အခန်း (၁၂၃-၁၂၄)
Vol. 13 Ch. 123-124
အပိုင်း (၁၂၃) လူလိမ်
ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် တောင်ပေါ်သို့ ပစ္စည်းများသယ်ရမည့် ပင်ပန်းဆင်းရဲသည့်အလုပ်မလုပ်မီ ခဏတာအိပ်စက်ရန်စီစဉ်ထားကြ၏။ သို့သော် ထွက်ခွာလုဆဲဆဲတွင် စိတ်လှုပ်ရှားနေခြင်းက သူတို့ကိုအိပ်ယာထဲတွင် နိုးနေစေလေသည်။
သူတို့သည် နောက်ဆုံးတွင် မလွန်ဆန်နိုင်ဘဲ အိပ်ပျော်သွားရုံသာ ရှိသေးသော်လည်း ခြံဝင်းတံခါးရှိ နောက်ထပ်တံခါးခေါက်သံနှစ်ခုက သူတို့ကို ထပ်နိုးလာစေပြီး သတိ အပြည့်ဖြစ်သွားကြသည်။
စန်းလော့သည် မတတ်နိုင်တော့သဖြင့် အိပ်ဖို့မကြိုးစားတော့ပေ။
ရှန်းလီနှင့်အတူ အဖော်လိုက်သွားလိုက်ပြီး သူမသည် လာလည်သူများကို နှုတ်ဆက်ရန်ထွက်လာလိုက်၏။ ဆိုင်တာဝန်ခံရွှီနှင့် တုန်းညီအစ်ကိုများ ဖြစ်သည်ကိုကြားတော့ တံခါးကိုတိတ်တဆိတ်ဖွင့်ကာ ရွှီမိသားစုကို အထဲသို့ ဖိတ်ခေါ်လိုက်လေသည်။
ထိုအချိန်တွင် ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် သူတို့၏ဂွမ်းအနွေးထည်ကို ဝတ်ဆင်ပြီး အိပ်ယာထဲမှထွက်လာကြ၏။ သူတို့သည် ကျောများနှင့် လက်မောင်းများတွင် အထုပ်တစ်ထုပ်စီကို သယ်ဆောင်ထားကာ အိမ်ထဲဝင်လာကြသည့် ရွှီမောင်နှမသုံးယောက်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံမိကြသည်။
မောင်နှမနှစ်ယောက်သည် အပေါင်းအပါ အသစ်သုံးယောက် ရရှိတော့မည်ကို နောက်ပိုင်းမှ သိလိုက်ကြ၏။
အတိုချုပ်မိတ်ဆက်ပြီးနောက် ကလေးများသည် ဖြည်းဖြည်းချင်း စတင်တုံ့ပြန်လေသည်။ ဆိုင်တာဝန်ခံရွှီသည် စပါးကို ပို့ဆောင်ရမည့်နေရာနှင့် မည်သို့ ချိတ်ဆက်လွှဲပြောင်းပေးရမည့် အကြောင်းကို မေးမြန်းလိုက်၏။
စစ်မှုထမ်းကိစ္စ နီးကပ်လာသည်နှင့်အမျှ ရှန်းလီတို့အဖွဲ့သည် သူတို့ခရီးကို အချိန်မဆွဲလိုပေ။ သူတို့သည် ယနေ့ညတွင် ထွက်ခွာရန် လိုအပ်သောကြောင့် ရှန်းလီတို့အဖွဲ့က လက်လွှဲမယူခင်အထိ စောင့်ရမည့်နေရာနှင့် ဆိုင်တာဝန်ခံရွှီအတွက် စပါး လာပို့ရမည့်အချိန်နှင့် တွေ့ဆုံမည့်နေရာကို စီစဉ်ပေးလေသည်။
ထိုအချိန်မတိုင်မီက ရွှီမိသားစုသည် ရိက္ခာခြောက်တစ်ချို့၊ အမဲညှင်းနှင့် အသီးများကို သူတို့၏အိတ်ထဲတွင် ထည့်ထား၏။ သူတို့စပါးများ မရောက်ခင်အထိ သူတို့သည် ရှန်းလီ၏စပါးရိက္ခာကို မှီခိုရန်လိုအပ်ပေသည်။
ရှန်းလီနှင့်စန်းလော့တို့သည် ကန့်ကွက်စရာမရှိပေ။ မိသားစုငါးစုထဲတွင် သူတို့၏စပါးသိုလှောင်မှုသည် အများကြီးမဟုတ်သော်လည်း သူတို့၏အိမ်ထောင်စုတွင် စားမည့်သူအနည်းငယ်သာရှိသောကြောင့် သူတို့တစ်ဦးချင်းစီ၏ စပါးဝေစုသည် အတော်လေး အကြွယ်ဝဆုံးဖြစ်နေ၏။
တူညီသောစားသုံးမှုပုံစံဖြင့် ကလေးနှစ်ယောက်နှင့်အတူ ရှန်းလီနှင့်စန်းလော့တို့သည်လည်း သူတို့၏စပါးရိက္ခာကို အခြားသူများထက် တစ်နှစ်နီးပါးကြာအောင် ဆွဲဆန့်ထားနိုင်လေသည်။
သတ်မှတ်ထားသော ဆုံမှတ်ကိုဖော်ပြရုံသာမကပဲ ပြသဖို့လိုအပ်သောကြောင့် ဆိုင်တာဝန်ခံရွှီနှင့်သူ့မိသားစုသည် သူတို့နှင့် ခဏတာ လိုက်ပါကြရ၏။ တုန်းညီအစ်ကိုသည်လှည်းသမားကို ပြန်လွှတ်ရန် တောင်အောက်သို့ အလျင်အမြန် ဆင်းသွားပြီး သူ့အား စီရင်စုသို့ ပြန်လွှတ်လိုက်လေသည်။
မိသားစုအသီးသီးမှ လူများသည် ခြံဝင်းထဲသို့ စတင်ရောက်ရှိလာကြပြီး ဂရုတစိုက်ဖြင့်နေရာ ခြားထား၏။ အုပ်စုငယ်များရောက်ရှိလာပြီး သူတို့၏ပစ္စည်းများကို သယ်ဆောင်ကြသည်ဖြစ်စေ ဝတ်ဆင်ကြသည်ဖြစ်စေ သူတို့သည် အလွန်မှ သတိထားကြပြီး အသံတစ်သံပင် မထွက်ကြဘဲ ရွာမှ ရှန်းမိသားစုခြံဝင်ဆီသို့ ခရီးကို သတိမထားကြအောင် သေချာလုပ်ကြလေသည်။
ရွှီမိသားစုသည် အခြားမိသားစုများ ရောက်လာသည်ကိုကြည့်ရင်း စိုးရိမ်ရန် အချိန်မရှိသလောက်ပင်ဖြစ်နေပြီး စန်းလော့သည် အိပ်ယာနှင့်စောင်များကို ကျင်လည်စွာ လိပ်ထားပြီးဖြစ်သည်။
ချန်းဘွားဘွားသည် လူတိုင်းကို ဆေးမှုန့်တစ်ထုပ်စီ ဝေးပေးကာ သူတို့၏ခြေထောက်တစ်ဝိုက်ရှိ စည်းထားသောအဝတ်ထဲသို့ထည့်ရန် ညွှန်ကြားလိုက်၏။ အဘွားရွှီအလှည့် ရောက်သောအခါ ခရီးအတွက် ရိုးရိုးရှင်းရှင်းဝယ်ထားသော်လည်း သူတို့၏အဝတ်အစားများမှာ ထင်ရှားလေသည်။ သူတို့သည် ခြေထောက်အနားကွပ်များကို ဝတ်ဆင်ခြင်းကို အသားမကျသေးပေ။
စန်းလော့သည် သူမ၏အထုပ်ကိုလှန်လှောရှာဖွေကာ အဝတ်စလိပ်ကြီးတစ်ခုကို ဆွဲထုတ်ပြီးနောက် ထိုအရာကို ရွှီမိသားစုထံသို့ ပေးလိုက်ရင်း ခြေထောက်အနားများကို မည်သို့ချည်နှောင်ရသည်ကို သင်ပေးလိုက်၏။
သူတို့သည် ရည်ရွယ်ချက်နှစ်ခုရှိပြီး မြွေများကို ကာကွယ်ခြင်းနှင့် ခြေထောက်ကို ထောက်ပံ့ပေးနိုင်လေသည်။
ရွှီမိသားစုသည်ဤအရာနှင့်မရင်းနှီးသော်လည်း ကံကောင်းစွာဖြင့် အခြားမိသားစုငါးစုမှမိသားစုဝင်များသည် အကူအညီပေးပြီး လမ်းညွှန်ပေးကာ လူတိုင်းအဆင်သင့်မဖြစ်မီအထိ သူတို့ကိုကူညီပေး၏။
သူတို့အားလုံးသည် ထွက်ခွာရန်အဆင်သင့်ဖြစ်နေပြီး ညလေးချက်အချိန်ပင် မရောက်သေးပေ။
ထို့နောက်မှသာ ရွှီမိသားစုက ရှန်းလီ၏အုပ်စုသည် ငယ်ရွယ်ပြီး သန်မာသောမိသားစုဝင်များ ပါဝင်ပုံမပေါ်သော်လည်း လူတိုင်းက လက်နက်ကိုင်ဆောင်ထားကြောင်းကို နားလည်သွားလေသည်။
အမျိုးမျိုးသော သတ္တုပစ္စည်းကိရိယာများနှင့် ဓားများကို ကျောပိုးအိတ်များ သို့မဟုတ် လက်ကိုင်အိတ်များတွင် သယ်ဆောင်ထားသည့်အပြင် ရှန်းလီ၊ လုအာ့လန်နှင့် လုစန်းလန်တို့သည် စစ်ဓားများနှင့်လေးများကို ကိုင်ဆောင်ထားသည်ကို ဝေ့ချင်းဟယ်က သတိထားမိ၏။
ရွှီကလေးသုံးယောက်သည် ကြောင်အနေပြီး အထူးသဖြင့် အမြဲ နှုတ်ဆိတ်နေတတ်သည့် ဝမ်ယွင်ကျန့်ပင်။ သူသည် လူငယ်ကလေးများကပင် နောက်ကျောတွင် လေးတစ်ချောင်းစီနှင့် ကျောက်တုံးများဖြင့် ဖောင်းကားနေသော အိတ်အကြီးတစ်လုံးစီကို သိုင်းလွယ်ထားသည်ကို တွေ့လိုက်ရ၏။ ထိုအရာများတွင် ကျောက်ခဲများဖြည့်ထားကြောင်းကို သူ့ဝမ်းကွဲက ရှန်းအန်းဟုခေါ်သော ကောင်လေးအား မေးပြီးနောက် သိလိုက်ရလေသည်။
