← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အပိုင်း (၁၁၃) ဖရိုဖရဲဖြစ်ခြင်း၏အစ

အလေ့အကျင့်တစ်ခုကို မွေးမြူရန် အမှန်ပင်လွယ်ကူပါသည်။

ရှန်းလီသည် ဆယ်ရက်သာကြာပြီးနောက် ပြန်ရောက်လာ၏။ ရှန်းအန်းနှင့်ရှန်းနဉ်တို့မဆိုထားနှင့် သူ၏ရုတ်တရက်ထွက်ခွာသွားခြင်းက စန်းလော့ကို မမျှော်လင့်ဘဲ နေမထိထိုင်မထိ ဖြစ်စေလေသည်။

စန်းလော့ သိလိုက်ရသည့် မယုံကြည်နိုင်ဆုံးနှင့် သက်တောင့်သက်သာမရှိဆုံးအရာမှာ ရှန်းလီထွက်သွားပြီးနောက် ညဘက်တွင် သူမ ခံစားနေရသည့် စိတ်လုံခြုံမှုမရှိနေခြင်းပင်။

ဤအတွေးသည် စန်းလော့ကို ပဟေဠိဖြစ်စေ၏။ သူမသည် ရှန်းလီ ပထမဆုံးပြန်ရောက်လာခါစက အလွန်သတိထားပြီး စောင့်ကြည့်ခဲ့ရပြီး ဆယ်ရက်မျှအတွင်း သူမ သတိထားခဲ့ရသောသူသည် သူမစိတ်လုံခြုံမှု၏ အရင်းအမြစ် ဖြစ်လာလေသည်။

စီရင်စုရှိ အခြေခံအစေ့အဆန်ဈေးများ မြင့်တက်ခြင်းကိုပင် အပြစ်တင်နေကြသည်ကို စန်းလော့က နားလည်လေ၏။ ယနေ့တွင် ကန်းမိသားစုသည် စီရင်စုရှိ စားသောက်ဆိုင်လေးများမှ သတင်းနှင့်အတူ ပြန်ရောက်လာကြပြီး တို့ဟူးနှင့်တို့ဟူးခြောက်ဈေးနှုန်းမှာ ထိုးတက်သွားပြီး စပါးနှင့် ကုန်ပစ္စည်းချင်း လဲလှယ်ဖို့လိုသည်ဟု ကြားလိုက်ကြသည်တွင် ချီတုံချတုံဖြစ်ကာ ထိုအရာများကို သိုလှောင်ရန် ချက်ခြင်းငြင်းဆန်ကြလေ။

ယနေ့တွင် ရွာမှလူတစ်ချို့သည် စီရင်စုရှိစပါးဈေးများ မြင့်တက်သွားသည့်သတင်းကို ပြန်သယ်လာကြပြီး ပဲအမျိုးမျိုးဈေးနှုန်းများမှာ တစ်ဟုန်ထိုးတက်သွားသည်ကို ကြားရသည့်အတွက် နောက်မှ ထိပ်ထိပ်ပျာပျာဖြစ်သွားကြ၏။

ဝရုန်းသုန်းကား အဖြစ်ဆုံးမှာ ရှန်းမိသားစု၏ တတိယအိမ်ထောင်စုပင်။ တစ်လကြာအောင် အပြင်တွင် ပင်ပင်ပန်းပန်း အလုပ် ထွက်လုပ်ခဲ့ရသည့် အမျိုးသမီးလီသည် အိမ်ပြန်ရောက်လာသည်တွင် သူမခင်ပွန်းက ဒဏ်ရာများနှင့် တာဝန်ထမ်းဆောင်ရန် အဆင်မပြေဟု အခိုင်အမာပြောဆိုပြီး သူမနှင့် တာဝန်လဲပေးဖို့ ငြင်းဆန်တော့သည်။ သူမသည် ရှန်းမိသားစု၏အကြီးဆုံးအိမ်ထောင်စုကို ရန်သွားဖြစ်ချင်သော်လည်း ရှန်းလီ၏ကြားဝင်စွက်ဖက်မှုနှင့် ယခုအချိန်တွင် ရှန်းမိသားစု၏ အဓိကအိမ်ထောင်စုနှင့် နီးကပ်သောအခြားမိသားစုများကို ကြောက်ရွံ့လေသည်။ ထို့ကြောင့် သူမသည် ချုပ်တီးထားလိုက်ရသည်။

ဒေါသဖြစ်နေဆဲ သူမသည် စပါးဈေးပြဿနာကို ကြားရလေသည်။ ရှန်းစန်းတွင် စပါးဝယ်ရန် အခွင့်အရေးရှိသော်လည်း မဝယ်ခဲ့သည်ကို သိလိုက်ရသည်တွင် သူမသည်တံခါးများကို သော့ခတ်ကာ ပြင်းပြင်းထန်ထန် ရန်ဖြစ်လိုက်ပြီး သူ့မျက်နှာကို ကုတ်ဆွဲ‌လိုက်သောကြောင့် နှစ်ယောက်လုံး ဒဏ်ရာများဖြင့် အဆုံးသတ်သွားပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဖန်တီးလိုက်မိ၏။

ခံစားချက်များသည် ကူးစက်နိုင်ပြီး စပါးဝယ်ရာတွင် ပျက်ကွက်ခဲ့ကြသည့် အခြားမိသားစုများသည် အစပိုင်းတွင် စိတ်မကောင်းဖြစ်သော်လည်း မကြာမီတွင် စကားများခြင်းများနှင့် အငြင်းပွားခြင်းများတွင် ပါဝင်လာကြလေသည်။

ထိုသို့သောအခြေအနေမျိုးတွင် ရွာသားများမသိအောင် အိမ်၌ စပါးအများအပြား သိုလှောင်ထားသည့် စန်းလော့ကဲ့သို့သူများသည် သူတို့၏ သီးခြားအိမ်ထောင်စုများကို မစိုးရိမ်ဘဲမနေနိုင်ပေ။

"ဟုတ်တယ်၊ ငါတို့အားကိုးလို့ရနိုင်တာကက အိမ်ကိုစောင့်ကြည့်နေတဲ့ သတိရှိတဲ့ ငန်း၃ကောင်ပဲရှိတော့တယ်"

ဤသည်ကို သူမတွေးနေ‌စဉ် အမှောင်ထဲတွင် ပုံရိပ်များက ချဉ်းကပ်လာလေသည်။ အနည်းငယ်စိတ်လှုပ်ရှားနေသော သူမက သူတို့နီးကပ်လာသည်နှင့် ထိုအရိပ်များမှာ စောင်တစ်ထည်ကို သယ်လာသော ချင်ဖန်းညန်နှင့် ကန်းရှီတို့ဖြစ်သည်ကို သိရှိလိုက်၏။

သူတို့က ရှန်းလီသည် သီးခြားဖြစ်နေသည့်အိမ်တွင် ကလေးနှစ်ယောက်နှင့် အတူစန်းလော့ကို ထားခဲ့ပြီး တောထဲသို့သွားသည်နှင့်ပတ်သက်ပြီး စိုးရိမ်နေကြလေသည်။ သူတို့သည် ဘေးကင်းစေရန် တစ်ညတာ လာရောက်နေပေးဖို့ကို ဆုံးဖြတ်လိုက်ကြ၏။

ချင်ဖန်းညန်က ဟာသပြောလိုက်လေသည်။

"ငါတို့နဲ့နေရတာကို နင်က အသားကျပါ့မလား မသေချာဘူး။ ငါ စောင်တစ်ထည် ယူလာတယ်။ အဆင်မပြေဘူးလို့ထင်ရင် နင်တို့ဦးလေးလုပ်ထားတဲ့ ပိုကြီးတဲ့အိပ်ယာပေါ်မှာ ရှန်းအန်းနဲ့ရှန်းနဉ်တို့နဲ့ အိပ်လို့ရတယ်။ ငါက ရှီရှီနဲ့ အတူတူအိပ်လိုက်မယ်"

စိတ်သက်သာရာရသွားသော စန်းလော့သည် ချင်ဖန်းညန်ကို အလျင်အမြန် လက်လှမ်းလိုက်၏။

"ရတာပေါ့၊ ကျွန်မက ဒါနဲ့အဆင်ပြေပါတယ်။ ရောက်လာတာ အချိန်ကောင်း ဖြစ်သွားတာပေါ့။ အမှန်တိုင်းပြောရရင် ဒီနေ့လည်တုန်းက ရွာထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်သွားတာကို တွေ့တော့ အတော်လေး စိုးရိမ်နေတာ"

အပြင်ဘက်ရှိ အဟန့်ကောင်းသောငန်းသုံးကောင်ကို ညွှန်ပြရင်း သူမက ရယ်မောလိုက်၏။

"ဒီညတော့ သူတို့ကိုပဲအားကိုးရတော့မယ်။ အခြေအနေတွေကို ဆွေးနွေးဦးမယ်ဆိုရင် မြင်ရအောင်လို့ မီးအိမ်ကို မီးညှိပြီး တံခါးဖွင့်လိုက်မယ်"

အိမ်ရှိငန်းများနှင့် ညှိနှိုင်းခြင်းကို ဟာသလုပ်နေကြရင်း ချင်ဖန်းညန်နှင့်ကန်းရှီတို့သည် အတူတူရယ်မောနေကြ၏။ ကန်းရှီက ထပ်ပြောလိုက်လေသည်။

"အခန်းပိုသာရှိသေးရင် လျိုညန်လဲ လာလောက်တယ်။ ကျိုးရွာသူကြီးအိမ်က အမျိုးသမီးကျိုးကတောင် နင့်ကို မေးနေသေးတယ်"

ကန်းရှီက ကျိုးရွာသူကြီး၏မိန်းမကို အမျိုးသမီးကျိုးဟု ရည်ညွှန်းပြောဆိုလေသည်။

စန်းလော့သည် သိသိသာသာပြုံးလိုက်၏။

"ကျွန်မကို အများကြီး ဂရုစိုက်ပေးကြလို့ အားလုံးကို ကျေးဇူးတင်ပါတယ်"

သူတို့အိမ်မှ အဘွားအိုသည် စန်းလော့ကို အဘယ်ကြောင့် အရမ်းစိုးရိမ်နေရသည်ကို ကောင်းစွာသိသော ချင်ဖန်းညန်က ညစာစားပြီးသည်နှင့် လုံခြုံရေးအတွက် တစ်ညတာနေပေးရန် တစ်ယောက်ယောက်ရှာသည့် ကိစ္စနှင့်ပတ်သက်ပြီး လုနှင့်ရှီမိသားစုများနှင့်ဆွေးနွေးခဲ့လေသည်။

ဤသည်ကိုတွေးရင်း ကန်းရှီသည်အပြုံးဖြင့် ချင်ဖန်းညန်ကို တိုက်ရိုက်ပြောလိုက်၏။

"နင့်အဘွားက သူ့ကို တုန်နေအောင်ချစ်တာ အံ့ဩစရာတော့မရှိပါဘူး။ သူမကလဲ အရမ်းချစ်စရာ ကောင်းတယ် မဟုတ်လား"

