← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အပိုင်း (၁၂၁) လူခြေတိတ်ချိန်တွင်ရောက်လာသူတစ်ဦး

ညီအစ်ကိုနှစ်ယောက်သည် အခြေအနေကိုနားလည်သည့်တိုင် သူတို့၏နှလုံးသားများသည် မုချ လေးလံနေလေ၏။

လူသားများသည် အပင်နှင့်သတ္တဝါများကဲ့သို့ မခံစားတတ်သူများ မဟုတ်ပေ။ ရှန်းနဉ်ပင်လျှင် အကျိုးရလဒ်ကိုသိရတော့ မီးဖိုချောင်ထဲတွင် စောင့်ကြောင့်ထိုင်ကာ သူမမျက်ရည်များကို သုတ်ရင်းငိုနေလေသည်။

စန်းလော့က ငန်းနှင့်ကြက်တစ်ချို့ကို ပြင်ဆင်နေပြီး သူတို့ကို အချိန်အနည်းငယ် ပြုတ်ထားလိုက်ပြီး အမြှောင်းမြှောင်းလေးအဖြစ် လှီးထားလိုက်သည်။ သူမသည် ယခင်က တို့ဟူးခြောက်ကင်ရာတွင် အသုံးပြုဖူးသော ဝါးချောင်းများကို အသုံးပြုပြီး သူတို့နှင့်အတူ ယူသွားရန် အသားချောက်များ ပြုလုပ်ရန် စီစဉ်ထားလိုက်သည်။ မီးဖိုနားတွင် တိုးညှင်းစွာ ငိုနေသောကလေးမလေးကို ကြည့်ရင်း စန်းလော့သည် ရှန်းကျင့်နှင့်ကလေးများနှင့်အတူ ကုန်ဆုံးခဲ့သောလများကို အမှတ်ရရင်း စိတ်ထိခိုက်မိလေ၏။

ကလေးမလေး၏မျက်လုံးများသည် သူတို့နှစ်ဝက်လောက် မွေးလာခဲ့သည့် ကြက်၊ဘဲနှင့် ဘဲငန်းများကို သတ်ရမည့်အတွေးနှင့်တင် နီရဲလာသည်ဖြစ်ရာ ဖရိုဖရဲကာလ ဖြစ်သည်လာတွင် သူမနှင့်အတူ ကြီးပြင်းလာကြသည့် ဝမ်းကွဲများနှင့် ခွဲခွာရမည့်အတွေးဖြစ်နေတော့ ပြောနေရန်ပင် မလိုတော့ချေ။

သူမက အသံတိုးတိုးလေးဖြင့်နှစ်သိမ့်ပေးလိုက်၏။

"ရှန်းကျင့်နဲ့တစ်ခြားသူတွေက အစ်မတို့နဲ့လိုက်လာဖို့ ဆန္ဒရှိတယ်ဆိုရင်တောင် တွေးကြည့်ပါဦး။ ဟူကျီ၊ အားရွှီ၊ အားနျို၊ စန်းနျိုတို့မှာရော ဝမ်းကွဲမောင်နှမတွေ မရှိဘူးလား။ သူတို့ကရော သူတို့ရဲ့မောင်နှမတွေကို ညီမလေးနဲ့ရှောင်အန်းလို ဂရုမစိုက်ဘူးလား။ အစ်မတို့က သူတို့အားလုံးကို ခေါ်သွားနိုင်ပါ့မလား။ မရဘူးလေ"

ရှန်းနဉ်သည် သူမ၏မျက်ရည်များကို သုတ်ရင်းနှာတရှုပ်ရှုပ်ဖြင့် ပြောလိုက်၏။

"ယောင်းမ၊ သမီး ဒါတွေအကုန်လုံးကို သိပါတယ်။ မထိန်းနိုင်ဘဲ ငိုချင်လာရုံပါပဲ။ နဲနဲလောက်ထပ်ငိုပြီးရင် တကယ်အဆင်ပြေသွားမှာပါ"

သူမသည် စဉ်းစားရင်းငိုနေပြီး သူမ၏တတိယဦးလေးနှင့်အဒေါ်သာ အရမ်းမရက်စက်ခဲ့ပါက သူတို့ကို အတိတ်ကဆက်ဆံခဲ့သလိုသာ မဆက်ဆံခဲ့ပါက သူတို့သည် မိသားစုဖြစ်နေဆဲဖြစ်ပြီး ရှောင်ကျင့်၊ ရှောင်ယင်၊ ရှောင်ထျယ်နှင့် ထျန်းယာတို့သည်လည်း သူတို့နှင့်အတူ ထွက်ခွာနိုင်မည်ဖြစ်၏။

အားနျိုနှင့်စန်းနျိုတို့သည် ဝမ်းကွဲများဖြစ်သည်။

ရှန်းနဉ်သည် ဝမ်းကွဲများနှင့် အဖေဘက်မှဝမ်းကွဲများ၏ ကွာခြားမှုကို နားလည်ဆဲဖြစ်ပြီး မိသားစုတစ်စုစီ၏ ဝမ်းကွဲများသည် အတူတကွ ထွက်ခွာကြ၏။

သို့သော် ရှန်းနဉ်သည် သူမ၏တတိယဦးလေးနှင့်အဒေါ်တို့သည် မည်သို့သောလူမျိုးများ ဖြစ်သည်ကို ကောင်းစွာသိသောကြောင့် မိသားစုထဲရှိ မည်သူကမျှ သူတို့ကိုခေါ်သွားရန် ဆန္ဒမရှိသလို သူမကိုယ်တိုင်လည်း ထိုသို့မလုပ်နိုင်ပေ။ လွန်ခဲ့သောနွေရာသီက ထိတ်လန့်ဖွယ်ကောင်းသောနေ့ရက်များကို ပြန်စဉ်းစားကြည့်လျှင် သူတို့ခံစားခဲ့ရသော ကြောက်ရွံ့မှုနှင့်စိတ်ပျက်မှုများ၊ သူမယောင်းမ၏ သေလုမျောပါး အတွေ့အကြုံများကို ပြန်စဉ်းစားကာ သူတို့အတွက် ဘာကြောင့် ဒုက္ခခံပေးရပါမည်နည်းဟု တွေးမိ၏။

ရှောင်ကျင့်နှင့် ရှောင်ယင်တို့၏ အခြေအနေသည် အမှန်ပင်သနားစရာဖြစ်သည်။ သူတို့သည် အဘယ့်ကြောင့်များ ထိုကဲ့သို့သောမိဘများနှင့် အဆုံးသတ်ရသနည်း။ သူတို့ထံတွင် ချစ်ခင်ကြင်နာတတ်သော မိဘများသာ ရှိပါက မည်မျှကောင်းလိုက်မည်နည်း။

ရှန်းနဉ်သည် အစားအစာများကို တိတ်တဆိတ်မျှဝေခြင်း သို့မဟုတ် အတူတကွ ကစားခြင်းကိစ္စ မဟုတ်တော့ကြောင်းကို သိလေသည်။ ဤအရာသည် တိုးတိုးတိတ်တိတ် လုပ်လို့ရသောအရာ မဟုတ်ပေ။

မီးဖိုချောင်ထဲတွင် ကြိတ်ပြီး ရှိုက်ငိုနေသည့် ရှန်းနဉ်၏ ခပ်တိုးတိုး အသံက ခြံနောက်ဖေးသို့ ရောက်ရှိလာ၏။ လုအာ့လန်နှင့် လုစန်းလန်တို့လည်း သက်ပြင်းချကာ သူတို့မိသားစုသည်လည်း အတော်များသော ထောက်ပံ့မှုရရှိထားသည်ကို နားလည်လေသည်။ အနည်းဆုံးတော့ အစ်ကိုအကြီးဆုံး၏မိသားစုသည် မောင်းထုတ်မခံရဘဲ အိမ်ထောင်စုရှိ ကလေး၆ယောက်ထဲမှ ၅ယောက်သည် ပင်မမိသားစုက ဖြစ်သည်။

လုစန်းလန်သည် ဤသည်မှာ သူ၏ဒုတိယအစ်ကို ရှန်းလီနှင့် ချန်းသရှန်တို့၏ နှစ်ပေါင်းများစွာ အတူတူဖြတ်သန်းခဲ့ရသော သံယောဇဉ်ကြောင့်ဖြစ်သည်ကို အမှန်ပင် ကောင်းစွာ သတိထားမိလေသည်။ သူတို့၏လုမိသားစုသည် ဤကိစ္စတွင် ထဲထဲဝင်ဝင် ပါဝင်နေသောကြောင့် ယခုအချိန်တွင် သူတို့၏မရီးကို အနီးကပ်စောင့်ကြည်နေကြပြီး ဝမ်မိသားစုမှ နောက်ထပ်ဒုက္ခထပ်မပေးစေရန် စောင့်ကြည့်နေကြရ၏။

ညီအစ်ကိုနှစ်ယောက်က ဒါကိုတော့ မသိလိုက်ချေ။ တစ်ခါတစ်လေမှာ တစ်ခုခုနဲ့ပတ်သက်ပြီး အများကြီးပိုစိုးရိမ်လေ ဖြစ်နိုင်ခြေ ပိုများလာလေလေပင်။

ဝမ်အမေနှင့်ချွေးမတို့သည် ရှီလီရွာကို နောက်တစ်ကြိမ် ရောက်လာကြလေသည်။

အဘွားလုသည် သူတို့မိသားစု၏စပါးများကို ဝမ်မိသားစု၏ ပိုင်ဆိုင်မှုကဲ့သို့ ပြုမူနေသောကြောင့် ထိုယောက္ခမနှင့် ချွေးမနှစ်ယောက်လုံးကို အမှန်ပင်စိတ်ပျက်နေ၏။ သူမသည် တောင်ခြေရှိ အိမ်မှပြန်ရောက်စဉ်ထဲက မည်သည့်ပစ္စည်းကိုမျှ မသိမ်းရဲပေ။ အခွန်ပေးဆောင်ရမည့် သတင်းသာထွက်ပါက ဝမ်မိသားစုသည် နောက်တစ်ကြိမ် ရောက်လာပြီး ပြဿနာဖြစ်စေမည်ကို စိုးရိမ်နေ၏။ တစ်ခြားမိသားစုများ တိတ်တဆိတ်ပြင်ဆင်နေချိန်တွင် သူမ၏အိမ်ထောင်စုသည် မပြောင်းလဲဘဲရှိနေလေသည်။

သူမသည် အမှန်ပင်ဤအရာကို မျှော်လင့်ထား၏။

အဘွားလုသည် သူမ၏ဇာတ်ကောင်တာဝန်ကို အလျင်အမြန် စိတ်နှစ်လိုက်ပြီး စိတ်ဓာတ်ကျပြီး စိတ်ပျက်မှုများ လွမ်းခြုံနေသလို ပုံပေါ်စေလေသည်။ အဘွားဝမ်ကို မြင်တော့ စကားပြောစရာ လူတစ်ယောက်ရဟန်ဖြင့် သူမအနားသို့ ချဉ်းကပ်သွားလိုက်၏။