သူ့အရွယ်ကောင်လေးများ၊ တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြီးသူများပင်လျှင် ဝါးလေးများနှင့် မြှားများကို သယ်ဆောင်ထားကြ၏။
ဝေ့ချင်းဟယ်တစ်ယောက် တွေဝေစွာ ရပ်နေသောကြောင့် ရှန်းလီက မေးလိုက်လေသည်။
"လေးနဲ့မြှား ဘယ်လိုသုံးရမလဲဆိုတာ သိလား"
သူ ခေါင်းညိတ်ပြသည်ကိုမြင်တော့ ရှန်းလီသည် သူ၏ခြင်းတောင်းကြီးထဲ ထည့်ထားရန် ပုဆိန်တစ်လက်ကို ပေးလိုက်၏။
"ဒါဆို ဒါကို ကိုယ့်ကိုယ်ကိုယ် ခုခံဖို့အတွက်ယူထားလိုက်"
အမှန်ပင် သူ့ကိုယ်ပိုင်ပစ္စည်းများသယ်ဆောင်ခြင်းအပြင် ဝေ့ချင်းဟယ်သည် ရှန်းမိသားစု၏ပစ္စည်းတစ်ချို့ကို သယ်ဆောင်ကာ တစ်ဖက်တွင် တောင်းကြီးတစ်လုံးနှင့် ကျန်တစ်ဖက်တွင် ကြက်သုံးကောင်နှင့် ဘဲသုံးကောင်ပါသည့် သစ်သားလှောင်အိမ်တစ်ခုကို ထိန်းထားရင်းဖြင့် ရှန်းမိသားစုကို ကူညီပေးလေသည်။
အထူးသဖြင့် ကြက်များနှင့်ဘဲများသည် မတည်ငြိမ်ဘဲ သူတို့၏စိုးရိမ်စိတ်ကြောင့် ဆူညံသံတစ်ချို့ကို ပြုလုပ်နေသော်လည်း ရှန်းမိသားစုအိမ်သည် သီးခြားနေရာတွင်ရှိနေသောကြောင့် စိုးရိမ်စရာမရှိပေ။ အသံများသည် ရွာသို့ရောက်လျှင်တောင်မှ မည်သူမျှ အာရုံစိုက်မည့်ပုံမပေါ်ပေ။
မိသားစုငါးစုထဲတွင် ရှန်းမိသားစုသာလျှင် ကြက်နှင့်ဘဲအရှင်များကို သယ်သွားရန် ကြိုးပမ်းကြလေသည်။ အခြားမိသားစုများသည် ယခုလအစောပိုင်းတွင် တိတ်တဆိတ်သတ်ထားပြီး အသားခြောက်အဖြစ် လုပ်ထားကြ၏။
ရှန်းလီသည် အရာအားလုံးအဆင်သင့်ဖြစ်ပြီး လူတိုင်းရောက်ရှိသည်ကို မြင်တော့ ခြင်းတောင်းထဲရှိ ပြင်ဆင်ထားသော မီးတုတ်နှစ်ခုကိုယူကာ ဆီမီးအိမ်ကို ယူပြီး ထိုအရာများကို မီးညှိလိုက်ပြီးနောက် မီးအိမ်ကို ငြှိမ်းကာ ကျန်ရှိနေသော ဆီများကို သွန်ချလိုက်၏။ မီးအိမ်ကို ထုပ်ပိုးလိုက်ပြီး ကျောပိုးအိတ်ထဲသို့ထည့်ပြီးနောက် လူအုပ်စုကို တီးတိုးပြောဆိုလိုက်လေသည်။
"သွားကြရအောင်"
မီးတုတ်များကို ခြင်းတောင်းများ မသယ်ကြရသည့် ချန်းဘွားဘွားနှင့် လုဘွားဘွားတို့က ကိုင်ဆောင်ထားပြီး သူတို့ဖဝါးအောက်ရှိလမ်းကို လူတိုင်းမြင်ရစေရန် လမ်းပြပေးကြ၏။
ရှန်းအန်းနှင့် ရှန်းနဉ်တို့ နောက်မှလိုက်ပါလာသော ရှန်းလီနှင့် စန်းလော့တို့သည် အနောက်ဘက်ရှိ ခြံဝင်းငယ်၏တံခါးကို ကိုယ်တိုင် ပိတ်လိုက်ကြလေသည်။
စန်းလော့သည် သစ်သားတံခါးကို ထိလိုက်ပြီး ညအမှောင်ထဲတွင် ခြံဝင်းငယ်ကို လှည့်ကြည့်ကာ သက်ပြင်းချလိုက်ပြီးမှ ရှန်လီကို အပြင်ဘက် သော့ခလောက်အား သိမ်းပြီး ယူလာခဲ့ဖို့ ပြောလိုက်၏။
မြေအနေအထားနှင့် အရင်းနှီးဆုံးဖြစ်သည့် ရှန်းလီနှင့်အာ့လန်တို့က အရှေ့မှဦးဆောင်ကာ အနောက်ကိုကာရင်း လူအုပ်စုသည် တဖြည်းဖြည်း တန်းစီသွားလေသည်။
တောင်ကြောကို ဖြတ်ကျော်ရင်း အရှေ့မှရှန်းလီ သို့မဟုတ် အလယ်မှ ကျိုးချွမ်ကျန့်တွင် မည်သူက အရင်ဆုံးရပ်လိုက်သည်ကို မသေချာသော်လည်း လူတိုင်းကို ချက်ခြင်းရပ်တန့်ပြီး ပြန်လှည့်ကြည့်စေ၏။
ရှီလီရွာ။
သူတို့ထဲမှအများစုသည် ဤနေရာတင် မွေးပြီး ကြီးပြင်းလာကြသော်လည်း ယခုအချိန်တွင် ထွက်ခွာရန် လိုအပ်လေသည်။ သူတို့ ပြန်ရောက်ခြင်း၊ မရောက်ခြင်းမှာ မသေချာသော်လည်း သူတို့ပြန်ရောက်လာသည်ဆိုလျှင်တောင်မှ ဘယ်အချိန်ဖြစ်မလဲနှင့် ရှီလီရွာသည် ယခင်ကနေရာအဖြစ် ရှိနေဦးမလားဆိုတာကို မသိကြပေ။
သတိမထားမိဘဲ သူတို့၏မျက်လုံးများတွင် မျက်ရည်များစွာ ကျလာလေသည်။
ကျိုးချွမ်ကျန့်က သူ့မျက်လုံးများကို ပွတ်ကာ အပြုံးဖြင့် ပြောလိုက်၏။
"သွားရအောင်။ ငါတို့က ဘဝအတွက် ဦးတည်နေတာပဲလေ"
……
တောလမ်းမှာ မညီညာဘဲ ညသည် မှောင်နေဆဲဖြစ်သော်လည်း လွန်ခဲ့သောနှစ်လကျော်က ကြီးသူနှင့်ငယ်သူအားလုံးကို အကျိုးရှိရှိ လေ့ကျင့်ပေးထားပြီးဖြစ်သည်။ ကလေးများသည် မိုးလင်းချိန်တွင် မကြာခဏဆိုသလို ကျောက်ခဲခြင်းတစ်ဝက်ကို တောင်၏အပေါ်နှင့် အောက်ကိုသယ်ရင်း လေ့ကျင့်ခန်း လုပ်ထားကြ၏။ အလေးချိန်နှင့် လိုက်လျောညီထွေရှိပြီး အနည်းဆုံးတော့ ချက်ချင်းနှင့် လွယ်လွယ်မပင်ပန်းကြပေ။
ညသန်းခေါင်ဖြစ်သော်လည်း မီးတုတ်အလင်းရောင်သည် သူတို့၏ မနက်ခင်း အစောပိုင်းလေ့ကျင့်သည့် အချိန်ထက် မသာလျှင်တောင် ဆင်တူသဖြင့် သိပ်ပြီး အခက်အခဲ ဖြစ်ကြချေ။
အမှီလိုက်ရန် ရုန်းကန်နေရသည့်သူများမှာ ရွှီမိသားစုဝင်များဖြစ်ကြ၏။
မတတ်နိုင်ပေ။ ထိုသို့သောအခက်အခဲကို အသက်အကြီးဆုံးမှ အငယ်ဆုံးအထိ သည်လို ဒုက္ခမျိုးကို မည်သူက မခံစားခဲ့ကြဖူးချေ။
သို့သော်လူအုပ်စုသည် သူတို့အတွက် စဉ်းစားပေးကြသည်။ ရွှီမိသားစုသည် လူတန်း၏အလယ်တွင်ရှိနေပြီး ဆိုင်တာဝန်ခံရွှီနှင့် တုန်းညီအစ်ကိုတို့သည် သူတို့၏ပစ္စည်းတစ်ချို့ကို သယ်ရာတွင် ကူညီကြပြီး ရွှီသခင်မကြီးနှင့်ကလေးများသည် အမီလိုက်ရန် တာဝန်ယူကြလေသည်။
မီးတုတ်များမှ အလင်းရောင်များသည် လှည့်ပတ်ရင်း တောအုပ်အတွင်း၌ လုံးဝပျောက်ကွယ်သွားပြီး ထိုအရာကို လူစုနှင့်အတူ ယူသွားသည်ဖြစ်ရာ မှောင်မိုက်သောညတာ၊ မြက်ခင်းထဲရှိ မမြင်ရသောပိုးကောင်များ၏ တိုးညှင်းသော ကျီကျီကျာကျာအော်သံများနှင့် တဝီဝီမြည်သံများ နောက်တွင် ကျန်ခဲ့လေသည်။ ရှီလီရွာ၏ တစ်ခြားညများကဲ့သို့ပင်။
……
ရှန်းကျင့်သည် အခြားညများကဲ့သို့ပင် အရုဏ်မတက်မီတွင် နိုးလာ၏။
လွန်ခဲ့သည့်နှစ်လကျော်ထဲက သူသည် ဤအချိန်တွင် နိုးထခြင်းနှင့် အသားကျခဲ့လေသည်။
ရှန်းမိသားစုသည် အချိန်ကိုပြောပြရန် နည်းလမ်းမရှိသည့်အပြင် ဝေးလံသောရွာတွင် နာရီကိုပြောပြမည့် ညစောင့်များလည်း မရှိပေ။ ရှန်းကျင့်သည် အချိန်ကိုမသိသောကြောင့် မျက်စိမှိတ်ထားလျက်နှင့်ပင် လဲလျောင်းနေပြီး နားများကိုစွင့်ကာ ရင်းနှီးသော ငှက်သံများကို စောင့်ဆိုင်းနေလေသည်။
သူတို့အသံကိုမကြားရဘဲ အချိန်အတော်ကြာစောင့်ပြီးနောက် သူ ကောင်းကောင်း အိပ်မပျော်မီတွင် အချိန်မှားပြီး စောစောထလာမိသလားဟု သိချင်နေ၏။