စန်းလော့က အမျိုးသမီးနှစ်ယောက်ကို အိမ်ထဲသို့ခေါ်သွားလိုက်ရင်း အံ့ဩသွားလေသည်။

"အဘွားချန်းက ကျွန်မကို စိုးရိမ်နေတာလား"

ချင်ဖန်းညန်သည် ရယ်မောနေပြီး ကန်းရှီက ထပ်ပြောလိုက်၏။

"တစ်ကယ်ကို သူက စိုးရိမ်နေတာ။ ညစာစားပြီးတာနဲ့ လုံခြုံရေးအတွက် တစ်ညတာနေပေးမယ့်အကြံကို အဆိုပြုဖို့ ငါတို့အိမ်ကို လာလည်တယ်လေ။ နင့်ရဲ့အဒေါ်ချင်ဖန်းညန်နဲ့ငါက ရွာသားတွေဆီက အာရုံစိုက်မခံရအောင်လို့ ငါတို့စောင်တွေနဲ့မလာခင် လုံးဝမှောင်တဲ့ အထိစောင့်နေရတာ"

အပြုံးဖြင့်ဆက်ပြောလိုက်၏။

"အဘွားချန်းက နင့်ကို မြေးမလေးတစ်ယောက်လို တစ်ကယ်ကို တန်ဖိုးထားတယ်လို့ ထင်တာပဲ"

စန်းလော့သည် အားရပါးရ ရယ်မောလိုက်၏။

"မြေးမတစ်ပိုင်းပဲ မဟုတ်ဘူးလား။ အဘွားချန်းရဲ့ ချစ်ခင်မှုအပြည့်အဝရဖို့နဲ့ တစ်ကယ့်မြေးမလေးတစ်ယောက်လို သတ်မှတ်ခံရဖို့အများကြီး ကြိုးစားရဦးမယ်"

ချင်ဖန်းညန်က ရွှင်မြူးစွာဖြင့်သူမကို ညွှန်ပြရင်း စနောက်လေသည်။

"ဒါဆို ငါ့အတွက်ကောင်းတာပေါ့။ နောက်ထပ် သမီးတစ်ယောက် ရလိုက်တာပဲ"

စန်းလော့သည် ချင်ဖန်းညန်၏အမူအရာအား လိုက်လျောဟန်ပြုရင်း ချဲ့ကားပြီး ခေါင်းကိုအနောက်သို့ ငဲ့ကြည့်ကာ တုံ့ပြန်လိုက်လေသည်။

သူတို့ပင်မအိမ်သို့ ရောက်သောအခါ သဲဗန်းပေါ်တွင် စာရေးလေ့ကျင့်နေကြသော ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် ဆူညံသံကို ကြားသောကြောင့် သူတို့အား နှုတ်ဆက်ရန်အပြင်သို့ ထွက်လာကြပြီး ခင်မင်ရင်းနှီးစွာဖြင့် "အဒေါ်" ဟုခေါ်လိုက်ကြ၏။

မောင်နှမနှစ်ယောက်က အဒေါ်နှစ်ယောက်သည် တစ်ညတာနေပေးရန် ရောက်လာကြပြီး အတော်လေးပျော်ရွှင်နေသည်ကို သတိထားမိကြလေသည်။

ကလေးများသည် ခံစားချက်များနှင့် မလိုမုန်းထားစိတ်ကို တုံ့ပြန်လွယ်ကြ၏။ နေ့လည်ခင်းတွင် စပါးများ သိုလှောင်ရန် မစီစဉ်နိုင်ကြသော ရွာထဲရှိမိသားစု တော်တော်‌များများသည် သိုလှောင်နိုင်ကြသောသူများကို မနာလိုစိတ်ဖြင့် ကြည့်ကြလေသည်။ လုံးဝ ရန်လိုနေသည် မဟုတ်သော်လည်း ထိုအရာက ရှန်းအန်းနှင့် ရှန်းနဉ်တို့အား အနည်းငယ်စိုးရိမ်စေ၏။

စန်းလော့က သူမ အခင်းနှင့်ခေါင်းအုံးများကို ရှန်းအန်း၏အိပ်ယာပေါ်သို့ ရွှေ့ကာ အပြုံးဖြင့်ပြောလိုက်လေသည်။

"နေရာထိုင်ခင်း အသင့်အတင့်နဲ့ နေရာကျဥ်းကျဉ်းလေးအတွက်တော့ တောင်းပန်ပါတယ်။ ရက်နည်းနည်းလောက် သည်းခံပေးပါဦး"

ချင်ဖန်းညန်နှင့်ကန်းရှီတို့သည် လုံးဝစိတ်မရှိပေ။ အိပ်ယာသည် ထိုင်ခုံများဖြင့် ပြုလုပ်ထားပြီး အဖြစ်သဘောသာဖြစ်သော်လည်း ကောက်ရိုးရိုးထူထူခင်းထားပြီး အပေါ်တွင်ဖျာတစ်ချပ်နှင့် သန့်ရှင်းနူးညံ့ပြီး ဂွမ်းစောင်ထူထူလေးကြောင့် သက်တောင့်သက်သာရှိလေသည်။

"ဒီအိပ်ရာက အိပ်ရတာ အရမ်းသက်တောင့်သက်သာရှိပြီး အဖြစ်သဘောနဲ့ လုပ်ထားတယ်လို့တောင် မထင်ရဘူး"

ချင်ဖန်းညန်သည် စောင်ကိုချလိုက်ပြီး အခန်းဖွဲ့စည်းပုံကိုလေ့လာနေ၏။ အိပ်ယာနှစ်ခုကြားတွင် လိပ်ထားသောကန့်လန့်ကာကို မြင်တော့ သူမက အခိုင်အမာပြောဆိုလေသည်။

"ဒါက တစ်ကယ်ကို အသုံးဝင်တာပဲ။ လွယ်လွယ်လေးတင်ပြီး ချလို့ရတယ်"

သူမနှင့်ကန်းရှိတို့က အခန်းတစ်ခန်းထဲတွင် ‌လူလေးဦးနေထိုင်သောကြောင့် စန်းလော့နှင့်ရှန်းလီတို့၏ အိမ်ထောင်ရေး အထမြောက်မမြောက်သည်ကိုတော့ မသေချာပေ။ ဘောင်မကျော်လိုသောကြောင့် သူမသည် တွေးတောရင်း အပြုံးဖြင့်ပြောလိုက်၏။

"အချိန်တွေ ပြန်ပြီးအေးချမ်းလာတဲ့အခါ လူတိုင်းနေလို့ရအောင် နောက်ထပ် အခန်းနှစ်ခန်းဆောက်ဖို့ ဘေးကမြေကိုညှိဖို့ စဉ်းစားသင့်တယ်"

ကလေးများက ဤမှတ်ချက်ကို နားမလည်သော်လည်း သွယ်ဝိုက်အဓိပ္ပါယ်ကို နားလည်သောစန်းလော့ကတော့ အနည်းငယ် ရှက်ရွံ့ကာပြန်‌ဖြေလိုက်၏။

"ဟုတ်ပါတယ်။ ဒီဖရိုဖရဲအခြေအနေတွေက ဘယ်အချိန်မှာပြီးမလဲ၊ ငြိမ်းချမ်းရေးကို ဘယ်‌တော့ပြန်ရမလဲဆိုတာ ဘယ်သူသိမှာလဲ"

သူမ၏တုံ့ပြန်မှုသည် ဝမ်းနည်းနေပုံပေါ်၏။ ကန်းရှီသည် အကြည့်လွှဲလိုက်ကာ စားပွဲပေါ်ရှိ ဆီမီးအိမ်နှင့်သဲဗန်းနှစ်ခုအပေါ်သို့ ရောက်ရှိသွားပြီး အကြောင်းအရာကို အလျင်အမြန် ပြောင်းလိုက်လေသည်။

"ရှန်းအန်းနဲ့ရှန်းနဉ်တို့က သူတို့ရဲ့လက်ရေးကို လေ့ကျင့်နေကြတာလား"

ရှန်းအန်း အသုံးပြုနေသောသဲဗန်းကို အနီးကပ်စူးစမ်းကြည့်တော့ ကန်းရှီသည် စာလုံး ၇လုံး၊ ၈လုံးထဲမှ တစ်လုံးမှ မမှတ်မိသော်လည်း ထိုအရာသည် သူ့လက်ရေးကို သဘောကျခြင်းမှ မတားဆီးနိုင်ပေ။

"ရှန်းအန်းက တစ်ကယ်ကို ကြိုးစားတာပဲ။ သူ့လက်ရေးလေးက မင်းရဲ့အစ်ကို သနျိုနဲ့အားနျိုတို့ထက် အများကြီးပိုကောင်းတယ်"

သူမက ချီးမွမ်းလိုက်၏။

သူမ၏အိမ်ထောင်စုတွင်ရှိသော သဲဗန်းတစ်ခုသည် မသေမသပ်စာလုံး ၂လုံး၊ ၃လုံးမျှသာ ဆန့်လေသည်။

အာလာပသလ္လာပ စကားတစ်ချို့ပြောပြီးနောက် စန်းလော့သည် တို့‌ဟူးခြောက် ပြင်ဆင်ရန်ဆက်လုပ်လေသည်။ ချင်းဖန်ညန်နှင့်ကန်းရှီတို့သည် ကျင့်ဝတ်ကိုသိရှိသောကြောင့် အကူအညီပေးရန်ကမ်းလှမ်းခြင်းကို ရှောင်ရှားလိုက်၏။ ထို့အစား စန်းလော့၏ အချုပ်အလုပ်ခြင်းတောင်းထဲမှ မပြီးသေးသောဖိနပ်များကို ကောက်ယူလိုက်ပြီး ရှန်းအန်းနှင့်ရှန်းနဉ်တို့ အသုံးပြုနေသော ဆီမီးအိမ်၏အလင်းရောင်နားတွင် စဆင်ချုပ်လုပ်လေသည်။

ညတာသည် တိတ်တဆိတ်ပင်ပြီးဆုံးသွား၏။ နောက်တစ်နေ့ မနက်စောစောတွင် စန်းလော့သည် ကလေးနှစ်ယောက်၏အကူအညီဖြင့် တို့ဟူးပြင်ဆင်နှင့်နေပြီဖြစ်သည်။ ချင်ဖန်းညန်နှင့်ကန်းရှီတို့သည် ဤသည်ကို သတိပြုမိကာ မိသားစုသုံးစုလုံး၏ ဘဝတိုးတက်စေမည့် ငွေရှာရန် စန်းလော့တစ်ယောက် မည်မျှပင်ပန်းကြီးစွာ ကြိုးစားသည်ကို မတွေးဘဲမနေနိုင်သောကြောင့် သူမကို ပို၍ပင်ကျေးဇူးတင်မိလေ၏။