"အမျိုးရေ၊ ဘဝကတော့ မခံမရပ်နိုင်စရာပဲ။ သူတို့တွေ အခွန်ထပ်သတ်မှတ်ပြန်ပြီ။ ရှင်ရော အဲ့တာကိုကြားပြီးပြီ မဟုတ်လား"

အဘွားဝမ်၏ မျက်နှာသည်လည်း စိတ်သောက ဖြစ်နေပုံပေါ်၏။ အခွန်ငွေကြိုကောက်ခံခြင်းက အလေ့အထတစ်ခု ဖြစ်လာမည်ဟု မည်သူကထင်မည်နည်း။ အမြဲတမ်း အခွန်ကြိုကောက်ခံပြီး ကြိုကောက်ခံသည့်အချိန်မှာလည်း စောသထက်စောလာလေသည်။

အဘွားအိုနှစ်ယောက်သည် ရင်းနှီးသော ညီအစ်မများကဲ့သို့ပင် သူတို့၏ဒုက္ခများကို မျှဝေခံစားနေကြ၏။ သို့သော် အဘွားဝမ်သည် စပါးအကြောင်းကို မသိမသာ ပြောင်းပြောသောအခါ အဘွားလုသည် သူမ၏ဝမ်းနည်းနေသည့် အခြေအနေမှ ပုံမှန်လိမ္မာပါးနပ်မှုကို ပြန်ရောက်လာလေသည်။ သူမက အဘွားဝမ်ကို သတိဖြင့်ကြည့်လိုက်၏။

"အမျိုးရေ၊ အခု ရှင် ကျွန်မတို့ဆီက စပါး ချေးငှားဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်၊ စပါးမဝယ်ဘဲနဲ့တောင် ကျွန်မတို့မှာ အခွန်ပေးဖို့တော့ စပါးလောက်ပါသေးတယ်"

ဤသည်မှာ သူမ၏အစီအစဉ်အစစ်ဖြစ်သောကြောင့် အဘွားဝမ်၏အမူအရာမှာ တောင့်တင်းသွားလေသည်။ အခွန်အကြောင်းကိုကြားတော့ သူမ၏ပထမဆုံးအတွေးမှာ လုမိသားစု၏ များပြားလှသော စပါးသိုလှောင်မှုများဖြစ်၏။

သို့သော် သူမ၏ခင်ပွန်းသည် ဤချဉ်းကပ်မှုကို ဆန့်ကျင်ပြီး ထိုကဲ့သို့သော တောင်းဆိုမှုကို မပြုလုပ်ရန် ပြတ်ပြတ်သားသား ပြောထားလေသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အဘွားလုက သူတို့၏စပါးများကို ဖန်းမိသားစုအား ချေးပေးလိုက်နိုင်ပြီး ထိုမိသားစုကို မထင်မှတ်ဘဲ အမြတ်ထွက်သွားစေနိုင်သည်ဟု သတိပေးလိုက်သေးသည်။

အဘွားဝမ်က အလျင်အမြန် ပြန်ပြောလိုက်လေသည်။

"ရှင် ပြောတာကိုလဲ ကြည့်ပါဦး၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘေးရွာက တစ်ယောက်ယောက်က အခွန်ကိစ္စတွေကြောင့် သူ့ခြေထောက်ကို ဖြတ်ခဲ့တယ်လို့ ကြားခဲ့တယ်။ ကျွန်မက ရှင့်ကိုစိုးရိမ်လို့ လာကြည့်တာပါ"

အဘွားလုက သက်ပြင်းချလိုက်လေသည်။

"အဲ့ဒါလား၊ ကျွန်မလဲ ကြားထားတယ်။ အဲ့မိသားစုက သမီးက ကျွန်မတို့ရွာက သူနဲ့လက်ထပ်ထားတာလေ။ အစိုးရက ပြည်သူတွေကို တအားခက်ခဲအောင်တွန်းပို့နေတာပဲ"

အဘွားဝမ်၏မျက်လုံးများမှာ ဖျတ်ကနဲလှုပ်ရှားသွား၏။

"အမှန်ပဲ"

အနီးဝန်းကျင်ကို ခိုးကြောင်ခိုးဝှက် လှမ်းကြည့်လိုက်ပြီးနောက် သူမသည် အဘွားလုကို ပင်မအိမ်ဆီသို့ ဆွဲခေါ်သွားကာ တီးတိုးပြောလိုက်၏။

"ခမည်းခမက်၊ ဒီလိုတွေဖြစ်နေတာ ရှင့်မှာရော အစီအစဉ်တစ်ခုခု မရှိဘူးလား"

အဘွားလုက မသိဟန်ဆောင်လိုက်လေသည်။

"ဘာအစီအစဉ်လဲ"

အဘွားဝမ်ကပြောလိုက်၏။

"အခွန်နဲ့ ပတ်သက်ပြီးတော့ပေါ့။ လက်ရှိစပါးဈေးနဲ့ ရှင်တို့ဘယ်လောက် ပေးဖို့လိုလဲ။ ပြီးတော့ ဒီမှာ စစ်မှုထမ်းရတာရောပဲ။ ရှင်တို့မိသားစုက ဘယ်သူသွားမှာလဲ။ ရှင့်ရဲ့တတိယသားကို လွှတ်မှာလား"

ဤသည်ကိုပြောပြီးနောက် အဘွားဝမ်သည် အဘွားလု၏အမူအရာကို အနီးကပ်စောင့်ကြည့်နေလိုက်၏။

ဝမ်မိသားစုသည် သူမ၏စပါးကို မျက်စိကျနေသည်ကို သတိထားမိတော့ အဘွားလုသည် နှလုံးခုန်မြန်သွားလေသည်။

ကံကောင်းစွာဖြင့် ဒါက ပုံမှန်စိုးရိမ်စိတ်တစ်ခုပင်။ သူမက အဘွားဝမ်ကို ပြန်စိုက်ကြည့်လိုက်၏။

"ဘာကိုပြောချင်တာလဲ ခမည်းခမက်။ အဲ့တာက ဖြစ်နိုင်ပါ့မလား"

"ရှင်တွေးနေတဲ့ဟာ အတိအကျပဲ"

အဘွားလုက ခေါင်းကို ခပ်ပြင်းပြင်းခါလိုက်ပြီး သူမအသံကို လျော့လိုက်လေသည်။

"ဆိုလိုတာက ကျွန်မတို့ အိမ်နဲ့အသက်မွေးဝမ်းကြောင်းကို စွန့်လွှတ်ရမယ်ပေါ့။ ကျွန်မတို့တွေ အဲဒီအခြေအနေအထိ မရောက်သေးပါဘူး၊ ပုန်ကန်မှု ဖြစ်လာနိုင်တာကို ကြောက်လို့ ကျွန်မတို့မိသားစုက စပါးတွေကို အဓိကသိုလှောင်ထားတာ။ ဒါပေမယ့် အခွန်တွေနဲ့ စစ်မှုထမ်းကိစ္စကြောင့် ကပ်ဘေးရှောင်ရမတဲ့လား၊ လုံးဝ မလုပ်နိုင်ဘူး”

သူမသည် ပလုတ်တုတ်ကဲ့သို့ ခေါင်းကိုခါယမ်းကာ သူမ၏ခြံဝင်းကို ခိုကိုးရာမဲ့စွာဖြင့် လှမ်းကြည့်လိုက်လေသည်။

"ကျွန်မတို့ တကယ်ထွက်သွားပြီး ဒီမှာ ဆူပူမှုတွေမရှိရင်ရော ကျွန်မတို့ ဘာတွေဖြစ်လာမှာလဲ။ ကျွန်မတို့မိသားစုရဲ့ ဆယ်စုနှစ်များစွာ ကြိုးစားလာခဲ့တဲ့ ကျွန်မအိမ်၊ ဒီခြံဝင်း၊ ဟိုမြေတွေ အားလုံးကုန်သွားမှာ။ ဒါတော့ မဖြစ်ဘူး"

သူမက အဘွားဝမ်ကိုပင် မေးခွန်းမေးလိုက်သေးသည်။

“ရှင်င်တို့မိသားစုကရော ဒီလို လုပ်ဖို့ဆန္ဒရှိလား"

ထုံးစံအတိုင်း အဘွားဝမ်လည်း ဝန်လေးနေလေသည်။ အဘွားလုစကားက မှန်ကန်၏။ သူတို့သည် ပြင်းထန်သောအခြေအနေသို့ မရောက်ရှိနိုင်ကြပေ။ ပုန်ကန်မှုတွေ လုံးဝ မဖြစ်လာရင်ကော။ သချန်မင်းဆက် မပြိုလဲသွားရင်ရော။ ထွက်သွားရင် သူတို့တွေက အရာအားလုံးကို ဆုံးရှုံးရတော့မှာပဲ။

သူမသည် လုမိသားစုကိုစမ်းသပ်ရန် သူမခင်ပွန်း၏ ညွှန်ကြားချက်များကို လိုက်နာရုံမျှသာဖြစ်သည်။ ထို့အပြင် သူမသည် တစ်ချို့ရက်များတွင် လာရောက်လည်ပတ်ခြင်း မရှိသောကြောင့် စိတ်အေးရစေရန် သူတို့၏ သိုလှောင်ထားသည့် စပါးများသေးကြောင်းကို အတည်လာပြုခြင်းပင်။

အဘွားလု၏ ထွက်သွားမည့်ရည်ရွယ်ချက် မရှိသည်ကိုမြင်တော့မှ အဘွားဝမ်သည် စိတ်အေးသွားလေသည်။ ထိုအရာမှာ တစ်ပါးသူအပေါ် ယုံမှားသံသယ လွန်ကဲနေခြင်း မဟုတ်ပေ။ သူမ၏သမီးကို မမြင်ရသည်မှာ နှစ်လကျော်ရှိပြီ။ နှစ်သစ်ကူးမတိုင်မှီထဲက သူမကို မတွေ့ရဘဲ နောက်ပိုင်းလည်ပတ်မှုတွင် မိသားစုနှင့်အလုပ်များနေခြင်း သို့မဟုတ် အပြင်ထွက်ခြင်းတို့နှင့်သာ ကြုံရလေ၏။

အဘွားလုက ဒေသခံအိမ်ထောင်စုများသည် အဓိကအားဖြင့် ဒုက္ခသည်များကို ကြောက်ရွံ့သောကြောင့် သူတို့၏အလုပ်ကို ပြီးမြောက်စေရန် လောနေခြင်းဖြစ်ကြောင်းကို ရှင်းပြလိုက်လေသည်။ ခြံဝင်းကို အခိုင်အမာလုပ်ချင်ပြီး ထွက်ပြေးဖို့ လမ်းကြောင်းကိုပင် တိတ်တဆိတ် ဆောက်လုပ်နေရပြီး ဒါသည် အားလုံးအတွက် အချိန်မီ ပြီးမြောက်ရန် အချိန်ကြပ်လွန်းနေသည့် သဘောဖြစ်ရာ အိမ်တွင် အနားယူဖို့ အချိန်မရှိကြပေ။