သူသည် တွေးတောနေရင်း ပြတင်းပေါက်မှဝင်လာသော အလင်းရောင်မှိနိမှိန်လေးကို တွေ့လိုက်ရလေသည်။ အပြင်တွင် မှောင်နေဆဲဖြစ်၏။ ထင်ယောင်ထင်မှား ဖြစ်နေခြင်းများလား။
ထို့နောက် ရှန်းကျင့်သည် ရွာထဲရှိကြက်ဖများ တွန်သံကို စပြီး ကြားလိုက်၏။
ကြက်ဖတွေလည်း အစောကြီးတော့ မထကြဘူးမလား။
အိပ်မပျော်သဖြင့် သူသည် စောင့်ဆိုင်းနေပြီး ပြတင်းပေါက်ကို မကြာခဏကြည့်ကာ တွေးနေလေသည်။ သိသာသော အချိန်တစ်ခုအကြာတွင် သူသည် အမှန်တကယ်ပင် ပိုလင်းလာသည်ကို သတိထားမိ၏။ ဤအချိန်မျိုးတွင် လူတိုင်းက စုဝေးနေကြမည် မဟုတ်ပေလော။
ရှန်းကျင့်သည် ရှန်းအန်းက သူ့ကို မေ့သွားသည်ဟု တွေးလိုက်မိ၏။
တိတ်တဆိတ်ဖြင့် အိပ်ရာထပြီး သူ၏ဂွမ်းအနွေးထည်ကို ထပ်ဝတ်ကာ တံခါးဆီသို့ ခြေဖျားထောက်သွားပြီး ထွက်သွားလို့ရသည်အထိ ဖြည်းဖြည်းချင်းဖွင့်ပြီးနောက် သူ့အနောက်ရှိတံခါးကို ခိုးကြောင်ခိုးဝှက် ပိတ်လိုက်လေသည်။
သူသည် မိဘများကို မနိုးစေရန် ပိုပြီးသတိထားကာ ပင်မအိမ်တံခါးနှင့် ခြံဝင်းတံခါးကို ထိုကဲ့သို့ပင် ဆက်လုပ်လိုက်၏။ အအေးထဲသို့ ထွက်လာသည်တွင် ရှန်းကျင့်သည် အားထုတ်လိုက်ရသဖြင့် ချွေးအနည်းငယ် ထွက်လာသည်ကို ခံစားလိုက်ရသည်။
အပြင်သို့ရောက်သည်နှင့် သူ့အစ်ကိုက သူတို့ကို မကြာခဏ ခေါ်သွားလေ့ရှိသည့် တောင်ကုန်းငယ်လေးဆီသို့ ပျော်ရွှင်စွာ ပြေးသွားလေသည်။
သို့သော် သူသည် စိတ်လှုပ်ရှားစွာဖြင့် တောင်ခြေသို့ရောက်သော်လည်း မည်သည့်အသံမျှ မကြားရပေ။ အရုဏ်တက်ချိန်၏ အလင်းရောင်မှိန်မှိန်တွင် တောင်စောင်းဆီသို့ ကြည့်လိုက်သော်လည်း မည်သူ့ကိုမျှမတွေ့ရဘဲ ရှိနေလေသည်။
သူသည် ရပ်တန့်နေပြီး စိတ်ရှုပ်စွာဖြင့် ကောင်းကင်ကို ကြည့်လိုက်မိ၏။ အမှန်တကယ်ပင် လင်းစပြုလာပြီ။
ရှန်းကျင့်သည် တောင်ကုန်းအလယ်သို့ ပြေးတက်ကာ ထိုနေရာကို လှည့်ပတ်ပြီးနောက် တောင်ထိပ်သို့ပြေးသွားလိုက်၏။ ထိုနေရာတွင် မည်သူမျှရှိမနေ...
ရှန်းကျင့်သည် မကြာခဏ အနားယူလေ့ရှိသော တောင်လယ်ရှိ ကျောက်ဆောင်ပေါ်တွင် ခဏထိုင်နေသော်လည်း မည်သူမျှ ရောက်မလာကြ။ နောက်ဆုံးတွင် နောက်ထပ်စောင့်ရန် အဆင်မပြေတော့သောကြောင့် တောင်အောက်သို့ပြေးဆင်းကာ သူ့အစ်ကိုအိမ်ဘက်သို့ ကျွမ်းကျင်စွာ ကွေ့ပတ်သွားလေသည်။
တောင်ခြေရှိ ခြံဝင်းငယ်လေးသည် အံ့ဩဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေပြီး အသံတစ်သံမျှပင် မကြားရပေ။ တံခါးခေါက်ရန် ချဉ်းကပ်သွားတော့ ရှန်းကျင့်သည် သူထိလိုက်သည်နှင့် ရွေ့သွားသောတံခါးကို အံ့ဩသင့်စွာ တွေ့ရှိလေသည်။
တံခါးကို မပိတ်ထားဘူးလား။
ရှန်းကျင့်သည် တံခါးကို အသာလေးတွန်းဖွင့်ပြီး အထဲသို့ ချောင်းကြည့်လိုက်၏။
"ရှန်းအန်း၊ ရှန်းနဉ်၊ နိုးကြပြီလား"
တစ်ကြိမ်အော်ခေါ်ပြီးသော်လည်း ခြံဝင်းထဲမှ တုံ့မှုမရှိခြင်းသည် ရှန်းကျင့်ကို ပို၍စိုးရိမ်စေလေသည်။ သူသည်တံခါးကိုတွန်းဖွင့်ကာ ဝင်သွားလိုက်၏။
ခြံဝင်းထဲရှိတိတ်ဆိတ်မှုသည် အသားမကျဘဲ သူနားမလည်နိုင်သည့် အကြောင်းပြချက်များဖြင့် ရှန်းကျင့်ကို နှလုံးခုန်မြန်လာစေသည်။ သူ့ခြေလှမ်းကို နှေးလိုက်ကာ
"ရှန်းအန်း၊ ရှန်းနဉ်၊ အိမ်မှာလား"
"အစ်ကိုကြီး"
“မရီး”
မည်သူမျှ ပြန်မဖြေပေ။
ခြံဝင်းတစ်ခုလုံးတွင် ရှန်းကျင့်၏ အသံသာလျှင် ပဲ့တင်ထပ်နေ၏။
ယခုတော့ ပင်မအိမ်တံခါးသည် အနည်းငယ်ဟနေသော်လည်း အထဲမှ ချက်မချထားပေ။ ရှန်းကျင့်က များသောအားဖြင့် ထိုတံခါးသည် လူတိုင်းကို တားမြစ်ထားသောကြောင့် တွန်းမဖွင့်ရဲပဲရှိလေသည်။
သို့သော် ယနေ့တွင် ထူးထူးခြားခြား စိုးရိမ်မှုကြောင့် သူကိုယ်တိုင် တံခါးပွင့်သည်အထိ ညင်သာစွာ တွန်းဖွင့်လိုက်မိ၏။
အစောပိုင်းက ပုံရိပ်များကိုမဖော်ပြနိုင်သော မနက်ခင်းအလင်းရောင် မှိန်မှိန်သည် ယခုအချိန်တွင် ရှန်းကျင့်ကို အခန်းတွင်းသို့ အနည်းငယ်ပို၍ ရှင်းရှင်းလင်းလင်းမြင်နိုင်ရန် အလင်းပေးနေလေသည်။
သူ့မရီးကို စပါးကူသယ်ပေးသည့်အချိန်မှလွဲ၍ ယခုတစ်ကြိမ်သည် ဤအခန်းထဲသို့ ရှန်းကျင့်၏ဒုတိယအကြိမ် ဝင်ရောက်ခြင်းဖြစ်၏။
သို့သော် အခန်းသည် ဗလာကျင်းနေ၏။ ကုတင်နှစ်လုံးပေါ်ရှိဖျာများ၊ အိပ်ယာများနှင့် ခေါင်းအုံးများမှာလည်း ပျောက်သွားပြီး ကုတင်ဘောင်များပေါ်တွင် ကောက်ရိုးဖျာ အထူတစ်ချပ်သာ ကျန်ခဲ့သောကြောင့် အခန်းမှာ လွတ်နေလေသည်။
ရှန်းကျင့်သည် တောင့်တောင့်ကြီး ရပ်နေပြီး သူ့မျက်လုံးများကို ပွတ်သပ်ကာ နောက်တစ်ကြိမ် ကြည့်လိုက်သော်လည်း မြင်ကွင်းသည် မပြောင်းလဲဘဲ ရှိနေဆဲ။
သူသည် မီးဖိုချောင်ထဲသို့ ကမန်းကတန်း သွားလိုက်သော်လည်း သယ်ဆောင်မသွားနိုင်သော ပစ္စည်းတစ်ချို့မှလွဲ၍ ဗလာကျင်းနေ၏။ ကြက်လှောင်အိမ်၊ ဘဲလှောင်အိမ်နှင့် ငန်းလှောင်အိမ်များအားလုံး မရှိတော့သည်ကို သိလိုက်ရပြီးနောက် ခြံဝင်းထဲမှ ပြေးထွက်လာလေသည်။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။
မကြာသေးမီက သူ့အစ်ကိုသည် ဒုက္ခသည်များနှင့် မည်သို့ဆက်ဆံရမည့်ပုံကို သင်ကြားပေးပြီး သူတို့ရွာထဲဝင်လာပါက ဘာဖြစ်နိုင်ကြောင်းကို ပြောထားလေသည်။ ရှန်းကျင့်၏ ပထမဆုံးအတွေးမှာ ဒုက္ခသည်များသည် သူ့အစ်ကို၏အိမ်ကို လုယက်သွားခြင်း ဖြစ်မည်ဟူ၍။
သို့သော် ထိုအရာမှာ မှန်သည့်ပုံ မပေါ်ပေ။ လုယက်သွားပုံက အလွန်စေ့စပ်ပြီး သူ့အစ်ကို၏မိသားစုအားလုံးက မရှိကြတော့ချေ။
ရှန်းကျင့်ကို အတွေးတစ်ခုက ရိုက်ခတ်သွားပြီး ရွားထဲသို့ ပြေးဆင်းလာကာ သူ့မိဘများနှင့် မတွေ့စေရန် ကွေ့ပတ်သွားလိုက်လေသည်။ သူသည် နောက်ဆုံးတွင် ကျိုး၊ ရှီ၊ လုနှင့် ချန်းအိမ်ထောင်စုများကို စစ်ဆေးလိုက်လေသည်။ ပထမတစ်ချက် ကြည့်လိုက်လျှင် ခြံဝင်းများက ပိတ်ထားပုံရသော်လည်း တွန်းကြည့်လိုက်ပါက တံခါးများပွင့်သွားမည်ဖြစ်၏။
သူတို့ အားလုံး ထွက်သွားကြပြီ...
