← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အပိုင်း (၁၁၉) ၇၀ ရာခိုင်နှုန်း

ဝမ်အဘွားသည် ဗိုက်နာဟန်ဆောင်ကာ အပြင်သို့ထွက်မလာမီ အိမ်သာထဲတွင် အဆက်မပြတ်ညည်းညူနေ၏။ လုအဘွား၏ အိမ်တွင်ထိုင်ပြီး ရေတစ်ခွက်သောက်ပြီးနောက် သူမကသက်သာလာသည်ဟု ပြောလိုက်လေသည်။ သူ့သမီးတစ်ယောက် နှစ်သစ်ကူးပြင်ဆင်မှုများဖြင့် အလုပ်များနေပြီး အသက်မွေးဝမ်းကြောင်း ပြုနေသည်ကို သိသောကြောင့် သူမသည် အကြာကြီးမနေခဲ့ပေ။ ယောက္ခမနှင့်ချွေးမတို့သည် ခြင်းတစ်လုံးကိုသယ်ကာ အတူတကွ ထွက်ခွာသွားကြ၏။

လုအဘွားသည် သူတို့ကို ခြံဝင်းအပြင်ဘက်သို့ လိုက်ပါပို့ဆောင်ပေးပြီး သူတို့က အဝေးသွားရောက်သွားမှ အ‌နောက်ဘက်အဆောင်သို့ လှည့်ထွက်လာခဲ့လိုက်သည်။

တံခါးကို သော့ခတ်ထားဆဲဖြစ်သော်လည်း မှန်စက္ကူ၏ထောင့်တွင် လက်သည်းဖြင့် ဂရုတစိုက်ဖြဲထားပြီး ကြည့်လိုက်လျှင် သာမန်ဖြစ်ပုံပေါ်၏။ သို့သော် အခန်းတွင်းသို့ ရှင်းရှင်းလင်းလင်း မြင်ရစေရန် လက်တစ်ချောင်းဖြင့်အနည်းငယ် မ ကြည့်နိုင်သည်။

သူမသည် ညည်းတွားရင်း အလုပ်ဆက်လုပ်ရန် မီးဖိုဆောင်ဘက်သို့ သွားလိုက်တော့သည်။ သူမ၏မိသားစုသည် ညသန်းခေါင်တွင် ရှန်းလီ၏ခြံဝင်းငယ်လေးဆီသို့ သွားကြမည်ဖြစ်ပြီး သူမသည် သုံးရက်စာအတွက် ထိုက်သင့်သောရိက္ခာခြောက်များကို ပြင်ဆင်ရန် လိုအပ်လေသည်။

ရွာမှထွက်လာပြီးနောက် ရွာအပြင်ဘက် ဆယ်မိုင်လောက်ကွာဝေးသော တောလမ်းတွင် မည်သူမျှမရှိသောကြောင့် ဝမ်အဘွား၏ အကြီးဆုံးချွေးမသည် သူမ၏စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ပေ။

"အမေ သိလား။ ချွန်းညန်က လျှို့ဝှက်ချက်တွေကို ထိန်းထားတုန်းပဲ။ လုမိသားစုရဲ့စပါးတွေကို စင်တွေပေါ်မှာဆင့်စီထားပြီး အခန်းတစ်ခုလုံးကို ဖြည့်ထားဝာာ အနည်းဆုံး အိတ်၄၀လောက်ရှိတယ်။ ၄၀ထက်တောင် ပိုများဦးမယ်"

ဝမ်အဘွားသည် အံ့ဩသွားပြီး အသက်ရှူရပ်သွားတော့ မတတ်ပင်။

"အိတ်၄၀ထက်များတာလား"

"ဟုတ်တယ်၊ စီရင်စုကဆိုင်တွေမှာ စပါးသိုလှောင်ဖို့အထူးသုံးတဲ့ အဲဒီ့အိတ်ကြီးတွေက တစ်အိတ်ကို တစ်တင်းနဲ့ညီမျှတယ်။ အိတ်အသေးလေး တစ်ချို့လဲရှိပြီး သူတို့ကိုယ်တိုင် ရိတ်သိမ်းထားတဲ့ စပါးနဲ့ပဲစေ့တွေ ဖြစ်နိုင်တယ်။ လုမိသားစုရဲ့စပါးက အနည်းဆုံး ၃၆တင်း၊ ၃၇တင်းတော့ ရှိရမယ်"

ယောက္ခမနှင့်ချွေးမတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး လုမိသားစု၏ စားသုံးမည့်ပမာဏကို တိတ်ဆိတ်စွာဖြင့် တွက်ချက်နေကြလေသည်။

"အဲ့တာက နောက် သုံးနှစ်လောက်အထိ လုံလောက်တယ်မလား"

ကြီးမားသော ဘေးအန္တရာယ်နှင့် ဖရိုဖရဲအခြေအနေများတွင် မည်သူက ပုံမှန်အတိုင်း စားသောက်ပါသနည်းဟု တွေးတောမိကြ၏။ လူများကလည်း အသက်ရှင်နေနိုင် ရုံလောက်လေး သူတို့၏အစားအသောက်များကို ခွဲပေးလိုက်လျှင် မဖြစ်ပေဘူးလား။ သေချာသည်မှာ ဤကဲ့သို့ဂရုတစိုက်စားသုံးခြင်းဖြင့် သူတို့၏ရိက္ခာများသည် လေးနှစ် သို့မဟုတ် ငါးနှစ်လောက်ထိပင် ကြာရှည်ခံနိုင်သည်။

လုမိသားစုတွင် ထိုကဲ့သို့အရန်များ အမှန်တစ်ကယ်ပင်ရှိနေပါသလား။ သူတို့ကိုယ်ပိုင် ရိတ်သိမ်းထားသည့်ဝေစုကို ထည့်တွက်လျှင်ပင် တစ်ဝက်ကျော် ကျန်နေဆဲဖြစ်သည်။ စပါးဈေးများ မိုးထိုးသည်အထိ မြင့်တက်နေသောကြောင့် သူတို့သည် စပါးအများအပြားဝယ်ရန် မည်သို့တတ်နိုင်မည်နည်း။

သူတို့သည် အထူးသဖြင့် ရောင်းချမှုများကို တားမြစ်ထားသည့် အချိန်အတွင်း လုမိသားစုက သူတို့ကိုယ်တိုင် စပါးဝယ်ယူစဉ်တွင် စာတစ်စောင် ပေးပို့လိုက်သောကြောင့် အစောပိုင်းဝယ်ယူမှုများကို သံသယဖြစ်ခဲ့ကြ၏။ ရက်အနည်းငယ်ကြာပြီးနောက် ပဲစေ့များသည်ပင် ဈေးတက်သွားလေသည်။ တစ်ရက်လျှင် ပမာဏအကန့်အသတ်ဖြင့် ဝယ်ယူခြင်းနှင့် ဈေးများဆက်တိုက် မြင့်တက်နေသည်ကို စဉ်းစားမိသည်တွင် သိုလှောင်ရန်အတွက် အိတ်ဒါဇင်များစွာကို စုဆောင်းခြင်းက ငွေမည်မျှကုန်ကျနိုင်မည်နည်း။

"မသိဘူး။ ချွန်းညန်က တစ်ကယ်ကို ကံကောင်းတာပဲ"

လုမိသားစု၏ အရန်စပါးများကို ချောင်းကြည့်ပြီးနောက် ဝမ်မိသားစု၏ အကြီးဆုံးချွေးမသည် မကြည်မသာ ဖြစ်သွားလေသည်။ သူမသည် ဖရိုဖရဲအခြေအနေများ၏ အကျိုးဆက်ကို ယုံကြည်ပြီး လုမိသားစုကို မျက်နှာလိုမျက်နှာရလုပ် ရန်ဆုံးဖြတ်ထား၏။ လုမိသားစုနှင့် ဝမ်မိသားစုသည် မဟာမိတ်ဖွဲ့ ဖွဲ့ရန်အရေးပါပြီး သူတို့လူများနှင့် စပါးများနှင့်အတူ ဖန်းမိသားစုဆီသို့ ရောက်မသွားအောင် သေချာလုပ်ထားမှ ဖြစ်မည်။

ဤလျှို့ဝှက်ကြံစည်မှုကို သတိမထားမိဘဲ ဖန်းမိသားစု၏ အကြီးဆုံးသားနှင့် အငယ်ဆုံးသားတို့သည်လည်း ဝမ်မိသားစုသည် မနက်ထဲကရောက်နေသည်ကို သတိမထားမိဘဲ နေ့လည်ဘက်တွင် ရွာသို့ အလည်ရောက်လာကြသည်။

ကျောပေါ်တွင် ခြင်းများကို သယ်ဆောင်လာသော ဖန်းညီအစ်ကိုသည် ရွာဝင်ပေါက်မှ ဝင်လာခြင်း မဟုတ်ဘဲ လုမိသားစု အိမ်အနောက်ရှိ တောင်များမှ ဆင်းလာခြင်းဖြစ်သည်။ သူတို့သည် ဖြတ်လမ်းမှလာသော်လည်း အိမ်နီးချင်းတစ်ချို့က သူတို့ကို သတိထားမိဆဲဖြစ်ပြီး အံ့ဩမှုဖြင့်ပြောဆိုကြ၏။

"ဖန်းမိသားစုက ဖန်းညီအစ်ကိုက ဒီနေ့ သူတို့ခမည်းခမက်အိမ်ကို လာလည်တာမလား"

"သူတို့ရောလာ"

ပဟေဠိဖြစ်သွားပြီး ညီအစ်ကိုနှစ်ယောက်သည် အိမ်နီးချင်းများထံမှ ဝမ်မိသားစု၏ အစောပိုင်းလည်ပတ်မှုကို ကြားသိရလေသည်။

ဖန်းသလန်နှင့် ဖန်းအာ့လန်တို့သည် ပြုံးပြီး ဘာမှမပြောဘဲ စကားစမြည် အနည်းငယ်ပြောဆိုပြီးနောက် လုမိသားစုအိမ်သို့ ဦးတည်သွားကြ၏။

ခြံဝင်းထဲသို့ဝင်လာတော့ သူတို့၏အဒေါ် ရှိလားဟု အော်မေးလိုက်၏။ အဘွားလုသည် အသံကြားသောကြောင့် မီးဖိုချောင်ထဲမှ ထွက်လာပြီးနောက် ညီအစ်ကိုနှစ်ယောက်သည် အပြုံးဖြင့် ခြံထဲသို့ဝင်လာကြလေသည်။

အဘွားလုသည် သူတို့နှစ်ယောက်ကို နွေးထွေးကြင်နာစွာဖြင့် ပင်မခန်းထဲသို့ ခေါ်သွားလိုက်၏။

"အထဲဝင်ပြီး ရေသောက်ပါဦး။ ဒီနေ့ နေကောင်းရဲ့လား"

ဖန်းသလန်သည် ပင်မအခန်း၏ဝင်ပေါက်တွင် ရှိနေဆဲဖြစ်ပြီး ပထမဆုံး သူ့ကျောပေါ်မှ ခြင်းတောင်းကို ချထားလိုက်၏။ သူသည် ဖုံးထားသည်ကို ဖယ်လိုက်ပြီး သေချာချည်ထားသောရစ်ငှက်ကို ထုတ်ရင်း တီးတိုးပြောလိုက်လေသည်။

"ကျွန်တော်တို့ သေချာသင်ယူထားတယ်။ အခု ကျွန်တော့အစ်ကိုနဲ့ ကျွန်တော်က တောအုပ်ထဲမှာ အစာရှာနိုင်ပြီ။ ကျွန်တော်တို့မိဘတွေက အဘွားနဲ့ ရှန်းညီအစ်ကိုတို့ကို ကျေးဇူးတင်စကား ပြောချင်နေကြတာ။ ဒီနေ့ ကျွန်တော်တို့ ရစ်ငှက်သုံးကောင် ဖမ်းမိထားတယ်။ တစ်ကောင်က ရှန်းအစ်ကိုအတွက်၊ နောက်တစ်ကောင်က အဘွားအတွက်ဟင်းပွဲပါ"

အဘွားလုသည် ရစ်ငှက်ကို မြင်သောအခါ မျက်လုံးများ အရောင်လက်သွားလေသည်။

"မင်းတို့နှစ်ယောက်လုံး ကိုယ်တိုင် ဖမ်းခဲ့တာလား"

ဖန်းသလန်က အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် ပင်မအခန်း၏ အပြင်ဘက်တွင် ရစ်ငှက်ကိုထားလိုက်ပြီး တီးတိုးပြောလိုက်၏။

"ရေမသောက်တော့ပါဘူး။ စီရင်စုမှာ ဒုက္ခသည်တွေရဲ့အုံကြွမှုကြောင့် ကျွန်တော်တို့ရဲ့မိသားစုလည်း ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေပြီ။ ကျွန်တော်တို့ ပြန်သွားပြီး မောင်နှမဝမ်းကွဲတွေနဲ့ လေးခွဲပစ်တာ လေ့ကျင့်ဖို့ လိုအပ်တယ်။ အဒေါ် ၊ ရှန်းအစ်ကိုက သူတတ်နိုင်သမျှ ကျွန်တော်တို့အကုန်လုံးကို သင်ပေးမယ် ပြောတယ်။ ကျွန်တော်တို့တွေ ဒီနေရာကို အချိန်ခဏလောက်တော့ မလာနိုင်လောက်သေးဘူး"

အဘွားလုက သူတို့သည် ဒုက္ခသည်များကို စောင့်ကြည့်ရမည်ကိုသာ ပြောပြီး တစ်ခြားဘာမျှ အများကြီးမပြောသော်လည်း နားလည်လေသည်။ သူတို့မိသားစုတွင် စစ်ပွဲအတွေ့အကြုံရှိသော လူကြီးများရှိပြီး သူတို့သည် ထွက်ပြေးနိုင်မည့်လမ်းကြောင်းကို စီစဉ်ရန် တွေးထားခြင်းဖြစ်ရမည်။ သူမတို့မိသားစု၏အကြံကို ကြားပြီးနောက် သူတို့သည် အစားအစာများကို ချက်ခြင်းပြင်ဆင်ကြလေသည်။ သူတို့သည် ဆန်ကောင်းများကို မတတ်နိုင်သော်လည်း ဈေးပိုသက်သာသည့်ပဲစေ့များကို သိုလှောင်ထား၏။ သူမသည် ထိုအရာများကို ဖွက်ထားရန်နေရာ ရှာတွေ့နိုင်ပါ့မလားဟု စိုးရိမ်မိလေသည်။

သူမက ခေါင်းညိတ်ပြလိုက်၏။

"ကောင်းပြီ၊ ဆက်လုပ်ပါ၊ ဂရုလဲစိုက်ဦး။ မင်းတို့ရဲ့မိဘတွေနဲ့ အဘိုးအဘွားတွေကိုလည်း ဂရုစိုက်ဖို့ပြောပေးပါဦး"

"ဟုတ်ကဲ့၊ အဒေါ်ရောပဲ ဂရုစိုက်ပါ။ ကျွန်တော့်အစ်မ စီရင်စုက ပြန်ရောက်တဲ့အခါ မိသားစုနဲ့ပတ်သက်ပြီး မစိုးရိမ်ဖို့ ပြောပေးပါဦး။ အဒေါ်တို့မိသားစုက ကျွန်တော်တို့ကို အများကြီးကူညီပေးထားတာပါ"

အဘွားလုသည် နွေးထွေးမှုကြောင့်မျက်ရည်များဝဲလာပြီး ခေါင်းညိတ်ပြလိုက်၏။

"ကောင်းပါပြီ၊ ကောင်းပါပြီ"

အဘွားလုထံသို့ ရစ်ငှက်ပေးပို့ပြီးနောက် နှုတ်ဆက်စကားများပြောကာ ညီအစ်ကိုနှစ်ယောက်လုံး ထွက်ခွာသွားကြလေသည်။ အဘွားလုသည် သူတို့ကို ခြံအပြင်ဘက်အထိ လိုက်ပို့လိုက်၏။