သူမသမီးကို မမြင်သောကြောင့် အဘွားဝမ်သည် စိတ်ပူပန်နေလေသည်။ သူမသည် လုအိမ်ထောင်စုသို့ မကြာခဏသွားကာ အဘွားလုကို အာရုံပြောင်းထားစဉ် သူမ၏ချွေးမက စပါးများ ရှိမရှိ အတည်ပြုရန် အနောက်ဘက်ခန်းကို ချောင်းကြည့်တတ်သည်။

ယနေ့အစ်အောက် မေးမြန်းခြင်းသည်လည်း သူမခင်ပွန်း၏အကြံဖြစ်ပြီး လုမိသားစုက ထွက်ပြေးရန် အသင့်ဖြစ်နေသလားဟု ခန့်မှန်းကြည့်ရန် ဖြစ်သည်။ သူတို့သည် ယခုအချိန်တွင် ထွက်ပြေးရန် စီစဉ်ထားပါက သူတို့၏ရေရှည် စောင့်ကြည့်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ဖန်းမိသားစုဘက်သို့ ပူးပေါင်းသွားနိုင်ခြေ ရှိသည်။

သူမ၏စိတ်ကိုစမ်းသပ်ပြီးနောက် သူ့ချွေးမတစ်ယောက် သေချာမြင်လောက်ပြီဟုယူဆရင်း အဘွားဝမ်သည် ဘောလုံးလေလျော့သလိုမျိုး အသံကိုပြောင်းလိုက်လေသည်။

"သေချာတာပေါ့။ ဘယ်သူက အရာအားလုံးကို စွန့်လွှတ်နိုင်မှာလဲ။ ဒါပေမယ့် ရှင်မကြားသေးဘူးလား။ ကျွန်မ တို့ဟွိုင်နန်ပြည်နယ်က မငြိမ်မသက်ဖြစ်လာပြီ။ စီရင်စုတော်တော်များများက မိသားစုတွေနဲ့ ရွာတွေအကုန်လုံးက ဒုက္ခသည်ဓားပြတွေရဲ့ တိုက်ခိုက်တာကို ရင်ဆိုင်နေရတယ်။ ကျွန်မတို့မျိုးနွယ်စုက တောထဲမှာ စပါးတွေကို ဖွက်ဖို့နေရာ ရှာတွေ့ထားတယ်။ အခြေအနေတွေ ဆိုးလာရင်လည်း အချိန်မရွေး ထွက်ပြေးလို့ရတယ်။ ချွန်းညန်ရဲ့အဖေက လုံခြုံအောင်လို့ ရှင်တို့ရဲ့စပါးတစ်ချို့ကို ကျွန်မတို့နဲ့အတူတူ သိုလှောင်ထားမလားလို့ မေးဖို့လွှတ်လိုက်တာ။ မဟုတ်ရင် ဒုက္ခသည်တွေ ဒုက္ခရောက်တဲ့အခါ ကျွန်မတို့ ကိုယ်လွတ်ရုန်းပြီးပြေးနိုင်ရင်တောင် စပါးတွေကို ဘယ်လိုသိမ်းထားနိုင်မလဲ။ အရာအားလုံး ပျက်စီးမသွားနိုင်ဘူးလား"

အဘွားလုသည် နှစ်သစ်ကူးအလွန် သတင်းဆိုးကြောင့် အဆိုးဆုံးအတွက် ပြင်ဆင်ထားသော ဝမ်မျိုးနွယ်ကို မအံ့ဩတော့ပေ။ သို့သော် အဘွားဝမ်၏စကားများသည် သူမကို ဒေါသဖြစ်စေသည်။ သူမ၏အထင်သေးစိတ်ကို ဖုံးကွယ်ထားလိုက်ကာ သိချင်စိတ်နှင့် တုံ့ဆိုင်းသလို ဟန်ဆောင်လိုက်၏။

"စပါးတွေ ဖွက်ထားတာလား။ ဘယ်မှာလဲ"

အဘွားဝမ်က မခို့တရို့ ပြုံးလိုက်၏။

"ဒါတော့ ပြောပြလို့မရဘူး။ ကျွန်မတို့ မျိုးနွယ်အားလုံးရဲ့စပါးတွေကို ဒီနေရာမှာဖွက်ထားတာပဲ ဖြစ်ရမယ်။ ပြီးတော့ ကျွန်မတို့က ဒါကို လျှို့ဝက်ချက်အနေနဲ့ထားပြီး တစ်ခြားဘယ်သူ့ကိုမှ မပြောဘူး။ ရှင်ကတော့ ချွင်းချက်ပေါ့။ ရှင့်ဝေစုကိုလည်း ထည့်ဝင်လို့ရပါတယ်၊ ဒါပေမယ့် တည်နေရာကို တော့ဖွင့်ပြောလို့မရဘူး"

အဘွားလု၏တုံ့ဆိုင်းမှုကိုမြင်တော့ အဘွားဝမ်က မျက်ခုံးပင့်လိုက်လေသည်။

"ရှင်က အခုထိ ကျွန်မတို့ကို မယုံကြည်သေးဘူးမလား။ ကျွန်မတို့တွေ အခုချိန်မှာ စပါးကိုမဖွက်ဘူးဆိုရင် တော်တော်နောက်ကျသွားလိမ့်မယ်။ အဲ့တာဆိုရင် ရှင်တို့ရဲ့စပါးတွေကို ကျွန်မတို့ဟာနဲ့ အတူယူသွားဖို့အတွက် အဆင်မပြေတော့ဘူး။ စဉ်းစားကြည့်လေ။ ကျွန်မတို့မှာ လူအင်အား မလုံလောက်ရင် အဲဒါကို သယ်ဖို့ ညကျရင် ချွန်းညန်ရဲ့အစ်ကိုတွေ လာပေးလို့ရပါတယ် "

အဘွားလုသည် စပါးသယ်ရာတွင် ကူညီမည်ဟူသော ကမ်းလှမ်းချက်ကို စိတ်ထဲတွင် သရော်လိုက်သော်လည်း အပြင်ပန်းတွင် သူမသည် အဘွားဝမ်၏ နောက်ဆုံးမှတ်ချက်ကြောင့်ထိတ်လန့်ပုံပေါ်ပြီး အခန်းအတွင်း လှည့်ပတ်သွားနေလိုက်၏။

စိတ်ဆုံးဖြတ်ပြီးသယောင် သူမက နောက်ဆုံးတွင် ပြောလိုက်လေသည်။

"ခမည်းခမက်ရေ၊ သတိထားဖို့အတွက် စပါးတစ်ချို့ကိုရွှေ့တာက ကောင်းပါတယ်။ ယုန်တစ်ကောင်တောင်မှပဲ လုံခြုံဖို့အတွက် တွင်းသုံးတွင်း တူးရသေးတာပဲ။ စပါးတွေကို ခွဲပြီးသိုလှောင်တာက ကောင်းပေမယ့် မိန်းမတစ်ယောက်အနေနဲ့ ဒီလိုဆုံးဖြတ်ချက်ကြီးမျိုးကို တစ်ယောက်ထဲ မချနိုင်ဘူး။ လက်ရှိအခွန်နဲ့ စစ်မှုထမ်းတာတွေကြောင့် စီရင်စုက ကျွန်မမိသားစုလဲ သတင်းရလောက်တယ်။ သူတို့လည်း တစ်ရက်၊နှစ်ရက်အတွင်း ပြန်ရောက်လာလောက်ပါတယ်။ မဆုံးဖြတ်ခင်ကို ကျွန်မယောက်ျားနဲ့ အရင်ဆွေးနွေးဖို့လိုသေးတယ်"

"ဒါ့အပြင် ကျွန်မတို့ရဲ့အသက်သွေးကြောဖြစ်တဲ့စပါးကို ရွှေ့မယ်ဆိုရင် ကျွန်မတို့ရဲ့အကြီးဆုံးသားနဲ့ ချွန်းညန်၊ ရှင့်ရဲ့သမီးနဲ့သားမက်ကိုပါ အတူတူလိုက်ခွင့် ပြုမှရမယ်။ ငါတို့မိသားစုက စပါးတွေ ဘယ်မှာရှိနေလဲဆိုတာကို သိထားရမယ်လေ။ အဲ့လိုမှမဟုတ်ရင် ကျွန်မ ရှင့်လက်ထဲကို မအပ်လိုက်နိုင်ဘူး"

သူမစကားများကို လျော့လိုက်ကာ ထပ်ပြောလိုက်၏။

"ကျွန်မက ရှင်ကိုရော ခမည်းခမက်ကိုပါ မယုံကြည်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆူညံမှုတွေဖြစ်လာရင် ကျွန်မတို့ရွာတွေက ကွဲသွားမှာ။ ကျွန်မတို့တွေ အမီမလိုက်နိုင်ခဲ့ရင်ကော။ နောက်ကျ ကျွန်မတို့စပါးတွေကို ဘယ်မှာရှာရမလဲ။ ဒါဆိုရင်တော့ ဖြုန်းတီးမှုတစ်ခုဖြစ်မှာပဲ"

တစ်နည်းဆိုရသော် ဝမ်မိသားစုအတွက်သာ အကျိုးရှိပေလိမ့်မည်။

အဘွားဝမ်က သူမကိုယ်သူမ တွေးလိုက်၏။

ဒါက ယုံကြည်မှုကင်းမဲ့တာပဲ မဟုတ်လား။ ဒါပေမယ့် သူမက ယုံကြည်မှုအတွက် ပါးစပ်ဖျားနဲ့ပဲ ပြောခဲ့တာပဲ။

သို့သော် အဘွားလု၏ သတိထားချဉ်းကပ်မှုသည် အဘွားဝမ်ကို စိတ်ချသွားစေပြီး ထိုအရာသည် လုမိသားစုက သူတို့နှင့်မဟာမိတ်ဖွဲ့ရန် အမှန်ပင်စိတ်ဝင်စားနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။

ခက်ခဲသောအနေအထားသို့ ရောက်နေသလိုဟန်ဆောင်ရင်း အဘွားဝမ်သည် ပြောလိုက်၏။

"ဆိုရိုးရှိတယ်မဟုတ်လား။ 'လက်ထပ်ပြီးသား သမီးက ဖိတ်သွားတဲ့ရေလိုပဲ'၊ ကျွန်မတို့က သားမက်လေးနဲ့ချွန်းညန်ကို အပြင်လူတွေလို့ မမြင်ပါဘူး။ သူတို့ကိုယုံကြည်တယ်။ ဒါပေမယ့် မျိုးနွယ်စုကတော့ သဘောတူမှာ မဟုတ်ဘူး"