အံ့အားသင့်သွားသည့် ရှန်းကျင့်သည် တောင်ပေါ်ရှိ ခြံဝင်းငယ်လေးသို့ မည်သို့ပြန်ရောက်လာသည်ကိုပင် မသိတော့ပေ။ နေရာလွတ်ကို ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေရင်း သူ၏စိတ်ရှုပ်ထွေးမှုသည် သစ္စာဖောက်ခံလိုက်ရသည့် ခံစားချက်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
သူ့တစ်ယောက်ထဲကိုသာ ထားခဲ့ပြီး သူတို့အားလုံးက ထွက်သွားကြလေသည်။
နှာခေါင်းမွှန်လာပြီး မျက်လုံးများ နာကျင်လာကာ မျက်ရည်များ ဝေ့တက်လာတော့သည်။ ရှန်းကျင့်၏မျက်ရည်များသည် အာရုဏ်ဦး မှိန်ပျပျ အလင်းရောင်ထဲတွင် မျက်ရည်များဖြင့် ပြည့်တက်လာသည်။ နောက်ဆုံးတွင် မျက်ရည်တစ်စက်သည် မကျဆင်းမီတွင် သူ့မျက်တောင်စွန်း၌ အဖြူရောင်လဲ့နေပြီးမှ လွတ်လပ်စွာ ကျဆင်းသွားလေသည်။
ပထမမျက်ရည်သည် စိတ်ခံစားမှုပြိုလဲခြင်း၏ လက္ခဏာဖြစ်ပြီး ကလေး၏ပါးစပ်မှာ ပွင့်ဟလာပြီး မျက်ရည်နှင့် နှာရည်များက သူ့မျက်နှာပေါ်တွင် လမ်းကြောင်းရှည်များဖြစ်ကာ စီးကျလာပြီး သူ့မျက်နှာလေးက ရှုံးမဲ့နေကာ မတတ်နိုင်တော့ဘဲ ရုပ်ဆိုးစွာငိုကြွေးနေသည့် ရုပ်လေး ဖြစ်သွားတော့သည်။
အကြာကြီး တိတ်တဆိတ် ရှိုက်ငိုကြွေးပြီးနောက် သူ့ငိုသံများမှာ ပိုမိုကျယ်လောင်လာလေသည်။
"လူလိမ်တွေ၊ ပြောတော့ လေးခွပစ်တာ အတူတူလေ့ကျင့်ကြမယ်ဆို"
မျက်ရည်များမှာ အဆက်မပြတ် စီးကျနေလေသည်။
မနေ့က သူ့ကို အော်ခေါ်ခဲ့သည့် သူ့အစ်ကိုနှင့် ရှန်းအန်းတို့၏ပုံရိပ်သည် ရှန်းကျင့်ထံသို့ ပြန်ရောက်လာပြီး သူတို့ပြောခဲ့သမျှ သာမန်စကားတိုင်းသည် ယခုတော့ ပိုလေးနက်သော အဓိပ္ပာယ် ဖြစ်လာနေ၏။
ပုန်းအောင်းရန်နေရာများ၊ လွတ်မြောက်မည့်နည်းဗျူဟာများ၊ အမဲလိုက်စွမ်းရည်များ၊ စားသုံးနိုင်သောနှင့် အဆိပ်ရှိသောအပင်များ၊ တောထဲတွင် ကြိုတင်ကာကွယ်မှုများ၊ ဒုက္ခသည်များနှင့် ဆက်ဆံခြင်း၊ ပုန်းအောင်းရန်နေရာ အများအပြားကို တူးဖော်ခြင်း၊ အပိုအစားအစာနှင့် ရေများသိုလှောင်ခြင်း၊ နောက်ဆုံးစကားမှာ သူ့အစ်ကိုကို အပြစ်မတင်ရန်...
ပြန်ရောက်လာထဲက မကြာသေးမီက စစ်မှုထမ်းခြင်းနှင့် အခွန်ကိစ္စများ တန်းစီနေသောကြောင့် သူ့အစ်ကို အလုပ်များနေသည်မှာ အဓိပ္ပာယ်ရှိလာသည်။ မနေ့ညက သူ့မိဘများသည် ရန်ဖြစ်ပြီး သက်ပြင်းချကာ သူ့အမေသည် ဖရိုဖရဲအခြေအနေများနှင့် စစ်မှုထမ်းခြင်းမှ ရှောင်ရှားဖို့အတွက် ထွက်ပြေး ရန်ချီတုံချတုံဖြင့် အကြံပေးလေသည်။
သူ့အဖေက သူမကို ဆူလိုက်၏။
"ရူးနေတာလား။ ဒုက္ခသည်တစ်ယောက် ဖြစ်ရတာလွယ်တယ်လို့ ထင်နေတာလား"
ထို့ကြောင့် သူ့အစ်ကိုနှင့်အခြားသူများသည် ထွက်ပြေးသွားပြီး ဒုက္ခသည်များ ဖြစ်လာမည်မှာ မှန်ကန်လေသည်။
ဤသို့နားလည်ခြင်းက ရှန်းကျင့်ကို ပို၍ဝမ်းနည်းပက်လက်ဖြင့် ဖြေမဆည်နိုင်ဘဲ ငိုကျွေးနေ၏။ နောက်ဆုံးတွင် ငိုရင်းဖြင့် ဆောင့်ကြောင့်ထိုင်ချကာ သူ့ခန္ဓာကိုယ်သည် ရှိုက်ခြင်းကြောင့် တသိမ့်သိမ့်တုန်နေသော်လည်း အသံမထွက်စေရန် ကြိုးစားနေရလေသည်။
အရုဏ်တက်ခါနီးမှ ငိုနေသည်ကို ကြိုးစား ရပ်တန့်နိုင်လိုက်ပြီး ကျနေသည့် မျက်ရည်များကို သုတ်လိုက်ကာ သူ့အစ်ကို၏အိမ်နှင့် မီးဖိုချောင်တံခါးများကို ပိတ်လိုက်လေ၏။ ခြံဝင်းထဲမှ ထွက်ကာ တံခါးကို ပိတ်ပြီးနောက် ရွာသို့ပြန်ပြေးလာလေသည်။
ရှန်းကျင့်သည် သူတိတ်တဆိတ် သွားရောက်လည်ပတ်ခဲ့သော အိမ်များဖြစ်သည့် ကျိုး၊ ရှီ၊ လုနှင့်ချန်းမိသားစုရဲ့အိမ်များကို စစ်ဆေးကာ သူတို့၏ခြံတံခါးများ ပိတ်ထားသည်ကို သေချာသိလိုက်၏။ ထို့နောက် အိမ်သို့ အလျင်အမြန်ပြန်ကာ သူ့အခန်းထဲသို့ပြန်မဝင်မီတွင် တံခါးများကို မင်းတုပ်ချလိုက်လေသည်။
နိုးနေသည့်ရှန်းယင်က ရှန်းကျင့်ပြန်လာသည်ကိုမြင်တော့ အံ့ဩသွားပြီး တီးတိုးပြောဆိုလိုက်၏။
"တတိယအစ်ကို၊ ဘာလို့အစောကြီးပြန်လာတာလဲ"
ရှန့်ကျင့်သည် မျက်နှာမပြရဲသောကြောင့် ခေါင်းငုံ့ထားပြီး ပြန်မဖြေပေ။ သူသည် စောင်အောက်ထဲသို့ လေးဘက်ထောက်ဝင်ကာ ခွေနေလေသည်။
နားမလည်နိုင် ဖြစ်နေသည့်ရှန်းယင်က မေးလိုက်၏။
"တတိယအစ်ကို၊ ဒီနေ့ လေးခွပစ်လေ့ကျင့်ဖို့ မသွားဘူးလား"
စောင်အောက်မှ ရှန်းကျင့်သည် ဗလုံးဗထွေး အသံဖြင့် ပြန်ပြောလိုက်၏။
"မလေ့ကျင့်ဘူး။ အစ်ကိုကြီးက စီရင်စုကိုသွားတယ်။ ငါ ပြန်အိပ်မလို့"
...