ကျေးဇူးတင်စွာဖြင့် သူတို့သည် ယခုအခါတွင် စားသောက်ဆိုင် အနည်းငယ်ကိုသာ ထောက်ပံ့ပေးနေပြီး လုပ်ငန်းစဉ်ကို ရိုးရှင်းအောင်လုပ်သည်။ ပို့ဆောင်မှုများကို ချန်းယိုထျန်းနှင့် လုအာ့လန်တို့ကို လွှဲပေးထားပြီး စီရင်စုသို့ လှည်းဖြင့် သို့မဟုတ် ထမ်းပိုးဖြင့်ပစ္စည်းများပို့ရာတွင် အမျိုးသမီးများလိုအပ်မှုကို လျော့ချထား၏။

ချင်ဖန်းညန်နှင့်အခြားသူများသည် သူမနှင့် လေးခွပစ် လေ့ကျင့်သည့်နေ့တွင် တောင်‌ဆင်ခြေလျှောရှိ စန်းလော့၏ခြံဝန်းထဲ၌ စုနေကြလေသည်။

ရက်များက တရွေ့ရွေ့ကုန်ဆုံးသွားပြီး ရွာလေးသည်လည်း အတော်လေးငြိမ်းချမ်းနေ၏။ သို့သော် စီရင်စုတွင် အခြားနေရာများ၌ စစ်ပွဲသတင်းများဖြင့် စိတ်လှုပ်ရှားနေကြလေသည်။ လူဆင်းရဲများက လမ်းမများတွင် အလွန်သောကရောက်နေစဉ်တွင် ချမ်းသာသောလူစုများသည် စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များတွင် သတင်းကိုဆွေးနွေးနေကြ၏။ အိမ်ထောင်စုတိုင်းတွင် များစွာကြားခဲ့ရသည့် ကောလဟလများနှင့် အမျိုးမျိုးသော သတင်းအရင်းအမြစ်များရှိလေသည်။

စီရင်စုသို့ မကြာခဏ သွားလည်ပတ်လေ့ရှိသော ချန်းယိုထျန်းနှင့် လုအာ့လန်တို့သည် ကောလဟလမျိုးစုံကို ကြားလာကြလေသည်။ ဘုရင်အသစ်များသည် နေရာအမျိုးမျိုးတွင် ကြေညာကြပြီး ဟဲနန်လမ်းမပေါ်ရှိ မငြိမ်မသက်မှုများကို ထုတ်ပြန်ထားလေ၏။

ရှန်းလီနှင့်ချန်းသရှန်တို့ ထွက်သွားပြီး ၁၃ရက်မြောက်နေ့တွင် ချီရန်စီရင်စုအနီးနားဒေသတွင် ဒုက္ခသည်များပေါ်လာလေသည်။

ယခင်က တွေ့ဆုံခြင်းမှရှောင်ရှားခဲ့သည့်လူတစ်ချို့နှင့်မတူဘဲ ဤတစ်ကြိမ်တွင် ဒါဇင်ကျော်သောအုပ်စုများကို တစ်နေ့ထဲတွင် တွေ့နိုင်ပြီး အကုန်လုံးသည် စီရင်စုဂိတ်တံခါးဝများ၏ အပြင်ဘက်တွင် စုဝေးပြီး လမ်းသွားလမ်းလာများထံမှ အစားအစာ၊ ရေနှင့်အဝတ်အထည်များကို တောင်းခံနေကြ၏။

ဒုက္ခသည်များကို မြို့ထဲသို့ဝင်ရောက်ခြင်းကို တားမြစ်ထားသော်လည်း သူတို့၏ဝန်းရံထားမှုကြောင့် နောက်ဆုံးတွင် စီရင်စုအစိုးရသည် ဂိတ်လုံခြုံရေးကို အင်အားတိုးမြှင့်ခြင်း၊ ဒုက္ခသည်များအတွက် ယာယီတဲများဆောက်လုပ်ပေးခြင်းနှင့် ဝေပေးရန်အတွက် ဆန်ပြုတ်ရေကျဲ အိုးကြီးများကို ချက်ပြုတ်ပေးကြသည်။

ချန်းယိုထျန်းနှင့် လုသလန်တို့ပြောစကားအရ ဆန်ပြုတ်ကို ရေများများရောထားသောကြောင့် ဆန်ပြုတ်ဆိုသည်ထက် ထမင်းရည်နှင့် ပိုတိုနေလေသည်။

သို့သော် မြို့အတွင်းရှိ ကြွယ်ဝချမ်းသာသော မိသားစုတစ်ချို့သည် သဘာ‌ဝဘေးအန္တရာယ် ကယ်‌ဆယ်ရေးအတွက် ဆန်ပြုတ်များ ကျွေးခြင်း၊ ဆေးဝါးများ ပေးဝေခြင်းနှင့် အဝတ်အစားများလှူဒါန်းခြင်းဖြင့် ထောက်ပံ့ပေးကြလေသည်။ သူတို့၏ဆန်ပြုတ်သည် အရည်ကျဲသော်လည်း အစိုးရ၏ဆန်ပြုတ်ထက်ပိုကောင်းပြီး အဝတ်အစားဟောင်းများသည်လည်း နွေးထွေးပြီး ကျေးလက်ဒေသခံလူများ၏ အဝတ်အစားများထက် ပိုကောင်းမွန်၏။

စန်းလော့နှင့်အခြားသူများသည် သူတို့၏လုပ်ငန်းပူးပေါင်းမှုများကို လုံးဝရပ်ဆိုင်းကာ အနီးအနားရွာများသို့ မနက်ခင်းပြေးလွှားမှုကို ရပ်တန့်လိုက်ကြလေသည်။ ထို့အစား အနီးနားရှိတောင်များတွင် ကလေးများကို လေ့ကျင့်သင်ကြားပေး၏။ ကျိုးချွမ်ကျန့်သည် ရှီလီရွာသို့ ချဉ်းကပ်လာသော သူစိမ်းများကိုသတိထားရန် ရွာထဲရှိလူငယ်များကို စတင်စီစဉ်လေသည်။

ချန်းယိုထျန်းပြန်သယ်လာသော နောက်ထပ်သတင်းတစ်ခုမှာ တုန်းဖူစားသောက်ဆိုင်ပိုင်ရှင်သည် သူ့မိသားစုနှင့်အခြေချရန် ရှဲရှန်သို့ပြန်လာခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့အခြေအနေတစ်ခုတွင် တစ်ယောက်ယောက်သည် မိသားစု၏ အဓိကပံ့ပိုးမှုမရှိဘဲ ကိစ္စများကို နေရာတကျဖြစ်အောင် ပြန်လုပ်ဖို့ရန် အမှန်ပင် စိတ်မအေးနိုင်ချေ။

ကျိုး၊ ချန်း၊ ရှီနှင့် လုမိသားစုများသည် ဖြစ်လာနိုင်ချေရှိသော ဒုက္ခသည်များ၏တိုက်ခိုက်မှုကို ကာကွယ်ရန် အိမ်ထောင်စုတစ်စုစီမှ အမျိုးသားတစ်ယောက်သည် နှစ်ယောက်တစ်တွဲနှင့် ရှန်းမိသားစု၏ပင်မအိမ်ရှိ မီးဖိုချောင်ထဲတွင် တစ်ညတာနေပြီး စောင့်ရှောက်ရန် သီးသန့်သဘောတူထားကြသည်။ တစ်လခွဲနီးပါး အဝေးသို့ရောက်နေသော ရှန်းလီနှင့်ချန်းသရှန်တို့ အိမ်ပြန်ရောက်လာသောအခါတွင် လုံးဝညရောက်နေပြီဖြစ်၏။

ကြီးမားသော ဝန်ထုပ်ဝန်ပိုးများကို ထမ်းထားပြီး စိုးရိမ်တကြီးရုပ်များနှင့် ရှန်းလီနှင့်ချန်းသရှန်တို့သည် ညအိပ်စောင့်ရန် ကောက်ရိုးဖျာများ၊ စောင်များနှင့် ခေါင်းအုံးများကို သယ်ဆောင်လာကြသော ရှီအာ့လန်နှင့် ကျိုးသလန်တို့နှင့် ထိပ်တိုက်တွေ့လိုက်ရခြင်းမှာ တောင်ခြေတွင် အမှောင်ထဲ၌ အနီးကပ်မြင်ကွင်းတစ်ခု ဖြစ်လေသည်။

မျက်နှာချင်းဆိုင် တွေ့လိုက်ကြသည်တွင် ရှန်းလီက အော်ခေါ်လိုက်၏။

"ဦးလေး ရှီအာ့"

ရှီအာ့လန်နှင့်ကျိုးသလန်တို့သည် အသံများကိုမှတ်မိပြီး စိတ်လှုပ်ရှားစွာဖြင့် အတည်ပြုလိုက်လေသည်။

"ရှန်းလီနဲ့သရှန်လား"

"ဒါဆို မင်းတို့ပြန်ရောက်လာပြီပေါ့"

"ဒါတွေအားလုံးကဘာတွေလဲ"

ချန်းသရှန်နှင့်ရှန်းလီတို့က မရေမရာဖြစ်နေစဉ်တွင် ရှီအာ့လန်နှင့် ကျိုးသလန်တို့သည် စိတ်လှုပ်ရှားမှုကြောင့် စကားသံများ တစ်ပြိုင်ထဲထွက်ပေါ်လာ၏။

ရှန်းလီသည် တောင့်တင်းသွားကာ တစ်ခုခုမှားနေသည်ကို အလျင်အမြန် နားလည်လေသည်။

"ဒီမှာ ပြဿနာဖြစ်နေတာလား"

ရှီအာ့လန်က ခေါင်းညိတ်ပြလိုက်၏။

"ဒုက္ခသည်တွေ ရှိရောက်နေပြီ၊ နည်းနည်းလေးတောင် မဟုတ်ဘူး။ မြောက်ပိုင်းမှာ ကပ်ရောဂါပြီးသွားပေမယ့် သူတို့ကို ထိန်းချုပ်ထားနိုင်ပုံ မပေါ်ဘူး။ မင်းရဲ့သီးခြားအိမ်က မလုံခြုံနိုင်ဘူးလို့ တွက်ထားတာကြောင့် လာပြီး စောင့်ကြည့်ဖို့ကို စီစဉ်ထားကြတာ။ သင့်တော်တဲ့နေရာတစ်ခုကို တွေ့ခဲ့လား"

ရှင်းပြပြီးချိန်တွင် သူ့မေးခွန်းသည် အလျင်စလိုဖြစ်လာ၏။

ရှန်းလီနှင့်ချန်းသရှန်တို့၏ မျက်လုံးများသည် မျှော်လင့်ချက်ဖြင့် တောက်ပနေပြီး ခေါင်းညိတ်ပြလိုက်ကြလေသည်။ ရှန်းလီကပြောလိုက်၏။

"တွေ့ခဲ့တယ်၊ ဦးလေးရှီ၊ ကျွန်တော်တို့ ပစ္စည်းတွေကို ထားဖို့ အရင်ပြန်ကြရအောင်။ ကျေးဇူးပြုပြီး ရွာထဲကို တိတ်‌တိတ်လေးပြန်ပြီး လူကြီးတစ်ချို့ကို ဆွေးနွေးတိုင်ပင်ဖို့အတွက် ဖိတ်ပေးပါလား"

ရှီအာ့လန်နှင့် ကျိုးသလန်တို့သည် သဘောတူလိုက်ပြီး သူတို့၏ပစ္စည်းအားလုံးကို သယ်ကာ ချန်းသရှန်နှင့်အတူ ရွာဘက်သို့ အလျင်အမြန် ဦးတည်သွားလိုက်ကြလေတော့သည်။

...