အဘွားလုက ချက်ခြင်း ပြန်ပြောလိုက်လေသည်။

"ဒါဆိုလဲ မေ့လိုက်ပါ။ ဖန်းမိသားစုကရော ကျွန်မတို့နဲ့ ပါဝင်နိုင်မလားဆိုတာကို ကြည့်ပြီး နောက်တစ်နည်းရှာလို့ရပါတယ်"

ဤနည်းဗျူဟာသည် အဘွားဝမ်အပေါ်တွင် အလုပ်ဖြစ်ပုံပေါ်ပြီး အဘွားလု၏လက်ကို အလျင်အမြန် ဆွဲလိုက်လေသည်။

"ရပါတယ်၊ အဲလို လုပ်ဖို့ မလိုပါဘူး၊ ကျွန်မတို့က ရှင်တို့မိသားစုနဲ့ ဆွေမျိုးတွေဖြစ်တာ ဖန်းမိသားစုထက် ပိုကြာနေပြီ မဟုတ်လား။ မြေးငါးယောက်မှာလည်း ကျွန်မတို့သွေးတွေ စီးဆင်းနေတယ်လေ။ ကျွန်မတို့က ဖန်းမိသားစုထက်ပိုပြီး အားကိုးမရဘူးလား။ ရှင့်အတွက်ပဲ မဟုတ်ပါဘူး။ ကျွန်မရဲ့သမီး၊ သားမက်နဲ့မြေးတွေအတွက်ရောမလား။ ဒီလို လုပ်ရအောင်။ ရှင့်ယောက်ျား ပြန်လာတဲ့အထိ စောင့်ပြီးဆွေးနွေးလိုက်ဦး။ ကျွန်မလဲ ချွန်းညန်အဖေနဲ့ ကျွန်မတို့မျိုးနွယ်တွေနဲ့ တိုင်ပင်ဖို့ ပြန်ဦးမယ်။ ကျွန်မတို့ အဖြေရှာတွေ့မှာပါ။ ဘယ်လိုသဘောရလဲ"

အဘွားလုက ပြုံးပြလိုက်၏။

"ကျွန်မတို့အတွက် ကြိုးစားပမ်းစား လုပ်ပေးလို့ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မတို့ကိုယ်စား ကောင်းကောင်း ပြောပေးပါဦး။ ဒီနေရာမှာ ဆွေမျိုးမရှိလို့ ကျွန်မတို့က နောက်ဆုံးတော့ ဩဇာညောင်းတဲ့ ရှင်တို့ရဲ့ဝမ်မိသားစုကို မှီခိုရမှာပဲ။ တကယ်ကို ဘာမှစိုးရိမ်စရာမရှိပါဘူး"

အဘွားဝမ်က ပြန်ပြုံးပြလိုက်ပြီး အဘွားလုသည် စပါးတစ်ချို့ကို သူတို့၏နေရာသို့ရွှေ့မည်ကို သဘောတူသောကြောင့် ဝမ်းသာမိလေသည်။ အခန်းထဲသို့ဝင်လာသော ချွေးမဖြစ်သူကို မသိမသာ အချက်ပြလိုက်ရင်း အဘွားဝမ်က လုမိသားစု၏စပါးများသည် ဤနေရာတွင် ရှိနေသေးကြောင်းကိုသိ၍ စိတ်ချသွားလေ၏။

ယခုတော့ လုမိသားစု၏စပါးများကိုတွေးရင်း ထိုအရာသည် သူတို့၏အပိုင်ဖြစ်သည်ဟု ခံစားရလေသည်။ လုမိသားစု၏ အခွန်များနှင့် စပါးအထောက်အပံ့များကိုစဉ်းစားရင်း စာနာစိတ်ကို ခံစားရလေသည်။

အဘွားလု၏လက်ကို စိတ်အားထက်သန်စွာဖြင့် ဆုပ်ကိုင်ထားရင်း သူမက အကြံပေးလိုက်၏။

"အိုကွယ်၊ အခု အခွန်ဆောင်ဖို့ကို မလောသေးပါနဲ့ဦး။ ကျိုးအုပ်ချုပ်ရေးမှူးလဲ ပြောတယ်။ ကျွန်မတို့မှာ ၁၀ရက်နေ့မတိုင်ခင်အထိ အချိန်ရှိသေးတယ်တဲ့။ ကျွန်မတို့ စောင့်ကြည့်သင့်တယ်။ နောက်ဆုံးနေ့မှ ပေးမလား မပေးဘူးလားဆိုတာ ဆုံးဖြတ်ကြမယ်"

အဘွားလုက သဘောတူလိုက်၏။

"ရတာပေါ့။ ကျွန်မတို့က မနှစ်က စပါးအခွန်တွေကိုတော့ ပေးဆောင်ပြီးပြီ။ စောစောစီးစီး ကောက်ခံတာက ယုတ္တိမရှိဘူး။ ကောက်နှံတွေက မြန်မြန် မကြီးထွားနိုင်ဘူး။ ဒီနှစ်က မနှစ်ကနဲ့မတူဘူး။ လူအများစုက အစာလျော့စားဖို့စီစဉ်နေချိန်မှာ ကျွန်မတို့က ဒီနှစ်ရဲ့ကြိုတင်အခွန်ကို ပြီးခဲ့တဲ့ဆောင်းဦးထဲက ပေးခဲ့ပြီးပြီ။ ဒီနွေဦးမှာ ထပ်ပေးရမယ်ဆိုတာက လူအများက ရာသီပင်တွေနဲ့ သစ်ရွက်တွေအပေါ်မှာ အသက်ရှင်နေထိုင်ရမယ်လို့ ဆိုလိုတာပဲ။ ဒုက္ခတော့ စနေပြီလို့ ကျွန်မ ကြိုသိနေတယ်၊ ကျွန်မတို့ စောင့်ကြည့်သင့်တယ်"

ရင်းနှီးသောမဟာမိတ်တစ်ခုဖွဲ့ပြီးနောက် အဘွားလုသည် ရွာဝင်ပေါက်အထိ သူမကို နွေးထွေးစွာ လိုက်ပါပို့ဆောင်ပေးပြီး အဘွားဝမ်အား သူတို့ကိုယ်စား မျိုးနွယ်စုနှင့်ပြောဆိုရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့ပြီး သူမ၏အကူအညီကို သေချာအားကိုးကြောင်း ပြသလိုက်လေသည်။

လမ်းခွဲလိုက်ပြီးသည်နှင့် အဘွားဝမ်သည် သူ့ချွေးမကို တိတ်တိတ်လေး မေးလိုက်၏။

"အိမ်မှာရှိတဲ့ စပါးအရေအတွက်ကို သေချာမှတ်မိရဲ့လား"

အဘွားဝမ်၏အကြီးဆုံးချွေးမက ပြုံးလိုက်လေသည်။

"မှတ်မိတာပေါ့။ စပါးက မလျော့ဘူး။ အရင်တုန်းက ပမာဏအတိုင်းပဲ။ အမေ၊ ကျွန်မတို့က တကယ်ပဲ လုမိသားစုကို ကျွန်မတို့မျိုးနွယ်စုရဲ့ စပါးဖွက်ထားတဲ့အကြောင်းကို ပေးသိမလို့လား"

အဘွားဝမ်က သရော်လိုက်၏။

"သူတို့ကို တကယ်ပေးသိပါ့မလား။ ငါတို့မိသားစုက သဘောတူရင်တောင် မျိုးနွယ်စုက မတူဘူး။ သူတို့ကို ယာယီနေရာကို အရင်ဦးဆောင်ခေါ်သွားပြီး အဲ့နေရာမှာ ငါတို့ရဲ့စပါးတွေကို အယောင်ပြအနေနဲ့ ပြောင်းထားလိုက်မယ်။ ဖြစ်နိုင်ရင် နင့်ရဲ့ဦးလေးတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ နောက်မှ အကုန်လုံးကို ပြန်ရွှေ့ကြမယ်"

သူမ၏ချွေးမက သဘောတူကာပြုံးလိုက်၏။

"ဒါက ကောင်းတဲ့အစီအစဉ်ပဲ"

ရွှေ့ပြီးသည်နှင့် စပါးကိုမည်သို့ အသုံးပြုရန်နှင့် ပေါများလာမည့် သိုလှောင်မှုကို တွေးရင်း အဘွားဝမ်နှင့် သူမ၏ချွေးမတို့သည် လုံးဝစိတ်ကျေနပ်နေမိလေသည်။

စိတ်အနှောင့်အယှက်ပေးလွန်းသည့် လည်ပတ်သူများ ထွက်သွားသည်ကို မြင်တော့မှသာ အဘွားလုသည် စိတ်သက်သာရာရသွား၏။ နောက်ဆုံးတွေ့ဆုံမှုကို ထိန်းထားပြီးနောက် သူမသည် နောက်ထပ်သရုပ်ဆောင်ခြင်း သို့မဟုတ် ဖော်လန်ဖားခြင်းမရှိတော့ရန် မျှော်လင့်မိလေသည်။ နောက်တစ်ကြိမ်ဆိုလျှင်တော့ သူမသည် အမျိုးသမီးဝမ်ကို ပွင့်ပွင့်လင်းလင်း ရင်ဆိုင်ရတော့မည်။

အိမ်တံခါးနှင့် ခြံတံခါးကို လုံလုံခြုံခြုံ သော့ခတ်လိုက်ပြီး အဘွားလုက သူမ၏သော့ကို ထုတ်လိုက်ကာ အနောက်ဘက်ရှိ အခန်းထဲသို့ ဝင်သွားလေသည်။ အနောက်ဘက်ရှိ ဝါးစင်ကိုရှင်းလင်းထားပြီး အရှေ့တန်းတွင်သာ စပါးအိတ်များကို ယခင်ကကဲ့သို့ သပ်သပ်ရပ်ရပ် စီထား၏။

အဘွားလုက စပါးအဖြစ် အယောင်ဆောင်ထားသည့် သူမမိသားစု၏ အဝတ်အစားများနှင့် အိပ်ယာခင်းများပါဝင်သော အိတ်အများအပြားကို စစ်ဆေးကြည့်လေသည်။ ဒီညတွင် လူငယ်များ သယ်ရလွယ်ကူနိုင်၏။ ကျန်ရှိနေသည့် လေးသော်လည်း အရေးကြီးသောပစ္စည်းများကို သူမနှင့်သူမသားနှစ်ယောက်က ရွှေ့ပြောင်းနိုင်လေသည်။

အဘွားဝမ်၏အကြီးဆုံးချွေးမ မြင်ထားသော စပါးအိတ်များအတွက်တော့ ဝမ်မိသားစုကို သိမ်းခွင့်ပြုလိုက်မည်။ သူတို့သည် ထိုအရာများကို အချိန်အကြာကြီး မျက်စိကျနေကြသည်ပင်။ အဆုံးသတ်တွင် အထူးသဖြင့် စီရင်စုမှဝယ်လာသော ဖျင်ကြမ်းအိတ်များကလည်း တန်ဖိုးရှိသည်ပင်။ သူမ၏ ခမည်းခမက်များအတွက် နှုတ်ဆက်လက်ဆောင်ဖြစ်လာလိမ့်မည်။