အပိုင်း (၁၂၄) သိရှိသွားကြခြင်း
ရှန်းကျင့်က အိပ်ယာထဲတွင် ပုန်းအောင်းချင်နေ သေးသည်။ သို့သော်ငြားလည်း အိပ်ယာထဖို့ အချိန်ရောက်လာသည်တွင် သူသည် ဆက်ပြီးတော့ အိပ်ယာထဲတွင် မနေနိုင်တော့ချေ။
သူအမေဖြစ်သူ ရှီလီက ဝင်လာသည်တွင် အိပ်ယာထဲတွင် ရှိနေသေးသည့် ရှန်းကျင့်ကို မြင်လိုက်ရတော့ တအံ့တသြ ဖြစ်သွားပြီး "ဒီနေ့ကျတော့ အိပ်နေသေးတာလား"
သူမက သူ့ကို မြန်မြန်ထဖို့ လောဆော်လိုက်ပြီး ထျန်းယာကို အဝတ်အစားလဲပေးဖို့ ပြောပြီးနောက်တွင် သူမကိုယ်တိုင်က မီးဖိုချောင်ထဲသို့ ထွက်သွားတော့သည်။
မနက်စာစားချိန်ရောက်မှ မိသားစုသည် ရှန်းကျင့်၏ မျက်လုံးများက သစ်ကြားသီးလို ယောင်ကိုင်းနေကာ ငိုယိုထားသဖြင့် နီနေမှန်း သတိထားမိကြတော့သည်။
လီရှီက ညီအစ်ကိုသုံးယောက်ကို စေ့စေ့စပ်စပ် ကြည့်လိုက်ပြီး "နင်တို့တွေ ရန်ဖြစ်ထားကြတာလား၊ ဘယ်တုန်းက ဖြစ်တာလဲ၊ ငါက ဘယ်လိုဖြစ်ပြီး ဘာမှ မကြားလိုက်တာလဲ"
ရှန်းထျယ်ကတော့ မသိပေ။ ရှန်းယင်ကတော့ ဘာတခုမှ မပြောဘဲ ရှန်းကျင့်ကို လှမ်းကြည့်လိုက်လေသည်။
ရှန်းကျင့်က သူ့မိဘကို မော့ကြည်ကာ ပြောလိုက်၏။
"အမေ ကျွန်တော် အိမ်မက်ဆိုးမက်လို့ပါ၊ အိမ်မက်ထဲမှာ ကပ်ဘေးဒုက္ခသည်တွေ အများကြီးက ရွာထဲကို အတင်း တိုးဝင်လာကြတာတဲ့။ စပါးတွေအားလုံးကိုလဲ ခိုးယူသွားပြီး လူတွေအများကြီးကိုလဲ သတ်ပစ်တာတဲ့"
သူသည် သူ့အစ်ကိုနှင့်တခြားသူများ ထွက်သွားသည့်အကြောင်းကို သူ့မိဘကို အသိမပေးနိုင်ပေ။ အနည်းဆုံးတော့ လက်ရှိအချိန်တွင် မပြောပြနိုင်ပေ။ အဖေဖြစ်သူက သူ့အစ်ကိုကို နာကျည်းစိတ်ထားပြီး ဒေသခံအာဏာပိုင်များကို သတင်းသွားပို့လိုက်မည်ဟု ရှန်းကျင့်က စိုးရိမ်မိလေသည်။ နောက်ဆက်တွဲရလဒ်ကိုတော့ ရှန်းကျင့်အတွက် စဥ်းစားနိုင်စရာ မဟုတ်ပေ။
သည်ကိစ္စသာ သူ့အစ်ကိုနှင့်တခြားသူများ အဖမ်းခံရခြင်းကို ဖြစ်သွားစေခဲ့လျှင် ရှန်းကျင့်သည် ဘာဆက်ဖြစ်လိမ့်မည်ကို အတိအကျ မသိသော်ငြားလည်း အခြေအနေကောင်းလိမ့်မည် မဟုတ်ကိုတော့ သေချာပေါက် သိနေသည်။
ထို့ကြောင့် သူက သူ့အစ်ကိုသင်ကြားပေးခဲ့သည့် ကပ်ဘေးဒုက္ခသည်အကြောင်းကို အိမ်မက်တစ်ခုလို အကာအကွယ် ယူလိုက်ကာ အမှန်တရားကို ဖုံးကွယ်ပေးထားလိုက်ပြီး မိဘဖြစ်သူများကိုလဲ ရွာက လုံခြုံတော့မည်မဟုတ်ကြောင်း မသိမသာ သတိပေးလိုက်လေသည်။
အသက်၉နှစ်အရွယ် ရှန်းကျင့်က အများကြီး နားမလည်သော်ငြားလည်း သူ့အစ်ကိုနှင့်မရီးက သူ့မိဘထက်ပိုပြီး ဉာဏ်ကောင်းကာ ပိုပြီး လုပ်ရည်ကိုင်ရည်ရှိသည်ကိုတော့ သိလေသည်။ သူတို့၏ ဦးဆောင်မှုနောက်ကိုလိုက်လျှင် မှားယွင်းနိုင်လိမ့်မည် မဟုတ်ပေ။ သူတို့က ကျိုးချွမ်ကျန့်နှင့် တခြားသူများနှင့်အတူ ထွက်သွားသည်ဆိုကတည်းက ရွာထဲတွင်နေခြင်းက ထွက်သွားသည်ထက် ပိုပြီးအန္တရာယ်ရှိနိုင်သည့် အဓိပ္ပါယ်ပင်။
ဒါက သူ့လိုအရွယ်ကလေးတစ်ယောက် ဒီကိစ္စကို စဥ်းစားနိုင်သည်က ချီးကျုးစရာပင် ဖြစ်သော်ငြား လည်း သူ့အတွင်းသဘောကိုတော့ မကောင်းသည့်နိမိတ်ကိုသာ ကြားတတ်သည့် ရှန်းစန်းအတွက် သတိမထားမိလေပေ။
ဒီလို ငိုနေရတယ်လို့ ဘယ်သူက သေသွားလို့လဲ။
ထိုအတွေးကြောင့် စိတ်ရှုပ်သွားပြီး သူက ဖတ်ခနဲ ရိုက်လိုက်လေသည်။
"ပင်မအိမ်ဘက်ကို သွားပြန်ပြီလား၊ ငါပြောပါတယ်၊ ပေါက်ကရတွေကို နားမထောင်ရင် ဒီလိုဖရိုဖရဲအိမ်မက်တွေကို မက်စရာမလိုဘူးပေါ့၊ ငါတို့တွေက ကံဆိုးကြတာ မလုံလောက်သေးလို့လား"
လီရှီကလဲ ဒီလိုအချိန်မျိုးမှာမှ သားဖြစ်သူက ဒီလိုအိမ်မက် အကြောင်းပြောသည်ကို မကောင်းသည့်နိမိတ်ဟု ခံစားလေသည်။ စိတ်ပူမိသော်လည်း သူမက အလိုလို ပြောလိုက်မိသည်။
"ဘာမှမဖြစ်ပါဘူး အိမ်မက်ဆိုတာ လက်တွေ့ရဲ့ပြောင်းပြန်ပဲလေ၊ ငါတို့ စီရင်စုကလဲ ကပ်ဘေးဒုက္ခသည်တွေကို နေရာချထားပြီးပြီဘဲ ဟုတ်တယ်မလား။ နင်ကတော့ အိမ်မှာပဲပိုပြီးတော့ နေသင့်တယ်။ နင် ဘယ်သူတွေနဲ့ လျှောက်သွားနေတယ်ဆိုတာ ငါမသိဘူးလို့ မထင်နဲ့နော်၊ နင်ရဲ့အဖေနဲ့ငါက သူတို့ကြောင့် ခံစားလိုက်ရတာ မလုံလောက်သေးလို့လား။ နင်က ဘာဖြစ်လို့ အဲဒီ့ကိုပဲ ဆက်ပြီးသွားနေတာလဲ၊ နင်က မိတ်ဆွေနဲ့ရန်သူကိုတောင် မခွဲနိုင်ဘူးလား"
စိတ်ပျက်သွားသည့် ရှန်းကျင့်က ငြင်းခုန်နေဖို့ အားမထုတ်တော့ချေ။ သူသည် မိဘများကို နားချနိုင်ဖို့ မျှော်လင့်မထားခဲ့ပေ။ ဒါသည် သူ့ကို ရိုက်ပုတ်ခြင်းအဖြစ်သာ ဇာတ်သိမ်းသွားမည်ကို ကြောက်ရွံလေသည်။ ဒါဆိုရင်တော့ မတန်တော့ပေ။ အထူးသဖြင့် သူသည် အားထုတ်မှုပြုလုပ်ရန် အလွန်မှစိတ်ဓာတ်ကျနေသည်ဟု ခံစားမိလေသည်။
မနက်စာစားပြီးနောက်တွင် သူက တဖန်လှည့်ထွက်ဖို့ အခွင့်အရေးကို ချောင်းလိုက်ပြီး ထူးထူးခြားခြား ဘာမှလုပ်မနေဘဲ အိမ်တချို့ကို ဆက်တိုက်ငေးကြည့်နေမိကာ တယောက်ယောက်က သူတို့၏ အိမ်တံခါးကို သွားဖွင့်ဖို့ကြိုးစားမည်ကို စိုးရိမ်နေမိသည်။ ကံအားလျော်စွာ မိသားစုများက ထွက်ခွာဖို့စီစဥ်ထားသည်တွင် ဒီနေ့ကို မျှော်လင့်ခဲ့ပြီးသားပင်။ နှစ်သစ်ကူး မရောက်ခင်ကတည်းက သူတို့သည် မကြာခဏဆိုသလို အိမ်ထဲတွင်သာ တံခါးပိတ်နေကြပြီး အထဲတွင်သာ နေကြလေသည်။သူတို့ကို တရက်လောက်မတွေ့ကြသည်က ရွာသားများအတွက် အထူးအဆန်း မဟုတ်ပေ။ ဒီလို လူသူကင်းမဲ့နေခြင်းက အိမ်ထဲတွင် တံခါးပိတ်ပြီး အထည်များ ရက်လုပ်ကာ အလုပ်များနေသည့် အဓိပ္ပါယ်ပင်။ ကလေးများကလဲ မိုးမလင်းခင်ကတည်းက တောင်ပေါ်သို့ သွားတတ်ကြသည်ဖြစ်ရာ အားလုံးက သူတို့မရှိကြသည်ကို ကျင့်သားရနေပြီး ချက်ခြင်း သံသယမဝင်ကြပေ။
ရှန်းကျင့်က သူသည် ကောင်းကောင်းစောင့်ကြည့်ခဲ့ပြီးသည်ဟု ထင်လိုက်သည်။ သူ မသိလိုက်သည်က ညနေစာအတွက် အိမ်ပြန်လာစဥ်တွင် ရွာထဲက တစ်စုံတစ်ယောက်က ရှန်းမိသားစု၏ ပင်မအိမ်ဆီသို့ ဦးတည်သွားခဲ့သည်ကိုပင်။