အပိုင်း (၁၁၄)

စန်းလော့သည် မီးဖိုချောင်ထဲတွင် အလုပ်များနေသော်ငြားလည်း ဆူညံသံတချို့ကို ခပ်ရေးရေး ကြားလိုက်ရလေသည်။ ဆီမီးအိမ်တစ်ခုကို သယ်ကာ ခြံဝန်းအပြင်ဘက်သို့ ထွက်အလာတွင် ရှန်းလီက တောင်ကြောဘက်မှ ချဥ်းကပ်လာသည်ကို မြင်လိုက်ရသည်။ ညက အလွန်မှောင်မည်းနေသဖြင့် အဝေးတစ်နေရာကို ရှင်းလင်းစွာ မမြင်ရပေ။ မသေချာသဖြင့် သူမက မီးအိမ်ကိုမြှောက်လိုက်ပြီး မေးလိုက်လေသည်။

"ရှန်းလီလား"

"ကျွန်တော်ပါ"

စန်းလော့က လုံးဝစိတ်အေးသွားပြီး ဝမ်းသာသလို ခံစားရလိုက်သည်။ သူမက ရှေ့သို့တိုးသွားကာ သူ့ကိုနှုတ်ဆက်လိုက်ပြီး သူတို့သည် ခြံဝန်းအပြင်တွင် တွေ့ဆုံလိုက်ကြသည်။ သူမက ရှန်းလီကို လေ့လာကြည့်လိုက်ပြီး ဘာထိခိုက်ဒဏ်ရာမှမဖြစ်သည်ကို တွေ့လိုက်ရတော့ နွေးထွေးစွာပြုံးမိ၏။

"ရှင်တို့တွေ အန္တရာယ်ကင်းကင်းနှင့်ပြန်လာတာ ဝမ်းသာလိုက်တာ"

သူပြန်ရောက်လာသည်က မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်သော်ငြာလည်း ပြီးခဲ့သည့်၁၀ရက်တာ ကာလအတွင်းတွင် အထူးသဖြင့် နောက်ပိုင်းရက်အနည်းငယ်က စိုးရိမ်စရာဖြစ်လာခဲ့သည်။ မိသားစုတိုင်းက စပါးများကို သိုလှောင်လာကြသည်။ ပတ်ဝန်းကျင် အနေအထားကလဲ ပူပင်စရာဖြစ်နေလေသည်။ အထူးသဖြင့် သူတို့၏သီးခြားရှိနေသည့် အိမ်အတွက်တော့ ဒါက အိမ်နီးချင်းများကြားတွင် စိတ်ပူစရာ ဖြစ်နေစေသည်။

"အခုလေးတင်ပဲ တောင်ခြေမှာ ဦးလေးရှီအာ့လန်နဲ့ တခြားသူတွေနဲ့ တွေ့ခဲ့တယ်။ ကပ်ဘေးဒုက္ခသယ်တွေအကြောင်းကို ကျွန်တော် ကြားခဲ့တယ်။ စိတ်မပူပါနဲ့ ကျွန်တော်တို့ စီစဥ်ထားပြီးပါပြီ။ သရှန်နဲ့ကျွန်တော်က အခြေချဖို့ နေရာကောင်းတစ်ခုကို ရှာတွေ့ထားတယ်။ တခြားသူတွေကလဲ နောက်ပိုင်းအစီအစဥ်တွေကို တိုင်ပင်ဖို့ ခဏနေ ဒီကိုလာကြလိမ့်မယ်"

သူတို့သည် အခြေချစရာနေရာတစ်ခု ရှာတွေ့ခဲ့သည်ဟု ကြားလိုက်သည်တွင် စန်းလော့၏မျက်လုံးများက တောက်ပလာပြီး ထိုသတင်းကြောင့် စိတ်လှုပ်ရှားသွားလေသည်။ သူမက မမေးဘဲ မနေနိုင်တော့ချေ။

"နေရာက ဘယ်လိုမျိုးလဲ"

ရှန်းလီက ပြန်မဖြေရသေးခင်မှာပင် ဆူညံသံကို ကြားလိုက်ရသည့် ရှန်းအန်းနှင့်ရှန်းနဥ်တို့က အစ်ကိုကြီးဟုခေါ်ကာ အပြေးထွက်လာပြီး ဝမ်းသာအားရဖြင့် သူ့ထံသို့ ပြေးဝင်လာကြလေသည်။

ရှန်းလီက အလောတကြီးဖြင့် လက်ကိုမြှောက်ကာ သူတို့ကို တားလိုက်သည်။

"အနားကပ်မလာကြနဲ့ ငါ ညစ်ပတ်နေတယ်"

တောနက်ထဲတွင် ၁၃ရက်လောက် ရုန်းကန်လာခဲ့ပြီး ဟိုတိုးဒီဝှေ့ ဟိုတက်ဒီတက်နှင့် သစ်ပင်များကိုလဲ ခုန်တက်ခဲ့ရကာ ရှန်းလီသည် ယခုအချိန်က အေးခဲသည့်ရာသီမဟုတ်ခဲ့လျှင် အခုအချိန်တွင် သူသည် တော်တော်လေး နံစော်နေလိမ့်မည်ဟု ခံစားမိလေသည်။

ရှန်းနဥ်နှင့်ရှန်းအန်းတို့က ရှန်းလီ၏လက်ဟန်ကို မြင်လိုက်သည်တွင် အားတက်သရော ပြေးလာသည်ကို ရပ်လိုက်ကြပြီး ထိုအခါမှ စန်းလော့က သူ၏တခြားလက်ထဲတွင် သယ်လာသည့်အထုပ်ကြီးကို သတိထားမိလေသည်။ ဆီမီးအိမ်ကို အနားသို့ကပ်လိုက်ပြီး သူမက မေးလိုက်သည်။

"ဒါက ဘာလဲ"

သူမစကားမဆုံးခင်မှာပင် အလင်းရောင်က အထုပ်ပေါ်ကိုဖြာကျသွားပြီး စန်းလော့မှာ အလန့်တကြားဖြင့် အော်ကာ နောက်သို့ဆုတ်မိသွားတော့သည်။

ရှန်းလီမှာ ထိုပစ္စည်းကို အချိန်မီ ဝှက်မထားနိုင်လိုက်ဘဲ အလောတကြီး အာမခံလိုက်လေသည်။

"မကြောက်ပါနဲ့ ဒါက သားရေပါ"

စန်းလော့သည် မကြောက်ပဲမနေနိုင်ချေ။ သူမက ဒါသည် ဝက်ဝံမဲသားရေဖြစ်မှန်း သိလိုက်လေသည်။ အကြောင်းမှာ ဝက်ဝံခေါင်းက တွဲလျက်သား ရှိနေခြင်းကြောင့်ပင်။

အာရုံပြောင်းသွားပြီး သူမက ရှန်းလီကို ကြည့်လိုက်သည်။

"ရှင်တို့တွေ ဝက်ဝံနဲ့ တွေ့ခဲ့တာလား"

ဆီမီးအိမ်ဖြင့် သူ့ကို အလင်းရောင်ပေးထားရင်း သူမက မေးလိုက်လေသည်။

"ရှင်တို့ ဒဏ်ရာရခဲ့သေးလား"

စန်းလော့၏တုံ့ပြန်မှုကို သဘောကျလိုက်သည်တွင် ရှန်းလီက အပြုံးတစ်ခုကို မြိုသိပ်မထားနိုင်တော့ချေ။

"မရပါဘူး ရက်နည်းနည်းလောက်ပိုစောင့်ပြီး ကျွန်တော်တို့နှင့်အတူ ဆေးတွေယူလာလိုက်တာ ကံကောင်းသွားတယ်။ ကျွန်တော်တို့နှစ်ယောက်ပဲဆိုပေမဲ့ သူ့ကို ကိုင်တွယ်နိုင်ခဲ့တယ်လေ။ ဒီဝက်ဝံနောက်လိုက်သွားလို့လဲ ကျွန်တော်တို့တွေလဲ နေရာကောင်းတစ်ခုကို ရှာတွေ့နိုင်ခဲ့တာ"

သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် လင်းလက်နေသည်။

"ဒါက နည်းနည်းတော့ဝေးပေမဲ့ အရမ်းကို လုံခြုံစိတ်ချရတယ်"

စန်းလော့က အပြင်ဘက်ကို လှမ်းကြည့်လိုက်ပြီး အကြံပြုလိုက်သည်။

"အထဲမှာသွားပြောရအောင် ရှင်ရဲ့ပစ္စည်းတွေကို အရင်ချထားလိုက်၊ ညစာရော စားပြီးပြီလား"

သူတို့သည် အိမ်သို့ အလျင်အမြန်ပြန်လာခဲ့သည်ကို သိသဖြင့် သူတို့က စားသောက်ရသေးမည်မဟုတ်ဟု ခန့်မှန်းမိလေသည်။

ရှန်းလီက ခေါင်းငြိမ့်ပြလိုက်ပြီး "ကျွန်တော်တို့တွေ အမှောင်ထဲမှာခရီးသွားတာကို ရှောင်လာတော့ ညနေစာကို လွှတ်လိုက်တယ်လေ။ ကျောပိုးအိတ်ထဲမှာ အသားခြောက်တွေ တချို့ရှိသေးတယ်”

စန်းလော့က ပြုံးလိုက်သည်။

"မီးဖိုဆောင်ထဲသွားကြမယ်၊ ကျွန်မ ရှင့်အတွက် ဖက်ထုပ်ဟင်းရည်တစ်ပွဲ လုပ်ပေးမယ်"

သူမက အတွင်းဘက်သို့ ဦးဆောင်ပြီး ဝင်သွားလိုက်ကာ ဆီမီးအိမ်လေးကို ဂရုတစိုက်ကိုင်ထားရင်း ရှန်းလီကတော့ ခြေတစ်လှမ်းအကွာ နောက်မှ လိုက်လာလေသည်။ ရှန်းအန်းနှင့်ရှန်းနဥ်တို့ကလဲ နောက်မှလိုက်ဝင်လာကြပြီး မီးရောင်၏ ခပ်ရေးရေးအလင်းရောင်အောက်တွင် ဝက်ဝံသားရေကို ဖြတ်ခနဲကြည့်ဖို့ ကြိုးစားနေကြလေသည်။

မှောင်မည်းလှသည့်ညထဲတွင် အနက်ရောင်သားမွှေးကို မမြင်ရသေးချေ။ သူတို့သည် ခြံဝန်းထဲသို့ရောက်လာပြီး ပင်မအိမ်၏ အလင်းရောင်ကိုရလာမှ သေချာမြင်လိုက်ရတော့သည်။ ထိုအခါမှ မောင်နှမနှစ်ယောက်သည် ဝက်ဝံသားရေကို မြင်သွားပြီး တအံ့တသြဖြင့် အလိုလို နောက်ဆုတ်မိသွားကြတော့သည်။

ရှန်းလီ: "…."