ရှီနှင့်ကျိုးမိသားစုတွင်လည်း တူညီသောအခြေအနေကို တွေ့ရလေသည်။ မကြာသေးမီက ရှန်းလီသည် ဆယ်ရက်ကျော်ကြာ ရွာထဲတွင် အလုပ်များနေ၏။ မိသားစုငါးစုမှ ကလေးများကို သင်ကြားခြင်းအပြင် သူသည် မိသားစုအနည်းငယ်နှင့် တိတ်တဆိတ်တိုင်ပင်ကာ အားကိုးလို့ရနိုင်သော ဆွေမျိုးများ၏ကလေး အနည်းငယ်ကို လေ့ကျင့်ပေးရန် ရွေချယ်ထားလေသည်။ သူတို့ကို အမဲလိုက်ခြင်းနှင့် ဒုက္ခသည်များရန်မှ ခုခံကာကွယ်နိုင်မည့် ကျွမ်းကျင်မှုတစ်ချို့ကိုသာ သင်ပေးထား၏။

မိသားစုတစ်စုစီသည် စကားများမပျံ့နှံ့စေရန် မသိမသာ ဆက်သွယ်ကြလေသည်။ အကုန်လုံးက တောလမ်းကိုသာ သွားကြပြီး တောထဲ၌သာ တိုက်ရိုက်တွေ့ဆုံကြ၏။ သူတို့၏လုပ်ငန်းစဉ်များသည် ကလေးများ၏ သင်ယူသည့်အချိန်များနှင့် ထပ်မနေပေ။ နောက်ဆုံးတွင် မိသားစုတစ်စုစီက သက်ကယ်ပစ္စည်းပါသော ပုလင်းငယ်လေး တစ်လုံးစီကို လက်ခံရရှိပြီး သူတို့၏ဆွေမျိုးများကြားတွင် တိတ်တဆိတ်ဖြင့် လျှို့ဝှက်ချက်ကို ထိန်းထားကြလေသည်။ စီရင်စုတံခါးများတွင် ဒုက္ခသည်များစုဝေးနေသောကြောင့် ဤအရာသည် အရေးပါသောပစ္စည်းဖြစ်၏။

……

ချီယန်စီရင်စုရှိ တုန်းဖူစားသောက်ဆိုင်တွင် သူ၏ဇာတိမြို့ဖြစ်သည့် ရှဲရှန်မှပြန်လာသော ဆိုင်ရှင်ရွှီသည် ပြန်ရောက်နေပြီဖြစ်သည်။

ပြည်နယ်၏မြို့တော်ဖြစ်သော မြို့ဟောင်းရှဲရှန်မှ ပြန်ရောက်လာပြီးနောက် ဆိုင်ရှင်ရွှီ၏အမူအရာသည် စိတ်ချပုံမပေါ်ပေ။ ပြည်နယ်၏ မြို့တော်ဖြစ်သောရှဲရှန်တွင် ချီယန်စီရင်စုကဲ့သို့ ဝေးလံသော စီရင်စုငယ်လေးတစ်ခုထက် သတင်းအချက်အလက် အများအပြားကို ရရှိလေသည်။ ထို့အပြင် တုန်းဖူစားသောက်ဆိုင်၏ပိုင်ရှင်သည် ရှဲရှန်မှဖြစ်ပြီး ဆိုင်ရှင်ရွှီထက် ကျယ်ပြန့်သော အဆက်အသွယ်များရှိ၏။

ထို့ကြောင့် ယခုအကြိမ် ပြန်ရောက်လာသောအခါ သူ့အမူအရာမှာ ပို၍လေးနက်တည်ကြည်နေခြင်း ဖြစ်သည်။

စားဖိုမှူးယွီနှင့်စာရင်းကိုင်သည် ထုံးစံအတိုင်းပင် သတင်းမေးမြန်းရန် ရောက်လာကြ၏။ ဆိုင်ရှင်ရွှီသည် ဖုံးကွယ်ထားခြင်းမရှိဘဲ သူသိထားသည်များကို ပြောပြလိုက်လေသည်။ လူတိုင်း၏အမူအရာမှာ လေးနက်သွားကြ၏။ ပုန်ကန်မှုများ ဖြစ်ပွားရခြင်းမှာ အထူးအဆန်း မဟုတ်ပေ။ သချန်အင်ပါယာကို စတင်တည်ထောင်ချိန်ထဲက သူတို့၏ပိုင်နက်မြေများကို နှစ်ပေါင်းများစွာကြာ ဟိုဟိုဒီဒီအုံကြွမှုများဖြင့် တဖြည်းဖြည်းချင်း ပြန်သိမ်းယူလာခြင်းဖြစ်သည်။

သို့သော် ဤနေရာတွင် သူပုန်အများအပြားကို တစ်ခါမျှမတွေ့ဖူးပေ။

နှစ်ပေါင်းများစွာကြာ ဆိုင်ရှင်ရွှီနှင့် အနီးကပ်အလုပ် လုပ်နေသော စာရင်းကိုင်သည် သူ့မိသားစုအတွက် စီစဉ်မှုများရှိသလားဟု မမေးဘဲမနေနိုင်ပေ။

ဆိုင်ရှင်ရွှီက ခေါင်းညိတ်ပြလိုက်၏။

"နောက်ပိုင်း ဘာဖြစ်မလဲဆိုတာကို ငါမသိဘူး။ ဆိုင်ရှင်ကတောင် မြောက်ပိုင်းက အခြေအနေတွေက ဘယ်လောက်ကြာမလဲဆိုတာနဲ့ တရားရုံးတော်က ဒါကိုဖြေရှင်းနိုင်ပါ့မလားဆိုတာကို ပြောဖို့ခက်တယ်တဲ့။ တစ်ခြားအစီအစဉ်လဲ မချနိုင်ဘူး။ ဝမ်မိသားစုရဲ့အိမ်ကြီးနဲ့နီးတဲ့ ခြံတစ်ခုကို ငှားရမ်းပြီး ငါ့မိသားစုကို ရွှေ့ခိုင်းရမှာပဲ။ ငါတို့ဘက်ကို တကယ်ပဲ ပုန်ကန်မှုတွေ ရောက်လာမယ်ဆိုရင် အရှက်မဲ့စွာနဲ့ပဲ ငါ့ဇနီးရယ်၊ ကလေးတွေနဲ့မိဘတွေအတွက် နေစရာရှာဖို့သူ့အိမ်ကို သွားခွင့်ပြုလားဆိုတာကို မေးရမှာ"

တုန်းဖူစားသောက်ဆိုင်ပိုင်ရှင်သည် ဝမ်မိသားစုဝင်တစ်ယောက်ဖြစ်သည်။ စာရင်းကိုင်သည် ဝမ်မိသားစု၏အိမ်ကြီးကိုသိပြီး ဆိုင်ရှင်ရွှီသည် တူညီသောလမ်းထဲတွင် ငှားရမ်းမည် မဟုတ်ပေ။ ထိုလမ်းထဲတွင် အိမ်အနည်းငယ်သာရှိပြီး အားလုံးသည် ဝမ်မိသားစုအပိုင်ဖြစ်ပြီး အားလုံးသာ် ငှားရန်နေရာအလွတ်မရှိသေးသည့် အိမ်ကြီးများဖြစ်သည်။

တုန်းဖူစားသောက်ဆိုင်ပိုင်ရှင်သည် အနည်းဆုံးတော့ ရှဲရှန်နယ်မြေတွင် လွှမ်းမိုးမှုတစ်ချို့ရှိ၏။ လက်ရှိမင်းဆက်သည် ကိုယ်ပိုင်စစ်တပ်များ ထိန်းသိမ်းလေ့ကျင့်ခြင်းကို တားမြစ်ထားသော်လည်း ဩဇာရှိသော မျိုးနွယ်စုများနှင့် အထက်တန်းလွှာများသည် ကွဲပြားသော ခေါင်းစဉ်များအောက်တွင် အစေခံများနှင့် မြေငှားအများအပြားကို ထိန်းသိမ်းရန် စီစဉ်ထားကြသည်။ ဒက ကြီးမားသည့် အင်အားကို လက်ကိုင်ထားခြင်းမဟုတ်ပေ။ အကြပ်အတည်း ဖြစ်နေသောအချိန်များတွင် ဝမ်မိသားစု၏အိမ်ကြီးကို ကာကွယ်ရန် အင်အားအလုံအလောက် ထားရှိခြင်းဖြစ်သည်။

စာရင်းကိုင်သည် အတော်လေးအားကျနေပြီး ပိုင်ရှင်နှင့် နှစ်ပေါင်းများစွာကြာ အတူနေခဲ့သော ဆိုင်ရှင်ရွှီကဲ့သို့သော ဆိုင်တာဝန်ခံတစ်ဦးတည်းသာထိုသို့သော လွှမ်းမိုးမှုရှိပေလိမ့်မည်။

ပြင်ပကိစ္စရပ်များကို ဆွေးနွေးပြီးနောက် တာဝန်ခံရွှီသည် စားသောက်ဆိုင်၏ လုပ်ငန်းလည်ပတ်မှုကို မေးမြန်းရန် လှည့်လိုက်ပြီးနောက် ဟင်းလျာများနည်းနေသည်ကို သတိထားမိလေသည်။ အနီးကပ်စစ်ဆေးကြည့်သောအခါ တို့ဟူး၊ တို့ဟူးခြောက်ထုတ်ကုန်များနှင့် သက်သက်လွတ်အူကြမ်းများအားလုံးကို ဖယ်ထားသည်ကို တွေ့ရှိလေ၏။

"စန်းရှီက ငါတို့ကိုထောက်ပံ့တာကို ရပ်လိုက်တာလား"

စာရင်းကိုင်က ခေါင်းညိတ်ပြလိုက်၏။

"သူတို့က နောက်ထပ်မထောက်ပံ့နိုင်တော့ဘူး။ အခု စီရင်စုတံခါးတွေမှာ အနည်းဆုံး ဒုက္ခသည် အယောက်၂၀၀လောက် ဝန်းရံနေတာ။ စီရင်စုအစိုးရက ဝေးလံတဲ့တောင်တန်းဒေသမှာ အခြေချလို့ရအောင် ပြောင်းရွှေ့ပေးဖို့ ကြိုးစားပေမယ့်လဲ အိမ်ထောင်စုစာရင်းကိုပဲ ပေးပြီး တစ်ခြား ဘာမှမပါဘူး။ အစားအစာ၊ နေစရာနေရာ၊ လယ်ယာလုပ်ငန်းသုံး ပစ္စည်းတွေ၊ အစေ့တွေနဲ့ အခွန်ကင်းလွတ်ခွင့်ပေးတဲ့ ကတိစကားတောင် မပါဘူး။ သူတို့မှာ ဘာမှမရှိဘူး။ သူတို့ဘယ်လို အခြေချမှာလဲ"

တာဝန်ခံရွှီက အလေးအနက်ဖြင့် မျက်မှောင်ကြုတ်လိုက်၏။

"အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ စီရင်စုမှာ ဒုက္ခသည်တွေဝန်းရံနေတာက ဘာကောင်းမှာလဲ။ စီရင်စုအောက်ရုံးတရားသူကြီးက မစိုးရိမ်ဘူးလား"

စာရင်းကိုင်သည် ခေါင်းညိတ်ပြီး အတွင်းရေးကို အသိပေးလိုက်၏။

"ဒေသခံ အထက်တန်းလွာတွေနဲ့ လိပ်ခဲတည်းလည်း အခြေအနေ ဖြစ်နေတယ်။ သူတို့ကို ဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး အကြောင်းကြားထားပေမယ့် အထက်က အရာရှိရဲ့အမိန့်မပါဘဲ သူတို့ဘာသာ စပါးကျီတွေကို မဖွင့်ရဲကြဘူး။ အစာနဲ့ငွေထောက်ပံ့ပေးဖို့ အထက်တန်းလွှာတွေကို တောင်းဆိုထားကြတယ်"

ဤခဏတွင် စာရင်းကိုင်ထံမှ နောက်ထပ်ရှင်းပြချက်ကို မလိုအပ်တော့ပေ။

ချမ်းသာသောမိသားစုများသည် သူတို့၏ငွေနှင့် စပါးတစ်ချို့တစ်ဝက်ကို အလွယ်တကူ ခွဲဝေပေးရန် ဆန္ဒမရှိကြပေ။ သူတို့သာ ဆန်ပြုတ်ဆိုင်ကို တည်ထောင်ခြင်းဖြင့် သူတို့သည်ကြင်နာတတ်သူများဖြစ်ကြသည်။ သူတို့ထဲမှ အများစုသည် ဒုက္ခသည်များကို အခွင့်အရေးတစ်ခုအဖြစ် မြင်ပုံပေါ်ပြီး သူတို့အသက်ရှင်လိုပါက ကျေးကျွန်အဖြစ် သူတို့ကိုသူတို့ ရောင်းနိုင်၏။

ဟုတ်ပါသည်။ တစ်ချို့သည် အစေခံအဖြစ်ဆန္ဒရှိသော်လည်း လူနည်းစုသာဖြစ်သည်။ အများစုသည် သူတို့ကိုယ်သူတို့ ကျွန်အဖြစ်သို့မရောင်းကြဘဲ ဤနည်းဖြင့်ထွက်ပြေးလာကြ၏။ ယခုအချိန်တွင် ရှင်သန်ခြင်းသည် သူတို့ရှေ့တွင်ရှိနေပြီး အနည်းစုကသာ သူတို့၏လွတ်လပ်မှုကို စွန့်လွှတ်လိုသောဆန္ဒ ရှိနေကြသည်။

အဖွဲ့သုံးဖွဲ့သည် မဆုတ်သာမတိုးသာ အခြေအနေကို ဦးတည်နေ၏။

တာဝန်ခံရွှီသည် အခြေအနေကြောင့် ပြောစရာစကားပင်မရှိတော့ဘဲ ဤအခြေအနေများတွင် ပစ္စည်းများကို ထောက်ပံ့ရန်မှာ မဖြစ်နိုင်ကြောင်းကို နားလည်လိုက်သည်။ ငွေ သို့မဟုတ် စပါးကို စီရင်စုသို့ သယ်ယူရာတွင် လူအုပ်စုကြီးဖြင့်အတူတူမသွားပါက အန္တရာယ်များနိုင်၏။

စကားဝိုင်းသည် စန်းလော့ထံသို့ရောက်သောအခါ စာရင်းကိုင်သည် သူမနှင့်ရှန်းလီတို့၏ မကြာသေးမီက ဝံပုလွေသားရေ ၈ ခု၊ ဝက်ဝံနက်သားရေတစ်ခုနှင့် စီရင်စုသို့လာကြောင်းပြောလိုက်တော့ ဆိုင်ရှင်ရွှီသည် အံ့အားသင့်သွားလေသည်။ သူက စားဖိုမှူးယွီကို မေးလိုက်၏။

"သူတို့က အရင်ကရော ဒီတိရစ္ဆာန်တွေကို အမဲလိုက်လေ့ရှိတာလား"

စားဖိုမှူးယွီက ခေါင်းခါလိုက်လေသည်။

"အတိအကျမသိဘူး။ သူတို့က ပုံမှန်ဆို ရစ်ငှက်တွေနဲ့တောယုန်တွေကိုပဲ ဖမ်းတာ"

ဆိုင်ရှင်ရွှီက ရှန်းလီနှင့်သူ့အပေါင်းအဖော်များသည် သချန်နယ်မြေ၏ တစ်ဝက်နီးပါးကို ဖုံးအုပ်ထားသော တောင်များကိုဖြတ်၍ ဟွိုင်နန်လမ်းသို့ပြန်ရောက်အောင် မည်သို့စီစဉ်သည်ကို စဉ်းစားနေမိသည်။