ကျိုးလိုင်ကျီသည် အိမ်သို့ပြန်ရောက်လာချိန်တွင် သူ့မိသားစုက သူ့ကိုစိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။
"ဘာဖြစ်ခဲ့တာလဲ အားလီနဲ့သူ့မိန်းမက ဘာပြောလဲ"
ကျိုးလိုင်ကျီက ဇဝေဇဝါဖြစ်နေ၏။ မနေ့က ယောကျ်ားဖြစ်သူက သူ့ကိုယ်သူ ထိခိုက်အောင်လုပ်မည့် ရည်ရွယ်ချက်ကို သတိထားမိသည့် မိန်းမဖြစ်သူမှာ အလန့်တကြား ဖြစ်သွားလေသည်။ သူ စိတ်ပျက် အားလျော့သွားမှာကို သူမက စိုးရိမ်လေသည်။
သူမက လောဆော်လိုက်၏။ "လုပ်ပါ၊ ပြောပါအုံး သူတို့တွေ ဘာပြောခဲ့လဲ"
ဘယ်လို ရှင်းပြရမှာလဲ။
သူတို့တွေက အဲဒီ့မှာ မရှိကြတော့ဘူးလေ။
ကျိုးလိုင်ကျီက ပါးစပ်ကိုဖွင့်လိုက်ပြီး အရင်ဆုံးခြံတံခါးကို ပိတ်လိုက်ပြီးမှ ပင်မအိမ်ခန်းထဲသို့ ပြန်လာကာ လေသံတိုးတိုးဖြင့် ရှန်းမိသားစု၏ အခြေအနေကို ပြောပြလိုက်လေသည်။
ကျိုးမိသားစုတစ်ခုလုံးက မှင်သက်အံ့သြသွားကြသည်။
ခဏလောက် တအံ့တသြ ဖြစ်သွားပြီးမှ ကျိုးစန်းလန်က ရုတ်တရက် ပြောလိုက်သည်။
"အဖေ အားလီက ပြောထားတယ်မဟုတ်လား၊ ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာကို သူဒီနေ့ပြောပြမယ်ဆို၊ ဒါက ကျွန်တော်တို့ကို ပြောခဲ့တာပဲ မဟုတ်လား"
မနေ့က ရှန်းလီနှင့်စန်းလော့တို့သည် ကျိုးမိသားစု၏ ခြံဝန်းထဲသို့ လိုက်လာကာ သူ၏တဲလေးအောက်တွင် စိတ်နဲ့ကိုယ်မကပ်ကာ ငေးမောနေသည့် ကျိုးလိုင်ကျီကို ရှန်းလီက တားပေးခဲ့ရသည်။
ခြေလက်များကို ဖြတ်ပစ်သည့်စွန့်စားမှုက မှန်ကန်သည့်ဆေးကုသမှု မရှိလျှင် အသက်အန္တရာယ်ပါ စိုးရိမ်ရသည့်အကြောင်း စန်းလော့က ရှင်းပြခဲ့သည်။ ထို့နောက်တွင် သူမက သူ့ကို မေးလိုက်သည်။ တကယ်လို့များ သူသည် သေမှာ သို့မဟုတ် မသန်မစွမ်းဖြစ်မှာကို ကြောက်ရွံ့မနေလျှင် ကြောက်ရွံ့စရာ ဘာရှိအုံးပါမည်နည်း။
နောက်ဆုံးတွင် ရှန်းလီက သူတို့ကို အစီအစဥ်တစ်ခု စဥ်းစားကူမည်ဟု ပြောခဲ့ကာ နောက်တနေ့ညနေခင်းတွင် တောင်စောင်းလေးက ခြံဝန်းဆီသို့ လာရောက်တွေ့ဆုံရန် ပြောထားလေသည်။
ကျိုးလိုင်ကျီသည် သူ့ကိုယ်သူ ဒုက္ခဖြစ်အောင်တော့ အမှန်ပင် မလုပ်လိုပေ။သူသည် သူ့မိသားစုတစ်ခုလုံးကို မသန်မစွမ်းဖြစ်အောင် မည်သို့လက်ခံနိုင်ပါမည်နည်း။
သူသည် ရှန်းလီနှင့် သူ့မိန်းမ၏ စကားလုံးများကို တနုံနုံပြန်စဥ်းစားမိပြီး သူ့ကိုယ်သူ ဓားကိုသုံးဖို့ရန် မတတ်နိုင်ဘဲ မချိတင်ကဲ ဝေဒနာဖြင့် ချိန်းဆိုထားသည့်အချိန်ကို စောင့်ဆိုင်းနေသည်တွင် အိမ်အလွတ်တစ်လုံးကိုသာ တွေ့လိုက်ရလေသည်။
ကျိုးစန်းလန်က သူ့အဖေကို ဆွဲလိုက်သည်။
"အဖေ ဒါက အဖြေပဲ၊ ဘာဖြစ်လို့အခွန်တွေပေးပြီး စစ်မှုထမ်းရမှာလဲ။ ကျွန်တော်တို့ရဲ့ အစားအသောက်နဲ့ ပစ္စည်းတွေကို ထုပ်ပိုးပြီးရင် ဒီနေ့ညပဲ ထွက်ပြေးကြမယ်။ ကျွန်တော်တို့တွေက သေမှာတောင် မကြောက်တာပဲ၊ ဘာဖြစ်လို့ တောထဲက တောရိုင်းတိရိစ္ဆာန်တွေကိုတော့ ကြောက်နေရမှာဘဲ"
ကျိုးအာ့လန်ကလဲ ဝင်ထောက်လေသည်။
"အမှန်ပဲ အဖေ။ ထွက်ပြေးရအောင် စပါးကိုပေးရင်လဲ သေမှာပဲ၊ စစ်ပွဲကိုသွားရင်လဲ သေမှာသေချာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေမှာပဲ၊ တောင်တွေထဲမှာ ကျွန်တော်တို့ အခွင့်အရေးကို အသုံးချတာက ပိုကောင်းသေးတယ်၊ ပြောလို့မရဘူး၊ ကျွန်တော်တို့တွေက အသက်ရှင်မဲ့ နည်းလမ်းတစ်ခု ရှာတွေ့နိုင်တာပဲ"
ကျိုးလိုင်ကျီသည် သူ၏ယိုင်နဲ့နဲ့အိမ်လေးကို ငေးကြည့်လိုက်သည်။ သူ့အခြေအနေက ဒီလိုဖြစ်သော်ငြားလည်း ဒါသည် အိမ်ဖြစ်နေဆဲ။ ထွက်ခွာသွားရမည့်အတွေးက သူ့နှုတ်ခမ်းများကို တုန်ရင်လာစေလေသည်။
"ငါတို့ရဲ့ခြံဝန်း၊ အဲဒီ့ရဲ့လယ်ကွင်းတွေ..."
သည်အခိုက်တွင် ကျိုးသလန်က ထုတ်ပြောလေသည်။
"အစိုးရက ကျွန်တော်တို့ကို အေးအေးချမ်းချမ်းနဲ့ လယ်စိုက်ခွင့်ပေးမှာ မဟုတ်ဘူး။ စစ်ထဲကိုသွားရင်သွား၊ မဟုတ်ဘူးဆိုရင် လူမှုဝန်ထမ်းအနေနဲ့ စစ်မှုထမ်း ခေါ်ခံရလိမ့်မယ်။ လယ်စိုက်ဖို့ ဘယ်က လူအင်အား ကျန်တော့မှာလဲ"
ဒီစကားက ကျိုးလိုင်ကျီ၏ လက်များကို တုန်ရင်သွားစေလေသည်။ အမှန်ပင် အစိုးရက သူတို့ လယ်စိုက်နိုင်သည် မစိုက်နိုင်သည်ကို မစိုးရိမ်ခဲ့ပေ။
တောင်ထဲဆီသို့ ထွက်ပြေးကြမည့်အတွေးတွင် ဘာမှ ကြောက်ရွံမနေကြသည့် ကလေးများနှင့်မိန်းမဖြစ်သူကို ကြည့်လိုက်ပြီး သူတို့၏မျက်လုံးများမှာ မျှော်လင့်ချက်ဖြင့် အရောင်လက်နေကာ အသက်ရှင်ဖို့ မျှော်မှန်းနေကြလေသည်။
မိန်းမဖြစ်သူနှင့်ကလေးများက မကြောက်ရွံနေလျှင် ကျိုးလိုင်ကျီအတွက်က ဘာကို ကြောက်ရွံ့ရအုံးမည်နည်း။ ဆုံးဖြတ်ချက်ချရဲသည့် စိတ်ဝိညာဥ်တစ်ခုက သူ့ကို နိုးထလိုက်တော့သည်။
"ကောင်းပြီလေ တိတ်တိတ်ဆိတ်ဆိတ်လေး ထုပ်ပိုးပြီးကြရင် ဒီနေ့ညပဲ ထွက်သွားကြမယ်"
နောက်တနေ့တွင် ရွာသားများသည် တစ်ခုခု လွဲမှားနေသည်ကို သိလိုက်ရလေသည်။
အမှန်တွင်တော့ သူတို့သည် တနေ့ကတည်းက သတိထားမိခဲ့သင့်သည်။ မိသားစုအများစုက ကလေးများသည် ပုံမှန်ဆိုရင် နေ့လည်ခင်း သို့မဟုတ် ညနေခင်းကြလျှင် တောင်ပေါ်ဆီမှ အိမ်သို့ ပြန်လာတတ်ကြသည်။ သို့သော်လဲ ရွာထဲတွင် ကလေးများစွာရှိပြီး ကလေးများ ကစားနေကြနေရာက တောအစပ်နားတွင်ဖြစ်ရာ တချို့ကလေးများ ပျောက်နေသည်ကို ဘယ်သူကမှ အထူးတလည် ဂရုမစိုက်မိကြပေ။
ထို့အပြင် အားလုံးက အခွန်ကိစ္စနှင့် စစ်မှုထမ်းမည့်ကိစ္စကြောင့် အလုပ်ရှုပ်နေကြကာ တခြားကလေးများက ပြသာနာ သို့မဟုတ် ပုံမှန်မဟုတ်ပဲ တိတ်ဆိတ်နေကြသည်ကို စိုးရိမ်ဖို့ရာ အချိန်မရှိလေ။
ဒုတိယနေ့မှသာ တစ်စုံတစ်ယောက်က ဘာရယ်လို့မဟုတ်ပဲ မှတ်ချက်ပေးလိုက်လေသည်။
"ရွာကြီးက ပိုပြီး တိတ်ဆိတ်သွားသလိုပဲနော်"