ရှန်းလီက အနည်းငယ် ရှက်ရွံ့သလို ခံစားမိလေသည်။ ဒါက မသင့်တော်မှန်း သတိထားမိလိုက်သော်လဲ ဒီလို အရေမခွံခွာလိုက်မှ စျေးကောင်းတစ်ခု ရနိုင်သည်။

သူက အိမ်ယာအောက်တွင် လက်နက်ပစ္စည်းများကို ဝှက်ထားလိုက်ပြီး သူ၏ကျောပိုးအိတ်ကို ပင်မအိမ်၏ အဝင်အဝနံရံနားတွင် ထောင်ထားလိုက်ကာ အပေါ်တွင်တော့ သားရေအိတ်ကြီးတစ်ခုကို ထပ်ထားလိုက်သည်။ စန်းလော့နှင့်ရှန်းနဥ်တို့က အစားအသောက်ပြင်ပေးပြီး မီးမွှေးနေစဥ် ရှန်းအန်းက သူ့အစ်ကို လက်နှင့်မျက်နှာ ဆေးကြောရန်အတွက် ရေနွေးများကို သွားပေးလိုက်သည်။

လှုပ်လှုပ်ရှားရှား အလုပ်များနေစဥ်အတွင်း ရှန်းလီနှင့်သူမိသားစုက သေသေချာချာ မပြင်ဆင်ရသေးခင် ကျိုးရွာသူကြီး၊ အဘိုးလု၊ လုအာ့လန်၊ အဘိုးချန်း၊ ချန်းယိုထျန်း၊ ချန်းသရှန်နှင့် ရှီသလန်တို့ ရောက်လာကြလေသည်။

ဖက်ထုပ်ဟင်းရည်က ဆူပွက်ကာစရှိသေးသည်။ စန်းလော့က ရှန်းနဥ်ကို ဖက်ထုပ်ဟင်းရည်အား စောင့်ကြည့်ဖို့ ပြောလိုက်ပြီး ဧည့်သည်များကို နှုတ်ဆက်ဖို့ မြန်မြန်ထွက်လာလိုက်သည်။ အေးချမ်းလှသည့်ဆောင်းရာသီတွင် ဧည့်သည်များကို ခြံဝန်းထဲ၌ ရပ်ခိုင်းသည်က မသင့်တော်ပေ။ မီးဖိုချောင်ကလဲ ပဲပြားအလုပ်နှင့် အလုပ်များနေရာ သူမက အားလုံးကို ပင်မအိမ်ထဲသို့သာ ဖိတ်ကြားလိုက်တော့သည်။

လူကြီးများအတွက် ခွေးခြေခုံလေးခုကို စီစဥ်ပေးလိုက်ပြီး လူငယ်များကတော့ ရပ်နေလိုက်ကြသည်။

အခန်းထဲသို့ ဝင်ရောက်လာပြီးနောက်တွင် ကျိုးရွာသူကြီးနှင့် တခြားသူများက တံခါးဘေးတွင် ထောင်ထားသည့် တိရိစ္ဆာန်သားရေများကို ချက်ခြင်း သတိထားမိလိုက်ကာ ထိုအရာက ဝက်ဝံအမဲ၏သားမွှေးမှန်း သိလိုက်ကြလေသည်။ အသက်ရှုရပ်သွားပြီး သူက ရှန်းလီကို လှမ်းကြည့်လိုက်သည်။

"ငါ တချက်လောက် ကြည့်လို့ရမလား"

ရှန်းလီက ခေါင်းငြိမ့် သဘောတူလိုက်သည်။

ကျိုးရွာသူကြီးနှင့် တခြားသူများက ဝိုင်းအုံလာပြီး သားမွှေးအိတ်ကြီးကို လေ့လာလိုက်ကြသည်တွင် ဝက်ဝံနှင့် ဝံပုလွေသားရေများ ပါဝင်နေလေသည်။ သားရေအထုပ်ကြီး၏အထူကို ခန့်မှန်းကြည့်လိုက်ပြီး ဝက်ဝံသားရေများ များစွာပါလိမ့်မည်ဟု ခန့်မှန်းလိုက်ကြသည်။

"မင်းတို့တွေ ဝက်ဝံတစ်ကောင်နဲ့ ဝံပုလွေတစ်အုပ်ကို ရင်ဆိုင်ခဲ့ရတာလား၊ ဘယ်လောက်များလဲ"

ရှန်းလီက ပြန်ဖြေလိုက်သည်။

"ဝံပုလွေ ၈ကောင်၊ ကျွန်တော်က ဝံပုလွေ၃ကောင်ရဲ့ သားရေနဲ့ ဝက်ဝံတစ်ကောင်ရဲ့သားရေကို ရတယ်။ ကျန်တဲ့၅ခုကတော့ သရှန်ကို ပေးလိုက်တယ်"

ကျိုးရွာသူကြီးတင်မကဘဲ ရှီသလန်နှင့် လုအာ့လန်တို့မှာ တအံ့တသြ ဖြစ်သွားကြတော့သည်။ ရှန်းလီနှင့် ချန်းသရှန်တို့သည် ဒီတကြိမ်တွင် နှစ်ယောက်သား တောင်အတွင်းပိုင်းသို့ စွန်းစားသွားလာခဲ့ကြခြင်းပင်။

လုအာ့လန်က စိုးရိမ်တကြီးဖြင့် တံတွေးကိုမြိုချလိုက်သည်။ "မင်းတို့တွေ ဒါကို ဘယ်လိုလုပ်မှာလဲ"

"အန္တရာယ်ကင်းကင်းပါပဲ၊ ဘာဒဏ်ရာမှမရခဲ့ဘူး ဝံပုလွေတစ်ကောင်မှတောင် မလွတ်သွားခဲ့ဘူး"

ရှန်းလီက ချန်းသရှန်ကို လှမ်းကြည့်လိုက်ပြီး တဟင်းဟင်း ရယ်မောလိုက်သည်။

"ကျွန်တော်တို့က ဒီအတွက်တော့ ချန်းဘွားဘွားကို ကျေးဇူးတင်ရမှာ၊ သူ့မိသားစုက မုဆိုးတွေဆိုတော့ အံ့သြစရာကောင်းလောက်တဲ့ ဆေးအမယ်တစ်ခု ရှိတယ်လေ။ ကျွန်တော်တို့တွေက မြားခေါင်းမှာ အဆိပ်ကိုသုတ်ထားတာ၊ တိရိစ္ဆာန်တွေက ခြေလှမ်းအနည်းငယ်လောက်ပဲ လျှောက်နိုင်ပြီး လဲကျသွားတယ်။ အသက်တောင် မရှင်နိုင်ဘူး၊ ကျွန်တော်တို့တွေ ဝံပုလွေနဲ့တွေ့ကြတုန်းကလဲ သရှန်နှင့်ကျွန်တော်က သစ်ပင်တစ်ပင်ပေါ် ပြေးတက်ခဲ့တာ။ ဝံပုလွေတွေက ကျွန်တော်တို့ကို အောက်မှာ ဝိုင်းထားတာပေါ့၊ ဒီတော့ ကျွန်တော်တို့က အန္တရာယ်မဖြစ်ခဲ့ဘူးလေ"

ချန်းသရှန်က မြန်မြန် ထပ်ပြောလိုက်သည်။

"အဆိပ်ကို လုပ်တဲ့ငွေကိုတော့ ရှန်းလီနဲ့ သူ့မိန်းမက ထုတ်ပေးတာလေ၊ ကျွန်တော်က နည်းနည်းပါးပါးပဲ ပြင်ဆင်ခဲ့တာပါ။ နောက်ဆိုရင် ကျွန်တော်တို့တွေထဲက မြားအတတ် ကျွမ်းကျင်ကြတဲ့သူတွေကို ကိုယ့်ဟာကိုယ် ကာကွယ်ဖို့အတွက် တစ်ယောက် တစ်ပုလင်းစီပေးထားမှာ အဆိပ်က အရမ်းကိုပြင်းတယ်။ သွေးကြောထဲကို ဝင်သွားတာနဲ့ သေနိုင်တယ်။ ဒီတော့ ဒါကိုအသုံးပြုရင် အရမ်းဂရုစိုက်မှဖြစ်မယ်"

အမှန်တွင်တော့ သူသည် တောကြက်များကို ရောင်းချခြင်းမှ ရှာဖွေခဲ့သည့်ငွေတစ်ချို့ကို ထည့်ဝင်ခဲ့လေသည်။ သို့သော်ငြားလည်း ရှန်းလီက အဖြစ်လောက်သာ လက်ခံထားပြီး ကျန်တာကို စပါး၊ ဆားနှင့်ဆေးဝါးများကို သိုလှောင်ဖို့အတွက် ဦးစားပေးဖို့ သူ့ကို တိုက်တွန်းခဲ့သည်။

ဒီလိုထိရောက်လှသည့် ဆေးအကြောင်းကို ကြားလိုက်သည်တွင် အခန်းထဲကလူအားလုံးက ဝမ်းသာသွားကြတော့သည်။ တောတောင်ထဲတွင် အကြီးမားဆုံး ကြောက်စရာမှာ အဆိပ်ရှိသည့်မြွေများနှင့် ကြောက်စရာကောင်းသည့် သားကောင်များကို ရင်ဆိုင်ရခြင်းပင်။

ပြီးခဲ့သည့်လဝက်အတွင်း အားလုံးက အထူးသဖြင့် လူငယ်များသည် မြားပစ်လေ့ကျင့်ရာတွင် လုံ့လဝီရိယရှိကြလေသည်။ ကျွမ်းကျင်လှသူများကိုတော့ သူတို့၏ လေးနှင့်မြားများဖြင့် အဆင့်မြှင့်တင်ကာ လျှိုဝှက်သင်ကြားပေးခဲ့သည်။ ဒီလို အကာအကွယ်အသစ်က တောအနက်ထဲသို့ စွန့်စားသွားလာလျှင် အများကြီးပိုပြီး အန္တရာယ်ကင်းလေသည်။

ထို့နောက်တွင် စကားဝိုင်းက စန်းလီနှင့်ချန်းသာရှန်တို့တွေ့ခဲ့သည့် ကပ်ဘေးဒုက္ခသည်များဆီသို့ ရောက်သွားသည်။ ရွာသူကြီးကျိုးကို အတွင်းလူတစ်ယောက်ဟု အတိုင်းအတာတစ်ခုအထိ သတ်မှတ်နိုင်သော်လည်း သူတို့နှစ်ယောက်က ဒီနေရာအသေးစိတ်ကို တော်တော်လေး ပွင့်ပွင့်လင်းလင်း ပြောလိုက်ကြသည်။