"သူက အတော်လေး လုပ်နိုင်စွမ်းရှိတာပဲ"

ရှင်သန်နိုင်ရန် လုပ်နိုင်စွမ်းရှိခြင်းသည် ကောင်းပါသည်။

……

ရှန်းလီနှင့်စန်းလော့တို့သည် စီရင်စုရှိတာဝန်ခံရွှီသည် သူတို့အကြောင်းပြောနေသည်ကို မသိကြပေ။ သူတို့သည် မကြာသေးမီက ရစ်ငှက်များစွာကို ရခဲ့လေသည်။ တစ်ချို့သည် ရှန်းလီ ဖမ်းမိထားသည်များဖြစ်ပြီး တစ်ခြားလက်ဆောင်များမှာ သူ လေ့ကျင့်ပေးနေသော အနီးနားရှိမိသားစုများက တပည့်များထံမှဖြစ်၏။ မကြာမီတွင် တောထဲသို့ဆုတ်ခွာရမည်ဖြစ်သောကြောင့် ရစ်ငှက်အားလုံးကို စားမည့်အစား ကြက်များကို ကျပ်ခိုးတိုက်ပြီး သိမ်းထားလေသည်။

ရှီလီရွာသည် ညဘက်တွင် အတော်လေးတိတ်ဆိတ်၏။ မိသားစုအားလုံး အိပ်ရာဝင်ပြီးနောက် ရှန်းလီသည် အပြင်၌စောင့်နေလေသည်။ အမှောင်ထဲရှိ ငှက်သုံးကောင်၏ အော်သံများနောက်တွင် တရှဲရှဲအသံများ ထွက်ပေါ်လာ၏။ ရှန်းလီ တုံ့ပြန်လိုက်ပြီး မကြာမီတွင် တောင်ခြေ၌ပုံရိပ်များ ပေါ်လာလေသည်။ လူ၁၇ယောက်သည် ထမ်းပိုးများကို သယ်ဆောင်ရင်း သူတို့ပုန်းနေကြ တောအုပ်အနီးမှ ထွက်ပေါ်လာပြီး မီးတုတ်တစ်ခုကိုမျှ မထွန်းရဲပေ။

ရှန်းမိသားစု၏ ပင်မအိမ်တွင် မီးရောင်များမရှိပေ။ အရိပ်များသည် မြန်မြန်ဝင်ရောက်လာပြီးနောက် ခြံဝင်းတံခါးကို ပိတ်လိုက်လေသည်။

နေရာနှင့်ရင်းနှီးနေသည့် ချန်းသရှန်နှင့်သူ့အဖွဲ့သည် ခြံနောက်ဖေးတွင် ထမ်းပိုးများကို နေရာချပြီး ရှန်းမိသားစု၏ ပင်မအိမ်သို့ဦးတည်သွားကြ၏။ ကြမ်းပြင်ပေါ်တွင် လူတိုင်းအိပ်လို့ဆံ့အောင် ပင်မအိမ်ကို ရှင်းလင်းထားပြီး လွန်ခဲ့သောရက်အနည်းငယ်က သစ်သားစင်များကိုပင် ခြံနောက်ဖေးသို့ ရွှေ့ပြောင်းထားသေးသည်။

အနောက်တွင် နေခဲ့သောမိသားစုဝင် အနည်းငယ်သည် အစားအစာများကို ပြင်ဆင်ပြီးပြီဖြစ်ပြီး ယခုတော့ ပင်မအိမ်၏ စားပွဲပေါ်တွင် တည်ခင်းထားလေ၏။ အကြိုနှစ်သစ်ကူးရက်ဖြစ်သောကြောင့် ဟင်းလျာများမှာ အလျှံအပယ်ဖြစ်လေသည်။

လူတိုင်းရောက်ရှိလာသည်နှင့်အမျှ ပြည့်နှက်လာပြီး အခန်းအတွင်းတွင် မတ်တပ်ရပ်စရာနေရာပင် မရှိတော့သောကြောင့် အဘွားချန်းနှင့် အခြားသူများသည် နေရာဖယ်ပေးရန် အလျင်အမြန် ထွက်သွားကြ၏။

လူတိုင်းသည် လမ်းတွင် ရိက္ခာခြောက်များကိုသာစားခဲ့ရသောကြောင့် အလွန်ဆာလောင်နေကြသည်။ ဖြန့်ခင်းထားသည့် ဟင်းပွဲများကိုမြင်တော့ သူတို့သည် လက်ကိုပင်မဆေးတော့ဘဲ စိတ်အားထက်သန်စွာဖြင့် စတင်စားသောက်ကြတော့၏။

တံခါးဝမှ ချန်းဘွားဘွားက သတိပေးလိုက်၏။

"မလောနဲ့၊ ဖြည်းဖြည်းစားကြပါ"

မိသားစုငါးစုမှ အဓိကအလုပ်သမားများသည် ယခုနှစ်တွင် ထူးခြားသောနှစ်ကူးအကြိုကို ရရှိကြလေသည်။

လူတိုင်းစားသောက်ကြပြီးနောက် စန်းလော့နှင့်ရှန်းလီတို့သည် အိပ်မည့်ဖျာများကို စတင်ခင်းကြပြီး လူတိုင်းသည် ထိုဖျာများပေါ်တွင် ထိုင်နေစဉ် အရေးကြီးသောကိစ္စများကို ဆွေးနွေးကြလေ၏။

သူတို့သည် ၁၂လမြောက်လူနာလ၏ ၁၄ရက်မှ ၂၃ရက်အထိ ခရီးသုံးခုသွားရင်း မမောနိုင်မပန်းနိုင် အလုပ်လုပ်ကြရသည်။ ပထမခရီးတွင် လူအယောက်၂၀ပါဝင်ပြီး နောက်ထပ်ခရီးနှစ်ခေါက်၌ လူ၁၇ယောက်က စပါးသယ်နေစဉ်တွင် ၃ယောက်က စပါးများကို စောင့်ကြည့်ရန် ကျန်ခဲ့ရ၏။ အငယ်ဆုံးထျယ်ကျူးလေးကပင် တောက်တိုမယ်ရ အလုပ်များကို လုပ်ရလေသည်။

အားပိုကောင်းသော ယောက်ျားများသည် အံကြိတ်ရင်း ခရီးတစ်ခေါက်လျှင် စပါးနှစ်တင်းကိုသယ်ကြရ၏။ အမျိုးသမီးများသည် အိမ်ထောင်စုတစ်စုဆီမှ အိတ်အသေးများကို သယ်ရန်ရွေးချယ်ကြပြီး ခရီးတစ်ခေါက်လျှင် တစ်တင်း သို့မဟုတ် တစ်တင်းခွဲ သယ်လေသည်။ ခရီးသုံးခေါက်ပြီးသောအခါ စပါးတင်း ၈၀ ကျော်ကို သယ်ပို့နိုင်လေ၏။

"ငါတို့ရဲ့လက်ရှိအခြေအနေအရ အခုထိမသယ်ရသေးတဲ့ လုမိသားစုရဲ့ စပါးကလွဲပြီး ရှန်မိသားစုရဲ့ သိုလှောင်ထားတဲ့ ပစ္စည်းတွေကို အရင်သယ်ပေးလိုက်တော့ အားလုံးအတွက် နေရာလေး ရသွားတာပဲ၊ မိသားစုဝင်အနည်းငယ်ပဲရှိတဲ့ ရှီနဲ့ချန်းမိသားစုကလဲ စပါးနည်းနည်းပဲရှိလို့ အခုချိန်မှာ အများကြီးမကျန်တော့ဘူး။ မိသားစုဝင်ပိုများပြီး ပိုကောင်းတဲ့အခြေအနေရှိတဲ့ ကျိုးမိသားစုပဲ ပိုများတဲ့ပစ္စည်းတွေကို သယ်ပို့လို့ မပြီးသေးတာ"

အမြဲတမ်း ဦးဆောင်နေရသည့် ချန်းသရှန်က ရှန်းလီနှင့်ဆွေးနွေးလိုက်၏။

"နောက်တစ်ခေါက်လောက် ထပ်သွားရအောင်။ နေ့တိုင်းစားဖို့အတွက် လိုအပ်တဲ့စပါးကလွဲရင် ကျန်တာတွေကို ငါတို့မိသားစုလေးစုက အပြီးရွှေ့ပေးလို့ရတယ်။ ငါတို့မှာ လုပ်နိုင်စွမ်းနည်းနည်းတော့ ကျန်ပါသေးတယ်။ ဒီည လူတိုင်းက ဆားလိုမျိုး အရေးကြီးတဲ့ပစ္စည်းတွေ ယူလာဖို့လိုသေးလားဆိုတာကို စစ်ဆေးရမယ်။ အဲ့တာတွေကို အိုးတွေထဲထည့်ပြီး သယ်သွားလို့ရတယ်။ ဒီခရီးပြီးသွားရင် နှစ်သစ်ကူးမတိုင်ခင်မှာ ငါတို့ ပြန်ရောက်လာလိမ့်မယ်။ အဲ့တာပြီးရင် နှစ်သစ်ကူးဒုတိယနေ့မှာ စီရင်စုက ပြန်ရောက်လာသလိုမျိုး မင်းရဲ့အိတ်တွေကို ထုတ်ပိုးပြီး နောက်ထပ်တစ်ထုပ်ကို သယ်သွားမယ်"

ဤသည်မှာ အစကအကြံဖြစ်သည်။ ပထမအနေဖြင့် စပါး၇၀ရာခိုင်နှုန်းကို အတူတကွပြောင်းရွှေ့ရန်နှင့် ကျန်ရှိသည့်၃၀ရာခိုင်နှုန်းကို လုမိသားစုအတွက် ပထမပုန်းခိုသည့်နေရာသို့ ပို့ဆောင်ရန်ဖြစ်သည်။

အမှန်တော့ ကျန်ရှိနေသော ၃၀ရာခိုင်နှုန်းသည် မိသားစုတိုင်း၏ နေ့စဉ်လိုအပ်ချက်များအတွက် သိမ်းဆည်းထားသော ဝေစုငယ်မှလွဲ၍ အများစုမှာ လုမိသားစု၏ သိုလှောင်မှုဖြစ်သည်။

ဤသည်ကိုကြားတော့ အဘွားလု၏မျက်လုံးများမှာ အရောင်လက်သွားလေသည်။ နောက်ဆုံးတွင် နှစ်သစ်ကူးဒုတိယနေ့မှစ၍ သူတို့မိသားစု၏စပါးများကို စတင်ရွှေ့နိုင်တော့မည်ဖြစ်၏။ အဖွဲ့၏ကြိုးစားအားထုတ်မှုနှင့်ယှဉ်လျှင် နှေးသော်လည်း သူမ၏စိတ်လှုပ်ရှားမှုမှာ ထင်ရှားလေသည်။

စန်းလော့သည် ဖြည်းဖြည်းချင်း ပြုံးရင်း အကြံပေးလိုက်၏။

"အကောင်းဆုံးပဲ။ နှစ်သစ်ကူးမတိုင်ခင်မှာ အကုန်လုံး ပြန်ရောက်လာကြမှာ။ နှစ်သစ်ကူးအတွက် ပြင်ဆင်ဖို့ စီရင်စုကို သွားလည်ကြရအောင်။ အဘွားမှာ ပိုက်ဆံအပိုရှိရင် အရေးပေါ် လိုအပ်ချက်အတွက် နည်းနည်းလောက်သိမ်းထားပြီး ကျန်တာကို ဆားနဲ့ဆေးဝါးတွေ ပိုဝယ်ဖို့ထည့်စဉ်းစားသင့်တယ်"

"လုနဲ့ရှီမိသားစုတွေကအခုထိ ဆေးဝါးတွေ မဝယ်ရသေးတာကို စဉ်းစားမိလို့ သယ်ယူဖို့ခက်ခဲတဲ့ ပစ္စည်းမှန်သမျှကို ရောင်းချဖို့ အကြံပေးချင်တယ်။ ပုန်ကန်မှုတွေဖြစ်ရင် ကျွန်မတို့က အကုန်လုံးကို ရွာထဲမှာထားခဲ့မှာ။ နှစ်ပေါင်းများစွာအထားခံတဲ့ ဆားလို ပစ္စည်းတွေကို လဲလှယ်တာ ပိုကောင်းတယ်။ သချန်မင်းဆက်မှာ ဘာဖြစ်လာမလဲဆိုတာကို မသိပေမယ့် ကျွန်မတို့က ဒီအထိရောက်လာပြီပဲ။ အဆိုးဆုံးအတွက် ပြင်ဆင်ထားတာက အကောင်းဆုံးပဲ မဟုတ်လား။ မင်းဆက်ရဲ့ ကမောက်ကမ အခြေအနေတွေမှာ ရှင်သန်ဖို့က လွယ်လဲမလွယ်သလို မြန်လဲမမြန်ဘူး။ တောင်တွေပေါ်မှာ နှစ်ပေါင်းများစွာ ခိုလှုံဖို့ အဆင်သင့်ဖြစ်နေရမယ်"

လူတိုင်းက ဤစကားများကို စိတ်ထဲတွင်မှတ်ထားကြလေသည်။

"နှစ်များစွာ"

သူတို့သည် စဉ်းစားနေကြ၏။

ချန်းလောင်ဟန်က သဘောတူလိုက်လေသည်။

"အမှန်ပဲ။ နှစ်အနည်းငယ်အတွင်း ငြိမ်းချမ်းရေးရရင်လဲ ဒါဟာ ကံကောင်းခြင်းပါပဲ။ အားလော့ရဲ့အကြံကို လိုက်နာကြရအောင်။ တောင်တန်းတွေပေါ်မှာ နှစ်အတော်ကြာအောင် ရှင်သန်နေထိုင်ဖို့ ဘာတွေလိုအပ်မလဲဆိုတာကို လူတိုင်းကတွေးနေကြတာ။ နှစ်သစ်ကူးအတွက် ကုန်ပစ္စည်းတွေဝယ်တဲ့ပုံစံနဲ့ လိုတာအပ်တာတွေ ဝယ်ဖို့ အကောင်းဆုံးအချိန်ပဲ။ ဒါ့အပြင် နောက်ထပ်ရက်အနည်းက စုဆောင်းဖို့နဲ့ စီရင်စုကိုသွားဖို့ နောက်ဆုံးအခွင့်အရေးပဲ"

လူတိုင်းသည် သူတို့၏အုပ်စုငယ်လေးအတွင်း ဆွေးနွေးကြရင်း ခေါင်းညိတ်ကြလေသည်။ နေရာက ကျဉ်းမြောင်းသော်လည်း ဝေမျှ‌ထားသော အကြံပြုချက်များကို လူတိုင်းကြားနိုင်၏။

ရှီအာ့လန်၏မိန်းမက သူ့ယောင်းမကန်းရှီကို သီးသန့်စကားပြောရန် ခြံနောက်ဖေးသို့ခေါ်ကာ သူ့အစ်ကိုများသည် ရှန်းလီထံမှ မြှားပစ်နည်းများကို သင်ကြားနေပုံကို ဆွေးနွေးနေလေသည်။

"ဘေးကင်းဖို့အတွက် သူတို့က လေးခွပစ်နည်း‌တွေကို သင်ခဲ့ရပေမယ့်လည်း မြှားနဲ့လေးတွေကို ပြောင်းသင်ဖို့က မခက်ပါဘူး။ သူတို့မှာ ဆေးဝါးတွေလည်း ရထားပြီးပြီ။ ငါ့ကို နင့်ရဲ့အစ်ကိုတွေက စိတ်မပူဖို့ ပြောခိုင်းထားခဲ့တယ်"

ကန်းရှီသည် မျက်ရည်များကိုသုတ်ရင်း ခေါင်းညိတ်ပြလိုက်၏။

"ကောင်းပါပြီ၊ကောင်းပါပြီ"