ဒီလိုအမှတ်တမဲ့ မှတ်ချက်က ပုံမှန်တုံ့ပြန်စကားတွင် စိုးရိမ်စိတ် အများအပြားကို မဆွဲဆောင်နိုင်ပေ။
"အားလုံးက ဒုက္ခရောက်နေကြတာပဲ၊ အခွန်အသစ်နဲ့ စစ်မှုထမ်းတဲ့ကိစ္စ ရှိနေတာ၊ သူတို့တွေကလဲ ငါတို့ရဲ့အသက်တွေနောက်ကို လိုက်နေသလိုပဲ"
အခြေအနေက ဝမ်မိသားစုရောက်လာမှ မြင့်တက်သွားတော့သည်။
ဝမ်အဘွားနှင့် သူမ၏ချွေးမတို့က ရှီလီရွာသို့ မကြာခဏ အလည်အပတ်လာသည်ကို မည်သူကမှသံသယမဖြစ်ကြပေ။ အကြောင်းမှာ မည်သူကမှ စကားပြောချင်စိတ် မရှိကြခြင်းကြောင့်ပင်။ သို့သော်ငြားလည်း လုမိသားစုခြံဝန်းထဲတွင် တစ်စုံတစ်ယောက်ကို အော်ဟစ်ဆဲဆိုနေသည့် ဝမ်အဘွား၏ စူးရှသည့်အသံကြောင့် ရွာသားများ၏ အာရုံကို နောက်ဆုံးတော့ ဆွဲဆောင်နိုင်လိုက်လေသည်။
လုမိသားစုက ထွက်ပြေးသွားပြီ။
မိသားစုအားလုံး မရှိတော့ဘူး။
ဒီသတင်းက ရှီလီရွာတခုလုံးသို့ ပြန်နှံ့သွားတော့သည်။
ဝမ်အဘွားသည် မြက်ခြောက်များ ထည့်ထားသည့် အိတ်တစ်ဒါဇင်လောက်ကို မြင်လိုက်သည်တွင် အလွန်မှ ဒေါသထွက်သွားကာ မူးနောက်သွားတော့ သည်။ ပြီးခဲ့သည့်နှစ်လကျော်အထိ လုအဘွား၏ ဟန်ဆောင်နေခြင်းကို ပြန်စဥ်းစားလိုက်မိပြီး သူမ၏ မိသားစုမှာ အရူးလုပ်ခြင်းခံလိုက်ရသည်ကို သဘောပေါက်လိုက်ကာ လုအဘွားအတွက် ရယ်စရာတစ်ခု လုပ်ခဲ့မိသည်ကို သိလိုက်ရလေသည်။
သူမက ချက်ခြင်းဆိုသလို ကျိုးလီကျန့်၏အိမ်သို့ အပြေးအလွှား သွားလိုက်တော့သည်။
ဒီကိစ္စကို ဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူမက ဒါကို ချက်ခြင်း လုပ်ဆောင်ချင်တယ် အခုချက်ခြင်းပဲ။
သူက ဒီကိစ္စကို ကျိုးချွမ်ကျန့်နှင့်ရွာအုပ်ချုပ်ရေးမှုးရှေ့တွင် ထုတ်ဖော်ပြီး သူတို့က ရွာသားများကို ဦးဆောင်ဖို့ရန် တိုက်တွန်းလိုက်သည်။
လုမိသားစု။ သူမရဲ့ဝမ်မိသားစုက သူတို့ကို လက်စားချေရလိမ့်မယ်။
သို့သော်ငြားလည်း သူမက ရွာသူကြီးအိမ်သို့ ရွာသားတစ်စုနှင့်ခေါ်လာပြီး ကျိုးလီကျန့်အိမ်သို့ မရောက်ခင်မှာပင် ကျိုးမိသားစုကလဲ ခြေရာလက် ရာမရှိဘဲ ပျောက်ဆုံးသွားသည်ကို သိလိုက်ရလေသည်။
လေးလံသည့် အိမ်ထောင်ပရိဘောဂပစ္စည်းမှလွဲလျှင် သူတို့၏အစားအသောက် ပိုမိုသေးငယ်သည့်ပစ္စည်းများအားလုံးက မရှိတော့ပေ။ ရွာသားများမှာ မှင်သက်အံ့သြ သွားကြတော့သည်။
ကျိုးချွမ်ကျန့်ရဲ့မိသားစုက တိတ်တိတ်လေး ပျောက်ကွယ်သွားတယ်။ သူတို့တွေ ဘယ်လိုလုပ်ခဲ့တာလဲ။ ဒီနှစ်တွေအတွင်းမှာ သူတို့စုထားတဲ့စပါးတွေကရော။ ကျိုးမိသားစုကလဲ စပါးတွေဝယ်ထားခဲ့တာပဲ။ အဲဒါတွေက ဘာအရိပ်အယောင်မှမရှိဘဲ ဘယ်လိုပျောက်သွားတာလဲ။
ထို့နောက်တွင်တော့ ပြီးခဲ့သည့်၁၂လပိုင်းကတည်းက ကျိုးမိသားစု၊ လုမိသားစု၊ ချန်းမိသားစုနှင့် ရှီမိသားစုအားလုံးက စီရင်စုတွင် အလုပ်သွားလုပ်ကြသည့် အကြောင်းကို သတိရလိုက်ကြသည်။
ပိရိလိုက်ကြတာ။
ရွာသားများသည် နောက်ဆုံးတော့ သတိထားမိလိုက်ကြပြီး လူစုခွဲကာ မိသားစုလေးယောက်နှင့်ပုံမှန်ဆိုလျှင် အမြဲတမ်း တရင်းတနှီး ဆက်ဆံတတ်ကြသည့် ချန်းမိသားစု၊ ရှီမိသားစုနှင့် ရှန်းမိသားစုတို့၏ပင်မအိမ်ကို သွားရောက်စစ်ဆေးလိုက်ကြလေသည်။
သူတို့အားလုံးမရှိတော့ဘူး ။ဒါက တကယ့်ကို ကိစ္စအကြီးကြီးပဲ။ ကျိုးလီကျန့် ရောက်လာချိန်တွင် အားလုံးက ငေးငေးငူငူ ဖြစ်သွားကြလေသည်။
သူက အိမ်ထောင်စုအားလုံးကို စစ်ဆေးဖို့အမိန့်ပေး လိုက်သည်တွင် ကျိုးလိုင်ကျီ၏ မိသားစုကလဲ ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရသည်။
ရွာသားများက ဇဝေဇဝါ ဖြစ်သွားကြတော့သည်။ အိမ်ထောင်စုငါးစုက မိသားစုများကို တနေ့ကတည်းက မတွေ့ခဲ့ကြသော်ငြားလည်း ကျိုးလိုင်ကျီ၏ မိသားစုကိုတော့ မနေ့ညနေခင်းကမှ တွေ့ခဲ့ကြသေးသည်။ ညတွင်းချင်းပင် သူတို့သည် အရိပ် အယောင်တစ်ခုမှမပြဘဲ ပျောက်ကွယ်သွားကြသည်။
အမှန်တွင် ကျိုးမိသားစုက စပါးအများကြီး မရှိပေ။ အခွန်အခပေးဆောင်ပြီးနောက်တွင် သူတို့သည် ငတ်ပြတ်လုမတတ်ပင်။ သို့သော်ငြားလည်း သူတို့ပိုင်ဆိုင်ထားသည့် စပါးနည်းနည်းပါးပါးနှင့် ပစ္စည်းများကို ကျိုးလိုင်ကျီနှင့် သူ၏ အရွယ်ရောက်ပြီးသား သားနှစ်ယောက်က အားလုံးကို သယ်ပိုးနိုင်သည်။ မိန်းမဖြစ်သူနှင့် အကြီးဆုံးသမီး ကလေးနှစ်ယောက်ကတော့ အိတ်တချို့ကိုသယ်ကာ ထွက်ပြေးကြသည်။
ရွာသားများက ဆူဆူညံညံဖြင့် တိုင်ပင်နေကြပြီး အမြင်အမျိုးမျိုးကို ပြောနေကြသည်။ သို့သော်ငြား လည်း တချို့ကတော့ အခွန်ပေးဆောင်ပြီး စစ်မှုထမ်းခြင်းနှင့် တောင်ထဲသို့ထွက်ပြေးကာ ကပ်ဘေးရှောင်ခြင်း ရွေးချယ်မှုအကြားတွင် ချိန်ဆကြည့်နေကြသည်။
ကျိုးလီကျန့်သည် တော်တော်လေး ဒေါသထွက်သွားပြီး ဒီနောက်ကွယ်က အဓိပ္ပါယ်ကို အာရုံမစိုက်အားဘဲ ထွက်ပြေးတိမ်းရှောင်သွားသူများကို လိုက်လံဖမ်းဆီးဖို့ အော်ဟစ်အမိန့်ပေးလေသည်။
တချန်မင်းဆက်တွင် အိမ်နီးနားချင်းများက အပြန်အလှန် တာဝန်ခံကြရသည်။ မိသားစုတော်တော်များများက ထွက်ပြေးသွားလျှင် ကျန်သည့်ရွာသားများက လုံးဝ အပြစ်မလွတ်ချေ။ သူတို့ကိုယ်သူတို့ အပြစ်ကိုဖယ်ရှားဖို့ရန် သို့မဟုတ် တခြားရည်ရွယ်ချက်များကို တေးမှတ်ထားဖို့ရန် တချို့က တောင်ထဲဆီသို့ဝင်ကာ သူတို့နောက်ကို လိုက်ဖမ်းဖို့ ထွက်သွားကြသည်။
သို့သော်ငြားလည်း ရှီလီရွာသည် တောင်တန်းများဖြင့် ဝန်းရံထားသည်ဖြစ်ရာ ကျိုးချွမ်ကျန့်နှင့်ရှန်းလီတို့၏အဖွဲ့က မည်သည့်ဘက်သို့ သွားလိုက်သည်ကို မသေချာပေ။
တချို့က ခြေရာခံဖို့အကြံပေးကြသည်။ ထို့ကြောင့် လူတော်တော်များများက တချို့ခြေရာများနောက် လိုက်ကြသည်။
အဖွဲ့တော်တော်များများက ထိုခြေရာများကို ရှာဖွေရန် လူခွဲလိုက်ကြသည်။
...