သူတို့ ရှာတွေ့ထားသည့်နေရာက ရှီလီရွာမှစလျှင် ပထမဦးဆုံး မြန်မြန်ဆန်ဆန်ဖြင့် ခရီးဆက်ကြလျှင် ရှန်းလီနှင့်ချန်းသရှန်တို့အတွက် ၅ရက်ခွဲ ခရီးကြာသည်။ ဒီနေရာက တော်တော်လေး လျှို့ဝှက်ပြီး ရှင်းလင်းသည့်လမ်းတစ်ခုရှိကာ အနောက်ဘက်မှနေ၍ ထွက်စရာလမ်းတစ်ခုလဲရှိသည်။ သူတို့သည် ဝက်ဝံတစ်ကောင် နောက်ကိုလိုက်ရင်းက မတော်တဆ တွေ့ခဲ့ကြခြင်းပင်။ ဝင်ပေါက်က ကျဥ်းမြောင်းလှသည့် ကျောက်ဆောင်တစ်ခု၏ အက်ကြောင်းဖြစ်ပြီး လူတစ်ယောက် ဝင်ဖို့ရန်သာ ကျယ်ကာ ဝက်ဝံတစ်ကောင်အတွက်တော့ ဖြတ်သန်းဖို့ရန် မဖြစ်နိုင်ပေ။ ဝက်ဝံက ကျောက်ဆောင်၂ခုကြားတွင် ညှပ်နေသည့်အချိန်တွင် ရှန်းလီက မြားတစ်စင်းဖြင့် ပစ်သတ်လိုက်ခြင်းပင်။

ဝက်ဝံကို သတ်လိုက်ပြီးနောက်တွင် သူတို့က အလျင်စလို သားရေကို မခွာလိုက်ကြပေ။ သူတိူ့သည် ပုန်းခိုမည့်နေရာတစ်ခု ရှာဖွေနေခြင်းဖြစ်သဖြင့် သူတို့က အထဲဘက်သို့ ပိုပြီးလေ့လာလိုက်ကာ ကျဥ်းမြောင်းလှသည့် အက်ကြောင်းလေးက တောင်တစ်ခုကို ဦးတည်သွားပြီး လျှို့ဝှက်သည့်သုခဘုံတစ်ခုကို ခေါ်သွားလေသည်။

“ကျောက်ဆောင်တွေကြားထဲမှာ ပိုပြီးနက်တဲ့အထိ ဝင်သွားလိုက်ရင် တော်တော်များများ ဆက်စပ်နေတဲ့ တောင်ထွတ်တွေဝန်းရံထားတဲ့ ရှင်းလင်းတဲ့နေရာတစ်ခုကို ရောက်သွားတယ်။ ဒါက သိပ်တော့မကြီးဘူး ကျွန်တော်တို့ရှီလီရွာရဲ့ သုံးပုံတစ်ပုံ လောက်တော့ရှိမယ်။ ဒါပေမဲ့ အဲဒီ့ထဲမှာ အပင်တွေနဲ့ သောက်စရာ ရေအရင်းအမြစ်လဲ ပေါများတယ်။ တောင်ကျစမ်းရေက ရေထွက်ပေါက်တစ်ခုလို စိမ့်ထွက်နေပြီးတော့ ရေလမ်းကြောင်းကလဲ မကြီးဘူး။ ဂူတွေအများကြီးလဲ ရှိတယ်။ တောင်ကမ်းပါးယံထဲက ကျောက်ဂူလိုဖြစ်နေတဲ့ ကိုယ်ထည်က နေစရာတစ်ခုကို ဖန်းတီးပေးနိုင်တယ်။

စန်းလော့သည် ရှန်းလီ ပြောပြသည့်မြင်ကွင်းကို စိတ်ကူးကြည့်လိုက်ပြီး မက်မွန်ပွင့်များပေါ များနေသည့် စမ်းချောင်းလေးတစ်ခု၏ပုံရိပ်ကို ပုံဖော်နေမိလေသည်။ သို့သော်ငြားလည်း ပိုပြီးအကြမ်းထည်ဖြစ်နေသည့် ပုံစံတစ်ခုပင်။

တခြားလူကြီးများအပါအဝင် ကျိုးရွာသူကြီးနှင့် အဘိုးချန်းတို့က စိတ်လှုပ်ရှားလာကြတော့သည်။

"မင်းတို့တွေ ပတ်ဝန်းကျင်တောင်ထွတ်ပေါ်ကိုရော တက်ခဲ့သေးလား၊ အဲဒီကနေဆိုရင်ရော အောက်ကိုဆင်းလာလို့ရလား"

ချန်းသရှန်က ခေါင်းငြိမ့်ပြလိုက်သည်။

"ရှန်းလီနဲ့ကျွန်တော်တို့ လူခွဲပြီးတော့ စစ်ဆေးပြီးပြီ၊ တောင်ထိပ်ကိုရောက်ဖို့ ပုံမှန်နည်လမ်းတစ်ခုပဲ သုံးလို့ရတယ်။ ကမ်းပါးယံက တော်တော်လေး မတ်စောက်တာကြောင့် ဆင်းလာဖို့တော့ မဖြစ်နိုင်ဘူး။ အလာတုန်းက လမ်းအတိုင်းပဲ ပြန်လှည့်လာမှဖြစ်မှာ၊ ဒီတော့ ကျွန်တော်တို့ရဲ့ဝင်ပေါက်အပြင် ပတ်ဝန်းကျင်တောင်တိပ်တွေဆီကနေ ဝင်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပိုဆိုးတာက အရမ်းမြင့်ပြီး သစ်ပင်တွေကလဲ သိပ်သည်းနေတာကြောင့် အပေါ်ကနေကြည့်ရင် သေချာမမြင်ရဘူး"

ရှီသလန်နှင့် လုအာ့လန်တို့က စိတ်အေးသွားဟန် ဖြစ်သွားလေသည်။ သဘောမှာ သူတို့သည် အမြဲတမ်းပုန်းခိုနေစရာမလိုဘဲ လျှိုမြောင်ထဲတွင် ပုံမှန်အတိုင်းနေနိုင်မည့် အဓိပ္ပါယ်ပင်။

သူတို့သည် စိတ်ထဲတွင် ပုန်းခိုစရာနေရာများ တော်တော်များများ ရှိခဲ့ကြသည်။ သို့သော်ငြားလည်း ၂ယောက်လုံးက သည်ခရီးသည် တော်တော်လေး ထိုက်တန်သည်ဟု ခံစားမိလေသည်။

စန်းလော့က ရှန်းလီကို မေးလိုက်၏။

"ရှင်တို့သုံးခဲ့တဲ့လမ်းကြောင်းအပြင် တခြားအဝင်အထွက်လမ်းတွေရော ရှိသေးလား"

ရှန်းလီနှင့် ချန်းသရှန်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ယောက်စလုံးက ခေါင်းငြိမ့်ပြလိုက်သည်။ ရှန်းလီက ရှင်းပြလိုက်၏။

"နောက်ထပ် လမ်းကြောင်းတစ်ခုတော့ ရှိတယ်၊ ဒါပေမဲ့ အဲဒီ့လမ်းကြောင်းကို အပြင်ကထက် အထဲကနေ ရှာတာက ပိုပြီးတော့ လွယ်တယ်”

"ဘာအဓိပ္ပါယ်လဲ"

ရှန်းလီက အူကြောင်ကြောင် အမူအယာဖြင့် ပြန်ဖြေလိုက်လေသည်။

"အပြင်ဘက်ကို လမ်းကြောင်းဖွင့်သွားပေးမဲ့ အပေါ်ကို လျှောစောက်ဖြစ်နေတဲ့ နက်ရှိုင်းတဲ့ဂူတစ်ခုရှိတယ်။ ဒါပေမဲ့ အဲဒီ့ဟာက အပြင်ဘက်ကနေကြည့်ရင် နည်းနည်းလောက်ကြီးတဲ့ ယုန်တွင်းတစ်ခုလောက်နှင့်ပဲ ပိုပြီးတော့တူတယ်"

ပုံမှန်ဆိုလျှင်တော့ ဒီလိုတွင်းတစ်ခုကို မြင်လိုက်လျှင် အားလုံးက ယုန်တွင်း သို့မဟုတ် မြွေတစ်ကောင်၏ ကျင်းတစ်ခု ဖြစ်လိမ့်မည်ဟု ခန့်မှန်းကြလိမ့်မည်။ ဘယ်သူကမှ လေ့လာဖို့ရန် သတ္တိရှိလိမ့်မည် မဟုတ်ပေ။ သူတို့၏ခြေထောက်ကို ချဖို့ဆိုလျှင်တော့ ပြောနေရန်ပင် မလိုတော့ပေ။ အမှန်ပင် ထိုတွင်းက ယုန်တစ်ကောင် သို့မဟုတ် တစ်ကောင်ကောင်၏ တူးဖော်ခြင်းမှ ဖြစ်လာပြီး မတော်တဆ ဒီလျှို့ဝှက်လမ်းကြောင်းထဲသို့ လမ်းကြောင်းတစ်ခုဖြစ်သွားကာ တိရိစ္ဆာန်များကို ဇဝေဇဝါဖြစ်သွားစေသည့်ဟု ရှန်းလီက ထင်လေသည်။

သို့မဟုတ်လျှင် ထိုကျောက်ဂူက သဘာဝဆန်ဆန် ဖွဲ့စည်းထားဟန်မတူချေ။ ယုန်တစ်ကောင်၏တွင်းထက် နည်းနည်းလေး ကြီးရုံလောက်ဝင်ပေါက်တစ်ခုကိုတော့ မည်သူက ဖောက်ပါလိမ့်မည်နည်း။

စန်းလော့က အခြေအနေကို ရယ်ချင်သွားတော့သည်။

"ဒီထွက်ပေါက်က ကွက်တိပဲ၊ ဝင်ပေါက် ထွက်ပေါက်က တစ်ခုပဲရှိမယ်ဆိုရင် ကျွန်မတို့တွေ ရှာတွေ့သွားကြပြီး ပိတ်မိနေမှာ စိုးရတယ်။ ထွက်ပေါက်တစ်ခုရှိတော့ စိတ်အေးရတာပေါ့"

ချန်းလီနှင့်ချန်းသရှန်တို့ကလဲ ပြုံးလိုက်ကြသည်။ ချန်းသရှန်က ထပ်ပြောလိုက်၏။

"ငါတို့လဲ အာ့လိုပဲတွေးတာပဲ၊ ငါတို့တွေက အဲဒီ့ပိုသေးတဲ့အပေါက်ကိုတော့ အတွင်းဘက်ကနေ ယာယီပိတ်ထားခဲ့တယ်။ ဒါပေမဲ့ ထွက်ပေါက်အတွက် လိုအပ်လာရင်တော့ အလွယ်တကူ ဖွင့်လို့ရနိုင်တယ်"

လျှိုမြောင်ထဲက အခြေအနေကို မြေးဖြစ်သူထံမှ ကြားလိုက်ရသည်တွင် အဘိုးချန်းက အခုတော့ ပိုပြီးရှင်းရှင်းလင်းလင်း နားလည်လာခဲ့သည်။ သူက အော်ရယ်လိုက်၏။