လုဘွားဘွားနှင့်ဖန်းလျိုညန်၊ ကျိုးရွာသူကြီး၏မိန်းမနှင့် သူတို့၏ချွေးမများကြားတွင် အလားတူစကားဝိုင်းများဖြစ်ပေါ်နေ၏။ သန့်စင်ခန်းသုံးရန်လိုအပ်ခြင်းမှ မီးဖိုချောင်တွင် ပန်းကန်ဆေးခြင်းအထိ ဝမ်ချွန်းညန်ကိုရှောင်ရန် ဆင်ခြေအမျိုးမျိုးကို ရှာတွေ့လေသည်။

အရေးကြီးကိစ္စများကို ဆွေးနွေးပြီး နောက်တစ်နေ့ သယ်ယူခြင်းအတွက် ရိက္ခာခြောက်များနှင့် စပါးများ အဆင်သင့်ဖြစ်ပြီးနောက်တွင် တောင်ပေါ်သို့ ဆယ်ရက်ကျော် ခြေလျင်ခရီးထွက်သူများကို အနားယူခိုင်းရန် အချိန်တန်ပြီဖြစ်သည်။ ချန်းဘွားဘွားနှင့် အခြားသူများက နှုတ်ဆက်စကားပြောပြီး ထွက်သွားကြလေ၏။

အိမ်ပြန်လမ်းတွင် ချန်းဘွားဘွားသည် လုဘွားဘွားကို တိတ်တဆိတ် သတိပေးလိုက်၏။

"ငါတို့အားလုံး မကြာခင်ရက်ပိုင်းအတွင်း ပြန်ရောက်လာကြမှာ။ နင့်ရဲ့ချွေးမ ဝမ်ချွန်းညန်ကို သေချာစောင့်ကြည့်ထားနော်"

"သူမက ပထမစပါးသိုလှောင်တဲ့ နေရာရဲ့တည်နေရာကို သိတယ်"

အဘွားလုက အဘွားချန်း၏လက်မောင်းကို ပုတ်လိုက်ပြီး စိတ်ချစေရန် ပြောလိုက်၏။

"စိတ်မပူပါနဲ့၊ ဒီတစ်ကြိမ်တော့ တစ်ကယ် သူ့ကို ဟန့်တားပြီး နှုတ်ပိတ်မယ်။ ဆူဆူညံညံလုပ်ဖို့မပြောနဲ့ တံခါးကိုသော့ခတ်ထားလို့ အပြင်ကိုထွက်ဖို့တောင် အဆင်မပြေဘူး။ နှစ်သစ်ကူးမတိုင်ခင် သူ့အမေလာလည်ရင်တောင် စကားတစ်ခွန်းမှ ပြောခွင့်ပြုမှာ မဟုတ်ဘူး။ ကလေးတွေကိုလည်း အရေးကြီးပုံကို ရှင်းပြလိုက်မယ်။ ဒါက မိသားစုရဲ့ သေရေးရှင်ရေးကိစ္စပဲ။ ရွှမ်းကျူးနဲ့ထျယ်ကျူးတို့ကိုလဲ သူ့ကို စောင့်ကြည့်ထားဖို့ သေချာမှာထားတာမလို့ သူမက အကုန်လုံးကို နောက်ထပ် ဒုက္ခထပ်မပေးတာကို အာမခံပါတယ်"

အဘွားလုသည် ဝမ်ချွန်းညန်ကို နောက်ထပ် မယုံကြည်တော့ပေ။ သူမ၏မိုက်မဲမှုကို ထပ်ခါထပ်ခါ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ အဓိကအချက်သည် သူမကို နောက်ထပ်အခွင့်အရေးတစ်ခုမှ ထပ်မပေးတော့ခြင်းဖြစ်သည်။

သူတို့နှင့်အတူ လမ်းလျှောက်လာသည့်ရှီအာ့လန်၏မိန်းမသည် ထိုအကြောင်းကိုကြားတော့ သက်ပြင်းချကာ တီးတိုးပြောလိုက်၏။

"အဒေါ်က အခြေအနေကို တစ်ကယ်နားလည်တာပဲ။ နောက်ဆုံးတော့ အဒေါ့်ရဲ့အာမခံမှုကြောင့် ကျွန်မ ငြိမ်းချမ်းတဲ့နှစ်သစ်ကူးကို ရနိုင်တော့မယ်"

ချန်းအဘွားကပြုံးလိုက်၏။ ရှီအာ့လန်၏မိန်းမသည် အားလုံးကောင်းသော်လည်း အနည်းတော့ ဟောဟောဒိုင်းဒိုင်း ပြောတတ်လေသည်။ ထိုရိုးသားမှုသည် ဤနေရာတွင် အတော်လေး ချစ်စရာကောင်းပေသည်။

...

အပိုင်း (၁၂၀)

လုအဘွားထင်ထားသည့်အတိုင်းပင် ဝမ်မိသားစုသည် လုမိသားစု၏ စပါးများကို သူတို့၏ကိုယ်ပိုင်အဖြစ် စတင်သတ်မှတ်လာကြသည်။ နှစ်သစ်ကူးမတိုင်မှီ ရှေ့တစ်ရက်တွင် သမီးယောက္ခမနှစ်ယောက်က ဝမ်ချွန်းညန်ပြန်လာပြီဟု မှတ်ယူကာ နောက်ထပ်တခေါက် အလည်ရောက်လာပြန်သည်။

ဝမ်ချွန်းညန်နှင့်သူမ၏မိသားစုက မတွေ့လိုက်ရချေ။ လုအဘွားက သူမ၏အကြီးဆုံးချွေးမနှင့် သေသေချာချာ စကားပြောလိုက်ပြီးနောက်တွင် သူမက ဝမ်ချွန်းညန်ကို သေသေချာချာ ချည်တုတ်ထားလိုက်ပြီး သူမ၏ပါးစပ်ကို အဝတ်စဖြင့်ဆို့ထားကာ စပါးများသိုလှောင်သည့် အနောက်ဘက်အခန်းထဲတွင် ပိတ်ထားလိုက်လေသည်။ စပါးအိတ်များနောက်တွင် ပုန်းကွယ်နေသည့် သူမကို သူမ၏သားဖြစ်သူ ရွှမ်းကျူးနှင့်ထျယ်ကျူးတို့က သူမကိုအဖော်လုပ်ပြီး စောင့်ပေးနေကြသည်။

ခုခံနေလျှင် နောက်ပိုင်းအစီအစဥ်များတွင် သူမကိုချန်ထားပြီး သူမ၏ကလေးများလဲ အန္တရာယ်ဖြစ်လာနိုင်မှန်း ဝမ်ချွန်းညန်က သိလေသည်။ သူမက လိုက်လျောပေးလိုက်ရပြီး အပြင်ဘက်က သူမ၏အမေနှင့်ယောင်းမတို့၏အသံ ကြားသည့်အချိန်တွင်ပင် တိတ်တိတ်လေး နေနေရကာ သူမယောက္ခမက သူတို့ကို ပြန်ပို့လိုက်သည်ကိုသာ နားထောင်နေလိုက်ရသည်။

ကျန်းရိ ၁၁နှစ်မြောက် နှစ်သစ်ကူးအကြိုနေ့တွင် ကြီးကြီးမားမား ဖြစ်ရပ်တစ်ခု ဖြစ်သွားကာ စီရင်စုနှစ်စုတွင် စီရင်စုအပြင်ဘက်၌ နေကြသည့် လူချမ်းသာမိသားစုတစ်ခုသည် သတ်ဖြတ်ခံလိုက်ရပြီး သူတို့၏ ငွေနှင့်စပါးများကို လုယက်ခံလိုက်ရကာ ထိုကိစ္စကို ကပ်ဘေးဒုက္ခသည်များက ပြုလုပ်သည်ဟု ယူဆကြသည်။

လပြက္ခဒိန်ပထမလ ဒုတိယနေ့တွင် သတင်းသည် ချီယန်စီရင်စုသို့ ရောက်လာလေသည်။ ဒေသခံများက သူတို့၏ တံခါးများကို ထိုနေ့အတွင်းတွင် တင်းကြပ်နေအောင် ပိတ်ထားကြပြီး လမ်းကလဲ လူသူကင်းမဲ့သလောက်ဖြစ်လာကာ ဖြတ်သွားဖြတ်လာအနည်းငယ်သာ အလောတကြီး သွားလာနေကြလေသည်။

အထူးသဖြင့် မြို့အပြင်တွင် နေထိုင်ကြသူများနှင့် ဒေသခံသူဌေးကြီးများ အပါအဝင် စီရင်စုတရားသူကြီးသည် သူတို့၏အသက်က အန္တရာယ်ရှိလာပြီဟု သိလိုက်ကြလေသည်။ သူတို့က ကိုယ်ပိုင်အရေးကိစ္စများကို ဘေးချိတ်ထားလိုက်ပြီး နောက်ဆုံးတော့ မြို့အပြင်က ကပ်ဘေးဒုက္ခသည်များကို ပြန်လည်နေရာချထားဖို့ အတူတူ တိုင်ပင်ကြတော့သည်။

သူတို့ဘက်တော်သားအားလုံးက စွန့်လွှတ်စွန့်စားကြပြီး စီရင်စုတရားသူကြီးက မက်လုံးတချို့ပေးလေသည်။ ပထမလ၏ တတိယနေ့တွင် မြို့အပြင်တံခါး၌ ကြေငြာချက်များ ထုတ်ထားလေသည်။ အရွယ်ရောက်ပြီး ယောက်ကျားသားတိုင်းက ချီယန်စီရင်စုတွင် အခြေချဖို့သဘောတူပြီး စိုက်ပျိုးရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျှင် စပါးတစ်တင်း လက်ခံရရှိလိမ့်မည်။ အရွယ်မရောက်သေးသူများကတော့ စပါးတင်းတစ်ဝက် ရရှိမည်ဟု ကြေငြာထားသည်။

လူတစ်ယောက်လျှင် စပါးတစ်တင်းအပြည့်တဲ့။

တောဟင်းရွက်များနှင့် အစေ့အဆန်များကို ရှားရှားပါးပါး စားသောက်နေရသည့် ကပ်ဘေးဒုက္ခသည်များ လက်ထဲတွင် ဒါသည် တစ်နှစ်စာအတွက် လုံလောက်ပေသည်။

ထိုကြေငြာချက်က ကပ်ဘေးဒုက္ခသည်များအကြားတွင် ဝရုန်းသုံးကား ဖြစ်သွားတော့သည်။ သူတို့က သူတို့အခြေချလျှင် ရရှိမည့်မြေပမာဏများကို လာရောက်စုံစမ်းကြတော့သည်။

စီရင်စုတရားသူကြီးက အရူးတော့ မဟုတ်ပေ။ ကပ်ဘေးဒုက္ခသည် တစ်ရာကျော်လောက်ကို လူစုခွဲကာ နေရာချထားပေးလိုက်ပြီး မိသားစုနှစ်စုစီကို ရှီလီရွာအနီးအနားတွင် နေရာချပေးလိုက်သည်။ ထိုလူများကို သူမ၏အိမ်အနီးတွင် နေရာမချထားပေးခဲ့သည့်အတွက် စန်းလော့က စိတ်အေးသွားလေသည်။ အကြောင်းမှာ သူတို့ဘက်က အသေးအဖွဲ လှုပ်ရှားမှုတစ်ခုကပင် အလွယ်တကူ သတိထားမိစေနိုင်သည်။

ကပ်ဘေးဒုက္ခသည်များက လူကွဲသွားပြီဖြစ်သော်ငြားလည်း မြို့တွင်းနေထိုင်ကြသူများ၏ ပူပန်စိတ်ကတော့ တိုးလာဆဲပင်။ စီရင်စုနှင့် တခြားပြည်နယ်များသို့ ခရီးသွားလာကြသည့်သူများသည် မလွဲမသွေ ဝိုင်းအုံခံရပြီး သတင်းအမျိုးမျိုးကို မေးမြန်းခံရကာ နေ့တိုင်းတွင် နေမထိထိုင်မသာဖြစ်ရသည့် သတင်းအသစ်များက ပိုလို့ပင်တိုးလာလေသည်။

တုန်းဖူစားသောက်ဆိုင်သည် ချီယန်စီရင်စုတွင် အကြီးမားဆုံး စားသောက်ဆိုင်ဖြစ်ပြီး သတင်းအချက်အလက်များရယူသည့် အချက်အချာနေရာတစ်ခု ဖြစ်လာသည်။ စားသောက်ဆိုင်သို့ မကြာခဏလာရောက်ကြသည့်သူများက သူတို့၏ အဆက်အသွယ်များကို ပိုပြီးချဲ့ထွင်လိုကာ အများစုကတော့ သတင်းများကို ရယူဖို့ရန်ဖြစ်လေသည်။

ဟဲနန်နှင့်ရှန်းနန်လမ်းမကြီးများတွင် ပုန်ကန်ခြင်းများဖြစ်နေပြီး ချန်းပြည်နယ်သည် သိမ်းပိုက်ခံလိုက်ရကာ ပုန်ကန်သူများက မြို့အတွင်းသို့ ထိုးဖောက်ဝင်ရောက်ကြပြီး အထက်တန်းလွှာ မိသားစုခွဲတစ်ခုသည် သတ်ဖြတ်ခံလိုက်ရကာ ကြွယ်ဝချမ်းသာသည့် သာမန်မိသားစု တစ်ခုလုံးလဲ သတ်ဖြတ်ခံလိုက်ရလေသည်။

ကပ်ဘေးဒုက္ခသည်များက ပုန်ကန်သူများနှင့် ပူးပေါင်းလိုက်သည်တွင် သူတို့သည် အထူးသဖြင့် ထိုအထက်တန်းလွှာနှင့် သာမန်လူချမ်းသာများကို အထူးတလည် ပစ်မှတ်ထားရာ နက်ရှိုင်းသည့် အမုန်းတရားများကြောင့် ဖြစ်နေသည့်နှယ်။ သူတို့၏အသားနှင့် သွေးများကိုပင် စားသောက်လိုစိတ်များ ဖြစ်နေတော့ဟန်တူသည်။ သို့မဟုတ်လဲ ထိုမိသားစုများတွင် ကွယ်ဝှက်ထားသည့် ချမ်းသာမှုနှင့်ဆန်စပါးက အများဆုံးဖြစ်နေသောကြောင့်ဖြစ်မည်။

ထို့ကြောင့် တုန်းဖူစားသောက်ဆိုင်တွင် ကြားခဲ့ရသည့်သတင်းက ပြည်နယ်တစ်ခု သို့မဟုတ် စီရင်စုတစ်ခုက ပုန်ကန်သူများ၏လက်ထဲသို့ ကျရောက်သွားသည်တွင် ဒေသခံလူချမ်းသာများက အများဆုံး ထိခိုက်မည်ဖြစ်ကာ သူတို့တွင် ကိုယ်တိုင်ကာကွယ်ပေးမည့် လုံလောက်သည့် အင်အားမရှိလျှင် အများဆုံးထိခိုက်နစ်နာနိုင်ပြီး သာမန်မြို့သူမြို့သားများထက်ပင် အများကြီး ပိုဆိုးနိုင်လေသည်။

ရထားသည့်သတင်းအများစုက သုတ်သင်ခံလိုက်ရခြင်းဖြစ်ကာ တချို့ဆိုလျှငိ ဝမ်မိသားစုထက်ပင် များစွာအာဏာရှိပြီး ချမ်းသာကြွယ်ဝကြလေသည်။

တနေ့ပြီးတနေ့ တုန်းဖူစားသောက်ဆိုင်၏ ဆိုင်တာဝန်ခံရွှီသည် ထိုကြောက်စရာကောင်းသည့် သတင်းများကို ကြားလိုက်ရသည်တွင် သူ၏ စိုးရိမ်စိတ်ကလဲ ကြီးထွားလာတော့သည်။ ယခုတွင် သူ့မိသားစုအတွက် အရံအစီအစဥ်က ကပ်ဘေးအန္တရာယ်မှ ခုခံနိုင်စွမ်း မရှိတော့သယောင်။ အိမ်မက်ဆိုးများက ခြောက်လှန့်နေပြီး နောက်ဆုံးတော့ သူသည် ရှဲ့ရှန်က သူ၏ ဇာတိမြို့သို့ပြန်ရန် အလောတကြီး ဆုံးဖြတ်လိုက်ရတော့သည်။