သူမသည် သူခိုးကြီးများက ဒေါသထွက်နေမည်လားဟု တွေးတောရင်း သူတို့၏တုံ့ပြန်မှုကိုသူမ မမြင်နိုင်သည်ကိုတော့ နှမြောမိလေသည်။ သို့သော်လည်း တွေးကြည့်ရုံနှင့်ပင် သူမအတွက် ရီစရာကောင်းနေလေ၏။

……

လုမိသားစု၏အခြေအနေကို သတိမထားမိသော ကျန်မိသားစုများက တောင်တစ်ဝက်တွင်ရှိသော ခြံဝင်းထဲ၌ ညစာစားပြီးသွားသောကြောင့် အသုံးပြုပြီးသွားသည့် အိုးများနှင့်ဒယ်များကို သိမ်းဆည်းနေကြလေသည်။

ညအချိန်သည် ကောင်းကင်ကို လုံးဝဖုံးလွှမ်းနေချိန်၌ ယူသွားနိုင်သည့် အရာအားလုံးနီးပါးကို ထုပ်ပိုးထားပြီး အိပ်ယာများပေါ်ရှိ အိပ်ယာခင်းများကို ဖယ်ထားလိုက်၏။ ခေတ္တအနားယူပြီးနောက် မိုးသောက်ချိန်တွင် အခင်းများကိုလိပ်ပြီး အဆင်သင့် ထွက်ခွာရန် စီစဉ်ထားလေသည်။

ခြံဝင်းအနေဖြင့် စင်အမျိုးမျိုး၊ ပရိဘောဂနှင့် ဆန်ပုံးနှင့် မီးဖိုချောင်ရှိ ကြိတ်ခွဲစက်ကဲ့သို့သော လေးလံသည့်ပစ္စည်းများကို အလွယ်တကူ မရွှေ့နိုင်သောကြောင့် ထိုအရာများကို ဝမ်းနည်းစွာဖြင့် ချန်ထားခဲ့ရမည်။

အရာအားလုံးကို ထုပ်ပိုးထားပြီး ညတာကုန်ဆုံးရန် အချိန်နီးလာသည်နှင့် တောင်တန်းနှင့်ရွာသည် တိတ်ဆိတ်လာလေ၏။ လုညီအစ်ကိုသည် မီးဖိုချောင်ထဲတွင် လဲလျောင်းနေပြီး အိပ်ရန်ပြင်ဆင်နေချိန်တွင် ကလေးနှစ်ယောက်နှင့်အတူ စန်းလော့နှင့်ရှန်းလီတို့သည် အနားယူရန် လိုက်ကာများကိုဆွဲခါနီးတွင် ရှန်းလီ၏နားများက ခြေသံများကို ကြားလိုက်ရပြီး လူတစ်ဦးထဲ၏ခြေသံ မဟုတ်ပေ။

သူသည် နှုတ်ခမ်းပေါ်သို့ လက်ညှိုးတင်ကာ စန်းလော့နှင့်အခြားသူများကို တိတ်တိတ်နေရန် အချက်ပြလိုက်လေသည်။ ထိုခဏတွင် တစ်ယောက်ယောက်သည် ခြံဝင်းတံခါးကို ထုရိုက်နေ၏။

ထိုကဲ့သို့သော သတိထားရသည့်အချိန်မျိုးတွင် ခြံဝင်းငယ်အတွင်းရှိ လူခြောက်ယောက်သည် တောင့်တင်းသွားတော့၏။ ပင်မအိမ်ထဲရှိ ရှန်းလီနှင့်စန်းလော့တို့ တိတ်တဆိတ်ထွက်ခွာသွားချိန်တွင် မီးဖိုချောင်၌ရှိနေသော လူညီအစ်ကိုသည် အလျင်အမြန် ထလိုက်လေသည်။

ရှန်းလီက သတိဖြင့်လှမ်းမေးလိုက်၏။

" ဘယ်သူလဲ"

...

အပိုင်း(၁၂၂) အပ်နှံခြင်း

ရှန်းလီနှင့် စန်းလော့တို့နှစ်ယောက်လုံးသည် သူတို့မထွက်ခွာခင် ရှေ့တစ်ညတွင် ဆိုင်တာဝန်ခံရွှီက ‌ရောက်လာလိမ့်မည်ဟု ထင်မထားကြချေ။

တံခါးလာခေါက်ပြီး လမ်းပြပေးသူက သူစိမ်းမဟုတ်ချေ။ စန်းလော့ကို စပါးသယ်ပို့ကူပေးလေ့ရှိသည့် တုန်းဖူစား‌သောက်ဆိုင် စားပွဲထိုး တုန်းညီအစ်ကို ဖြစ်လေသည်။

စန်းလော့နှင့် ရှန်းလီတို့နှစ်ယောက်လုံးက အနည်းငယ် စိတ်အေးသွားကြသည်။ သည်အချိန်တွင် သူတို့သည် ကပ်ဘေးဒုက္ခသည်များနှင့် ရွာသားများ နှစ်ခုလုံးကို ကြောက်ရသည်။ သူတို့သည် ဘာအရှုပ်အထွေးမှ ဖြစ်ရန် မတတ်နိုင်ပေ။

ပင်မအိမ်ထဲတွင် ဆီမီးအိမ်တစ်ခုတည်းကို မြင်လိုက်ရသဖြင့် ဆိုင်တာဝန်ခံရွှီက ဦးညွတ်တောင်းပန်လိုက်၏။ “မပြောမဆိုဘဲ ရောက်လာခဲ့မိတဲ့အတွက် ကျွန်တော် တကယ်အားနာပါတယ်ဗျာ”

စန်းလော့က အားနာစရာမလိုကြောင်း အလျင်အမြန် ပြောလိုက်ပြီး ‌ဘေးသို့လှမ်းလိုက်ကာ သူ့ကို ဝင်လာရန် လက်ဟန်ပြလိုက်ပြီး ခြံဝင်းတံခါးကို အပြည့်ဖွင့်လိုက်မှ ဆိုင်တာဝန်ခံရွှီတစ်ယောက်တည်း မဟုတ်မှန်း သိလိုက်ရတော့သည်။

သည်လို ဒုက္ခများလှသည့် အချိန်တွင် လူနှစ်ယောက်တည်း နေ့ခင်းဘက် သွားလာဖို့ရန် မဝံ့ရဲလေရာ ညဘက်ဆိုလျှင်တော့ ပြောစရာမလိုမှန်း နားလည်ပေသည်။ သည်လိုအချိန်ကြီးကျမှ ဆိုင်တာဝန်ခံရွှီက ဘာကိစ္စကြောင့် လာခဲ့မှန်းမသိရသဖြင့် သူတို့သည် သူ့ကို မည်သူ့ဧည့်ခံရမည် မသိဖြစ်သွားကြတော့သည်။

...

ဧည့်သည်ကို ဧည့်ခံပေးရန် သင့်တော်သည့်နေရာမရှိသဖြင့် သူတို့သည် အလည်လာသူကို ပင်မအိမ်ထဲသို့သာ ဖိတ်ခေါ်လိုက်တော့သည်။ အခုထိ မအိပ်ကြသေးသည့် ရှန်းအန်းနှင့် ရှန်းနဉ်တို့က ဆိုင်တာဝန်ခံရွှီကို မှတ်မိသွားပြီး ရှေ့သို့ထွက်လာကာ သူ့ကို နှုတ်ဆက်လိုက်ကြသော်လည်း လိုရင်းသာ ‌ပြောလိုက်ကြခြင်းပင်။

“ကျွန်တော်တို့ရဲ့ နိမ့်ကျတဲ့နေရာလေးက သေချာဧည့်ခံစရာ မရှိပါဘူး၊ ဆိုင်တာဝန်ခံရွှီက စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်”

သူတို့ ရောက်လာသည့်အချိန်က အမှန်ပင် အဆင်မပြေလှချေ။ လက်ဖက်ရည် လုပ်သည့်ပစ္စည်းများအားလုံးကို ထုပ်ပိုးထားပြီးဖြစ်ကာ ခြင်းအောက်တွင် ထည့်သိမ်းထားလိုက်ပြီး ထုတ်ယူဖို့ရာ တော်တော်လေး ခက်ခဲလှသည်။

ဆိုင်တာဝန်ခံရွှီက အခန်းအခြေအနေကို လေ့လာလိုက်ပြီး အိပ်ရာနှစ်ခုနှင့် စားပွဲတစ်လုံးသာ ကျန်ကာ ကျောပိုးအိတ်နှစ်လုံးနှင့် သယ်စရာခြင်းများကို နံရံနားတွင် ကပ်ထောင်ထားသည်ကို သတိထားမိလိုက်သည်။ သူ့ထံမှတဆင့် အစောပိုင်းက သူတို့ဝယ်ယူခဲ့သည့် စပါးများအပါဝင် ဘာမှ မကျန်တော့ဟန်တူသည်။

သူ့ခန့်မှန်းချက် မှန်သွားသည်ကို ခံစားမိလိုက်ပြီး လာရောက်ရန် အချိန်မဆွဲမိသည်ကို စိတ်အေးသွားကာ သူက မြန်မြန်ဆန်ဆန် လက်ဟန်ပြလိုက်၏။ “အခုဖြစ်နေတဲ့ကိစ္စက အရေးကြီးလို့ပါ”

လူကြီးက အရေးကြီးကိစ္စကို တိုင်ပင်စရာ ရှိနေမှန်း ခံစားမိလိုက်သဖြင့် ရှန်းအန်းနှင့် ရှန်းနဉ်တို့က မီးဖိုခန်းဆီသို့ သိုသိုသိပ်သိပ်လေး သွားလိုက်ကာ လုညီအစ်ကိုတို့၏ အိပ်ရာထဲတွင် သွား‌‌ပေါင်းလိုက်ကြသည်။

ကလေးများ ထွက်သွားသည်နှင့်တပြိုင်နက် စန်းလော့ မေးလိုက်၏။ “ဆိုင်တာဝန်ခံရွှီ ဘာကိစ္စနဲ့ ရောက်လာတာလဲမသိဘူးနော်”

ညကြီးအချိန်မတော် အရေးပေါ်ကိစ္စကြောင့် ရောက်လာပြီး ကိစ္စက အရေးကြီးကြောင်း အထူးပြောခဲ့သော်လည်း တကယ်တမ်း ပြောရမည့်အချိန်တွင်တော့ ဆိုင်တာဝန်ခံရွှီသည် တဒင်္ဂ စကားလုံးများ ပျောက်ရှသွားသည်ကို တွေ့လိုက်ရသည်။