"ကောင်းလိုက်တာ၊ ဂူတစ်ခု၊ ရေထွက်ပေါက်၊ ဝင်ပေါက်နဲ့ ထွက်ပေါက်တို့ ရှိနေတယ်။ ဒါက တကယ်ကို ပုန်းလို့ကောင်းတဲ့နေရာပဲ တောအတွင်းပိုင်းမှာလဲရှိတယ်။ လူတွေကနေပြီးတော့လဲ ပုန်းခိုနိုင်တယ်။ တကယ်လို့ ငါတို့တွေက လမ်းကြောင်းကို ပိတ်ဆို့ထားပြီး ပုံဖျက်ထားလိုက်မယ်ဆိုရင်တော့ ကြောက်စရာကောင်းတဲ့ သားကောင်တွေတောင် ဝင်လာနိုင်မှာ မဟုတ်ဘူး။ ဒါက ငါတို့မိသားစုတွေ ကပ်ဘေးရှောင်ဖို့ အကောင်းဆုံးနေရာပဲ"

မျှော်လင့်ချက်က အားလုံး၏မျက်နှာပေါ်တွင် လင်းလက်လာတော့သည်။

လုအာ့လန်က အဖွဲ့ကို ကြည့်ပြီး စဥ်းစားလိုက်သည်။

"ကျွန်တော်တို့တွေ နောက်တစ်ဆင့် ဘာလုပ်ကြမှာလဲ၊ ကပ်ဘေးဒုက္ခသည်တွေက စီရင်စုထဲမှာ စပြီးတော့ပေါ်လာပြီ၊ ကျွန်တော်တို့တွေက နဂိုအစီအစဥ်အတိုင်းပဲ စပါးတွေကို အရင်ဆုံး ပို့မှာလား။ ကျွန်တော်တို့ကိုယ်တိုင်ရော ကပ်ဘေးရှောင်ကြ တော့မှာလား"

ကျိုးလီကျန့်က ဒီအကြံပြုချက်တွင် ခေါင်းကာပြလေသည်။

သူက ရှန်းမိသားစု၏ ပင်မအခန်းကို ကြည့်လိုက်၏။ အိပ်ယာ၂လုံးနှင့် စားပွဲ၁လုံးကလွဲလျှင် အခန်းက လူများနှင့် ပြည့်ကြပ်နေပြီး ဝါးစင်များက စပါးများနှင့် ပြည့်နေကာ နေရာတစ်ခုလုံးကို နေရာယူထားလေသည်။

"ငါတို့လူအင်အားက အကန့်အသတ် ဖြစ်နေတယ်။ မိသားစုတစ်ခုစီကလဲ တော်တော်လေးများတဲ့ စပါးပမာဏကို သိုလှောင်ထားတယ်။ ဒါတွေအားလုံးကို သယ်ယူပို့ဆောင်ဖို့ဆိုရင် ၇ခေါက် ၈ခေါက်လောက် သွားရလိမ့်မယ်။ ဒါကြောင့် ငါတို့တွေက ခရီးထွက်လို့မရသေးဘူး။ စပါးတွေကို ပြောင်းရွှေ့ဖို့ အချိန်လိုတယ်။ ဒီ့အပြင် သချန်အင်ပါယာကလဲ မားမားမတ် မတ်ရပ်တည်နိုင်သရွေ့ ငါတို့အားလုံး ထွက်သွားမယ်ဆိုရင် ငါတို့ရဲ့မြေ အိမ်တွေနဲ့ ကြိုးကြိုးစားစား လုပ်ခဲ့တဲ့မြေတွေက ငါတို့ရဲ့ပိုင်ဆိုင်မှုတွေ ဖြစ်လာမှာ မဟုတ်တော့ဘူး"

"မဟုတ်ရင် ငါတို့ရဲ့နောက်မျိုးဆက်တွေက တောင်တွေထဲမှာပဲ ကပ်ဘေးဒုက္ခသည်တွေလို ဆက်ပြီး ပုန်းအောင်းနေရမယ်။ မြို့ထဲကိုဝင်ပြီး သူတို့ရဲ့မျက်နှာကို မပြသနိုင်ပဲ ဖြစ်လိမ့်မယ်။ တောထဲမှာပဲနေနေရပြီး အာဏာပိုင်တွေရဲ့ မဖြစ်မနေ စစ်မှုထမ်းခိုင်းတာ ခံရလိမ့်မယ်” အိမ်ထောင်တစ်ခုကို ကျားကုတ်ကျားကဲဖြင့် စတင်ခဲ့ရသည့် ချန်းမိသားစုလို လူများကတော့ ဒီကိစ္စကို သေသေချာချာ နားလည်လေသည်။ အိမ်ကို စွန့်ပစ်ဖို့ရန် လွယ်ကူသော်ငြားလည်း အသစ်တစ်လုံး ပြန်ဆောက်ဖို့က အမှန်ပင် ခက်ခဲလှသည်။

အဘိုးချန်းက ခေါင်းငြိမ့်လိုက်၏။

"အရင်ဆုံး ငါတို့တွေ စပါးကို ပို့ကြမယ်။ စပါးကို ပို့ပြီးသွားပြီဆိုမှ တခြားရွေးချယ်နိုင်စရာကို စဥ်းစားကြမယ်။ ငါက လတ်တလောမှာ မြို့တံခါးကို သွားခဲ့သေးတယ်။ အခုလောလောဆယ်တော့ ကပ်ဘေးဒုက္ခသည်တွေက အဲဒီ့မှာ အစုအဖွဲ့လေးတွေ ဖြစ်နေတုန်းပဲ။ ချမ်းသာတဲ့အိမ်ထောင်စုစီကနေ အစားအသောက်နဲ့ အဝတ်အစားတွေကို ရထားတယ်။ အခုအထိတော့ ဖရိုဖရဲ မဖြစ်သေးဘူး။ ငါတို့တွေက အလျင်စလိုမလုပ်ဘဲ သတိနဲ့နေဖို့ပဲလိုတယ်"

အားလုံးက ဒီအချက်ကို သဘောတူလိုက်ကြသည်။ ကပ်ဘေးရှောင်ခြင်းက စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ကျိုးလီကျန့်နှင့် အဘိုးချန်းတို့၏ ပြောစကားအရ စပါးအားလုံးကို ရွှေ့ပြောင်းဖို့ရန် ခရီးက ၇ခေါက် ၈ခေါက်လောက် သွားရပေမည်။ အိမ်ကို စောင့်ကြည့်ဖို့ရန်အတွက် တစ်စုံတစ်ယောက်တော့ ရှိမှဖြစ်မည်။

တိုင်ပင်ဆွေးနွေးမှုက စပါးသယ်ယူပို့ဆောင်ရန်အတွက် အဖွဲ့ဖွဲ့သည့်ဘက်ကို ဦးတည်သွားလေသည်။

စန်းလော့အတွက် အံ့သြရသည်က အဘိုးချန်းက သူမ၏မိသားစုက စပါးများကို အရင်ဆုံးသယ်ပို့ပေးမည်ဟု ဆိုလာခြင်းပင်။

အဘိုးချန်းက ရှင်းပြလိုက်သည်။

"အားလုံးသိကြတဲ့အတိုင်း စန်းလော့က ရှောင်အန်း၊အားနဥ်တို့နဲ့အတူ ဒီလို ဒီသီးခြားနေရာတစ်ခုမှာ နေလာခဲ့တာ အေးချမ်းတဲ့ကာလအတွင်းမှာ ဆိုရင်တော့ အဆင်ပြေတယ်။ ဒါပေမဲ့ အခုတော့ မဟုတ်တော့ဘူး။ မိသားစုတစ်ခုချင်းစီက ညပိုင်းစောင့်ကြည့်ဖို့ လူတစ်ယောက်ကို လွှတ်ပေးနေရတယ်။ ငါတို့တွေက သူ့မိသားစုက စပါးတွေကို ကူပြီးသယ်ပို့ပေးဖို့ အကြံပြုချင်တယ်။ ငါတို့မိသားစုက စပါး၃အိတ်သယ်တိုင်း ရှန်းလီအတွက် စပါး၁အိတ်ကို ကူသယ်ပေးကြမယ်။ ဒီလိုဆိုရင် ရှန်းလီက ရွာထဲမှာပဲနေပြီး ငါတို့ရဲ့ ညပိုင်းစောင့်ကြည့်ပေးဖို့မလိုပဲ သူ့မိသားစုရဲ့လုံခြုံမှုကို အာမခံပေးနိုင်တယ်။ နောက်ပြီးတော့ ငါတို့တွေက တောင်ထဲကို စပါးရွှေဖို့ လိုတယ်ဆိုရင်လဲ ငါတို့တွေက ညစောင့်ကြည့်ပေးဖို့ မတတ်နိုင်တော့ဘူးလေ။ ရွာထဲမှာ အကာအကွယ်အဖြစ် ရှန်းလီကို ထားခဲ့တာက ငါတို့အားလုံးကို စိတ်ချရစေတယ်"

တခြားသူများက တောင်များထဲသို့ စပါးများကို ပို့ဆောင်နေစဥ် အကာအကွယ်အတွက် ယောက်ကျားတစ်ချို့ကို ထားခဲ့ရန် အထူးလိုအပ်လေသည်။ ရှန်းလီက ရွာ၏ အကာအကွယ်အတွက် အမြဲတမ်း ကိုင်တွယ်လေ့ရှိသည်။ အားလုံးက သဘောတူလိုက်ကြလေသည်။ ရှန်းလီက ဒီအစီအစဥ်ကို စိတ်ချရသလို ခံစားမိသည်။ သူကလဲ ကျေးဇူးတင်စကား ပြောလိုက်၏။

"အားလုံးရဲ့ စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ရွာထဲမှာနေခဲ့ပြီး ကလေးတွေကို ဆက်ပြီးလေ့ကျင့်ပေးပြီး ပတ်ဝန်းကျင်ကိုလဲ စောင့်ကြည့်ထားပါမယ်"

ကိစ္စများကို အတည်ပြုပြီးနောက်တွင် ကျိုးလီကျန့်က အနည်းငယ် နေရခက်သလို ခံစားနေရလေသည်။ သူ့မိသားစုက စပါးအများအပြားရှိပြီး သားတွေကလဲ များသည်။ သို့သော်ငြားလည်း သူတို့သည် ကပ်ဘေးရှောင်မည့်နေရာကို မစူးစမ်းပါဟု အစောကတည်းက ထုတ်ပြောထားပြီး ရှန်းလီမိသားစု၏ စပါးတဝက်လောက်ကို ကူညီသယ်ပို့ပေးမည်ဟု ပြောလိုက်သည်။

ယခုအချိန်တွင် စပါးသယ်ယူပို့ဆောင်ဖို့အတွက် ကိစ္စနှင့် ရင်ဆိုင်လာရချိန်တွင် ရှန်းလီက ခရီးတစ်ခုအတွက် ၅ရက်လောက်ကြာမည်ဟု ရှင်းပြသည်။ စပါးများကို သယ်ရသဖြင့် ခရီးတစ်ခုကို ၆ရက်လောက် အချိန်ကြာသွားမည်ဖြစ်ကာ အသွားအပြန်ခရီးအတွက် စုစုပေါင်း ၁၂ရက် ကြာသွားနိုင်သည်။