ထိုကြီးထွားလာသည့် ရတက်မအေးရသည့်ကိစ္စက စီရင်စုအတွင်း ရရှိလာသည့်သတင်းများမှ မွေးဖွားလာခြင်းပင်။ တချိန်ထဲတွင် သာမန်ရွာသူရွာသားများကတော့ ဖရိုဖရဲဖြစ်နေသည့်အတိုင်းအတာကို မသိကြဘဲ နှစ်လပိုင်း အစောပိုင်းအထိ အေးအေးလူလူ နေထိုင်နေကြလေသည်။

၂လပိုင်းပထမနေ့တွင် ပုံမှန်ဆိုလျှင် သတင်း ကောင်းမရှိလျှင် ရွာထဲသို့မလာတတ်သည့် ရွာအုပ်ချုပ်ရေးမှူးက ရောက်ရှိလာပြီး မိသားစု၏မောင်းသံတစ်ခု ထွက်ပေါ်လာကာ တရားဝင် အသိပေးချက်ကို ပြောပြလေသည်။

အစောပိုင်းအခွန်ကောက်ခံခြင်း နောက်တစ်ကြိမ်ပင်။ ကျန်းရဲ့ ၁၂နှစ်မြောက်နွေဦးတွင် ၁၃နှစ် မြောက်ဆောင်းဦးအတွက် အခွန်ခကို ကောက်ခံတော့သည်။ ဒီတစ်ကြိမ်တွင် ရွာအုပ်ချုပ်ရေးမှူးကိုယ်တိုင် ထိုအသိပေးချက်ကို ပြောပြခြင်းပင်။ နောက်ဆုံးတော့ သူ့မျက်နှာက လေးနက်သည့် အမူအယာတစ်ခုကို ပြသနေပြီး အေးဆေးတည်ငြိမ်မှု မရှိတော့ကာ ကြေ ငြာချက်၏ အတိမ်အနက်ကို ဖိအားပေးခံထားရသယောင်ပင်။

ရွာအုပ်ချုပ်ရေးမှူး၏ ကြေငြာချက်ကို ကြားလိုက်သည်တွင် ရွာသားအများစုမှာ နေရာတွင်ပင် ပြိုလဲသွားပြီး မြေကြီးပေါ်ထိုင်ချရင်း စိတ်ဓာတ်ကျကျဖြင့် သူတို့၏ ပေါင်များကို ရိုက်နှက်ကာ ငိုယိုတော့သည်။

"သူတို့တွေက ငါတို့ကို အသက်ရှင်ခွင့် မပေးတော့ဘူးပဲ၊ ဒါက သီးခံနိုင်စရာ မရှိတော့ဘူး"

ဒါသည် ဓားချက်ပေါင်းတစ်ထောင်ဖြင့် အသတ်ခံနေရသည့်နှယ် တကြိမ်တွင် သူတို့က တစ်ခါအသက်ရှင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး နောက်တစ်ခါက လျှင်လျှင်မြန်မြန် ရောက်လာပြန်သည်။

ရှီလီရွာတွင် သိပ်မကြာခင်ကမှ အခြေချထားသည့် ကပ်ဘေးဒုက္ခသည် မိသားစုနှစ်ခုမှာ အထိတ်တလန့် ဖြစ်ရတော့သည်။ သူတို့ရရှိထားသည့်စပါးမှာ အသစ်တောင်းခံသည့်အခွန်ခနှင့် မြေအငှားခကိုပင် လုံလောက်မှုမရှိနိုင်ပေ။ ဖရိုဖရဲအဖြစ်၏ အကျိုးဆက်က ရှီလီရွာသို့ရောက်လာသည်။ လူအများက မိုးကောင်းကင် မြေကြီးနဲ့ အစိုးရကို ကြိမ်ဆဲကြတော့သည်။ တစ်ချိန်က လေးစားခံခဲ့ရသည့် ကျိုးလီကျန့်ကပင် အခုတော့ သနားစဖွယ်အခြေအနေတစ်ခုထဲ ကျရောက်သွားကာ အားလုံးကို တည်ငြိမ်သွားအောင် ကြိုးစားလိုက်ရပြီးနောက် သူက နောက်ထပ် အမိန့်စာတစ်ခုကို ထပ်ဖြည်ချလိုက်လေသည်။

"နည်းလမ်းတစ်ခုကတော့ ရှိသေးတယ် ကျုပ်ပြောတာကို နားထောင်ကြပါ ခင်များတို့တွေ စပါးကို အခွန်ခ ပေးစရာမလိုပါဘူး"

သည်စကားကိုကြားလိုက်သည်တွင် ရွာသားများက ငြိမ်ကျသွားပြီး အားလုံးက ကျိုးလီကျန့်ကို မမှိတ်မသုန် ကြည့်နေကြလေသည်။

ကျိုးလီကျန့်က တံထွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ပြီး ကြေငြာလိုက်သည်။

"ဘုရင်မင်းမြတ်က ဆုံးရှုံးသွားတဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ရယူဖို့ရန် ကိုယ်တိုင်အမိန့်ထုတ်ပြန်လိုက်သည်။ နိုင်ငံတစ်ဝှမ်းလုံးမှ လူအားလုံးကို စစ်သည်ရဲမက်များအဖြစ် ခေါ်ယူနေသည်"

ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်က ကျိုးလီကျန့်ကို မြေကြီးခဲဖြင့် ပစ်ပေါက်လေတော့သည်။

"ဒါက ဘာအဖြေ ဖြစ်ရမှာလဲ ခင်များက ကျုပ်တို့အားလုံးကို သွားသေခိုင်းနေတာဘဲ"

လူအုပ်ကြီး၏ဒေါသက တလိပ်လိပ်တက်လာသည်တွင် ကျိုးလီကျန့်က သူ့မျက်နှာပေါ်က မြေမှုန့်များကိုသုတ်လိုက်ပြီး မြန်မြန်ထပ်ပြောလိုက်သည်။

"ကိုယ့်အလိုဆန္ဒအတိုင်းဝန်ထမ်းတဲ့ မိသားစုတွေ အထူးသဖြင့် ရှေ့တန်းကိုတာဝန်ထမ်းဆောင်တဲ့သူတွေက ဒီနှစ်ရဲ့အခွန်အခနဲ့ လူမှုဝန်ထမ်းတာဝန်ကို ကင်းလွတ်ခွင့် ရလိမ့်မယ်တဲ့"

ရွာသူရွာသားတစ်ချို့က ဇဝေဇဝါဖြစ်သွားသည်တွင် တခြားသူများကတော့ ကျိုးလီကျန့်ကို မြေကြီးခဲများဖြင့် ဆက်ပြီးပစ်ပေါက်တော့သည်။ သူ့မျက်နှာကို အကာအကွယ်လုပ်ရင်း ဒုတိယလ၏ တတိယနေ့ရက်တွင် စုဝေးကာ ၈ရက်နေ့နောက်ဆုံးထားပြီး စပါးခွန်များကို ပေးရမည်ဟု ကြေငြာချက် ထုတ်ပြန်ပေးလိုက်ပြီး အလောတကြီး ရှက်ရွံ့စွာဖြင့် ရွာထဲက မြန်မြန်ထွက်သွားတော့သည်။

ရွာသားများက အခြောက်ခံကွင်းထဲတွင် စုဝေးနေကြဆဲဖြစ်ပြီး လူစုမခွဲသေးချိန်တွင် ရွာထဲကမိန်းကလေးတစ်ယောက်က အော်ပြောလိုက်လေသည်။

"အစ်မချွန်းဟွာ, အစ်မ ကျွန်မတို့ရဲ့ အဖေက သူ့ခြေထောက်ကို ရိုက်ချိုးလိုက်တယ်။ သူက သူ့ခြေထောက်ကိုရိုက်ချိုးလိုက်တယ်လို့"

ရှီလီရွာဆီသို့ လက်ထပ်ပြီးရောက်လာသည့် အိမ်နီးချင်းရွာက အမျိုးသမီးတစ်ယောက်ဖြစ်သည့် ချွန်းဟွာမှာ အစပိုင်းတွင် ယောက္ခမဖြစ်သူနှင့် မြေကြီးပေါ်တွင် ငိုယိုနေပြီး သူမ၏ ညီမငယ်လေး၏အသံကို ကြားလိုက်ရချိန်တွင် အလန့်တကြား ထရပ်လိုက်သည်။

"ဟွားဟွား နင်ဘာပြောလိုက်တယ်၊ အဖေခြေထောက်က ဘယ်လိုလုပ်ပြီး ကျိုးသွားတာလဲ၊ သူက အကောင်းကြီးဟာကို"

ဟွားဟွားအမည်ရှိ ညီမငယ်လေးက ဖြေမဆည်နိုင်ချေ။

"သူ့ဟာသူ ရိုက်ချိုးလိုက်တာ၊ မြန်မြန်လေး ကျွန်မတို့တွေ ပြန်ပြီးတော့ သွားကြည့်ဖို့လိုတယ်”

သူမ၏ ငိုသံမှာ ထိုစကားဖြင့် ဆို့နစ်သွားတော့သည်။

ရွာသားနှစ်ယောက်က အနီးအနားတွင် ရှိနေသည့် ဟွားဟွားက ချန်းဟွားကိုအိမ်ပြန်ခေါ်မည် ပြင်လိုက်စဥ် ရုတ်တရက်ဆိုသလို ကျိုးလီကျန့်က တစ်ခုခုကိုနားလည်သွားပြီး သူတို့ကို တားလိုက်လေသည်။

"ကလေး သေသေချာချာ ရှင်းပြစမ်းပါ၊ သူက ဘယ်လိုဖြစ်ပြီး ကိုယ့်ခြေထောက်ကိုယ် ရိုက်ချိုးလိုက်တာလဲ"

ချန်ဟွာကလဲ နားလည်ဖို့ရန် စိတ်အားထက်သန်နေရာ ညီမဖြစ်သူကို မြန်မြန်ပြောခိုင်းလေသည်။

ထိန်းမရအောင် ငိုရှိုက်ရင်းက ဟွားဟွားက ပြောလေသည်။

"ခြေထောက်က ကျိုးသွားတယ်လို့၊ ခြေထောက် ကျိုးနေခဲ့ရင် အခွန်လဲ ပေးစရာမလိုသလို လူမှုဝန်ထမ်းလဲ သွားစရာမလိုဘူးတဲ့။ ကျွန်မရဲ့အစ်ကိုကလဲ သူ့ဟာသူ အဲလို လုပ်ချင်နေတယ်လို့ထင်တယ်"

ကျိုးလီကျန့်မှာ ဒီစကားကို ကြားလိုက်ရသည်တွင် အသက်ကို ခက်ခက်ခဲခဲ ရှုလိုက်ရဟန်တူသည်။

လူအုပ်ကြီးထဲက တစ်စုံတစ်ယောက်ကလဲ သွယ်ဝိုက်ပြောဆိုသည့် အဓိပ္ပါယ်ကို နားလည်သွားတော့သည်။

"အမှန်ပဲ ဒါက ခြေလက်မသန်မစွမ်းတာနဲ့ မဆိုင်တော့ဘူး။ ဒါက ကံကောင်းတဲ့လက်နဲ့ခြေတွေလို ဖြစ်သွားပြီ"

" ကံကောင်းတဲ့လက်နဲ့ခြေတွေ၊ ဟုတ်တယ်၊ ကံကောင်းလို့ ဒီလက်တွေခြေတွေ ရှိနေသေးတာ” နောက်တစ်ယောက်က ထပ်ပြီး ထောက်ခံလေသည်။

မျက်ရည်များကြားတွင် ရယ်မောရင်း အရပ်မြင့်မြင့် ထွားကြိုင်းသည့် ယောက်ျားတစ်ယောက်ဖြစ်သည့် ကျိုးလိုင်ကျီက ဝမ်းနည်းပြီးသရော်သည့် ခံစားချက်ဖြင့် ထိုစကားလုံးများကို ထပ်ပြောလိုက်သည်။ ဒါကို မြင်လိုက်သည်တွင် စန်းလော့သည် ကျောချမ်းသွားသလို ခံစားလိုက်ရပြီး အခြေအနေ၏ စိတ်ပျက်ပြီး ရယ်စရာကောင်းနေပုံကို ခံစားမိတော့သည်။

ထို့နောက်တွင် ကျိုးလိုင်ကျီက အကြီးဆုံးသားနှင့်ဒုတိယသားအပါအဝင် ချူချာသည့်မိန်းမဖြစ်သူကိုခေါ်ကာ အိမ်ပြန်သွားတော့သည်။

သချန်မင်းဆက်ကို ထူထောင်သည့်ဘုရင်သည် နိုင်ငံနှင့်ပြည်သူအတွက် အကျိုးဖြစ်စေမည့် ဥပဒေများကို ပြဌန်းကာ သူ၏အကျိုးဆောင်မှုအတွက် နာမည်ကြီးလေသည်။ ထိုပြဌန်းထားသည့် ဥပဒေများထဲတွင် မသန်စွမ်းသူများကို အခွန်အခနှင့် လူမှုဝန်ထမ်းဆောင်ရွက်ခြင်းမှ ကင်းလွတ်ခွင့် ပေးထားသည်။ ကံကောင်းတဲ့လက်နှင့်ခြေဟူသည့် သရော်လှောင်ပြောင်သည့် အခေါ်အဝေါ်က မသန်စွမ်းသည့် လူများအကြားတွင် သိက္ခာရှိသည့် ခံစားချက်တစ်ခုအနေဖြင့် သုံးကြခြင်းပင်။

ပြသာနာကို အာရုံခံမိသည်တွင် စန်းလော့က ရှန်းလီ၏ အင်္ကျီလက်ကို ဆွဲလိုက်ပြီး

"သူတို့နောက် လိုက်သွားရအောင်၊ ကျွန်မ အထင် ဦးလေးကျိုးက သူ့ဟာသူ အန္တရာယ်လုပ်တော့မယ်လို့ ခံစားနေရတယ်"

တစ်စုံတစ်ယောက်က သူတို့၏ ခြေလက်များကို တမင်တကာ ချို့တဲ့အောင်လုပ်သည့် အတွေးက သွေးများကို ဆုံးရှုံးစေပြီး ပိုးဝင်နိုင်သည့် အန္တရာယ်ရှိကာ အခြေအနေနှစ်ခုစလုံးက သေစေနိုင်လောက်သည်အထိဖြစ်ရာ ကြောက်စရာကောင်းပေသည်။

အခြေအနေ၏အတိမ်အနက်ကို သဘောက်ပေါက်လိုက်သည်တွင် ရှန်လီနှင့်စန်းလော့တို့က ကျိုးလိုင်ကျီ၏ အိမ်ဆီသို့ အမြန်ရောက်လာတော့သည်။

သူတို့၏ တောင်ခါးပန်းလေးပေါ်က ခြံဝန်းထဲသို့ ပြန်ရောက်လာသည်တွင် နောက်မှာကျန်နေခဲ့သည့် အိမ်ထောင်စုအများစုကလူများသည် စုဝေးလိုက်ကြပြီး ဒီရက်ပိုင်းတွင် ရှန်းမိသားစု၏ အနောက်ဘက်ခြံဝန်းထဲတွင် ပုန်းအောင်းနေခဲ့ကြသည့် လုအာ့လန်နှင့်လုစန်းလန်တို့လဲ ဝင်ရောက်လာလေသည်။

"အခု ငါတို့တွေ ဘာလုပ်ကြမလဲ"