ဒါကို သတိထားမိလိုက်သဖြင့် ရှန်းလီက ပြောလိုက်၏။ “ဆိုင်တာဝန်ခံရွှီ ဦးလေးက ကျွန်တော်တို့မိသားစုကို အများကြီး ကူညီပေးခဲ့တာပါ၊ ကျေးဇူးပြုပြီး လွတ်လွတ်လပ်လပ် ပြောပါခင်မျာ၊ ကျွန်တော်တို့ တတ်နိုင်တာဆိုရင် ကျွန်တော်တို့က ကူညီဖို့ တွေဝေနေမှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ တတ်နိုင်တာထက် ကျော်နေတယ်ဆိုရင်လည်း အနည်းဆုံးတော့ ကျွန်တော်တို့က အဖြေတစ်ခု ကြိုးစားပြီး စဉ်းစားပေးနိုင်ပါတယ်”

သည်စကားများက ဆိုင်တာဝန်ခံရွှီကို အတိုင်းအတာတစ်ခုအထိ စိတ်အေးရစေလေသည်။ သူက သက်ပြင်းချလိုက်ပြီး “တကယ့်ကို ခက်ခဲတဲ့ကိစ္စပါပဲ၊ ကျွန်တော် အခု‌လေးတင်မှာ ရှဲ့ကျိုးကနေ ပြန်လာတာပါ”

ဆိုင်တာဝန်ခံရွှီက မနှစ်က နှစ်အကုန်တွင် သူ့မိသားစုကို အခြေချပေးရန် အိမ်ပြန်သွားခဲ့သည့် သူ့ခရီးနှင့် သည်နှစ်နွေဦးတွင် ကြားခဲ့ရသည့် စိတ်မအေးစရာသတင်းကြောင့် သူ့မှာ ရှဲ့ကျိုးသို့ အရေးတကြီး ပြန်လာခဲ့ရ‌ကြောင်း ပြန်ပြောပြလေသည်။ “ရှဲ့ကျိုးမှာက ဒီမှာထက် သတင်းတွေ ပိုစုံတယ်လေ၊ မြို့တော်မှာလဲ စစ်သူကြီးတွေက သူတို့ရဲ့စစ်တပ်တွေနဲ့ ပုန်ကန်နေကြတယ်၊ ကပ်ဘေးဒုက္ခသည်တွေက တောင်ပိုင်းကို ပြေးလာကြတာဆိုတော့ ကျွန်တော်တို့ရဲ့ ဟွိုင်နန်ဒေသလည်း ဆက်ပြီး အေးချမ်းတော့မယ်မထင်ဘူး၊ ဘယ်ပြည်နယ်၊ ဘယ်စီရင်စုကိုဖြစ်ဖြစ် ပုန်ကန်သူ အင်အားစုက သိမ်းနိုင်သွားတာနဲ့ အရင်ဆုံး လုယက် သတ်ဖြတ်ခံရတာ လူချမ်းသာတွေပဲ၊ ဒီသတင်းကို ခဏခဏ ကြားနေရတော့ ကျွန်တော်လည်း တော်တော်လေး ရတက်မအေးရဘူး၊ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော် တော်တော်လေး စိတ်ဓာတ်ကျမိတယ်”

နောက်ကွယ်က တောင်းဆိုမှုကို အာရုံခံလိုက်မိသည်တွင် ရှန်းလီကလည်း သိပ်တော့ မသေချာသေးချေ။ “ဦးလေးက ကျွန်တော်တို့ ကပ်ဘေးရှောင်ကြမဲ့ အစီအစဉ်ကို စုံစမ်းချင်တာလား”

ဆိုင်တာဝန်ခံရွှီက ညကြီးမင်းကြီး သည်နေရာသို့ ရောက်လာပြီး သည်ကိစ္စကို ဆွေးနွေးရသည့် တခြားအကြောင်းအရင်းကို မစဉ်းတတ်တော့ပေ။

ဆိုင်တာဝန်ခံရွှီက အနည်းငယ်ရှက်ရွံ့သွားပြီး ခေါင်းညိတ်ပြလိုက်၏။ “ဟုတ်ပါတယ်၊ အပြန်လမ်းမှာ စစ်မှုထမ်းနဲ့ အခွန်ကိစ္စကို ကျွန်တော် ကြားခဲ့ရတယ်၊ ရှန်းသခင်လေးတို့က မြောက်ပိုင်းအခြေအနေနဲ့ ရင်းနှီးပြီး ကြိုတင်ပြင်ဆင်လာခဲ့တာ သိလိုက်ရပြီး ရန်သူ့နယ်မြေထဲမှာ သခင်လေးရဲ့အုပ်ချုပ်မှုနဲ့ လွှတ်မြောက်လာခဲ့တာကို စဉ်းစားမိလိုက်တော့ သခင်လေးကတော့ စပါးခွန်ပေးဖို့ ဆန္ဒရှိမှာ မဟုတ်သလို မိသားစုကို ထားခဲ့ပြီး စစ်တပ်ထဲ ပြန်သွားမှာမဟုတ်ဘူးလို့ စဉ်းစားမိလို့ပါ၊ ဒါကြောင့် ကျွန်တော်က ဒီနေ့ မြန်မြန်ရောက်လာပြီး သခင်လေးတို့မှာ ကပ်ဘေးရှောင်ဖို့ စီစဉ်ထားတာများ ရှိသလားလို့ လာမေးတာပါ”

သည်နေ့ သည်အကြောင်းကို လာမေးသူမှာ တခြားသူတစ်ယောက်သာ ဖြစ်နေလျှင် စန်းလော့နှင့်ရှန်းလီတို့သည် သေချာ‌ပေါက် ငြင်းဆန်ပေလိမ့်မည်။ အမှန်တွင် သူတို့သည် ထိုလာရောက်စုံစမ်းသူကို မေ့မျောသွားအောင် လုပ်ပစ်ပြီး ပါးစပ်ကို အဝတ်စဖြင့် ပိတ်ဆို့ကာ သူတို့သည် ညတွင်းချင်း ထွက်ပြေးကြလိမ့်မည်။

သို့သော် ဒါက ဆိုင်တာဝန်ခံရွှီဖြစ်နေသည်။ ထိုအရာက ကွာခြားသွားတော့သည်။

သူတို့မိသားသူများ၏ အသက်ရှင်သန်ဖို့ မီခိုရသည့် စပါးများကို ဆိုင်တာဝန်ခံရွှီ၏ အကူအညီဖြင့် မြန်မြန်ဆန်ဆန် ဝယ်ယူနိုင်ခဲ့သည်။ သို့မဟုတ်လျှင် တက်နေသည့် စပါးဈေးနှင့် အကန့်အသတ်ဖြင့်သာ ဝယ်ရသည့် စပါးများကြောင့် သူတို့သည် စပါးများကို ကြိုးစားစုဆောင်းရင်း စီရင်စုတွင်သာ ပိတ်မိနေလောက်ပြီး ထိုတူညီသည့်ငွေပမာဏနှင့်ပင် အများကြီးပိုနည်းသည့် စပါးများကိုသာ ရလိမ့်မည်။

ဒါသည် သူတို့အားလုံး အသိအမှတ်ပြုရမည့် ကျေးဇူးတရားပင်။

သူ့ကို သည်ကျေးဇူးကြွေးတင်နေသဖြင့် ရှန်းလီက သတိဖြင့် ပြန်ဖြေလိုက်သည်။ “ဒီလိုအချိန်မှာ ဘယ်သူကမှ လုံခြုံရေးကို အာမမခံနိုင်ပါဘူး၊ ဒါပေမဲ့ ကျွန်တော်တွေက ထွက်ပြေးဖို့ လမ်းကြောင်းတစ်ခုကိုတော့ အမှန်ပဲ ရှာထားပါတယ်၊ ကျွန်တော်တို့ ရှာတွေ့ထားတဲ့နေရာက တောင်အတွင်းပိုင်း တော်တော်လေး လျို့ဝှက်ပြီး အများစုနေရာထက်စာရင်တော့ လုံခြုံမှုကို ပိုပြီးပေးနိုင်မယ်ထင်ပါတယ်”

တောင်အတွင်းပိုင်း။ သိုသိပ်တဲ့နေရာ။ အများစုထက်စာရင် တော်တော်လေး လုံခြုံတယ်။

ဆိုင်တာဝန်ခံရွှီက ဝမ်းသာအားရ ထရပ်လိုက်သည်။ တောင်အတွင်းပိုင်းသို့ သွားရသည်က အများလုပ်နိုင်သည့် အရည်အချင်းထက် ကျော်လွန်နေသည်။ သို့သော်လည်း ရှန်းလီတို့အဖွဲ့အတွက်တော့ မဟုတ်ချေ။ သူတို့သည် တိုင်းပြည်နှစ်ခု၏နယ်စပ်ကို ဖြတ်ကျော်ကာ တောတောင်များကို ဖြတ်သန်းလာပြီး သချန်မင်းဆက် တဝက်နီးပါးကို သွားလာခဲ့သဖြင့် သူတို့၏ခရီးမှ လုံလောက်သည့် အတွေ့အကြုံ ရခဲ့ပြီးဖြစ်သည်။

ဆိုင်တာဝန်ခံရွှီသည် သူတို့ပုန်းခိုမည့်နည်းလမ်းကို အတိအကျ စိတ်မကူးကြည့်နိုင်သော်လည်း သူတို့၏အစောပိုင်းအတွေ့အကြုံအရဆိုလျှင် အများစု မျှော်လင့်ထားသည်ထက် ပိုပြီး လုံခြုံဟန်တူသည်။

သူက ဝမ်းသာအားရ လက်များကို အကြိမ်ကြိမ် ဆုပ်လိုက် ဖြန့်လိုက် လုပ်လိုက်ပြီးမှ ရှန်းလီဖက်သို့ လှည့်လိုက်၏။ “ရှန်းသခင်လေး ကျွန်တော် အတင့်ရဲပြီး မေးခွန်းတစ်ခုလောက် ထပ်မေးလို့ရမလား၊ မနှစ်ကလေ သခင်လေးက ဝက်ဝံမဲသားရေနဲ့ ဝံပုလွေ သားရေ ၇-၈ခုလောက် စီရင်စုမှာ လာရောင်းတယ်လို့ ကျွန်တော့် စာရေးနဲ့ စားဖိုမှူးယွီကတဆင့် ကျွန်တော် ကြားခဲ့ရတယ်။ အဲဒါတွေကို အဲဒီနေရာကနေ တွေ့ခဲ့တာလား၊ ဘယ်နှစ်ယောက် သွားခဲ့ကြတာလဲ”

ရှန်းလီ၏မျက်ခုံးများက မသိမသာ တွန့်ချိုးသွားပြီး ဆိုင်ရှင်ရွှီမေးခွန်း၏ နောက်ကွယ်က ရည်ရွယ်ချက်ကို နားလည်လိုက်ပြီး ခေါင်းညိတ်ပြလိုက်ကာ အမှန်အတိုင်း ဖြေလိုက်သည်။ “ဟုတ်ပါတယ်၊ ကျွန်တော်တို့ နှစ်ယောက်ပါ၊ ကျွန်တော်တို့တွေ ဝံပုလွေတစ်အုပ်နဲ့ ဝက်ဝံမဲကို တစ်နေရာစီမှာ တွေ့ခဲ့တာပါ”

နှစ်ယောက်ထဲနဲ့ ဝံပုလွေတစ်အုပ်နဲ့ ဝက်ဝံမဲကို နှိမ်းနင်းနိုင်ခဲ့တယ်တဲ့။

ဆိုင်ရှင်ရွှီ၏မျက်နှာက ဝမ်းသာစိတ်ဖြင့် လင်းလက်သွားတော့သည်။

သည်လိုအရည်အချင်းများနှင့်ဆိုလျှင် တောင်ထဲတွင် နေထိုင်ခြင်းက လူကြီးနှင့်အားနည်းသူများအတွက် အမှန်ပင် သင့်တော်လိမ့်မည်။

ထို့နောက် သူက အလေးအနက် ဦးညွှတ်ပြီး ပြောလိုက်တော့သည်။ “ရှန်သခင်လေးနဲ့ စန်းသခင်မလေးတို့ဆီမှာ ကျွန်တော့်မိသားစုရဲ့ လုံခြုံရေးကို အပ်နှံထားနိုင်ဖို့ ကျွန်တော်က နိမ့်ကျစွာနဲ့ တောင်းဆိုပါတယ်”

...