"သူ့မိသားစုက စပါးတွေအားလုံးကို တခြားသူတွေကို သယ်ပို့ခိုင်းရမယ်ဆိုတာက"

ကပ်ဘေးအစီအစဥ် စီစဥ်ရာတွင် မပါဝင်ခဲ့သလို ရှန်းလီကဲ့သို့ ဆေးများကိုဝယ်ယူရာတွင် ငွေကြေးများလဲ မထောက်ပံ့ပေးခဲ့သည့် ကျိုးမိသားစုခေါင်းဆောင်က စဥ်းစားမိလေသည်။ မိသားစုတွေကြားက စန်းလော့ရဲ့ ထူးခြားတဲ့အခြေအနေကို စဥ်းစားကြည့်လိုက်ရင် သူကရော အပြန်အလှန် ဘာအကျိုးဆောင်ခြင်းမှ မရှိပဲ သူ့စပါးတွေကို တခြားသူကို သယ်ခိုင်းတာက တကယ်ပဲ တရားမျှတပါ့မလား။

သို့သော်ငြားလည်း နှစ်ပေါင်းများစွာ ရွာသူကြီးတစ် ယောက်လုပ်လာသည်တွင် သူက အစီအစဥ်တစ်ခုကို မြန်မြန် ချမှတ်လိုက်လေသည်။ သူက ရှန်းလီကို စုံစမ်းလိုက်သည်။

"လမ်းတလျှောက်မှာ ညအိပ်ရမဲ့နေရာတွေရော ရှိလား၊ စပါးသိုလှောင်ဖို့ သင့်တော်တဲ့ဂူလိုမျိုးပေါ့၊ တကယ်လို့ရှိတယ်ဆိုရင် ကျုပ်တို့တွေက အဆင့်နှစ်ခုခွဲပြီး သည်ခရီးကို သွားလို့ရတယ်။ မိသားစုတစ်ခုစီက သူတို့ရဲ့စပါးတွေကို အမှတ်အသားလုပ်ထားပြီး ကျွန်တော်တို့တွေရဲ့ အပိုင်းတစ်ပိုင်းက လမ်းတဝက်အထိ သယ်ပေးနိုင်တယ်။ အဲဒီ့နောက်ပြီးရင် ကျန်တဲ့ခရီးတွေကိုတော့ မင်းတို့ဘက်ကဆက်ပြီး တာဝန်ယူလိုက်ပေါ့"

ဒီလိုဆိုလျှင် သူတို့သည် ကပ်ဘေးရှောင်မည့်နေရာ သိဖို့ရန်မလိုတော့သလို အားစိုက်ထုတ်မှု အများအပြားမလုပ်ရဘဲ အကျိုးလဲ ဆောင်ပေးနိုင်လိမ့်သည်။

အဘိုးချန်းနှင့် အဘိုးလုတို့က ဒီအကြံပြုချက်ကို ဝမ်းသာသွားကြသည်။

"ကောင်းလိုက်တဲ့စိတ်ကူးပဲ၊ ငါတို့လို အဘိုးကြီးတွေလဲ ခရီးရဲ့ပထမတဝက်ကို သယ်တဲ့နေရာမှာ ကလေးတွေနှင့်အတူတူ လိုက်ကူပေးလို့ရတယ်။ လူငယ်တွေနှင့် ပိုပြီးတော့ သန်မာတဲ့လူတွေကိုတော့ ဒုတိယခရီးတဝက်အတွက် သရှန်နောက်ကို လိုက်သွားခိုင်းလိုက်ရုံပဲ"

အားလုံးက အပြုံးဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။ မိသားစုလေးစုက စုဝေးလိုက်ကြပြီး ရှန်းမိသားစု၏ ပင်မအိမ်ထဲတွင် မည်သူက လုပ်အားကို ဆောင်ရွက်ပြီး တယောက်ချင်းစီက ဆန်ဘယ်လောက် သယ်မည်ဆိုသည့် အချက်ကို ဆုံးဖြတ်လိုက်ကြတော့သည်။

"အိမ်မှာ အစားအသောက် ရိက္ခာခြောက်တွေနဲ့ရေကို နည်းနည်းပါးပါး ပြင်ဆင်ထားလိုက်ကြမယ်။ ငါတို့တွေ မနက်ဖြန် မိုးမသောက်ခင် ခရီးစထွက်မယ်။ ငါတို့တွေက သရှန်နဲ့ အတူတူ အမဲလိုက်ထွက်တယ်လို့ပြောရင် အဆင်ပြေလိမ့်မယ်"

အမဲလိုက်ထွက်ခြင်းကို ဆင်ခြေပေးသည့် အကြောင်းအရာက ပြီးပြည့်စုံလေသည်။ သူတို့သည် တောင်၏အပြင်ဘက်တွင် လေ့ကျင့်နေကြသည်ကို စဥ်းစားမိသည်တွင် ယခုအချိန်၌ လက်တွေ့ လေ့ကျင့်ဖို့ရန် လိုအပ်လေသည်။

ချန်းသရှန်က ဒီတစ်ကြိမ်တွင် အနားမယူလိုက်ရချေ။ သူက တဖန် လမ်းကိုဦးဆောင်ပေးရမည်။ မပြန်ခင်တွင် သူက ရှန်းလီ၏ပုခုံးကို ပုတ်လိုက်၏။

"အဲဒီသားရေတွေကို မင်း စီရင်စုကိုသွားတဲ့အခါ ငါ့အတွက်လဲ ဝယ်သူတစ်ယောက်လောက် ရှာပေး၊ စျေးက ဘယ်လောက်ပဲဖြစ်ဖြစ် ရောင်းခဲ့လိုက်၊ ငွေကိုတော့ ငါ့အဘွားကို ပေးလိုက်၊ နောက်ပြီးတော့ အဲဒီ့ဆေးက တော်တော်အာနိသင်ရှိတယ်၊ ငါတို့တွေ ပိုပြီးတော့ စုထားသင့်တယ်"

မူလက သီးခြားစကားဝိုင်းတစ်ခုကို ကျိုးရွာသူကြီးက ကြားလိုက်သည်တွင် မြန်မြန်ဝင်ပြောလိုက်လေသည်။

"အဆိပ်မြားအတွက် ငွေနဲ့ပတ်သတ်ပြီး ငါကလဲ နောက်ထပ် အသစ်တစ်သုတ်အတွက် ထည့်ဝင်ပေးမယ်။ မနက်ဖြန်ကြရင် မင်းအတွက် ပိုက်ဆံယူလာပေးမယ်"

ဒီနောက်ဆုံးစကားက ရှန်းလီကို ရည်ညွှန်းလိုက်ခြင်းပင်။

သူက ဒီအကြောင်းကို ထုတ်ပြောလိုက်ရခြင်းမှာ အဘိုးချန်းက ရှန်းလီ၏စပါးများကို ကူညီသယ်ယူပေးမည်ဟု အကြံပြုထားသဖြင့် သူက ထိုအကြောင်းကို ထပ်ပြီးပြောလျှင် မသင့်တော်တော့ပေ။

ရှီသလန်နှင့် လုအဘိုးတို့ကလဲ ထည့်ဝင်ပေးဖို့ သူတို့၏ဆန္ဒကို ထုတ်ပြောကြလေသည်။ သူတို့၏စီးပွားရေးများက နောက်ပိုင်းတွင် သိပ်မကောင်းလှချေ။ ထို့ကြောင့် သူတို့တွင် စုဆောင်းထားသည်က များများစားစား မရှိပေ။ သို့သော်ငြားလည်း ဆေးဝါး၏ ကုန်ကျစရိတ်ကိုတော့ မျှခံပေးသင့်သည်ဟု ခံစားမိလေသည်။

ရှန်းလီက ခေါင်းခါပြနေသည့် စန်းလော့ကိုကြည့်လိုက်ပြီး ပြောလိုက်၏။

"ကျွန်တော်တို့က ဦးလေးတို့ရဲ့စိတ်ကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စပါးကို သယ်ယူပို့ဆောင်ပေးမဲ့ အားလုံးရဲ့အကူအညီကို စဥ်းစားမိလိုက်တော့ ကျွန်တော်တို့ကပဲ ဆေးဝါးရဲ့ကုန်ကျစရိတ်ကို ကျခံပါ့မယ်"

အဘိုးချန်းက သူတို့၏မိသားစုကို အမှန်ပင် ဦးစားပေးနေခြင်းပင်။ ရွာကိုစောင့်ကြည့်ပေးရခြင်းနှင့် တောင်များဆီသို့ စပါးများကို သယ်ယူပို့ဆောင်ပေးရခြင်းက နှိုင်းယှဥ်လို့ရသည့် တာဝန်မဟုတ်ချေ။ စန်းလော့က ရှန်းလီကို ဖယ်ထားရခြင်းအကြောင်းက သူတို့၏မိသားစု လုံခြုံရေးအတွက်ဖြစ်မှန်း နားလည်လိုက်သည်။

ထို့အပြင် သူမသည် မိသားစုတစ်ခုချင်းစီ၏ ငွေရေးကြေးရေး အခြေအနေကို သိနေသည်။ သူတို့တွင် သာမန်ဆေးဝါးများကို သိုလှောင်ဖို့ရန်ပင် မတတ်နိုင်ပေ။ ထို့ကြောင့် သူတို့ကို ထပ်ပြီး ဝန်ထုပ်ဝန်ပိုးပေးလျှင် မျှတတော့မည် မဟုတ်ပေ။ ကျိုးရွာသူကြီးက ဆက်ပြောဖို့ ကြိုးစားသော်ငြားလည်း စန်းလော့က အပြုံးဖြင့်သာ တင်းခံနေလိုက်တော့သည်။

"ကျေးဇူးတင်ပါတယ် ဦးလေးကျိုး၊ ဒါပေမဲ့ ကျွန်မတို့မှာ တကယ်ပဲ စပါးတွေအများကြီး ရှိနေပါတယ်။ သယ်ယူပို့ဆောင်ဖို့ကလဲ မလွယ်ကူလှဘူး။ ဒါကြောင့်မလို့ ဆေးဝါးရဲ့ ကုန်ကျစရိတ်ကို ဦးလေးတို့ရဲ့ အကူအညီအတွက် ပြန်ပြီးပေးဆပ်တာလို့ မှတ်ယူရတာပါ"

ကျိုးရွာသူကြီးက စန်းလော့၏ ပြတ်သားသည့်စကားကို ကြားလိုက်သည်တွင် အဘိုးချန်းနှင့်အဘိုးလုတို့ ဘက်သို့ လှည့်လိုက်လေသည်။

နောက်ဆုံးတော့ အဘိုးချန်းက သဘောတူပေးလိုက်သည်။

"ကောင်းပါပြီ၊ အားလော့ပြောတဲ့အတိုင်းပဲ လုပ်လိုက်ကြမယ်"

...

All Chapters