အခွန်ပေးဆောင်ရမည်က မေးရန်မလိုသည့်မေးခွန်းပင်။ သူတို့တွင် အခွန်ပေးရန် စပါးများမရှိတော့သည့်အပြင် သူတို့တွင် စပါးများရှိနေသည့်တိုင် ဒီလိုစပါးစျေးမြင့်တက်ပြီး ဖရိုဖရဲဖြစ်နေသည့် အခြေအနေတွင် စပါးများကို ပေးဆောင်လိုက်သည်က သူတို့၏အသက်ကို လက်လျှော့လိုက်သည်နှင့်အတူတူပင်။

သူတို့သည် ထွက်ပြေးဖို့ရန် ပြင်ဆင်လာခဲ့ကြသော်လည်း အမှန်တကယ် ထွက်ခွာရမည့်အချိန်ရောက်လာသည်တွင် ကြိုမသိနိုင်သည့် အနာဂတ်အတွက် ဖြေဆည်လို့မရနိုင်သည့် ကြောက်စိတ်တစ်ခုက ရှောင်ရှားလို့မရပေ။

ရှန်းလီက ပြတ်ပြတ်သားသား ပြောလိုက်သည်။

"သရှန်နှင့်တခြားသူတွေက စပါးဒုတိယအသုတ်ကိုသွားပို့ပြီးလောက်ပြီ ကျွန်တော်တို့တွေက ဆက်ပြီးအချိန်ဆွဲလို့ မရတော့ဘူး။ အပြင်မှာတော့ ဒီကိစ္စတွေကိုဆက်ပြီး နှုတ်ဆိတ်ထားပြီး အတွင်းဘက်မှာတော့ ဝီရိယရှိရှိနဲ့ ပြင်ဆင်ထားရမယ်။မိုးချုပ်လာရင် ပစ္စည်းတွေကိုထုတ်ပိုးပြီး မိုးမလင်းခင် ထွက်ခွာရမယ်"

အမှန်ပင် သူတို့သည် ဆက်ပြီးအချိန်ဆွဲနေလျှင် အရာရှိများကရောက်လာပြီး သူတို့ကို အတင်းအကြပ် ခေါ်ဆောင်သွားမည်ကို စောင့်နေရလိမ့်မည်။

လုမိသားစုက ပြီးခဲ့သည့်လဝက်လောက်က သူတို့၏စပါးများကို ပထမပုန်းခိုရာနေရာဆီသို့ ပြောင်းရွေ့ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူတို့သည် ဒုတိယအကြိမ် မသွားရသေးချေ။ထို့ကြောင့် တခြားသူများ၏ အရေးကြီးအိမ်သုံးပစ္စည်းများကို ကူညီသယ်ဆောင်ပေးလိုက်ပြီးနောက်မှ သူတို့ကိစ္စက ပြီးပြတ်လေသည်။

ရွာသားများကိုစောင့်ကြည့်ရန် ရှန်းလီ၏ခြံဝန်းအထဲတွင် နေနေကြပြီး တိုက်ခိုက်ရေးမြင့်မားကြသည့် လုအာ့လန်နှင့်လုစန်းလန်မှလွဲလျှင် လုမိသားစု၏ ကျန်မိသားစုဝင်အားလုံးက စပါးများကို ပထမဦးဆုံးပုန်းခိုမည့်နေရာသို့ သယ်ယူလာပေးပြီး ထိုနေရာတွင် ရှီသလန်က စောင့်ကြပ်ပေးထားလေသည်။

အားလုံးက လုံလုံခြုံခြုံ ထွက်ခွာနိုင်ရန်အတွက် သေချာစေရန် အမှန်တကယ် ကာကွယ်ပေးမည့်သူများက ရှန်းလီ လုအာ့လန်နှင့်လုစန်းလန်တို့သာ ဖြစ်လာသည်။ အမျိုးသမီးနှင့် ဆယ်ကျော်သက်ကလေးများကလဲ ပြီးခဲ့သည့်ရက်များတွင် ဆက်ပြီးလေ့ကျင့်လာခဲ့ကြသည်။ သူတို့သည် အရေးပေါ်အခြေအနေတွင် ဝန်ထုတ်ဝန်ပိုးတစ်ခု မဖြစ်လိုပေ။ ထို့ကြောင့် ညတွင်းချင်းထွက်ခွာသည်က အဆင်ပြေနိုင်သည်။

အားလုံးက လုပ်ဆောင်ဖို့ရန် လိုအပ်သည့်အရာများကို သိရှိဟန်တူသည်။ ရှန်းလီ၏မှာကြားချက်က သူတို့ကို လိုအပ်သည့်ပစ္စည်းများကို အတည်ပြုပေးလိုက်ပြီး မကြာမှီတွင် အားလုံးက ပြင်ဆင်ဖို့ရန် လူစုခွဲလိုက်ကြသည်။

လုညီအစ်ကိုတို့က ဝါးမြားများကို ပြုလုပ်ဖို့ရန် ခြံအနောက်ဖက်သို့ ဝင်သွားကြပြီး ရှန်းလီ၊ စန်းလော့၊ ရှန်းအန်းနှင့်ရှန်းနဥ်တို့က တံခါးကို အတွင်းဘက်မှ မင်းတုံးထိုးထားလိုက်ကာ စတင်ပြီး ထုပ်ပိုးကြတော့သည်။

တန်ဖိုးအရှိဆုံးပစ္စည်းများကိုတော့ လုမိသားစုက သယ်ပို့ပြီး ဖြစ်လေသည်။ အခုတော့ သူတို့သည် နေ့ စဥ်သုံး မရှိမဖြစ်လိုအပ်သည့်ပစ္စည်းများနှင့် အများဆုံးအသုံးပြုမည့် ကျန်နေသေးသည့် စပါး၊ အပ်၊ ချည်ထည်၊ အိပ်ယာခင်းနှင့်ခေါင်းအုံးများကို ထုပ်ပိုးဖို့ရန်သာ လိုအပ်သည်။ ထို့အပြင် ဆီနည်းနည်း၊ ဆား ပဲငါးပိ၊ မြေအိုး၊ ပေါင်းအိုး၊ မီးဖိုချောင်ထဲက သစ်သားစည်ပိုင်းကြီးကိုလဲ ထုပ်ပိုးရမယ်။

အချိန်တိုတိုနှင့် အကျိုးရှိအောင် ထုပ်ပိုးရသည်က အဓိကအချက်ဖြစ်ရာ လူလေးယောက်ကြားတွင် တာဝန်များကို ခွဲဝေလိုက်သည်။ ရှန်းလီနှင့်စန်းလော့က ထမ်းပိုးများဖြင့် ပစ္စည်းများကို သယ်ကြပြီး ရှန်းအန်းနှင့်ရှန်းနဥ်တို့ကတော့ ကျောပိုးအိတ်များကို သယ်ယူကြမည်။ တစ်ချို့ပစ္စည်းများကို စွန့်ပစ်လိုက်ကြပြီး သူတို့သည် အားလုံးနီးပါးကို ထုတ်ပိုးပြီးစီးသွားလေသည်။

"မရီး ကျွန်တော်တို့ရဲ့ကြက်တွေ ဘဲတွေနဲ့ ဘဲငန်းတွေကို ဘယ်လိုလုပ်ကြမလဲ"

ဘဲငန်းများသည် အိမ်စောင့်ရန်အတွက် အကောင်းဆုံးပစ္စည်း ကြက်များကတော့ ဥဥပေးနေသည်။ ဘဲများကပင် မကြာခင် စပြီးဥဥကြတော့မည်။နှစ်သစ်ကူးတွင်ပင် တစ်ကောင်ကိုမှ မသတ်ဖြတ်ခဲ့ရသဖြင့် ရှန်းနဥ်မှာ သူ၏ မွေးမြူရေးအကောင်လေးများကို ချန်ထားခဲ့ရမည်ဟု စဥ်းစားမိသည်တွင် ရင်ထဲ၌ နာကျင်ရတော့သည်။

အစောပိုင်းကတည်းက ရှန်းလီ၏ လျှိုမြောင်အခြေအနေနှင့်ပတ်သတ်ပြီး မေးမြန်းထားသည့်စန်းလော့မှာ ခေါင်းခါပြလိုက်ပြီး ပြောလိုက်ရသည်။

"ငါတို့တွေ ဘဲငန်းတွေနဲ့ကြက်ဖတွေကိုတော့ သတ်ရလိမ့်မယ်၊ သူတို့က အသံအရမ်းဆူညံတယ်၊ ငါတို့တွေက တိတ်တဆိတ်ထွက်ပြေးရမှာလေ။ နေရာက လူတွေမရောက်နိုင်တဲ့ တော်တော်လေး အတွင်းကြတဲ့နေရာဆိုပေမဲ့လဲ သူတို့တွေကို ခေါ်မသွားတာက ပိုပြီး အန္တရာယ်ကင်းတယ်။ ကြက်မနဲ့ဘဲတွေကတော့ ဥဥနိုင်သေးတယ်"

လျှိုမြောင်များဖြင့်ဝိုင်းရံထားပြီး တောင်များကရှည်လျားမတ်စောက်လေသည်။ ကြက်ဖတွန်သံနှင့်ဘဲငန်းအော်သံများကို မကြားရသ၍ ကြက်မနှင့်ဘဲပေါက်များကို မွေးထားခြင်းက အဆင်ပြေသည်။ သူတို့၏ ဆူညံသံများကို တောင်ထိပ်ဆီမှပင် ကြားနိုင်မည်မဟုတ်ပေ။

အခြေအနေကို နားလည်နေသည့် ရှန်းနဥ်က ဘဲငန်း၃ ကောင်နှင့်ကြက်ဖကို မဖြစ်မနေ လက်လွှတ်ရမည့်အရေးကို လက်ခံလိုက်တော့သည်။ သူမ၏ မျက်လုံးများကို သုတ်လိုက်ပြီး ရေနွေးအိုး သွားတည်လေသည်။

စန်းလော့က သူမကို ထပ်ပြီး ဝန်ထုတ်ဝန်ပိုးမဖြစ်စေလိုရာ သူမနှင့်ရှန်းလီကပင် ခြံအနောက်ဖက်တွင်ကြက်များကို သတ်ဖို့တာဝန်ကို တိုးတိုးတိတ်တိတ် ယူလိုက်ကြသည်။

ရှန်းလီက အလုပ်များနေစဥ်မှာပင် သူသည် စိတ်အာရုံပြောင်းသွားသယောင် သူ၏စိတ်လွင့်သွားသည်ကို သတိထားလိုက်မိသည်တွင် စန်းလော့က ရှန်းကျင့်နှင့် ညီအစ်ကိုတို့ကို စိုးရိမ်နေမှန်း ခန့်မှန်းမိလိုက်သည်။သူမက သက်ပြင်းချလိုက်သည်။

"ရှင့်မှာ နောက်ဆုံးမှာစရာရှိတယ်ဆိုရင် သွားပြီးတော့ သူတို့ကိုမှာလိုက်ပါ။ တစ်ခုမှထုတ်မပြောမိအောင်ဘဲ သတိထားပေါ့၊ ကျွန်မတို့တွေက နောက်ဆုံးအချိန်မှ ကျွန်မတို့ရဲ့အစီအစဥ်တွေကို ရှင့်ရဲ့ဦးလေးနဲ့အဒေါ်တွေ ဖျက်ဆီးတာမဖြစ်စေချင်ဘူး"

ရှန်းလီသည် အနည်းငယ်ရှက်ရွံ့သွားပြီး ခေါင်းငြိမ့်လက်ခံလိုက်လေသည်။

"ကျွန်တော် ခဏလောက် သွားလိုက်ပါအုံးမယ်"

သူက ရှန်းအန်းကို ခေါ်သွားလိုက်လေတော့သည်။

ရှန်းကျင့်သည် အပြင်ဘက်မှ ဥသြတွန်သံသုံးချက်ကို ကြားလိုက်ရသည်တွင် သူက အပြင်ထွက်ဖို့ရန် အခွင့်အရေးတစ်ခုကို.ယူလိုက်ပြီး တောင်ပေါ်သို့ဦးတည်လာခဲ့ရာ ထိုနေရာတွင် မျှော်လင့်မထားဘဲ ရှန်းအန်းအပြင် သူ၏ဝမ်းကွဲအစ်ကိုကြီးကိုလဲ တွေ့လိုက်ရလေသည်။

သူမျက်လုံးများက လင်းလက်သွားသည်။

"အစ်ကိုကြီး"

သူသည် သူ၏အကြီးဆုံး ဝမ်းကွဲအစ်ကိုကို အလွန်မှလေးစားသည်ဖြစ်ရာ တနေ့လုံး အစ်ကိုဖြစ်သူသွားရာနောက်သို့ လိုက်ချင်မိသည်။

ရှန်းလီ၏ အမူအယာက ရှုပ်ထွေးနေပြီး သူကမေးလိုက်သည်။

"ရှန်းအန်းကပြောတယ်၊ အိမ်မှာ အငြင်းအခုန်တွေ ထပ်ဖြစ်နေတယ်ဆို ဒီတစ်ခါရော ဘယ်လိုဖြစ်တာလဲ"

သူ့တွင် သံသယများစွာ ရှိနေသည်။ စစ်မှုထမ်းခြင်းရောက်လာတော့မည်ဖြစ်ရာ အလွယ်တကူ ကိုယ်စားသွားပေးနိုင်မည့်သူ မရှိတော့လျှင် သူ၏ဦးလေးဖြစ်သူက ဒီတကြိမ်တွင်ရော မည်သို့အကွက်ဆင်လိမ့်အုံးမည်ဟု စဥ်းစားမိလေသည်။

ရှန်းကျင့်က တောင့်တင်းသွားပြီး ရှက်ရွံ့သွားကာ ဘာပြောရမည်မှန်းမသိ ဖြစ်သွားတော့သည်။ ရှန်းလီ၏ သင်ကြားပြသမှုအောက်တွင် အချိန်အကြာကြီး နေလာခဲ့သည်ဖြစ်ရာ ရှန်းကျင့်က ဘာတစ်ခုမှ ဖုန်းကွယ်မထားဘဲ နောက်ဆုံးတော့ ပြောလိုက်တော့သည်။

"စစ်မှုထမ်းမဲ့ ကိစ္စပါပဲ၊ အဖေက ကင်းလွတ်ခွင့်ရဖို့ ရွှေလက်ကောက်တရံကို သွားပေါင်ချင်နေတာလေ။ ဒါပေမဲ့ အမေကသဘောမတူဘူး၊ အမေကပြောတာတော့ အဲဒီ့ပစ္စည်းတွေက အရေးတကြီး လိုအပ်လာရင် စပါးနဲ့အလဲအလှယ်လုပ်လို့ရတယ် ဆိုပြီးတော့လေ"

ရွှေလက်ကောက်။ ရှန်းလီ၏မျက်လုံးများက သရော် ဟန်အရိပ်တစ်ခု ဖြစ်သွားတော့သည်။

ရှန်းစန်းက အဲဒီ့ရွှေလက်ကောက်တွေကိုတော့ ရှာနိုင်မှာမဟုတ်ဘူး။

ရှန်းလီသည် ထိုလက်ကောက်တစ်ရံက သူ့အဘွားဖြစ်သူ ပိုင်ဆိုင်မှုမှန်း သိထားရာ သူမ၏လက်ဖွဲ့ဟု ဆိုလေသည်။ သို့သော်ငြားလည်း အကျိုးအမြတ်ကိုသာကြည့်သည့် သူ၏အမည်ံခံ ဦးလေးဖြစ်သူအဆိုအရ ထိုလက်ကောက်များက ဖရိုဖရဲဖြစ်စဥ်က နေရာပြောင်းချိန်တွင် ပျောက်သွားသည်ဟုဆိုလေသည်။