ကျိုးမိသားစု။

“မင်းပြောတာက ငါတို့တွေကို စပါးဝယ်ဖို့ ကူညီပေးခဲ့တာ တုန်းဖူစားသောက်ဆိုင်က ဆိုင်တာဝန်ခံရွှီက သူ့မိသားစုကို ငါတို့နဲ့ ထည့်ပေးလိုက်ချင်တယ် ဟုတ်လား”

ရှန်းလီက ခေါင်းညိတ်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “မိသားစုတစ်ခုလုံး မဟုတ်ပါဘူး၊ ဆိုင်တာဝန်ခံရွှီရဲ့ ယောက္ခမ၊ သူ့သားငယ်နဲ့ သမီးငယ်၊ ရှန်းအန်းနဲ့ ရှန်းနှဉ်အရွယ်ပဲ ရှိအုံးမယ်၊ နောက်ပြီး သူ့ယောက်ဖနဲ့ တူလေး၊ စုစုပေါင်း ၅ယောက်”

ဒါသည် အမှန်ပင် တော်တော်လေး ရှုပ်ထွေးသည့် အမျိုးများဆက်စပ်ထားခြင်းပင်။

ဒုက္ခဘေးမှ ထွက်ပြေးခြင်းတွင် ပုံမှန်ဆိုလျှင် မိသားစုတစ်ခုလုံး အတူတူပါလေ့ရှိကာ မိသားစုများ ခွဲထားခြင်းကတော့ သူတို့၏ပထမဆုံး အတွေ့ကြုံပင်။

ရှန်းလီက အောင့်သက်သက် ပြုံးလိုက်ပြီး ကျိုးမိသားစုအိမ်သို့ ခေါ်ထားသည့် ကျိုးချွမ်ကျန့်နှင့် ချန်းဘွားဘွားတို့ကို အခြေအ‌နေ တိုးတိုးတိတ်တိတ် ရှင်းပြလိုက်၏။

ဆိုင်တာဝန်ခံရွှီသည် ရှဲ့ကျိုးတွင် အင်အားတစ်ခု ထူ‌ထောင်ထားသည့် တုန်းဖူအိမ်တော်ထံတွင် အကာအကွယ် သွားရှာခဲ့ပြီးဖြစ်သည်။ သို့သော်လည်း လူချမ်းသာမိသားစုများက လုယက်၊ သတ်ဖြတ်ခံရသည့် သတင်းကို ကြားလိုက်သည်တွင် သူ့မှာ စိတ်မအေးနိုင်ဖြစ်ရသည်။ သူသည် ညှိုနှိုင်းမှုတစ်ခု လုပ်ခဲ့ခြင်းပင်။ သူ့မိန်းမ၊ သားအကြီးဆုံး၊ ဒုတိယသားနှင့် ဆွေမျိုးများက တုန်းဖူမိသားစု၏ စောင့်ရှောက်မှုအောက်တွင် ရှဲ့ကျိုးတွင် နေခဲ့ကြပြီး သူ့ကလေးအငယ်များနှင့် သူတို့၏အဘွားနှင့်အတူ ဦးလေးနှင့် ဝမ်းကွဲများက ရှန်းလီ၏အဖွဲ့နှင့် လိုက်ပါကြမည်။

စိတ်ကူးကတော့ သူတို့၏ကြက်ဥအားလုံးကို ခြင်းတစ်လုံးတည်းတွင် မထည့်ထားခြင်းပင်။ မိသားစုဝင်တစ်ချို့က ကပ်ဘေးမှ လွတ်မြောက်လို လွတ်မြောက်ငြား သေချာအောင် လုပ်ထားခြင်းပင်။

အမှန်တွင်တော့ ဆိုင်တာဝန်ခံရွှီ၏တူလေးက တော်တော်လေး ရှုပ်ထွေးသည့် မိသားစုနောက်ခံတစ်ခု ရှိနေသည်။ သို့မဟုတ်လျှင် ဆိုင်တာဝန်ခံရွှီက သူ့ကို အတူတူ ခေါ်လာမည်မဟုတ်ချေ။ ဆိုင်တာဝန်ခံရွှီ၏ ယောက်ဖက တူဖြစ်သူကို အဓိက စောင့်ရှောက်ပေးရသည်။ ရှန်းလီက ပိုသိထားသော်လည်း ဒါက လျို့ဝှက်ထားရမည့် ကိစ္စဖြစ်ပြီး တူဖြစ်သူကို သူနှင့်စန်းလာ့၏ စောင့်ရှောက်မှုအောက်တွင် အပ်နှံထားသဖြင့် တခြားသူများနှင့် တိုင်ပင်ရမည့်အရာ မဟုတ်ချေ။

ထို့ကြောင့် ရှန်းလီက သူပြောနိုင်သည့် အရာကိုသာ ပြောပြလိုက်လေသည်။

“ဆိုင်တာဝန်ခံရွှီရဲ့တူလေးက ၁၂နှစ်ရှိပါပြီ။ သူ့ယောက်ဖကတော့ ၂၁နှစ်ပါ၊ သခင်မကြီးကလည်း တော်တော်လေး ကျန်းမာပါတယ်”

ကလေးများက အလွန်မှ မငယ်ကြဘဲ သန်မာသည့်အရွယ်ရောက် လူငယ်တစ်ယောက် အဖော်ပါပြီး အဘွားဖြစ်သူ၏ အတွင်းရေးကိစ္စ စီမံမှုအောက်တွင်ရှိရာ ဝန်ထုပ်ဝန်ပိုး မဖြစ်ချေ။

“စပါးတွေ ကျတော့ရော”

“ဆိုင်တာဝန်ခံရွှီက ကျွန်တော်တို့ သတ်မှတ်ထားတဲ့ နေရာကို လျို့ဝှက်ပြီး လာပို့ဖို့ စီစဉ်ထားလိမ့်မယ်၊ နောက်ပြီး သူ့ယောက်ဖကလည်း စပါးတွေ အသုတ်လိုက်ခွဲသယ်တဲ့နေရာမှာ ကူညီပေးလိမ့်မယ်”

အားလုံးက သေသေချာချာ စီစဉ်ထားဟန်တူသည်။

အခြေအနေကို သေချာရှင်းပြပြီးဖြစ်သဖြင့် ရှန်းလီက ပြောလိုက်သည်။ “တခြားသူသာဆိုရင်တော့ ကျွန်တော်က ဒီနေ့ည သန်းခေါင်ခရီးကို ခေါ်မှာမဟုတ်ဘူး၊ ဒါပေမဲ့ ဆိုင်တာဝန်ခံရွှီကျတော့ မတူဘူးလေ၊ ကျွန်တော်တို့တွေ သူ့ကို စပါးကြွေးတွေ တင်နေတယ်၊ ကျွန်တော်တို့မိသားစု ငါးခုက ကံချင်းမျှဝေထားတာ၊ ကျွန်တော်က ဦးလေးတို့ရဲ့အတွေးကို ကြားချင်ပါတယ်”

အမှန်ပင်။ သူတို့၏ စပါးများ ရလာပုံကို ကောင်းကောင်း သတိထားမိကြပြီး ကျေးဇူးတင်မိကြလေသည်။ ဆိုင်တာဝန်ခံရွှီက စပါးများကို လုံလောင်အောင် ယူခဲ့သည်ဖြစ်စေ မယူခဲ့သည်ဖြစ်စေ မိသားစုတစ်ခုစီက သည်လူငါးယောက်၏ လုံခြုံရေးကို အာမခံချင်ရာ လိုအပ်လျှင် သူတို့သည် လျှော့စားပြီး တောဟင်းရွက်များကို ခူးဆွတ်ပေးနိုင်သည်။

“ငါကတော့ ငြင်းစရာမရှိဘူး”

“ငါတို့မိသားစုလည်း ငြင်းစရာမရှိဘူး

“ငါတို့မိသားစုလည်း အဆင်ပြေပါတယ်”

...

သို့နှင့် သည်ကိစ္စကို သည်လိုသတ်မှတ်လိုက်ကြသည်။ ရှန်းလီနှင့် သူ့အဖွဲ့က မိုးမသောက်ခင် ထွက်ခွာရမည်ကို သိလိုက်သဖြင့် ဆိုင်တာဝန်ခံရွှီက အချိန်မဆွဲတော့ချေ။ သူက လူများကို ညသန်းခေါင်ကျော်သည်နှင့် လာပို့ပေးမည်ဟု သဘောတူလိုက်ပြီး သူတို့အဖွဲ့သည် အလာတုန်းက တောင်ပေါ်လမ်းလေးအတိုင်း ရွာထဲက တိတ်တိတ်လေး ထွက်သွားတော့သည်။

မြို့တံခါးက ရဲမက်များကို ဆိုင်တာဝန်ခံရွှီက ကြိုတင် လာဘ်ထိုးထားခဲ့သည်။ အဝေးမှ လူတစ်စုကို မြင်လိုက်သည်တွင် ဆိုင်တာဝန်ခံရွှီက သူ့မီအိမ်ကို မြောက်ပြလိုက်ပြီး သူတို့၏အချက်အလက်ကို အတည်ပြုပြီးနောက်တွင် ရဲမက်များက တံခါးကို မြန်မြန်ဖွင့်ကာ သူတို့ကို ဝင်ခွင့်ပေးလိုက်သည်။

တုန်းဖူစားသောက်ဆိုင်နှင့် သိပ်မဝေးလှသည့် ခြံဝင်းငယ်လေးထဲတွင် ညသန်းခေါင် ရှိနေပြီဖြစ်သော်လည်း မီးများကို ထွန်းထားသေးသည်။

