဆီကို တိတိကျကျ ရောက်သွားပြီး အထဲကို တစ်ချက်လောက် ကြည့်လိုက်လေသည်။ ထိုအကြည့်တွင် သူသည် အားကျစိတ်ဖြစ်သွားတော့သည်။

အထဲဘက်တွင် သူ တခါမှအရသာမခံဘူးသည့် အရသာရှိသည့် အစားအသောက်များပါနေပြီး ထိုအရာများကို တုန်းဖူစားသောက်ဆိုင်၏ မီးဖိုဆောင်ထဲတွင်သာ တွေ့ခဲ့ဖူးလေသည်။

"နေ့လည်ကြရင် ငါ့ကို၂ခုလောက် မျှကျွေး"

"တစ်ခုပဲ"

"နှစ်ခုကွာ၊ ငါက ငါရဲ့ပစ္စည်းတွေနှင့် အလဲအလှယ်လုပ်မယ်"

“ဘာမှမလဲဘူး”

"ငါတို့တွေက အေးအတူပူအမျှ ခံစားကြတဲ့ ညီအစ်ကိုတွေ မဟုတ်ဘူးလား"

"အခုအချိန်မှာတော့ မဟုတ်ဘူး"

ချန်းသရှန်က ငြီးငြူတော့သည်။

"ဒီလိုညီအစ်ကိုမျိုးက တကယ်ဘဲ ဆက်ဆံရခက်ခဲလိုက်တာ၊ ငါတော့ဆုံးဖြတ်လိုက်ပြီ၊ ထမင်းဟင်း ကောင်းကောင်းချက်တတ်တဲ့ မိန်းမတစ်ယောက်ကိုပဲ လိုချင်တယ်။ ဒါမှ မင်းလည်း အားကျရမဲ့နေ့ ရောက်လာမှာ"

ရှန်းလီက ပိုပြီးတောက်ပစွာ ပြုံးလေသည်။

"ဟုတ်တယ်၊ နောက်ဆိုရင် သူ့ကိုပဲ မင်းအတွက် ချက်ပြုတ်ကျွေးခိုင်း"

ချန်းသရှန်က ရှန်းလီကို လှမ်းကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ သူ့ကို တတောင်ဖြင့် တွတ်လိုက်လေသည်။

"အေးပါ ငါတို့ သိပါတယ်။ ခယ်မလေးက တကယ်တော်တာ၊ အဲဒီ့ပြုံးဖြီးနေတဲ့ဟာကြီးကို လျှော့စမ်းပါအုံး"

ရှန်းလီသည် သူ့အပြုံးကို မထိန်းထားနိုင်တော့ပေ။ သို့သော်ငြားလည်း တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။

"ကောင်းကင်ဘုံက ငါတို့ရဲ့အတိတ်က အခက်အခဲတွေကို အားလော့ကနေတဆင့် လျော်ကြေးပေးတယ်လို့ ခံစားရတယ်"

သူတို့က အကြည့်ချင်းဖလှယ်လိုက်ကြပြီး ရှန်းလီက အကြံပေးလိုက်လေသည်။

"ငါတို့တွေ အရင်က တခါမှမသွားဖူးသေးတဲ့ဘက်ကို အရင်ဆုံး သွားကြမယ်။ အများဆုံး ၇ရက်ပေါ့။ သင့်တော်တဲ့ နေရာတစ်ခုခု တွေ့တာဘဲဖြစ်ဖြစ် မတွေ့တာဘဲဖြစ်ဖြစ် ငါတို့တွေက ငါတို့ရဲ့ရိက္ခာတွေကို အရန်စီစဥ်ထားတဲ့ နေရာတစ်ခုမှာ အရင်ဆုံးသို ဝှက်ထားရမယ်။ ပြသာနာတစ်ခုခုဖြစ်လာရင် ငါတို့တွေက မြန်မြန်ဆန်ဆန် ပြောင်းရွှေ့လို့ရတာပေါ့၊ အသေးမွှားဆုံး အန္တရာယ်ကိုတောင်မှ မစွန့်စားစေချင်ဘူး"

ရှန်းအန်းနှင့်ရှန်းနဥ်ဖြစ်စေ၊ အားလော့ဖြစ်စေ၊ သူက သူတို့၏လုံခြုံရေးကို ပြီးပြည့်စုံနေအောင် လုပ်ထားပေးချင်လေသည်။

ချန်းသရှန်က ခေါင်းငြိမ့်ပြလိုက်သည်။

"အေးပါ၊ ၇ရက်ပေါ့"

...

All Chapters