လက်ကောက်တွေကို တစ်ချိန်လုံး သူတို့ကိုယ်တိုင် သိုဝှက်ထားတာ ဖြစ်နေတာကိုး။

ဟိုတုန်းကတော့ သူတို့တွေရဲ့ မရှိလဲဖြစ်တဲ့ တူလေးဖြစ်တဲ့ ငါရှိနေတော့ သူတို့တွေက လက်ကောက်ကို ငါ့ရဲ့ တန်ဖိုးမရှိတဲ့အသက်ထက် ပိုပြီးတော့ တန်ဖိုးထားကြတယ် ထင်ပါတယ်။ ဒီတော့ သူတို့တွေက ငါ့ကို အဲဒီ့အစား လွတ်လိုက်ကြတယ်။

အခုတော့ ရှန်းစန်ရဲ့အလှည့်ဖြစ်လာပြီ။ သူ့အသက်အန္တရာယ်က ရုတ်တရက်ကြီး တန်ဖိုးရှိလာတယ်။ သူက ဒီရွှေလက်ကောက်တွေကို ခွဲခွာလိုစိတ် ရှိသွားပြီပေါ့လေ။

ရှန်းလီ၏မျက်နှာပေါ်က အေးစက်စက် သရော်နေဟန်အပြုအမူကို မြင်လိုက်ရသည်တွင် ရှန်းကျင့်မှာ တဖြည်းဖြည်း ခေါင်းငုံ့သွားတော့သည်။ အသက်၉ နှစ်အရွယ်တွင် သူသည် ဘာမှမသိတော့သူမဟုတ်ဘဲ ဒီအကြောင်းကို ထုတ်ပြောလိုက်ခြင်းက သူ၏ အကြီးဆုံးဝမ်းကွဲအစ်ကို၏ သူတို့မိသားစုအပေါ် အထင်သေးစိတ်များ ပိုပြီး နက်ရှိုင်းလာမည်ကို သိနေသည်။

သို့သော်ငြားလည်း ရှန်းလီကတော့ နာကျည်းစိတ်များ မဖြစ်နေတော့ချေ။ သူက တတိယမိသားစုအတွက် စက်ဆုပ်ရွံရှာသည့် ခံစားချက်မှာ ထိပ်ဆုံးသို့ ရောက်နှင့်နေပြီးဖြစ်သည်။ သူက သူ၏ညီဝမ်းကွဲများအပေါ် အပြစ်ပုံချလိုစိတ် လုံးဝ မရှိတော့ပေ။သူက အသက်ပြင်းပြင်းတစ်ချက် ရှုထုတ်လိုက်ပြီး ရှန်းကျင့်ကို ပုတ်လိုက်ကာ မေးလိုက်လေသည်။

"မင်းလဲ ဒီပတ်ဝန်းကျင်က ကပ်ဘေးဒုက္ခသည်ကိစ္စကို သတိထားမိမှာပေါ့ ဟုတ်တယ်မလား”

ရှန်းကျင့်က ခေါင်းငြိမ့်ပြသည် "ကျွန်တော် သိပါတယ်"

"တော်တော်များများကိုတော့ နေရာချထားပေးတယ်လေ ဒါပေမဲ့လည်း ထပ်ပြီးတော့ ဆက်ရောက်လာကြအုံးမှာ ဆက်ပြီးတော့ မငြိမ်သက်တာတွေ ရှိလာအုံးမှာ"

ထို့နောက်တွင် ရှန်းလီက မေးလိုက်လေသည်။ "ကပ်ဘေးဒုက္ခသည်တွေက ရွာကိုတိုက်ခိုက်လာရင် ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာကို ငါသင်ပေးထားတဲ့နည်းလမ်းတွေကို မင်းမှတ်မိတယ် မဟုတ်လား"

သူ့ဝမ်းကွဲအစ်ကို၏ မေးခွန်းကြောင့် ဇဝေဇဝါဖြစ်သွားသော်လည်း နာနာခံခံဖြင့် ရှန်းကျင့်က ထပ်ပြီး ခေါင်းငြိမ့်ပြလိုက်သည် "ကျွန်တော် မှတ်မိပါတယ်"

"ကောင်းတယ် တောင်ဘက်ကို ခဏလောက်လိုက်ခဲ့"

ရှန်းကျင့်သည် တောင်ပေါ်သို့သွားမည့် ရည်ရွယ်ချက်ကို မမေးလိုက်ချေ။ ပြီးခဲ့သည့်လကတည်းကသူ၏ အကြီးဆုံးဝမ်းကွဲအစ်ကိုက မကြာခဏဆိုသလို သူနဲ့ရှန်းအန်းတို့ကို တောထဲသို့ခေါ်သွားတတ်သည်။ သူက ဒီအတိုင်း နောက်မှလိုက်သွားလေသည်။

ရှန်းလီသည် ညီငယ်နှစ်ယောက်ကို တောအတွင်းပိုင်းသို့ ခေါ်သွားလိုက်ပြီး အချိုးအကွေ့များ တစ်လျှောက်တွင် သွားလာထားသည့် အရိပ်အယောင်များမရှိသည့် နေရာတစ်ခုသို့ ရောက်လာသည်။ သူက ခြုံပုတ်လေးတစ်ခုကို ဖယ်လိုက်သည်တွင် ကြီးမားသည့် ကျောက်တုံးကြီးတစ်ခုနှင့်ပိတ်ထားသည့် မြေကြီးအကွက်တစ်ခုကို တွေ့လိုက်ရသည်။

သူ၏ဝမ်းကွဲအစ်ကိုက ကျောက်တုံးကို ဖက်ပြီးမလိုက်ကာ ခြေလှမ်းအနည်းငယ် လျှောက်လိုက်သည်တွင် ဘေးတွင် ထိုကျောက်တုံးကို ပြန်ချထားလိုက်သည်။

ကျောက်တုံးကိုဖယ်လိုက်သည်နှင့် တပြိုင်နက် စဥ့်အိုးတလုံး အဝအကျယ်လောက်ရှိသည့် တွင်းတစ်ခုပေါ်လာသည်။

"အစ်ကိုကြီး ဒါက ဘာလဲ ယုန်တွင်းလား၊ ဘာဖြစ်လို့ ကျောက်တုံးနဲ့ပိတ်ထားတာလဲ”ရှန်းကျင့်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

ရှန်းလီက အားတင်းကာ ပြုံးပြလိုက်ပြီး "လေးဘက်ထောက်ပြီး ဝင်သွားပြီး ကြည့်ကြည့်လိုက်"

ရှန်းကျင့်က ဇဝေဇဝါဖြင့် လေးဘက်ထောက်လိုက်ကာ ခေါင်းမှ အရင်ဝင်သွားလေသည်။ သို့သော် ငြားလည်း ရှန်းလီက သူ့ကို လှမ်းတားလိုက်သည်။

"အဝင်ဝမှာ ကိုယ့်ဟာကိုယ်အားပြုဖို့ မင်းရဲ့လက်ကိုသုံး ပြီးမှ ခြေထောက်ကို အရင်ထည့်"

ရှန်းကျင့်ကလဲ ထိုအကြံပေးချက်ကို နားထောင်လိုက်ပြီး သူ့အစီအစဥ်ကို ပြောင်းလဲလိုက်ကာ ဂူလေးထဲသို့ ဝင်ဖို့ ကြိုးစားလိုက်လေသည်။ သူသည် သူ့ကို ဘယ်တော့မှ အန္တရာယ်မပြုသည့် အစ်ကိုအကြီးဆုံးကို ယုံကြည်လေသည်။ သူက လေးဘက် ထောက်သွားဖို့ပြောလျှင် အထဲတွင် သေချာပေါက် ကြောက်စရာ လုံးဝမရှိသောကြောင့် ဖြစ်လိမ့်မည်။

သူသည် ပိန်းပိတ်အောင်မှောင်နေသည့် တွင်းထဲသို့ သတိဖြင့် ဆင်းသွားလိုက်ပြီး တွင်းလေးကတိမ်နေလိမ့်မည်ဟု မျှော်လင့်ထားသည်။ သို့သော်ငြားလည်း သူ့ခြေထောက်က မြေကြီးကိုထိဖို့ရန် အချိန်တစ်ခုယူလိုက်ရသည်။ ရှန်းလီ၏အချိန်နှင့် သတိပေးချက်နောက်လိုက်ပြီး ရှန်းကျင်က ဂရုတစိုက် ဆင်းသွားလိုက်သည်။ အမှောင်နှင့်အသားကျသွားသည့် အချိန်တွင် ဒါသည် ယုန်တွင်းတစ်ခုမဟုတ်မှန်း သိလိုက်ရသည်။ တွင်းက ပိုပြီးတော့နက်နေကာ ပထမပိုင်းတွင် အလွန်မှ ကျဥ်းမြောင်းပြီး သူ့မှာ ဂရုတစိုက် လျှောပြီးဆင်းရသော်ငြားလည်း အောက်ခြေသို့ရောက်လာသည်တွင် ကျယ်လာကာ သူ့လိုအရွယ်အစား လူတော်တော်များများ ပုန်းလို့ရသည်အထိ ကျယ်ဝန်းလေသည်။

သူက အတွင်းဘက်က နေရာငယ်လေးတစ်ခုကို လေ့လာကြည့်လိုက်သည်တွင် ထောင့်တစ်ခု၌ အဖုံးဖုံးထားသည့် အိုးတစ်လုံးကို တွေ့လိုက်ပြီး တစ်ယောက်ယောက်က တမင်ပြင်ဆင်ထားပေးမှန်း သိသာသည်။ ပတ်ဝန်းကျင်ကို ခံစားမိလိုက်သည်တွင် သူက တစ်ခုခုကို ထိမိသွားသည်။ လေးခွပင်။

ရှန်းကျင့်သည် ပျော်လွန်းသဖြင့် ထခုန်မိမတတ်ပင်။ တွင်း၏အတွင်းဘက်မှာ ခြေလှမ်းငယ်လေးများကိုသုံးကာ အပေါ်သို့တက်လာပြီး သူ့ခေါင်းလေးက အရင်ထွက်လာပြီး မျက်လုံးများက တလက်လက်တောက်ပနေရင်း သူသည် ရှန်းလီကို ကြည့်လိုက်သည်။

"အစ်ကိုကြီး အထဲမှာအကျယ်ကြီးပဲ အိုးလေးတစ်လုံးနဲ့ လေးခွတစ်ခုလဲ ရှိတယ်"

သူသည် အလွန်မှဝမ်းသာနေပြီး သူ့အသံကို ကြိုးစားပြီး နှိမ့်ထားလိုက်ရသည်။

"ဟုတ်ပြီ တက်လာခဲ့တော့"

ရှန်းကျင့်က သူဟာသူ တက်လာနိုင်မည်မှန်း အတည်ပြုပေးလိုက်ပြီးနောက်တွင် ကူညီပေးမနေတော့ဘဲ ရှန်းလီက ဝင်ပေါက်ကို ကျောက်တုံးများဖြင့် ဂရုတစိုက် ပိတ်ဆို့ထားလိုက်ပြီး ချုံပုတ်များနှင့် ကွယ်ထားလိုက်သည်။

"ဒါက ယုန်တွင်းမဟုတ်ဘူး၊ ရှောင်အန်းနဲ့ငါက တူးထားပေးတာ၊ တကယ်လို့ ကပ်ဘေးဒုက္ခသည်တွေ ရွာထဲကို တကယ်ဝင်လာခဲ့ရင် ဒီနေရာမှာ လူတွေ ပုန်းအောင်းနိုင်တယ်။ မင်းနဲ့မင်းညီလေးတွေလဲ အထဲမှာ ဝင်ဆန့်နိုင်တယ်"

ရှန်းကျင့်: "...."

အစပိုင်းတွင် ဇဝေဇဝါဖြစ်သွားပြီးနောက် အင်မတန်မှ ဝမ်းသာသွားတော့သည်။

"ဒါက အစ်ကိုကြီးနဲ့ရှောင်အန်းတို့ ကျွန်တော်ရယ် ရှောင်ယင်ရယ် ရှောင်ထျယ်ရယ် ထျန်းယာရယ်အတွက် လုပ်ထားပေးတဲ့ ပုန်းခိုလို့ရတဲ့နေရာတစ်ခုလား။ အဲဒီ့ လေးခွကရော ကျွန်တော့်အတွက်လား"

ရှန်းလီက ခေါင်းငြိမ့်ပြသည်။

"ဟုတ်တယ်၊ ဒါကြောင့် ဒီနေရာကို သေချာပေါက် လျို့ဝှက်ထားရမယ်။ တတ်နိုင်တဲ့အချိန်တိုင်း ဒီနေရာမှာ အစားအသောက်တချို့ကို သိုဝှက်ထားပြီး ပုံမှန်လတ်ဆတ်တဲ့ ရိက္ခာခြောက်တွေနဲ့ အစားထိုးပေးရမယ်"

ရှန်းကျင့်က သိချင်စိတ် ဖြစ်သွားသည်။

"အစ်ကိုကြီး၊ အစ်ကိုကြီးတို့မှာရော ဒီလိုပုန်းခိုဖို့နေရာတစ်ခု ရှိလား"

ရှန်းလီသည် သူ့ကိုကြည့်လိုက်ပြီး အခိုက်အတန့် ငြိမ်ကျသွားပြီးနောက်မှ ပြောလိုက်လေသည်။

"ငါတို့မှာလဲ တစ်ခုရှိပါတယ်"

တွင်းတစ်ခုမတူးရသေးသည့် သူ့အဓိပ္ပာယ်ကို နားလည်လိုက်သည်တွင် ရှန်းကျင့်က ရင်ထဲတွင် အရမ်းခံစားမိသွားပြီး မေးလိုက်လေသည်။ "အစ်ကိုကြီး ကျွန်တော့အကူအညီ လိုသေးလား၊ ကျွန်တော်က ငယ်ပါတယ် ဒါပေမဲ့လည်း အထဲကို လေးဘက်ထောက်ပြီး တူးပေးဖို့တော့ ရပါတယ်။ နောက်ပြီးတော့ အစ်ကိုကြီးနဲ့ရှောင်အန်းတို့က ဒီတစ်ခုတူးတုန်းကလဲ ဘာဖြစ်လို့ ကျွန်တော့ကိုမခေါ်တာလဲ။ လူအပိုတစ်ယောက်ပါရင် ပိုပြီးတော့ မြန်မှာပေါ့”

ရှန်းအန်း: "…"

ရှန်းအန်းသည် သူ့မိသားစုက ထွက်ခွာတော့မည်ကို သိနေသည်။ ဒီတခေါက် ခရီးထွက်သွားပြီးလျှင် ရှန်းကျင့်နှင့်တွေ့ပြီးလျှင် သူသည်ခွဲခွာဖို့ရာ တုံ့ဆိုင်းနေသည်ဟု အမြဲတမ်း ခံစားမိလေသည်။ သူ့မျက်လုံးများက အနည်းငယ် မျက်ရည်ဝဲလာတော့သည်။ အစောပိုင်းက သူသည် ရှန်းကျင့်နှင့်မျက်လုံးချင်းဆုံဖို့ရာ ရှောင်ရှားခဲ့သော်ငြားလည်း အခုတော့ သူသည် အနည်းငယ် ခံစားချက်ပိုကောင်းလာသဖြင့် သူ့အစ်ကိုကြီးစကားကို ဖြတ်ပြောလိုက်လေသည်။ "ငါတို့တွေလဲ ငါတို့ကိုယ်ပိုင် ပုန်းရမဲ့နေရာကို တူးထားပါတယ်။ ဒီကိစ္စကို မင်းကိုပြောပြဖို့က မသင့်တော်ဘူး မဟုတ်လား။ မဟုတ်ဘူးဆိုရင် မင်းရဲ့မိဘတွေတွေ့သွားတဲ့အခါ ဒီရည်ရွယ်ချက်ကလဲ ပျက်စီးသွားလိမ့်မှာပေါ့”