ဆိုင်တာဝန်ခံရွှီက တံခါးကို နှစ်ချက်ခေါက်လိုက်၏။ အတွင်းဘက် လှုပ်ရှားမှုတစ်ခု ချက်ချင်းဖြစ်သွားပြီး သူ့ယောက်ဖ၏ မေးမြန်သံ ထွက်လာသည်။

ဆိုင်တာဝန်ခံရွှီက မြန်မြန် ပြန်ဖြေလိုက်၏။ “ချင်းဟယ် ငါပါ”

သူ့ယောက်ဖ ဖြစ်နေသည်ကို ကြားလိုက်သည်တွင် ဝေ့ချင်းဟယ်က တံခါးဖွင့်ပေးကာ မေးလိုက်၏။ “ယောက်ဖ အခြေအနေ ဘယ်လိုလဲ”

ဆိုင်တာဝန်ခံရွှီက ခေါင်းညိတ်ပြလိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။ “ပစ္စည်းတွေ ချက်ချင်းထုပ်ပိုးတော့၊ ငါတို့တွေ အခုချက်ချင်း ထွက်မယ်”

“အခုချက်ချင်းလား”

“ဟုတ်တယ်၊ ငါတို့ ကံကောင်းသွားတာ၊ ငါတို့သာ နေ့တစ်ဝက်လောက် နောက်ကျသွားရင် သူတို့တွေ ထွက်သွားနှင့်ပြီ”

ဝေ့ချင်းဟယ်မှာ တအံ့တဩဖြစ်သွားပြီး အချိန်မဖြုန်းတော့ချေ။ “ဒါဆိုရင် ကျွန်တော် အခုချက်ချင်း သွားထုပ်ပိုးလိုက်မယ်၊ ကျွန်တော်တို့ အိတ်တွေက အသင့်ပါပဲ”

ဝေ့ချင်းဟယ်က အထဲသို့ မြန်မြန်ဝင်သွားစဉ် မျက်စောင်းထိုးအခန်းက ဆူညံသံကို ကြားလိုက်သည့် သခင်မကြီးရွှီက ထွက်လာပြီး မေးမြန်လေသည်။ ဆိုင်တာဝန်ခံရွှီက အခြေအနေကို ရှင်းပြလိုက်ပြီး သခင်မကြီးက ခေါင်းညိတ်လိုက်၏။ “အေးအေး၊ ငါ အခုပဲ ကလေးတွေကို နိုးလိုက်မယ်”

...

ခြံဝင်းငယ်လေးထဲက လှုပ်ရှားမှုက အနည်းဆုံးဖြစ်‌အောင် လုပ်ထားသော်လည်း တစ်နာရီစွန်းစွန်းလေးအတွင်းတွင် အားလုံးက အသင့်ဖြစ်သွားကြသည်။ အစေခံများနှင့် ကူညီသူများက စောင့်ဆိုင်းနေကြပြီး ခြံဝင်းထဲတွင် လှည်းတစ်စီး ရပ်ထားပြီး မင်းတုံးကို ဖယ်လိုက်သည်နှင့် ထွက်ခွာနိုင်သည်။

သူတို့သည် သည်ခရီးအတွက် အစားအသောက် သယ်မသွားကြသဖြင့် အားလုံးတွင် အထုပ်လေးများ အနည်းငယ်ပါကြသော်လည်း သူတို့၏ခရီးက တော်တော်လေး ‌ဝန်ပေါ့သည်။

ရွှီမောင်နှမနှစ်ယောက်၏ မျက်လုံးများက အနည်းငယ် ယောင်ကိုင်းနေကြပြီး သူသည် လှည်းပေါ်တက်လိုက်ကြကာ သူတို့၏မိဘများနှင့် အစ်ကိုများကို ရုတ်တရက် ခွဲခွာခဲ့ရသဖြင့် အကြိမ်ကြိမ် ငိုထားကြမှန်း သိသာလေသည်။ သူတို့သည် အခုတော့ သူတို့၏အဘွားဘေးတွင် နှုံးခွေနေကြပြီး သူတို့၏မျက်နှာများက စိုးရိမ်ပူပန်စိတ်အပြည့်ဖြစ်နေ၏။

ဆန့်ကျင့်ဘက်အနေဖြင့် ဘေးတွင် အထုပ်တစ်ခုနှင့် ရင်ခွင်ထဲတွင် နောက်အထုပ်တစ်ခု ထည့်ထားသည့် သူတို့ဘေးက အနည်းငယ် ကြီးသည့် ကောင်လေးကတော့ နှုတ်ဆိတ်နေကာ တည်ငြိမ်နေသည်။ ရှဲ့ကျိုးမှ ချီယန်အထိ အစောပိုင်း မေးခွန်းအနည်းငယ်မှလွဲလျှင် သူသည် ငိုဖို့နေနေသာသာ စကားတစ်လုံးပင် ပြောခဲလေသည်။

ဆိုင်တာဝန်ခံရွှီက သူ့တူလေးကို သနားသလို ကြည့်လိုက်ပြီး သူ့ခေါင်းလေးကို အသာအယာ ပုတ်ပေးလိုက်၏။ “ကြောက်နေသလား ယွင်ကျန့်”

ဝမ်ယွင်ကျန့်သည် သူ့ဦးလေးကို မော့ကြည့်လိုက်ပြီးနောက် ဦးလေးဘေးတွင် ထိုင်ချလိုက်ပြီး ခဏလောက် ချီတုံချတုံ ဖြစ်သွားပြီးမှ ပြောလိုက်လေသည်။ “ကျွန်တော် မကြောက်ပါဘူး”

“မင်းက ဘယ်လိုဖြစ်ပြီး မကြောက်ရမှာလဲ” ဆိုင်တာဝန်ခံရွှီက စဉ်းစားပေးလိုက်ပြီး သူ့တူလေးကို အားပေးကာ ပုတ်ပေးလိုက်၏။ “စိတ်မပူပါနဲ့၊ မင်းရဲ့ဦးလေး မင်းအတွက် ရှာပေးထားတဲ့နေရာက နိမ့်ကျပေမဲ့ မြို့မှာနေတာထက်တော့ ပိုပြီးလုံခြုံပါတယ်၊ မင်းရဲ့ဦးလေးငယ်က မင်းနဲ့အတူတူ လိုက်ပါလိမ့်မယ်၊ ဒီဖရိုဖရဲကာလ ပြီးသွားတာနဲ့ မင်း ပြန်လာလို့ရပါတယ်”

ဝမ်ယွင်ကျန့်က ခေါင်းညိတ်ပြလိုက်သည်။ “ကျွန်တော် နားလည်ပါတယ်၊ ကျွန်တော့်ကို စောင့်ရှောက်ပေးလို့ ဦးလေးကို ကျေးဇူးတင်ပါတယ်”

ဆိုင်တာဝန်ခံရွှီက ဝေ့ချင်းဟယ်နှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး ကူကယ်ရာမဲ့သလို ခံစားလိုက်ရတော့သည်။ ဝမ်ယွင်ကျန့်သည် အမေမရှိဘဲ ကြီးပြင်းလာခဲ့ရပြီး သည်လိုပတ်ဝန်းကျင်မျိုးတွင် သူ့အသက်ရှင်သန်ခြင်းကို သူ့အကြီးအကဲမိသားစုနှင့် သူ့ဦးလေးက တာဝန်ယူပေးထားရသည်။ သူ၏စကားနည်းသည့် သဘာဝက မလွှဲရှောင်သာသည့်အခြေအနေပင်။

ဆိုင်တာဝန်ခံရွှီက သူ့ယောက်ဖကို ရှန်းလီ၊ စန်းလော့တို့အကြောင်း ပြောပြလေသည်။ သူတို့၏ဇာတိ၊ နှစ်ယောက်သား၏အကျင့်စရိုက်၊ အတူတူ ထွက်ပြေးလာသည့် တခြားမိသားစုများ အခြေအနေနှင့် သူတို့ထွက်ပြေးကြမည့် အသေးစိတ်အကြောင်းအရာ တစ်စိတ်တစ်ပိုင်းကို ပြောပြထားသည်။ သူက သူသိသမျှ အားလုံးကို ပြောပြထားပြီး အကြံပေးလိုက်သည်။ “ရှန်းလီက လုပ်ရည်ကိုင်ရည်ရှိတယ်၊ သခင်မစန်းက သေချာတော့မသိပေမဲ့ သူက ထင်ရှားတဲ့မိသားစုတစ်ခုက လာတဲ့ပုံပဲ၊ နှစ်ယောက်လုံးက သစ္စာရှိပြီး ကြင်နာတတ်ကြတယ်၊ သူတို့နဲ့အတူတူသွား မင်းတို့ခရီးမှာ ရှန်းမိသားစုနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ပြီး အချင်းချင်း ထောက်ပံ့ပေး၊ လိုအပ်တဲ့အချိန်ကျရင် သူတို့နဲ့ တိုင်ပင်ဖို့ သတိရပါ”

သည်အကြံပေးချက်က သူ့ယောက်ဖကိုသာ တိုက်ရိုက်ပြောခြင်းမဟုတ်ဘဲ သူ့အမေလည်း ကြားစေရန် ရည်ရွယ်သည်။

လှည်းပြတင်းပေါက် အပြင်ဘက်ကို ကြည့်လာခဲ့သည့် ဝမ်ယွင်ကျန့်သည် သူအထုပ်လေးကို တင်းနေအောင် ဆုပ်ကိုင်ထားပြီး သူတို့သည် တောင်အတွင်းပိုင်းသို့ သွားနေသည်ကို သိလိုက်ရလေသည်။

သခင်မကြီးရွှီက သားဖြစ်သူ၏ စကားကို မှတ်ထားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ “အင်းပါ၊ နင် စိတ်ချပါ၊ တစ်ခုပဲ မှတ်ထား၊ အခြေအနေ ပိုဆိုးလာရင် ချီယန်စီရင်စုထဲမှာ မနေကြနဲ့၊ အိမ်စောစောပြန်၊ မိသားစု သူ့ထောက်တိုင်ကို လိုအပ်တယ်”

မိသားစု၏ စိတ်မချမ်းမမြေ့စရာ နှုတ်ဆက်စကားကိုတော့ မပြောဘဲ ထားလိုက်ကြသည်။ ညပိုင်း ၃ချက်မတီးခင်တွင် လှည်းသည် ရှီလီရွာနှင့် သိပ်မဝေးလှသည့် တောင်လမ်းတစ်လျှောက် နေရာတစ်ခုတွင် ရပ်သွားလေသည်။ အစေခံများက လှည်းနားတွင် နေခဲ့ကြပြီး တုန်းညီအစ်ကိုကတော့ လက်ထဲတွင် မီးအိမ်များနှင့်အတူ ဆိုင်တာဝန်ခံရွှီ၏မိသားစုကို ရှန်းမိသားစုအိမ်သို့ ခေါ်ဆောင်လာခဲ့လိုက်တော့သည်။

...

All Chapters