ဝေးလံလှသည့် တောအတွင်းပိုင်းတွင်တော့ ရှန်းလီနှင့်သူ၏အဖွဲ့က ပထမ စပါးသိုလှောင်ရာနေရာသို့ အန္တရာယ်ကင်းကင်းဖြင့် ရောက်ရှိလာသည်။ တချို့သောအန္တရာယ် အနည်းငယ် ကြုံတွေ့ရသော်ငြားလည်း သူတို့သည်ထိုနေရာသို့ အန္တရာယ်ကင်းကင်း ရောက်လာနိုင်ကြပြီး ၂လနီးပါး လေးနှင့်မြား လေးခွတို့ကို လေ့ကျင့်လာခဲ့သည့် ဆယ်ကျော်သက်အုပ်စုလေးအတွက်တော့ စိတ်လှုပ်ရှားစရာ ဖြစ်နေတော့သည်။
ဆိုင်တာဝန်ခံရွှီနှင့် တုန်းညီအစ်ကိုတို့သည် ယာယီစပါးသိုလှောင်ထားသည့် နေရာကို ရှာတွေ့ခဲ့ပြီးနောက်တွင် ပထမနေ့လည်ခင်းမှာပင် ပြန်လာခဲ့ကြသည်။ အခုတော့ ပထမစပါးသိုလှောင်သည့်နေရာတွင် စပါးများကိုစောင့်ကြပ်ရန် နေခဲ့ကြသည့် လုမိသားစု၏ ကျန်မိသားစုဝင်များ၊ ရှီသလန်နှင့်အတူ ရွှီမိသားစုအပါအဝင် မိသားစုခြောက်စု ရှိနေသည်။
လုအဘိုးနှင့်တခြားသူများက ချက်ခြင်းကြီး ထွက်ပြေးလာကြလိမ့်မည်ဟု ထင်မထားခဲ့ချေ။ အထူးသဖြင့် ဒီလိုအလုပ်များလှသည့် နွေဦးစိုက်ပျိုးရေးရာသီတွင် အစိုးရက အခွန်နှင့်စစ်မှုထမ်းခြင်း နှစ်မျိုးစလုံးကို ကောက်ခံလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားပေ။
"ငါတို့တွေထွက်လာတာ ကောင်းသွားတယ်၊ ထပ်ပြီးတော့ စိုးရိမ်စရာ မရှိတော့ဘူး"
သူတို့၏ အိမ်ဟောင်းများဆီသို့ ပြန်လာဖို့ရန် ရွေးချယ်စရာတစ်ခု မဟုတ်တော့မှန်းလဲ သိနေကြလေသည်။
ရှန်းလီနှင့်သူ့အဖွဲ့က ချန်းသရှန်နှင့်သူ့အဖွဲ့ ပြန်လာမည့်အချိန်ကို တွက်ချက်လိုက်ကြပြီး နောက်ခရီးတစ်ထောက်အတွက် ပိုကြီးမားသည့် အဖွဲ့တစ်ခုဖြင့် ပူးပေါင်းသွားလာနိုင်ရန် ပထမစပါးသိုလှောင်သည့်နေရာတွင် ချန်းသရှန်တို့ကို တစ်ရက်နှစ်ရက်လောက် စောင့်ကြဖို့ စီစဥ်လိုက်လေသည်။
အတွင်းပိုင်းနေရာများက အပြင်ဘက်နေရာများထက် ပိုပြီး အန္တရာယ်များလေသည်။ ရှန်းလီ၊ လုအာ့လန်၊ လုစန်းလန်တို့အပေါ်သာ မှီခိုအားထားခြင်းက လူအများကြီး၏ လုံခြုံရေးကို အာမခံပေးနိုင်လိမ့်မည် မဟုတ်ပေ။ စပါးသိုလှောင်သည့် နေရာကိုလဲ တိုက်ခိုက်ရည်ရှိသည့် လူများဖြင့် စောင့်ကြပ်ဖို့လိုသေးသည်။ ရှီသလန် တယောက်ထဲကိုလဲ ချန်ထားလို့ မရနိုင်ပေ။
သူတို့က နောက်ထပ်တစ်ရက်နှစ်ရက်လောက် စောင့်ဆိုင်းကြမည်ဟု ကြားလိုက်သည်တွင် လုအဘွားက စိုးရိမ်မိသည်။
"ရွာသားတွေက ငါတို့နောက်လိုက်လာလိမ့်မယ်လို့ ထင်လား၊ ငါတို့တွေလူအများကြီး ဖြတ်သန်းသွားလာခဲ့တာဆိုတော့ ခြေရာတွေကတော့ ကျန်ခဲ့မှာပဲ"
ဒီစကားကို ကြားလိုက်သည်တွင် ရှန်းလီ၊ ရှီသလန်နှင့်လုအာ့လန်တို့ အားလုံးက ရယ်မောလိုက်ကြသည်။
ရှန်းလီက သူမကို အာမခံပေးလိုက်သည်။
"အဘွားလု စိတ်မပူပါနဲ့၊ သူတို့တွေက ကျွန်တော်တို့ရဲ့ခြေရာနောက်ကို လိုက်ဖို့ ကြိုးစားမယ်ဆိုရင်တော့ တကယ်ပဲ ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး"
ရှီလီရွာတွင် ရွာသားအဖွဲ့တော်တော်များများက သဲလွန်စကိုလိုက်ကာ ရွာပတ်ပတ်လည်ရှိ တောင်များကို ချဥ်းနင်းရှာဖွေလေသည်။ သူတို့သည် လမ်းကြောင်းကို ရှာတွေ့ပြီဟု ထင်လိုက်သော်ငြားလည်း သူတို့က ကျိုးလီကျန့်ကို သတင်းပြန်ပို့ချိန်တွင် ငုတ်တုတ်မေ့သွားရလေသည်။
ခြေရာများကတော့ အမှန်ပင် ကျန်ခဲ့လေသည်။ သို့သော်ငြားလည်း ခြေရာက အလွန်မှ များပြားနေသည်။ လားရာဘက် အမျိုးမျိုးကို သွားလာနေကြသည်။ အားလုံးက ပိုပြီးနက်သည့် တောင်အတွင်းပိုင်းသို့ ဦးတည်နေကြသည်။ မည်သည့်နေရာက စတင်ရပါမည်နည်း။ နောက်မှလိုက်လံဖမ်းဖို့ရန်က မဖြစ်နိုင်ပေ။
ရွာသားများသည် ရှန်းလီက ပြီးခဲ့သည့်၂လအတွင်း မိသားစုများကို အမဲလိုက်ဖို့ခေါ်သွားသည့် အကြောင်းကို ပြန်သတိရမိပြီး ဒေါသထွက်ထွက်ဖြင့် အံကြိတ်နေမိကြတော့သည်။
အနီးအနားတွင် ခိုးပြီးနားထောင်နေသည့် ရှန်းကျင့်က စိတ်အေးသွားကာ တိတ်တိတ်လေး သက်ပြင်းချမိတော့သည်။
သူ့အစ်ကိုက သူ့တို့ကိုခေါ်ပြီး နေ့တိုင်း မတူညီတဲ့ဦးတည်ဘက်တွေကို ပြေးခိုင်းထားတာလေ။ အမြဲတမ်း အဝေးကြီးပဲပြေးတယ်။ ခြေရာတွေကို အခြေခံပြီး သူတို့ကို ရှာမယ်ဆိုရင်တော့ လုံးဝမဖြစ်နိုင်ကြပေ။
စပါးသိုလှောင်ထားသည့် ဂူထဲတွင် ရယ်မောလိုက်ပြီး ရှန်းလီက မှတ်ချက်ပေးလိုက်သည်။
“ရှီလီရွာရဲ့ ပတ်ပတ်လည်တောင်တွေထဲမှာ ခြေရာတွေက အပြည့်ပဲလေ၊ အထဲကိုလဲ ပိုပြီးတော့တောင် နက်သွားသေးတယ်”
ရှန်းလီက လုအာ့လန်ကိုကြည့်ပြီး တခစ်ခစ် ရယ်မောလိုက်သည်။
"မင်းတို့လဲပဲ တခါသွားရင် မတူညီတဲ့ လမ်းတွေကို သွားကြတယ်လေ၊ ဟုတ်တယ်မလား"
လုအာ့လန်က ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ်၊ ချန်းသရှန်နဲ့သူ့အဖွဲ့ကလဲ တောင်အတွင်းပိုင်းကို သွားတုန်းက အဲဒီ့လိုပဲလုပ်ခဲ့တာ၊ သူတို့တွေက တခါသွားတိုင်း သူ့တို့ရဲ့လမ်းကြောင်းတွေကို မသိမသာ ပြောင်းလိုက်တယ်လေ။ ဒါမှမဟုတ်လဲ ကွေ့ပတ်ပြီးတော့သွားတာ၊ ဘယ်တော့မှ လမ်းကြောင်းတခုထဲကို မသုံးဘူး”
တောင်များထဲတွင် လမ်းကြောင်းများကို မကြာခဏ လမ်းလျှောက်ခြင်းဖြင့် ဖြစ်ပေါ်စေသည့် ရွာသားများပြောသည့် ထိုခြေရာများမှာ ထိုလမ်းကြောင်းများသာ ဖြစ်တော့သည်။
ရှန်းလီ၊ ချန်းသရှန်နှင့်သူတို့၏အဖွဲ့မှာ ရန်သူ့နယ်မြေထဲတွင် အဓိက စစ်တပ်မှ ထွက်ပြေးလာကြသည့် စစ်ပြန်များဖြစ်လေသည်။ သူတို့သည် တောင်ထဲတွင် ရန်သူအဖွဲ့၏ရှာဖွေခြင်းကို တူတူပုန်းတမ်းကစားကြခြင်းဖြင့် လပေါင်းများစွာ ကုန်ဆုံးခဲ့ပြီး နယ်စပ်ကိုဖြတ်ကာ ပြန်လာခဲ့ကြသည်။ ချီနိုင်ငံအတွင်းမှာပင် သူတို့သည် လပေါင်းများစွာ တောပုန်းဓားမြများကို ရှောင်ရှားခဲ့ရသည်။ ရှာဖွေခြင်းမှ ရှောင်ရှားရန်နှင့် သူတို့၏လမ်းကြောင်းများကို ပယ်ဖျက်ခြင်းက အခြေခံအလုပ်ပင်။
ဒီအရည်အချင်းများမရှိလျှင် သူတို့သည် အခုချိန်ထိ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။
ရှီလီရွာတွင် ကျိုးလီကျန့်က ရွာသားများသတင်းပို့သည့် သတင်းကို ကြားလိုက်ရပြီး တောင်ထဲတွင် သူကိုယ်တိုင် လှည့်ပတ်သွားလာပြီးနောက်တွင် ဒေါသထွက်ထွက်ဖြင့် အိမ်သို့ပြန်ရောက်လာပြီး မိန်းမဖြစ်သူက သူ့ကို လှမ်းပေးလိုက်သည့် လက်ဖက်ရည်ခွက်ကို ဆောင့်ပြီးခွဲချလိုက်တော့သည်။ ဝမ်မိသားစုက နေမကောင်းဖြစ်ရသည့်အထိ ပိုပြီးတော့ ဒေါသများဖြစ်နေတော့သည်။
ရှီလီရွာတွင် ကျန်ခဲ့ကြသည့်ရွာသားများက မကြာမှီရောက်လာတော့မည့် စစ်မှုထမ်းအရာရှိများကို ရင်ဆိုင်ရတော့မည်တွင် မိသားစု၆စု၏ လူသူကင်းမဲ့နေသည့် အိမ်အကြောင်းကို ချင့်ချိန်စဥ်းစားမိတော့သည်။
သူတို့တွေကရော မိသားစု၆စုရဲ့ ဦးဆောင်မှုအတိုင်းလိုက်ပြီး ထွက်ပြေးရမလား။ ဒါမှမဟုတ် ဒီမှာပဲနေခဲ့ပြီး သူတို့ရဲ့အသက်တွေကို လက်မြှောက်အရှုံးပေး လိုက်ရတော့မှာလား။ ထိန်းသိမ်းထားတဲ့ စပါးတွေကို လက်လျှော့လိုက်ပြီး သူတိုရဲ့သားတွေကို စစ်မြေ ပြင်ကို ပို့ဆောင်ရမှာလား။ ဒါက ဖိနှိပ်နေသည့် ဒွိဟစိတ်တခုပင်။
အားလုံးက သေရမှာကို ကြောက်ရွံလေသည်။ ရှေ့တန်းသို့ သွားရမည်ဆိုလျှင် ပိုပြီးတော့ကြောက်စရာ ကောင်းပေသည်။ သို့သော်ငြားလည်း တောင်ထဲတွင်က...
သူတို့သည် ရှန်းလီနှင့်သူ့အဖွဲ့များကဲ့သို့ အရည်အချင်းကလဲ မရှိပေ။ အခွန်ပေးချေခဲ့ပြီးနောက် မိသားစုနှင့်အတူ သစ်ခေါက်များကိုသာ စားရမည်ဖြစ်ပြီး ကျိုးလိုင်ကျီလိုလဲ မဆင်းရဲသေးချေ။ မိသားစုတစ်ချို့အတွက်ကတော့ ညီအစ်ကိုတစ်ယောက်ကို စစ်ပွဲသို့ပို့ဆောင်ခြင်းက သူတို့ကိုယ်တိုင် သေရမည့်အကြောင်းမဟုတ်သည့် အဓိပ္ပါယ်ပင်။
ရွာသို့ ပြန်ရောက်လာချိန်တွင် မိသားစုတစ်စုစီတိုင်းက ကိုယ်စီအတွေးများဖြင့် ပိတ်လျောင်ခံနေရလေသည်။ သူတို့၏ တွေဝေတုံ့ဆိုင်းခြင်း၊ အငြင်းပွားခြင်းနှင့် အတွေးများက စတင်ဖြစ်ပေါ်လာတော့သည်။
...