ရှန်းကျင့်သည် သူမိဘ၏ ပြသာနာရှိသည့် အကျင့်စရိုက်ကို ကောင်းကောင်းသိနေလေရာ ရှက်ရွံသည့်အရိပ်အယောင်တစ်ခုဖြင့် ပြန်ဖြေလိုက်သည်။

"ငါ ဘယ်သူ့ကိုမှ မပြောပါဘူး၊ အခုအချိန်ထိလဲ ငါ့မိသားစုနဲ့ ဘယ်အကြောင်းအရာကိုမှ မပြောခဲ့ဘူး။ မင်းက ငါ့ကို မယုံဘူးလား"

သူ့အသံက နာကျင်သွားသည့် ခံစားချက်တစ်ခုကို ဆောင်နေလေသည်။

သူသည် အတိုင်းအတာတစ်ခုအထိ အထင်လွဲခံနေရသလို ခံစားမိလေသည်။ ရှန်းအန်းက ပြန်ချေပလိုက်၏။ "မင်း ဒီတွင်းအကြောင်းကိုလဲ မင်းတစ်ယောက်ထဲ သိထားတာ ပိုကောင်းမယ်။ ငါတို့က ဒီတွင်းကို မင်းအတွက် တူးထားပေးတာ၊ ဒီအကြောင်းကို တခြား ဘယ်သူ့ကိုမှ မပြောပြနဲ့၊ တွေ့တယ်နော်၊ ဒီတွင်းက မင်းရယ် ရှောင်ထျယ် ရှောင်ယင် ထန်းယာတို့အတွက်ပဲ လုံလောက်အောင်ကြီးတာ၊ ငါတို့မိသားစုက မင်းမိဘတွေနဲ့ သံယောဇဥ်ဖြတ်ထားခဲ့ပြီးပြီ။ ဒီတွင်းက သူတို့အတွက် တူးပေးထားတာ မဟုတ်ဘူး။ မင်းက သူတို့အတွက် ကာကွယ်ပေးချင်တယ်ဆိုရင်တော့ နောက်ထပ်နေရာတစ်ခုကို ရှာပြီးပိုကြီးတဲ့တွင်းတစ်ခုကို တိတ်တိတ်လေး တူးပေးလိုက်ပေါ့”

ရှန်းအန်း၏အသံက ပျော့ပြောင်းသွားပြီး သူ့မျက်လုံးများတွင်လဲ မျက်ရည်များဝေ့တက်လာကာ ငိုမိတော့မလို ဖြစ်သွားတော့သည်။ သူက ခေါင်းလေးကို ငုံ့ထားလိုက်ပြီး မြတ်ပင်များကို ဆော့ကစားရင်း ရှန်းကျင့်မသိအောင် သူ့ခံစားချက်များကို ဖုံးကွယ်ထားလိုက်သည်။ ထိုသို့လုပ်နေရင်းဖြင့် သူက အကြံပေးလိုက်သည်။ "နောက်ထပ် တွင်းလေးတစ်ခုနှစ်ခုလောက် ပိုတူးထားတာကောင်းတယ်၊ အစားအသောက်နဲ့ ရေတွေကို တွင်းတစ်ခုစီမှာ ဝှက်ထားလိုက်ပေါ့။ တကယ်လို့ ကပ်ဘေးဒုက္ခသည်တွေက ရွာထဲကို အလုံးအရင်းနဲ့ ဝင်လာခဲ့ရင် မင်းတို့တွေက ဒီတစ်ခုအထိ ရောက်ချင်မှရောက်နိုင်မှာ၊ ငါတို့ အစ်ကိုက ငါတို့ကို သင်ထားပေးတဲ့ဟာတွေကို မှတ်ထား၊ အစားအသောက်ဆိုရင် ချက်ပြုတ်စရာမလိုဘဲနဲ့ စားနိုင်တဲ့ဟာမျိုး ကြာကြာခံတဲ့ဟာမျိုး နောက်ပြီးတော့ ရေရောပေါ့”

၂လလောက် ကိုယ်တိုင်ချက်ပြုတ်လိုက်ရပြီး ရှန်းလီ၏ လေ့ကျင့်ပေးခြင်းအောက်တွင် ရှန်းကျင့်သည် အစားအသောက်တချို့ကို စုဆောင်းဖို့ရန်အတွက် ယုံကြည်ချက်ရှိသည်ဟု ခံစားမိသည်။ သူက သင်ခန်းစာများကို စိတ်ဝင်တစား သင်ယူပြီး တွင်းတူးရန် သင့်တော်သည့်နေရာနှင့် တွင်း၏ခံနိုင်ရည်အကြောင်းကို မေးမြန်းလိုက်လေသည်။

ရှန်းလီက သူ့မေးခွန်းများအားလုံးကို စိတ်ရှည်ရှည်ဖြင့် ပြန်ဖြေပေးသည်။

သူတို့သည် တောင်ပေါ်လမ်းကလေး၏ လမ်းဆုံသို့ရောက်လာသည်တွင် ဆို့နစ်နေသည့်အသံတစ်ခုဖြင့် ရှန်းလီက သူတို့၏ လမ်းခွဲလေးဆီသို့ ရောက်လာပြီဖြစ်ကြောင်း အသိပေးလိုက်သည်။

ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်ပြီး ရှန်းလီက ရှန်းကျင့်၏ဆံပင်များကို တယုတယ ပွတ်သပ်ပေးလိုက်ပြီး ကလေးဘဝကတည်းက သူဂရုစိုက်ပြီး ချီပိုးလာခဲ့ရသည့် သူ့၏ ဝမ်းကွဲညီလေးကို ငေးကြည့်နေမိသည်။

"ဒါက မင်းအဖေနဲ့ငါ့ကြားကကိစ္စပါ” သူက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

"တချို့ကိစ္စတွေက မင်းတို့ကလေးတွေ မသိသင့်ပါဘူး၊ မင်းတို့က ဒီကိစ္စကို ငါ့အပေါ် နာကျည်းချက်မရှိဖို့ မျှော်လင့်မိတယ်။ ငါ မင်းကိုသင်ပေးထားတဲ့ ပညာရပ်တွေကို သေသေချာချာ လေ့ကျင့်၊ အမဲလိုက်နည်းကို သိတယ်ဆိုတာ တောထဲမှာ မင်းအသက်ရှင်နိုင်တဲ့ အဓိပ္ပါယ်ပဲ။ မိုးခေါင်ရေရှားတာနဲ့ ကပ်ရောဂါသာမဖြစ်ဘူးဆိုရင် မင်းက ဒီတောင်တောထဲမှာ အသက်ရှင်နေနိုင်တယ်"

"ဟုတ်ကဲ့” ရှန်းကျင့်က အားတက်သရော ခေါင်းငြိမ့်ပြသည်။

"အစ်ကိုကြီး၊ အဲဒီ့ လေးခွက တကယ် ကျွန်တော့်အတွက်လား။ အခု ကျွန်တော့်မှာလဲ ရှန်းအန်လို လေးခွတစ်ခု ရှိလာပြီပေါ့နော်"

ရှန်းလီက ခေါင်းငြိမ့် အတည်ပြုပေးလိုက်သည်။

"မင်းရဲ့ဟာပဲ၊ တောင်ထဲမှာ တိတ်တိတ်လေး လေ့ကျင့်နော်၊ ဒါပေမဲ့ အဲဒီ့ဟာကို အိမ်ကိုတော့ ယူမသွားနဲ့"

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး၊ ကျေးဇူးတင်ပါတယ် ရှန်းအန်း"

ရှန်းကျင့်သည် ဝမ်းသာအားရ ဖြစ်သွားပြီး သူ၏မျက်လုံးများက လခြမ်းကွေးများဟန် ကွေးတက်သွားလေသည်။ ရှန်းမိသားစုဝင်များသည် ပုံမှန်အားဖြင့် ချောမောကြသည်။ ရှန်းကျင့်ကလဲ ချွင်းချက်မဟုတ်ချေ။ သူ၏ ချိုမြပြီးဖော်ရွေသည့် အပြုံးလေးက အထူးတလည် ချစ်စဖွယ်ကောင်းနေလေသည်။

သူ့ရင်ဘတ်ထဲတွင် တင်းကြပ်နေသလို ခံစားနေရပြီး ရှန်းလီက အားတင်းကာ ပြုံးပြလိုက်ကာ ရှန်းကျင့်၏ ကျောလေးကို ပုတ်ပေးလိုက်သည်။

"မင်း ပြန်သင့်ပြီ၊ မဟုတ်ရင် မင်းမိဘတွေက မင်းကို ရှာနေတော့မယ်"

ရှန်းကျင့်က စူပုတ်နေလိုက်သည်။ "သူတို့တွေက ကျွန်တော့ကို ရှာဖွေဖို့များ ရန်ဖြစ်နေတာနဲ့တောင် မအားပါဘူး။ သူတို့တွေက ဒါကို ဘယ်လောက်အထိ ဆက်ဖြစ်နေအုံးမှာလဲဆိုတာ ဘယ်သူကသိနိုင်မှာလဲ”

သို့သော် ရှန်းကျင့်က ရှန်းလီကို လက်ဝှေ့ရမ်းပြလိုက်ပြီး ရှန်းအန်းကို လှမ်းခေါ်လိုက်လေသည်။

"မနက်ဖြန် တောင်ပေါ်မှာ မင်းတို့တွေ လေးခွလေ့ကျင့်တဲ့အခါကြရင် ငါ့ကိုခေါ်ဖို့သတိရနော်၊ အခု ငါ့မှာလဲ လေးခွတစ်ခု ရှိသွားပြီ"

ရှန်းကျင့်နှင့်မျက်လုံးများ ဆုံဖို့ရန် ခက်ခဲနေသည့် ရှန်းအန်းက ဘာမှမပြောဘဲ ခေါင်းငြိမ့်ပြလိုက်ကာ သူ့ခေါင်းကို ငုံ့ထားလိုက်တော့သည်။

ရှန်းကျင့်က ကိုယ်ကိုလှည့်သွားသည်နှင့် တပြိုင်နက် ရှန်းအန်း၏မျက်ရည်များက ကျဆင်းလာကာ သူ့မျက်နှာပေါ်တွင် မျက်ရည်စီးကြောင်းများ ဖြစ်သွားတော့သည်။ သူသည် မျက်ရည်များကို တိတ်တိတ်လေး သုတ်လိုက်ပြီး အသံမထွက်ဘဲ ငိုရှိုက်လေသည်။

ရှန်းကျင့် အဝေးသို့ တော်တော်လေး ရောက်သွားသည့်အချိန်မှ ရှန်းအန်းက မော့ကြည့်လိုက်ပြီး ရှန်းလီကို လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။

"အစ်ကိုကြီး ကျွန်တော်တို့တွေ ရှောင်ကျင့်ကို တကယ်ဘဲ ဒီလိုထားခဲ့တော့မှာလား"

အခြေအနေက နာကျင်သလိုခံစားနေရသည့် ရှန်းလီက ညီလေးဖြစ်သူ၏ခေါင်းကို ပုတ်ပေးလိုက်သည်။

"တကယ်လို့ အဘိုးချန်းနဲ့အဘွားချန်းတို့က ငါနဲ့မင်းရဲ့မရီးကို မယုံကြည်ဘူးလို့ပြောမယ်၊ မင်းနဲ့အားနဥ်ကိုဘဲ တိတ်တိတ်လေး ခေါ်သွားချင်တယ်။ ဒီလိုဆိုရင် မင်းက လိုက်မှာလား"

ရှန်းအန်းသည် တွေဝေမနေဘဲ ခေါင်းကာလိုက်လေသည်။

"ကျွန်တော်တို့က အစ်ကိုကြီးနဲ့မရီးနဲ့ပဲ အတူတူနေမှာ"

ဒီလို သွယ်ဝိုက်သည့် အဓိပ္ပါယ်ကို နားလည်လိုက်သည်တွင် ရှန်းအန်းက သူ့မျက်ရည်များကို သုတ်လိုက်ပြီး "အစ်ကိုကြီး၊ ကျွန်တော် အခုတော့ နားလည်ပါပြီ"

သူတို့၏ တတိယဦးလေးနှင့်အဒေါ်သည် မည်သို့ပင်ဆိုးရွားနေပါစေ သူတို့သည် ရှောင်ကျင့်နှင့်ရှောင်ယင်တို့၏ မိဘများဖြစ်နေလေသည်။ သူတို့က သူ၊အားနဥ်နှင့် သူတို့၏အစ်ကိုကြီးကို ကောင်းကောင်း မဆက်ဆံသော်ငြားလည်း သူတို့က သူတို့၏ကလေးအရင်းများကိုတော့ ချစ်ခင်မြတ်နိုးလေသည်။ အထူးသဖြင့် သူ၏ တတိယအဒေါ်ပင်။

သူသည် သူ့အစ်ကိုကြီးနှင့်မရီးဖြစ်သူကို မသိစိတ်က အလိုလိုရွေးချယ်ခဲ့သည်တွင် ရှန်းကျင့်နှင့်သူ၏ညီလေးများကလဲ သူတို့၏မိဘအရင်းကို အလိုလို ရွေးချယ်လိမ့်မည်က သဘာဝပင်။

ရှန်းအန်းက ထိုကိစ္စကို နားလည်သွားသည်တွင် ရှန်းလီက သူနှင့်အတူအိမ်သို့ ပြန်လျှောက်လာပြီး အာမခံလိုက်လေသည်။

"စိတ်မပူပါနဲ့၊ ငါသူတို့တွေကို အများကြီးသင်ပေးထားတာပဲ၊ သူတို့တွေက ပုန်ကန်သူအဖွဲ့တစ်ခုနဲ့ တိုက်ရိုက်မတွေဆုံခဲ့ဘူးဆိုရင် သူတို့ရဲ့ကံက အဲလောက်တောင် မဆိုးရွားဘူးဆိုရင်၊ သူတို့တွေက အစောပိုင်း ဖရိုဖရဲ ဖြစ်နေတဲ့အချိန်မှာ ပုန်းခိုနိုင်မှာပါ၊ သူတို့တွေက အဲဒီ့နောက်ပိုင်းကျရင်လဲ အဆင်ပြေကြမှာပါ"

ဒါသည် ရှန်းအန်းနှင့်ရှန်းနဥ်တို့ တွေ့ကြုံခဲ့ရသည့်နည်းတူ ခက်ခဲသည့်ဘဝတစ်ခု ဖြစ်လိမ့်မည်။ သူတို့၏ အစားအသောက်များ အခိုးခံလိုက်ရသည်ပင် သူတို့သည် အသက်ရှင်နေထိုင်ဖို့ရန် တောဟင်းရွက်များနှင့်ဥများကို စားသုံးကာ အသက်ရှင်နိုင်သေးသည်။ ပိုပြီး ဆိုးရွားကောင်းလဲ ဆိုးရွားလိမ့်မည်။ အနည်းဆုံးတော့ ရှန်းအန်းနှင့်ရှန်းနဥ်တို့က တွင်းလေးထဲတွင် ပုန်းအောင်းကာ ငြိမ်းချမ်းသည့်အချိန်အတောအတွင်းတွင် အလွန်အကျွံ သတိထားနေစရာ ဘာမှမလိုခဲ့ပေ။

သို့သော်ငြားလည်း သည်စိုးရိမ်စိတ်က သံယောဇဥ်တစ်ချို့ ရစ်တွယ်နေသည့် ဝမ်းကွဲညီတစ်ယောက်ကို စိုးရိမ်ပေးနိုင်လောက်သည့် အခြေအနေ မဟုတ်တော့ချေ။ အကယ်၍ သူတို့၏တတိယဦးလေးနှင့် အဒေါ်က တောင်တစ်ခုထဲတွင် နေထိုင်ခဲ့မည်ဆိုလျှင် သူတို့၏ကလေးများအတွက် အစားအသောက်တစ်လုတ်စာပင် သေချာအောင် ရှာမကျွေးနိုင်ခဲ့လျှင် သူတို့သည် မိဘ မလုပ်သင့်တော့ပေ။

...

All Chapters